အခဏ်း။ ၁၄ ။
ဦးသုဓဇသည် ပြည်မြို့သို့ ကုန်းကြောင်းဖြင့် ဆန်တက်ရာ လမ်းတွင်ရှိသော မြို့များ၌ တရားပွဲများ ကျင်းပလေသည်။ ဦးကျောက်လုံးကြီးကား တရားနာခံအဖြစ်ဖြင့် များစွာ ဝတ္တရားကျေပြွန်နေလေ၏။ သုံးဆယ်၊ သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ ကြို့ပင်ကောက်၊ နတ္တလင်း၊ ပေါင်းတည်မြို့တို့၌ တရားနာပရိသတ် အလွန်စည်ကားများမြောင်လှပေ၏။
ဦးသုဓဇသည် ဤသို့ တွေးမိ၏။ ဂါထာရွတ်ရာ၌ နာမည်ကျော်ကြားသော ဓမ္မကထိက၊ စကားပြေဟောပြောရာ၌ နာမည်ကျော်သောဓမ္မကထိက၊ သီချင်းနှင့်ရောစပ်၍ ဟောရာ၌ နာမည်ကျော်ကြားသောဓမ္မကထိက အစရှိသည်ဖြင့် သူ့ဘက်နှင့်သူ ဂုဏ်ပိုင်ပိုင်ကြီး စွမ်းကြသော ဓမ္မကထိကတွေ ပေါ်လှပြီ။ အမျိုးသားစိတ်ကြွအောင် ထည့်၍ဟောသော ကိုယ်တော်တွေကား သာယာဝတီ ဦးညေယျမှတပါး ရှားလှစွာ၏။ ငါသည် အမျိုးသားစိတ်ကြွစေမည့် တရားတွေကို ဟောလိုက်ချေက တမျိုးအကြိုက်တွေ့၍ ငါနာမည်ကြီးမည်။ လူကြည်ညိုများမည်။ အလှူအတန်း ဝပြောမည်။ သို့ကြောင့် ဦးသုဓဇသည် ကြို့ပင်ကောက်မြို့၌ ဝိဇယကုမ္မာဇာတ်ဝတ္ထုတရားကို ဟောကြားတော်မူရာ....
“အင်း ... မင်းပျိုမင်းလွင်ကလေးဟာ ညှင်းချင်တိုင်း ညှင်း၊ တေချင်တိုင်းတေပြီး တိုင်းနေပြည်သားတွေကို များများကြီး နှောက်ယှက်နေသတဲ့။ ပြီးတော့ သူ တပါးထဲ စော်ကားတာမဟုတ်ဘူး၊ အဘော်အများနှင့်တဲ့။ အဘော်များကလဲ ငါးရာတောင်ရှိတယ်။ ဒီငါးရာထဲက လူပျိုတော်တွေကလဲ သတ္တိကလဲကောင်းပေါ့။ မိုက်လုံးကလဲ ကြီးပေါ့။ ရက်စက်တဲ့စိတ်ကလဲ ထန်လှပေ့ဆိုတဲ့ သတ္တဝါတစုပေါ့။ အဲ ... ဒီတော့ ခေါင်းဆောင်လုပ်တဲ့လူကလဲ လက်နက်အင်အား၊ ငွေအင်အား များများကြီး ဖြုံးသုံးနိုင်ပေတာမို့ စိတ်ကရှိသလောက် အကြံမြောက်ကြတာပေါ့ ...။
သူတို့တတွေဟာ တောလက်ကျေးရွာတွေသွားပြီး အရပ်ပွဲတွေကို ကြည့်ကြသတဲ့။ တောသူအပျိုချော ဖြူပြာမူရာတွေအနား တိုးကြ၊ နောက်ကနေ ဆိတ်ကြ၊ တို့ကြ၊ အတင်းအကြပ် ချစ်စကား ကြိုက်စကားပြောကြတဲ့ အရပ်သူ အရပ်သားတွေမှာ ဓလေ့စရိုက်နှင့် ပျော်နေကြ၊ ကနေကြ၊ သီဆိုနေတာကို “ဟေ့ ... အောင်ပွဲသိမ်းလိုက်၊ မကြည့်ချင်ဘူး။ မင်းသားက ကတာ မျောက်ခုန်သလို” ဘာညာနှင့်ဆိုပြီး ပွဲဖျက်ကြတယ်။ အရပ်သားတွေက မခံနိုင်လို့ ရန်မူကြပြန်ရင် ပြန်ပြီး လက်နက်ကုန် အစွမ်းပြပြီး ရမ်းကြပြန်တယ်။ သေနတ်နှင့်ပစ် ဒါးနှင့်ထစ်ပေါ့။ ပြီးတော့ မိန်းမတွေကို အတင်းဖမ်းဆီး၊ အဓမ္မ မုဒိမ်းကျင့်ကြသတဲ့၊ မပြောနှင့်တော့ ဒါးနှင့် ရင်ဝတေ့ပြီး ကာမကို လုယူကြသေးတယ်။ တချို့ရွာများမှာတော့ ထန်းရေနှင့် မြီးဘို့ ကြက်တွေ ဘဲတွေကို ဇွတ်အတင်း တောင်းယူကြတယ်။ ကြက်ဥဆိုတာလဲ လိုလေသေးမရှိအောင် တောသူတောင်သားတွေက ဆက်ကြရတယ်တဲ့။ မင်းသားနှင့် အဘော်အပေါင်းများဟာ ပျော်ကြောင်းတမျိုးဖြစ်တဲ့ တောလိုက်ခြင်း ပြုကြတဲ့အခါ တောရွာက လူများကို အရအမိ ခေါ်ယူသွားကြတယ်။ တောသားကြီးတွေမှာ မြှားထမ်း၊ လေးထမ်း၊ သားကောင်ထမ်းပေါ့။ တခါတရံ လမ်းလယ်မှာ ရွှံ့ဗွက်များတွေ့ရင် မင်းသားနှင့်ငယ်ကျွန်များကို ထမ်းပြီး ရွှံ့ဗွက်ကို ကူးရှာကြရသတဲ့”
“တကာကြီး ဦးကျောက်လုံး ...”
“ဘုရား ... အနားက ခစားလျက်ရှိကြောင်းပါ ဘုရား ...”
“သည်လောက် ဆိုးဝါးညစ်စုတ်တဲ့ မင်းများ ရှိပါအုံးမလားဗျာ"
“မှန်လှပါ။ မရှိရိုးဧကန် မှန်ပါဘုရား။ ယခုခေတ်ကာလမှာ အလွန်ယဉ်ကျေးလှသည့် အင်္ဂလိပ်အစိုးရမင်းများ ကြီးကြပ်နေလို့ တိုင်းတော်ပြည်တော် သာယာလှကြောင်းပါ ဘုရား ...”
“အဲ မရှိပေဘူးဗျာ။ ဒါကြောင့်လဲ အင်္ဂလိပ်မင်း အုပ်စိုးခြင်းကို အလိုရှိကြပေတာပေါ့နော် အဲ ... အဲ .. ဝိဇယကုမ္မရီဆိုတာ ဋီကာဖွဲ့ရင် ကုန်နိုင်ဘွယ် မရှိပေဘူး တကာကြီး။ မြို့ကြီးပြကြီးများမှာတော့ နှိပ်စက်ပုံက တမျိုးတဲ့၊ သူဌေး သူကြွယ်တွေကုန်သည်ကြီးတွေက သူတို့ဆီက ပစ္စည်းဥစ္စာကို ချောက်လို့ လှန့်လို့ တောင်းတာက တမျိုး၊ ဇွတ်ဆွဲယူတာက တဖုံ။ မင်းတို့တတွေ အလကားနေရင်း ပိုက်ဆံပေါ၊ အလကားနေရင်း အမြတ်တွေယူနေတယ်၊ ငါတို့ကို မင်းတို့မြတ်တာတွေထဲက ဝေခွဲလို့ပေးရမယ်လို့ ယူတာက တနည်းတဲ့ဗျ။ ဓမြတိုက်လို့ ယူကြသေးသတဲ့။ မင်းသားဆိုတော့ အောင့်အီးလို့ ခံနေကြရတာပေါ့။ ပြီးတော့ အမှုအခင်းရှိလို့ မြို့သူမြို့သားတွေဟာ တရားရုံးတော်များ တက်ခဲ့ရလို့ရှိရင် အမှုအခင်းနိုင်အောင် ဝိဇယမင်း ကယ်ပါဟု မင်းသားကို တထောင်မျိုး နှစ်ထောင်မျိုး လာဘ်ထိုးရသကိုး။ ဝိဇယကုမ္မာဟာ ဒီငွေတွေရပြီဆိုမြှဖင့် တရားစီရင်မဲ့ဝန်ကြီးထံ သွားပြီး....
