အခဏ်း။ ၁၅ ။
အချိန်မှာ ငါးနာရီမျှသာ ရှိသေးသော်လည်း ကောင်းကင်ပြင်အလုံးသည် နေဝင်ဆည်းစျာအချိန်တွင် မြင်ရသော တောင်စွယ် တောင်တန်းတို့ကဲ့သို့ ညိုမှိုင်းအုံ့ဆိုင်း၍နေလေ၏။ ဖြူမွဲမွဲအရောင်ရှိသော မိုဃ်းတိမ်မိုဃ်းသားတို့သည် အာကာခွင်ပင်လယ်ကြီး၌ ရွက်တိုက်၍ သွားနေကြ၏။ နေမင်းကြီးကား တရပ်တကျေးသို့ ထွက်ခွါသွားရသော ရီးစားသယ်သည် ချစ်သူကလေးအား နှုတ်ဆက်ခွင့်မရရှာသလို ကမ္ဘာသူ ကမ္ဘာသားတို့အား မျက်နှာထားချိုချိုဖြင့် နောက်ကျွန်းညို ဂေါရာသို့ မယွန်းခင် နှုတ်ခွန်းပင် ဆိုပါလိုသော်လည်း ထိုမိုဃ်းတိမ် နှောက်ယှက်သဖြင့် အောင့်သက်သက်ဖြင့် ဝင်ရရှာတော့၏။ မြောက်လေပြေကလေးသည် လောကဓါတ်ကြီးကို ထိပါးရိပါးနှင့် ကစားတိုးဝှေ့လာ၏။
ထိုအချိန်ကား အများအတွက် လွမ်းဘို့ဆွေးဘို့ အချိန်ဖြစ်၏။ မစောညွန့်အတွက်ကား ထူသောနှုတ်ခမ်းများကို စူစေသောအချိန်၊ မျက်ရစ်အကွပ်မရှိသော မျက်လုံးများတို့သည် ဒေါသမီးဖြင့် အလျှံထွက်စေသောအချိန်၊ ပန်းကန်ကွဲကို ဇွန်းကျိုးဖြင့် တီးသောအသံ၏ သာယာခြင်းဖြင့် တက်ခေါက်စေသော အချိန်ဖြစ်ပေ၏။ မစောညွန့်သည် လွန်စွာ ဒေါသဖြစ်နေ၏။ “တောက် .. စောက်မိုဃ်း ဖျက်တော့မယ်” ဟု ဟီးချပြီး မာန်လျက်ရှိလေ၏။
“ ရွာစေချင်တုန်းကတော့ မရွာဘူး။ ခု .. မရွာစေချင်တော့မှ ရွာတယ်။ မိုဃ်းလောက် အရွဲ့တိုက်တာ မိုဃ်းဘဲရှိတယ်။ ဟိုတနေ့တုန်းက အိုက်လွန်းလို့ ရွာတော်မူပါ မိုဃ်းမင်းရယ် ဆိုတော့ မိုဃ်းမင်း ဘယ်များ အလေလိုက်တယ် မသိဘူး။ ခုတော့ တရားပွဲရှိပါတယ်၊ နိုင်ငံကျော် ဟောမဲ့တရားပါ၊ မိုဃ်းမဖျက်ပါနှင့်လို့ ဆိုတော့ ရွာတော့မလို ခြိမ်းချောက်နေတယ်၊ တရားပွဲမို့ ဖျက်တာလား” ဟု တွေးရင်း မိမိရှေ့ရှိ ဖျာကလေးကို လိပ်သလို မိုဃ်းတိမ်တွေကို လိပ်ပြီး ဘေးထောင်ထားလိုပေ၏။
“ မမညွန့် မိုဃ်းတွေရွာမယ်။ တရားပွဲ မသွားပါနှင့်တော့” ဟု အစေခံမကလေး ဖွားသင်က တောင်းပန်လျှင် ....
“အို ... ညည်းကလဲ ဒီမှာ ပြင်ဆင်ပြီးပြီ။ မသွားဘဲနေနိုင်ပါ့မလား” ဟု ငေါက်ဆတ်ဆတ်ပြောပြီး မိမိဝတ်ထားသည့် ပိုးတွန့်လုံချည်ကို စွန်တောင်ဆွဲပြလေ၏။
ခြောက်နာရီထိုး၍ အိမ်မှထွက်သောအခါလည်း အိမ်ရှေ့က ဦးမျှားက
“ဘယ့်နှယ် မစောညွန့် ... မိုဃ်းရွာမယ်ထင်တယ်။ သွားအုံးမလား” ဟု မေးလေရာ ..
“ရွာလဲ ရွာပေါ့ ဆရာရယ်။ မိုဃ်းက တရားနာချင်တဲ့စေတနာကို စမ်းတာထင်ပါရဲ့။ ပြီးတော့ ...... တနေ့လုံး အလုပ်တွေလုပ်လို့ မောပန်းနေတုန်း ဒီဓမ္မကထိကကိုယ်တော်ကလေးတရားကို ကြားလိုက်ရရင် အမောကို ပြေသွားတာဘဲ ” ဟု မစောညွန့်က ပြန်ပြောလေ၏။ ဦးမျှားမှာ အံ့အားသင့်၍သာ နေလေ၏။
တရားဓမ္မာရုံကား မိုဃ်းလုံသောနေရာကို ရွေးချယ်ထားလေ၏။ အသံချဲ့စက်ကြီးလည်း တပ်ထား၏။ ပလ္လင်ကြီးလည်း မြင့်လှစွာ တည်ထားကြ၏။
“တကာလုံးရေ .... ”
“ဘုရား ... ဟောသမျှ တရားစဉ်ကို သောတ နားဆင်လျက်ပါဘုရား” ဟု ဦးကျောက်လုံးကြီးက လက်အုပ်ချီ၍ လျှောက်၏။
“ဪ ... ရာဇဝင်တလွှားမှာဖြင့် ထင်ရှားခဲ့တဲ့ သရေခေတ္တရာမြို့တော်ကြီးဟာ ဦးပဉ္စင်းတို့ရဲ့ ကျေးဇူးရှင်ကြီးအစစ် ဖြစ်ပေတယ်။ ဟောဒီ မြို့တော်ကြီးမှာဘဲ တရားအစကို အများမတသော်လည်း အပါး မဝတဝနှင့်ဘဲ အရဲစွန့်ဟောခဲ့တယ်။ မြို့သူမြို့တော်သားများက ဦးပဉ္စင်းကို ကရုဏာသက်ဝင်ကြပါသဖြင့် အားပေးလား ချီးမြောက်လား လုပ်ကြတော့ ခုနေခါမှာတော့ ပြည်မြို့မှာစိုက်တဲ့ ဓမ္မကထိကအပင်ကြီးဟာ ပွါးများစည်ကားလာပြီးဟာမို့ ပြည်မြို့ဟာ ဦးပဉ္စင်းရဲ့ အကြီးဆုံး ကျေးဇူးရှင်ကြီးပေါ့။ ဪ ... ပြည်မြို့ ပြည်မြို့၊ အသရေ ကြို့တဲ့ မြို့ပေကိုး။ အဲဒီလို ကျေးဇူးတွေကြောင့်လဲဘဲ ပြည်မြို့တော်သူ ပြည်မြို့တော်သားများသည် ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေ၊ ကြီးပွါးကြပါစေ ဆိုတာ ရောက်လေရာရာ အရပ်က ဦးပဉ္စင်းတို့က မေတ္တာဝါယာလက်ဓါတ်များ ပို့ခဲ့တယ် မဟုတ်လား တကာကြီးရဲ့ ...”
“ပို့ခဲ့ရိုးဧကန်ပါ ဘုရား”
“အနို့ကလို မေတ္တာဝိုင်ယာလက်ဓါတ်ကို ပို့ပြန်တော့ ပြည်မြို့တော်သူ ပြည်မြို့တော်သာများကလဲ ဦးပဉ္စင်းကို ရှေးကထက် အဆပွါး၍ မေတ္တာအားသန်ကြတယ်နော်။ သန်ကြတဲ့အတိုင်း ဟော... အားပေးချီးမြှင့်ကြတယ်။ လာရောက်ကြိုဆိုပြီ အင်မတန် နှလုံးမွေ့ဘွယ်ကောင်းတဲ့ ကျောင်းမှာ တဲရပေတယ် ....။ တရားဓမ္မာရုံကြီးကလဲ မိုဃ်းလုံ လေလုံဘဲနော်။ ဒီလောက်ကောင်းတဲ့ ဓမ္မာရုံကြီး တခါမှ မတွေ့ခဲ့သေးဘူး။ ဟော အသံချဲ့စက်ကြီးများကလဲ တပ်ပေးလိုက်သေးတယ်။ တော်ကြပါပေတယ်။ သဒ္ဓါထက်ကြပါပေတယ်။ သဒ္ဓါအဟုန်ကြောင့် ဗြဟ္မာဘုံကို ရောက်ကြမှာပေါ့။ လာရောက်ချီးမြှင့်ကြတဲ့ ပရိသတ်ကလဲ တယ်လို့ပင် အားကြီးလှပါကလား။ တကာလုံးရေ .......”
“ဘုရား ....”
“ပရိသတ်ကြီး ဘယ်လောက်များ ဦးရေရှိပါ့မလဲ ........”
ဦးကျောက်လုံးသည် ပုတီးကြီးကို လက်ကကိုင်ရင်း ပရိသတ်ဘက်သို့ လှည့်၍ မတ်တတ်ရပ်လေ၏။ နောက် ....
“မှန်လှပါ ... အင်းစိန်ထောင်တောင် ဆန့်မည် မထင်ပါဘုရား” ဟု ခန့်မှန်းချက်ပေးလိုက်ရာ ဝါးကနဲ ရယ်သံပေါ်လာလေ၏။
“တကာကြီး၊ တယ်ပြီး စကားမသုံးတတ်ပါကလား ...... အဲ တယ်ကြီးတဲ့ ပရိသတ်ဘဲ။ ဟိုလမ်းမှာ တရားဟောခဲ့တုန်းကတော့ ကြို့ပင်ကောက်တို့ မင်းလှတို့မှာတော့ တော်တော်ဘဲ စည်ကားလို့ တရားကိုရိုသေ၊ သံဃာကို ရိုသေရမှန်း သိကြရဲ့ ....... ။ ဟို ပေါင်းတည် ဆိုတဲ့မြို့ကတော့ အင်း... သိပ်ပြီးမဟန်လှဘူး။ အဲဒါကြောင့် ယခု ပြည်မြို့တော်ကြီးကိုဖြင့် အနည်းနည်းနှင့် ကျေးဇူးဆပ်မယ်လို့ ရည်ရွယ်ရိုးရင်း နှလုံးသွင်းရက်ပါဘဲ။ ပြည်မြို့သူ ပြည်မြို့သားတွေ တရားဓမ္မတွေကို အသားကျကျနှင့် နာရပြီး အားရရ ကျင့်ကြံလို့ နိဗ္ဗာန်ပေါက်ကြမယ်ဆိုရင် ပဉ္စင်းရင်ကွဲလို့ ဦးပဉ္စင်းရင်နှစ်ခြမ်း ဖြန်းဖြန်းကွဲစေတော့။ ဟောမယ် ပြောမယ် မောတယ်လို့ ကြားမဖျက်ဘဲ ငါးရက် တိတိဟောမယ်” ဟု မိန့်တော်မူလေရာ ပရိသတ်ကြီးသည် သာဓုသာဓုနှင့် ပဋ္ဌနာပြုကြလေ၏။
“အင်း ... ဒီ တရားဟောဆရာမှ တို့ပြည်မြို့ကို ချစ်တဲ့ တရားဟောဆရာ။ တို့မြို့အကျိုးကို ဆောင်ရွက်မဲ့ ကိုယ်တော်ဘဲ ... ” ဟု ပရိသတ်စိတ်၌ ဖြစ်ပေါ်ကြကုန်၏။
မကြည်ရဲ့ ဦးသုဓဇသည် ..
“ပြည်မြို့တော်သူ ပြည်မြို့တော်သားများဟာ သဒ္ဓါတရားလဲ ထက်သန်ကြလှပါပေရဲ့။ ဟို သင်္ကန်းလှူလိုက်တဲ့ သူဌေးမနာမယ် ဘယ်သူတဲ့ဗျ ...” ဟု မေးသည်တွင် မစောညွန့်သည် ဆရာတော်ကို စိုက်ကြည့်၏။ မျက်နှာမှာ သွေးပူတွေ တက်လာ၏။ ဦးကျောက်လုံးက “မစောညွန့်တဲ့ဘုရား” ဟု လျှောက်လိုက်မှ ...
“အဲ သူဌေးမ ပြီပြီ သဒ္ဓါတရားကဖြင့် ထက်လှပါပေတယ် ... ပြီးတော့ ယိုးဒယားတန်းက ယူနီဖေါင်းသေတ္တာလူတဲ့ ဦးမြထွန်းတို့၊ အဲ ဆေးလိပ်များလှူတဲ့ ခင်မြရှိန်တို့၊ လမ်းမတော်က ကြံရေနေ့စဉ်ကပ်တဲ့ ကြံရေဆိုင်ရှင် သခင်စိုးတို့၊ ဈေးကြီးထဲက ပရိက္ခရာလှူတဲ့ ဒေါ်ထွေးတို့ပေါ့လေ... အများကြီးပါဘဲ ...။ အဲဒီပုဂ္ဂိုလ်များနှင့်တကွ များစွာသောဒါနရှင်များကြောင့်လဲ ပြည်မြို့ဟာ အလှူအတန်းရက်ရောတယ်လို့ နာမယ်ရတာပေါ့” ဟု ဟောပြောမည့် တရားကိုယ်၏ ရှေ့က တရားအပျိုတော်၊ တရားနတ်ကတော် ရုပ်ကလေးတွေကို ကပြလေ၏။
ပရိသတ်မှာ များစွာ သဘောကျသည့်ပြင် ဦးပဉ္စင်းသည် ၄တို့၏အကျိုးကို တကယ်လိုလားသူဟု ယူဆကြကုန်၏။ ဆေးလိပ်သည် ဦးပါကား “ကောင်းတယ် ....... ဆေးလိပ် ငါလဲ လှူအုံးမှဘဲ။ လှူရင် ငါလဲ နာမည်ကြီးမယ်၊ ငါ့ ဆေးလိပ်လဲ ကြော်ငြာရမယ်။ ကုသိုလ်လဲရမယ် ..” ဟု တွေးမိ၍ နက်ဖြန် ဆေးလိပ်တထောင်လှူရန် ဆုံးဖြတ်လေ၏၊ သူ့လို ဆုံးဖြတ်သူတွေကား အလွန်ပင်များလှ၏။
ဟောသော တရားကား (ငါးပွင့်ဆိုင်တရား) ဖြစ်၏။
“ငါးပွင့်ဆိုင်ဆိုလို့ နိုင်ငံရေးတရားများလို့ ထင်ကြလိမ့်မယ်။ ဦးဘဖေရယ်၊ ဦးမောင်ကြီးရယ်၊ ဦးဘဦးရယ်၊ ဦးဘစီရယ်၊ ဦးဘရွှေရယ်လို့ဆိုတဲ့ အာဇာနည်ခေါင်းဆောင်တွေ ကောင်းအောင်လို့ ပေါင်းကြတဲ့ ငါးပွင့်ဆိုင် ဝါဒကို ရှေ့နေလိုက်ပြီး ထောက်ခံဟောပြောမယ်လို့ တွေးသူကလဲ တွေးပေလိမ့်မယ် ... ။ ပဒိုင်းပွင့်ရယ်၊ တမာပွင့်ရယ်၊ ပေါက်ပန်းဖြူပွင့်ရယ်၊ ကျတ်ရှာပွင့်ရယ်၊ ခေါင်ရမ်းပွင့်ရယ် ပေါင်းထားတဲ့ ငါးပွင့်ဆိုင်တရားကိုဘဲ ဟောမယ်လို့ ယူဆသူက ယူဆနှင့်ပေမှာပေါ့။ သို့သော်လဲ ဦးပဉ္စင်း ဟောပြောမှာကတော့ ........
