ရတနာပုံရွှေမြို့တော်၏ အိပ်မက်ဆိုးမှာလည်း စခဲ့သည်။
သီတင်းကျွတ်လကွယ်၁၄ ရက်နေ့၌ အင်္ဂလိပ်ရာဇသံအား ငြင်းဆန်ကာနှစ်ပြည်ထောင်၏ မပြေလည်သော ပြဿနာအရပ်ရပ်အား ကြားနေမဟာမိတ်နိုင်ငံတစ်ခုခု၏ ခုံပြု အဆုံးအဖြတ်ကို နာခံမည်ဟု ပြန်ကြားလိုက်သည်။
မကျေနပ်သော အင်္ဂလိပ်တို့က စစ်ကြေညာကာ တန်ဆောင်မုန်းလဆန်း ၈ ရက်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် နယ်စပ်ကျောက်တိုင်ကိုကျော်ကာ ဟမ်ရှိုင်းယားနှင့် လီဗာပူးတပ်သားများ၊ ဝေလပြည်နှင့်စကော့တလန်ပြည်သားတပ်သားများ၊ ဘင်္ဂလားခြေလျင်တပ် အမှတ်၂နှင့် အမှတ် ၁၁ တပ်သားများ၊ မဒရပ်ခြေလျင်တပ် ၁၁-၂၁-၂၅တပ်သားများ စသည်ဖြင့် အမြောက်နှစ်တပ်အပါအဝင် စစ်သည်အင်အားတစ်သောင်းကျော်အား ဗိုလ်ချုပ်ကြီး ပရင်ဒါဂတ်စ်(Major
General Prenderagast V.C) အုပ်ချုပ်၍ ရေကြောင်းချီတက်လာသည်။
ပထမနေ့တွင်လည်း အီတာလျံဗိုလ်မှူး ကွမ်မိုတို၏ သင်္ဘောအားအင်္ဂလိပ်တို့ လက်ရဖမ်းမိသည်။ မင်းလှရောက်သော် အင်္ဂလိပ်စစ်ကူတစ်သောင်းငါးထောင် နောက်ထပ် ဆိုက်ရောက်လာသည်။ မင်းလှခံတပ်မြို့နှင့် ဂွေးချောင်းကံမြို့တွင် တစ်ချီ အပြင်းအထန် ရင်ဆိုင်
တိုက်ရပြီးနောက် မြန်မာစစ်သည်တို့ မရှုမလှဆုတ်ရသည်။ ကွမ်မိုတိုနှင့်သူ့ရဲဘော် မိုလီနာရီ(Molinari) တို့မှာလည်း မကွေးမြို့တွင် အင်္ဂလိပ်ထံ လက်နက်ချရသည်။ ဧရာဝတီမြစ်ကြောင်း ရှင်းလေပြီ။
သို့ရာတွင် မြင်းခြံ၌ သီပေါဘုရင်၏အားအကိုးရဆုံး ရေကြောင်းဗိုလ်ချုပ်ကြီး လှေသင်း အတွင်းဝန်မင်း ကိုယ်တိုင် စစ်သည်သူရဲကိုးထောင့်သုံးရာနှင့်စောင့်နေလေသည်တကား။
လှေသင်းအတွင်းဝန်မင်းသည် စစ်တစ်ပွဲမှ မနွှဲရမီ အင်္ဂလိပ်တို့အားအောင်နိုင်ပါကြောင်း နေပြည်တော်သို့ သံကြိုးဖြင့် ရိုက်ကြားလျှောက်တင်လိုက်၏။
မြင်းခြံအရပ် ဧရာဝတီမြစ် အရှေ့ဘက်ကမ်းထိပ်တိုက်ပွဲမှာ စသည်ဆိုကတည်းက မညီမျှသော တိုက်ပွဲပေတည်း။
မြန်မာတပ်နှင့် အင်္ဂလိပ်တပ်တို့ စက်နာရီနေ့ ၁၁ ချက်ခန့်တွင် စတင်တွေ့ရှိပစ်ခတ် တိုက်ခိုက်ကြသည်။ မြန်မာတို့၏ လက်နက်ကျည်ဆန်တို့ အင်္ဂလိပ်ဆီ ထိထိခိုက်ခိုက် မရောက်။ ရေလည်မှပစ်လိုက်သောအင်္ဂလိပ်ကျည်ဆန်တို့မှာ တက်ဦးထိပ်ဖျားမှ စွန့်စားခုခံနေကြသောမြန်မာတပ်သားတို့၏ ဇီဝိန်ကို တဖြုတ်ဖြုတ် ချွေနေသည့်နည်းတူ ၎င်းတို့၏ တစ်ပေခန့်ရှည်သော စက်အမြောက်ကျည်ဆန်တို့မှာတပ်လယ်၊ တပ်နောက်ပိုင်းမကျန် မပြတ်မစဲကျလာပေါက်ကွဲလျက်ရှိသဖြင့် အတုံးအရုံး ကျဆုံးကုန်သူတို့လည်း မနည်းတော့။ ဤသည်ကိုအတွင်းဝန်မင်းမှာ ရွှေထီးဆောင်းလျက် စစ်မြေနောက်ပိုင်းတစ်နေရာမှပတ်ပတ်လည်တွင် တဖွဲဖွဲကျလာသည့် အမြောက်ဆန်တို့အား ပမာမပြုဘဲ စိတ်မချမ်းသာခြင်းကြီးစွာဖြင့် မျှော်ကြည့်နေသည်။
စင်စစ် ဤမင်းကြီးမှာ ခေတ်အလျောက် ချွတ်ယွင်းချက်၊ ခေါင်းမာချက်များရှိသော်လည်း သူရသတ္တိနှင့် ပြည့်စုံသမျှ မိမိနိုင်ငံအားတစ်ဝက်ကျော်သိမ်းယူထားသည့် မတရားမင်းကို လှိုက်လှိုက်လှဲလှဲမုန်းတီးသူ၊ မိမိနည်းနှင့်မူ မိမိမျိုးချစ်ကြီးပီသသူတစ်ဦးသည် မြန်မာပီပီ
သူရသတ္တိနှင့်ဓားအားကိုးကာ လက်နက်ချင်း မည်မျှသာသည့် မည့်သည့်ရန်သူအားမဆို အသက်သွေးကို မတွန့်မဆုတ်ရက်ရက်ပေးလှုခြင်းဖြင့်နိုင်ရမည်ဟု ယူဆထားသူတစ်ဦးလည်း ဖြစ်သည်။
ယခုမူ ရှေ့မှမြင်သမျှအား မသာယာသောနှလုံးဖြင့် ငေးကြည့်နေမိစဉ်မိမိ၏ အယူအဆလွဲမှားမှုတို့အား ယူကျုံးမရ သိရှိနေရသည်။တစ်ကြိမ်က မိမိအထင်သေးမုန်းတီးမိသူ ကင်းဝန်မင်းကြီး၏ စကားသံတို့မှာလည်း နောင်တရဖွယ်နား၌ ကြားယောင်လာသည်။မိမိ၏ ရှေ့ကိုက်သုံးရာကွာ၌ အမြောက်စုတပ်သားတစ်သိုက်သည်ကြီးမားလေးလံလှသော အမြောက်ကြီးများအား ရန်သူ၏ အမြောက်ဆန် ဗုံးဆန်များကြားမှ ကျွဲနွားများနှင့်အတူရုန်းကာ ရန်သူ့ထံ ပစ်ကွင်းမီသည့် ရှေ့ခံကတုတ်ကျင်းတစ်နေရာအထိ အပြင်းသယ်ဆောင်လျက်ရှိ၏။
အမြောက်များ နေရာတကျရှိ၍ စတင်ပစ်ခတ်သဖြင့် မီးခိုးလုံးများ မှောင်တက်လာသည့် တစ်ခဏ၌ ရန်သူ သင်္ဘောများဆီမှ အဆက်မပြတ်တရစပ်ပစ်ခတ်လိုက်သော စက်အမြောက်သံများ ကြားရသည်။ မြန်မာကတုတ် ကျင်းတစ်ဝိုက်၌လည်း အပြင်းအထန် ပေါက်ကွဲသံများကြားရပြီး မီးခိုးလုံးများ မှောင်တက်လာ၏။
မီးခိုးလုံးနှင့် ဖုန်မှုန့်များစဲသည့်အခါတွင် မြေပြင်၌ကျန်ရစ်သောကျင်းကြီးများထဲ၌ မြန်မာအမြောက်ကြီးများမှာ တုံးလုံးပက်လက်ကစဉ့်ကလျား လွင့်စဉ်နေသည်။ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေခဲ့ကြသော အမြောက်စုသား သူရဲကောင်းတစ်သိုက်မှာမူ နေရာတွင်
တစ်ဦးမျှ မကျန်လေတော့။ ထိုစဉ် စက်နာရီ နေ့နှစ်ချက် တီးခန့်မြင်းခြံမြို့ အောက်ဆွယ်၌ အင်္ဂလိပ်တပ်သင်္ဘောအချို့ ဆိုက်ကပ်မိပြီးလျှင် မြင်းတပ်များ ကုန်းပေါ်သို့ တင်နေကြောင်း လျှောက်ထားအစီရင်ခံချက်ရောက်လာ၏။
လှေသင်းအတွင်းဝန်မင်းသည် ဆောင်ဓားလွယ်ကြီးအား ဆွဲထုတ်ဝင့်ကာ ကိုယ်ရံတပ်သား ကိုးရာ့ငါးဆယ် တို့အား ဆင့်ဆိုလျက်ကိုယ်တိုင် ရှေ့တက်တိုက်မည်ပြင်သည်။ သို့ရာတွင် တပ်မှူးစစ်ကဲအပေါင်းတို့က ဝိုင်းဝန်း တားမြစ်ကြ၏။
ထိုအခိုက်ဝယ် စစ်ဗိုလ်လေးတစ်ဦးသည် အတွင်းဝန်မင်းရှေ့မှောက်သို့မြင်းနှင့်ရောက်လာသည်။
“ဟဲ့ တင်စမ်း မင်းကျော်သိဒ္ဓိ ဘာအရေးများလဲ ”
“တင်ပါသည် ရေကြောင်းခံတပ်များ အရေးမလှရှိနေပါသည်ကိုယ်တော်တိုင်အရေးအရာကို ကြည့်ရှု၍ အမိန့်မှတ်တော်မူပါရန်ရတနာယာဉ်ပျံ၊ ရတနာယာဉ်မွန် သင်္ဘောတော်တို့လည်း အထိနာလှပါပြီ ပြည်လုံးအံ့လှေသင်းစစ်သည်ငါးရာကျော်အနက်လည်း တစ်ဝက်ကျော်ကျဆုံးခဲ့ပါပြီ ဘုရား”
လှေသင်းအတွင်းဝန်မင်းသည် မျှော်စင်တစ်ခုထက် တက်ကာ မြစ်ပြင်သို့မှန်ပြောင်းနှင့်ရှုစားသည်။
အဝေးဝယ် ဒေါင်းအလံကြီးတဝင့်ဝင့်နှင့် သင်္ဘောတော်နှစ်စင်းမှာမြောက်ဘက်သို့ ဆန်တက်ဆုတ်ခွာနေသည်ကို မြင်ရသည်။ မဆုတ်သာ မတက်သာဘဝတွင်မထူး၊ သင်္ဘောတော်များ လွတ်လျှင်ပြီး၏ဟုသဘောထားလေကြသည်လော မပြောတတ်။ မြန်မာ ရဲလှေ နှောလှေတို့မှာ မြစ်ပြင်ဝယ် မြားဦးသဏ္ဍာန်စစ်ဆင်၍ ဆင်ပြောင်ကြီးအားဝိုင်းဝန်းထိုးဆိတ်ကြသော ပျံလွှားငှက်များသဖ ွယ် အင်္ဂလိပ်သင်္ဘောတပ်ကြီးအား အတင်းတိုးဝင် တိုက်ခိုက်လျက် ရှိသည်။ လှေတို့ထက်မှနေရောင်၌ ဝင်းဝင်းပြောင်နေသော ဓားရောင်တို့အား တဖွေးဖွေး မြင်ရသည်။ ခဏတွင်ပင် ဓားရောင်တို့ မည်းမှောင်သော မီးခိုးများအရောင်တွင် ပျောက်ကွယ်သွားကြသည်။ ဆင်ပြောင်ကြီးမှာ တန့်သွားပါ၏။ ပျံလွှားငှက်ငယ်တို့ကား မြစ်ပြင်ဝယ်စုံးစုံးမြှုပ်လေပြီ။စိတ်ပျက်ခြင်းကြီးစွာနှင့် ဆင်းလာသော အတွင်းဝန်မင်းအား ဗိုလ်မှူးစစ်ကဲတို့က ဝိုင်းအုံစောင့်ဆိုင်းနေကြသည်။
“ထားလျှင်လဲ နေရပါမည် တင်ဝံ့ပါသည်ဘုရား အင်္ဂလိပ်တို့ကကြည်းရေ နှစ်ဖက်ညှပ်၍ လုပ်ကြံဖို့ရာ မြင်းတပ်များ ကုန်းပေါ်သို့ တင်နေပါသည် ယခု တပ်တွင်းမှာလည်း လက်နက်၊ လူအင်အားနည်းပါးနေသေးသဖြင့် ခံရပ်နိုင်စရာမရှိပါ သို့ဖြစ်ပါသောကြောင့်သူတို့က မဝိုင်းမိခင် ဤနေရာမှရွှေ့ပြောင်းမှသင့်ပါမည်”
ပခန်းကြီးမြို့ဝန်မင်း သေနတ်ဗိုလ်မောင်သာမှုန်က တင်လျှောက်သည်။
“မှန်ပါသည် ယခု ရေကြောင်းခံတပ်များလဲ ပျက်ခဲ့သဖြင့် အင်္ဂလိပ်ရေတပ်အချို့ ကျွန်တော်တို့အား မြင်းတပ်နှင့်ဝိုင်းညှပ်တိုက်ခိုက်ထားစဉ်အချို့ မြောက်သို့ကျွံ၍ မြို့တော်ကို ရန်ပြုမည့်အကြံရှိဟန်တူပါသည် သူ့အကြံမဦးခင် ကျွန်တော်တို့တပ် နှုတ်ဆုတ်ခံပါမှ နေပြည်တော်ကိုကာကွယ်နိုင်ပါလိမ့်မည်”
ဤသို့ တရုတ်မြို့ဝန် မဟာမင်းထင် မင်းခေါင်သူရိန်ကပါ ဝင်လျှောက်သော် ကျန်တပ်မှူးစစ်ကဲအပေါင်းတို့ကလည်း တပ်နှုတ်ဆုတ်ခံရန်တညီတညွတ်တည်း ထောက်ခံကြသည်။
အံကြိတ် နားထောင်နေသူ အတွင်းဝန်မင်းမှာ တပ်မှူးစစ်ကဲတို့၏ဆန္ဒအား မလွန်ဆန်သာအောင်ဖြစ်နေသည်။
မိမိအနေနှင့် အရှင်နှစ်ပါးတို့ယုံစား၍ ပေးအပ်တော်မူသော အမှုတော်အား မကျေပွန်သည့်အတူ လူ့ပြည်၌ နေလိုစိတ်မရှိတော့။ အရှက်ကွဲခံမည်ထက် ဤမြေနေရာမှ တစ်လက်မ မရွေ့ပဲ မင်းကြီးမဟာဗန္ဓုလထုံးနှလုံးမူ၍ အသက်ကိုစွန့်မည်ဟု သန္နိဌာန်ချထားသည်။
သို့ရာတွင် ရှေ့၌ မြင်မကောင်းရှုမရဲအောင် တဖွဲဖွဲကျဆုံးနေသောရဲမက်တို့၏အဖြစ်က ဤသံန္နိဌာန်ကို ပျက်စေသည်။ မိမိတစ်သက်အနေနှင့်မူ မထောင်းသာ။ တာဝန်ကျေပွန်သော ဤသူရဲကောင်းတို့အကြောင်းမဲ့ အသက်သေရမည်ကို ဗိုလ်ချုပ်ကောင်းတစ်ယောက်အနေနှင့် မကြည့်ရက်။ ဆက်လက်ခုခံပါလျှင်လည်း စစ်သည် သူရဲသုံးထောင်ပင် မပြည့်တတ်တော့သည့် မိမိ၏တပ်များမှာ တစ်သောင်းကျော်သော ရန်သူအပေါင်းတို့၏ ပစ်ခတ်မှုကြောင့် နာရီပိုင်းအတွင်း ထောင်းထောင်းညက်ညက် ကြေမွသွားပေတော့မည်။ ယခုပင် မိမိတို့ပစ်ခတ်သည့် အမြောက်ဆန်တို့ကား ရန်သူရှိရာ မရောက်။ ရန်သူကပစ်ခတ်သည့် ဗုံးဆန်အမြောက်ဆန်တို့သာလျှင် မြန်မာတပ်သို့ မရပ်မခံနိုင်အောင်ထိမှန်နေလေပြီ။
ပထမဦးဆုံးအကြိမ်အဖြစ် အတွင်းဝန်မင်းသည် ခေတ်နောက်ကျမှုအားပြစ်တင်ဆုံးမ မြစ်တားလေသော ကင်းဝန်မင်းကြီး၏စကား မှန်ကန်ကြောင်း ရင်တွင်း၌ ဝန်ခံမိသည်။
ခဏချင်းမှာပင် ခက်ထန်သော ဝန်မင်း၏မျက်နှာထားမှာ နှစ်ပေါင်းများစွာ အိုမင်းကျသွားသည်။
“ဗိုလ်မင်းတပ်မင်းတို့ လျောက်ပတ်သင့်မြတ်သော သင်တို့၏အကြံကို ငါလက်ခံပြီ ယခုပင်တပ်ကိုနှုတ်၍ အုပ်စည်းမပျက်ကျောက်ရံအရပ်သို့ဆုတ်ခံမည် ဆင့်ဆိုကြလေလော့”
ဤသို့လျှင် တန်ဆောင်မုန်းလပြည့်ကျော် လေးရက်နေ့ ညနေသုံးနာရီအချိန်တွင်မြန်မာဘုရင်၏ နောက်ဆုံး အဓိကအားထားရာတပ်မကြီးမှာမြင်းခြံမှ ဆုတ်ခဲ့ရ၏။ ဆုတ်ခွာခဲ့ရခြင်းအားလည်း ရတနာပုံနေပြည်တော်သို့ သံကြိုးဖြင့် အကြောင်းကြားလိုက်လေသတည်း။
အတွင်းဝန်မင်း၏ တပ်မကြီး ကျောက်ရံသို့ဆုတ်ခွာစဉ် နောက်ခံတပ်အဖြစ်ကျန်ရစ်သော တပ်များအနက် တပ်မှူးလေး ဗိုလ်ကျော်ခေါင် အုပ်ချုပ်သည့် လူငါးဆယ်ခန့်ရှိ တပ်ကလေးမှာ အင်္ဂလိပ်မြင်းတပ်၏အဝိုင်းကိုခံနေရကာ ထွက်ပေါက်မရှိအောင်ဖြစ်နေသည်။လူတို့မှာလည်း တစ်စထက်တစ်စ အတုံးအရုံး ကျဆုံးနေကာကျည်ဆန်တို့လည်း ကုန်စပြုပေပြီ။ ရန်သူ့ ကျည်ဆန်များအကြားတွင်မြင်းကြီးကို တလွှားလွှားစီးရင်း ကတုတ်ကျင်းများမှ ခုခံပစ်ခတ်နေသူတပ်သားများထံ လှည့်ပတ်လိုက်လံ အားပေးနေခိုက် ဗိုလ်ကျော်ခေါင်သည် မိမိတပ်အနေနှင့် နောက်ထပ်စက်နာရီနာရီဝက်မျှ ဆက်လက်ရပ်ခံနိုင်တော့မည်မဟုတ်ကြောင်း ကောင်းကောင်းရိပ်မိသည်။ထို့ကြောင့် နေရာတွင်သေမည့်အစား လူသူရှိသမျှစုရုံး၍ ရန်သူမြင်းတပ်သား နှစ်ရာကျော်အား ဖောက်ထွက်ရင်း အသေခံတော့မည်ဟုစိတ်ပိုင်းဖြတ်လိုက်၏။
ဤအခိုက်တွင်ပင်မမျှော်လင့်သော အဖြစ်အပျက်တစ်ရပ်က ပေါ်ပေါက်ခဲ့သည်။
မိမိတို့အားဝိုင်းထားသည့် ရန်သူ့တပ်အရှေ့ဘက်၊ လက်ယာစွယ်နှင့်တောင်ဘက်နောက်ကျောဆီမှ သေနတ်သံများ ရုတ်တရက်ပေါ်လာသည်။ ချက်ချင်းပင် မြင်းခွာသံများကြားရပြီး ဘယ်ကရောက်လာသည်မသိ၊ မြန်မာ မြင်းတပ်သားတစ်ရာခန့်သည် ရန်သူ့တပ်အား အပြင်မှ တစ်ဟုန်ထိုး ထိုးခုတ်နင်းဖောက်ဝင်လာကြသည်။
ရှေ့သို့သာမဲနေသော အင်္ဂလိပ်မျက်နှာဖြု မြင်းတပ်သားတို့မှာ အငိုက်မိသဖြင့် မရှုမလှ ခံလိုက်ရသည်။ အသစ်ရန်သူအား ရင်ဆိုင်ရန်၎င်းတို့ပြင်လိုက်သည့်ခဏမှာပင် စိတ်အားပြန်ကြွလာသူ ဗိုလ်ကျော်ခေါင်နှင့် ရဲမက်တို့ က ဖြိုင်ဖြိုင်ထကာ အတွင်းမှ အတင်းထိုးဖောက်တိုက်ခိုက်သည်။
ခဏ၌ပင်ဤနေ့၌ မြန်မာတို့ ပထမဆုံးသောအောင်ပွဲ ရသည်။ အင်္ဂလိပ်မြင်းတပ်ပြန်ဆုတ်သွားသော အခါ လူငါးဆယ်ကျော်ကျကျန်ရစ်၍ မြင်း အကောင်နှစ်ဆယ်အား မြန်မာတို့ရလိုက်သည်။
ဗိုလ်ကျော်ခေါင်သည် ကျေးဇူးတင်အားရစွာဖြင့် နောက်ရောက်လာသောတပ်သားတို့အလယ်မှ ဗိုလ်လုပ်သူထံ မြင်းကြီးကိုစီးလျက် ရောက်လာသည်။
တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်မိကြသည်နှင့် တစ်ပြိုင်နက်နှစ်ဦးလုံး၏ နှုတ်မှအံ့သြစွာ အသံထွက်လာသည်။
“အို ဗိုလ် ဗိုလ်သူရိန်”
“အလို ဗိုလ်ကျော်ခေါင်”
ဗိုလ်ကျော်ခေါင်က ဦးစွာပင် ရန်ပြေခြင်းအထိမ်းအမှတ်နှင့် ဓားအားအိမ်တွင်းသွင်းလိုက်၍ မြင်းပေါ်ထိုင် လျက်နှင့် လက်နှစ်ဖက်ဆန့်တန်းကမ်းသည်။ ဗိုလ်သူရိန်က အလားတူပြုလိုက်၍ တုံ့ပြန်သည်။ မကြာမီပင်နှစ်ဦးသားမှာ မြင်းချင်းယှဉ်လျက်တစ်ဦးကိုတစ်ဦး ဖက်ထားမိသည်။
“ဒါထက်သွေးသောက် ဘယ့်နှယ်ဘယ်လို ဒီရောက်လာလဲ”
“ဒီလိုပါ သွေးသောက် ကျွန်တော်က ရာဇဝတ်သင့်နေသူ မဟုတ်လား နေပြည်တော်က လွတ်အောင်ပြေးတုန်း မင်းလှမှာ စစ်နဲ့ဝင်တိုးတယ် ဒါနဲ့သေရင်လဲ မထူးပြီ၊ ကုလားဖြူရန်ကို ကာကွယ်ရတာအမြတ်ဆိုပြီး တောင်ဝန်မင်း မဟာမင်းထင် မင်းလှသီဟသူ ရှိနေတဲ့ထူးပေါက်ကတုတ်ဝင်တယ် ဝန်မင်းခွင့်လွှတ်လို့ အပွဲပွဲနွှဲခဲ့တာနောက်ဆုံး ပန်းတော်ပြင်ကတုတ်၊ ထူးပေါက်ကတုတ်နဲ့ မင်းလှခံမြို့ပါပျက်လို့ အားလုံးနဲ့ အတူ ကစဉ့်ကရဲပြေးခဲ့ရတယ် လမ်းမှာ တွေ့သမျှရဲမက်တွေကို စုစည်းပြီး မြင်းခြံမှာ အတွင်းဝန်မင်းကိုယ်တော်တိုင်ရှိတယ်ဆိုလို့ ခိုဝင်အလာ အခုသွေးသောက်တို့နဲ့တွေ့တာပဲ”
“ပြည်ချစ်သား ယောက်ျားစစ်ပီသပါတယ်သွေးသောက် ဒါထက်အတွင်းဝန်မင်းတော့ ကျောက်ရံ အရပ်ကို ဆုတ်ခွာသွားပြီ အခုကျွန်တော်တို့ဘာလုပ်မလဲ”
ဗိုလ်သူရိန်က ပတ်ဝန်းကျင် အနေအထားအား ခေတ္တအကဲခတ်လိုက်သည်။
“ဒီနေရာဟာ သင်းတို့အမြောက်ပစ်ကွင်း မလွတ်ဘူး အခု ဆုတ်ပြေးတဲ့ မျက်နှာဖြူကောင်တွေ သင်္ဘောပြန်ရောက်ရင် အမြောက်ဆန်တွေ လိုက်လာမှာပဲ ဒီတော့ လွတ်ရာရှောင်ပြီးမှ စဉ်းစားကြရအောင်”
ဗိုလ်နှစ်ဦးသည် တိုင်ပင်၍ ချက်ချင်းပင် မိမိတို့အကြံအစည်အားအော်ဟစ်အမိန့်ပေးသည်။
မကြာမီပင် ရဲမက်တို့သည် ဒဏ်ရာရသူများအား မြင်းများပေါ် ဆွဲတင်သူတင်၊ မြေပြင်၌ ကျနေသော လက်နက်မျိုးစုံအား ကောက်သူကောက်နှင့် စစ်ဆုတ်ရန်ပြင်ဆင်နေကြသည်။
“အလို ဟိုသတ္တဝါကြီးဟာ ဘယ်သူလဲ စောစောကလဲဓားနဲ့ပိုင်းတာ မြင်းလည်ပင်းပြတ်သွားတယ် အင်္ဂလိပ်တစ်ယောက်ကိုလဲ လည်ပင်းညှစ်သတ်လိုက်တယ်”
ဗိုလ်ကျော်ခေါင်က မြင်းများထက်သို့ ဒဏ်ရာရထားသူများကိုပွေ့ချီမြောက်ပစ်သကဲသို့ ပစ်တင်ပေးနေသော ထွားကျိုင်းလှသည့်စစ်သားကြီးတစ်ဦးအား ညွှန်ပြရင်း မေးသည်။
“အဲဒါပေါ့ ကျွန်တော့်ကိုကယ်ခဲ့တဲ့ ပါးကွက်အာဏာသားကြီး ဗလကြီးလို့ခေါ်တယ်”
ဗိုလ်ကျော်ခေါင်က ကြက်သီးထဟန်လုပ်ပြရင်း “ကြောက်စရာကောင်ကြီးပဲ” ဟုဆိုသည်။
ကွမ်းတစ်ယာညက်ခန့်အကြာတွင်မူ မြင်းနှင့်လူများသည် မြောက်ဘက်သို့ ရှေးရှုဆုတ်ခွာလာကြသည်။
ခရီးနှစ်တိုင်လောက် ပေါက်မိသော် အဝေးရပ်မြစ်ဘက်ဆီမှ အမြောက်သံများကို ကြားရသည်။ ဗိုလ်သူရိန်ခန့်မှန်းသည့်အတိုင်းပင် စောစောကမိမိတို့ရပ်နေခဲ့သည့် နေရာတစ်ဝိုက်သို့ အမြောက်ဆန်များ တဖွဲဖွဲ ကျရောက်ပေါက်ကွဲနေသည်ကို ဗိုလ်ကျော်ခေါင်မြင်ရသည်။မှန်ပြောင်းများအား ထုတ်၍ကြည့်မိရာ အင်္ဂလိပ်မြင်းတပ်များသာမကခြေလျင်တပ်သားများပါ ကုန်းထက် သို့ ပြန်လည်တက်ရောက်နေကြောင်း တွေ့ကြရ၏။
တောတန်းကလေးတစ်ခု၏ ထိပ်တွင် ဗိုလ်ကျော်ခေါင်နှင့် ဗိုလ်သူရိန်သည် နားလိုက်သည်။
“ကဲ သွေးသောက် ဘာဆက်လုပ်မလဲ”
ဗိုလ်ကျော်ခေါင်ကမေးသည်။
“ဒီလိုရှိတယ် ဒီကောင်တွေဟာ ဝန်မင်းရဲ့တပ်ခြေကြွကို မီအောင်လိုက်ကြပုံပဲ ဒါပေမယ့် နေဝင်ရင်တော့ မြေအနေအထားမကျွမ်းကျင်တာနဲ့လိုက်ရဲမှာမဟုတ်ဘူး ဒီတော့ နေဝင်တဲ့အထိဒီကောင်တွေ ရှေကမဆက်နိုင်အောင်တားထားဖို့အရေးကြီးတယ်ဒီလိုဆို ဒီညတစ်ညလုံး ကျောက်ရံမှာ နေသားတကျရှိဖို့ ဝန်မင်းစီစဉ်နိုင်လိမ့်မယ် ကျွန်တော်တို့ နောက်ထပ် စက်နာရီ နှစ်နာရီလောက်တော့ ခံရလိမ့်မယ်”
ဗိုလ်နှစ်ဦးမှာ ခံစစ်အတွက်ချက်ချင်းပြင်ဆင်ကြပြန်သည်။ရှေးဦးစွာ အကျိုးအကြောင်းကို အစီရင်ခံရန် ဆက်သားမြင်းသည်တော်နှစ်ဦးအား တပ်မဆီသို့ လွှတ်လိုက်သည်။ ဒဏ်ရာရသူများအားတဖြည်းဖြည်းချင်း နောက်မှလိုက်စေ၏။တစ်ရာကျော်ရှိသော မြင်းတပ်ကိုမူ လေးစုခွဲလိုက်သည်။ တစ်စုမှာတောတွင်းတစ်နေရာမှ ပုန်းနေစေသည်။ ကျန်သုံးစုက မြေပြန့်မှအဆင်သင့်နေသည်။
ကျန်ရှိသော လူခုနစ်ဆယ်ခန့်အားလည်း သုံးစုခွဲပြန်သည်။ နှစ်စုမှာသေနတ်ကိုယ်စီနှင့် တော၏အပြင်ဘက် ချုံများကြား၌ တပ်ဖျောက်နေသည်။ တစ်စုကမူ တောတွင်းသစ်ပင်များထက်တက်၍နေ၏။
အင်္ဂလိပ်တပ်များအား လှမ်းမြင်ရသည်နှင့်တစ်ပြိုင်နက် တောအပြင်မှဗိုလ်သူရိန်ခေါင်းဆောင်သော မြန်မာ မြင်းတပ်များသည် ပစ်လွှတ်လိုက်သော ရန်သူ၏ ကျည်ဆန်များကြားမှ တစ်ဟုန်ထိုးစိုင်းနှင်လျက်ရန်သူ့တပ်အား ကြိုဆိုရင်ဆိုင်သည်။
မကြာမီပင် မြန်မာမြင်းတပ်တို့သည် ရန်သူ့ကျည်ဆန်ဒဏ်အားမခံနိုင်ဟန်နှင့် ကစဉ့်ကရဲ နောက်ပြန်ဆုတ် ပြေးသည်။ အင်္ဂလိပ်မြင်းတပ်ကလည်း ဖိတိုက်၏။
တောအနီးရောက်သော် မြန်မာမြင်းတပ်သည် သုံးစုခွဲ၍ နှစ်စုက တော၏လက်ဝဲလက်ယာ လွင်ပြင်များဆီ လည်းကောင်း၊ တစ်စုမှာ တောအတွင်းသို့လည်းကောင်း အသီးသီးထွက်ပြေးရာ အင်္ဂလိပ်မြင်းတပ်ကလည်း သုံးစု ခွဲလိုက်သည်။
တောတွင်းသို့ကျွံဝင်လာသော အင်္ဂလိပ်မြင်းတပ်ဗိုလ်မှူးသည် မြန်မာတို့၏ပရိယာယ်အား ရိပ်မိကာ မိမိ၏ တပ်သားများအား နောက်ဆုတ်ရန်အမိန့်ပေးသည်။ သို့ရာတွင်နောက်ကျလေပြီတကား။သစ်ပင်ထက်ပုန်းနေသော မြန်မာစစ်သည်တို့သည် မြင်းများပေါ်
ခုန်ချကာ တခဲနက်ထိုးခုတ်ကြ၏။
တောတစ်ဖက်တစ်ချက်မှ မြန်မာမြင်းတပ်များအား ထိုးလိုက်မိသောအင်္ဂလိပ်မြင်းတပ်များမှာလည်း မိမိတို့ နောက်ပါးဝယ် တောတွင်းမှရုတ်တရက်ပေါ်လာသည့် ရန်သူ၏မြင်းတပ်များက ပိတ်လျက်ရှိကြောင်းသိရသည်။နောက်မှလိုက်လာသော ခြေလျင်တပ်မှာလည်း တပ်ဖျောက်နေသောမြန်မာတပ်လူနည်းစုလေး၏ ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်ခြင်းခံရသည်။
တစ်နာရီကျော်ခန့် တိုက်ပွဲမှာ အပြင်းအထန်ဖြစ်ပွားသည်။ နေဝင်သော်တစ်ဝက်ကျော် အကျအဆုံးနှင့် အင်္ဂလိပ်မြင်းတပ်သည် ခြေလျင်တပ်သားများနှင့်အတူ ပြန်ဆုတ်သွားသည်။
မြေပြင်၌မူ အင်္ဂလိပ်မျက်နှာဖြူနှင့် ကုလားမည်းအလောင်းများ ပြန့်ကြဲကျန်ရစ်သည်။
ထိုနည်းတူစွာ တပ်ဖျောက်ကျန်ရစ်သော မြန်မာစစ်သား လေးဆယ်ကျော်အနက် အသက်နှင့်တစ်ယောက်မှ မကျန်တော့။
နောက်တစ်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ငါးရက်နေ့ စက်နာရီကိုးနာရီခန့်တွင်မူ အခိုင်အခံ့ စွဲမိပြီဖြစ်သော ကျောက်ရံတပ်၏အလယ်လှေသင်းအတွင်းဝန်မင်း၏ရှေ့တွင် ဗိုလ်ကျော်ခေါင်နှင့်ဗိုလ်သူရိန်မှာ ဒူးထောက်ခစားလျက်ရှိကြသည်။
စိတ်မချမ်းသာမှုနှင့် အိုမင်းရင့်ရော်နေသော အတွင်းဝန်မင်းသည်မချိလှစွာပြုံးရင်း ဗိုလ်ကျော်ခေါင်အား မြလက်စွပ်တစ်ကွင်းကို လည်းကောင်း၊ ဗိုလ်သူရိန်အား ပတ္တမြားကျောက်စီဓားမြှောင်တစ်ချာင်းကိုလည်းကောင်း ပေးသနားသည်။
“ဗိုလ်သူရိန်ငယ် သင်သည် အဖေကောင်းသား ပီသပါပေ၏ သင်၌ ပြုမှားခဲ့သော ငါ့အပြစ်တို့အားလည်း ခွင့်လွှတ်ပါလေ ယခုအချိန်၌ ငါသည် ဤဓားနှင့် ဤရာဇဝတ်ပြစ်မှု ခွင့်လွှတ်စာအားသာသင့်အားပေး နိုင်တော့သည် နောင်အတွက်ကိုမူ ငါလည်း အစိုးမရ ရှိစေ ကျော်ခေါင်ငယ်နှင့်အတူ နေပြည်တော်အမြန်ပြန်၍သင့်မိတ်ဟောင်းတို့အား အရှင်နန်းမတော်ထံ ခွင့်ပန်လျက် အကျဉ်းမှလွှတ်လေလော့ ဤတွင် တိုက်ဖွယ်မရှိပြီ စစ်ရပ်နားစေအမိန့်အား ယခုပင်ရခဲ့သည် အဂွလိပ်ကုလားဖြူတို့ တောင်းသမျှအား လိုက်လျောအလျှော့ပေး၍ စစ်ပြေငြိမ်း မဟာမိတ် စာချုပ်ကိုချုပ်မည့် သံတော်တို့လည်း ဤအချိန်လမ်း၌ရှိနေပြီဟု ငါထင်၏အသိဉာဏ်ပညာကျိုးခဲ့၍ သန်စွမ်းလျက် ငါ့ခြေလက်တို့ကျိုးခဲ့ပြီတည်း”
ဝန်မင်းသည် နောက်ဆုံးစကားတို့အား ကြေကွဲဝမ်းနည်းစွာဆို၍ မျက်နှာလွှဲလေသည်။
ဗိုလ်သူရိန်နှင့် ဗိုလ်ကျော်ခေါင်တို့နှစ်ယောက်မှာ စိတ်မချမ်းသာခြင်းကြီးစွာဖြင့် ဗလကြီးအား အဖော်ဆောင်၍ တပ်မှထွက်ကာ ရတနာပုံနေပြည်တော်သို့ ရှေးရှုစိုင်းနှင်ခဲ့ကြသည်။
ရွာသစ်ကြီးအထက်လွန်သော် အတွင်းဝန်မင်း အမိန့်ရှိသည့်အတိုင်းပင်မှန်စီရွှေချ၊ ခိုတောင်ရွှေခဲခတ် လှေတော်ကိုတွဲ၍ အပြင်းမောင်းသွားသော ရတနာယာဉ်မွန်သင်္ဘောတော်အား တွေ့ကြရသည်။
ဗလကြီးနှင့် မိတ်ဆွေနှစ်ဦးတို့မှာ ဆက်လက်ခရီးနှင်ခဲ့ကြရာ မြင်းများခရီးပန်းသဖြင့်လမ်း၌ တစ်ညအိပ်ကြရသည်။
နောက်တစ်နေ့ ခရီးဆက်ခဲ့ကြရာ အင်းဝမြို့မရောက်မီခရီးတစ်တိုင်ခန့်၌ခရီးသည်သုံးလေးဦးနှင့် သွားတိုးကြသည်။
“အို ဗိုလ်မှူး ဟောဟိုမှာ ဗိုလ်မှူးရယ်”
အသံမှာ သွေးသောက်ကြီးမြတ်ကျော်၏ အသံပင်ဖြစ်သည်။ကျန်လူသုံးဦးမှာ ဗိုလ်ထွန်းစံ၊ ပေါက်လှနှင့် ဒွန်းဦးတို့ဖြစ်၏။
ဗိုလ်သူရိန်သည် ဝမ်းသာအားရနှင့် တပည့်များရှိရာသို့ ရှေ့မှတက်ခဲ့သည်။
ပေါက်လှကမူ ဗိုလ်ကျော်ခေါင်အား မြင်မြင်ချင်း ဓားကို ဆွဲထုတ်လိုက်သေး၏။
“တော် တော် ပေါက်လှ တို့အချင်းချင်း အခုမိတ်ဆွေဖြစ်သွားပြီ အတွင်းဝန်မင်းဘုရားဆီက မင်းတို့နဲ့တကွအားလုံး လွတ်ငြိမ်းခွင့်အမိန့်လဲ ခံခဲ့ပြီ ဒါထက်ဗိုလ်ထွန်းစံဘာသတင်းထူးသလဲ”
ဗိုလ်သူရိန်က ဗိုလ်ထွန်းစံနားကပ်ကာ မျက်နှာရိပ်မျက်နှာကဲပြရင်းတိုးတိုးမေးသည်။ ဗိုလ်ထွန်းစံတို့လေးဦးမှာ တစ်ဦးမျက်နှာ တစ်ဦးကြည့်လိုက်သည်။ ရုတ်တရက် ဘာမျှတော့မဖြေ။
“ဆိုကြပါဦး ဘာဖြစ်ကြလဲ”
ဗိုလ်ထွန်းစံက ခေါင်းကိုမော့၍ တစ်လုံးချင်းဖြေလိုက်သည်။
“ကျွန်တော်တို့သခင် မရှိပြီ”
“ဘာ”
“ညောင်ရမ်းသခင်နတ်ရွာစံခဲ့တာ တစ်နှစ်နီးပါးရှိပါပြီ”
ဗိုလ်သူရိန်၏ပါးစပ်မှာ အဟောင်းသားပ ွင့်သွားသည်။ ကြားရသည်ကိုမယုံကြည်သကဲ့သို့ မျက်လုံးများမှာ ပြူးလျက် ပြောသူအား ငေးစိုက်ကြည့်နေသည်။ ထို့နောက်ခေါင်းကျိုးကျသွားသည်။
ဤအချိန်တွင်ဗိုလ်ကျော်ခေါင်မှာ အနီးသို့ရောက်နေပြီဖြစ်၏။ ဗိုလ်ထွန်းစံက ဗိုလ်သူရိန်၏ ပခုံးကိုပုတ်၍ တည်ငြိမ်စွာဆက်ပြောသည်။
“အခုမှတော့ မထူးဘူး ဒီကသွေးသောက်လဲ ဗမာချင်းပဲ နားသာဆင်ပေရော့ ကျွန်တော်တို့ဟာ ညောင်ရမ်းသခင်ရဲ့ ကျေးကျွန်တွေပဲ ဒါပေမယ့်အခု ညောင်ရမ်းသခင်ဟာ နတ်ရွာစံခဲ့တာကြာပြီ ဒါပေမယ့် အင်္ဂလိပ်ဟာ ဒီသတင်းကို ဖုံးပြီး သီပေါဘုရင်ကိုနန်းချ၊ညောင်ရမ်းကိုယ်တော်ကို နန်းတင်မယ်လို့ သတင်းလွှင့်ထားတယ်ရည်ရွယ်ချက်ကတော့ သင်းတို့ရောက်လာရင် ဗမာတွေ ခံမတိုက်အောင်ပဲ ဒီသတင်းကိုပေးဖို့ ဘဂ င်္လားကနေ ကျွန်တော် ဒီအထိပြေးလာခဲ့ရတယ် ဒါပေမယ့် ဟောဒီကဗိုလ်မှူးန ဲ့လဲ လွဲနေကျွန်တော်တို့တစ်မြုံလုံးဟာလဲ ဦးခေါင်းထက် ဆုငွေနဲ့ တွေ့ရာသင်္ချိုင်းဓားမဆိုင်း အမိန့်ထုတ်ခံ ထားရတာမို့ အရေးပါတဲ့ ဘယ်ပုဂ္ဂိုလ်ကိုမှမတွေ့နိုင်တော့ဘူး ဒါကြောင့်ပြည်သူတွေ အငိုက်မမိအောင်နယ်လှည့်ပြီး တွေ့ရာလူကို ဒီသတင်းလျှောက်ဖြန့်ချိနေတာ”
ဗိုလ်သူရိန်၏ခေါင်းမှာ ပြန်မော့လာသည်။ သူသည် သခင်ဆုံးသည့်သတင်းကိုသာ ကြားရသည်မဟုတ်၊ ပြည်ပါဆုံးမည့် အကြံရိုင်းကိုပါသိရလေပြီ။
“မှန်တယ် ဒီအတိုင်းဆိုရင်တော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ် ကျွန်တော်မင်းလှကနေ မြင်းခြံအရောက်တက်ခဲ့တာမှာ ပြည်သူပြည်သားအားလုံးဟာ အင်္ဂလိပ်ဆင်ထားတဲ့အတိုင်းယုံနေကြတယ် ဘယ်သူမှ လှိုက်လှိုက်လှဲလှဲ အင်္ဂလိပ်တိုက်ရာမှာမကူကြဘူး အဲဒါထက် အရေးကြီးတာက ရွှေလွှတ်တော်ကြီးကမှူးတော်မတ်တော်တစ်ချို့ပါ ဒီအတိုင်းယုံနေပုံရတယ် ဒီတော့ ဒီသတင်းကို အမြန်ပို့မှ အခု အာဏာကို ဘယ်သူကိုင်နေလဲ ဗိုလ်ကျော်ခေါင်”
“အဆင်ကြည့်ရတာ ကင်းဝန်မင်းကြီး တန်ခိုးပြန်တက်ပြီနဲ့တူတယ်”
“ကင်းဝန်မင်းကြီး ဒီသတင်းကို အမြန်သိဖို့အရေးကြီးတယ် ကိုင်း လာ မဆိုင်းကြနဲ့ သွားကြမယ်”
မြင်းခုနစ်စီးမှာ လေကိုခွင်းလျက် မြားကိုပစ်သည့်နှယ် နေပြည်တော်သို့ဦးတည်စိုင်းခဲ့သည်။အပြင်းမနားတမ်း လာခ ဲ့ကြသဖြင့် နေမွန်းတည့် ပဟိုရ်နှစ်ချက်၌ နန်းမြို့ရိုးတွင်းသို့ ဝင်မိကြသည်။
တံခါးနီရှေ့တွင်လမ်းခွဲကြသည်။
“ကဲ ဗိုလ်ကျော်ခေါင် ကျန်လူတွေခေါ်ပြီး အရှင်မိဖုရားနဲ့တွေ့လို့ ဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပေတော့ အကျိုးအကြောင်းစုံကိုလဲ သံတော်ဦးတင်ပါလေ ကျွန်တော်နဲ့ ဗိုလ်ထွန်းစံ၊ဗလကြီးတို့ ရွှေလွှတ်တော်ထက်မှာ မင်းကြီးကိုတက်ရှာမယ်”
ပြောပြောဆိုဆို ဗိုလ်သူရိန်နှင့် အသိုက်သည် တံခါးနီမြို့ရိုးပြင်ဘက်လက်ယာဘက်ရှိ လွှတ်တော်ကြီးရှိရာ သို့ ထွက်ခဲ့သည်။ အရေးတော်ပေါ်ခိုက် တမန်ဆက်သားများ ဤသို့ ရုတ်တရက်ရောက်လာတတ်သဖြင့် အထွေအထူး မဖြေဆိုရတော့ပဲ ဇေတဝန်ဆောင်ရှိ ကင်းဝန်မင်းကြီးရှေ့မှောက်သို့ အလွယ်တကူရောက်သွားကြ၏။
ဤအခိုက်မင်းကြီးမှာ ရှေ့ရှိစာချုပ်တစ်ခုအား အာရုံစူးစိုက်ဖတ်လျက်ရှိသည်။ ဤဒုက္ခဤဘေးကိုမြင်သဖြင့် လွန်ခဲ့သောရက်ပိုင်းအတွင်းကမိမိအသက်အန္တရာယ်ကိုပင် မထောက်၊ အင်္ဂလိပ်အလိုအား လိုက်လျော၍ ဤစာချုပ်မျိုးအား ချုပ်ဆိုပါရန် မိမိ အတန်တန်ကြိုးပမ်းခဲ့သည်။မိုးလွန်မှထွန်ချသည့်ပမာ မြန်မာက ပေးလျက် စစ်နိုင်သူ အင်္ဂလိပ်ဗိုလ်ချုပ်သည် ဤစာချုပ်ကိုပမာမပြု ငြင်းပယ်ခဲ့လေပြီ။
မင်းကြီးသည် ဝါးဆေးတံရှည်အား ပါးစပ်မှချွတ်လျက် ဗိုလ်သူရိန်တို့ကိုတည်ငြိမ်စွာကြည့်ရင်း မေးသည်။
“ဘယ်သူနည်း”
“ဗိုလ်မြတ်ထွန်း၏သား ငသူရိန်ပါ ဘုရား”
“ဗိုလ်သူရိန်ငယ် သင်သည် ညောင်ရမ်းအရေးကြောင့် ရာဇဝတ်သင့်နေသူမဟုတ်လော အကြောင်းဘယ်သို့နည်း”
“မှန်ပါ ညောင်ရမ်းလူပါပင်ဘုရား သို့ရာတွင်ညောင်ရမ်းသခင်၏ နာမည်တော်ကိုအလွဲသုံးစား၍ အင်္ဂလိပ်တို့ နိုင်ငံအား သူ့ကျွန်ပြုမည့်အကြံကိုလာတင်လျှောက်ပါသည်”
ကင်းဝန်မင်းကြီး၏ ဖြူဖွေးသောမျက်ခုံးတို့မှာ တွန့်ကြုတ်သွားသည်။
“အဘယ်သို့ ကြံသနည်း”
“မှန်ပါ ညောင်ရမ်းသခင်မှာ လူ့ပြည်၌မရှိ ကံတော်ကုန်ခဲ့ပါပြီဘုရား”
ကင်းဝန်မင်းကြီး၏ ကျောက်ရုပ်သဏ္ဍာန်တည်ငြိမ်သောမျက်နှာထားမှာပထမဦးစွာ လှုပ်ရှားသွား၏။
“ဒီသတင်း မှန်သလား”
“မှန်ပါကြောင်း သက်သေအဖြစ်ဘင်္ဂလားမြို့မှပင် တိမ်းရှောင်ပြေးလာရသူဤဗိုလ်မင်းကိုပင် ရှုတော်မူပါ”
မင်းကြီးသည် ဗိုလ်ထွန်းစံအား စေ့စေ့ကြည့်သည်။ ကောင်းမွန်လှသောမင်းကြီး၏ မှတ်ဉာဏ်ဝယ် ညောင်ရမ်းမင်း၏ ကျွန်ရင်းရုပ်မှာ ပီသစွာထင်နေသည်။ ထိုခဏ၌ မင်းကြီး၏မျက်နှာမှာ အဆမတန် ပိုမိုအိုမင်းကျသွားသည်။ ပညာရှင်ပီပီ ဖြစ်ပေါ်နေသည့်အခြေအနေကို ရိပ်မိလိုက်ပြီးဖြစ်၏။ နှုတ်မှလည်း စကားလုံးတို့တုန်ယင်စွာ ထွက်လာသည်။
“အင်္ဂလိပ် သင်းအကြံဦးလေပြီ”
မင်းကြီး၏ခေါင်းနှင့်တကွ ဆေးတံကိုကိုင်ထားသော လက်များမှာတုန်ယင်လာသည်။မင်းကြီးသည် ရှေ့တူရူသို့ ငေးကြည့်နေမိစဉ် မြန်မာနိုင်ငံအားကယ်တင်ရန် မိမိအတန်တန် ကြိုးစားခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွားရပြီကို နားလည်လိုက်သည်။ မိမိအနေနှင့် အင်္ဂလိပ်တို့သည်သင်းတို့အလိုကို လိုက်လျောက အနည်းဆုံး သီပေါဘုရင်အား နန်းချသည့်တိုင်အောင် ညောင်ရမ်းမင်းအား နန်းတင်လိမ့်မည်ဟု ယုံစားမိခဲ့သည်။ ယခုမူ မိမိမှာ အလိမ်မိချေပြီ။ ရာဇဝင်၌လည်း စေတနာကောင်းလျက်နှင့်မိမိ၏နာမည်မှာ အမည်းစက်စွန်းထင်ရစ်တော့မည်။
“သူ့အကြံ ဦးလေပြီ”
မင်းကြီးသည် မိမိတစ်ဦးတည်းရှိသည့်ဟန် ဤသို့သာ ထပ်တလဲလဲညည်းညူနေသည်။ အတန်ကြာမှ သတိရသည့်ဟန် ရှေ့မှလူတို့အားကြည့်လိုက်သည်။
“အမောင်တို့၊ ဗိုလ်မင်းတို့ ဤသတင်းကား အလာကောင်းသော်လည်း အခါနှောင်းလေပြီ သူ့ကိုယုံ၍ တပ်မတော်တို့အား အပစ်အခတ်ရပ်စဲ လက်နက်ချရန်အမိန့်ပြန်ပြီးသည်မှာ လွန်လေပြီ ယခုပင် အခုအခံမရှိသော သင်းတို့သင်္ဘောတို့ မြို့ကိုဖျက်နိုင်သောလက်နက်တို့နှင့် ချဉ်းကပ်လာလေပြီ”
ကင်းဝန်မင်းကြီးသည်ကြီးစွာသော စိတ်မချမ်းသာမှုအား ရင်၌ လေးပင်စွာ ဆွဲယူရသူပမာ ကိုယ်ကို အနိုင်နိုင်သယ်၍ ဘာမျှဆက်မပြောတော့ပဲတိုက်တော်သို့ အရေးတကြီး ကူးကြွသွားသည်။
ငြိမ်ကျန်ရစ်နေသူများအနက် ပထမဆုံးလှုပ်ရှားလာသူမှာ ဗိုလ်သူရိန်ဖြစ်သည်။ စကားမဆိုတော့ပဲ လွှတ်တော်မှ အမြန်ဆုံးဆင်းခဲ့သည်။နန်းတွင်းတစ်ခုလုံး၌လည်း အအုပ်အစည်းပျက်၍ ရုတ်ရုတ်ရက်ရက်ဖြစ်နေသည်ကိုတွေ့ရသည်။
ဗိုလ်သူရိန်မှာ သူရူးသဖွယ် မြင်းပေါ်သို့ခုန်တက်၍ စိုင်းနှင်ထွက်ခဲ့သဖြင့် ကျန်လူနှစ်ယောက်မှာ ဘုမသိဘမသိနှင့် နောက်မှလိုက်ခဲ့ကြရသည်။
မြို့တွင်း၌လည်း အုတ်အော်သောင်းတင်း ဗရုန်းဗရင်းနှင့် ပြေးသူပြေးလွှားသူလွှားဖြစ်နေသည်။
ဗိုလ်သူရိန်ကမူ မြင်းကိုသာ ဇက်လွှတ်၍ သပြေတန်းခံတပ်ရှိရာသို့အတိုဆုံးလမ်းကိုရွေးကာ တရကြမ်း စိုင်းနှင်လာသည်။ နေစောင်းစတွင်ခံတပ်ဆီသို့ရောက်ခဲ့ပါ၏။ သို့ရာတွင်ခံတပ်မဟုတ်တော့ပြီ။
လက်နက်ချအမိန့်အား လက်မခံနိုင်သူ ရဲမက်ဗိုလ်ပါတို့ ကိုယ်စွဲရာကိုယ်ယူ၍ ခံတပ်ကိုစွန့်ကာ တောနှင့် တောင်တို့ဆီထွက်သွားခဲ့ကြပြီးလေပြီ။
သတိလက်လွတ်သူပမာ ဗိုလ်သူရိန်သည်လူသူမဲ့သော ခံတပ်ထိပ်ဆီသို့ပြေးတက်သွားသည်။ ထိုစဉ်ဝယ် အမြောက်သံတစ်ချက် ပွင့်ထွက်လာကာ တောတောင်တို့ဆီသို့ပဲ့တင်ရိုက်ဟည်း ပျံထွက်သွားသည်။ခံတပ်ထိပ်ဆီမှ မျှော်လိုက်ကမူ အရံသင်္ဘောအများ ဝန်းဝိုင်းလျက်သုံးဆယ့်ရှစ်စင်းမျှသော ဗိုလ်ချုပ်ပရင် ဒါဂတ်(စ်)၏ ရေတပ်ကြီးမှာတရွေ့ရွေ့နှင့် အင်းဝမြို့ဆီချဉ်းကပ်လာလေပြီတကား။
⬛
တက္ကသိုလ်ဘုန်းနိုင်
အပိုင်း ၁၄ ဆက်ပါဦးမည်။
Comments