တစ်ကြိမ်က မဂ္ဂဇင်းတစ်ခုတွင် "မြွေဟောက်ဖမ်းကြမလား” ဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ခု ဖတ်လိုက်ရဖူး၏။ ရေးသူ ရော မဂ္ဂဇင်းအမည်ပါ မေ့နေပြီဖြစ်၍ မဖော်ပြနိုင်တော့သည်ကို ဝမ်းနည်းမိ၏။
ထိုဆောင်းပါးတွင် မြွေဟောက်ဖမ်းရာ၌ ပါးပျဉ်း ထောင်နေသော မြွေဟောက်၏ခေါင်းပေါ်သို့ လက်ကိုဆန့်တန်းလိုက်ပါက မြွေ၏ဦးခေါင်းသည် မြေသို့ ဝပ်ကျသွားသည်ဟု ဖော်ပြထား၏။ ထိုရေးသားချက်မှာ ယုတ္တိရှိသည်ဟု ကျွန်တော် ယုံကြည်ခဲ့၏။ လက်တွေ့လည်း စမ်းကြည့်မိ၏။ လက်နှင့်သာ မဟုတ်၊ တုတ်နှင့် မိုးလိုက်လျှင်လည်း ပါးပျဉ်းထောင်နေသော မြွေများ၏ဦးခေါင်းများမှာ မြေသို့ ဝပ်ကျသွားသည်ချည်း ဖြစ်ပေသည်။
ထို့ကြောင့် ဆောင်းပါးကိုရေးသော ဆောင်းပါးရှင်အား ယနေ့တိုင် ကျေးဇူးတင်လျက်ရှိ၏။ အဆိပ်ပြင်းသည့်မြွေဟောက်နှင့် ငန်းမြွေများအန္တရာယ်မှ ကာကွယ်ရန် အလွန်အသုံးဝင်သော ဆောင်းပါးပါပေ။
ကျွန်တော်၏အတွေ့ အကြုံများက "လူပြေးလျှင် မြွေလိုက်၍ လူလိုက်လျှင် မြွေပြေးသည်”ဟူသောအသိကို ထပ်မံရရှိပြန်သည်။
၎င်းအတွေ့အကြုံများကို တောနှင့်မကင်းသူများ မြွေအန္တရာယ်မှ လွတ်မြောက်နိုင်ရေးအတွက် အလျဉ်းသင့်သလိုရေးသားဦးမည်ဖြစ်၏။ ယခုအကြိမ်တွင်မူ ရရှိခဲ့သောအတွေ့ အကြုံများကြောင့် ငန်းမြွေကြီးကို အသေသတ်နိုင်ခဲ့သောအတွေ့အကြုံကို ရေးသားမည် ဖြစ်ပါ၏။
တောခိုရင်းနှင့် ၁၉၅၆ ခုနှစ် ဧပြီလက မန္တလေးခရိုင်အတွင်းသို့ ကျွန်တော် ရောက်ရှိနေပါသည်။ ပုသိမ်ကြီးမြို့နယ် တော်စုရွာ၏ အရှေ့မြောက်ဘက် ရှမ်းရိုးမနှင့်ဆက်လျက်ရှိသော တောင်တန်း၏ တစ်နေရာတွင် စခန်းလုပ်ထားပါသည်။
ကျွန်တော်နေသောစခန်းမှာ တောင်ကြားလျှိုတစ်ခုတွင် ထွက်နေသောရေကို အမှီပြု၍ ထားပါသည်။ ထိုရေကို သရက်ရေဟု ပညတ်ထားကြသည်။ နွေကာလ ဖြစ်သည့်အားလျော်စွာ ရေကရှားလှသည်။
ကျွန်တော်နေသောစခန်း၏ တောင်ဘက် တစ်မိုင်ကျော်ခန့်တွင် 'ကင်းမွန်းရေ’ဟူသော ရေထွက် တစ်ခုနှင့် မြောက်ဘက်တစ်မိုင်ကျော်ခန့်တွင် 'ဒူးရင်းရေ'ဟူသော ရေထွက်တစ်ခု ရှိကြသည်။ သို့သော် ထိုစခန်းမှာ လမ်းနှင့်နီးပြီး လူအရောက်အပေါက် ထူထပ်ကြပေသည်။
