အပိုင်း(၄)
ပျော့ပျောင်းနူးညံ့လှသော ဆံပင်များသည် နက်မှောင်နေသည်။ မမကြီးသည် ဆံပင်ကို ဖားလျားချပြီး ဆံပင်အရင်း ဦးရေပြားအထိ ရောက်အောင် လက်ချောင်းလေးများနှင့် ဖိနှိပ်ပွတ်သပ်ပြီး အုန်းဆီထည့်လေ့ရှိသည်။ အုန်းဆီကို လက်ဖျားလေးနှင့်တို့ယူလိုက်၊ ဆံရင်းကိုပွတ်လိုက် မမကြီး တခါ တခါ အုန်းဆီထည့်လျှင် နာရီဝက်ခန့်ကြာမည်ထင်သည်။ ထိုကဲ့သို့ ဆံပင်ကို ဂရုစိုက်လွန်းသောကြောင့်လည်း မမကြီး၏ဆံပင်များသည် သန်စွမ်းသလောက် အရောင်ကလည်း ပိတုန်းရောင်တောက်ကာ မည်းနက်နေသည်။ ပျော့ပျောင်းနူးညံ့နေသည်။
" စူးမာ...လာစမ်း၊ အုန်းဆီထည့်"
မမကြီးက ခေါ်သောအခါ စူးမာ နောက်တွန့်သွားသည်။ စူးမာ၏ဆံပင်လေးများသည် တိုသော်လည်း ဖွာလန်ကျဲနေသည်။ အုန်းဆီမှန်မှန်မထည့်၍ နီကြောင်ကြောင်အရောင် ပြေးနေသည်။ မိုးရေထဲတွင်လည်းကောင်း၊ နေပူစပ်ခါးတွင်လည်းကောင်း လျှောက်ဆော့ပြီး တခါတရံ မိုးသန်းစွဲသေးသည်။ စူးမာဆီမှ သန်းကူးမည်ကြောက်သောကြောင့် မမကြီးသည် စူးမာနှင့်အတူတူ မအိပ်လိုခြင်းဖြစ်သည်။
“မိန်းကလေးဆိုတာ ဆံပင်ဟာ အလှတစ်ပါးပဲ စူးမာရဲ့၊ ကောင်းခြင်းငါးသွယ်ထဲမှာ ဆံပင်၏ကောင်းခြင်းက တစ်ပါးပါတယ်။ ဒီလိုသာ နီကြောင်ကြောင်၊ စုတ်ဖွားဖွား၊ သန်းထူထူနဲ့ ကြီးရင်တော့ ငါ့ညီမ ဆံပင်၏ကောင်းခြင်းနဲ့ ဘယ်တော့မြှပည့်စုံမှာမဟုတ်ဘူး"
"ဆံပင်ထဲကို ဆီထည့်လိုက်ရင် စိုကပ်ကပ်ကြီး နေရသိပ်ခက်တာပဲ မမကြီးရဲ့"
“ဆီမရှိမှ ဦးရေခြောက်တာ၊ ဦးရေခြောက်ရင် ဉာဏ်မရွှင်ဘူး၊ လာစမ်းဟယ်...ထည့်စမ်း၊ ရွှဲရွှဲထည့်"
မမကြီးက အတင်းအဓမ္မ စေခိုင်းလေတော့လည်း စူးမာ အုန်းဆီပုလင်းကို ကောက်ကိုင်ရတော့သည်။ အုန်းဆီထဲတွင် ထည့်စိမ်ထားသော သဇင်ပန်းခြောက်လေးများသည် ဝါကျင့်ကျင့်အရောင် ပြေးနေလေသည်။ သဇင်ခက်လေးများကြောင့်လည်း အုန်းဆီမွှေးမွှေးသည် သဇင်နံ့ပါ သင်းပျံ့နေသည်။
မမကြီးလိုတော့ အုန်းဆီကို လက်ဖျားလေးနှင့် တို့ယူလိုက် ဆံရင်းကို ပွတ်လိုက်နှင့် မထည့်တတ်၊ မထည့်ချင်။ စူးမာ စိတ်မရှည်၊ အချိန်ကုန်လှသည်။ ငယ်ထိပ်မှဆံပင်များကို ဖြဲပြီး အုန်းဆီကို ပုလင်းလိုက်စောင်းပြီး လောင်းချလိုက်ပါက စူးမာ၏ဆံပင်ကို အုန်းဆီထည့်ခြင်းအမှု စက္ကန့်ပိုင်းနှင့် ပြီးစီးလေတော့သည်။ ဦးရေပြားသည် အေးခနဲဖြစ်ပြီး အုန်းဆီများပြန့်သွားသောအခါမှ ဆံပင်များအတွင်း နှံ့စေရန် နာနာပွတ်နေမိလေသည်။
“ကဲ.. ကြည့် အခုမှ မှင်စာနဲ့တူတာ"
စူးမာ ဆံပင်နီကြောင်ကြောင်များသည် အချောင်းလိုက်ဖြစ်ကုန်သည်။ နဂိုကနည်းသောဆံပင်မှာ အကုန်လုံးစုကပ်ပြီး နှစ်ချောင်းနှင့်တစ်ပိုင်းသာ ရှိတော့လေသည်။
"ဘာပဲပြောပြော နီကြောင်ကြောင်ဆံပင်ထက်တော့ လှသေးတာပဲ”
မမကြီးသည် စူးမာကို သူ့ဘက်ဆွဲခေါ်လိုက်ပြီး ခေါင်းဖြီးပေးသည်။ သူ့အလုပ်နှင့်သူ အားလပ်ချိန်မရှိသော မမကြီးသည် တစ်ခါတစ်ရံ စိတ်လိုလျှင် စူးမာကို ဂရုတစိုက်ဆုံးမလေ့ သွန်သင်လေ့ရှိတတ်သည်။ တခါလောက် နှစ်ခါလောက် ဂရုစိုက်ပြီးသောအခါတွင်ကား သူ့ကျောင်းစာနှင့် သူ့အလုပ်နှင့် မအားအောင်ရှိပြီး စူးမာကိုမေ့သွားတတ်ပြန်သည်။