ဥဒေါင်းရင်လား၊ သားလှီးဓါးသို့၊ အဖျားကော့တွန့်၊ ဖြန့်သော်လွန့်တက်၊ မည်းနက်ကျောလှ၊ ကေသာစသား၊ မံသအဋ္ဌိ၊ ဆဝိ, ဝယ၊ ကလျာဏဟု၊ ဤမျှအပြား၊ အင်ငါးပါးနှင့် ဟု ... ဘူရိဒတ် ဇာတ်ပေါင်းပျို့ ကစကားလို ..
(၁) ရှည်လျားပြီး သာလှီးဓါးလို အဖျားကော့နေတဲ့ ဆံပင်တဲ့။
သားလှီးဓါးလို အဖျားကော့တယ်ဆိုတော့ ဦးဇင်းတို့ ဗမာများမှာ သားလှီးဓါးကော့နေတာ မရှိတော့ အဓိပ္ပါယ်ကိုရောက်အောင် မယူနိုင်ပေဘူး။ ဒီစကားတွေက ကုလားပြည်က မြန်မာပြည်ရောက်လာတဲ့ ဘမ်းစကားတြွေဖစ်တော့ ကုလား ဥပမာတွေ ပါတာပေါ့ .... ။ ကုလားများ သုံးတဲ့ဓါးဟာ ကော့ပြီးနေတယ်။ ဗမာမှာတော့ ဓါးမောက်ဆိုတဲ့ဓါး၊ ထန်းသီးချိုင်တဲ့ဓါး၊ လျှော်သပ်တဲ့ဓါးနှင့် တူတာပေါ့။
( ၂) မဟာလှေကားပွင့်လို ရွှေသောအသား(ဝါ) ဝါသောအသားတဲ့။ သို့မဟုတ် ကြာညိုပွင့်ကဲ့သို့ ညိုသောအသားတဲ့။ ဝက်ခြင် (ခြံ)၊ မဲ့၊ ပွေး၊ တင်းတိတ် စတဲ့ အနာအဆာတွေလဲ နဲရမယ်တဲ့။ အဲဒီလို အသား၏ကောင်းခြင်းတဲ့။
(၃) အရေ၏ကောင်းခြင်းတဲ့။ လက်ဖဝါး၊ နှုတ်ခမ်းတို့ဟာ ချိပ်ရည် ဟင်္သြပဒါးလို နီနေရမယ်တဲ့။ ခုကာလတော့ မနီသူက နီချင်ကြတော့ အနောက်နိုင်ငံအတုယူပြီး ဆေးနီဆိုးကြတာမို့ အတုနှင့်အစစ် ခွဲမဖြစ်ဘူးပေါ့။
(၄) လက်ဆစ် ခြေဆစ်တွေဟာ အဖုအထစ်မရှိ ညီညွတ်ရမယ်တဲ့။ သွားဟာလဲ ဖြူနေရမတဲ့။ ဒါမှ အရိုး၏ကောင်းခြင်းတဲ့။
(၅) သားတကျိပ်ပင် ဖွားမြင်သော်လဲ တယောက်မိခင်လို အရွယ်ရြှိခင်းက အရွယ်၏ကောင်းခြင်းတဲ့ "
ထိုသို့ ကောင်းခြင်းငါးဖြာကို ဟောတော်မူစဉ် ဣတ္ထိယဂိုဏ်းဝင် တရားရှင်တို့သည် မိမိတို့အိမ်မှ မှန်များကို ပြေး၍ သတိရကြ၏။ ဆံပင်ကို စမ်းသူကစမ်းမိ၏။ အင်္ကျီလက်ကို အပေါ်မြှင့်တင်ကာ မိမိအသားကို ပြန်ကြည့်သူက ကြည့်ကြ၏။ မျက်နှာကို လက်ညှိုးဖြင့် ပွတ်စမ်းသူက စမ်း၏။ လက်ဖဝါးဖြန့်ကာ ကသိုဏ်းရှုသူက ရှု၏။ လက်ဆစ်ကလေးတွေ ထောင်၍ စစ်သူက စစ်၏။ လင်ရရင် ငါ ဘယ်လို အရွယ်တင်မလဲဟု မိမိကိုယ်ကို မေးသူက မေးကြ၏။
ဘောန္တော၊ ပုရိသအပေါင်း သူတော်ကောင်းတို့တွင်ကား မိန်းမများဘက်သို့ ကြည့်သူ ကြည့်ကြ၏။ ကိုယ့်အဆက်များကို ကောင်းခြင်းငါးဖြာ မှတ်ကျောက်တွင် ပွတ်ကြည့်သူက ကြည့်ကြ၏။ အချို့လူကြီးများကား“ငါလခွီး .. တို့အိမ်ကကောင်မများ ကလေးတယောက်ရှိသေး၊ ဖြစ်နေလိုက်တာ” ဟု ငြီးကြ၏။
"အဲဒီလို ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံတဲ့သူ၊ 'ယဉ်မူရာငယ်၊ သူဇာနတ်လော၊ မြင်သူမောလို့၊ နွယ်လျော့နုပျို၊ ခရာပိုငယ်၊ တာလိုများသဘင် ရှုတိုင်းသာယဉ်တော့၊ ငါးအင်လျော့စုံညီငယ်၊ ဒုမ္မနီတော့တပါးဟာမို့၊ ခြားလှတယ်လေး ... ' ဆိုတဲ့ လွမ်းခြင်းစကားလို အင်္ဂါငါးပါးနှင့် ရက်ရက်စက်စက်လှတဲ့ သူငယ်မကလေးအကြောင်း ဟောရလိမ့်မယ်။ ဟောပြမဲ့ သူငယ်မဟာ ဘယ်လောက်များ လှပါသလဲဆိုတော့ ..နန်းရံတရာ ပဏ္ဏာ၊ မန်းမန္တလ ဗေ့ရိပ်စံ၊ စန်းစန္ဒရ ငွေဗိမာန်လို၊ ပင်ရွှေထိပ်ပန် ယဉ်များပန်း။ တုန်ဆန်းကေလျော့ တကျော့မှန်ငယ်၊ မဟောသက်နှံ တော်လေးအမရာ့ငြမ်း။ ကပို့ကရို့ သူ့အမူငယ်၊ ဇမ္ဗူမတူ ပြိုင်သူလျှမ်း၊ အမူ့အမူ လှိုင်ကြူပန်းသို့၊ ဆန်းဆိုသမျှ ခေါင်ထိပ်ခေါင်။ ရှုလေယဉ်လေ မြင်သူငေး၊ ခင်လေးခင်ခင့်၊ ယဉ်လေးယဉ်ယဉ် ယဉ်တတ်ပါတဲ့နောင်။ ပန်းချီရှုံးတဲ့ တော့ဘုန်းခေါင်ငယ်၊ တကျော့ထုံးနှောင်၊ ကေသီလျော့နှင့်၊ သုံးထောင်ထွာကျော် လျော့ရွှေကေခိုင်၊ ပိတုန်းမင်ညွန့်ဆိုင်၊ စံပုံရှားတဲ့ သိကြားမှိုင်ငယ်၊ သနားပိုင်ပိုင် ခံစမ်းချင်လှလေး ....."
ဟူသော တေးထပ်ကို ရွတ်ဖတ်သဇ္ဈယ်ပြီးသည်၏ အဆုံး၌ အားလုံးသော တကာမတစုတို့သည် သာဓု .. သာဓုနှင့် ခေါ်ကြလေ၏။
ဦးသုဓဇသည် ကြောင်သည် ခုတ်အပ်ပြီးသော ကြွက်ကို ကြည့်သလို ခပ်ချောချောရှိရာ တကာမကလေးများဘက်သို့ စူးစိုက်၍ ကြည့်တော်မူ၏။ ဆရာတော်က အစဉ်သနားသည်ကို အကြောင်းပြု၍ မိမိတို့အထံသို့ စက္ခုအာရုံကို လွှတ်ခြင်းခံရသည်ကို သိသော တကာမကလေးများမှာ “ဒီတေးထပ်နှင့် လိုက်အောင် ငါလှတယ်လို့ ဆိုလိုလို့ ကြည့်တာဘဲ” ဟု ယူဆမိကြလေ၏။
“အဲဒီလို လွန်စွာလှပတဲ့ မိန်းကလေးရဲ့ အမည်ကတော့ ကဋ္ဌဝါဟီတဲ့။ ကဋ္ဌဝါဟီဆိုတာ အနုံညာတ မထင်လိုက်ကြနှင့်။ မယ်တော်မာယာ အလောင်းတော်မကြီးဘဲ။ အလှဲ့မသင့်လို့ (မှန်ကင်းတလှဲ့ ထင်းတလှဲ့ ) ဆိုတာလို ယခုဟောမဲ့ ဇာတ်တော်မှာ ထင်းခွေပြီး ရောင်းစားရတဲ့ ထင်းသယ်မကလေး ဖြစ်နေရှာတယ်။ ဒီဘဝမှာ ငါးပွင့်ဆိုင် အကောင်းစားတွေကြောင့် အကြောင်းအား တိုးပွားပြီး မိဖုရားကြီးဖြစ်တော်မူတယ်၊ ဒီလို ကောင်းခြင်းငါးဖြာတည်းဟူသော ပန်းငါးပွင့် ငါးပွင့်ဆိုင်ကြီးကို ပန်ဆင်ထားရတော့ ဒီသူငယ်မကလေးရဲ့ ဂုဏ်သတင်းဟာ အလွန်ကျော်စောတာပေါ့။
* ဧသာဟိ ရူပသောဘဂ္ဂီ။
ဒုဂ္ဂတာ ကဋ္ဌဝါဟိနီ။
သုခဝါစီ တုလကာယီ၊
ထောမိတာ ရာဇပေမယိ။
*အနဂ္ဃသာရမဉ္ဇူရီ မှယူပါသည်။
ဟိ။ ထင်းခွေသူမကလေး သတင်းဂုဏ်၏ သင်းထုံမွှေးပျံ့ပုံသော်ကား၊ ဧသော။ ပေါက်ခါစ မျှစ်စို့လို ချစ်ဘို့မငြီး ထိုအမျိုးသမီးကလေးသည်၊ ဒုဂ္ဂတာ။ ရှေးကုသိုလ်အရှိန်အရောင်မှိန်၍ ဂုဏ်သိမ်မွဲမွဲ အလွန်ဆင်းရဲလှသောကြောင့်၊ ကဋ္ဌဝါဟိနီ။ တောနက်တောင်ခြေ ထင်းကိုခွေ၍ အနေစုတ်စုတ် တကုတ်ကုတ် လုပ်ရပါသော်လည်း၊ ရူပသောဘို။ ဂိုက်ကြီးဆိုက်ကြီး တိုက်ကြီးနှင့်ပျော် ကတော်စတိုင် ဖူးခိုင်ထွက်စ ရူပကျက်သရေ တင့်တယ်လှပပါပေ၏၊ သုခဝါစီ။ နှုတ်သံကပျော့ ချော့မော့သလို ချိုချိုညှင်းညှင်း လေပြင်းမပါ ပြောဆိုတတ်ပါပေ၏၊ တုလကာယီ။ ဂွမ်းဝါနုပုံမသွေ ဂုဏ်သရေအထူးပျံ့အောင် နူးညံ့သောကိုယ်အသားလည်း ရှိပါပေ၏၊ ရာဇပေမယီး။ လူတို့သေဌ်နင်း ဘုရင်မင်းကို မြင်လျှင်မြင်ခြင်း ရင်တွင်းမှာ အမြစ်မပြတ်ရအောင် အချစ်ဓါတ်ကို ပေးစွမ်းနိုင်သည်ဖြစ်၍၊ ထောမိတာ။ ဤလောကလူ့နယ်မှာ ရှုစဘွယ်သူကလေးဟု အမူသွေးယဉ်ယဉ်နှင့် တကယ်ပင် ချီးမွမ်းထိုက်လှပေတော့သတည်း"
“သာဓု ... သာဓု ... သာဓု ... ”
(သံပြိုင်)
“တကာလုံးရေ ...”
“ဘုရား ... မိန့်ဆိုမည့် အာဏာသံကို နားခံလျက်ပါ ဘုရား ....”
“ကဌဝါဟီကလေးမှာ ငါးပွင့်ဆိုင်ပိုင်ရှင် ပန်းငါးပွင့်ကို ထိုးတပ်ရလို့ တမျိုးဒြပ်ရှိနေတယ်။ ဒီတော့ ငါးပွင့်ဆိုင်တံခိုးကြောင့် ဘယ်သူ လာသတဲ့လဲ”
“မှန်လှပါ .. ဦးဥတ္တမပါ ဘုရား” ဟု ဂွဖြေပြန်လေရာ ပရိသတ်မှာ “ဝါး” ခနဲ ရယ်ရပြန်လေ၏။ ဦးသုဓဇသည် ရယ်မော၍ပြီးမှ ..
