အောင်မောင်း သည် ပဲ့ပိုင်းမှ မတ်တတ်ရပ်နေအထားဖြင့် ခတ်တက်နှစ်ချောင်းကို စုံခတ်နေ၏။ လှမေက ဦးမှ တွင်တွင်လှော်လျက်။ မိုးမကုန် တကုန်မို့ ဆောင်းကမဝင်ချင်သေး။ ဤအချိန်တွင် လက်ငယ် သမားများအဖို့ ကွန်ပစ်သူပစ်၊ လူငှားလိုက်သူလိုက်၊ ကဏန်းထောင်သူ ထောင်ဖြင့် မနားရအောင်ရှိနေကြတော့သည်။
ဝေလီဝေလင်းပေမို့ ငှက်ငယ်လေးများအချင်းချင်း ရိုင်းပင်းကူညီ နေကြလေသလား၊ ချစ်တင်းနှောနေကြလေသလား၊ တေးချင်းဖွဲ့၍ နွဲ့နေကြသည်လား မပြောတတ်။ အောင်မောင်းတို့ လှော်ခတ်သွားသည့် ချောင်းနံဘေးရှိသစ်ပင်များပေါ်တွင် ပျော်ရွှင်နေကြသော ငှက်တို့ကမ္ဘာလေးကား ပြေးလွှားဆော့ကစားကာ မော်ကြွားနေကြသည်။
မကြာမီ ချောင်းအဝမှ ပင်လယ်ပြင်ဘက်သို့ ထွက်မိကြတော့သည်။ ရေလုပ်သားတို့သည် ပင်လယ်ကမ်းခြေတွင် နေရထိုင်ရသည်မှာ အဆင်မပြေလှ။ ပင်လယ်ကမ်းခြေတွင် နေရသူများမှာ ရေဒဏ်၊ လေဒဏ်တို့ခံကြရကာ လူနေအိမ်များပင် ပင်လယ်ရေ လေလှိုင်းတို့က ဒုက္ခပေးလေ့ရှိသည်။
ထို့ကြောင့်ပင် အောင်မောင်းတို့လို ရေလုပ်သားများသည် ပင်လယ်ကမ်းခြေမှ တိုးဝှေ့ဝင်ရောက်သွားသည့် ရေလက်တက်ချောင်းကလေးထဲသို့ ရွာဖွဲ့ကာ နေထိုင်ကြခြင်းဖြစ်သည်။
“လှမေရေ၊ ရှေ့နားနည်းနည်းရောက်အောင် လှော်လိုက်ကြဦးဟေ့၊ ဒီနားက ချောင်းဝနဲ့နီးတော့ သင်္ဘော၊ စက်လှေတွေ အဝင်အထွက်များပြီး ရေကမငြိမ်ဘူးဟ။ ရေငြိမ်တဲ့နေရာလေးရောက်အောင်သွားပြီး ထောင်ကြစို့ဟာ"
“အေးပါတော်။ တော် ကောင်းမယ်ထင်တဲ့နေရာရောက်အောင် လှော်ကြတာပေါ့”
အောင်မောင်းတို့သည် ကဏန်းထောင်ရန် ထွက်လာခဲ့ခြင်းဖြစ်သည်။
ကဏန်းသည် ကုန်းကဏန်း၊ ရေကဏန်းဟူ၍ နှစ်မျိုးရှိသည်။ ကုန်းကဏန်းနှင့် ရေကဏန်းမှာ အကောင်ချင်းတူသော်လည်း အသားပြည့်ခြင်း၊ အဆီပေါခြင်း၊ အရသာရှိခြင်းတို့မှာ မတူကြ။
ကုန်းကဏန်းသည် အသားနည်းခြင်း၊ အဆီရှားခြင်းတို့ကြောင့် အရသာသိပ်မရှိလှ။
ပင်လယ်ကမ်းစပ်ဆီမှရသည့် ရေကဏန်းသည်သာ အသားလည်းပေါ အဆီလည်းများခြင်းတို့ကြောင့် စားရသောက်ရ အရသာရှိလှသည်။
ကုန်းကဏန်းနှင့် ရေကဏန်းမှာ အရသာနည်းခြင်း၊ များခြင်း ကွာခြားသလို တန်ဖိုးချင်းလည်း မတူညီကြသည်မှာ ဆန်းတော့မဆန်းလှ။
ကုန်းကဏန်းသည် ရပ်ထဲရွာထဲစားရုံသောက်ရုံမျှသာ အသုံးဝင်သည်။ မြို့ပြများသို့ တင်ပို့ရောင်းချရန် ရောင်းကွက် ရောင်းတန်းမဝင်။