သို့ဖြစ်သည့်အားလျော်စွာ တောသတ္တဝါများသည် ကျွန်တော် နေသော စခန်းရှိရေကိုသာ အများဆုံး မှီဝဲနေကြပါသည်။ အထူးသဖြင့် မြွေများမှာ ထူးထူးကဲကဲ ပိုမိုများပြားကြပါသည်။
လက်သန်း, လက်ညှိုးခန့် မြွေငယ်ကလေးများမှစ၍ ပေါင်လုံးခန့်ရှိ မြွေကြီးများအထိ တစ်နေ့လျှင် တစ်ကောင်ဆိုသလို သတ်ဖြတ်နေကြရပါသည်။ သို့သော် အဆိပ်ပြင်းသည့် မြွေဟောက်နှင့် ငန်းမြွေတို့ကိုမူ ကြီးကြီး မားမား မတွေ့ ရှိရသေးသဖြင့် အလွယ်တကူပင် နှိမ်နင်းသတ်ဖြတ်နိုင်ခဲ့၍ တော်ပေသေးသည်။
ထိုစခန်းတွင် အိမ်ထောင်သည်အမျိုးသမီးများသာ ရှိကြသည်။ အမျိုးသမီးများသည် မြွေများကို အကြောက်ကြီးကြောက်ကာ မြွေအကြောင်းသာ ပြောနေကြပါသည်။ ညတိုင်းလိုလိုပင် အလွန်ကြီး မည်ထင်ရသော မြေကြီးတစ်ကောင် တဲအောက်များမှ ရေဆီသို့ တရှဲရှဲဖြင့် ဖြတ်ဆင်းသွားသံကြားရကြောင်း ပြောကြပါသည်။ ညဆို လျှင် တဲအောက်သို့ မဆင်းဝံ့ကြတော့။ ဟင်းရွက်ခူး, အဝတ်လျှော်, ရေခပ်သွားကြရာလည်း လူစုလူဝေးနှင့်သာ သွားရဲကြပါသည်။
တစ်နေ့တွင် စခန်းမှူးလုပ်နေသူ ကိုသာခင်မှာ ရွာသို့ ဆင်းသွားပါသည်။ စခန်းတွင် ယောက်ျားဆို၍ ကျွန်တော်နှင့် ရဲဘော်ချစ်လှိုင်ဆိုသူတို့သာ ရှိကြပါသည်။ နံနက် ၁၀ နာရီခန့်တွင် အမျိုးသမီးများ ရေအိုးကိုယ်စီရွက်၍ တန်းစီပြီး ရေခပ်ဆင်းသွားကြပါ သည်။
"အမလေး လုပ်ပါဦး။ မြွေကြီး...မြွေကြီး”
ဟု အော်ကာ အမျိုးသမီးများ ဖရိုဖရဲ ပြန်ပြေးလာကြပါသည်။
“ဘယ်မလဲ။ မြွေက ဘယ်လောက်ကြီးလို့လဲ”
ကျွန်တော်က ခပ်အေးအေးပင်မေးလိုက်ပါသည်။
အမျိုးသမီးများမှာ ဟောဟဲ ဟောဟဲနှင့် မောနေပြီး ရုတ် တရက် မဖြေနိုင်။ ခဏကြာမှ...
"ငန်းမြွေကြီးတော့်။ ပါးပျဉ်းထောင်လိုက်တာ လူတစ်ရပ်လောက်ရှိတယ်”
အမျိုးသမီးတစ်ယောက်က ဖြေပါသည်။
“နေပါဦး။ ဘယ်မှာ တွေ့ခဲ့တာလဲ”
ကျွန်တော်က ထပ်မေးရသည်။
“ရေဆိပ်မှာ။ အခုတော့ ဟိုဘက်တောင်ပေါ်ကို တက်သွားပြီ”
ချောင်း၏မြောက်ဘက်မှတောင်ကို လက်ညှိုးထိုးပြပါသည်။ ကျွန်တော်က ရဲဘော်ချစ်လှိုင်ကိုခေါ်ကာ ၎င်းတို့ညွှန်ပြရာသို့ သွားကြပါသည်။ တောင်ပေါ်မှ ကျောက်ခဲကလေးများ လိမ့်ကျလာသံကို ကြားရပါသည်။ တောင်ပေါ်သို့တက်၍ အသံကြားရာဆီသို့ လှည့်လိုက်သောအခါ တောင်ခုလတ် ပေ ၁၅ဝ ခန့်အကွာတွင် မြွေငန်းတန့်တစ်ကောင်ကို မြင်ရပါတော့သည်။
မြွေမှာ တစ်လံလောက် ရှိမည်ဟု ခန့်မှန်းရပါသည်။ အတုတ်မှာလည်း လက်ကောက်ဝတ်ခန့် သာရှိပေမည်။ စိုးရိမ်လောက်အောင် ကြီးမားသောမြွေ မဟုတ်ပေ။ သို့ရာတွင် အဆိပ်ပြင်းသော ငန်းတန့်ဖြစ်နေသည်က တစ်ကြောင်း, အမျိုးသမီးများ ထိတ်လန့်နေကြသည်က တစ်ကြောင်းကြောင့် ရှင်းလင်းသုတ်သင်ပစ်မှ ဖြစ်ပေမည်။
“ချစ်လှိုင်။ တက်ကွာ”
ကျွန်တော့် စကားမဆုံးမီပင် မြွေဆီသို့ ရဲဘော်ချစ်လှိုင်က တက်သွားတော့သည်။
“ဟေ့ အောက်က မသွားနှင့်၊ ငန်းတန့်ကွ။ အပေါ်စီးကိုယူ။ အပေါ်စီးကိုယူ”
ကျွန်တော်က အော်ဟစ်သတိပေးလိုက်ရပါသည်။
အနီးရှိ လက်ကောက်ဝတ်ခန့် ဝါးတုတ်အခြောက်တစ်လုံးကိုဆွဲကိုင်လိုက်ပါသည်။ ဝါးတုတ်ကိုဆကြည့်ပြီး ထိုအရွယ်အစားက မြွေကိုရိုက်သတ်ရန် သင့်တော်ရုံပင်ဟု တွက်ဆထားလိုက်ပါသည်။
မြွေမှာ အဖြူတစ်ရစ်, အနက်တစ်ရစ်နှင့် လက် ၃ လုံးခန့် အရစ်များ ခေါင်းမှအမြီးထိ အတန့်တန့်ဖြစ်နေပါသည်။ ကျွန်တော်ကအများဆုံး အသံပြုနေသူဖြစ်၍လည်း ကျွန်တော့်အားကြည့်ကာ တရွေ့ရွေ့သွားနေပါသည်။
မြွေမှာ အလွန်ပေါနေရာ အမျိုးသမီးများတွေ့ ခဲ့သည်မှာ ဤမြွေ ဟုတ်,မဟုတ် ဆိုသည်ကလည်း ပြဿနာ ဖြစ်နေပါသည်။
"မြွေတော့ တွေ့ နေပြီ။ ဒီမြွေ ဟုတ်ရဲ့လား။ လာကြည့်ကြပါဦးဟ"
ကျွန်တော်က ခေါ်သာခေါ်လိုက်ရသော်လည်း လာရဲကြမည်တော့ မဟုတ်ဟု ထင်ပါသည်။
"အို၊ အဲဒီတော့ မလာရဲဘူး။ မြွေကတော့ ငန်းတန့်ကြီးပဲ”
နေရာမှပင် ပြန်အော်ကြသည်။
“ဘယ်လောက်ကြီးလို့လဲ။ တို့တွေ့ နေတာက ငန်းတန့်တော့ ဟုတ်တယ်။ ဒါပေမယ့် လက်ကောက်ဝတ်လောက်ပဲ ရှိတယ်”
ဟု ကျွန်တော်က အော်မေးလိုက်သည်။
“ဘယ်လောက်ကြီးမှန်းတော့ မသိဘူး။ ကျုပ်တို့လည်း သေသေချာချာ မကြည့်ရဲဘူး။ လက်ကောက်ဝတ်လောက်တော့ မကဘူး "
ကုပ်တက်သွားသော ရဲဘော်ချစ်လှိုင်မှာ တောင်ထိပ်သို့ ရောက်သွားပြီဖြစ်သည်။ တောင်ထိပ်တွင် အနည်းငယ်အမောဖြေနေပုံရပါသည်။ မြွေမှာလည်း တရွေ့ရွေ့ ကလေး သွားနေပါသည်။
"ရှိသေးသလား”
ရဲဘော်ချစ်လှိုင်က အော်၍မေးလိုက်သည်။
"အေး၊ အေး။ ရှိသေးတယ်”
ကျွန်တော်က ပြန်အော်လိုက်သည်။
ရဲဘော်ချစ်လှိုင်က မြွေ၏နေရာဟောင်းကို လက်ညှိုးထိုး၍ "အဲဒီနေရာမှာပဲလား”ဟူသော အဓိပ္ပာယ်နှင့် မေးလိုက်သည်။
ကျွန်တော်က မြွေရှိရာအရပ်သို့ ပြန်၍လက်ညှိုးထိုးပြလိုက်ပါသည်။ ရဲဘော်ချစ်လှိုင်သည် မြွေရှိရာသို့ ဆင်းပါသည်။
"ဟေ့ မဆင်းနှင့်ကွ ... မဆင်းနှင့်။ အဲဒီကနေပြီး ခဲနှင့်သာထုချပါ။ ဒီကောင် အောက်ဆင်းလာမှ ငါရိုက်မယ်”
ကျွန်တော်က အော်၍ပြောလိုက်ပါသည်။
အတွေ့အကြုံများအရ လူက အထက်စီးရံလိုက်လျှင် မြွေကို နိုင်ပြီးဖြစ်နေသည်။ ယခုလည်း ထို့ကြောင့်ပင် ရဲဘော်ချစ်လှိုင်အား အထက်စီးမှာ ယူခိုင်းထားခြင်းဖြစ်သည်။ လူတစ်ယောက်က ၎င်း အထက်မှ စီးမိထားလျှင် ထိုမြွေမှာ စိတ်ဓာတ်အရပင် အရှုံးပေးပြီး ဖြစ်နေပေမည်။ စိတ်ဓာတ်အရ ရှုံးနေသောမြွေကို ကျွန်တော် ဆီးကြိုရိုက်သတ်ရန် လွယ်ကူပေတော့မည်။
သို့သော် ရဲဘော်ချစ်လှိုင်က အထက်စီးရထားစေကာမူ ကျွန်တော့်ကိုမူ မြွေက အထက်စီးရနေကြောင်း သတိမထားမိ။ မြွေကလည်း မကြီးလှသည်မို့ ခပ်ပေါ့ပေါ့နေခဲ့မိသည်။
ရဲဘော်ချစ်လှိုင်သည် မြွေရှိရာသို့ငုံ့ကြည့်ပြီး ရှာဖွေနေသည်။ တွေ့လျှင်တွေ့ချင်း ကျောက်ခဲများနှင့် အဆက်မပြတ် ပစ်ခတ်ပါသည်။
ရဲဘော်ချစ်လှိုင် ထုချသောကျောက်ခဲများ ၎င်းထံကျလာသည်နှင့် ကျွန်တော့်ထံ တည့်တည့်ကြီး ထိုးချလာပါတော့သည်။
ကျွန်တော်က ရိုးရိုးပြေးဆင်းလာလိမ့်မည်ဟု ထင်ခဲ့မိပါသည်။ သို့သော် တကယ်ဆင်းလာသောအခါတွင်မူ ဝါးတစ်လုံးကို တောင်ပေါ်မှထိုးချလိုက်သကဲ့သို့ တည့်တည့်ဖြောင့်ဖြောင့်ကြီး ကျွန်တော့်ထံသို့ ထိုးချလာပါတော့သည်။
ကြည့်ရသည်မှာ မြွေ၏ဝမ်းဗိုက်သည်ပင် မြေကြီးနှင့် မထိဘဲ လေထဲတွင်ပစ်လွှတ်လိုက်သည့် လှံကြီးတစ်ချောင်းကဲ့သို့ ဖြစ်ပါသည်။
ကျွန်တော်ကလည်း ဝါးလုံးကို လက် ၂ ဘက်ဖြင့် စုံကိုင်၍ မြွေကိုရိုက်သတ်ရန် အသင့်ပြင်ထားပါသည်။ ကျွန်တော်နှင့်နီးလာသောအခါ ကျွန်တော် ခေါင်းကြီးသွားပါတော့သည်။ မြွေမှာ ကျွန်တော်ခန့်မှန်းခဲ့သည်နှင့် တက်တက်စင်လွဲမှားနေပေသည်။ ပေါင်ဖျား သို့မဟုတ် ထွာဆိုင်ခန့်ရှိသည့် ဧရာမမြွေကြီး ဖြစ်နေပါသည်။
ကျွန်တော် စွဲကိုင်ထားသော သနဝါးခြောက်သည် ၎င်းအား အယားဖျောက်သလောက်သာ ရှိပေတော့မည်။ မြွေကို လက်နက်နှင့် အနိုင်ယူရန်ကား မဖြစ်နိုင်တော့ပေ။ ပြေးချိန်, ရှောင်တိမ်းချိန်လည်း မရ၊ ပြေးရန်, ရှောင်တိမ်းရန်နေရာမှာလည်း မရှိပါပေ။
