အဲ့ဒီတုန်းက ရှစ်မိုင်က အဆောင်အခန်းလေးထဲမှာ ကျွန်တော်ရယ် ၊ ခိုင်ထွန်း(မခိုင်)ရယ် ၊ စိုးကျော်ရယ် ပဲရှိသေးတယ် ။
မနက်စောစော ဆို ပတ်စ်ပို့ပွဲစားမခိုင်က ပန်းဆိုးတန်းကို ထသွားတော့ အလုပ်မရှိ အကိုင်မရှိ ကျွန်တော်နဲ့ စိုးကျော်ပဲ ကျန်ခဲ့တာပေါ့ ။
မခိုင် က ကျွန်တော်တို့ ဝေလေလေနှစ်ကောင်ကို တော်တော်သံယောဇဉ်လည်းထား စေတနာလည်း ထားရှာပါတယ် ။
ကျွန်တော်တို့ ခေါင်းအုံးအောက်ကို နေ့လည်စာ စားဖို့ တစ်ယောက်တစ်ထောင်စီ ထည့်ပြီးမှ ထွက်သွားတာ ။
အဲ့ဒီ ကာလတုန်းက ကျွန်တော်တို့မှာ ရန်ကုန်ခေတ်ဆိုးကြီးထဲ မလောက္မငှ လခကလေးနဲ့ နေရတဲ့ လူငယ်ဘဝ ။
စိုးကျော်ကလည်း အင်္ဂလိပ်စာ နောက်ဆုံးနှစ်ကို ထပ်ကျလို့ မြစ်ကြီးနားက သူ့အမေကြီးက ဒဏ်ခတ်တဲ့အနေနဲ့ ငွေကို လျော့ပို့နေတဲ့အချိန် ။
အရင်ကတော့ ကျွန်တော်တို့ သုံးယောက်သား ဒီအခန်းလေးမှာ နေရတာအဆင်ပြေသားဗျ ။
စားဖို့သောက်ဖို့လည်းမပူရဘူး ။
စိုးကျော်အမေက တစ်လကို ငါးသောင်းလောက်ပို့တာ အဲ့ဒီတုန်းကဆိုတော့ တော်တော်သုံးယူရတာပေါ့ဗျာ ။
ကျွန်တော်ကျတော့ အလုပ်က လစာနည်းပေမယ့် သုံးယောက်စာ ထမင်းအတွက်မပူရပါဘူး ။
နို့ မင်းအလုပ်က သူငယ်ချင်းသုံးယောက်လုံးကို ထမင်းကျွေးထားတာလားလို့မေးရင် အဲ့ဒီလိုပဲ အကြမ်းဖျင်း ဖြေရမယ်ထင်တယ် ။
ဒီလိုဗျ ရုံးက ဘောစိတွေ က ရုံးသူရုံးသားတွေ ကိုယ့်ဘာသာထမင်းချက်စားဖို့ဆိုပြီး ဆန်အိတ်ထောင်ပေးထားတယ် ။
အိမ်က ဟင်းပဲထည့်လာပေါ့ ။
များသောအားဖြင့် အားလုံးက ထမင်းရော ဟင်းပါ ယူလာကြတာများပါတယ် ။
ကျွန်တော် ကတော့ ခပ်တည်တည်ပဲ ထမင်းချိုင့်အလွတ်ယူသွားတယ် ။
ရုံးရောက်တာနဲ့ ကျွန်တော်ဘာလုပ်တယ်မှတ်တုံး ။ ပေါင်းအိုးကိုဆေးပြီး ထမင်းတန်းချက်တော့တာ ။
နေ့ခင်းဆို ဟင်းတစ်ထုတ်ဝယ်ပြီး ချက်ထားတဲ့ ထမင်းလေးနဲ့ စားပေါ့ဗျာ ။
အဲ့ဒီတစ်လောက မခိုင်ကလည်း အဆင်မပြေဘူး ။ စိုးကျော်ဆိုတဲ့ကောင်ကလည်း အမြဲရှိသမျှငွေ မာရှီ လို့ခေါ်တဲ့ ဆေးခြောက်ပဲ ဝယ်ဝယ်ထားတဲ့ကောင်လေ ။
