တန်ဆောင်မုန်းလပြည့်ကျော် ခုနှစ်ရက်နေ့တွင် အင်္ဂလိပ်တပ်သင်္ဘော သုံးဆယ့်ငါးစင်းအနက် နှစ်ဆယ့်ရှစ်စင်းသည် အမြောက်တင်တွဲသမ္ဗာန်ကြီးများနှင့် ဆန်တက်လာ၍ မန္တလေး ရတနာပုံရွှေမြို့တော်အနောက်မျက်နှာ ဂေါဝိန်တံတားဆိပ်ကမ်း၌ ဆိုက်ကပ်မိသည်။ထို့နောက် အင်္ဂလိပ်ဗိုလ်ချုပ်ကြီးက ကင်းဝန်မင်းကြီးထံ စာစေသည်။
စာ၏အဓိပ္ပါယ်မှာ “ကင်းဝန်မင်းကြီး ဂေါဝိန်သင်္ဘောဆိပ်သို့နံနက် ဆယ့်တစ်နာရီအချိန်လာပါ။ ဤအချိန် မြန်မာဘုရင်မင်းမြတ်ပါလျှင် သာ၍ကောင်းပါသည်။ မလာရောက်ခဲ့လျှင် အလိုရှိရာ ပြုရပါလိမ့်မည်။” ဟုပါရှိသည်။
ယင်းသည့်အခါ ကင်းဝန်မင်းကြီးသည် ကွမ်းရေကိုင် နောက်ပါလူအနည်းငယ်နှင့် ဆင်စီး၍ ဂေါဝိန်ဆိပ်ရှိရာသို့ အပြေးအလွှား ထွက်ခဲ့သည်။ သို့ရာတွင် မြစ်ဆိပ်မရောက် အင်္ဂလိပ်စစ်သည်တို့ ဂေါဝိန်ဆိပ်ကမ်းမှ ကုန်းကြောင်းချီတက်၍ လာနေသည်ကို မြတောင်
ကျောင်းတိုက်အနောက်ဘက်လမ်းခရီူးတွင်တွေ့ရှိသည်နှင့် မရပ်မနားပဲ ပြန်လာခဲ့ရသည်။
အင်္ဂလိပ်စစ်သည်တို့ နေ့နာရီပြန်တစ်ချက်တွင် လွှတ်တော်သို့ ဆိုက်ရောက်လာကြသည်။ ထို့နောက် နန်းတော်သစ်တပ်တွင်းရှိ လက်နက်တိုက်မှ အမြောက်စိန်ပြောင်း၊ သေနတ်၊ ဓား၊ လှံ၊ ခဲယမ်းကျည်ဆန်စသည်များအား သိမ်းယူ၍ ဗဟိုရ်စင်အနီးသို့ စုပုံစီတန်းထားကြသည်။
နန်းတော်သစ်တပ်ပတ်လည်နှင့် မြို့တံခါး ဆယ့်နှစ်ရပ်တို့မှာ ရန်သူတပ်နှင့်ချည်း ရှိနေလေပြီ။
လွှတ်တော်တောင်ဘက် အုတ်တိုက်တွင် မှူးတော်မတ်တော်တို့ကာနယ်စလေဒင်အား စောင့်ကြရသည်။ ၎င်းနောက် ကာနယ်စလေဒင်၏ ဆန္ဒအတိုင်း ကင်းဝန်မင်းကြီး၊ တောင်ခွင်မင်းကြီး၊ရွှေတိုက်အတွင်းဝန်၊ ညောင် ရွှေစော်ဘွားကြီး၊ ကာနယ်စလေဒင်နှင့်အခြားစစ်ဗိုလ်ကြီးတစ်ဦး၊ စကားပြန် စာရေးကြီး နီကိုလပ်စ်တို့ ဘုရင့်ရှေ့တော်သို့ ဝင်ကြသည်။ သီပေါဘုရင်သည် မြေနန်းပြဿာဒ်တော်ရှိသီဟာသန ရာဇပလ္လင်ထက် နောက်ဆုံးစံခြင်းကိုပြုလျက် ကာနယ်စလေဒင်အား တွေ့ဆုံသည်။
မင်းတရား၏ မျက်နှာမှာ ခါတိုင်းကဲ့သို့ပြင် ဖြူရော်ခြင်းရှိ၍ မကြည်လင်လှ။ အဂ်လိပ်တမန်အား ပလ္လင်ပျံထက်မှ ရှုကြည့်မိစဉ် မိမိမြတ်နိုးလှစွာသော ဤမင်းစည်းစိမ်မှာ ဆုံးခန်းသို့ရောက်ပြီကိုမူကား ကောင်းစွာသိနေသည်။ မည်သို့ဆုံးခန်းရောက်မည်ကိုသာ မဆိုတတ်။မင်းတရားကြီး၏လက်ဝဲဘက်ရှိ မိဖုရားခေါင်ကြီး၏ မျက်နှာထက်၌လည်းခါတိုင်းကဲ့သို့ မောက်မာသော မာနရှိန်အား မတွေ့ရ။ သို့ရာတွင်အလောင်းဘုရား၏ သွေးသည် စုဖရားလတ်၏ မျက်နှာမှ စွန့်ခွာမပြေးသေး။ ဤပလ္လင်ထက်ဝယ် ချစ်လှစွာသော မောင်တော်နှင့်
နောက်ဆုံးသာ စံနေရမှန်း သိနေလင့်ကစား မိဖုရား၏မျက်နှာမှာတုန်လှုပ်မှုမရှိ။
ထုံးတန်းစဉ်လာ တင်လျှောက် ပန်ကြားချက်များပြီးသော် မင်းတရားသည် တိုးညင်းသော်လည်း တည်ငြိမ်သောလေသံနှင့် မိန့်တော်မူ၏။
“ကာနယ်စလေဒင်ကို မေးပါလေ ခမည်းတော် မင်းတရားကြီးလက်ထက်တော်ကစ၍ မဟာမိတ်ဖြစ်ကြသည့်အတိုင်း နှစ်တိုင်းနှစ်ပြည်ရန်စစ်ပြေငြိမ်းရန် မဟာမိတ်လက္ခဏာ မပျက်မယွင်း သင့်တင့်ညီညွတ်ကြရန် အလိုတော်မြတ်ရှိသည်နှင့် အင်္ဂလိပ်မင်းက အခွင့်တောင်းဆိုသည့်အတိုင်း အလုံးစုံကို အခွင့်အရေးပေးတော်မူသည်ဖြစ်၍ရဲမက်လက်နက်ကိုင် အမှုထမ်းတို့ကို တစ်စုံတစ်ရာ ခုခံပစ်ခတ်ခွင့်မရှိစေဘဲ စစ်ကိုရုပ်သိမ်းလိုက်သည်အရ အဝစစ်ကိုင်းကရပ်နေ၍ မှူးကြီး မတ်ကြီးများနှင့် စကားပြောဆိုပြီးလျှင် စာချုပ်ရန်အကြောင်းမျှ ရှိတော့သည်ဖြစ်လျက် ယခု ရွှေမြို့တော်ရောက်ဆန်၍ ရွှေနန်းတော်တိုင်အောင်ချီတက်လာသည်မှာ မည်သည့်အကြောင်း ရှိသေးသနည်း”
