အခဏ်း။ ၁၂ ။
ပေါင်ဒါလိမ်းတယ်၊ သီချင်းဆိုတယ်၊ မိန်းမပိုးတယ်။
စာမေးပွဲ အောင်စာရင်းများ ထွက်လာလေ၏။ “မှန်းချက်နှင့် နှမ်းထွက်မကွာ” သည့်အတိုင်း ထွန်းရှိန်မှာ သုံးဘာသာတွင် ဂုဏ်ထူးရ၍အောင်လေ၏။ တက္ကသိုလ်ဝင်ခွင့် ရသူများတွင်လည်း ထွန်းရှိန်ပါလေ၏။ ကံကား မလိုတမာ နိုင်လှချေ၏။ ထွန်းရှိန်နှင့်တန်းတူ မွဲသူတွေတွင် တက္ကသိုလ်ဝင်ခွင့်ရသူသာများ၏။ အောင်တင်တို့ ဖေဝင်းတို့လို ဥစ္စာပစ္စည်းတောင့်တင်းသူများကား ဝင်ခွင့်မရကြ။ “ရှင်းရှင်းလင်းလင်းရှိသွားအောင် မွဲတဲ့လူ တက္ကသိုလ်မလာရလို့ ဥပဒေထားပါတော့လား” ဟု စာမေးပွဲအောင်သူတွေက တွေးစမှတ်ထားကြ၏။
ထွန်းရှိန်က အစကတည်းက မနေနိုင်ဟု သိပြီးဖြစ်၍ မနေနိုင်သည် မှန်သောအခါလည်း သိပ်အံ့ဩဝမ်းနည်းခြင်း မရှိလှ။ ဂေဇက်ကို တခေါက်လောက် လျှောက်ဘတ်ပြီး နောက်ထပ်မကြည့်တော့၊ မိမိနာမည်၌ မှတ်လိုက်သော ခရေပွင့်ကား အကြောင်းမထူးတော့ပြီ။ မိမိအောင်မည်ကို ကြိုတင် သိနေနှင့်ရကား ရှေ့ရေးကိုလည်း အတော်တွေးပြီးဖြစ်၏။ မိမိမှာ မဟုတ်မခံချင်စိတ်က ရှိနေ၊ အမျိုးသားစိတ်ကလေးကရှိနေ၊ လွတ်လပ်ချင်စိတ်ကရှိနေသဖြင့် ရုံးပြင်ကန္နားသို့ မကပ်လို။ မနှစ်မြို့သော စာရေးအလုပ်အတွက် ချွေးတစက်မှ မထွက်စေလို။ ဘိနပ်တတိုမှ မပွန်းစေလို။ ပြိုင်တူလုနေကြသည့် အလုပ်လက်မဲ့ ပညာတတ်ကလေးတွေကို တဒေါင်နှင့်တွက်ပြီး စာရေးဘောင်သို့ မဝင်လှလို။
ထို့ကြောင့် ငွေရင်းကလေး အနည်းငယ်ဖြင့် ဆိုင်ငယ်ကလေး စတည်လို၏။ ဆိုင်တည်ခင်းရောင်းချပါက မိမိမှာ အရင်းများစွာ မတတ်နိုင်။ ကုန်ဝယ်ထားဘို့ကလည်း ခက်ခဲ၏။ သို့သော် ဖြစ်နိုင်သောအကြောင်းတခုရှိ၏။ မစောညွန့်ထံမှ လဘက်ခြောက်၊ ကွမ်းသီး၊ ငပိ၊ ငရံ့ခြောက် စသောကုန်များကို ယူ၍ ရောင်းနိုင်ပေလိမ့်မည်။ ပြည်မြို့ ဆင်ခြေဖုံးတောနယ်မှ ထွက်သော သစ်သီးသစ်နှံကလေးများကို မိဘများထံမှတဆင့်သော်လည်းကောင်း၊ မိတ်ဆွေများထံမှသော်လည်းကောင်း အကြွေးရနိုင်ပေလိမ့်မည်။ နတ်မောက်ဘက်ဆီမှ ဆောင်းခါတွင် ကော်ဖီထုပ်၊ ကော်ဖီပွင့်၊ မုံလာဥ၊ မုံညင်းရွက်၊ ခရမ်းချဉ်သီး စသော ဟင်းသီးဟင်းရွက်များကို ရနိုင်ပေမည်။ သူ့သူငယ်ချင်းတယောက်၏အဖေသည် ဥယျာဉ်ပိုင်ရှိသည်။ သူ့သူငယ်ချင်း၏ဘခင်မှာ ထွန်းရှိန်ကို များစွာ ချစ်ခင်နေလေသည်။ သို့ကြောင့် နတ်မောက်ကုန်များကိုလည်း ထွန်းရှိန် ကူးမည်ဟု စိတ်ကူးမိသည်။ ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်များကိုလည်း ဝက်ထီးကန်က ဦးဘိုးဘထံမှ ရနိုင်ပေမည်။ ဦးဘိုးဘမှာ ရှေးက ထွန်းရှိန်တို့ကျောင်းတွင် ပြာတာလုပ်နေသည်။ နောက် ငွေစုမိပြီး မိမိရွာသို့ပြန်ခါ ဥယျာဉ်လုပ်နေလေသည်။ ပြည်မြို့အနီး နာမည်ကြီးနေသော ဦးဘိုးခင်ခြံမှ အသီးအနှံများကိုလည်း ရနိုင်လေသည်။ ၄မိဘများနှင့် ဦးဘိုးခင် ခြံပိုင်များသည် များစွာ သင့်မြတ်ကြသည်။ ထို့ကြောင့် သူ့ဆိုင်ရှေ့တွင် လိမ္မော်၊ ရှောက်ပန်း၊ ကျွဲဂေါသီး၊ သံပုရာ၊ ရှောက်သီးများကို ပုံထားသည်ကိုလည်း ထွန်းရှိန် မြင်ယောင်ယောင် ရှိလှလေသည်။
ထွန်းရှိန်သည် မိမိအကြံကို အကြိမ်ကြိမ် စစ်ဆေး၏။ စစ်ဆေးပြီးတိုင်း ပြီးတိုင်း အမှတ်ပို၍ပေးလို၏။ စာမေးပွဲဂေဇက်ထွက်ပြီး ၂- ရက်မျှကြာသော် မစောညွန့်ထံ သွားလေ၏။
“အောင်မယ် ... လာမှ လာပေသေးကွယ်။ တနေ့က ဓမ္မကထိကဆရာတော်တွေ ဆွမ်းကျွေးတုန်းက မင့်အခေါ်လွှတ်ထာတောင် မလာဘူး။ ဘာဖြစ်နေတုန်း” ဟု မစောညွန့်က ဆီးမေး၏။
“မလာချင်လို့ဘဲ။ ခင်ဗျာ့ဓမ္မကထိကတွေကြည့်ရတာ မျက်စိစပါးမွေးစူးလွန်းလို့” ဟု ပြောပြီး ဖျာပေါ်တွင် ထိုင်လေ၏။
မစောညွန့်က လဘက်ရည်အဖန်ထည့်ပေးရင်း
“ဟဲ့ကောင်လေး ဂိုဏ်းသင့်ကုန်ပါလိမ့်မယ်။ မတော်တရော်တွေ လျှောက်ပြောနေပြန်ပြီ” ဟု ဆိုလေ၏။
“အို ... ဟုတ်တာပြောတာဘဲ။ ဟုတ်တာပြောလို့ ဂိုဏ်းသင့်ပြီး ငရဲကျပေစေ။ ကျွန်တော် မကြောက်ဘူး။ ကြည့်ပါလား ဘုန်းကြီးတန်မဲ့ .. ပေါင်ဒါတွေလူးလို့”
“ဟဲ့ကောင်လေး မဟုတ်ပါဘူး။ နဂိုရ်ကကို အသားဖြူလို့ပါကွယ်။ ကြံကြီးစည်ရာ ပြောတော့မယ်”
“ဟုတ်ရုံမကဘူး ပေါင်ဒါလိမ်းတယ်၊ သီချင်းဆိုတယ်၊ မိန်းမပိုးတယ်၊ မျက်နှာရူးတယ်။ ပေါင်ဒါလိမ်းဒါကတော့ ရိုးနေပါပြီ၊ ဘုန်းကြီးတွေ ... ဓမ္မကထိကတွေ လူးတာ ဘာဟုတ်သေးလဲ။ ဒေါက်တာဘမော်ရော ဂဠုန်ဦးစောရော အကုန်လုံး ပေါင်ဒါလူးနေကြတာဘဲ။ သို့ပေမဲ့ ဘုန်းကြီးတွေကတော့ မာလာဂန္ဓ ဝိလေပန ဆိုတဲ့ပုဒ်တွေ နေ့စဉ်သုံးပြီး ပေါင်ဒါတို့ အလှဆီတို့ လိမ်းဒါဟာ သီလကျိုးနေဒါပေါ့၊ မျက်နှာကလဲ ရူးလိုက်တဲ့ ကိုယ်တော်တွေ။ သူတို့မျက်လုံးကလဲ သံလိုက်ဓါတ်မိနေသလိုဘဲ။ ဟိုရှေ့နားက အပျိုတွေဆီမှာချည့် စိုက်နေတယ်။ တရားတွေ ဂါထာတွေကို သီချင်းလို လုပ်ဆိုနေတော့ ဂါထာပေး တေးဖြစ်ဆိုတဲ့ စကား အခုမှဘဲ ထင်ထင်ရှားရှား သက်သေသက္ကာယနှင့် မှန်နေတယ်၊ သာယာနာပျော်ဘွယ်ရှိအောင် လူအများ တရားနာချင်အောင် 'ပျားရည်နှင့် ဝမ်းချူ' ဆိုတာလို လူ့အကြိုက်ကို လိုက်ဟောတယ်လို့ ဆင်ခြေပေးချင် ပေးချင်ကြမယ်။ ဟုတ်ပါတယ် တော်ရုံတန်ရုံဂါထာကို ဂါထာလို ရွတ်၊ ဘုရားရှိခိုးကို ဘုရားရှိခိုးလို သာသာယာယာ ကြူးရင့်ကြရင် နားထောင်လို့ကောင်းပြီး စိတ်ဝင်စားကြမှာပေါ့။ ခုတော့ လိုတာထက်ပိုပြီး ဆွဲလိုက် ငင်လိုက်။ ဘိုးစိန်လေ၊ အောင်မောင်းလေ၊ ရတနာမြစ်လေတွေနှင့်ဆိုတော့ တရားနာရင်း တရားထဲမှာ စိတ်မဝင်တော့ဘဲနှင့် တောမြိုင်လယ်ဆိုသံ ကြားသလိုလို၊ မဲဇာတောင်ခြေသံ ကြားရသလိုလို နေတာဘဲ၊ စိတ်ဟာလဲ ဂီတတွေဆီကို ပြေးတော့တာဘဲ၊ တရားထဲ စိတ် ဘယ်ဝင်နိုင်မလဲ။ ဘုန်းကြီးဟောပြီးတော့လဲ သီချင်းသံတွေ ကြားနေရပြီး ပွဲကြည့်ချင်တဲ့စိတ်၊ ဓါတ်စက်ဖွင့်ပြီး နားထောင်ချင်တဲ့စိတ်တွေသာ ပေါ်ပေါက်နေတယ်။ တရားနှင့် ကြာလေ ဝေးလေပေါ့။ ပြီးတော့ ....."
“တော်ပါတော့ကွယ်၊ မင်းအတွေးနှင့် ပြောနေတာတွေပါ၊ တို့တော့ သိပ်သဘောကျတာဘဲ။ သူတို့ဟောတာမျိုးမှ နားဝင်တယ်၊ နားထဲ ဆုပ်သွင်းလိုက်တာလိုဘဲ။ ဒါကြောင့် ဒီလိုတရားဟောတတ်တဲ့ ပုဂ္ဂိုလ်တွေကို သဒ္ဓါလွန်းလို့ ဟော .. တနေ့က ဆွမ်းကျွေးတယ်၊ သင်္ကန်းလှူတယ်၊ ငွေလေးငါးဆယ်ကုန် လှူပစ်လိုက်တယ်၊ မင့်ကိုမြင်ရအောင် ခေါ် တာ မလာဘူး” ဟု ပြောပြီး လဘက်ရည်အဖန်ကို သောက်နေပြန်သေး၏။
“မလာမိတာဘဲ ကောင်းပါတယ်၊ တော်တော်ကြာ ကျွန်တော်က ကို့ရို့ကားယားတွေလျှောက်၊ သူတို့က မဖြေနိုင်၊ အရှက်တော်ရပြီး အမျက်တော်ပွမှာဘဲ။ နို့ သဒ္ဓါရင် ဘာလို့ သင်္ကန်းသာလှူသလဲ။ သူရဖေါင်းသေတ္တာကြီးတွေ၊ ကြေးကုတင်ကြီးတွေ၊ ခြင်ထောင်ကြီးတွေ၊ ကူရှင်တတောင်လောက်နှင့် ကုလားထိုင်ကြီးတွေ လှူပါလား။ ပြီးတော့ ........ အဲဒီဟာတွေပေါ်မှာ ပြည်မြို့က သူဌေးမ ဒေါ်စောညွန့်ကောင်းမှုလို့ ရေးထားနိုင်တာပေါ့”
“တော်တော့ ..... တော်တော့၊ မင်းပြောမြှဖင့် ဘောက်ချည်းဘဲ”
“ဘောက်မဟုတ်ဘူး ... ။ အခုကာလ လုပ်နေကြပုံတွေ ပြောတာ၊ လှူလိုက်ကြတာ .... အကျိုးတပြားဘိုးလောက်မျှ မရှိတဲ့နည်းတွေနှင့် လှူနေကြတယ်။ ဒီဒါနမျိုးတွေကြောင့် ဗမာတွေ မွဲကုန်ကြတာ” ဟု ပြောပြီး လဘက်ရည်ပန်းကန်ကို အသံမြည်သွားအောင် ချလိုက်လေ၏။
“အေးလေ ... မင်းသာ မလှူနဲ့၊ မလှူခဲ့လို့မွဲ ... မွဲလို့မလှူ .. သာမွဲပေါ့” ဟုပြောကာ သက်ပြင်းချ၏။ စကားဆက်မပြောချင် ဖြစ်နေ၏။
“ဟုတ်တယ် ... မဟုတ်တဲ့အလှူမျိုးကို လှူမဲ့အစားတော့ ရှိသမျှငွေတွေကို ရေထဲပစ်ချလိုက်တာက ဗလုံ .. ဆို မြည်သေး။ ကဲ ... ပြောစမ်းပါအုံး၊ ဘုန်းကြီးတွေကို ခြင်ထောင်တွေလှူ၊ ကြေးကုတင်တွေ လှူ၊ ကတ္တီပါစောင်ကြီးတွေ လှူတော့ ဘာများအကျိုးရှိသလဲ။ ဥစ္စာသယန မဟာသယနဆိုတဲ့ သီလကို စောင့်နေရတဲ့ပုဂ္ဂိုလ်တွေမှာ ဒီကြေးကုတင်တွေ၊ ခြင်ထောင်တွေ၊ ကတ္တီပါစောင်တွေ ဘာအသုံးကျသလဲ။ လူတွေက အဲ့ဒါတွေလှူကြရော .. လူတွေက သဒ္ဓါထက်လို့ လှူရှာတယ်၊ ငြင်းလို့မကောင်းဘူး၊ လှူဒါန်းသူ၏စေတနာ မပျက်ပါစေနှင့်ဆိုပြီး အလှူခံရတယ်လို့ ပစပ်ကတော့ ဘုန်းကြီးတွေကပြောတယ်။ စိတ်ထဲကတော့ ဦးကြိုင်းဒုတ်ဖြစ်ပြီး ဘုန်းကြီးတွေက ဒီအလှူမျိုး မရရအောင် ကြိုးစားကြတယ်။ ဘုန်းကြီးတွေမှာ မက်မောနေပြီး ကုတင်ကို ကြက်သရေခန်းမှာ ကျကျနနထားပြီး ကျိန်းပါရော။ ဝင်းပြောင်နေတဲ့ ကုတင်အရောင်၊ အိပက်အိပက်နေတဲ့ ကူရှင်ရဲ့ စည်းစိမ်၊ ကတ္တီပါစောင်ရဲ့ နူးညံ့သိမ်မွေ့တဲ့ ဓါတ်၊ ခြင်ထောင်ရဲ့ တိတ်ဆိတ်လုံခြုံခြင်းအရသာတွေဟာရောပြီး သူတော်ကောင်းစိတ်ကို ဓားပြတိုက်ကြရော၊ ဘုန်းကြီးတွေမှာ ဓားပြတွေဒါဏ်ကို မခံနိုင်တော့ ကုတင်ကြီးပေါ်အိပ်ရင်း တချို့ က ကာမရာဂစိတ် ပွါးများကြမှာဘဲ၊ စဉ်းစားကြမှာဘဲ။ ဒီလိုစည်းစိမ်ကိုမှ တပ်မက်လာကြတယ်။ တဏှာဆိုတာ မိန်းမနှင့်ယောက်ျား စပ်ရှက်တာကလေးကိုသာ ခေါ်တာမဟုတ်ဘူးဗျ။ ဒီလို မက်မောတာ၊ ဇိမ်ယူချင်တာဟာလဲ တဏှာဘဲ။ ဒီလို မွေ့ရာကြီး၊ ကတ္တီပါစောင်ကြီး၊ ခြင်ထောင်ကြီးနှင့် အိပ်ရတာ ဇိမ်တွေ့မှုဟာ ရာဂရဲ့ အစွယ်အပွါးတွေဘဲ။ ဒါ့ကြောင့် နိက္ခမပါရမီနှင့် ကြာလေ ဝေးလေဖြစ်စေတယ်။ ဒီတော့ ကြေးကုတင်တွေ၊ ကတ္တီပါတွေ လှူတဲ့လူဟာ ဘုန်းကြီးတွေကို ရာဂနယ်တွင်း သွတ်သွင်းပေးရာ ရောက်တယ်။ ဒါ့ကြောင့် ဒီလူတွေလဲ အပြစ်မကင်းဘူး။ ဒီဒါနမျိုးကို ဘယ်လိုလုပ်ပြီး အကောင်းလို့ ပြောရမလဲ” ဟုပြောပြီး မောသေးသည်နှင့် လဘက်ရည်ကို တကြိုက် ကြိုက်ပြန်၏။
မစောညွန့်လည်း ငေး၍နေ၏။
“ကဲ ... တခုရှိသေးဗျား။ လှူတယ် တန်းတယ်ဆိုရင် လုပ်လိုက်ကြတဲ့ပကာသနတွေ၊ ဗာဟီယတွေ၊ အလှူရှင်မှန်းသိအောင် မဏ္ဍာပ်တိုင်တက်ကြတာတွေ သောက်သောက်လဲသွားတာဘဲ။ “ငါလှူလိုက်သဟေ့ ... ယူနီဖောင်းသေတ္တာကြီး” လို့ သတင်းလွှင့်လိုက်တော့ “ဟင် .. တယ် ရက်စက်ပါကလားဟေ့ ... ယူနီဖေါင်းသေတ္တာကြီးတဲ့” ဟု ချီးကျူးလိုက်ကြသံကို အလှူရှင်က သာဂရုစိုက်နေတယ်။ သူလှူလိုက်တဲ့ပစ္စည်းဟာ ဘုန်းကြီးမှာ ဘာအကျိုးရှိသွားမလဲ၊ ဘယ်လို အလိုပြည့်သွားမလဲ ဆိုတာတော့ မကြည့်ဘူး။ ဒါလောက် လှူတာတန်းတာဟာ သူများ အချီးမွမ်းခံချင်လို့၊ ပကာသနလိုချင်လို့၊ ဘုရားတကာ အခေါ်ခံချင်လို့၊ ကျောင်းတကာ အခေါ်ခံချင်လို့ဘဲ မဟုတ်ဘူးလား။ ဒီအလှူမျိုး ဘယ်တော့အသုံးကျမလဲ။ ငွေ ၃ဝဝိ တန်တယ်ထား၊ ခုလုပ်ကြပုံက နာမယ်နဲ့ပကာသနကို ငွေသုံးရာပေးဝယ်ရာ ရောက်တာပေါ့။ ငွေသုံးရာ အများကြီးအကျိုးရှိနိုင်သော်လဲ အလှူမတတ်တော့ သုံးရာဘိုးလောက် နာမည်ကြီးပြီး သုံးရာဘိုးလောက် ပကာသနဖြစ်သွားတာပေါ့။ အဲဒါမျိုးကို ကျွန်တော် ဘယ်နည်းနှင့် ကောင်းတယ်ပြောရမလဲ မမညွန့်ရဲ့” ဟု မေးပြီး နားနေပြန်မှ မစောညွန့်သည် အသက်သစ်ဝင်လာပြီး
“အေးလေ ... ငါနားမလည်ဘူးဘဲ ထားပါ။ မင်းလဲ မင်းထင်သလိုပေါ့။ နို့ ..... မင်းအလှူက ဘယ်လိုလဲ”
“လှူတယ် တန်းတယ်ဆိုတာဟာ စွန့်ကြဲတာဘဲ။ မိမိစွန့်ကြဲမှုကြောင့် တဘက်သား အကျိုးရှိသွားမယ်၊ အလိုပြည့်သွားမယ်ထင်လို့ စွန့်ကြဲတာဘဲ။ အင်္ဂလိပ်လိုတော့ (Sacrifice) လို့ခေါ်တယ်။ စွန့်ကြဲတဲ့အခါမှာ တဘက်သား မိမိစွန့်ကြဲမှုကြောင့် ဘယ်လောက် အရေးရောက်သွားမယ်ဆိုတာ ပဋ္ဌမ စဉ်းစားမှုလိုတယ်။ ကိုယ်စွန့်တာကို ခံစားရတဲ့သူ ကြေနပ်သလောက် ကိုယ်လဲ ကြေနပ်ရမယ်။ ဒီတော့ ကျွန်တော့်သဘောက ဥပမာ ... မီရထားတတွဲမှာ လူတွေကြပ်နေတုံး အမယ်အိုကြီးတယောက် လာတယ်ဆိုပါတော့၊ သူ့မှာ ထိုင်စရာမရှိလို့ ရပ်နေရရင် ကျွန်တော့်နေရာ ဖယ်ပေးပြီး သူ့အထိုင်ခိုင်း၊ ကျွန်တော်က ရပ်နေတာလဲ ဒါနဘဲလို့ ယူဆတယ်။ ဘုန်းကြီးပျံတွေ ပွဲလုပ်တာဟာလဲ အင်မတန်ညံ့တဲ့နည်းဘဲ။ ငွေတွေသိပ်ပြီး မီးနဲ့ရှို့ ပစ်တယ်။ ဘယ်တော့ ကောင်းနိုင်မလဲ။ ငွေတွေကို တခြားနည်းနဲ့ သုံးပစ်ပါလား။ မီးနဲ့ရှို့ ပစ်ရမလား။ အဲ့ဒါကြောင့် ဘုန်းကြီးပျံအတွက် ငွေလှူရင် ဒီငွေဟာ ပျံတော်မူတဲ့ဘုန်းကြီးမှာဖြစ်ဖြစ်၊ သာသနာမှာဖြစ်ဖြစ်၊ အသုံးဝင်စေရမယ်။ ဒါ ကျွန်တော့်သဘောအရ ဒါနဘဲ။ ပြီးတော့ ရှိသေးတယ်။ ကိုယ့်ပစ္စည်း၊ ကိုယ့်အကျိုး၊ ကိုယ့်သား၊ ကိုယ့်မယားကို လှူတယ်ဆိုတာ သက္ကယဒိဋ္ဌိကို ဖြတ်မှုဘဲ။ ဘာလဲ ... ငါအစွဲကိုဖြတ်မှု၊ ငါ့အစွယ်အပွါးဖြစ်တဲ့ ငါ့အကျိုး၊ ငါ့မယား၊ ငါ့ပစ္စည်းတွေကို မက်မောခြင်းမရှိ၊ တွယ်တာခြင်းမရှိ၊ သံယောဇဉ်မထားဘူး ဆိုတာဟာ ငါအစွဲဖြတ်မှုဘဲ။ ဒီတော့ ... ပါဠိလိုတော့ သက္ကယဒိဋ္ဌိကိုပယ်မှုလို့ ဆိုတယ်။ ဒါ့ကြောင့် အလှူမှန် အလှူစစ်ကိုသာ လှူချင်တယ်။ ပြီးတော့ အလှူခံပုဂ္ဂိုလ် မျှော်တော်တော် ညံ့တံ့တံ့ ဟာတွေလဲ မလှူချင်ဘူး။ 'အဆိပ်ပင် ရေလောင်း' သလို နေမယ်။ မဟုတ်တဲ့အလှူခံတွေ လှူမိတော့ သူတို့ကို မဟုတ်တဲ့ဘဝက မကွဲဘဲ ကြာနေမယ်။ ဥပမာ အကျင့်သီလမရှိတဲ့ပုဂ္ဂိုလ်၊ ရှိတဲ့ပုဂ္ဂိုလ်ရော အလှူခံ အတူတူ၊ ရ အတူတူဆိုရင် သီလမရှိတာတွေက “ဟာ .. ဘာထူးလို့လဲ။ တို့ချဉ်ချဉ်တူးတူး မူးရင်ပြီးရော” လို့ တွက်တယ်။ မိုက်နေလို့ ထမင်းမငတ်ပါဘူး။ လာဘ်သပ္ပကာ မယုတ်ပါဘူးလို့ ယူဆပြီး ပိုမိုက် ပိုပျက်စီး ပိုအကျင့်ယုတ်တယ်။ ဒါကြောင့် လှူရင် ဒီဘုန်းကြီး သီလမရှိဘူး သိတယ်နော်၊ ဂျောင်း... မလိုချင်ဘူး မဘိတ်နှင့်။ သီလရှိတယ် ထင်တာကို ရွေးဘိတ်။ ဒီတော့ သီလရှိတဲ့ပုဂ္ဂိုလ်တွေလဲ အားရှိကြမယ်။ အတန်းအစား ခွဲရမယ်။ သီလပျက်တာတွေကို ဝေးဝေးက ကြဉ်ရမယ်။ ဒါဘဲ ကျွန်တော့်ဒါန။ တနေ့ကျ မမညွန့်မြင်မှာပေါ့။ အခု စကားမဟုတ်လား၊ နောက် အလုပ်ဖြစ်အောင် လုပ်ပြမယ်”
ထွန်းရှိန်သည် ဝမ်းသာ၏။ မိမိစိတ်တွင် ဝန်ထုပ်ကြီးတခု လျော့သွား၏။ လူအများကို ပြောမပြရသော်လည်း တစုံတယောက်ကိုကား ပြောပြလိုက်၏။ ပြုံးနေ၏။ ညာဘက်ဖြင့် လဘက်ရည်ပန်းကန်ကို ကိုင်လျက် ဘယ်လက်ဖြင့် ဆံပင်ကို ပွတ်နေ၏။
“ဪ ... ဒါထက် ကျွန်တော့်သတင်း ကြားပြီလား မမညွန့်” ဟု မေးမှ မစောညွန့်မှာ လန့်သလိုဖြစ်သွားကာ
“ဟေ ... ဘာလဲဟေ့ .....။ ပြောပါအုံး” ဟု မေးပြန်၏။
“ကျွန်တော် စာမေးပွဲ အောင်တယ်လေ”
“အင်း ... နို့ ဘာလုပ်မလဲ၊ ရုံးမှာအလုပ်လျှောက်မလို့လား ...”
“ မလျှောက်ဘူး ... ကျွန်အလုပ်လဲ မလုပ်ချင်ဘူး”
“မင်း မာနတော်တော်ကြီးကွဲ့”
“ဟုတ်တယ် ... ဆရာပီမိုးနင်းကတောင် လူငယ်တိုင်း မာနကြီးရမယ်တဲ့။ ဒီနေရာမျိုးမှာ မာနထားမှဘဲ”
“ဘာလုပ်မလို့လဲ ...... နို့”
“ကျွန်တော် ဆိုင်ဖွင့်မယ်။ မမညွန့်ဆီက ငပိရယ်၊ လဘက်ခြောက်ရယ်၊ ကွမ်းသီးရယ်၊ ငရံ့ခြောက်ရောပေါ့ ယူပြီးရောင်းမယ် ...”
“ရောင်းရဲပါ့မလား”
“ဘာလို့ မရဲရမလဲ၊ သူများဥစ္စာ ခိုးတာလဲမဟုတ်၊ သူများလိမ်စားတာလဲ မဟုတ်၊ ညှင်းပြီး သူများမျက်ရည်ကျမှ ထမင်းစားရမှာလဲ လုပ်တာမဟုတ်၊ ရှက်လဲ မရှက်ဘူး”
“ကောင်းပါ့ကွယ် ... ဒီလိုဆိုရင် မမညွန့်လဲ ကုန်သယ်မို့ သိပ်သဘောကျပေါ့ ။ မမညွန့်ဆီက ရှိသမျှကုန်ကို ယူရောင်းပေါ့။ ရောင်းပြီး တလတခါ ရှင်းတာပေါ့ ”
ထွန်းရှိန်သည် အတိုင်းမသိ ဝမ်းမြောက်သွား၏။ “တက္ကသိုလ်ဟေ့ ... တက္ကသိုလ် ... နင့်ဆီ ငါလာရင်လဲ ကျွန်ကလေးဘဝက ကျွန်ကြီးဘဝ ရောက်နိုင်ရုံရှိမဲ့အပြင် ကျွန်စိတ်ပိုဝင်ရုံနေမှာဘဲ။ ခု မလာတော့ဘူး။ ငါ့ကုသိုလ်ဘဲ၊ ငါ့ကိုယ်ငါ အားကိုးပြီး ကြီးပွါးအောင် လုပ်ပြမယ်” ဟု ကြိမ်းဝါးလေ၏။
------------------------
ဆက်ရန်
#သိန်းဖေမြင့်
Comments