ကျွန်တော်က နေ့လည်ခင်း ထမင်းအဝကြိတ်ခဲ့ပေမယ့် ညနေကျရင် အဆောင်မှာ ကျန်ခဲ့တဲ့ ငနာနှစ်ကောင်မျက်နှာကို မြင်ပြီး မြိုမကျဘူး ။
ဒါနဲ့ ညနေခင်း ရုံးမှာလူလစ်ပြီဆို ဟိုလိုလို ဒီလိုလို နဲ့ ထမင်းချိုင့်အလွတ်ကိုဖွင့် ဆန်တွေကို ထမင်းချိုင့်ထဲထည့် ပြန်ပြန်သယ်လာရပြန်တယ် ။
အခန်းပြန်ရောက်ရင် ကျွန်တော်က ဆန်ထည့်ထားတဲ့ ချိုင့် ဒီကောင်နှစ်ကောင်ကိုပေးလိုက်တယ် ။
အဲဒါဆို ဒီကောင်နှစ်ကောင်က ထုတ်တန်းပေါ်က ဖဲထုတ်ကို ယူပြီး ရှမ်းကိုးမီး ရိုက်တော့တာပဲ ။
ပြီးရင် ရှုံးတဲ့ကောင်က ဆန်သွားဆေး၊ ထမင်းအိုးတည်ပေါ့ ။
ဆန်ဆေးပြီးရင် တစ်ခါ ဖဲထုတ်ပြန်ကိုင် ။ ရှုံးတဲ့ကောင်က မမြိုင်အကြော်တဲကိုပြေး ။ အကြော် နှစ်ရာဖိုး အကြွေးယူ ပြန်လာ ။
ဒါ ကျွန်တော်တို့ သုံးယောက်နေတဲ့ အခန်းမှာ အလုပ်လုပ်တဲ့ စည်းကမ်းပဲ ။
အရာရာကို ဖဲရိုက်ပြီးဆုံးဖြတ်တာလေ ။ ကောင်းစားမယ့် လူငယ်တွေကိုဗျ ။
ကျွန်တော်ကတော့ ဆန်ခိုးလာပေးတဲ့ ကျေးဇူးရှင်ငတက်ပြားမို့ လွတ်ငြိမ်းချမ်းသာခွင့်ပေါ့လေ ။
အဲဒီလိုနဲ့ ရုံးဆန်အိတ်ထဲက ဆန်ကို တစ်ပတ်လောက် ဆက်တိုက်ခိုးနေလိုက်တာ ရုံးအုပ် အပျိုကြီး မိသွားပါလေရောလား ။
ကျွန်တော့်ကို လူရှေ့သူရှေ့မှာ ကောတာပေါ့ဗျာ ။
ဆန်သူခိုး ကျွန်တော်ကတော့ မျက်လုံးပေကလပ် မျောက်မျက်ခွက်လေးနဲ့ လက်ကလေးနောက်ပစ်ပေါ့ ။
“ဆန်အိတ်က ကုန်တာမြန်လှချည်လားဆိုပြီး စောင့်ကြည့်နေတာ မင်းဒီလို လုပ်တာတော့ ဘယ်ကောင်းမလဲ ကွ… မင်း ဒီဆန်တွေ ရောင်းစားနေတာလား”
ကဲကြည့်..ဆန်လေး သုံးလေးဗူးကို စတီးချိုင့်ထဲ ထည့်ပြီး ကျွန်တော်က ဘယ်နားသွားရောင်းမလဲဗျာ ။
ဆူးလေဘုရားနား ခိုစာဆိုပြီး သွားရောင်းတောင် မရဘူး ။
အိုဘာပဲဖြစ်ဖြစ် အပျိုကြီးတွေဆိုတာ သနားတတ်တယ်.. ဇာတ်ညွှန်းကို သနားစရာပိုကောင်းအောင် ခပ်နာနာသာ ဆွဲပစ်လိုက်ဆိုပြီး ရုတ်တရက် အကြံရသွားတယ်ဗျ။
“မဟုတ်ပါဘူး ..အမကြီး..ဟို..ကျွန်တော့်အိမ်က မိန်းမနဲ့ ကလေးနှစ်ယောက်အတွက်ပါ”
“ဘာ..မင်းက လူပျို မဟုတ်ဘူး ဟုတ်လား..အရင်က ငါတို့ကိုပြောတော့ လူပျိုဆို..မင်းကလိမ်ထားတာလား”
ပေါ့စေလိုလို့ ကြောင်ရုပ်ထိုးမှ ဆေးကြောင့်ပိုလေးတဲ့ အဖြစ်မျိုးပေါ့ဗျာ ။
လူပျိုမဟုတ်ဘူး ဆိုတော့မှ အပျိုကြီးမမက ပိုတင်းမာသွားပုံပဲ ။
အမှန်က အိမ်က မိန်းမ လို့ ပြောတုန်းက ရှစ်မိုင်မြိုင်ဟေဝန်ထဲက ကုန်စုံဆိုင်က တရုတ်ပျိုမလေး မိုင်မိုင် ကို မျက်စိထဲမြင်ယောင်ပြီး ပြောပစ်လိုက်တာ၊ သားနှစ်ယောက်ဆိုတာက အခန်းမှာ ကျန်ခဲ့တဲ့ ဟိုငနာနှစ်ကောင်ကို မြင်ယောင်ပြီး ကြိတ်ထည့်လိုက်တာ ။
အခုတော့ ဆန်ခိုးမှု ထက် လူပျိုမဟုတ်တဲ့ အမှုက ပိုကြီးနေပါပြီးကော ။
အပျိုကြီးမမက ဆန်ခိုးတဲ့အမှုကိုကြေအေးနိုင်ပေမယ့် လူပျိုမဟုတ်တဲ့အမှုတော့ မကြေအေးနိုင်ဘူးထင်ပါရဲ့ ။
အဲ့ဒီကစလို ရုံးအုပ်မမနဲ့ က အဆင်မပြေတော့တာဗျာ ။ ဆန်ခိုးဖို့နေနေသာသာ အလုပ်ထဲ ပြဿနာမတက်အောင်တောင် မနည်းနေနေရတဲ့အခြေအနေ။
ဒီတော့ အစက ပြန်ငတ်ကြသည်ပေါ့။
မခိုင် ထွက်သွားပြီ သိပ်မကြာဘူး စိုးကျော်သူငယ်ချင်း ဖျာပုံက စာကလေး ဆိုတဲ့ ကောင် အဆောင်ကို ရောက်လာတယ် ။
ဒီကောင်က လက်ထဲမှာ ကောက်ညှင်းထုတ်လေးနှစ်ထုတ် ၊ ဆေးပေါ့လိပ်ဖင်တိုလေးတစ်လိပ်နဲ့ ပိုက်ဆံငါးရာတန်လေးတစ်ချပ်ကိုင်လို့ ကျွန်တော့်တို့ ခြင်ထောင်ဘေးမှာ ခပ်တည်တည်နဲ့ ငုတ်တုပ်လာထိုင်နေတာ ။
ထုံးစံအတိုင်း အိမ်က နှင်ချလိုက်ပြန်ပြီဆိုတဲ့သဘော ။
စာကလေးဆိုတဲ့ကောင်က အမွှေတလိုင်း။ မူးယစ်စေတဲ့အရာဆို မုန့်ထုတ်တွေထဲပါတတ်တဲ့ ကြာရှည်ခံအမှုန့်ထုတ်ထဲက အမှုန့်တွေကိုတောင် ဆေးလိပ်ထဲ ထည့်ပြီး မူးမလား ဆိုပြီး သောက်ကြည့်တဲ့ကောင်။
သူကပဲ စပြီး ရန်အောင်မှတ်တိုင်လမ်းကြားက ဘီအီးဆိုင်မှာမနက်ခင်းလေးကို စဖွင့်ဖို့ အဆိုပြုတယ် ။
မခိုင်ပေးသွားတဲ့ ပိုက်ဆံတစ်ယောက်တစ်ထောင်ရယ် ၊ သူ့လက်ထဲက ငါးရာတန်တစ်ချပ်ရယ် ကို အရင်းပြုပြီး ကျိုက်ဝိုင်းဘုရားနောက်ဘက်က လမ်းကြားလေးထဲ ကျွန်တော်တို့သုံးယောက်သား ဝင်ခဲ့တာပေါ့ ။
အဲ့ဒီ လမ်းထဲက ဘီအီးဆိုင်လေးက မိုက်တယ်ဗျ ။
သူ့မှာ ထူးခြားတာတွေရှိတယ် ။
မာရှီသမားအများစု ထိုင်တဲ့ဆိုင်လေးပါ ။ အရက်ဖြူလဲရတယ် ။အတိုင် လို့ခေါ်တဲ့ ဆေးခြောက်ရိုက်ထားတဲ့ဆေးလိပ်လည်း ရတယ် ။
နောက်တစ်ခုက သီချင်းဖွင့်တာ စီဒီစက်တွေဘာတွေနဲ့မဟုတ်ဘူး။
ကျွန်တော်တို့ငယ်ငယ်က ဖွင့်တဲ့ တိတ်ရီကော်ဒါကက်ဆက် နဲ့ ဖွင့်တာ။
ဖွင့်တဲ့သီချင်းတွေကလဲ တကယ့်ဖီးလ်သီချင်းတွေ ။ စိုးလွင်လွင်တို့ ၊ မွန်းအောင်တို့ ၊ ခင်ဝမ်း တို့သီချင်းတွေဆိုတာ အဲ့ဒီဆိုင်လေးကျေးဇူးနဲ့ ကျွန်တော်တို့ ရင်းနှီးခဲ့ရတာပေါ့ ။
လွှတ်နှိပ်တဲ့ ဖီလင်ဆိုင်လေး ။
ဘီအီးလေးကို စုပ် ၊ မာရှီလေးရှိုက် ၊ ကောက်ညှင်းထုတ်လေးကို ဖြည်စားနဲ့ အဲ့ဒီနေ့က တစ်နေ့ကုန် အဲ့ဒီဆိုင်လေးထဲမှာ သုံးယောက်သား နတ်ပြည်တည်လိုက်ကြတယ် ။
ပိုက်ဆံနှစ်ထောင့်ငါးရာကုန်တဲ့အထိ ကောက်ညှင်းထုတ်အားကိုးနဲ့ ငြိမ့်လိုက်ကြတာ ညနေစောင်းသွားပါလေရော ။
အို ဘာအရေးလဲ ။ ငါတို့ ဘောစိ ပွဲစားကြီး မခိုင်…. ညနေ ပြန်လာရင် ထမင်းတော့ ပါလာမှာပဲပေါ့ ဆိုပြီး နှပ်နေလိုက်ကြတယ်။
အဲ့ဒီတော့မှ မာရှီအရှိန်လေးနဲ့ ဗိုက်ဟောင်းလောင်းကို အတိုးချကြုံးမယ်ဆိုပြီး အားခဲထားလိုက်ကြတယ် ။
ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း ရီဝေေ၀နဲ့ သုံးယောက်သားပြန်လာကြရင်း အခန်းကို ရောက်တော့ မောင်မင်းကြီးသား မခိုင်ကို လဒမှိုင် နဲ့ တွေ့လိုက်ရတာပဲ ။
“သားရီးရာ ဒီနေ့လည်း အဆင်မပြေဘူးကွာ..ရုံးထဲဝင်ဖို့မပြောနဲ့ အပြင်ဘက် ပွဲစားတန်းက နှစ်ကောင်ကိုတောင် ဆွဲသွားတယ်”
“မနက်က ငါပေးခဲ့တဲ့ ပိုက်ဆံနှစ်ထောင်ရော”
သုံးယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဘာပြောရမှန်းမသိဘူး ။
“ခွေးမသားတွေ…အကုန်လုံး အငွေ့ပျံလိုက်ကြပြီမှတ်လား..ဘောကွာ..ငါ့မှာလည်း ပိုက်ဆံ ခြောက်ရာပဲ ရှိတော့တယ်..ဒီနေ့ညစာ ဘယ်လိုစားမတုန်း”
“ထုံးစံပေါ့ကွာ..ကြေးအိုး”
ငွေခြောက်ရာနဲ့ ကြေးအိုး စားမယ်ဆိုတော့ ဖြစ်နိုင်ပါ့မလားလို့ မေးကြမယ်ထင်ရဲ့ ။
ကျွန်တော်တို့ရဲ့ ကြေးအိုးဆိုတာက ဒီလိုဗျ။
ထုံးစံအတိုင်းကျွန်တော်တို့ ဖဲရိုက်ပြီးဆုံးဖြတ်ကြတယ်။
ဒီတစ်ခါတော့ ကျွန်တော်ရှုံးတယ် ။
ငွေခြောက်ရာကို ဘောင်းဘီထဲထည့် ဂျန်းရှင်းအိတ်ထဲက စီးတီးမတ်ကို ပြေး..တစ်ရာငါးဆယ်တန် မာမား ခေါက်ဆွဲ သုံးထုတ်ဝယ်….အပြန်ကျတော့ အောင်သပြေရဲဝင်းထဲ ကန်းစွန်းခင်းတွေ ဘက်က ပတ်ပြန်..ကန်းစွန်းရွက်ခူးရသေးတယ်။
ပြန်ရောက်တာနဲ့ ခေါက်ဆွဲပြုတ်တဲ့အိုးထဲကို ခေါက်ဆွဲတွေထည့် ကန်းစွန်းရွက်တွေ ရေဆေးထည့်ပြုတ်ကြတာပေါ့ ။
အဲ့ဒီအချိန်မှာ တစ်နေ့ခင်းလုံး တင်လာခဲ့တဲ့ မာရှီအရှိန်တွေက သုံးကောင်လုံးမှာ တင်းနေပြီ ။
ထုံးစံအတိုင်း ဗိုက်ထဲကလည်း အသားကုန်ဆာနေတာပေါ့ ။
မခိုင်ကတော့ သူ့ထုံးစံအတိုင်းပွစိပွစိ နဲ့ ကျွန်တော်တို့ကို ဆဲလိုက် ၊ ခေါက်ဆွဲအိုးမွှေလိုက်ပေါ့ ။
“ဟရောင်တွေ….ခေါက်ဆွဲပြုတ်လို့ သဘောမထားနဲ့ ကြေးအိုးလို့ စိတ်ထဲက မှတ်ပြီးစား”
ဟိန်းစိုးက စဖောက်တယ် ။
မာရှီ အရှိန်နဲ့ဆို အကြော်သည်မမြိုင်တောင် မိုးဟေကို ဖြစ်အောင် မြင်လို့ရသေးတာပဲ ။
ခေါက်ဆွဲပြုတ်ကို ဘာလို့ ကြေးအိုးလို့ မသတ်မှတ်နိုင်ရမှာလဲပေါ့။
ခေါက်ဆွဲနူးပြီးဆိုတဲ့အချိန်မှာ မီးက တွီ ခနဲ ပြတ်သွားပါလေရောဗျာ ။
ကဲ မထူးဘူးဟေ့..မှောင်မှောင်မဲမဲထဲ ကြေးအိုး ဆွဲကြမယ်ပေါ့။
တစ်ခုထဲသော ဇလုံထဲကို ခေါက်ဆွဲပြုတ်တွေလောင်းထည့် ။ ဇွန်းတစ်ယောက်တစ်ချောင်းနဲ့ ဇလုံကို အလယ်ထား လေးပွင့်ဆုံ ကြေးအိုးသောက်ပွဲစကြတယ် ။
အသားလုံးကျစ်ကျစ်လေးတွေ ၊ အသဲအမြစ်တွေနဲ့ကြေးအိုးကြာဇံဖတ်လေးတွေကို မာရှီအရှိန်လေးနဲ့ စိတ်ကူးထဲ မြင်ယောင်ပြီး ခေါင်းငုံ့ဆွဲတာပေါ့ ။
မီးကလည်း မှောင်နေလေတော့ ခေါက်ဆွဲပြုတ်ကို သိပ်တောင်မမြင်ရပါဘူး ။
အို YKKO ကြေးအိုးကွဆိုပြီး ကျွန်တော် စိတ်ထဲမှတ်ပြီး ကြိတ်နေတာ ။
“ဂျလိ ဂျလိ”
ကြေးအိုးက အရိုးပါသဟ.. အရိုးလေးကို ကျွန်တော် အရသာခံစုတ်နေမိတယ်။
စုတ်နေရင်းကမှ….သတိက ဖြတ်ခနဲ ပြန်ဝင်လာတယ် ။
“ဟရောင်တွေ…မင်းတို့ ခေါက်ဆွဲပြုတ်ထဲ အရိုးကြီးပါလာတယ်ကွ..ဘာကြီးတုန်း”
“ ဒီကောင်စောက်ရူး..ခေါက်ဆွဲခြောက်နဲ့ ကန်းစွန်းရွက်ပြုတ်သောက်နေတာ ဘယ်က အရိုးပါမှာလဲ ဟ" ဆိုပြီး ဝိုင်းဆဲကြပါလေရော။
“ဟာ ဒီမှာကွ အရိုးကြီး..သွားကွာ..”
