အခဏ်း။ ၂၂ ။
(ဇာတ်သိမ်းပိုင်း)
မစောညွန့်သည် ထိုင်နေရာမှ ထ၏။ ဘာလုပ်ရမည်ကိုမသိ။ နောက်ဖေးဘဲ သွားရမည်လား။ ဘုရားစင်ကို သွားပြီး ဘုရားဘဲ ရှိခိုးရမလား၊ အိမ်ရြှေ့ပတင်းပေါက်ကနေပြီး လမ်းမကြီးကို ကြည့်နေရတော့မလား။ ခြေကို မကြွချင် ကြွချင်ဖြင့် ခေါက်တုံ့ ခေါက်ပြန် သွားလျှောက်နေလေ၏။
“ထွန်းရှိန် ... မင်း ဘယ့်နှယ်ထင်သလဲ” ဟု မေးလိုက်၏။
“ဘယ့်နှယ်ထင်ရအုံးမလဲ မမညွန့်ရယ်။ ဘုန်းကြီးမစစ်တဲ့သတ္တဝါ လူဝတ်နှင့်နေရင် ထမင်းငတ် အသုံးကြပ်မှာမို့ ... ဘုန်းကြီးဝတ်ပြီး နာမည်ကြီးအောင် ဓမ္မကထိကလုပ်၊ မိန်းမပိုး၊ ကဲ ... ဘယ်လောက်များအရုပ်ဆိုးသလဲ၊ ပိုးရုံ ပန်းရုံမကသေးဘူး၊ နှစ်ပါးသွားတော်မူလိုက်ကြသေးတယ်။ နှစ်ပါးသွားတာတောင် ရိုးရိုးမိန်းမနဲ့ သွားတော်မမူဘူး၊ သီလရှင်မှတဲ့ဗျ။ သီလရှင်ရော သေတာထောက်တော့ လင်ကြီးက သတ်တဲ့လက်ချက်ဘဲ၊ ကြည့် ... ဘုန်းကြီးဝတ်နှင့် ကျူးလွန်တာဟာ ရိုးရိုး ပါရာဇိကံ မဟုတ်ဘူး။ ပါရာဇိကံ သုံးထပ်ကြော့ လေးထပ်ကြော့ ဖြစ်နေဘီ။ ဒီလိုအမှုကြီးတွေကိုတောင် ပြုရဲတော့ ဒီထက်သေးတဲ့ အမှုကလေးတွေတော့ ဘယ်လောက်ဇက်ရဲမလဲ၊ ဒါကြောင့် ကျွန်တော် အရင်က မပြောဖူးဘူးလား မမညွန့်ကို၊ ဒီအကျင့်သီလမရှိတဲ့ ပုဂ္ဂိုလ်တွေ မလှူပါနှင့်လို့။ ကြည့်စမ်း၊ မမညွန့်လှူလို့ တန်းလို့ မမညွန့်အလှူကို ဘယ်လောက် အလွဲသုံးစားလုပ်သလဲ၊ ရန်ကုန်ပြန်ခါနီးက မမညွန့်က ငွေ ၅ဝိ- လှူတယ်လို့ ကြားရတယ်။ အဲဒီငွေ ၅ဝိ- နှင့် ရန်ကုန်ပြန်တယ်။ အဲဒီငွေနှင့် သီလရှင်ကို ပိုးကြေးပေးတယ်။ ဒီငွေကြောင့် ဒီဘုန်းကြီး ပါရာဇိကံ ထိုက်တဲ့အခြေ ရောက်ရတယ်။ ငွေ ၅ဝိကြောင့် သီလရှင် လူ့စည်းစိမ်ယူပြီး လင်ငယ်နေတယ်။ ဒီငွေ ၅ဝိကြောင့် လူသတ်မှုဖြစ်တယ်။ နှစ်လောင်းပြိုင်သေစေတယ်” ဟု ဒေါပွပွနှင့် ကျယ်လောင်စွာ ပြော၏။
ထွန်းရှိန်သည် စကားရပ်ပြီး မစောညွန့်မျက်နှာကို အကဲခတ်၏။ သူပြောသောစကားသည် မမညွန့်အား စူးရှသည် မစူးရှသည်ကို သိလို၏။ မစောညွန့်မျက်နှာသည် အဓိပ္ပါယ်မပေါ်သောမျက်နှာဖြစ်၍ ပျက်နေသော နာရီကြီးကို အချိန်ကြည့်ရသလိုသာ ရှိလေ၏။ မျက်နှာတွင်သာ အဓိပ္ပါယ်မထင်သည်မဟုတ်၊ မစောညွန့် အတွင်းစိတ်၌လည်း အဓိပ္ပါယ်မထင်။ သို့သော် ထွန်းရှိန်စကား၌ အမှားတလုံး ပါသည်ကိုကား သူသိ၏။ ဦးသုဓဇ သွားခါနီး၌ ငွေ ၅ဝိ- ပေးလိုက်သည်မဟုတ်၊ ငွေ ၂၀ဝိ- ပေးလိုက်၏။ လစဉ်လည်း ငွေ ၁ဝဝိ- ထောက်ပံ့ခဲ့သေး၏။
အတန်ကြာမျှ ဆိတ်ငြိမ်နေပြီးနောက် “ငွေဟာ မသုံးတတ်တော့ မီးလို လောင်တတ်တယ်ဆိုတာ မသိဘူးလား ...” ဟု ထွန်းရှိန်က မေး၏။ မစောညွန့် ပြန်မဖြေနိုင်။ စကားမေး မရသကဲ့သို့ ဖြစ်၏။ ထိုမေးခွန်းသည် ပျက်နေသော နာရီချိန်သီးကို လှုပ်ကိုင်လိုက်သည့်အလား မစောညွန့်၏စဉ်းစားခြင်းအလုပ်ကို မလုပ်သောဉာဏ်အား ခေတ္တမျှ အလုပ်ဝင်စေ၏။
“ငွေဟာ မသုံးတတ်တော့ မီးလိုလောင်တတ်တယ်ဆိုတာ မသိဘူးလား” ဟု ထွန်းရှိန်၏မေးခွန်းကို စိတ်တွင် ထပ်ရေရွတ်၏။
“ငါသိပြီ ....... ငါသိတယ်၊ ငါဘယ်တုန်းကမှ အသုံးမမှားခဲ့ဖူးဘူး။ ခုငွေတွေ အသုံးမှားတယ်၊ ဒီငွေတွေကို ငါ အသုံးမတတ်တာဖြစ်သွားပြီ။ လူတယောက်ကို ငါချစ်မိတယ်၊ ချစ်လို့ ငွေပေးမိတယ်၊ ဒီငွေကစပြီး လူသတ်မှုကြီး ဖြစ်စေတယ်၊ အကြီးဆုံးသောမီးကြီး လောင်စေတယ်။ ဟုတ်တာဘဲ၊ ကံပေါ့လေ၊ မမှားသောရှေ့နေ မသေသောဆေးသမားတဲ့။ ဒီတခါမှားရင် နောင်မှန်မှာပေါ့” ဟုတွေးပြီးနေပြန်၏။ နာရီချိန်သီး ရပ်သွားပြန်ပြီ။
အတန်ကြာမှ “ မမညွန့်ရဲ့ ..... ဒါကြောင့် ငွေဆိုတာ မရှာရဘူး မဟုတ်ဘူး .... အများဆုံးရအောင် ရှာရမယ်။ အိမ်မှာ လှောင်ထားဘို့၊ သိမ်းထားဘို့ ရှာရတာ မဟုတ်ဘူး။ ငွေကို ကျွန်လိုခိုင်းဘို့ ရှာရမယ်။ ငွေဟာ လောကကြီးရဲ့ စီးပွါးကို ဆောင်နိုင်မှ တန်ဘိုးရတယ်။ ကောင်းကောင်းသုံးလိုက်တဲ့ ငွေတကျပ်ဟာ လောကကြီးတခုလုံး အကျိုးစီးပွား ဖြစ်ထွန်းစေနိုင်ပေမယ့် အိမ်မှာအောင်း မြေမှာမြှုပ်ထားတဲ့ ငွေများဟာ ဖွဲတခွက်သားလောက်မှ အကျိုးမဖြစ်စေဘူး။ မတော်တဆ ဒီငွေကို လုယူမဲ့လူ ဓားပြ ပေါ်ပေါက်လာရင်ဖြင့် ငွေရှင်မှာ အသက်အန္တရာယ်သာရှိနိုင်တယ်။ ဒါကြောင့် ငွေကို နိုင်နိုင်နင်းနင်းရှာပြီး နိုင်နိုင်နင်းနင်းနှင့် နည်းလမ်းတကျ သုံးနိုင်ရမယ်” ဟု ထွန်းရှိန်သည် ပြောပြီး မစောညွန့်အား ဆပ်ရန်ရှိသော ငွေကို ထုတ်ရေတွက်နေလေ၏။
မစောညွန့်မှာ အရှေ့ကောင်းကင်ပြင်မှ ပြုံးစိစိကြည့်နေသော နံနက်လင်းအာရုံကလေးကို မြင်ရသူသည် ကြည်ရွှင်ချမ်းမြေ့သလို၊ ယခု အသက်လေးဆယ့်လေးနှစ် ရောက်သည့်တိုင်အောင် မှောင်ထုကြီးထဲ၌နေခဲ့ရရာ ယခုတွင် ထွန်းရှိန်ပြောသောစကားကို ကြားရသောအခါ ယခင်က ရေပူစီးနေသော သူ့မနောဟဒယ နှလုံးအိမ်သည် ကျောက်စစ် စမ်းရေကလေး စီးဆင်းရာ ဖြစ်လာလေ၏။
“ဟုတ်တယ်”
သူစဉ်းစားပြန်၏။
“ဟုတ်တယ် ....... နိုင်နိုင်နင်းနင်းနှင့် နည်းလမ်းတကျ သုံးဘို့တော့ ကောင်းတာဘဲ။ ငါ့ငွေတွေ နိုင်နိုင်သုံးရမလား။ နည်းလမ်းကျကျ အကျိုးဖြစ်အောင် သုံးမလား။ သုံးရင် ကောင်ပါ့မလား။ ပြောတာတော့ အလွယ်ကလေးဘဲ။ ဘာကို အသုံးကျအောင် သုံးမယ်။ ဘယ်လိုသုံးမလဲ ငါမသိ။ ငါစဉ်းစားမရဘူး။ သူများကို ငါ့ကိုယ်စား သုံးပေးပါဆိုလဲ အခက်ဘဲ။ ခုကာလ ဘယ်သူ့မှ မယုံရဘူး။ လူလိမ် လူကောက်ချည်းဘဲ။ ကြည့်စမ်း ဦးသုဓဇ ဘယ်လိုလိမ်သွားသလဲ။ ငါကတော့ ချစ်လွန်းလို့ ယုံလိုက်မိတယ်။ ယုံလိုက်တယ်ဆိုရင်ဘဲ သစ္စာဖောက်တယ်။ ချစ်တဲ့လူတိုင်းလဲ ယုံလို့မရဘူး။ ခက်ပါတယ်လေ။ ထွန်းရှိန်ကိုဘဲ ယုံရမလား။ သူ့ကိုဘဲ ငါ့ပစ္စည်းပုံအပ်ပြီး လောကစီးပွါးဖြစ်အောင် သုံးပါလို့ အပ်မလား။ သူဟာ ရိုးလဲ ရိုးသားဘဲ။ ငါတွေ့ခဲ့သလောက်တော့ ရိုးတာဘဲ။ ငါလဲချစ်တယ်။ သူ့ကိုဘဲ ဒီတာဝန်လွှဲရရင် မကောင်းဘူးလား”