“အောင်မယ်လေးရဲ့ တကာကြီးရဲ့ ... ရွှေနားတော် လေချော်လို့ကုန်ပေါ့လား။ ငါးပွင့်ဆိုင်တန်ခိုးကြောင့် ငါးပွင့်ဆိုင်ရှင် ထိုပန်းပင်ကလေးနား ဗြဟ္မဒတ်မင်းကြီးက ချဉ်းကပ်လာတယ်တဲ့” စသည်ဖြင့် ဆက်လက် ဟောနေလေ၏။
ဈေးကြီးမှာ အထည်ဆိုင် သုံးဆိုင်ရှိသော မသန်းရီသည် “အင်း .. ကောင်းခြင်းငါးဖြာနှင့်ပြည့်စုံရင် အညှီရှိ ယင်နား ဆိုတာလို ကာလသား မုဆိုးဘိုတို့အားလုံး ရစ်ကြ ပိုးကြမှာပေါ့။ ငါတို့ကို သည်လောက် ပိုးကြတာ ငါ့ငါးပွင့်ဆိုင် ညီညွတ်ရေးကြောင့်ဘဲပေါ့လေ။ ဟိုစာရေးဆရာ ကိုစမ်းမောင်ကတောင် ငါဟာတဲ့ ခုနင်ကပြောတဲ့ ကောင်းခြင်းငါးဖြာနှင့် အပြည့်ဆုံးပါဘဲတဲ့။ နေရှင်နယ်ကျောင်းဆရာ ကိုညွန့်ကလဲ စာပေးတော့ ငါ့ရုပ်ကို ချီးမွမ်းလိုက်တာ လွန်လို့၊ လွန်ပါဘူးလေ၊ ငါကိုက ချောတာထင်ပါရဲ့ "စသည်ဖြင့် မိမိကိုယ်ကို ထောမနာနေလေ၏။
“ဪ .. ဒီဇာတ်နှင့် အဆင်သင့်လို့ သတိပေးစကားကလေး ဟောလိုက်ဦးမယ်လေ၊ ကြားကြားသမျှ တကာမကလေးတွေ အထူးသဖြင့် အပျိုကလေးများ သတိထားကြဘို့ ဦးပဉ္စင်းက ဟောလိုက်မယ်”
“ဟေ့ ... ကောင်မ သန်းမနေနဲ့။ ကောင်းခန်းရောက်ပြီ” ဟု မကြည်သည် လှလှကို လက်နှင့်ပုတ်ပြီး ပြောလိုက်၏။
“တို့ကိုယ်တော်က စုံလဲစုံတဲ့ ကိုယ်တော်ဘဲ။ သိလဲသိပါပေါ့နော်၊ နေရာတကာ” ဟု မကြူက ခင်ခင်ကို တီးတိုးလိုက်ပြန်၏။
“မိန်မမာယာ သဲကိုးဖြာ၊ မာယာတသိန်း၊ အပလိန်းအနန္တ” လို့သာ ဆိုကြတယ်။ ယောက်ျားတွေက ပြောစမှတ် ပြုကြတယ်။ သူတို့ယောက်ျားတွေ ကိုယ်တိုင်ကတော့ ဘယ်လောက်များ မာယာတွေ အပလီဉာဏ်တွေ များသလဲဆိုတော့ ဟောဒီ ဧရာဝတီမြစ်ရေတွေကို တပေါက်စီ တပေါက်စီ ရေတွက်လို့ ရချင်ရမယ်။ သူတို့မာယာကို မရေတွက်နိုင်ပေဘူး။ ဦးပဉ္စင်းဟာ မိန်းမတွေဘက်က ရှေ့နေလိုက်တယ်လို့ လူငယ်လေးတွေက ထင်ချင်ထင်ကြမယ်။ ထင်ကြလေ၊ မှန်တာကို ပြောရမယ်ဆိုရင် ဘယ်လို ဘယ်ညာ ထင်မှာကိုမှ မကြောက်လှပါဘူး။ မင့်ကို ဘယ်တော့မှပစ်မသွားဘူး၊ ထင်းတုံးကို ခေါင်းအုံးပြီး အတူတူအိပ်ပါ့မယ်၊ စပယ်ဆီ ရေနံဖြစ်ခါမှ မင့်ကို ပစ်ပါ့မယ်။ လိပ်ကိုယ်မှာ ဆိတ်ဂျိုပေါက်တာတောင် စိတ်ညိုလို့ မဖေါက်ပါဘူး၊ ဖိုးဦးတောင်ထိပ် ကြာပေါက်တယ်ဆိုတာက ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်၊ ခင့်ကို မောင်မချစ်တော့ဘူး၊ မုန်းစိတ်ပေါက်တယ်ဆိုတာက လုံးလုံး မဖြစ်နိုင်ဘူး၊ စသည်ဖြင့်ပေါ့လေ၊ စကားတတ်တိုင်း ဟိုအပျို သည်အပျိုတို့ကို ဤလိုလို ထိုလိုလို ပြောကြ၊ အချစ်ပန်းကို ဆင်မြန်းဘို့ ကြံကြတယ်၊ ဟော တော်တော်ကြာလို့ သူတို့လိုရာ အောင်ပန်းကိုဆင်၊ အောင်ဂိုးတွေဝင်ပလားဆိုမြှဖင့် ပစ်လိုပစ် ခွါလိုခွါ စကားနာထိုးလိုထိုးဘဲ”
ထိုအခါ မခင်မြသည် မိမိအကြောင်းကို သတိရလာလေ၏။ အေးမောင်သည် အစကတော့ ထမီပင် လျှော်တော့မလောက် အောက်ကြိုခဲ့၏။ ယခုမူ မိမိက ပြန်ချစ်၍ အတန်ကြာလျှင်ပင် ခပ်ခွါခွါ လုပ်ခဲ့၏။ သူဌေးမ မစောညွန့်သည် ထိုပဉ္စင်းပြောသော စကားမျိုးကို တခါဘူးမှ မကြားဘူးခဲ့၊ ကိုယ်တွေ့ မကြုံခဲ့ရသည်မှာ နုံလှ၏ဟု အောက်မေ့တော့၏။ စကားကလေးများကို အရ နှုတ်ငုံထား၏။ မိမိခင်သည်လည်း မိမိရီးစားကို သတိရသွား၏။ ဒီစကားမျိုး ပြောတဲ့လူတိုင်း တနပ်စားဉာဏ် ကြံသလား၊ မကြံပါဘူးနော်၊ ကိုကိုတို့များ အဲဒီလို အပြောကလေးတွေကလဲ ချိုတယ်၊ ပင်ကိုကလဲ ချိုတယ်၊ သစ္စာလဲရှိတယ်၊ ဘုန်းကြီးက ဘာနားလယ်သလဲ၊ ဝါးလုံးရှည်ကြီးနှင့် သိမ်းပြီး ရမ်းတာ” ဟု ဘုန်းကြီးကို အပြစ်ရှာ၏။ များစွာသော အပျိုကလေးများကား ကိုယ့်အရေး ကိုယ်တွေး၍ နေကြသဖြင့် ရှေ့ ဟောသောတရားများကို သတိမပြုမိ။
"ပေါသဝါစံနုဝတ်တန်တိ၊ တုရံဒါနိကုမာရိယော၊ ဧတာဟိအာယတိံ ဒုက်ခာ၊ သောစန္တိ ပတိသုညကာ၊ ဒါနိ၊ ဣဒါနိ။ ဆုတ်ကပ်ကြီး ခေတ်သရမ်းမှာ ချစ်ခန်းကြိုက်ခန်း အခန်းခန်းဖြင့် အဆန်းထွင်လာ၊ ဤအခါ၌၊ ကုမာရိယော၊ ယောက်ျားတို့မာယာဉာဏ်ကို ဘာသာပြန် အကင်းမပါးလှ၍ မစဉ်းစားတတ်သော အမျိုးသမီးတို့သည်၊ ပေါသဝါစံ၊ အပလိန်းမာယာနဲ့၊ အဖိန်းအညာ ပေါများ၍၊ သဘောထားညံ့ဖျင်း၊ ယောက်ျားတသင်းတို့၏၊ မငြင်းသာ
မလှဲ့သာအောင် နွဲ့ကာ ခရာကာ၊ တီတီတာတာနှင့် ပလီပလာပြောသော စကားနောက်သို့၊ တုရံ။ ကာမဂုဏ်ဇောမှီး၍ အလောတကြီး မဆင်ခြင်၊ လျှင်လျှင်မြန်မြန်၊ စိတ်သန်သန်၊ အနုဝတ္တန္တိ။ ခိုကိုးရာတကယ်ဘဲဟု စိတ်ထဲမှာ အမှန်းလွဲ၍ တန်းတန်းစွဲ လိုက်ပါကြလေကုန်၏၊ ဟိ။ ဒုက္ခအရေး အတွေးမျှော်ခေါ် ဖြစ်ရပုံသော်ကား၊ ဧတာ။ ချစ်သူယောက်ျား၊ နောက်ပါးမကွာ လိုက်ပါခိုမှီး၊ ထိုအမျိုးသမီးတို့သည်၊ အာယတိ။ ကိုယ်အချစ်က အမြစ်တွယ်လာ၊ နောင်သောအခါ၌၊ ဒုက္ခာ။ ခိုကိုးရာမဲ့၊ တကဲ့ထန်ပြင်း၊ ဆင်းရဲတွင်းသို့ ကျရောက်ရကုန်သည်ဖြစ်၍၊ တိသုညကာ။ ချစ်လင်ယောက်ျား၊ ပစ်ခွါသွား၍၊ အားထားရာမဲ့ကင်း၊ ရင်တွင်းပူဆာ၊ တခုလပ်ကလေးတွေ ဖြစ်ကုန်ကြရှာလျက်၊ သောစန္တိ။ မျက်ရည်နှင့်လူး၊ မကြုံဘူးအောင် အထူးပင်ညှိုးမှိန်၍၊ စိုးရိမ်ပူဆွေးကြလေကုန်တော့သတည်း"
ဆေးလိပ်ခုံမှ တနေ့ရှစ်ရာကျအောင် လိပ်နိုင်သဖြင့် နာမည်ရသော အုံးခင်ကား ဓမ္မသံဝေဂ များစွာရသွားလေ၏။
“ဟုတ်တယ်၊ ယောက်ျားဆိုတာ အင်မတန် ကြောက်စရာကောင်းတယ်။ ဉာဏ်ရှိတိုင်း လှဲ့နေကြတာဘဲ။ နို့ ဘယ့်နှယ်လုပ်မလဲ။ အမြဲဘဲ ယောက်ျားကွေကွင်းနေရတော့မလား။ ဘယ်သူ့ကို ကွင်း၍ ဘယ်သင်းကို လက်ခံရမလဲ၊ ဦးပဉ္စင်းက ဟောရောပေါ့” ဟု လင်ရွေးနည်း ပြဿနာတွင် မိမိဉာဏ်တွင်းသို့ အလင်းရောင်ပေးစေလိုပေ၏။ အေဘီယန်ကျောင်းသူကလေး တင်တင်မှာမူ “အို ... ငနဲက အောက်ကြို့ပြီးပြောတော့ ကိုယ်ကချစ်လဲ အောရိုက်လုပ်လိုက်တာပေါ့။ ငနဲက ဖေါက်ပြန်သွားရင်လဲ တို့ပြည်မှာ ယောက်ျားတွေ မရှားပါဘူး။ အညံ့မခံဘဲ အသစ်လဲပြန်တာပေါ့” ဟု သူ့စိတ်ထဲ၌ ဂျင်းစိမ်းနှင့် မိတ်သလင်ပင်များ စိုက်ထားလိုက်လေ၏။ စိန်မောင်တို့ကာလသားတစုကား “ငါ့အစာ ဤယုန်ဟန့်သည် 'သင်္ဃဇာ အနေမတတ် နှပ်ပက်ခံရ' သလို အနေမတတ်တဲ့ဘုန်းကြီး ခဲနှင့်ပေါက်မလား၊ ပုလင်းထဲသွတ်ပြီး နှံမလား” ဟု ဆွေးနွေးကြ၏။
ဤသို့ လူတကိုယ် အတွေးတမျိုးဖြင့် စိတ်အိုက်နေကြခိုက်ဖြစ်သဖြင့် ငါးပွင့်ဆိုင်ကြောင့် (ဝါ) ကောင်းခြင်းငါးဖြာကြောင့် ကဋ္ဌဝါဟီ ဒုက္ခရောက်ပုံ၊ ဤလောကကြီးသည် မီးဆယ့်တပါးတို့နှင့် ပြည့်ပုံ၊ သံသရာမှ ထွက်ရမှ ဧနိုင်မည့်ပုံများကို ဟောကြားသော်လည်း ဦးသုဓဇ၏တရားများကို စိတ်ဝင်စားနိုင်သူ လွန်စွာ နည်းပါးနေလေတော့၏။
-------------------------------------
#သိန်းဖေမြင့်
ဆက်ရန်
#တက်ဘုန်းကြီး
အခဏ်း။ ၁၆ ။
ပထမဦး တရားပွဲပြီး နောက်တရက်တွင် မကြည်ရဲ့ ဦးသုဓဇ ကိုယ်တော်သည် ... မစောညွန့်အိမ်သို့ သွား၏။ မစောညွန့်က ပင့်ဘိတ်၍ မဟုတ်ချေ။ နှုတ်ဆက်ရန် လာခြင်းသဘောဖြစ်၏။ မစောညွန့်သည် ဘိလပ်ရည်များ၊ ကွမ်းများဖြင့် ဧည့်ခံ၏။ စကားအလွမ်းသင့်ကြသဖြင့် တချက်ထိုးက လာရာ ညနေ ၄-နာရီကျမှ ဦးသုဓဇ ပြန်ကြွဖစ်တော်မူ၏။ တခါတရံ တရားစကားပြောကြ၏။ တခါတရံ အမျိုးအဆွေ အဆက်အနွယ်များအကြောင်း မေးဖြေကြ၏။ တရံတခါ အလုပ်အကိုင်အကြောင်း နှီးနှောကြပြန်၏။ ပြန်ခါနီးတွင် မစောညွန့်သည် ဆွမ်းနေ့တိုင်း ပို့ပါမည့်အကြောင်း၊ ဆရာတော်ကလေး တည်းခိုနေသော နိဗ္ဗိန္ဒချောင်သို့ မကြာမီ ဥပုသ်ရက်ရှည်စောင့်ရန် လာမည့်အကြောင်း၊ ဦးသုဓဇကလည်း သင်္ဂြိုလ်နှင့်ပဋ္ဌာန်းကို ကျကျနန တက်ပေးမည့်အကြောင်းများကို ဆုံးဖြတ်ကြလေ၏။ မစောညွန့်နှင့် ဦးသုဓဇမှာ ဆရာရင်း တကာမရင်း ဖြစ်သွားလေ၏။
မစောညွန့်က ဘဲပေါင်းဟင်း၊ ဝက်အူချောင်း၊ ကြက်မြစ်၊ ကြက်သဲ၊ ဘလချောင်ကြော်၊ မြူစွမ်ဟင်းချို စသော ဟင်းကောင်းများကို အမြတ်တနိုးချက်၍ ဆွမ်းပို့လေ့ရှိ၏။ သို့ကြောင့်
“ကဲ .... မစောညွန့် ဆွမ်းအုပ်လှန်စမ်း .... ”
“အဲ ....... မစောညွန့်တို့ဟာမှ တယ်ကောင်း၊ အဆီတဝင်းဝင်းနှင့် ဆွမ်းကလဲ ထောပတ်ဆွမ်းပါကလား၊ ကောင်းလိုက်တဲ့ဟင်းတွေ၊ ကဲ ... ကဲ .. ပိတ်လိုက်ပါတော့ ..” ဟုဆိုသောစကားများနှင့် ဂျောင်းခနဲ သံအုပ်ဆောင်းကို အုပ်သံနှင့် လင်ပန်းသံ၊ ပန်းကန်သံများကို နိဗ္ဗိန္ဒကျောင်းဆောင်ရှိ ကျောင်းတကျောင်း၌ ကြားရ၏။
တနေ့သောနေ့ မွန်းလွဲအချိန်၌ နေသည် လွန်စွာပူပြင်း၏၊ လေကလည်း ငြိမ်လှ၏။ ငှက်တို့မှာ မိမိတို့အသိုက်ထဲသို့ဝင်၍ တရေးတမော မှိန်းရင်း သားရေးသမီးရေး၊ စားသောက်ရေးများကို တွေးနေကြလေ၏။ အချို့သောကျီးများကား အိပ်တန်းမတက်ဘဲ အင်ကြင်းပင်အကိုင်းတို့၌ နားနေပြီးလျှင် ... “အ .. အ ... အ” နှင့် လေးတွဲ့စွာ ညည်းညူနေကြကုန်၏။ စာကလေးများမှာ တကီကီ .. တဇီဇီ တေးညည်းကာ ဟိုပျံ သည်ကူးဖြင့် အလုပ်ရှုပ်နေကြလေ၏။
ထိုအချိန်၏ရာသီဥတုသည် ဥပုသ်သည်များအား ဇက်လေးစေ၍ တအအ ကျီးသံသည် မျက်စိမှေးစေ၏။ တကီကီ ... တဇီဇီ .. စာသံသည် အိပ်ပျော်စေ၍ ရေအိုးမှ စိမ့်ကျသော ရေပေါက်သံသည် တခေါခေါနှင့် ဟောက်စေ၏။ မစောညွန့်သည် သမ်းပြီး စာအုပ်ကိုချလိုက်၏။ ဦးသုဓဇသည် သင်္ဂြိုလ်ဋီကာကို လှန်ရက်သား ရင်ခွင်ပေါ်တင်ပြီး ပက်လက်ကုလားထိုင်တွင် ကျောကပ်ခါ ထိုင်တော်မူ၏။ လက်ဆစ်ကလေးတွေကို ချိုးပြီး.....
“တကာမ ..မညွန့် ပျင်းပြီထင်တယ် .... ” ဟု ပြော၏။
“ပျင်းတယ်လို့ မဟုတ်ပါဘူး ဘုရား၊ စာလဲဘဲ အတော်တွင်ပြီ။ ယနေ့အတွက် ဖူလုံပြီ ထင်ပါတယ်ဘုရား ” ဟု လေပြေထိုးပြန်လေ၏။
“ကဲ ... ကဲ ... မညွန့် မအိပ်ချင်အောင် တရားကလေး ဟောရသေးတာပေါ့။ ဘယ်တရားဟောရရင် ကောင်းပါ့မလဲလို့ စဉ်းစားလိုက်တော့ တရားဟောမဲ့ ဓမ္မကထိကတပါး၊ တရားနာသူကလဲ တဦးထဲမို့ အများနှင့်သက်ဆိုင်တဲ့ တရားကိုဟောရင် စရပ်တဆောင်ကို နေအိမ်အဖြစ်ဖြင့် အသုံးပြုပေရော့လို့ ပေးတာလိုကျနေမယ် ..။ စရပ်ဆိုတာ အများ တည်းခိုနေနိုင်အောင် အားလုံးစီစဉ်ထားတဲ့အရပ်ကိုး။ တယောက်က ဝင်ရောက်ပြီးနေရတော့ ဘယ်မှာ ပဏာရမလဲ။ ဒီလိုပေါ့၊ အများနှင့် သက်ဆိုင်တဲ့ “ပတ်ပလစ်ပေါ်ပြူလာ” တရားတွေကို မဟောလိုတော့ပါဘူး။ တကာမညွန့်ညွန့်နှင့်သာ သက်ဆိုင်ပြီး တကာမ ညွန့်ညွန့်ရဲ့ တဦးတည်းကောင်းကျိုးပေးမဲ့ တရားကို ဟောရမယ် .. ကဲ စဉ်းစားစမ်း မညွန့် .... မညွန့်ရဲ့ လိုသောအလိုကို ဖြည့်နိုင်တဲ့တရား ဟောမယ်ဆိုရင် မညွန့်ဘာလိုသလဲ .... ” ဟု မေးရာ၊ မညွန့်သည် စပ်ဖြဲကြီး လုပ်နေပြီး ...
“ မလျှောက်တတ်ပါဘူး ဘုရား။ လိုမယ်ထင်တာကိုသာ တွေးပြီး ဟောပြမှ သဘောကျ နာတတ်ပါသည် ဘုရား ... ” ဟု တင်လျှောက်လေ၏။
“အဲ ... အဲ ... ဘယ်သူမဆို မိမိမှာလိုတာကို သိရမတဲ့။ မြန်မာပြည်ဟာ လွတ်လပ်ရေးလိုကြောင်း ဗမာတိုင်း သိရမယ် ..... ။ တက္ကသိုလ်ဟာ သခင်ပညာလိုကြောင်း တက္ကသိုလ်ပညာသင်တွေ သိရမယ်။ သို့ကလိုဘဲ မညွန့်လိုတာကို သိရမယ်။ သို့မှ လိုတာကို ဖြည့်နိုင်တယ်၊ ကြားလား။ ဒီတော့ ဦးပဉ္စင်းဟောသွားတာကို ကောင်းကောင်း နားထောင်ဘို့ဘဲ .. ၊ မညွန့်လိုတာကို ကောင်းကောင်းသိပြီး ဘယ်လို အလိုပြည့်အောင် လုပ်ရမယ်ဆိုတဲ့ လုပ်နည်းကိုလဲ ကြားရမယ်ပေါ့။ တကယ်လို့ ဦးပဉ္စင်းက အတွေးမှားလို့ လိုလားချက်ကို မှားပြောရင် ဦးပဉ္စင်းကို မညွန့်က အပြစ်တော်တင်မလားလို့ ...”
“အပြစ်မတင်ပါဘုရား။ မှားသွားသည့်တိုင်အောင် ဟောတဲ့ပုဂ္ဂိုလ်ရဲ့ စေတနာ ကောင်းမြတ်ရင် စေတနာကို တန်ဘိုးယူပြီး စေတနာအတွက် တပည့်တော်မက သဒ္ဓါထက်ဘို့ အဆင်သင့်ပါဘုရား ...”
“ဪ ...ဪ ... သာဓု .. သာဓု ... ဒီလိုကိုး .. ။ ကဲ ကဲ ... ဥာဏ်မငုံမိလို့ အမှန်အကုန်မသိရင် ရန်သုန်လို့ မထိပါးဘူးဆိုရင်တော့ ဟောတော့မယ် ...”
* နဂ္ဂါနဒီအနုဒ္ဒကာ၊
နဂ္ဂရတ္တံ့ အရာဇကံ၊
ဣတ်ထိပိဝိဒဝါနဂ်ဂါ
ယဿပိဒသဘာတရော၊
ဝေဓ့ကဋီကံလောကေ၊
ဝစ်ဆညေဝရဏသေဘ။
*ပဉ္စသီခတရားစာမှ ယူသည်။
ရထေသဘ။ ရထားစီးခြင်း မင်းတကာတို့ထက် မြတ်သော ခမည်းတော်မင်းမြတ်၊ အနုဒ္ဒကာ။ ရေယာဉ်မစီး ခြောက်လေပြီးသော၊ နဒီ။ မြစ်သည်၊ နဂါ့။ မွေ့လျော်ဘွယ်ကင်း၍ တင့်တယ်ခြင်း မရှိနိုင်ပါ၊ အရာဇကံ။ တိုင်းလုံးလွှမ်းချုပ် စိုးအုပ်နှိမ်နင်း မင်းမရှိသော၊ ရတ္တံ့။ တိုင်းပြည်မြို့ပြဟူသမျှသည်၊ နဝံ့။ အသရေဂုဏ်ကင်း၍ တင့်တယ်ခြင်း မရှိနိုင်ကုန်ပါ၊ ယဿ။ ရုပ်ရေနိကာယ် တင့်တယ်လှပ အကြင်မိန်းမအား၊ ဒသဘာတရောပိ။ ဂုဏ်လျှံထွန်းတောက် မောင်ဆယ်ယောက်တို့သည်လည်း၊ သန္တိ။ ရှိလေကုန်၏၊ သာဣတ္ထိမီ။ ဂုဏ်လျှံထွန်းတောက် မောင်ဆယ်ယောက်အလယ် တင့်တယ်စွာ နေထိုင်ရသော မိန်းမသည်၊ ဝိဓဝါ။ စိုးအုပ်အရှင် လင်မရှိခဲ့သော်၊ နဂါ။ ဂုဏ်ရောင်လင်း၍ တင့်တယ်ခြင်း မရှိနိုင်ပါ၊ လောကေ။ လောက၌၊ ဝေဓဗျ။ စိုးအုပ်အရှင် လင်မရှိခဲ့သော်၊ ကဠုကံ။ ဂုဏ်ပေါင်းစံပယ် တင့်တယ်ခြင်း မရှိနိုင်ပါ၊ တသ္မာ။ ထိုသို့ မိန်းမခပင်း လင်နှင့်ကင်းက တင့်တယ်ခြင်းမရှိနိုင်သောကြောင့်၊ ရဇပုဂ္ဂိ။ လင်မြတ်ရတနာ ဝေဿန္တရာမင်းနောက်သို့၊ ဂစ္ဆညဝ။ မကွာစိုက်စိုက် လိုက်အံ့တော့သတည်း။
“အဲ ... ဒါလို မန္ဒီဒေဝီက ယောက္ခမကြီး သိဉ္စည်းမင်းကို လျှောက်ထားတယ်တဲ့။ လင်ယောက်ျားမရှိက မတင့်တယ်ကြောင်း ဘုရားတရားတော်ကတောင် ထောက်ခံနေပြီမို့ ငြင်းနယ် ငြင်းကွက် အလျဉ်းမထွက်လာဘူးပေါ့။ ကောင်းပြီ၊ ကမ္ဘာမှာ မှီတင်းကြတဲ့ မိန်းမပေါင်းမှာ လင်ရတနာမဲ့က မတင့်တယ်ဘူးဆိုရင် ကမ္ဘာသူကမ္ဘာသားတဦးဖြစ်တဲ့ ဒို့တကာမ ညွန့်ညွန့်မှာကော တင့်တယ်ပါအုံးမလား။ မဒီဒေဝီလို အရင့်အမာမှာတောင် မတင့်တယ်ရင် .. ဦးပဉ္စင်းတို့ တကာမ ညွန့်ညွန့်မှာကော ... တင့်တယ်နိုင်ပါတော့မလား” ဟု မေးပြီး ရေသောက်လေ၏။
မစောညွန့်မှာ ရှေးကပင် မိမိမှာ မတင့်တယ်ပုံကို သိခဲ့၏။ မီးလောင်ရာ ရေနံဆီဖြင့်လောင်းသလို လင်ရတနာမဲ့၍ သောကဖြစ်နေပြန်ရာ ဘုရားဟော အထောက်အထား အချက်တွေနှင့် အမောက်စား သက်သေတွေကို ကြားရပြန်ရာ ရေနံဆီသောကမီးအား ပိုကာ ပြန်လေ၏။ သို့သော် မိန်းမတို့ ရှက်ခြင်းသည် “တင်ပါ ဘုရား ” ဟူသော စကားများကို သော့ခတ်၍ ဗိုက်တွင်းမှာ လှောင်၍ထားလေ၏။
“အဲ .. ဆိတ်ဆိတ်နေတော့ ဝန်ခံရာ ရောက်တယ်တဲ့။ ရတနာမဲ့ရှာတဲ့ ကျုပ်တို့တကာမ ညွန့်ညွန့်မှာ ဘယ်အချက် ဘယ်အင်္ဂါ ချို့ယွင်းလဲဆိုတာ ရှာကြရမယ်။ ဟော .. ဒို့တကာမဟာ ပုညသမ္ဘာရ ရှေးအဆောက်အဦး ကံကုသိုလ်ထူးလို့ မွေးကထဲက သူဌေးမဝမ်းမှာ မွေးရတယ်။ ရွှေငွေအပြည့်အစုံနှင့် အမြဲဘဲ ဥစ္စာပစ္စည်း တက်ရတယ်။ ဇာတိ မြင့်မြတ်စွာလဲ ဖြစ်လာရတယ်။ ဉာဏ်ပညာနှင့်လဲ ပြည့်စုံပြီး လာရတယ်။ ဉာဏ်ပညာဆိုတာမှာ သာမန်ယောက်ျားတွေထက်ဘဲ ကဲလွန်ပြီး ထက်မြက်ပေတယ်။ ဦးဇင်းဖြင့် တွေ့ခဲလှပေါ့။ ယောက်ျားရော မိန်မရော၊ သို့ပေမယ့် ဟောဒီက တကာမ ညွန့်ညွန့်တို့လို ထက်မြက်တဲ့ ဉာဏ်တော့ အရှားသားကလား။ ဉာဏ်ရှိရုံဖြင့် မတော်သေးဘူး။ လုံ့လဝီရိယရှိလို့ ပညာဗဟုဿုတ ဆိုတာမှာလဲ ထူးချွန်တဲ့ပုဂ္ဂိုလ်တဦးလို့ ဆိုရမှာပါဘဲ။ ဒီဂုဏ်အရည်အချင်းတွေဟာ သူတို့လိုချည်းဘဲ ကြည့်ပြီးဆုံးဖြတ်ရင် လွန်စွာ အဘိုးထိုက်တန်တယ်လို့ ဆုံးဖြတ်ရမှာဘဲ။ သို့ပေမဲ့ ညွန့်ညွန့်တို့ကိုယ်တွင်းမှာ ကိန်းအောင်းနေတဲ့ သူတော်ကောင်းစိတ်၊ အလိမ္မာစိတ်၊ သီလသမာဓိနှင့် အမြဲတွဲနေတဲ့ စိတ်တို့ဟာ သူ့တကိုယ်လုံးကို သရဖူဆောင်းလိုက်တာပါဘဲ။ ဒီဂုဏ်ဟာ အကြီးဆုံးပေါ့။ သို့ပေမဲ့ မပြောပလောက်တဲ့ ချို့ယွင်းချက်ကလေး ရှိနေတယ်” ဟု ဟောပြီး အမောကြီးဖြင့် ဟီးချ၍ နားထောင်လေ၏။
မစောညွန့်သည် ဆရာတော် ဟောစဉ်ကမူ စိတ်အားထက်သန်စွာနှင့် နာယူနေရသောကြောင့် ဟုတ်မဟုတ် ပြန်မစဉ်းစားနိုင်။ ယခုမှ စိတ်တွင် မှတ်ထားသော မှတ်စုများကို ပြန်လှန်ဘတ်လေ၏။ ဟုတ် မဟုတ် စီစစ်၏။ ၄ပြင် ဘုန်းကြီးပြောသမျှသည် ဟုတ်နေသည်ကို တွေ့ရသဖြင့် ရွှင်လန်းပျော်မြူးလာလေ၏။ တကီကီ တစီစီအော်နေကြသော စာသံကလေးများမှာ တရောသံကလေးသဘွယ် သူ့နား၌ ပေါ်လာလေ၏။ အေးစက်စက် အာနေသော ကျီးသံသည် စောင်းကောက်ကြီးကို တကြိုးထဲ ညှိနေသကဲ့သို့ ထင်လာလေ၏။ မစောညွန့်သည် ပြတင်းပေါက်ဆီသို့ မျှော်ကြည့်လိုက်၏။ ကမ္ဘာလောကကြီးတခုလုံးသည် သာယာပျော်ရွှင်ခြင်းဖြင့် ဝင်းထိန်နေသည်ဟု ထင်လေ၏။ အထူး သဖြင့် အင်ကြင်းပင်များကား စိမ်းလန်းသာယာလှ၏။ နောက် မိမိအား မိမိအဖြစ်အပျက်အမှန်ကို ဖေါ်ပြနေသော ဓမ္မကထိကကို မော့ကြည့်နေ၏။ ဦးသုဓဇက ပြုံးပြုံးကလေးရှု၏။
“မြည်မြည်” ခေါ်၍ လည်ပင်းပွတ်ပေးခြင်းခံရသော ကြောင်ကလေးသည် ပွတ်သူ၏ရင်ခွင်သို့ အတင်းတိုးဝှေ့၍ ခေါင်းနှင့်ခွေ့သလို မိမိအား ထိုသို့သောစကားကို ပြောကြားပေသော ဦးသုဓဇကို ခေါင်းနှင့်သာ ခွေ့ချင်တော့၏။ ဦးသုဓဇ၏မျက်နှာမှာ ထိုမျှ ချိုသာသောအခါ မရှိခဲ့ချေ။ ထိုမျှ လှပသောအခါ မရှိခဲ့ချေ။ ဦးသုဓဇမျက်နှာကိုကြည့်ရင်း မိမိမျက်နှာကို သတိရလာကာ မိမိချို့ယွင်းချက်ကို တွေ့ရသဖြင့် ရင်တုန်သွား၏။
“ချို့ယွင်းချက်ကတော့ မပြောပလောက်ပါဘူး။ သို့ပေမဲ့ လောကကြီးက ပညာရှင် နဲပြီး မိုက်ခဲတွေပေါတဲ့အခါမို့ ရုပ်လောက်ကိုသာ ဂရုစိုက်နေကြတယ်။ ဦးဇင်းတို့သာ လူဆိုရင် သည်လို ဘယ်မိုက်မလဲ။ အဆင်းထက် အချင်းကိုကြည့်မယ်။ ပညာခံက ရှိနေပြီဟာကိုး။ ဒီချို့ ယွင်းချက်ဟာ ပြင်ရလဲ လွယ်လွယ်နှင့် ရနိုင်တာမျိုးဘဲ”
မစောညွန့်သည် မိမိခန္ဓာမှ ရှိသမျှ အာရုံတွေကို သောတာရုံသို့ အကုန်သွင်းလိုက်လေ၏။
“ဟောဒီ .. ရုပ်ချောစေတတ်တဲ့ ဂါထာကို ရွတ်”
ဣစ္ဆယျေ စေပိယံရူပံ။
ပီယံမုခံ ဘဝဘေဝေ။
ဒုမၼနံ ပရိဝဇၨေယ်။
ဘာဝေယျ၊ သုမနံသဒါ။
ဘဝန္တာ။ သံသရာဘုံကြောမှာ၊ စုန်မျောကာ ဒလက်လယ်၍၊ ခက်စဘွယ်ငြီးတလျက်၊ ဟီးချမှိုင်၊ ဒုက္ခရေးစုပေါင်းကြတဲ့၊ အိုသူတော်ကောင်းတို့၊ ဘဝေဘဝေ။ ကြိမ်ကြိမ်ဖန်ခါ၊ ကံကြမ္မာနှင့်၊ သံသရာ ဒီလှိုင်း၊ ဖြစ်လေရာဘဝတိုင်း၌၊ ပီယံရူပံ။ ကောင်းခြင်း ငါးဖြာ၊ ကြန်အင်္ဂါနှင့်၊ ညီညာဖြောင့်စင်း၊ နှစ်သက်စရာ ရုပ်အဆင်းကိုသော်လည်းကောင်း၊ ပီယံမုခံ။ ဆန်းပြည့်စန်းယုန်၊ ပန်းပဒုံသို့၊ လှဂုဏ်တိုးတက်၊ နှစ်သက်စရာ၊ ချစ်မျက်နှာမျိုးကိုလည်းကောင်း၊ စေဣစ္ဆယျေ။ ပူပင်ကြောင့်ကြ၊ မဖြောင့်လှဘဲ၊ တောင့်တစွဲငြိ၊ အလိုရှိသည် ဖြစ်ကုန်အံ့၊ ဧဝံ။ ဤသို့ တတမ်းတတ၊ လိုချင်ကြကုန်သည်ရှိသော်၊ ဒုမ္မနံ။ ဒေါသဣဿာ၊ စိတ်မသမာနှင့်၊ အဘိဇ္ဈာဆိုး၊ တရားမျိုးကို၊ ပရိဝဇ္ဇယျေ။ ကိုယ်တွင်းဆက်ဆံ လက်မခံဘဲ၊ ပယ်လှန်ဆုတ်ခွါ၊ ရှောင်ကြဉ်ကြကုန်ရာသတည်း၊ သုမနံ။ သူ့အပြစ်ခွါ၊ အချစ်ရှာသည့်၊ မေတ္တာပူးပေါင်း၊ အထူးကောင်းသော စိတ်ကို၊ သဒါ။ တတ်နိုင်သမျှ၊ ကာလမဆိုင်း၊ အချိန်တိုင်း၌ပင်လျှင်၊ ဘာဝေယျ။ သတိတမန်၊ ဉာဏ်မြေကတုတ်၊ ချွန်းကိုအုပ်၍၊ အားထုတ် လေ့လာ၊ ပွားများကြရာသတည်း။
“ကဲ .. အဲဒီဂါထာမှာပါတဲ့ အချက်အလက်တွေကို ကွက်ကွက်ကွင်းကွင်းကြီး မှတ်သားပြီး ဆုမ္မသမျှကို ကျင့်ကြံလုပ်ဆောင်ရမယ်။ နို့မှ ရုပ်ဆင်းကြန်အင် တိုးတက်မယ်၊ ပြီးတော့ အထူးသဖြင့် ဘုရား တရား သံဃာ ရတနာ ၃ ပါးကို မေတ္တာသက်ဝင်ရမယ်၊ ရိုသေရမယ်၊ ကိုင်းရှိုင်းရမယ်၊ မြတ်နိုးရမယ်၊ သံဃာတွေအပေါ်များ မငြူစူ, စောင်းမြောင်းခြင်း မပြုလေနှင့်။
(ဝါ)
မတတ်သာ ငတ်မှာစိုးသော်ကြောင့် ရပ်ရွာပတ်တိုးခဲ့ရ၊ ဆွမ်းတော်ဗျို့ နောက်ကအော်၊ အရှိန်ကြီးသူမို့၊ အိမ်ကြီးရှင်မမထားတို့က၊ သနပ်ခါး မှန်ပုံတင်၍၊ မပြီးခင် လာသလားရယ်လို့၊ မထီးရှင် ငါးတပါကို(ကွယ်) ကွာမောက်လို့နော်၊ လားလားနော် မချမ်းသာမှုတွေကြောင့်၊ နားကြားသော် ပန်ခါသာပြုခဲ့ရ၊ ဟန်ပါဘု စိတ်မှာနော်၊ ဆိတ်စာသော်မှမအေး၊ သို့ပါသော် တရားနှင့်ဖြေဖျော်လို့၊ တခါတခါနော် ပုထုဇဉ်ရဟန်းတို့မှာလ၊ မကြာမကြာ ကိုယ့်အရပ်ဒေသကို၊ (လွမ်းပါဘိ မိဘတို့ရေ) ဆွမ်းကတရေး။
ဆိုတဲ့ သီချင်းလေးချိုးမှာပါတာလို တခါတခါ များစွာဖြစ်တတ်တာက ရဟန်းများမှာ ဆွမ်းခံမှ ဆွမ်းဝကြတယ်၊ ဆွမ်းခံလို့ လောင်းတဲ့လူရှိအုံးမှ၊ မရြှိပန်လဲ အခက်ဘဲ၊ ဒါကြောင့် လုံ့လကြီးစွာနဲ့ ရဟန်းများမှာ ဆွမ်းရအောင်ရယ်လို့၊ နံနက်ခပ်စောစော ဆွမ်းခံဝင်ကြရော၊ ဟော ဆွမ်းခံအိမ်ရောက်တော့ (ဆွမ်းတော်ဗျို့) လို့အော်လိုက်တယ်။ လားလား ဘုန်းကြီးဆွမ်းခံဝင်ခိုက်မှာ မိန်းမပျို မိန်းမလတ်များဟာ၊ အိပ်ယာထစကိုး။ ရေမိုးချိုးပြီး သနပ်ခါးလိမ်းနေကြ ခေါင်းဖီးနေကြတဲ့ အချိန်ကိုး ညွန့်ညွန့်ရဲ့၊ မှန်ထဲကြည့်ပြီး မျက်ခုံးဆွဲတုံး ဆွမ်းတော်သံ ကြားရတော့၊ “တယ် ဒီကိုယ်တော်တွေနှယ် စောရန်ကော၊ ရှုပ်ရန်ကော၊ ဒီမှာ မအားရတဲ့အထဲ” လို့ ငြူစူပြီး “ကတော့ဆွမ်း” လို့ အောင့်သက် သက်အသံနှင့် ပြန်ပြောလိုက်ကြတယ်။ ဟော ရဟန်းမှာ အအောင့်အသက်ခံရလို့ စိတ်မကောင်းတာက တမျိုး၊ ဆွမ်းမရလို့ ဝမ်းမဝမှာကို ပူရတာကတဖုံ၊ အမေကိုတပြီးတော့သာ ငြီးရတော့တယ်။ အဲ့ဒီလို အချောဆင်လို့ အလြှပင်တုန်း ကြုံကြိုက်ကြပါလျှင် ငြူစူပြီး ဆွမ်း မလောင်းမှုများဟာ လူ့အဖြစ် လူ့ထုံးမှ အကြီးဆုံးသော ငြူစူခြင်းဘဲ။ အကြီးဆုံး ငြူစူရင် အရုပ်ဆိုးဆုံး ဖြစ်တတ်တာမို့ ဒီငြူစူခြင်းမျိုး မဖြစ်ရအောင် အမြဲသတိထား၊ ကြားလား "
“တင်ပါဘုရား ...”
“အဲ ... အဲ ... ကောင်းပြီ၊ နို့ အဲ့ဒီချို့ယွင်းချက် ရှိပြီးကောလို့ စိုးရိမ်စရာမရှိပါဘူး ညွန့်ညွန့်ရဲ့ ။ အလိမ္မာဂုဏ်၊ ပစ္စည်းဂုဏ်၊ ဆွေမျိုးဂုဏ်တွေကလဲ အများသားမို့ ... မဟားဒယား ကြိုက်မဲ့လူတွေ ပေါမှာပါဘဲ၊ ချစ်မဲ့ ကြိုက်မဲ့လူတွေကပေါလို့ မျက်စိအလိုလိုက်ပြီး ဟိုကြိုက် သည်ချစ် ဆိုရင်လဲ အတည်မဖြစ်တတ်ဘဲ ရှိမယ်၊ ချစ်မဲ့ ကြိုက်မဲ့လူတွေကို အရည်အချင်း အမျိုးမျိုးစစ်ဆေးပြီး ရွေးချယ်ဘို့ ဦးပဉ္စင်းကတော့ စိတ်စေတနာကောင်းစွာနှင့် အကြံပေးလိုက်တယ်။ ဪ လောက လောက .. ယောက်ျားတွေ ပေါသော်လည်း လင်းကောင်း ရနိုင်ခဲတယ်၊ ဒါလဲ အသိဘဲမဟုတ်လား တကာမရဲ့ ....”
“တင်ပါ့ဘုရား ” ဟု ပြန်လှန်လျှောက်ကြားပြီး အောက်နားကအတိုင်း စဉ်းစား၏။ အဘယ်လို စဉ်းစားပါသလဲ ဆိုသော် ...
