လေတစ်ချက်အဝေ့မှာ ချောင်းစပ်က ကြူပင်၊ ကိုင်းပင်တွေက အပြိုင်အဆိုင်ယိမ်းယိုင်သွားလိုက်ကြတာ။ရေတမာပင်ပေါ်က အရွက်ခြောက်လေးတွေကလည်း ချောင်းရေပေါ်ကို အပြေးအလွှားခုန်ချလို့။ ကျွန်တော်ကလည်း မျက်ရည်ကခပ်လွယ်လွယ်၊ လေရူးကလည်း ကျီဆယ်ဆိုပြန်တော့ ငိုချင်ရက်လက်တို့ဖြစ်တာပေါ့။
"ဟူး....."
ဝေ့ဝဲစပြုလာတဲ့ မျက်ရည်ဥတွေကို မျက်တောင်နဲ့ ပုတ်ခတ်ဖယ်ရှားလိုက်ပြီး လေပူတစ်ချက်ကို အားပါပါနဲ့မှုတ်ထုတ်ပစ်လိုက်တာ၊
အင်း... နည်းနည်းပေါ့သွားသလိုတော့ရှိသား။ဒါနဲ့ပဲ ခဲလုံးတစ်လုံးကိုကောက်ယူပြီး ရေထဲကိုလှမ်းပစ်လိုက်တယ်။ ကျွန်တော် ပစ်လိုက်တဲ့ ခဲလုံးကြောင့်ထင်ရဲ့၊ ချုံပုတ်ထဲမှာ ကျက်စားနေတဲ့ ဘဲတစ်အုပ်က ထွက်လာတယ်။ ကျွန်တော်လည်း အဲဒီဘဲအုပ်ကိုပဲ စိတ်လိုလက်ရ ထိုင်ကြည့်နေလိုက်တယ်။
ဘဲမကြီးတစ်ကောင် ရေထဲကို ငုပ်,ငုပ်သွားတာကြည့်ရင်း ကျွန်တော့်မှာ စောစောက ညစ်နေတဲ့စိတ်တွေ လွင့်ပျောက်ပြီး တခစ်ခစ်နဲ့ကို ရီ(ရယ်)မိသွားတယ်။ကြည့်လေ..ဘဲတွေရေငုပ်တာတဲ့၊ ဖင်က ရေပေါ်မှာ ထောင်,ပေါ်နေပြီး ခြေနှစ်ချောင်းကလည်း ယက်ကန်ယက်ကန်ကိုဖြစ်လို့။ရီ (ရယ်)နေတုန်းရှိသေးတယ်၊ ရေထဲငုပ်သွားတဲ့ ဘဲမကြီးက နှုတ်သီးမှာ ငါးသေးသေးလေးတစ်ကောင်ကို ကိုက်ပြီး ပြန်ပေါ်လာတယ်။ပြီးတော့.. အဲသည်ငါးလေးကို သူ့သား ဘဲပေါက်ကလေးတွေကို လိုက်ခွံ့နေလေရဲ့ ။ သည်လိုလေးမြင်ပြန်တော့လည်း ကျွန်တော့် ရင်ထဲမှာ ဝမ်းနည်းဝမ်းသာကြီးဖြစ်လာရပြန်ရော။
ဘဲလေးတွေမှာက အမေရှိတယ်။ကျွန်တော့်မှာကျတော့ အမေကမရှိဘူး။ အမေမရှိတာ အပြစ်တစ်ခုဆိုရင် ကျွန်တော်က ဟိုကောင် ဖိုးစီတို့အုပ်စုအတွက် အပြစ်သားတစ်ယောက်ပါ။အဲဒီအတွက်ကြောင့်ပဲ သူတို့ ကျွန်တော့်ကို အမြဲအနိုင်ကျင့်နေကြတာပဲလေ။
"မင့်မှာ ငါတို့လို အဖေရောအမေရောရှိလို့လား"တဲ့။
"ငါ့မှာ အဖေရှိတယ်ကွ"လို့ ပြောရင်လည်း...
"မင့်အဖေက အရက်သောက်ပြီးရင် မင်းကိုရိုက်တယ်လေ။ပြီးတော့လည်း...မူးပြီး လမ်းဘေးတွေမှာအိပ်တဲ့လူကြီး။မင်းကို ရိုက်တာ မချစ်လို့ပေါ့ကွ"ဆိုပြီး အနိုင်ယူကြသေးတာ။ အင်းလေ..။အဖေကလည်းအဖေပဲ။ အရက်မသောက်တဲ့အချိန်ဆိုရင်တော့ ကောင်းပါတယ်။ အရက်သောက်ပြီးသွားရင်တော့ သားမှန်းလည်းမသိတော့ဘူး။ လမ်းဘေးလည်းမရှောင် ကြုံရာထိုးအိပ်သလို ရှက်လည်းမရှက်ဘူး။ပြီးရင်လည်း အပြစ်မရှိအပြစ်ရှာပြီး ဆူပူကြိမ်းမောင်း၊ စိတ်မထင်ရင် မထင်သလို အော်အော်ပြီး ဆဲသေးတာ။ဘယ်သူ့ကို ဆဲလို့ဆဲနေမှန်းလဲမသိဘူး။
ဂွတိုတို့အဖေဆိုရင် အရက်မမူးလည်း ဂွတိုတို့မောင်နှမကိုချစ်တယ်။အရက်မူးရင် ပိုတောင်ချစ်သေးတာ။အဖေကတော့ အဲဒီလိုမဟုတ်ပါဘူး။
တစ်ခါတစ်ခါဆိုရင်လည်း အိမ်ထဲက ပစ္စည်းတွေကို ပစ်ပေါက်သလို ကျွန်တော့်ကိုလည်း အဓိပ္ပာယ်မဲ့ ရိုက်သေးတယ်။ အေဖ အရက်သောက်ရင် ကျွန်တော်ကြောက်တယ်။ထောင့်တစ်နေရာမှာ အသံမေပးဘဲ ပုန်းနေရင်လည်း အေဖက ရအောင်ခေါ်ပြီး ရိုက်တယ်။ အခုလည်း မနေ့က အေဖ ကျွန်တော့်ကိုရိုက်တာ ဖိုးစီတို့သိသွားပြီး ဝိုင်းလှောင်ကြလို့ စိတ်ညစ်ညစ်နဲ့ ဒီမှာလာထိုင်နေတာ။
"ဂွီ....ဂွီ..."