ကျွန်တော့်ပါးစပ်ထဲက မာမာတောင်တောင်အရိုးလိုဟာကို ပြတင်းပေါက်ကနေ လွှင့်ပစ်လိုက်တယ် ။
ခေါက်ဆွဲကုန်ခါနီးကျတော့မှ စာကလေးက ထအော်ပါလေရော ။
“ဟေ့ကောင်…..မင်း..ခုန အရိုးဆိုတာကို ဘယ်နားလွင့်ပစ်လိုက်လဲ..”
“ဟာ ပြတင်းပေါက်ကနေ အောက်ကို လွှင့်ပစ်လိုက်တာ”
“အာ..ဝုန်း..ဝုန်း”
စာကလေးက အမောတကော အောက်ကိုပြေးဆင်းသွားပြီး ပြတင်းပေါက်အောက်ရောက်တော့ သူ့မီးခြစ်လေးကို ခြစ်ပြီး ပြူးပြဲရှာတော့တာ..ဘာပါလိမ့်ပေါ့။
“ဟေ့ရောင်..စာကလေး….အဲ့ဒီ အရိုးက ဘာဖြစ်လို့ ဒီလောက်တောင်ရှာနေတာတုန်း”
“…ငါလခွမ်း...ခွေးသား..အဲ့ဒါ အရိုးမဟုတ်ဘူးကွ…ငါ့သွား...ငါ့သွား”
“ဟမ်..ဘာ..မင်းသွားက ဘယ်လို အဲ့ဒီထဲရောက်နေတာလဲ”
"ဟိုတစ်လောက ဖျာပုံမှာ ဖားသားကြီး နဲ့ ကွိုင်တက်တော့ သူထိုးလိုက်လို့ ငါ့ရှေ့သွားတစ်ချောင်းကျိုးသွားတာ..အဲ့ဒါ အစားထိုး ထည့်ထားတဲ့ သွားတုကြီး….ခုန ခေါက်ဆွဲပြုတ်စားရင် ပန်းကန်ထဲ ငြိပါသွားတာဖြစ်မယ်”
“အား..ဝေါ့..”
ဒီတစ်ခါတော့ ကျွန်တော် ဆဲအလှည့်ပဲ ။
ငါတွေရော မအေတွေရော နှမတွေပါ ထပ်နေအောင် စာကလေးကို အော်ဆဲပစ်လိုက်တယ် ။
ကျွန်တော်ဆဲသံကိုကြားတော့ ပန်းကန်ဆေးနေတဲ့ စိုးကျော်နဲ့ မခိုင်က လှမ်းမေးတယ် ။
သွားကြေးအိုး အကြောင်းပြာပြလိုက်တော့…..ဒီကောင်တွေကပါ ဟိုမသာ စာကလေးကို သံပြိုင်လိုက်ဆဲတော့တာပဲ ။
စာကလေးခမျာတော့ ကျွန်တော်တို့ ဆဲသံတွေကို မမှုအားပဲ မီးခြစ်လေးတစ်ထောက်ထောက်နဲ့ သူ့သွားကို လိုက်ရှာနေလေရဲ့..။
ကျွန်တော်တို့ရဲ့ ရန်ကုန်ရောက်ခါစ ဒုက္ခပင်လယ်ထဲမှာ နာနာကြင်ကြင်ပဲ ရယ်မောပျော်ခဲ့ကြရတဲ့ ကာလတွေ။
ကြေးအိုးစားတဲ့အခါတိုင်းလည်း စားခဲ့ရတဲ့ သွားကြေးအိုးတစ်ပွဲအကြောင်း အမြဲသတိရနေမိဆဲ။
သရုပ်ဖော်ပုံ မောင်စူပါ
Comments