ဓမ္မကထိကလောင်း ဦးသုဓဇ ကာမဂုဏ်ဘွဲ့ လေးချိုးသဖြန်
ကညာမေပျို ယုဇနပန်းရယ်ကြောင့်၊ ငါရွှေကိုယ် အနုသမဏရဟန်းမှာဖြင့်၊ အမှုမလှတဲ့ စခန်းရယ်က ထိတ်စရာသဘွယ် (တကာကလေးရေ ... မသီလရေ မသီလရေ ... စာရီရေ ……. အေ) လူ့ဘဝလှမ်းမယ်လို့လဲ စိတ်ကရွယ်။(တိမ် ပူတိမ်ဗြောင်) ဘာဝနာစိပ်ပုတီးရယ်နှင့်၊ အခါခါ တဆိတ်ကမှ မမှီနိုင်တဲ့ပြင်၊ ဇနီးခိုင် အသဝါ အပျိုချောရယ်ကြောင့်၊ အပြီးတိုင် ငါအကို မစောနိုင်ဘု၊ ဒေါသအရှိပါကိုနော်ကွယ်၊ လော ...ဟော ... ဟော ဘ, ငြိတွယ်။ (တိမ် ... တိမ် ...တိမ် ..) ကညာလုံး ပုလဲအသဝါ အနိပ်ကယ်ကြောင့်၊ ကာမဂုဏ်စွဲလာတဲ့ စိတ်ကယ်နှင့်၊ လွှဲကာအိပ်ပေမဲ့ အောင်းမေ့တယ်၊ မကောင်းဓလေ့ တွယ်တာတွေက ကြောက်စရာ အရေး၊ (သီလစာရီရေ …..)ကျောင်းအကွေ့ အလယ်မှာဖြင့် မှောက်ခါ။ (တယ် ပူတဲ့တောင်) ဘဝတွင် အလှစပယ်တင်ကြောင့်၊ မရလျှင် တကယ်သေလိမ့်၊ မဘွယ်မသေ ကာမဂုဏ်သဘောရယ်နှင့်၊ တအာရုံ ရာဂုံရောရင်လ၊ သဘောအကျ မထေရ်တဆူ သည်လိုမဆွေးခဲ့ပါဘု၊ (သီသီရေ) တလောကတွင်ဖြင့် သည်အပူမအေး။
“တောက် …. တောက် …. ဦးကျောက်လုံးရေ”
“ဘုရား”
ကိုက်ထားသော ဆေးတံကို ပစပ်မှ ထုတ်ပစ်၍ ကပ္ပိယဦးကျောက်လုံးက ထူးစေ။
“ခက်ပြီ ဘိုကျောက်လုံးရဲ့ ခက်ပြီ။ ဒီအပူဝင်ပြီလားဆိုမြှဖင့် ဘယ်အပူနှင့်မှ မတူပါဘဲကလားနော် တကာကြီး” ဟု ဦးသုဓဇသည် ဝမ်းနည်းစွာ ငြီးရှာ၏။
အဲဒါကြောင့်လဲ ....
*ရူပံသဒ်ဒါ ဂန်ဓာရသာ။
ဖေါဋ္ဌဗ္ဗာစ မနောရမာ။
ဧတံလောကဝိ သံဃောရံ။
ဧတ္တလောကော ဝိမုစ္ဆိတော။
(* စစ်တွေမြို့ ဦးကောသလ္လ ရေးသည့် ပဉ္စသီခ ယပ်လှဲတရားမှ ယူသည်။)
မနောရမာ။ ပညာတုံးသူတို၏ စိတ်နှလုံးကို ရွှင်ပြုံးပျော်မွေ့စေတတ်ကုန်သော၊ ရူပါစ။ စက္ခုပသာဒဖြင့် တွေ့မြင်ကြသည့် အဆင်းမျိုးစုံ ရူပါရုံတို့သည်လည်းကောင်း၊ ဪ ... ဦးကျောက်လုံးငဲ့ (ဘုရား) ညနေ …..
ညနေ ကျောင်းရှေ့မှာ ပန်းခူးထွက်တုံး ပြုံးပြုံးရွှင်ရွှင်နှင့် မြင်ရသော သီသီရဲ့ မျက်နှာကလေးသည်လည်းကောင်း၊ တခါတရံမှာ ကျုပ်တို့ဆရာတော်အလစ် သူ့စရပ်သွားလယ်တော့ ဟောဒီက သုဓဇရဲ့ စက္ခုအကြည်ဓာတ်မှာ ဒိုင်းကနဲ ... ဒုံးကနဲ ... တိုးဝင်အပ်သော ရွှေစင်ကဲ့သို့သော အသား၊ သေးသောခါး၊ ချီသောရင်၊ မယှဉ်သာသော တင် စသည်တို့ဖြင့် ဖွဲ့စည်းတည်ထောင်အပ်သော အလှအယဉ် အင်ပါရာကြီး မသီလစာရီကလေး၏ရူပါရုံတို့သည်လည်းကောင်း၊ (အလဲ့ တယ်လာတဲ့ တို့ဆရာတော်ပါကလား) သဒ္ဒါစ။ သောတပသာဒဖြင့် တွေ့ထိကြသည့် သာယာနာဘွယ် .. တင့်တယ်မျိုးစုံ သဒ္ဒါရုံတို့သည်လည်းကောင်း၊ ဪ တကာကြီး (ဘုရား) ညညကျတော့ ရွတ်ဘတ်သရဇ္ဈာယ်
လိုက်တဲ့ အသံကလေးတွေ၊ မေတ္တာပို့တဲ့ .. အသံကလေးတွေ၊ တရားစာဘတ်တဲ့ အသံကလေးတွေဟာလေ၊ ကျုပ်တို့ရဲ့ သောတာရုံ ကျက်သရေတိုက်ခန်းမှာ အမြဲတမ်း ခိုအောင်း၍နေကြလေပြီ။ ကျုပ်တို့ရဲ့ ဆရာတော် လစ်ခိုက်မှာ သူ့စရပ်သွားပြီး (အဟိ ...) သူ့ကို စရပ်သွားပြီးတော့ ..
“မသီလစာရီရေ ... မပျင်းဘူးလား ….” လို့ မေးတော့၊
“ပျင်းတယ်လို့ ငြီးနေရင် အပျင်းလျော့မလား ဘုရား” တဲ့ ….…။
"မလျော့ဘူးပေါ့ ..…. မသီလစာရီရယ်၊ ဒီတော့ အပျင်းလျော့အောင် ဘယ်လိုလုပ်သလဲ” လို့ မေးပြန်တာကိုး တကာကြီးရဲ့ ..။
“စာကလေး ဘာကလေး ဘတ်ရတာပေါ့ ဘုရား ..။ တခါတရံ ဦးပဉ္စင်းဆီက တရားကလေး ဘာလေး နာချင်ပါရဲ့” စသည်ဖြင့် တီတီတာတာ ပြောလိုက်သော သဒ္ဒါရုံတို့သည်လည်းကောင်း၊ ခန္ဓာစ ဃာနပသာဒဖြင့်
တွေ့ထိကြသည့် မွှေးမွှေးထုံထုံ အနံ့မျိုးစုံတို့သည်လည်းကောင်း၊ ရသာစ၊ (အို ..ကိုယ်တော်လေးက ဒီ ခန္ဓာစတော့ ဋီကာ မချဲ့တော့ဘူးလား ဟား ..ဟား ..)၊ ချဲ့ချင်သော်လဲ မချဲ့နိုင်၊ ချဲ့နိုင်ရန် ကိုယ်တွေ့ မရှိသေးသဖြင့်
ရသာစ၊ ဇီဝှါပသာဒဖြင့် တွေ့ ထိကြသည့် အချိုအဆိမ့်စသော အမျိုးမျိုးအဖုံဖုံ ရသာရုံတို့သည်လည်းကောင်း၊ တခါတရံ လဘက်အုပ်ကလေးများ ပို့လာတယ်၊ တခါတရံ သရက်သီးကလေးများ ကပ်လာတယ်၊ သူပို့ဆက်တဲ့
သရက်သီး လဘက်တို့ပင် တခြားတခြားသော သရက်၊ လဘက်တို့ထက် ဝက်ဝက်ကွဲအောင် ကောင်းခြင်းတည်းဟူသော ရသာရုံသည်လည်းကောင်း၊ ဖေါတဗ္ဗာစ၊ ကာယပသာဒဖြင့် တွေ့ထိကြသည့် သိမ်သိမ်မွေ့မွေ့ အတွေ့ ဖေါဋ္ဌဗ္ဗာရုံတို့သည်လည်းကောင်း၊ (ဝါ) (အလဲ့ ... ဒီမှာတောင် ဋီကာဖွဲ့နိုင်မဲ့ အာဂဇာနည်ပါတကား) (ဝါ) မသီလစာရီကလေးနှင့် အရှည်အကြာ ပလီပလာ တီတီတာတာပြော၍ ရီစရာသဘောနှင့် မေးကို လက်ကလေးနှင့် တို့ရသည်ဟု အိပ်မက် မက်ရသည်မှာ ဤမျှ ထိုမျှ ဇိမ်တွေ့ပါလျှင် တကယ်တန်းတွေ့ရက တောက်... ဟီး... ဘယ်လောက်များ ဇိမ်ရှိမလဲလို့ ... တွေးနိုင်သော ဖေါဋ္ဌဗ္ဗာရုံ ဟူသမျှတို့သည်လည်းကောင်း၊ အတ္ထိန္တိသ၊ လောကတလွှားမှာ ထင်ရှားရှိကြလေကုန်၏။ ဧတံ၊ ရူပါရုံက စသည်ချဲ့ပွါး ထိုငါးပါးသော အာရုံဟူသမျှသည် ဃောရံ၊ ခက်ထန်ပြင်းပြ၊ ကြမ်းကြုတ်လှစွာသော လောကဝိသံ၊ သတ္တလောကအလုံးကို ပျက်ပြုန်းစေတတ်သော အဆိပ်တုံး အဆိပ်ခဲကြီးပေတည်း။
ဧတ္တ၊ လူရော နတ်ပါ ဗြဟ္မာမကြွင်း၊ သတ္တဝါခပင်းတို့ လွန်မင်းစွာ ပျော်ပိုက်၍နေကြသော ... ဤလောကကြီးထဲ၌၊ ဧတေဟိ၊ ထိုဆိုအပ်ကုန်ပြီးသော ကာမဂုဏ်တို့သည် လောကေ၊ လူရော နတ်ပါ များစွာသောင်းသောင်း သတ္တဝါအပေါင်းတို့ကို ဝိမုစ္ဆိတော၊ ညှင်းဆဲပုတ်ခတ် သတ်ဖြတ်လေတော့သတည်း ...” လို့ ဟောပေတာဘဲဟု ဦးသုဓဇသည် တရားဟောလိုက်ရာ တရားထဲတွင် စိတ်ပါ၍လား မသိရ၊ ဦးကျောက်လုံးသည် “အင်း အတော်ကို အတော်တိုးနေပါပကော” ဟု ဝမ်းတွင်းက ကြိတ်၍ပင် ချီးမွမ်းမိလေ၏။
“ဒီလို ပူဆွေးနေလို့ မပြီးဘူးကိုယ်တော်”
“ပူဆွေးလို့ မပြီးတာတော့ သိသားပေါ့၊ ကျုပ်တော့ မသီလစာရီကို သိပ်ကြိုက်တယ်။ ရုပ်ကလဲကောင်း၊ သီလသမာဓိလဲ ရြှိပန်၊ ပြီးတော့ ကျုပ် သိပ်သဘောကျတာက အသံကလေး ကောင်းပြီးတော့၊ ယပ်လှဲတရားကလေးတွေ ရွတ်ပုံ အချိုးကျလွန်းလို့ ရရင်တော့ဗျာ ပြိုင်တူတရားဟောထွက်မယ်၊ ကျုပ်တို့ဗမာပြည်မှာ လင်မယားအတူတူ တရားဟောထွက်တာ မရှိသေးဘူး၊ ကျုပ်တို့က စပြီးထွင်လိုက်မယ်”
“ကောင်းပါ့ ကိုယ်တော်"
“ကောင်းမနေနှင့်၊ ခင်ဗျားတာဝန်လဲ လုပ်စမ်းပါအုံး၊ ခင်ဗျားက နာနာလှော်မှပေါ့”
“လှော်ရုံ ဘာကမလဲဘုရား၊ စာတွေဆိုလဲ ပေးပါဆိုသမျှ အကုန်ပေးတာဘဲ၊ ပစပ်ကလဲ လှော်တာဘဲ၊ ဘုန်းကြီးသိသွားမှာလဲ စိုးရသေးတယ်။ သူသိသွားရင် တပည့်တော် အလုပ်ကထွက်ရလို့ ငတ်နေမယ်” ဟု ပြောရင်း ဆေးတံကို ဆေးသွတ်နေ၏။
“ဟာ ... ဒါတွေမပူနှင့်၊ ကျုပ်နှင့်သာ နေရာကျအောင်လုပ်ပါ ”
“ကျမှာပါ ကိုယ်တော်၊ ကနေ့ည ဘုန်းကြီး ကွမ်းခြံကုန်းသွားရမယ်၊ ဘုန်းကြီးမရှိတုန်း အရဲစွန့်ပေတော့။ ဘုန်းကြီးကလဲ ဒီလိုလစ်မှဘဲ၊ နို့မဟုတ်ရင် အရေးကောင်း ဒိန်းဒေါင်းဖျက်တာလို သိပ်လုပ်ချင်တယ်”
“ကနေ့ည မရှိတာ သေချာသလား၊ သေချာရင် ကျုပ်လဲ သေချာပြီ မှတ်ပေတော့၊ ငါဟဲ့ ... သုဓဇဘဲ ..” ဟု ကြုံးဝါး၍ လက်ခမောင်းခတ်လေ၏။
“ကွမ်းခြံကုန်းသွားမယ်၊ ဦးပဉ္စင်း ၅ ပါးလဲ ပါသွားမယ်၊ အလှူက လှူမဲ့ဟာတွေတော့ တဝက်စီ သူ့ခွဲပေးကြရမှာဘဲတဲ့၊ အင်မတန် လောဘကြီးတဲ့ဘုန်းကြီးဘဲ ကိုယ်တော်” ဆေးတံ မီးညှိလေ၏။
“သူ့လောဘတော့ မပြောနှင့်၊ သီလရှင်တွေအပေါ်မှာလဲ လောဘဘဲ၊ ကဲလေ ... ညကျတော့သာ...” ဟု ပြောပြီး စောင်းလျက်နေသော နေကို လက်နှင့်ဆွဲချ၍ နေ့ကို ညဖြစ်စေအောင် စွမ်းနိုင်သောသတ္တိမျိုး ရရန် ဆုတောင်းလျက်ရှိလေ၏။
--------------------------
#သိန်းဖေမြင့်
အပိုင်း ၇ ဆက်ရန်
Comments