ဗိုက်ကလည်းဆာလိုက်တာနော် တဂွီဂွီကိုမြည်လို့။
နေကိုမော့ကြည့်တော့လည်း...ခေါင်းတည့်တည့်ကိုရောက်နေပြီ။တံတွေးတစ်ချက်ကို အားပါပါနဲ့ မြိုချတုန်းရှိသေးတယ်....
"ဟဲ့..ဖိုးအေး..။ နင့်အဖေမှာလိုက်တယ်၊ ထမင်းစားဖို့ ပြန်လာခဲ့တဲ့"
ဒေါ်ကြီးသန်းလှစကားကြောင့် ကျွန်တော် မတ်တပ်ထရပ်လိုက်ပြီး စောစောက ဘဲအုပ်ကို တစ်ချက်ပြန်ကြည့်လိုက်တယ်။ပြီးမှ သစ်ကိုင်းခြောက်တစ်ခုကို ကုန်းကောက်ပြီး လမ်းမှာမြင်သမျှ အပင်တွေကိုရိုက်ကစားရင်း အိမ်ကိုခပ်သွက်သွက် ပြန်လာလိုက်တယ်။
အိမ်မှာ အဖေက ထမင်းဝိုင်းပြင်ပြီး စောင့်နေလေရဲ့။ ကျွန်တော်က ဗိုက်ဆာဆာနဲ့ ထမင်းတွေချည်း ငုံ့စားနေတာ ဟင်းတောင်မထည့်မိဘူး။ အဖေက ကျွန်တော့်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်ကို ချလိုက်တယ်။ ပြီးတော့ ကျွန်တော့်ပန်းကန်ထဲကို ဟင်းတွေခပ်ထည့်ပေးရင်း..."ဖြည်းဖြည်းစား ကောင်လေးရ၊ နင်ဦးမယ်။ ဆာနေတာမဟုတ်လား။ထမင်းမှန်းမသိ ဟင်းမှန်းမသိ။မင်းက အဆော့မက်တာကိုးကွ"တဲ့။ ရေတစ်ခွက်ကိုလည်း ပန်းကန်ဘေးမှာချပေးသေးတယ်။
ဒီလိုဆိုတော့ အေဖက ကျွန်တော့်ကို ချစ်တော့ချစ်သားပဲ။ကျွန်တော့်ရင်ထဲ နွေးကနဲဖြစ်သွားတယ်။ ဒီတစ်ခါ ဖိုးစီတို့ စကားနိုင်လာလုရင်တော့လား.. အဖေက ကျွန်တော်ထမင်းစားရင် ရေခပ်ပေးကြောင်း၊ ဖြည်းဖြည်းစား ဆိုပြီး ကြင်ကြင်နာနာပြောကြောင်း..
