“အိုက်ပေါင်း ငါးရလာတယ်။ ငါးအကြီးကြီးပဲ”
အိမ်ရှေ့က ဖြတ်သွားသော အီကော်က ဦးအိုက်မြကို ပြောသွားသည်။ ဦးအိုက်မြသည် လုပ်လက်စ အလုပ်ကို ထားခဲ့ပြီး အိုက်ပေါင်းတို့ အိမ်ဖက် ကူးခဲ့သည်။ အိုက်ပေါင်းတို့ အိမ်ရှေ့ မြေကွက်လပ်မှာ လူတွေဝိုင်း နေသည်။ ကလေးတွေကို အနားမကပ်ဖို့ အော်ထုတ်နေသံ ကြားရသည်။
ပလပ်စတစ် အခင်းပေါ် ချထားသော ငါးတန်ကြီးကို မြင်သောအခါ ဦးအိုက်မြ အသွေးအသားထဲမှာ နိုးနိုးကြားကြား ဖြစ်သွားသည်။ ငါးတန်ကြီးရဲ့ ပြောင်လက် ချောမွတ်သော အရေခွံထူထူသည် တလက်လက် ဖြစ်နေသည်။
“နောက်ဆုတ် ... နောက်ဆုတ်”
အုံခဲ တိုးဝှေ့နေသော ကလေးတွေကို နှင်လွှတ်ပြီး ငါးတန်ကြီးကို အများမြင်ကွင်းမှာပင် ဖျက်ကြသည်။ ထူထဲသော အခေါက်၊ နီရဲသော အသားနဲ့ ဆူဖြိုးလှသော ငါးတန်။ အိုက်ပေါင်း တစ်ယောက် ငွေရွှင်ပြီ။
“ငါ့ကို တစ်ပိဿာ ... ငါ့ကို ငါးဆယ်သား”
အစရှိသဖြင့် အီကော်တို့၊ မစောစီတို့ မိန်းမတစ်သိုက်
ဟင်းစား ဝယ်ကြသံတွေ ကြားမှာ ဦးအိုက်မြ တွေလို့ စဉ်းစား နေမိသေး သော်လည်း
“ငါ့ကို ဝမ်းပျဉ်းသား ငါးဆယ်သား ပေးကွာ။ မက်လင်သီးနဲ့ ဆီပြန်ချက်ပြီး နံနံပင် အုပ်စားမယ်”
အထမ်းသမား ဘိန်းစားကျော်ရင်ရဲ့အသံကြားတော့ ဦးအိုက်မြ မနေနိုင်ပြီ။ ပါးစပ်ထဲမှာ တံတွေးတွေ စိုလာသည်။
“ငါ့ကို ဗိုက်သား ငါးဆယ်သားပေး မောင်”
ဇနီး ဒေါ်နန်းကြည် ပွစိပွစိ လုပ်မှာ မြင်ယောင်သည်။ ပေးစရာ အကြွေးတွေ ဒီလောက် ရှိနေတာကို ဆိုပြီး။ အို ... ငါ ပန်းပဲ ပိုထုလိုက်ရင် ဖြစ်ပါတယ်။
“ပေါ်ကော်မြကို အရင်ပေးလိုက် မောင်”
ဆူဖြိုးသော ငါးဗိုက်သားကို ခုတ်ပြီး ချိန်တောင် မချိန်တော့ပဲ ဦးအိုက်မြ လက်ထဲ လှမ်းပေးသည်။
“မပေးနဲ့တော့ ပေါ်ကော်မြ”
ဦးအိုက်မြသည် ငါးခုတ်သားကို ကိုင်ပြီး အိမ်ကို ခပ်သွက်သွက် ပြန်လာသည်။
* * *
