Skip to main content

မဲဇာစခန်းက ငန်းမောင်နှံ



၁၉၃၅ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့ဖြစ်လေသည်။ ထိုနေ့နံနက်တွင် ကျွန်ုပ် မောင်ရဲနှင့် မောင်သန်းခေါင် တို့သည် မဲဇာတောကြီးအတွင်းရှိ 'မဂ္ဂရက္ကား'သစ်ကုမ္ပဏီပိုင် ဘန်ဂလိုအတွင်းသို့ ရောက်ရှိတည်းခိုနေကြတော့သည်။

ကျွန်ုပ်သည် မန္တလေးမြို့မှ မြစ်ကြီးနားမြို့သွား လူစီးရထားပေါ်တွင် စီးနင်းလိုက်ပါလာကြပြီး နဘားမြို့အနီးရှိ မဲဇာဘူတာတွင် ဆင်းကြသည်။ တစ်ဖန် မဲဇာဘူတာမှ လှည်းနှစ်စီးကို ငှားရမ်းပြီး အနောက်ဘက် နှစ်မိုင်ခန့်မျှဝေးသော မဲဇာရွာသို့ သွားရောက်ကြသည်။

ကျွန်ုပ်တို့သည် မဲဇာရွာတွင် တညအနားယူ အပန်း ဖြေပြီး နောက်တစ်ရက် နံနက်အရုဏ်တက်ချိန်တွင် ပါလာသော ပစ္စည်းများကို လှေငယ်နှစ်စင်းပေါ်တွင် တင်ဆောင်ပြီး မဲဇာချောင်းကို ကူးဖြတ်ကြသည်။

ချောင်းတစ်ဖက်သို့ရောက်သော် ကျွန်ုပ်တို့သည် ယူဆောင်လာသော ပစ္စည်းများကို အထမ်းသမား ၄ ယောက်တို့အား ထမ်းပိုးဖြင့် ထမ်းဆောင်စေပြီး အနောက်စူးစူး မဲဇာတောကြီးအတွင်းသို့ ဝင်ရောက်သွားကြရာ နံနက် ၇ နာရီခန့် လောက်တွင် 'မဂ္ဂရက္ကား'သစ်ကုမ္ပဏီက ဆောက်ထားသော ဘန်ဂလိုသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိသွားကြတော့သည် သာ။

ကျွန်ုပ်တို့ ထိုဒေသသို့ ရောက်ရှိလာကြခြင်းမှာ မဲဇာ တောကြီးအတွင်း၌ စိုင်နှင့် ပြောင်ကြီးများကို ပစ်ခတ်လိုသောကြောင့်ပင်။ မဲဇာတောကြီးအတွင်း၌ အလွန်သန်မာထွားကျိုင်းပြီး အလုံးအဖန်ကြီးမားသော စိုင်နှင့် ပြောင်ကြီးများရှိကြောင်း အသေအချာ သတင်းရရှိထားသောကြောင့်ပင်။

ထိုအချိန်ကာလမှာ နွေရာသီဖြစ်သည့်အားလျော်စွာ တောကြီးအတွင်း ကြည့်လေရာရာတို့တွင် ရွက်ဟောင်းများ ကြွေကုန်ကြတော့ပြီး ရွက်သစ်များဖြင့် ဝေဆာလှပနေသော အခါသမယပင် ဖြစ်လေတော့သည်။ တောမီးများ လောင်ကုန်ကြပြီ ဖြစ်ရကား တောတောင်နေရာအနှံ့ အောက်ခြေများ ပြောင်လင်း နေကြတော့သည်သာ။

ဘန်ဂလိုသို့ ရောက်လျှင် မောင်သန်းခေါင်သည် ကျွန်ုပ်တို့ ယူဆောင်လာကြသော အိပ်ရာလိပ်နှင့် အစာရိက္ခာ ပစ္စည်းစသည်များကို အထမ်းသမား ၄ယောက်တို့အား ဘန်ဂလိုအတွင်းသို့ ပို့ဆောင်စေသည်။

သည်အကြိမ်တွင် သန်းခေါင်သည် တယောပြား တလုံးနှင့် ထိုးတံတစ်ချောင်းကိုလည်း သစ်သားအိမ်ဖြင့် ထည့်ကာ ယူဆောင်လာခဲ့သည်။ ပျင်းရိလာသောအခါများတွင် တယောထိုးသောကြောင့်ပင် ဖြစ်သည်။ ၎င်းသည် တယော၊ မယ်ဒလင်နှင့် ဝါးပတ္တလားများကို ကောင်းစွာ ထိုးတတ်၊ တီးတတ်နေပြီမဟုတ်ပါလော။

ကျွန်ုပ်သည် မဲဇာရွာမှ တောတောင်နှင့် သားကောင် များအကြောင်းကို ကောင်းစွာ သိကျွမ်းနှံ့စပ်သည့် မုဆိုးကြီးကိုညိုအား ငှားရမ်းခေါ်ဆောင်လာခဲ့သည်။

ကိုညိုသည် မဲဇာရွာတွင် မွေးဖွားခဲ့သည်ဖြစ်၍ မဲဇာ တောနှင့် ပတ်ဝန်းကျင်ဒေသများ၏ အခြေအနေနှင့် တောအတွင်း မှီတင်းခိုအောင်းနေထိုင်ကြသော သားကောင်များ၏ ဓလေ့စရိုက်များကို လွန်စွာ သိရှိနားလည်ထားသူပင် ဖြစ်တော့သည်။

ဘန်ဂလိုပတ်ဝန်းကျင်ရှိ တောများထဲမှ တောကြက် နှင့် ငှက်ငနွားများ တွန်ကျူးသံများကို ကြားရသဖြင့် ကျွန်ုပ်သည် မရိုးမရွဖြစ်လာပြီး မနေသာတော့သဖြင့် .၄၅ (ကို့လ်) ပစ္စတိုအိတ်ကို ခါးပတ်တွင် စွပ်၊ ၁၀ လက်မ အသွားရှည်သော သားရေအိမ်နှင့် ဓားမြှောင်ကို ခါးပတ်တွင်ချိတ်၍ Explora နှစ်လုံးပူး သေနတ်ကို လမ်းပြမုဆိုးကြီးကိုညိုအား ထမ်းစေပြီး ဘန်ဂလိုမှ ထွက်ခွာခဲ့တော့သည်။

ကျွန်ုပ်သည် သည်တစ်ကြိမ်တွင် .၄၅၀/၄၀၀ နှစ်လုံး ပူး ရိုင်ဖယ်သေနတ်ကို ယူဆောင်လာခဲ့သည်ဖြစ်ရာ ၎င်းကို တောအတွင်းသို့ ယူဆောင်၍ မသွားသေးဘဲ ဘန်ဂလိုတွင်ပင် ထားခဲ့လေသည်။

ကျွန်ုပ်တို့သည် တစ်နာရီမျှကြာအောင် ငှက်များကို လိုက်လံရှာဖွေပစ်ခတ်ပြီး ဘန်ဂလိုသို့ ပြန်လာခဲ့ကြသည်။ ခါ ၄ကောင်နှင့် တောကြက် အထီးတစ်ကောင်တို့ကို အပျံတွင် ပစ်ခတ်ရရှိခဲ့သည်။ တောင်ယာတစ်ခုအနီးတွင် ဒေါင်းဖိုမ နှစ်ကောင်ကို တွေ့မြင်ခဲ့သော်လည်း ကျွန်ုပ်တို့အား မြင်သွားပြီး ပျံသွားကြသောကြောင့် ပစ်ခွင့် မရလိုက်ခဲ့ချေ။

ကျွန်ုပ်တို့သည် နံနက်စာကို နံနက် ၁၁ နာရီ အချိန် ခန့်တွင် မြိန်ရှက်စွာ ချက်ပြုတ်စားသောက်ပြီးနောက် မောပန်းသည်နှင့် တရေးမျှ ဝင်၍အိပ်ရာ ညနေ ၂ နာရီလောက်ကျမှ နိုးကြလေတော့သည်။

ထို့နောက် ကျွန်ုပ်တို့သည် လက်ဖက်ရည်ကြမ်း သောက်ရင်း လမ်းပြမုဆိုးကိုညိုနှင့် တောတောင်သားကောင်များအကြောင်းကို ဆွေးနွေးကြတော့သည်။

"ဒီမဲဇာတောတွေထဲမှာ ထူးဆန်းတဲ့ သားကောင်တွေ
ရှိနေပါသလား ကိုညို . . . ထူးဆန်းတဲ့ သားကောင်ဆိုတာ တခြားနယ်က တောတောင်တွေထဲမှာ မရှိသေးတဲ့ သားကောင်မျိုးတွေကို ဆိုလိုတယ်”

"ဟုတ်ပါ့၊ မဲဇာတောတွေထဲမှာ အင်မတန် ထူးဆန်းတဲ့ထူးဆန်းတဲ့ သားကောင် ၂မျိုး ရှိနေပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘယ်ဒေသမှာမှ မရှိဘူးလို့ ဆိုနိုင်လောက်တဲ့ သားကောင် နှစ်မျိုးပါပဲ”

“ဪ ... ဟုတ်လား၊ ဘာကောင်တွေပါလိမ့်”

"တခြားသတ္တဝါမဟုတ်ပါဘူး။ ချေသတ္တဝါ ၂မျိုးပါပဲ”

"ဟာ . . . ချေသတ္တဝါဆိုရင် ဘာထူးဆန်းမှာလဲ၊ တောတောင်အနှံ့ တွေ့နိုင်တာပဲမဟုတ်လား”

