အခဏ်း။ ၁ဝ ။
တရားဟောပွဲတွင် “ လာပါ လာပါ မကြည်ရဲ့ သီချင်း ” ပြိုင်တူ ဆိုကြပုံ။
ဦးသုဓဇသည် ပီးယားဆုပ် ဆပ်ပြာနှင့် သုံးကြိမ် သုံးခါ ချေးတွန်း၍ ရေချိုးပြီးနောက် အကန့်များစွာပါသော လက်စွဲအိတ်ကို တိုင်မြှဖုတ်ယူလေသည်။ ရှေ့ဆုံးအကန့်မှ မှန်ကလေးတချပ်ကို ထုတ်ယူ၏။ မှန်ကို စားပွဲပေါ်တွင် မိမိရှေ့ကထားပြီး မျက်နှာကို ရေစင်လေ၏။ နောက်ဆုံး အကန့်မှ ပေါင်ဒါဘူးကို ဆွဲယူပြီး ချိုင်းကြားနှင့် တကိုယ်လုံးကို လိမ်းကျံလေ၏။ နောက်ဆုံးအကန့်မှပင် ဟေဇလင်စနိုး မျက်နှာခြယ်ကို ထုတ်ပြန်၏။ မျက်နှာကို ဖြူဖွေးညက်ညောသွားသည့်တိုင်အောင် လိမ်းလေ၏။ မှန်ထဲတွင် ဦးသုဓဇသည် ဖြူဖြူဖွေးဖွေး မျက်နှာချိုကလေးကို ကြည့်၍ပြုံး၏။ မိမိပါးကိုရွဲ့၍ မှန်ထဲကအရိပ်ကို ကြည့်၏။ ပြီးလျှင် မျက်စောင်းထိုးကာ မှန်ထဲက မျက်စောင်း ပြန်ထိုးပုံကို ကြည့်ပြန်လေ၏။ “လွမ်းစရာကလေး ဟောရင် ဒီလိုမျက်နှာထားရမယ် ...” ဟု ညှိုးငယ်သောမျက်နှာကို ဖန်တီးပြန်လေ၏။ ပြုံးကြည့်လိုက်၏။ မိမိပြုံးပုံကလေးသည် သူတကာပြုံးပုံနှင့် မတူ၊ အမူကွဲလှ၏ဟု အောက်မေ့၏။
စကားဝါပန်းကလေးလို အာသာငန်းငန်းတက်စေမည့် မျက်နှာဖြစ်သည်ဟု ထင်၏။
ပိုးသင်္ကန်းကို ဆင်မြန်း၏။ ဦးသုဓဇသည် ပိုးသင်္ကန်းကို ပဉ္စင်းတက်စက ရခဲ့၏။ ယခုအခါလောက် ပိုးသင်္ကန်းနှင့် လျော်ကန်သော အခါအခွင့် မပေါ်ခဲ့သေးချေ။ ယနေ့ကား သူ့အတွက် နေ့ထူးနေ့မြတ်တည်း။ သူတသက်လုံး ကြိုးပမ်းအားထုတ်ခဲ့ရသော လုံ့လ၏ အသီးအနှံကို ချူရမည့်နေ့တည်း။ အဇ္ဇတဂ္ဂ၊ ယနေ့မှအစပြု၍ ဓမ္မအနုတရားအစဉ်ကို နားဝင်အောင် ဟောပြမည်။ ဓမ္မကထိက ဖြစ်ရတော့မည်။ ဘုရား ဘုရား ... ၊ ပွဲဦးကောင်းပါမှ ဟောရမည့်မြို့မှာ နှယ်နှယ်မြို့ မဟုတ်၊ ရာဇဝင်အစောင်စောင်မှာ စာတွင်လို့ပြောခဲ့သော ဒွတ္တဘောင်နေနွယ်စိုးခဲ့သော မြို့ကြီးဖြစ်ပေသည်။