ကြွားပြစ်လိုက်ဦးမယ်လို့ စိတ်ထဲမှာ တေးမှတ်ထားလိုက်တယ် ။
(၂)
"ကျောင်းပြေး...ကျောင်းပြေး.....ကျောင်းပြေး"
ဖိုးစီတို့အုပ်စုနဲ့မှ ထိပ်တိုက်တွေ့တာပဲ။ အဖေ့ရှေ့မှာ ကျောင်းပြေးလို့ခေါ်နေပြီ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ မနေ့က အဖေ မြို့မှာ အသီးအရွက်တွေသွားရောင်းလို့ ကျွန်တော် ကျောင်းပြေးလိုက်တာ။အခု အဖေသိတော့မယ်။ သိရင်တော့ ကျွန်တော်လွယ်မှာမဟုတ်ဘူး။ အဖေတော့ ကျွန်တော့်ကို သတ်တော့မှာပဲ။ ဖိုးစီတို့ပြောတာကို မသိဟန်ဆောင်နေမှပါ။ မျက်နှာလွှဲ ခေါင်းကိုငုံ့ပြီး
အဖေ့နောက်ကနေ ကပ်လိုက်သွားလိုက်တယ်။
"ကျောင်းပြေး..ကျောင်းပြေး..။ ဦးကြီးမြင့်ဇော်...ဦးကြီးသား ဖိုးအေးလေ..မနေ့က ဦးကြီးမရှိတုန်း ကျောင်းပြေးတယ်သိလား။ကျောင်းမတက်ဘူး"
"ဟေ..ဟုတ်လား"
"ဟုတ်တယ်။မယုံရင် ဦးကြီးသား ဖိုးအေးကိုမေးကြည့်ပါလား"
ခက်ပြီ ။အေဖက ကျွန်တော့်ကို မျက်ထောက်နီကြီးနဲ့ ကြည့်နေပြီ။ ကျွန်တော် အရိုက်ခံရတော့မယ်ဆိုတော့ ဖိုးစီတို့မျက်နှာတွေက ပျော်နေလိုက်ကြပုံများ။ ကျွန်တော့်မှာတော့ ရင်တွေကိုတုန်လို့ ဘာလုပ်ရမှန်းမသိဘူး။
"ဟုတ်လား ဖိုးအေး။ မင်း မနေ့က တကယ်ပဲကျောင်းမတက်ဘူးပေါ့...ဟုတ်လား"
အဖေ့အသံက ခပ်ဆတ်ဆတ်နဲ့ဆိုတော့ ဒေါသတွေပါလာပြီဆိုတာ ကျွန်တော်သိလိုက်ပြီ။ အဖေ့ကို မကြည့်ရဲကြည့်ရဲနဲ့ ပြန်မော့ကြည့်လိုက်တော့ အဖေက ကျွန်တော့်ရဲ့အဖြေကို စောင့်နေတယ်ဆိုတဲ့သဘောနဲ့ မေးကိုတစ်ချက်ဆတ်ပြလိုက်တယ်။
တကယ်တော့...ကျွန်တော် ကျောင်းတက်ချင်ပေမယ့် ကျောင်းကိုတော့မသွားချင်ဘူး။ ကျောင်းမှာ ကျွန်တော်မှ မပျော်တာ။ ဖိုးစီတို့က တစ်ချိန်လုံး ကျွန်တော့်ကိုပဲ ရန်စလိုက်၊ အနိုင်ယူလိုက် လုပ်နေကြတာလေ။
"အမေမရှိတဲ့ ကောင်"ဆိုပြီး အမြဲအနိုင်ယူနေတာကိုး။
ဖိုးစီကိုတော့ ကျွန်တော် အားကျပါတယ်။ သူတို့က ရွာထဲမှာ ပိုက်ဆံအရှိဆုံး။ သူ့အဖေနဲ့ သူ့အမေကလည်း သူ့ကို အလွန်ချစ်ကြတာ။ ပိုဆိုးတာက သူ့အမေပေါ့။ ဖိုးစီကို အမြဲတမ်း ယုယနေတာ။သူ့အမေက စက်လည်းချုပ်တော့ ဖိုးစီမွာဆို အဝတ်အစားတွေက အများကြီးပါပဲ။တစ်ခါတစ်ခါလည်း ဖိုစီက သူ့အဝတ်အစားတချို့ကို သူ့ သူငယ်ချင်း ချက်ဖောင်းတို့ ဂွတိုတို့ကို ပြန်ပေးတတ်သေးတယ်။ ဖိုးစီက ဒါကြောင့်လည်း အမေဂုဏ်မောက်နေတာရှိမှာပေါ့။ ကျွန်တော့်မှာ ဖိုးစီတို့သားအမိကိုမြင်ရင်ကို မဝံ့မရဲ ခိုးပြီး ငေး..ငေးနေရတာ။
ကျွန်တော့်မှာလည်း အမေရှိရင် အဲဒီလိုပဲနေမှာလားလို့ တွေးကြည့်မိတယ်။တစ်ခါတလေ မမြင်ဖူးတဲ့အမေ့ကို ကျွန်တော့် စိတ်ကူးတွေထဲ ခေါ်လာတယ်။ အမေ့ကို ဆိုးနွဲ့ကြည့်တယ်။ အမေ့ အကြင်နာ၊အယုအယတွေကို ခံစားရတာ သိပ့်ပျော်ဖို့ကောင်းတာပဲ။ဘဝက ချိုတလှည့် ခါးတလှည့်ဖြစ်ရိုးမှန်ရင် ကျွန်တော်အမေ့ကိုစိတ်ကူးယဉ်ရတဲ့အချိန်တွေက ချိုမြိန်တဲ့ အချိန်တွေဖြစ်ပြီး၊ အဖေအရက်မူးလာလို့ အရိုက်ခံရတဲ့အချိန်တွေက ခါးသက်တဲ့ အချိန်တွေပါပဲ။စိတ်ကူးတွေနဲ့ပဲ ပျော်တတ်တဲ့ကျွန်တော့်ကို
ကျောင်းမှာ စိတ်ကူးယဉ်လို့မရအောင် ဖိုးစီတို့က စောင့်ကြည့် ပြသနာရှာတာ။ ဒါကြောင့်လည်း အဖေ မြို့ကို ဈေးသွားရောင်းတဲ့ ရက်တွေမှာ ကျွန်တော် ကျောင်းပြေးတယ်။အခုတော့ အဖေသိသွားပြီ။ ကျွန်တော် အရိုက်ခံရတော့မယ်လေ။