“ထူးဆန်းပါသော်ကော တခြားဒေသတွေမှာ မြင်ရနေ ကျချေသတ္တဝါမျိုးဟာ အညိုရောင် ရှိကြပါတယ် ဆရာ ။ ဒါပေမဲ့ ဒီ မဲဇာတောထဲမှာ ခိုအောင်းပျော်နေကြတဲ့ ချေသတ္တဝါ ၂မျိုးကတော့ဖြင့် တစ်ကိုယ်လုံး အနက်ရောင်နဲ့ အဖြူရောင် ရှိကြပါတယ်။ အင်မတန် ရှားလှပါတယ်။ တစ်ခါတလေသာ တွေ့မြင်နိုင်ပါတယ်။ အညိုရောင် ချေသတ္တဝါတွေကဖြင့် အများကြီး ရှိနေကြပါတယ်”

“အင်း . . . ဟုတ်ပေလိမ့်မယ်။ ကျွန်တော် အင်္ဂလိပ် စာအုပ်နှစ်အုပ်ထဲမှာ ဖတ်ဖူးပါတယ်။ ၁၉၃၁ ခုနှစ်လောက်မှာ အင်္ဂလန်ပြည်သားဖြစ်တဲ့ မစ္စတာကင်းဒမ်းဝါဒ် (Mr. Kingdom Ward) ခေါ်တဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးဟာ သစ်ပင်၊ ပန်းပင်၊ ဆေးပင်တွေကို ရှာဖွေစုဆောင်းလိုတဲ့အတွက် မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။ သူဟာ နောက်ဆုံးမှာ ကချင်ပြည်နယ်တောတောင်များထဲကို ရောက်သွားတဲ့အခါမှာ တစ်ကိုယ်လုံး အရောင်မည်းနက်နေတဲ့ ချေသတ္တဝါတစ်ကောင်ကို မြင်လိုက်ရဖူးတယ်တဲ့"

“ဟုတ်ပါ့”

“နောက်ပြီးတော့လည်း ၁၈၇၉ ခုနှစ်လောက်မှာ (Mr Pollok) မစ္စတာပိုးလောက် ခေါ်တဲ့ အင်္ဂလိပ်မုဆိုးကြီး တစ်ယောက်ဟာလည်း ရခိုင်ပြည်မြောက်ဘက် တောတောင်များအတွင်း အင်မတန်ချောင်ကျတဲ့နေရာတစ်နေရာမှာ တစ်ကိုယ်လုံး အရောင်ဆွတ်ဆွတ်ဖြူနေတဲ့ ချေသတ္တဝါတစ်ကောင်ကို မြင်လိုက်ရဖူးတယ်တဲ့။ အင်္ဂလန်နိုင်ငံကို ပြန်လည်ရောက်ရှိကြ တဲ့အခါမှာ သူတို့အသီးသီးဟာ မိမိတို့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်အသီးသီးကို ရေးသားပြီး စာအုပ်ထုတ်ဝေရောင်းချခဲ့ကြလို့ ကျွန်တော်ဖတ်ခဲ့ရပါတယ်။"

“ဟုတ်ပါ့။ ဪ . . . သူတို့ တွေ့ သွားကြပြီကိုး"

“ဟုတ်ပါတယ်။ ဪ … ဒီမဲဇာတောတောင်တွေထဲ မှာလည်း တစ်ကိုယ်လုံး အရောင်မည်းနက်နေတဲ့ ချေနဲ့ အရောင်ဆွတ်ဆွတ်ဖြူနေတဲ့ ချေသတ္တဝါနှစ်မျိုး ရှိနှင့်နေပြီပေါ့ ။ အင်မတန် ရှားတဲ့ အမျိုးပါပဲ”

“ဟုတ်ပါ့။ အင်မတန် ရှားတော့ ရှားတာပဲ။ ဒါပေမဲ့ အဆင်ပြေရင် ကျွန်တော်တို့ ပစ်ကောင်းပစ်ရလိမ့်မယ်လို့ ထင်ပါတယ်။ ဒီချေနက်နဲ့ ချေဖြူ မျိုးတွေရဲ့ အသားကို စားလိုက်ရရင် အနာရောဂါကင်းတယ်လို့ လူအများက ပြောနေပါတယ်ဆရာ”

“အလို ညနေ ၃နာရီတောင် ထိုးသွားပါပကော။ ကျွန်တော်တို့ ထွက်ကြဖို့ အချိန်ရောက်နေပြီဗျို့ ။ ကျွန်တော်တို့ ဟောဟိုတောင်ခြေအနားတစ်ဝိုက်မှာ ချေနက်နဲ့ ချေဖြူတွေကို တွေ့လိုတွေ့ငြား သွားရှာကြရအောင်။ ကံကောင်းရင် ပစ်ချင်ပစ် ရမှာပဲ။ မနက်ဖြန်ကျမှပဲ စိုင်နဲ့ ပြောင်တွေကို ပစ်ခတ်ဖို့ တိုင်ပင် စီစဉ်ကြတာပေါ့။ ဒီမဲဇာတောထဲမှာ စိုင်နဲ့ ပြောင်တွေ ရှိကြပါရဲ့လား"

"ရှိကြပါတယ်၊ ရှိကြပါတယ်။ စိုင်တွေထက် ပြောင်တွေ ပိုပြီးများပါတယ်။ ဒါပေမဲ့ ပြောင်တွေကို ပစ်ဖို့ မလွယ်ကူလှပါဘူး”

"ဘာဖြစ်လို့ မလွယ်လှတာလဲ”

"ဒီလိုပါခင်ဗျား၊ ပြောင်တွေကို ခြေရာခံပြီး လိုက်လံရှာဖွေ ပစ်ခတ်ရပါတယ်။ အဲဒီပြောင်တွေဟာ နေ့ ၁၁ နာရီက ညနေ ၂ နာရီလောက်အထိ ဝါးရုံတွေအောက်မှာ အနားယူပြီး အိပ်တတ်ကြပါတယ်။ သူတို့ အိပ်ကြပြီဆိုရင် သူတို့အနားမှာ အမြဲနေလေ့ရှိကြတဲ့ (ပြောင်စောင့်ငှက်)တွေဟာ သစ်ပင်ပေါ်က ဆင်းလာပြီး ပြောင်တွေရဲ့ နားရွက်၊ နှာခေါင်းတွေထဲမှာ တွယ် ကပ်ခိုအောင်းပြီးနေကြတဲ့ ပိုးမွှားတွေကို သတ်ဖြတ်စားသောက်လေ့ ရှိကြတယ်။

ပြောင်တွေဟာ အဲဒီ (ပြောင်စောင့်ငှက်)တွေရဲ့ ထမင်းအိုးကြီးပေါ့။ ဒါကြောင့်လည်း ဒီငှက်တွေဟာ ပြောင်တွေအနားမှာ မခွဲမခွာဘဲ အမြဲလိုက်ပြီး နေကြတော့တယ်။ ပြောင်ပစ်ချင်တဲ့ မုဆိုးဟာ အိပ်နေတဲ့ ပြောင်အနားကို ခြေရာခံပြီး တိတ်တိတ်ချောင်းမြောင်းရောက်ရှိလာတာကို အဲဒီငှက်တစ်ကောင်ကောင်က မြင်သွားရင် သူ့ထမင်းအိုးကြီး ကွဲတော့မှာ ကြောက်ပြီး 'ကွီး ကွီး- ကွီး ကွီး' နဲ့ အသံကျယ်ကျယ် အော်ပြီး အိပ်နေတဲ့ ပြောင်တွေကို သတိပေးလေ့ရှိကြတော့တယ်။

အဲဒီငှက်တွေရဲ့ အော်သံကို ကြားလိုက်တာနဲ့တစ်ပြိုင်နက် ပြောင်တွေဟာ အိပ်ရာက ချက်ချင်းနိုးကုန်ကြပြီး ကဆုန်ထပြေးကြတော့တာပဲ။ ပြောင်တွေအနားမှာ ပြောင်စောင့်ငှက်တွေဟာ အမြဲရှိနေကြတဲ့အတွက် ပြောင်တွေကို ပစ်ဖို့ မလွယ်လှပါဘူး"

"အော် . . . ဒီလိုကိုး၊ ဒီလိုဆိုရင် ဒီပြောင်တွေကို ချောင်းပြီးပစ်ဖို့ မလွယ်လှဘူးပေါ့၊ ဒါပေမဲ့လည်း ကြံဖန်ပြီး ပစ်ရတာပေါ့ဗျာ”

"ဟုတ်ပါတယ်ဆရာ။ အတော့်ကို အမြင်ကပ်စရာ တဲ့ ငှက်တွေပါပဲ။ သူတို့သာအော်ပြီး သတိမပေးကြရင် ပြောင်တွေကို လွယ်လွယ်နဲ့ပဲ ပစ်လို့ရနိုင်ပါတယ်။ ကျွန်တော်တို့ထွက်ကြတာပေါ့။ ဆရာ ပြင်ဆင်ထားပါနော်။ ကျွန်တော် ဆရာစီးဖို့ ဘန်ဂလိုဘေးမှာရှိတဲ့ မြင်းဇောင်းထဲမှာ သစ်ကုမ္ပဏီက ထားတဲ့မြင်းကို သွားဆွဲယူလာမယ်”

မကြာမီ ကျွန်ုပ်သည် မြင်းပေါ်တက်စီးပြီးနောက် ကိုညိုက ကျွန်တော်၏ (Explora) နှစ်လုံးပူးသေနတ်ကို ထမ်းရင်း မြင်းကို ရှေ့မှ ဆွဲဆောင်သွားလေတော့သည်။

(၂)

နွေရာသီဖြစ်သည့်အားလျော်စွာ တောတောင်ဝန်းကျင် စုံတခွင်ဝယ်၊ ရွက်ကျင်၊ ခွေကျိုး၊ ရွက်သစ်များ ဖြိုးလာကြပြီးလျှင် ကြည့်လေရာရာတွင် အထူးပင် သာယာလှပနေပေတော့သည်။ အင်ကြင်းပန်းတို့၏ ရနံ့များမှာလည်း ရှူလိုက်ရသူတိုင်း၏ နှာညွန့်ကို ချူနေကြတော့သည်သာ။

တစ်ချက်တစ်ချက်တွင် တောချုံများအတွင်းမှ ဝရောင်းငှက်များ၏ ကြွေးကြော်သံများကို အသည်းဘဝင်နင့်ဖွယ် ကြားရလေသည်။

သို့နှင့် တစ်နာရီမျှအကြာတွင် တောအတွင်း တစ်နေရာသို့ ရောက်လေသော် ကိုညိုသည် မြင်းကို ဆွဲဆောင်လာခဲ့ရာ မှ ရုတ်တရက် လွှတ်လိုက်ပြီး ချုံအကွယ်တစ်နေရာသို့ ခေတ္တမျှ စူးစိုက်ကာကြည့်ပြီးလျှင် လေသံဖြင့် . . .

"ဆရာ မြင်းပေါ်က မြန်မြန်ဆင်းလာပါတော့ . . ဟောဟို ချုံနားမှာ တစ်ကိုယ်လုံး အရောင်နက်နေတဲ့ ချေ တစ်ကောင်ကို မမြင်ဘူးလား . . . ပစ်ပါတော့လား ဆရာ”

ဟု ခပ်တိုးတိုး ပြောလေသည်။

သို့နှင့် ကျွန်ုပ်တို့လည်း မြင်းပေါ်မှ အမြန်ခုန်ဆင်း
လိုက်ပြီး ကိုညိုကမ်းပေးသော နှစ်လုံးပူးသေနတ်ကိုယူ၍ SG အမှတ်အသားပါသော ယမ်းတောင့် ၂တောင့်ကို အမြန်ထိုးသွင်းပြီးနောက် ကိုညိုညွှန်ပြသောနေရာကို ကြည့်လိုက်ရာ တစ်ကိုယ်လုံး မည်းနက်နေသော ချေတစ်ကောင် ချုံ တစ်ချုံ၏ဘေးတွင် ဘေးတိုက်ရပ်နေသည်ကို အံ့သြစွာ တွေ့ ရတော့သည်။

သို့ဖြစ်၍ ကျွန်ုပ်သည် မြေပေါ်တွင် ဒူးတစ်ဖက် ထောက်၍ ဘယ်ဘက်တံတောင်ဆစ်ကို ဘယ်ဘက်ဒူးထိပ်ပေါ် တွင် အသာတင်လိုက်တော့သည်။ ၎င်းနောက် ဘယ်ဘက် လက်ဖဝါးပေါ်သို့ သေနတ်ကိုတင်လိုက်ပြီး သေချာစွာချိန်ကာ သေနတ်ခလုတ်ကို ဆွဲလိုက်ရာ "ဒိုင်း”ဟူသောအသံကြီးသည် တတောလုံး ဟိန်းသွားပေတော့သည်။

"လဲပြီဗျို့ ၊ လဲပြီ . . . လဲနေပြီ . . . လာ သွားယူကြစို့ ရဲ့”

ဟူသော ကိုညို၏အသံကို ကြားလိုက်ရပြီးနောက် ကျွန်ုပ်တို့သည် ချေလဲနေပြီဆိုသောနေရာသို့ အမြန်သွားရောက်ကြတော့သည်။

ကျွန်ုပ်သည် တစ်ကိုယ်လုံး အရောင်နက်နေသော ချေ သတ္တဝါကို ပေ ၃ဝ ခန့်အကွာမှ ပထမဆုံးအကြိမ် တွေ့မြင်ပစ်ခတ်ခဲ့ရသည်ဖြစ်ရာ ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်မတွေ့ ဖူး၊ မပစ်ဖူးသော အလွန်ရှားပါးလှသည့် ချေမျိုးဖြစ်ရကား လွန်စွာဝမ်းမြောက်မိတော့သည်။

သို့ရာတွင် အလွန်ထူးဆန်းသည်မှာ လဲနေသော ချေနက်ဆီသို့ရောက်ရန် ဆယ်ပေမျှအလိုတွင် ယင်းချေနက်သည် လဲနေရာမှ ချက်ချင်းပင် မတ်တတ်ထလိုက်ပြီး ဟန်မပျက်ဘဲ အေးဆေးစွာ ထွက်ခွာသွားချေတော့သည်။ ထိုစဉ်ပင် ...

"သွားပြီ . . . သွားပြီ . . . နောက်တစ်
ထပ်ပစ်ပါဦးဆရာ”

ဟု ကိုညိုက အရေးတကြီး အော်ပြောသောကြောင့် ကျွန်ုပ်လည်း နောက်တစ်ချက် ထပ်၍ပစ်တော့မှ ၎င်း ချေနက်သည် ချုံတစ်ချုံ၏ဘေးတွင် ထိုးလဲသွားတော့သည်။

သို့မှ ကျွန်ုပ်လည်း လွန်စွာ ဝမ်းသာအားရပြီး လဲကျ သွားသော ချေသတ္တဝါအနက်ဆီသို့ အပြေးသွားရောက်ကြတော့သည်။ သို့ရာတွင် ကျွန်ုပ်တို့မှာ လွန်စွာပဲ အံ့အားသင့်သွား ကြရတော့သည်။

အဘယ်ကြောင့်ဆိုသော် လဲနေသော ချေနက်သည် ကျွန်ုပ် ၎င်း၏အနီးသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ထပြီး ပြေးချေသောကြောင့်ပင် ဖြစ်ချေသည်။

သို့နှင့် ကိုညိုလည်း ကျွန်ုပ်အနားသို့ ချဉ်းကပ်လာပြီး လျှင်

"ဆရာ . . . ဆရာ ဒီနေရာမှာ ကြာကြာမနေပါနဲ့တော့၊ ကျွန်တော်တို့ကို တောလှည့်စားလိုက်ပြီ . . . မြန်မြန် ပြန်ကြပါစို့ရဲ့”

ဟု သတိပေးပြောကြားလိုက်တော့သည်။

ထို့ကြောင့် ကျွန်ုပ်လည်း မြင်းပေါ်သို့ အမြန် ခုန်တက်လိုက်ပြီး ဘန်ဂလိုဘက်ဆီသို့ မောင်းနှင်သွားတော့သည်။ ကိုညိုကား ကျွန်ုပ်၏နောက် မလှမ်းမကမ်းမှ ၂လုံးပူး သေနတ်ကိုထမ်းကာ ခပ်သုတ်သုတ် လိုက်လာတော့သည်။

(၃)

ကျွန်ုပ်တို့သည် ဘန်ဂလိုအတွင်း၌ အောက်လင်းမီး အိမ်တစ်လုံးကိုထွန်းကာ ညစာကို အထူးမြိန်ရှက်စွာ စား သောက်ကြတော့သည်။

"ဘယ့်နဲ့လဲ ကိုညို၊ ညနေက ကျွန်တော်ပစ်လိုက်တဲ့ ချေနက်ဟာ ချက်ကောင်းမမှန်လိုက်ဘူး ထင်တယ်”

"ဟာ ဆရာ၊ ၂ချက်တောင် ပစ်လိုက်တာပဲ။ တော လှည့်စားတဲ့အတွက် ချေဟာ လဲနေရာက ထပြေးနိုင်တော့တာပဲ။ ကျွန်တော်တို့ တောထဲမဝင်ခင်က တောရှင် တောင်ရှင်တွေကို မပသ မတင်မြှောက်မိခဲ့ကြလို့ ဒီအဖြစ်မျိုးနဲ့ ကြုံခဲ့ရခြင်းဖြစ်ပါတယ်။ သားကောင်ဆိုတာက တောရှင် တောင်ရှင်တွေ ပေးသနားမှ ရနိုင်ပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ် တောထဲဝင်ခါနီးမှာ တောရှင်တောင်ရှင်တွေကို ကျွန်တော် ပသ တင်မြှောက်ပေးပါတော့မယ်”

“ဟာ တောရှင်တောင်ရှင်တွေကို ကျွန်တော် မယုံပါ ဘူး။ ကျွန်တော် ပစ်လိုက်တဲ့ ချေနက်ဟာ ချက်ကောင်းမမှန် လို့ တစ်ချက်တည်းမလဲတာ ဖြစ်ပါလိမ့်မယ်”

သို့စကားပြောနေကြရာမှ ည ဆယ်နာရီအချိန်ခန့် ရောက်လာသည်တွင် ဘန်ဂလိုမျက်နှာကြက်အထက်မှတောက်တဲ့များ မကြာခဏ အော်မြည်သံများကို ကြားရတော့သည်။

မကြာမီမှာပင် ဘန်ဂလိုနံဘေမှ "ရှူးရှူး ရှဲရှဲ”နှင့် အသံ များကို တစ်ချက်တစ်ချက်တွင် ကြားလိုက်ရသဖြင့်

"ဘာသံတွေလဲ ကိုညို၊ ဒီအသံမျိုးတွေကို ကျွန်တော် အရင်က မကြားဖူးပါဘူး"

ကိုညိုသည် ခေတ္တမျှ နားစွင့်ကာ ထောင်လိုက်ပြီးလျှင်

"တခြားမဟုတ်ပါဘူးဆရာ၊ ငန်းမြွေတွေရဲ့ အသံတွေပါပဲ”

"ဘာ...ဘာ.. . ငန်းမြွေတွေတဲ့လား၊ ဟေ့ သန်းကောင် ငါ့ကို နှစ်လုံးပူးသေနတ်ပေးစမ်း၊ ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ဘက်ကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးပြလိုက်စမ်း"

သည်တွင် ကိုညိုက

“ဟင် . . . ဆရာ၊ ပြတင်းပေါက်ကို မဖွင့်ပါစေနဲ့။ ဖွင့်လိုက်ရင် ဒီငန်းမြွေတွေဟာ ဘန်ဂလိုထဲကို ဇပ်ခနဲ ဝင်လာကြလိမ့်မယ်။ အင်မတန် အဆိပ်ပြင်းတဲ့ မြွေမျိုးတွေပါဆရာ။ ဒီ မဲဇာတောတောင်တွေထဲမှာ ငန်းမြွေတွေ တော်တော်များများ ရှိနေကြပါတယ်ဆရာ"

"ဒီလို ငန်းမြွေတွေက ဘန်ဂလိုနားကို ဘာလာလုပ်ကြပါသလဲဗျာ၊ ကြံကြံဖန်ဖန်”

"ဒီလိုပါဆရာ၊ ငန်းမြွေတွေဟာ ညအချိန်များမှာ ကျိုးကျိုးကျည်ကျည် အော်သံတွေကို ကြားရတဲ့ နေရာတွေဆီကို အမြဲလိုလို လာတတ်ကြပါတယ်။ အော်မြည်တဲ့ တိရစ္ဆာန်တွေကို ဖမ်းစားလိုလို့ လာကြတာပါပဲ”

"ဒီလိုဆိုရင် ကျွန်တော်တို့ ဒီညမှ စိတ်အေးလက်အေးနဲ့ အိပ်လို့ရနိုင်ကြပါ့မလား၊ ကြောက်စရာတွေပါပဲ”

"အိပ်လို့ရပါတယ်ဆရာ၊ ပူစရာမရှိပါဘူး။ ဒီဘန်ဂလို က တံခါးတွေဟာ လုံကြပါတယ်။ ကြမ်းပြင်မှာလည်း အပေါက်ကြီးတွေ မရှိပါဘူး။ နောက်တော့လည်း မျက်နှာကြက်က အလုံကျက်ထားတဲ့အတွက် အင်မတန် လုံခြုံပါတယ်။ ဘန်ဂလိုထဲကို ဘယ်နေရာကမှ ဝင်လို့ရနိုင်မှာ မဟုတ်ပါဘူး။ စိတ်ချလက်ချ အိပ်နိုင်ပါတယ်"

ထိုည ၁၂ နာရီခန့်တွင် အချိန်အခါမဟုတ်ပါဘဲလျက် မိုးတဖြိုက်နှစ်ဖြိုက်ခန့် ရွာသွန်းလိုက်သဖြင့် အလွန်ပူနေရာမှ အနည်းငယ် အေးသွားရကား ကျွန်ုပ်သည် မောမောနှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားပေတော့သည်။

ကျွန်ုပ်သည် နောက်ရက် နံနက်တွင် အိပ်ရာမှနိုးလာပြီးနောက် ဘန်ဂလိုအပြင်ဘက်ရှိ မြေပြင်ကို သွားရောက်ကြည့်ရှုရာ ဗျက်တစ်မိုက်ခန့်ကျယ်မည့် ငန်းမြွေများ၏ ခြေရာလမ်းကြောင်းများကို အံ့သြဖွယ် တွေ့ ရှိရချေတော့သည်။

ထို့နောက် ကျွန်ုပ်သည် ကာဖီသောက်ပြီး ကိုညိုအား နှစ်လုံးပူးသေနတ်ကို ထမ်းစေ၍ ဘန်ဂလိုအနောက်ဘက်ရှိ တောင်ခြေသို့ ငှက်များကို သွားရောက်ပစ်ခတ်ရာ ခါ ၅ ကောင်၊ တောကြက် ၂ကောင်နှင့် ငှက်ငနွား ၃ ကောင်တို့ကို ရရှိခဲ့ပြီးနောက် ဘန်ဂလိုသို့ ပြန်လာလေတော့သည်။

လမ်းခုလတ်တစ်နေရာ၌ ကိုညိုသည် ရွက်စိပ်တို့ဖြင့် အုပ်ဆိုင်းနေသော သစ်ပင်ကြီးတစ်ပင်အောက်သို့ ဝင်ရောက်သွား၍ သစ်ပင်ပေါ်သို့ သေချာစွာ မော့ကြည့်လိုက်ပြီးနောက် ကျွန်ုပ်အား လက်ရပ်ခေါ်လေတော့သည်။

ကျွန်ုပ်လည်း ကိုညိုနားသို့ ကပ်သွားလိုက်ပြီး လေသံဖြင့်

"ဘာကောင်ကို တွေ့ ထားလို့လဲ”

"ဟောဟို တောင်ဘက်က သစ်ကိုင်းကြီးပေါ်မှာ ဒေါင်းကြီးတစ်ကောင် နားနေတာ မြင်ရဲ့လား။ မြောက်ဘက်ကို ခေါင်းလှည့်ထားတယ်။ ပစ်ပါဆရာ... မြန်မြန်ပစ်ပါ" (လေသံနှင့်)

ကျွန်ုပ်သည် ကိုညိုညွှန်ပြသော နေရာဆီသို့ စူးစိုက် ကာ ကြည့်လိုက်တော့ရာ ခေါင်းကိုကား မမြင်တွေ့ ဘဲ သစ်ကိုင်း၏ တောင်ဘက်တွင် အမြီးရှည်ကြီး တွဲလောင်းထိုးကျ နေသလိုလို မြင်ရတော့သည်။

သို့ဖြစ်ရကား ကျွန်ုပ်သည် နှစ်လုံးပူးသေနတ်ပြောင်း အတွင်းသို့ BB အမှတ်အသားပါသော (Grand Prix) ယမ်းတောင့် နှစ်တောင့်ကို ထိုးသွင်းလိုက်တော့သည်။ ထို့နောက် သေနတ်ကို အထက်သို့ မြှောက်ကာ အသေအချာချိန်လိုက်ပြီး ခလုတ်ကို ဆွဲလိုက်တော့သည်။

“ဒိုင်း” ဟူသော သေနတ်သံကြီး ထွက်ပေါ်လာသည် နှင့်အမျှ သစ်ပင်ကြီးအထက်မှ မြေပြင်ပေါ်သို့ "ဗုန်း"ကနဲ ကျလာသံကြီးကို ကြားလိုက်ရစဉ်ပင် ကိုညိုသည် ဒေါင်းသေကောင်ကို ကောက်ယူရန် အနီးသို့ ချဉ်းကပ်သွားတော့သည်။

သို့ငြားလည်း ဒေါင်းသေကောင်ကို မတွေ့ ရဘဲ “ရှူး ခနဲ” အသံကြီးကို ကြားလိုက်ရရင်း လုံးပတ် ခြေသလုံးခန့် အရှည် ၁၂ ပေခန့်မျှရှိသော ငန်းမြွေကြီးတစ်ကောင်သည် မြေပြင်အထက် ငါးပေမျှအမြင့်သို့ ထိုးတက်လာသည်ကို အံ့ဩစွာ မြင်လိုက်ရတော့မှ ကျွန်ုပ်ပစ်ချခဲ့သည်မှာ ဒေါင်းငှက်မဟုတ်ဘဲ ဒေါင်းနှင့် လွန်စွာတူသော သစ်ကိုင်း သစ်ရွက်စိမ်းတို့ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ငန်းမြွေအသိုက်ကြီးကစ်သိုက်ပင်ဖြစ်ကြောင်း ကောင်းစွာ ရိပ်စားမိတော့သည်။ထိုစဉ်ပင် ကိုညိုက

“ဒေါင်းမဟုတ်ဘူး။ ငန်းမြွေကြီးပါ ဆရာ။ ပစ်ပါ... မြန်မြန်ပစ်ပါ”

ဟူ၍ အလန့်တကြား အော်သံများကို ကြားလိုက်ရ ပြီးနောက် ငန်းမြွေကြီးသည် ပါးပျဉ်းကြီးထောင်၍ ကျွန်ုပ်ဘက်ဆီသို့ ဦးတည်ကာ လာချေတော့သည်။

ကျွန်ုပ်လည်း နှစ်လုံးပူးသေနတ်ကိုပင့်ကာ ချိန်လိုက် စဉ်ပင် ငန်းမြွေကြီးသည် ချုံတစ်ချုံနှင့် ခေတ္တမျှ ကွယ်သွားရာ ကျွန်ုပ်လည်း အမြန်ထွက်ပြေးရတော့သည်။ အဘယ်ကြောင့်ဆိုသော် ငန်းမြွေကြီးသည် ကျွန်ုပ်အားမမြင်စေဘဲ ကျွန်ုပ်နောက်သို့ ရောက်လာပြီး အလစ်တွင် ပေါက်သတ်မည်ကို တွေးဆ စိုးရိမ်မိသောကြောင့်ပင် ဖြစ်ချေသည်။

သို့နှင့် ကျွန်ုပ်သည် တောချုံများအကြားမှ ယခင် လာရာလမ်းကလေးပေါ်သို့ ရောက်ရှိလာအောင် ကိုက်တစ်ရာကျော်မျှ ပြေးလာပြီးနောက် လှည့်ကြည့်လိုက်ရာ ငန်းမြွေကြီးသည် ကျွန်ုပ်နောက်သို့ပင် လျင်မြန်စွာ လိုက်လာနေသည်ကို ထိတ်လန့်ဖွယ် မြင်တွေ့ ရတော့သည်။

ငန်းမြွေကြီးသည် မြေပြင်ပေါ်တွင် ပေတစ်ရာမျှ ဝပ် လျက် ပြေးလာပြီးနောက် ခေတ္တမျှ ရပ်နားကာ ဦးခေါင်းထောင်၍ မိမိရန်သူကို ဟိုကြည့်သည်ကြည့် လိုက်လံရှာဖွေမြဲပင် ဖြစ်သည်ကို ဂရုပြုမိလိုက်တော့သည်။

ကျွန်ုပ်လည်း မိုင်ဝက်ကျော်ကျော်မျှ သေပြေးရှင်ပြေး ပြေးလာရတော့သဖြင့် အလွန်ပင်မောပန်းလာပြီး နွမ်းနယ်စ ပြုလာရတော့သည်။ သို့ရာတွင် တောအတွင်း လမ်းချိုးတစ်ခုသို့ ရောက်လာပြီး ပုဆိုးတစ်ပက်မျှရှိမည့် ကျွန်းပင်ကြီးတစ်ပင်ကို ကံကောင်းထောက်မသောကြောင့် တွေ့မြင်ရပေတော့သည်။

သို့နှင့် ကျွန်ုပ်လည်း ယင်းကျွန်းပင်ကြီးနောက်သို့ လျင်မြန်စွာ ဝင်ရောက်ပုန်းကွယ်ကာ နေလိုက်ရင်း ရင်တထိတ်ထိတ်နှင့်ပင် ငန်းမြွေကြီးအလာကို စောင့်မျှော်ကြည့်နေပေတော့သည်။

ထိုစဉ်ပင် ကျွန်ုပ်သည် နှစ်လုံးပူးသေနတ်ကို ဖွင့်ချိုး လိုက်ပြီးနောက် BB အမှတ်အသားပါသည့် ယမ်းတောင့်သစ်တစ်တောင့်ကို ထပ်မံ ထည့်သွင်းထားလိုက်ပြန်တော့သည်။

၅ မိနစ်မျှအကြာတွင် ငန်းမြွေကြီးသည် ရှူးရှူးရှဲရှဲ အသံပြုကာ ကျွန်ုပ်ပုန်းကွယ်နေသော ကျွန်းပင်ကြီးအနီး ပေ ၃ဝ မျှ နေရာသို့ ရောက်ရှိလာပြီး ခေတ္တမျှ ရပ်နားလိုက်ပြီးလျှင် ပါးပျဉ်းကြီးကို မြေပြင်အထက် ၅ ပေမျှ ထိုးထောင်လျက် မိမိ ရန်သူကို ရှာဖွေကြည့်ရှုနေပေတော့သည်။

အခွင့်ကောင်းကြုံလာပြီဖြစ်၍ ကျွန်ုပ်လည်း ကျွန်းပင်ကြီးနောက်ကွယ်မှနေ၍ နှစ်လုံးပူးသေနတ်ကို ပင့်မြှောက်ကာ ချိန်ရွယ်လိုက်ပြီး ခလုတ်ကို ဖြုတ်ဆွဲလိုက်သည်တွင် 'ဒိုင်း’ ဟူသော အသံကြီးသည် တောတောင်အနှံ့ မြည်ဟိန်းသွားပေတော့သည်။

သို့နှင့်အမျှ ငန်းမြွေကြီးသည် ထိမှန်ခြင်းခံရပြီး မြေပေါ် သို့ ပြိုလဲ ပျပ်ဝပ်သွားပေတော့သည်ကို မြင်လိုက်ရသောကြောင့် ကျွန်ုပ်သည် လွန်စွာ ဝမ်းမြောက်သွားရပေတော့သည်။

သို့ရာတွင် ငန်းမြွေကြီးသည် မြေပြင်ပေါ်တွင် ၅ စက္ကန့်မျှသာ ငြိမ်သက်နေရာမှ ဘာကြောင့်မသိ မြေပြင်အထက်သို့ ၄ပေမျှ ဦးခေါင်းထိုးထောင်လာပြန်ရကား ကျွန်ုပ်လည်း နောက်ထပ်တစ်ချက်ပစ်လိုက်ပြန်တော့မှပင် မြေပြင်ပေါ်သို့ "ဗုန်းကနဲ” လဲကျ ပျပ်ဝပ်ပြီး သေဆုံးသွားချေတော့သည်။

သေနတ်သံ နှစ်ချက်ကို ကြားလိုက်ရပြီဖြစ်၍ ကိုညို သည် ၁၅ မိနစ်ခန့်အကြာတွင် ငန်းသေကြီးအနီး၌ ဆေးတံတစ်အိုးကို မီးညှိသောက်ရှူနေသော ကျွန်ုပ်အနီးသို့ စိုးရိမ်ကြီးစွာနှင့် ရောက်ရှိလာပြီး ငန်းမြွေကြီးကို ကြည့်လိုက်ရင်း . . .

“အောင်မယ်လေး . . . အတော့်ကိုကြီးတဲ့ ငန်းမြွေ ကြီးပါလား ... ကျွန်တော်တို့ အင်မတန် ကံကောင်းကြတာပေါ့နော်...ဆရာ ငန်းမြွေ အပေါက်မခံရတော့ဘူးပေါ့နော်"

“ဟုတ်ကဲ့ မခံရပါဘူး။ ခံရရင်ဖြင့် ကျွန်တော် အခုအချိန်မှာ သေနေရောပေါ့။ ကျွန်တော်လည်း သေပြေးရှင်ပြေး ပြေးလာခဲ့လို့သာပေါ့။ အတော်ကို ဒေါသကြီးတဲ့ မြွေမျိုးပါကလား”

"ဟုတ်ပါ့ . . . အင်မတန် ဒေါသကြီးတဲ့ မြွေမျိုးပေါ့
ဆရာ။ ဒီမြွေမျိုးကို မဲဇာတောနယ်မှာ (ငန်းသံကွင်းစွပ်) လို့ ခေါ်ကြပါတယ်။ အင်မတန် အဆိပ်ပြင်းထန်ပါတယ်။ ပေါက်ခံရရင် ဆေးမရှိဘူး။ ဆရာ ပထမ သစ်ပင်ပေါ်ကို ပစ်လိုက်တုန်းက ဒီငန်းမြွေကြီးဟာ အသိုက်ထဲမှာ ဥတွေကို ဝပ်နေဟန်တူတယ်။ ဆရာပစ်လိုက်တော့ ခဲစေ့တွေဟာ အသိုက်ဖွဲ့ ထားတဲ့ သစ်ကိုင်းနဲ့ သစ်ခက် သစ်ရွက်တွေကိုသာ ထိမှန်သွားဟန် တူပါတယ်။ ဒါပေမဲ့ ငါနေတဲ့ ဘုံဗိမာန်ကြီးကို ဘယ်သူလာဖျက်ဆီးသလဲ . . . ဖျက်ဆီးတဲ့လူကို သိစေမယ်ဆိုပြီး သစ်ပင်ပေါ်က မြေပြင်ပေါ်ကို ခုန်ဆင်းလာခဲ့ဟန် တူတယ်။ ဒီငန်းမြွေမျိုးတွေဟာ မဲဇာတောတောင်ဒေသတွေထဲမှာ အတော် များများ ရှိနေကြပါတယ် ဆရာ”

ကျွန်ုပ်တို့သည် နံနက် ၁၁ နာရီခန့်တွင် ဘန်ဂလိုသို့ ပြန်လည်ရောက်လာကြပြီးနောက် ငှက်ငနွားသားကိုကင်၊ ခါသားကို ကြော်၍ တောကြက်သားကို ဆီပြန်ဟင်းချက်ပြီး အထူးမြိန်ရှက်စွာ နံနက်စာ စားသောက်ကြရတော့သည်။

နံနက်စာ စားသောက်ပြီးနောက် ကျွန်ုပ်သည် ခေတ္တမျှ အိပ်လိုက်တော့ရာ ညနေ ၂ နာရီခန့်တွင် နိုးလေတော့သည်။ အိပ်ရာနိုးလျှင် ကျွန်ုပ်သည် လက်ဖက်ရည်ကြမ်းနှင့် မြေပဲယို သောက်စားပြီးနောက်

"ကိုညို ဒီချေနက်ကို ကျွန်တော်ဖြင့် စိတ်မကျေနိုင်သေးဘူးဗျာ။ ဒါကြောင့် မနေ့က ကျွန်တော်တို့ ချေနက်ပစ်တဲ့ နေရာတွေဆီ ထပ်ပြီး သွားကြရအောင်။ ကံကောင်းလို့ရှိရင် ဒီချေနက်တွေကို နောက်ထပ် တွေ့ချင်တွေ့ ရပြီး ပစ်ချင် ပစ်ရလိမ့်ဦးမယ်လို့ ကျွန်တော် ထင်နေတယ်။

“ဟုတ်ပါ့ ဆရာ၊ သွားကြတာပေါ့”

ညနေ ၃ နာရီခန့်တွင် ကျွန်ုပ်သည် ကိုညိုအား ၂လုံး ပူးသေနတ်ကို ထမ်းစေပြီး လွန်ခဲ့သောရက်က ချေနက်ကို ပစ်ခဲ့ရသည့် တောဆီသို့ ဦးတည်ကာ သွားတော့သည်။ ကျွန်ုပ်သည် သည်တစ်ကြိမ်တွင် မြင်းမစီးတော့။ ခြေလျင်လမ်းလျှောက်သွားသည်။

တောအတွင်း တစ်နေရာ တောင်ယာတစ်ခု၏ အနီး သို့ ရောက်သွားသော် ဒေါင်းဖိုမတစ်စုံကို တွေ့မြင်ရသောကြောင့် ကျွန်ုပ်သည် နှစ်လုံးပူးသေနတ်ပြောင်းအတွင်းသို့ BB အမှတ်အသားပါသော ယမ်းတောင့် နှစ်တောင့်ကို ထည့်သွင်းလိုက်ပြီး သေချာစွာ ချိန်ပစ်လေတော့ရာ တစ်ချက်တည်းနှင့်ပင် ဒေါင်း နှစ်ကောင်လုံးကို ရရှိနိုင်ခဲ့တော့သည်။

ထို့နောက် ကျွန်ုပ်သည် သစ်ပင်ကြီးတစ်ပင်အောက် တွင် ထိုင်ကာ ဆေးတံတစ်အိုးကို သောက်ရှူနေရင်း ခေတ္တမျှ အနားယူနေလိုက်တော့သည်။ မကြာမီပင် တောင်ခြေမှ ချေဟောက်သံများကို ကြားလိုက်ရတော့သည်။

ချေဟောက်သံများသည် ကျွန်ုပ်တို့ဘက်ဆီသို့ တဖြည်းဖြည်း နီးကပ်လာနေစဉ် ကျွန်ုပ်တို့လည်း သစ်ပင်ကြီး အနောက်တွင် ကွယ်ကာ ငြိမ်သက်စွာ နေလိုက်တော့သည်။

ဆယ်မိနစ်မျှအကြာတွင် ကျွန်ုပ်အား တစ်နေရာဆီသို့ လက်ညှိုးထိုးပြလိုက်သည်တွင် ပေ ၉ဝ မျှအကွာ၌ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသော ချေအထီးကြီးတစ်ကောင်ကို အံ့သြစွာ တွေ့ မိတော့သည်။ ထို့ကြောင့် ကျွန်ုပ်သည် ၂လုံးပူးသေ နတ်ကို ညင်သာစွာ ချိုး၍ ပြောင်းအတွင်းသို့ SG အမှတ် အသားပါရှိသော (Grand Prix) ယမ်းတောင့် နှစ်တောင့်ကို ထိုးသွင်းလိုက်ပြီး သေနတ်ပြောင်းကို သစ်ပင်ကြီးနှင့် ကပ်လိုက်တော့သည်။

ကျွန်ုပ်သည် ခါတိုင်းဆိုလျှင် ချေသတ္တဝါများကို SSSSG အမှတ်အသားပါသော ယမ်းတောင့်နှင့် ပစ်ခဲ့မြဲပင်ဖြစ်သော်လည်း သည်တစ်ကြိမ်တွင်မူ ပို၍သေချာအောင် SG ယမ်းတောင့်နှင့်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်တော့သည်။

သို့နှင့် ချေဖြူသည် ကျွန်ုပ်နှင့် ၁၅ ပေမျှအကွာသို့ ရောက်လာပြီးနောက် ခေတ္တမျှ ရပ်နေလိုက်တော့သည်။ ကျွန်ုပ်လည်း သေနတ်ကို သေချာစွာချိန်၍ ယာဘက်ပြောင်းခလုတ်ကို ညင်သာစွာ ဆွဲလိုက်တော့သည်။

၂လုံးပူးသေနတ်များတွင် များသောအားဖြင့် ယာဘက်ပြောင်းဝသည် ဝဲဘက်ပြောင်းဝထက် အနည်းငယ်ကျယ်ပြီး အင်္ဂလိပ်လို (Cylinder) ဟု ခေါ် သည်။ အနည်းငယ်ကျဉ်းသော ဝဲဘက်ပြောင်းကို (Choke) ဟု ခေါ်သည်။ အချို့သော မုဆိုးများသည် ပြောင်းကျဉ်း နှစ်ဖက်စလုံးပါသော နှစ်လုံးပူးသေနတ်မျိုးကို ကြိုက်နှစ်သက်ကြသည်။ သို့ရာတွင် ဝဲဘက်ပြောင်းကျဉ်း (Choke) နှင့် ယာဘက်မကျဉ်းမကျယ်လှသော ပြောင်း (Modified Choke) ပါရှိသော နှစ်လုံးပူးသေနတ်မျိုးမှာ အကောင်းဆုံးဖြစ်သည်ဟု ကမ္ဘာက အသိအမှတ်ပြုထားကြသည်။

"ဒိုင်း”ဟူသော သေနတ်သံကြီးသည် တစ်တောလုံး ပဲ့တင်ထပ်သွားချေတော့သည်။ ကျွန်ုပ်ပစ်လိုက်သော ချေဖြူကြီးမှာ ချက်ကောင်းကိုထိမှန်သွားဟန်တူပြီး မြေပေါ်သို့လဲကျကာ ငြိမ်သက်သွားပေတော့သည်။

သို့နှင့် ကျွန်ုပ်တို့လည်း အထူးပင် ဝမ်းသာအားရကြပြီး ချေဖြူကြီးလဲကျသည့်နေရာသို့ သွားရောက်ကြတော့သည်။ သို့ရာတွင် ချေဖြူကြီးအနီး ၂လံကွာမျှ မြေပြင်ပေါ်သို့ ဝုန်းကနဲ ထခုန်လိုက်ပြီး တောင်ခြေဘက်သို့ ပြေးတော့သည်ကို အံ့ဩစွာ မြင်လိုက်ကြရတော့သည်။

သည်တော့မှ ကျွန်ုပ်လည်း နောက်တစ်ချက် ထပ်ဆင့်၍ ပစ်ပြန်ရာ ထိမှန်ဟန်တူပြီး မြေပေါ်သို့ လဲကျသွားသည်ကို တွေ့မြင်လိုက်ရပြန်တော့သည်။ သို့နှင့် ကျွန်ုပ်တို့သည် လဲကျနေသော ချေဖြူရှိရာသို့ အလျင်အမြန် သွားရောက်ကြပြန်ရာ အနီးသို့ ရောက်ခါမှ ချေဖြူကြီးသည် ထခုန်ပြီး ပြေးပြန်လေတော့သည်ကို အံ့ဩစွာ တွေ့ မိရတော့သည်။

ကျွန်ုပ်တို့သည် ချေဖြူကြီးကို ဒုတိယအကြိမ် ပစ်လိုက်သည့်နေရာသို့ရောက်ကြသော် သွေးများကျဆင်းကာ အိုင်ထွန်းနေသည်ကို တွေ့ ရသောကြောင့် သွေးစက်များကိုခံ၍ ချေဖြူနောက်သို့ လိုက်ကြသော်လည်း ဆယ်လှမ်းမျှအကွာတွင် သွေးစက်များ ပျောက်ကုန်သဖြင့် အခက်ကြုံရချေတော့သည်။

သို့နှင့် နေလုံးလုံးဝင်သွားပြီဖြစ်၍ ကိုညိုက

"ပြန်ကြပါစို့ ဆရာ၊ ချေဖြူကို ဆက်လိုက်ဖို့ဟာက
လည်း ဘာကိုမှ မမြင်နိုင်တော့ဘူး။ မှောင်လာပြီ။ နေဝင်သွားပြီ။ နောက်တစ်ရက် မနက်ကျမှပဲ ဆက်ပြီး လိုက်သင့်လိုက်ကြတာပေါ့။ တောလှည့်စားပြန်ပြီထင်ပါရဲ့”

ဟု ပြောကြားသတိပေးသောကြောင့် ကျွန်ုပ်တို့သည် ဘန်ဂလိုဆီသို့ ပြန်လာကြတော့သည်။

လက်နှိပ်ဓာတ်မီးကို မယူဆောင်လာခဲ့မိသဖြင့် ကျွန်ုပ်တို့သည် ဝါးချောင်းအခြောက်အချို့ကို စည်းနှောင် မီးရှို့ပြီး တဖြည်းဖြည်းလာကြရာ ဘန်ဂလိုဝင်းအတွင်းသို့ ည ၈ နာရီ အချိန်ခန့်လောက်မှ ပြန်လည်ရောက်ရှိနိုင်ကြတော့သည်သာ။

ထို့နောက် ကျွန်ုပ်က

"တောလှည့်စားတယ်ဆိုတာ ကျွန်တော် မယုံနိုင်ဘူး ကိုညို . . . ချေဟာ ချက်ကောင်း မထိမှန်လို့ တစ်ချက်တည်း မသေတာ ဖြစ်ပါလိမ့်မယ်။ အရင်ကလည်း ကျွန်တော် ဒီလိုအဖြစ်မျိုးတွေနဲ့ မကြာမကြာ ကြုံခဲ့ဖူးပါတယ်။ ဘယ်သားကောင်ဆို ချက်ကောင်းမမှန်ရင် ချက်ချင်းမသေနိုင်ပါဘူး”

(၅)

ထိုစဉ်ပင် "သာဆန်းရဂုံဗွေ” ပတ်ပျိုးတေးသွားကို အထူးနွဲ့ပျောင်းစွာ ထိုးနေသော တယောသံများသည် ဘန်ဂလိုအတွင်းမှ ထွက်ပေါ်နေသည်ဖြစ်၍ သန်းခေါင်၏ တယောထိုးသံများမှာ သာယာလွန်းလှရကား ကျွန်ုပ်သည် ဘန်ဂလိုပေါ်သို့ မတက်သွားသေးဘဲ သောတအရသာများကို အာရုံခံစားလျက်နေပေတော့သည်။

ကျွန်ုပ်၏ မွေးစားညီလည်းဟုတ်၊ လွန်စွာသစ္စာရှိ သော တပည့်တစ်ယောက်လည်းဟုတ်ပေသော မောင်သန်းကောင်၏ လက်ရာများသည် လွန်စွာမှပင် ပြောင်မြောက်လှပါပေသည်တကားဟု စိတ်ထဲတွင် ချီးကျူးနေမိတော့သည်။

သို့ရာတွင် မောင်သန်းခေါင်သည် "သာဆန်းရဂုံဗွေ"
ပတ်ပျိုးတေးသွားကို တယောဖြင့် တစ်ပုဒ်ပြီးတစ်ပုဒ် သာယာညင်းပျောင်းစွာ ထိုးမြဲထိုးနေတော့သည်ဖြစ်ရာ သီချင်းတေးသွားသည် အဆုံးသို့ ရောက်လာသော်လည်း ရပ်နားတော့မည်လိုလိုနှင့် အစမှ တစ်ဖန်ပြန်ကောက်ပြီး ထိုးပြန်တော့သည်ကို ကျွန်ုပ် ကောင်းစွာ သတိပြုနေမိတော့သည်။

တယောထိုးနေစဉ်အတွင်းမှာ တချက်တချက်တွင် ရှဲရှဲ ဟူသော အသံကြီးများ ပေါ်ပေါက်လာသည်ကိုလည်း ကြားမိရတော့သည်။

သို့နှင့် "သာဆန်းရဂုံဗွေ” ပတ်ပျိုးတေးသွားကို အစမှ အဆုံး၊ တစ်ဖန် အဆုံးမှ အစ၊ တစ်ဖန် အစမှ အဆုံး ထပ်၍ ထပ်၍ပင် ကျော့ကာ လုံးဝရပ်နားခြင်းမပြုတော့ဘဲ တစ်ပုဒ်ပြီး တစ်ပုဒ် အဆက်မပြတ် အကြိမ်ပေါင်းများစွာ ထိုးနေသော တယောသံများကို ကြားမိရသည်ဖြစ်ရကား ကျွန်ုပ်သည် အထူးပင် သံသယမကင်းဖြစ်လာပြီး ဘန်ဂလိုဘေးတွင် တံခါး တစ်ရွက်သာ ဖွင့်လှစ်ထားရှိသော ပြတင်းပေါက်ငယ်ဆီသို့ ဖြည်းညင်းစွာသွားပြီး အတွင်းသို့ မယောင်မလည် ကြည့်ရှုလိုက်တော့သည်။

မျက်နှာကြက်မှ တွဲလောင်းဆွဲကာ ထွန်းညှိထားသော အောက်လင်းမီးအိမ်၏ အရောင်ကြောင့် ဘန်ဂလိုအတွင်း၌ လွန်စွာ လင်းထိန်နေပေတော့သည်။ ကျွန်ုပ်သည် ဘန်ဂလိုအတွင်း၌ မြင်လိုက်ရသော မြင်ကွင်းကြောင့် အသည်းနှလုံး လွန်စွာ တုန်လှုပ်သွားရချေတော့သည်။

အကြောင်းသော်ကား သန်းခေါင်သည် တယောပြား ကို ရင်ဘတ်အထက်တွင်တင်ကာ ထိုးနေရင်း ဘန်ဂလိုအတွင်းရှိ စားပွဲကြီးကို နောက်ဆုတ်ရစ်ပတ်ပြီး သွားနေချေသည်။ ၎င်း၏ရှေ့တွင် ခြေသလုံးမျှ အလုံးအဖန်ရှိပြီး ၁ဝ ပေမျှရှည်သော ငန်းမြွေကြီးနှစ်ကောင်တို့သည် ကြမ်းပြင်အထက် ၅ ပေ မျှ အမြင့်လောက်တွင် ပတပ်ရပ်လျက် ၎င်း၏ ရှေ့ ၂ ပေခန့်အကွာမှ လိုက်လာနေကြသည်ကို အထူးထိတ်လန့်စိုးရိမ်ဖွယ် မြင်တွေ့မိရတော့သည်။

သန်းခေါင်သည် နောက်ဆုတ်ရင်း တယောထိုးနေရာ မှ ခေတ္တမျှ ရပ်နားတော့မည်ပြုလိုက်တိုင်း ငန်းမြွေကြီးနှစ်ကောင်တို့သည် ပါးပျဉ်းများကို ကြီးသည်ထက် ကြီးထွားလာစေပြီး ၎င်းအားပေါက်ရန် ဟန်ယူလိုက်ကြမြဲပင်ဖြစ်ကြောင်း တွေ့ရှိရတော့သည်။

သို့ဖြစ်ရကား သန်းခေါင်သည် တယောအထိုးမရပ် ရဲတော့ဘဲ စားပွဲဝိုင်းကြီးကို နောက်ပြန်ဆုတ်ရစ်ပတ်ကာ သွားလာနေရရှာချေတော့သည်။ ငန်းမြွေကြီး နှစ်ကောင်တို့ကလည်း ၎င်းထိုးနေသော တယောနှင့် ၂ ပေကွာမှ မကြာခဏ လျှာများထုတ်ပြကာ လိုက်လာနေကြမြဲပင်။

သို့နှင့် ကျွန်ုပ်သည် အမြင်မှန်ရလာမိတော့သည်။ ဤမဲဇာတောတောင်ဒေသများတွင် ငန်းမြွေကြီးများသည် ညအချိန်များ၌ ကျိုကျိုးကျည်ကျည် မြည်သံများ ကြားလိုက်ရလျှင် အသံကြားရသည့်နေရာသို့ လိုက်လာတတ်ကြကြောင်းကို လွန်ခဲ့သောညက ကိုညိုပြောကြားသဖြင့် ကြားသိခဲ့ရပြီ မဟုတ်ပါလော။

သို့ဖြစ်ရကား ဘန်ဂလိုပေါ်သို့ ငန်းမြွေကြီးနှစ်ကောင် ရောက်ရှိနေကြခြင်းမှာလည်း သန်းခေါင်၏ တယောထိုးသံများ ကြားရသောကြောင့် မည်သည့်အသံဖြစ်သည်ကို သိလို၍၊ သို့မဟုတ် အသံရှင်သည် တိရစ္ဆာန်ဖြစ်ပါက ဖမ်းစားလိုသောကြောင့်ပင် ဖြစ်ရပေမည်ဟု ကျွန်ုပ် ထင်မြင်တွေးဆမိလေတော့ သည်။

သန်းခေါင်၏မျက်နှာဟန်အသွင်မှာ အထူးပင် ကြောက်ရွံ့ထိတ်လန့်နေပြီး တစ်ချက်တစ်ချက်တွင် တံခါးငယ် တစ်ရွက်ဖွင့်လှစ်ထားရှိသော ဘန်ဂလို ပြတင်းပေါက်ဘက်သို့ မိမိအား ကယ်တင်မည့်သူကို မျှော်ကြည့်လိုက်ဟန်တူသည်။ အလွန်အဆိပ်ပြင်းလှသော ငန်းမြွေကြီးနှစ်ကောင်တို့သည် မိမိအရှေ့ ၂ ပေအကွာမှ အမြဲလိုက်လာနေကြပြီး မိမိအား
အချိန်မရွေး ပေါက်သတ်နိုင်သည်ဖြစ်ရာ အဘယ်သူသည် မကြောက်မလန့် မတုန်မလှုပ်ဘဲ နေနိုင်ပါတော့အံ့နည်း။

သို့နှင့်အမျှ ကျွန်ုပ်မှာလည်း အထူးပင် တုန်လှုပ်သွားမိချေတော့သည်။ သန်းခေါင်နှင့် ၂ ပေခန့်အကွာမှ အလွန်အဆိပ်ပြင်းထန်သော ငန်းမြွေကြီး နှစ်ကောင်တို့သည် အမြဲပင် လိုက်နေကြပြီမဟုတ်ပါလော။

သန်းခေါင်သည် တယောကို အထိုးမရပ်ဘဲ ထိုးနေ ရရှာချေတော့သည်။ ရပ်နားလိုက်တော့မည်ပြုတိုင်း ငန်းမြွေကြီး နှစ်ကောင်တို့သည် သန်းခေါင်အား ပေါက်သတ်ရန် ဟန်ယူလိုက်ကြမြဲပင်မဟုတ်ပါလော။ သို့နှင့်အမျှလည်း သန်းခေါင်သည် တယောကို မည်မျှကြာအောင် ထိုးသွားနိုင်လိမ့်မည်နည်း။ မိုးလင်းသွားသည်အထိ ထိုးသွားနိုင်လိမ့်မည်မဟုတ် ချေတကား။

သို့ဘိရကား အလွန်ညောင်းလာသောကြောင့် မတတ် သာတော့၍ ဆယ်စက္ကန့်မျှ အနားယူလိုက်လျှင် ယူလိုက်ချင်း ငန်းမြွေကြီးနှစ်ကောင်တို့သည် ၎င်းအား မုချပေါက်သတ်တော့မည်မှာ သေချာနေချေတော့သည်။ ငန်းမြွေကြီးနှစ်ကောင်တို့ သည် သာယာသော "သာဆန်းရဂုံဗွေ” တယောတေးသံတွင် အကြည်ဆိုက်နေကြပြီမဟုတ်ပါလော။ ၎င်းတို့မှာလည်း လောကီသားများပေပ။

ကျွန်ုပ်သည် မိမိ၏ မွေးစားညီလည်းဟုတ်၊ အလွန် သစ္စာရှိသော တပည့်လည်းဟုတ်ပေသော သန်းခေါင်အား ငန်းမြွေကြီးနှစ်ကောင်၏ဘေးရန်မှ ကယ်တင်ရန် တာဝန်ရှိနေသည် မဟုတ်ပါလော။

ထို့ကြောင့် ကျွန်ုပ်သည် တိုင်ပင်ရန် ကိုညိုထံသို့ ဖြည်းညင်းစွာ သွားလေတော့သည်။ သို့ငြားလည်း ကိုညိုမှာ အထူးပင်ပန်းလာခဲ့သောကြောင့် ဘန်ဂလိုအနီးရှိ ဝါးကွပ်ပျစ်တစ်ခုပေါ်တွင် နှစ်ခြိုက်စွာ အိပ်ပျော်လျက်ရှိနေသည်ကိုတွေ့ ရတော့သည်။

ထိုခဏ၌ပင်လျှင် ကျွန်ုပ်သည် သန်းခေါင်အား ကယ်တင်နိုင်မည့် အကြံတစ်ရပ်ကို ရရှိလာတော့သည်။ သို့နှင့်အမျှ ကျွန်ုပ်သည် ကိုညိုအား မနှိုးရက်တော့ဘဲ နှစ်လုံးပူးသေနတ်ကို ချိုး၍ ပြောင်း နှစ်ပြောင်းအတွင်းသို့ နံပါတ် ၄ အမှတ်အသားပါရှိသော Grand Prix ယမ်းတောင့် နှစ်တောင့်ကို ဖြည်းညှင်းစွာ ထိုးသွင်းလိုက်တော့သည်။

ကျွန်ုပ်၏အကြံ မှာ ဘန်ဂလိုပြတင်းဝမှနေ၍ ငန်းမြွေကြီးနှစ်ကောင်တို့ကို တစ်ပြိုင်နက် တစ်ချက်တည်း ပစ်သတ်ရန်ဖြစ်ပေသည်။

တစ်ချက်တည်း ပစ်လိုက်ရုံနှင့် ငန်းမြွေကြီးနှစ်ကောင်တို့အား သေစေရန်ဖြစ်တော့သည်။ တစ်ချက်တည်းပစ်လိုက်ရုံနှင့် ငန်းမြွေကြီးနှစ်ကောင်လုံးအနက် တစ်ကောင်သာ ထိမှန် သေဆုံးသွားပါက အသက်ရှင်ပြီးကျန်နေသော တခြားတစ်ကောင်သည် သန်းခေါင်အား ချက်ချင်းမုချ ပေါက်သတ်လိမ့်မည်မှာ သေချာနေချေတော့သည်။

သို့နှင့် ကျွန်ုပ်သည် ဘန်ဂလိုပြတင်းပေါက် တံခါး ရွက်ဝအနီးသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားတော့သည်။ ဘန်ဂလိုကို မြေပြင်အထက် ၂ပေမျှသာမြှင့်၍ သစ်သားပေါင်တန်းမှာလည်း မြေပြင်အထက် ၃ပေမျှသာ မြင့်ပေလိမ့်မည်။

၎င်းနောက် ကျွန်ုပ်သည် နှစ်လုံးပူးသေနတ်ပြောင်းကို ပွင့်နေသော ပြတင်းတံခါးငယ်၏ အောက်ခြေနားရှိ သစ်သားပေါင်ပေါ်သို့ အသာထိုးတင်ထားလိုက်ပြီး ဘန်ဂလိုအတွင်းသို့ ချောင်းကြည့်နေတော့သည်။

ငန်းမြွေကြီးနှစ်ကောင်တို့သည် ကျွန်ုပ်အရှေ့တည့်တည့် မျဉ်းတပြေးတည်း နံဘေးချင်း ယှဉ်မိကြသည်နှင့် တစ်ပြိုင်နက် နှစ်လုံးပူးသေနတ်၏ ခလုတ်နှစ်ခုလုံးကို တစ်ပြိုင်ညီ ဆွဲဖြုတ်ကာ နှစ်ကောင်လုံးအား တစ်ကြိမ်တည်းသေစေရန်ဖြစ်တော့  သည်။

သန်းခေါင်လည်း “သာဆန်းရဂုံဗွေ” ပတ်ပျိုးတေး သွားကို သာယာနွဲ့ပျောင်းစွာတယောထိုးနေရင်း ဘန်ဂလိုအတွင်းရှိ စားပွဲဝိုင်းကြီးကို နောက်ပြန်ဆုတ်ကာ ရစ်ပတ်သွားလာနေရရှာတော့သည်။ ငန်းမြွေကြီးနှစ်ကောင်တို့ကလည်း တယောနှင့် နှစ်ပေမျှသာ ခွာကာ ပတပ်ရပ်ပြီး လိုက်လာနေကြတော့သည်။ မကြာခဏပင် လျှာများကို ထုတ်ပြမြဲ ထုတ်ပြ နေကြတော့သည်။

တစ်ကြိမ်တွင် သာဆန်းရဂုံဗွေပတ်ပျိုးပါ "လွမ်းလေ အောင်တည့်မှ ... စမ်းနှင့် ရေယာဉ်ဆောင်" ဟူသော အပိုဒ်သို့ ရောက်လာပြီးလျှင် သန်းခေါင်သည် တယောကို ချွဲချွဲပျစ်ပျစ်ထိုးလိုက်တော့ရာ ငန်းမြွေကြီးနှစ်ကောင်တို့၏ ခေါင်းနှစ်လုံးတို့သည် တပြိုင်ညီ ဘေးချင်းယှဉ်မိကြစဉ် ကျွန်ုပ်သည် နှစ်လုံးပူးသေနတ်ခလုတ်နှစ်ခုလုံးကို တစ်ပြိုင်ညီ ဆွဲဖြုတ်လိုက်တော့မည်အပြုတွင် ချက်ချင်းပင် ငန်းမြွေနှစ်ကောင်တို့သည် တစ်ကောင်နှင့်တစ်ကောင် တစ်ပေမျှ ဦးခေါင်းချင်း ခွာသွားကြပြန်တော့သည်ဖြစ်ရကား ကျွန်ုပ်သည် သေနတ်ခလုတ်နှစ်ခုကို မဆွဲဖြစ်တော့ချေ။ လွန်စွာမှပင် အသည်းယားစရာ ကောင်းလှချေတော့သည်။

သို့နှင့် သန်းခေါင်သည် "သာဆန်းရဂုံဗွေ” ပတ်ပျိုး တေးသွားကို အစမှအဆုံး၊ အဆုံးမှအစ၊ အစမှ အဆုံး၊ အကြိမ်ကြိမ်ကျော့ပြီးရင်း ကျော့ပြန်ရင်းနှင့် စားပွဲဝိုင်းကြီးကို နောက်သို့ ဆုတ်ကာ ဆုတ်ကာ လှည့်ပတ်သွားနေရှာသည်မှာ တစ်နာရီမျှပင် ကြာသွားလေတော့သည်။

သို့အတွင်း ကျွန်ုပ်လည်း အခွင့်ကောင်းအခါကောင်း ကို ရင်တခုန်ခုန်နှင့်သာ စောင့်မျှော်နေခဲ့ရတော့သည်။ နောက်ဆုံးတွင် သန်းခေါင်သည် "မြိုင်ဟေဝန်၊ သာစခန်း၊ ပန်းစုံစီ၊ မြနဒီ” ဟူသော အပိုဒ်ကို အထူးသာယာနွဲ့ပျောင်းစွာ ချွဲချွဲပျစ်ပျစ် တယောထိုးနေတော့စဉ် ငန်းမြွေကြီးနှစ်ကောင်တို့သည် အထူးပင် နှစ်သက်သဘောကျသွားကြ ရောထင့်။ ဦးခေါင်းချင်း ပူးကပ်လိုက်ကြပြီး ကျွန်ုပ်နှင့် တည့်တည့် မျဉ်းတစ်ပြေးညီလျက် ခေတ္တမျှ တယောသံများကို ငေးစိုက်ကာ ကြည်နူးနေမိကြတော့သည်။

ကြာရှည်စွာ စောင့်မျှော်လာခဲ့ရသော ရခဲသည့် အခွင့် အခါကောင်းကြုံပြီဖြစ်ရကား ကျွန်ုပ်သည် ငန်းမြွေကြီးနှစ်ကောင်၏ ဦးခေါင်းနှစ်လုံး မျဉ်းတပြေးညီကာ ပူးကပ်နေသည်ကို နှစ်လုံးပူးသေနတ်ဖြင့် သေချာစွာ ချိန်လိုက်ပြီး ခလုတ်နှစ်ခုတို့ကို တစ်ပြိုင်နက် ဆွဲဖြုတ်လိုက်ပေတော့သည်။

သို့နှင့်အမျှ "ဒိန်း ရိန်း" ဟူ၍ သေနတ်သံနှစ်ချက် တပြိုင်ညီ ထွက်ပေါ်လာကြပြီးနောက် ဘန်ဂလိုအတွင်းရှိ ကြမ်းပြင်ပေါ်သို့ ဗြုန်း ဘုန်း” ဟူသော ကျသံများကို ကြားလိုက်ရတော့သည်။

သို့နှင့် ကျွန်ုပ်၏ သေနတ်သံကို ကြားလိုက်ရသဖြင့် ကိုညိုသည် အိပ်ပျော်နေရာမှ ချက်ချင်းလန့်နိုးလာပြီး ကျွန်ုပ်ဆီသို့ အပြေးရောက်လာပြီးလျှင်

"ဘာကောင်ကို ပစ်လိုက်တာလဲ ဆရာ”

ဟု အလန့် တကြား မေးလိုက်တော့သည်။

ကျွန်ုပ်လည်း ဘာမျှ ပြန်မပြောတော့ဘဲ နှစ်လုံးပူး သေနတ်အတွင်းသို့ နံပါတ် ၄ အမှတ်အသားပါသော ယမ်းတောင့်သစ်နှစ်တောင့်ကို ထိုးသွင်းလိုက်ပြီး ကိုညိုနှင့်အတူ ဘန်ဂလိုတံခါးပေါက်ကြီးကို အတင်းထုရိုက် တွန်းဖွင့်ကာ အတွင်းသို့ ဝင်ရောက်ကြည့်ရှုကြရာ ကြမ်းပြင်ပေါ်တွင် တယောကိုပိုက်လျက် သတိမေ့မြောလဲကျနေပြီဖြစ်သော မောင်သန်းကောင်ကိုလည်းကောင်း၊ ၎င်း၏ကိုယ်ပေါ်တွင် တစ်ကောင်မှာ ဦးခေါင်းလုံးလုံးပြတ်သွားပြီး ကျန်တစ်ကောင်မှာ လည်ပင်း ပြတ်လုနီး သေဆုံးကုန်ကြပြီဖြစ်သော ငန်းမြွေကြီးနှစ်ကောင်တို့ကိုလည်းကောင်း အံ့သြဝမ်းမြောက်ဖွယ် မြင်တွေ့ကြရတော့သည်။

၎င်းနောက် ကျွန်ုပ်တို့သည် သေဆုံးကုန်ကြပြီဖြစ်သော ငန်းမြွေကြီးနှစ်ကောင်တို့ကို ဖယ်ရှားလိုက်၍ မောင်သန်းခေါင်အား အသာအယာ ပွေ့ချီလိုက်ပြီးလျှင် ဘရန်ဒီတစ်ခွက်ကို ၎င်း၏ ပါးစပ်အတွင်းသို့ သွန်းလောင်းချလိုက်တော့မှ ၎င်းသည် မေ့မျောသွားခဲ့ရာမှ ပြန်လည်သတိရလာပေတော့သတည်း။

                               - ပြီး -

စာရေးသူ      -     ကုသ
စာစီစာရိုက်   -     မုဆိုး တံငါ စာပေများ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...