စိတ်တွင်း၌ အကြိမ်ကြိမ်မေးရင်း ထွန်းရှိန်ကို လှမ်းကြည့်လိုက်လေ၏။ အသက်ကို များစွာချစ်စနိုး၍ အသက်ဆုံးမည်ကို လွန်စွာ ကြောက်ရွံ့ စိုးရိမ်သူသည် မြစ်တဘက်ကမ်းသို့ ကူးရန်ရှိ၏။ လှေနှစ်စင်းသည် သူ့ကိုတင်ဆောင်ရန် အသင့်ရှိ၏။ တစင်းသောလှေကို မောင်းသူကား သန်စွမ်းသောကိုယ်ရှိ၏။ တယောက်ကား ပိန်ကြုံချိနဲ့၏။ ထိုသူသည် ပိန်ကြုံချိနဲ့သူကိုကြည့်ပြီး “ဒီလူကတော့ ပိန်လိုက်တာ၊ အားလဲရှိဟန်မတူဘူး၊ ရေကြောင်းကလဲ သန်ပါဘိသနဲ့၊ ရေလယ်ခေါင် လှော်မနိုင်ရင် အမယ်လေး ငါမသေသေးဘူးလား” ဟု တွေး၍ကြောက်၏။ သန်စွန်းသူကိုကြည့်ပြီး “သူကတော့ သန်တာ စွမ်းတာ ဟုတ်ပါရဲ့၊ တော်တော် ရမ်းမဲ့လူဘဲ၊ ဂရုမစိုက်ဘဲ လှေကိုလှော်သွားရင် ပြီးပါရော .. လှေမှောက်မှာဘဲ၊ ကြပ်တာဘဲနော်” ဟု စိုးရိမ်ပြန်၏။ မစောညွန့်မှာ ထိုသူ အသက်ကို ခင်တွယ်လွန်းသလို၊ ပစ္စည်းကို ခင်တွယ်ခဲ့၏။ ထိုသူသည် တပါးသောသူအား အသက်ကိုအပ်၍ လှေစီးရမည် ကြောက်ရွံ့သကဲ့သို့ သူ့ပစ္စည်းအပ်၍ လောကကြီးအကျိုး ဆောင်ရမည်ကို စိုးရိမ်ကြောက်ရွံ့ ၏။ သို့ကြောင့် မစောညွန့်မှာ ထွန်းရှိန်၏ရိုးသားကြောင်း ချစ်စရာကောင်းကြောင်း စသော အချက်ကလေးများကို လက်ဦးမြင်ရသော်လည်း၊ အသက်မျှချစ်သော ပစ္စည်းကို ယုံ၍ ပုံအပ်ရတော့မည်ဟု တွေးလိုက်တိုင်း စိုးရိမ်စရာကလေးတွေ တွေ့ လာပြန်၏။
“ဖြစ်ပါဘူးလေ ... သူကလေး အသက်ကလဲ အလွန်ငယ်တယ်။ အတွေ့အကြုံလဲ မရှိသေး။ ပစ္စည်းကို ဘယ်တုန်းကမှ ဖောဖောသီသီ မသုံးခဲ့ဘူး။ ငွေရေးကြေးရေးမှာလဲ နားမလည်သေးဘူး။ ဒီတော့ ဘယ်နည်းနှင့်မှ မဖြစ်ဘူး။ ပြီးတော့ လူဆိုတာ ငွေနှင့်မတွေ့ ခင်သာ ရိုးတာ။ ငွေနှင့်တွေ့တော့ ရိုးမှာမဟုတ်ဘူး။ ယုံနိုင်ဘူး ... မယုံနိုင်ဘူး” ဟု သဘောပေါက်လာပြန်၏။ ထွန်းရှိန်ကို ကြည့်ပြန်၏။
ထွန်းရှိန်သည် ငွေကို အိပ်ယာပေါ်၌တင်ထားပြီး .....
“ဒီအမှုကြားရတာ ကျွန်တော် သိပ်စိတ်မကောင်းတာဘဲ။ လူယုတ်မာတွေသေလို့ စိတ်မကောင်းတာ မဟုတ်ပါဘူး။ ဪ ... သာသနာတော်ကြီးဟာ ကမောက်ကမ ဖြစ်နေပါကောလား။ သည့်လောက် ဆိုးဝါးနေပါပကောလား။ သာသနာတော် ထိန်းတယ်ဆိုတဲ့ သာသနာ့ဘဏ္ဍာထိန်းတွေကဘဲ သည်လို ယုတ်မာညစ်ညမ်း စည်းကမ်းမဲ့နေရင် ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်ဆိုတဲ့ လူအပေါင်းတွေ၊ အထူးသဖြင့် ကျွန်တော်တို့ ဗမာတွေ ဘယ်မှာပြောဖြစ်တော့မလဲ။ ခေါင်ကမှ မိုးမလုံရင် တအိမ်လုံး ရွှဲတော့တာပေါ့။ အဲဒီလို သာသနာမှာ အလဇ္ဇီထွန်းနေပေမဲ့၊ အဲဒီလို သာသနာပျက်ဘို့တွေ ပေါ်ပေါက်နေပေမဲ့၊ အဲဒီလို သာသနာကွယ်ပျောက်ဘို့ အမှုတွေကို ဘုန်းတော်ကြီးတွေကစပြီး ပြုနေကြပေမဲ့ ကျွန်တော်တို့တတွေမှာ တပါးကျွန်ဖြစ်လို့မို့ သူများချုပ်ချယ်ရာ ခံနေကြရတာမို့ ကိုယ့်အရေး ကိုယ့်အရာ ကိုယ့်ဘာသာ ဖန်တီးနိုင်တဲ့အာဏာမရှိလို့မို့ အလဇ္ဇီထွန်း ထွန်းသလို သာသနာပျက် ပျက်သလို၊ ပျောက် ပျောက်သလို လက်ပိုက်ပြီး ကြည့်နေကြရတာဘဲလို့ ဝမ်းနဲတာပါဘဲ"
"ကြည့်ပါလား မမညွန့်ရယ်၊ ဒီအမှုမျိုးတွေကို ကျူးလွန်နေတဲ့ ဘုန်းကြီးတွေဟာ ပွဲကြည့်တာ၊ ရုပ်ရှင်ကြည့်တာ၊ မြင်းလောင်းတာ၊ ဖဲရိုက်တာတွေ ဘာအမှုထားတော့မလဲ။ ဟော .. အရှက်လဲ မရှိကြဘူး၊ အဆင်အခြင်လဲ မရှိကြဘူး၊ လူတွေနှင့်အတူတူရောပြီး အနီထောင်ဝိုင်းမှာထိုးတယ်၊ ကုန်းကာထိုးတယ်၊ သံဂွင်းပစ်တယ်၊ ဘုရားပွဲ နတ်ပွဲတွေ လုပ်ဘို့ သိပ်အားပေးတယ်၊ ဘုရားပွဲ နတ်ပွဲတြွေဖစ်တော့ သူတို့က လူလယ်ခေါင်ဝင်ပြီး အပျိုတွေတိုး၊ လက်သရမ်း၊ အဲဒါတွေရှိနေရင် အမျိုးလဲပြုတ်မယ်၊ သာသနာလဲပျက်မယ်၊ ကုလားပြည်မှာ ဗုဒ္ဓဘာသာကြီး ဘာလို့ကွယ်သွားသလဲ။ သံဃာကောင်းမရှိ၊ ရှိတဲ့သံဃာတွေကို မဟာမေဒင်မင်းတွေဝင်လာတော့ မောင်းထုတ်လို့ အဲ့ဒီကစပြီး ကွယ်သွားတာဘဲ။ တရုတ်ပြည်မှာ သာသနာ ဘာကြောင့်ညှိုးနေသလဲ၊ ဘုန်းကြီးတွေ ညံ့လို့ဘဲ။ ဒိပြင် ခရစ်ယာန်ဘာသာကို ကြည့်အုံးမလား၊ ပရိုတက်စတင့်ဆိုတဲ့ဘာသာကို မာတင်လူသားကစ ဟောပြီးတဲ့နောက် အနှစ်တရာတိုင်တိုင် ဥရောပတိုက်တတိုက်လုံး စစ်ကြီးအကြီးအကျယ် ဖြစ်၊ လူတွေအများကြီး သေကြတယ်၊ ဒီအဖြစ်အပျက်ရဲ့ အကြောင်းရင်း ကြည့်ရင် ဘုန်းကြီးတွေ အကျင့်ဖောက်ပြားကြလို့ ဖြစ်တာကို တွေ့ရမယ်။ ပြင်သစ်သူပုန်ကြီးပေါ်တာ ရုရှားသူပုန်ကြီး ဖြစ်လာတာဟာ ဘုန်းကြီးတွေကြောင့်ပေါ့။ ဘုန်းကြီးတွေက အပြစ်တွေသိပ်လုပ်၊ ယုတ်မာနေကြတော့ အဲဒီနိုင်ငံတွေမှာ လူတွေက ဘုန်းကြီးတွေကိုမုန်း၊ ပုဂ္ဂိုလ်ခင်မှ ဝါဒမင်တယ်ဆိုတဲ့အတိုင်းဘဲ၊ ဘုန်းကြီးတွေမုန်းတော့ ခရစ်ယန်ဘာသာကြီးလဲ မုန်းကြရရော။ ခုတော့ ခရစ်ယန်ဘာသာဟာ ကွယ်နေပြီ၊ ဒါကြောင့် သာသနာကြီးကွယ်ရင် ဘုန်းကြီးကြောင့်ဘဲသာ တထစ်ချ ယူထားလိုက်တယ်၊ ကဲ ... ရော့ မမညွန့် ကျွန်တော်က ပေးစရာငွေ” ဟု ဆိုပြီး ငွေကို လှမ်းပေးလေ၏။
မစောညွန့်သည် ထွန်းရှိန်ပြောသမျှကို အားလုံး နားထောင်၏။ သို့သော် .... စာမေးပွဲနားနီး၍ အမြန်စာကြည့်သူကဲ့သို့ ထွန်းရှိန်ပြောသမျှအကြောင်းတို့သည် သူ့စိတ်ထဲ၌ ဝါးအစည်းပြေသကဲ့သို့ ဗလောင်ဆန်၍နေလေ၏။ သူသည် ထွန်းရှိန်စကားတွင် မည်သည့်အပိုင်းကိုမျှ အသေအချာ မမှတ်မိ၊ အစီအစဉ်ကျကျလည်း သတိမရ။ သို့သော် ..... ထွန်းရှိန်စကားသည် သူ့ကို တုန်လှုပ်စေ၏၊ ထိတ်လန့်စေ၏၊ တွေဝေစေ၏၊ ထွန်းရှိန်က လှမ်းပေးသည်ကို ယူ၏။ ဘာကို ထွန်းရှိန်က ပေးသည်၊ ဘာကြောင့်ပေးသည်၊ ဘာလုပ်ရမည်ကိုကား ကောင်းစွာ မသိ၊ သူ့အဘို့ကား တကမ္ဘာလုံးသည် ဆီးနှင်းတွေ ဝေနေလေသတည်း။
ပြီးပါပြီ။
--------------------------
#သိန်းဖေမြင့်
သောကြာကြိုက်သောစာစုများမှ
Comments