“မမကြီးတို့ဆေးတက္ကသိုလ်က အတန်းကြီးတွေဆိုရင် အလယ်တန်းကျောင်း၊ မူလတန်းကျောင်းတွေကိုဆင်းပြီး ကျန်းမာရေးလက်တွေ့ လေ့လာရတယ်။ ကျောင်းတွင်းကျန်းမာရေး၊ သန့်ရှင်းရေး၊ ကလေးတွေမှာ တစ်ကိုယ်ရေသန့်ရှင်းမှုဘယ်လောက်ရှိလဲ လေ့လာရတယ်၊ ပညာပေးရတယ်။ မမကြီးရဲ့ ညီမကတော့ ကြည့်ပါဦး။ သန်းက ထူသေး၊ အို လည်ပင်းမှာလဲ ဂျီးကြောင်းနဲ့ ရေချိုးရင် ဆပ်ပြာမှတိုက်ရဲ့လား စူးမာ၊ လက်သည်းတွေတော့ မှန်မှန်ညှပ်လို့ တော်သေးရဲ့"
မမကြီးသည် အခြားကလေးများအား တစ်ကိုယ်ရေ သန့်ရှင်းမှုမှာ မည်မျှအရေးကြီးကြောင်း ပညာပေးသွန်သင်မည့်သူဖြစ်သော်လည်း ကိုယ့်မောင်ရင်း ညီမရင်းများကိုကား မေ့လျော့နေဟန်ရှိသည်။ စူးမာတို့အား ပညာပေးဆုံးမရန်လည်း မအားနိုင်အောင်ပင် စာအုပ်ပုံကြီးထဲတွင် နစ်နေခဲ့ရလေတော့သည်။ စူးမာသည် မမကြီးကို မထတမ်း မအိပ်တမ်း ကျက်မှတ်ခိုင်းနေသောစာအုပ်ထူကြီးများကို မုန်းပင်မုန်းမိသည်။ ဖေဖေကမူ ယင်းစာအုပ်ထူကြီးများကိုလည်း ချစ်သည်။ မမကြီးကိုလည်းချစ်သည်။ 'ဖေဖေ့ခြေရာနင်းမယ့် သမီးကြီး ́ဟု မကြာခဏပင် ဂုဏ်တယူယူနှင့် ပြောတတ်သည်။
စူးမာနှင့်ကိုတူးတို့ကမူ မမကြီးလောက် ရည်မှန်းချက် မကြီးလှပေ။ မမကြီးလောက်လည်း စာမတော်။ စာလည်း မကျက်မှတ်နိုင်ကြချေ။ ဆရာဝန်လုပ်ရန်လည်း လားလားမှ ဝါသနာမပါကြ။ ကျောင်းနေစဉ် စာအုပ်ထူကြီးများထဲတွင်ခေါင်းစိုက်ထားရသော မမကြီး၏ဘဝမျိုးကိုလည်း မနှစ်သက်။ အောင်ပြန်တော့လည်း အိမ်တွင်မနေရဘဲ ဆေးတိုက်နှင့်ဆေးရုံတွင်လည်နေသော ဖေဖေ့လိုလည်း မနေချင်။
“ကိုတူး ကြီးရင် ဖေဖေ့လို ဆရာဝန်လုပ်မှာလား”
"ဟင့်အင်း"
“ဒါဖြင့် ဗိုလ်ကြီးလား”
"ဟင့် အင်း”
"ဒါဖြင့် ဘာလုပ်မှာလဲ”
"စာရေးဆရာ”
"စူးမာကရော”
“ကိုတူး စာတွေကို လိုက်ပြီး လက်နှိပ်စက်နဲ့ရိုက်ပေးမယ့်သူ လုပ်မယ်”
"ကောင်းဗျာ၊ အတော်ထွန်းပေါက်မယ့် အလတ်နှစ်ကောင်ပါလား ခင်ရဲ့”
ဖေဖေသည် စိတ်ပျက်လက်ပျက်နှင့် မေမေ့ကို ပြောခဲ့သည်။ ဖေဖေ့အနေနှင့် သားသမီးအားလုံးကို ဆရာဝန်၊ စစ်ဗိုလ်၊ အင်ဂျင်နီယာ စသည်တို့သာ ဖြစ်စေလိုပုံရသည်။ စာရေးဆရာအဖြစ်ကား မြင်လိုဟန်မရှိချေ။ စာရေးဆရာ၏စာများကို လိုက်ပြီးရိုက်ပေးမည့် လက်နှိပ်စက်စာရေးမအဖြစ်ကား စိတ်ကူးကြည့်၍ပင် ရမည်မထင်။ အကယ်၍ ကိုတူးကသာ ဆရာဝန်လုပ်မည်ဆိုပါက စူးမာကလည်း သူနာပြုဆရာမလုပ်မည်ဟု ဖြေမည်ထင်သည်။ ကိုတူးက ကျောင်းဆရာလုပ်မည်ဆိုလည်း စူးမာက ကျောင်းဆရာမလုပ်မည်ဟု ဖြေဖြစ်မည်ပင်ဖြစ်၏။
“ကိုတူးရော လက်သည်းညှပ်ထားရဲ့လား”
"စူးမာနဲ့တူတူညှပ်တယ်”
“ခုရော ဘယ်မှာလဲ”
“ဝတ္ထုဖတ်နေတယ်”
“ကောင်းတယ်၊ စာတော့မကျက်နဲ့"
မမကြီးက အလိုမကျဟန်နှင့် ပြောသည်။ စူးမာနှင့်ကိုတူးတို့နှစ်ယောက် ခုတလော ခြေချုပ်မိနေသည်။ ဟိုတနေ့ကလို အဆွဲခံရဦးမည်ကိုကြောက်၍ ခြံထဲသို့လည်း ရဲရဲမဆင်းရဲကြချေ။ မန်ကျည်းပင်အောက်ကိုကား သီပင် မသီရဲကြ။ စူးမာသည် မမကြီးကို မော့်ကြည့်ရင်း မရဲတရဲ ပြောမိသည်။
“ကိုတူး စိတ်ကောက်နေတယ်”
“ဘာဖြစ်လို့”
“သူ့ကို အရူးကြီးသားလို့ ပြောလို့တဲ့ “
"သားသားကို စတာပဲဟယ်၊ သူကလဲတမှောင့်၊ ကလေးလဲ မဟုတ်ဘဲနဲ့"
" စူးမာဆိုရင်လဲ စိတ်ဆိုးမှာပဲ”
“နင်တို့ အလတ်နှစ်ယောက်ကတော့ အမြဲတမ်း တလေထဲထွက်တယ်၊ ကလေးမဟုတ် လူကြီးမဟုတ်နဲ့၊ အတော်ခွကျတယ်”
စူးမာသည် ဘာမျှဆက်မပြောမိတော့ဘဲ မှန်ပြတင်းမှတစ်ဆင့်မြင်ရသော တဖက်ခြံကို ငေးကြည့်နေမိလေသည်။ စိတ်ထဲတွင် သိပ်မကျေနပ်သော်လည်း မမကြီး စိတ်လက်ကြည်သာစွာနှင့် သူ့ဆံပင်ကိုဖြီးပေးနေစဉ်တွင် ကတောက်ကဆတ်မဖြစ်လိုသည့်အတွက် စကားစဖြတ်လိုက်သည်။
ဟိုဘက်ခြံတွင် လူတစ်ယောက်လမ်းလျှောက်နေသည်။ ကိုအောင်ကျော်နိုင်ဆိုသည့် လူပင်ဖြစ်သည်။ အပန်းပြေလမ်းလျှောက်ရင်း စူးမာတို့ခြံဘက်သို့လည်း မသိမသာ တစေ့တစောင်း ကြည့်နေလေသည်။
"မမကြီး၊ သူ့နာမည်က ကိုအောင်ကျော်နိုင်တဲ့နော်”
“ဘယ်သူ့နာမည်လဲ”
“ဟိုဘက်ခြံကလူလေ”
"ဪ အောင်ကျော်နိုင်တဲ့လား "
"မမကြီးတို့ အရွယ်လောက်ပဲနော်”
"မမကြီးတို့ ကျောင်းကပဲ၊ ဒါပေမဲ့ သူကအတန်းကြီးတယ်”
"မမကြီး သိလို့လား”
"ဟင့်အင်း မြင်ဖူးတာပါ”
မမကြီးသည် ခေါင်းကိုငဲ့ကာ တစ်ဖက်ခြံသို့ ကြည့်လေသည်။ ကိုအောင်ကျော်နိုင်ဆိုသည့်လူသည် မမကြီးလိုပင် ဆရာဝန်လောင်းဟုဆို၍ စူးမာ အတော်စိတ်ပျက်သွားသည်။ ဆရာဝန်အစစ်တွေ၊ ဆရာဝန်အလောင်းအလျာတွေ ပတ်လည်ဝိုင်းနေသောနေရာတွင် ကိုတူးလို စာရေးဆရာလောင်းကလေးသည်ကား ပို၍ပင် မျက်နှာငယ်ဖွယ်ရှိတော့သည်။
“ဟို လူကြီးရော သူတို့နဲ့တူတူနေမှာလား မသိဘူးနော်”
“ဘာဖြစ်လို့လဲ”
"ကြောက်လို့"
“ကြောက်စရာမလိုပါဘူး စူးမာရဲ့ ၊ သူက ယဉ်ယဉ်လေး စိတ်နောက်တာပဲ၊ အဲဒီနေ့က အကြောက်အကန်မရုန်းဘဲ အသာလိုက်သွားရင် မုန့်တွေတောင် တဝကြီးစားရဦးမယ်၊ သူ့သားလေးကိုစွဲလမ်းပြီး ရူးသွားရှာတာ၊ သနားစရာသိပ်ကောင်းတယ်”
"ဒီလိုဆိုရင် နောက်တစ်ခါ ကိုတူးကို လိုက်သွားခိုင်းဦးမယ်၊ စူးမာလဲလိုက်ပြီး မုန့်စားရအောင်လို့”
"တယ် သိတတ်တယ် ခွေးလေး"
မမကြီးသည် စူးမာကို မျက်စောင်းထိုးပြီးပြောသော်လည်း တစ်ဖက်ခြံသို့သာ မသိမသာကြည့်နေသည်။ ဆံပင်ဖားဖားကို စုစည်းထားရာ ခါးအထိရောက်သည်။ မမကြီးတို့ကျောင်းသူများထဲတွင် မမကြီးလောက်ဆံပင်ရှည်သူ ရှားမည်ထင်သည်။ ဆံပင်ပျော့ပျော့များနှင့် မမကြီး၏မျက်နှာသွယ်သွယ်လေးသည် ပနံရလှသည်။ မမကြီး၏မျက်လုံးများသည် စူးမာလောက် မဝိုင်းသော်လည်း မျက်တောင်များသည် မည်းနက်ပြီးရှည်လျားလှသည်။ တင်းပြည့်စိုပြည်သော နှုတ်ခမ်းတွင်လည်း ဆေးဆိုးလေ့မရှိသဖြင့် သဘာဝအနီရောင် ပြေးနေသည်။
“မမကြီး... စူးမာ အပျိုမဖြစ်သေးဘူးနော်”
"ဘာပြောတယ်”
“ဟိုလေ အပျိုဖြစ်ရင် ဓမ္မတာဆိုတာဖြစ်တယ်ဆို၊ ကေသွယ်မြင့်ပြောတယ်”
“ခွေးလေး အဲဒါ နင့်အရာလား၊ ခလေးပီပီနေတာမဟုတ်ဘူး၊ ဘာတွေစိတ်ကူးနေတာလဲ"
မမကြီးသည် စူးမာကို မျက်လုံးပြူးကြည့်ရင်း ခပ်ငေါက်ငေါက်ပြောလေသည်။ စူးမာသည် လျှာကလေးထုတ်ရင်း ခေါင်းပုသွားသည်။ မမကြီးကို အပျိုသဘာဝအကြောင်း ဆက်မေးလိုသော်လည်း မမေးရဲတော့ချေ။ မမကြီးအနေနှင့် စူးမာအား ကြိုတင်ပြောပြပြီး သွန်သင်ထားလျှင် ဟိုတစ်နေ့ကလို အသံကျယ်ကျယ်ကြီးနှင့် ကေသွယ်မြင့်အား ပြန်မေးဖြစ်မည်မဟုတ်ချေ။ တိုးတိုးတိတ်တိတ်နှင့်သာဆိုလျှင် အောင်တိုးဝင်လည်း ကြားမည်မဟုတ်၊ စူးမာလည်း အရှက်ကွဲမည် မဟုတ်ချေ။ ထိုသို့သာဆိုလျှင် စူးမာ၏ကွန်ပါဘူးကလေးလည်း ချိုင့်သွားရမည်မထင်။
ခုတော့ အောင်တိုးဝင်း နဖူးမာလှသောကြောင့် စူးမာ၏ဘူးကလေး တဖက်ချိုင့်သွားရှာသည်။ ထို့ပြင် အရိုက်လည်း ခံရသေးသည်။
စူးမာသည် မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း မမကြီးကို မရွံ့မရဲကြည့်နေသည်။ ကေသွယ်မြင့်တို့ကိုမူ မည်သူက ပြောပြ၍ သိလေသနည်းဟု စဉ်းစားရင်း ငြိမ်နေမိသည်။ မမကြီးကမူ မကျေမနပ် ဆက်ပြီး ဆူနေသေးသည်။
“မဟုတ်မဟပ် ပေါက်ပေါက်ရှာရှာဆိုရင် အင်မတန်သိချင်တယ်၊ သွား သွား၊ စာသွား ကျက်၊ စာကြိုးစားဖို့ကတော့ စိတ်မကူးဘူး၊ အလကား အပျင်းအိုးကလေး"
* * *
"စူးမာကို မမကြီးက အပျင်းအိုးကလေးတဲ့၊ စာမကျက်လို့တဲ့။ စူးမာက ခုမှခြောက်တန်း၊ မမကြီးက ဆေးတက္ကသိုလ်၊ မမကြီးလောက်စာကျက်ဖို့ မလိုဘူးဆိုတာ ပြောပေးပါနော် နော်”
စူးမာသည် စားပွဲပေါ်အရိုးခေါင်းဖြူဖြူကြီးကို တကယ့်လူလိုသဘောထားပြီး အတည်ပေါက်ပြောမိသည်။ ထိုအရိုးခေါင်းကြီးသည် စူးမာတို့ထက်ပိုပြီး မမကြီးနှင့် ရင်းနှီးလေသည်။ မမကြီး၏စာကြည့်စားပွဲပေါ်တွင် စာအုပ်ထူကြီးများနှင့်တန်းတူ နေရာတစ်နေရာကို ပိုင်ပိုင်ကြီး ယူထားသူ ဖြစ်လေသည်။
"သူက ယောက်ျားလား မိန်းမလား မသိဘူးနော်"
ကိုတူးကမူ ခေါင်းရိုးဖြူဖြူကို လက်နှင့်တောက်ကြည့်ရင်း တွေးတွေးဆဆ ပြောလေ့ရှိသည်။ မမကြီးကမူ မိန်းမခေါင်းရိုးထင်သည်ဟု ပြောဖူးလေသည်။ မျက်လုံးနေရာတွင် ဟောင်းလောင်းပေါက်လျက် သွားဖြဲပြနေဟန်ရှိသော အရိုးခေါင်းကို စူးမာတို့ မြင်စက ကြောက်သော်လည်း နောက်တော့ လုံးဝမကြောက်တော့ပေ။
“ဟိုဘက်ခြံက ဟိုရူးနေတဲ့လူကြီးရဲ့ သားလေး သေတုန်းက ခေါင်းရိုးအက်သွားတာတဲ့၊ သစ်ပင်ပေါ်က လိမ့်ကျပြီး ချက်ချင်းသေသွားတာတဲ့။ လူတစ်ကိုယ်လုံး ခေါင်းက အရေးကြီးဆုံးနော်၊ ငါထင်တယ်စူးမာ၊ လူရဲ့ အသက်ဆိုတာ ခေါင်းထဲမှာရှိတာဖြစ်ရမယ်"
"အံမယ် ဟုတ်ပါဘူး၊ ဗိုက်ထဲမှာရှိတာပါ။ ဗိုက်ကွဲရင် အဲ ဗိုက်ပေါက်ရင်လဲ သေတာပဲ”
“အေး ခေါင်းရောဗိုက်ရော အရေးကြီးတာပဲ။ ဒါပေမဲ့ ပိုအရေးကြီးတာက ခေါင်း"
“ဗိုက္ပါ”
“ခေါင်းပါ စူးမာရာ။ မယုံရင် ခေါင်းဖြတ်ကြည့်မယ်လေ။ သေမသေ လောင်းမလား”
"အင်း တယ်တတ်၊ ကိုတူးဗိုက်ကြီးကို ထက်ခြမ်းဖြတ်လိုက်မယ်လေ ကဲ”
“အေးလေ ထားပါတော့၊ ခေါင်းရော ဗိုက်ရော အတူတူ အရေးကြီးတယ် ထားပါတော့၊ ဒီထက်အရေးကြီးတာက ငါ့လွယ်အိတ်စုတ်ကြီး စုတ်နေတာ ကြာလှပြီ၊ နင်ချုပ်ပေးမလား စူးမာ"
ကိုတူးသည် ငြင်းရင်းခုန်ရင်းမှ စုတ်နေသောသူ့လွယ်အိတ်ကြီးကို သတိရသောအခါ ချက်ချင်းပင် စူးမာကို အလျှော့ပေးလိုက်လေသည်။ ကိုတူးမြှောက်ပြသော လွယ်အိတ်ကိုကြည့်ရင်း စူးမာမျက်နှာလေး ရှုံ့သွားသည်။ ထောင့်စွန်းမှနေပြီး စုတ်ကျနေသောလွယ်အိတ်ကြီးက လွန်လှသည်။ ဒီထက် ဆက်ပြီးပြဲလျှင် ပေတံနှင့်ဖောင်တိန်သာမက စာအုပ်များပါ ထွက်ကျကုန်လိမ့်မည် ထင်သည်။
"မေမေ့ကိုချုပ်ခိုင်းပါလား ကိုတူးရ"
“ချုပ်ခိုင်းပါတယ်ဟ၊ ငါခဏခဏပြောတာပဲ၊ မေမေက ဂရုမစိုက်ပါဘူး၊ အလတ်ဖြစ်ရတာ ဘယ်တော့မျှမကောင်းဘူး စူးမာရဲ့ ။ အမြဲတမ်းလပ်တာပဲ"
“မေမေက အလုပ်များတာကိုး ကိုတူးရာ”
“ဒါပေမဲ့ တာတီးလေးအတွက် အင်္ကျီတွေတော့ အမြဲချုပ်နေတာပဲ၊ ငါ့လွယ်အိတ်သွားပေးရင် ထားလိုက်ဦး၊ ပြီးရင်ချုပ်ပေးမယ်တဲ့၊ ဒါပေမဲ့ မေ့သွားတာချည်းပဲ၊ မေမေချုပ်ပေးတာသာ စောင့်နေရင် ငါတက္ကသိုလ်ရောက်တဲ့အထိ လွယ်အိတ်အပြဲကြီးနဲ့ ကျောင်းတက်နေရမှာ"
“ကိုတူးကလဲကွာ၊ ပေးပေး စူးမာချုပ်ပေးမယ်”
နှုတ်ခမ်းစူထားသောကိုတူးကိုကြည့်ရင်း စူမာရယ်မိသည်။ ရယ်နေစဉ်တွင်ပင် စိတ်ထဲ၌ အားငယ်နေသောဝေဒနာကို ခံစားနေလေသည်။ ဖေဖေလည်းအလုပ်များ၊ မေမေလည်းအလုပ်များ၊ မမကြီးလည်းအလုပ်များလှသော စူးမာတို့အိမ်ထောင်စုတွင် စူးမာနှင့်ကိုတူးတို့သည် ငေါင်စင်းစင်းကလေးဖြစ်နေကြသည်။
"တကယ်ဆိုရင် စူးမာတို့ ကလေးမှမဟုတ်တာ၊ လွယ်အိတ်ချုပ်တာကို ကိုယ့်ဟာကိုယ်ချုပ်တတ်ဖို့ ကောင်းပီပဲနော် ကိုတူးရာ၊ မေမေချုပ်ပေးဖို့မလိုပါဘူး၊ ကဲ စူးမာကို အပ်နဲ့အပ်ချည်ရှာပေး၊ ဒေါ်ကြီးသက်ဆီက သွားတောင်းလေ၊ မေမေ စက်နဲ့ချုပ်တာထက် ကောင်းအောင် စူးမာ စပါယ်ရှယ်ချုပ်ပေးမယ်”
"ကောင်းကောင်းချုပ်နော်"
ကိုတူးက စိတ်မချသလို ပြော၏။ ထို့နောက် အပ်ချည်ယူရန်အတွက် အခန်းထဲမှ အပြေးကလေးထွက်သွားလေသည်။ စူးမာသည် ကိုတူးထွက်သွားလျှင်သွားချင်း အခန်းထဲ၌ ပုန်းစရာနေရာရှာမိသည်။ ခုတင်အောက်၌ပုန်းလျှင် ဖုန်တွေမွှန်လှသည်။ ဖျာလိပ်ကြားထဲ၌ပုန်းလျှင်လည်း ချက်ချင်းတွေ့မည်ဖြစ်သည်။ ဗီရိုထဲဝင်ပုန်းသည်ကလည်း ရိုးလှချေပြီ။ မျက်မှောင်ကလေးကုတ်ကာ စဉ်းစားနေရင်းမှ ချက်ချင်းအကြံပေါ်ကာ အိမ်အောက်ထပ်သို့ ခြေဖော့ပြီး ခပ်သုတ်သုတ်ပြေးဆင်းခဲ့သည်။ မန်ကျည်းပင်ကြီး၏ပင်စည်ကို ကွယ်ပြီးထိုင်နေလျှင် ကိုတူး တော်တော်နှင့်ရှာတွေ့မည်မဟုတ်ချေ။ အိမ်ထဲတွင်သာ ချာလည်လှည့်ကာ ရှာနေမည်ဖြစ်လေသည်။
ကိုတူးကို တစ်ပတ်ရိုက်လွှတ်လိုက်ပြီး စူးမာတစ်ယောက် မကြာခဏပုန်းနေတတ်သည်။ ကိုတူးသည် မောနေအောင်ရှာရတတ်သည်။ တစ်ခါတစ်ရံလည်း စူးမာကို ဂရုလုံးဝမစိုက်တော့ဘဲ သူ့ဟာသူ လုပ်ချင်ရာလုပ်နေတော့သည်။ ရှာနိုး၊ တွေ့နိုးနှင့် ပုန်းနေရာမှ ညောင်းလွန်း၊ ပျင်းလွန်းသဖြင့် စူးမာ ပြန်ထွက်လာသောအခါတွင် ဝတ္ထုဖတ်နေသောကိုတူးသည် ပြုံးစေ့စေ့လုပ်နေတတ်သည်။
“စူးမာရေ"
ကိုတူး၏ခေါ်သံကို ကြားရသည်။ ဒီတစ်ခါတော့ သူ့လွယ်အိတ်ကို ချုပ်ရမည်ဖြစ်သောကြောင့် စူးမာကို မရမက ရှာတော့မည်ထင်သည်။ စူးမာသည် လက်ထဲတွင်ဆုပ်လာသော ပဲကြီးလှော်များကို တမြုံ့မြုံ့ဝါးရင်း တစ်ဦးတည်းပြုံးနေမိသည်။ ပဲကြီးလှော်ဝါးရင်း ရေငတ်လာမည်ကို တွေးရင်း စိုးရိမ်မိသေးသည်။
"ခွေးစူးမာ နင်ဘယ်မှာပုန်းနေလဲ”
ကိုတူး စိတ်တိုလာပြီထင်သည်။ စူးမာသည် ပင်စည်ကို ကျောနှင့်ကပ်ကာ အိမ်ဘက်သို့ချောင်းကြည့်ရင်း ရယ်ချင်နေသည်။ ထမင်းစားခန်းရှိ တဖျတ်ဖျတ်လွင့်နေသော ခန်းဆီးပြာပြာလေးများကြားထဲမှ မေမေ့အရိပ်ကို တွေ့ရသည်။ မေမေရှိရာအရပ်တွင် တာတီးလေးလည်းရှိမည် ဖြစ်သည်။
"စူးမာနော်၊ မေမေက ငါတို့နှစ်ယောက်ဖို့ ကိတ်မုန့်နှစ်ချပ်ပေးထားတယ်၊ နင်မလာရင် ငါစားပစ်မှာပဲ”
စူးမာကို ရည်ရွယ်ပြီး အော်ပြောလိုက်သော ကိုတူး၏အသံကို ကြားရသည်။ စူးမာ မျက်လုံးလေးပြူးသွားသည်။ မေမေ့ကိုလည်း ထမင်းစားခန်းထဲတွင်တွေ့ရသောကြောင့် ကိုတူးပြောသည်မှာ ဖြစ်နိုင်သည်။ စူးမာခမျာ ကိုယ့်အတတ်နှင့်ကိုယ်စူးပြီး မုန့်ငတ်ချေတော့မည်ထင်သည်။
"တူ "
တစ်ချိန်လုံးငြိမ်ကုပ်နေသော စူးမာသည် ကမန်းကတန်း အသံပေးလိုက်သည်။ ကိုတူးသည် အိမ်ထဲမှပြေးထွက်လာသည်။ ဟိုဟိုဒီဒီကြည့်ပြီး မန်ကျည်းပင်ကြီးအောက်သို့ တန်းပြီးလျှောက်လာသည်။ သူ့လက်ထဲတွင် လွယ်အိတ်ပြာပြာကို တွေ့ရသည်။ စူးမာအသံထွက်လာစေရန်အတွက် မုန့်မရှိဘဲနှင့် ညာပြောခြင်းလည်းဖြစ်နိုင်သည်။
“ခွေးစူးမာ ဝက်စူးမာ နင်က ဒီမှာကိုး"
ပြုံးကျဲကျဲလေး ငုတ်တုတ်ထိုင်နေသော စူးမာအား ကိုတူးက ဒေါကလေးနှင့် ကြိမ်းလိုက်သည်။ နောက်ဘက်တွင်ဝှက်ထားသော လက်ထဲမှ ကိတ်မုန့်ကို လှမ်းပေးသည်။
“ဟွန်း သနားလို့၊ ငါက စားပစ်တော့မလို့”
"အမယ် သူ့လွယ်အိတ်ကြီးချုပ်မပေးမှာစိုးလို့များ ဟင်း”
“နင် သိပ်မကြီးကျယ်နဲ့နော်၊ ငါ့ဟာငါချုပ်ရင်ရပါတယ်၊ ဒီလွယ်အိတ်ချုပ်ပေးမယ့်အရေး မျက်နှာငယ်လိုက်တာလွန်ရော၊ ဘယ်သူမျှ ချုပ်မပေးကြဘူး"
"အာကွာ ကိုတူးကလဲ၊ စူးမာက စတာပါ၊ ပေးပါ ချုပ်ပေးမှာပေါ့၊ ကောင်းကောင်းလေး ချုပ်ပေးမှာပါ၊ နေဦး ခဏ မုန့်မြန်မြန်စားလိုက်ဦးမယ်၊ အင် မုန့်ကြီးကလဲ နင်လိုက်တာ၊ အပ်နဲ့အပ်ချည်ရော ပေးလေ”
စူးမာသည် ကိုတူးဆီမှ အပ်နှင့်အပ်ချည်ကို အမြန်တောင်းလိုက်သည်။ ကိုတူး စိတ်ဆိုးချင်နေပြီဖြစ်၍ စူးမာ ပြန်ပြီးလျှော့ရသည်။ တော်ကြာ စိတ်ဆိုးပြီးမခေါ်လျှင် ခက်ချေမည်။ ကိုတူးနှင့်စူးမာတို့ တစ်ဦးနှင့်တစ်ဦး မခေါ်ကြလျှင် နှစ်ဦးလုံး ပျင်းခြောက်ပြီး အလွန်အနေခက်လှချေသည်။
အပ်နှင့်အပ်ချည်ကိုကြည့်ပြီး စူးမာစိတ်ညစ်သွားသည်။ အပ်သည် သေးသေးသွယ်သွယ်နှင့် အသေးလေးဖြစ်သည်။ အပ်ပေါက်ကလေးသည် မျှင်မျှင်လေးဖြစ်သည်။ အပ်ချည်ကြိုးသည်ကား အလုံးပွကာ တုတ်လှချေသည်။ ဆတ်ခနဲဆွဲလိုက်လျှင် ဖျတ်ခနဲပြတ်တော့သည်။ ဘယ်ခေတ် ဘယ်ကာလက အပ်ချည်အဆွေးကြီးများလည်းမသိ၊ ဘိုးတော်ဦးဝိုင်း လက်ထက်ကတည်းက မသုံးဖြစ်ဘဲကျန်နေသောအပ်ချည်ကို ဒေါ်ကြီးသက်တစ်ယောက် သူ့အဖိုးဆီမှ အမွေရထားသည်ထင်ရလေသည်။
“ကိုတူး အပ်ပေါက်ကလဲ မှန်ဘီလူးနဲ့ကြည့်ရမယ်၊ အပ်ချည်ကြိုးကြီးကတော့ ပွပွကြီး၊ ကဲ ဘယ်လိုလုပ်အပ်ပေါက်ထိုးရမှာလဲ၊ မဝင်ဘူး ကိုတူးရ"
“သံကြိုးတံဆိပ်အပ်ချည် မဟုတ်ဘူးထင်တယ်နော်”
"ဒါကြီးလား သံကြိုးတံဆိပ်၊ ဟုတ်ပါလိမ့်မယ် အားကြီး”
စူးမာသည် အပ်ချည်အဖျားကို သေးမျှင်သွားစေရန် တံတွေးဆွတ်ပြီး လက်နှင့်ဆွဲနေရသည်။ လက်နှင့်အဆွဲလွန်ပါကလည်း ဖျတ်ခနဲ ပြတ်သွားလေတော့သည်။
"ပေးစမ်း ပေးစမ်း၊ ငါထိုးကြည့်ဦးမယ်”
ကိုတူးသည် စိတ်မရှည်ဟန်နှင့် တစ်လှည့်ပြန်တောင်းသည်။ အပ်ချောင်းလေးကို နေရောင်တွင် မျက်စိတစ်ဖက်မှိတ်ကာ ထောင်ကြည့်ရင်း အပ်ချည်တုတ်တုတ်ကိုသွင်းရန် ကြိုးစားနေသောကိုတူးသည် တဖြည်းဖြည်း မျက်မှောင်ကြီးကုတ်လာသည်။ အပ်ချည်သည် အပ်ပေါက်ထဲသို့မဝင်ဘဲ တစ်ခံနေသည့်အတွက်ကြောင့်ဖြစ်ရ၏။
“ကိုတူးရေ ... ခုနေ ဟိုစိတ်နောက်နေတဲ့လူကြီးလာရင် ဘယ့်နှယ်လုပ်မလဲ”
“အေးဟ၊ လာနေဦးမလားမသိ၊ ဒါပေမယ့် မေမေကပြောတယ်၊ သူ့ကို ကောင်းကောင်းမွန်မွန်ပြောပြီး အလိုက်သင့်ဆက်ဆံပါတဲ့။ သနားစရာကောင်းတယ်တဲ့”
"စူးမာတော့ နဲနဲကြောက်တယ်”
“ငါက ပိုကြောက်သေး"
ကိုတူးသည် ပခုံးလေးကျုံ့ကာ ပြောသည်။ စူးမာသည် မန်ကျည်းပင်စည်ကိုမှီရင်း အပေါ်ဘက်သို့ မော့ကြည့်လိုက်သည်။ ခက်လက်ဝေဖြာသော မန်ကျည်းရွက်စိပ်စိပ်လေးများကြားထဲမှ ကောင်းကင်ပြာပြာကို ကွက်တိကွက်ကျား မြင်နေရသည်။ မန်ကျည်းရွက်စိမ်းရင့်ရင့်များအကြားတွင် မန်ကျည်းပွင့်ဖြူဝါဝါလေးများသည် ခပ်ငိုက်ငိုက်လေး ပွင့်နေကြသည်။ ခေါင်းလေးစိုက်ပြီး စူးမာတို့အား ငုံ့ကြည့်နေဟန် ရှိလေသည်။
"မမကြီးကပြောတယ်၊ သူ့နောက်ကို ကောင်းကောင်းလိုက်သွားရင် မုန့်တွေတောင်စားရဦးမယ်တဲ့၊ ဒီတစ်ခါ သူလာခေါ်ရင် ကိုတူးလိုက်သွား သိလား၊ စူးမာလဲလိုက်ခဲ့မယ်"
“ဘာလုပ်ဖို့"
"အို မုန့်စားရတာပေါ့ “
"စငတ်ကလေး၊ နင် အဲဒါပဲတွေးနေ"
ကိုတူးသည် အပ်ချည်လုံးကို စိတ်ပျက်လက်ပျက် ပစ်ချလိုက်ပြီး မကျေနပ်သလိုပြောသည်။ စူးမာသည် အသံလေးထွက်အောင်ရယ်ရင်းမှ ကိုတူးအား လျှာလေးထုတ်ပြလိုက်သည်။ ကိုတူးသည် ငယ်စဉ်ကတည်းက စူးမာလောက် အစားမမက်လှချေ။ စူးမာသည် မိန်းကလေးပင်ဖြစ်သော်လည်း ကိုတူးထက် များစွာပိုပြီး အစားကိုခုံမင်သည်။ ကိုတူးက မာနကြီးသည်။ မောင်နှမချင်းပင်ဖြစ်သော်လည်း စူးမာဝယ်လာလေ့ရှိသော ဆီးငန်စေ့ကိုပင် မပေးဘဲယူစားလေ့မရှိ။ စေတနာကို အလေးပြုလွန်းသည်။
ထမင်းအတူတူချင်းစားကြရင်း မေမေဟင်းထည့်ပေးလျှင်လည်း နည်းသည် များသည် ကြေးမများဘဲ ငုံ့စားလေ့ရှိလေသည်။ စူးမာကမူ မရ၊ စူးမာပန်းကန်ထဲ အရိုးတုံးပါလာလျှင်လည်း ချက်ချင်းဆနြ္ဒပသည်။ တာတီးလေး ပန်းကန်ထဲ အသည်းဖတ်ပါသွားလျှင် စူးမာက အသံပြဲကြီးနှင့် အော်တော့သည်သာ ဖြစ်သည်။ ကိုတူးကမူ အရိုးချည့်ပါလာဟင်းကို ဘာမျှ စောဒကမတက်ဘဲ ငြိမ်သက်စွာ စားသွားတတ်သည်။ သို့သော်လည်း သူ့မျက်လုံးများက ညှိုးငယ်သွားတတ်လေသည်။
“အံမာ စငတ်ဆိုတာ နာမည်သာဆိုးတာ စားသာတယ်ကိုတူးရ၊ ဟဲ ဟဲ ဟက် ဟော ဟော လာ လာ နေပြီ"
စူးမာသည် ပြောင်ချော်ချော်လေးပြောနေရင်းမှ မျက်လုံးပြူးသွားသည်။ ကိုတူး၏နောက်ဘက်မှ ချဉ်းကပ်သူကိုကြည့်ပြီး နှလုံးသွေးက တဒိန်းဒိန်းခုန်လာလေသည်။
“သားရေ ... ပါပါ့သား”
“ဟောဗျ"
ကိုတူးသည် ပါးစပ်ကလေးအဟောင်းသားဖြစ်သွားသည်။ သူ့ပခုံးကို တင်းတင်းကြီး ဖက်လာသူအား မျက်လုံးအကြောင်သားနှင့်ကြည့်နေပြီးမှ မချိသွားဖြဲလေး ရယ်ပြသည်။
"ကိုငယ်လေး”
"ခင် ခင်ဗျာ”
"ဟာ သားလေး ပါပါ့ကို မှတ်မိပြီလား”
"ဟုတ် ဟုတ်ကဲ့"
ကိုတူးသည် စူးမာကို အကူအညီတောင်းဟန်နှင့်လှမ်းကြည့်ပြီး ယောင်ချာချာပြောလေသည်။ စူးမာသည် ဘာဝင်ပြောရမည်မသိသည့်အတွက် သူ့လက်ထဲမှလွယ်အိတ်ကို ခပ်တင်းတင်းလေး ဆုပ်ကိုင်ရင်း အငေးသားကြည့်နေမိလေသည်။
ကိုတူး၏ပခုံးကိုဖက်ထားသော လူကြီးသည် ဝမ်းမြောက်ရွှင်လန်းစွာ ရယ်မောလိုက်သည်။ မှုန်ဝေသောမျက်လုံးများသည်လည်း အရောင်လဲ့လဲ့ရွှန်းကာ နူးညံ့လာသည်။
“သားလေးရယ် ကြည့်စမ်း၊ ပါပါ့ကို နှိပ်စက်လိုက်တာ ပါပါ့ကို တစ်ယောက်ထဲထားခဲ့ပြီး ထွက်လဲသွားသေးတယ်၊ တွေ့ပြန်တော့လဲ မမှတ်မိပြန်ဘူး၊ ပါပါစိတ်ပူလိုက်တာကွယ်။ သားလေး စိတ်မှနှံ့သေးရဲ့ လား၊ ရူးများနေပြီလားလို့ ဘုရားဘုရား၊ ခုမှ စိတ်အေးတော့တယ်”
“ခင်ဗျာ”
“သားငယ်ကလဲ ကိုယ့်အဖေတစ်ယောက်လုံးကို မမှတ်မိဘူးဆိုတော့ ပါပါစိတ်ပူတာပေါ့ကွယ်၊ တော်သေးရဲ့ ၊ ဘုရားတန်ခိုးကြောင့် သားလေး သတိလည်လာပြီ၊ လာလေ သားရယ်၊ သွားကြစို့”
“ဘယ်ကို လဲ ခင် ဗျ"
“အိမ်ကိုပေါ့ သားရယ်၊ သူက သားသူငယ်ချင်းလား၊ ခေါ်ချင်ခေါ်ခဲ့ပေါ့ကွယ်”
“သူက ကျွန်တော့်ညီမ၊ အဲ အဲ သူ ငယ်ချင်း"
ကိုတူးသည် အထစ်ထစ်အငေါ့ငေါ့ပြောရင်း စူးမာကို လှမ်းကြည့်သည်။ စူးမာသည် အကောင်းစင်စစ်က အရူးဘဝရောက်နေသော ကိုတူးအားကြည့်ရင်း ကြောက်စိတ်များပျောက်ကာ ပြုံးစပ်စပ်ဖြစ်လာသည်။ ကိုတူးကို ဆွဲခေါ်ဦးမည် စိုးရိမ်မိသောကြောင့် ကိုတူး၏လက်တစ်ဖက်ကိုမူ ခပ်တင်းတင်းလေး လှမ်းပြီးဆုပ်ထားမိလေသည်။ ဟိုတစ်ခါတုန်းကလို အတင်းဆွဲခေါ်ဦးမည်ဆိုက စူးမာ ဘာလုပ်ရမည်မသိ။ ခြေကန်ပြီး လွန်ဆွဲသလိုပြန်ဆွဲလို့လည်း ဖြစ်တော့မည်မထင်။ အသာတကြည်လိုက်သွားရအောင်ကလည်း ပြန်မလွှတ်ဘဲ အပြီးဖမ်းထားလျှင် အခက်ဟူသော စိုးရိမ်စိတ်နှင့် မရွံ့မရဲဖြစ်နေသည်။
“ကျွန် ကျွန်တော် မအားသေးဘူးခင်ဗျာ၊ နောက်တစ်ခါမှ လိုက်တော့မယ်နော် ဦး အဲ ပါပါရယ်၊ အခု လွယ်အိတ်ပြဲနေလို့ ချုပ်ရဦးမယ်”
“ဪ ကြည့်စမ်း၊ လွယ်အိတ်ကြီးကလဲ ပြဲနေလိုက်တာ၊ ငါ့သားကို ဘယ်သူမှ ချုပ်မပေးကြဘူးလား၊ ပေး ပေး ပါပါချုပ်ပေးမှာပေါ့၊ အိုး အပ်ချည်ကလဲ အဆွေးကြီး၊ နေဦး ပါပါ အကောင်းသွားယူဦးမယ်”
လူကြီးသည် ကိုတူးကို ဆွဲခေါ်ရန် မေ့သွားလေသည်။ လွယ်အိတ်ပြဲကိုကြည့်ရင်း စိတ်မကောင်းသလို ပြာပြာသလဲဖြစ်နေသော သူ့ဟန်ကို ကိုတူးသည် အငေးသားကြည့်နေလေသည်။ အိမ်ဘက်သို့ အပြေးကလေးပြန်ထွက်သွားပြီး ခဏချင်းပင် ကဆုန်ချပြီး ပြန်ပြေးလာသည်။ သူ့လက်ထဲတွင် အပ်နှင့်အပ်ချည်အသစ်ကို ဘူးလိုက်ယူလာသည်။ ကိုတူး၏လွယ်အိတ်ကအပြာဖြစ်၍ အပ်ချည်အပြာများလည်း အနုအရင့်ရောင်စုံ သယ်ခဲ့သည်။
“သားလေးက ဘာလို့ ဒီလောက်ပြဲနေတဲ့အထိ မပြောဘဲနေရတာလဲ၊ ပါပါ့ကိုပြောရင် ပါပါအစောကြီးကတည်းက ချုပ်ပေးမှာပေါ့”
ကိုတူးကိုဆွဲခေါ်ရန် လုံးဝသတိမရတော့ပဲ လွယ်အိတ်အပြဲကို ဂရုတစိုက်ချုပ်နေသောလူကြီးကိုကြည့်ရင်း စူးမာစိတ်ထဲတွင် ကြောက်စိတ်များ လွင့်စဉ်ကုန်သည်။ ကြမ်းတမ်းသောအမူအရာ လုံးဝမရှိဘဲ နူးညံ့သောဟန်၊ ကြင်နာသောအမူအရာနှင့်မို့ စိတ်မနှံ့သူတစ်ဦးနှင့်ပင် လုံးဝမတူချေ။ သားငယ်ကို ချစ်ခင်ဂရုစိုက်ကာ ကြင်နာအလိုလိုက်သော ဖခင်တစ်ဦးကဲ့သို့ပင် ထင်မှတ်ရလေသည်။ တောင့်တောင့်တင်းတင်းဖြစ်ကာ အသက်ရှူကျပ်နေဟန်ရှိသော ကိုတူးသည်လည်း စိတ်သက်သာသွားပြီထင်သည်။ စကားတပြောပြောနှင့်ချုပ်နေသော အပ်သွားစိပ်စိပ်လေးများကို ငေးကြည့်ရင်း ခပ်ရိပ်ရိပ်လေး ပြုံးနေသည်။ ထို့နောက် စူးမာကို တိုးတိုးလေး လှမ်းပြောလေသည်။
“ဘာပဲပြောပြော မေမေ ဂရုမစိုက်တဲ့ ငါ့လွယ်အိတ်ပြဲလေးတော့ ချုပ်လို့ပြီးတော့မယ်”
မည်သို့ပင်ဆိုစေ ထိုနေ့ထိုရက်မှစ၍ စူးမာတို့နှစ်အိမ်ထောင်ချစ်ကြည်ရေးလမ်း စခဲ့လေသည်။
ဘဘသွင်ကို စူးမာတို့ လုံးဝမကြောက်တော့။ ထို့ပြင် ကြီးကြီးလှနှင့်သော်လည်းကောင်း၊ ကိုကိုအောင်နှင့်သော်လည်းကောင်း တစထက်တစ ရင်းနှီးခဲ့ကြရသည်။ စူးမာနှင့် ကိုတူးတို့အတွက် စားအိမ်တစ်အိမ် တိုးခဲ့သည်။
ဆက်ရန်
-------------------------
#မစန္ဒာ
Comments