Skip to main content

ခြောက်ပြစ်ကင်း

"တောင်ပိုင်း"

သမီးသည် ရေအိုးစင်၌ ရေသောက်ပြီး ဖန်ထွတ်ကို အစွန်နားတွင် တင်ထားခဲ့၏။ နောက် မောင်ငယ်က ရေသောက်မည်ဟု ဖန်ခွက်ကို ကိုင်လိုက်ရာ အစွန်အနားတွင်ဖြစ်၍ ချွတ်ချော်ကာ ဖန်ခွက်ကျခွဲလေ၏။

သား။ “ဟောဗျာ၊ ဖန်ခွက်ကွဲသွားပြီ၊ ကွဲမှာပေါ့၊ မမကိုယ်က အင်မတန် ပေါ့ပေါ့ဆဆနိုင်တာ၊ ဖန်ခွက်ကို အတွင်းကျကျ နေရာရောက်အောင် မထားခဲ့ဘူး၊ ကြည့်ပါလား၊ ဒီအစွန်အဖျားကလေးမှာမှ တင်ထားခဲ့တယ်။ ဒီက ယူမယ်လို့ လုပ်ရုံရှိသေးတယ်၊ ကျသွားတာပေါ့။ မမရဲ့အပြစ်ပဲ-သိရဲ့လား” (မျက်စောင်းထိုး၍ ပြောသည်။)

သမီး။“သြော်- သြော်၊ ဟုတ်ကလား၊ အဉ်း-တယ်တော်တဲ့ မောင်ကလေးပဲ၊ မင်း- ပျာလောင်ခတ်လုပ်ပြီး မိမိရရ မကိုင်လို့ ကျကွဲတာကို ငါ့ကို အပြစ်ချသလား။ ငါထားခဲ့တာ ဘာမှမဖြစ်ဘူး။ မင်းနန့်ပျာပျာလုပ်လို့ ကွဲရတာ-သိရဲ့လား။”

(ထို့နောက် အလယ်ခန်းတွင်ထိုင်၍ ဆေးလိပ်သောက်ကာ နားထောင်ကြည့်ရှုနေသော အမိ ဘက်သို့လှည့်၍)“ဒီဖန်ခွက် ကွဲရတာဟာ အမေလည်း အပြစ်မကင်းဘူး။ မနက်က ဦးပဉ္ဇင်းလာလို့ အမေကဗီရိုထဲက ဒီဖန်ခွက်ကို ထုတ်ပြီး ရေကပ်တယ်၊ ရေကပ်ပြီး သူ့နေရာကို ပြန်ရောက်အောင် မထားပဲနဲ့၊ ရေအိုးစင်မှားထားလို့ ဖြစ်ရတာ။ ဒီဖန်ခွက်ဟာ ဧည့်သည်များ၊ ဘုန်းကြီးများအတွက်တယ်ဖို့၊ ကပ်ဖို့ သတ်သတ်ထားတာ၊ အဲ့ဒါ အမေက ဘုန်းကြီးကို ကပ်ပြီး၊ သူ့နေရာမှာ ပြန်မထားလို့ ဒီလို ကွဲရတာ၊ အမေလည်းအတော်ခတ်တာပဲ” နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နှင့် ပြောသည်။)

အမိ။ “အဉ်း- တယ်တော်ကြတယ်။ ညည်းက အစွန်မှာ တင်ခဲ့တယ်၊ မောင်လုပ်တဲ့ လူက နန့်တန့်တန့်သွားလုပ်တော့ ကျကွဲတယ်၊ ငါ့ကို အပြစ်ချသလား၊ ကိုယ်အသုံးမကျတာကို မကြည့်ဘဲနဲ့၊ သူများအပေါ်မှာ တယ်အပြစ်ချတတ်ကြတယ်။

ညည်းတို့အမျိုးကိုက မကောင်းတာ၊ ညည်းတို့မှာ ငါ့သား၊ ငါ့သမီးပေတဲ့၊ ငါ့သွေးတစ်စက်မှမပါဘူး၊ ညည်းအဖေ့သွေးချည်းပဲ-သိရဲ့လား။ ခုဖန်ခွက်ကွဲတာလည်း ညည်းအဖေဟာ တရားခံအစစ်သိရဲ့လား၊ ငါက နှီးခွက်ချောချော ဝယ်ခဲ့ပါလို့ မှာလိုက်တယ်။

နှီးခွက်ကို မဝယ်ဘဲနဲ့ ဖန်ခွက်ကိုမှ ဗိုလ်ဆန်တယ်ဆိုပြီး ဝယ်ခဲ့တာကလားအေ့၊ ကတဲ-ဗိုလ်ဆန်ချင်လိုက်တာ။ ဗိုလ့် ယောက်ဖလား၊ ဗိုလ့်ယောက္ခမလား မပြောတတ်တော့ပါဘူး”ဆို၍ ဆောင့်ကြောင့်ထိုင်ကာ ဆေးပေါ့လိပ်ကို ခပ်ဆက်ဆက်ဖွာပြီး တဖက်သို့ မျက်နာလွှဲနေသည်။

ထိုအခါ ခေါင်းရင်းခန်းတွင် ကွမ်းစားနေသော အဖေက စောင့်ငဲ့ကြည့်၍ “အင်း-ခြောက်ဖြစ်ကင်း ရဟန္တာတွေ၊ ရဟန္တာတွေမတွေနဲ့ ငါတွေ့ကြုံရတာဟာ ငါ့ကုသိုလ်ထူးတာပဲ။ တစ်ယောက်က နေရာမှာပြန်မထားဘူး၊ တစ်ယောက်က အစွန်မှာတင်ခဲ့တယ်၊ တစ်ယောက်က ကမြင်းတင်းတင်း သွားလုပ်တယ်၊ ဒါနဲ့ ဖန်ခွက်ကွဲတာကို ငါဝယ်ခဲ့တဲ့လူကို အပြစ်တင်သလား။

ဒီလိုတင်မယ့်တင်ရင်လည်း ငါ့ကိုချည်း မတင်နဲ့၊ ဟိုရောင်းတဲ့ ကုလားကိုလည်းတင်ဦး။ ပြီးတော့ ဖန်ခွက်လုပ်တဲ့ အဲဟိုဘိလပ်က ဗိုလ်ကိုလည်းတင်ဦး။ ဒါမှ တရားမှာ မ' ခြောက်ပြစ်ကင်းတို့ရဲ့။ ဘယ့်နှယ်ဗျာ၊ ချောချောမွှတ်မွှတ်၊ ကြည်ကြည်လင်လင် သုံးစွဲကြပါစေလို့ ဝယ်ခဲ့တာကပဲ။

ဟိုဒင်းပြောတာလို နင်တို့လား နင်တို့လေ၊ ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီးဘူးဟဲ့နော်၊ မှတ်ထား။ နင်တို့ တစ်ယောက်မှမကောင်းဘူး သိရဲ့လား၊ အိတ်သဟာတွေ မြဆလိတွေ၊ များလား များရဲ့။ ဒေါသဏ စေတသိပ်တွေ များလား များရဲ့။ နင်တို့တော့ သံဂရာမှာလေ ဒုတ်စလိုက် ဗလပြစ်နဲ့ မျောနေဦးမှာ၊ ငါမြင်ယောင်လိုက်လှသဟယ်-ထွီ–”

အမိ။“အောင်မယ်-ရှင်က၊ စာသံတွေ ပေသံတွေ လုပ်မနေပါနဲ့၊ ပိဋကတ်အိုးကွဲကြီးရဲ့၊ ကတဲ လူကဖြင့် သူ့သားရဲ့ ငါးတန်း၊ခြောက်တန်း ဖတ်စာကိုတောင်မှ စာလုံးပေါင်းပြီး ဖတ်ရတဲ့လူက လားလား ဟန်ကြီး ပန်ကြီး ပါဠိတွေ,ပါဠက်တွေနဲ့ သူပြောတဲ့ဟာတွေကလည်း တို့ကြားဖူးတာနဲ့ မတူပါဘူး”

သမီး။ ဟုတ်ပါရဲ့ အဖေကလည်း အင်မတန်ဂွကျတယ်၊ ရယ်စရာလည်းကောင်းတယ်၊ စာလည်းမတတ်ဘဲ နဲ့ ပါဠိတွေ သုံးချင် လိုက်တာ၊ ပီလည်း မပီဘူး။ ဣဿာ,မစ်ဆရိယ,ဒေါမနဿ,စေတသိက်,သံသရာ, ဒုစရိုက်လို့ခေါ်မှ မှန်တယ် အဖေရဲ့ သိရဲ့လား”(မျက်နာကို မော့မော့ထား၍ ခပ်ကြွားကြွာ ပြောသည်။)

အဖေ။ “အေးပါလ,ဗျာ၊ ခင်ဗျာလိုတော့ ဟိုရွာဖျားက ရွှေမျက်မှန်နဲ့ ဦးပဉ္ဇင်းကလေး ဆီမှာ ကျုပ်က သင်ဂြိုဟ်မတတ်ရဘဲကိုး ခင်ဗျာ့လောက်တော့ဘယ်ပီမလဲ” ဟု ငေါ့လိုက်လေ၏။

သား။ “အစစ်ပဲ၊ မမ စာတတ်တဲ့ ဦးပဉ္ဇင်းက စပ်ဖြဲဖြဲနဲ့၊ စာတတ်ရတာကတော်တော်ရယ်၊ နှစ်ယောက်သား ဟားတိုက်နေတာကများတာပဲ၊ ပြီးတော့လည်း မမက စာတတ်သွားတာတဲ့ လိမ်းလို့ဖီးလို့ကြော့နေတာပဲ”

အမိ။ “နို့-မင်းကကော၊ အရွယ်နဲ့ မလိုက်ဘဲ လူပျို လုပ်ရတာနဲ့ အခုစာမေးပွဲကျတာနှစ်နှစ် ရှိပြီမဟုတ်လား”

သမီး။“ ဟေ့- မင်းတွေ့ကရာတွေ အရမ်းမပြောနဲ့၊ ငါ–”

သား။ “အောင်မယ်၊ ဘာပြုလို့ မဟုတ်ရသလဲ။ ဟိုတစ်နေ့က—ဘာလဲ–”

အမိ။ “အလို မဟိုဒင်း၊ ညည်းက ကျောင်းကြီးဖျက် လုပ်မလို့လား၊ ကဲကဲ ညည်းအလုပ်တွေ ပြတ်တော့ကြာရင်–”

ထိုအခါ အဖေက ဝင်၍ “နင်တို့ဟာတွေ ကြားရတာ ငါနားရှက်လှသဟယ်”ဆို၍ အပြင်သို့ ထွက်သွားလေ၏။
ဤသို့လျှင် သားအမိ သားအဖ လေးယောက်၊ ငေါ့လိုက် စောင်လိုက်နှင့် “ခြောက်ပြစ်ကင်း” ဇာတ်ကို ခင်း၍ နေကြလေသတည်း။

#မြောက်ပိုင်း

အထက်ကကဲ့သို့ ဖန်ခွက်ကွဲသော ဇာတ်ဖြစ်၏။ သို့ရာတွင် ကပြပုံ ပြောဆိုပုံ စာသားတို့မှာ ခြားနား၏။

သား။ “အောင်မယ်လေး,မမရေ၊ ဖန်ခွက် ကျွန်တော့်ကြောင့် ကွဲသွားပြီ၊ ကျွန်တော်က မိမိရရ မကိုင်လိုက်မိဘူး။ ကျွန်တော် မဟန်ဘူးဗျာ”

သမီး။ ဟဲ့ဟဲ့-မောင်ကလေးရဲ့၊ မင်းအပြစ် မဟုတ်ဘူးကွဲ့၊ ငါ့အပြစ်။ ငါက အစွန်မှာ ထားခဲ့မိတယ်။ မှန်း မှန်း၊ မင်းဖယ်စမ်း၊ မင်းကို ဖန်ခွက်ကွဲတွေစူးကုန်လိမ့်မယ်။ မမကောက်လိုက်ဦးမယ်။ ငါကိုယ်က ပေါ့ပါသကွယ်”ဆို၍ ဖန်ခွက်တို့ကို ကောက်နေသည်။

မောင်ငယ်က တံမြက်စည်းနှင့်ထည့်စရာတို့ကို ယူပေး၍ အနားက ကူညီရန် စောင့်နေသည်။

အမိက ဝင်တဲ့၍“ဟဲ့ မယ်သင်ရဲ့ ညည့် အပြစ်မဟုတ်ဘူး ငါ့အပြစ်အေ့-ငါ့အပြစ် သိရဲ့လား၊ ဘုန်ကြီးကို ရေကပ်ပြီး ဖန်ခွတ်ဗီရိုထဲ ပြန်မထည့်မိဘူး ငါကလည်း မေ့တတ် လျော့တတ်လိုက်တာ လွန်ရော ဟေ့၊ ကဲကွယ်၊ ကွဲတာ ကွဲတာပေါ့။ ကွဲရင် အသစ်ရတာပေါ့”ပြုံရယ်၍ပြောလိုက်သည်။

ထိုအခါ ခေါင်းရင်၌ စာကြည့်နေသော အဖဖြစ်သူကလည်း စာအုပ်ကိုချ၍ “ဟေ့ ဒီမှာ ငါသားဟာ နမော် နမဲ့ မဟုတ်ဘူး၊ ငါ့သမီးလည်း သတိကောင်းတာပဲ၊ ညည်းကလည်း မအားလို့ ပြန်မထားဖြစ်တာ။

အပြစ် မူလက ငါဖြစ်တယ် ထိရင်ကျရင် မခံတဲ့ ဖန်ခွက်ကို ဝယ်ခဲ့မိတာကိုးကွဲ့။ ကိုင်း-ဘာမှ ပြောမနေနဲ့ ငါ့ဆေးလိပ်ဖိုးထဲကစိုက်ပြီး ငါ နှီးခွက်အသစ် ဝယ်ချေမယ်။ ဟို မယ်ညို့ဆိုင်မှာ အသစ်တွေရောက်နေတယ်” ဆို၍ နှီးခွက်ဝယ်ထွက်သွားလေ၏။

(ဖြစ်ရပ်တစ်ခုတည်းပေါ်မှာ တုန့်ပြန်ပုံခြင်း ကွာခြားတဲ့ မိသားစုနှစ်စုကို ယှဉ်ပြထားတဲ့ဦးဖိုးကျားရဲ့ ၀တ္ထုလေးပါ )

သင်ကော..တောင်ပိုင်းလော… ? မြောက်ပိုင်းလော.. ?

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...