“သာဓု .. သာဓု .. ကုသိုလ်ကံထူးပေလို့ ... ဦးပဉ္စင်းလို ဦးပဉ္စင်းနှင့် တွေ့ရတယ်၊ ငါ့ကိုဖြင့် စေတနာကောင်း ရှိပေတာဘဲ။ ... ဆွမ်းရယ် ကွမ်းရယ်နှင့် မယ်မယ်ရရ လှူလိုက်တော့ တကာမအရင်းလို သဘောထားပြီး သတိပေးရှာပေတယ်၊ ပြီးတော့ ... သည်လောက် ပညာရှိ ဉာဏ်ကျယ်တဲ့ပုဂ္ဂိုလ်ဆိုတော့ ဘယ်လိုလူရွေးလို့ ဘယ်လိုဟာ ကြိုက်ရမှာကိုလဲ သိမှာဘဲ”
“ဒီတော့ ဘယ်လိုယောက်ျားကို အိမ်သားပြုရမလဲ ဆိုတော့ “လင်ဆိုးမယား တဖားဖား” ဆိုတာလို မဖြစ်စေတဲ့လင်၊ “လင်ကောင်းအိမ်ရှင် တရွှင်ရွှင်” ဆိုတဲ့ဟာမျိုး ဖြစ်စေတဲ့လင်၊ “မထင်မဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ဝတ်စားဆင်ယင်၊ မြတ်နိုးခင်၊ ငါးအင်လင်ကျင့်ရာ ...” ဆိုတဲ့ အကျင့်တရားနှင့် ပြည့်စုံမဲ့လင်မျိုးကို ရအောင် ရှာရမယ် .....၊ ဪ ... ခုကာလကြီးမှာ လင်ကောင်းရှားပုံတော့ မပြောနှင့်တော့၊ လူ့လောကကြီးတခုလုံးလဲ ဘာဖြစ်တယ် မသိဘူး၊ လူသူတော်ကောင်း ရယ်လို့ မရှိသလောက်ဘဲ၊ ဒီလိုလူတွေ သီလသမာဓိပျက်ကြလို့၊ သီလသမာဓိရှိတဲ့ ပုဂ္ဂိုလ်အချို့ကတော့ သာသနာတော်ဘောင်ဝင်ပြီး လူတွေဆီက မကောင်းမှုတွေ မကူးစက်ရအောင် နေကြပေတယ်၊ ဒါကြောင့် သူတော်ကောင်းဆိုရင် သံဃာ့ဘောင်မှာ တွေ့ ရတော့တယ်၊ လူတိုင်းဟာ သေရည် သေရက်သောက်၊ ဘိန်းရှု၊ ကုတ်ကင်းပွတ်နှင့်၊ သူရာမေရိယကံကို ကျူးလွန်နေကြတယ် ...။ အလောင်းအစားဆိုတာမှာလဲ ထူသည်ထက် ထူလာနေတယ်၊ ဦးပဉ္စင်းတို့ရန်ကုန်များမှာ သာကဲသေး၊ မြင်းလောင်းတာက အသဲဆုံးဘဲ၊ ငွေတွေ သိန်းကုဋေ ချမ်းသာပေမဲ့ မြင်းတလလောက် ရှုံးရင် ..ကုန်လို့သွားပြီး လူဆင်းရဲ ဖြစ်ကုန်ရတာဘဲ။ ဒါကြောင့် ... အဲဒီ အလောင်းအစားဝါသနာပါတဲ့ လူတွေကို ရှောင်ရမယ်။ အလောင်းအစားနှင့် တကာမ ညွန့်ညွန့်ရဲ့ ပစ္စည်းတွေကို အရမ်းမဲ့ သုံးဖြုန်းပစ်လိုက်မြှဖင့် ငါးမိနစ်အတွင်း မွဲသွားစေနိုင်တယ် ..” ဟုပြောပြီး ခဏနား၏။
ဇရက်တအုပ်သည် အင်ကြင်းပင်တပင်၌ နားပြီး ရုတ်တရက် အော်မြည်ကြ၏။ မစောညွန့်သည် သက်ပြင်းကိုချ၏။
“ဟုတ်ပါတယ် ကိုယ်တော် ... ၊ ဒီလိုလူနှင့် များတော့ ဘယ်တော့မှ မတွေ့ရပါစေနှင့်လို့ ဆုတောင်းပါတယ်ဘုရား” ဟု လျှောက်ပြီး မစောညွန့်သည် မျက်နှာကို ရှုံ့ပြလေ၏။
“ကိုယ်က ကြိုးစားရှောင်ရင် ဘယ်မှာတွေ့မလဲ၊ ပြီးတော့ အထူးဆင်ခြင်ဘို့က ရှိသေးတယ်၊ ညွန့်ညွန့်ရေ ... ကျုပ်တို့ကတော့ .....ကောင်းစေလိုတဲ့သဘောနှင့် အကြံဘဲပေးနိုင်တယ်၊ ပေးတဲ့အကြံကို ယူရုံမယူဘဲ စဉ်းလဲ ထပ်စဉ်းစားရမယ်။ ခုကာလ ယောက်ျားလေးတွေဟာ ... မကောင်းတဲ့မိန်းမတွေ လိုက်စားလိုက်ကြတာကလဲ လွန်ရော၊ ဒီတော့ .. ကြောက်ဘွယ်ကောင်းတဲ့ ရောဂါတွေဟာ လူတိုင်းမှာလို နေတယ်၊ ဒီလိုရောဂါတွေဟာ ဘသားချောတို့မှာတင် နေတာမဟုတ်ဘူး၊ သူတို့က မိန်းမယူရင် မိန်းမကိုလဲ ကူးစေတယ်။ ဒီတော့ ဒီလိုလူမျိုးကိုလဲ အဝေးက ရှောင်ရမယ်။ သားသမီးရတောင် အနူကလေးတွေ ဖြစ်နေမှာ ကြောက်ရတယ်။ အဲဒီတော့ ဇနက္ကဇာတ်တော်မှာ ပေါလဇနကမင်းကြီး နတ်ရွာစံခါနီး သမီးတော် သီဝလိဒေဝီအတွက် လင်ရွေးဘို့ မှာခဲ့တယ်။ ဘယ်လို အင်္ဂါနှင့်ပြည့်စုံမှ လင်အဖြစ်ရွေးရလဲဆိုတော့ ...
(၁) အချက် သမီးတော် သီဝလိနှစ်သက်သဘောကျသောသူ ဖြစ်ရမယ်တဲ့။
(၂) အချက် ကာယဗလနှင့် ပြည့်စုံရမယ်တဲ့
(၃) အချက် ပညာဉာဏ်ထက်မြက်ခြင်းဂုဏ်တဲ့။
အဲဒီသုံးခုကို ဂရုစိုက်ပြီးကြည့်လို့ ပြည့်စုံတာတွေ့မှ ငါ့သမီးနှင့် ထိမ်းမြားရမယ်လို့ မိန့်တော်မူတယ်တဲ့။ ဒီတော့ စဉ်းစားလေ စဉ်းစား။ အဲဒီသုံးချက်နှင့် ပြည့်စုံမြှဖင့် အမျိုးအနွယ်စစ်ဘို့ မလိုဘူးတဲ့။ ပစ္စည်းဥစ္စာ ရှိမရှိလဲ စုံစမ်းဘို့ မလိုဘူးတဲ့။ ဒါဘုရားဟော ညွန့်ညွန့်ရဲ့။ ပစ္စည်းဥစ္စာရှိတဲ့လင်ကိုမှ ယူမယ်ဆိုတဲ့ ဝါဒမျိုးဟာ ဘုရားမိန့်သံနှင့် ဆန့်ကျင်ဘက်ဘဲ” ဟု ဟောပြီးလျှင် မစောညွန့်ကို ကြည့်နေလေသည်။
မစောညွန့်သည်လည်း ငုံ့၍ တွေနေလေ၏။ ဇရက်များသည် ပိုမိုဆူညံလာသဖြင့် ဥပုသ်သည်များမှာ အိပ်ယာမှ နိုးကြကုန်၏။ ပုတီးကိုင်ပြီး အတင်းပြောစပြုကြလေ၏။
--------------------------
#သိန်းဖေမြင့်
ဆက်ရန်
#တက်ဘုန်းကြီး
အခဏ်း။ ၁၇ ။
“ဗျို့.... တကာလုံးကြီး၊ လာစမ်းပါအုံးဗျ”
ဦးသုဓဇက ခေါ် လိုက်လျှင် ဦးကျောက်လုံးကြီးသည် ဆေးတံကြီးကို မှိန်း၍ ထွက်လာလေ၏။ ဦးသုဓဇအနီးမှ ကုလားထိုင်ပေါ်တွင် ထိုင်လေ၏။ ထိုင်ပြီး စားပွဲတွင် ခြေတင်ကာ .....
“ဘာလဲ ဦးသုဓဇရဲ့။ ကိုယ့်လူ ဘာများ သူခိုးသေဖော်ညှိမလို့လဲ” ဟု အနီးက ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်နေသော ဦးသုဓဇကို မေးလေ၏။
“သွားကြပြီမဟုတ်လား .... ညွန့်ညွန့်တို့လေ”
“အောင်မာလေးရဲ့လေး .. ညွန့်ညွန့်တဲ့။ သူလိုရုပ်ကြီးများ ... ညွန့်ညွန့်တဲ့။ ဟား ... ဟား ...၊ နာမယ်က အမဲရိုးနှယ် ... ဟင်းအိုးမှ အားမနာ ဆိုတာလို ဖြစ်နေဘီ”
“အို .. ပါရမီနဲရှာလို့ ရုပ်မလှတာကို ခင်ဗျားက နှိပ်နှိပ်စက်စက်။ ဒါထားပါအုံး ... မစောညွန့်က ပစ္စည်းပေါ ဆရာကျောက်ရဲ့။ စကားတွေ နောက်မနေနှင့်၊ အတည်ပြောနေတာ။ ကျုပ်ချိုင်ရရင်တော့ သိုက်တခုဘဲ” ဟု လက်ကို ဓါးခုတ်သလို ရမ်းရင်း ပြော၏။ ဦးကျောက်လုံးသည် ဆေးတံကို ရှိုက်သောက်လိုက်ပြီးနောက် ...
“ဟာ ... စွန်ရင်တော့ နိပ်တာပေါ့ ကိုယ့်လူရာ။ သိုက်မှ ရီးတီးယားတားသိုက်မဟုတ်ဘူး။ ကြောရုံတောင်မဟုတ်ဘူး အတည်ယူထားရမယ်။ ဒီလိုဟာမျိုးရလို့မှ မထိုင်ရင် ခွေးထက်မိုက်တယ်လို့ ဆိုရမှာဘဲ။ ကဲ ... ကောင်းတာတော့ မပြောနှင့်လေ၊ စွန်အောင် ပိုးနိုင်ပါ့မလား” ဟု စိတ်အားထက်သန်စွာနှင့် မေးလေ၏။
ဦးသုဓဇက မျက်နှာကို လက်ညှိုးဖြင့် ထိုးပြပြီး “ကျုပ်ဗျ ကျုပ် ...၊ စွန်ဘို့တွေ သိပ်များနေဘီ၊ နက်ဖြန် အခန်းလှောင်ရင် သေချာတော့မှာဘဲ၊ အခန်းလှောင်ရအောင်သာ ခင်ဗျား ဉာဏ်ဆင်ပေတော့။ ကောင်မကြီးကတော့ ကျုပ်ဘက် အတော်ပါနေပြီ” ဟု ပြောလိုက်ရာ ဦးကျောက်လုံးသည် စားပွဲပေါ်က ခြေထောက်ကို နှန့်နေရင်း ဆေးတံကို ပြင်းစွာ ရှူရှိုက်နေလေ၏။
မစောညွန့်ကား မြင်းရထားကလေးဖြင့် နိဗ္ဗိန္ဒချောင်မှ ပြန်လာခဲ့၏။ လမ်းဘေးကို ဘာမျှမကြည့်နိုင်၊ ရထားနောက်မြီး၌သာ မှိုင်နေလေ၏။ လမ်းကြမ်း၍ ရထားလှုပ်သောအခါ ဟိုယိုင်သည်ယိုင် ဖြစ်သွား၏။ သူ့တွင် မြင်းခွါသံနှင့် ရထားခုံသံမှတပါး ဦးသုဓဇဟောလိုက်သော တရားများကိုသာ ကြားယောင်နေလေ၏။ မြင်းခွါသံနှင့် ရထားခုံသံကား အဓိပ္ပါယ်မရှိဘဲ နားတွင်းသို့ အတင်းဝင်နေ၏။ ဦးသုဓဇ၏တရားများကား ဤပြည်မြို့ပတ်ဝန်းကျင်ရှိ လေများတွင် အမြဲ ခိုဝင်နေဘိသည့်အလား အသားပါပါ အဓိပ္ပါယ်နက်နက်ဖြင့် နားတွင်းသို့ ဝင်နေလေ၏။ သူသည် ဦးသုဓဇ၏အကြောင်းပြချက်များကို လွန်စွာ သဘောကျ၏။ သို့ကြောင့်လည်း ယနေ့ အထူးသဖြင့် လင်လိုချင်၏ (ဝါ) အထူးလင်ဆာ၏။ ဥပုသ်စောင့်၍ ထမင်းမဆာခဲ့သော်လည်း ဥပုသ်စောင့်၍ လင်ဆာမိ၏။ ကြက်မကြီးသည် “ကော်ကီ ကော်ကီ” နှင့် အော်ပြီး မြေကြီးကို ခြေနှင့်ယက်ခါ စပါးပုံတွင် အစာရှာသလို ရနိုင်သောလင်များကို မိမိအာရုံ၌ ထင်စေပြီး၍ ဦးသုဓဇ၏ တရားတည်းဟူသော ခြေဖြင့်ယက်ခါ ရွေးလေ၏။ အချို့ အချို့သော လုလင်ပျိုတို့သည် ပေါ်လာကုန်၏။ သူ့အာရုံတွင်းသို့ ပေါ်လာသမျှ လုလင်များမှာ ဦးသုဓဇနှင့် တွဲရက်သား ပေါ်၍လာ၏။ တဘန် ဦးသုဓဇ၏သြဝါဒနှင့် ယှဉ်၍ စစ်တမ်းထုတ်လိုက်သောအခါ လုလင်တွေပျောက်သွား၍ ဦးသုဓဇသာ ကျန်ရစ်၏။