ဦးသုဓဇမှာ စက်ဘီးစီးသင်သူ တွေးသကဲ့သို့ တွေးမိ၏။ အင်း နောက်ကတွန်းပေးမဲ့လူရှိသော်လဲ ငါလက်ကိုင်လွဲသွားရင် လဲဘို့ဘဲရှိတယ်။ ငါထိုင်ခုံပေါ်မှာ ဖင်မငြိမ်ရင် ဒူးပြဲဘို့ပြင်ပေတော့ဟု စက်ဘီးစီးသင်သူကား တွေး၏။ အင်း ..ဦးဇောတိက ကတော့ နောက်က တွန်းပေးနေမှာဘဲ၊ သို့ပေမယ့် ငါ ငါ့တရား ကောင်းကောင်း မထိန်းနိုင်ရင် ငါအရှက်ကွဲဘို့ဘဲ။ အခြေလှလှ၊ အချိုးကျကျ ဟောနိုင်ဘို့ သိပ်လိုတာဘဲဟု တွေး၏။
“ကဲလေ ... မကြောက်မရွံ့ အတင်းမှိတ်ပြီးမှ ငါတတ်မှာဘဲ၊ မှားမှာတွေ ဘာတွေ မကြောက်ဘဲ အတင်းဇွတ်ကြဲပြီးဟောမှ ငါနှိပ်မယ်လေ လေ့ ငါနှိပ်မယ်”
ဦးသုဓဇသည် နာရီကို မော့ကြည့်၏။ ခြောက်နာရီထိုးခါနီးမျှသာ ရှိသေး၏၊ တရားဟောဘို့ တနာရီခွဲမျှ လိုသေး၏။ သူသည် စာရွက်ကလေးတခု ထုတ်ဘတ်၏၊ နိဒါန်းပြောဘို့ တရားစကားကလေးဖြစ်၏၊ ဦးဇောတိက ကိုယ်တော်က ရေးပေးထား၏။ နှစ်ခေါက်မျှ ဘတ်လျှင်ပင် စိတ်မဝင်နိုင်၊ သူ့စိတ်သည် မှန်ကလေးလိုဖြစ်ခါ မှန်တွင် တရားနာပရိသတ် ပလ္လင်မြင့်တရားနာခံ၊ ရွှေဘုန်းပွင့်ဘုရားများသည် ပေါ်နေလေ၏၊ ပထမက ကုတင်ပေါ်တွင် စောင်း စောင်းကလေး အိပ်၍ စာဘတ်၏၊ စာတွင် စိတ်ကိုသွင်း၍မရမှ ထလေ၏၊ တစုံတရာကို သတိရလာ၏။ အခန်းပြင်ဘက်ထွက်၍ ကွမ်းစား၏။ ရှားသီးများများထည့်၏။ ရှားသီးသတ္တိကား ကွမ်းသွေးကို ပိုမိုနီစေ၏၊ ကျောင်းရှေ့ ပြတင်းပေါက်ဝမှာရပ်၍ ကွမ်းသွေးထွေး၏။ လူတစုသည် မြောက်ဘက်ဆီသို့ သွားနေကြသည်ကို တွေ့ရ၏၊ တရားပွဲသွားတဲ့လူတွေဘဲဟု ထင်မိလေ၏။ ကွမ်းသွေးသုံးခါမျှထွေးပြီး အခန်းတွင်းသို့ ဝင်လာပြန်၏။ မှန်ကို ထုတ်ကိုင်ပြန်၏။ နှုတ်ခမ်းကလေးများနီအောင် ကွမ်းသွေးစွပ်၍နေသော လျှာကိုထုတ်၍ ပွတ်၏။ မျက်နှာချေကလေးက ခပ်ဖွေးဖွေး၊ နှုတ်ခမ်းကလေးက ခပ်နီနီ၊ ကတုံးကလေးက ခပ်စိမ်းစိမ်း၊ နာရီကို ကြည့်ပြန်၏။ လေးဆယ့်ငါးမိနစ်မျှ လိုသေးသည်။ သူ့စိတ်ကား မအေးနိုင်၊ ချောက်ချားနေ၏။ တရားစာကို ပြန်ဘတ်လေ၏။ နောက် အိပ်ယာပေါ် တွင် ပက်လက်လှန်၍ မျက်စိမှိတ်ပြီး တရားပြန်ရွတ်၏၊ “အခြား ၊ ရပြီ” ဟု ဝမ်းသာဆဲ “ဟေ့လူ -သွားကြစို့” ဟူသော ဦးဇောတိကခေါ်သံ ကြားရသဖြင့် ငေါက်ခနဲထပြီး လိုက်သွားလေ၏။
ဓညဝတီက လမ်းတွင် စကားတွေ ဖောင်ဖွဲ့ ပြော၏။ ဦးဓညဝတီ စကားပြောသည်မှာ ဦးသုဇအအတွက် ခိုငြီးသံလောက်မှ အဓိပ္ပါယ်မပါချေ။ လမ်းတွင် ပြည်မြို့ ညဈေးကလေးကို လျှောက်သွားရရာ၊ အညာသူ မုန့်ဟင်းခါးသည်တယောက်က “ဪ ဒီကိုယ်တော်ဘဲ ထင်ပါရဲ့ ။ တရားဟောမှာ ရုပ်ကလေးက သပ္ပါယ်ရန်ကော” ဟု ထောမနာလိုက်လေရာ ထိုစကားများသည် ဦးသုဓဇနားသို့ ပေါက်ကြားသွား၏။
“အသံကတော့ မိန်းမသံဘဲ၊ ငါ့ကိုသပ္ပါယ်တယ်တဲ့၊ မှန်း ဘယ်မိန်းမပါလိမ့်” ဟု အသံလာရာသို့ ကြည့်လိုက်ရာ၊ အသံသာသလောက် ရုပ်ဆိုးသော မုန့်ဟင်းခါးသည်ကို တွေ့ရမှ ဒေါပွသွား၏။ နင့်လောက် အရုပ်ဆိုးတဲ့ အကျည်းတန်မက ငါ့ကို မချီးမွမ်းနှင့်၊ ငါ့ ဆဲတာထက် နာသေးတယ်” ဟူသော အဓိပ္ပါယ်ကိုဆောင်သည့် မျက်စောင်းဖြင့် မုန့်ဟင်းခါးသည်ကို ထိုးလေ၏။ မုန့်ဟင်းခါးသည်လည်း ဘုန်းကြီးကို ကြည့်ရင်း ဟင်းချိုအိုးနခမ်းကို ဇွန်းကြီးနှင့် ဒေါက်ဒေါက် ဒေါက်ခနဲ နာနာကြီး သုံးကြိမ်ရိုက်လိုက်လေ၏။
ဦးသုဓဇသည် ဘုရားဝင်းထဲသို့ ရောက်လေရာ ခဲနေသော ပရိသတ်ကို မြင်သဖြင့် မျက်လုံးပြာသွားလေ၏။ စိတ်နဲနဲအေးရန် ဓါတ်မီးရောင်များကို ကြည့်လိုက်ရာ ပို၍ မျက်စိပြာသွား၏။ ရလာသမျှ စာတွေကို ပုဒ်မပါမကျန် မေ့လေ၏။
“ကဲ- ဦးပဉ္စင်း စင်ပေါ်ကြွ၊ ကိုယ်တော် သိပ်နားနေဘို့ အချိန်မရဘူး” ဟူ အသံဝဲဝဲဖြင့် ရခိုင်ဒါယကာတဦးက တောင်းပန်လိုက်၏။
“နေအုံး ... နေအုံး ... ဦးပဉ္စင်း ညဂျင်းသုပ်ကလေး ဘုန်းပေးပါအုံး၊ သူဌေးကတော် ... .. ဪ ... ရောင်လို့၊ သူဌေးမ မစောညွန့်ကောင်းမှုပါ ဘုရား” ဟု ညဂျင်းသုပ် ပန်းကန်ကလေးကို ကပ်လာပြန်သဖြင့် စိတ်မောခြင်းကို ဖြေဖျောက်ရန် အချိန်ရလေ၏။
နောက် စင်မြင့်ပေါ်သို့ တက်လိုက်၏။ ပလ္လင်ရှေ့နား၌ ယောက်ျားကြီး နှစ်ဆယ်ခန့်မျှ ရှိလေ၏။ သူတို့နောက်မှာကား ကုမ္မာရီတရားနာတို့သည် များစွာရှိကုန်၏။ အချို့မှာ ယောဂီတဘက်ကလေးတွေနှင့် ဖြစ်၏။ ဒေါ်ခက်ဆိုသော ဈေးကြီးသူကား သောက်ရှုနေသော ကွမ်းသီးဘက်ဆေးလိပ်ကြီးကို အောက်ချပြီး ဆရာတော်ကို ဦးတိုက်၏။ ရွှေတောင်မြို့မှ ညွန့်ညွန့်သည် အနားက ယောဂီမလှလှကို လက်တို့၍ “ဦးပဉ္စင်းကလေးက ရုပ်ချောချောဘဲ၊ ပိုးသင်္ကန်းနှင့်နော်” ဟုဆို၏။
ဦးသုဓဇမှာ တရားအစကိုရှာ၏။ ရှာမတွေ့၊ ပါဠိရော အနက်ရော အားလုံး ထွက်ပြေးကြ၏။ ခက်လေပြီ၊ မျက်စိမှိတ်၍ စဉ်းစား၏။ မရ။ ဖွင့်ပြန်၏။ မရေမရာ၊ မထင်မရှားစွာ ပရိသတ်ကြီးကို မြင်ရ၏။ ပရိသတ်ကို ကြည့်ရသည်မှာ လင့်စင်မှနေ၍ ပျောင်းရိုးခင်းကို ကြည့်ရသလို ထင်မိ၏။ ဘာမျှ ကွဲကွဲပြားပြား မမြင်ရ။
“ကဲ . သီလယူကြစို့” ဟု အော်သံကြားရလျှင် သာ၍ဖိန်းသွား၏၊ နောက် ပရိသတ်က “သြကာသ- သြကာသ” နှင့် ဆိုကြမှ "ဟေ ငါ့အလှဲ့မဟုတ်သေးဘူး။ အင်း .. အင်း ... သီလပေးရမယ်။ ကဲ ဟာ- မကြောက်ဘူး သီလလောက်တော့ ခဏ ခဏ ပေးနေတာဘဲ” ဟု စိတ်ကိုတင်းလိုက်လေ၏။
သီလပေးပြီးနောက် တော်တော်ကလေး ကုလားထိုင်နတ် ကပ်လာပြီး....
“ကဲ ... တကာကြီး”
“ဘုရား ...”
“တကာကြီး တရားနာခံ မဟုတ်လား”
“မှန်ပါ့ ဘုရား .........”
“တကာကြီးနာမည်က ဘယ်လိုလဲ”
“ငဘိုးခန့်ပါ ဘုရား” ဟု မေးရင်းမေးရင်း လျှာရဲလာလေ၏။ ပရိသတ်ကို ဂရုစိုက်စရာမရှိဟု စိတ်ကိုတင်းပြန်၏။
“တကာခန့်”
“ဘုရား ....”
“ဪ ... ဦးပဉ္စင်းမှာတော့ အသက်ကလဲငယ်၊ ဝါကလဲငယ်၊ ပညာကလဲ ငယ်သေးတယ် တကာခန့်ရဲ့၊ သို့ပါသော်လဲ မြန်မာပြည်ကြီးမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီး၊ အကိုကြီး အမကြီး၊ ညီငယ် ညီမငယ် အားလုံးတို့သည် တရားဓမ္မနှင့် ကျွမ်းကျင်ကြပါစေ။ ဘုရားတရားတော်ကို သက်ဝင်ယုံကြည်ရသဖြင့် အကျိုးထူး ပွါးကြပါစေ၊ အကျင့်သီလ ပြည့်ကြပါစေ၊ ချမ်းသာကြပါစေ၊ ဥစ္စာစီးပွါးတိုးကြပါစေ၊ ကျက်သရေ ပေါများကြပါစေ ... ဆိုတဲ့ စေတနာက ပြင်းပြလို့.. အဟမ်း ... မတတ်သော်လဲ တတ်သမျြှဖင့် ဟောမယ်။ မသိသော်လဲ သိသမျှ ဟောမယ်ဆိုတဲ့စိတ်ထားနှင့် ဓမ္မကထိကဘဝကို ဝင်ခဲ့တယ် တကာကြီးရဲ့။ (မှန်လှပါဘုရား) ဓမ္မကထိကဘဝကို ကနေ့မှစပြီး ရောက်တယ်။ ဟောဒီ ကျက်သရေရှိတဲ့ နေမြစ်နွယ်လာ မဟာသမတများရဲ့ စိုးစံတော်မူရာ၊ သရေခေတ္တရာမြို့ကြီးမှာ တရားဦးဟောရလို့မို့ လောကမှာ ဒါထက်ကျက်သရေရှိတာတော့ မရှိတော့ဘူးကို ဦးပဉ္စင်းက ထင်မိတယ် တကာခန့်ရဲ့။ (ကျက်သရေရှိလှပါတယ် ဘုရား) ကောင်းပြီ ကောင်းပြီ။ ဒီတော့ ဦးပဉ္စင်းမှာ ပညာကလဲ မရင့်လှသေး၊ ဗဟုသုတကလဲ မများလှသေး၊ ဓမ္မကထိကဆိုတာလဲ အစအဦး မွေးခါစကလေးမို့ ဦးပဉ္စင်းဟောလို့ ပြောလို့ အမှားပါခဲ့သော် တကာ တကာမ၊ ညီငယ် ညီမငယ်များ၊ ယုဝတီကုမ္မာရီ၊ ယောဂီမကျန်ပေါ့လေ ဦးပဉ္စင်းကို အပြစ်ခွင့်လွှတ်ကြပါ ဆိုတာကို တောင်းပန်ရတယ် တကာကြီးရဲ့။ (တင်ပါ့ ဘုရား) အခုတခါမှားရင် နောက်တခါ မှန်မယ်။ အခုတော်တော်ကောင်းရင် နောက်တခါ ဒါထက်ကောင်းမယ်လို့ တွေးကြ ယူကြဘို့ ဦးပဉ္စင်းက မေတ္တာရပ်ပါတယ်နော်” ဟုဆိုပြီး ခဏရပ်နေ၏။ အစကို စဉ်းစား၏။
“တပည့်တော်တို့ ပြည်မြို့သူ ပြည်မြို့သားတွေဟာ မရိုင်းပါဘူး ဘုရား။ မှားလို့ ခဲနှင့်မပေါက်ပေါင်ဘုရား၊ မသကာ အတင်းပြောရုံပါ ဘုရား ... ” ဟု ဆိုလိုက်ရာ “ဝေါ” ကနဲ ရယ်လိုက်ကြ၏။
တကာမကလေးများသည် “ဪ .. ဝါကလဲ ငယ်ငယ်ဆိုဘဲ။ ပြီးတော့ တရားကလဲ ခုမှစဟောသတဲ့။ သနားစရာကလေးဘဲနော်” ဟု တီးတိုးပြောကြလေ၏။
“အဲဒါကြောင့် တကာခန့်ရေ”
“ဘုရား ....... မိန့်တော်မူပါဘုရား”
“စလိုက်ကြစို့”
"မနုဿစဣဓလောကေ၊ လောဂမမနောရမာ၊
အနာဂတေ ဒုက္ခသန္တာ၊ နိရယေစနိမုဉ္ဇတိ ဆိုတဲ့ ... ဂါထာသည်ပင် ..... ဗမာသံနှင့် ဘာသာပြန်လိုက်တော့၊ လာပါလာပါ မကြည်ရဲ့ ဆိုတဲ့ သီချင်းလို ဖြစ်ရတယ် တကာခန့် ....."
“ဘုရား ”
“လာပါလာပါ မကြည်ရဲ့ဆိုတဲ့ သီချင်းများ မရဘူးလား ....”
“ရပါရဲ့ ဘုရား ”
“ကဲ .. တကာခန့် ဆိုပြစမ်းပါ”
(ဝေါကနဲ ရယ်ကြ၏။)
“ရပါသော်လဲ မဆိုဝံ့ပေါင်ဘုရား ...”
“ဟေ ... တကာခန့် ဘာလန့်သလဲ၊ သီချင်းဆိုတာ ဘာကိုလန့်ရမလဲ။ ပြီးတော့ ဒီသီချင်းကို ကမြင်းကြောထချင်လို့ ဆိုတာမဟုတ်ဘဲ။ ဘာရှက်ရမလဲ။ သီချင်းကပင် တရားကိုပြလျက်ရှိကြောင်း ထင်ရှားအောင် ဆိုရတာကို ရှက်တာများ အံ့သြပါရဲ့ တကာခန့်ရယ်။ ကဲ .. ဘယ်သူ ဆိုရဲ့ကြသလဲ” ဟုမေးပြီး ပရိသတ်ကို စေ့စေ့စပ်စပ် ကြည့်မိ၏။ လူသူကွဲပြားစွာ မြင်ရလေ၏။ အကြင်ယုဝတီ ယောဂီမ ယောဂီထီး၊ ဘူတာကြီး ဘူတာမ၊ တခုလပ် တခြံကျော် စသည်ဖြင့် ပါဝင်ဖွဲ့စည်းအပ်သော ပရိသတ်၏စည်ကားပုံကို သိလေတော့၏။ တကာမကလေး တစုဘက်ဆီသို့ ရဲရဲကြီးပင် ကြည့်ဝံ့လေတော့၏။ မျက်စိပြာသည်မှာလည်း လုံးလုံးပျောက်ခဲ့၏။ ပရိသတ်ကား ဘာမျှမဖြေကြ။ တွေ၍သာ နေလေ၏။
ဦးသုဓဇသည် ရှေ့နားက ပုတီးအကြီးနှင့် အဘိုးအိုအား လက်ညှိုးညွန်၍ "မရဘူးလား တကာကြီး ... "ဟု မေး၏။ “မရပါဘုရား” ဟု ဖြေ၏။ နောက် ဆေးလိပ်ကြီးနှင့် မှိန်းနေသော ဒေါ်ဖျော့ကို မေးပြန်ရာ “တဝက်တဗျက်ဘဲ ရပါတယ်ဘုရား” အဖြေကို ရလေ၏။ ။
“မဖြစ်သေးဘူး တကာမကြီးရဲ့၊ ကဲ .. ဘယ့်နှယ်လဲ ဟိုဘက်က နှမကြီး နှမလေးများကကော၊ အပျော်အပါးများ ဆိုရင်ဖြင့်၊ ဘယ်ကျောင်းပွဲ ဝင်ဆိုရတာနှင့်၊ ညာကျောင်းပွဲ ဆိုရတာနှင့်၊ ဒင်နာပါတီမှာ ဆိုရတာနှင့်၊ ဪ ... ဓမ္မကထိက ကဘဲ ခေရောလား။ သာသနာကြီး ကံကပင် ခေလေရော့လား မပြောတတ်တော့ဘူး။ သာသနာစည်ပင်လို့ စခန်းတခုဖြစ်တဲ့ နေရာမှာတော့ သီချင်းကို ဆိုဝံ့သူ မပေါ် ကြတော့ဘူးတဲ့လား။ ဒီသီချင်းဟာ ရှေးက တရာတန်ရင် အခု တကုဋေတန်မှာဘဲ။ ဒီသီချင်းဆိုလို့ ရှေးက ကုသိုလ်မရ ငရဲပင်ကြီးစေခဲ့ကြသော်လဲ ခု ဆိုရင် ကုသိုလ်ပွါးများလို့ တရားရနိုင်ကြမယ်”
ထိုသို့ မိန့်တော်မူလျှင်ပင် တကာမကလေးများမှာ ဘုန်းကြီးကို သနားသလိုလို အားနာသလိုလို ဖြစ်လာကြ၏။ တရားအတွက်တော့ မဝံ့ဆိုတာဟာ အံ့စရာကောင်းတယ်ဟု ထင်လာကြ၏။ သတ္တိကလေးများ ဝင်လာကြပြီး တယောက်ကိုတယောက် ကြည့်ကြပြန်၏။
“ကဲပါဗျာ ...။ ဒီမှာ တရားနာကြွလာကြတဲ့ တပည့်မနှင့် နှမကြီးများကတော့ ဒိပြင် မိန်းကလေးတွေနှင့် မတူဘူးလို့ ဦးပဉ္စင်းအယူရှိတယ်။ ကုသိုလ်ရေးလုပ်ရာမှာ မရှက်ဘူး မကြောက်ဘူးလို့ အယူရှိတယ်။ ကဲဗျာ ....... ဆိုကြစမ်းပါ။ တယောက်ထဲ မဆိုဝံ့ရင် အများဝိုင်းဆိုကြပေါ့ ....” ဟုပြောပြီး ပြုံးပြုံးကြီး ကြည့်တော်မူ၏။
မိန်းကလေးများသည် ဆရာတော်ကို ကြည့်လိုက်၊ အချင်းချင်း ကြည့်လိုက်၊ နောက်ပြီး ခေါင်းငုံ့လိုက်၊ လက်တို့ကြလိုက်နှင့်နေစဉ် ..
“ကဲ ... ဆိုကြမလား ...”
အတန်ကြာသကာလ ...
“တင်ပါ့ဘုရား ...” ဟု လျှောက်ကြမှ .....
“သာဓု .. သာဓု .. သာဓု၊ ကဲ ... ကြိုးစားကြပါ”
“အဟမ်း ... အဟမ်း"နှင့် အသံပြင်ကြပြီး “လာ” ဟူသော စကားတခွန်းတည်း တယောက်ထည်း ပေါ်လာသဖြင့် ဝိုင်းရယ်ကြလေ၏။ နောက်မှ သီချင်းဆိုကြမည့် ယောဂီအချို့နှင့် ယုဝတီအချို့သည် ညှိပြီး အသံပြင်ကြလေ၏။ သူတို့သည် လက်ကလေးထောက်၊ မျက်နှာအောက်ချ၍ “ကဲ ... ဆိုကြစို့” ဟု သံပြိုင်ဆိုကြလေ၏။
(လာပါ လာပါ မကြည်ရဲ့၊ တကယ်စောင့်တဲ့အချိန်၊ မလွယ်ပေါက်နှင့်အိမ်၊ ဝင်တော်မူပါ ကလိန် ကလိန်၊ ကြိမ်ကြိမ်ပျိုပြောလို့၊ ဘကြီးသားသဘောက (စောစော ရွှေဉာဏ် မချိန်မချိန်) မကြည်က ချစ်ရက်နှင့် တယ်အတဲ့ နတဲ့ ကလိန်၊ မအိပ်နိုင် တလိန်လိန်၊ မစားနိုင်ပျိုပိန်၊ ကိုကလိန် ဦးတော်ချလို့ နှိမ်။)
“ကဲ ... ကဲ .တော်လောက်ပါပြီ၊ သာဓုဗျာ ... သာဓု၊ ဘုန်းကြီးလို့ သက်ရှေကြပါစေ၊ အဲဒီသီချင်းကို စဉ်းစားကြည့်လိုက်တော့ ဤကမ္ဘာလောကကြီးဟာ တကယ်စောင့်ခါ ချန်ကြတဲ့ မလွယ်ပေါက်နှင့် အိမ်နှင့် တူပေတယ်။ လောကကြီးဟာ အာဂမနောရမေဆိုတဲ့ ဂုဏ်ပုဒ်ကြီးနှင့် ပြည့်သောကြောင့်၊ လာပါ လာပါ မကြည်ရဲ့၊ ဝါ- ဘယ်သူရဲ့ လို့ခေါ်သလိုဘဲတဲ့၊ ဝင်မိပြန်ရင်လဲ 'ဝင်တော်မူပါ ကလိန်လိန် ကြိမ်ကြိမ်ကြည်ပျိုပြောလို့' အကြင်သူသည် ဝင်မိသည် ဖြစ်ငြားအံ့၊ လွတ်ပေါက် ထွက်ပေါက် မမြင်ရလောက်အောင်ဘဲတဲ့။ ကလိန်ဆိုတာကတော့ ကလိန် ဒေါသံကရောတီတိ ကလီကမာဆိုတဲ့ ဝိဂြိုဟ်အရ မဟုတ်မဟတ် လုပ်ဇာတ်ဆင်ပြီး တွင်တွင်ကြီး အလွှတ်ဆူပွေကြသည့် သဗွတ်အူတွေ သတ္တဝါတွေကို ကလိန်ကြီးလို့ ခေါ်ခြင်းဘဲဖြစ်တယ်။ မစားနိုင် တလိန်လိန်၊ မသောက်နိုင် ပျိုပိန်ဆိုတာကတော့ လောကကြီး ဝင်မိတဲ့နောက် သတ္တဝါတွေမှာ ကလိန်မှု၊ ပွေလီမှုတို့ကြောင့် နောင်အခါ၌ ထူပြောလှတဲ့ဒုက္ခတွင် မြုပ်ကြ နစ်ကြလေတယ်တဲ့။ ကြားလား တကာကြီး”
“မှန်လှပါဘုရား ......”
“ဒါလို တရားနှင့် ယှဉ်တာကြောင့် ဟောဒီသီချင်းရဲ့ တန်ဘိုးဟာ အဘိုးမဖြတ်နိုင်အောင် တက်သွားပြီး မကြောက်မရွံ့ ကုသိုလ်ရေးမို့ ကြိုးစားရှာရတဲ့ တကာမများမှာ ကဲ ... ခုချက်ခြင်း ကုသိုလ်တွေ ဘယ်လောက် ပွါးသွားသလဲဟေ့။ ကုသိုလ်ဆိုတာ ယူတတ်မှ။ ကုသိုလ်ပြုကြရတဲ့ ဟောဒီက တကာမလေးတို့မှာဖြင့် ပစ္စည်းဥစ္စာ တိုးတက်၊ ကျက်သရေတိုးတက်၊ သည့်ထက်သည် ပိုမိုလှကြလို့ ရုပ်ရည်လဲ တိုးတက်မှာဘဲနော်။ ရုပ်ပိုလို့ ချောကြတော့သာ ဦးပဉ္စင်းမမေ့ကြပါနှင့်လို့ ဆုတောင်းရတာဘဲ။ အဲ- ဒါကြောင့် ...
◾ဣဓလောကေ၊ ကောင်းမြတ်တဲ့တရားတွေ ဖယ်ကာထား၍ မကောင်းတဲ့တရားတွေ တွယ်တာလိုက်စား၊ မိုက်မှားလိုက်စားမိကြပါသဖြင့် ထယ်ထယ်ဝါဝါသမားတွေ ဆောင့်ကာ ချိန်ကြတဲ့ မလွယ်ပေါက်အိမ်ကြီးနှင့် အလားတူပေထသော ဤလောကကြီးထဲ၌ အာဂမမနောရမာ၊ အာဂမမနောရမာ၊ လာမယ် လာမယ်ဆိုရင် ဘယ်ကမှ မလွတ်ရပါဘဲ ရွတ်ရွတ်ကျွတ်ကျွတ် တအားခဲ၍ အများဘဲ နှစ်သက်ကုန်ထသောလောမာ ဆွတ်ဆွတ်ဖြူကေသာကျသော်လဲ သဗ္ဗတ်အူမသွေပမာဏပါဘဲ အရှေ့ထာဝရ အထူးအထွေ ချိန်ကြတာကြောင့် သတ္တဝါတွေမှာလေ ဦးရွှေကလိန်ကြီးနှင့် အလားတူပေထသော မနုဿစ၊ သူ့ ကိုလဲငါညာ ငါ့ကိုလဲ သူညာ အခါခါအထူးပြောင်းကာလိုက်ခဲ့ကြတဲ့ သတ္တဝါဗူးတောင်းသိုက်ဆိုတဲ့ လူအများတို့သည်၊ ဝါ၊ ရတနာအရှိန်ဝေးကြတဲ့ သတ္တဝါကလိန်ကလေးတို့သည် အနာဂတေ၊ သည်ဘဝမှတဖန် ဟိုဘဝသို့ ပြောင်းပြန်သည်ရှိသော် ဒုက္ခသန္တာ၊ မစားနိုင်လို့ ကိုယ်မှာပိန်၊ ကိုကလိန်အပြင်းစွဲမိတာကြောင့် ဆင်းရဲကြီးရောက်ကြရလေ၍ နိရယေစ၊ သူ့ကိုလဲ ငါမကယ်နိုင်၊ ငါ့ကိုလဲ သူမကယ်နိုင် နှစ်သွယ်ပြိုင် အမြဲပြီးကြရတဲ့ ငရဲကြီးဆိုတဲ့ ဘုံဌာနကြီး၌လည်း နိမုဉ္ဇတိ၊ ကယ်ပါ ယူပါ တစာစာနှင့် အခါခါ ဘယ်လိုပင် တောင်းပန်ကြသော်လဲ တပြောင်းပြန်ပြန် ဘယ်ခါမှ မလွတ်ကြပါဘဲ၊ ဪ တကယ်မချွတ် နစ်မြုပ်ကြလေတော့သတည်း။
◾စစ်တွေမြို့ ဦးကောသလ္လရေးသည်။
သာဓု ... သာဓု ဟု မိုးညှင်းဆရာတော် ကျေးဇူးကြောင့်၊ ယောဂီမများမှာ သာယာစွာ သာဓုခေါ်တတ်ကြလေ၏။
ဦးသုဓဇကား လမိုင်းကပ်ပြီးဖြစ်ရကား အာဝဇ္ဇန်းရွှင်ရွှင်နှင့် ဇာတ်ဝတ္ထုကလေးများ ထည့်ခါဟောသောကြောင့် အလွန်နှစ်ခြိုက်ကြလေ၏။ တချို့ အပျိုကလေးတွေက “ခု ပွဲစဟောတယ်ဆိုတာ ယုံပေါင်” ဟု ပြောကြ၏။ တရားသုံးပွဲ နောက်ထပ် ထပ်ဟောရန် ဘိတ်၏။ ဤတရားချည်းဟောရန် လျှောက်ကြ၏။ နောက်ဆုံး၌ ဦးသုဓဇသည် ၄ဟောသော “လာပါ- လာပါ မကြည်ရဲ့” တရားတို့မှာ များစွာ ခေတ်စားလာရကား ဦးသုဓဇကိုပင် “လာပါ- လာပါ မကြည်ရဲ့ ဦးသုဓဇ” ဟု .. ခေါ်ကြ၏။ နောက် အတိုချုံး၍ “မကြည်ရဲ့ ဦးသုဓဇ” ဟု တွင်ပြန်လေ၏။
------------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments