လင်ဆို၍ တခါဘူးမှ မတခါဘူးသော အပျိုကြီး မစောညွန့်
မစောညွန့်ကား ပစ္စည်း လွန်စွာချမ်းသာသည်။ သူ၏ဘခင်မှာ ရှေးမြန်မာမင်းများ လက်ထက်တော်က မြို့သူကြီးဖြစ်၍ ကွယ်လွန်သောအခါ တဦးတည်းသောသမီး မစောညွန့်အတွက် ရွှေ့ပြောင်းရသောပစ္စည်း လေးသိန်း တန်ဘိုးမျှနှင့် လယ်ဧက တထောင်ကျော်မျှ အမွေပေးခဲ့လေသည်။ မစောညွန့်မိခင်မှာ မစောညွန့် ငယ်ငယ်ကပင် ကွယ်လွန်သော်လည်း မြို့သူကြီးမင်း ဦးဘိုးလူသည် နောက်ထပ် အိမ်ထောင်မပြုဘဲ လက်ရှိအလုပ်ဖြစ်သည့် ချိတ်ကုန်တိုက် ကုန်ကူးခြင်း၊ ငါးပိလှောင်ခြင်း၊ ငွေတိုးပေးခြင်း၊ မြေမှန်းငွေတိုးပေးခြင်း၊ မြေပေါင် အိမ်ပေါင်ခံခြင်း တို့ကိုသာ ဆက်လက်လုပ်ကိုင်နေလေ၏။ ချိတ်ကုန်တိုက် ကုန်ကူးခြင်းနှင့် ငါးပိလှောင်ခြင်းအလုပ်ကိုမူ မစောညွန့်ကို လုံးဝလွှဲထားခဲ့ရာ သမီးဖြစ်သူမှာ ဘခင်က ငွေရအောင် ရှာတတ်သောအစွမ်းနှင့် မိခင်ထံမှ စေးနဲစစ်စီသော အလေ့ကို အမွေခံယူပြီးဖြစ်သဖြင့် အလုပ်များမှာ ဆထက်တပိုး တိုး၍သာ လာလေ၏။ ဦးဘိုးလူ လူ့ပြေ မနေ စုတေ၍သွားသည့် နောက်မှာလည်း ဤတာဝန်အလုပ်များကို ကျေပြွန်စွာ ဆောင်ရွက်လာသည်မှာ ကြာမြင့်လေပြီဖြစ်ရကား ခုနေအခါ မစောညွန့်သည် သိန်းပေါင်းများစွာ ပိုင်ဆိုင်လိုက်ပြီဟု အများက ယူဆကြလေ၏။
မြို့သူကြီး ဦးဘိုးလူမှာ စစ်ကိုင်းမြို့တွင် ဘွား၍ မန္တလေးမြို့တော်တွင် လူလားမြောက် ပညာတတ်သူဖြစ်ရကား ဘာသာတရားကို ကိုင်းရှိုင်းသည့်ပြင် ဘုရားစာ တရားစာများကို အမြဲလေ့လာသူတဦး ဖြစ်လေသည်။ ၄၏သမီးကိုလည်း သီလရှင် ဒေါ်မေဓာထံတွင် စာသင်စေပြီးနောက် ၄ကိုယ်တိုင် လောကနီတိ၊ သဂြိုဟ်ကိုးပိုင်း၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ကိုးကြောင်း ဂဏန်းတွက်နည်းများကို ရှေးရှေးက ထုံးစံအတိုင်း သင်ပေးလေ၏။ မစောညွန့်မှာ စာတတ်တယောက် ဖြစ်သည့်ပြင်၊ အကျင့်စာရိတ္တကောင်းသူ မိန်းမလိမ္မာတဦး ဖြစ်လေသည်။ မစောညွန့် ဘခင် ကွယ်လွန်သော်လည်း သီလရှင်များကို အိမ်ပင့်၍ စာတက်လေ့ရှိ၏။
ညညတွင်လည်းကောင်း၊ မနက် ဆိုင်မဖွင့်မီတွင်လည်းကောင်း၊ ဆိုင်ဈေးဝယ်ပါးခိုက်တွင်လည်းကောင်း၊ ဥပုသ်နေ့များတွင်လည်းကောင်း စာအမျိုးမျိုး ဘတ်လေ့ရှိ၏။ ပုတ္တောဝါဒ၊ လောကသာရ စသော ဆုံးမစာများလည်း ပါ၏။ သဂြိုဟ်သံခိပ်၊ ဓမ္မစကြာ အမေးအဖြေ၊ ကျောင်းသုံး မြန်မာသဒ္ဒါ၊ ကိုးခန်းပျို့၊ ဒေသနာမဉ္စရီယပ်လှဲ၊ သာဓုသုနြ္ဒီယပ်လှဲ၊ ပဉ္စသီခယပ်လှဲ၊ အနဂ္ဃသာရမဉ္စရီ ယပ်လှဲ၊ ထေရီဘာသာပြန်၊ ဓမ္မပဒ စသော စာအုပ်ကြီး စာအုပ်ငယ်တွေကို တွေ့တိုင်း အားတိုင်း ဘတ်လေ့ရှိ၏။ ဒေသနာမဉ္စရီ ယပ်လှဲနှင့် သာယာဝတီ ဦးညေယျ၏ ယပ်လှဲတရားများကို အကြိုက်ဆုံး သဘောအကျဆုံး ဖြစ်သဖြင့် အကြိမ်ကြိမ် အခေါက်ခေါက် ဘတ်လေ၏။
ဥပုသ်နေ့တိုင်းလည်း အိမ်မှာဖြစ်စေ၊ ဖိုးဦးတောင်သွား၍ဖြစ်စေ၊ နိဗ္ဗိန္ဒချောင်ကိုသွား၍ဖြစ်စေ သီတင်းသီလ စောင့်၏။ အလှူအတန်းကိုကား အကြီးအကျယ်မပေး။ အဖိတ်နေ့များတွင် သီလရှင်များကို ကြေးဇွန်းကြီးနှင့် ဆန်တဇွန်းစီ လောင်း၏။ နှစ်စဉ် ပထမပြန် စာမေးပွဲတွင် တကြိမ်၊ ဘခင်ကြီးကွယ်လွန်သောနေ့တကြိမ်၊ မိမိမွေးနေ့တကြိမ်၊ ပေါင်းသုံးကြိမ် သံဃာတော်များကို ဆွမ်းကျွေးလေ့ရှိ၏။ ပစ္စည်းဤမျှ ချမ်းသာသော်လည်း အိမ်ကောင်း တိုက်ကောင်း ဆောက်၍မနေချေ။ လွန်ခဲ့သော အနှစ် နှစ်ဆယ်လောက်က အပေါင်ဆုံးသော တိုက်တလုံးတွင် ယခုတိုင် နေလေသည်။ ထို့ကြောင့် ပြည်မြို့ ရွှေလက်လှလမ်းတွင် ရှိသော အိုမင်းမစွမ်းရှိ၍ ဘေးနံရံတို့၌ ရေညှိစိမ်းများ တက်နေသော အင်္ဂတေ အဖါ အထေး အမာရွတ် ပေါများသော သံတိုင်တထပ်၊ သစ်သားတံခါးတထပ်၊ သွတ်ပြား ကပ်အပ်သော တံခါးတထပ်၊ သုံးထပ် သုံးတံခါး ပိတ်လျက်ရှိနေတတ်သည့် အပေါက်များဖြင့် ပြည့်
သော မန်ကျည်းပင်ကြီးများ အုပ်လျက်ရှိနေသော တိုက်ဘူတာကြီးကား မစောညွန့်နေထိုင်ရာ ဂေဟာကြီးဖြစ်လေသည်။
မစောညွန့်သည် ပြည်မြို့တွင်သာမက၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ပုတီးကုန်း၊ အောင်လံ၊ သရက်၊ မင်းတုံးတို့၌ပင် နာမည်ကျော်ကြား၏။ ပစ္စည်းပေါသောကြောင့် လည်းကောင်း၊ စာတတ်သောကြောင့် လည်းကောင်း၊ အကျင့်သီလ ပြည့်စုံသောကြောင့်လည်းကောင်း၊ ချွတောစစ်စီသောကြောင့်လည်းကောင်း ဘက်မရှိဟု ဆိုရလောက်အောင် သတင်းလွင့်နေလေ၏။ ထို့ပြင် ယခု အသက် လေးဆယ့်လေး(၄၄) တိုင်အောင် အိမ့်ရှင်ခင်ပွန်း မရှိသေးသောကြောင့်လည်း ထင်ရှား၏။ “လင်ဆို၍ တခါဘူးမျှ မတခါဘူး” သည့်ပြင်၊ ရီးစားထားသည် ဟူ၍လည်း မည်သူမျှ မကြားဘူးကြပေ။ ထို့ကြောင့်ပင် ကျော်ကျော်ပလေစေ။
မစောညွန့်၏သတင်းမှာ သည်မျြှဖင့် မရပ်သေး။ အဆိုပါ ဂုဏ်အရည်အခြင်းတွေထက် ထူးကဲ၍ထွက်သော အရည်အခြင်းကား မစောညွန့်၏ရုပ်ပင်ဖြစ်လေသည်။ မစောညွန့်ကား ပုပုပျပ်ပျပ်၊ ဝဝထိုင်းထိုင်း၊ အသားမဲမဲ ဖြစ်၏။ မျက်လုံးကား မျက်ရစ်အကာအရံ မရှိသော တွင်းဝမှာ လူကြောက်တတ်သည့် ယုန်သူငယ်ကဲ့သို့ အလင်းရောင်လောကဓာတ်ကို ကြောက်ဘိသည့်အလား မထွက်ဝံ့ ထွက်ဝံ့နှင့် ပြူပြူကလေး ထွက်နေလေ၏။ နဖူးကား မောက်၊ နှာယောင်ကား ကောက်၊ မည်းနက်သော ပါးများမူ ဖောင်းမို့မို့ပင် ဖြစ်ပါ၏။ နံနက်စဉ် မီးသွေးနှင့်တိုက်သောကြောင့် ဖြူဆွတ်သောသွားကား ရှိပါ၏။ တိုတောင်း၍ မှဲ့များဖြင့် ပြည့်အပ်သော လည်တန်သည်ကား အဆိုပါ လက္ခဏာတို့၏ ခိုအောင်းရာ ခေါင်းနှင့် ကိုယ်ခန္ဓာကို ဆက်သွယ်ထားလေ၏။ ထို့ကြောင့် အရုပ်ဆိုး အကျည်းတန်ရာ၌ကား မစောညွန့်သည် မည်သူ့ကိုမျှ ပထမ မထားပေ။
အဆင်အပြင်မှာမူ လှချင်သောစိတ်ထက် ချွတောချင်သောစိတ်က အားကြီးနေသဖြင့် အညာကရသော သနပ်ခါးကို လိမ်း၊ တခါတရံ သွားစရာ လာစရာရှိပါမှ မှိုင်းဝေဝေ ပေါင်ဒါကိုတို့၊ အုံးဆီကိုလိမ်း၍သာ နေရကား သူနှင့် များစွာ ဖီလာဆန့်ကျင်ကျမည့် မျက်ခုံးရောင်၊ ဆေးနီရောင်၊ ပေါင်ဒါရောင်၊ ဆီမွှေးနံ့တို့မှ ကင်းလှပေ၏။ ဆံထုံး ထုံးကလည်း ခပ်သေးသေးပင်၊ စဉ့်အိုးပေါ်တွင် ကျောက်ကာခွက် တင်ထားသလိုသာ ထုံးလေ့ရှိ၏။ အဝတ်ခံသော ရွှေတောင်လုံချည်၊ ယောထမီများကိုသာ ဆင်ပေ၏။ တခါတရံ ပန်းထိုးအင်္ကျီများကို ဝတ်လေ့ရှိ၏။ သာရေဂွင်းထိုးဘိနပ်မှာ သူအကြိုက်ဆုံးသော ဘိနပ်ဖြစ်ပေ၏။
မြစ်ရေကလည်း ကြီး၊ မိုယ်းကလည်း သည်းစွာရွာသည်ကို အခြေပြု၍ စဉ်းစားသော် မိုဃ်းရွာသည်ပင် မြစ်ရေကြီးခြင်း၏ အကြောင်းရင်းဟု ယူဆဘွယ်ရှိသကဲ့သို့ အသက်လေးဆယ့်လေးနှစ်တိုင်အောင် အပျိုကြီးဖြစ်နေခြင်းနှင့် အရုပ်ဆိုးခြင်းသည် တခုက အကျိုး၊ တခုက အကြောင်းဖြစ်သည်ဟု ဆုံးဖြတ်ရန် လမ်းရှိပေသည်။ သို့သော် မိုယ်းရွာရုံဖြင့် မြစ်ရေမကြီး၊ မြစ်ဖျား၌ အလျှင်က မိုဃ်းများမှသာ မြစ်ရေကြီး နိုင်သကဲ့သို့ မစောညွန့်တွင် အပျိုကြီး ဖြစ်ရှာရသော အခြားအကြောင်းတွေလည်း ရှိပေသေး၏။
အပျိုဖြစ်သည်ကစ၍ အသက်နှစ်ဆယ့်သုံးနှစ်အရွယ် ဘခင်ကြီး သေလွန်သည့်တိုင်အောင် ဦးဘိုးလူကို ရိုသေ ကြောက်ရွံ့ကြသဖြင့် မစောညွန့်ကို ပိုးချင်သူတို့က မပိုးရဲ၊ မစောညွန့်ကလည်း ခပ်တည်တည် နေခဲ့သောကြောင့် ဘယ်သူဘယ်ဝါနှင့်မှ ရီးစားမဖြစ်ခဲ့ဘဲရှိ၏။ လူကြီးမိဘ စပ်လာ ဟပ်လာကြသူတွေ အတော်များပေ၏။ ဦးဘိုးလူကား လုလင်၏အမျိုးအရိုးကို စစ်ဆေး၍ ပယ်၏။ မစောညွန့်က လင်လောင်း၏ရုပ်ရည် အရည်အချင်းကို ကြည့်ပယ်၏။ တခါက မန္တလေးမြို့နေ ဦးဘိုးလူ၏ ကျောင်းနေဘက် သံတော်ဆင့်မင်း ဦးမြတ်ထွန်း၏သားနှင့် အကြောင်းစေ့စပ်လေ၏။ ဦးမြတ်ထွန်းက မိမိသားကို ဘိလပ်ရွှေမြို့တော်သို့ ပညာသင်လွှတ်ရမည်ဟု အရေးဆို၏။ ဦးဘိုးလူက ဘောက်မဲ့ ပညာသင်လွှတ်မလဲ သံတော်ဆင့်မင်းရယ်၊ ပညာတတ်လဲ ဘာထူးတာမှတ်လို့၊ ဘယ်အလုပ်မှ မလုပ်စေချင်ဘူး၊ ပြီးတော့ သူငယ်ချင်း ...... ရိုးရိုးပြောရမှာဖြင့် တော်တော်ကြာ ကိုရင့်သားက ဘိလပ်မြို့က ပြန်လာရင် တခြားမိန်းမ ယူသွားရင် ကျုပ်တို့မှာ ရင်မကျိုးပေဘူးလား။ ကျုပ်သမီးမလဲ ကောလို့၊ ကျုပ်မလဲ ဟန်မကျပါဘူး သံတော်ဆင့်မင်းရယ် ဟု ငြင်းပယ်သောကြောင့် အကြောင့်စေ့ ဆွဲသော်လည်း ပေါင်း၍မတွဲရဘဲ ၄နေ့က ကွဲကြလေ၏။
ဦးဘိုးလူ မရှိသည့်နောက်လည်း မစောညွန့်မှာ စဉ်းစားတတ်သော အရွယ်ရောက်ပြီဖြစ်သဖြင့် စာပေးစာယူ ချိန်းဆိုစကားပြော လူလွှတ်၍ လက်ဆောင်ပေး ... စသောအမှုများကို မလုပ်ခဲ့။ အရှိန်က ကြီးလှသဖြင့် တော်တော့လူကလည်း မကပ်ဝံ့။ အချို့ ပညာတတ် လူကြီးလူကောင်းသားများကို မစောညွန့်ကလည်း သဘောကျ၊ သတို့သား မိဘများကလည်း ထောက်ခံသော်လည်း ကာယကံရှင် သတို့သားက မေမေတို့ချွေးမကို ဂမ္ဘီရုပ်စွပ်ပေးရင်ဖြင့် ယူနိုင်မလား မပြောတတ်ဘူး ဟု စည်းကမ်းချက် ထိုးပြန်သဖြင့် မစောညွန့်မှာ လင်လိုချင်စိတ်ကို ပုတီးစိပ်ရင်း မျိုသိပ်ထားရပြန်လေ၏။
တခါက စက်ပိုင်ရှင် မုဆိုးဖိုတယောက်က လာ၍ စေ့စပ်လာ၏။ ထိုစက်ပိုင်မှာ မုဆိုးဖို ဖြစ်သော်လည်း မစောညွန့်ထက် ငါးနှစ်မျှသာကြီး၏။ လူရည်လဲ သန့်၏။ သမာဓိရှိ၍ ရိုးသား၏။ အကြံကြီးသူတယောက်ဖြစ်၍ မစောညွန့် ပစ္စည်းနှင့် ဘီစကွတ်မုန့်စက်တလုံး တည်ချင်၍သာ မစောညွန့်ကို ချိန်၏။ မစောညွန့်ကား ထိုစက်ပိုင်ရှင်ကို တော်တော်ပင် လိုလား၏။ “ကောင်းတော့ ကောင်းပါရဲ့ ... သူ့မယားကြီးက ကလေး ၅-ယောက် ကျန်ရစ်တယ်ဆိုပါကလား၊ ကလေး ၅ယောက် တာဝန်ဆိုတာ နဲတာမဟုတ်ဘူး၊ သမီးကလေးတွေကို ဆင်ရမှာတွေ၊ သားကလေးတွေ ကျောင်းထားရမှာတွေ တာဝန်ကြီးသားကလား” ဟု စဉ်းစားမိပြန်သဖြင့် ထိုတချက်လည်း လွဲပြန်လေ၏။
မစောညွန့်ကား ... လောကတွင် ယောက်ျားပေါ၍ လင်ရှားသည်ကို ကောင်းစွာသိနေသူ ဖြစ်လေ၏။ သူလိုချင်သောလင်ကား ပထမဦးစွာ ရုပ်ချောဘို့ အရေးကြီး၏။ ကိုယ်တိုင်က အရုပ်ဆိုးသလောက် ရုပ်ချောသူကို မက်၏။ မသောက်မစား၊ မကစားတတ်သူလည်း ဖြစ်ရဦးမည်။ အကျင့်စာရိတ္တ လွန်စွာကောင်း၍ ရိုးသားရမည်။ အရွယ်ကလည်း သူ့ထက်ကြီးရင် နဲနဲသာ ကြီးစေရမည်။ ပစ္စည်းလည်း အသင့်အတင့် ရှိရဦးမည်ဟု မစောညွန့်သည် လိုလားတောင့်တအပ်သော လင်အတွက် အရည်အခြင်းများ ပြဋ္ဌာန်းလေ၏။ ထိုလင်မျိုး မရက မယူဘူးဟု စိတ်ထားဖြင့် လင်ရွေးခဲ့သည်မှာ အနှစ် နှစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ကံမပေါ်နိုင်သေးသဖြင့် စိတ်လျှော့စပင် ပြုလာတော့လေသည်။
----------------------------
#သိန်းဖေမြင့်
အပိုင်း ၅ ဆက်ရန်
Comments