Skip to main content

နားမလည်ခြင်းဒိုင်ယာရီ မင်းလူ

ဦးနှောက်ဆိုသည်မှာ ရက်စွဲ တပ်ထားခြင်း မရှိသော ဒိုင်ယာရီ တစ်ခုပင် ဖြစ်သည်ဟု ကျွန်တော်က ထင်သည်။ 
 ဦးနှောက်သည် ဘ၀တွင် ဖြစ်ပျက်ခဲ့သော အတွေ့အကြုံတို့ကို မှတ်တမ်းတင်သည်။ ၀မ်းနည်းစရာ၊ ၀မ်းသာစရာ၊ ပျော်ရွှင်စရာ၊ နာကျည်းစရာ၊ ဒေါသဖြစ်စရာ၊ ကြည်နူးစရာ မျိုးစုံအောင်ပင်။ ဤသို့မှတ်တမ်းတင်ရာတွင် ဒိုင်ယာရီကဲ့သို့ ရှေ့နောက် အစီအစဉ်အတိုင်းတော့ မဟုတ်ချေ။ လောလောလတ်လတ် မှတ်ထားသော အကြောင်းအရာထက် လွန်ခဲ့သော နှစ်ပေါင်းများစွာက အဖြစ်အပျက်ကို ပို၍ စွဲစွဲလန်းလန်း မှတ်မိချင် မှတ်မိနေတတ်သည်။ 
 ထူးခြားသော အရေးကြီးသောကိစ္စဆို ပို၍ မှတ်မိတတ်သည် မှန်သော်လည်း တစ်ခါတလေကျတော့ ဘာမှ အရေးမပါသော အသေးအဖွဲ ကလေးတစ်ခုကို မှတ်မှတ်သားသား ဖြစ်ချင်ဖြစ်နေတတ်သည်မှာ ထူးဆန်းသည်ဟု ဆိုရမည်။ ဘာမဟုတ်သည့် စကားလေးတစ်ခွန်းကို တိတိကျကျ မှတ်မိနေတာမျိုးလည်း ဖြစ်တတ်သည်။ အထူးသဖြင့် ငယ်စဉ်ကာလက အဖြစ်အပျက် အကြောင်းအရာတို့သည် မမေ့မလျော့ဘဲ ရှိနေတတ်လေသည်။ ကလေးဘ၀တွင် အတွေ့အကြုံ အတော်များများမှာ အသစ်အဆန်းတွေ ဖြစ်လေ့ ရှိသည်။ နားမလည်တာတွေလည်း အများကြီးရှိသည်။ အသက်ကြီးလာတော့မှ ငယ်ငယ်က နားမလည်ခဲ့တာတွေမှာ ရယ်စရာလို ဖြစ်နေသည်။ တချို့ကိစ္စတွေကျတော့ ခုထက်ထိ နားမလည်နိုင်အောင် ရှိနေတုန်းပင်။

🖋🖋🖋

 ကလေးဘ၀တွင် အခံရအခက်ဆုံးမှာ စကားမပီခြင်းပင် ဖြစ်သည်။ ကိုယ့်ဟာကိုယ် စကားမပီမှန်း မသိသေးသည့် အရွယ်တုန်းကတော့ ကိစ္စမရှိ၊ တဖြည်းဖြည်းကျတော့ သိလာသည်။ ထို့ကြောင့် ပီအောင် ကြိုးစား၍ ပြောကြည့်သည်။ မရသောအခါ အတော်စိတ်ပျက်ဖို့ ကောင်းလေသည်။
 တစ်ခါတစ်ခါ ကိုယ်ပြောသည့်စကားကို လူကြီးတွေက နားမလည်။ ထိုအခါ တော်တော်ဒုက္ခရောက်သည်။ တစ်ခါတလေကျတောာ့ လူကြီးတွေက သိလျက်နှင့် မသိချင်ယောင်ဆောင်ပြီး စကြသောအခါတွင် စိတ်ဆိုးရပြန်သည်။ ရေခဲမုန့်စားချင်တယ်ဟု ပြောချင်တာကို မပီသဖြင့် “ ရေထဲမုန့်စားမယ် “ ဟု ပြောရာ …
“ ဟဲ့ … ရေထဲမှာ မုန့်စားလို့ ဘယ်ရမလဲ၊ ဘောင်းဘီတွေ အင်္ကျီတွေရေစိုကုန်မှာပေါ့ “
“ ရေထဲ မဟုတ်ဘူး၊ ရေထဲ… ရေထဲ “
“ အေးပါ၊ ရေထဲမှာ ဘယ်လိုလုပ် မုန့်စားမလဲ “

ထိုအခါမျိုးတွင် အလွန်စိတ်ဆိုးပြီး အော်ငိုပစ်တတ်သည်။ ကိုယ့်ဘာသာကိုယ် စကားမပီမှန်းသိသော်လည်း လူကြီးတွေက တမင်တကာ လိုက်ပြောတာမျိုးကိုတော့ မကြိုက်ချေ။ 