ရေကဏန်း (ပင်လယ်ကဏန်း) မှာမူ ရန်ကုန်၊ မန္တလေးစသော မြို့ကြီများရှိ ဟိုတယ်၊ မိုတယ်၊ အင်း စသည်များမှ ဝယ်ယူကာ ပင်လယ်စာအဖြစ် ချက်ပြုတ်ကြော်လှော်ရောင်းချနေကြခြင်းကြောင့် မြို့ပြတွင် ရောင်းတန်းဝင်ရုံမျှမက ဈေးကောင်းပါ ရနေကြတော့သည်။
ယခင်က ပိုက်ထောင်သည့် စက်လှေ၊ မော်တော်စသည်များပေါ်တွင် ပင်လယ်ဂဏန်းများ ပါလာပါက ပင်လယ်အနာလိုက်မည်စိုး၍ မစားကြ၊ ကောက်၍သာ လွှင့်ပစ်ကြရသည်။ ယခုမူ ယင်းသို့မဟုတ်။
ရွာမှာတွင်ပင် ရှယ်ကဏန်း တစ်ကီလို၏ ပေါက်ဈေးမှာ အနည်းဆုံး တစ်ထောင့်ငါးရာကျပ် ရှိသည်။
ကဏန်းသည် အကြမ်းဖျင်းအားဖြင့် ရှယ်နှင့် အကျဟူ၍ နှစ်မျိုး ကွဲပြားသည်။ ကဏန်းမလည်းဖြစ် တစ်ဆယ်ကျပ်သားလည်း ရှိသည့် ကဏန်းကို ရှယ်ဟုခေါ်သည်။ ထို ရှယ်ကဏန်း ခြောက်လုံးလျှင် တစ်ကီလိုရှိ၍ ယင်းတစ်ကီလိုကို အနည်းဆုံး ၁၅ဝဝိ/ ရသည်။ လုံးကောက်နှင့် ပြန်တွက်လျှင် ရှယ်ကဏန်းတစ်ကောင်၏ တန်ဖိုးမှာ အနည်းဆုံး ၂၅ဝိ/ တန်သည်။
ထိုရှယ်ကဏန်းမှလွဲသည့် ကဏန်းများကို အကျဟူ၍ လည်းကောင်း၊ ဆွဲလုံးဟူ၍လည်းကောင်းခေါ်ဆိုကာ ကဏန်းအကျတစ်ကီလိုလျှင် ၆ဝဝိ/ အနည်းဆုံးရကြပြန်သည်။ လုံးကောက်ဈေးနှင့် တွက်ပါက တစ်လုံးကို ၁ဝဝိ/ ခန့်ရသည်။
ထိုအခါ ပင်လယ်ရေလုပ်သားတို့အဖို့ ကဏန်းထောင်ရသည့် အလုပ်သည်လည်း အသက်မွေးဝမ်းကျောင်းမှုအတွက် လုပ်ပျော် ကိုင်ပျော်သော အလုပ်တစ်ခုဖြစ်လာခဲ့သည်။
ယခုအခါ ကဏန်းသည် နိုင်ငံခြားပို့ကုန်အဖြစ်ပါ တွင်ကျယ်လာသောကြောင့် ပို၍ပို၍ဈေးကောင်းခြင်းဖြစ်သည်။
“လှမေရေ ဒီကမ်းစပ်ကလေးအတိုင်း သီပြီးထောင်ကြမယ်ဟေ့၊ နင်က ပဲ့ကိုလာပြီး တက်မထိန်းထားဟ၊ ငါက ဒိန်းဒေါင်းချမယ်”
“အင်း... အင်း ခဏရပ်ထားဦးတော်၊ ရေလွန်းနည်းနည်းရှိတယ်။ တော်ကြာ လှေတိမ်းပြီး မှောက်သွားမှာစိုးရတယ်”
“မှောက်သွားလည်း မမြုပ်ပါဘူး လှမေရာ။ ကမ်းစပ်က ရေတိမ်ပါတယ်”
“မြုပ်တော့ မမြုပ်ဘူးပေါ့တော်။ ဒါပေမယ့် ဒိန်းဒေါင်းတွေ ကဏန်းစာတွေ ကျကုန်မှဖြင့် ကဏန်းမထောင်ရဘဲဖြစ်နေမှာပေါ့တော့၊ လုပ်ငန်းက ရေဦးရေဖျားဘာမှလုပ်ရသေးတာမဟုတ်ဘူး။ စားရေးသောက် ရေးအတွက် လုပ်ငန်းအပျက်ခံလို့ မဖြစ်ဘူးတော့။ အစပဲရှိသေးတာတော့"
“အေးပါဟာ ရပ်ထားပါ့မယ်၊ လာမှာသာ လာစမ်းပါ”
လှမေသည် အောင်မောင်းရှိရာ လှေပဲ့ပိုင်းသို့ ဖြည်းညင်းစွာ လျှောက်သွား၏။ ရောက်သည်နှင့် ခတ်တက်နှစ်ချောင်းကို စုံကိုင်ကာ အောင်မောင်း၏ လက်ဟန်ဖြင့် ညွှန်ပြရာဆီသို့ လှော်ခတ်ပေးနေ၏။