မင်းတရား၏အမေးကို စကားပြန်မှတစ်ဆင့် ကာနယ်စလေဒင်ကြားလျှင်ချက်ချင်းပင် ပြန်ကြားသည်။ ကာနယ်စလေဒင်၏အသံမှာ သိမ်မွေ့၍စကားမှာ ယဉ်ကျေးပါ၏။ သို့ရာတွင်အဓိပ္ပါယ်မှာမူ စစ်နိုင်သူ၏ မြဲမြံခိုင်မာသော အမိန့်ပေး ရာဇသံမျှသာတည်း။
“အမိန့်တော်မြတ်ရှိသည့်အတိုင်း မှန်ပါသည် သို့သော်လဲ မန္တလေးရတနာပုံ ရွှေမြို့တော်ရောက်ဆန်တက်၍ မြန်မာနိုင်ငံတော်ကို သိမ်းယူရမည် အရှင်နှစ်ပါးကိုလည်း အသက်တော်ကို စောင့်ရှောက်၍ဆောင်ယူခဲ့ရမည်ဟု အိန္ဒိယဘုရင်ခံမင်း၏ အမိန့်ပါ၍ ဆန်တက်လာရပါကြောင်း”
အဖြေကိုသိလျှင် ဘုရင်၏မျက်နှာတော်မှာ သိသိသာသာ ညှိုးကျသွား၏။ အဆိုးဆုံးမှာ မိမိမျှော်လင့်ထား သည်ထက် လွန်လေပြီတကား။မိမိအနေနှင့် မိမိနန်းကျသော် အများပြည်သူတို့ ယုံကြည်ထားသည့်နည်းတူနောင်တော်ညောင်ရမ်းမင်း နန်းတက်လိမ့်မည်ဟု ထင်ခဲ့သည်။တရားဓမ္မနှင့် ပြည့်စုံတော်မူသော နောင်တော်တက်လျှင် ခမည်းတော်လက်ထက်၌ ဘထွေးတော် နန်းကျပုဂံမင်းနည်းတူ အခွင့်ပန်လျက်အိမ်နိမ့်၌ တရားဓမ္မက္ခန်နှင့် အေးချမ်းစွာ စံတော်မူမည် အောက်မေ့၏။
ယခုမူ နောင်တော်လည်း မရှိပြီ။ မိမိအားလည်း ကုလားနိုင်ငံသို့ ခေါ်နေပေပြီ။ နိုင်ငံအလုံး ကျွန်ဇာတ်ခင်းသည့်ကိန်း ဆိုက်ခဲ့လေပြီတကား။ မင်းတရား၏ မျက်လုံးများသည်ကင်းဝန်မင်းကြီးထံ ရောက်သွားသည်။
ထိုအခိုက်တွင်ပင် မင်းကြီးသည်လည်း လွန်ပြီးသောအမှုအားနောက်ဆုံးပြုပြင်ခြင်းအဖြစ် စတင်စကားဆိုသည်။ လိုရင်းအချုပ်မှာအရှင်နှစ်ပါးကို မယူပဲ ချမ်းသာရအောင် အင်္ဂလိပ်မင်း နောက်ဆုံးတောင်းဆိုသော အလုံးစုံအခွင့်အရေးများကို ပေးတော်မူပြီးလျှင် လက်နက်ကိုလည်းအပ်၍ စစ်ကိုရုပ်သိမ်းခြင်းဖြစ်ကြောင်း၊ မိမိတို့လိုရာရပြီ ဖြစ်သဖြင့် မင်းမိဖုရားနှစ်ပါးအား ထားခဲ့ကာ အင်္ဂလိပ်တို့အသာတကြည်မိတ်မပျက်ထွက်ခွာသွားသင့်ကြောင်း ဟူ၍ ဖြစ်သည်။
ကာနယ်စလေဒင်က လိမ္မာပါးနပ်စွာဖြင့် မင်းကြီး၏စကားကို ပြန်မချေပ။စစ်နိုင်သူအနေနှင့် ထင်ရာပြုသာသည့်အဖြစ်ဖြစ်၍ စကားစစ်မထိုး။
“အရှင်နှစ်ပါးကို ဆောင်ယူမည်၊ မဆောင်ယူမည့်အခွင့်မှာ ကျွန်တော်အရေးမပိုင်ပါ ဗိုလ်ချုပ်ကြီး ဂျင်နရယ်ပရင်ဒါဂတ်(စ်)သာလျှင် အရေးပိုင်သော အခွင့်ဖြစ်ပါကြောင်း မနက်ဖြန် နာရီပြန်နှစ်ချက် အချိန်၌ ဗိုလ်ချုပ်ကြီးသည်ရှေ့တော်သို့ ဝင်လိမ့်မည်ဖြစ်ရာ ဤအတောအတွင်း၌ ရွှေနန်းတော်ကြီးအား အင်္ဂလိပ်တပ်များ သိမ်းပိုက်အစောင့်အနေ ရှိပါလိမ့်မည် ဘုရင်မင်းမြတ်မှာ တောင်ဥယျာဉ်စံနန်းတော်၌သက်ဆင်းစံနေတော်မူပါရန် လျှောက်ထားပါသည်”
ကာနယ်စလေဒင်၏ စကားဆုံးသော် သီပေါဘုရင်သည် မိဖုရား၏မျက်နှာအား လှမ်းကြည့်လိုက်သည်။ ထိပ်စုဖုရားလတ်သည်တံတွေးကိုမျိုချလိုက်၍ မောင်တော်၏ အကြည့်အား အားပေးသောအပြုံးရောင်နှင့်တုံ့ပြန်ကြို ဆိုလျက်ဦးခေါင်းကို မသိမသာညိတ်ပြသည်။
“ကောင်းပြီလေ သင်တို့အလိုအတိုင်းရှိစေတော့”
