အပျိုကြီးမစောညွန့်နှင့် ထွန်းရှိန်ထင်မြင်ချက်
“မမညွန့် .. ကျွန်တော်လာပြီလေ၊ ဘာလုပ်မလို့ မှာတာလဲ” ဟု မောင်ထွန်းရှိန်က နောက်ကနေ၍ မေးလေ၏။
မစောညွန့်သည် ကြိမ်ပက်လက်ကလားထိုင်ပေါ်တွင် ကားကားကြီးထိုင်ရင်း ပုတီးစိပ်နေလေ၏။ သူ့ရှေ့က ကိုယ်လုံးပေါ် မှန်တွင်း၌ ပိတ်ရှပ်အင်္ကျီ၊ မန္တလေး မဟာနွယ် ပိုးပုဆိုးကို ဝတ်ဆင်ထားသော အရပ်ခပ်ရှည်ရှည်၊ အသားညိုညို၊ နွဲ့နွဲ့နှောင်းနှောင်၊ ဟန်ကောင်းကောင်းနှင့် ညင်သာစွာ လမ်းလျှောက်လာသူကို ကောင်းစွာ မြင်နိုင်လာ၏။
“ထွန်းရှိန်လား .. လာလေကွယ်၊ ကိစ္စရှိလို့ မမညွန့်က မှာတာပေါ့” ဟု ခေါ်ရင်း လက်ထဲက ယပ်တောင်ဖြင့် သူ့ကုလားထိုင်ဘေးရှိ သူအိပ်သော ခုတင်ပေါ်သို့ လက်ညှိုးညွှန်ပြလေ၏။
ထွန်းရှိန်ကား ပေါက်ခေါင်းမှလာ၍ ပြည်မြို့ အစိုးရအထက်တန်းကျောင်း ဆယ်တန်း၌ စာသင်နေသူဖြစ်၏။ ထွန်းရှိန်နှင့် မစောညွန့်သည် ဆွေမျိုးနီးစပ်တော်ကြ၏။ ထွန်းရှိန်၏မိခင်နှင့် မစောညွန့်မှာ ညီအမသုံးဝမ်းကွဲတော်၏။ မစောညွန့်တွင် ထွန်းရှိန်လောက်ရင်းသော အမျိုးပင် ရှားလေ၏။ ပိုမိုရင်းသောဆွေမျိုးများကား ဦးဘိုးလူလက်ထက်ကပင် မသင့်မတင့်ကြသောကြောင့် အဆက်အသွယ်ပြတ်၍နေခဲ့၏။
ထွန်းရှိန်ကား လိမ်မာ၏၊ ဉာဏ်ကောင်း၏။ ဆယ့်ခုနှစ်နှစ် ဆယ်တန်းရောက်နေ၍ အတန်းထဲတွင် အတော်ဆုံးဖြစ်၏။ အပြောအဆိုကလည်း ကျစ်လစ်သဖြင့် မစောညွန့်သည် မိမိတူကလေးတွင် ဘာမှ အပြစ်ရှာမတွေ့ ရှိလေ၏။ မစောညွန့်သည် ထွန်းရှိန်အား ချစ်၏။ သားကို မိခင်က အားကိုးသကဲ့သို့ အားကိုးယုံကြည်၏။ အရေးတကြီး တိုင်ပင်စရာများရှိက ထွန်းရှိန်ကို ခေါ်၍ တိုင်ပင်၏။ မစောညွန့်က ချစ်သလောက် ထွန်းရှိန်ကလည်း ချစ်၏။ အားကိုး၏။ မျှော်လင့်၏။
ထွန်းရှိန်သည် ကုလားထိုင်ပေါ်၌ထိုင်ပြီး .....
“ဘာကိစ္စလဲ မမညွန့်ရဲ့ ... ကျွန်တော် အခု အားပြီ၊ စာမေးပွဲလဲ ပြီးပြီ” ဟု ပြောလေ၏။
“ဖြေနိုင်ရဲ့လားဟေ့” ဟု ပုတီးကို ကုတင်ပေါ်တင်ရင်း မေးလေ၏။
“ဖြေနိုင်ပါတယ် ... သိပ်လွယ်တာဘဲ၊ ဒီလောက်လွယ်တဲ့ မေးခွန်းတွေ တခါမှ မတွေ့ဖူးဘူး”
“အောင်မာ ... ဖင်ခေါင်းကျယ်တဲ့ကောင်လေး၊ မင်းကတော့ ဖြေနိုင်လို့ ပြောအားရှိတာပေါ့။ မဖြေနိုင်တဲ့လူတွေတော့ ဘယ့်နှယ်လုပ်မလဲ၊ လွယ်တယ်လို့ ပြောမှာမဟုတ်ဘူး” ဟု ယပ်ပြောလေ၏။
“မဖြေနိုင်ရင် သူတို့ကိုက ညံ့လို့၊ စာမကျက်လို့။ အင်မတန် လွယ်တာဘဲ မမညွန့်ရယ်”
ပြောရင်း တွဲလွဲချထားသော ခြေကို ရမ်းနေလေ၏။
“မင်း ထမင်းစားခဲ့ပြီလား”
“စားပြီးပြီဗျ”
“ဘာဟင်းနှင့်လဲ ...”
“ငါးဟင်းနှင့် ...”
“သွား .... မီးဖိုထဲမှာ ဖွားသင်ကို ထမင်းပြင်ပေးခိုင်း ... မမညွန့် ချန်ထားတယ်၊ ဟိုမှာ ဝက်သားချက် သိပ်ကောင်းတယ်။ ငပိကြော်ရယ်၊ အညာက လက်ဆောင်ရတဲ့ ပိုးကောင်ကြော်ရယ်၊ သွားစားချေအုံး။ ပြီးမှပြောမယ်”
“မဆာဘူး ..... မမညွန့်ရဲ့”
“အို ... မဆာပေမဲ့ သွားစားအုံး” ဟု ပြောပြန်သဖြင့် ထွန်းရှိန်သည် ထမင်းသွားစားရပြန်လေ၏။
ထွန်းရှိန်သည် ထမင်းစားရင်း ဘာများအရေးကြီးတဲ့ ကိစ္စမို့ပါလိမ့်မလဲဟု တွေး၏။ ကြွေးတောင်းလွှတ်ဘို့ ကိစ္စလား။ သို့မဟုတ် တရားစွဲဘို့ဟာများလားဟု အဖြေရှာလေ၏။ နောက် ထမင်းမှာ စားကောင်းသဖြင် မစောညွန့်သည် သူ့အပေါ်၌ ဂရုစိုက်ပုံ၊ ချစ်ပုံကို တွေးတောမိ၏။ မစောညွန့်သည် သူ့ကိုချစ်လှသဖြင့် အများက တူအရင်း ဟုတ်မဟုတ် မေးသည်ကိုပင် မခံနိုင်ပုံကို စဉ်းစားမိသေး၏။ သို့သော် မစောညွန့်၏ ချစ်ခြင်းလက္ခဏာများကား ... သွားလေရာရာ ခေါ်ခြင်း၊ အခြားသူများရှေ့ ၌ မိမိအတွက် ဂုဏ်ယူခြင်း၊ ကျမတူကလေးက ဘယ်လောက်တော်တာဘဲ၊ ဘယ်လောက်လိမ်မာတာဘဲဟု ချီးကျူး၍ ပြောခြင်း၊ ဟင်းကောင်းရင် ထမင်းချန်ထားခြင်း၊ တခါတရံ စားကောင်း သောက်ကောင်းရှိက ခေါ်ကျွေးခြင်းတို့ဖြင့်သာ ထင်ရှားမူ၍၊ ထိုထက် လွန်ခြင်း ဘာမျှမရှိချေ။ ငွေကြေးကို ရက်ရက်ရောရော ဘယ်တော့မှ ပေးကမ်းလေ့မရှိ။ လူကိုချစ်သော်လည်း ငြွေဖင့်မချစ်သေးသည်မှာ ကြေနပ်ဘွယ် မဟုတ်သေးဟု ထွန်းရှိန် တွေးမိသည်နှင့်တပြိုင်နက် ဇွန်းကို ပန်းကန်ထဲသို့ လွှတ်ချလိုက်ပြီး တွေနေမိ၏။ နောက်မှ အညာပိုးကောင်ကလေး ခေါ်သော တွင်းပိုးကို စား၍နေပြန်လေ၏။
အများကမူ မစောညွန့်သည် ထွန်းရှိန်ကို သားအဖြစ်ဖြင့် မွေးစား၍ အမွေခံထားမည်ဟု ထင်ကြသည်။ ထွန်းရှိန်ကလည်း မျှော်လင့်စပြုလာလေ၏။ သို့သော် ထိုမျှ စေးနဲခြင်းကိုတွေ့ရသဖြင့် မျှော်လင့်ချက်မှာ ပိုးစုန်းကြူးကလေးကဲ့သို့ မှိတ်တုံ့ မှိတ်တုံ့ဖြင့်သာ တည်နေလေ၏။