အောင်မောင်းသည် ကဏန်းစာတပ်ပြီးဖြစ်သည့် ဒိန်းဒေါင်းများကို ပင်လယ်ကမ်းစပ်ရေထဲသို့ ပစ်ချကာ ကဏန်းထောင်နေ၏။ ဒိန်းဒေါင်း တစ်ခုနှင့်တစ်ခု လက်လံ ငါးလံကွာစီထားကာ အောင်မောင်းက ကဏန်း ထောင်နေသလို လှမေကလည်း ကမ်းစပ်အတိုင်း ပွတ်၍သီ၍ လှေကို လှော်ခတ်နေ၏။
အောင်မောင်း၏ လက်ဟန်အမူအရာကို ကြည့်၍ ပဲ့ပိုင်းမှ လှမေတစ်ယောက် လှော်ခတ်နေသည်မှာ အားပါလွန်းလှသည်။
ပင်လယ်ရေလုပ်သားတို့ ကဏန်းထောင်သည့်လက်နက်မှာ သုံးမျိုးသုံးစားရှိသည်။ ယင်းသုံးမျိုးမှာ (၁) မူဆယ်ပိုင်၊ (၂) သွပ်ကြိုးဝိုင်း၊ (၃) ဒိန်းဒေါင်းဟူ၍ဖြစ်သည်။
မူဆယ်ပိုင်ဆိုသည်မှာ တစ်ပေခွဲပတ်လည်ခန့်ရှိ လေးထောင့်စပ်စပ် ဆွဲခြင်းလေးပမာဖြစ်သည်။ သွပ်ကြိုးဖြင့် ပြုလုပ်ထားသည်။ လေးထောင့်၏ အောက်ဘက်တွင် တစ်လက်မကွက်ခန့်ရှိ ပိုက်များဖြင့် ကွပ်ထားသည်။ ထိုပိုက်၏အထက် ခြင်း၏အလယ်တွင် တန်းထားသည့် ယင်းတန်း၏ အောက်တွင် ကဏန်းစာတပ်၍ ထောင်ရသည်။
ထိုပိုင် ချီ၍ ထောင်နိုင်ရန်အတွက် ပိုင်တစ်ပိုင်လျှင် တိုင်တစ်တိုင်ကျ စိုက်၍ ထိုတိုင်ကို ပိုင်ချီကာ ထောင်ရသည်။
ကဏန်းထောင်သည့် လက်နက်ကိရိယာများထဲတွင် မူဆယ်ပိုင်သည် တန်ဖိုးအမြင့်ဆုံးဖြစ်သည်။ မူဆယ်မြို့မှထွင်၍ လုပ်လိုက်ခြင်းကြောင့် မူဆယ်ပိုင်ဟုခေါ်သည်။
သွပ်ကြိုးမှာ ဂုန်နီချုပ်အပ်ခန့်ရှိသည့် သွပ်ကြိုးကို ထိပ်ဝတစ်ပေခွဲခန့် ခွေရသည်။ ထို့နောက်တွင် ယင်းသွပ်ကြိုးဝိုင်း၏အလယ်တွင် ကြက်ခြေခတ်အနေအထား ဝါးခြမ်းဖြင့် ကွပ်၍ ထားရသည်။ ပြီးလျှင် သွပ်ကြိုးခွေအောက်ဘက်က ပိုက်သားဖြင့် ကွပ်ရပြန်သည်။ ထောင်သည့်အခါတွင် ကြိုးဝိုင်းအလယ်တွင်တပ်ထားသည့် ဝါးခြမ်းနှင့် ပိုက်ကြားတွင် ဝါးခြမ်းကို ကဏန်းစာချီတပ်ရသည်။
ဝါးခြမ်း၏အပေါ်ပိုင်းတွင်ကား သွပ်ကြိုးခွေဝိုင်းပေါ်နိုင်လောက်သည့် ဖော့ (သို့) သော့သီးတပ်ကာ ထောင်ရသည်။ သွပ်ကြိုးဝိုင်းဖြင့် ကဏန်းထောင်သည့်ပုံမှာ ယခုပေါ်နေသည့် ပလတ်စတစ်အုပ်ဆောင်းများ ပက်လက်လှန်၍ ချထားသည်နှင့်တူတော့ သည်။ သွပ်ကြိုးခွေဝိုင်း၏ တန်ဖိုးမှာ အလယ်အလတ်တန်းစားသာ ဖြစ်သည်။
ဒိန်းဒေါင်းသည် ဝါးခြမ်းပြားစိတ်နှစ်ခုကို ကြက်ခြေခတ်ထားကာ အဖျားနှစ်ခုကို ကြိုးဖြင့်ချည်ရသည်။ ဥပမာ ကိုင်းလောက်လေးနှစ်ခုကို ကြက်ခြေခတ်တပ်ထားသည့် ပုံစံမျိုးဖြစ်သည်။ ပြီးလျှင် အောက်ဘက်က ပိုက်ဖြင့် ကွပ်ထားရသည်။ ကဏန်းထောင်ရာတွင် ဝါးခြမ်းနှင့် ပိုက်အကြား အထက်ဝါးခြမ်းကို ကဏန်းစာချည်တပ်၍ ဝါးခြမ်း၏အထက်တွင် ဖော့ သို့မဟုတ် သော့သီးချည်ကာ ရေထဲသို့ ချ၍ထောင်ရသည်။
ကဏန်းထောင်သည့် လက်နက်ကိရိယာများထဲတွင် တန်ဖိုးအနည်းဆုံး ဖြစ်သည်။ ထို့ကြောင့်လည်း အောင်မောင်းတို့ ဇနီးမောင်နှံမှာ ဒိန်းဒေါင်းကလေးများကို ကိုယ်တိုင်လုပ်၍ ရှိသလောက်နှင့်သာ ကဏန်းထောင် နေကြခြင်းဖြစ်သည်။
ကဏန်းထောင်ရာတွင် ကဏန်းစာသည်လည်း အရေးပါလှသည်၊ ကဏန်းစာမကောင်းလျှင် ကဏန်းရရန် ခဲယဉ်းလှသည်။ ကဏန်းသည် အညီစူးသည့်အရာကို ကြိုက်သည်။ ငါးပြက်၊ ငါးဟောက်၊ ငါးပူတင်း၊ ငါးလိပ်ကျောက်စသည်များမှာ အညီစူးခြင်းကြောင့် ကဏန်းစာအဖြစ် အသုံးပြုကြသည်။
အချို့သူများမှာ ခွေးသားများကိုလည်း ကဏန်းစာ အဖြစ် အသုံးပြုနေကြသည်ကို တွေ့ရသည်။ မည်သို့ပင်ဆိုစေ ကဏန်းသည် အညှီစူးသည့် အသားကို ကဏန်းစာပြုလုပ်၍ ထောင်ပါမှသာ အထိအမိရှိတော့သည်။
အောင်မောင်းသည် ကဏန်းစာတပ်ပြီးသား ဒိန်းဒေါင်းများကို ရေထဲသို့ အကုန်ချ၍ ထောင်ပြီးသည်နှင့် ကမ်းစပ်မှ သမဲ့ပင်၏အကိုင်း တစ်ကိုင်းကိုဆွဲကာ လှေဦးကြိုးဖြင့် ချည်ထားလိုက်သည်။
ထိုစဉ် မိုးက တဟဲဟဲရွာသွန်းလာတော့သည်။ တန်ဆောင်မုန်းလပေမို့ မိုးသည် ကုန်ချင်ချင်ဖြစ်သော်လည်း လုံးဝကင်းရှင်းပြီဟုကား မဆိုနိုင်သေး။ ခဏရွာပြီးသည်နှင့် ချက်ချင်းဆိုသလို တိတ်သွားသည်။
“ကိုမောင်း၊ တော့ပါလာတဲ့ ထမင်းကြမ်းလေးစားလိုက်ပါဦးလား"
“အေး နင်လည်းစားပေါ့ဟာ၊ အတူတူစားကြတာပေါ့”
"တော်သာ ဝအောင်စားပါတော်၊ မကုန်ရင်လည်း ချန်ထားလိုက်၊ ပြီးမှ ကျုပ်စားမယ်”
"လာပါဟာ နင့်နှယ်-မကုန်မှရယ်လို့ ဘယ်ဟုတ်ပါ့မလဲ၊ ပါတာလေး မျှစားကြတာပေါ့”
“စားပါတော်၊ ကျုပ်က မနက်စောထမင်းထချက်ရင်း ငါးပိရည်နဲ့ နည်းနည်းနယ်စားလာခဲ့သေးတယ်တော့”
လှမေသည် ပြောပြောဆိုဆိုနှင့် ထမင်းအိုးဟင်းအိုးတောင်းထဲမှ ဇလုံတစ်လုံးကို ယူကာ ထမင်းနှင့် ငါးပိကို နယ်၍ ဇွန်းတပ်လျက် အောင်မောင်းအားပေး၏။
အောင်မောင်းကလည်း မြိန်မြိန်ရှက်ရှက်စားလိုက်သည်မှာ ဇလုံတစ်လုံးကို ခဏလေးစား၍ ပြီးသွားသည်နှင့် ပါလာသည့် ပလတ်စတစ်ပုံးထဲမှ ရေကိုမော့ကာ တဂွတ်ဂွတ်သောက်ချနေ၏။ ပြီးလျှင် ...
“လှမေရေ၊ အစဦးဆုံးထောင်တဲ့ ဒိန်းဒေါင်းတွေဆီကို ခတ်ဟာ၊ တစ်ချီလောက် ဖော်လိုက်ကြဦးစို့”
“အင်းပါ၊ ကျုပ်ခတ်ပို့မယ်၊ တော်သာ ကဏန်းဖော်ပြီးတာနဲ့ ထည့်ဖို့အဆင်သင့်ပြင်ထား”
“အေးပါဟာ၊ ငါအဆင်သင့်လုပ်ထားပါတယ်။ ခတ်မှာသာ ခတ်စမ်းပါ”
လှမေသည် မနက်စောက စပြီးထောင်ခဲ့သည့် နေရာဆီသို့ ဦးတည်လှော်ခတ်နေ၏။ အောင်မောင်းသည် လှေဝမ်းထဲတွင် လှော်တက်နှင့် ဖိထားသည့် ပီနံအိတ်ကလေးကို ယူလိုက်၏။ မည်းညစ်ညစ်ပီနံအိတ် ကလေး၏ နှုတ်ခမ်းသားများသည် လက်ချုပ်အပ်ဖြင့် လုံးချုပ်ချုပ်၍ ထိုချုပ်ရိုး၏ အတွင်းထဲတွင်လည်း ကြိုးတစ်ချောင်း ထည့်သွင်းထားလိုက် သေး၏။
ငယ်စဉ်က ခဲတံ၊ ကျောက်တံများထည့်၍ လည်ပင်းတွင် ဆွဲထားရသည့် ရွှံ့ကြိုးအိတ်ကလေးနှင့် တူလှ၏။ ပီနံအိတ်ကလေးကို သေချာ ကြည့်ကာ
"ဪ … လှမေရယ် စိတ်ကူးနဲ့တရ စိတ်ရှည်လက်ရှည်မှ လုပ်တတ်ပလေဟာ”
ဟု သက်ပြင်းလတ်ကလေးနှင့်အတူ ရင်ထဲတွင် ကြိတ်၍ ကျေနပ်ကြည်နူးနေတော့သည်။
ဖော်၍ရသည့် ကဏန်းများ ပီနံအိတ်ထဲသို့ ထည့်ပြီးပါက ပြန်ထွက်၍မရစေရန် ပီနံအိတ်နှုတ်ခမ်း ရှုံ့ကြိုးလေးကို ဆွဲထားလိုက်ရုံသာရှိတော့သည်။
အောင်မောင်းသည် ဒိန်းဒေါင်းများကို မ၍မ၍ ဖော်နေ၏။ ဒိန်းဒေါင်း ငါးခု ခြောက်ခု ဖော်လိုက်သည့်တိုင် ကဏန်းတစ်ကောင်တစ်လေမျှပင် မတွေ့ရ၊ အောင်မောင်းတစ်ယောက် ရင်မောစွာဖြင့် ခတ် တက်ခတ်နေသည့် လှမေအား မော့ကြည့်လိုက်၏။ လှမေ၏မျက်နှာလည်း သိပ်မကြည်လှ။ သို့သော် လှမေသည် အောင်မောင်း စိတ်မောနွမ်းလျနေသည်ကို သိသဖြင့်
“ကိုမောင်းရယ်။ သိပ်ပြီးလည်း စိတ်မောမနေပါနဲ့တော်။ ဒီ တစ်နေကုန်ထောင်မယ့်ဟာပဲ။ တစ်နေကုန်ထောင်ရင် ကဏန်းအစိတ် သုံးဆယ်တော့ ပြေးမလွတ်ပါဘူးတော်၊ အစိတ်သုံးဆယ်လောက်ရရင် လည်း ကိုက်တာပါပဲ”
“အေးပါဟာ၊ နင့်ကိုလည်း ငါ သနားလှပြီဟ၊ မိန်းမသားတန်မဲ့ ငါနဲ့ရင်ပေါင်တန်းပြီး လုပ်နေရတာ၊ ရရင်ရ၊ မရရင် နင်စိတ်ပျက်သွားမှာ စိုးလို့ပါဟာ”
“စိတ်မပျက်ပါဘူး ကိုမောင်းရယ်။ အလုပ်ဆိုတာကတော့ အဆင်ပြေတာရှိသလို အဆင်မပြေတာလည်း ရှိဦးမှာပေါ့တော့”
အောင်မောင်းနှင့် လှမေသည် တစ်ဦးကိုတစ်ဦး အားပေးရင်းဖြင့် ရှေ့ဆက်၍ ကဏန်းဖော်နေကြရာ ဒိန်းဒေါင်း ၂ဝ ကျော်လောက်ဖော်မိလျှင် ကဏန်း (၁ဝ) လုံးခန့် ရလာတော့သည်။ ထိုအခါ အောင်မောင်း ရော လှမေပါ အားတက်ရုံမျှမက မျက်နှာလည်း ရွှင်လန်းနေကြတော့သည်။
လှမေက ပဲ့မှ တွင်တွင်ခတ်၊ အောင်မောင်းက ဦးမှ တွင်တွင် ဖော်လိုက်ကြရာ မကြာမီပင် ဒိန်းဒေါင်းများအားလုံး ဖော်ပြီးဖြစ်သွားကြတော့သည်။ ကဏန်းလည်း ၂ဝ ကျော်လောက်ရလိုက်သည်။
အောင်မောင်းသည် ဖော်ပြီးသား ဒိန်းဒေါင်းများကို ကဏန်းစာရှိလျှင် သည်အတိုင်းပြန်ချ၍ ကဏန်းစာပြုတ်ထွက်နေသည့် ဒိန်းဒေါင်းများကိုလည်း တစ်ခါတည်း ကဏန်းစာပြန်တပ်ကာ ပြန်ထောင်ခဲ့သည်။ ဒိန်းဒေါင်းများကို အချိန်တိုအတွင်းမှာပင် ဖော်ပြီးထောင်ပြီးဖြစ်အောင် သွက်လက်ဖျတ်လတ်စွာ လုပ်ကိုင်နိုင်သည်မှာ အောင်မောင်း၏ အရည်အချင်းတစ်ရပ်ပင်ဖြစ်သည်။
“ကိုမောင်းရေ၊ ဒီအတိုင်းဆိုရင်သိပ်ပြီးဆိုးမှာမဟုတ်ပါဘူးတော့။ အခြေအနေ ကောင်းလောက်ပါတယ်”
“အေးဟ၊ ကောင်းလောက်တယ်။ စောစောက စဖော်စကလိုများဆို ခက်ကောင်းခက်ရချည်သေးလို့ အောက်မေ့ရတယ်ဟ”
“ကျုပ်မပြောဘူးလားတော့။ အလုပ်ဆိုတာ မပြေတာရှိသလို ပြေတာလည်း ရှိလာမှာပါလို့”
“အေးပါဟာ၊ ငါကလည်း ရေဦးရေဖျားဆိုတော့ တိမ်းချော်သွားမှာကို စိုးရိမ်မိတာပေါ့ဟာ”
အချိန်အားဖြင့် နေ့လယ် ၁၂ နာရီကျော်ခန့်ရှိပြီမို့ ရေသည်တက်၍ တက်၍လာရာ ရေပြည့်တန်းသို့ ရောက်ရန်ပင် နီးလာခဲ့ချေပြီ။ ကမ်းစပ်သည် ကမ်းလျှောက်မဟုတ်ဘဲ ကမ်းပါစောက်ဖြစ်နေ၍ ရေပြည့်ဆိုလျှင် ကမ်းစပ်မှာပင် လူတစ်ရပ်သာသာမြုပ်နိုင်အောင် နက်တော့သည်။
အောင်မောင်းတို့ ဇနီးမောင်နှံသည် ဒိန်းဒေါင်းများ နောက်တစ်ကြိမ် မဖော်မီ နေ့လယ်စာထမင်းကို မြိန်ရှက်စွာ စားသောက်နေကြသည်။ ထမင်းစားပြီး၍ တစ်အောင့်တစ်နား နားနေပြီးသောအခါ၊
"လှမေရေ နေလည်း နည်းနည်းစောင်းသွားပြီဟေ့။ ဒီတစ်ခါဖော်ပြီးရင် ပြန်ကြရအောင်ဟာ။ စဖော်ရမယ့် ဒိန်းဒေါင်းတွေဆီ လှည့်ပြီး ခတ်လိုက်ဦးဟေ့”
လှမေသည် အောင်မောင်းပြောသည့်အတိုင်း ဖော်ရမည့် ဒိန်းဒေါင်းများရှိရာသို့ လှော်ခတ်နေ၏။ ရောက်သည်နှင့် အောင်မောင်း ဒိန်းဒေါင်းများကို သွက်လက်စွာဖော်၏။
သည်တစ်ကြိမ်ဖော်ရာတွင် အောင်မောင်းရော လှမေပါ အကျေနပ်ကြီး ကျေနပ်နေကြသည်။ ဒိန်းဒေါင်းဖော်၍မှ တစ်ဝက်သာသာကျိုးသေးသည်။ ကဏန်းက ၂၀ ကျော် ရထားသည်။ အကုန်သာဖော်ပြီးပါက ကဏန်း ၄ဝ ခန့် ပြေးမလွတ်။ ပထမဖော်ပြီး ကဏန်းများနှင့်ဆိုလျှင် ၆ဝ ကျော်။
ရှယ် ၅ ကီလိုခန့်ထွက်၍ ကျန်တာအကျများဖြစ်လျှင်ပင် တစ်သောင်းကျော်ဖိုးခန့် ရမည်ကို တွေး၍ နှစ်ဦးသားကြည်နူးနေကြသည်။ တစ်နေရာ အရောက်တွင် ဒိန်းဒေါင်းသည် ဖော်၍မရ။ ရေထဲမှ တစ်ခုခုနှင့် ငြိနေဟန်တူသည်။
အောင်မောင်းသည် အားစိုက်၍ ဒိန်းဒေါင်းကို ဆွဲကြည့်သည်၊ မရ။
“လှမေရေ...ဒိန်းဒေါင်းတော့ အောက်မှာ သစ်ပင်ကျနှင့်ငြိနေပြီ ထင်တယ်ဟ၊ ဆင်းဖြုတ်ဦးမှပဲ။ ပဲ့ကို ထိန်းပြီးခတ်ထားဟေ့”
အောင်မောင်းသည် ပြောပြောဆိုဆိုနှင့် လှေဦးမှ ရေထဲသို့ ပလုံခနဲမြည်အောင် ခုန်ဆင်းသွား၏။ ရေထဲရောက်သည်နှင့် ရေငုပ်ကာ ဒိန်းဒေါင်းကို ဖော်နေ၏။ ခဏအကြာတွင် အောင်မောင်းတစ်ယောက် ဘွားခနဲပေါ်လာ၏။ လက်ထဲတွင် ဒိန်းဒေါင်းမပါဗလာ။
“လှမေရေ၊ ဒိန်းဒေါင်းတော့ သစ်ပင်ကျနဲ့ ငြိတုန်း ရေတက်နဲ့ အဖိခံထားရတော့ တော်တော်ကို အငြိနာနေတာပါ၊ လှေကို ဘယ်မှ မရွေ့စေနဲ့ဦးနော်၊ ထိန်းခတ်ထား”
အောင်မောင်းသည် လှမေအား ပြောပြ၍ ရေထဲသို့ ပြန်ငုပ်သွားပြန်၏။
သစ်ပင်ကျဆိုသည်မှာ ပင်လယ်ကမ်းစပ်ရှိ သစ်ပင်များကို ပင်လယ်ရေများ၊ လှိုင်းများတိုက်စားသဖြင့် ရေထဲသို့ လဲပြိုကျသည့် သစ်ပင်ကြီးများကို ခေါ်သည်။
အချို့စက်လှေ မော်တော်များ ထိုသစ်ပင်ကျများကို တိုက်မိပါက ဝမ်းဗိုက်များပွင့်ကာ နစ်မြုပ်သွားသည်အထိ ဖြစ်သွားတတ်သည်။
ခဏအကြာတွင် အောင်မောင်းတစ်ယောက် ရေပေါ်သို့ ပြန်ပေါ်လာကာ
“အမယ်လေးဗျ၊ ဘာကောင်ကိုက်မှန်းမသိဘူး၊ လှမေရေ လုပ်စမ်းပါဦးဟ”
“ကိုမောင်း၊ ဘယ်ကို ကိုက်သွားသလဲ ပြစမ်းပါတော်၊ ရင်ထိတ်လိုက်တာ”
“ဒီမှာဟ လက်မောင်းကို ကိုက်သွားတာ”
အောင်မောင်းသည် လှေပေါ်သို့အော်၍ တက်လာရင်း လှမေကိုပြောရင်း လက်မောင်းကိုပြ၏။ အောင်မောင်း၏ လက်မောင်းမှာ ကြည့်ရင်း ကြည့်ရင်းဖြင့် အစင်းကြောင်းကြီးမှ မီးလောင်ဖုများလို ဖောင်းထလာတော့သည်။
“လှမေရေ ငါတော့ ဘယ်လိုမှ မခံနိုင်တော့ဘူးဟ။ အမယ်လေးဗျာ ... နာလိုက်တာဗျ”
“ကိုမောင်း တော့လက်မောင်းက မီးလောင်ဖုလိုဟာတွေက ပိုထလာပြီတော့၊ ကျုပ်ဘယ်လိုလုပ်ပေးရမလဲတော်။ စိတ်ပူလိုက်တာ”
“လှမေရေ နာတာတော့ အရမ်းပဲဟ။ ငါလည်း ဟန်ကို မဆောင်နိုင်တော့ဘူး။ မြန်မြန်သာ အိမ်ပြန်ခတ်ပါတော့”
“ခတ်ပါ့မယ်တော်။ တော့ဟာက ဘာကောင်ကိုက်မှန်းမသိတော့ ကျုပ်ဖြင့် ဘာလုပ်ရမှန်းကို မသိပါဘူးတော်”
“အေးပါဟာ။ အမလေးလေး လေး .. နာလိုက်တာ၊ ဒီလောက် အချိန်တိုလေးအတွင်း မီးလောင်ဖုတွေလို ထလာတာဆိုရင်တော့ စိတ်ပူစရာမှရှိပါဘူး လှမေရာ၊ နာရုံ အောင့်ရုံလောက်ပါပဲဟာ၊ အင်း...ဟင်.. ဟင်း..နာလိုက်တာနော်”
“စိတ်ပူစရာမရှိဘူးသာပြောတယ်။ တော်က အော်နေတော့ ကျုပ်က စိတ်ပူတယ်တော့။ ဘာမှန်းမသိ ညာမှန်းမသိနဲ့။ မဆိုစကောင်း ဂျပ်တို့ ဘာတို့ ထိလိုက်ရင် ဒုက္ခပါပဲ ကိုမောင်းရယ်...ဟီး...ဟီး"
“လှမေရာ ငါ့မှာ နာရတဲ့အထဲ နင်က ငိုနေပြန်ပြီ မငိုပါနဲ့ဟ၊ ဂျပ်ကိုက်ရင် ဒီလို အဖုမထဘူး၊ ခုဟာက အဖုထတယ်၊ နာတယ်၊ အောင့်တယ်ဆိုတော့....အင်းဟင်း...ဟင်း..နာလိုက်တာဟာ။ ရေကြောထိတာပါ”
"ဟုတ်လား ကိုမောင်း၊ ရေကြောထိတာဆိုရင်တော့ သိပ်ပြီး မစိုးရိမ်ရပါဘူးတော် နော်”
“အင်းပါဟာ၊ နာ...နာလိုက်တာ၊ ရေတက်ရေကျလောက်တော့ (၁၂ နာရီခန့်တော့) ခံရမှာပေါ့ဟာ။ ပြီးရင်တော့ ပြန်ကောင်းသွားမှာပါ”
"တော်ခံစားနေရတာကြီး ကြည့်ပြီး စိတ်မကောင်းပါဘူးတော်။ ရေကြောထိတာက ဘာဆေးပျောက်တယ်လို့ကော မကြားဖူးဘူးလားတော့"
“ဘာဆေးမှ လုပ်စရာမလိုပါဘူး လှမေရာ။ ရေတက်ရေကျလောက်တော့ ဒီအတိုင်းပဲ လူးလှိမ့်အော်ဟစ်ပြီး အောင့်ခံနေကြရတာ ထုံးစံပါပဲဟာ။ ဟင်း...ဟင်း...ဟင်း. နာလိုက်တာနော်””
အောင်မောင်းသည် လှေ၏ ဝမ်းပြင်ပေါ်တွင် ခွေလှဲ၍ တညည်းညည်း တညူညူ အော်ဟစ်နေ၏။ လှမေသည် လှေကို ရွာဆီသို့ ဦးတည်ကာ ခတ်တက်ကို စုံကိုင်၍ တအားကုန်ကျုံးခတ်နေ၏။ အောင်မောင်းအတွက် စိတ်ပူရသည်က တစ်ကြောင်း၊ လှေကို ခတ်တက်နှစ်ချောင်းဖြင့် ရုန်းလှော်နေရသည်ကတစ်ကြောင်းတို့ကြောင့် လှမေ၏ ခန္ဓာကိုယ်မှ အင်္ကျီလုံချည်တို့သည် ချွေးများကို စုပ်ယူထားကြရသောကြောင့် ရွှဲရွှဲစိုနေ၏။
ယောက်ျားရင့်မာကြီးများပင် ခတ်တက်နှစ်ချောင်းကို စုံကိုင်ခတ်ရာတွင် ချက်မှန်မှန်ဖြင့် လေးလေးသာခတ်နိုင်၏။ လှော်တက်တစ်ချောင်း လှော်ရသလို သွက်သွက်မလှော်နိုင်ကြ။ လှမေကမူ အောင်မောင်းအား စိုးရိမ်စိတ်ပူသည့်ဇောကြောင့် မောရမည်ကိုပင် မေ့လျော့ကာ တအားကုန်လှော်ခတ်နေ၏။
လှမေ၏ အစွမ်းကုန်ခတ်အားနှင့် ရေတက်အားတို့ ပေါင်းစပ်မိကြသောအခါ လှေကလေးသည် ရိတ်ခနဲ ရိတ်ခနဲ ပြေးလွှားနေ၏။
လှမေ၏ မျက်နှာပေါ်တွင် လိမ်းကျံထားသည့် သနပ်ခါးတို့သည် ချွေးများနောက်သို့ ကောက်ကောက်ပါအောင် မျောပါသွားကြ၏။
ခါးကို နွဲ့ကာ နွဲ့ကာ ခတ်တက်များကို ဖိ၍ တွန်း၍ ခတ်နေရသောကြောင့် လှမေ၏ ကိုယ်ကလေးသည် လှေ၏ပဲ့ပိုင်းတွင် ယိမ်းထိုးလှုပ်ရှားနေ၏။
လှမေ တစ်ယောက် ခါးကို ရှေ့ညွတ်၍ ရှေ့ပိုင်းတစ်ပိုင်းလုံးက ခတ်တက်ပေါ် တွင် အားယူဖိတွန်းလိုက်သောအခါများတွင် နဖူးမှချွေးတို့သည် လှေ၏ ဝမ်းမှ ကြမ်းခင်းထက်သို့ တပေါက်ပေါက် တစက်စက် ကျလျက်။
လှေ၏ဝမ်း ကြမ်းခင်းပေါ်မှ အောင်မောင်းသည်လည်း အမေကယ်ပါ အဘကယ်ပါဖြင့် ဟီးဟီးထအောင် ညည်းလျက် ညူလျက်။
လှမေ၏ လှော်ခတ်အားတို့သည်လည်း စက်နှင့်ပြိုင်၍ နိုင်တော့မည့်အလား၊ မားမား မြင့်မြင့် ဝင့်ဝင့်ထည်ထည်။
သြော် ရေလုပ်သားတို့၏ ဘဝနှင့်အားမာန်ကား အမြဲရှင်သန်နေဘိတော့သည်။
- ပြီး -
စာရေးသူ - မြေလတ်မင်းလွင်
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
Comments