“ဪ ... ဦးသုဓဇ ... ဦးဇင်းလေး တော်ပေတယ် ...။ ငါ့အပေါ် မှာ စေတနာကြီးရှာပါပေတယ်။ သူ့တရားကြောင့် ငါ့မှာ ကုသိုလ်ပွားရပေတယ်။ သူဟာ ရုပ်ကလဲ သိပ်ချောတာဘဲ။ ရုပ်ချောသလောက် အပြောကောင်းတယ်။ နှင်းဆီပွင့်များလိုဘဲ အဆင်းရှိသလောက် အနံ့ရှိတယ်၊ အကျင့်သီလကောင်းတဲ့ ပုဂ္ဂိုလ်တွေပါဘဲ။ ငါ့ကိုခင်တာတော့ မပြောနှင့်တော့၊ ဟင်း ... (ရထားသည် ဂျုံးကနဲ သစ်မြစ်တခုမှ ခုန်လိုက်သဖြင့် မစောညွန့်သည် အတော်အောင့်သွားလေ၏။) ဟင် ... သူဟာ သူပြောတဲ့ ကာယဗလ၊ ဉာဏဗလနှင့် ပြည့်စုံသူပါကလား။ သူပြောတဲ့ အင်္ဂါကောင်းတွေနှင့် ပြည့်စုံနေပါကလား။ သူဟာ သောက်တတ် စားတတ်မှာလဲ မဟုတ်။ ဘုန်းကြီးဆိုတော့ ဒါကင်းတာပေါ့။ သူဟာ အလောင်းအစားဆိုတော့ တောက်တဲ့နှင့် ဆေးချီးနေမှာဘဲ၊ ပြီးတော့ သူပြောတဲ့ ကြောက်စရာကောင်းတဲ့ ရောဂါဆိုတော့ ဝေးနေတာပေါ့ .. ဘုန်းကြီးကိုး။ သူဟာ ချစ်စရာအကောင်းဆုံးပါကလား။ ဟုတ်တယ်၊ လင့်အင်္ဂါနှင့် အပြည့်ဆုံးဘဲ ... ။ သူ့ဘဲ ငါကြိုက်ရရင် ကောင်းမလား။ (မြင်းရထားသည် ကျောက်လမ်းပေါ်သို့ ရောက်ပြီဖြစ်၍ မြင်းခွါသံသည် ကျယ်လာ၏။ ရထားလည်း မြန်လာ၏။) ဟာ ... မဖြစ်နိုင်တာကြီးဘဲ။ သူက ဘုန်းကြီး၊ ဘုန်းကြီးလူထွက်ရရင် ဘယ်ကောင်းမလဲ။ သူများတံတွေးကွက် ပက်လက်မျောမှာဘဲ။ ဖြစ်ပါဘူး။ ဟင်း ... ကြိုက်ရမဲ့လူ ရှားလိုက်တာနော်။ သူ့ကိုဘဲ ကြိုက်ရကောင်းမလား” စသည်ဖြင့် တွေး၏။ ဦးသုဓဇကို မယူနိုင်ဟု ဆုံးဖြတ်ကာ ဤပုစ္ဆာကို စိတ်တွင်မပေါ်အောင် ကြိုးစားသော်လည်း ပုစ္ဆာမှာ ပုဂံပြည်က ဗူးပင်တွေလို ခုတ်ပြီးရင်း တိုးရင်း ဖြစ်နေလေတော့သတည်း။
----------------------------------
#သိန်းဖေမြင့်
ဆက်ရန်
#တက်ဘုန်းကြီး
အခဏ်း။ ၁၈ ။
ယနေ့မှာ မနေ့ကနှင့် လုံးလုံးမတူချေ။ ထူးဆန်းစွာ ဧမြသော လေပြေကလေးသည် မြောက်အရပ်မှ တသုန်သုန် တသွင်သွင် တိုက်ခတ်လျက်ရှိပေ၏။ အင်ကြင်းရွက်များသည်လည်း တရွက်နှင့်တရွက် ထိခတ်ကာ သီဆိုရင်း ဘယ်ယိမ်း ညာနွဲ့ လေသိမ်းတိုင်း ကနေကြလေ၏။ နိဗ္ဗိန္ဒချောင်ပတ်ဝန်းကျင် တောအရပ်မှ ချိုးကလေးများသည် တကူကူး ကူသံကို ကြားရပေ၏။
ကမ္မဌာန်းကျောင်းဟု ခေါ်ကြသော အဆောက်အဦးကလေးကား အုဌ်ကျွတ်မိုး အုဌ်တလွှားနံရံကာဖြစ်၏။ တဘက်တွင်ကား ပျဉ်ထောင်ကာဖြစ်၏။ သစ်ပင်ရိပ်လည်းရှိ၏။ အခင်းမှာလည်း သဲမွေ့ယာ ဖြစ်၏။ ကမ္မဌာန်းဝင်လာသည့် ပုဂ္ဂိုလ်များမှာ အင်ကြင်းကျောက်ဖျာများပေါ်တွင် ထိုင်ကြရ၏။ ထိုကမ္မဌာန်းကျောင်းကလေးမှာ အခြားကျောင်းတို့နှင့် တော်တော်ကလေး ဝေး၏။ ပျဉ်ထောင်ကာဘက်မှာ ဝင်ပေါက်ထား၏။ ယနေ့မှာ ဥပုသ်နေ့ မဟုတ်သဖြင့် ဥပုသ်စောင့်များ မလာကြ။ မစောညွန့်မှာမူ ရက်ရှည်စောင့်နေသဖြင့် ယနေ့ လာရောက်၏။ ဦးကျောက်လုံးသည် မစောညွန့်ကို ဧည့်ခံ၏။ လဘက်တည်ပေး၏။ ထမင်းဟင်းထည့်ရန် ကျောင်းမှ ပန်းကန်ငှား၏။ မစောညွန့်တို့အတွက် သောက်ရန် ရေအိုးပြင်ပေး၏။ မစောညွန့်နှင့် စကားဖောင်လှအောင် ပြော၏။ နာရီပြန်တချက်လောက် ရောက်သော် ..
“မစောညွန့် ဟိုကမ္မဌာန်းကျောင်းကလေး ကောင်းကောင်းရောက်ဘူးရဲ့လား ...” ဟု ဦးကျောက်လုံးက လက်ညှိုးထိုးကာ မေး၏။
“အပြင်ဘက်ကသာ မြင်ဘူးတယ် ... ဘကြီးလုံးရဲ့” ဟု ဦးကျောက်လုံးကိုပြောပြီး ... “ဟဲ့ .. ကောင်မလေး ကွမ်းတယာလောက် ယာယူခဲ့စမ်း ...” ဟု အစေခံကို အမိန့်ပေး၏။
“အင်မတန် အေးတဲ့နေရာပေါ့ ..။ ပုတီးစိတ်လို့လဲ တယ်ကောင်းတယ် ... သွားကြည့်ချင် ကြည့်ပါလား ...”
“အကောင်းသားဘဲ ...” ဟု မစောညွန့်က သဘောတူ ပြန်ပြောသောကြောင့် အစေခံမကလေးကို အစောင့်ထားခဲ့ပြီး ကမ္မဌာန်းကျောင်းဆီသို့ ဦးကျောက်လုံးနောက်မှ လိုက်ပါသွားလေ၏။
ကမ္မဌာန်းကျောင်းတံခါးမှာ တရွက်ကိုပိတ်၍ တရွက်ကို ဖွင့်ထား၏။ (မကြည်ရဲ့ ဦးသုဓဇ)သည်ကား အင်ကြင်းကျောက်ဖျာပေါ်တွင် တင်ပလ္လင်ခွေထိုင်၏။ ရှည်လျှားသော ပုတီးကို လက်နှစ်ဖက်ဖြင့် ကိုင်၊ ခေါင်းကိုငုံ့၊ မျက်လွှာကို အောက်ချပြီး ... ကြီးစွာသော ကာယိန္ဒေဖြင့် ပုတီးစိတ်လျက် ရှိပေ၏။ ဦးကျောက်လုံးသည် အံ့သြသောမျက်နှာဖြင့် ကျောင်းတွင်းက ကိုယ်တော်ကို လက်ညှိုးထိုးပြရင်း ...
“အောင်မာ ... ဒီမှာ ဘယ်သူပါလိမ့်၊ ပုတီးစိတ်နေတာ” ဟု လေသံဖြင့် မစောညွန့်အား ပြောလေ၏။
မစောညွန့်သည် တိုတောင်းသော လည်တိုင်ကလေးကို စွမ်းနိုင်သမျှ ဆန့်၍ ဆင်မ၏ကြည့်ခြင်းဖြင့် ကြည့်၏။ “ဦးသုဓဇမဟုတ်လား ဘကြီးလုံးရဲ့ ........” ဟု မေးပြီး သမထဘာဝနာ အာဇာနည်ကို ကြည့်နေပြန်၏။
ထိုအတွင်း မြောက်လေပြေကလေး သွေးလာ၏။ တတိုင်းမွှေးနံ့ကလေးကလည်း ပါလာသေး၏။ တတိုင်းမွှေးနံ့ဖြင့် ပြွမ်းအပ်သောလေသည် မစောညွန့်၏ဦးနှောက်ကို သန့်ရှင်းကြည်လင်စေ၏။ ပတ်ဝန်းကျင်၌ရှိသော အင်ကြင်းပင်တို့၏ ဧမြကြည်လင်သောအရိပ် အကိုင်းအခက်တို့တွင် စာကလေးများ ပျော်ပျော်ပါးပါးနေကြသကဲ့သို့ မစောညွန့်၏ ဧမြကြည်လင်သောဦးနှောက်အတွင်း၌လည်း သဒ္ဓါစိတ်၊ ကြည်ညိုစိတ်ကလေးများသည် ကိန်းအောင်းလာကြလေ၏။ ဘာကြောင့်ဟု အမည်မတပ်နိုင်ဘဲ ဦးသုဓဇကို သနားလာ၏။
“အင်း ... တယောက်ထဲ နေရှာတယ်၊ တရားလိုချင်လို့ ကျင့်ရှာတယ်။ သနားစရာ ” ဟူသော စကားများသည် မစောညွန့် မနောဟဒယ ကြေးမုံပြင်၌ အရိပ်ထင်၍ လာကုန်၏။ ထိုအခိုက် မစောညွန့်၏စိတ်သည် သနားစိတ်ဖြင့် နူးညံ့နေလေ၏။ တော်ပေတယ် ...၊ တရားကျင့်ပေတယ်၊ သူတော်ကောင်း ပြီပါပေတယ်။ ထွန်းရှိန်ဆိုတဲ့ တိရစ္ဆာန်ကလေးက ဒီကိုယ်တော်တွေဟာ အကျင့်မရှိ၊ သီလမရှိ၊ အယုတ်အမာတွေတဲ့။ သင်း မသိလို့ပြောတာ သူသာမြင်စမ်းစေချင်တယ်။ အကောင်ကလေး မသိတော့ မှားတာဘဲ၊ ကြည့်ပါလား တို့လာတာတောင်မသိဘူး၊ အာရုံက တရားမှာသာ စွဲငြိနေတော့ ဘေးက ဘီက အရာကို ဘာကြားတော့မှာလဲ၊ သာဓု ... သာဓု ..” စသည်ဖြင့် အတွေးလုံးတွေကို တဝဲ လယ်လယ် တွေးပြီးနောက် ထိုင်ကာရှိခိုး၏။ မစောညွန့်၏ ထိုအခါ သဒ္ဓါတရားလောက် ထက်မြက်သောသဒ္ဓါတရားဖြင့် လူအပေါင်းတို့သည် ရတနာသုံးပါးကို ဆည်းကပ်လေလျှင် လူအပေါင်းတို့၏ တောင်းသမျှဆုသည် ပြည့်စုံပေလိမ့်မည်။
“ကဲ ... သွားကြစို့ ... ဦးပဉ္စင်းကလေး နေပါစေ ...။ ပုတီးစိတ်နေတာကို နှုတ်မဆက်ပါစို့နှင့်” ဟု မစောညွန့်က လေသံဖြင့်ပြောလျှင် ဦးကျောက်လုံးသည် ကျယ်လောင်သောအသံဖြင့် “သွားကြစို့လေ သွားချင်ရင် ...” ဟု ပြန်ပြောလိုက်သဖြင့် ... မကြည်ရဲ့ ဦးသုဓဇသည် လန့်ဖြန့်သွားလေ၏။ မျက်လွှာကို မနဲပင့်တင်ကာ ဘေးသို့ကြည့်လေ၏။ စုပ်မှိတ် စုပ်မှိတ်လုပ်၍ မစောညွန့်တို့ကို ကြည့်ပြီး .........
“ဪ .. တကာမညွန့်ညွန့်တို့လား၊ ပထဝီကသိုဏ်းကို ရှုရင်း ပုတီးစိပ်နေတော့ ... လူတွေကို ရုပ်ကွဲအောင် မမြင်ရဘူး။ လာကြ လာကြ ထိုင်” ဟု ဆိုပြီး ပုတီးကို လက်တွင် ပတ်နေလေ၏။
“အရှင်ဘုရားကို မနှောက်ယှက်ဘဲ ပြန်ကြစို့လို့ ... ဦးကျောက်လုံးကို ပြောနေတုံးဘဲ တပဲ့တော်မတို့ နှောက်ယှက်တဲ့အတွက် စိတ်မရှိတော်မူပါနှင့် ဘုရား ...” ဟု ဦးတင်ကာ ... မစောညွန့်က လျှောက်လေ၏။
“ဟား ... ဟား .. ကိစ္စမရှိပါဘူး ..... ညွန့်ညွန့်ရယ်၊ ဦးပဉ္စင်းလဲ ပုတီးပတ်စေ့လို့ ထတော့မလို့ဘဲ၊ ကဲ .. ကဲ ... ထိုင်အုံး ထိုင်အုံး အထဲလာ ... ဝင်လေ၊ ဦးကျောက်လုံး ဟိုဘက်က နှီးဖျာကလေး ခင်းစမ်းဗျာ ...” ဟု အမိန့်ပေးသဖြင့် ဦးကျောက်လုံးက ဖျာခင်းပေး၏။
“ဓမ္မကထိကများမှာ တရားဟောရ စကားပြောရနှင့် များစွာအလုပ်များတော့ ကမ္မဋ္ဌာန်းသမထအလုပ်တွေ လစ်ဟင်းကြတယ် တကာမရဲ့။ ဒီတော့ ဦးပဉ္စင်းမှာ အားတုံး အချိန်ကို အသုံးချမယ်ဆိုပြီး သမထဘာဝနာကို အားထုတ်နေရတာဘဲ။ တကာလုံး ရေတခွက်လောက် ကပ်စမ်းပါ” ဟု ဦးကျောက်လုံးအား ပြောလိုက်ရာ ဦးကျောက်လုံးသည် ကျောင်းကလေးပြင်သို့ ထွက်ခဲ့၏။
“သမထနှင့် ဝိပဿနာကို တဘက်ဘက် နိုင်အောင်ရယ်လို့ ကြိုးစားနေတာဘဲ။ အထမြောက်တဲ့အခါကျတော့ ရသမျှအကျိုးကို ဟောဒီ တကာမအရင်းအချာဖြစ်တဲ့ ညွန့်ညွန့်တို့ကို...” ဟု မစောညွန့်အား ပြောနေစဉ် ဦးကျောက်လုံးသည် ကျောင်းပြင်ကနေ၍ ကျောင်းတံခါးကို အသာပိတ်လိုက်လေ၏။ မစောညွန့်မှာ ဦးသုဓဇ၏ ဟောသမျှတရားစဉ်ကို သောတနားဆင်၍နေသဖြင့် ဦးကျောက်လုံး တံခါးပိတ်သွားသည်ကို မသိလိုက်ပေ။ ဦးသုဓဇက စကားဖြတ်ပြီး ........
“မနေ့က ဦးပဉ္စင်းမှာဖြင့် ဟောလိုက်ရတာ မောလို့၊ အသံတွေလဲ နာ၊ လျှာတွေလဲ ကွဲဘဲ။ မနက်က ဂျင်းရေကလေးများ ကျိုသောက်ရတယ် တကာမလေးရဲ့။ အဲဒါ ညွန့်ညွန့်တဦးတည်းဘို့ ဆိုပြီး ဟောရတဲ့တရား။ ဒီလို ဆင်းရဲပင်ပန်းသော်လည်း ဟယ် ... တတ်နိုင်ပါဘူး၊ တို့တကာမ တို့ညွန့်ညွန့်မှာ မကောင်းသောလင်၊ မကောင်းသောခင်ပွန်းနှင့် မတွေ့ရ မကြုံရဘဲ လင်မြတ်လင်ကောင်းဖြင့် ပေါင်းသင်းရပြီး လင်ကောင်းအရှင် စိတ်ရွှင်ရွှင်ဖြစ်ရင် တော်ပြီ။ တို့ညွန့်ညွန့်မှာ စီးပွါးဥစ္စာတိုးတက်၊ ကျက်သရေတိုးတက်ရင် တော်ပြီလို့ မှန်းပြီး ပန်းတာ မောတာကို ဘာမှသဘောမထားဘဲ ဟောလိုက်ရတာဘဲ။ ဟယ် ..... ရင်နှစ်ခြမ်း ဗျန်းဗျန်းကွဲချင်လဲ ကွဲစေတော့၊ အသံတွေ နာရုံမက ဝင်သွားချင် သွားပါစေ၊ ဝင်ရုံမကလို့ မပေါ်လာဘဲနေတာကြောင့် တရားနောက်ထပ် မဟောနိုင်ရင်လဲ နေစေတော့လို့ ကြိုးစားဟောတာဘဲ ညွန့်ညွန့်ရေ ..။ ညွန့်ညွန့်မှာ ဟောသမျှ နာယူပြီး စဉ်းစားရဲ့လား။ စဉ်းစားပြီး ဘယ်လိုဟာ ယူရမယ်လို့ ဆုံးဖြတ်ရဲ့လား” ဟု မေးလျှင် မစောညွန့်ကား မြန်စွာမဖြေနိုင်။ မစောညွန့်ရင်တွင်း၌ ပထမကိန်းနေသော သနားစိတ်၊ နောက်ထပ်တိုးလာသော သနားစိတ်၊ ကြည်ညိုစိတ်၊ ထိုမျှ ဤမျှ မိမိကောင်းကျိုးကို လိုလားသဖြင့် ကျေးဇူးတင်ရသောစိတ်တို့သည် ပြည့်လျှမ်းနေလေ၏။ ဝမ်းနည်းလွန်းသောသူ ရုတ်တရက် မငိုနိုင်သကဲ့သို့ ကျေးဇူးတင်လွန်းအားကြီးသဖြင့် စကားပြန်မပြောနိုင်အောင်ရှိ၏။
“ဘယ့်နှယ်လဲ ... ညွန့်ညွန့်ရဲ့ ၊ အကျိုးတစုံတရာ ရှိရဲ့လား၊ ညွန့်ညွန့်မှာ ဦးပဉ္စင်းတရားကြောင့် အကျိုးများပါတယ်ဆိုရင် ဦးပဉ္စင်း အပင်ပန်းခံရကျိုးနပ်ပါပြီ။ ဖြေစမ်းပါအုံးဗျ” ဟု ဦးသုဓဇသည် ပြုံးချိုသောမျက်နှာ၊ စူးရှသော မျက်စေ့ဖြင့် မစောညွန့်ကို ကြည့်၏။ မစောညွန့်ကား ဆရာတော်ကို မော့ကြည့်ပြန်၏။ အခါတိုင်း အကြည့်ချင်းဆုံသည်ထက် ဤအခါ ဆုံပုံကား ထူး၏။ ထူးခြားသော အရသာတခုကိုလည်း ခံစားကြ၏။
“အကျိုးအများကြီးထူးပါတယ် ဘုရား။ စဉ်းစားနှိုင်းချိန်တတ်တဲ့ ဉာဏ်လဲ တိုးလို့မို့ အရှင်ဘုရားကျေးဇူးကို မမေ့ပါဘူး ဘုရား”
“ဪ ... ဒီလိုဆိုရင် နပ်ပြီ နပ်ပြီ။ ပန်းပေစေ မောပေစေ။ ဒီတော့ တော်သင့်တဲ့ ယောက်ျားများ ရွေးပြီးပြီလား”
ဦးသုဓဇက ပြုံး၏။ မစောညွန့်ကား ခစ်ကနဲ ရယ်၏။
“မရွေးရသေးပါ ဘုရား”
“စိတ်ကကော မှန်းပြီးပြီလား”
“မပြီးသေးပါ ဘုရား”
“ဟဲ . ဟဲ .. ဝေ့ဝိုက်မနေပါရစေနှင့်တော့ ညွန့်ညွန့်ရယ်။ ရန်ကုန်မှာ ဆရာကောင်းတွေ့လို့ ဓမ္မကထိကဖြစ်ရတာ။ ဓမ္မကထိကဖြစ်လို့ ချက်ချင်း ဓညဝတီ ဦးဇောတိကနှင့် ပြည်မြို့ကိုလာရတာ။ ပြည်မြို့ကို ပြန်လာမယ်စိတ်မကူးဘဲ ရန်ကုန်မှာမနေနိုင်လို့ ပြည်မြို့ တရားဟော တက်ခဲ့ရတာ။ မစောညွန့်မှာ ခုအသက်ရောက်အောင် ချစ်သူအမျိုးမျိုး ကြိုက်သူအဖုံဖုံ တွေ့ပါလျက်နှင့် ယောက်ျားမယူဖြစ်တာ။ (မစောညွန့်စိတ်တွင် ဟင်း ..... ဘယ်ကိုရောက်လို့ ဘယ်စကား ဟောမှာပါလိမ့်ဟု တွေးလျက် အံ့သြစွာ နားထောင်နေ၏။) ဘဝ ဘဝက ပါရမီခံရှိလို့ တရားနာ ဝါသနာပါတာ။ တရားကို အလေးအမြတ်ပြုတတ်တာ။ တရားဓမ္မကထိကများကို ကြည်ညိုတတ်တာ အားလုံးတွေဟာ ရှေးဟောင်းဘဝကံ မပြုပြင်ရင် ဖြစ်နိုင်တဲ့တရားတွေ မဟုတ်ဘူး။ လူကို ကိုယ်တိုင်ပြုပြင်ဖန်တီးဖို့ မပြောနှင့်၊ ဒီလိုဖြစ်နိုင်တယ်လို့လဲ မတွေးနိုင်ဘူး။ ရှေးကံက ဖန်တီးလို့ အဲဒါတြွေဖစ်လာပြီး ယခုလို ညွန့်ညွန့်နှင့် ဦးပဉ္စင်း ရင်းနှီးလာကြတယ်။ မရင်းနှီးခင်ကထဲက ဘဝ ဘဝ ရှေးရေစက်ကြောင့် ညွန့်ညွန့်ရုပ်ဆိုးတယ်လို့ ပြောတာကိုလဲ ရုပ်ဆိုးတဲ့အကွက်ကို ဦးပုဉ္စင်း မမြင်နိုင်၊ ချစ်စရာအကွက်တွေသာ မြင်နိုင်ပြီး ညွန့်ညွန့်ကို အသဲစွဲ ချစ်ခဲ့ပါတယ်။ (မစောညွန့်ကား တုန်သွား၏။ ရှက်သွေးလည်း ပေါက်လာပြန်၏။ မျက်နှာ ဘယ်ကဲ့သို့ ထားရမည်မသိ။) ခု လိုရင်းက ဘာလိုလဲဆိုတော့ အချစ်တွေဟာ ပင်လယ်လှိုင်းတွေလို တအိအိထပြီး တကြွကြွ တက်နေတာပေါ့” ဟု ပြောပြီး ပြုံးတုံးတုံးလုပ်ခါ မစောညွန့်ကို ကြည့်၏။ မစောညွန့်စိတ်တွင် ရှက်စိတ်တွေလျှမ်းပြီး ...
“ ဦးပဉ္စင်းဘုရား ... မသင့်လျော်တဲ့စကားတွေ မမြွက်ကြားတော်မူပါနှင့် ... တပဲ့တော်မက လူသား၊ အရှင်ဘုရားက ရဟန်းပါဘုရား။ ကာမဂုဏ်ဘက်ကို မယိမ်းယိုင်ပါနှင့်ဘုရား” ဟု ပိတ်၍လျှောက်၏။
“ဪ ... ညွန့်ရယ်၊ ဒါတွေမပြောပါနှင့်တော့။ ရှေးက မကြားဖူးဘူးလား။ ဓမ္မစေတီမင်းတို့အကြောင်းများ၊ ရှင်စောပုဆိုတဲ့ မယ်တော်ကြီးဟာ ဓမ္မစေတီဆိုတဲ့ ပဉ္စင်းကလေးကို လူထွက်စေ၍ သမီးနှင့် ပေးစားပြီး မင်းမြှောက်သတဲ့။ ဇာတ်တော် နိပတ်တော်တွေမှာပါတဲ့ အလောင်းတော်များတောင် ရသေ့ရဟန်းဘဝများကနေပြီး ချစ်သူတွေ့ လို့ လူဝတ်လဲကြတယ်တဲ့။ အလောင်းအလျာများမှာတောင် ချစ်သူတွေ့ နိုင်သေးရင် ဦးပုဉ္စင်းတို့လို ဘုရားအလောင်းလဲ မဟုတ်၊ ရဟန္တာအလောင်းလဲမဟုတ်၊ အနုံညာတတွေတော့ ဘယ်မှာ ပြောစရာရှိတော့မလဲ၊ ဟောဒီက ချစ်သူတဦးတွေ့ပြီ၊ ကိုယ်ချစ်လို့ ညွန့်က ချစ်ပါတယ်လို့ စကားရရင် ဘုန်းကြီးဆိုတဲ့ စကားပျောက်ပြီး မစောညွန့်နှင့် ကိုသန်းမြင့်၊ ဦးပဉ္စင်းလူနာမည်က ကိုသန်းမြင့်တဲ့၊ ချစ်ကြတယ်လို့ ဆိုရမှာပေါ့။ ကဲ ... ချစ်တယ်လို့ ဖြေပါ အချစ်ဦးကြီးရဲ့”
မစောညွန့်သည် မျက်နှာအောက်ချ၍သာ နေ၏။ ပြောသော စကားများကို ကျကျနန ကြားရ၏။ ဃ ဂ တ ဋ နားလည်၏။ ရှေးရှေးသောအခါကစ၍ ယခုအရွယ်တိုင် ထိုစကားများကို မကြားဘူးခဲ့။ သဲကန္တာရထဲ ကြာမြင့်စွာနေသူသည် စမ်းရေစီးသံကလေး ကြားရသကဲ့သို့ ရှိလေ၏။ မစောညွန့်သည် ဦးသုဓဇ၏စကားများတွင် သာယာသောတေးသံကို ကြားရ၏။ ထိုတေးသံကလေးသည် မင်းမဲ့နေသော မစောညွန့်၏နှလုံးအိမ်ရှိ ပလ္လင်ထက်တွင် အချစ်တည်းဟူသော မင်းကလေးကို ပူးဝင်စပြုလေ၏။ သို့သော် “ရှက်စရာကောင်းတယ်”၊ “ဘုန်းကြီးလူထွက်ကြီး” ဟူသော စကားသူပုန်နှစ်ယောက်သည် မင်းကလေးကို နန်းချရန် ကြိုးစားနေကြသဖြင့် ...“မတော်ပါဘုရား .....” ဟု မစောညွန့်က ဖြေ၏။
ဦးသုဓဇကား “ပီမိုးနင်း၏မိန်းမစိတ်”၊ “ဒဂုဏ်နတ်ရှင်၏ အချစ်ဋီကာ” စသည်များကို ဘတ်ထားရကား ဒါ မာယာဟု သိလေ၏။ ထို့ကြောင့် ကျောက်ဖျာထက်မှ ထတော်မူ၍ မစောညွန့်အနားသို့ ကပ်၏။ မစောညွန့်မှာ ကြောက်ရွံ့တုန်လှုပ်လာ၏။ သူလည်း ဇတ်ခနဲရပ်၍ တံခါးပေါက်ဆီသို့ လှည့်ကြည့်မိ၏။ တံခါးပိတ်ထား၏။ ထိုအခိုက် လက်မြန်သော ဓမ္မကထိကသည် တပည့်မကို အမိအရ ဘမ်းလေ၏။ မစောညွန့်မှာ ပုသဖြင့် ပုခုံးကိုကိုင်၍ ဘက်ထားရ၏။ မစောညွန့်ကား ရုန်း၏။
“လွှတ်တော်မူပါဘုရား ......မတော်ပါဘူး ဘုရား”
“ချစ်လွန်းလို့ပါ ညွန့်ရာ ...” ဟု ဆိုကာ မစောညွန့်ကို တအားကုန် ဖက်၍ မိမိကိုယ်ငွေ့ ပေးလိုက်လေ၏။ “ချစ်လွန်းလို့ပါ ညွန့်ရာ ....” ဟူသော စကားကို ပြောရာ၌ ဦးသုဓဇသည် ဟောခဲ့သမျှသော တရားတွေထက် ဂီတသံများ ရှေ၍ပြော၏။ ထိုစဉ်က ဦးသုဓဇပြောလိုက်သော အသံကို ကြားရသူအပေါင်းသည် “ချွဲသည်” ဆိုသော စကား၏အဓိပ္ပါယ်ကို ရှင်းရှင်းကြီး နားလည်ကြပေမည်။ မစောညွန့်တွင် အရှက်ကြောင့် ခဏမျှ ငုတ်နေကြသော သနားစိတ်၊ ကြည်ညိုစိတ်၊ ကျေးဇူးတင်စိတ်တို့သည် အားအင်ကြီးစွာဖြင့် ပေါ်လာလေ၏။ ဦးသုဓဇ၏ရင်ငွေ့သည် ရှက်ခြင်းကို ခြေရာပျောက် နှင်ထုတ်လိုက်၏။ မစောညွန့်သည် မော့ကြည့်၏။ ဦးသုဓဇကား ပြုံးချိုစွာ ငုံ့ကြည့်၏။ ထိုအခါ သနားစိတ်၊ ကြည်ညိုစိတ်၊ ကျေးဇူးတင်စိတ်တို့သည် မြစ်လက်တက်ကလေးများ ဖြစ်ကြကုန်လျက် ချစ်ခြင်းတည်းဟူသော မြစ်မကြီးအတွင်းသို့ ပေါင်းဆုံ စီးဝင်ကြလေကုန်၏။
-----------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments