Skip to main content

တက်ဘုန်းကြီး ၁၉,၂၀,၂၁

#တက်ဘုန်းကြီး

အခဏ်း။ ၁၉ ။

လေးဆယ်ကျော်မှ ကံပေါ်ရသော အပျိုကြီးတကာတို့၏ ရှင်စောပု(ဝါ) ဘုရင်မ မစောညွန့်သည် ရီးစားထားရသည့်အရသာ အသိနောက်ကျလေခြင်းဟု သက်ပြင်းချမိလေ၏။ ခေတ်ကာလ တက်အပျိုကလေးများမှာများသောအားဖြင့် အသက် ဆယ့်လေးငါးနှစ် ရောက်လျှင် ရီးစားထားခြင်း၏ သိင်္ဂါရသ၊ ရတိဘာဝ၊ ဗျဘိစာရီဘာဝ၊ ဝိဘာဝ၊ အနုဘာဝ အားလုံးကုန်ကို သိရှိကြပြီးဖြစ်သော်လည်း မစောညွန့်မှာ ယခု အသက် ၄၄- နှစ်ရောက်ခါမှ ချစ်ခြင်း၏ဘာဝ အမျိုးမျိုးကို သိစပျိုးခါရှိသေး၏။ တခါတခါ ငါဘာကြောင့် ဘုန်းကြီးကိုမှ ချစ်မိပါလိမ့်ဟုမေး၏။ “ သဒ္ဓါလွန်လို့ တဏှာဖြစ်တာမျိုးဘဲ” ဟု သိရှိ၏။ သဒ္ဓါတရားအပြင် သနားစိတ်ပေါ်ပေါက်မှု၊ အားကိုးမှု၊ ကျေးဇူးတင်မှုများလည်း ချစ်ခြင်း၏အကြောင်းရင်း ဝိဘာဝတွေ ဖြစ်ကြောင်း နားလည်ပေ၏။ 

တခါတရံ သူနှင့် ဦးသုဓဇ (ဝါ) ကိုသန်းမြင့်တို့သည် အချစ်စခန်းဖွင့်၍ အချစ်သရုပ်ဆောင်နေသည်ကို တွေးမိ၏။

“တကဲ့ကို ချစ်တယ်လား ...” ဟု မေးလျှင် မိမိက

“ရွှေဆံတော် စူးပါစေ့ ချစ်ပါတယ်။ ချစ်တာကို သရုပ်ပေါ်အောင် ဟောဒီလို လုပ်ပြရအုံးမှာလား” ဟု ဖြေရင်း “ရှဲရှူး” ခနဲ အသံရှည်ကြီးပေါ်လာအောင် ကျောက်ဖျာကို တံပူဖြင့် ချစ်ပြလေ၏။

“ဦးပဉ္စင်းကတော့ ဘယ်လောက်များ ချစ်သလဲလို့”

“အို ... အို ... ဦးပုဉ္စင်း ... ဦးပုဉ္စင်းနှင့် အမင်္ဂလာစကားကြီးနှင့် မခေါ်ပါနှင့်၊ ခေါ်ပါ .…... မောင်မောင်လို့”

“ဟဲ ... ဟဲ .. မောင်မောင်က ဘယ်လောက်များ ချစ်ပါသလဲလို့”

“ဧရာဝတီမြစ်ရေဟာ ကုန်ခမ်းတယ်များ ရှိသေးသလား ...”

“မရှိပါဘူး မောင်မောင် ..."

“ဟောဒီသရေခေတ္တရာ မြို့တော်ကြီးမှာ ဘေဒါရီတို့လက်ထက်တုန်းက ဘူးကလေးနှင့် ရေခပ်တာလဲ ဒီဧရာဝတီမြစ်ရေဘဲမဟုတ်လား။ ခု ... ဟောဒီက ညွန့်ညွန့်တို့ ချိုးရေ ချက်ရေ သုံးနေကြတာလဲ ဧရာဝတီမြစ်ရေဘဲ။ ဧရာဝတီမြစ်ကြီး ရေမကုန်။ ရေဟောင်းက ပင်လယ်ထဲဝင်၊ ရေသစ်တွေ မြစ်ဖျားက ဆင်းတာလို မောင်မောင့်အသဲနှလုံးတည်း ဟူသော မြစ်ကြီးမှာ မေတ္တာရေစင် အစဉ်မပြတ်စီးမှာပါဘဲ” စသည်ဖြင့် ဟိုနှယ် သည်နှယ် ချစ်ရေးဆွယ်ကြပုံကို တွေးမိတိုင်း အူမြူးမိလေ၏။

စာကို ခိုးဘတ်ရသည်မှာလည်း အရသာတွေ့၏။ ဦးသုဓဇထံမှ စာကလေးရလျှင် အသက်ပင် မှန်မှန်မရှူနိုင်။ ဆိတ်ကွယ်ရာကိုဘဲ တော်တော်နှင့် မရနိုင်၊ အိမ်သာထဲဝင်ဘတ်ရ၊ ခြင်ထောင်တွင်း ပုန်းဘတ်ရ၊ စာအုပ်ကြား ညှပ်၍ဘတ်ရဖြင့် လွတ်လွတ်လပ်လပ် ဘတ်ရသည်ထက် အရသာထူး ပို၍နေပြန်လေ၏။

“ဆုထူးပန် ညွန့်ညွန့်ငဲ့၊ ဟိုတနေ့ညက တွေ့ရမယ်ဆိုလို့ ချမ်းမြေ့တဲ့သော်တာကို အဖေါ်ပမာပြုပြီး၊ ဆုထူးပန်မြင့်ဒါယူကို၊ ခွင့်သာမူလာစေကြောင်း၊ ထပ်လောင်းလို့ ပြောပါလေ၊ ညွန့်သည်တမူ၊ ညွန့်ချစ်သူမှာ၊ မြှော်ရာကလွမ်း၊ တမ်း ရာကဆွေး၊ ငေးရာက မောပေါ့လို့၊ ပြောတော့ စန္ဒာ၊ ရောင်သာခွါရယ်လို့၊ မှာပေမဲ့၊ ငွေသော်တာ အရေးမစိုက်တာမို့၊ ချွေးဖြိုက်ဖြိုက်သာ၊ ကျရတော့တယ်၊ *မေတ္တာဆက်သွယ်၊ အဝေးကလှယ်ရလို့၊ ကြယ်တာယာလစန်းလို၊ လက်လှမ်းကာချူပေမင့်၊ ရယူဘို့အာသာရမက်၊ မငြိမ်းတာလို၊ ချူပါသော်လဲ အဝေးကြီး၊ ဘယ်တော့မှကိစြ္စပီးရမလဲ၊ “အမြင်နီးလျက် ခရီးဝေးသည့်တောင်”ဆိုတဲ့ စကားလို၊ အနီးအနား ဖြစ်မလိုလိုနှင့်၊ ခပ်ဝေးရှိနေသေးတော့
တာဘဲ၊ နှမညွန့်ညွန့်အတွက် စိတ္တဇနှင့် “ဘိဇ္ဇနဓမ်မော၊ ဘိဇ္ဈတိ” သေဘို့ရန်ခရီးကဖြင့်၊ နီးနီးကလေး ရှိတော့တာဘဲ၊ အာဏာတော် တချက်လွှတ်နှင့်၊ ဝတ်ရုံတိုင်းခဲမဲလို့ အရွဲ့တိုက်ပြီး၊ အတွေ့မခံရင်၊ ကံကိုသာပြစ်ချ၍၊ ဖြစ်သမျှ ဝိပါက်ကို၊ မရှက်နိုင်အားခဲပြီး၊ လူးလဲလို့ ခံရတော့မှာဘဲ၊ စီမံမဲ့ ဖူးစာနတ်ကို၊ အထပ်ထပ်ညွတ်တွေးခံ၍၊ ဝတ္တရားကင်းစေလိုတဲ့အကြောင်းနှင့် ဆုတောင်းရင်း၊ ဤစာကို ရေးသွင်းပါသည်” ဟူသော စာမျိုးကိုကား အဘန်ဘန် အခါခါဘတ်၊ ဘတ်တိုင်းလည်းသဘောကျ၊ သဘောကျတိုင်းလည်း ဘတ်၊ ပြီး၍ ခေါင်းအုံးအောက်၌ ထားလေ့ရှိ၏။

(*ခရေပွင့်နောက်မှလာသော စကားများကား စာရေးသူလက်ရာမဟုတ်၊ ရှေးစာမှ ယူထည့်လိုက်သည်။)

တဖန် ကြောက်သောကြောင့်လည်းကောင်း၊ ရှက်တက်တက်နေသောကြောင့်လည်းကောင်း၊ ညတွေ့ဘို့ကို အချိန်ဆွဲနေခိုက် ...

" ညွန့်ညွန့်ရဲ့၊ ရက်စက်လှချေရဲ့၊ တွေ့ဘို့အရေး ကြည်သာစွာ ခွင့်ပေးပါလို့ အခါခါတောင်းပန်ပါလျက်နှင့် ဘယ်အတွက် သည်လောက်အငြိုးကြီးနှင့် တမျိုးပြီးတမျိုး နှိပ်စက်တော်မူရတာလဲ ညွန့်ရဲ့၊ မြင်သာမြင်ရ မကြင်ရမောင့်ကိုယ် ဖြစ်စေချင်လို့လား”

◾ဆက်ဆံပေါင်းသင်း ချစ်ခြင်းမေတ္တာ၊
     ရွှေလည်တွဲ၍ ပျော်ပွဲရွှင်ကာ၊
     တနေ့ကျတော့ တွေ့ရတော့မှာ။
     ဘယ်တွင်မခွဲ ပျော်ပွဲဆင်ကာ၊
     ယုယုယယ ချစ်ကြ သူ့ထက်ငါ။

"တနေ့ကျ တွေ့ကြုံရတော့မှာ ဆိုပေမဲ့ အဲဒီနေ့ကို မြန်မြန်ရောက်အောင် ညွန့်က ဖန်တီးစေလိုပါတယ်” စသည်ဖြင့် တွေ့ဆုံခွင့်တောင်းပြန်ရကား မစောညွန့်သည် ညတွင် အိမ်ပြင်ဘက် လူမမြင်ရာ၌ အတွေ့ခံပြန်၏။ 

(◾၂၄-၁၀-၃၆ ထုတ် မြန်မာ့အလင်းမှ ကောက်နှုတ်ချက်။)

တွေ့စညက အဖြစ်အပျက်ကို ယခုတိုင် သူမမေ့သေး။ နားထောင် ဘာသံလဲ၊ ဟုတ်တယ် ဟုတ်တယ်၊ သူပေးတဲ့ အချက်ပေါ့။ မစောညွန့်သည် ခြေဖျားထောက်၍ ကြမ်းကိုနင်း၏။ နှုတ်ခမ်းကို ကိုက်ထား၏၊ လှေကားထစ်များကို ညင်သာစွာနင်း၏၊ ထိုညက ဆင်းသွားသော ခြေသံကလေးများတွင် မစောညွန့်သည် ဂီတတွေ့နေ၏။ နှလုံးသွေးကား အလွန်အကြူးခုန်နေ၏။ ကြည့်ပါလား... ဟိုက မဲမဲဟာသူဘဲ။ 

မစောညွန့် သည် ကိုသန်းမြင့်အနီးသို့ ကပ်၏၊ ကိုသန်းမြင့်က လေသံဖြင့် “ညွန့်ရေ... လာမှလာပါ့မလားလို့” ဟု ပြော၏။ မစောညွန့်ကား စကားလည်းမပြောနိုင်၊ အမောကြီး မောပြီး နှလုံးတွေ ဒူးတွေတုန်နေ၏။ ရှေ့သို့မတိုး။ ထိုစဉ်အခါက ကိုသန်းမြင့်က ဖက်၍ခေါ်သွားရာ ရေစုန် လြှေဖုတ်ရသလို လွယ်လွယ်ကလေး မိမိက လိုက်ပါသွားပုံကို မြင်တရေးနှင့် ထင်သေးတော့၏။

ယခုမူ အကြိမ်ကြိမ်တွေ့ပြီး၍ ဤချစ်ခန်းသည် ဘယ်တွင်ဆုံးမည်နည်းဟု မေး၏။ မကြည်ရဲ့ ဦးသုဓဇ လူဝတ်လဲ၍ မိမိနှင့် အကြောင်းပါခါမျြှဖင့် ဆုံးမည်လော၊ နိဗ္ဗာန်တိုင်အောင် အထုံပါမည့်အချစ်လော၊ နှစ်ဦးနှစ်ဝ မပေါင်းရခင်က ယောက်ျားမို့ အိုင်တွေ့ရင် ခြေဆေးတဲ့ဝါဒမျိုးကိုသုံးပြီး ခွဲသွားမှာလေလားဟု စိုးရိမ်၏။ ပစ်ခွါသွားချေက အပျိုရေလည်းရှုံး လူမှာလည်းနုံး၊ စိတ်မှာလား ချုံးလေမည်။ ဤချစ်သူကလေးနှင့် ကွဲရလျှင် မိမိအသက်နှင့် ခန္ဓာကိုယ် ကွဲသည်ထက် ဆိုးဝါးပေမည်။ သို့ကြောင့် မစောညွန့်သည် စာရေးရန်ပြင်၏။ ဘယ်အချိန် အကောင်းဆုံးနည်း ရွေး၏။ ညတွင် အများအိပ်ကြသောအခါ ရေး၏။ လူထွက်ရန်၊ သူနှင့်ပေါင်းသင်းပြီး ဘွင်းဘွင်းကြီးနေကြရန်ကိုရေး၏။

ဦးသုဓဇသည် စာပြန်၏။ (မောင်မောင်) သုံးနေရသည်မှာ ရိုးနေ၏။ ရီးစားထားသော ဘုန်းကြီးတိုင်း မောင်မောင်တို့၊ ဘုန်းဘုန်းတို့၊ ကျုပ်တို့၊ ဦးပဉ္စင်းတို့သာ သုံးနေကြ၏။ ထိုစကားတွေကား ဦးသုဓဇအဘို့ ဆွဲငင်သောသတ္တိ မရှိ၊ သူများမသုံးသေးသော “ကိုကို” ဟူသော စကားကို သုံးချင်၏။ သို့သော် မစောညွန့်မှာ မိမိထက် ရှစ်နှစ်မျှ ကြီးနေသောကြောင့် “ကိုကို” သုံးရမှာ အကြပ်တွေ့နေလေ၏။ သို့ကြောင့် မယုတ်မလွန် တခါတရံ “ကိုမြင့်” ဟုရေး၍ တခါတရံ “ကိုသန်း” ဟု သုံးလိုက်၏။ လူထွက်ဘို့ကိုမူ “တနာရီ တမိနစ်မှ မဆိုင်းချင်ပါဘူး၊ ကိုမြင့်ဟာ ဒီဝါတာတာ ကြမ်းတမ်းတမ်း ဖိုးရိုးဖားယားအဝတ်ကြီးကို ချွတ်ချင်လှပါပြီ” ဟု ဦးသုဓဇက ရေး၏။ 

လူထွက်ပြီး ချစ်တဲ့သူနှင့် လူသိနတ်ကြား ရဲရဲကြီး နေချင်လှကြောင်းကို ကျမ်းကျိန်၍ပြော၏။ သို့သော် ... ဦးသုဓဇတွင် ရည်ရွယ်ချက်တခု ရှိသေး၏။ ထိုရည်ရွယ်ချက်ကား ဓမ္မကထိကတို့ဘဝတွင် တန်ခိုးအကြီးဆုံးသောအခါ၏ အမှတ်သည် ဖြစ်၏။ ဓမ္မကထိကအပေါင်းတို့သည် မိမိတို့တရားများကို ဓါတ်ပြားသွင်းလိုကြ၏။ ဓါတ်ပြားတွင်း၌ဟောရသော ပုဂ္ဂိုလ်များမှာ ပထမတန်း တစ်ဂဏန်းရ ထွဋ်ခေါင် ဓမ္မကထိက ဖြစ်သည်ဟု အသိအမှတ်အပြုခံရ၏။ ဓါတ်ပြားတွင်းမှ တရားဟောရလျှင် အခွင့်သင့်က သတင်းစာမျက်နှာဖုံးများ၌ပင် ဓါတ်ပုံကြီးများနှင့် ကြော်ငြာပါကုန်၏။ တရားဟောသံကို မနာရသည်ထားဦး၊ နာမည်နှင့် ကောင်းကြောင်းကို အမြဲကြားနေသောလူတွေကား များကုန်၏။ 

သို့ကြောင့် “ရန်ကုန် တခေါက်လောက်သွားပြီး ဓာတ်ပြားသွင်းပါရစေဦး။ ကုမ္ပဏီတခုက မန်နေဂျာနှင့် ကိုသန်းမှာ အလွန်းသင့်နေကြပြီမို့ ဓာတ်ပြားမှာ ကိုမြင့်တရားကိုသွင်းဘို့ အခွင့်သင့်မှာဘဲ။ ပြီးတော့လဲ ရန်ကုန်မှာ ရှစ်လလောက် အင်္ဂလိပ်ဘာသာသင်မဲ့ ဆရာကိုငှားပြီး စာသင်ချင်တယ်။ အင်္ဂလိပ်စာ ကြေးနန်းဖြစ်တော့ ဘတ်တတ်ရုံတတ်ရင် ညွန့်ညွန့်နှင့်ရတော့ ညွန့်ရဲ့အလုပ်ကို အများကြီး အကူအညီရပါလိမ့်မည်။ “ကိုသန်း အင်္ဂလိပ်စာတတ်လာရင် ညွန့်မှာလဲ ဂုဏ်ရှိတာဘဲ” စသည်ဖြင့် အကြောင်းပြပြန်သောကြောင့် လူထွက်ရေးကို ဆယ်လမျှ ဆိုင်းရန် ခွင့်ပေးရပြန်၏။ မစောညွန့်မှာ အင်္ဂလိပ်စာသင်ဘို့ များစွာသဘောတူ၏။ အင်္ဂလိပ်စာတတ်၍ လူထွက်လာလျှင် အလုပ်အကိုင်အတွက် အကူအညီ ရမည့်အပြင် အများကဲ့ရဲ့ဘွယ်လမ်းလည်း နည်းပေလိမ့်မည်။

ဤသို့စီမံကြ၏။ မစောညွန့်က ဦးသုဓဇ ရန်ကုန်မှာ အင်္ဂလိပ်စာသင်နေနိုင်အောင် တလ ၁ဝဝိ- ထောက်ရမည်။ အင်္ဂလိပ်စာကို ရှစ်လအတွင်း ကျကျနနတတ်အောင် သင်ရမည်။ ပြီးလျှင် ရန်ကုန်မှာ လူဝတ်နှင့် တလနေ၍ ပြည်မြို့ကိုလာပြီး မစောညွန့်ကို ကျကျနန မင်္ဂလာဆောင်ယူရမည်။ မင်္ဂလာဆောင်ရန် အခများမှာ မစောညွန့်၏တာဝန်ဖြစ်စေဟု စီမံပြီးနောက် မျက်ရည်ကလေး ကလယ် ကလယ်နှင့် ဝတ်ချနေသော မစောညွန့်ကို ရထားပေါ်မှကြည့်ရင်း ဦးသုဓဇသည် ရန်ကုန်သို့ ဆင်းခဲ့လေ၏။
---------------------------
#သိန်းဖေမြင့်

ဆက်ရန်







#တက်ဘုန်းကြီး

အခဏ်း။ ၂ဝ ။

မဇ္ဈိမနန္ဒဝန်ကျောင်းဝန်း၏ အရှေ့ဘက်ပိုင်း ငှက်ပျောပင်ကြား၌ တည်ရှိသော စရပ်၏ဘဏ္ဍာစိုး သီလရှင် မဝဏ္ဏကို ဓညဝတီ ဦးဇောတိကက ခိုးယူသွားသည်မှာ တလပင် မပြည့်သေးချေ။ နန္ဒဝန်ဆရာတော်ကြီးမှာ သရက်ရွက် ကြွေ၍ နှလုံးသွေးဆူလောက်အောင် နာတော်မူ၏။ ဆွမ်းဘုဉ်းပေးချိန်ကျတိုင်း မယ်ဝဏ္ဏ၏မျက်နှာကလေးကို မြင်ပြီး

“တောက် ဝဏ္ဏ.. ဝဏ္ဏ၊ နာမည်နဲ့လိုက်အောင် လှပေတယ်။ ပညတ်သွားရာ ဓာတ်သက်ပါဆိုတာလို ရှေးတုန်းက သူ့နာမည်ကို ယူခဲ့တဲ့ ဘီလူးမလိုဘဲ။ ရက်ရက်စက်စက် ငါ့ကို နှိပ်စက်တယ်။ ဟယ် .. ဝဏ္ဏရယ်.. သားရေပေါ်အိပ် သားရေနားစား၊ အရိပ်နေနေ အခက်ချိုးချိုး၊ ဟိုခွေးမျိုး ဇောတိက ကလဲ ဒီဝဏ္ဏကိုမှ ခိုးပြေးတယ်။ ငါ့ရှိတဲ့ပစ္စည်းတွေ ခိုးချင်ခိုးပါတော့၊ ဝဏ္ဏကို ဘာလို့ခိုးရသလဲ” စသည်ဖြင့် တဖြစ်တောက်တောက်နှင့် ငြီးတော်မူရှာ၏။

ကျောင်း၌ ပဉ္စင်းကလေးတွေရော သီလရှင်ကလေးတွေရော မွေးထားရသည်မှာ အဂ္ဂိယရူးအနီး ဖိုခွင်ပြင်ပေးထားသည်နှင့် တူသည်ဟု ဆရာတော် ဉာဏ်အလင်းပေါက်ပြီး ဦးပဉ္စင်းကလေးတွေကို ကျောင်းမှ အားလုံးနှင်ချင်၏။ သို့သော် အများကဲ့ရဲ့မည်ကိုလည်း စိုးရိမ်ရ၊ တကာ တကာမများ မျက်နှာကိုလည်း ကြည့်ရသေး၏။ နန္ဒဝန်ဆရာတော် ခလုတ်ထိသည်မှာ နှစ်ကြိမ်ရှိပြီ။ တကြိမ်ကား ခွေးကလေး မွေးသောညက မသီလစာရီနှင့် ဦးသုဓဇတို့ အချစ်ပင်လယ်ဘွေ၌ လှေလှော်နေကြသည်ကိုတွေ့ခြင်း၊ တကြိမ်မှာ မယ်ဝဏ္ဏကို ဦးဇောတိကက ခိုးယူပြေးခြင်းပင်တည်း။ သို့ကြောင့် အဂ္ဂိယရူးတည်းဟူသော ဦးပဉ္စင်းကလေးများကို အဝေးသို့ မနှင်နိုင်သော်လည်း၊ သတိပဋ္ဌာန်ကို လက်ကိုင်ထား၍ အများသော တပည့်မကလေးအနီးသို့ အဂ္ဂိယရူးကလေးများ မကပ်နိုင်အောင်သာ စောင့်ရှောက်ရတော့၏။

ခါတိုင်းခါထက် ယခု သတိပိုထား၍ စောင့်ရှောက်အပ်၏။ မြားတိုင်းမြာထက် မသီလစာရီကို လွန်ကဲသောသတိဖြင့် စောင့်ကြပ်၏။ ဆရာတော်ကြီးသည် ဓမ္မကထိကကလေး မကြည်ရဲ့ ဦးသုဓဇ ရန်ကုန်လာပြီဟူသော သတင်းကို ရ၏။ ကြောက်စရာကောင်းလှသည်မှာ ဦးသုဓဇသည် နန္ဒဝန်ကျောင်းအနီး “ထောင်ရောင်နေ” ကျောင်းကြီး၌ နေသည်ဟု သိရ၏။ မျက်လုံးပြူးစရာကောင်းလှသည်မှာ ဦးသုဓဇသည် ညညတွင် မိမိကျောင်းဝင်းသို့လာပြီး မသီလစာရီနှင့် ပြန်ပေါင်းထုပ်နေသည်ဟူသောစကားကို သဲ့သဲ့ကြားရ၏။ သို့ကြောင့် ဆရာတော်သည် ညညတွင် မသီလစာရီ၏ရှေ့တံခါးကို သော့ခတ်ထား၏။ မိမိကိုယ်ကိုကာကွယ်ရန် လက်နက်ဖြင့် တန်ဆာဆင်လျက် ဆရာတော်သည် ညည အလစ် ကျောင်းအောက်ဆင်း၍ ကြည့်လေ့ရှိ၏။

ဦးသုဓဇသည် ရန်ကုန်ရောက်၍ မကြာမြင့်မီ မသီလစာရီထံ စာရေး၏။ ဘယ်တော့မှ အချစ်မပြယ်သည့်အကြောင်း၊ ယခုမူ လွတ်လွတ်လပ်လပ် ချစ်ကြရအောင် ကြိုးစားကြရမည့်အကြောင်း၊ ညည တွေ့ခွင့်ပေးပါမည့်အကြောင်းများကို အညုဆုံး အခရာဆုံးသောစကား၊ မြဝတီတို့ လှိုင်ထိပ်ခေါင်တင်တို့ အချွဲလုံးကလေးများကို သုံးလိုက်သဖြင့် စိတ်မပါဘဲနှင့် ဘုန်းကြီးအိုကြီးကို တီတီတာတာခရာ၍ အချစ်အမူအရာပြနေရသဖြင့် များစွာမကျေနပ်နေသော မသီလစာရီသည် စမ်းရေကဲ့သို့ ကြည်လင်သန့်စင်သောမေတ္တာဖြင့် ချစ်နေသော၊ နုပျိုသောအရွယ်ကိုဆောင်သော၊ နဝင်ပီယံဖြစ်သော စကားကလေးတွေကို အများအပြား သုံးလေ့ရှိသော၊ ရုပ်ချောသော ဦးသုဓဇကို ဆန့်အပ်သောလက်၊ ပြုံးအပ်သောနှုတ်၊ ရာဂရောင်တောက်အပ်သော မျက်စေ့ဖြင့် လက်ခံလေ့ရှိ၏။

တခါတခါ မကြည်ရဲ့ ဦးသုဓဇသည် ပြည်မြို့ မစောညွန့်ပို့လိုက်သော အနေဖြင့် မန္တလေးလုံချည်၊ စိန်ပန်းခိုင်ပိတ်အင်္ကျီ၊ မော်လမြိုင် ရှေ့ထိုးကလေးများကို သင်္ကန်းတွင်း၌ လုံခြုံစွာ ထုပ်ခါယူလာပြီး မသီလစာရီကို ပေး၏။ ညတွင် မသီလစာရီသည် လူဝတ်လဲ၏။ ခေါင်းကို မက္ကားပြန် ဇေဒဘာရီမကလေးလို ပုဝါနက်စည်းထား၏။ မီးဖိုတံခါးက လာ၊ မီးဖိုတံခါးကပြန်။ စရပ်ရှေ့ တံခါးသော့ခလောက်ကြီးကို ကြည့်ခါ ပြုံး၍ ပျော်ပါးနေကြလေ၏။

တညတွင် ... ဦးသုဓဇသည် သင်္ကန်းကို အပေါ်က လွှမ်းထားသော်လည်း၊ အောက်ကမူ ပိုးရှပ်အင်္ကျီလက်တို အဝါနုရောင်ကလေး ဝတ်၊ ပိုးရှမ်းဘောင်းဘီကို ဝတ်၍လာ၏။ ရောက်ရောက်ခြင်း သင်္ကန်းကို ချွတ်၍ ဦးသုဓဇဘဝမှ ကိုသန်းမြင့် ဖြစ်လာပုံကို မသီလစာရီအား ပြ၏။ မယ်သွင် အမည်ရှိသော မသီလစာရီက... 

“အို ကိုကိုမြင့်က သိပ်ချောပါကလား၊ အသားနှင့် ပိုးအင်္ကျီ သိပ်လိုက်တာဘဲ” ဟု ပြောပြီး အင်္ကျီကို လက်ဖြင့် ပွတ်နေ၏။

“အဲဒီလို လူဝတ်လဲတော့ ဟောဒီက သွင်သွင်ကလေးလဲ မခွါဘဲ ပါရမယ်။ သွင်သွင်ကလေး တင့်တင့်တယ်တယ်နေနိုင်အောင် ကိုကို့အနားက နေနှင့်လ ရွှေနှင့်မြလို နေနိုင်အောင် ကြိုးစားလိုက်ရတာ ခုမှဘဲ အကြံမြောက်တော့တယ်” ဟု ပြောပြီး ကုတင်ပေါ်တွင် တင်ပလွှဲ ထိုင်လေ၏။ 

လူဝတ်လဲထားသော သီလရှင်ကလေးသည်လည်း အနီးကပ်ထိုင်ပြီး ကိုသန်းမြင့်ပေါင်ပေါ်တွင် ခေါင်းအုံးလျက် အိပ်ရင်း ညာလက်ဖြင့် ကိုသန်းမြင့်၏မေးကို ပွတ်နေ၏။

“သွင်လဲဝမ်းသာရအောင် ပြောပါအုံး ကိုကိုရဲ့ ...”

“သွင်ဟာ ကိုသန်းမြင့်ကို မေတ္တာစစ်မေတ္တာမှန်နှင့် ချစ်တယ်နော်” ဟု ကိုသန်းမြင့်က မေးပြီး မသွင်၏တင်ပါးကလေးကို သာယာစွာ (ဖြပ် ဖြပ်) နှင့် ရိုက်၏။

“အို ... အသစ်လုပ်မေးနေပြန်ပြီ၊ ဒီလူကြီးကလဲ”

“အသစ်လုပ်ရမဲ့အခါမို့ မေးတာပါ ... ။ ပြောပါ .....” 

“ကိုကိုက သွင့်ကို လောကမှာ အချစ်ဆုံးဆိုတာ ယုံရဲ့လား”

“ယုံပါတယ် .. သည်ကလဲ အချစ်ဆုံးပေါ့ ”

“ကောင်းပြီ ... ကိုကို့အကြံက သည်လို၊ အခု ရန်ကုန်မှာ တရားတွေကို ဓါတ်ပြားသွင်း၊ ရှစ်လလောက် အင်္ဂလိပ်စာသင်ပြီးရင် ကိုကို လူဝတ်လဲမယ်။ လူဝတ်လဲပြီး တလကို ၁ဝဝိ- ထောက်နေတဲ့ အရုပ်ဆိုးမကြီး မိန်းမအပျိုကြီးတယောက်ကို ကိုကိုယူရမယ်။ (အို ... ဟု လက်ဖြင့်ကာရင်း မသွင်က အံ့သြ၏။) နေအုံး ...... ဆုံးမှ ပြောချင်တာ ပြောပါ။ အပျိုကြီးက ပစ္စည်းလေးငါးသိန်း ရှိတယ်။ ဒီပစ္စည်းတွေ ကိုကို့လက်ထဲ အပ်မှာဘဲ။ ကိုကို ကြီးကြပ်ပြီး အလုပ်လုပ်ရမယ်။ အပျိုကြီးကို ပစ္စည်းအတွက် ကြိုက်တာ၊ ချစ်လို့မှ မဟုတ်ဘဲ။ ဟောဒီက တကယ်ချစ်တာကလေးကို အဲဒီအခါကျတော့ လာယူမယ်၊ လာခေါ် မယ်။ မလိုက်ရင်တော့ သိကြရောပေါ့”

“ဒီလိုဆိုတော့ သွင်ဟာ မိန်းမငယ် .... အမယ်လေး ..” ဟု စကားမဆုံးခင် ပေါင်ပေါ်မှာ ခေါင်းအုံးရာတွင်မှ လူးလဲထလေ၏။

“အို ဘာလဲသွင်ရဲ့၊ ကိုကိုပြောတာ သဘော....” ဟု စကားမှ လက်စမသတ်ခင် မသီလစာရီ စူးစိုက်ကြည့်ရာဘက်သို့ ကြည့်လိုက်ရာ နန္ဒဝန်ဆရာတော်ကို မြင်ရ၏။

===================

အခဏ်း။ ၂၁ ။

ဆရာတော်ကား အခန်းတံခါးဝတွင် ရပ်လျက်ရှိ၏။ သင်းပိုင်ကို တိုစွာ ဝတ်ထားလေ၏။ ဒေါသအမျက်ချောင်းချောင်းထွက်သော ရုပ်ထက် ချုံးချငိုလိုသောရုပ်က ပိုပေါ်လွင်နေ၏။ သူ့မျက်နှာတွင် မုန်းသည့်လက္ခဏာ၊ မကောင်းမှုကို ကြူးလွန်ချင်သည့် လက္ခဏာတို့သည် ပေါ်လာကုန်၏။ စကားမပြော။ ခေါင်းရမ်းကာ ချစ်သူနှစ်ဦးကို ကြည့်၏။

မောင်သန်းမြင့်သည် ကုတင်ပေါ်ကဆင်းပြီး မတ်တတ်ရပ်လိုက်၏။ မသွင်ကား ကုတင်ပေါ်မှာပင် ထိုင်ရင်း ကိုသန်းမြင့်၏လက်တဘက်ကို ကိုင်ထားလေ၏။ 

ကိုသန်းမြင့်မျက်နှာမှာ ချက်ခြင်း ပြောင်းသွား၏။ ကြောက်ခြင်းနှင့် ရှက်ခြင်းသည် သူ့မျက်နှာကို လွှမ်းလေ၏။ မသွင်၏မျက်နှာကား နှင်းဆီပန်းကလေးလို ကုန်ခဲ့သည့်မိနစ်အတွင်းက လတ်ဆတ်သေး၏။ နှင်းဆီပန်း မီးနှင့်တွေ့၍ ရုတ်တရက် ညိုးသွားသလို အကြောက်နှင့်တွေ့သဖြင့် မျက်နှာမှာညှိုး၍ လူမှာ ခွေသွားလေ၏။ ဆရာတော်ကြီးသည် သူတို့၏မျက်နှာသေကလေးတွေကို မြင်ရာ ပြောလိုက်မည်၊ လုပ်လိုက်မည်ဟု သံန္နိဋ္ဌာန်ချ၍ လာခဲ့ခြင်းကိုပင် မပြောနိုင်၊ မလုပ်နိုင်ဘဲ ကြက်သေ သေနေလေ၏။ သို့သော် ကိုသန်းမြင့်၏မျက်နှာသည် ကြောက်ပုံမှ မခန့်လေးစားသောပုံသို့ ပြောင်းသွားသည်မှ ဆရာတော်သည် ဒေါသစိတ်ပေါ်ပေါက်လာ၏။ မသွင်၏မျက်နှာ မီးရှိန်ပြင်းက နှင်းဆီပန်းကလေး တွန့်လိန်၍ တက်သလို အကြောက်မှ ဆရာတော်ကို မုန်းလာပြီး၊မျက်နှာရှုံ့ သွားပြန်၏။ ထို နောက်ဆုံး ပြောင်းလဲသောမျက်နှာထားသည် “တို့ဘာသာတို့ ပျော်နေတာကို သင်းက လာလို့ ရှုပ်တယ်။ နှောက်ယှက်တယ်၊ ကိုကိုက ငါ့ကို ပျော်ခွင့်ပေးနေဒါကို လာပြီး ဒီဘူတာကြီး ဖျက်စီးတယ်၊ သွားတာမဟုတ်ဘူး၊ ကြည့်ပါလား၊ ခွေးနာကြီး မျက်နှာမျိုးလိုဘဲ ရွံစရာ၊ သွား ငါ့ကိုကိုနဲ့ ပျော်ပျော်နေချင်တယ်” ဆိုသော အဓိပ္ပါယ်မျိုးကို ဆောင်နေလေ၏။ 

ဆရာတော်ကြီးသည် ထိုမျက်နှာကို မြင်ရမှ အခန်းပြင်ဘက်က ဆုံးဖြတ်လာသော ဆုံးဖြတ်ချက်ကို ဖြစ်မြောက်အောင်လုပ်ရန် စ၏။ 

“ကောင်းပေ့ကွာ၊ မင်းတို့ ခွေးတွေလိုဘဲ၊ ကျေးဇူးမဲ့တယ်၊ အရင် တခါကလဲ ဒီခွေးမကလေးက သူက စရတာမဟုတ်ပါဘူးတဲ့၊ ဟင် .. ခွေးသမီး နင် ဘာပြောမလဲ”

သူတို့ကား ဘာမှမပြော၊ ကိုသန်းမြင့်က မသွင်ကို ငုံ့ကြည့်၏၊ မသွင်က ကိုသန်းမြင့်မျက်နှာကို မော့ကြည့်ပြီး “ဘာလုပ်ရမလဲ” ဟု မေးလိုသော အရိပ်အခြည် လွှတ်၏။

“ဟေ့ ... သုဓဇ၊ မင်း ကျောင်းက နှင်ထုတ်တာတောင်မှ ထပ်လာပြီး ငါ့ကိုစော်ကားတယ်” 

ဦးသုဓဇခေါ် ကိုသန်းမြင့်က ပြုံးဖြဲဖြဲနှင့် “စကားတော့ ရှေရှေပြောမနေနဲ့ ဘုန်းကြီး၊ ဟောဒီက မသီလစာရီကို ခုံတင် ဆုံးဖြတ်ပစေတော့၊ သူပိုကြိုက်တဲ့လူနောက် လိုက်တမ်းဘဲ၊ ဘုန်းကြီးကို ပိုချစ်တယ်ဆိုရင် တပည့်တော် ခုထွက်သွားမယ်၊ တပည့်တော်ကို ပိုချစ်တယ်ဆိုရင် ခုခေါ် သွားမယ်၊ အလကား စကားရှေတယ်”

“ဘာလဲ ခွေးမျိုး၊ မယားခိုး” ဟု သွားကျိုးမှ ရှိသမျှလေတွေ ထုတ်ပြီး ပြောလေ၏။

“ကဲ ... မဆဲနှင့်ဘုန်းကြီး၊ မသွင်... ဘယ်သူ့ကို ပိုချစ်သလဲ၊ ပြော ... ပြော” ဟု ပခုံးကို ပုတ်၍ မေးမှ ....

“ကိုကို့ကို ချစ်တာပေါ့၊ သိပ်ချစ်တယ်၊ ပစ်မထားခဲ့နဲ့၊ လာ .... သွားကြစို့ကိုကိုရယ်၊ သွားကြစို့” ဟု ပြောပြီး မသွင်က လက်ကိုဆွဲလေ၏။ ဆရာတော်သည် သူတို့အနီးတွင် ခါးထောက်ခါသွားလေ၏။ ကိုသန်းမြင့်သည် “ဟဲ... ဟဲ ဒါမှ ငါ့မိန်းမကွ၊ ခေါ်ရန့်ဗျာ .. ခေါ်မယ်” ဟု ပြောပြီး ကုန်းကာ မသွင်ကို နမ်းလေ၏။ 

ဆရာတော်ကိုကား ဘီလူးစီးလေပြီ။ တကိုယ်လုံး အကြောတွေ ထလာလေ၏။ ဆရာတော်သည် ခြေဖျားထောက်ပြီး အသက်ပြင်းစွာ ရှူ၍ အားယူ၏။ နောက် လက်ကို မြှောက်လိုက်လေရာ လက်တွင်းက ဓါးမြှောင်သည် မီးရောင်တွင် ဝင်းကနဲ လက်သွားလေ၏။ ဆရာတော်သည် ရှိသမျှအားတွေကို ထုတ်၍ ဦးသုဓဇ၏ကျောက်ကုန်းကို ဘေးခပ်စောင်းစောင်းမှ ထိုးလိုက်လေ၏။

ကိုသန်းမြင့်သည် လည်လှီးခံရသော ကြက်ကလေးကဲ့သို့ ရုန်းကန်၏။ မသွင်ကို ဖက်ထားသော လက်ကလေးများမှာ ပျော့ခွေသွား၏။ ခါးကိုကော့၏၊ မကော့နိုင်။ ခေါင်းမှာ ရှေ့စိုက်ခါ နဖူးနှင့်ကုတင်
ဘောင် တိုက်ခါ ခွေရက်သား လဲသွားလေ၏။ မသွင်သည် မျက်နှာကို လက်ဖြင့်ကာပြီး “အမယ်လေး ... လေး” ဟု အော်၏။

“ခွေးမျိုးတွေ .. ခွေးကျင့်ကျင့်တော့ ဓါးစာဖြစ်တာဘဲ ကောင်းတယ် ............” ဟု ဆရာတော်သည် ကြိမ်းမောင်းပြီး စိုက်နေသောဓါးကို ဆွဲနှုတ်၏။ ကိုသန်းမြင့်သည် ဗျိုင်းအောက်ကြီးလို အော်ပြီး ကုန်းထရန် ကြိုးစား၏။ ဒလိန့်ခေါက်ခွေး လဲသွားပြန်၏။ ဆရာတော်သည် မသေသေးဘူး အယူရှိကာ ဓါးကိုမြှောက်၍ အားယူကာ အောက်သို့ချလိုက်လျှင် သူ့လက်တွင် လေးကန်သော ဝန်ထုပ်ကြီးတခု ကပ်ပါလာလေ၏။ ထိုဝန်ထုပ်ကာ သီလစာရီ ဖြစ်၏။ 

ဆရာတော်သည် သီလစာရီကို အဝေးသို့ဖယ်ရန် ကြိုးစား၏။ သို့သော် သီလစာရီကား ဆရာတော့်လက်ကို အတင်းဆွဲထား၏။ ဤသို့ သူ့လင်ငယ်ကို ထပ်မထိုးရန် တားဆီးသဖြင့် ဆရာတော်သည် ပို၍ ဒေါထကာ အတင်း သီလရှင် လက်ကို ဖြည်၍ ဓါးကိုင်ထားသောလက်ကို မြှောက်လိုက်၏။ သီလရှင်၏နံဘေးမှာ တအားကုန်စိုက်ဝင်သွားလေ၏။ “သေ ... ခွေးသ္မီး” ဟု အံကြိတ်ခါ အော်ပြန်၏။ သီလရှင်သည် ဦးသုဓဇ အပေါ်တွင် လဲကျသွားလေ၏။ ဦးသုဓဇသည် ကုန်းထပြန်၏။ သီလရှင်၏မျက်စိမှာ မပွင့်တပွင့်ဖြစ်နေ၏။ ဆရာတော်သည် ဓါးဆွဲနှုတ်လိုက်သောအခါ သီလရှင် အသက်ထွက်သွားလေ၏။

ဤကိစ္စများမှာ နာရီချိန်သီးကြီး “ဒစ် ဒစ်” ခြောက်ဆယ်ပြည့်အောင် မလှုပ်ခင် ပြီးစီးလေ၏။
-----------------------------
#သိန်းဖေမြင့်






#တက်ဘုန်းကြီး

အခဏ်း။ ၂၁။

ထွန်းရှိန်သည် အလုပ်ရှုပ်နေလေ၏။ ယခုအခါ ဆိုင်ကလေး သုံးဆိုင်ကိုပိုင်လျက် ကိုယ်တိုင် ဆိုင်မကြီး၌ အုပ်ချုပ်နေရ၏။ လမ်းမပေါ်တွင် တည်ရှိသောဆိုင်ကား ဆိုင်မကြီးဖြစ်၍ ဈေးကြီးတွင်းနှင့် ရွာဘဲရပ်၌ ဆိုင်များမှာ ဆိုင်ခွဲကလေးများဖြစ်၏။ နံနက် ဆိုင်မသို့ ရောက်လာသော ငှက်ပျောသီး၊ ကွမ်း၊ ခရမ်းသီး၊ ကော်ဖီထုပ် စသည်များကို ဆိုင်ကလေးများသို့ ခွဲပို့ရသေး၏။ မစောညွန့်ဆိုင်မှ လဘက်ခြောက်၊ ကွမ်းသီး၊ ငပိ၊ ငရန့်၊ ပုဇွန်ခြောက်တို့ကို အယူခိုင်းရသေး၏။ အိမ်အရောက်ပို့ရန် မှာထားသောသူများ၏ထံသို့ သွားပို့စေရသေး၏။ ဆိုင်ကလေးများမှာ ငွေများသိမ်းရသေး၏။ အင်ဥများကို ရန်ကုန်ချ၍ရောင်းရန် စီမံနေသေး၏။ ယနေ့မူ အင်ဥအတွက် အထူးဗာဟီယ များနေလေသည်။ နမူနာပြလာသော အင်ဥများကို ကြည့်နေစဉ် ...

“ဓမ္မကထိက ဆရာတော် မကြည်ရဲ့ ဦးသုဓဇ ဓါးထိုးခံရသောသတင်း ပါတယ်ဗျို့ ..” ဟု သတင်းစာသည်၏အော်သံကို ကြား၏။ အံ့အားသင့်သွားပြီး “ဘာ့ကြောင့်ပါလိမ့်” ဟု မေးရင်း သတင်းစာသည်ကို လက်ရပ်ခေါ်၏။

“သတင်းစာရောက်တာ ဘယ်လောက်ကြာပြီလဲဟေ့” 

“ခုဘဲဆရာ ... ခုဘဲ ရထားဆိုက်တယ် ...”

ထွန်းရှိန်သည် သတင်းစာကို အဆောတလျင်ယူ၍ ခေါင်းစဉ်တွေကိုကြည့်ရင်း စာရွက်များကို လျှင်မြန်စွာ လှန်၏။

"ဓါးဒါဏ်ရာဖြင့်ကွယ်လွန်သော မကြည်ရဲ့ ဦးသုဓဇ"

စသည်ဖြင့် ဆယ့်နှစ်လိုင်းဖြင့် ရိုက်နှိပ်ထားသော ခေါင်းစဉ်သည် ထွန်းရှိန်ကို ရှေ့ဆက်မလှန်ရန် ဆွဲထားလေ၏။ သတင်းစာ အချပ်ပိုတွင် နှစ်မျက်နှာဆက်ရက် ရိုက်ထားလေ၏။ “ဓမ္မကထိကသည်လည်း သင်္ကန်းကို ဘေးမှာပုံ၍ ပိုးအင်္ကျီ၊ ပိုးဘောင်းဘီဖြင့်။ သီလရှင်ကလည်း မန္တလေးလုံချည်၊ ပိတ်အင်္ကျီနှင့်။ သေမင်းသည် အသက်ကို ထုတ်ယူနိုင်သော်လည်း သူတို့၏ အတွင်းဓါတ် မေတ္တာကို မနှုတ်မထုတ်နိုင် ဟူသောအချက်ကို ဓမ္မကထိကအလောင်းနှင့် သီလရှင်အလောင်း ထပ်နေခြင်းက သက်သေပြခြင်း”၊ “သေသူ လင်ငယ်လော ... သတ်သူ လင်ကြီးလော ...” စသည်ဖြင့် သုံးလိုင်းမျက်နှာမဲဖြင့် ပုံနှိပ်အပ်သော ခေါင်းစဉ်များ၊ မြင်မိတိုင်း မဘတ်ချင် မနေနိုင်လောက်အောင် ရှိပေ၏။ ထွန်းရှိန်ကား ဘာမှအထူးအထွေ မစဉ်းစားနိုင်ဘဲ ဆက်လက်ကာသာ ဘတ်၏။

“ဆရာ .. ဈေးကြီးဆိုင်က အင်ဥပို့ပါအုံးတဲ့ ... ပြီးတော့ ဟို .. ဆရာ့သူငယ်ချင်း စစ်ကဲလမ်းကဟာလေ .... အဲဒီအိမ်ကလဲ ဆန်တတင်းတဲ့။ ငရန့်ခြောက်၊ လဘက်ခြောက်၊ ဖယောင်းတိုင် တသေတ္တာ ပို့လှဲ့ပါတဲ့ ...” ဟု သာရင်က ထွန်းရှိန်ကို ပြောသော်လည်း သတင်းစာမှ မျက်နှာကို မခွါဘဲ ...

“အေးဗျာ ... ကြည့်လုပ်လိုက်စမ်းပါအုံး ...” ဟု ဖြေ၏။ 

ထွန်းရှိန်သည် သေသူများအတွက် အနည်းငယ် ဝမ်းနည်း၏။ သို့သော် ခဏကြာလျှင် ဝမ်းသာလာ၏။ အကြောင်းမူကား ... သူသည် အရင်က တွေးကြည့်ချက်များသည် မှန်နေ၏။ ဓမ္မကထိက မကြည်ရဲ့ ဦးသုဓဇသည် လုံးဝ အကျင့်သီလမရှိဘူးဟု ထင်ခဲ့၏။ သူ့အတွေး ... သူ့အထင်ကား မှန်လှစွာ၏။ ထို့ပြင် "ဒီလိုလူယုတ်မာတွေ ဒီလိုသေတာဘဲ ကောင်းတယ်။ ဒါဟာ တရားကျတယ်" ဟု တွက်ကိန်းချပြီး ဝမ်းသာမိ၏။

မစောညွန့်ကိုလည်း ကလဲ့စားချေလို၏။ မစောညွန့်ကား ဦးသုဓဇအကြောင်းနှင့်ပတ်သက်၍ ထွန်းရှိန်ကို အနည်းငယ် မုန်းမိ၏။ ဦးသုဓဇ မကောင်းတာတွေ ပြောရမည်လားဟု မာန်မဲခဲ့၏၊ ယခုမူ “သူ့ပဉ္စင်းက ငါပြောတာထက်တောင် ဆိုးသေးတယ်။ သီလရှင်နှင့် ညားနေပြီ။ မမညွန့်က သူ့ကိုယ်တော်တွေ အဟုတ်ကြီး ထင်လိုက်တာလေ၊ ဘာလှူရ .. ညာလှူရ ...၊ ဥပုသ်သွားစောင့်ရနှင့် ကဲ ... ခုတော့ ငါပြောတာ အကုန်မှန်တော့ သူဘယ်လိုနေသလဲ ..” 

စသည်ဖြင့် ထွန်းရှိန်သည် တွေးတောကာ မစောညွန့်ထံသို့ ငွေချေရန်များကို စာရင်းနှင့်ယူခဲ့ပြီး သတင်းစာကို ချိုင်းကြားမှာ ညှပ်၍ ထွက်လာခဲ့၏။

မစောညွန့်ကား ပက်လက်ကုလားထိုင်ကြီးပေါ်၌ ထိုင်ကာ တွေးနေ၏။ ရှစ်လသောအချိန်ကိုစု၍ ရှေ့အဘို့ကို တွေး၏။ ဦးသုဓဇကား ကိုသန်းမြင့်အဖြစ်ဖြင့် ပြည်သို့လာ၍ မစောညွန့်ကို မင်္ဂလာဆောင်၏။ ကတုံးကြီး လူမမြင်အောင် သူသည် ဘီအေအုပ်ပေါင်း ခေါင်းပေါင်း ပေါင်းထား၏။ မစောညွန့်သည် ... ဘီအေအုပ်ပေါင်းကလေးနှင့် .. ကိုသန်းမြင့်ကို အာရုံတွင်ပေါ်စေရန် မှန်း၏။ အာရုံတွင် ခေါင်းပေါင်းနှင့်ကား ပေါ်လာ၏။ ကိုယ်မှာ သင်္ကန်းဆီးလျက်ပင် ရှိလေ၏။ လူအများက ဘုန်းကြီးကို သင်္ကန်းချွတ်ပြီးယူတယ်။ အပျိုကြီးများ ဒီလိုငန်းငန်းတက်ချည်းဘဲဟု ပြောကြဦးမည်ကို တွေး၍ စိုးရိမ်မိ၏။

“ဟန်ပြီ။ မိန်းမသားချည်ဘဲဆိုတော့ ကြွေးတောင်းရတာ၊ တရားဆိုင်ရတာ လေလံပစ်ရတာ သိပ်ကြပ်တာဘဲ။ ခုတော့ ဟန်ပြီ။ ကိုသန်းမြင့်လို သွက်သွက်လက်လက် ယောက်ျားတယောက်လုပ်ရင် ဘာမှအခက်အခဲတွေ့မှာ မဟုတ်ဘူး။ အင်္ဂလိပ်စာကလေးက တတ်ပြန်တော့ ရန်ကုန်က ကြေးနန်းလာရင် ထွန်းရှိန်ကိုခေါ်ပြီး ဘာသာပြန်ခိုင်းနေဘို့ မလိုတော့ဘူး။ စာအိတ်မှာ ပုံနှိပ်ရအောင် သူ့ကို လက်နှိပ်စက်ကလေးတခု ဝယ်ပေးထားမယ်။ လင်ရရင်တော့ ဒီအိမ်ဟောင်းနှင့်နေလို့ မကိုက်ပါဘူး။ အိမ်နေရာ တခြားမှာရှာပြီး ကောင်းကောင်း ဆောက်အုံးမှဘဲ” စသည်ဖြင့် ကြံစည်နေစဉ် ...... 

ရှေ့က မှန်ကြီးထဲတွင် ထွန်းရှိန်အရိပ် ပေါ်လာလေ၏။ ထွန်းရှိန်ကား အရေးကြီးသောအမူအရာနှင့် လာ၏။ မစောညွန့်သည် ကျောကို ကုလားထိုင်နောက်မှီမှ ခွါပြီးထိုင်၍ “ဘာလဲဟေ့ ... မောင်ထွန်းရှိန်” ဟု မေး၏။

“သတင်းထူး ကြားပြီလား .... မမညွန့်” 

သတင်းစာကို လှန်ရင်း ထွန်းရှိန်က မေးပြန်၏။

“ဘာမှ အထူးမကြားပါလား”

“ရော့ .... ဘတ်ကြည့်” ဟု ပြောခါ ထွန်းရှိန်သည် သတင်းစာကို မစောညွန့်ရင်ခွင်ပေါ်တွင် တင်လိုက်၏။ မစောညွန့်က “ဘာလဲကွဲ့၊ ပြောပါအုန်း” ဟု မေး၏။

“ဘတ်ကြည့်လေ ... မမညွန့် သိပ်ကြည်ညိုနေတဲ့ ဓမ္မကထိက ဦးသုဓဇကြီး ဓါးထိုးခံရပါပကောဗျ” ဟု ခေါင်းစဉ်ကို လက်ညှိုးထိုးပြ၏။ 

“ဟင် ... ဘာဖြစ်လို့လဲဟင်” ဟု မေးပြီး ခေါင်းစဉ်ကို ဘတ်၏။ မစောညွန့်နှလုံးသွေးသည် မြန်မြန်တိုးလာလိုက်၊ တခါတခါ ရပ်သွားလိုက်၊ တခါတခါ နှေးကန်စွာ တိုးလိုက်ဖြင့် ဖေါက်ပြန်လာလေ၏။ သူ့မျက်စိအာရုံတွင် သွေးအိုင်တွင်း လူးလဲနေသော ဓမ္မကထိကကိုသာ မြင်ယောင်ယောင် ရှိပေ၏။ သူအမြင်မှားလေရော့သလားဟု ခေါင်းစဉ်ကို အပြန်ပြန်ဘတ်၏။ အစစ်မှ အစစ်ပါဘဲ။ ဓါးခုတ်ခံရပြီ။ အမြင် ဘယ်မှာလွဲရမည်လဲ။ လက်သည် တုန်လာ၏။ တုန်ချိသော လက်ညှိုးကလေးဖြင့် ခြစ်၍ ခေါင်းစဉ်ငယ်များကို ဘတ်ပြန်၏။ တခေါက်ဘတ်ရုံနှင့် စာကြောင်းများ၌ ဘာပါသည်ကိုမသိ၊ ထပ်ဘတ်၏။ စကားလုံးမကွဲ၊ ဘတ်ပြန်၏။ သီလရှင်ဆိုသော စကားကို တွေ့ပြီ။

“သီလရှင် အယုတ်မက ထိုးသတ်တာပေါ့လေ၊ လုပ်ရက်တယ်” ဟု နည်းနည်းသာတွေးပြီး ထပ်ဘတ်ပြန်၏။

“ပိုးအင်္ကျီဝတ်လို့ ဆိုပါကလား။ သီလရှင်ကလဲ ဘယ့်နှယ်လဲ မန္တလေးလုံချည်နှင့်တဲ့။ ဟင် .. အင်း ... ထပ်ရက် သေ ဆိုပါကလား။ သီလရှင်ရော သေတာလား၊ ဟုတ်ပါရဲ့ သီလရှင်လဲ သေတာပါ။ ဒါဘာလဲ အသက်ကို ထုတ်ယူနိုင်သော်လဲ မေတ္တာကို မနုတ်နိုင်တဲ့။ အင်း ... ဘယ်ကမေတ္တာလဲ၊ ဘာလဲဒီမှာ မေတ္တာ၊ အင်း .....ဟောဒီလိုဖြင့် ကိုသန်းမြင့်နှင့် သီလရှင် ချစ်နေတယ် ဆိုလိုသလား။ ဘုရားသိကြားမလို့ရှင် မဟုတ်ပါစေနှင့်။ ငါအဓိပ္ပါယ်အယူလွဲလို့ ဖြစ်ပါစေ။ ကိုသန်းမြင့်လဲ ငါ့ပြင် ချစ်တဲ့လူရှိမှာ မဟုတ်ပါဘူး။ ငါအယူလွဲတာ၊ ဘာဘဲဖြစ်ဖြစ် သူသေပြီကိုး... သေပြီ” ဟုစဉ်းစားမိ၏။ 

ခေါင်းမှာ မူးဝေလာပြီး ရင်ဆို့လာ၏။ မျက်ရည်ကျလိုလာ၏။ ချုံးချကာ ငိုလို၏။

“ငိုရင် တော်ပါ့မလား၊ ငါလုံးလုံးပိုင်တဲ့ လူလဲမဟုတ်။ ငါနှင့် ချစ်ကြိုက်နေတာလဲ ဘယ်သူမှ မသိဘူး။ ငါငိုလိုက်ရင် ထောက်ထားတာရော ပေါ်တော့မယ်၊ သာသနာဖျက်မအဖြစ် အမှုထမ်းခဲ့တာတွေလဲ ပေါ်တော့မယ်၊ ပေါ်လို့ သူ အသက်ရှင်နေသေးလို့ တကယ်ယူရရင် ကောင်းသေးရဲ့၊ ခုတော့ ငါ ဘယ်နည်းနှင့်မှ သူ့ကို ရမှာမဟုတ်ဘူး။ မရတော့ဘဲနှင့် မကောင်းတာတွေ ပေါ်ကုန်ရင် ခက်တော့တာဘဲ။ ခက်ချင်ခက် သူသေပြီ၊ သူအသက်ကုန်ပြီ၊ ငါချစ်တဲ့လူ သေပြီ၊ ငါ အသက်အပ်တဲ့လူ သေပြီ” ဟု တွေးရင်း ဆို့ကာဆို့ကာ တက်လာလေ၏။ 

မငိုမိရန် ထိန်းထားတိုင်း ရင်တွင်း၌ ဆောင့်ကာ ဆောင့်ကာ တက်လာသော အလုံးကြီးကား ပိုကြီးမားလာ၏။ ထွန်းရှိန်ကား လက်ပိုက်ခါ အကဲခတ်၍ မစောညွန့်ကို ကြည့်နေ၏။ မစောညွန့်မှာ မနေတတ် မထိုင်တတ် ပြာလောင်ခတ်နေသည်ကို ရိပ်မိလိုက်၏။ မစောညွန့်သည် တွေ၍ လေးနက်စွာ စဉ်းစားသည်ကို အကဲခပ်မိ၏။ မစောညွန့်သည် မျက်နှာမဲ့သွားသည်ကို သတိထားမိ၏။ ထွန်ရှိန်သည် မစောညွန့်ကို များစွာ သနားလာလေ၏။ မစောညွန့်သည် လောကကြီးကို မုန်းလာ၏။

“ဘာဖြစ်သလဲ၊ ငါ အသဲစွဲချစ်တဲ့လူ သေလို့ ငိုတယ်၊ ငါ့ဘာသာငိုတယ်၊ ငါငိုလို့ နင်တို့ ဘာများနစ်နာသွားသလဲဟင်၊ ချစ်တဲ့သူသေတာမှ မငိုရရင် ဘယ်တော့ငိုရမလဲ၊ ငါငိုမယ်၊ ဒါပေမဲ့ ငါ ဒီမှာ မငိုဘူး၊ အားရှိပါးရှိ သွားငိုမယ်” ဟု စိတ်ပိုင်းဖြတ်ပြီး ထလေ၏။ ငိုသံပါကြီးနှင့် ... 

“ငါ ဝမ်းနှုတ်ဆေးစားထားတယ် ခဏနေအုံး” ဟု ထွန်းရှိန်အား ပြောပြီး အပေါက်ဝဆီသို့ လျှင်မြန်စွာ သွား၏။ ထွန်းရှိန်သည် မိမိမျက်နှာကို မကြည့်သည်နှင့် တပြိုင်နက် မျက်ရည်များသည် အကန့်အသတ်မရှိဘဲ စီးဆင်း၍လာကုန်၏။ ဘိနပ်စီးရန်ကိုလည်း သတိမရဘဲ အပြေး ဆင်းသွားလေ၏။ လှေကားပေါ်၌ ရှိုက်၍ငို၏။ အီးကနဲ အသံထွက်သွား၏။ မကြာမီ အိမ်သာထဲ၌ အီး .... အီး .. အီး ... နှင့်သာ အားရှိပါးရှိ ငိုပစ်လိုက်လေ၏။ ထိုမျှသေးသော မျက်လုံးကလေးများမှ မိုဃ်းသီး မိုဃ်းပေါက်လို ထန်သောမျက်ရည်များ ကျနိုင်သည်မှာ အံ့သြဘို့ပင်ကောင်း၏။

မျက်ရည်တိတ်သွား၏။ အသံမတိတ်နိုင်သေး။ အသံတိတ်သွား၏။ အရှိုက်မတိတ်နိုင်သေး။ ကြာမြင့်စွာ စောင့်နေပြီး...

"ဘာလို့ သေတာတဲ့လဲ၊ ဘယ်သူက ဓါးနှင့် ထိုးရတာလဲ၊ ငါ့လင်ကို ဘယ်သူက ဓါးနှင့်ထိုးရတာလဲ၊ သိရောပေါ့၊ တရားစွဲမယ်၊ ငါ့လင်သေသလို သင်း သေရမယ်၊ ဘယ်သူလဲ သတ်တာ ... ဟိ ....ဟီး (ရှိုက်၏) ဘာလို့ သတ်ရတာလဲ၊ နင့်မိန်းမ ကြာခိုလို့လား (ရှိုက်၏) သတ်သူကို ပုလိပ် ဘမ်းပါစေတော် ... စက်တိုင်ရောက်ပါစေတော် ” စသည်ဖြင့် ကြိမ်းမောင်းရင်း အငိုအတော်ကုန်သွားမှ မျက်ရည်ကို သုတ်ရင်း အိမ်ပေါ် လာခဲ့၏။ မျက်စိကား နီလျက်ရှိ၏။

ထွန်းရှိန်သည် မစောညွန့်ငိုလာခဲ့သည်ကို ချက်ချင်းသိ၏။ 

“ဪ သနားစရာဘဲ၊ ဒီလို အတဲ့ နတဲ့ လူရိုးတွေက အကောင်းအဆိုး မခွဲတတ်ဘဲ ကြည်ညိုနေကြလို့ နိုင်ငံလိမ်စားတဲ့ ခေါင်းဆောင်တွေရယ်၊ ခုလို ဓမ္မကထိကတွေရယ် ကောင်းစားနေတာပေါ့” ဟု တွေးပြီး မစောညွန့်ကို သနားလှပေ၏။

မစောညွန့်သည် ကုလားထိုင်မှာ ပြန်ထိုင်ပြီး သတင်းစာကိုင်၍ ဘတ်ပြန်လေ၏။ စာကိုဖတ်ရမည်မှာ ကြောက်သလိုလို ရှိနေလေ၏။ ခေါင်းစဉ်တွေကိုသာ ကြည့်နေမိ၏။ စာကိုယ်ကို ဘတ်စမ်း၏။ မဘတ်နိုင်၊ ပင်လယ်ဝ၌ လှေကလေး လှုပ်သကဲ့သို့ သူ့စိတ်မှာ လှုပ်ရှားနေ၏။

“ကဲ .. သတင်းစာကို ဘတ်ပြောစမ်း” ဟု ရှိုက်သွားကာ “ပါကွယ်” ဟု နောက်မှဆက်ရင်း သတင်းစာကို ထွန်းရှိန်ထံသို့ အပ်လိုက်၏။

"သစ်ပင်နှင့်စိမ်းသောကျောင်းဝင်း သွေးနှင့်နီနေပုံ"
ရွှေတိဂုံခြေရင်း၌ သစ်ပင် ပန်းပင်တို့ဖြင့် အလွန်သာယာ စိန်းလန်းသည့် မဇ္ဈိမနန္ဒဝန်ကျောင်းဟူသော ကျောင်းရှိ၏။ ထိုကျောင်းသည်ကား ယမန်နေ့ညက ဖြစ်ပွားသော ထူးဆန်းသောလူသတ်မှုကြီးကို ဇာတ်ခင်းပြလိုက်သော နေရာပေတည်း။ ကျောင်းမြောက်ဘက်၌ ဇရပ်တဆောင်ရှိရာ ... စသည်ဖြင့် ထွန်းရှိန်သည် ဆက်လက်ဘတ်၏။ “သေနေကြသည်ကို တွေ့ရသူ နန္ဒဝန်ကျောင်းဆရာတော်သည် ချက်ချင်း ပုလိပ်ကို အကြောင်းကြားလိုက်ကြောင်း၊ ဆရာတော်မှာ ပုလိပ်များနှင့်အတူ လက်သည်ပေါ်အောင် ရှာရန် ကြိုးစားနေကြောင်းဟု ဆုံးပြန်၏။

"ပိုးအင်္ကျီနှင့် ဓမ္မအကထိက"
အခြင်းဖြစ်ပွားသည့် အခန်းတွင်း၌ ချွတ်ပုံထားသော ဧကသီ သင်းပိုင်၊ သီလရှင်နှံငယ်၊ သီလရှင်ကိုယ်ကြပ်အင်္ကျီကို ထောက်သောအားဖြင့် ဓမ္မကထိက ဆရာတော်သည် သီလရှင်၏အခန်းတွင်းကျမှ သင်္ကန်းချွတ်၍ အသင့်ယူလာသော ပိုးအင်္ကျီ ပိုးဘောင်းဘီကို ဝတ်ဆင်ဟန်တူကြောင်း၊ သီလရှင်သည်လည်း ရှေ့သွားနောက်လိုက်ညီစေရန် လူဝတ်လဲဟန်တူကြောင်း၊ လူဝတ်လဲကြ၍ (ကိုကို-မိမိ) စသည်ဖြင့် ကြည်ဆယ်နေကြမည်မှာ တွေးတောဘွယ်ပင် ဖြစ်ကြောင်း” စသည်ဖြင့် ဘတ်ပြလေရာ ....

မစောညွန့်သည် အံသွားကြိတ် နားထောင်နေရာမှ ဟီးကနဲ သက်ပြင်းကြီးချပြီး မှိုင်သွားလေ၏။ လွမ်းစိတ် ဆွေးစိတ်တို့သည် နေရောင်ထိုးလိုက်သော ဆောင်းတွင်းဆီးနှင်းလို ပျောက်ကွယ်သွားလေ၏။ လွမ်းရေစင် ဆွေးရေစင် ခမ်းခြောက်သွားသောနေရာသို့ မနာလိုခြင်းနှင့် ဒေါထခြင်းရေပူတို့သည် စီးဆင်း၍ လာကုန်၏။ ထိုရေပူချောင်းမှ ရေငွေ့တို့သည် မစောညွန့်၏မျက်နှာတွင် အခိုးရိုက်လာလေ၏။

“ ငါ့ကိုတော့ လိမ်ပြောတယ်၊ ရန်ကုန်မှာ အင်္ဂလိပ်စာသင်ဘို့တဲ့၊ ဓါတ်ပြားသွင်းဘို့တဲ့။ ဒါ အင်္ဂလိပ်စာသင်တဲ့နည်းလား၊ ဒါဟာ ဓါတ်ပြားသွင်းတဲ့နည်းလား၊ သစ္စာဖေါက်တဲ့လူ၊ သစ္စာစူးလို့သေတာ ...” 

ထွန်းရှိန်ကား ဆက်လက်၍ ဘတ်နေ၏။ ထွန်းရှိန်ဘတ်သမျှသည် နားထဲသို့မဝင် “ငါ့ကို အမြဲချစ်ပါတယ်တဲ့၊ ငါကလွဲ ဖွဲနှင့်ဆန်ကွဲတဲ့၊ တကတဲ လျှာအရိုးမရှိတိုင်း ငါ့လိမ်တာ၊ တပတ်ရိုက်တာ၊ လူအမို့ လှဲ့စားတာ၊ ကြည့်စမ်းပါအုံး။ ရန်ကုန်ရောက်လို့မှ တလမပြည့်သေးဘူး၊ သီလရှင်နှင့် ညားတယ်။ ဘာမှမဟုတ်ဘူး၊ အရင်ကတဲက ညားနေတာရှိမှာ။ ဒီတလမပြည့် အဆက်သစ်ဆိုရင် ဘယ်နည်းနှင့်မှ ဒီအခြေကို မရောက်နိုင်ဘူး။ ငါကတော့ ယုံလို့ ပုံအပ်ခဲ့တယ်။ သူ့အလို လိုက်ခဲ့ရတယ်။ ည အတွေ့ခံပါဆိုလို့ အတွေ့ခံရတယ်” 

မစောညွန့်သည် တညတွေ့ကြစဉ်က ကိုသန်းမြင့်က သူ့အား နဖူးပေါ်တွင်နမ်းပြီးနောက် ဆံစကို လက်နှင့်သပ်ပေးနေသည်ကို သတိရသွား၏။ နှာခေါင်းထိရာ လက်တို့ရာကလေးတွေကို ယခုတိုင် ခံစားနေရသေးသည် ထင်မိ၏။ 

“ဟီး ... ဒီအတင့်ရဲတဲ့ နှာခေါင်းဟာ သီလရှင်ရဲ့ ပါးနှင့်နဖူးမှာ ကျက်စားမှာဘဲ၊ ဒီလက်ဘဲ သီလရှင်ရဲ့ ကတုံးကို ပွတ်နေမှာ၊ ငါ့ကို ချစ်တာမဟုတ်ဘူး။ သီလရှင်ကိုသာ ချစ်တာ၊ ငါ့ကို တပတ်ရိုက်ရုံ ကြံဒါ။ ငါ့ပစ္စည်းသုံးဘို့လောက် မှန်းတာ၊ ငါပို့တဲ့ ငွေတွေနှင့် သူနဲ့သီလရှင် ဖြုန်းနေကြမှာပေါ့” 

မစောညွန့် အသက်မရှုဘဲပင် ရပ်နေမိ၏။ အသဲနှလုံးတို့ကို အပ်ကလေးနှင့် ဆြွခင်းခံနေရသကဲ့သို့ ရင်တွင်းမှာ အောင့်လှပေ၏။ နောက် သက်ပြင်းကြီးချပြန်၏။ အနည်းငယ် ရှိုက်လာသေး၏။

“ငါမှားတယ်၊ ငါခွေးဆန်တယ်။ အကျင့်ယုတ်တဲ့လူမှ ငါအကောင်းထင်မိတယ်။ ငါ့ကို ထွန်းရှိန်က အတန်တန် သတိပေးလျက်နှင့် ငါအဟုတ်ထင်နေမိတယ်။ လောကကြီး ... အလင်းရောင်မရှိတဲ့လောကကြီး။ ငါ့လို ဉာဏ်ထိုင်း ကံမွဲတဲ့ မိန်းမမျိုးအတွက် အရှုပ်အထွေးတြွေမင်ဘို့ လမ်းဖော်မပေးတဲ့ လောကကြီး”

ထွန်းရှိန်သည် “မဇ္ဈိမနန္ဒဝန်ကျောင်းသို့ လာရောက်ကြည့်ရှုကြသူများသည် တိုးမပေါက်အောင် စည်ကားကြောင်း” ဟု ဘတ်၍ အပြီးသတ်လိုက်လေ၏။
--------------------------
#သိန်းဖေမြင့်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...