ကြွေရည်သုတ် ဇလုံထဲမှာ ထမင်းကြမ်းတစ်ခဲ ရှိနေသည်။ မနက်က ကျန်သော မုံညင်းပေါင်းကို အိုးခြစ်ပြီး ထမင်းကြမ်းပေါ် ထည့်ပုံထားသည်။ မုံညင်းပေါင်း ဘေးမှာ နီရဲ မှည့်ဝင်းသော ရွှေလံဘို ငရုတ်သီး တစ်တောင့်။
ဦးအိုက်မြရဲ့ နေ့လယ်စာသည် ထမင်း တစ်လုပ် ငရုတ်သီး တစ်ကိုက် ရေနွေး တစ်ကျိုက်နဲ့ မြိန်မြိန်ယှက်ယှက် ရှိလှသည်။ ဗိုက်ပြည့်သွားတော့ ဆေးပေါ့လိပ် ဖွာသည်။
ဆေးပေါ့လိပ် မီးခိုးငွေ့များက တလူးလူး တလွန့်လွန့်။
ဦးအိုက်မြရဲ့ အတွေးတွေကလဲ တစ်လူးလူး တစ်လွန့်လွန့် ရှိလှသည်။
အခုတစ်လော အိမ်ထပ်ခိုးမှာ သိမ်းထားသော ငါးမျှားချိတ်ကြီးကို ဦးအိုက်မြ မကြာခဏ အာရုံရောက် နေမိသည်။ မြစ်ထဲမှာ ငါးတန်ချသည့် အလုပ်ကို အကုသိုလ်အလုပ် အဖြစ် စွန့်လွှတ်ခဲ့ပြီး ဖြစ်သည်။ အသက်ကလည်း ခုနှစ်ဆယ့်သုံးနှစ် တင်းတင်းပြည့်ခဲ့ပြီ။ ဥပုသ်နေ့တွေဆို အနောက်ကျောင်း ဆရာတော်ဆီမှာ သီလမှန်မှန် ယူဖြစ်ခဲ့ပြီ။ ဒါပေမယ့် အိုက်ပေါင်း ငါးမိလာသည့် နေ့ကစလို့ မြစ်ထဲမှာ ငါးချလိုသည့် စိတ်တွေ တဖွားဖွား ပြန်ထနေမိသည်။ စိတ်ကို ဘယ်လို ချိုးနှိမ်လို့မှ မရပဲ ဖြစ်နေသည်။ ဆီအိုင်အိုင်၊ မက်လင်သီး နိုင်နိုင်နဲ့ ချက်ပြီး ကြက်သွန်ဖူးတွေ၊ နံနံပင်တွေ အုပ်ထားသော ငါးတန် ဗိုက်သားဟင်း ပူပူနွေးနွေးကို ထမင်း သုံးဇလုံ ကုန်အောင် လွေးခဲ့ပြီးနောက် ထိုအရသာကို တသသ ဖြစ်နေမိသည်။ မစားရတာ နှစ်နဲ့ ချီနေမှန်းတောင် သတိမထားခဲ့မိသည့် ငါးတန်ဟင်း။
တစ်ချိန်ကတော့ ဦးအိုက်မြသည် ချင်းတွင်းမြစ်ထဲက မြစ်ငါးတန်တွေ မရေမတွက် နိုင်အောင် ဖမ်းမိခဲ့ဖူးပါသည်။ ချင်းတွင်းမြစ်ကို ဦးအိုက်မြတို့လို မြစ်ဖျားဒေသခံ ရှမ်း တိုင်းရင်းသားတွေက နမ့်ချောင်းတောင်း (ဖက်စိမ်းနံ့ ရသောမြစ်) လို့ ခေါ်ကြသည်။ ရေတွေက အားနှင့် မာန်နှင့် စီးဆင်းသောကြောင့် နမ့်တလုံးလို့လည်း ခေါ်ကြသည်။
မြစ်ထဲမှာ ပေါပေါလွယ်လွယ် ရသော ငါးလူး၊ ငါးကြင်းတွေကို သူ မဖမ်း။ ငါးတန်ကိုသာ ဖမ်းသည်။ ရွာမှာ ငါးတန်ကို ကြက်အူနဲ့ စိတ်ရှည်လက်ရှည် ချဖမ်းတတ်သူ ဆိုလို့ အောက်အရပ်က ပြောင်းရွှေ့ ရောက်လာသည့် စစ်ပြန်ကြီး ဦးအောင်နှင့် ဦးအိုက်မြတို့ နှစ်ယောက်သာ ရှိခဲ့သည်။ ငါးတန်ချိန်ဆို မြစ်ထဲက ငါးတန်တွေ ဦးအိုက်မြ လက်က မလွတ်စေရ။
ငါးတန် မိပြီဆိုရင် အိမ်ရှေ့ မြေကွက်လပ်မှာ လူတွေ ဝိုင်းအုံ ကြည့်နေသည့် ကြားက ခုတ်ထစ်၊ ဝမ်းပျဉ်းသားကို အိုးကြီးနဲ့ ချက်ချင်း ချက်။ ဆွေတွေ မျိုးတွေ၊ အိမ်နီးနားချင်းတွေက ဟင်းခွက် ကိုယ်စီနဲ့ အိမ်မှာ လာစောင့် နေကြသည်။ ကျက်ပြီဆိုလျှင် တစ်ယောက် တစ်ခွက်ကျ ဇနီးသည်က ခပ်ပေးသည်။ ပါးမှာ ဟင်းတွေ ပေနေသည့် သားတွေ သမီးတွေက ဗိုက်တွေ ပူဖောင်း နေသည်အထိ ထမင်း အားရပါးရ စားကြသည်။ ထိုပီတိသည် မည်သည့် အရာနဲ့မှ မလဲနိုင်။
အခုတော့လည်း အချိန်တွေ ကုန်ဆုံး လွန်မြောက်တာ မြန်လိုက်တာလို့ အောက်မေ့ရုံသာ ရှိတော့သည်။ ငါးတန် ငါးမျှားချိတ်ကိုကား စွန့်မပစ်နိုင်ပဲ အိမ်အပေါ် အမိုးထပ်ခိုးမှာ သိမ်းထားခဲ့တာ ယနေ့တိုင် ရှိသေးသည်။
“အဖေ ကျွန်တော့်ကို အဖေ့ ငါးမျှားချိတ် ပေး။ ကျွန်တော် မျှားကြည့်ချင်တယ်”
အိမ်မှာ ငွေကြေးကျပ်တည်း ဟင်းငတ်သည့် ကာလတွေမှာ သားလုပ်သူ အိုက်လိတ်က ဦအိုက်မြ ငါးမျှားချိတ်ကြီးကို သတိရစွာ ကြည့်ပြီး တောင်းတတ်သည်။ ဦးအိုက်မြက မပေးပါ။ လက်ကြော မတင်းသော အိုက်လိတ်သည် ငါးတန်တစ်ကောင်ကို ရအောင် ဖမ်းနိုင်မည့် အရည်အချင်း ရှိမည်လို့ ဦးအိုက်မြ မယုံကြည်ပါ။ ဘယ်နေရာမှ အလေးအနက် မရှိတတ်သော အိုက်လိတ်ရဲ့ လက်ထဲကို သူ မြတ်နိုးစွာ သိမ်းဆည်းထားသော အရာတစ်ခုကို အလွယ်တကူ မပေးနိုင်ပါ။
“မင်းတို့က ငါးတန်ချတယ် ဆိုတာ လွယ်တယ် မှတ်နေတာ။ အာရုံ စူးစိုက်ရတယ်။ စိတ်ရှည်ရတယ်။ ခွန်အားရှိမှ ငါးတန်ဆိုတာ ဖမ်းလို့ရတာ။ ငါးမျှားချိတ်က ငါးစာကို ငါးတန် လာဟပ်ဖို့ ဆိုတာ မလွယ်သလို ငါးမျှားချိတ်မှာ မိနေတဲ့ ငါးတန်ကို ရအောင်ဖမ်းဖို့ ဆိုတာလဲ လွယ်တာ မဟုတ်ဘူးကွ”
* * *
“ငါးမြင်းနဲ့ ငါးတန်ဟာ မသိတဲ့သူက မခွဲတတ်ဘူး။ ပုံစံက ဆင်တူသလို နေပေမယ့် ခေါင်းနဲ့ ကျောရိုးက ကွဲတယ်ကွ။ ငါးမြင်းက အမြီးရဲ့ရှေ့ ကျောရိုးမှာ ဆူးတောင်သေးသေး တစ်ခု ပါတယ်။ ငါးတန်မှာ မပါဘူး။ ငါးမြင်းရဲ့ အသားက အဝါရောင်။ အရေခွံ ပါးတယ်။ အဆီ နည်းတယ်။ ငါးတန်က အရေခွံ ထူပြီး အဆီ များတယ်။ အသား နီတယ်။ ငါးတန်ခေါင်းက ငါးမြင်းထက် သေးတယ်။ အမြီးကလည်း ငါးမြင်းထက် သွယ်တယ်။ ငါးတန်မှာ ငါးမြင်းလို အမြီးရှေ့ ကျောရိုးမှာ ဆူးတောင် မပါဘူး”
ဦးအိုက်မြသည် စကားပြောလို့ မောသွားဟန်နဲ့ ရေနွေးကို တစ်ကျိုက် သောက်ချလိုက်သည်။ စကားစပ်မိလို့ နားထောင်သူရှိရင် ဦးအိုက်မြသည် သူ ငါးတန် မျှားခဲ့သည့် အကြောင်းကို စိတ်ပါလက်ပါ ပြောတော့သည်။
“ငါးမြင်းက လူနဲ့ မတည့်ဘူး။ စားရင် ရောဂါဟောင်း ပေါ်တတ်တယ်လို့ ရှေးလူကြီးတွေ ပြောကြတယ်။ ဒါကြောင့် ငါးမြင်းမိရင် မပျော်ဘူး။ ငါးတန်က လူနဲ့တည့်တယ်။ ဆေးဖက်လည်း ဝင်တယ်။ ငါးတန်မိရင် ပျော်တယ်”
“ကိုမြ ရှင် အကုသိုလ် အကြောင်းတွေ ပြောမနေနဲ့။ ကိုယ့် အသက်အရွယ်လဲ ပြန်ကြည့်ဦး”
အိမ်ရှေ့ ကပြင်မှာ စောင်ခြုံ ကွေးနေသော ဇနီးသည်က မြည်တွန် တောက်တီးသည်။ စကားစကိုဖြတ် အကြမ်း ပန်းကန်ကို ချပြီး ဦးအိုက်မြက သူ့ပန်းပဲဖိုလေးကို မီးသွေး ဖြည့်လိုက်သည်။ ဧည့်သည် ထပြန်ပြီ။ ဦးအိုက်မြရဲ့ လက်တွေက ဖားဖိုနဲ့ ဆက်ထားသည့် လက်လှည့် ဘီးလေးဆီ ရောက်သွားသည်။ လက်တွေ လှုပ်အရှားမှာ ဘီးကလေး လည်လာသည်။ မီးတွေ ရဲကနဲ။ နီရဲသော သံထည်တွေကို ရေထဲ အနှစ်မှာ ထွက်သာသည့် အသံသည် ရှဲကနဲ မြည်သည်။ နောက် ခွန်အား ရှိနေဆဲ လက်များသည် ပန်းပဲတူကိုင်ကာ သံထည်တွေကို အားနှင့် မာန်နှင့် ထုနှက်တော့သည်။ ဒါက တစ်ချိန်က ငါးတန်သမား တစ်ဖြစ်လဲ ပန်းပဲအဖိုးအိုရဲ့ နေ့စဉ်ဘဝ။
လူတွေ မကဲ့ရဲ့ဘူး၊ ဇနီး သားသမီးတွေက မတားမြစ်ဘူး ဆိုလျှင် သည်အရွယ်မှာ ငါးတန်ကြီး တစ်ကောင်လောက် ဖမ်းလိုက်ချင်သေးသည်။ တင်နေတဲ့ အကြွေးတွေ အချို့အဝက် ပြေလည်သွားမည် မုချ။
သံထည်ကို ထုနှက်သံသည် မှန်မှန်ထွက်ပေါ် နေသလို ဦးအိုက်မြရဲ့ စိတ်ကူးများ သည်လည်း ပျံ့လွင့်ချင်တိုင်း ပျံ့လွင့်နေသည်။ အိမ်ပေါ်တက် ငါးမျှားချိတ်ကိုယူ၊ ငါးမျှားချိတ်မှာ ကြက်အူကို တပ်။ တဖြည်းဖြည်းနဲ့ ငါးမျှားကြိုးကို လက်နဲ့ ဝှေ့ယမ်း အားယူ၊ မြစ်လယ်ကို လွှဲပစ်။
* * *
ဦးအိုက်မြနဲ့ အိုက်လိတ်တို့ သားအဖ နှစ်ယောက် မနက်စောစော ကတည်းက အိမ်မိုးဓနိတွေ တက်ဖာကြ အပြီး တစ်ကိုယ်လုံး ယားနေကြသဖြင့် နေ့လယ်ဖက် အလုပ်ပြီးပြီးချင်း မြစ်ဆိပ်ကို ရေချိုးဆင်း လာသည်။ မြစ်ရေသည် လှိုင်းပုတ်သောကြောင့် အမှိုက်သရိုက် လုံးဝမရှိပဲ ကြည်လင်နေသည်။ နေ့လယ်ခင်းတို့ ထုံးစံအတိုင်း မြစ်ဆိပ်တွင် လူရှင်းနေသည်။ ဦးအိုက်မြသည် ရေထဲတွင် စိမ်ချိုးနေရင်းမှ မြစ်လယ်ကို အကြည့်ရောက် သွားသောအခါ တစ်စုံတစ်ရာကို မြင်လိုက်ရသည်။ အစက နွားတစ်ကောင် ရေကူးလာသည်လို့ ထင်မိသည်။ သို့သော် သေသေချာချာ စူးစိုက် ကြည့်သောအခါ ဦးအိုက်မြရဲ့ မျက်လုံးတွေက ရုတ်ချည်း ပြူးကျယ် သွားခဲ့သည်။ ရေထဲကနေ သောင်ပြင်ပေါ် ပြေးတက်ကြည့်သည်။
“ဘုရား ဘုရား ငါးကြီးတစ်ကောင် ရေပေါ်မှာ ကူးလာတာ”
အိုက်လိတ်က ကြောက်လို့ ပြေးတက်လာသည်။ အဝတ်တွေကို သုတ်သုတ်ပျာပျာ ကောက်ယူပြီး အိမ်ပြန်ပြေးဖို့ ပြင်နေသည်။
“နေဦး ... နေဦး”
အိုက်လိတ်ကို လက်ကာပြ လိုက်သည်။ အိုက်လိတ်က ဦးအိုက်မြရဲ့ တည်ငြိမ် လေးနက်သော အမူအရာကို ကြည့်ပြီး ငြိမ်သွားသည်။ ဦးအိုက်မြသည် ခပ်လှမ်းလှမ်းက သစ်သား လှေကလေးဆီ သွားပြီးသောင်ပြင်မှာ စိုက်ထားသော တက်ကို ဖြုတ်ယူသည်။ လှေကလေးကို သောင်ပေါ်ကနေ ရေထဲ တွန်းချလိုက်သည်။ မြစ်လယ်ကို တစ်ယောက်ထဲ ဦးတည် ခပ်သွက်သွက် လှော်ခတ်သွားသည်။ ငါးကြီး အနားကို လှေကလေး ကပ်သွားသည်။ ငါးကြီးသည် တစ်ကိုယ်လုံးနီးနီး ရေပေါ် ပေါ်နေသည်။ တက်နဲ့ တို့ကြည့်သည် အနည်းငယ် လှုပ်သွားသည်မှအပ ငါးကြီးသည် ရေထဲ ငုပ်မသွား။
“အိုက်လိတ် အိုက်လိတ် ကြိုးတစ်ချောင်း ရှာပြီး အမြန်လာခဲ့”
မြစ်လယ်ကနေ သားဖြစ်သူကို အော်ပြောသည်။ လက်ထဲက တက်နဲ့ ငါးကြီးရဲ့ ကျောပြင်ကို ထောက်ကာ ထိန်းထားသည်။ ဦးအိုက်မြရဲ့ ရင်တွေ တဒိန်းဒိန်း ခုန်နေသည်။ မတော်တဆ တခြားလူတွေ ဆင်းလာပြီး သူ့လက်ထဲက ငါးကို လုယူသွားမှာ စိုးရိမ်နေသည်။
အိုက်လိတ်က သည်တစ်ကြိမ်တော့ လျှင်သည်။ သောင်ပြင်မှာ လွန်းတင်ထားသော စက်လှေတစ်စီးဆီ အမြန်ပြေးသည်။ အုန်းဆံကြိုး တစ်ခွေကို ဆွဲလာသည်။
“အဖေ့ ငါ ဘယ်လို လာရမလဲ”
အိုက်လိတ်သည် ရေစီးနဲ့အတူ မျောပါသွားသော ဖခင်ရဲ့ လှေကလေး နောက်ကို သောင်ကမ်းတစ်လျှောက် ပြေးလိုက်လာရင်းနဲ့ တစ်နေရာမှာ လှေတစ်စင်း တွေ့သည်။ ကြိုးဖြုတ်ပြီး အပြင်းလှော်လို့ လိုက်လာသည်။ အိုက်လိတ်ရဲ့ စိတ်ထဲမှာ အဖေအတွက် စိတ်ပူနေသည်။ အိုက်လိတ်ရဲ့ လှေက ဦးအိုက်မြ လှေကလေးနဲ့ ငါးကြီး အနားကို မီလာသည်။
ငါးကြီးကို ကြည့်ပြီး အိုက်လိတ် မျက်လုံးပြူး နေသည်။ ကြိုးကို ပစ်ပေးတော့ ဦးအိုက်မြက ငါးကြီးရဲ့လည်ပင်းနားကို ကြိုးနဲ့ ရအောင်ချည်သည်။ နောက်အမြီး။ အမြီးသည် သွယ်သည်။ ခေါင်းက သေးသည်။ အမြီးရှေ့ ကျောရိုးမှာ ဆူးတောင်မပါ။ ငါးတန်။
သားအဖ နှစ်ယောက်သား ငါးကြီးကို ဆွဲကာ ကမ်းဆီ ပြန်လှော်ခတ် လာကြသည်။ ငါးကြီသည် အမြီး တစ်ချက် တစ်ချက် လှုပ်သည်က လွဲလို့ ဦးအိုက်မြတို့ ဆွဲခေါ်ရာနောက် ပါလာသည်။
ဦးအိုက်မြတို့ သားအဖ ငါးကြီး ရလာသည့် အကြောင်း တစ်ရွာလုံးကို ပျံ့နှံ့သွားသည်။ ရွာကလူတွေ ကမ်းစပ်ကို ဆင်းလာပြီး ငါးကြီးကို ဝိုင်းအုံ ကြည့်ကြသည်။ ကလေးတွေက အများဆုံး။
“တစ်ခုခု မျိုထားတာ” လို့ ဦးအိုက်မြက တပ်အပ်ပြောသည်။
ငါးကြီးကို ငါးသည်မအေးမြိုင်က အပြတ်ဝယ်မည်လို့ ဆိုသည်။ ငွေကြေးက မက်မောစရာ ဖြစ်ငြား ဦးအိုက်မြက မရောင်းတော့ပါ။
ငါးကြီးကို ရပ်ရွာလူငယ် ဘုံအဖွဲ့ချက်ရေးပြုတ်ရေးကို အပ်သည်။ ငါးကြီး သူ့အလိုလို သေမှ ပံ့သကူသားအဖြစ် ငါးဟင်းချက်ကာ အိမ်ပေါက်စေ့ ငါးဟင်းတစ်ခွက်စီ ဝေငှမည်။ ငါးအသားဟင်း ကုန်ပြီး နောက်ရက်ကို ငါးခေါင်း၊ ငါးရိုးတွေကို မျှစ်ချဉ်နဲ့ ရောပြွမ်းချက်ကာ ဗိုက်ခွေးနမ်းအောင် စားကြမည်။
ဇနီး ဒေါ်နန်းကြည်သည် ငါးသည်မအေးမြိုင် ပေးသောငွေကို လိုချင်လွန်းလို့ တစ်ပိုင်းသေ နေသော်လည်း ခင်ပွန်းသည်ကို မမြည်တွန် မတောက်တီးတော့ပါ။
တစ်ရွာလုံး အိမ်ပေါက်စေ့ ငါးဟင်းနံ့တွေ သင်းပျံ့သော ထိုတစ်နေ့ကို ကြုံခဲ့ပြီးနောက် ဦးအိုက်မြ တစ်ယောက် ပြောင်းဖူးဖက် ဆေးလိပ်ဖွာရင်း ကျေနပ်စွာ ပြုံးနေသည်။ နောက်ထပ် ငါးတန်တစ်ကောင် ဖမ်းဖို့ သူ တောင့်တတော့မှာ မဟုတ်ပါ။
ဦးအိုက်မြ ပြောသည့်အတိုင်း ငါးကြီးဗိုက်ထဲကနေ သုံးပိဿာအရွယ် ငါးဘတ်ကြီး တစ်ကောင် တွေ့သည်။ ငါးဘတ် တစ်ကောင်လုံးကို အငမ်းမရ ထိုးဟပ် မျိုမိပြီးနောက် အစာမချေနိုင်ပဲ ငါးဘတ်ကြီးက ဝမ်းတွင်းမှာ ပုပ်ပွလာသဖြင့် ငါးကြီး တစ်ကိုယ်လုံး ရေပေါ် ပေါ်လာရခြင်း ဖြစ်ပေသည်။
* * *
နမ့်တလုန်းသည် ကျေးဇူးကြီးလှသည်။ ငါးတန်ဖမ်းသမား အဖိုးအို တစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်း ဝမ်းစာပေး လေသည်။ သူ့ကို မှီခိုနေရသူတွေကို ဝမ်းစာပေးဖို့ မှီခိုခွင့်ပေးဖို့က သူ့ရဲ့တာဝန်၊ သူ့ရဲ့သစ္စာ။ သဘာဝတရားက သူ့ကိုမှီခို နေရတဲ့ လူသားတွေအပေါ် အမြဲ သစ္စာရှိသည်။ လူသားတွေကသာ သဘာဝတရားအပေါ် ထားရှိအပ်သော သစ္စာကို မဖောက်ဖျက်ြကဖို့ လိုပေသည်။
----------------
မြတ်နှင်းအေး
Eternal light မဂ္ဂဇင်း၊ ဧပြီ၊ ၂၀၁၉
Crd - MyatHnin Aye
Comments