အပိုင်း (၃)
“စူးမာ အငယ်လေးဆိုတာကို တွေ့ဖူးချင်လိုက်တာ၊ အဲဒီအငယ်လေးအကြောင်းပြောတော့ သူတို့မျက်နှာကြီးတွေက မှုန်ကုပ်ကုပ်ကြီးတွေ"
“နင် ဘာလို့ အဲဒါကို ဒီလောက်စိတ်ဝင်စားနေတာလဲ”
“သိပါဘူး"
မန်ကျည်းပင်ရိပ်ညိုညိုသည် အေးမြလှသည်။ အောက်ဘက်သို့ ကိုင်းညွှန်နေသော အကိုင်းညိုများတွင် ရွက်နုလေးများ စီရရီနှင့် စိမ်းစိုနေသည်။ ဒေါ်ကြီးသက် အဆက်မပြတ်ခူးသောကြောင့်ထင်သည်၊ ရွက်နုလေးများသည် ရင့်သည်အထိရှိဘဲ တက်ပြီးရင်း တက်ရင်းနှင့် ထာဝစဉ် စိမ်းမြနေတတ်သည်။ ကိုတူးသည် မန်ကျည်းရွက်စိမ်းဖန့်ဖန့်များကို မမီမကမ်း ခူးပြီး သတင်းစာစက္ကူနှင့် လုံလုံထုပ်သည်။ တမော့မော့လုပ်နေသော တာတီးလေးကို လှမ်းပေးပြီးသောအခါတွင်ကား မန်ကျည်းပင်စည်ကိုမှီကာ ထိုင်ချလိုက်လေသည်။
"တစ်နေ့နေ့တော့ ဒီမန်ကျည်းပင်ပေါ်မှာ လင့်စင်ရအောင် ထိုးမယ်ကွာ၊ အပေါ်ကို ကြိုးလှေကားလေးနဲ့တက်၊ အောက်ဆင်းချင်ရင်လဲ ကြိုးကိုခိုပြီး လျှောဆင်း သိပ်ကောင်းမှာပဲ”
"အခု ဘာလို့မထိုးသေးလဲ”
“ငါမှ မလုပ်တတ်သေးတာ”
"ဖေဖေကလဲ မလုပ်ပေးဘူးနော်၊ ဖေဖေဆိုရင် လင့်စင်ထိုးတတ်မှာ"
စူးမာက တမ်းတမ်းတတ ပြောမိသည်။ ကိုတူးသည် မြေကြီးကို တုတ်ချောင်းလေးနှင့် ခြစ်ကစားနေရင်း ငြိမ်နေသည်။ အလုပ်များလှသော ဖေဖေအနေနှင့် လင့်စင်ထိုးပေးလောက်အောင် အားလပ်မည်မဟုတ်ကြောင်းကို စဉ်းစားရင်း ဖြေသိမ့်နေဟန်ရှိသည်။
“ဘုတ်မရေ ဆီပေး ဆားပေး ဘုတ်မရေ ဆီပေး ဆားပေး"
တာတီးလေးသည် ကိုတူးဆီမှရသော မန်ကျည်းရွက်ထုပ်ကို မြေတွင်မြုပ်ပြီး အပေါ်မှ လက်နှင့်ထုကာ တကျော်ကျော်အော်နေသည်။ မြေကြီးမှအစိုဓာတ်နှင့် အပေါ်မှဖိအားတို့ကြောင့် မန်ကျည်းရွက်လေးများ နွမ်းပျော့ကာ စိုဖန့်ဖန့်ဖြစ်လာတတ်သည်။ စူးမာတို့ငယ်စဉ်က မြေကြီးထဲမှ မန်ကျည်းရွက်နုလေးများ နွမ်းပြီးစိုလာလျှင် မြေမှုန့်စားပြီး မြေထဲတွင်နေသော ဘုတ်မသည် တကယ်ပင် ဆီနှင့်ဆား လာထည့်ထားရော့သလားဟု ထင်မှတ်မှားခဲ့ကြသည်။ အထုပ်သေးသေးထဲမှ မန်ကျည်းရွက်လေးများကို မလောက်မင ဝေငှပြီး ခုံခုံမင်မင်စားခဲ့ကြသည်။ အတန်ငယ်ကြီးလာသောအခါတွင်ကား ဘုတ်မဆီမှ ဆီနှင့်ဆားကို တောင်းရန် စိတ်မပါကြတော့ပေ။ တာတီးလေးကမူ စိတ်ပါလက်ပါ တကျော်ကျော်အော်ပြီး ဆီဆားတောင်းနေဆဲဖြစ်သည်။
"စူးမာ နင်ဝတ်တာနဲ့ ငါ့ဘောင်းဘီတွေလဲ ကုန်ပါပြီ “
"အံမာ ဒီဘောင်းဘီတွေက ကိုတူးဖြင့် မတော်တော့ဘဲနဲ့”
စူးမာသည် ခြေသလုံးအထိ ပင့်လိပ်ထားသော ဘောင်းဘီအနားစများကို ဖြေချရင်း ရယ်နေမိသည်။ စူးမာအတွက် အိမ်နေရင်းဝတ်ရန် အင်္ကျီကောင်းကောင်းသိပ်မရှိချေ။ ငယ်ငယ်ကတည်းက ကိုတူးအကျ ရှပ်အင်္ကျီများနှင့် ဘောင်းဘီများကိုသာ အဝတ်များခဲ့ပေသည်။ အသက်တစ်နှစ်သာကွာသည့်အတွက် ကိုတူးနှင့် အတန်ငယ်ကျပ်သော အဝတ်အစားသည် စူးမာနှင့်တိုင်းချုပ်ထားသလို အံဝင်သွားလေ့ရှိသည်။
"နင် အပျိုဖြစ်ရင်ကော ငါ့ဘောင်းဘီတွေ ဝတ်နေဦးမှာပဲလား "
“ဒါပေါ့”
စူးမာသည် ကိုတူးအား လျှာထုတ်ပြလိုက်ရင်း ညွတ်ကိုင်းနေသော မန်ကျည်းကိုင်းကို မမီမကမ်း ဆွဲပြီးလိုက်သည်။ မန်ကျည်းကိုင်းသည် သိမ့်ခနဲ ညွတ်လာပြီးမှ အပေါ်ဘက်သို့ပြန်ပြီး မြောက်တက်သွားသည်။ စူးမာသည် မျောက်ကလေးသဖွယ် မန်ကျည်းကိုင်းကို ခိုစီးပြီး လိုက်သွားသည်။ တသိမ့်သိမ့် ညွတ်နေသော မန်ကျည်းကိုင်းကိုခိုစီးရင်း ကေသွယ်မြင့်မေးလိုက်သော အပျိုဖြစ်ပြီလားဟူသောစကားကို သတိရနေသည်။ စူးမာသည် မန်ကျည်းကိုင်းညိုညိုကို ရုတ်တရက်လွှတ်လိုက်ပြီး ကိုတူးကို ခပ်ဆတ်ဆတ် လှမ်းပြောလိုက်လေသည်။
"စူးမာ အပျိုမဖြစ်ချင်သေးပါဘူး ကိုတူးရ "
“အေးလေ ဘယ်သူကရော ဖြစ်ခိုင်းနေလို့လဲ”
အသားလွတ်ရန်လိုသော စူးမာကိုကြည့်ရင်း ကိုတူးက အူကြောင်ကြောင်ပြောသည်။ စူးမာသည် ဟက်ခနဲရယ်လိုက်ပြီး မန်ကျည်းကိုင်း မည်းညိုညိုကို ပြန်ပြီးခိုဆွဲလိုက်သည်။ ကိုယ်လုံးကိုဆွဲ၍ အားယူခိုလိုက်ပြီးမှ ခြေဖျားကိုကော့ကာ လွှတ်လိုက်လျှင် အရှိန်နှင့် ဝုန်းခနဲ မြောက်တက်သွားသည်။ ရင်ထဲတွင် လှိုက်ပြီးအေးသွားသော အရသာသည် တစ်မျိုးခံ၍ကောင်းလေသည်။
"ယီးလေလေ့ ယီးလေလေ့ ယီးလေး"
စူးမာသည် မျက်စိကိုမှိတ်ကာ ဆိုင်းချက်ကျကျ အော်နေသည်။ တသိမ့်သိမ့်လှုပ်နေသောဒဏ်ကြောင့် မန်ကျည်းရွက်စိမ်းညိုညိုများက ဖွာခနဲ ကြွကျေလာသည်။ စူးမာ၏ခေါင်းတွင် ပန်းပွင့်ကလေးများသဖွယ် ကပ်ငြိကုန်လေသည်။
“တော်တော့ စူးမာ၊ သစ်ကိုင်းကျိုးကျရင် နင်ပါ ဖင်ညောင့်ရိုးကျိုးသွားလိမ့်မယ်”
ကိုတူးသည် စူးမာ၏ခြေထောက်နှစ်ဖက်ကို လှမ်းပြီးဆွဲထားလိုက်ရသည်။ စူးမာ၏လက်နှစ်ဖက်က မန်ကျည်းကိုင်းကိုဖက်ထားသော်လည်း ခြေထောက်နှစ်ချောင်းသည်ကား ကိုတူးလက်ထဲတွင် မိမိရရ အဖမ်း?ထားရသည်။ မန်ကျည်းကိုင်းနှင့် ကိုတူးအကြားတွင် စူးမာသည်ကား ??ရားကားရားဖြစ်နေသည်။ ကိုတူးက ခြေချင်းဝတ်တစ်ဖက်စီကို လက်တစ်ဖက်စီနှင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ စူးမာက ခြေထောက်ကို ဟိုယမ်းဒီယမ်းနှင့် လွတ်အောင်ကြိုးစားသည်။ ကိုတူးက ဇွတ်ကြီးချုပ်နှောင်ထားသည် မဟုတ်၊ စူးမာခြေထောက်ယမ်းရာသို့ သူ့လက်ကို အလွယ်တကူလျှော့ပေးသည်။ သို့သော် လက်ကိုကားမလွတ်၊ မြဲမြံစွာ ဖမ်းထားသည်။
"လွှတ်ပါ ကိုတူးရ၊ စူးမာစီးချင်သေးတယ်”
"မလွှတ်ဘူးဟ”
ကိုတူးသည် ရယ်မောရင်း ပြောသည်။ ယက်ကန်ယက်ကန်ဖြစ်နေသော စူးမာကိုကြည့်ရင်း တာတီးလေးကလည်း လက်ခုပ်လက်ဝါးတီးကာ သဘောကျနေသည်။ စူးမာ အတော်စိတ်ညစ်သွားသည်။
“ကိုတူးနော် ဗိုလ်မကျနဲ့၊ လွှတ်လို့ဆို"
"ငစူးမာ နင် ဖင်ကျိုးလိမ့်မယ်”
"ကဲ ဟာ"
စူးမာ ဒေါသဖြစ်လာပြီ။ ညစ်ချင်စိတ်လည်း ဝင်လာသဖြင့် ဘာမပြော ညာမပြောနဲ့ တစ်ခါတည်း မန်ကျည်းကိုင်းကို ခိုဖက်ထားသောလက်ကို လွှတ်ချလိုက်သည်။ စူးမာတစ်ကိုယ်လုံး ကိုတူးအပေါ်သို့ ထွေးခနဲ လုံးခနဲ ကျသွားသည်။ ကိုတူးခမျာ အမယ်လေးပင် မတနိုင်ရှာ၊ အင့်ခနဲ ပက်လက်လဲကျသွားရှာတော့သည်။ စူးမာကတော့ မနာ၊ လုံးဝမနာ။ ကိုတူးတစ်ကိုယ်လုံး မွေ့ရာလိုခံထားသည်ဖြစ်၍ အိခနဲ ဖြစ်သွားသည်မှအပ ဘာမျှမဖြစ်၊ စူးမာ ဖင်ညောင်ရိုးကျိုးမည်စိုးသော ကိုတူးခမျာသာ ကျောအောင့်သွားရသည်။
“ခွေးမ မိစူး”
ကိုတူးအသံထွက်လာသောအခါ စူးမာသည် လူးလဲထရပ်ပြီး တစ်ချီတည်းပြေးရန် ဟန်ပြင်သည်။ ကိုတူး လက်မြန်သဖြင့် စူးမာ၏ရှပ်အင်္ကျီအနားစကို ဆွဲကိုင်မိခြင်းဖြစ်လေသည်။ စူးမာသည် သူ့အင်္ကျီစကိုပြန်လုရင်း အသံထွက်အောင် ရယ်နေမိသည်။ ကိုတူး၏လက်က ရုတ်တရက် အားပျော့ပြီး စူးမာကိုလွှတ်လိုက်သောအခါတွင်ကား စူးမာသည် ပြေးရန် သတိမရတော့ဘဲ တအံ့တဩ လှည့်ကြည့်မိသည်။
"ကိုငယ် ... သားလေး၊ ပါပါကို တစ်ယောက်ထဲထားခဲ့ပြီး ဘယ်သွားနေတာလဲ”
ကိုတူး၏ပခုံးကို အသက်ငါးဆယ်ခန့်လူကြီးတစ်ဦးသည် ရင်းရင်းနှီးနှီး သိုင်းဖက်ထားသည်ကို တွေ့ရ၏။ လောကဓံ၏ အထုအထောင်းခံရသောကြောင့်လားမသိ၊ မျက်နှာတွင် အရေးအကြောင်းထင်ကာ ဆံပင်များ ကွက်ကျားဖြစ်နေလေသည်။ ကိုတူးသည် ထိုလူကြီးကို မျက်လုံးလေးအဝိုင်းသားနှင့် မော့ကြည့်နေသည်။
“သားကို ပါပါလိုက်ရှာလိုက်ရတာကွယ်”
"ခင်ဗျာ”
“ကဲ ကဲ သွားကြစို့”
"ဘယ် ?? ကိုလဲခင်ဗျ "
"အိမ်ကိုပြန်မှာပေါ့ သားရယ်”
"ခင်ဗျာ"
လူကြီးသည် ကိုတူး၏ပါးပြင်ကို ချစ်စနိုး ဆွဲလိမ်လိုက်သည်။ ကိုတူးသည် အသက်ရှူကျပ်သလို တောင့်တောင့်တင်းတင်းလေးဖြစ်နေရာမှ စူးမာကို အကူအညီတောင်းဟန်နှင့် လှမ်းကြည့်သည်။ စူးမာသည် ဘာလုပ်ရမည် မသိသည့်အတွက် ကိုတူးလက်ထဲမှ လွတ်ထွက်လာသော အင်္ကျီအနားစလေးကို ခပ်လျော့လျော့ဆုပ်ကိုင်ရင်း ငေးနေမိသည်။ ဘုတ်မဆီမှ ဆီနှင့်ဆားတောင်းနေသော တာတီးလေးသည်လည်း ဘုတ်မကိုမေ့သွားပြီထင်သည်။ ဆောင့်ကြောင့်လေးထိုင်ရင်းမှ ပါးစပ်လေးဟကာ သူ့အစ်ကိုအား တင်းတင်းဖက်ထားသောလူကြီးကို အငေးသားကြည့်နေလေသည်။
“ကျွန်တော် ကိုတူးပါ”
“ဪ ကိုငယ်လေးရယ်”
“သားရယ်၊ ဘယ်လိုဖြစ်နေတာလဲ”
လူကြီးသည် ညည်းညူလိုက်သည်။ ကိုတူး၏နဖူးပြင်ပေါ်သို့ ဖွာရရာဝဲကျနေသော ဆံပင်ပျော့ပျော့လေးများကို သပ်တင်ပေးရင်း သက်ပြင်းရှိုက်နေသည်။ သူ့အိတ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ ကိုတူး၏မျက်နှာတွင် ပေကျံနေသောဖုံများကို တယုတယ သုတ်ပေးနေလေသည်။
“သားလေး ဘာဖြစ်နေတာလဲ၊ ဒီလိုမျက်နှာသွယ်လေး၊ ဒီလိုဆံပင်ပျော့လေး၊ ၊ ဒီနှုတ်ခမ်းမှာ မှဲ့လေး၊ အဲဒါ ကိုငယ်မဟုတ်ဘူးလား၊ သားလေး ဘာဖြစ်လို့ ပါပါ့ကိုနှိပ်စက်နေရတာလဲ၊ သားသူငယ်ချင်းတွေပါ ခေါ်ချင်ခေါ်ခဲ့"
"သူ ... သူက ကျွန်တော့်ညီမ”
“ဪ ကိုငယ်၊ သားမှာ ညီမမှ မရှိဘဲ”
"ကျွန်တော် ကိုတူးပါ”
ကိုတူးသည် တုန်တုန်လှုပ်လှုပ်နှင့် အကြောက်အကန်ပြောသည်။ လူကြီးသည် ရုတ်တရက်ဒေါသထွက်သွားသလို ကိုတူး၏လက်မောင်းနှစ်ဖက်ကို တင်းကျပ်စွာ ဆုပ်ကိုင်၍ဆွဲခေါ် လိုက်သည်။ ကိုတူးသည် ရုန်းကန်ရင်း စူးမာတို့အား လှမ်းကြည့်လိုက်သည်။
“ကိုငယ် လိုက်ခဲ့ဆို”
"အို စူးမာတို့ ကိုတူး”
“ကျွန်တော် ကိုငယ်ဟုတ်ပါဘူး”
“တားတို့ တိုတိုသူး လွှတ် လွှတ်”
တာတီးလေးသည် ယခုမှ သတိဝင်လာဟန်ရှိသည်။ အစ်ကိုနှင့်အစ်မအား ကူညီရန် လက်ကလေးကို ဝှေ့ယမ်းပြေးလာသည်။ ဆွဲမိဆွဲရာ ကိုတူး၏အင်္ကျီစကို အားကုန်ဝင်ဆွဲသည်။
လူကြီးတစ်ဦးနှင့် ကလေးသုံးဦးသည် အကြိတ်အနယ် လွန်ဆွဲပွဲကြီး ဆင်နွှဲနေကြသကဲ့သို့ ဖုံတထောင်းထောင်းနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
“မေမေရေ၊ ပေပေရေ၊ တားတို့တိုတိုသူးကို ဖမ်းနေတယ်၊ တားတို့ကို ကယ်ပါဦး "
"အမယ်လေး လာကြပါဦး"
လူကြီးဆွဲခေါ်ရာသို့ ကိုတူးခမျာ ကန့်လန့်ကန့်လန့်နှင့် ပါသွားသည်။ ကိုတူး၏ခါးကို ဖက်ထားသော စူးမာနှင့်တာတီးလေးတို့လည်း အလဲလဲ အပြိုပြို ဒရွတ်တိုက်ပါတော့သည်။ ထိုအခါ နှစ်ဦးသား အသံကုန်အော်ကြတော့သည်။ ငယ်သံပါအောင် ဟစ်ကြတော့သည်။
စူးမာတို့အိမ်တံခါးသည် ရုတ်ချည်းပွင့်လာသည်။ သူ့အလုပ်နှင့်သူ တိတ်ဆိတ်နေသောအိမ်ကြီးသည် အော်ခေါ်သံများနှင့် ဆူညံသွားသည်။ ဦးစွာပြေးထွက်လာသူကား မေမေ၊ ထို့နောက် မမကြီး၊ ယောက်မကြီး ကိုင်ထားသော ဒေါ်ကြီးသက်က အိမ်နောက်ဖေးမှ ထွက်လာသည်။ မြက်ခုတ်သော ဓားရှည်ကြီးနှင့် ကိုဘိုးထွေးသည်လည်း ကဆုန်ပေါက် ပြေးလာသည်။
“ဦးလေးသွင်... ဦးလေးသွင် သတိထားပါဦး"
"ဟဲ့ မောင်သွင် ....မောင်သွင်ရေ လုပ်ကြပါဦး”
စူးမာတို့အိမ်နည်းတူပင် တစ်ဖက်ခြံမှအိမ်တံခါးလည်း ပွင့်လာသည်။ စိုးရိမ်တကြီး အော်သံများနှင့်အတူ အပြေးအလွှား ထွက်လာကြသည်။ ကင်းပုံနွယ်များကို ကျော်ကာ လွှားကာ ဖယ်ကာ ရှားကာနှင့် ကတိုက်ကရိုက် ချဉ်းကပ်လာကြသည်။
“ဦးလေးသွင် သတိထားပါဦး သတိထားပါဦး"
တမြန်နေ့က မိတ်ဆြွေဖစ်ခဲ့ရသော အောင်ကျော်နိုင်အမည်ခံ တစ်ဖက်ခြံမှလူသည် ကိုတူးအား တင်းတင်းဆွဲခေါ်နေသော လူကြီး၏လက်ကို ဖမ်းချုပ်လိုက်သည်။ မျက်လုံးမျက်ဆန် ပြူးနေသော ကိုတူးခမျာမှာတော့ တဝူးဝူး တဝါးဝါး အော်နေဆဲဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေကို ဘာမျှသတိမထားနိုင်။
“ဦးလေးသွင် ... ဦးလေးသွင်၊ ဒီမှာ အောင့်ကိုကြည့်စမ်းပါ၊ ကိုငယ်လေး သေပြီလေ။ သူက ကိုငယ်မဟုတ်ဘူး၊ စဉ်းစားစမ်းပါနော်၊ သတိထားစမ်းပါ”
ဇွတ်တရွတ်နိုင်လှသောလူကြီးသည် ဆတ်ခနဲ တုန်သွားသည်။ သူ့လက်ကို ဆုပ်ကိုင်ပြီး ဖျောင်းဖျောင်းဖျဖျပြောနေသော ကိုအောင်ကျော်နိုင်ကို ငေးကြောင်ကြောင်မျက်လုံးကြီးများနှင့် လှမ်းကြည့်သည်။
"ကိုတူး"
မေမေ့ခေါ်သံကြားရသောအခါ တအားတက်သွားသော ကိုတူးသည် လူကြီး၏လက်တွင်းမှ သူ့လက်ကို အားကုန်ဆောင့်ရုန်းလိုက်သည်။
"အွန့် တားတား တေပါပြီ”
ကိုတူးလွတ်သွားသည်။ သူ့အရှိန်နှင့်သူ နောက်ဘက်သို့ လန်သွားသည်။ ကိုတူး၏ခါးကို သိမ်းကျုံးဖက်ထားကြသော စူးမာနှင့်တာတီးလေးတို့သည်ကား ဘူမိကမ္ဗလာ မြေမွေ့ရာကို ဖင်ညောင့်ရိုးနှင့် ခပ်ပြင်းပြင်းကလေး ထိခတ်ပြီး နှုတ်ဆက်လိုက်ကြသည်။ တာတီးလေးသည် ရှုံ့မဲ့ရင်း အော်နေသေးသည်။
“သားရေ ... ပါပါ့သား"
တုန်ရီဆို့နင့်သောအသံကို ကြားရသောအခါတွင်ကား ဘာဆိုဘာမျှ သတိမရကြတော့။ မြေကြီးပေါ်မှ ဘယ်လိုလူးလဲထမိကြသည်လည်းမသိ၊ သူတို့ကို မည်သူက ထူပေးသနည်းလည်း ဂရုမစိုက်နိုင်၊ အောင့်နေသောဖင်ညောင့်ရိုးပင် မပွတ်အား၊ ဖုံအလူးလူးကိုပင် မခါနိုင်၊ သုံးဦးသား ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ကဆုန်ပေါက်ပြေးကြတော့သည်။
“ကိုငယ် သား သား လေးရေ"
အက်ကွဲသောအသံသည် သူတို့နောက်သို့ ထက်ကြပ်လိုက်လာသေးသည်။ လူကြီးတွေ ဘာဇာတ်ခင်းပြီး ဘာဖြစ်ကျန်ခဲ့သည်ကို စိတ်မဝင်စား?၊ မစပ်စုနိုင်ကြ၊ တစ်ချီတည်း ကျောကော့ပြေးကြသည်။ အိမ်ထဲရောက်မှ လုံခြုံတော့သည်ဟု စိတ်ကထင်မှတ်ပြီး အိမ်ဆီသို့ အမြန်ဆုံးရောက်အောင် အားထုတ်ကြခြင်းဖြစ်သည်။ ကိုတူးက ရှေ့ဆုံးမှ ဦးဆောင်ပြီးပြေးသည်။ နောက်သို့ လုံးဝလှည့်မကြည့်။ ထို့နောက် စူးမာ၊ နောက်ပိတ်ဆုံးတွင်ကား တာတီးလေးဖြစ်သည်။ တကိုယ်လုံး ဖုံများနှင့်ပေကျံလျက် ညစ်ပတ်နေသည်။ မျက်နှာလေးနီပြီး မျက်လုံးလေးပြူးနေသည်။ တလိမ့်လိမ့်ပြေးရင်း ပါးစပ်မှလည်း မကြေမချမ်း အော်နေသေးသည်။
“တိုတိုသူးကို တူက တူ့သားတဲ့၊ တူတာလဲ ဟုတ်ဘဲနဲ့ တူ့တားတဲ့”
* * *
“ရူးတယ်ဆိုပေမယ့် ယဉ်ယဉ်လေး ရူးတာပါ၊ ဝတ်ပုံစားပုံ ဟန်ပန်တွေက တကယ့်ကို အကောင်းပဲ၊ ဟိုသူငယ်လေးသာရှင်းမပြရင် အရူးလို့ဘယ်ထင်ရမလဲ၊ သနားတော့ သနားစရာကွယ်၊ တိုက်တိုက်ဆိုင်ဆိုင် ကိုတူးကလဲ သေသွားတဲ့သူ့သားလေးနဲ့မှ ရုပ်ချင်းကဆင်ရပြန်သတဲ့၊ ဒါကြောင့်လဲ သူ့သားလို့ထင်ပြီး ဆွဲခေါ်နေရှာတာတဲ့”
“ကိုတူး ထွက်ပြေးတော့ အော်ခေါ်နေလိုက်တာ မေမေရယ်၊ သူ့ခမျာ မျက်ရည်တွေဝဲလို့ သမီးတောင်စိတ်မကောင်းဘူး”
စူးမာသည် ကုလားထိုင်ခြေထောက်ကိုမှီရင်း ကြမ်းပေါ်တွင်ပင် ခပ်လျော့လျော့ထိုင်နေသည်။ စကားကောင်းနေသောမေမေတို့ကို ခပ်ငေးငေးကြည့်ရင်း ညနေကလူကြီးကို မြင်ယောင်နေမိသည်။ အရူးဟုဆိုသဖြင့် ပိုပြီးကြောက်သွားသည်။ စူးမာတို့ငယ်ငယ်တုန်းက ကြားဖူးသည့် ကလေးများကိုဖမ်းချီပြီး ဆွဲခေါ်သွားတတ်သော လူကြီးအသွင် မြင်ယောင်လာပြီး ကျောထဲတွင်ပင် စိမ့်သွားသည်။
"ဟိုမိန်းမကြီးက အငြိမ်းစားအမြတ်တော်မင်းကြီးကတော်တဲ့ မေမေရဲ့၊ အဲဒီစိတ်မနှံ့တဲ့လူကြီးက မိန်းမကြီးရဲ့ မောင်တဲ့၊ ငယ်ငယ်တုန်းက အငြိမ့်သမနဲ့ကြိုက်လို့ အိမ်နဲ့အဆက်အသွယ်ပြတ်နေတယ်တဲ့၊ နောက် သူ့မိန်းမဆုံးတော့မှ အစ်မနဲ့အဆက်အသွယ်ပြန်ရတယ်တဲ့လေ။ သူပြန်လာတော့ သားလေးတစ်ယောက်နဲ့။ သူ့သားကို သူသိပ်ချစ်တယ်တဲ့၊ တနေ့တော့ သူ့သားလေး သစ်ပင်ပေါ်ကလိမ့်ကျပြီး သေတာကိုတွေ့ပြီး တစ်ခါထဲ စိတ်ဖောက်ပြန်သွားတာတဲ့ မေမေရဲ့"
မမကြီးသည် သူ့ပေါင်ကို မှီ၍ထိုင်နေသော တာတီးလေး၏ဆံပင်များကို ဖွကစားနေရင်း ပြောသည်။ မမကြီး၏အသံသည် တိုးပြီးပြတ်လေသည်။ အချို့မိန်းကလေးများကဲ့သို့ ချွဲချွဲနွဲ့နွဲ့ မရှိလှချေ။ အသက်နှစ်ဆယ်ပင်မပြည့်တတ်သေးသော်လည်း သူသည် တကယ့်လူကြီးသဖွယ် တွေးခေါ်တတ်သည်။ မေမေနှင့် တိုင်ပင်တတ်သည်။ တစ်နည်းအားဖြင့်ဆိုလျှင် ကောင်းတိုင်ပင် ဆိုးတိုင်ပင်။ မေမေ့သမီးကြီး၊ မေမေ့ တိုးတိုးဖော်။
“တိုတိုသူးက တူးက တူ့တားဟုတ်ဘူးနော် နော် မေ့၊ တူ့တားဟုတ်ဘူးနော်”
“ဟုတ်ပါတယ်၊ သူ့သားပါ”
“ဟုတ်ပါဘူး"
“ဟုတ်ပါတယ်ကွဲ့သားသားရဲ့၊ ကိုကိုတူးကလေ မေမေသားဟုတ်ပါဘူး။ အရူးကြီးသား၊ အရူးကြီးရဲ့ သား"
မေမေသည် မကြေမချမ်းနှင့်ငြင်းနေသော တာတီးလေး၏ပါးပြင်ကို ဆွဲလိုက်ရင်း ချစ်စနိုး စနေသည်။ မမကြီးကလည်း အသံလေးထွက်အောင် ရယ်လိုက်လေသည်။
“ဟုတ်တယ်၊ ကိုတူးက အရူးကြီးသားပါ”
စူးမာဘေးတွင် မှောက်လျက်အိပ်ရင်း မေးကို လက်နှစ်ဖက်နှင့်စုံထောက်ကာ ငေးနေသော ကိုတူးဆီမှ မသဲမကွဲ ပင့်သက်ရှိုက်သံလေးကို ကြားရသည်။ မေမေ့ကို ချစ်ခင်မြတ်နိုးစွာ ငေးကြည့်နေသော ကိုတူး၏မျက်လုံးလေးများသည် ရီဝေသွားလေသည်။ တချိန်လုံး ဘာစကားမျှမပြောဘဲ ငြိမ်သက်နေသကဲ့သို့ ဘာမျှသတိမထားမိဟန်နှင့် ဆက်လက်ပြီး ငြိမ်သက်နေလေသည်။
“ကိုတူးရေ"
"အင်”
“ဘာတွေ စဉ်းစားနေတာလဲ”
"အစုံပဲ”
“ဘာတွေလဲ”
“ဒီလိုပဲပေါ့ဟာ”
ကိုတူးသည် စူးမာ၏စကားကို စိတ်မဝင်စားဟန်နှင့် မျက်နှာကျက်တွင် ရွေ့လျားသွားနေသော အိမ်မြှောင်နှစ်ကောင်ကို မော့ကြည့်နေသည်။ အိမ်မြှောင်လေးသည် သူ့နားသို့ရောက်လာသမျှ ပိုးမွှားများကို သွက်လက်စွာ ဖမ်းစားနေသည်။ စူးမာသည်လည်း ကိုတူးနည်းတူပင် အိမ်မြှောင်ဖြူဖြူလေးများကို ကြည့်နေမိသည်။ ယှဉ်တွဲသွားနေသော အိမ်မြှောင်သေးသေးလေးနှစ်ကောင်သည် စူးမာနှင့်ကိုတူးလိုပင် မောင်နှမနှစ်ယောက်လေလားဟု မရေမရာလေး စဉ်းစားနေမိလေသည်။
“တိုတိုသူးက မေမေ့တား၊ အရူးကြီးတားဟုတ်ဘူး”
“ဟုတ်ပါတယ် ကိုတူးက အရူးကြီးရဲ့ သား၊ ငယ်ငယ်လေးကထဲက နောက်ဖေးလမ်းကြားက အမှိုက်ပုံထဲမှာတွေ့လို့ သနားလို့ကောက်မွေးထားတာ၊ မေမေ့သားဟုတ်ပါဘူးကွယ်၊ နော် မေမေရယ်”
“အင် ဟုတ်ဘူး ဟုတ်ဘူး"
တာတီးလေးသည် မမကြီး၏ပေါင်ကို လက်သီးဆုပ်လေးနှင့်ထုကာ ခေါင်းခါခါ လည်ခါခါနှင့် ငြင်းနေသည်။ မေမေနှင့်မမကြီးသည် မခံမရပ်နိုင်ဖြစ်နေသော တာတီးလေးကိုကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောနေကြလေသည်။ စူးမာသည် ခြေထောက်နှစ်ဖက်ကို ဆိုင်းချက်ကျကျ လှုပ်ယမ်းနေရင်းမှ အိမ်မြောင်ဖြူကလေး အမြီးပြတ်ကျလာပါစေဟု ကျိတ်ပြီးဆုတောင်းနေမိသည်။ ဟုတ်လား မဟုတ်လားတော့မသိ၊ ဆေးနည်းတစ်ခုကြားဖူးသည်။ အိမ်မြှောင်အမြီးပြတ်ကလေး တဆတ်ဆတ်ခုန်နေသည်ကိုတွေ့လျှင် သူခုန်နေသမျှအချိန်တွင် တချက်မှမနားဘဲ ကွေးနေအောင် ကရမည်ဆိုသည်။ ထိုသို့ကနေစဉ်တွင် ဘေးမှနေပြီး မပြုံးမရယ် ထိုင်ပြီး ကြည့်သူတစ်ဦးလည်းရှိရမည်။ ကြည့်သူနှင့် ကသူတို့သည် ခုန်နေသောအိမ်မြှောင်အမြီးလေး အခုန်ရပ်သည်အထိ ဇွဲကောင်းကြလျှင် ဆေးအောင်ပြီဖြစ်၏။ ဘာမျှထူးထူးခြားခြား လုပ်ရန်မလို၊ ၄အိမ်မြှောင်လေးကို မီးရှို့ပြီး ပြာချလိုက်ရုံသာဖြစ်သည်။ ထိုပြာသည် နှယ်နှယ်ရရပြောတော့မဟုတ်၊ တစ်စုံတစ်ဦးကို ပြာနှင့် မသိမသာပက်ပြီး “ကစမ်း” ဟုခိုင်းလိုက်လျှင် တစ်ချီတည်းထပြီး ကောက်ကောက်ကွေးကွေး ကတော့သည်။ “ရပ်နိုင်ပြီ' ဟု ခွင့်မပေးမချင်း က, တော့သည်ဟု အဆိုရှိသည်။
ထိုကဲ့သို့ က,ဆေးကိုသာရလျှင် စူးမာတို့ ဘယ်လောက်ပျော်ရမည်ပင်မသိ။ ကေသွယ်မြင့်တို့ အောင်တိုးဝင်းတို့ကို တစ်ပြိုင်တည်းပက်ဖြန်းပြီး မထိုင်တမ်း ကခိုင်းချင်တော့သည်။ အိမ်မြှောင်အမြီးပြတ်သာတွေ့ပါစေ။ စူးမာကတော့ မရှက်မကြောက် ကမည်ပင်ဖြစ်သည်။ မရပ်မနား ကွေးနေအောင် ကမည်ဖြစ်၏။ ကိုတူးကလည်း မရယ်မပြုံး ဣနြ္ဒတေစ်ခွဲသားနှင့် ကြည့်မည်ဟုကတိပေးသည်။ ခက်သည်က အိမ်မြှောင်အမြီးပြတ်ကို မတွေ့ရသေးခြင်းပင်ဖြစ်၏။ တွေ့များတွေ့မည်ဆိုလျှင် စူးမာတို့မောင်နှမက ဆေးဖော်ပြီး တစ်အိမ်လုံး ကခိုင်းမည်ထင်သည်။ ဖေဖေနှင့်မေမေကိုပါ ကခိုင်းနိုင်လျှင် စူးမာရယ်ရလွန်း၍ အူတက်လိမ့်မည်ထင်သည်။
“အိမ်မြှောင်အမြီးကလဲ ခုထိမပြတ်သေးဘူးလားမသိဘူးနော်၊ ကိုတူး ဟင် ဘယ်ရောက်သွားလဲ”
စူးမာသည် ကိုတူးဘက်သို့ ကိုယ်ကိုယိမ်းကာ ပြောလိုက်သည်။ ကိုတူးကိုမတွေ့ရ၊ ငြိမ်ငြိမ်တိတ်တိတ်နှင့် ဘယ်အချိန်က ထသွားသည် မသိရချေ။ စူးမာလည်း ရုတ်ချည်းပင် ထထိုင်လိုက်မိသည်။ ကိုတူးဘယ်ရောက်သွားသနည်းဟု ဟိုဟိုဒီဒီ ကြည့်မိသည်။ ကိုတူးကို ရုတ်ချည်းထပြီး ရှာဖွေမိသည်။
"ကိုတူး"
ကိုတူးကို လသာဆောင်တွင်တွေ့ရသည်။ လက်ရန်းကိုအားပြု၍ ထောက်ရင်း အမှောင်ထဲသို့ ငေးနေသည်။ သစ်ပင်ရိပ်မည်းမည်းများကိုကြည့်ရင်း ကိုတူး ဘာတွေများ အတွေးနယ်ကျွံနေသနည်းဟု စူးမာသိချင်လှသည်။ ကိုတူးနောက်ကို တိတ်တိတ်လေး ကပ်သွားပြီး ဝါးခနဲအော်ကာ ချောက်လှန့်ချင်စိတ်လည်း ပေါ်လာသည်။ မျက်မှောင်လေး မသိမသာကုတ်ထားသော ကိုတူး၏မျက်နှာထားကြောင့် စူးမာ မချောက်ဖြစ်၊ မစဖြစ်၊ အသာခြေဖွ၍ ကပ်သွားရင်းမှ တိုးတိုးလေး ခေါ်လိုက်လေသည်။
"ကိုတူးရေ"
ကိုတူးသည် စူးမာကို ငဲ့၍ပင်မကြည့်ဘဲ နက်ရှိုင်းသောအမှာင်ထုကိုသာ တငေးတမောကြည့်နေလေသည်။ စူးမာသည် ကိုတူး၏မျက်နှာကို အကဲခတ်ရင်း ဘာဆက်ပြောရမည်မသိသည့်အတွက် ငြိမ်နေမိလေသည်။
ဝရန်တာလက်ရန်းမှ သံပိုက်လုံးသည် အေးစက်နေသည်။ စိမ့်အေးနေသော သံပိုက်လုံးကို လက်နှင့် ခပ်ဖြည်းဖြည်းပွတ်သပ်နေရင်း စူးမာသည် ပုစဉ်းရင်ကွဲလေးများအော်နေသံကို နားစိုက်၍ထောင်နေမိသည်။ ကျယ်လာလိုက်၊ တိုးသွားလိုက်နှင့် တူရိယာသံတီးမှုတ်နေသလားဟုပင် ထင်မှတ်မှားနေမိသည်။
“ဟော ဖေဖေလာပြီ”
စူးရှသော ကားမီးရောင်တန်းသည် ခြံထဲသို့ ချိုးကွေ့လာသည်။ တီခနဲဟွန်းသံပေးရင်း ဘီးလိမ့်ရုံ မောင်းလာသည်။ ဖေဖေ ဆေးတိုက်မြှပန်လာတာဖြစ်သည်။ အောက်ထပ်သို့ တဒိုင်းဒိုင်းပြေးဆင်းသွားသော တာတီးလေး၏ခြေသံကို ကြားရသည်။ နေ့လယ်ခင်းက စွန့်စားခန်းကို ဖောက်သည်ချရန် စိတ်အားထက်သန်နေသော တာတီးလေးသည် ဖေဖေကားပေါ်က ဆင်းလျှင်ဆင်းချင်း ရေပက်မဝင်အောင် ပြောမည်ထင်သည်။
“ကိုတူးရေ အိမ်ထဲဝင်ရအောင်”
“မဝင်ချင်သေးဘူး”
စူးမာလည်း ဖေဖေ့ကို ပြောပြချင်သေးသည်။ ကိုတူးတစ်ယောက်တည်းလည်း မထားခဲ့ချင်၊ ကိုတူးက အိမ်ထဲမဝင်သေးဘူးဟုဆို၍ စူးမာလည်း မဝင်ဖြစ်တော့ချေ။ ကိုတူးဘေးတွင် ရပ်ရင်း အိမ်ထဲသို့ လည်ပြန်မျှော်၍ ကြည့်နေမိလေသည်။ ဖေဖေ့ပေါင်ပေါ်တွင် တာတီးလေးသည် ကားရားခွ၍ ထိုင်နေသည်။ မမကြီးကမူ ဖေဖေ့ရှူးဖိနပ်နှင့်ခြေအိတ်ကို ချွတ်ပေးနေသည်။
“သားသားရဲ့ ဖြည်းဖြည်းပြော၊ မောမယ် သားသားရဲ့ မောမယ်”
လက်ဟန်ခြေဟန်နှင့် အားပါးတရပြောနေသော တာတီးလေးကို ဖေဖေက တားယူရသည်။
စူးမာသည် သူတို့တစ်တွေကိုကြည့်နေရင်း စိမ့်စိမ့်အေးသောသံပိုက်လုံးလေးကို လက်နှင့် လျှောတိုက်ပွတ်နေမိလေသည်။ စူးမာနှင့် ကိုတူးတို့အနေနှင့် တာတီးလေးကဲ့သို့ ဖေဖေ့ပေါင်ပေါ်တွင် မထိုင်ရသည်မှာ ကြာလှချေပြီ၊ ဖေဖေပြန်လာလျှင် တာတီးလေးက ပေါင်ပေါ်တက်ပြီး မမကြီးက ဖိနပ်ချွတ်ပေးမြဲဖြစ်သည်။ ထို့နောက် သံပရာရည်အေးအေးကို မေမေက ယူလာသည်။ စူးမာနှင့်ကိုတူးတို့ လုပ်စရာ ဘာမျှမရှိချေ၊ တစ်ခါတစ်ရံ ဖေဖေ့ဆေးအိတ်ကြီးကို ကိုတူးက ဆီးသယ်ရန်ကြိုးစားသည်။ သို့သော် လေးသည့်အပြင် ဆေးပုလင်းများ ကွဲကုန်မည်စိုး၍ ဖေဖေက အကိုင်မခံချေ။
“ဖေဖေရဲ့၊ အဲဒီအရူးကြီးက တိုတိုသူးကို တူ့တားတဲ့၊ မေမေကလဲ တိုတိုသူးက အရူးတားတဲ့၊ ဟုတ်ဘူးနော် ဖေဖေ”
"ဟုတ်ပါတယ် သားသားရဲ့၊ ကိုတူးက အရူးသား”
ကိုတူးသည် သက်ပြင်းကို ဟင်းခနဲချလိုက်ကာ သူ့လက်ထဲမှ မာလကာသီးလေးကို ခပ်ဝေးဝေးသို့ လွှဲပြီးလွှင့်ပစ်လိုက်သည်။
“ဘာလို့ ဒါကို ခဏခဏပြောနေတာလဲ”
“ဘာကိုလဲ ဟင်”
“ကိုတူးက အရူးကြီးသားတဲ့”
“အို ကိုတူးကလဲ မေမေတို့က တားတီးလေးကိုစတာပဲ”
"ငါသိတယ်”
ကိုတူး၏အသံသည် တို၍ပြတ်လေသည်။ စူးမာကို ခပ်ငေါက်ငေါက်ပြောလိုက်ပြီး ခေါင်းငုံ့ထားသည်။ စူးမာ အံ့သြသွားသည်။ မေမေတို့ နောက်ပြောင်ပြောသည်ကို ကိုတူးစိတ်ဆိုးနေသဖြင့် ကိုတူးမျက်နှာကို မျက်လုံးလေး အဝိုင်းသားနှင့် အကဲခတ်နေမိသည်။ မေမေတို့အနေနှင့် အတင်းအဓမ္မဆွဲခေါ်ခံထားရသော ကိုတူးကို ဒီထက် အရေးတစိုက်ရှိဖို့ကောင်းသည်ကတော့ အမှန်ပင်၊ အဆွဲခံရသော ကိုတူးထက် ရောယောင်ပြီး လဲပြိုခဲ့ရသော တာတီးလေးကို ပိုပြီးဂရုစိုက်ကြသည်။ အလေးမူကြသည်။ ဒါအတွက်လည်း စူးမာနှင့်ကိုတူးတို့တွင် အဖြေကရှိပြီးဖြစ်သည်။ "သူက အငယ်ကိုး” ဟူသောလက်သုံးစကားနှင့် စိတ်ကိုဖြေလိုက်ပါက ခဏလေးနှင့် ပြေသွားမည်ဖြစ်သည်။
“မေမေတို့ စ နေမှန်း ငါသိပါတယ် စူးမာရာ၊ ဒါပေမဲ့ တစ်မျိုးကြီးပဲ”
အတန်ကြာသောအခါမှ ကိုတူးသည် ခေါင်းမော့လာသည်။ ပင့်သက်ရှိုက်ရင်း တိုးတိုးလေးပြောလေသည်။
ဆက်ရန်
----------------------------------
#မစန္ဒာ
Comments