🖋🖋🖋

 အသက်သုံးနှစ်လောက် ရောက်လာသောအခါ အိမ်ထဲမှာချည်း ပဲ သံပတ်ပေးရသည့် မော်တော်ကားလေးတွေ၊ သုံးဘီးစက်ဘီးလေးတွေ နှင့် ကစားရသည်ကို ငြီးငွေ့လာသည်။ ကလေးကြီးတွေ ကစားတာမျိုးတွေ ကစားချင်လာသည်။ ထို့ကြောင့်…
“ မေမေ၊ သားလည်း ကိုကိုတို့လို အပြင်ထွက်ကစားချင်တယ် “ ဟုပြောရာ … အမေက…
“ အပြင်မထွက်ပါနဲ့ သားရယ်၊ သားက ငယ်သေးတယ်၊ မေမေနဲ့ပဲ ကစားရအောင်၊ မေမေက ဆင်ကြီး လုပ်မယ်လေ။ သားက… “ 
“ ဟင့်အင်း.. အဲ့ဒါ မကစားဘူး၊ တူတူပုန်းတမ်း “
“ အေး…အေး၊ ဟုတ်ပြီ၊ သားအရင် ပုန်းမလား။ မေမေ အရင် ပုန်းရမလား “
“ မေမေ အရင်ပုန်း၊ သား မျက်စိမှိတ်ထားမယ် “
ကျွန်တော် တစ်ဘက်လှည့်ပြီး မျက်စိမှိတ်ထားလိုက်သည်။ 
ခဏအကြာတွင် အမေက “ တူပြီ “ ဟု အော်သည်။
အမေ့အသံကြားရာသို့ မှန်းပြီး ကျွန်တော် လိုက်ရှာသည်။ အမေက တံခါးကြားမှာ ပုန်းနေသည်။ အမေ့ထဘီစက တံခါးကြားမှ ထွက်နေသည်ကို မြင်ရသည်။ တံခါးကို ဆွဲဖွင့်ပြီး…
“ မိပြီ “ ဟုအော်သည်။ အမေက…
“ ဟာ…သားက သိပ်တော်တာပဲ၊ ကဲ… သားက ပုန်းအလှည့်နော်၊ မေမေ မျက်စိမှိတ်ထားမယ် “
ကျွန်တော်သည် အခန်းထောင့်မှာ ထောင်ထားသော ဖျာလိပ်ကြီးထဲ ၀င်ပုန်းနေသည်။ “ တူ “ ဟု အော်လိုက်သည်။ အမေက…
“ တူပြီဆိုလို့ တို့လာတယ် “ 
ဆိုပြီး ကျွန်တော့်ကို လိုက်ရှာသည်။ ကျွန်တော်ပုန်းနေသော ဖျာလိပ်နားသို့ အမေ ရောက်လာသည်။ ကျွန်တော်သည် ငြိမ်ငြိမ်မနေနိုင်သဖြင့် ဖျာလိပ်ကြီးက လှုပ်နေသည်။ အမေ့ခေါင်းက ဖျာလိပ်ကြီးပေါ်မှာ ၀ဲနေသည်။ သို့ရာတွင် ကျွန်တော့်ကို အမေ မတွေ့ချေ။ ကျွန်တော်လည်း အသံ မထွက်အောင် ကြိတ်ပြီး ရယ်မိသည်။ အမေက…
“ တူဆိုတဲ့ အသံကတော့ ဒီနားက ကြားတာပါပဲ။ ဒီကောင်လေး ဘယ်နားများ သွားပုန်းနေပါလိမ့်မလဲ။ ရှာလို့လည်း မတွေ့ပါလား “
ဟု တတွတ်တွတ် ပြောနေသည်။ အတော်ကြာမှ ဖျာလိပ်ထဲက ဝါးခနဲအော်ပြီး ထွက်လိုက်သည်။ 
“ ဪ…သားက ဒီဖျာလိပ်ထဲမှာ ပုန်းနေတာကိုး။ မေမေဖြင့် ရှာလိုက်ရတာ မောလို့ “
ဟု အမေကပြောလျှင် ကျွန်တော် သိပ်သဘောကျသည်။ 
အမေက တွေ့လျက်သားနှင့် မတွေ့ချင်ယောင်ဆောင်နေသည်ကို အစပိုင်းက ပျော်သော်လည်း ကြာတော့ ပျင်းလာသည်။ 
 သို့ဖြင့် ကျွန်တော့်အစ်ကိုတွေ အိမ်နီးနားက အစ်ကိုကြီးတွေ အစ်မကြီးတွေနှင့် အတူတူကစားဖို့ ကြိုးစားကြည့်သည်။ သို့ရာတွင်…
“ ငါလည်း ပါမယ်ဟာ “
ဟု ကျွန်တော်က ပြောလျှင် သူတို့က…
“ မင်းပါလို့ မရဘူး၊ မင်းက ကလေးပဲ ရှိသေးတယ်လို့ “
ဆိုပြီး ပါခွင့်မပြု။ ထိုအခါ ကျွန်တော်က အသံပြဲကြီးနှင့် ငိုသည်။ ပြီးတော့ သူတို့ကစားတာကို နှောင့်ယှက်သည်။ ခွက်ခေါက်တမ်းကစားရာတွင် ကျွန်တော့်အစ်ကိုတစ်ယောက်ယောက် ပုန်းနေသည့်နေရာကို လိုက်ချောင်းသည်။ ပြီးတော့ လိုက်ရှာရသူကို အစ်ကို ပုန်းနေသည့်နေရာ ပြောပြသည်။ 
 ကျွန်တော်နှောင့်ယှက်သည့်ဒဏ် မခံနိုင်သဖြင့် သူတို့က ကျွန်တော့်ကို ပါခွင့်ပြုလိုက်သည်။ 
“ ဒီကောင်ကတော့ ထမင်းထုပ် ဟင်းထုပ်ပေါ့ကွာ “
 ဟု သူတို့အချင်းချင်း ပြောသည်။ ဘာဆိုလိုမှန်း ကျွန်တော် မသိသေး။ ပါရသဖြင့် ပျော်နေသည်။ နောက်မှသိလာသည်။ ထမင်းထုပ် ဟင်းထုပ်ဆိုသည်မှာ ကစားရာမှာ ပါတော့ပါရသည်။ တရား၀င် မဟုတ်။
 ခွက်ခေါက်တမ်းကစားကြရာတွင် ကျွန်တော်လည်း တခြားသူတွေလို ပုန်းတော့ပုန်းရသည်။ သို့ရာတွင် လိုက်သူက ကျွန်တော့်ကို အဖက်လုပ်ပြီး လိုက်မရှာချေ။ တစ်ခါတစ်ရံ လိုက်ရှာသူသည် ကျွန်တော် ပုန်းနေသည့်နေရာနားသို့ ရောက်လာတတ်သည်။ ကျွန်တော့်မှာ ရင်တထိတ်ထိတ်။ သူ ကျွန်တော့်ကို ကောင်းကောင်းမြင်နိုင်သည်။ သို့ရာတွင် ကျွန်တော့်ကို မဖမ်းဘဲ မသိကျိုးကျွံပြု၍ ဆက်လျှောက်သွားသည်။ အမေနှင့်ကစားစဉ် အမေက မြင်လျက်နှင့် မမြင်ချင်ယောင်ဆောင်သည်ကို သဘောကျခဲ့သော်လည်း ခုကျတော့ ကျွန်တော့်ကို မိအောင်ဖမ်းစေချင်သည်။ 
 ခွက်ခေါက်တမ်းကစားခြင်း၏ထုံးစံမှာ ပုန်းနေသူအားလုံးကို မိမှ ပွဲပြီးသည်။ ခုတော့ ဒီလို မဟုတ်။ ကျွန်တော် တစ်ယောက်မှလွဲ၍ ကျန်သောသူများကို မိပြီးလျှင် ပွဲပြီးသွားတတ်သည်။ နောက်တစ်ပွဲ ပြန်စသည်။ တစ်ခါခါ ကျွန်တော် ပုန်းနေရာက မထွက်လိုက်ရဘဲ သူတို့ချည်း လေးငါးပွဲလောက် ကစားပြီးသွားတတ်လေသည်။ 
 နောက်တစ်ခုက ပုန်းနေသူတစ်ယောက်ယောက်သည် ခွက်ကို စည်း၀ိုင်းအပြင်ရောက်အောင်ပြေးပြီး ကန်ထုတ်နိုင်လျှင် လိုက်သူက ရှုံးပြီး ပွဲပြန်စရသည်။ ကျွန်တော့်ကျတော့ ခွက်ကို ပြေးပြေးကန်လိုက်ရတာ အမော။ ခြေမတွေပင် ပဲ့ရွဲ့ကုန်သည်။ သို့ရာတွင် ကျွန်တော် ကန်ထုတ်သည့်ခွက်ကို စည်း၀ိုင်းထဲ ပြန်ချလိုက်ရုံအပြင် ဘာမျှ အကြောင်းမထူးချေ။ 
 ကျွန်တော်သည် ထမင်းထုပ် ဟင်းထုပ် ဘ၀ဖြင့် လပေါင်း အတော်ကြာအောင် နေခဲ့ရသည်။ ကျွန်တော် အဖြစ်ချင်ဆုံးဆန္ဒမှာ ကျွန်တော့်နာမည်ကို ခေါ်ပြီး ခွက်ခေါက်ခံရဖို့နှင့် ကျွန်တော့်ကို ပထမဆုံး ဖမ်းမိပြီး ကျွန်တော်က လိုက်ရှာခွင့်ရဖို့ပင် ဖြစ်သည်။ 

🖋🖋🖋

 ကျောင်းမှာဆိုလျှင်လည်း ကျွန်တော်က အသက်လည်းငယ်၊ လူကောင်လည်း သေးသဖြင့် ကစားကြရာတွင် သိပ်အရာသွင်းမခံရ။ စစ်တိုက်တမ်းကစားလျှင် ကင်းစောင့်ခြင်း၊ ဘောလုံးကန်လျှင် ဂိုးဖမ်းရခြင်းတို့လောက်သာ သုံးကြသည်။ 
 တစ်ရက်တော့ ကျွန်တော်တို့ အတန်း နှင့် တခြားအတန်းတို့ ဘောလုံးချိန်းကန်ကြသည်။ အကြိတ်အနယ် ကစားရပြီး တစ်ဘက်နှင့် တစ်ဘက် ဂိုးမသွင်းနိုင်ကြ။ တစ်ခါတွင် ဟိုဘက်အသင်းရှေ့တန်းက ကန်ထည့်လိုက်သည့် ဘောလုံးကို ဒိုင်ဗင်ထိုးပြီး ကာကွယ်သည်။ ဘောလုံးသည် ကျွန်တော့်လက်ဖျားနှင့် ရှပ်ထိရုံထိပြီး ဂိုးတိုင်အပြင်ဘက် ထွက်သွားသည်။ 
“ ကော်နာကွ၊ ကော်နာ “
ဟု ဟိုဘက်က ကောင်တွေက ပြောသည်။ ကျွန်တော်တို့ဘက်က …
“ ဘာလဲကွ ဘောလုံးက သူ့ဘာသာ အပြင်ထွက်သွားတာ “
“ ဂိုးသမားလက်နဲ့ ထိသွားတယ် “
“ မထိဘူးကွ၊ ဟုတ်တယ် မဟုတ်လား ဟေ့ကောင်၊ မထိဘူး မဟုတ်လား “
ကျွန်တော့်ဘက်က ကောင်တွေက ကျွန်တော့်ကို မေးသည်။
ကျွန်တော့်က …
“ ထိတယ်ကွ၊ ငါ့လက်နဲ့ ထိသွားတယ် “
ဟု ပြောလိုက်သည်။ ထောင့်ကန်ဘော ပေးလိုက်ရသည်။ ထိုထောင့်ကန်ဘောမှတစ်ဆင့် ကျွန်တော်တို့ဘက်သို့ ဂိုး၀င်ခံလိုက်ရသည်။ ကျွန်တော်တို့ ရှုံးသည်။ ပွဲပြီးသောအခါ ကျွန်တော်တို့ဘက်ကကောင်တွေက…
“ မင်းတော်တော် တုံးတဲ့ကောင်၊ ဘာဖြစ်လို့ လက်နဲ့ထိတယ်လို့ ပြောရတာလဲ။ မင်းကြောင့် ငါတို့ရှုံးတာ “
ဟု ကျွန်တော့်ကို မကျေမနပ်၀ိုင်းပြီး ဆူပူကြသည်။ လက်နဲ့တကယ်ထိလို့ ထိတယ်ပြောတာ ဘာကြောင့် ဒီကောင်တွေက အပြစ်ပြောရတာလဲဆိုတာ နားမလည်နိုင်ချေ။ 

🖋🖋🖋

အတန်းထဲမှာ ပထ၀ီသင်သောအခါ ကျောက်သင်ပုန်းပေါ်မှာ ကမ်ဘာလုံးကြီးပုံဆွဲပြီး လတ္တီကျု လောင်ဂျီကျု မျဉ်းကြောင်းများအကြောင်း ပြောပြသည်။ 
 ကျွန်တော့်စိတ်ထဲတွင် ထိုမျဉ်းကြောင်းများသည် တကယ်ရှိသည်ဟု ထင်နေသည်။ မြောက်ယဉ်စွန်းတန်းခေါ် လတ္တီကျု နှစ်ဆယ့်နှစ်ပိုင်းတစ်ပိုင်း ဒီဂရီ သည် မြန်မာနိုင်ငံ တီးတိန်မြို့အနီးမှ ဖြတ်သွားသည်ဆို၏။ 
 တီးတိန်မြို့ကို ကျွန်တော်အလွန်သွားချင်သည်။ မြောက်ယဉ်စွန်းတန်းကို သိချင်သောကြောင့် ဖြစ်သည်။ မြောက်ယဉ်စွန်းတန်း မျဉ်းကြောင်းကြီးမှာ လယ်ကန်သင်းရိုးကြီးတစ်ခုလို တစ်မျှော်တစ်ခေါ်ကြီး ဖြစ်နေမှာပဲဟု စိတ်ကူးယဉ်ကြည့်မိ၏။ 
 တစ်ခါတော့ လူကြီးတွေပြောနေကြသော စကားထဲမှာ “ ဖွားသေစာရင်းကောက်မယ် “ ဆိုသောစကားလုံး ပါလာသည်ကို ကြားရ၏။ ဖွားသေစာရင်းဆိုတာ အဘွားတွေသေတဲ့စာရင်းဖြစ်မှာပဲဟု တွေးမိသည်။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က ကျွန်တော့်အဘွားက …
“ ညောင်းသလိုလို ကိုက်သလိုလိုနဲ့ကွယ်၊ သေဆေးသောက်ဦးမှပဲ “ ဟုပြောသည်။ ဖွားသေစာရင်းကောက်မယ်လည်း ပြောတယ်။ အဖွားကလည်း သေဆေးသောက်မယ် ပြောတယ်။ ဒါဆို အဘွားတော့ သေတော့မယ်ထင်တယ်ဆိုပြီး ငိုခဲ့ရဖူးသည်။ 

🖋🖋🖋

 အမေက ကျောင်းဆရာမဖြစ်သောကြောင့် မနက်အစောကြီး ကျောင်းသွားရသည်။ ထို့ကြောင့် ကျွန်တော်တို့ညီအစ်ကိုတစ်တွေကို မနက်စာကျွေးဖို့၊ ကျောင်းလိုက်ပို့ဖို့၊ မုန့်ဖိုးပေးဖို့ တာ၀န်ကို ကြီးတော်က ယူထားသည်။ 
 ကျွန်တော်တို့ ကြီးတော်ကြီးသည် ကျွန်တော်တို့ကို ကျောင်းလိုက်ပို့ပြီး ဈေး၀င်၀ယ်သည်။ အိမ်ပြန်ထမင်းဟင်းချက်သည်။ ကျောင်းစနေကာစတုန်းကတော့ နေ့လယ်မုန့်စားဆင်းချိန်မှာ မုန့်လာကျွေးတတ်သေးသည်။
ထိုစဉ်တုန်းကတော့ ကြီးတော်ကြီးက တစ်နေ့မုန့်ဖိုး ငါးပြားပေးသည်။ သူပေးပုံက မနက်ကျောင်းတက်ခါနီးတွင် ကျွန်တော်တို့အငယ်နှစ်ယောက်၏ အိတ်ထဲသို့ ပိုက်ဆံငါးပြားစီ ထည့်ပေးသည်။ မုန့်စားဆင်းချိန်မှာ သူကိုယ်တိုင် မုန့်လာကျွေးသဖြင့် ကျွန်တော်တို့မှာ တခြား၀ယ်စားစရာ မလိုတော့ချေ။ ညနေကျောင်းဆင်းလျှင် ကြီးတော်ကြီးကို ပိုက်ဆံငါးပြား ပြန်ပေးရသည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပိုက်ဆံငါးပြား အိတ်ထဲ ထည့်ထားခွင့်ရသဖြင့် ပျော်နေတတ်သည်ပင်။ 
 နောက်ပိုင်းကျမှ သူလည်း နေ့လယ်မုန့် လာမကျွေးနိုင်တော့သဖြင့်
တစ်နေ့ မုန့်ဖိုး တစ်မတ်ပေးလေသည်။ 
 ကြီးတော်ကြီးသည် ကျွန်တော်တို့ ညီအစ်ကိုတစ်တွေကို သိပ်ချစ်သည်။ ဂရုလည်း စိုက်သည်။ ပြီးတော့ သူက အစိုးရိမ်လည်း ကြီးတတ်သည်။ 
ကျောင်းသွားခါနီး မိုးသည်းထန်နေလျှင် 
“ လေမုန်တိုင်းတွေ ဘာတွေ တိုက်ချင်တိုက်နေလိမ့်မယ်၊ ကျောင်းမသွားကြနဲ့ “
ဟု ပြောတတ်၏။ တကယ်တော့ ကျွန်တော်တို့ကျောင်းသည် အခိုင်အခံ ဆောက်လုပ်ထားသော အုတ်တိုက်ကြီး ဖြစ်သည်။ လေမုန်တိုင်းပဲဖြစ်ဖြစ်၊ လေဆင်နှာမောင်းပဲဖြစ်ဖြစ်၊ မှုလောက်စရာ မရှိပါ။ အိမ်မှာနေလျှင်သာ သူအလစ်မှာ ကျွန်တော်တို့ မိုးရေထဲ ထွက်ဆော့ချင်ဆော့နေတတ်လေသည်။ 
 တစ်ရက်တွင် ကြီးတော်ကြီးက…
“ ဒီနေ့ နေကြတ်လိမ့်မယ်၊ ကျောင်းမသွားကြနဲ့ “ 
ဟု ဆိုပြန်ပါသည်။ ကျွန်တော်တို့ ပျော်ကြလေ၏။ နေကြတ်တယ်ဆိုတာ စာထဲမှာသာ သင်ဖူးသည်။ တကယ်လက်တွေ့ မမြင်ဖူးသေး။ ဘယ်လိုများနေလိမ့်မလဲဟု နေကို မော့မော့ကြည့်ရတာ အမော။ ဒီအတိုင်းမကြည့်နိုင်သဖြင့် အညိုရောင်ပုလင်းကွဲစကို မျက်စိရှေ့မှာခံပြီး ကြည့်သည်။ ထိုအခါ နေ၏အစွန်းဖျားပိုင်းမှာ အရိပ်ထင်နေသည်ကို တွေ့ရသည်။ အရိပ်သည် တစ်စစ ကြီးမားလာ၏။ 
 နေလကမ္ဘာကို တစ်တန်းတည်းဖြစ်သွားသောအခါ လ၏အရိပ် ကမ္ဘာပေါ်ကျသဖြင့် နေရောင်ခြည်ကို မမြင်ရတော့ခြင်းကို နေကြတ်ခြင်းဟု ခေါ်သည်ဟု ကျောင်းမှာ သင်ရသည်။ 
 သို့ဖြစ်လျှင် မကြာခင်မှာပင် နေရောင်ခြည်ကို လုံး၀ မမြင်ရတော့ဘဲ မှောင်ကြီးကျသွားလိမ့်မည်ဟု ထင်သည်။ 
 ကျွန်တော်တို့က ကျောင်းမတက်ဖြစ်သော်လည်း ကျွန်တော်တို့နှမ၀မ်းကွဲတွေက ကျောင်းသွားနေသည်။ ဒါဆို မှောင်ကြီးကျသွားလျှင် သူတို့တော့ အရမ်းကြောက်နေမှာပဲဟု တွေးမိသည်။ 
 ထို့ကြောင့် ကျွန်တော်နှင့် ကျွန်တော့်အစ်ကိုတို့သည် သူတို့ကျောင်းသို့ ပြေးသွားကြလေတော့သည်။ သူတို့ကျောင်းက ကျွန်တော်တို့ခြံနောက်ဘက်ရှိ ဘုရား၀င်းထဲက မူလတန်းကျောင်းကလေး ဖြစ်သည်။ 
 ကျွန်တော်တို့ ရောက်သွားချိန်မှာ မုန့်စားကျောင်းဆင်းချိန် ဖြစ်သည်။ ကျွန်တော်တို့က သူတို့ကို နေကြတ်သည့်အကြောင်း ပြောပြသည်။ 
 အသင့်ပါသွားသော အညိုရောင်ပုလင်းကွဲစဖြင့် နေကိုကြည့်ခိုင်းသည်။ ထိုအချိန်မှာ အရိပ်က ပိုပြီး ကျယ်ပြန့်လာသဖြင့် မိုးအုံ့သလို ညို့ညို့မှိုင်းမှိုင်း ဖြစ်လာသည်။ 
“ အဲဒါဘယ်လိုလုပ်ကြမလဲ “
သူတို့က ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မေးသည်။ 
“ ဘာလုပ်ရမလဲဟ၊ မှောင်လာရင် နင်တို့ ဒုက္ခရောက်လိမ့်မယ်။ ကျောင်းမတက်နဲ့တော့၊ ပြန်တော့ “
“ ဆရာမ ဆူမှာပေါ့ဟ “ 
ထိုစဉ်မှာ ဘေးမှ နားစွန်နားဖျားကြားမိသော တခြားကျောင်းသားကျောင်းသူတွေ ၀ိုင်းအုံလာပြီး…
“ ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ “
ဟုပြောသည်။ ကျွန်တော်တို့ကလည်း ရှင်းပြသည်။ ထိုအခါ ကြောက်လန့်ပြီး ငိုသူကငို၊ လွယ်အိတ်ယူပြီး အိမ်ပြန်ပြေးသူက ပြေးနှင့် ၀ရုန်းသုန်းကား ဖြစ်ကုန်လေသည်။ ထိုသတင်းမှာ ဆရာ၊ ဆရာတွေဆီပါ ပျံ့သွားပြီး နောက်ဆုံး ကျောင်းအုပ်ဆရာမကြီး သိသွားသည်။ ဆရာမကြီးနှင့် ဆရာ-ဆရာမများ ကျောင်းသားကျောင်းသူတွေကို အတော်လိုက်ပြီး ထိန်းလိုက်ကြရသည်။ 
 အမှန်မှာ ထိုနေ့က နေကြတ်ခြင်းသည် တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါသည်။ အုံ့မှိုင်းမှိုင်းဖြစ်သွားရုံသာ ရှိသည်။ လုံး၀ မှောင်သွားခြင်း မဟုတ်ချေ။ ကျွန်တော်တို့သွားရှုပ်သွားသဖြင့် ဆရာ-ဆရာမများ တော်တော်အလုပ်ရှုပ်သွားရသည်။

🖋🖋🖋

ကျွန်တော်တို့ ကြီးတော်ကြီး နေမကောင်းသဖြင့် ဆေးရုံတက်ရသည်။ အမေက ကြီးတော်ကြီးကို ပြုစုဖို့ ဆေးရုံမှာ သွား၍ စောင့်ရ၏။ ထိုအခါ ကျွန်တော်တို့၏ ကျောင်းမုန့်ဖိုးကို အဖေကိုယ်တိုင် ပေးလေသည်။ 
 အဖေသည် ညဘက်တွင် အလုပ်လုပ်သဖြင့် မနက်အိပ်ရာထ နောက်ကျသည်။ ထို့ကြောင့် မုန့်ဖိုး တစ်မတ်ဆီကို ညကတည်းက အဖေ့စားပွဲပေါ်မှာ တင်ထားသည်။ မနက်ကျောင်းသွားခါနီး စားပွဲပေါ်က ယူပြီး သွားရသည်။
 တစ်ရက်ကျတော့ မနက်ကျောင်းသွားခါနီး အဖေ့စားပွဲမှာ သွားကြည့်တော့ မုန့်ဖိုးပိုက်ဆံ မတွေ့ရချေ။ အဖေသည် ကြီးတော်ကြီး ဆေးရုံတင်ရသည့်ကိစ္စနှင့် အလုပ်ရှုပ်ပြီး မေ့သွားခြင်း ဖြစ်သည်။ ကျွန်တော်တို့ကတော့ အဖေ ပိုက်ဆံမရှိတော့လို့ဟု ထင်သည်။ 
 မုန့်ဖိုးမပါဘဲ ကျေင်းသွားရတာလောက် စိတ်ညစ်စရာကောင်းတာ မရှိချေ။ ခါတိုင်းကတော့ မုန့်စားဆင်းလျှင် ဆင်းချင်း ခေါက်ဆွဲသုပ်ဆိုင် သို့မဟုတ် အာလူးပူရီဆိုင်သို့ ပြေးနေကျ။ ဒီနေ့တော့ မုန့်ဖိုးမပါသဖြင့် ဘယ်ဆိုင်နားမှာမှ မသီနိုင်။ မုန့်ဖိုးမပါသည့်နေ့ကျမှ ဗိုက်ကပိုဆာသည်ဟု ထင်ရသည်။ 
 ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်သည် ကျောင်းထောင့်ကသစ်ပင်တစ်ပင်အောက်မှာ သွားထိုင်ပြီး ငိုင်နေကြသည်။ စားနေကျအချိန်မှာ မစားရသဖြင့် ပင်ပန်းနွမ်းနယ်သလို ဖြစ်နေသည်။ 
“ ဖေဖေတော့ မွဲသွားပြီ ထင်တယ်ကွာ၊ ငါတို့ကို မုန့်ဖိုးတောင်မှ မပေးနိုင်တော့ဘူး “

ဟု ကျွန်တော့်အစ်ကိုက ပြောသည်။ 
“ အင်း…ဟုတ်တယ်၊ နောက်ဆိုရင် ကျွန်တော်တို့ မုန့်ဖိုးရတော့မှာ မဟုတ်ဘူး “
ပြောရင်းက နှစ်ယောက်သား ၀မ်းနည်းနေကြလေသည်။
ထိုစဉ်တွင်…
“ ဟာ၊ ရှာလိုက်ရတာ သားတို့ရာ …”
ဆိုပြီး အဖေရောက်လာသည်။ “ ဟင် ဖေဖေ “ ဟု ကျွန်တော်တို့နှစ်ယောက်ပြိုင်တူရေရွတ်လိုက်ကြသည်။ 
အဖေက…
“ မနက်က စားပွဲပေါ်မှာ မုန့်ဖိုးတင်မထားမိလိုက်လို့ သားတို့တော့ မုန့်ငတ်နေတော့မှာပဲဆိုပြီး ဖေဖေ လိုက်လာတာကွ၊ ကဲ…ရော့ “
အဖေက တစ်ယောက်တစ်ကျပ်စီ ပေးသည်။ ခါတိုင်း တစ်မတ်ပေးနေကျ ခု တစ်ကျပ်ကြီးများတောင် ဆိုတော့ ထခုန်လောက်အောင် ၀မ်းသာသွားသည်။ 
“ ကဲ…မြန်မြန်သွားစားကြ။ ကျောင်းပြန်တက်လို့ မစားလိုက်ရဘဲ နေမယ် “
အဖေ့စကားမဆုံးခင် ကျွန်တော်တို့ မုန့်ဈေးတန်းသို့လေပြီ။ ခေါက်ဆွဲသုပ်စားသည်။ ပူရီလည်း စားသည်။ ရေခဲချောင်းလည်း စားသည်။ ရှာလပတ်ရည်လည်း သောက်သည်။ ပြီးတော့ နဂါးနီ မရမ်းပြားတစ်ထုပ်စီ ၀ယ်ကြသေးသည်။ ဒါတောင် ပြားခြောက်ဆယ် ပိုသေးသည်။ ကျွန်တော့်အစ်ကိုက မရမ်းပြားအကပ်အသပ်တွေ ပေနေသော ဆီစိမ်စက္ကူကို တမြုံ့မြုံ့ဝါးရင်း...
“ ဟေ့ကောင်၊ ဖေဖေ ပြန်ချမ်းသာလာပြီကွ “
ဟု ၀မ်းသာအားရ ပြောသည်။
“ ဟုတ်တယ်၊ ကျွန်တော်တို့ မုန့်ဖိုး မငတ်တော့ဘူး “
ကျွန်တော့်စိတ်ထဲကတော့ မနက်ကပဲ အဖေ မွဲသွားပြီး နေ့လယ်မှာ ချက်ချင်း ပြန်ချမ်းသာလာတာကို အံ့ဩနေမိ၏။

🖋🖋🖋

ကလေးဘယ်လိုမွေးလာသလဲ ဆိုသောကိစ္စနှင့် ပတ်သက်၍လည်း ကျောင်းသားကြီးတွေနှင့် ကျွန်တော် ငြင်းရသေးသည်။ ကလေး ဘယ်ကမွေးသလဲဆိုတာ သူတို့ပြောပုံက ညစ်ပတ်သည်။ ကျွန်တော်က…
“ မင်းတို့ပြောတာ မဖြစ်နိုင်ပါဘူးကွာ “
ဟုပြောသည်။ 
“ မဖြစ်နိုင်ဘူး ဟုတ်လား၊ ဒါဆို မင်းပဲ ပြောစမ်းပါဦး “
“ ကလေးမွေးတယ်ဆိုတာ အဖေနဲ့အမေ မင်္ဂလာဆောင်လိုက်ရင် သူ့အလိုလို မွေးလာတာပေါ့ကွ “
သူတို့က ကျွန်တော့်ကို ၀ိုင်းဟားကြသည်။ ပြီးတော့…
“ မင်္ဂလာဆောင်နဲ့ ကလေးမွေးတယ်ဆိုရင် ဘိုင်စကုပ်တွေထဲမှာ မင်းသားနဲ့ မင်းသမီး မင်္ဂလာဆောင်တဲ့အခန်းပါတာပဲ။ ဒါဆို မင်းသမီးတွေ ကလေးမွေးကုန်မှာပေါ့ “
“ ဒါကတော့ တကယ်မှမဟုတ်ဘဲကွ။ ဘိုင်စကုပ်ထဲမှာပဲဟာ “
“ ဒါဆိုလည်း ဟိုအစ်မကြီးကျတော့ကော ယောက်ျားမရှိဘဲ ကလေးမွေးတာလေ “
ကျွန်တော် ဦးနှောက်ခြောက်သွားသည်။ သို့ဖြင့် ထိုကိစ္စ အမေ့ကို မေးကြည့်သည်။ 
“ သားကို ဘယ်လိုလုပ်မွေးတာလဲ မေမေ “ 
“ ဒီဗိုက်ကြီးထဲက မွေးတာပေါ့ သားရဲ့ “
“ မဟုတ်ဘူးလေ၊ သားကို ဘာဖြစ်လို့ မွေးတာလဲလို့ “
အမေက ရယ်သည်။ ပြီးတော့မှ…
“ မေမေက သားကိုလိုချင်လို့ ဘုရားမှာ ဆုတောင်းလိုက်တာနဲ့ မွေးလာတာပေါ့ “ ဟုပြောသည်။ 
လာပြန်ပြီ တစ်မျိုး။ ဘာပဲဖြစ်ဖြစ် အမေပြောတာ ဖြစ်နိုင်သည်ဟု ထင်သည်။ ကျွန်တော်သိချင်တာတစ်ခုကျန်သေးသဖြင့် …
“ သားက မေမေ့ဗိုက်ထဲကနေ ဘယ်လိုထွက်လာတာလဲ “
“ မေမေ့ဗိုက်ကို ဓားကြီးနဲ့ခွဲပြီး ထုတ်ယူတာပေါ့။ “
အမေ့ဗိုက် ကျွန်တော်လှန်ကြည့်သည်။ 
“ ဟင်း၊ ဗိုက်ကို ဓါးနဲ့ခွဲတယ်လည်း ဆိုသေးတယ်။ အမာရွတ်လည်း မရှိပါလား၊ မေမေရ “
“ ကြာတော့လည်း ပျောက်သွားတာပေါ့သားရယ် “
ဗိုက်ကြီးတစ်ခုလုံးကို ခွဲတာကျတော့ အမာရွတ်က မထင်ဘဲ ပျောက်သွားသည်။ ကျွန်တော့်လက်မှာ ဓါးရှထားတာလေးကျတော့ ခုထက်ထိ အမာရွတ်က မပျောက်သေးသည်မှာ ထူးဆန်းလှလေ၏။

🖋🖋🖋

ကျွန်တော် ငယ်ငယ်က ကျောင်းတက်ရမှာ အတော်ပျင်းသူ ဖြစ်သည်။ ကျောင်းတစ်ခါသွားဖို့အရေး အရပ်ကူပါ လူ၀ိုင်းပါ လုပ်ရတတ်သည်။
 အိပ်ရာက မထဘဲ ဇွတ်ပေကပ်ပြီး အိပ်နေသဖြင့် အတင်းဆွဲထူရသည်။ အတင်းမျက်နှာသစ်ပေးရသည်။ ကော်ဖီနှင့် မုန့်စားဖို့တော့ အတင်းတိုက်တွန်းစရာ မလို။ ကားပေါ်တက်ခါနီး ဆိုသည်နှင့် အတင်းရုန်းကန်အော်ဟစ်တော့သည်။ ကားပေါ်အတင်း ပွေ့တင် ကားကို အမြန်ထွက်ရသည်။ ဒါတောင် ကားမထွက်ခင် ရအောင် ခုန်ချတတ်သေးသည်။ 
 ကားထွက်သွားလျှင်တော့ ခပ်ငြိမ်ငြိမ်ပင် လိုက်လာသည်။ ကျောင်းရှေ့မှာ ကားရပ်ပြီဆိုသည်နှင့် ကျွန်တော် တစခန်းထပြန်သည်။ ကားပေါ်ကမဆင်းဘဲ ပေကပ်နေသည်။ ထိုအခါ အဖေ့တပည့်တစ်ယောက်က ကျွန်တော့်ကို အတင်းဖမ်းချုပ်၊ ပခုံးပေါ်မှာ ထမ်းပြီး ကျောင်းထဲခေါ်သွားသည်။ ကျွန်တော်က တစ်လမ်းလုံး အော်ဟစ်ရင်း သူ့ကျောကို လက်သီးဖြင့် ထုသွား၏။ ကျွန်တော်မို့ လာပြီဆိုလျှင် တစ်ကျောင်းလုံးက အထူးအဆန်းသဖွယ် ၀ိုင်းကြည့်ကြရသည်။ 
 ကျွန်တော်တို့ဆရာမကလည်း ကျွန်တော် လာပြီဆိုလျှင် အဆင်သင့်ပြင်ဆင်ပြီး စောင့်နေရ၏။ ကျွန်တော့်ကို ထမ်းလာသူက အသင့်စောင့်နေသော ဆရာမလက်ထဲကို ကျွန်တော့်အားထည့်ပြီး အမြန်ပြန်ပြေးရသည်။ ဆရာမက ကျွန်တော့်ကို အတင်းဖက်ထားရသည်။ ဒါတောင် တစ်ခါတစ်ခါ ဆရာမလက်ထဲက ရုန်းထွက်ပြီး ပြေးတတ်သည်။ ထိုအခါ တခြားဆရာမတွေပါ ကူပြီး လိုက်ဖမ်းပေးရလေသည်။ ထို့ကြောင့် ကျောင်းက ဆရာ ဆရာမ အားလုံးက ကျွန်တော့်ကို သိနေကြသည်။
 ကျွန်တော် ကျောင်းမတက်ရအောင် အကြမ်းနည်းဖြင့် လုပ်လို့ မရမှန်းသိသောအခါ ပရိယာယ် မာယာတွေ သုံးပြန်သည်။ 
 မနက် အိပ်ရာက မထဘဲ အိပ်ချင်ယောင်ဆောင်နေခြင်း၊ မျက်နှာသစ် သွားတိုက်ရာတွင် အချိန်ဆွဲခြင်း၊ ကော်ဖီနှင့်မုန့်ကို ဖြည်းဖြည်းစားသောက်ခြင်း၊ အ၀တ်အစားလဲရာတွင် နှောင့်နှေးအောင် ပြုလုပ်ခြင်း တို့ ဖြစ်သည်။ တစ်ခါတလေ ကျောင်းသွားခါနီးကျမှ ကပ်ပြီး ဗိုက်နာတယ်ဆိုပြီး အိမ်သာထဲမှာ အကြာကြီး ၀င်ထိုင်နေတတ်၏။ ကျောင်းနောက်ကျအောင် ပြုလုပ်ခြင်း ဖြစ်သည်။
 ကျွန်တော်တို့ကျောင်းက စည်းကမ်းကြီးသည်။ ကျောင်းတက်ခေါင်းလောင်းထိုးပြီး ဆယ်မိနစ်ကြာလျှင် ကျောင်း၀င်းတံခါးပိတ်သည်။ လုံး၀၀င်ခွင့်မပြုတော့။ ထို့ကြောင့် ကျောင်းနောက်ကျလျှင် ကျောင်းမတက်ရသဖြင့် ထိုသို့ အကြံအဖန်လုပ်ခြင်း ဖြစ်သည်။
 နောက်ပိုင်းမှာ ကျောင်းမတက်ရအောင် မကြိုးစားတော့သော်လည်း ကျောင်းပျင်းသည့်စိတ်ကတော့ ပျောက်မသွားချေ။ 
ကျွန်တော့်ကိုကျောင်းမှာ ပျော်လာအောင် လုပ်ပေးသူက လေးတန်းတုန်းက ဆရာဖြစ်သည်။ ဆရာသည် စာအသင်အပြ အလွန်ကောင်းသည်။ ကျောင်းသားတွေကိုလည်း အတန်းထဲမှာ မပျင်းအောင်ထားသည်။ 
မုန့်စားဆင်းပြီး ပြန်တက်ချိန်ဆိုလျှင် ဗိုက်လေးပြီး အိပ်ငိုက်တတ်ကြသည်။ စာသင်နေရင်းက ကျောင်းသားတွေ အီလာပြီဆိုလျှင် ဆရာက
“ ကဲ… အားလုံး မတ်တတ်ထ “ ဟုဆိုပြီး အတန်းအပြင်ကို ခေါ်ထုတ်သွားသည်။ အားကစားရုံထဲခေါ်သွားပြီး ဆယ်မိနစ် ဆယ့်ငါးမိနစ်လောက် ကစားစေသည်။ ပြီးတော့မှ အတန်းထဲ ပြန်ခေါ်ပြီး စာသင်သည်။ 
 တစ်ခါတလေကျတော့ မုန့်စားဆင်းပြီး ကျောင်းပြန်တက်ချိန်တွင် ကျောင်းသားအားလုံး ခုံပေါ်တက် မတ်တတ်ရပ်ခိုင်းပြီး မော်နီတာကို စားပွဲတွေ လွယ်အိတ်တွေထဲ လိုက်ရှာခိုင်းသည်။ ထိုအခါ အတန်းထဲမှ ဆရာအလစ် ခိုးစားဖို့ ၀ယ်ပြီး ၀ှက်ထားသော နေကြာစေ့၊ ဇီးငံစေ့၊ မရမ်းပြား စသည်တို့နှင့် ကာတွန်းစာအုပ်များကို သိမ်းဆည်းမိလေတော့သည်။ 
 ဆရာက ထိုအရာများကို စားပွဲပေါ်မှာ ပုံထားပြီး သင်္ချာပုစ္ဆာငါးပုဒ်တွက်ခိုင်းသည်။ အရင်ဆုံးပြီး၍ မှန်လည်းမှန်သူများကို ဆုအဖြစ် ခုနသိမ်းထားသော နေကြာစေ့၊ ဇီးငံစေ့ စသည်တို့ ပေးသည်။ ပြီးတော့ သူများတွေ သင်္ချာတွက်နေတုန်းမှာ ကာတွန်းစာအုပ်တစ်အုပ်စီ ဖတ်နေခွင့်ရလေသည်။ 
 ဆရာသည် ကျွန်တော်တို့ကို ပျော်အောင်ထားသော်လည်း သူစာသင်နေတုန်း စကားပြောနေတာတို့ ငေးနေတာတို့ကိုတော့ လုံး၀ မကြိုက်ချေ။
 တစ်နေ့ကျတော့ ကျွန်တော်တို့ဆရာ ကျောင်းမလာချေ။ ကျွန်တော်တို့မှာ နဂိုကပျော်ရတဲ့အထဲ ဆရာ ကျောင်းမလာသဖြင့် ပိုပြီး အစွမ်းကုန်ပျော်ကြလေတော့သည်။
 ဟိုဘက်အတန်းကဆရာက ကူထိန်းပေးသည့်တိုင်အောင် အချိန်ပြည့်ကြည့်မနေနိုင်။ ထို့ကြောင့် ကျွန်တော်တို့ လွတ်လပ်ချင်တိုင်း လွတ်လပ်နေသည်။ ဘယ်လောက်ထိလဲဆိုလျှင် ဆရာ့စားပွဲကို အခန်းထောင့်မှာ ကပ်၍ ဂိုးတိုင်လုပ်ပြီး ဘောလုံးကန်ကြသည်အထိပင်။
 အစပိုင်းတုန်းကတော့ ကျွန်တော်မပါ။ နောက်တော့ လူတစ်ယောက်လိုနေတယ်ဆိုပြီး အတင်းခေါ်သဖြင့် ၀င်ပါသည်။ ဘောလုံးပွဲသည် တဖြည်းဖြည်း အကြိတ်အနယ်ဖြစ်လာသည်။ အတန်းထဲမှာဆိုတာကို မေ့ပြီး အပျော်ကြီးပျော်ကြ၏။ အားပေးသူတွေကလည်း လက်ခုပ်တီးသူတီး။ အော်သူအော်၊ ဖြစ်ချင်တိုင်းဖြစ်နေကြတုန်း…
“ ဟေ့ကောင်တွေ “ ဆိုသောအသံက ဟိန်းထွက်လာ၏။ တစ်တန်းလုံး ငြိမ်ကျသွားသည်။ အတန်းပေါက်၀မှာတော့ ဟိုဘက်အတန်းမှဆရာက ကြိမ်လုံးကိုင်ပြီး ရပ်လျက်…
“ ကဲ…ဖွတ်ဘော ပလေရာတွေ အကုန်တန်းစီစမ်း “
ကျွန်တော်တို့ ကြောက်ကြောက်လန့်လန့်နှင့် တန်းစီရသည်။ ဆရာက တစ်ယောက် နှစ်ချက်စီ ရိုက်သည်။ တစ်ယောက်ပြီးတစ်ယောက် ရိုက်သွားရာ ကျွန်တော့်အလှည့်ရောက်လာသည်။ ရှေ့ကကောင်တွေ ကော့ကော့သွားတာကြည့်ပြီး ကျွန်တော်ကြောက်နေ၏။
 ဆရာက ကျွန်တော့်ကို ရိုက်ရန် ကြိမ်လုံးမြှောက်လိုက်သည့်အချိန်တွင် တခြားအတန်းက ဆရာတစ်ယောက် ရောက်လာသဖြင့် မရိုက်ဖြစ်သေးဘဲ ထိုဆရာနှင့် စကားသွားပြောနေသည်။ 
 ကျွန်တော်တို့ရပ်နေကြသည်မှာ နှစ်အုပ်စု ဖြစ်နေသည်။ အရိုက်ခံရပြီးသူတွေက ရှေ့နားတစ်အုပ်စု၊ ကျွန်တော်တို့ အရိုက်မခံရသေးသူတွေက နောက်မှာတစ်အုပ်စုဖြစ်သည်။ ကျွန်တော့်နောက်မှာ နှစ်ယောက်ကျန်သည်။ ကျွန်တော့်နောက်ကကောင်က ကျွန်တော့်ကို ခပ်တိုးတိုးလာပြောသည်။ 
“ ဟေ့ကောင်…ငါတို့တွေ အရိုက်ခံပြီးသလိုလိုဘာလိုလိုနဲ့ ရှေ့ကကောင်တွေနဲ့ အတူတူသွားရပ်နေရအောင် “
“ ဟာ…မလုပ်နဲ့ကွ၊ ဆရာသိသွားရင် ပိုဆိုးမယ် “
“ ဆရာ မမြင်ပါဘူးကွ…ဟိုဘက်လှည့်နေတာပဲဟာ “
“ ဟေ့အေးကွာ၊ ငါတော့မလုပ်ရဲဘူး၊ ငါတို့ကို မရိုက်ရသေးဘူးဆိုတာ ဆရာသိနေတာပဲဥစ္စာ “
 ကျွန်တော့်ကို စည်းရုံးလို့မရသဖြင့် နောက်ဆုံးကကောင်ကို ပြောပြန်သည်။ နောက်တော့ သူတို့နှစ်ယောက် အသာကလေးလစ်ပြီး ရှေ့ကရိုက်ပြီးသားအုပ်စုနှင့် သွားရောနေလိုက်သည်။ ကျွန်တော်တစ်ယောက်တည်း ရပ်လျက်ကျန်ရစ်ခဲ့၏။
ခဏအကြာ ဆရာက စကားပြောပြီး ဒီဘက်ပြန်အလှည့်တွင် ကျွန်တော့်ကို မြင်သည်။ ခုနကိစ္စကို ရုတ်တရက်မေ့သွားဟန်တူသည်။ 
“ မင်းက ဘာလုပ် “ ဟု ပြောရင်းက ရှေ့က ရိုက်ပြီးသား အုပ်စုကို လှမ်းကြည့်သည်။ ခုန ကျွန်တော့်ကို ကျော်တက်သွားသော ကောင်နှစ်ကောင်က အရိုက်ခံရပြီးယောင်ဆောင်သည့်အနေဖြင့် တင်ပါးကို ပွတ်နေသည်။ ထိုအခါကျမှ ဆရာသတိရသွားပြီး…
“ ဪ…အေး၊ ဟိုဘက်လှည့် “
ကျွန်တော့်ကို နှစ်ချက်ရိုက်သည်။ ဆရာသည် စိတ်ဆိုးပြေနေပြီ ဖြစ်သဖြင့် သဘောလောက်သာ ရိုက်ခြင်း ဖြစ်သည်။ သို့ရာတွင် ဆရာ့ကြိမ်လုံးက သေးသေးရှည်ရှည်ဖြစ်သောကြောင့် နည်းနည်းတော့ စပ်ဖျဉ်းဖျဉ်း ဖြစ်သွားလေသည်။ 
 ကျွန်တော်သည် အတန်းထဲမှာ စာတော်သူဖြစ်၍ ဆရာ ဆရာမတွေ ရိုက်တာ ခံရလေ့ မရှိပါ။ ခုရိုက်ခံရသဖြင့် နာတာထက် ရှက်တာက ပိုသည်။ ထို့အပြင် အရိုက်ခံရပြီးချင်ယောင်ဆောင်၍ ရှေ့မှာသွားရပ်နေသောကောင်တွေက...
“ ကောင်းတယ်၊ မင်းတုံးလို့ အရိုက်ခံရတာ “ ဟု ကျွန်တော့်ကို ကဲ့ရဲ့ကြလေ၏။

🖋🖋🖋

ကျွန်တော် ငယ်ငယ်က အမေးအမြန်းထူသည်။ ပြီးတော့ …လျှောက်တွေးကြည့်တတ်သည်။ 
“ အရေးယူတယ်ဆိုတာ ဘာလဲ ဖေဖေ “ ဟု အဖေကို မေးရာ..
“ အရေးယူတယ်ဆိုတာ မဟုတ်တာလုပ်လို့ ဖမ်းတာကို ပြောတာပေါ့သားရဲ့ “
ကျွန်တော် ခေါင်းရှုပ်သွားပြီ။ မအေးမိ၏ သီချင်းတစ်ပုဒ်ထဲက…
“ မေတ္တာကရုဏာထားနော်၊ အားကိုးတဲ့သူရဲ့အပေါ်၊ အလိုလိုက်ကာ ကြင်နာသော်၊ မောင့်အချစ်တော်လေး အေးမိချို၊ ကိုကို အရေးယူနော် “ ဆိုသော အပိုဒ်။ အေးမိက ဘာတွေမဟုတ်တာလုပ်လို့ အရေးယူရမှာလဲ။ ဘာလို့ အဖမ်းခံရမှာလဲဟု တွေးသည်။ အဖေ့ကိုမေးတော့ အဖေက ရယ်လျက်…
“ ဒီနေရာမှာကျတော့ အရေးယူတယ်ဆိုတာ အရေးတယူရှိတာ ဂရုစိုက်တာကို ပြောတာကွ၊ အေးမိကို ဂရုစိုက်ပါလို့ ဆိုလိုတာပေါ့ကွာ “
ကျွန်တော်သည် သတင်းစာ ဖတ်စပြုလာပြီ ဖြစ်သဖြင့် သတင်းစာထဲက တချို့စကားလုံးတွေကို သိချင်လာသည်။
“ ဘာဖြစ်လို့ အခွံတွေလိုက်ကောက်ရတာလဲ။ အမှိုက်ရှုပ်မှာ စိုးလို့လား “ ဟု မေးဖူးသည်။
သတင်းစာထဲမှာ ပါတတ်သည့် ခေါင်းပုံဖြတ်တို့ အမြတ်ကြီးစားတို့လို စကားလုံးမျိုးတွေ အကြောင်းလည်း အဖေ့ကို မေးကြည့်တတ်သည်။
တစ်ခါက ထမင်းစားနေတုန်း ကျွန်တော့်ဖို့ ကြီးတော်ကြီးဆီမှာ ဟင်းထပ်တောင်းရာ…
“ ခုနပဲ အများကြီး ထည့်ပေးပြီးပြီ၊ ညစာဖို့မကျန်ဘဲ နေမယ်၊ ထပ်မရတော့ဘူး “ ဟု ဆိုသဖြင့်…
“ ကြီးကြီးက ခေါင်းပုံဖြတ်တယ် “ ဟု ပြန်ပြောရာ ကြီးတော်ကြီးကနားမလည်သဖြင့်…
“ ဘာတွေလာပြောနေတာလဲ၊ ဒီကောင်လေး စကားကြီး စကားကျယ်ကို ပြောတယ် “ ဟု ဆိုလေသည်။

 ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ယိုစုံလုပ်သည့် လုပ်ငန်းတစ်ခု ရှိသည်။ လုပ်ငန်းပိုင်ရှင်တွေက ကျွန်တော်တို့နှင့် ဆွေရိပ်မျိုးရိပ်မကင်းဖြစ်သည်။ ကျွန်တော်တို့က ထိုအိမ်မှာ သွားသွားကစားရင်း ဆီးထုပ်တွေ ဘာတွေ ကူထုပ်ပေး၊ စားလည်းစားရသည်။
 ထိုအိမ်တွင် တောကလာနေရင်း အလုပ်လုပ်နေသူ အစ်မကြီး တစ်ယောက်ရှိသည်။ အသက်ဆယ့်ခြောက်နှစ် ဆယ့်ခုနစ်နှစ်လောက် ရှိမည်။ လှလည်း လှသည်။ ထိုစဉ်က ကျွန်တော်က ဆယ့်နှစ်နှစ် ဆယ့်သုံးနှစ်လောက်ရှိမည်။ 
 ထိုအစ်မကြီးက စကားပြောလည်း ကောင်းသည်။ အလုပ်လုပ်နေရင်းက သူတို့ရွာက သာယာပုံအကြောင်း၊ တောရွာဓလေ့ တွေအကြောင်းကို စိတ်၀င်စားဖွယ်ဖြစ်အောင် ပြောပြသည်။ တစ်ခါတလေ သီချင်းဆိုပြသည်။ သူ့အသံက အေးအေးလေးနှင့် နားထောင်လို့ကောင်းသည်။
 ကျွန်တော်သည် ထိုအစ်မကြီးကို တော်တော် ခင်မင်တွယ်တာမိလေသည်။ သို့ရာတွင်…
 တစ်နေ့ကျတော့ သူ ရည်းစားထားတာ မိသွားလို့ဆိုပြီး သူ့ကို ရွာပြန်ပို့လိုက်သည်။ သူက သွားခါနီးမှာ ကျွန်တော့်ကို ဖက်ပြီး ငိုသည်။ ကျွန်တော်လည်း ၀မ်းနည်းပြီး မျက်ရည်၀ဲမိလေသည်။
 ထိုကိစ္စနှင့်ပတ်သက်၍ ကျွန်တော် မကျေနပ်။ သူ့ကိုတောပြန်ပို့ပစ်ခြင်းသည် မတရားဘူးဟု ထင်သည်။ ယိုစံလုပ်ငန်းပိုင်ရှင်ဦးလေးကိုလည်း စိတ်ဆိုးသည်။ ထို့ကြောင့် ကျွန်တော်သည် သူတို့အိမ်ဘေး ထရံမှာ မြေဖြူခဲဖြင့် ...
“ ခေါင်းပုံဖြတ် အမြတ်ကြီးစားတွေ ကျဆုံးပါစေ “ ဟု သွားရေးလိုက်လေတော့သည်။ 
 ဒါ ကျွန်တော့်လက်ချက်ပဲဆိုတာ သူတို့သိသည်။ 
“ဟေ၊ မင်းကများ ငါတို့ကို အမြတ်ကြီးစားတဲ့ ဟုတ်လား။ ဟား…ဟား…ဟား..၊ တော်တော်လာတဲ့ကောင်ပါလား “
ဆိုပြီး အားပါးတရ ရယ်မောလေ၏။ သူ့မိန်းမကလည်း ကျွန်တော့်ခေါင်းကိုပုတ်ပြီး ရယ်နေသည်။ 
ကျွန်တော်နားလည်ထားသည်မှာ ခေါင်းပုံဖြတ်အမြတ်ကြီးစားဆိုတာ မကောင်းတဲ့လူတွေ။ ဒါမျိုးနှင့် အနှိုင်းခံရလျှင် သူတို့ ဆွေ့ဆွေ့ခုန်နေမည်ဟု ထင်သည်။ 
 ခုတော့ စိတ်မဆိုးသည့်အပြင် ဟားတိုက်ရယ်နေသေးသည်။ ကျွန်တော်သာလျှင် အောင့်အီးအောင့်သက် ဖြစ်သွားရလေ၏။ 

🖋🖋🖋

 ဦးနှောက်၏ထူးခြားချက်တစ်ခုမှာ တိုက်ဆိုင်မှုတစ်ခုခုကို ကြုံရသောအခါ အလားတူအဖြစ်အပျက်ကို ဖျတ်ခနဲ သတိရလိုက်မိခြင်းပင် ဖြစ်သည်။ 
 ကျွန်တော်သည် လူပျိုပေါက်အရွယ်ရောက်လာသောအခါ ရည်းစားထားချင်လာသည်။ ကောင်မလေးတစ်ယောက်ကို ကျွန်တော်ကြိုက်မိ၏။ ထိုသို့ သူ့ကို စိတ်၀င်စားနေကြောင်း အရိပ်အယောင်တွေ ပြသော်လည်း သူက မသိချင်ယောင်ဆောင်နေသည်။ 
 ထိုအခါ ငယ်ငယ်က တူတူပုန်းတမ်းကစားရာတွင် အမေက မြင်လျက်သားနှင့် မမြင်ချင်ယောင်ဆောင်နေသည်ကို သတိရပြီး ပြုံးမိသည်။ 
 သူနှင့်ကျွန်တော် ချစ်သူတွေဖြစ်ကြပြီးနောက် သူ ထစ်ခနဲ စိတ်ကောက်လျှင် ကျွန်တော် ချက်ချင်းချော့ရသည်။ ကျွန်တော်အလိုမကျတာကို သူကလုပ်လို့ ကျွန်တော် စိတ်ဆိုးလျှင် သူမသိကျိုးကျွံပြုနေသည်။ ထိုအခါ ကိုယ်က ပုန်းနေပါလျက် သူက လိုက်မရှာသလို ခံစားရလေသည်။ 

🖋🖋🖋

 ကျွန်တော် စာပေနယ်ထဲ၀င်ဖို့ ကြိုးစားရာ ၀တ္ထုတိုလေးတွေ ကဗျာလေးတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ရေးပြီး မဂ္ဂဇင်းတိုက်တွေကို ပို့သည်။ အယ်ဒီတာတွေက ပယ်ပစ်သောအခါ ငယ်ငယ်က ကစား၀ိုင်းထဲ ၀င်ခွင့်မရသလိုပင်။ 
 နောက် ၀တ္ထုတိုလေးတွေ တစ်ပုဒ်စ နှစ်ပုဒ်စ အရွေးခံရသောအခါ အားတက်လာပြီး ကြိုးစားရေးသည်။ ဒီတစ်ပုဒ်ကိုတော့ဖြင့် စာပေပညာရှင်တွေ လက်ဖျားခါသွားစေရမည်ဟု ထင်သည်။ သိပ်ဂရုတစိုက်ပြုခြင်းမခံရသောအခါ “ ထမင်းထုပ် ဟင်းထုပ် “ ဘ၀နှင့်နှိုင်းယှဉ်မိသည်။
 စာပေနယ်တွင် ထမင်းထုပ်ဟင်းထုပ်ဘ၀ဖြင့် နှစ်အတော်ကြာနေခဲ့ရပြီးမှ ဆရာကြီးတစ်ယောက်က 
“ ဒီကောင်လေး စာတွေ မဆိုးပါဘူး “ 
ဟု ပြောကြောင်း တစ်ဆင့်ပြန်ကြားရသောအခါ ခွက်ခေါက်တမ်း ကစားရာတွင် တရား၀င်ပါခွင့်ရခဲ့ပြီး ပထမအကြိမ် စည်း၀ိုင်းထဲက နို့ဆီခွက်ကို ကန်ထုတ်လိုက်နိုင်သကဲ့သို့။

🖋🖋🖋

 အိမ်ပြန်ရန် လော်ကယ်ရထား လက်မှတ် တန်းစီသည်။ တချို့လူတွေက တန်းမစီချင်။ ရှေ့ဖြတ်၀င်သည်။ တချို့ကျတော့ လက်မှတ်ပေါက်နားရောက်နေသူကို ပိုက်ဆံပေးပြီး ….
“ ကျွန်တော့်အတွက်ပါ သင်္ကန်းကျွန်းတစ်စောင်လောက် ၀ယ်ပေးစမ်းပါ “ ဟု ဆိုတတ်သည်။ 
 လုပ်ငန်း၀န်းကျင်ထဲမှာလည်း ဒီလိုလူမျိုးတွေကို တွေ့ရတတ်သည်။ ဖြတ်လမ်းလိုက်ချင်သူ၊ ၀ိနည်းကို လွတ်ရုံ ကွေ့ပတ်ရှောင်ပြီး လူလည်ကျသူ။
 ထိုအခါမျိုးတွင် ငယ်ငယ်က အတန်းထဲမှာ တန်းစီအရိုက်ခံရသည်ကို သတိရသည်။ ဆရာရိုက်တာ ခံဖို့အတွက် ရပ်စောင့်နေသဖြင့် ငတုံးဟု အပြောခံခဲ့ရသည်။ 
 တချို့လူတွေကျတော့ ၀ိသမလောဘဖြင့် မတရားစီးပွားရှာတတ်သည်။ ဘယ်သူ့မျက်နှာမှ မထောက်။ ဘယ်သူ့မှ မညှာ။ ထိုသူမျိုးကို တွေ့လျှင် ငယ်ငယ်ကလို သူတို့အိမ်နံရံမှာ စာသွားရေးလို့ မရတော့သဖြင့် စာထဲမှာထည့်ပြီး သရော်သည်။ ရှုတ်ချပြစ်တင်သည်။ သူတို့ကတော့ ရယ်ကောင်းရယ်နေမလား မသိချေ။

မင်းလူ
( ချယ်ရီမဂ္ဂဇင်း၊ ၁၉၈၆၊ ဩဂုတ် )

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...