“ငါ့ကို ဒီထိအောင် မကြည့်တောင်မှ ငွေသုံးလေးထောင်တော့ ငါ့အတွက် အကုန်ခံမှာဘဲ ” ဟု အောက်မေ့မိပြန်လေ၏။
ထိုသို့ ထွန်းရှိန်ကို မစောညွန့်က အရေးစိုက်သည်ကို တွေ့ ရလျှင် ထွန်းရှိန်ကို မနာလိုသူတွေ ပေါ်လာလိုက်သေး၏။ အထူးသဖြင့် မစောညွန့်နှင့် ပြန်လည်ဆက်သွယ်နေကြသော ဆွေမျိုးတချို့တို့ပင် ဖြစ်လေ၏။ မစောညွန့်ကို စာချနေသော သီလရှင်ကြီးတပါးသည်လည်း အပါအဝင်ဖြစ်၏။ ထွန်းရှိန်ကို တွေ့သောအခါ ခက်ခဲသောတရားများ စာများကိုမေး၍ မဖြေနိုင်က “မင်းတို့ကာလ ကောင်ကလေးတွေဟာ လူညံ့ကလေးတွေဘဲ၊ ဒီလောက်ဟာကလေးတွေမှ မဖြေနိုင်ဘူး” ဟု နှိပ်စက်သောစကား ဆိုဘိ၏။ မကောင်းပြော၏၊ ကဲ့ရဲ့၏။ အပြစ်ရှာတတ်လေ၏။ မစောညွန့်က ဦးကြီးဟုခေါ်နေသူ လဘက်ပွဲစားကြီးကား ထွန်းရှိန်ကို အရိုအသေမရှိ၊ အယဉ်အကျေးမရှိဟု အပြစ်ပြောလေ့ရှိ၏။ ၄၏မိန်းမ ဒေါ်ထွေးသည် မစောညွန့်နှင့်အတူ နေထိုင်၍ မစောညွန့်ကို စောင့်ရှောက်သည်ဟုဆို၏။ မစောညွန့်ကွယ်ရာ၌ “မင်းနှယ် လာနိုင်ရန်ကော၊ အားတိုင်းလာတာဘဲ။ လမ်းမှာလဲ မင့်ခြေရာချည်း” ဟု ဆိုလေသေး၏။ ထွန်းရှိန်မှာ ထိုကဲ့သို့ အငြူစူ အစောင်းမြောင်းများကို ကြားရသောအခါ အမဲရိုးခုတ်နေသော လူကြီးအနီး၌ ခွေးများသည် တကောင့်တကောင် သွားဖြီးပြလိုက်၊ ညည်းလိုက်၊ ကိုက်လိုက်၊ ဟိန်းလိုက်နှင့် ဝိုင်းနေသည်ကို သတိသွားရလေ၏။ တခါတရံ မစောညွန့်ထံ လာနေရသည်ကိုပင် ရှက်သလိုလို ထွန်းရှိန်ထင်မိလေ၏။
“စားကောင်းရဲ့လားဟေ့” ဟု မစောညွန့်သည် မှေးသောမျက်လုံးသည် ပိတ်သွားအောင် ပြုံး၍ မေးလေ၏။
“ကောင်းတယ် .. ပိုးကောင်ကြော်ကလေးကလဲ စားလို့ သိပ်ဆိမ့်တာဘဲ။ ကဲ .. ဘာကိစ္စလဲ ဆိုစမ်းပါအုံး ..... မမညွန့်ရယ်” ဟု ပြောပြီးနောက် ထွန်းရှိန်သည် ကုတင်ပေါ်တွင် ထိုင်ပြန်လေ၏။
“ဟဲ . ဟဲ ... တခြားမဟုတ်ဘူးကွ။ ဟို ... မကြာသေးခင်က ရောက်တဲ့ ယစ်မျိုးဝန်ထောက် ကိုလှမင်းဆိုတာ သိရဲ့လား” ဟု မေးရင်း မှေးသောမျက်လုံးသည် ပိတ်သွားအောင် ပြုံးလေ၏။
“နဲနဲတော့ သိပါရဲ့ ...။ အဲဒါ ဘာဖြစ်သလဲ”