'ဘိုးဘိုး ဒီလူ့အမှုကို အနိုင်ပေးလိုက်ပါ။ ကျုပ် ဘုရင်ဖြစ်တော့ ဘိုးဘိုးကို ကျေးဇူးဆပ်ပါ့မယ်' ဆိုသတဲ့။
တရားဝန်ကြီးများလဲ ဘယ်မှာ ငြင်းဆန်နိုင်ပါ့မလဲ။ မင်းသား အလိုတော်ကျ လုပ်ရတာပေါ့လေ။ မင်းကလေးကို အပိုင်စားပေးထားတော်မူတဲ့ နယ်များမှာတော့ သာကြပ်တာပေါ့လေ။ တောင်သူလယ်လုပ်တွေမှာ အဆမတန် အခွန်
တွေ ပေးကြရသတဲ့။ ဒီအခွန်တွေက ရသမျှငွေတွေကို ဝိဇယကုမ္မာတို့လူစုဟာ အကုန်ဖြုန်းပစ်တာဘဲတဲ့။ သူတို့ဘဲ ခွဲယူကြတယ်၊ အခွန်ဆောင်ရတဲ့သူတွေရဲ့ ပညာရေးတို့၊ ကျန်းမာရေးတို့၊ စီးပွါးရေးတို့တွေကို ဘာမှဂရုမစိုက်ဘူးတဲ့။ 'ဒီဟာတွေဟာ အခွန်အတုပ်ထဲက သုံးဘို့မဟုတ်ဘူး။ နင်တို့ကျန်းမာချင်ရင် နင်တို့ဘာသာ ဆရာဝန်ခေါ်ကြ၊ ဆေးရုံဆောက်ကြ။ မခေါ်နိုင် မဆောက်နိုင်ရင် သေကြ။ ပညာလိုချင်ကြရင် နင်တို့ဘာသာရှာကြ။ နင်တို့ ငွေစုကြပါလား၊ ငွေစုပြီး ကျောင်းတယ်ကြပါလား။ နင်တို့ လမ်းကောင်းကောင်းနဲ့ သွားလာချင်ကြရင် တအိမ်တယောက်ဆင်းပြီး တောခုတ်ကြ၊ လမ်းထွင်ကြ၊ ကျောက်ခင်းကြ'လို့ မိန့်တော်မူသတဲ့ တကာကြီးရဲ့။ တခါတရံ ဝိဇယမင်းသား တောသို့ ချီကြွလျှင် သွားတော်မူမဲ့ လမ်းတွေကို ရှင်းကြလင်းကြ၊ ကျောက်ခင်းကြစေသတဲ့။ ဒီတော့ ဝိဇယမင်းသားက 'အဲဒီလိုမှပေါ့။ တနယ်လုံး ဒီလိုဘဲ ကောင်းကြရဲ့ မဟုတ်လား' စသည်ဖြင့် မေးတော့ 'တနယ်လုံးပါဘဲဘုရား'လို့ လျှောက်ကြသတဲ့။
အဲဒီလိုပေါ့လေ၊ တော်တော်ဘဲ ဝိဇယရဲ့ ဆိုးဝါးချက်ကဲနေတာ တစ တစတော့ ခမည်းတော်သီဟဗာဟုမင်းကြီး၏နားတော် ပေါက်ကြားပါရောတဲ့။ ပေါက်ကြားတော့ မင်းကြီးက မှူးမတ်များ မေးတော်မူရာ မှူးတော်မတ်တော်တွေက 'မှန်လှပါ၊ ကြားတော်မူသလောက် မဟုတ်ပါဘုရား။ ဘုရားသားတော်သည် မဟာသွေး မဟာနွယ်အစစ် ဖြစ်ပါသဖြင့် သီလသမာဓိ မနဲပါကြောင်းပါဘုရား။ သနားကရုဏာစိတ်များကိုလည်း မွေးမြူပါကြောင်းပါဘုရား။ နုပျိုသော အရွယ်၊ ပျော်တတ်သောအရွယ် ဖြစ်ပါ၍ တခါတရံ အပျော်ကြူးမိသည်ကို တစိပ်တအိတ် လုပ်၍ ရွှေနားတော်သို့ ပို့ဆောင်ခြင်းမှန်ပါသည်ဘုရား'လို့ လျှောက်ထားတော့ မင်းကြီးလဲ အေးသွားပြန်ရော။
နောက် လနှစ်ကြာတော့ သံပုရာသီးလို 'ကြီးလေ ချဉ်စရာကောင်းလေ' ဖြစ်တဲ့ ဝိဇယကုမ္မာဟာ ကြာလေ ချဉ်စရာကောင်းတဲ့ အလုပ်တွေ လုပ်ရောတဲ့။ အဲဒီတော့ တကာလုံးရေ ...."
“ဘုရား ... ဟုတ်တော့ကျော် ပုပ်တော့ ပေါ်ပါတဲ့ ဘုရား”
“ဟုတ်လေ တကာကြီးရယ် ... မကောင်းသတင်း အပုပ်အနံ့တွေဟာ အလွန်ထွက်လာတော့ ဘုရင်ကြီးလဲ များစွာ စိတ်နှလုံး မသာမယာရှိတော်မူတာပေါ့။ သားတော်ဖြစ်လို့ ချစ်တော်မူတာက တဖုံ၊ အမိုက်တော်ကြူးလို့ ဒူးနှင့်တိုက်လိုက်ချင်တာ တမျိုးကိုးဗျ။ 'ခမဲတော်မျက်နှာမှ ထောက်တော်မမူဘူးသားရယ်၊ မိုက်လေခြင်း ...' ဟု ဟင်းခနဲ သက်မကြီး ချနေတယ် ...။ သားတော်အတွက် လူသတ္တဝါအများတို့ စီးပွါးပျက်၊ အနှိပ်စက်ခံရ၊ အညှင်းဆဲခံရ၊ တိုင်းသူပြည်သားတွေဟာ တကယ်ဘဲ အိုးခင်းကြီးထဲမှာ ထဲ့လှော်တာလို အပူနှင့် တွေ့နေကြရတယ်။ သားပျို သမီးပျိုများလဲ ပျက်စီးကြ၊ လင်ရှိမယားများလဲ ကာမဂုဏ်အလုခံရနှင့် ဖြစ်နေချေပြီလို့ အများသော တိုင်းသူပြည်သား တို့အတွက် ပူလဲပူ ဆွေးလဲဆွေးမိတယ်။ သင်းကလေး မရှိရင် ပြည်သူပြည်သားတွေ ချမ်းသာပေမှာဘဲဟု ချိန်ဆတော်မူသော်လဲ 'ဪ ...သားကြီး ငမိုက်ကြီး တယ်ဆိုးပါကလား၊ မင်းလိမ္မာပါ။ ဘခမဲတော် သားကြီးနှင့် ဘယ်တော့မှ မခွဲလိုဘူး၊ သားကြီးကို အလိုလိုက်ချင်တယ်၊ ရွှေထီးရွှေနန်းကို သားကြီးမောင် သိမ်းမြန်းစေလိုတယ် ... 'ဟု ဘခင်၏ချစ်သောစိတ်ဖြင့် ရေလဲ ရေရွတ်မိသေးသတဲ့။ ဒီလိုနဲ့ .... ပြည်သူ့အကျိုးနှင့် သားကိုချစ်ခြင်း စစ်တိုက်နေကြတယ်။ သို့သော်လဲ သီဟဗာဟုမင်းကြီးဟာ လူညံ့မဟုတ်ဘူး။ လူတွေ ရန်မူမယ်ထင်လို့ ဘခင်ဖြစ်တဲ့ ခြင်္သေ့မင်းကိုတောင် အသေစီရင်တော်မူသေးတဲ့လူ ဖြစ်တယ်။ ဒီတော့ အသက်တခုမျြှဖစ်သော သားကို မချစ်နိုင်၊ အများသတ္တဝါကိုသာ ချစ်နိုင်မည်။ သားကိုတော့ ဆိုးစေ၊ အများသတ္တဝါတွေတော့ ပျက်စီးနစ်နာစေ ဆိုတာဟာ မတရားဘူးလို့ တွေးတောပြီး သားတော်မောင်ကို အဖေါ်အပေါင်းနှင့်တကွ ဘမ်းပြီး ကွပ်မျက်စေလို့ မိန့်တော်မူသတဲ့ ... တကာလုံး”
“ဘုရား ... သတိမလပ်မူ၍ တပည့် မှတ်ယူနေရင်းပါ ဘုရား၊ မိန့်တော်မူပါ”
“ဪ .. မကွာလား တကာကြီးရဲ့၊ အများပြည်သူအကျိုးကို ကြည့်ပြီး သားတော်တပါးကို သားတော်ကို ချစ်ခြင်းဖြတ်လျက် သတ်တော်မူရန် စီမံတယ် တကာကြီး။ လောကမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ"
“အိမ်က မယားကိုပါဘုရား” ဟု ဦးကျောက်လုံးက ဖြေလိုက်ရာ ပရိသတ်တို့သည် ဝါးခနဲ ရယ်ကြလေ၏။
“အောင်မာ တကာကြီး၊ ဘယ်တုန်းကများ ဇနီးတမယ်နဲ့ ကြီးကျယ်နေသတုန်းဗျာ”
“မှန်လှပါ ... ဘယ်တုန်းကမျှ မရသေးပါဘုရား” ဟု ဖြေရာ ဝါးခနဲ ရယ်သံထွက်လာလေ၏။
“အဲ .. အဲ .. ကောင်းကောင်း ပြောပါအုံး၊ လောကမှာ ဘယ်သူ့ကို အချစ်ဆုံးလဲ၊ ကိုယ့်ကိုယ်ကလွဲရင်လေ”
“ ဦးပဉ္စင်းကို အချစ်ဆုံးပါဘုရား” ဟု ပြောပြီး ရယ်လေရာ ပရိသတ်မှာ စပါးလယ်ပင် လေတိုးသလို လှုပ်ရှားကာ ရယ်မောကြလေ၏။ ဦးသုဓဇသည် တခစ်ခစ်ရယ်မောပြီး ....
“ဖြစ်သေးပါဘူး တကာကြီးရယ်၊ ကဲ ... ပရိသတ်ထဲက ဖြေကြစမ်းပါအုံး” ဟု မေးလေ၏။
“သားသမီးပါဘုရား” ဟု ပရိသတ်ထဲက ထွက်လာမှ .... “အဲအဲ ....... ဟုတ်ပြီ၊ မိမိကလွဲလို့ အချစ်ဆုံးဖြစ်တဲ့ သားသမီးကိုတောင် တိုင်းကျိုး ပြည်ကျိုးအတွက် စွန့်လွှတ်သတ်ဖြတ်ဝံ့တဲ့ ဘုရင်ဘဲ။ ဦးပဉ္စင်းတို့ခေတ်ကြီးမှာ တိုင်းပြည်အတွက် သားသမီးစွန့်ဝံ့တဲ့လူ မပြောနှင့်၊ ငွေငါးထောင်တောင် မစွန့်ဝံ့ကြဘူး မဟုတ်လား”
“မှန်လှပါဘုရား”
သံပြိုင် ပေါ်လာစေ။
“ခုကာလမှာတော့ သားသမီး ပိုးလုံချည်၊ ပိုးအင်္ကျီပြောင်ပြောင် ဝတ်၊ စိန်လက်စွပ် စိန်နားကပ်ဝယ်၊ မယားနှင့် မော်တော်ကား ပြိုင်စီးဘို့လောက်ကိုသာ အရေးတကြီးထားနေကြတယ်။ တိုင်းပြည်တော့ ဘာဖြစ်ဖြစ်ဆိုတဲ့ ခေါင်းဆောင်တွေသာ ပေါ်နေတာကိုးနော်။ ဪ .. ဒါကြောင့် ဒီလိုကျွန်ဘဝနှင့် နေကြရတာပေါ့။ အဲဒါကြောင့် တကာလုံးရေ..."
“ဘုရား ... တရားဓမ္မစက်၊ အများအတွက်၊ ကြားမထွက်ရအောင်၊ အားတက်၍ ဟောတော်မူပါဘုရား ...”
“အဲဒါကြောင့် စကားအလျဉ်းသင့်တဲ့အခါ ယခု ကြွလာကြတဲ့ တကာ တကာမများသည် သားသမီးနှင့် မယားဇနီးတွေကိုပင် စွန့်နိုင် ပစ်နိုင်၊ အများအကျိုးနဲ့ ထိခိုက်လာရင် ဘဝင်နှစ်ခြမ်း ဖြန်းဖြန်းကွဲစေတော့လို့ ကြိုးစားဆောင်ရွက်မဲ့ အာဇာနည်များကို မျှော်လင့်တောင့်တကြရမယ်နော် .... ” စသည့် နိုင်ငံရေးတရားများကို ထည့်သွင်း၍ ဟောတော်မူမိလေသည်။
အခြားမြို့များသို့ သွားရောက်သောအခါ စုံထောက်များသည် ဦးသုဓဇကိုယ်တော်နောက်သို့ လိုက်ကြကုန်၏။ သမာဓိ မြို့ဝန်ဆိုသူတဦးက “ကိုယ်တော် မဂ်ဖိုတရားကိုသာ ဟောတာမဟုတ်ဘူး၊ အရှင်အစိုးရမင်းတို့ မကြိုက်တဲ့ စကားမျိုးတွေ မထည့်နှင့် ကိုယ်တော်၊ တော်တော်ကြာ ထောင်ကျနေပါအုံးမယ်၊ အရှင်ဘုရားက ဝံသာနုတရားတွေ၊ အစိုးရပုတ်ခတ်တဲ့ တရားတွေကို ဟောနေရင် ခု အရှင်ဘုရားကို ကိုးကွယ်နေတဲ့ မင်းဘက် စိုးဘက်က အရာရှိတွေကလဲ အရှင်ဘုရားကို ကိုးကွယ်ကြတော့မှာ မဟုတ်ဘူး။ အရှင်ဘုရားမှာ တကာ တကာမနဲ့ လာဘ်သပ္ပကာ နဲနေမှာပေါ့” ဟု လာရောက် သတိပေးသောအခါ ဦးသုဓဇသည် လွန်စွာ ကြောက်ရွံ့ လာလေ၏။ ထို့ကြောင့် အခြားမြို့များတွင် ဝိဇယကုမ္မာဇာတ်ကို ရပ်စဲထားလေ၏။
ကြို့ပင်ကောက်မြို့မှ ထွက်ခဲ့၍ မင်းလှမြို့၌ တရားတပွဲ ဟောရပြန်လေသည်။ မင်းလှမြို့က ဓမ္မကထိက ဆရာတော်ကလေးအား ကရဝိတ်ဖေါင် အမည်ရအောင် စက္ကူကုလားရွှေတို့ဖြင့် မွမ်းမံထားသော မော်တော်ကား၊ စည်တော်ကြီးများနှင့် ကြိုဆိုကြ၏။ ဆရာတော်အား ကြိုဆိုသည့်နေ့က ဆရာတော်စီးတော်မူသည့် ကရဝိတ်ဖောင်ပေါ်တွင် လိုက်ပါနိုင်ရန် နေရာလုကြလေရာ ငါးပွင့်ဆိုင်အဖွဲ့ဝင် ဦးကျော်နှင့် ငါးပွင့်ဆိုင်အဖွဲ့ ဝင်ပင်ဖြစ်သော ဦးဖေမောင်တို့သည် ရန်ဖြစ်ကြလေသည်။ ထိုနေ့မှစ၍ မင်းလှမြို့ ငါးပွင့်ဆိုင်အဖွဲ့မှ ထွက်ခဲ့ပြီးလျှင် ဦးဖေမောင်သည် ငါးပွင့်ဆိုင်ကို ဆဲလေ၏ ။ ဒေါက်တာဗမော် အဖွဲ့ဝင် အမတ်လောင်း ဦးလှကား တရားပွဲကျင်းပရာ၌ ရေတကောင်းကိုကိုင်၍ ရေစက်ချခွင့်ရရန် များစွာ ကြိုးစာလျက်ရှိလေ၏။
မကြည်ရဲ့ ဦးသုဓဇမှာ ကရဝိတ်ဖေါင်ပေါ်တွင် မတုန်မလှုပ် ကျောက်ရုပ်ကြီးကဲ့သို့ လိုက်ပါခဲ့ရသော်လည်း” ငါကား အာဂငါ၊ ရှေးဘုန်း ရှေးကံကြောင့် ဒီလို အပူဇော် အပသခံနေရတာ၊ ဟိုမှာကြည့်စမ်း လူတွေတန်းပြီး ငါ့ကိုဖူးနေကြတယ်။ ဟိုဘက်အိမ် ပြတင်းပေါက်ကလဲ အကောင်မ ချောချောကလေးတွေ ငါ့ကို ဖူးမြှော်ကာနေကြပါကလား။ အောင်မာ ဟိုသူငယ်မက တယ်ကဲပါကလား၊ ဝင်းထရံပေါ်တောင် တက်ပြီး ကြည့်နေပါကလား။ ဪ ဒါလဲ ငါ့ဘုန်းပေါ့။ ငါ ... ငါ ...နိပ်တဲ့ငါ..." စသည်ဖြင့် တွေးရင်း အသည်းနှလုံးများမှာ လှုပ်ရှားထကြွနေလေ၏။ မင်းလှမြို့၌ ကြီးကျယ်ခမ်းနားသော ကုလားရွှေ၊ ငွေမင်၊ ရွှေမင် စသည်တို့ဖြင့် ပြီးအပ်သော တရားပလ္လင်ထက်၌ ထိုင်တော်မူပြီး၍ “ဒါနအကျိုး မိုဃ်းသို့စွေ” ဆိုသော တရားဘိလပ်ရည်တွေကို တဖြောင်းဖြောင်းဖေါက်၍ အများကို သောက်စေလေသည်။
ထိုမှတဖန် ပေါင်းတည်သို့ ဆန်တက်ခဲ့လေရာ ဦးသုဓဇသည် အကြိုတော် ဆိုက်နိုးနိုးဖြင့် မျှော်ကိုးခဲ့ရင်း မင်းလှမှ တကာတဦး၏ကားဖြင့် လာခဲ့ပေ၏။ ပေါင်းတည်မြို့ဆီမှ ကားတစီးလာရင် “ဟော .. လာပြီထင်တယ်” ဟု လည်တန်ကိုဆန့်၍ ကြည့်လင့်၏။ အနားမှ ဝှီးကနဲ ဖြတ်သွားမှ မဟုတ်မှန်းသိရသဖြင့် လည်တန်တိုပြီး ငိုင်သွားပြန်၏။ ကားလာတိုင်း လာတိုင်း အကြိုအဆိုတွေ ထင်မိ၏။ ဤသို့နှင့် မြို့ ထဲသို့ရောက်သောအခါ မအောင့်နိုင်ဘဲ “တယ်ရိုင်းတဲ့ ကောင်တွေ၊ လာကြိုရမှန်း မသိဘူး” ဟု ငြီးတော်မူ၏။
တရားဟောရသောအခါမှာလည်း ပလ္လင်မပါ၊ မျက်နှာကြက်မပါ၊ ကန်တော့ပွဲမပါ ချာတာတာ ဖြစ်နေရကား ဦးသုဓဇမှာ ယမ်းပုံမီးပွားကျသကဲ့သို့ ဒေါသမီး တောက်၍နေလေ၏။ ရှေ့၌ စားပွဲတခုရှိ၏၊ ၄ထိုင်ရန် ကြိမ်ကုလားထိုင်ကြီးဖြစ်၏။ နေရာတကာတွင် မင်းလှမြို့ နှင့် ကွာသည်ကို တွေ့ နေရလေ၏။ နောက် “ငါ့ကို တမင်သက်သက် စောက်ရှက်ခွဲတာ ထင်တယ်။ ဘာမှ အပူအဇော်မရှိ၊ အရိုအသေမရှိ၊ ကြည့်ပဗျာ ..... တော်အောင်ရော်အောင် တရားပွဲလုပ်ထားတယ်၊ ဘယ်မလဲ တရားပလ္လင်” ဟု တွေးလေ ရှက်လေ ...... ဒေါပွလေဖြစ်ရကား .. မဟောတော့ဘူးဟု ထိုင်ရာမှ ထသွားလေ၏။
ထိုတွင်မှ တကာကြီးများက ၄တည်းခိုရာကျောင်းသို့ လိုက်၍ မေးမြန်းကြရာ“တကာကြီးတို့ ... တကာကြီးတို့မြို့ကား အဂါရဝ ကြီးလှတယ်၊ ပူဇာစ ပူဇနေယျာနံလဲ မသိကြဘူး ...၊ ဦးပဉ္စင်းတရားနှင့် တကာကြီးတို့နှင့် မတန်ဟုထင်ပြီး ပြန်ခဲ့တယ်” ဟု ပြောလွှတ်မှ တကာကြီးများသည် များစွာတောင်းပန်ပြီး ပင့်ခဲ့ရ၏။
“ဟို .... မင်းလှမြို့ ကတော့ ယဉ်ကျေးကြပါပေတယ် ...၊ သဒ္ဓါတရား များကြပါပေတယ်၊ တရားတော်ကို ရိုသေရမှန်း .. သိကြပါပေတယ်၊ တရားမဏ္ဍပ်ကြီးများ .... ဟိန်းနေအောင် ဆောက်လို့၊ တရားပလ္လင်ဆိုတာလဲ ... တရာတန် နှစ်ရာတန်၊ ပြီးတော့ ဦးပဉ္စင်းတို့ လာမယ်ဆိုရင်ဘဲ အကြိုအဆိုတွေ .. စည်တော်တွေနှင့် သိုက်သိုက်မြိုက်မြိုက် ရှိပါပေတယ်။ ရပ်ရွာရှိ အားလုံးသော တကာ တကာမများလဲ ညီညီညာညာနှင့် ဦးပဉ္စင်းဟောသမျှကို သောတဆင်ဘို့ လာကြပေတယ်၊ တကာလုံးရေ...."
“ဘုရား ..........” ဟု ဦးကျောက်လုံးက ကျယ်စွာထူး၏။
“တို့ ဒီက တကာ တကာမများနှင့် မကွာလားကွယ်၊ သို့ပေမယ့် မသိမလိမ်မာကြလို့ ဂါရဝလစ်ဟင်းတာကို ဦးပဉ္စင်းတို့က သည်းမခံကြမယ်ဆိုရင် မှားတော့မယ် မဟုတ်လား။ ရှိစေတော့၊ အမှားကို နောက်ထပ် မမှားကြစေဘို့သာ တိုက်တွန်းရတာဘဲ၊ အစကတော့ ... မိုက်ကြလှချေကလား၊ ရိုင်းကြလှချေကလားလို့ ကရုဏာဒေါသော ဖြစ်ပြီး မဟောတော့ဘူးလို့တောင် စိတ်မှာကြံမိတယ်၊ ဒါ ဘာကြောင့်လဲ တကာလုံးရဲ့”
“မှန်လှပါ ... ပေါင်းတည်သူ၊ ပေါင်းတည်သားများအပေါ် မေတ္တာဓာတ် ကြီးမားလွန်းအားကြီးလို့ အချစ်ကြီး အမျက်ကြီးဆိုသလို ကရုဏာဒေါသောတွေပါ ဘုရား ... ”
“အဲ .. အဲ .. ဦးပဉ္စင်းတို့ဝတ္တရားကို ကျေပြွန်အောင် ဟောကြစို့....”
အစချီပြီး တရားကို ဆက်လက်ခါ ဟောနေရသော်လည်း ရိုင်းပြသော ပရိသတ်ကို ကျေနပ်တော်မမူပေ။
---------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments