သီတင်းကျွတ်လပြည့်ကျော်ခဲ့သဖြင့် မိုးရိပ်မိုးစင်များ ဝေးခဲ့သည်။သို့ရာတွင် လကွယ်ရက်များ၌ အမှောင်ရိပ်များ စိုးမိုးချင်းနင်းဝင်ရောက်လာသည့်နည်းတူ ရတနာပုံနေပြည်တော်တစ်ဝန်းလုံး၌လည်းစစ်ရိပ်စစ်မြူတို့ဖုံး လွှမ်းတက်လာစပြုသည်။
ရွှေနန်းမြို့တော်အတွင်း လွှတ်တော်၏ အရှေ့မြောက် ပဟိုရ်စည်အနီးတွင် ကနားဖျင်းဆောက်လုပ်၍ မြေပုံ ညှပ်ပုံတို့နှင့် အမြောက်ဆန်၊သေနတ်ဆန်များ နေ့မီးညမီးဆက်ကာ သွန်းလုပ်နေကြသည်မှာလည်းသောသောညံအောင်ရှိနေသည်။
ရွှေနန်းတော်အရှေ့ပြင်၌လည်း ကြီးမားသော စစ်ရေးပြ ဗိုလ်ရှုခံပွဲတို့အား ဆင်ယင်ကျင်းပခြင်းတို့လည်း ဆက်တိုက်ပေါ်လာသည်။ မြို့တော်၏လမ်းဆုံလမ်းခွ၊ ရုံးပြင်ကနား၊ စျေးစသော လူစည်ရာအရပ်တို့၌လည်းအမျိုး ဘာသာ သာသနာနှင့် အရှင်မင်းတရားအတွက်အသက်စွန့်မည့်သူရဲကောင်းများ စစ်မှုထမ်းရန် ပြန်တမ်းဆင့်ဆို ဖိတ်ခေါ်သံများလည်းမစဲတော့။ မင်းမိဖုရားတို့အား မကြည်ညိုသည်ကြည်ညိုသည်အပထား၊နိုင်ငံတော်တစ်ဝက်အား မတရား သိမ်းမျိုထားသည့် ရန်သူကုလားဖြူတို့အား ရာဇဝင်ကြွေးဆပ်လိုသူ မျိုးချစ်အပေါင်းတို့မှာလည်း စစ်ထဲသို့တဖွဲဖွဲ ဝင်လာကြကုန်သည်။
ဤလှုပ်ရှားပြောင်းလဲမှုအလုံးစုံသည် ရွှေနန်းတော်တွင်း၌ စစ်မလိုလားသူ ကင်းဝန်မင်းကြီး၊ ကျောက်မြောင်းအတွင်းဝန်မင်း စသောပညာရှိမှူးမတ်တို့ တန်ခိုးကျလျက် စစ်လိုလားသူ တိုင်တားမင်းကြီး၊ လှေသင်းအတွင်းဝန်မင်း စသူ အလိုတော်ရိ တဇောက်ကန်းမှူးမတ်တို့တန်ခိုးတက်သည့် အဓိပ္ပါယ်ပင်ဖြစ်ကြောင်း လူတိုင်း သဘောပေါက်ကြသည်။ လူတိုင်းမှာလည်း စစ်မှာ မလွှဲမရှောင်သာ ရောက်တော့မည်ဟု ယုံကြည်ကုန်ကြသည်။
ဤလူတို့၏ယုံကြည်ချက်မှာ ခရစ်သက္ကရာဇ် ၁၈၈၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့ မြန်မာ သက္ကရာဇ်၁၂၄၇ ခု သီတင်းကျွတ်လဆုတ် ၇ ရက်နေ့တွင် ပိုမိုခိုင်မြဲလာသည်။ အကြောင်းမှာ ထိုနေ့၌ သစ်မှုကိစ္စနှင့်ပတ်သတ်၍ မကျေနပ်သော အင်္ဂလိပ်အစိုးရတို့၏ နောက်ဆုံးရာဇသံကို ယူဆောင်လာသည့် သင်္ဘောတစ်စင်းမှာ ဘွိုင်လာအိုးအား မီးမပြတ်ထိုးလျက် ဂေါဝိန်ဆိပ်တည့်တည့် မြစ်လယ်ရေပြင်တွင် ကျောက်ချရောက်ရှိနေပြီဖြစ်သဖြင့်တည်း။
ဤသို့ နေပြည်တော်အလုံး အုန်းအုန်းကျွက်ကျွက် ရုတ်ရုတ်ရက်ရက်လှုပ်ရှားဗျာများနေသည့် သီတင်းကျွတ်လဆုတ်၇ ရက်နေ့ နံနက်ပိုင်း၌ပြင်မြို့ကြီးဟု ခေါ်ရာ မြို့ရိုးကြီး၏ တောင်ဘက်မျက်နှာအလယ် ‘ကဲမြင့်’တံတားအနီးရှိ ပဉ္စမသင်္ဂါယနာတင် မင်းတရားကြီး၏ ကောင်းမှုတော်အုတ်ဇရပ်ကြီးအတွင်းဝယ် စိတ်ဝင်စားဖွယ် ခရီးသည်ငါးဦးကို တွေ့နိုင်သည်။ နှစ်ဦးမှာ သင်္ကန်းဝတ်ရဟန်းများဖြစ်၍ ကျန်သုံးဦးမှာ လူပုဂ္ဂိုလ်များပင်ဖြစ်ကြသည်။
ရဟန်းတစ်ဦးမှာ အသားမည်းမည်းနှင့် ထွားထွားကျိုင်းကျိုင်းဖြစ်သည့်နည်းတူ၎င်း၏ ကပ္ပိယဟန်တူသူ လူပုဂ္ဂိုလ်မှာလည်း အသက်သုံးဆယ်ကျော်ခန့်သာရှိသေး၍ ကျစ်လစ်လျင်မြန်သန်စွမ်းပုံရ၏။
အခြားရဟန်းတစ်ဦး၌မူ အဖော်ပါဟန်မတူ။ ထိုကိုယ်တော်မှာ လူဟန်သည် သေးသေးသွယ်သွယ်ဖြစ်သော်လည်း သိက္ခာဣနြေ္ဒမှာ ကြီးလှ၍အထူးသဖြင့်စူးရှထက်မြက်သော မျက်လုံးများရှိသည်။
ကျန်လူပုဂ္ဂိုလ်နှစ်ဦးအနက် တစ်ဦးမှာ မြန်မာတစ်ယောက်ဖြစ်၍ တစ်ဦးမှာ ရှမ်းတစ်ယောက်ဖြစ်ပြီး အသက်အားဖြင့် လေးဆယ်ကျော်ခန့်ခန့်မှန်းရသည်။ နှစ်ဦးစလုံးမှာ မြန်မာက နှုတ်ခမ်းမွှေးကျင်စွယ်၊ ရှမ်းကရေးရေးရှိကြသည်မှတစ်ပါး ဝါဝင်းဖြူစင်သော အသားအရေ၏ကောင်းခြင်း၊ မဟာနဖူး၊ ပေါ်ထင်နေသော နှာတံ၊ ခိုင် မာသောမေးရိုး၊ မပုမရှည်သော အရပ်အမောင်း စသည့် သွင်ပြင်လက္ခဏာ၏ကောင်းခြင်း၊ လူရိုသေခံ့ညားစေမည့် ဟန်ပန်အမူအရာများရှိခြင်းတို့၌တစ်ဦးနှင့်တစ်ဦး တူညီပြည့်စုံကြသည်။ ရှမ်းကြီးမှာ မြက်ခမောက်ဆောင်း၍ လွယ်အိတ်တစ်လုံး ပခုံးထက်လွယ်ထားသည်။ အဝတ်နက် အစုံကိုဝတ်ထား၍ လည်ပင်းလက်မောင်းတို့၌ ထိုးနှံထားသော အင်းပြာ၊အင်းနီများကို ထင်ရှားစွာ တွေ့နိုင်သည်။ အားလုံးခြုံပေါင်းကြည့်သော်ရှမ်းဆေးဆရာကြီးတစ်ဦးဟန် ပေါ်နေသည်။
မြန်မာကြီးမှာလည်း လွယ်အိတ်နှစ်လုံးမှအပ ဘာမျှ ပစ္စည်းအထူးအထွေမပါချေ။
အားလုံးမှာ ခရီးသွားများဟန် အေးဆေးသော အမူအရာပေါ်နေသော်လည်း အသေအချာ ဂရုပြုကြည့်တတ် သူအတွက် စောစောကထွားထွားကျိုင်းကျိုင်း ရဟန်းနှင့် ကပ္ပိယသည် အပြင်ပန်း အမူအရာငြိမ်သက်သမျှ မျက်လုံးများမှာ လျင်မြန်စွာလှည့်ပတ်ကစားနေသည်ကိုသတိပြုနိုင်သည်။
ထိုအချိန်၌ လှည်းငါးစီးခန့်နှင့် လူတစ်သိုက်မှာ မြို့တွင်းသို့ဝင်လာခိုက်ဖြစ်သည်။ မြို့တံခါး၌ အစောင့် ငါးဦးခန့်ရှိရာ ရွှေမြို့တော်အတွင်း၌အရေးပေါ်နေခိုက်ဖြစ်သဖြင့် ဝင်လာသမျှလူတို့နှင့် ပစ္စည်းများအားအစောင့်တို့သည် စစ်ဆေးလျက်ရှိကြသည်။
ရဟန်းသည် ကပ္ပိယအနားကပ်သွား၍ တိုးတိုးပြောသည်။
“ဘယ့်နှယ် စစ်နေပါလား”
“ဟုတ်တယ် ဒါပေမယ့် အစောင့်တွေထဲမှာမျက်နှာသိတစ်ယောက်မှမပါဘူး”
“ပါတောင်ငါးယောက်တည်းပဲ သိပ်ဂရုစိုက်စရာတော့မရှိဘူး”
နှစ်ဦးသား စကားဆက်မပြောကြတော့ပဲ ပတ်ဝန်းကျင်ကိုသာ တစေ့တစောင်း အကဲခတ်နေကြသည်။
မြန်မာကြီးမှာ လွယ်အိတ်အတွင်း ကွမ်းအစ်ကိုထုတ်ကာ ကွမ်းယာစားဟန် ပြင်နေသည်။ သို့ရာတွင် ထုံးဘူး အားဖွင့်လိုက်သောအခါထုံးကုန်နေကြောင်း တွေ့ရ၏။ ထို့ကြောင့် ကွမ်းညှပ်အရိုးနှင့် ထုံးဘူးတွင်း ကျန်ရှိသမျှ ထုံးများအား ခြစ်ထုတ်နေရသည်။
“ဒီမှာလေ ဆရာကြီး ကျုပ်ဆီက ထုံးယူပါ”
မြန်မာကြီးက မော့ကြည့်လိုက်ရာ ကွမ်းအစ်တစ်လုံးကိုဖွင့်၍ အနီးလာရပ်နေသော ရှမ်းကြီးအား တွေ့ရသည်။
“ယူပါ အားမနာပါနဲ့ ကျုပ်ကိုလဲ နောင်ကြီးက ကွမ်းသီး နည်းနည်းမျှပါ”
မကြာမီမြန်မာကြီးနှင့် ရှမ်းကြီးမှာ ကွမ်းအစ်များရှေ့ချ၍ ကွမ်းတစ်ယာစီဝါးရင်း စကားလက်ဆုံ ကျနေကြသည်။
“ဒီက နောင်ကြီးက ဘာအရောင်းအဝယ်များ လုပ်ပါသလဲ”
ရှမ်းကြီးက မေးသဖြင့် မြန်မာကြီးက “သြော် ဗိန္ဓောဆေးလေးဝါးလေး ကုပါတယ် ဆေးမြစ်ဆေးဝါးများ ဝယ်ခြမ်းရင်း ရွှေမြို့တော်လဲ ဘုရားဖူးလာခဲ့တာ အခု ပြန်မလို့ပါပဲ ဒါထက်နောင်တော်ကကော” ဟု ဖြေရင်း ပြန်မေးသည်။
“ကျွန်တော်လဲ ပယောဂလေးဘာလေး ကုတယ်ဆိုပါတော့ ဒီကဆရာဘုန်းကြီးကို သီတင်းဝါလကျွတ် ကန်တော့လာရာက ပြန်ခဲ့တာပေါ့”
“အင်း ကောင်းပါ့ ကောင်းပါ့ ဘယ်ကနေတောင် လာရပါသလဲ”
“ကျောက်ဆည်နယ်ကပါပဲ နောင်ကြီးကကော”
ထိုအခိုက်တွင်ပင် မြို့တွင်းဝင်သူများ ရှင်းသွားသည်။ နောက်ထပ် မြို့ဘက်မှလာသော ခရီးသွားများနှင့်အတူ စောစောက ရဟန်းနှင့်ကပ္ပိယတို့သည်လည်း ဇရပ်မှဆင်းသွားကာ မြို့တံခါးမှ ထွက်ရန်ပြင်သည်။
အေးအေးလူလူ စကားပြောနေရာမှ ရှမ်းကြီး၏ မျက်လုံးများသည် မြို့ဘက်တူရူသို့ ရောက်သွားသည်။ ခပ်လှမ်းလှမ်း၌ ဇရပ်ဘက်ဦးတည်၍ဖုန်တစ်ထောင်းထောင်းနှင့် စိုင်းနှင်လာသော မြင်းငါးစီးအား တွေ့ရသည်။
ရှမ်းကြီး၏အမူအရာမှာ ချက်ချင်းသွက်လက်လာ၍ ကွမ်းအစ်အားလွယ်အိတ်တွင်းထည့်လိုက်ပြီး “စကားတော့ ကောင်းပါရဲ့ တခြားလူတွေ သွားကုန်ပြီ နေမမြင့်ခင်ခရီးနှင်လိုက်ဦးမှ” ဟု ဆိုကာနေရာမှထသည်။
“အို အတူသွားကြတာပ အဖော်ကောင်းတုန်း ကျုပ်လဲလိုက်မယ်”
ရှမ်းကြီးနှင့် ဗမာကြီးမှာ ဇရပ်ပေါ်မှဆင်းသဖြင့် တစ်ပါးတည်းကျန်ခဲ့သူ ရဟန်းပါ လိုက်ဆင်းလာသည်။
မြို့တော်မှအထွက် ဖြစ်၍လားမသိ။ အထူးစစ်ဆေးခြင်း မရှိလေရကားခရီးသည်အားလုံးမှာ လွယ်ကူစ ွာပင် မြို့တံခါးအပြင်သို့ ရောက်လာခဲ့ကြသည်။
သို့ရာတွင် နောက်ဆုံးခရီးသည်ဖြစ်သူ ရဟန်း မြို့ပြင်ရောက်သည်နှင့်တစ်ပြိုင်နက် မြင်းခွာသံများကြားရပြီး ဗိုလ်တစ်ဦးခေါင်းဆောင်လျက်မြင်းသည်တော်လေးဦး ပါလေသည်။ မြင်းသမားတို့သည် မြို့တံခါးတွင်မနားတော့ပဲ ရှေ့ဆက်စီးကာ ခရီးသည်တို့အား ဝိုင်းထားလိုက်ကြ၏။
“ဖယာ့အမိန့်တော် ပါတယ် ဖယာ့အမိန့်တော် ပါတယ် ခုခံမယ်မကြံနဲ့ အားလုံး သူပုန်ဖြစ်သွားမယ်”
ရှေ့ဆုံးမှဗိုလ်သည် ဓားကြီးအား လေထဲ၌ လွှင့်ရင်း ဝိုင်းမိနေသောခရီးသည်များကို လှည့်ပတ်နေခိုက် နှုတ်မှလည်း အော်ဟစ်အမိန့်ပေးနေသည်။
စစ်ဗိုလ်သည် ကပ္ပိယနှင့် သင်္ကန်းဝတ်တို့အား တွေ့သည်နှင့်တစ်ပြိုက်နက်အားရပါးရ အော်ရယ်လိုက်သည်။
“ဟား ဟား ဟုတ်ပေ့ကွာ သီသီလေးလွတ်တော့မလို့ ဘယ့်နှယ် ဦးပဉ္စင်းကို ပေါက်လှနဲ့ ကပ္ပိယသွေးသောက်ကြီး ငမြတ်ကျော်တို့ ဒီတစ်ခါ ဗိုလ်ကျော်ခေါင်လက်ထဲက လွတ်ကြသေးရဲ့လား ဟား ဟား ကျေနပ်တယ်ကွာ”
ဗိုလ်ကျော်ခေါင်က တစ်ဆက်တည်းလှည့်၍ အမိန့်ပေးလိုက်သဖြင့်မြင်းနှစ်စီးသည် သင်္ကန်းဝတ်ယောင် ဆောင်ထားသူ ပေါက်လှနှင့်ကပ္ပိယအရေခြုံ သွေးသောက်ကြီး မြတ်ကျော်တို့နား ချဉ်းကပ်သွားကာဓားမိုးစောင့်ကြပ်နေကြသည်။
“အလို ဒီမှာလဲ သင်္ကန်းဝတ်တစ်ဦးပါလား ဟေ့ ဒီမှာလာစောင့်ကြစမ်း”
နောက်ထပ်မြင်းတစ်စီးမှာ ကျန်ရဟန်းကို စောင့်ကြပ်လျက်ရှိပြန်သည်။ဗိုလ်ကျော်ခေါင်က စေ့စပ်သေချာစွာ ခရီးသည်အားလုံးအား လိုက်လံကြည့်နေသည်။ ခရီးသည်များအနက် စောစောကငါးဦးအပြင် ထိတ်လန့်တုန်လှုပ်နေပုံရသော တောသူတောသားများ ဖြစ်ဟန်တူသည့် မိန်းမကြီးငါးဦးနှင့် ယောက်ျားသုံးဦး ပါသေးသည်။
ဗိုလ်ကျော်ခေါင်၏ မျက်လုံးများသည် ရင်ပေါင်တန်း ရပ်လျက်ရှိသောရှမ်းကြီးနှင့် ဗမာကြီးဆီရောက်သွားသည်။
“ဟား ဟား ဟန်လိုက်လေ ယုန်ထောင်တာ ယုန်ရောကြောင်ရော မိနေပါရောလား ဘယ့်နှယ် မိုးနဲစော်ဘွားမင်း ဒီရောက်နေသကိုး ဟိုလူကျရော ဟေ့ အဲဒီနှစ်ယောက်ကိုပါ ဖမ်းလိုက်”
ဗိုလ်ကျော်ခေါင်၏ စကားဆုံးလျှင် ကျန်မြင်းသည်တော်တစ်ဦးသည်မြန်မာကြီးနှင့် ရှမ်းကြီးထံကပ်သွားသည်။ ထိုအခိုက်တွင်ပင် မမျှော်လင့်သောအဖြစ်က ပေါ်လာသည်။
မိုးနဲစော်ဘွားဟု အခေါ်ခံရသူ ရှမ်းကြီး၏လက်သည် လျင်မြန်စွာလွယ်အိတ်တွင်းသို့ရောက်သွားကာ ပြောင်းတိုသေနတ်တစ်လက်အားထုတ်၍ ချဉ်းကပ်လာသူ မြင်းသမားအား ပစ်ချလိုက်သည်။သေနတ်သံပေါ်လာပြီး ရင်ဝတည့်တည့်ထိသွားသူ မြင်းသမားမှာမြင်းထက်နောက်ပြန်လဲကျလာ၏။
အခွင့်ကောင်းကို ချောင်းနေကြသူ ပေါက်လှနှင့် သွေးသောက်ကြီးမှာလည်း လက်မနှေး။ သေနတ်သံကြား လိုက်ရ၍ အားလုံး ထိတ်လန့်သွားခိုက် နှစ်ဦးသားသည် ရုတ်တရက်ထိုင်ချလိုက်ကာ မိမိတို့ ရှေ့ရှိ မြင်းများ၏ဝမ်းဗိုက်အောက်သို့ ခိုဝင်လိုက်ကြသည်။ ထိုမှတစ်ဆင့် ခုန်လွှားပြေးလိုက်သည့်ခဏ၌ မြင်းများနှင့် ကိုက်နှစ်ဆယ်ခန့် ဝေးရာသို့ရောက်သွားသည်။ ခဏမှာပင် ပေါက်လှသည် သင်္ကန်းအောက်ဝှက်ယူခဲ့သော ဓားရှည်ကြီးအား ဆွဲထုတ်ပီးဖြစ်နေသည်။
တစ်ပတ်ကွေ့၍ ၎င်းတို့နှစ်ဦးသားနောက်ထိုးလိုက်ကြသော မြင်းသည်တော်နှစ်ဦးအနက် တစ်ဦး၏ဓားသည် ပေါက်လှ၏ဓားနှင့် အရှိန်ပြင်းစွာထိခိုက်မိလိုက်သည့်ခဏ၌ပင် နောက်ထပ်သေနတ်သံတစ်ချက်ပေါ်လာသည်။ သွေးသောက်ကြီး၏လက်၌ အငွေ့မစဲသေးသော သေနတ်တစ်လက်ကို ကိုင်လျက်ရှိပြီး ၎င်းနောက်ထိုးလိုက်ခဲ့သူ မြင်းသည်တော်မှာ မြေပြင်၌ လဲကျအသက်ပျောက်လျက်ရှိသည်။
သွေးသောက်ကြီးသည်လျင်မြန်ဖျတ်လတ်စွာနှင့် လဲကျနေသူ၏လက်မှဓားအား ကောက်ယူလိုက်သည်။ ထို့နောက် စီးသူမဲ့နေသည့် မြင်းကြီးထက်သို့ လွှားခနဲ ခုန်တက်ရောက်သွားသည်။ ထိုအချိန်တွင်ပင်ပေါက်လှနှင့် ၎င်း၏ရန်သူတို့မှာလည်း ဘက်မညီသည့်တိုက်ပွဲကိုစလျက်ရှိသည်။ ဓားချင်းဆိုင်မိစဉ် မြင်းသည်တော်၏ဓားမှာ လွင့်စဉ်သွားခဲ့ပြီဖြစ်သည်။ မြင်းသည်တော်က ဓားမ ဲ့ဖြစ်နေပြီဖြစ်သဖြင့် ဓားနှင့်ပေါက်လှအား မြင်းနှင့်ပေါက်ချရန် ကြိုးစားနေသည်။
ရုတ်တရက်သော် မြင်းကြီးမှာ ပေါက်လှထက်မိုး၍ ပတပ်ရပ်ကာရှိနေသည်။ နောက်ခဏမှာပင် ရှေ့ခြေနှစ်ဖက်သည် အရှိန်ပြင်းစွာနှင့်ပေါက်လှ၏ခေါင်းထက် ကျလာသည်။ သို့ရာတွင် ပေါက်လှသည်ဘေးသို့ခုန်ရှောင်လိုက်၍ မြင်း၏ခြေ မြေသို့ကျသည်နှင့် တစ်ပြိုင်နက်မြင်းဇက်ကြိုးအား ဖမ်းဆွဲလိုက်သည်။ သံမဏိကဲ့သို့ မာကျော သန်စွမ်းလှသည့် ပေါက်လှ၏လက်၌ မြင်းကြီးမှာ မရုန်းကန်နိုင်၊ အာပြဲလျက်တန့်ရပ်နေ၏။ မျက်စိတစ်မှိတ်လျှက်တပြက်အတွင်းမှာပင် ပေါက်လှ၏ဓားသည် မြင်းသမား၏ ရင်မှကျောသို့ ထုတ်ချင်းခတ်ပေါက်သွား၏။နောက်ခဏ၌ ပေါက်လှမှာလည်း မြင်းပေါ်သို့ရောက်သွားသည်။
ရပ်ကြည့်နေရာမှ ဗိုလ်ကျော်ခေါင်သည် မြင်းကို ပေါက်လှရှိရာသို့တရကြမ်းစိုင်း နှင်လာသည်။ သို့ရာတွင် လမ်းမှ သွေးသောက်ကြီးကဖြတ်တိုက်လိုက်၏။ မကြာမီပင် ပေါက်လှနှင့် သွေးသောက်ကြီးတို့ကတစ်ဖက်၊ ဗိုလ်ကျော်ခေါင်က တစ်ဖက် မြင်းကိုယ်စီနှင့် နှစ်ယောက်တစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြသည်။
ကျန်မြင်းသမားတစ်ဦးကမူ မိုးနဲစော်ဘွားရှိရာသို့ ဓားကိုဝင့်ကာ စိုင်းဝင်
လာသည်။ မိုးနဲစော်ဘွားမှာ တစ်ချက်ထိုးသေနတ်အား အားမကိုးနိုင်တော့ပဲ သိုင်းကွက်နင်းလျက် ရန်သူ၏အတိုက်အား တိမ်းရှောင်နေရသည်။
ပထမသော် မြန်မာကြီးမှာ ရပ်ကြည့်နေသည်။ သို့ရာတွင် ဓားတဝင့်ဝင့်နှင့် မြင်းသမား၏ရန်ကို လက်နက်မဲ့ ခုခံနေရသူ မိုးနဲစော်ဘွား၏အဖြစ်ကို မြင်ရသည်နှင့်တစ်ပြိုင်နက် လှုပ်ရှားလာ၏။ သူ့လက်သည်လွယ်အိတ်တွင်း သို့ ရောက်သွားသည်။ ပြန်ထုတ်လိုက်သောအခါတွင်ဓားမြှောင်တစ်လက် ပါလာသည်။
ထိုအခိုက်တွင် မိုးနဲစော်ဘွားမှာ ပေါက်လိုက်သောမြင်းအား ရှောင်လိုက်စဉ် မြေကြီးခဲတစ်ခုအား နင်းမိ၍ ကိုယ်ကိုမဟန်နိုင်ပဲလဲကျသွားသည်။ မြင်းသမားက ဓားကို အားယူလွှဲမြှောက်လိုက်သည်။သို့ရာတွင် မြန်မာကြီး၏လက်မှ ဓားမြှောင်သည် လေထဲ၌ ဝှီခေါ်အော်မြည်ဖြတ်သန်းသွားလျက် မြင်းသမား၏လက်ပြင်သို့ အရှိန်ပြင်းစွာစိုက်ဝင်သွားသည်။ မိုးနဲစော်ဘွားသည် မြင်းပေါ်မှကျလာသူ၏လက်မှဓားကိုယူလိုက်ပြီး မြင်းပေါ် ခုန်တက်လိုက်ပြန်သည်။
အခြေအနေမှာ ရုတ်ချည်းပြောင်းလဲသွားသည်။ မြင်းငါးစီးအားဦးဆောင်လာခဲ့သူ ဗိုလ်ကျော်ခေါင်မှာ သူတစ်ဦးတည်းသာ မြင်းပေါ်၌ကျန်ရစ်၍ မြင်းသုံးစီးမှာ ရန်သူ့လက်ရောက်သွားကြောင်း တွေ့ရသည်။မိမိ၏ငယ်သားလေးဦးမှာလည်း ကျဆုံးခဲ့ရပေပြီ။ထိုအခိုက်တွင်ပင် တံခါးစောင့်ငါးဦးသည် ဓားကိုယ်စီနှင့် ပြေးလာကြသည်။
ယခုအချိန်အထိ ငြိမ်သက်စွာကြည့်နေသူ ရဟန်းသည် သင်္ကန်းရုံအတွင်းမှ ဓားကိုထုတ်၍ ပြေးလာသူငါး ဦးအား ရင်ဆိုင်သည်။မြန်မာကြီးသည်လည်း ပထမဦးစွာ သေနတ်ထိကျဆုံးသူ၏ ဓားကိုယူကာ ထိုသင်္ကန်းဝတ် ဆီသို့ ပြေးကာ ကူညီတိုက်ခိုက်ပေးသည်။မြင်းနှင့် မိုးနဲစော်ဘွားမှာလည်း နှစ်ဦးနှင့် ငါးဦး ယှဉ်ပြိုင်တိုက်ခိုက်နေသော သူတို့နှစ်ဦးဘက်မှဝင်တိုက်သည်။
ဗိုလ်ကျော်ခေါင်သည် တိုက်ခိုက်ရင်းမှ ဤအခြေအနေအားလုံးအားသတိပြုမိသည်။ ဆက်တိုက်နေသော် မိမိအတွက် မိုက်ရာကျပေတော့မည်။ ထို့ကြောင့် ရန်သူနှစ်ဦးအား အားသွန်ဖိခုတ်၍ ၎င်းတို့နောက်ဆုတ်သွားခိုက် မြင်းအား တစ်ပတ်ကွေ့ကာ ပြန်မလှည့်တော့ပဲ
တံခါးဆီဦးတည်၍ ကဆုန်စိုင်းပြေးသည်။
ဤသည်ကိုမြင်သော် တံခါးစောင့်ငါးဦးမှာလည်း ခြေဦးတည့်ရာကစဉ့်ကရဲ ထွက်ပြေးကုန်သည်။ပေါက်လှက ထွက်ပြေးသော ဗိုလ်ကျော်ခေါင်၏နောက် လိုက်ရပြန်သည်။ သို့ရာတွင်သွေးသောက်ကြီးက ဆွဲထားလိုက်သည်။
မကြာမီတိုက်ပွဲအား အနိုင်ရယူခဲ့သော လူငါးဦးမှာ စုစည်းမိလျက် ရှိနေကြသည်။ ကျန်ခရီးသည်များမှာမူ တိုက်ကြခိုက်ကြစဉ်အတွင်းထွက်ပြေးပျောက်ကွယ်သွားကြပြီဖြစ်သည်။
“ကဲ ကျုပ်တို့ဘာလုပ်ကြမလဲ”
မိုးနဲစော်ဘွားက မေးသည်။
“ပြေးကြရုံရှိတာပေါ့ ကျုပ်တို့အင်မတန်ကြီးလေးတဲ့ ရာဇဝတ်မှုကြီးတစ်ရပ်ကိုကျူးလွန်ပြီးကြပြီပဲ”
မြန်မာကြီးက ဆိုသည်။
သွေးသောက်ကြီးက ခေတ္တစဉ်းစားနေသည်။
“ဟုတ်တယ် ဒီကမိတ်ဆွေများအနေန ဲ့က ပြေးကြရမှာပဲ ကျုပ်တို့အနေနဲ့က အခက်ရှိတယ်”
အားလုံးမှာ ထူးဆန်းသော သွေးသောက်ကြီး၏ စကားကြောင့်အံ့အားသင့်သွားသည်။ သွေးသောက်ကြီးကသာ ဆက်ရှင်းပြသည်။
“ဒီလိုရှိပါတယ် အခု ဗိုလ်ကျော်ခေါင်လွတ်သွားတယ် ဒီလူဟာကျုပ်တို့နှစ်ဦးရဲ့ အဆက်အသွယ်တွေကို အားလုံးသိတယ် သူရွှေမြို့တော်ပြန်ရောက်တာန ဲ့တစ်ပြိုက်နက်ကျုပ်တို့ရဲ့ခေါင်းဆောင်ဟာရာဇဝတ်သင့်မယ့် ဘေးရှိနေတယ်”
“ဒီလိုဆို သွေးသောက်မင်းက ဘာကြောင့် ခုနက ကျွန်တော်လိုက် သတ်မယ်လုပ်တာ ဆွဲထားရတုံး”
“အကြောင်းရှိတယ်ပေါက်လှ ဗိုလ်ကျော်ခေါင်ဟာ တပ်မှူးကောင်းတစ်ယောက် ဖြစ်တယ် သူ့ကို မသေစေလိုဘူး ပြီးတော့သူ့အနေနဲ့ ရွှေနန်းတော်ပြန် အမိန့်ခံရဦးမယ် ဒီအတောအတွင်း တို့က ဖြတ်လမ်းကနေ ဗိုလ်မှူးတို့ကို အရင်အကြောင်းကြားထားနိုင်တယ် ရှောင်တိမ်းဖို့အချိန်ရပါလိမ့်မယ် ကဲ မင်း ပြန်တုံ့မလား ငါ သွားရမလား”
“ဟော အောက်က လာမယ့်လူတွေကို ကျွန်တော်မှ မသိတာ ဒီတော့ကျွန်တော်ပြန်မယ် သွေးသောက်မင်း ဆက်သွား”
“ကိုင်း သွားဆို အခုသွားပေတော့ လူမြင်ကွင်းမှာ ဒီသင်္ကန်းနဲ့မြင်းနဲ့ မလျော်ဘူး သင့်ရာမှာ အဝတ်လဲဖို့မမေ့နဲ့”
ပေါက်လှသည် စကားဆက်မရှည်တော့ပဲ အားလုံးအား လက်ပြနှုတ်ဆက်ကာ ဧကသီအား ပခုံးထက် စုရုံးတင်၍ မြင်းနှင့်ကဆုန်ချလျက် မြို့တွင်းဘက်သို့ စိုင်းနှင်ပြေးသည်။
သွေးသောက်ကြီးက ကျန်လူများဘက်သို့ လှည့်လိုက်သည်။
“သွေးသောက်တို့ တစ်ယောက်အကြောင်း တစ်ယောက်နောက်မှရှင်းကြတာပ အခုလော လောဆယ်ခရီးဆက်ဖို့ ပြင်ကြရအောင် လူလေးယောက် မြင်းသုံစီးပဲ ရှိတယ်”
“ကိစ္စမရှိဘူး မြို့တံခါးအတွင်းမှာ တံခါးစောင့်တွေရဲ့ မြင်းတွေရှိတယ် နေ ကျုပ်သွားယူလိုက်မယ်”
သင်္ကန်းဝတ်နှင့်ပုဂ္ဂိုလ်က ပြောပြောဆိုဆိုနှင့် တံခါးဆီ ပြန်ပြေးသည်။
မကြာမီပင် မြင်းတစ်စီးအားစီးလျက်ပြန်ပေါ်လာ၏။
လေးဦးသားသည် မြေပြင်၌ ကျဆုံးလျက်ရှိသူများအား တစ်ချက်ပြန်ကြည့်လျက် တောင်ဘက်သို့ မြင်းကိုယ်စီနှင့် စိုင်းထွက် လာခဲ့ကြသည်။
မကြာမီ မြို့တော်၏တောင်ဘက် ရွှေကြိုးသတ်နယ်နမိတ်ဖြစ်သောဒုဋ္ဌဝတီမြစ်ခေါ် မြစ်ငယ်မြစ်သို့ရောက်ရှိလာကြသည်။
မြစ်ကျဉ်းတစ်နေရာကို ရွေးရှာကြ၍ မြင်းများအား ရေထဲဆင်းစေကာတစ်ဖက်ကမ်းသို့ ခက်ခက်ခဲခဲ ကူးလာကြသည်။
တစ်ဖက်ကမ်းသို့ရောက်သော်လည်း စကားမဆိုနိုင်ကြသေးပဲ ရှမ်းရိုးမတောင်တန်းကြီးအား လက်ဝဲဘက်တွင် ထားလျက် ဆက်လက်စိုင်းနှင်ကြပြန်သည်။
ဤနည်းနှင့် ခရီးရှစ်တိုင်ခန့် ပေါက်လာကြသည်။ တောတို့ အတန်ထူလာ၍ မြေမှာလည်း ကြမ်းလာခဲ့သည်။ မြင်းများမှာလည်း အတော်ပင်ပန်းနေကြပေပြီ။
တောအုပ်ကလေးတစ်ခု၏ အထွက်တွင် ရှေ့ဆုံးရောက်နေသူသွေးသောက်ကြီးက ရုတ်တရက်ရပ်လိုက်သဖြင့်အားလုံးမှာ ထိတ်လန့်တကြားဖြစ်လျက်မြင်းဇက်များအား သတ်လိုက်ကြသည်။
“ဘာလဲ ဘာတွေ့လဲ”
တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြသည်။ သွေးသောက်ကြီးကဘာမှမဖြေပဲ မြင်းထက်မှဆင်း၍ မြေပြင်တစ်နေရာကို ဒူးထောက်လျက်သေချာစွာကြည့်နေသည်။သွေးကွက်ကြီးတစ်ကွက်တည်း။ အားလုံးမှာ ပြိုင်တူမြင်းပေါ်မှ ဆင်းလိုက်ကြသည်။ သွေးကွက်ကြီးမှ သွေးစက်များသည် ၎င်းတို့လာခဲ့သောလမ်းအတိုင်းမြောက်ဘက်သို့ဆက်ကျသွားသည်။သွေးသောက်ကြီးသည် မြေပြင်မှ သွေးစက်များအတိုင်း မြောက်ဘက်သို့
ဆက်လိုက်ခဲ့သည်။
ကိုက်အစိတ်ခန့်ရောက်သော် သွေးစက်များသည် လမ်းမှဖဲ့ကာ အရှေ့ဘက်သို့မြေလမ်းလေးတစ်ခုအတိုင်း ချိုးဝင်ညွှန်ပြသွားသည်။သွေးသောက်ကြီးက အဖော်များဆီပြန်လာခဲ့သည်။
“လူတစ်ယောက်ယောက်တော့ ဒုက္ခရောက်ခဲ့တဲ့သဏ္ဌာန်ပဲ ကျုပ်တို့မြင်းတွေလဲ မောပါပြီ အမောဖြေရင်း သွေးစက်အတိုင်း အလိုက်ရင်ဒီလူကိုတွေ့တန်ကောင်းရဲ့ ဘယ့်နှယ့်လဲ”
အားလုံးသဘောတူကြသည်။
“ကဲ ဒါဖြင့်ဟောဟိုလမ်းလေးထဲ ချိုးဝင်ရမှာပဲ မလိုက်ကြခင်ဒီသွေးစက်တွေကို ဖျက်ပစ်လိုက်ကြဖို့လိုတယ် တော်တော်ကြာ ဒီသွေးစက်တွေက ဟိုလူရှိရာကို ညွှန်သလို ကျုပ်တို့ရှိရာ ညွှန်နေဦးမယ်”
လူလေးဦးသည် လမ်းဘေးမှသဲမြေမှုန့်များအား လက်ခုပ်နှင့် အသီးသီးကျုံးလျက် သွေးကွက်သွေးစက်များအား ဖုံးလွှမ်း ဖျောက်ဖျက်ပစ်ကြသည်။
ခြေရာလက်ရာမကျန်ကြောင်း စိတ်ကျေနပ်ကြမှ မြင်းများပေါ်တက်ကာဆိုခဲ့သောလမ်းကလေးအတိုင်း အရှေ့ဘက်သို့ဆက်ခဲ့ကြသည်။
တောချုံများသည် ထူသထက်ထူလာကာ လူများမှာလည်း တဖြည်းဖြည်းနှင့်တောင်စွယ်လေးတစ်ခုအနီးသို့ ချဉ်းကပ်လာကြသည်။
ကိုက်ငါးရာခန့်သွားမိသော် ရှေ့မှသွေးသောက်ကြီးက ရုတ်တရက် “ဟိုမှာ တွေ့ပြီ” ဟုပြောလိုက်သည်။
ရှေ့၌ သစ်ပင်ကြီးများ စုပေါက်နေ၍ အရိပ်ကောင်းသော တစ်နေရာရှိသည်။ စမ်းချောင်းလေးတစ်ခုမှာ တသွင်သွင်စီးကျနေလျက်စမ်းချောင်းဘေးတစ်လျှောက်စိမ်းလန်းသောမြက်များ ပေါက်နေကြသည်။
မြင်းတစ်စီးမှာ အေးအေးလူလူ မြက်စားလျက်ရှိသော်လည်း စမ်းချောင်းရေစပ်တွင်မူ လူတစ်ဦးမှာ အသက် ကင်းမဲ့သည့်ပမာ မလှုပ်မယှက်လဲမှောက်လျက်ရှိ၏။
မိတ်ဆွေလေးဦးသည် မြင်းများရေသောက်ရန် စမ်းချောင်းဆီသို့ လွှတ်လိုက်ပြီး လဲမှောက်နေသူ၏ အနီးသို့ဝိုင်းရောက်လာကြသည်။
သွေးသောက်ကြီးသည် ထိုလူအားပွေ့၍ မိမိ၏ ပေါင်တစ်ဖက်ပေါ်မှေးလျက် ပက်လက်လှန်ထားလိုက် သည်။ ထိုလူ၏မျက်နှာအားမြင်လိုက်လျှင်မြင်လိုက်ချင်း သွေးသောက်ကြီး၏မျက်နှာ၌ အပြင်းအထန် တုန်လှုပ်ချောက်ချားသော သဏ္ဍာန်ပေါ်လာသည်။ နှုတ်မှလည်း ထိတ်လန့်ရေရွတ်သံပေါ်လာ၏။
“အလို ဘုရား ဘုရား အသက်မှရှိသေးရဲ့လား”
သွေးသောက်ကြီး၏လက်သည် ထိုလူ၏ရင်ဘတ်ပေါ် ရောက်သွားသည်။ နှလုံးခုန်သံကို စမ်းမိသော် သွေးသောက်ကြီး၏ မျက်နှာသည်ဝင်းပကြည်လင်လာ၏။ လျင်မြန်စွာပင် သတိမေ့နေသူ၏အင်္ကျီအားဆွဲဆုတ်ဖယ်ရှားလိုက်ရာ သွေးသောက်ကြီးသည် ထိုသူ၏ လက်ယာဘက်ရင်အုံ၌ ဒဏ်ရာကိုတွေ့သည်။ ဒဏ်ရာမှာ မနက်လှသော ကြောင့်ထိုသူသတိလစ်နေသည်မှာ သွေးလွန်ခြင်းကြောင့်သာဟု သွေးသောက်ကြီးမှာ သဘောပေါက်မိသည်။
သွေးသောက်ကြီးပြုလုပ်နေသမျှအား ငြိမ်သက်စွာ ဝိုင်းကြည့်နေကြသော မိတ်ဆွေသုံးဦးမှာ ဒဏ်ရာရှင်၏ မျက်နှာကို မြင်လိုက်ရသော်တစ်ဦးမျက်နှာ တစ်ဦးလှမ်းကြည့်မိသည်။ အကြောင်းမှာ သတိလစ်နေသူ၏မျက်နှာ သည် သွေးသောက်ကြီး၏မျက်နှာနှင့် ဆင်လှသောကြောင့်တည်း။သွေးသောက်ကြီးက မိတ်ဆွေသုံးဦးအား မော့ကြည့်လိုက်သည်။
“ကိုင်း သွေးသောက်တို့ မမျှော်လင့်ပဲ ကျုပ်ရဲ့ခရီးဟာ ဒီမှာဆုံးနေပြီ ဒီဒဏ်ရာရှင်ဟာ ကျုပ်တွေ့ဖို့ထွက်လာတဲ့ ကျုပ်ရဲ့အစ်ကိုပဲ သွေးသောက်တို့တတ်နိုင်ရင် ဒီလူသတိရအောင်ကျုပ်ကို ကူညီကြပါ”
မိုးနဲစော်ဘွားသည် အရင်လှုပ်ရှားလာသည်။ သူသည် မိမိ၏ရှမ်းလွယ်အိတ်ကြီးအတွင်း အတန်ကြာရှာဖွေနေပြီးနောက် နီကြန်ကြန်ဆေးရည်များနှင့်ပြည့်နေသော ပုလင်းလေးတစ်လုံးအား ထုတ်ယူလိုက်သည်။
“ဟောဒီဆေးရည်တိုက်ရအောင် ဒီဆေးဝင်သွားရင် အားလဲပြည့်လာမယ် ဒဏ်ရာက နာကျင်တာလဲ သက်သာသွားမယ် နောင်တော်က ပါးစပ်ကို နည်းနည်းလှစ်ပေးပါ ကျုပ်အစက်ချပါ့မယ်”
သွေးသောက်ကြီးက မိုးနဲစော်ဘွား အမိန့်ရှိသည့်အတိုင်း ပါးစပ်ကိုလှစ်ပေးသည်။ မိုးနဲစော်ဘွားက ဆေးရည်များကို တစ်စက်ပြီးတစ်စက်ပါးစပ်တွင်းသို့လောင်းထည့်နေ၏။ အတန်ကြာမှရပ်လိုက်သည်။
“စိတ်ချ မကြာမီသတိရလာပါလိမ့်မယ်”
သွေးသောက်ကြီးက ရိုသေလေးစားသော အမူအရာနှင့် ဦးခေါင်းညွတ်လိုက်သည်။
“တော်ဘုရားကို စော်ဘွားမင်းတစ်ပါးအဖြစ် ကျွန်တော်ယုံကြည်ပါပြီ ဂမုန်း၊ ကြံ့သွေး၊ ကျောက်သွေးတို့နှင့် ဘိန်းဆီတစ်မျိုးရောစပ်အပ်တဲ့ဤဆေး၏အစွမ်းကိုလည်း မကြာမီကပင်သိရှိခဲ့ရပါတယ်”
“အလို ဒီအကြောင်းကိုသိနေတယ် ဟုတ်စ”
“မှန်ပါတယ် အလျဉ်းသင့်ရင်ကျွန်တော်အကျိုးအကြောင်း ပြောပြပါ့မယ်”
ကျန်ပုဂ္ဂိုလ်နှစ်ဦးအနက် မြန်မာကြီးကလည်း မိုးနဲစော်ဘွားအား ကိုယ်ကိုညွှတ်၍ အရိုအသေပြုသည်။ ရဟန်းကသာ တည်ငြိမ်စွာကြည့်ရင်း ပြုံးနေသည်။မိုးနဲစော်ဘွားက အနေရအထိုင်ရ ကျပ်သွားသည့်ဟန် လက်ကာတားဆီးနေသည်။
“သွေးသောက်တို့၊ နောင်တော်တို့ ကျုပ်ကို စော်ဘွားအဖြစ်မေ့ထားလိုက်ကြပါ တစ်လှေတည်းစီး တစ်ခရီးတည်းသွားအတူရင်ဆိုင်နေရသူချင်းအနေန ဲ့မိတ်ဆွေတစ်ဦးလိုသာ သဘောထားပါ ဆက်ဆံကြပါ ဒီဟာထက်ဒဏ်ရာကိုဆေးထည့်ပေးဖို့လိုမယ် ကျုပ်မှာတော့ထည့်ဆေးမပါဘူး နောင်တော့်ဆီကော”
မြန်မာကြီးက ခေါင်းညိတ်လိုက်၏။
“ကဲ ဒါဖြင့်အနာကို ဆေးကြောသုတ်သင်နှင့်ကြပါ ကျွန်တော်ပြင်ဆင်လိုက်ဦးမယ်”
မိုးနဲစော်ဘွားက စမ်းချောင်းမှရေသွားခပ်သည်။
“ကဲ ဒကာကြီး ညောင်းရော့မယ် ဒကာနဲ့ ဦးပဉ္စင်းဒီလူနာကိုမပြီး ဟိုအရိပ်အောက်မှာ သွားချကြတာပ”
သွေးသောက်ကြီးသည် သင်္ကန်းဝတ်ပုဂ္ဂိုလ်အား အံ့သြစွာမော့ကြည့်လိုက်သည်။ ဦးပဉ္စင်း၏ ပြောဟန်ဆိုဟန်နှင့် ဣနြေ္ဒတော်ကို ထောက်ချင့်၍ ပေါက်လှကဲ့သို့ အရေခြုံမဟုတ်၊ တကယ့်ရဟန်းတစ်ပါးဖြစ်ကြောင်း ရိပ်မိရသည်။ ထို့ကြောင့်ဘာမှမပြော။ “တင်ပါ့ဘုရား”
ဟုသာ ဖြေလိုက်ရသည်။ ထို့နောက်ဦးပဉ္စင်း အကူအညီနှင့် လူနာအားသစ်ပင်ရိပ်အောက်ရွှေ့ကာ လွယ်အိတ်တစ်လုံးအား ခေါင်းအုံးစေ၍ချထားသည်။
မြန်မာကြီးသည် မိုးနဲစော်ဘွားခပ်လာသော ရေ၌ ဆေးမှုန့်တစ်မျိုးထည့်ကာ လူနာ၏ဒဏ်ရာအား ဆေးပေးသည်။ ထို့နောက်ဖယောင်းချက်နှင့်တူသည့် ဆေးတစ်မျိုးအား ဝါဂွမိး၌သုတ်လိမ်း၍ ဒဏ်ရာအတွင်းသို့စိတ်ရှည်စွာ ထိုးသွင်းသိပ်ပေး၏။ အဝတ်စတစ်ခုနှင့် ဒဏ်ရာအားအုပ်ကာ ပခုံးမှသိုင်းစည်းပေးလိုက်သော် ကိစ္စမှာပြီးခဲ့သည်။
ဤအခါကျမှ မိတ်ဆွေလေးဦးတို့သည် ဆေးလိပ်သောက်သူသောက်၊ကွမ်းဝါးသူဝါးနှင့် အေးအေးလူလူစကားဆိုနိုင်ကြသည်။
“အိမ်း လူတွေကတော့ တကယ့်သတ္တိခဲတွေချည်းပဲ ဘယ်သူဘယ်ဝါမှန်းသာ မသိကြတယ် ဒကာတို့အသီးသီးမှာ လျှို့ဝှက်သော အရေးအခင်းများ ရှိဟန်တူတယ် ဦးပဉ္စင်းကတော့ လျှို့ဝှက်စရာ မရှိလှပါ ဦးပဉ္စင်းဘွဲ့က ဦးဥတ္တမလို့ ခေါ်တယ် ရင်းနှီးတဲ့ဒကာဒကာမတွေကတော့ တစ်ခါတစ်ရံ ကျီစယ်သမှုနဲ့ ဗိုလ်ဥတ္တမလို့ခေါ်ကြတယ်ဆိုထင်ပ နေတာကတော့မင်းဘူးနယ်မှာပါပဲ”
“အရှင်ဘုရား ဒီကိုဘာကိစ္စနဲ့ ကြွလာပါသလဲ”
“အိမ်း အကြောင်းက ရှိသပ နယ်မှာလဲ မင်းမြှောင်ကပ်ပါးတွေက ဓားတဝင့်ဝင့်နဲ့ခိုးဆိုးကြ၊ ဒီဓားပြလူဆိုးလေးတွေနဲ့ အောက်အရပ်က ကုလားဖြူဓားပြကြီးရဲ့ ရန်ကလည်း နေ့လားညလားဆိုက်မယ်ဖြစ်နေတယ် နက္ခတ်တာရာ ဂြိုဟ်သွားဂြိုဟ်လာတွေကလည်း မကောင်း၊ ကိန်းခန်းတဘောင်စနည်းနိမိတ်တွေကလဲ မလှ၊သာသနာတော်ကြီးနဲ့ တိုင်းပြည်ကြီးအတွက် ဘေးရောက်စရာအကြောင်းမြင်တာနဲ့ အခြေအနေ အရပ်ရပ်စုံစမ်းရင်းဆိုသလို နေပြည်တော်က ဆရာဖြစ်တဲ့ နရိန္ဒာဘိဓဇ အတုလဓိပတိသီရိမဟာ ဓမ္မရာဇာဓိရာဇဂုရု ဘွဲ့တံဆိပ်တော်ရ ဆီးဘနီ(ဆီးဘန်နီ)ဆရာတော်ဘုရားကြီး ကျောင်းတိုက်လာ ခေတ္တသီတင်းသုံးနေတာ အခုအပြန်ပေါ့လေ”
“အရှင်ဘုရား ဘယ်လိုများ အခြေအနေတွေ နားလည်ခဲ့ပါသလဲ”
“အခြေအနေတွေတော့ မကြိုက်လှပါဘူး ဒီမင်း ဒီစိုး ဒီသူခိုးနဲ့ ဒီမိုးဒီလေ ဆိုတာလို ထားပါလေ ဒကာတို့အကြောင်းလဲ ဆိုကြပါဦး”
ဤနေရာတွင် မြန်မာကြီးက ဝင်ဆိုသည်။
“တပည့်တော်နာမည်မှာ ဦးမင်းရောင်ခေါ်ပါတယ် နတ်မောက်မြို့၊လုလင်သူကြီးဖြစ်ပါတယ် သာလွန်မင်းတရားကြီးလက်ထက်ပင်း၊နတ်မောက်၊ ကျောက်ပန်းတောင်း သုံးမြို့ဝန် သီရိဇေယျဦးပိန်၊ မကြာမီက ဒိုင်းခင်ခင်အရေးကြောင့် အရာမှကျသွားတဲ့ မင်းကြီးသက်တော်ရှည်ခန်းမ ဝန်ကြီးဦးရွှေမောင်တို့ရဲ့ အနွယ်ထဲက ဖြစ်ပါတယ်ဦးပဉ္စင်းလိုပဲ တပည့်တော်လဲ တိုင်းရေးပြည်ရေး သာသနာတော်ကြီးအရေးအတွက်စိတ်မအေး တာနဲ့ သတင်းစနည်းနာဖို့ နေပြည်တော်ကိုရုပ်ဖျက်ထွက်လာခဲ့တာပါ”
“အင်း အနွယ်တော်တွေကတော့ ကောင်းပ ရုပ်ရည်သွင်ပြင်အကဲခတ်ပြီး ယောက်ျားကောင်း မျိုးရိုးမှန်း ဦးပဉ္စင်းလဲ ရိပ်မိပါရဲ့ ခန်းမမင်းကြီးရဲ့ဖခင် အတွင်းဝန်မင်း ဦးရန်ဝူးဟာ ၁၁၈၆ ခုနှစ်ပထမ ကုလားကြီးအတိုက်တွင် မင်းကြီးမဟာဗန္ဓုလနဲ့ လိုက်ပါအမှုထမ်းရင်း သန်လျင်မြို့တပ်မှာ ကျဆုံးသွားကြောင်း ဦးပဉ္စင်းမှတ်သားဖူးပါရဲ့ ကိုင်း ဒီဘက်ကဒကာကြီးက ဆိုပါဦး”
ဦးဥတ္တမက သွေးသောက်ကြီးဘက်လှည့်အမိန့်ရှိသည်။
“တပည့်တော်၏ အမည်မှာ မြတ်ကျော်ခေါ်ပါတယ် အရာအထူးအားဖြင့် သွေးသောက်ကြီးတစ်ဦးဖြစ်ပါတယ် တပည့်တော်တို့မှာမတရားမင်းနှင့်တကွ တိုင်းခြား တစ်ပါးမင်းတို့၏ရန်မှ နိုင်ငံတော်အားကယ်တင်နိုင်ရန်ကြိုးစားနေသူများဖြစ်ပါတယ် တပည့်တော်တို့၏ အရှင်သခင်မှာ ယခုအခါ တစ်ပြည်လုံး တမ်းတ အားကိုး စောင့်မျှော်နေကြသည့်ညောင်ရမ်းမင်းသား ကိုယ်တော်လေးပင်ဖြစ်ပါတယ်”
“ညောင်ရမ်းကိုယ်တော်”
ကျန်သုံးဦးက တစ်ပြိုင်နက်အသံထွက်သွားမိသည်။
“အင်း ညောင်ရမ်းကိုယ်တော်ကို တစ်ပြည်လုံးက မျှော်တနေတယ်ဆိုတာ မှန်ပေတယ် ဦးပဉ္စင်းတို့လဲ ပါသပေ့ါလေ”
ဦးမင်းရောင်နှင့် မိုးနဲစော်ဘွားတို့ကလည်း သဘောတူကြောင်း ခေါင်းညိတ်ပြ၏။
ဦးမင်းရောင်က ဝင်ပြောသည်။
“ဘယ်လောက်တောင် မျှော်လင့်နေကြသလဲဆိုရင် အခုစစ်ဖြစ်ရင်အင်္ဂလိပ်ကအနိုင်တိုက်ပြီး သီပေါဘုရင်ကို နန်းချလို့ ညောင်ရမ်းမင်းကိုနန်းတင်မယ်လို့ ကောလာဟလသတင်း ထွက်နေတယ် ဒါကြောင့်တစ်ချို့ က ဒီစစ်ပွဲကို သီပေါအတွက်သိပ်တိုက်မပေးချင်တဲ့ စိတ်ထားတွေပေါ်နေတယ် အင်္ဂလိပ်တွေက တကယ်ပဲ ညောင်ရမ်း ကိုယ်တော်ကိုနန်းတင်မလား သွေးသောက်ကြီးတို့တော့ပိုသိမှာ ပေါ့”
သွေးသောက်ကြီးက ခေါင်းကို လေးပင်စွာ ယမ်းခါလိုက်သည်။
“အင်္ဂလိပ်ကိုယုံရင် မှားကုန်လိမ့်မယ်ထင်တယ် ကျွန်တော်တို့အနေနဲ့ ဒီကုလားဖြူတွေကို စိတ်မချတာ ကြာပြီ ညောင်ရမ်းကိုယ်တော်ကို ဘာမှ အကူအညီမပေးတဲ့အပြင်ဘင်္ဂလားမြို့ဆီ ဖမ်းပို့ထားတယ် ဒီအချိန်ထိဘာသတင်းမှလဲမရဘူး ကျွန်တော်တို့ရဲ့ အထောက်တော်တွေနဲ့လဲ လုံးဝအဆက်ပြတ်နေတယ် ဟိုတစ်နေ့ကမှမြင်းခြံဆိပ်ကမ်းမှာ ညောင်ရမ်းရဲ့ အထောက်တော်တစ်ဦးလို့ ထင်ရတဲ့လူတစ်ယောက်ကို မြန်မာတပ်တော်တွေက သတင်းအရလိုက်ဖမ်းတာလွတ်ထွက်သွားတယ်ကြားရတယ် ဒါကြောင့်အရေးတကြီးစုံစမ်းဖို့တပည့်တော်ထွက်ခဲ့တာပါ အခုတော့ မမျှော်လင့်ပဲ လမ်းတွင်တွေ့ခဲ့ပါပြီ ဟောဒီသတိလစ်နေတဲ့လူဟာ တပည့်တော်ရဲ့ အစ်ကိုအရင်း ညောင်ရမ်းကိုယ်တော်န ဲ့ဘင်္ဂလားမြို့အထိပါသွားသူပါ သူ
သတိရရင် အကြောင်းစုံသိရမှာပဲ”
လေးဦးစလုံးမှာ သတိလစ်နေသူထံ မျက်လုံးရောက်သွားကြသည်။ ထိုသူမှာ အသက်မှန်မှန်ရှူလျက် အိပ်မောကျနေကြောင်း ဝမ်းသာဖွယ်တွေ့ကြရသည်။
မိုးနဲစော်ဘွားက “အိပ်ပါစေ အိပ်ပါစေ မကြာခင်အားပြည့်ပြီးကြည်ကြည်လင်လင်နိုးလာပါလိမ့်မယ်” ဟု ဆိုပြီး သွေးသောက်ကြီးဘက်လှည့်၍ မေးလိုက်သည်။
“မေးရဦးမယ်သွေးသောက်ကြီး ဒီအတိုင်းဆိုရင်သွေးသောက်ကြီးတို့ရဲ့ ခေါင်းဆောင်ဟာ သပြေတန်းခံတပ်မှူး ဗိုလ်နေမျိုးသူရိန်ပေါ့ ဟုတ်စ”
သွေးသောက်ကြီးမှာ ထိတ်လန့်အံ့သြဟန်နှင့် စော်ဘွားမင်းအား မော့ကြည့်လိုက်သည်။
“အလို စော်ဘွားမင်းက ဘယ့်နှယ်ဆိုနိုင်ပါသတုံး”
“ခုနကပဲ သွေးသောက်ကြီး ပြောခဲ့တယ်မဟုတ်လား”
“ကျွန်တော်ဘာပြောခဲ့ပါသလဲ”
မိုးနဲစော်ဘွားက ပြုံးလိုက်သည်။
“ဆေးရည်နဲ့ ပတ်သတ်လို့လေ သွေးသောက်ကြီးရဲ့ အခု သွေးသောက်ကြီးရဲ့ နောင်တော်ကို ကျုပ်ဒီဆေးနဲ့ အသက်ကယ်လိုက်သလိုအဲဒီတပ်မှူးကိုလဲ တစ်ယောက်ယောက်က ဒီဆေးနဲ့ပဲ အသက်ကယ်ခဲ့ ဖူးတယ်မဟုတ်လား”
သွေးသောက်ကြီးမှာ မငြင်းနိုင်တော့။ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ဝန်ခံလိုက်ရသည်။
မိုးနဲစော်ဘွားက နားမလည်သဖြင့် တစ်ဦးမျက်နှာ တစ်ဦးကြည့်နေကြသော ဦးဥတ္တမနှင့်ဦးမင်းရောင်ဘက်လှည့်လိုက်သည်။
“ဦးပဉ္စင်းနဲ့ မိတ်ဆွေတွေအားလုံးကို ကျွန်တော့်အနေနဲ့ ရှင်းပြဖို့ ဝတ္တရား ရှိနေပါတယ် ကျွန်တော်ဟာ မိုးနဲစော်ဘွားခွန်ကြည်မှန်း သိကြတာနဲ့ တစ်ပြိုင်နက် ၁၂၄၂ ခုနှစ်ကစပြီး အပေါင်းပါ စော်ဘွားတို့ကိုခေါင်းဆောင်လို့ သီပေါဘုရင်ကို တော်လှန်ပုန်ကန်နေသူတစ်ဦးမှန်းလဲသိပြီးဖြစ်ကြပါလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့ ဘာကြောင့်တော်လှန်ရတယ်ဆိုတာကိုတော့ သိကြမှာ မဟုတ်ပါဘူး ကျွန်တော်တို့ဟာ မြန်မာထီးနန်းကိုလည်းကောင်း၊ မြန်မာနိုင်ငံကြီးကိုလည်းကောင်း မလိုမုန်းထားစိတ်လုံးဝမရှိပါ မြန်မာထီးနန်းသည်ကျွန်တော်တို့၏ ထီးနန်းပင်ဖြစ်၍ မြန်မာနိုင်ငံတော်ကြီးသည်ကျွန်တော်တို့ ရှမ်းများအပါအဝင် တိုင်းရင်းသားအားလုံး တည်ဆောက်ခဲ့တဲ့ နိုင်ငံတော်ကြီးပင်ဖြစ်ပါတယ် ကျွန်တော်တို့ ပုန်ကန်ရသည်မှာ မြန်မာမတရားမင်းတစ်ပါး ကိုသာ ဖြစ်ပါတယ် ကျွန်တော်ရှင်းပြပါ့မယ်”
စောခွန်ကြည်သည် ဖြစ်ပျက်သမျှအား ပြန်စဉ်းစားသယောင် အဝေးသို့စိုက်ကြည့်ရင်း ခေတ္တငြိမ်နေသည်။ စဉ်းစားနေခိုက်တွင် သူ့မျက်နှာမှာမခံချင်မှု၊ ဝမ်းနည်းမှုတို့ဖြင့်အမျိုးမျိုး ပြောင်းလဲနေသည်။
“ကျွန်တော်တို့ရှမ်းတွေဟာ မမှန်တာကို မလုပ်၊ မဟုတ်တာကို မပြောပါမိမိတို့အပေါ် မဟုတ်မတရား အညှဉ်းခံရရင်လဲ မမေ့တတ်ပါ ကျွန်တော်တို့နယ်နဲ့ဟော်ဟာဆိုရင် အလောင်းမင်းတရားကြီး လက်ထက်တော်ကတည်းက မြန်မာထီးနန်းအပေါ် သစ္စာရှိရှိနဲ့ အမှုတော်ကိုကျေပွန်အောင် ထမ်းရွက်ခဲ့ပါတယ် သီပေါဘုရင်နန်းတက်တဲ့အခါမှာ မလိုတမာသူတွေရဲ့ အတင်အလျှောက်ကို နားဝင်ပြီး ကျွန်တော့်အပေါ် မထမ်း မဆောင်နိုင်အောင်ကြီးလေးတဲ့အခွန်ပဏ္ဏာတွေ ဆက်ရမယ်လို့ဆင့်ဆိုတောင်းခဲ့တယ် ကျွန်တော်က မဆက်သနိုင်တဲ့အခါရတနာပုံရွှေမြို့တော်ကို အမိန့်နဲ့ဆင့်ခေါ် အကျဉ်းချထားခဲ့ပါတယ်နောက်ဆုံး ကျန်ရစ်တဲ့ ဆွေတော်မျိုးတော်တွေနဲ့ နယ်သူနယ်သားတွေဟာ ဖြစ်သလိုစုဆောင်းပြီး တောင်းဆိုတဲ့ အခွန်ပဏ္ဏာတော်ကိုဆက်မှ ပြန်လွှတ်ခဲ့တယ် ဒါပေမယ့် နောက်တစ်နှစ်မှာ ဒီလိုပဲတောင်းပါလေရော ဒီတစ်ချီတော့ ကျွန်တော်ဟာ ကျိုင်းတုံနယ်ကိုထွက်ပြေးပြီး ကံတူအကျိုးပေးဖြစ်တဲ့ အညှဉ်းဆဲခံစော်ဘွားတွေကို
စုရုံးလို့ ပုန်ကန်မိတာပဲ”
စောခွန်ကြည်က ခေတ္တရပ်နားလိုက်သည်။
“ဒီအတိုင်းဆိုရင်တော့ သီပေါဘုရင်ဟာ သိပ်ဆိုးပါကလား”
ဦးမင်းရောင်က မှတ်ချက်ချသည်။
“တကယ်တော့ သီပေါဘုရင်မှာ သိပ်အပြစ်တင်စရာမရှိဘူး ဒါကိုတော့ ကျွန်တော်တို့ သိပါတယ် ဒီမင်းဟာ ပျော့တယ်၊ ညံ့တယ်၊တိုင်းပြည်ရေးရာကို ဘာမှနားမလည်ဘူး တရားခံကတော့ သူ့မိဖုရားနဲ့ အလိုတော်ရိပညာရှိမှူးမတ်တွေပါ ခက်တာက ဒီမင်းရှိသမျှဒီမိဖုရား တန်ခိုးထက်ပြီး ဒီမှူးမိုက်မတ်မိုက်တွေက ထင်တိုင်းကြဲနေဦးမှာပဲ”
သွေးသောက်ကြီးက သူ့ထင်မြင်ချက်အား ပြောပြသည်။
“မှန်တယ် ကျွန်တော်တို့လဲ ဒီအတိုင်း သဘောပေါက်ထားတယ် ကျွန်တော်တို့ ပုန်ကန်စရာက တရုတ်ကလဲ တရုတ်အလျောက်၊ ကျိုင်းတုံနဲ့ မဝေးတဲ့ တုံကင်းဘက်မှာရှိတဲ့ ဖရန်စစ်တွေကလဲ ဖရန်စ်အလျောက်၊ အင်္ဂလိပ်ကလဲ အင်္ဂလိပ်အလျောက်ပေါ့လေ မြှောက်ထိုးပင့်ကော်လုပ်ပြီး သူတို့ဘက်သိမ်းသွင်းချင်ကြတယ် ဒါပေမယ့်ကျွန်တော်တို့ဟာ မတရားမင်းကိုသာ တိုက်နေတာ တိုင်းတပါးသားတို့ရဲ့ လက်အောက်မှာတော့ သူ့ကျွန်မခံပြီ ဒါကြောင့်လဲမြန်မာမင်းသား တိုင်းရင်းဖွားဖြစ်တဲ့ လင်းပင်ကိုယ်တော်ရဲ့ အလံတော်အောက်မှာ ကျွန်တော်တို့ စော်ဘွားတွေစုရုံးပြီး အင်္ဂလိပ်ဘာသာနဲ့လင်းပင်ကွန်ဖက်ဒရေစီ(Linbin Confedracy) ဆိုတာကို ထောင်ခဲ့ကြတယ်”
အင်္ဂလိပ်ဘာသာ နားမလည်သူသုံးဦးက မိုးနဲစော်ဘွားအား မော့ကြည့်လိုက်ကြ၍ “အဲဒီလင်းပင်ဘာစီ အဲ အဲဒါက ဘာလဲ” ဟုဝိုင်းမေးကြသည်။
“လင်းပင် ကွန်ဖက်ဒရေစီဆိုတာ လင်းပင်မင်းသားကို အမှူးပြုသော ပြည်ထောင်စုသမဂ္ဂကြီးလို့ အဓိပ္ပါယ်ရပါတယ်”
ကျန်သုံးဦးမှာ ပိုနားရှုပ်သွားဟန်ဖြင့် တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြသည်။
“ကျွန်တော် ရှင်းပြပါ့မယ် ယခုလက်ရှိ မြန်မာနိုင်ငံတော်ကြီးဟာလက်နက်နိုင်ငံတော်ကြီး ဖြစ်ပါတယ် အဲဒီနိုင်ငံတော်ကြီးအစားတိုင်းရင်းသားထီးဆောင်းမင်းအပေါင်းတွေ တညီတညွတ်တည်းစုဝေးပြီးတစ်ဦးရဲ့ဂုဏ်သိက္ခာ တစ်ဦးအလေးပြု၊ တစ်ဦးရဲ့လွတ်လပ်မှုကို တစ်ဦးမနှောင့်ယှက်၊ တစ်ဦးနဲ့တစ်ဦး တန်းတူချစ် ကြည်စွာ သဘောထားပြီး အားလုံးအကျိုးအတွက် စာချုပ်ဥပဒေအရ တရားသဖြင့် ဖွဲ့စည်းထားတဲ့နိုင်ငံတော်ကြီးမျိုးက ပိုကောင်းပါတယ် အဲဒါကို ပြည်ထောင်စုသမဂ္ဂကြီးလို့ ခေါ်ပါတယ်. အခု ကျွန်တော်တို့ အရေး တော်အောင်ရင် မြန်မာမင်းသား လင်းပင်ကိုယ်တော်က အဲဒီသမဂ္ဂကြီးရဲ့ အကြီးအကဲဥက္ကဌအဖြစ် ဆောင်ရွက်လိမ့်မယ် သဘောပေါက်ကြပါစ”
ဦးမင်းရောင်က အရင်ဆုံးခေါင်းညိတ်ကာ “ကျွန်တော်တော့ ကြိုက်တယ် ဒီလိုသမဂ္ဂကြီး ပေါ်စေရမယ် ဘယ့်နှယ်လဲ” ဟုဆိုသည်။ အားလုံး သဘောတူကြောင်း ခေါင်းညိတ်ကြသည်။
မိုးနဲစော်ဘွားက ဝမ်းမြောက်ဝမ်းသာပြုံးလိုက်၍ စကားဆက်ပြောသည်။
“အခု တိုင်းရေးပြည်ရေးတွေ ရှုပ်ထွေးလာလို့ သတင်းစုံစမ်းရအောင်ကျွန်တော်ကိုယ်တိုင် ရုပ်ဖျက်ပြီး နေပြည်တော်ဆီ ဆင်းခဲ့တာပဲကံအားလျော်စွာ ကံတူအကျိုးပေးဖြစ်တဲ့ သိန္နီစော်ဘွားရဲ့လူတွေနဲ့တွေ့ဆုံခဲ့ရ တယ် သူတို့န ဲ့တွေ့တော့ ဟောဒီသွေးသောက်ကြီး
တို့ရဲ့ ခေါင်းဆောင်ကို အသက်ကယ်ခဲ့တဲ့ မင်းသမီးတစ်ပါးဆီကတစ်ဆင့် ညောင်ရမ်းကိုယ်တော်ရဲ့ ရည်ရွယ်ချက်တွေကို သိခဲ့ရပြန်တယ် ဒီမှာ သွေးသောက်ကြီး ခင်ဗျားတို့ရဲ့ ညောင်ရမ်းအရေးတော်ကို ကျွန်တော်တို့ရှမ်းတွေအားလုံးက ထောက်ခံတယ် ဘယ့်နှယ်လဲ”
ထိုအခိုက်တွင်မမျှော်လင့်သော အသံတစ်သံက ပေါ်လာသည်။
“ညောင်ရမ်းကိုယ်တော်ကို ထောက်ခံသူတွေဟာ ဘယ်သူတွေလဲ”
အသံမှာ ဒဏ်ရာနှင့်သတိလစ်နေသူဆီမှ လာသည်။
အားလုံးမှာ အသံလာရာသို့ လှည့်ကြည့်လိုက်မိကြသည်။ ဒဏ်ရာရှင်မှာသတိကောင်းစွာရနေဟန်နှင့် ကြည်လင်သောမျက်လုံးများဖြင့် မိမိတို့အား စိုက်ကြည့်နေသည်။
သွေးသောက်ကြီးက ဝမ်းသာအားရသူ့ထံပြေးသွားလျက်ပွေ့ထူသည်။
“အစ်ကို အစ်ကို သတိရပြီလား ကျွန်တော်လေ မြတ်ကျော်လေ . . .”