“အေးကွယ် ... သူသောက်တတ် ကစားတတ်သလား”
“ယစ်မျိုးဝန်ထောက်ဆိုတော့ ပါနာတိပါတာ ... အို .... ဟုတ်ပေါင် .. သူရာမေရမဇ္ဇနှင့်တော့ နီးတာဘဲ။ အရက်တို့ ထန်းရေတို့ လိုချင်သလောက်လဲ ရမှာဘဲ၊ သို့ပေမဲ့ သောက်တော့ မသောက်တတ်ပါဘူးတဲ့”
“ကစားကော ကစားတတ်သလား”
“ဟုတ်တယ်- ကစားတယ်” ဟု စကား အဆုံးမသတ်သေးခင်ပင် မစောညွန့်သည် “ဟင်း” ခနဲ သက်ပြင်းချပြီး ခပ်နေသောယပ်ကို ရပ်လိုက်လေ၏။ သူ့ဦးနှောက်တည်းဟူသော လိုကယ်ဘူတာရုံကလေးရှေ့တွင် မြင်းလောင်းခြင်းတွဲ၊ ဖဲရိုက်ခြင်းတွဲ၊ ကလပ်တက်ခြင်းတွဲ၊ ပိုက်ကြူးတွဲ၊ ငွေတွေယူဆောင်သွားသောတွဲ၊ စိန်လက်ကောက် နားကပ်တွေ ဖြုတ်သွားသောတွဲ၊ နောက်ဆုံးတွင် မီးနီကလေးနှင့် “ဖြစ်ပါဘူးလေ မွဲမယ်” ဟူသော ဘွဲ့များသည် အပြေးခုတ်မောင်သွားလေ၏။ “ဟင် ဒီလိုဖြင့်ကွယ်” ဟု ပါးစပ်က ထွက်သွားလေ၏။
“ဘာလဲ သူကစားတယ်ဗျာ။ တခါတရံ ဘောလုံးကန်တယ်။ တင်းနစ်ရိုက်တယ်။ အောင်မာ တနေ့ကများ ခြင်းခတ်တယ်။ တော်တော်တော့ ကစားတဲ့လူ ဟား ... ဟား ..”
ထိုစကားများသည် မစောညွန့်၏ မှေးနေသောမျက်စိများကို ပိတ်သွားစေ၏။ ဟင်းဟင်းနှင့် ရယ်၏။ ရယ်ပြီး အင်္ကျီကို ခါလေ၏။
“ကွယ် ... မနောက်စမ်းပါနှင့်။ မင်းက ဒီလိုနောက်တော့ မင်းမှာတော့ ရယ်ရ ပြုံးရ ရွှင်ရတယ်။ မမညွန့်မှာတော့ ရင်ကို ဖိုဖိုသွားတယ်”
"ထို့နောက် အဘယ်သို့သော အကြောင်းများကို စုံစမ်းလိုပါသနည်း တကာမကြီး” ဟု တည်တည်ကြီး လုပ်နေမှ မစောညွန့်သည် ထွန်းရှိန်၏ပေါင်ကို လက်ဖြင့် တွန်းလိုက်လေ၏။ ထိုအခိုက် အိမ်နောက်ဘေးကပြင်မှ ဒေါ်ထွေး မြင်လျှင် ထမင်းချက် ဖွားသင်အား “ဟေ့ ကောင်မ .. ညည်းမမက သူ့ပရောဟိတ်ကလေးကို ဘာများ တိုင်ပင်နေပါလိမ့်မလဲ” ဟု မေးလိုက်၏။ ဖွားသင်က “မပြောတတ်ဘူး အဒေါ်ရဲ့” ဖြေလျှင် .....
“အေး ... ဒီပရောဟိတ်စကားကို နားထောင်ရင် မှားကုန်မှာဘဲ” ဟု ဆိုပြီး မီးဖိုတံခါးကို အတင်းနင်းပိတ်လိုက်လေ၏။
“သူ့မှာ မိန်းမရှိသလားဟေ့ ဟိ ... ဟိ ....”
“ဟိ .. ဟိ ... မိန်းမကြီးရှိတယ်ဗျ..” ဟု အသံခပ်ပြောင်ပြောင်နှင့် ပြောလိုက်လျှင် မစောညွန့်၏မျက်လုံးများသည် ဒင်ပြည့် ပြူးသွားကြလေ၏။
“နို့ကွယ် ... သူ့အတွက် လာပြောတဲ့လူကတော့ မိန်းမကြီး မရှိပါဘူးလို့ ဆိုပါကလား”
“အဲ့ဒီလိုပြောလာတဲ့လူ ဘယ်သူလဲ။ မမညွန့် ကျွန်တော့်ပြောစမ်း။ ဘာလို့ ညာရတာတဲ့လဲ။ ဘယ်တုန်းက လာပြောသလဲ”
“နှစ်ရက်လောက် ရှိသေးတယ် ... အသက်တော့ တို့များနှင့် အတူတူလောက်ဘဲတဲ့။ မုဆိုးဘိုတဲ့။ မယားသေတာ ဆယ်နှစ်ရှိပြီဆိုကိုး .. သားသမီးလဲ မကျန်ပါဘူးတဲ့။ အသေအချာ မင်းသိသလား။ မိန်းမရှိသလား”
“ဪ .... မမညွန့်ကလဲ မယုံဘူးလား။ မိန်းမကြီးရှိတာမှ နှစ်ယောက်တောင်ဘဲ။ တယောက်က ထမင်းချက်လုပ်တဲ့ မိန်းမကြီး၊ တယောက်က သူ့တပည့် တောလိုက်ပြာတာ မြတ်ဖေရဲ့မယား မိန်းမကြီးဗျား။ တခါတလေ မိန်းမလေးတွေတောင်လာသေး။ သူ့အမျိုးတွေဆို ထင်ပါရဲ့”
“အင်း ... တော်သေးရဲ့။ တို့များ မေးတာက သူ့မှာ မယားကြီးရှိသလားလို့ မေးတာ”
“ဪ .. မယားလား။ ကျွန်တော်က သူ့မှာ မိန်းမကြီးမရှိဘူးလားဆိုတော့ သူ့အိမ်မှာ မိန်းမကြီးတွေ ရှိလို့ရှိတယ် ပြောတာပေါ့။ မယားတော့ မရှိပါဘူး ... ” ဟု ပြောပြီးနောက် သည်းထန်စွာ ရယ်မောလေ၏။
“ရုပ်တော့ တခါထဲ မြင်ဘူးတယ်ကွဲ့ ...”
“လူချောဘဲ မဟုတ်လား။ မိုဃ်းကျရွှေကိုယ် လနတ်သားကလေး မဟုတ်လားဗျာ ”
“အဲ့ဒါတွေ ရှေမနေနှင့်။ ပစ္စည်းကောရှိရဲ့လား၊ အကျင့်သီလ ကောင်းရဲ့လား၊ ဒါသိချင်တယ်” ဟု ဆန္ဒကို ဖေါ်လေလျှင် ထွန်းရှိန်သည် အံ့သြသွားပြန်လေ၏။
သူ့လို ငွေရှိသူတယောက်က ပစ္စည်းရှိမရှိ ဘာလုပ်မေးနေပါလိမ့်မလဲနော်။ ဗြိတိသျှအင်ပါယာကြီးကို စိုးမိုးနေတဲ့လူတွေက နယ်ချဲ့ ချင်တာလို ဖြစ်နေပါပကောလား။ ဒါလောက်ဇီဇာကြောင်လို့ လင်မရတာဘဲ။ သူ့မှာ ရုပ်မချောသလောက် ငွေမက်မောနေတာဘဲဟု စဉ်စားနေမိ၏။
“မဟုတ်ပါဘူး၊ မမညွန့်မှာလဲ ပစ္စည်းဒီလောက်ပေါရက်နှင့် ဘာကြောင့် ငွေရှိမှဆိုတဲ့စကား မေးပြန်တာလဲဗျ .."
“အို မရှိရင် ဘယ်ကောင်းမလဲ။ သိပ်တော့ ရှိဘို့ဆိုတာမဟုတ်ပါဘူး။ ကိုးထောင်ခင်း တသောင်းခင်း ငွေပြောတာပါကွယ်”
“အို ဒါမရှိတော့ ဘာဖြစ်သလဲလို့”
“တပြားမှ မပါဘဲနှင့်လာလို့ လုံချည်ဘဲ ဆီးဆင်ရတော့မလားကွယ် ... တောင်းဘို့ရမ်းဘို့ အခဘဲ စိုက်ပေးရမလား”
“နေပါအုံး။ မင်းစိုးရာဇာဆိုတာ အခုကာလမှာ လခကလွဲ ငွေရှိခဲသား။ ခင်ဗျားလူက ဘယ်မှာ ကိုးထောင်ခင်း တသောင်းခင်း ရှိနိုင်မလဲဗျ။ မသကာ မမညွန့်ကဘဲ အဝတ်အစား ဆီးဆင်ရလိမ့်မယ်။ တောင်းဘို့ ရမ်းဘို့ ငွေအကုန်ခံရမယ်”
“ကြံကြံစည်စည်ကွယ် ... လူကြားလို့မှမကောင်းအောင် မဟုတ်တာတွေ မပြောစမ်းပါနှင့်”
“အို .... ခုခေတ်ကြီးမှာ မမညွန့် လူတိုင်းဘဲ ဒီလိုလုပ်နေကြရတယ်။ လောကနှင့် အဝှမ်းဘဲ”
ထွန်းရှိန်သည် အနည်းငယ် ဒေါသဖြစ်လာ၏။
“အေး ... သူများလုပ် ဆိုတာက လူပျိုစစ်ကလေးတွေမို့ လုပ်လို့ တင့်တယ်တယ်ကွယ့်။ သူကတော့ .... ”
“သူကတော့ ဘာဖြစ်သလဲ။ မုဆိုးဘို။ သူ့မှာ ရာထူးရှိတယ်၊ ရုပ်ရှိတယ်။ အကျင့်သီလရှိတယ်။ ပစ္စည်းမရှိတဲ့ ချို့ယွင်းချက်တခုဘဲ။ မမညွန့်လဲ စဉ်းစားကြည့်။ မမညွန့်မှာလဲ ရုပ်မရှိတဲ့ ချို့ယွင်းချက်နှင့်ဘဲ” ဟု ပြောလိုက်မှ စကားနောက်ထပ်မဆက်ဘဲ မစောညွန့်သည် မှိုင်နေပြန်လေ၏။ ကိုယ်လုံးပေါ်မှန်ထဲရှိ မိမိရုပ်ကိုသာ စိုက်ကြည့်မိ၏။ ရှက်သွေးများ တက်လာ၏။ ထိုမျှဆိုးသောရုပ်ကို ဖန်တီးလိုက်သော ကံကိုသာ အပြစ်ဆိုနေတော့၏။
“အေးလေ နောက်မှတာ ထပ်ပြောတာပေါ့ ”
“စဉ်းစားလေ။ ကျွန်တော်လဲ ထပ်ပြီး အဲဒီလူအကြောင်း စုံစမ်းထားလိုက်မယ်”
“မင်း စာမေးပွဲအောင်မယ် မဟုတ်လား”
“အောင်မှာ သေချာပါတယ်”
“အောင်ရင် ကျောင်းဆက်နေမယ် မဟုတ်လား”
“ဘယ်နေနိုင်မလဲ မမညွန့်ရယ်” ဟု ပြောပြီး ကုတင်ပေါ်တွင် ဘေးစောင်းအိပ်လိုက်လေ၏။
“အို .. နေနိုင်အောင် ကြိုးစားမှပေါ့ကွယ် .... အသက်ကလဲ ငယ်ငယ်လေးရှိသေးတာဘဲ”
“ဟာ .... မဖြစ်ဘူး မမညွန့်ရယ်။ ကျွန်တော့် မိဘတွေကလဲ ပစ္စည်းက ပျက်နေတယ်။ သူတို့ကို ဒုက္ခသိပ်မပေးချင်ဘူး။ သူတို့လဲ ငွေထောက်နိုင်ဘို့ ခဲယဉ်းတယ်။ မမညွန့် သိသားဘဲ ..” ဝမ်းနည်းသံကလေးဖြင့် ပြောလျှင် မစောညွန့်သည် သက်ပြင်းကြီးချ၍ တွေနေ၏။
“အိုက်လိုက်တာ” ဟုပြောကာ ထွန်းရှိန်သည် ခေါင်းလှဲနေရာမှ ထထိုင်ပြန်သည်။ မစောညွန့်သည် ထွန်းရှိန်အား ယပ်ခပ်ပေးနေလေ၏။
“မင့်အိမ်က တလ ဘယ်လောက် ပေးနိုင်မတဲ့လဲ။ သူတို့ အတတ်နိုင်ဆုံးပေါ့လေ .... ”
ထွန်းရှိန်၏ ဖျော့တော့နေသောစိတ်သည် မျှော်လင့်ခြင်း အငွေ့ ဓာတ်ဖြင့် သန်စွမ်းလာပြန်လေ၏။ ဟာလာဟင်းလင်းဖြစ်နေသော မနောဟဒယဝတ္ထုအိမ်သည် မျှော်လင့်ခြင်းဖြင့် ပြည့်လာပြန်၏။ “အဲ .. ဟန်ပြီ။ ခု ငါ့ကို နေဖြစ်အောင် ကြိုးစားဘို့လဲ ခိုင်းတယ်။ ပြီးတော့ အိမ်က ဘယ်လောက်ပို့မလဲလို့လဲ မေးတယ်။ လိုတာကိုတော့ အင်း ... သူကဘဲ စိုက်ပေးမှာဘဲ ထင်တယ်။ ကုသိုလ်ပေါ့နော်၊ အိမ်ကသက်သာအောင်တော့ ၂ဝိ-လောက်ဘဲ ပို့နိုင်တယ် ပြောမှဘဲနော် ... သူက ၃ဝိလောက် ၄ဝိ- လောက် တလစိုက်ရင်တော့ ဟန်တာဘဲ၊ မစိုက်ရင် သူ စိုက်ချင်အောင် ပိုပြောမှလေလား၊ အိမ်က ၃ဝိ- ပို့မယ်ဆိုရင် သူက ၂ဝိ- လောက်ဆိုတော့ လွယ်လွယ်ကူကူနှင့် စိုက်မှာလေလား၊ ဟာ .. ဟုတ်ဘူးလေ၊ ငါ့ သူ ဒီလောက်ချစ်နေတာဘဲ၊ ၃ဝိလောက်တော့ .. ထောက်ဘို့ မခဲယဉ်းပါဘူး ..” စသည်ဖြင့် တွက်ချက်ပြီးမှ ....
“အိမ်ကတော့ ၂ဝိ- လောက်တော့ ထောက်နိုင်တယ် ..” ဟု လက်ကိုင်ပုဝါဖြင့် မျက်နှာသုတ်ရင်း ဖြေလေ၏။
“၃ဝိ- လောက် မထောက်နိုင်ဘူးလား” ဟု မစောညွန့်က မေးသည်တွင် ... “အင်း သူဈေးဆစ်တာဘဲ။ သူ ၂ဝိ- လောက် ၃ဝိလောက်တော့ ထောက်ချင်တဲ့ လက္ခဏာပါဘဲ၊ ပြောမယ်လေ ... အိမ်က ၃ဝိ- လောက်တော့ ထောက်နိုင်ရဲ့လို့” ဟု စဉ်းစားဉာဏ် ကွန့်မိပြန်မှ ....
“ဟုတ်ကဲ့ ၃ဝိ- လောက်တော့ ကြိုးစားရင် ဖြစ်ကောင်းပါရဲ့ မမညွန့်ရယ် ..” ဟု ညည်းညူစွာ ပြောလေ၏။
"ဒီလောက်ဆို မလောက်သေးဘူးလား” ဟု ခပ်နေသောယပ်ကို ရပ်ရင်း မေးလိုက်လျှင် လမ်းသွားနေရာ နောက်ကကားမှ ကပ်၍ပေးလိုက်သော ဟွန်းသံကို ကြားရသူကဲ့သို့ အလွန်လန့်သွားလေ၏။ ဤမေးခွန်းမှာ မစောညွန့်၏ မသိကြောင်းပြသည့်ပြင် ထောက်ပံ့ရန် သိပ်အာသာမပြင်းလှကြောင်းကိုလည်း သက်သေထုတ်လိုက်သေး၏။
“ဘယ်မှာလောက်မလဲ မမညွန့်ရယ် .. ထမင်းလခက ၂၅-ကျပ်၊ ကျောင်းလခက ၉- ကျပ်၊ ဒါတင်ဘဲ ၃၄- ကျပ် မမညွန့်ရဲ့ ။ အနဲဆုံး ၅ဝိ- ကုန်မယ်”
“ဟေ ... တယ်ကုန်ပါလားကွယ် ... ကျောင်းလခတို့ ..... ထမင်းလခတို့ကလဲ ကြီးလှချေကလား ..”
ယပ်ကို ပြန်ခပ်နေ၏။
“ကြီးတယ် လျော့အောင်ဆိုပြီး သပိတ်မှောက်ကြပါရဲ့ ။ အစက လျှော့မယ်တဲ့၊ ကျောင်းသားတွေ ပြန်ဝင်တော့ ခုထက်ထိ မလျှော့ဘူး မမညွန့်ရဲ့ ။ ကျွန်တော်တို့ ဒီကနေပြီး မှောက်ရတာတွေ နာတာဘဲ ...၊ ငါတို့ဟာ တက္ကသိုလ်ပညာကို ဈေးပေါပေါနှင့် နေနိုင်ရောဘဲ၊ ငါ့အဖေ ငါ့အမေ ဘယ်လောက် ဆင်းရဲ .. ဆင်းရဲ ငါ့လိုလူတွေဟာ ဘယ်လောက် ဆင်းရဲ ဆင်းရဲ ကောလိပ်ပညာကို သင်ရတော့မှာဘဲလို့ တွေးမိခဲ့တယ်။ သပိတ်ခေါင်းဆောင်များကလဲ ကျွန်တော်တို့ကို အဲဒီလိုဘဲ ပြောကြတာဘဲ၊ ပြီးတော့ ...ကောလိပ်ကျောင်းတွေ ကျွန်တော်တို့ ပြည်မြို့မှာတောင် ဖြစ်တော့မလိုကိုး မမညွန့်ရဲ့၊ သူတို့က ဘင်္ဂလားမှာ ကောလိပ် ငါးဆယ်ကျော်ရှိပုံတွေ၊ ဒေလီနယ်မှာ ဆယ့်ခြောက်ကျောင်း ရှိပုံတွေ ဟောပြကြတော့ ... ပြည်မြို့မှာ အဖျင်းဆုံး ..... ကောလိပ်တခုတော့ ဖြစ်တော့မှာဘဲ ... အဲဒီကျောင်းရှိလာရင် ငါဟာ တလ ၉ကျပ်ပေးနိုင်ရင် ကောလိပ်ပညာ ရမှာဘဲလို့ ထင်မိတာပေါ့...။ ဒါကြောင့် ကျွန်တော်တို့ သပိတ်မှောက်တယ်၊ အနစ်နာခံတယ်၊ ခုတော့ဗျာ တယ်မဟန်ပါဘူး ...။ ခေါင်းဆောင်ကြီးတွေက ဝင်ရမယ်တဲ့၊ နစ်နာချက်တွေ ပြန်ရတယ်တဲ့၊ ကျွန်တော်တော့ ဘာမှရတာ မမြင်သေးဘူး ...၊ သို့ပေမဲ့လေ ကျွန်တော်တို့က သူတို့လို ပညာရှိလဲ မဟုတ်ဘူး ...၊ ဥက္ကဋ္ဌတွေ ဘာတွေလဲ ... မဟုတ်ဘူး ...၊ အဲ့ဒီတော့ သူတို့ပိုနားလယ်လို့ ပြန်ဝင်တယ်လို့ သဘောထားရတော့တာပေါ့"
" ပြီးတော့ဗျ၊ မန္တလေးက ကျောင်းသားတွေကမှ ပြန်ဝင်အုံးတော့ ... ဥပဒေပြင်တို့တွေ ဘာတွေ ဆူကြသေးတယ်၊ ရန်ကုန်က ကျောင်းသားကြီးတွေကတော့ဗျာ သမာဓိကြီးတယောက် ကျောင်းအုပ်ဖြစ်လို့ ပျော်ပွဲကျင်းပတယ် ...။ တောင်းတာတွေ ရပြီတဲ့၊ ဆရာတွေကို ဟို သပိတ်မှောက်တုန်းက စွပ်စွဲတာတွေ ပြန်ရုတ်သိမ်းကြရမယ်တဲ့၊ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ကြတာကို မမညွန့်ရဲ့၊ ပြီးတော့ အစည်းအဝေးလုပ်ပြီး လူကြီးတွေ တယောက် တယောက် တိုင်းရေးပြည်ရေးဆဲပွဲကို နားထောင်ကြတယ်။ နာမယ်ကျော်ကြီးတွေကို အင်မတန် အရေးတကြီး ယောက်ျားများဟာ ပိုးထိုက် မပိုးထိုက်ဆိုတဲ့ ပြဿနာကို ဆွေးနွေး ဆုံးဖြတ်စေတယ်ဗျ။ ကျွန်တော်တို့ကိုတော့ မေ့နေပါပြီဗျာ ...... ကျွန်တော်တို့နှင့် တက္ကသိုလ်နှင့်တော့ ဝေးပါသေးတယ်။ ပိုက်ဆံရှိတဲ့ လူအချို့ကလဲ ဆယ်တန်းအောင်လို့ အေလစ်ကမအောင်ရင် တက္ကသိုလ်မသွားရပြန်ဘူးတဲ့ မမညွန့်ရဲ့။ ကျွန်တော်တို့တော့ ဆင်းရဲလို့ မမှီတဲ့ပန်း တုံးခုပြီး မလှမ်းဝန့်ဘူး” ဟု ဝမ်းနည်းစွာ ပြောလေ၏။
“ကွယ် ... စိတ်မပျက်ပါနှင့်။ ကြိုးစားပါ ... သွားနိုင်အောင် ကြိုးစားမှပေါ့ .... မင်းအမေကို တို့များ ကြည့်ပြောအုံးမယ်” ဟူသော စကားကို ကြားရသော ထွန်းရှိန်သည် ကောင်းကင်ရှိ မှိတ်တုတ် မှိတ်တုတ်နှင့်နေသော ကြယ်ကလေးကို ကြည့်နေရသကဲ့သို့ ရှိလေသတည်း။
------------------------------------
#သိန်းဖေမြင့်
အပိုင်း ၆ ဆက်ရန်
Comments