ဤမျှသာမိန့်၍ ဘုရင်သည် ကမ်းပေးလေသော မိဖုရား၏လက်ကိုအားပြုကာ ညီလာခံမှ ထွက်၍ စံမြဲတောင်နန်းတော်သို့ ဖြည်းညင်းစွာကြွတော်မူလျှင် ကာနယ်စလေဒင်နှင့် မှူးတော်မတ်တော်အပေါင်းတို့ပါထွက်လာကြသည်။
ထိုအချိန်၌ ဆင်ဖြူမရှင်မိဖုရားကြီး၏ အဆောင်တော်တွင် ထောင်တွင်းမှလွတ်စ ခင်ဘုန်းတစ်ယောက်မှာ မျက်စိသူငယ်နှင့် ကျီးလန့်စာစားဖြစ်နေခဲ့ရသည်။
ထိတ်လန့်တကြားဖြစ်နေသော နန်းတွင်းသူနန်းတွင်းသားတို့၏ ပါးစပ်မှအမျိုးစုံသောသတင်းတို့သည် ထွက်ပေါ်နေ၏။မကြာမီပင် နန်းတွင်းအမှုထမ်းတို့ကို နန်းတွင်းမှ ထွက်ခွင့်သာရှိ၍ဝင်ခွင့်မရှိကြောင်း အမိန့်ထွက်ပေါ်လာ သည်။ တစ်ချိန်တည်းတွင် အရှင်နှစ်ပါးအား အင်္ဂလိပ်တို့ သုံ့ပန်းအဖြစ် ဖမ်းထားသည့်သတင်းများတိုးတိုးတိတ်တိတ်ကျိတ်ထွက်လာသည်။
ထိုအခိုက်တွင်ပင် မယ်တော်မိဖုရားကြီးသည်သမီးတော်၏ အဆောင်မှ ပြန်ကြွလာသည်။အထုတ်ပြင်သူပြင်၊ ပစ္စည်းသိမ်းသူသိမ်းနှင့်ဖြစ်နေသော အပျိုတော်၊အထိန်းတော်တို့မှာ မိဖုရားကြီးနား ဝိုင်းအုံလာသည်။
“မယ်မင်းတို့ တို့တစ်တွေ ကျွန်ဖြစ်ပြီ”
ရှေး၌ ခက်ထန်သမျှ တည်ငြိမ်လှသော ဆင်ဖြူမရှင်မိဖုရားကြီးသည်မြွေစွယ်ကျိုးပမာ မျက်လွှာကိုအောက်ချရင်း မိန့်တော်မူသည်။
“မယ်မင်းတို့၏ အရှင်သခင်နှစ်ပါးသည် နက်ဖြန်၌ ကုလားခေါ်ရာသို့လိုက်ရတော့မည် ငါ့အား မခင်တွယ်ကြနှင့် သင်တို့လဲအချိန်ရှိခိုက် လွတ်ရာပြေးကြလေ ငါခွင့်လွှတ်၏”
အပျိုတော်ခြွေရံအပေါင်းတို့မှာ သောင်းသောင်းဖြဖြ ဦးချညွတ်တွားငိုကြွေးကြသည်။
ခင်ဘုန်းမှာမူ ဆင်ဖြူမရှင်မိဖုရားကြီးအား ဦးချကန်တော့၍ ရွှေနန်းတော်ကြီးမှ အလျင်တဆော ထွက်ခဲ့သည်။
အနောက်မျက်နှာ အလယ်ပါပ ဓာတ်တံခါးဖြစ်သည့် စည်ရှည်တံခါးမှထွက်မည်အပြုတွင်ရှေ့၌ လူတစ်သိုက်အား ခင်ဘုန်းမြင်မိသည်။
အဝတ်အစား အဆင်အပြင် ညှိုးနွမ်းပိန်လှီသော အသွင်အပြင်တို့ကိုထောက်၍ ဤလူသိုက်မှာ ယခုပင်ထောင်တွင်းမှလွတ်လာသူများအဖြစ်ခင်ဘုန်းမှတ်မိသည်။
မြို့တံခါးထွက်သည်ခဏ၌ ထောင်မှထွက်လာသူတို့အနက် ရှမ်းတစ်ဦးအနီး ချောမောလှပသော မိန်းမပျိုတစ်ဦး ပြေးကပ်လာသည်ကို ခင်ဘုန်းတွေ့ရ၏။သို့ရာတွင် မဟာနဖူးကျယ်ကျယ်၊ မေးရိုးလေးထောင့်၊ အရပ်မြင့်မြင့်နှင့်မြန်မာထောင်ထွက်တစ်ဦးမှာမူ ကြိုဆိုသူတွေ့ဟန်မရှိ ယောင်တိယောင်ချာနှင့်ဖြစ်နေသည်။ ထိုအခိုက်တွင်ပင် လူတောထဲတွင် မမျှော်လင့်သူတစ်ဦးအား ခင်ဘုန်း တွေ့လိုက်ရသည်။
အရပ်ဝတ်အရပ်စားနှင့် ဗိုလ်သူရိန်သည်ယောင်ချာချာဖြစ်နေသူ မြန်မာထောင်ထွက်အနီးသို့ ချဉ်းကပ်သွားသည်။ဤအခိုက်အတန့်၌ ရှမ်းလူမျိုးအား ကြိုဆိုလာသည့်မိန်းမပျိုသည် ဗိုလ်သူရိန်အား တွေ့သွားသည်။ဗိုလ်သူရိန်နှင့် မိန်းမပျိုတို့ တစ်ဦးအားတစ်ဦး ငေးမောစိုက်ကြည့်လိုက်ကြသည်ကို ခင်ဘုန်းသည် သေချာမြင်လိုက်ရသည်။ ခဏ၌မူ ဗိုလ်သူရိန်နှင့် စောစောကမြန်မာသည် ရှမ်းတစ်သိုက်ဆီချဉ်းကပ်သွား၍ မြို့ရိုးမှ အလျင်အမြန်ထွက်ခွာသွားကြသည်။၎င်းတို့နောက်သို့ခင်ဘုန်းသည် အပြေးကလေးလိုက်သည်။
“မောင်ကြီးသူရိန် မောင်ကြီးသူရိန်”
ခင်ဘုန်း၏ ခေါ်သံကြောင့်ရှေ့မှ သွားနေသော ဗိုလ်သူရိန်တို့အသိုက်မှာရပ်သွားသည်။
“အလို ခင်ဘုန်း”
ဗိုလ်သူရိန်မှာလည်း အံ့အားသင့်သွားပုံရသည်။ ခင်ဘုန်းသည်မောကြီး
ပန်းကြီးနှင့်ဗိုလ်သူရိန်နား ကပ်လာသည်။
“မောင်ကြီး မောင်ကြီးကို ခင်ဘုန်း အရေးတကြီးပြောစရာရှိတယ်”
ဗိုလ်သူရိန်သည် ခင်ဘုန်းကို လက်မောင်းကလေးမှဆုပ်ကိုင်ဆွဲကာ လူသိုက်မှဝေးရာသို့ခေါ်လာခ ဲ့၏။
“ဆိုစမ်း ခင်ဘုန်း”
“မောင်ကြီး အရှင်နှစ်ပါးကို ကုလားဖြူတို့ ဘင်္ဂလားဆောင်ကြဉ်းတော့မယ်”
“ဒါ တကယ်ပဲလား”
“တကယ်ပဲ မောင်ကြီး နက်ဖြန်ဆို သူတို့ဗိုလ်ချုပ်ကိုယ်တိုင်လာဆောင်ကြဉ်းမတဲ့ ခင်ဘုန်း ကြားကြားချင်း ပြေးခဲ့တာ”
ဗိုလ်သူရိန်သည် ဘာမျှပြန်မပြောတော့ပဲ ခင်ဘုန်းအား စောစောက လူတစ်စုဆီသို့ ပြန်ဆွဲခေါ်လာသည်။ ဗိုလ်သူရိန်သည် ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်ပြီးနောက်စကားဆိုသည်။
“ဟောဒီ ကျွန်တော်ကြိုဆိုခဲ့သူဟာ ကြားဖူးကြမယ့် မြင်းစိုင်းကိုယ်တော်ပါ ဒီကပုဂ္ဂိုလ်ကတော့ သိန္နီကျမိုင်း စောနော်မောင်ပဲ ထင်ပါတယ် ကျွန်တော်ကတော့ ယခုအခါ နတ်ရွာစံလွန်ပြီဖြစ်တဲ့ညောင်ရမ်းအရှင်ရဲ့ကျေးကျွန်တစ်ဦးပါ အခု ဒီက ကျွန်တော့်ရဲ့နှမလေး ခင်ဘုန်းဟာ မြန်မာဘုရင်နဲ့ မိဖုရားကို ကုလားဖြူတို့ နိုင်ငံအားဆောင်ကြဉ်းပြီး တစ်မျိုးသားလုံးအား ကျွန်ဇာတ်သွင်းမယ့်သတင်းကိုလာပို့ပါတယ် ကျွန်တော်တို့ အချင်းချင်း မည်မျှ သဘောကွဲလွဲလင့်ကစား တစ်ပါးမင်းရန်ကို တညီတညွတ်တည်းဖြိုခွင်းရန် သန္နိဌာန်ချပြီးဖြစ်ကြပါတယ် မိုးနဲစော်ဘွား စောခွန်ကြည်ပင် ဤရည်ရွယ်ချက်ကိုလက်ခံပြီးဖြစ်ပါတယ် ဒီက သိန္နီထိပ်ထား စောရှင်ဦးသခင်မလဲသိပြီးဖြစ်ပါတယ် ယခု ကျွန်တော်တို့ရှေ့ရေးကို ညှိနှိုင်းတိုင်ပင်ရန်ပင်ဖြစ်ပါတယ်”
စောနော်မောင်သည် စောရှင်ဦးအား လှည့်ကြည့်လိုက်သည်။ စောရှင်ဦးထံမှ ဟုတ်မှန်ကြောင်း ခေါင်းညိတ်ဝန်ခံသည်ကို တွေ့သော်ဆို၏။
“ကျွန်ုပ်သည် သီပေါဘုရင်၏ထောင်တွင်းမှယခုထွက်ခဲ့သည် သို့ရာတွင် တိုင်းပြည်နှင့် လူမျိုးအား သစ္စာမဖောက် စိတ်ချလေ သွေးသောက်”
မြင်းစိုင်းမင်းသားကလည်း ကတိခံဝန်ပြုသည်။
“ကျွန်ုပ်လဲ ဤကုလားဖြူတို့အား ဒူးထောက်မည်မဟုတ် ယုံလေလော့”
ဗိုလ်သူရိန်သည် ကျေနပ်စွာပြုံးလိုက်သည်။
“ဒီအတိုင်းဆိုရင် အရေးတော်လှလေပြီ အရှင်မင်းသားနှင့် ကျမိုင်းကိုယ်တော်တို့ကို ထိပ်ထားစောရှင်ဦးက ဘေးကင်းသင့်တင့်ရာသို့ဆောင်ကြဉ်းပါလိမ့်မယ်”
ဗိုလ်သူရိန်က သတိရဟန်နှင့် ခင်ဘုန်းဘက်လှည့်လိုက်သည်။
“ခင်ဘုန်းရော ဘယ်သွားမလဲ”
“အို ခင်ဘုန်းမှာ ပြေးစရာမြေမရှိပါဘူး မောင်ကြီး”
“ဗိုလ်မင်းထင်ရော”
“ထောင်ကလွတ်လွတ်ချင်း မောင်မောင် ဗိုလ်ကျော်ခေါင်နဲ့ ထွက်သွားတာပဲ ခင်ဘုန်းမသိဘူး”
ဗိုလ်သူရိန်က စောရှင်ဦးတို့ဘက်ပြန်လှည့်လိုက်သည်။
“ဒီက ကျွန်တော့်နှမငယ်ကိုပါ ဆောင်ကြဉ်းသွားကြပါ ကျွန်တော့်အနေနဲ့အရေးပေါ်၍ သွားစရာရှိနေပါတယ် မကြာမီပြန်ဆုံပါ့မယ်”
ဗိုလ်သူရိန်သည်ပြောပြောဆိုဆို နေရာမှလှည့်ထွက်ခဲ့သည်။ သို့ရာတွင်စောရှင်ဦးက လျင်မြန်စွာလိုက်လာ ၍ ရှေ့မှကာဆီးရပ်လိုက်၏။
“ကိုသူရိန်ဒါ ဘယ်လဲ မောင်”
ဗိုလ်သူရိန်က အပြုံးမဟုတ်သော အပြုံးကိုပြုံးလျက် စောရှင်ဦးအားစိုက်ကြည့်လိုက်သည်။
“အစော အစောတာဝန်ကို အစောထမ်းပါ ကိုသူရိန်ကကိုသူရိန့်တာဝန်ထမ်းရဦးမယ်”
သူသည် စောရှင်ဦးထံမှ စကားပြန် မစောင့်၊ နေရာမှ လျင်မြန်စွာထွက်ခဲ့၏။
ဤသို့ဖြစ်နေခိုက် ကမ္ဘာမီးလောင်စဉ် ဆီမီးခွက်တောက်နေသူတစ်ဦးရှိသည်။
ရွှေနန်းတော်တွင်းသို့ အင်္ဂလိပ်တပ်များ ဝင်လာသည်ကိုဝန်စာရေးဦးသာဖြိုးသည် စိတ်မချမ်းသာခြင်းကြီးစွာနှင့် ကြည့်နေခဲ့သည်။ ဦးသာဖြိုး၏စိတ်မချမ်းသာပုံမှာ တစ်မျိုးတည်း။ဦးသာဖြိုးသည်ဝင်လာသောအင်္ဂလိပ်တပ်များအား ကြည့်နေခိုက်မိမိ၏ရည်ရွယ်ချက်များ ပျက်သုဉ်းကြွေလွင့်ရပြီကို နားလည်လိုက်သည်။မင်းလိုလိုက်၊ မင်းကြိုက်လိုက်၍ ရွှေလွှတ်တော်ထက် အရာရှိအဖြစ်မှန်းထားသမျှတို့မှာ ရေ၌မျောလေပြီ။ ဖရန်စစ်တို့နှင့်အစုဝင်ကာ သူဌေးဖြစ်ရေး စိတ်ကူးချက်တို့မှာလည်း လေ၌လျှောပေပြီ။
ဤသို့တွေးလျက် အနောက်ဆောင်အထွက်၌ ရုပ်ဖျက်ကာမထင်မရှားရပ်နေခဲ့သော ဦးသာဖြိုးသည် ရေးကြီးသုတ်ပျာ ထွက်ခွာသွားသော ခင်ဘုန်းအားတွေ့ရသည်။ ရည်ရွယ်ချက်မဲ့ ခင်ဘုန်းနောက်သို့လိုက်ခဲ့ရာမှ ဖြစ်ပျက်သမျှအား မလှမ်းမကမ်းမှတွေ့ခဲ့သည်။
တစ်ဦးမှာ မြန်မာထီးညွန့်နန်းလျာတစ်ပါး၊ တစ်ဦးမှာ ရှမ်းကျမိုင်းတစ်ပါး၊တစ်ဦးမှာ လက်ရုံးရည်နှင့်ပြည့်စုံသမျှ မာန်တက်နေသော ဗိုလ်မှူးတစ်ဦး။
ခဏ၌ ဦးသာဖြိုးသည် ၎င်းတို့အသိုက်၏ရည်ရွယ်ချက်ကို ရိပ်မိသည်။ဤခဏ၌ပင် ဦးသာဖြိုး၏ ကောက်ကျစ်သောဉာဏ်၌ တစ်မင်းပြောင်းသော ဤခေတ်ဝယ် အသစ်ဖြစ်သော ကြီးပ ွားမှုလမ်းစဉ်သည်ထင်းထင်း ပေါ်လာ၏။
ဦးသာဖြိုးသည် မဆိုင်းတော့ဘဲ လာလမ်းအတိုင်း ပြန်တုံ့လာသည်။ရွှေနန်းတော်ကြီးအနီး ရောက်သည်နှင့်တစ်ပြိုင်နက်သူသည်ရှေးဦးစွာတွေ့သော မျက်နှာဖြူဗိုလ်တစ်ဦးထံရှေးရှုသွားလေသတည်း။
မြန်မာသက္ကရာဇ် ၁၂၄၇ ခု၊ တန်ဆောင်မုန်းလဆုတ် ၈ ရက်၊ ခရစ်သက္ကရာဇ်၁၈၈၅ ခု၊ နိုဝင်ဘာလ ၂ ရက်နေ့ ညနေသုံးနာရီအချိန်ကားမြန်မာ့ရာဇဝင်သမိုင်း၌ ကံမုန်တိုင်းကျသော ကာလပေတည်း။
ထိုနေ့ ထိုအချိန်ဝယ် မြန်မာ့သေဌ်နင်း ပြည့်ရှင်မင်းသည် ရန်သူ၏အားကို အတင်းခံ၍ ငြင်းဆန်ခြင်း အလျှင်းမပြုနိုင်ချေသောကြောင့်သီရိပဝရဝိဇယာနန္တိယ သတိလောကာတိ ပဏ္ဍိတမဟာဓမ္မရာဇာတံဆိပ်နာမံခံတော်မူသော မင်းတရားကြီးဘုရား၊ သီရိပဝရတိလောက မဟာရဇိန္ဒာဓိပတိ ပဒုမရတနာဒေဝီမည်သော မိဖုရားခေါင်ကြီးဘုရား၊သမီးတော် ထိပ်စုဖုရားကြီး၊ ထိပ်စုဖုရားလတ်၊ အစ်မတော်သီရိသုရတနာမင်္ဂလာဒေဝီမည်သော မိုင်းနောင် မြို့စားမိဖုရားကြီး၊ညီမတော် သီရိသုသိင်္ဂါရတနာဒေဝီ၊ ရမည်းသင်းစုဖုရား၊ မယ်တော်သီရိပရတိလောက မဟာ ဇိန္ဒာဓိပတိ ပဒုမရတနာ ဒေဝီမည်သော
ဆင်ဖြူမရှင်မိဖုရားနှင့်တကွ အထိန်းတော်၊ အပျိုတော်၊ စာရေးတော်ကြီး၊သံတော်ဆင့်မင်းတို့ရွှေနန်းမှ ထွက်၍ ကုလားလက် ပါရချေသည်။
အမြောက်ဝန်မဖဲမြို့စားနှင့် အတွင်းဝန်ရွှေတိုက်ဝန်မြိုင်မြို့စားမင်းကြီး မင်းလှမဟာဇေယျာနန္ဒသင်္ကြံ တို့၏ ဗီရိုလှည်းနှစ်စီးထက်သို့ သား၊မယ်တော်ခုနစ်ပါးတို့ ရွှေစက်တင်တော်မူရသည်။ ဝက်မစွတ်မြို့စား ဝန်ထောက်တော်မင်း မင်းကြီး မင်းထင်မဟာစည်သူ၊ ပင်းတလဲဝန်ထောက်မင်း မင်းကြီး မင်းခေါင်မဟာကျော်ထင်တို့ က ထီးဖြူတော်
နှစ်ချက်အုပ်မိုးလျက် အင်္ဂလိပ်စစ်သည်တို့ ဝဲယာသွယ်တန်းခြံရံပြီးလျှင်ရွှေနန်းတော်ဦး ရွေးတော်ယူတံခါးက ထွက်၍ မြို့တော်တောင်မျက်နှာကျော်မိုးတံခါးမှ အနောက်သို့ ဂေါဝိန်သင်္ဘောဆိပ်ရောက် ထွက်တော် မူရသည်။