“မြတ်ကျော် ငါ့ညီမြတ်ကျော်လား”
“ဟုတ်ပါတယ်အစ်ကိုအစ်ကို့ညီမြတ်ကျော်ပါ”
လူနာ၏ လက်မှာ ဆန့်ထွက်လာကာ သွေးသောက်ကြီးအား ပြန်လည်ပွေ့ဖက်ထားသည်။ ညီအစ်ကိုနှစ်ဦးမှာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်လျက်ယောက်ျားကြီးတန်မဲ့ ဝမ်းနည်းဝမ်းသာ ဝေဒနာနှစ်ရပ်နှင့် မျက်ရည်များကျလာကြ သည်။ ဘေးမှကြည့်နေသူများပင် ရင်ထဲ၌ ထိခိုက်လာကြသည်။
“အခုငါ ဘယ်ရောက်နေလဲ မြတ်ကျော်”
“မိတ်ဆွေတွေ အလယ်မှာပါ အစ်ကို အစ်ကို သတိလစ်နေတာတွေ့လို့အသက်ကယ်ထားတဲ့မိတ်ဆွေတွေ အလယ်မှာပါ”
“ဒါဖြင့်ငါ့ကိုထူပါ မြတ်ကျော် ငါ စကားပြောချင်တယ်”
သွေးသောက်ကြီးက လူနာအားထူ၍ သစ်ပင်၌ မှေးလျက်ထိုင်စေသည်။ ထို့နောက်မိတ်ဆွေသုံးဦးနှင့် မိတ်ဖွဲ့ပေးသည်။
“ကျေးဇူးတင်လှပါတယ်ခင်ဗျာ ကျွန်တော့်မှာ အမေမွေးတဲ့အသက်မရှိတော့ပါဘူး မိတ်ဆွေများပေးတဲ့ အသက်ပဲ ရှိပါတော့တယ်ကျွန်တော့်နာမည် ဗိုလ်ထွန်းစံ ခေါ်ပါတယ် ဟောဒီကညီ မြတ်ကျော်နဲ့ကွဲသွားတာ ခုနစ်နှစ်ရှိပြီဆိုပါတော့”
“ဒါထက်ဗိုလ်မင်းက ဘယ်ကလာပါသလဲ”
ဦးမင်းရောင်က ဝင်မေးသည်။
“ဘင်္ဂလားမြို့လို့ခေါ်တဲ့ ကာလကတ္တားမြို့ကပါ”
“အို ဘင်္ဂလားမြို့ကတောင်”
ကျန်လူများမှာ အံ့သြသွားကြသည်။
“ဒါထက် ကိုယ်တော်လေးကောဟင် ကိုယ်တော်လေးဆီကဘာများ အမှာတော်ပါလဲ”
သွေးသောက်ကြီးက စိတ်အားထက်သန်စွာနှင့်မေးသည်။
လူနာ၏ ဖြူရော်သောမျက်နှာမှာ ညှိုးကျသွားသည်။ ရုတ်တရက်အဖြေမရ။
“ဆိုပါဦး အစ်ကို ကိုယ်တော်လေးကော ကျွန်တော်တို့နဲ့တကွတိုင်းပြည်တစ်ခုလုံးက ညောင်ရမ်းအရှင်ကို မျှော်နေကြတယ်”
ဗိုလ်ထွန်းစံ၏မျက်နှာမှာ နှစ်ပေါင်းများစ ွာ အိုမင်းကျသွားသည်ထင်ရသည်။ ဦးခေါင်းမှာ ညွတ်ကျသွားပြီး နှုတ်မှ လေသံထွက်၍စကားလုံးခြောက်လုံးသာ ထွက်လာသည်။
“ကိုယ်တော်လေး မရှိပြီ”
“ဘာ အစ်ကို ကိုယ်တော်လေးမရှိတော့ဘူး ဟုတ်လား ဘာဖြစ်သွားတာလဲ”
ဗိုလ်ထွန်းစံက အားတင်းလိုက်ဟန် အံကြိတ်လျက်ဖြေသည်။
“ညောင်ရမ်းအရှင်ဟာ မနှစ် ၁၈၈၄ ခုနှစ်က ဘင်္ဂလားမြို့မှာ နတ်ရွာစံကံကုန်တော် မူသွားပြီငါ့ညီ”
သွေးသောက်ကြီး၏ ပါးစပ်မှာ ပွင့်ဟသွားသည်။ မျက်လုံးများမှာလည်းကြောင်ကြောင်ပြူးလျက် နှုတ်မှ ဘာစကားမျှ ထွက်မလာ။ ကြားလိုက်ရသည့်စကားကို ယုံဟန်မတူ။ ခဏကြာလျှင် မျက်နှာကို လက်ဝါးနှင့်အုပ်လျက်ချုံးပွဲ ချငိုသည်။
ကျန်လူများမှာ စကားမဆိုနိုင်။ နားထဲတွင်သာ ကြားလိုက်ရသည့်အသံသည် ပဲ့တင်ထပ်နေသည်။
“ညောင်ရမ်းအရှင် နတ်ရွာစံကံကုန်တော်မူသွားပြီ”
ဗိုလ်ထွန်းစံ၏လက်တစ်ဖက်က နှစ်သိမ့်သည့်ဟန် ညီဖြစ်သူ၏ ပခုံးထက်ရောက်သွားသည်။
“တရားနဲ့ဖြေပါ ငါ့ညီ တို့အရှင် ကံတော်ကုန်ပေမယ့် ငါ့ညီတို့နဲ့မြန်မာပြည်သူပြည်သားတွေအတွက် အရေးကြီးတဲ့သတင်းတစ်ရပ်ကိုအစ်ကို ယူလာတယ် ဒီသတင်းကြောင့်ပဲ အစ်ကိုဟာ ခရီးတစ်လျှောက်အသက်ကို လုပ်ကြံခြင်း ခံခဲ့ရတယ်”
သွေးသောက်ကြီးက မျက်ရည်ကိုသုတ်၍ အံကြိတ်ကာသူ့အစ်ကိုပြောမည့်စကားကို နားထောင်သည်။ ကျန်ပုဂ္ဂိုလ်များကလည်းအာရုံစူးစိုက်သည့်ဟန် ငြိမ်သက်နေကြသည်။
“ကျွန်တော်ဟာ ကိုယ့်အရှင်အလောင်း မြေကျတဲ့အထိတောင် မနေနိုင်ဘဲရုပ်ဖျက်ပြီး မီရာသင်္ဘောနဲ့ မြန်မာပြည်ကိုပြန်ခဲ့ရတယ် ဒါတောင်ဘေးရန်မလွတ်လို့ စစ်တကောင်းမှာ တစ်ချီဆင်းပြီး ပုန်းရှောင်နေခဲ့ရသေးတယ် အဲဒီကမှ စစ်တွေ၊ စစ်တွေကနေ ကျောက်ဖြူ၊ကျောက်ဖြူကနေ ပုသိမ်ကို ခြေကျင်တစ်မျိုး၊ လှေနဲ့တစ်မျိုး၊ လျှို့ဝှက်ခရီးနှင်ခဲ့ရတယ် တစ်နှစ်လောက်ကြာမှ ရန်ကုန်ကိုရောက်တယ် ရန်ကုန်ရောက်တော့ ထင်တဲ့အတိုင်းပါပဲ အင်္ဂလိပ်အစိုးရဟာ ညောင်ရမ်းကိုယ်တော် နတ်ရွာစံတဲ့အကြောင်း အုပ်ထားတယ် အုပ်ထားရုံတင်မက အခုဆို စစ်ပြင်နေပြီး မန္တလေးကို တက်သိမ်းဖို့ကြံနေတယ် တိုင်းသူပြည်သားတွေအပေါ် မှာတော့ သီပေါဘုရင်ကိုနန်းချပြီး ညောင်ရမ်းအရှင်ကို နန်းတင်မယ်လို့ သတင်းလွှင့်ထားတယ် အခုဆို ညောင်ရမ်းအရှင်နဲ့ ရုပ်ချင်းတူတဲ့ မောင်ဘသန်းဆိုတာကိုမြစ်စဉ်တစ်လျှောက် သင်္ဘောဦးပေါ် တင်ခေါ်လာတာ ပြည်ကိုရောက်နေပြီကြားတယ်”
သွေးသောက်ကြီးက တက်တစ်ချက်ခေါက်လိုက်၍ “ရိုင်းလိုက်တဲ့အကြံနှယ်ကွယ်” ဟုဆိုသည်။
“ကျွန်တော်လဲ ဒီအတိုင်းဆိုရင် အင်္ဂလိပ် ကလိန်ဉာဏ်ကြောင့်မြန်မာပြည်ရေတိမ်နစ်တော့မယ်ဆိုပြီး ပြည်ကနေတစ်ဆင့် မြင်းခြံကိုသင်္ဘောနဲ့ တက်လာခ ဲ့တယ် ဒါကိုအင်္ဂလိပ်စုံထောက်တွေ ဘယ်လိုခြေရာခံမိသွား တယ်မသိဘူး မြင်းခြံကမြန်မာတပ်တွေကို လက်သိပ်ထိုးသတင်းပို့လိုက်တယ်နဲ့ တူတယ် မြင်းခြံ ဆိပ်ကမ်းလဲရောက်ရော ဆီးဖမ်းမယ် လုပ်ကြတယ် ယ ကံအားလျော်စွာ ကျွန်တော်က ကြိုတင်ရိပ်မိလို့ သီသီလေး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ် ဒါပေမယ့်ဆက်သားတွေ လွှတ်ပြီး အကြောင်းကြားထားတယ်နဲ့ တူပါရဲ့ ရောက်လေရာအရပ်မှာ ရန်သူတွေနဲ့ပဲ တိုးခဲ့ရတယ် ဒီနေ့မနက်ကတောင် ရန်သူငါးဦးတွေ့လို့ တိုက်ခိုက်ခဲ့ရတာ ရင်မှာ ဒဏ်ရာရပြီး လွတ်လာခဲ့တယ် နောက်သတိလစ်သွားပြီး ဘယ်လိုဘယ်ပုံ ဒီနေရာရောက်ခဲ့တာလဲ ဆိုတာကိုမသိတော့ဘူး”
အားလုံးမှာ ငြိမ်နေကြသည်။ ကြားရသောသတင်းမှာ စိတ်မချမ်းသာစရာကောင်း၍ ကြောက်မက်ဖွယ်လည်းရှိလှသည်။
“ညောင်ရမ်းအရှင်ဟာ ဘာရောဂါန ဲ့ကံတော်ကုန်တာလဲ”
မိုးနဲစော်ဘွားက မေးသည်။
“ဒွေးရော ဥပါဒ်ရော ဆိုပါတော့ အလုပ်အကိုင် ပင်ပန်းတာရော၊နိုင်ငံကျွန်သပေါက်ဖြစ်မယ့် အရေးကြောင့် စိတ်မချမ်းသာတာရော၊အင်္ဂလိပ်ရဲ့ လှည့်ပတ်ဖြားယောင်းမှုကို မခံချင်ဖြစ်တာရော စုပေါင်းနှိပ်စက်လိုက်တာ အသက်တိုတဲ့ဘဝ ရောက်သွားတာပါပဲ”
ဦးမင်းရောင်က အံကိုကြိတ်၍ နံဘေးရှိဓားအား ကောက်ကိုင်လိုက်ကာမြေပြင်၌ ထိုးစိုက်လိုက်၍ ဆိုသည်။
“မခံချင်လိုက်လေကွယ် ဒါပေမယ့် ဗိုလ်မင်း အချိန်မနှောင်းသေးပါဘူး အခု ဗိုလ်မင်း ယူလာတဲ့သတင်းက အရေးကြီးတယ် ဒီပေါ်မှာမှီပြီး ဘာလုပ်ကြမလဲဆိုတာ စဉ်းစားရမယ်”
“ဘာလုပ်ကြမလဲဆိုတာ စဉ်းစားဖို့က ဒီမှာ ဘယ်လိုအခြေအနေတွေရှိနေလဲ ဒါကိုသိမှ ဖြစ်မယ်”
ဤနေရာတွင် သွေးသောက်ကြီးက ဝင်ရှင်းပြသည်။
“ဖြစ်နေပုံတွေကတော့ အင်္ဂလိပ်ဆင်ထားတဲ့ ထောင်ချောက်ထဲ ဝင်မယ့်ကိန်း ဗမာတော်တော်များများဟာ ညောင်ရမ်းမင်းကို အင်္ဂလိပ်ကနန်းတင်လိမ့်မယ်ထင်နေတယ် ရွှေနန်းတော်နဲ့ လွှတ်တော်ထဲကဝန်ကြီးမင်းကြီး တွေပါ ဒီအယူအဆ ရှိနေတယ် ဒီတော့စစ်ဖြစ်လာရင် ညီညွတ်မှုရဖို့ခဲယဉ်းလိမ့်မယ်”
ဦးဥတ္တမက ငြိမ်နားထောင်နေရာမှ “စစ်ဖြစ်ဖို့ အလားအလာကောဘယ့်နှယ်ရှိသလဲ” ဟုမေးလိုက်သည်။
“စစ်ကတော့ အနှေးနဲ့အမြန် ဖြစ်တော့မှာပဲ အခု နယ်စပ်မှာအင်္ဂလိပ်တပ်တွေ စုရုံးနေတာ တွေ့တယ် တစ်ခုတော့ ရှိတယ် ဒီ သစ်မှုကိစ္စနဲ့ပတ်သတ်ပြီး မြန်မာမင်းက အမြော်အမြင်ကြီးကြီးနဲ့ အဆင်ပြေအောင် ဆောင်ရွက်နိုင်ရင်တော့ မပြောတတ်ဘူး အင်္ဂလိပ်နိုင်ငံအစိုးရရော၊ ရန်ကုန်မှာရှိတဲ့ မဟာမင်းကြီး ကရောတတ်နိုင်ရင် စစ်မတိုက်ချင်ကြသေးဘူး ဒါပေမယ့် အင်္ဂလန်မှာရှိတဲ့ကုန်သည်ကြီးတွေ၊ ပြီးတော့ ရန်ကုန်အင်္ဂလိပ်ကုန်သည်ကြီးများအသင်း အ ဲဒါတွေက အထက်မြန်မာနိုင်ငံတော်ကို သိမ်းယူဖို့ အတင်းအကျပ်တောင်းဆိုနေကြပြီ”
ဦးမင်းရောင်က တောက်တစ်ချက်ခေါက်လိုက်သည်။
“ဟုတ်လိုက်လေကွယ် ဒီနိုင်ငံခြာသားတွေဟာ သားရေပေါ်အိပ်သားရေကိုစား ကျေးဇူးမဲ့လှ ချည်ပါကလား”
“သင်းတို့ ကျေးဇူးမဲ့ပုံကတော့ စာဖွဲ့လို့ ကုန်မှာ မဟုတ်ပါဘူး ဗန်းမော်မြို့ကိုတောင် တရုတ်ငစက်ကျင်က ဝင်စီး လုပ်ကြံ မင်းမူခဲ့သေးတယ် မဟုတ်လား ဒါတွေထားတော့ ရန်သူတွေကတော့ ဝိုင်းနေတယ် ဦးပဉ္စင်းတို့ အမျိုးသားတွေက ဘာလုပ်မလဲ”
“တပည့်တော် သဘောပြောရရင် အခုအချိန်ကျမှတော့ မထူးပြီ တစ်မျိုးသားလုံး ပြန်လည်စုရုံးပြီး ပြည်ပရန်ကိုကာကွယ်ကြဖို့ပဲ အရေးအကြီးဆုံးကတော့ အခု တပည့်တော်ယူလာတဲ့သတင်းကို ကင်းဝန်မင်းကြီးလို ပုဂ္ဂိုလ်တွေနဲ့ တိုင်းသူပြည်သားတွေ မြန်မြန်သိဖို့အရေးကြီးတယ် ဒါမှအငိုက်မမိမယ်”
ဦးမင်းရောင်က မြေမှဓားအား ဆွဲနှုတ်လိုက်ပြီး နေရာမှထသည်။
“ကိုင်း တိုင်းသူပြည်သားတွေ ဒီသတင်းသိဖို့ကျုပ်တာဝန်ထား အစကတော့ အေးအေးမှပြန် မလို့ပဲ အခုတော့ ကျုပ်နယ်ကျုပ်အမြန်ဆုံးပြန်ပြီး အရေးပေါ်လာရင် အဆင်သင့်ရှိအောင် လူသူလက် နက်စုဆောင်းထားမယ်”
ဦးဥတ္တမကလည်း ဓားကိုဆွဲ၍ ထလိုက်ပြန်သည်။
“မှန်တယ် ဦးပဉ္စင်းလဲ အမြန်ဆုံးပြန်မှ ဖြစ်မယ် အရေးပေါ်လို့အင်္ဂလိပ်တပ်တွေ ရွှေမြို့တော်ကိုချီရင် နောက်ပိုင်းကဝင်တိုက်ဖို့ဦးပဉ္စင်းတို့တာဝန်ထား”
မိုးနဲစော်ဘွားကလည်း အလားတူထသည်။
“ဦးပဉ္စင်း၊ သွေးသောက်နဲ့နောင်တော်တို့ အခုအချိန်ထိကျွန်တော်ဟာ သီပေါဘုရင်ရဲ့ ရန်သူဖြစ်ခဲ့တယ် အမှန်ဝန်ခံရလျှင် အင်္ဂလိပ်စစ်ရောက်လို့ သီပေါဘုရင် မီးဝိုင်းတုန်း ကျွန်တော် ရတနာပုံနေပြည်တော်အထိ ချီတက်အောင်ပွဲခံရန် စီအစဉ်ရှိတယ် ဒီအကြံကို ဒီနေ့ ကျွန်တော် ပြောင်းလိုက်ပြီ တစ်မျိုးသားလုံးကျွန်ဖြစ်မယ့်အရေးကို ကျွန်တော်တို့မလိုလား ကျွန်တော့်နယ်ဆီ ကျွန်တော်လဲ အမြန်ပြန်ရလိမ့်မယ် ဒီနေ့ကစ၍ လင်းပင်သမဂ္ဂ၏အားအစုစုသည် ကုလားဖြူရန်ကိုတိုက်ဖို့သာ ဖြစ်လိမ့်မည်”
အားလုံးမှာ မြင့်မြတ်လှသော မိုးနဲစော်ဘွား၏စကားကြောင့် ကြက်သီးမွေးညင်းသမျှ အားရ ဝမ်းမြောက်သွားကြသည်။ဦးဥတ္တမက သာဓုခေါ်ခိုက် ကျန်လူများက မိုးနဲစော်ဘွားကို ချစ်ကြည်ရင်းနှီးစွာ ဝိုင်းဝန်းပွေ့ဖက်လိုက်သည်။
သွေးသောက်ကြီးက ဝမ်းသာဇောဖြင့်တုန်ယင်စွာ ဝင်ပြောသည်။
“ကျန်သောတာဝန်မှာ ကျွန်တော့်အတွက် ထားပါလေ ရာဇဝတ်သင့်နေသူဖြစ်သဖြင့် နေပြည်တော် တွင်းသို့ ကျွန်တော်ပြန်ဝင်ရန်မှာမလွယ်ပါ ရှိစေ မည်သည့်ရန်ပင် ဆီးတားလင့်ကစား ကျွန်တော့်တာဝန်ကို ကျေပွန်ပါစေမည် သမ္မာဒေဝ နတ်မြတ်တို့အား တိုင်တည်၍ သစ္စာဆိုပါသည် သူ့ကျွန်မခံပြီ”
သွေးသောက်ကြီးက ဓားကိုဝင့်မြှောက်ကာ ကြုံးဝါးလိုက်သဖြင့် ကျန်လူသုံးဦးတို့မှာလည်း မိမိတို့၏ဓားများကို ကိုယ်စီဝင့်မြှောက်ကာသွေးသောက်ကြီး၏ဓားနှင့် ပူးပေါင်းလိုက်ကြသည်။ နှုတ်မှလည်း ပြိုင်တူကြွေးကြော်သံပေါ်လာ၏။
“သူ့ကျွန်မခံပြီ” ထိုအခိုက်တွင်ပင် အဝေးမှ မြင်းခွာသံသဲ့သဲ့ကြားလိုက်ရသဖြင့် အားလုံးမှာ ငြိမ်လျက်နားစွင့်မိကြသည်။
ပထမဆုံးလှုပ်ရှားလာသူမှာ မိုးနဲစော်ဘွားဖြစ်သည်။
“အားလုံး ဟောဒီလူနာကို မြင်းပေါ်တင်ပြီး အဆင်သင့်လုပ်ထားကြပါ ကျွန်တော်ဒီသစ်ပင်ပေါ်က အခြေအနေ တက်ကြည့်ပါ့မယ်”
စောခွန်ကြည်သည် အရွယ်နှင့်မလိုက်အောင် ပေါ့ပါးစွာနှင့် သရက်ပင်ကြီးပေါ် တက်သွားခိုက် ကျန်ပုဂ္ဂိုလ်များက သူပြောသည့်အတိုင်းလျင်မြန်စွာ ဆောင်ရွက်ကြသည်။သစ်ပင်အရွက်များကြားမှ စောခွန်ကြည်သည် မျှော်ကြည့်လိုက်သည်။ခရီးတစ်တိုင်၏ တစ်မတ်ခန့်တွင် ဖုန်တထောင်းထောင်းနှင့် မိမိတို့လာခဲ့သည့်လမ်းအတိုင်း ကဆုန်စိုင်းနှင်လာသော မြင်းတပ်တစ်တပ်ကိုတွေ့ရသည်။ စောခွန်ကြည်သည် ပတ်ဝန်းကျင် မြေအနေအထားပါလေ့လာကြည့်ရှုပြီး ဆင်းခဲ့သည်။
“မြင်းတပ်နဲ့ကို လိုက်လာတာပဲဗျို့ အဲဒီတော့ ဒီလိုလုပ်ကြမှပဲ ကျွန်တော်သစ်ပင်ပေါ်က သေသေချာချာကြည့်ခဲ့တယ် ဟောဒီစမ်းချောင်းအတိုင်း အရှေ့ဘက်ကို လိုက်သွားရင်တစ်တိုင်လောက်မှာဒုဌဝတီမြစ်ဆီစီးမှာပဲ ချောင်းတစ်ဖက်တစ်ချက်မှာ တောလဲထူတယ် ဒီတော့ ဒီချောင်းအတိုင်း ဒုဌဝတီမြစ်ကို ပြန်သွားကြမယ် ဒီကမှတစ်ဆင့် ကြွက်နဖားတောင်ခြေမှာ ကျွန်တော်တို့ရဲ့လျှို့ဝှက်စခန်းတစ်ခု ရှိတယ် အဲဒီရောက်ရင်တော့ မပူနဲ့ အားလုံးရုပ်တစ်မျိုးဖျက်ပြီး ကိုယ်လိုရာသွားနိုင်တယ် ဘယ့်နှယ်လဲ”
ကျန်သောနည်းလမ်း မမြင်သဖြင့် အားလုံးက စောခွန်ကြည်၏အကြံကိုသဘောတူကြသည်။ မကြာမီပင်မိတ်ဆွေတစ်သိုက်မှာ မြင်းကိုယ်စီနှင့်ဒဏ်ရာရသူအား ဖေးတွဲရင်း စမ်းချောင်းလေးအတိုင်း အရှေ့ဘက်သို့ထွက်ခဲ့ကြလေသတည်း။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၁၀ ဆက်ပါဦးမည်
Comments