"ဖိုးအေး..ငါမေးနေတယ်နော်..ပြောစမ်း"
ကျွန်တော်အဖေ့ကို မဝံ့မရဲနဲ့ ခေါင်းညိတ်ပြလိုက်တယ်။ထင်ထားသလိုပါပဲ အဖေက ကျွန်တော့်ကို ရိုက်ပြီလေ။ ကျွန်တော်အရိုက်ခံရတော့ ဖိုးစီတို့က ကျေနပ်ကြတာပေါ့။ကျွန်တော့်မှာတော့ အဖေ့ရိုက်ချက်တွေကိုရှောင်နေရတာက ကောက်ရိုးခြေထောက် မြက်ခြေထောက် ကစားသလို ဘယ်ညာကိုနင်းလို့။
ည အိပ်ရာထဲရောက်တော့... ကျွန်တော် ခြေထောက်က နာနေတဲ့ အချိုးရာတွေကို လက်နဲ့စမ်းရင်း...အမေ့ကိုတမ်းတမိပြန်တယ်။ စိတ်ကူးတွေထဲမှာ အမေကဆေးလူးပေး၊ ကျွန်တော်က အမေ့ဘေးမှာ အိပ်ပျော်လို့ပေါ့။ဒါက..ထုံးစံအတိုင်း အမိမဲ့သား ရေနည်းငါးတစ်ကောင်ရဲ့ စိတ်ကူးယဉ်မှု သက်သက်တစ်ခုရယ်ပါ။တကယ်တမ်း
အပြင်လက်တွေ့မှာတော့ အေဖက တခေါခေါနဲ့ အိပ်မောကျ၊ ကျွန်တော့်မှာက ဟိုလှိမ့်ဒီလှိမ့်နဲ့ အိပ်မပျော်တဲ့ည။
(၃)
ညနေစောင်းလို့ မှောင်တောင်မှောင်နေပြီ။အဖေက ခုချိန်ထိလည်း ပြန်မလာသေးဘူး။ သူ ဗိုက်တွေဆာနေချေပြီမဝုတ်လား။ ။ မီးဖိုထဲ ဟိုလှန်ဒီလှန် လုပ်တော့လည်း မနက်ကစားလိုက်သဖြင့် ကုန်နေပြီ။ သည်လိုနှင့် သူ ရေတစ်ခွက်ကိုသောက်ပြီး အသာထိုင်နေလိုက်သည်။ ပြီးတော့မှ ခေါင်းထဲကို ဖြတ်ခနဲဝင်လာသော အတွေးတစ်ခုကြောင့် မီးဖိုထဲ ပြန်ပြေးဝင်လိုက်သည်။တိုင်ဘေးတွင် စူပါအိတ်နှင့် အုပ်ထားသော စဥ့်အိုးကို ဖွင့်ကြည့်လိုက်၏။ ထင်ထားသလိုပင် ငှက်ပျောသီးတစ်ဖီးကိုတွေ့လိုက်ရသည်။ သူ့ မျက်လုံးတွေ အရောက်လက်ကာ ပျော်သွားသည်။ ဆာဆာနှင့်စားလိုက်တာများ သုံးလုံးတောင်ကုန်သွားသည်။
"ဟူး...အခုမှ နေသာထိုင်သာ ရှိသွားတော့တယ်"
စားပြီးစဗိုက်ကို အသာပွတ်သပ်ရင်း အိမ်ရှေ့ကိုမျှော်ကြည့်တော့ အဖေ့အရိပ်အယောင်ကိုမတွေ့ရသေး။ ညက တဖြည့်ဖြည်းပိုမှောင်လာတော့ အိမ်ထဲတွင် သူတစ်ယောက်တည်းဆိုသောအသိက ကြောက်သလိုလိုကြီးဖြစ်လာသည်။ထို့ကြောင့် ပူးစူးမတို့အိမ်ကို တီဗွီသွားကြည့်ရင်ကောင်းမလားဟု တွေးလိုက်၏။ ဒါလည်းမဖြစ်သေး။ ပူစူးမတို့အိမ်မှာ တီဗွီကြည့်လျှင် ပိုက်ဆံပေးရသည်။ ဘက်ထရီအိုးအားသွင်းဖိုးဆိုပြီး တောင်းခြင်းပင် ။သူ့မှာက ပိုက်ဆံမှမရှိဘဲလေ။ပူစူးမအမေက မပေးလျှင် မကြည့်ခိုင်းပေ ။ ပိုက်ဆံပေးစရာမလိုဘဲ ကြည့်လို့ရတာက ဖိုးစီတို့အိမ်။ သို့ပေမယ့်...ဖိုးစီတို့အိမ်ကိုတော့ သူသွားမကြည့်ပါ။
"ငါ့လို ကြည့်ချင်ရင် ငါ့အဖေတီဗွီဝယ်သလို မင့်အဖေကိုလည်း ဝယ်ခိုင်းပေါ့ကွ။မင်းက ငါ့လို တီဗွီထဲက ကြော်ငြာသီချင်းတွေ အကုန်မရတဲ့ ငတုံးကောင်"ဆိုကာ ဆောင့်ကြွားကြွားနှင့် နှင်ထုတ်တတ်သည့် ဖိုးစီတို့အိမ်ကို သူ ဘယ်တော့မှ တီဗွီသွားမကြည့်တော့ဘူးလို့ ဆုံးဖြတ်ထားလေသည်။သို့နှင့် စောင်ကိုခေါင်းမြီးခြုံလိုက်၏။ မည်သို့ပင်ဆိုစေကာမူ မီးတိုင်ခွက်ထွန်းထားပြီး စောင်ခေါင်းမြီးခြုံနေတာက စိတ်လုံသလိုတော့ရှိသည်မဟုတ်ပါလား။
"ဝုတ်...ဝုတ်..ဝုတ်"
"ဖျပ်...ဖျပ်..ဖျပ်"
အိမ်ရှေ့က ခွေးဟောင်သံနှင့် မရှေးမနှောင်းမှာပင် ဖိနပ်သံတဖျပ်ဖျပ်ကိုလည်း ကြားလိုက်ရသည်။ အဲတာ အဖေပဲ ။အဖေကလွဲပြီး အခြားလူမဖြစ်နိုင်ဘူးဆိုတာကို သူ သိသည်။ သူက အဖေ့ဖိနပ်သံကို အလွတ်ရနေသူပင်။ တိုးတိုးပြောသံတွေလည်း ကြားနေရပုံထောက်။ အဖေတစ်ယောက်တည်းတော့ဟုတ်ဟန်မတူ။
"ဖိုးအေး...ဟေ့..ဖိုးအေး..."
"ဗျာ.... အဖေ။ အဖေ ပြန်လာပြီလား"
"အေး..အေး တံခါးဖွင့်ဦး သားရေ"
အဖေ့ကို တံခါးဖွင့်ပေးလိုက်တော့...အဖေက အဒေါ်ကြီးတစ်ယောက်နှင့်အတူ သူနဲ့အရွယ်သိပ်မကွာလှတဲ့ ကောင်လေးတစ်ယောက်ကိုပါ အိမ်ပေါ်သို့ ခေါ်လာသည်။ အဖေ့မျက်နှာက သာမန်ထက်ပိုပြီး ကြည်လင်ဝင်းပလို့။ တစ်ခါဖူးမှ မပြုံးဖူးသည့် အပြုံးမျိုးနှင့်လည်း သူ့ကို ပြုံးပြသည်။သူကား... အဖေ့ကို နားမလည်နိုင်။
"ငါ့သား...ဘာမှမစားရေသးဘူးမဟုတ်လား။ ရော့..ဒီမှာ အဖေ ခေါက်ဆွဲကြော်ဝယ်လာတယ်။ သွား... မီးဖိုထဲမှာသွားစားလိုက်"
ခေါက်ဆွဲကြော်ကို သိပ်ကြိုက်သော သူလည်း ဘာမှတွေးမနေတော့ဘဲ မီးဖိုထဲဝင်ပြီး အားရပါးလွေးလိုက်တာ စောစောက ငှက်ပျောသီးအခံနှင့်ဆိုတော့ ဗိုက်ကို ကားသွားသည်။
"သား..စားလို့ပြီးရင် မအိပ်သေးနဲ့ဦး။ လာ ဒီမှာခဏထိုင်၊ အဖေ ပြောစရာရှိတယ်"
သူကက အဖေ့ဘေးတွင် ဝင်ထိုင်ပြီး အဖေနှင့်ပါလာသော အဒေါ်ကြီးနဲ့ ကောင်လေးကို တလှည့်စီကြည့်လိုက်၏။ အဒေါ်ကြီးကတော့ သူ့ကို ပြုံးပြလို့ ။
"သား...ဒါ...အဖေယူတဲ့မိန်းမလေ။သားရဲ့အမေပေါ့ကွာ။ ဒါက အမေ့ရဲ့သားဆိုတော့ သားရဲ့ အစ်ကိုကြီးပေါ့။ ကိုကိုလို့ခေါ်လည်းရတယ်။ ဘယ်လိုလည်း..အမေနဲ့ အစ်ကိုရပြီဆိုတော့ ပျော်တယ်မဟုတ်လား"
ဟုတ်ပါသည်။'အမေနဲ့အစ်ကို ရပြီ'ဆိုတဲ့ အဖေ့စကားက သူ့ရင်ကို နွေးကနဲဖြစ်သွားစေသည်။ ပျော်လည်းပျော်သွားသလိုပင်။ထို့ကြောင့်...အဖေ့ကို ခပ်သွက်သွက်ပင် ခေါင်းညိတ်ပြလိုက်၏။ အဖေပြောသလို သူ့မှာ အမေလည်းရှိပြီ။ အစ်ကိုတစ်ယောက်လည်းရပြီ။ ဟုတ်သည်။ သူ ပျော်၏။ နောက်ရက်တွေကျလျှင် သူတစ်ယောက်တည်း ပျင်းစရာမလိုတော့ပေ။ အရင်လို စိတ်ညစ်တဲ့အချိန်၊ဝမ်းနည်းတဲ့အချိန်တွေမှာ ချောင်းရိုးဘေး သွားထိုင်စရာမလိုတော့။ ကစားဖို့အစ်ကိုရှိပြီ၊ အစ်ကိုနှင့် ကစားမည်။ သူ့စိတ်ကူးထဲကလို "အမေ "လို့...ခေါ်ခွင့်ရပြီ။ မနက်ဖြန်ကျလျှင်တော့ ဟိုကောင် ဖိုးစီတို့အုပ်စုကို
"ငါ့ကိုအနိုင်ကျင့်လို့မရတော့ဘူး။ ငါ့မှာ အစ်ကိုနဲ့ အမေရှိပြီကွ.."လို့
ကြွားကိုကြွားပြစ်လိုက်ဦးမည်။
(၄)
သူက သိုင်းထိုးတမ်းမကစားဖူးတော့...ကိုကြီးကို နိုင်အောင်မဆော့နိုင်။ တစ်ခါတစ်ခါ ကိုကြီးရဲ့ လက်သီးချက်တွေက သူ့ ကျောမှာ၊ ရင်ဘတ်မှာ လာလာထိမိသလို၊ တင်ပါးနဲ့ ပေါင်တွေမှာလည်း ကန်ချက်တွေကြောင့် စပ်ဖျင်းဖျင်းနဲ့။သို့ပေမယ့် တမြန်နေ့ကလို ကိုကြီးကို ထပ်ဖြစ်မှာစိုးလို့ သူက နာပေမယ့်လည်း ပေပြီး သီးခံပေးပါသည်။
တမြန်နေ့တုန်းက တောင့်ထားတဲ့ သူ့ကို ကိုကြီးရယ်ပေါ့.. ပြေးကန်ရင်း ခြေချော်ပစ်ကျတာ နှုတ်ခမ်းပေါက်သွား၏။ အမေက ကိုယ့်အစ်ကိုကြီးကို ဒီလိုမညှာမတာ လုပ်ရသလားဆိုပြီး သူ့ကို ရိုက်သည်။
အဲသည်နေ့က ဒဏ်ရာကြောင့်သွေးထွက်နေတဲ့ ကိုကြီးကို အမေက ချော့မော့ပြီး ဆေးထည့်ပေးတော့ သူ ပီတိဖြစ်ရပါသည်။ အမေက သူမြင်ဖူးတဲ့ အမေမျိုးနဲ့ တစ်ထပ်တည်းပဲမို့ပင်။
"ဒုတ်..."
"အား...နာတယ်....နာတယ်။အမေရေ... လုပ်ပါဦး... ကျွန်တော့်ခေါင်းမှာ သွေးတွေထွက်ကုန်ပြီ"
သူက ခေါင်းမှာ 'ဒုတ်'ဆိုတဲ့ အသံနဲ့အတူ ဖျင်းကနဲနာသွားတာကြောင့် နောက်ကိုလှည့်ကြည့်တော့ ကိုကြီးရယ် ဘာမပြောညာမပြော ဝါးပိုင်းနဲ့ ရိုက်လိုက်ခြင်းပင် ။ ခေါင်းက စီးကျလာသော သွေးတွေကြောင့် သူ ကြောက်ပြီး အမေ့ဆီကို အော်ပြေးလိုက်သည်။
"ဟဲ့..ဘာဖြစ်လာတာလည်း ၊လူကြားမကောင်း အော်ကြီးဟစ်ကျယ်နဲ့"
"အမေ ...။ကျွန်တော့်ကို ကိုကြီးက ဝါးပိုင်းနဲ့ ခေါင်းကိုရိုက်လိုက်တာ။ သွေးတွေထွက်ကုန်ပြီ"
"အမလေး... နည်းတောင်နည်းသေးတယ်။ ဟိုမှာကြည့် နင့်လက်ချက်ကြောင့် ငါ့သားနှုတ်ခမ်းမှာ ဒဏ်ရာမပျောက်သေးဘူး။ ပြ နင့်ဒဏ်ရာ၊ ဘယ်လောက်ကြီးသလဲ ငါကြည့်မယ်"
သူက အမေ့ရှေ့မှာ ခေါင်းကို ငုံ့ပြလိုက်သည်။
"အဖြစ်သည်းမနေနဲ့ ပေါက်ရုံတင်ပေါက်သွားတာ။ သွား စည်ပိုင်းနားမှာ ရေသွားဆေးလိုက်"
အမေလုပ်ခိုင်းသလို စည်ပိုင်းနားမှာ သွေးများကို ဆေးလိုက်၏။ ပြီးတော့ အမေများ ဆေးထည့်ပေးမလားဆိုပြီး အမေ့နား ထပ်ကပ်သွားလိုက်သည်။ အမေက လုပ်စရာရှိတာကိုပဲ ဆက်လုပ်နေပြီး သူ့ကို ပြန်တောင်မကြည့်တော့။ အချိန်ကြာကြာပေရပ်နေပြီးမှ သူ နောက်ပြန်ဆုတ်လိုက်ပါသည်။ အမေ့ကို စိတ်ဆိုးလို့တော့မဟုတ်ပါ။ သို့ပေမယ့် ဘာကြောင့်မှန်းမသိဘဲ ရင်ထဲမှာ ဝမ်းနည်းသလိုဖြစ်လာပြီး မျက်ရည်တွေကျမိပြီ။ ပါးစပ်ကလည်း 'အဖေ' လို့ ခေါ်နေမိသွားတယ်ထင်၏။ ခေါ်နေလည်း အဖေက အိမ်မှာ မရှိချေ ။ အဖေက အမေတို့သားအမိ အိမ်ကို ရောက်လာကတည်းက မကြာခဏ မြို့ပေါ်ကို နေကုန်နေခမ်း ဈေးသွားရောင်းနေရသည်။
ဟိုရက်က ကိုကြီး နှုတ်ခမ်းပေါက်တော့ အဖေကလည်း သူ့ကိုရိုက်တာပါပဲ။ သူက သူများအသားကို သွေးထွက်အောင် တစ်ခါဖူးမှ မလုပ်ဖူးတာကို အဖေသိပါသည်။ သို့ပေမယ့် အဖေ့ကိုလည်း ရှင်းပြလို့မရ။ ကိုကြီးက အဖေ့ထံ သူ လုပ်တာပါဆိုပြီး ငိုပြီး တိုင်တာမဟုတ်လားလေ။
ခါတိုင်း အဖေရိုက်လျှင် သူ ဝမ်းမနည်းဖူးခဲ့ပါ။ သည်နောက်ပိုင်း ကိုကြီးနဲ့ဖြစ်သမျှတိုင်း အဖေရိုက်လျှင် သူ ဝမ်းနည်းတတ်လာသည်။ ကိုကြီး ကန်တဲ့နေရာတွေ ညိုမဲပြီး နာလို့ အမေ့ကို ပြလျှင် စိတ်ကူးထဲကလို အမေက ဆေးလူးပေးတဲ့ အမေ မဟုတ်လို့ ဝမ်းနည်းသည်။သူ့မှာ စားစရာရလာလျှင် ကိုကြီးကို မျှဝေပေးပေမယ့် အမေက အိမ်မှာစားစရာရှိရင်တောင် ကိုကြီးကိုသာ တိတ်တိတ်လေးကျွေးပြီး သူ့ကို မမြင်ဟန်ဆောင်နေရင် စိတ်မကောင်းဖြစ်ရသည်။
အဖေမရှိတဲ့အချိန်တွေ ထမင်းစားသည့်အခါ သူ့ကို "တစ်ခါပြင်ပဲ ထပ်မထည့်ရဘူး"ဟု အမေကဆိုသည်။ ထပ်ထည့်လျှင် လက်ဆစ်တွေကို ဇွန်းနဲ့ခေါက်တဲ့ အမေ့ကို ကြောက်လာသည်။ ည အိပ်ရာထဲလည်း ကန်တတ်၊ ထိုးတတ်တဲ့ ကိုကြီးကိုလည်း သူ လန့်လာပြီ။ အရင်ကလောက်တောင် သူ့ကို ဂရုမစိုက်တော့သည့် အဖေ့ကိုလည်း စိတ်ဆိုးသလိုအပြစ်မြင်လာ၏။ သူ ဘာလုပ်ရမှာလဲမသိတော့ချေ။
အမှန်စင်စစ်..သူ အမေမလိုချင်တော့ခြင်းဖြစ်၏။ တကယ်ကိုပဲ အမေမလိုချင်တော့ပေ။ အရင်လို တစ်ယောက်တည်း ပြန်နေချင်သည်။ အရင်လို စိတ်ကူးယဉ်ရတာကိုပဲ သူပျော်သည်။ စိတ်ကူးတွေကမှ သူ့ကို လွတ်လပ်တဲ့ အပျော်တွေကိုပေးနိုင်သည်ဟု သူ သတိထားမိတော့သည်။
အဖေက အမေနဲ့ကိုကြီးစကားကို နားထောင်ပြီး သူ့ကိုရိုက်တာထက်၊ ဖိုးစီတို့ ပြန်တိုင်လို့ ရိုက်တာကိုပဲ ခံချင်တော့သည်။ အဲသည်တုန်းက ခုလိုကြီး အဖေနဲ့ပိုဝေးသွားသလိုမခံစားခဲ့ရ။ ခုတော့ အဖေနဲ့ သူ တစ်အိမ်ထဲနေပြီး ဝေးသွားသလိုခံစားရသည်။ သူဝမ်းနည်းတာပဲသိတော့၏။
ခေါင်းကို ပြန်စမ်းကြည့်ပြီး ချောင်းရိုးစပ်မှာ သွားထိုင်ဖို့ ခြေဦးတည်လိုက်သည်။ လမ်းမှာ ဖိုးစီတို့အုပ်စုက အုန်းလက်မြင်းများနှင့် စစ်တိုက်တမ်းကစားနေကြသည်။ သူတို့ကို မမြင်သလိုလုပ်ပြီး အသာရှောင်ထွက်လာလိုက်သည်။ သို့သော်...
"ဟိတ်ကောင်...ဖိုးအေး။ အမေငတ်နေတဲ့ကောင်။ ကျောင်းဖွင့်တော့မယ်နော်။ဒီနှစ် မင်း ငါတို့လိုပဲ
(၂)တန်း တက်ရဖို့ သေချာလား...။ ဟားဟား "
'အမေငတ်နေတဲ့ကောင်'တဲ့။ကျွန်တော့်မှာ ဖိုးစီစကားကြောင့် နောက်ကိုပြန်လှည့်ပြီး တွေတွေကြီး ရပ်ကြည့်နေမိတယ်။ ကျွန်တော်က အမေငတ်နေတဲ့ကောင်တဲ့လား။ တွေတွေဝေဝေ စဉ်းစားနေတုန်းမှာပဲ...
"ဘာကြည့်နေတာလဲ ဖိုးအေး ။ မင်းက မကျေနပ်လို့လား"
"ငါက အမေငတ်နေတဲ့ကောင်..ဟုတ်လား ဖိုးစီ"
"ဟုတ်တယ်လေ။ ငါ့အမေပြောတာ။ မင်းကအမေမမြင်ဖူးလို့ အမေငတ်နေရှာတာတဲ့။ဒါကြောင့် မင့်အဖေယူလိုက်တဲ့ မိန်းမကို မင်းက မင့်အမေလို့ထင်နေတာ။ တကယ်တော့ မင့်မိထွေးတဲ့။ မိထွေးဆိုတာ အမေအရင်းလို ကောင်းနိုင်တာမဟုတ်ဘူးတဲ့။အဲတာကို မင်းက ငါ့အမေ... ငါ့အမေနဲ့ ပြောနေတာ မရှက်ဘူးလား အမေငတ်ကောင်ရဲ့...ဟားဟား"
ကျွန်တော်... ကျောခိုင်းလှည့်ထွက်လာပေမယ့် ဖိုးစီတို့ အော်ခေါ်နေတဲ့ 'အမေငတ်ကောင်'ဆိုတဲ့ နာမည်က နားထဲမှာ ပဲ့တင်ထပ်နေတယ်။ ပြီးတော့ 'မိထွေး'ဆိုတဲ့ စကားလုံးနဲ့ အမေ့ရဲ့ လုပ်ရပ်တွေက ကျွန်တော့်ခေါင်းထဲမှာ ရောထွေးနေတယ်။ ရင်ဘတ်ထဲမှာလည်း ငိုချင်လာသလို ဆို့နင့်နေတာကြောင့် ချောင်းစပ်မှာ ခြေပစ်လက်ပစ် ထိုင်ချပစ်လိုက်တယ်။ပြီးတော့...
ထုံးစံအတိုင်း...ကျွန်တော့်ရဲ့ ဝမ်းနည်းနာကျင်စိတ်တွေကို ခဲလုံးတွေထဲထည့်ပြီး ရေထဲကို အားပါပါနဲ့ ပစ်ချလိုက်ရတယ်။ဒီလိုလုပ်မှလည်း ကျွန်တော့်စိတ်ထဲ ပေါ့သွားသလို ခံစားမိလို့ပါ။
သိပ်မကြာပါဘူး မြင်ကွင်းထဲကို ရေငုပ်နေတဲ့ ဘဲတစ်အုပ်ရောက်လာပြီ။ ကြည့်နေရင်း ဝမ်းနည်းမျက်ရည်တွေက ပါးပြင်ထက်ကို အတားအဆီးမဲ့ စီးကျလို့။အဲသည်ဘဲမကြီးဟာ သူရှာလို့ရတဲ့ ငါးလေးကို သူ့ကလေးတွေမို့သာ တယုတယနဲ့ ကျွေးတာပါလေ။ သူ့ကလေးမဟုတ်တဲ့ အခြား ဘဲလေးတွေကိုတော့...ဆိတ်ထုတ်လေရဲ့။ ကျွန်တော်က"အမေ "လို့... လေးလေးနက်နက်ခေါ်နေတဲ့ အိမ်က အမေ့လိုပါပဲလားနော်။
ကျွန်တော်...ကောင်းကောင်း နားလည်လိုက်ပါပြီ။ကျွန်တော်ကသာ အမေငတ်တဲ့စိတ်နဲ့ အမေလိုတွယ်တာမိနေတာ။အမေက အဖေနဲ့ လူတွေရှေ့မှာသာ ကျွန်တော့်ကို ချိုသာပြနေပြီး ကွယ်ရာမှာတော့..ဖိုးစီပြောတဲ့ မိထွေး။မိထွေးတစ်ယောက်ရဲ့ စိတ်ထက် နဲနဲလေးမှကို မပိုပေးနိုင်ခဲ့ဘူးလေ။
ကျွန်တော်...
ကျလက်စမျက်ရည်တွေကို လက်နဲ့ ဘယ်ပြန်ညာပြန်သုတ်ပြီးနောက် သက်မကြီးတစ်ချက်ကို အားပါပါနဲ့ ချပစ်လိုက်တယ်။ ပြီးတော့... ရေပေါ်မှာ ဖင်ထောင်ပြီးငုပ်နေတဲ့ ဘဲမကြီးဆီကို တစ်ချက်ကြည့်ရင်း မချိပြုံးတစ်ခုကို စိတ်လိုလက်ရ ပြုံးလိုက်မိတယ်။ အမေသိပ်လိုချင်ခဲ့တဲ့ကျွန်တော်...။ဒီအမေနဲ့..
ဘယ်အချိန်ထိအတူနေသွားရပြီး..ဘယ်လောက် စိတ်ဆင်းရဲ ရဦးမလဲဆိုတာ..မပြောတတ်တော့ပါဘူးဗျာ..။
17-Aug-2020
ရတနာပုံနေ့စဥ်သတင်းစာ
Comments