အခဏ်း။ ၁၃ ။
မကြည်ရဲ့ ဦးသုဓဇမှ ဒင်ပြေ့ဓမ္မကထိက ဖြစ်လာခဲ့ပေ၏။ “ပွင့်လု ငုံအာ၊ ပဒုမ္မာ၊ သော်တာရောင်နှင့်တွေ့” ဆိုသကဲ့သို့ နာမည်ထွက်၍ တန်ခိုးကြီးမည့်ဆဲဆဲ၌ သတင်းစာများကလည်း “ဓမ္မကထိကအကျော် ဆရာတော် ဦးသုဓဇ” ဟူ၍ ဓါတ်ပုံနှင့်တကွ ဖေါ်ပြခြင်းဖြင့် သော်တာရောင် ပေးလိုက်လေရကား ဦးသုဓဇ၏သတင်း ကြာပဒုံသည် အာငုံ ဖူးပွင့် အထူးရင့်လာလေသတည်း။
ရန်ကုန်မြို့ ရွှေတိဂုံကုန်းတော်ကြီး၌လည်း အကြိမ်ကြိမ် အဘန်ဘန်၊ ကြည့်မြင်တိုင် ကိုးထပ်ကြီး၌လည်း သုံးလေးကြိမ်၊ ကမာရွတ် တပ်တွင်းကျောင်း၌လည်း တကြိမ် နှစ်ကြိမ်၊ ပုဇွန်တောင် ရေကျော်၌လည်း တခါတလေ၊ ရန်ကုန်တွင် နှံ့အောင် တရားဟောနေရပြီ ဖြစ်သဖြင့် ရန်ကုန်မြို့ ဓမ္မကထိကတို့တွင် ခေါင်းစဉ်က စာရင်းအတပ်ခံရလေပြီ။
ဓမ္မကထိက ပန်းတိုင်သို့ရောက်အောင် ၄အား လှုံ့ဆော်ပေးလိုက်သော ရည်ရွယ်ချက်တခုမှာ 'မြာ' ပိုး၍ တွင်တွင်ကြီး စွံရန်ဖြစ်ပေရာ ထိုရည်ရွယ်ချက်ဇက်ကြိုးဖြင့် မိမိကိုယ်တည်းဟူသော မြင်းကို တွင်တွင်သာ စိုင်းနေလေ၏။ ပုဇွန်တောင် ညောင်တန်းရပ်ကွက်ဆီမှ ရီးစားတယောက် ပေါ်ပေါက်ခဲ့လေ၏။ ကမာရွတ်က ဆရာမအပျိုကြီးတယောက်နှင့်လည်း ငြိတိတိ ဖြစ်နေလေ၏။
“အို .. ဆရာမကြီးရဲ့တပည့်များကို ဘူးသီးနုနု မခူးရဘူး၊ ငါ၏ဒူးနာ၏လို့ စာသင်တာလို ဟောဒီက မနူးမနပ် စိမ်းဆပ်ဆပ် လူရိုးကြီးကိုလဲ လူမှုရေးရာ ဘယ်ရွေ့ ဘယ်ညာ၊ ဘယ်လိုပြော ဘယ်လိုဆို၊ ဆုထူးပန် ဆရာမကြီးတွေ့တော့ ဘယ်လိုကြည့်၊ ဘယ်လိုနှုတ်ခွန်းချွရေမယ် ဆိုတာတွေကို သင်ပေးတော်မူလှဲ့ပါအုံး ဆရာမကြီးရဲ့။ သင်တဲ့အခါကျတော့ အ နေမယ်၊ န နေမယ် ဆိုရင် ခေါင်းကိုလဲ ခေါက်တာပေါ့” ဟု ဆရာမကြီးဆီကို စာရေးလေ့ရှိ၏။
“ ဓမ္မကထိကအကျော်မို့ တပဲ့တော်မကို သရော်တာလား ဘုရား။ ' မိကျောင်းမင်း ရေခင်းပြ'တာလို ဆရာပညာ့ရှင် သခင်တပါးကို သင်လား သွန်လား မလုပ်ဝံ့ပေါင်ပါဘုရား။ အကယ်တန္တု လူမှုမကျွမ်းလို့ လူ့တမ်းကို အခြေပြု ချော်ရင် ဂရုတော်မစိုက်ပါနှင့်ဘုရား။ အရှင်ဘုရား အမှားတော်ကို ပေယျာလကံ ဝကွက်လို့ ချန်ကြည့်ပါမည်” ဟူသော ပြန်စာမျိုးကိုကြည့်၍ ပြုံးရသည်။ ပီတိဖြစ်ရသည်မှာလည်း အကြိမ်ကြိမ်။
“ဦးဇင်း ကြွလာတော်မူမယ် ဆိုလို့ ရွှေလည်တိုင်ဖေါ့ရိုး ကျိုးမတတ် မြှော်ပါသော်လဲ မပေါ်လှာ တော်ရာမှာ စိတ်တော်စွဲလို့ လမ်းလွှဲများ လိုက်လေရော့လားလို့” စသော စာကိုဘတ်ပြီး သက်ပြင်းကြီးချရသည်ကား အဘန်ဘန်။
ထိုအပျိုတို့ကား ရီးစားမျှသာ၊ ရှေ့သို့မတက်နိုင်။ အခွင့်သာအောင် စောင့်နေခဲ့ရ၏။ သီလရှင် မသီလစာရီနှင့်ကား ကာမဘောင် ပင်လယ်ဘွေ၌ လှေငယ်ဖြင့် ရွက်ကုန်လွှင့်နေသည်တွင် ကပ္ပိယ ဦးကျောက်လုံးကြီးဝင်လာပြီး ..
“ဦးဇင်းလေး ... သိပ်လဲ မရမ်းနှင့်။ သီလရှင်လေး ကိုယ်လေးလက်ဝန်ရှိလာရင် ကမ္ဘာမီးလောင်နေမယ်” ဟု သတိပေးရာ ..
“ဪ ....... ဒကာကြီးက သိပ်ခေတ်မမှီသေးဘဲကိုး .. ။ ပဋိသန္ဓဆေိုတာ ကိုယ်က နေစေချင်မှ နေတာပါ ..” ဟု ဦးသုဓဇက ဖြေ၏။
“ဒါ ထားပါအုံး ... ကိုယ်တော့အခြေကို အများက အကဲခပ်နေကြပြီ။ တော်တော်လဲ ရိပ်မိကြတယ်။ တပဲ့တော်တို့ဆရာတော်ကြီး သိသွားရင် “အကျိုးလိုလို့ ညောင်ရေဖျန်း၊ ပတ်ထမ်းသင့်” ဆိုတာလို တပဲ့တော်ပါ ရာဇဝတ်မှုဖြစ်နေမှာဘဲ။ နဲနဲတော့ ဆင်ဆင်ခြင်ခြင်နဲ့ အဆောင်တော်ကူးပါ”
“ကိစ္စမရှိပါဘူး တကာကြီးရယ် .... ဆရာတော်ကြီးလဲ အ အကြီးပါ။ သိမှာ မဟုတ်ပါဘူး” ဟု ပြောပြီးသည့်နောက် ရက်များမကြာမီ ကမ္ဘာမီးလောင်လေ၏။
နန္ဒဝန်ဆရာတော်ကြီးမှာ အထက်အညာချင်းတောင်မှရလာသော ခွေးမတကောင် ရှိ၏။ ထိုခွေးမကလေးသည် အလွန်လှပ၍ အမျိုးကောင်း၏။ ထိုခွေးမှ ဆင်းသက်ပေါက်ဘွားသော ခွေးမျိုးကောင်းများ၊ ခွေးသန့်များ (ဝါ) ခွေးဗြဟ္မဏကလေးများကို ၄၏တကာကို ပေးလိုသဖြင့် ခွေးမကို တခြားခွေးတွေနှင့် မင်္ဂလာမဆောင်မိရန် ကြီးစွာသော ဝါယမဖြင့် စောင့်ရှောက်ပြီး ဝါးရုံတောကျောင်းတိုက်မှ “ဘူးလ်ဒေါ့” ခွေးကြီးနှင့် စပ်ထားခဲ့လေသည်။ ထိုခွေးမကား ခွေးဘီလူးကြီး၏သတ္တိကြောင့် ယခုအခါ ခွေးကလေးတွေ မွေးခါနီးဖြစ်နေလေ၏။ ထိုခွေးမကို မသီလစာရီ၏စရပ်အောက်မှာ ကျကျနန ထားလေ၏။
တညသော် တချက်တီးအချိန်၌ ဆရာတော်သည် ခွေးကလေးတွေ ငိုသံ၊ ခွေးမကြီး အူသံကြောင့် ကျိန်းစက်ရာမှ နိုးလေ၏။ ခွေးကလေးများ မွေးဘွားမည့်အချိန်ကို ရန်သူချဉ်းကပ်သံကို နားစွင့်နေသော စစ်သားကဲ့သို့ အမြဲနားထောင်နေသူဖြစ်ရကား ခွေးမွေးပြီဟု ချက်ချင်း တပ်အပ်သိလေ၏။ ထိုအခါ လက်နှိပ်ဓာတ်မီး ကိုင်ပြီး ကျောင်းအောက်သို့ အပြေးဆင်းခဲ့လေ၏။
စရပ်ပေါ်၌လည်း “ဘယ်က ခွေးသံတွေလဲ” ဟုမေးရာ “ခွေးမကြီး မွေးပြီထင်တယ် ဟဲ . ဟဲ” မသီလစာရီက ဖြေလိုက်၏။ “ဆင်းကြည့်ရအောင်” ဟု ဦးသုဓဇက အဆိုသွင်းရာ “ဟင့်အင်း မကြည့်နဲ့။ ငြိမ်ငြိမ်နေပါ” ဟု ကန့်ကွက်၏။
ထိုအသံများကား ဆရာတော်နားတွင်းသို့ မထင်မရှား ရောက်လာလေ၏။ ဆရာတော်သည် စကားပြောသံကို ကြားရသောအခါ ခွေးမဆီသို့ လက်နှိပ်ဓာတ်မီး ထိုးထားသည်ကို ခလုပ်ပိတ်မိ၏။ စရပ်ပေါ်သို့ နားစွင့်နေဘိ၏။ ဆိတ်ငြိမ်သွားပြန်၏။
“ဘာလို့လဲ သီသီရဲ့” ဟူသော အသံသည် ဆရာတော်၏တကိုယ်လုံးကို ချောက်ချားသွားစေ၏။
ဆရာတော်သည် မွှေးညှင်းများထလာ၍ ရင်မှာလည်း တဒိတ်ဒိတ် ပြင်းစွာ ခုန်လာလေ၏။ ၄ရှေ့၌ရှိသော စရပ်နံရံမှာ ခွက်ဝင်သွားသည်ဟု အောက်မေ့၏။ နောက် စရပ်အမိုး ပြိုကျလာသည်ထင်၏။ နောက် မျက်စိကို ပွတ်ကြည့်မိ၏။ ၄ရှေ့၌ မသီလစာရီ၏စရပ်သည် ဆိပ်ငြိမ်စွာ တည်နေ၏။ ခါတိုင်းကဲ့သို့ပင် မရမ်းပင်ကြီးသည် မလှုပ်မရှားဘဲ စရပ်ပေါ်က အုပ်နေလေ၏။ အသံကို နားထောင်ပြန်၏။ ခွေးကလေး၏အသံများကိုသာ ကြားရ၏။ ထိုအခါ “တယ်ရှုပ်တဲ့ ခွေးသံတွေပါလား ...” ဟု ထင်မိ၏။ မကြာမီကပင် ခွေးသံကို ကြားရသောအခါ ရွှင်လန်း နှစ်သိမ့်၏။ ယခုမူ ထိုခွေးသံသည်ပင် မင်္ဂလာမရှိသောအသံ၊ သူ့ကို ဖျက်ဆီးသောအသံ ထင်ပြန်၏။
ခြေဖျားထောက်သွား၍ မသီလစာရီအိပ်သော အခန်းခေါင်းရင်းဆီသို့ ကပ်၏။ ပြတင်းပေါက်အကြားကလေးတွေကို ကပ်ပြီး နားထောင်၏။
“ဦးပဉ္စင်းသွားမယ်နော်”
“ဟင့်အင်း မသွားနဲ့။ ကြောက်တယ်”
“ဟား ..ဟား ... ဟေ့ ... ကြောက်တယ်”
“ဟုတ်ပြီ။ အစစ်ဘဲ၊ ဦးပဉ္စင်းတပါး သူ့အခန်းထဲ ရောက်နေပြီ။ ဘာလုပ်လာရသလဲ"
ဆရာတော်သည် ခြေဖျားထောက်ထားသည်ကို အောက်ချ၍ ငိုင်သွား၏။ ကိုယ် တဆတ်ဆတ် တုန်လာ၏။
"ခွေးမကလေး လင်နေတယ်၊ ပဉ္စင်းတွေနှင့် ညားတယ်၊ ငါ့မှာဖြင့် ကျွေးလိုက်ရ မွေးလိုက်ရတာ ထောက်ပံ့လိုက်ရတာ။ ငါပိုင်တယ်။ သင်းလဲ ငါပိုင်တာသိတယ်။ ဟင် သီလစာရီရဲ့ ...မင်း သက်သက်မဲ့ မိုက်လုံးကြီးတာပေါ့”
“လွှတ်ပါ သီသီရဲ့ ၊ သွားချင်တယ်။ ဒီနေ့ ဘာလို့မှန်းမသိဘူး၊ သီသီ့ဆီကို လာသာလာရတယ်။ စိတ်ထဲကတော့ မသွားနှင့် မသွားနှင့်နဲ့ သတိရနေတာဘဲ။ သို့ပေမဲ့ ဪ မလာရင် သီသီက မချစ်ဘူးလို့ အပြစ်တင်မှာကြောင့် ... ကဲပါ နော်၊ လွှတ်ပါ”
ဆရာတော်ကား ခြေဖျားထောက်၍ နားထောင်ပြန်လေ၏။ သူ့ဝမ်းတွင်း၌ကား အသည်းရော နှလုံးရော သရက်ရွက်ရော ကျောက်ကပ်ရော အူရော အကုန်တုန်နေကြ၏။
"သိကြရောပေါ့၊ သင်းတော့ သတ်ပစ်မယ်၊ သင်ဒုန်းနှင့် လည်လှီးမယ်၊ ကျေးဇူးကန်းမ၊ ဒီအသံ ဘယ်သူ့အသံလဲ၊ ဘယ်ပဉ္စင်းလဲ၊ ငါ့ကိုက မှားတယ်၊ ခွေးပဉ္စင်းတွေ မွေးထားမိတယ်၊ ငါ့ကျောင်းလဲနေသေး၊ သရေပေါ်အိပ် သရေနားစား၊ နင်ဘယ်သူလဲ၊ မှန်း ....... နားထောင်"
“လွှတ်ပါ ... မလွှတ်ဘူးလား သီသီရဲ့”
“လွှတ်ဘူး ”
“ကဲ .. မလွှတ်နှင့်အုံး ...” ဆိုပြီး ပြင်းပြစွာ အသက်ရှုသံကို ကြားရလေ၏။
ဆရာတော်မှာ ကျောထဲက စိမ့်သွား၏။ တကိုယ်လုံး အေးကျဉ်၍သွား၏။ အသက်ရှု မမှန်ဘဲရှိလေ၏။ ခြေထောက်ထားရသည်မှာ ညောင်းပြီဖြစ်၍ အောက်ချပြန်၏။ “ကလစ်” ခနဲ မင်းတုံးဖွင့်သံ ကြားရလေ၏။ အသက်ရှု ရပ်ထားလိုက်မိ၏။
“ကလစ်” ဆိုသောအသံမှာ သေးငယ်သော်လည်း ဆရာတော်ကိုကား မိုယ်းချုန်းထစ်သကဲ့သို့ ချောက်ချားတုန်လှုပ်စေ၏။ နောက် ဝုန်းကနဲ အသံကြားရပြီး ဘိနပ်သံ တဖျပ်ဖျပ် ကြားရလေ၏။ ဘိနပ်သံသည် ကျောင်းဆီသို့ သွား၏။
ဆရာတော်မှာ ဘာလုပ်ရမည်မသိ ငေးပြီးကြည့်နေမိ၏။ နောက်မှ သတိရပြီး “ကဲ .. အခု လုပ်ရင်လုပ်၊ တခုခုလုပ်၊ နောက်မှဆိုရင် ဘာမှ မလုပ်ရတော့ဘူး” ဟု ဓာတ်မီးနှင့် ထိုးကြည့်လိုက်၏။
“ဟယ် ဦးသုဓဇပါကလား၊ မယားခိုး၊ လူမိုက် ခွေး” ဟု မြည်တမ်း၏။
ဦးသုဓဇမှာ မီးရောင်ကြောင့် လန့်ပြီး ကျောင်းပေါ်တက်ပြေး၏။
ဆရာတော်သည် ဦးသုဓဇနောက်သို့ လိုက်ချင်သော်လည်း သူ့ကို ရန်မူထားခဲ့မှာ ကြောက်၏။ ခြေလေးငါးလှမ်းမျှ လိုက်ပြီး နောက်သို့ ဆုတ်ပြန်၏။
“ဟဲ့ ... သီလစာရီ၊ သီလစာရီ ထစမ်း” ဟု အမိန့်ရှိပြီး စရပ်ပေါ်တက်သွား၏။ သီလစာရီကား ခုနင်က အော်ကတဲက ဘုန်းကြီးမှန်း သိ၏။ ကြောက်နေ၏။ တုန်ချိသောလက်ဖြင့် တံခါးဖွင့်ပေး၏။ ဘုန်းတော်ကြီးသည် ဘာမှ စကားမပြောနိုင်ဘဲ သီလစာရီကိုသာ ကြောင်တောင် ကြည့်နေလေ၏။
“နင် တယ်တော်ပါကလားဟင် ...” ဟု ဆို၏။
“ကယ်တော်မူပါဘုရား၊ ချမ်းသာပေးတော်မူပါ ဘုန်းဘုန်းဘုရား” ဟု ငိုသံနှင့်ပြောပြီး မသီလစာရီသည် ဆရာတော်၏ခြေကို ဘက်၍ ငို၏။ ခြေကို ခေါင်းနှင့်တိုက်၏၊ မျက်ရည်ပေါက်များသည် ဆရာတော် ခြေဖမိုးပေါ်သို့ ကျလာလေ၏။
“ဘာလုပ် ကယ်ရမလဲ၊ နင်မိုက်တာ ... ခွေးမ”
“မမိုက်ပါဘူး ဘုရား .... အီး .... အီး ....... ဟီး ...တပဲ့တော်မ ဘာသာ နေတာပါ ဘုရား၊ ဘုန်းဟုန်း ..... ဟုန်း ... ဘုန်းဘုန်းကိုသာ တပည့်တော်မ ချစ်တာပါ ဘုရား”
ဆရာတော်သည် လက်ပိုက်၍ ငုံ့ကြည့်ပြီး ...
“နင် ဒီလိုနှင့် ညာနေတာ၊ နင့်ဘာသာနေရင် ဘာဖြစ်လို့ ဒီလိုလာနိုင်သလဲ၊ ငါလေ ခြေနှင့်ကန်လိုက်ရ” ဟုပြောပြီး ခြေကို မ,သော်လည်း၊ မသီလစာရီသည် ခြေကို အမြဲဘက်၍ အီး .. အီး .နှင့် ငို၏။
“တပဲ့တော်မက စတာ မဟုတ်ပါဘူးဘုရား၊ သူက လာလာပြီး ဟီး .. ဟီး ... အွန့် .. စာပေးတယ်ဘုရား၊ ဦးကျောက်လုံးကြီးကလဲ သူ့အတွက် ပြောပေးတယ်ဘုရား၊ သူတို့နှစ်ယောက်လှဲ့တာနှင့် တပဲ့တော်မ ပါသွားတာပါ ဘုရား၊ သူတို့ပြောတာ ယုံမိတာ မှားတာဘဲဘုရား"
"ဘုန်းဘုန်း ကယ်ပါဘုရား၊ ချမ်းသာပေးပါဘုရား” ဟုပြောပြီး ချုံးချ၍ ငိုပြန်၏။
ဆရာတော်၏ချိုင့်ဝှမ်းသောမျက်စိများမှာ စိုလာလေ၏။ ဆရာတော်သည် ညာလက်ဖြင့် သီလရှင်၏ကတုံးကို ပွတ်သပ်ပေးရင်း မျက်ရည်ပေါက်ကြီးများသည် အရေတွန့်သော ပါးများပေါ်သို့ လှိမ့်၍ ဆင်းလာလေ၏။
“ကွယ် ... ငါက ဘယ်လို စောင့်ရှောက်တယ်ဆိုတာ သိရက်နှင့် လုပ်ရက်လေနော်၊ ငါ့ကို အစက ပြောပါတော့လား ဟင်၊ ဘုန်းဘုန်းကို ဘာလို့ မတိုင်သလဲဟင် ... တောက် ဘုန်းဘုန်းပိုင်ပစ္စည်းကို သုံးတဲ့လူတွေတော့ သိစေမယ်၊ အခဲမကြေဘူး၊ ကပ္ပိယ အစုတ်အနုတ်ကလဲ ဝင်ရှုပ်သေးတယ်။ ငါ့အဘိုးတန်းကလေးကို ဖျက်ကြတယ်၊ တိတ်တိတ် ..... မငိုနဲ့၊ သီလစာရီ .. မငိုနဲ့လေ” ဟု ချော့မှ မသီလစာရီသည် မျက်ရည်များကို သုတ်၏။
နောက်တနေ့တွင်ကား ဦးကျောက်လုံးနှင့် မကြည့်ရဲ့ ဦးသုဓဇကို ကျောင်းမှ ထုတ်လေ၏။ နံရံများရှိ စက္ကူချပ်များတွင် (ကျောင်းနေရဟန်းများသည် မာတုကာမနှင့် ဝေးနိုင်သမျှဝေးအောင် နေရမည်ဖြစ်သောကြောင့် စရပ်၌ ဘုရားရှင့်တရားတော်တွင် မှီခိုနေကြသော သီလရှင်များနှင့် လုံးဝ ဆက်ဆံခြင်းမရှိစေရ) ဟု စာရေးထားလေ၏။
သတင်းစာများတွင်လည်း ဓမ္မကထိကပြည်ကျော် ဆရာတော် မကြည်ရဲ့ ဦးသုဓဇသည် သတ္တဝါများအား ရင်ဝယ်သားကဲ့သို့ သနားသဖြင့် သံသရာဝဋ်မှ လွတ်မြောက်ရာဖြစ်သော တရားများကို ဟောပြရန် တကာကြီး ဦးကျောက်လုံးနှင့်အတူ ခရီးဒေသစာရီ ကြွတော်မူမည် ဖြစ်ကြောင်းနှင့် ရေးသားပါရှိလေသတည်း။
----------------------------------------
#သိန်းဖေမြင့်
ဆက်ရန်
Comments