ယင်းသို့ မင်းပါပြည်လုံး ထီးနန်းသုဉ်းအောင် အငိုက်မိသောမြန်မာတို့ခံရလေရာ လမ်းတစ်လျှောက်၌ ကမ္ဘာပေါ်တွင် ဘုရင်ကင်းလစ်သည့်ခေတ်နှင့် စင်စစ်တိုက်ဆိုင် ကျွန်ဖြစ်လိုက်ပြီကို သိသောပြည်သူအများမှာ ဆံပင်မြေကျ ရင်ဝလှိုက်ပြု သောကမှုနှင့် မြေထုကမ္ဗလာဝယ် လူးလှိမ့်ကာ ငိုကြွေးသူ ငိုကြွေး၊ ဟိုပြေးသည်ဝင် ဇာတိမာန် နာကျင်ထိခိုက်သူ ထိခိုက်နှင့် ဝက်ဝက်ကွဲအောင်ရှိတော့သည်။
မြတောင်ရွှေကျောင်းတိုက်ရှေ့မှ မြက်ခင်းမှာမူ ဘုရင်မင်းမြတ်နှင့်မိဖုရားအား မကြည်ညိုသူတို့အဖို့ပင် ကြေကွဲဖွယ်ဖြစ်သည်။
မင်းတရားသည် အင်္ဂလိပ်စစ်ဗိုလ်တို့အား တောင်းပန်၍ လမ်းခရီး၌ပင်လှည်းပေါ်မှ ရွှေကျောင်းတော်ကြီးအား ရေစက်ချလှုတော်မူရသည်။
ထိုအချိန်၌ ရွှေကျောင်းတော်အတွင်း သံဃာတော်တို့မှာ ဗိုလ်သူရိန်၊ဗလကြီး၊ ပေါက်လှတို့နှင့်အတူနီးရာ ဓား၊ တုတ်၊ လက်နက်တို့အားဆွဲ၍မင်းဧကရာဇ်အား လုယူရန် ပြင်ကြသည်။ သို့ရာတွင် အင်္ဂလိပ်တပ်နှင့်ကျောင်းရှိသံဃာတော်တို့အကြားမှ ထေရ်ကြီးဝါကြီး ဆရာတော်တို့ကအကြောင်းပြ ဖျောင်းဖျတားမြစ်ကြသည်။
ဤအခိုက်တွင်ပင် ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်မင်းထင်တို့မှာ လူအုပ်ကြားမှတိုးကာ ဗိုလ်သူရိန်တို့ဆီရောက်လာသည်။
“ဘယ့်နှယ်လဲ သွေးသောက်တို့”
ဗိုလ်သူရိန်က မေးသည်ကို ဗိုလ်ကျော်ခေါင်က ဦးခေါင်းယမ်းခါရင်းဖြေသည်။
“မဟန်ဘူး သွေးသောက် အနီးအနားမှာ ရဲမက်တွေလဲ တစ်ယောက်မှ မရှိဘူး တစ်မြို့လုံးလဲ သူ့တပ်ချည်းပဲ ဘုရားကြီးမှာကျွန်တော်တို့တစ်တွေ ဝန်းသိုစော်ဘွားကြီးရဲ့လူတွေနဲ့အတူ ထိုင်းနိုင်ငံသားတွေနဲ့ပေါင်း လူစုပြီး ရွှေနန်းရှင်ကို လုမယ်ကြံကြသေးတယ် ဒါပေမယ့် အင်္ဂလိပ်တပ်ကို တိုးမပေါက်ဘူး ပြီးတော့ သင်းတို့အမြောက်တွေက မြို့တော်တစ်ခုလုံးကို အဆင်သင့်ချိန်ထားတယ်တစ်ခုခုဖြစ်ရင် မြို့သူမြို့သား ကလေးသူငယ် ရဟန်းသံဃာတွေနဲ့ဘုရားကျောင်းကန် စေတီအိုးအိမ်တွေ စိစိညက်ညက်ကြေကုန်မယ်
ဒီအကြံ လက်လျှော့ကြစို့ ခု ကျွန်တော်တို့တာဝန်က ဘုရင်ကိုလုဖို့မဟုတ်ဘူး အင်္ဂလိပ်လက်အောက်ရောက်နေတဲ့ နိုင်ငံကိုအကြံယူပြန်လုဖို့ပဲ”
ကြောင်းကျိုးဆီလျော်သော ဗိုလ်ကျော်ခေါင်၏ စကားကြောင့်အကြံကိုလက်လျှော့ကာ ရဟန်းအုပ်ကြားမှ တိုးထွက်၍ အဖော်များနှင့်အတူဂေါဝိန်ဆိပ်သို့ပြေးထွက်လာခ ဲ့သည်။
ဆောင်းနေမှာ မင်းဝံတောင်ရိုး၌ ဝင်လုဆဲ မေးတင်နေလေပြီ။ဂေါဝိန်ဆိပ်ဝယ် သူရိယသင်္ဘောဆီ သွယ်ထားသော ကုန်းပေါင်ထက်မတက်မီ မင်းတရားသည် နေပြည်တော်အား တစ်ချက်လှည့်ကြည့်ရှာသည်။
ထိပ်စုဖုရားသည်သာ မတုန်လှုပ်၊ အင်္ဂလိပ်စစ်သည်တို့အားလည်းကောင်း၊ ဝိုင်းဝန်းကြည့်ရှုနေသူ ဗိုလ်လူ ပရိသတ်အားလည်း မမှု၊ ကုန်းပေါင်ထက်ရှေ့မှကြွကာ မောင်တော်အား လက်ကမ်းလိုက်သည်။
ဤသို့ အတူပင်တွဲ၍ ဤလက်နှင့်ပင် မောင်တော်အား ရွှေနန်းထက်တင်ခဲ့သည်။ ယခု ဤလက်နှင့်ပင် မောင်တော်မင်းတရားအား ဆွဲကူ၍ရန်သူ့သင်္ဘောထက်သို့ တက်ခဲ့ရပေပြီ။
စုဖုရားမှာ နောက်ဆုံးအချိန်အထိထက်မြက်သောစိတ်တော်ကို မချချေတကား။မရှုရက်သူ ဗိုလ်သုံးဦးသည် မျက်နှာကို လက်ဝါးနှင့်အုပ် ရှိုက်လိုက်ကြသည်။
ဤသို့ ဂေါဝိန်ဆိပ်၌ ဖြစ်ပျက်နေခိုက် ရွှေနန်းတော်အနောက် အင်္ဂလိပ်ဗိုလ်တစ်ဦးထံ ဦးသာဖြိုးသည် အပြေးအလွှားရောက်လာကာ အင်္ဂလိပ်ဘာသာနှင့်ဝင်သတင်းပို့သည်။
“မြန်မြန်ကပ္ပတိန် နံနက်က ကျွန်ုပ်သတင်းပို့ခဲ့တဲ့ မြန်မာနန်းကိုပြန်အရယူနိုင်တဲ့မင်းသား တစ်ပါးနဲ့အပေါင်းပါတို့ရဲ့နေရာကိုတွေ့ခ ဲ့ပြီ”
“ဘယ်မှာလဲ လူဘယ်နှစ်ယောက်လဲ”
“အို ဟောဒီဆာဂျင်ကို ကျွန်ုပ်နေရာပြထားပြီးပါပြီ တပ်သားနှစ်ဆယ်လောက်ဆိုလုံလောက်ပြီ”
“ကောင်းပြီ နေရစ်ဦး အထက်ဗိုလ်မှူးဆီအမိန့်ခံလိုက်ဦးမယ်”
မျက်နှာဖြူကပ္ပတိန်သည် ဆာဂျင်နှင့်အတူထွက်ခွာရန် ုပင်သည်။
“ကျွန်ုပ် ဒီမှာ စောင့်နေမယ်ကာနယ် စလေဒင်ကို ပြောပြပါ အင်္ဂလိပ်အစိုးရမင်းရဲ့ အကျိုးကိုဆောင်တဲ့ မောင်သာဖြိုးကို မမေ့ပါနဲ့လို့”
ဦးသာဖြိုးသည် စကားဆုံး၍ လက်ဝါးနှစ်ဖက်ကိုပွတ်ကာ ကျေနပ်စွာအစောင့်စန္ဒရီနှစ်ဦးအနားတွင် ကျန်ရစ်သည်။ သို့ရာတွင်_
“ဟယ် ငသာဖြိုး နင့်နာမည်ကို တို့မမေ့”
ဤအသံနှင့်အတူ ဓားသွားတစ်ခုသည်ဦးသာဖြိုး၏ကျောမှ ရင်ထိ ထုတ်ချင်းပေါက် ဝင်ရောက်လာသည်။လျှပ်တစ်ပြက်အတွင်း အနီးရှိ မျက်နှာဖြူစစ်သားတို့ မလှုပ်ရှားနိုင်မီဗိုလ်ထွန်းစံသည် အသက်ကုန်နေပြီ ဖြစ်သော ဦးသာဖြိုး၏ကိုယ်မှဓားအားဆွဲနှုတ်လျက်လမ်းတစ်ဖက်ထိပ်သို့ ထွက်ပြေးခဲ့သည်။ အဆင်သင့်စောင့်နေသော သွေးသောက်ကြီးမြတ်ကျော်ကို တွေ့လျှင်_
“ငါ့ညီ မြန်မြန် ဗိုလ်မှူးတို့ကို တွေ့အောင်ရှာ ဟိုနေရာ အမြန်လိုက်ခဲ့လို့”
ဗိုလ်ထွန်းစံမှာ စကားမဆုံး၊ အင်္ဂလိပ်တို့ထံမှ ပစ်လွှတ်လိုက်သောကျည်ဆန်သည်ကျောမှခင်းထွက်ထိမှန်သွားသဖြင့်မြေပြင်သို့ပုံလျက်လဲကျသွားသည်။ သွေးသောက်ကြီးမှာ ခေတ္တကြောင်လျက်အစ်ကိုဖြစ်သူအား ကြည့်နေမိသည်။ ခဏ၌ပင် သေနတ်သံများ ဆူညံလာသဖြင့် စိတ်ကိုဖြတ်ကာ အနောက်ဘက်သို့ ကွေ့ကောက်ပြေးထွက်ခဲ့၏။
သို့ရာတွင် နာရီပိုင်းအတွင်း၌ပင် အရှေ့ပြင်ရှိ ဗိုလ်သူရိန်နှင့်စောရှင်ဦးတို့ စတင်တွေ့ဆုံခဲ့ရာ အိမ်ကလေးမှာ တိုက်ပွဲတစ်ပွဲ၏နေရာဖြစ်နေပေပြီ။ မမျှော်လင့်ပဲ အင်္ဂလိပ်တပ်စုလေး၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံကြရသူ မြင်းစိုင်းမင်းသားတို့ လူတစ်စုမှာ အိမ်လေးအတွင်းမှရသမျှလူအင်အားနှင့် အပြင်းအထန် ခုခံကြရသည်။ တိုက်ပွဲမှာခဏမျှအကြာတွင် အင်္ဂလိပ်ဗိုလ်နှစ်ဦးမှာ ကျဉ်းမြောင်းသောတံခါးကိုကျွံဝင်၍ ရောက်လာ၏။ မြင်စိုင်းမင်းသားနှင့် စောနော်မောင်မှာ လက်တွင်းရှိဓားများနှင့် ၎င်းတို့အား ရင်ဆိုင်လိုက်ကြသည်။
အိမ်လေး၏ရှေ့ခန်း၌ ကြောက်ဖွယ်သောဓားချင်းတိုက်ပွဲသည် စခဲ့၏။အိမ်အတွင်းခန်း၌ရှိသည့် နှစ်ဦးတည်းသော မိန်းမသားဖြစ်သူစောရှင်ဦးနှင့် ခင်ဘုန်းမှာ ရုတ်တရက် ဘာလုပ်ကြရမည်ကိုမသိ။
မြင်းစိုင်းမင်းသားနှင့် စောနော်မောင်အပြင် ကျန်ရှိသော ယောက်ျားငါးဦးမှာလည်း အိမ်အဝ၌ အကြိတ် အနယ် ခုခံပစ်ခတ်နေကြသည်။အခန်းတွင်း၌ မည်သည့်လက်နက်မှလည်း မရှိ၊ ထိုအခိုက်တွင် အပြင်းနှင်လာသော မြင်းခွာသံများအား ကြားရ၏။
နှစ်ဦးသားမှာ ထရံကြားမှချောင်းကြည့်လိုက်ကြသည်။ ဘယ်ကပေါ်လာသည် မသိသော ဗိုလ်သူရိန်ခေါင်းဆောင်သည့် တပ်များတည်း။ မိန်းမသားနှစ်ဦးသည်အားတက်ကာ အပြင်ခန်းသို့ ထွက်သည့်တံခါးဝသို့ ပြေးထွက်လာကြသည်။အပြင်ခန်း၌ ဓားပွဲမှာ မဆုံးသေး။
ဤအခိုက်တွင်ပင်မြင်းစိုင်းမင်းသားနှင့်စောနော်မောင်တို့ ကျောပေးထားရာ အိမ်နောက်တံခါးသည် ပ ွင့်ထွက်လာ၍ လှံစွပ်သေနတ်ကိုင်လျက်အင်္ဂလိပ်စစ်သားတစ်ဦးသည် တစ်ဟုန်ထိုးဝင်လာသည်။ မျက်စိတစ်မှိတ် လျှက်တစ်ပြက်အတွင်းသာ ဖြစ်သည်။
စောရှင်ဦးသည် ရုတ်တရက်ဝင်၍ ကျောပေးခုခံနေသူနှစ်ဦးအနက်တစ်ဦး၏နောက်ဆီ ချိန်ထိုးလိုက်သော စစ်သား၏လှံစွပ်အား ဇွတ်ဝင်စီးကာ လုသည်။ သို့ရာတွင် လှံစွပ်ကိုမမိ၊ လှံစွပ်အသွားသည်သာစောရှင်ဦး၏နံဘေးသို့ တိုးနစ်ဝင်သွားသည်။ခင်ဘုန်းမှာ သွေးရူးသွေးတန်းနှင့် လန့်အော်မိပြီး မိမိကိုယ်မိမိဘာလုပ်မိသည်မသိမီ စစ်သားအား ဝင်လုံး၍ သေနတ်ကိုလုသည်။
ခဏတွင်ပင် ဓားကိုင်ထားသော ပေါက်လှ၏သဏ္ဍာန်သည် အိမ်အနောက်ပေါက်မှ ပေါ်လာခဲ့၏။ ပေါက်လှ၏ဓားဦးသည် စစ်သား၏ကျောပြင်အား ဝင်သွားသည့်ခဏ၌ မြင်းစိုင်းမင်းသားတို့နှင့် ခုတ်နေသော စစ်ဗိုလ်နှစ်ဦးထံမှလည်း အသံနက်ကြီးများ ပေါ်လာသည်။အခန်းတွင်း၌ သွေးစွန်းသော ဓားကိုယ်စီနှင့် ဗိုလ်သူရိန်၊ ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်မင်းထင်တို့မှာ ရပ်လျက်ရှိပေပြီ။
ဗိုလ်သူရိန်သည်လဲလျက်ရှိသော စောရှင်ဦးထံပြေးသွားကာ ဒူးထောက်ပွေ့ယူလိုက်သည်။
“အစော အစော”
စောရှင်ဦးမှာ မထူးနိုင်ပြီ။ ဗိုလ်သူရိန်၏ လက်ဝါးတစ်ဖက်မှာမူ သွေးတို့ဖြင့် ရွှဲရွှဲစိုကုန်သည်။
“အစော အစော ရေတိမ်မှာ နစ်ပြီလားကွယ်”
ဗိုလ်သူရိန်မှာ ရင်ထုမနာ ရေရွတ်လိုက်ပြီး လက်သည် ရင်ထက်ရောက်သွားသည်။ ရင်မှာမူခုန်နေသေး၏။
ဗိုလ်သူရိန်သည် လှုပ်ရှားလာကာ “ပုဝါဖြူတစ်ထည်ပေးပါ ပုဝါဖြူတစ်ထည်ပေးပါ” ဟုအော်ဟစ်လိုက်သည်။
ပုဝါရသည်နှင့်တစ်ပြိုင်နက် ဒဏ်ရာကိုစမ်းကာ ပုဝါနှင့် ထိုးသိပ်ပိတ်ဆို့လိုက်သည်။
ဤအချိန်ကျခါမှ ဘယ်ကဝင်လာသည်မသိ၊ ဒေါ်နန်းက ပေါ်လာသည်။
“ဒေါ်နန်း မြန်မြန် ဟို ဟိုဆေးမရှိဘူးလား”
ဗိုလ်သူရိန်က မှတ်မိမှတ်ရာ အရူးသဖွယ်အော်တောင်းသည်။အားလုံးမှာ ကြက်သေသေကာ ဝိုင်းကြည့်နေသည်။ ချုံတစ်ခုခုတွင်ပုန်းအောင်းလာဟန် ဆံပင်နှင့်အဝတ်တို့ဝယ်ဖုန်များကပ်လျက်ရှိသောဒေါ်နန်းမှာလည်း ပထမသော် ကြောင်နေ၏။ သို့ရာတွင် ချက်ချင်းပင်အခန်းတွင်းသို့ ပြေးဝင်ကာ လွယ်အိတ်တစ်လုံးအား ဆွဲထုတ်လာသည်။ကြာရှည်မရှာရ၊ ဗိုလ်သူရိန်တွေ့လိုသော ဆေးပုလင်းကိုရသည်။
ဗိုလ်သူရိန်က သတိလစ်နေသော စောရှင်ဦး၏ ပါးစပ်တွင်းသို့ ဆေးများကို အစက်ချလောင်းထည့်ပေးသည်။
ထိုအခိုက်တွင်ပင် အပြင်ဘက်မှ သွေးသောက်ကြီး၏ အော်ဟစ်သံကိုကြားရသည်။
“မြန်မြန်ပြေးကြ နောက်ထပ်ကုလားတပ်တစ်တပ် လိုက်လာပြီ”
အသံတွင်မက လူပါဝင်လာသည်။
“မြန်မြန် အိမ်နောက်မှာ မြင်းတွေ အသင့်ရှိတယ်” ဗိုလ်သူရိန်သည်အံကြိတ်ကာ ဆေးလွယ်အိတ်အား ပေါက်လှထံ ပစ်ပေးလိုက်သည်။
ထို့နောက် စောရှင်ဦး၏ ကိုယ်လေးအား မြောက်ခန ဲပွေ့ယူကာထလိုက်သည်။
“ကိုင်း သွေးသောက်တို့ ပြေးကြပေရော့ ဤသခင်မလေးအတွက် ကျွန်တော့်တာဝန်ထား သွေးသောက်ကြီးနဲ့ပေါက်လှ ငါ့နောက်ကမကွာ လိုက်ခဲ့ကြ”
ဗိုလ်သူရိန်သည် စောရှင်ဦး၏ကိုယ်အား ကလေးသဖ ွယ်ပွေ့မ၍ အိမ်ရှေ့ရှိမြင်းဆီသို့ပြေးသည်။ အဆင်သင့်စောင့်နေသော ဗလကြီး၏အကူအညီဖြင့်သတိလစ်နေသောစောရှင်ဦးအား မြင်းပေါ်တင်ပွေ့ထိန်း၍ နောက်သို့လှည့်မကြည့်၊ ဦးတည့်ရာ အရှေ့ဘက်သို့ တရကြမ်း စိုင်းနှင်ခဲ့သည်။
⬛
တက္ကသိုလ်ဘုန်းနိုင်
ဇာတ်သိမ်းပိုင်း ဆက်ပါဦးမည်။
Comments