ကျွန်တော် ရပ်နေသောနေရာမှာ တစ်လံမျှသာကျယ်သော ချောင်းကလေး ဖြစ်ပါသည်။ ဘေး ၂ ဘက်တောင်ပေါ် တက်ပြေး၍လည်း မလွှတ်နိုင်။ ချောင်းအတွင်း လျှောက်ပြေး၍လည်း မြွေကိုလွတ်အောင် ပြေးနိုင်မည် မဟုတ်ပေ။
ဤအခြေအနေများကို စာရှုသူတို့ သဘောပေါက်စေ ရန်သာ ဖော်ပြလိုက်ရခြင်း ဖြစ်ပေသည်။ ထိုအချိန်က ကျွန်တော်၏ ဦးနှောက်တွင်းသို့ ဝင်ရောက်ခဲ့သောအကြောင်းခြင်းရာများ မဟုတ်ခဲ့ပါ။
အထက်ပါအချက်များကို ထိုအချိန်ကသာ ကျွန်တော်၏ ဦးနှောက်တွင်းသို့ဝင်ရောက်လာပြီး မြွေကို စတင်တိုက်ခိုက်ရန် တစ်ချက်ကလေးနှောင့်နှေးသွားပါက ယခုအချိန်တွင် ကျွန်တော်၏ အရိုးများဆွေးမြည့်ကာ မြေသြဇာ ဖြစ်နေကြပေတော့မည်။
မည်သို့ဆိုစေ မြွေကိုကြောက်ရွံ့စိတ်က လုံးဝမရှိ။ မြွေကို မိမိက ဦးအောင်တိုက်ခိုက်ရမည်ဟူသော အသိသာဝင်နေ၏။ မြွေကို နိုင်ရမည်ဟူသော ယုံကြည်ချက်အပြည့်အဝဖြင့်ပင် တိုက်ခိုက်ရန် အသင့်ပြင်ထား၏။
မြွေ၏ဦးခေါင်း ချောင်းပြင်ထိလိုက်သည်နှင့် ကျွန်တော်က ကိုင်ထားသည့် ဝါးလုံးခြောက်နှင့် ပြေး၍ ရိုက်လိုက်ပြီးသား ဖြစ်နေ၏။ မြွေကြီးသည် မမျှော်လင့်ဘဲ အလစ်ခံလိုက်ရသဖြင့် ရှောင်တိမ်းချိန် မရလိုက်။ ခေါင်း၏နောက်ပိုင်းဇက်ပိုးကို လှလှကြီး မိလိုက်ပေတော့သည်။
မြွေကြီးအဖို့ သနဝါးခြောက်၏ ရိုက်ချက်ကို ခံရသည်ထက် ကျွန်တော်၏စိတ်ဓာတ်အားဖြင့် တိုက်ခိုက်မှုဒဏ်ချက်ကို ခံရခြင်းက ပြင်းထန်လှပုံရသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်၏ ရိုက်ချက်မှာ ချက်ကောင်းကို မည်မျှထိသည် ဆိုစေကာမူ မြွေမှာ အရှိန်မပျက် ဆက်ပြေးနိုင်နေပေသည်။
ရိုက်လျှင် ရိုက်လိုက်ချင်းပင် ဆွေးနေသောဝါးလုံးမှာ ထက်ပိုင်းကျိုးကာ ကျွန်တော့်လက်တွင်းမှာ တစ်တောင်ခန့်သာ ကျန်ရစ်ပါတော့သည်။ ဤအခြေ အနေတွင် မြွေကသာ ပြန်လှန်တိုက်ခိုက်ပါက ကျွန်တော့်အဖို့ ခုခံနိုင်တော့မည် မဟုတ်ပါပေ။
ဤအခြေအနေကို ကျွန်တော်ကလည်း ရိပ်စားမိသည်။ ဤအခြေအနေတွင် ကျွန်တော်၏တိုက်ခိုက်မှုကို လျှော့လိုက်ပါက မြွေကြီးအဖို့ စိဓာတ်ပြန်တက်လာပြီး ပြန်လှန်တိုက်ခိုက်လာနိုင်ပေသည်၊ သို့ကြောင့် ပြေးနေသောမြွေ၏ဇက်ပေါ်မှ ခွ၍ပြေးလိုက်ရင်း လက်ထဲတွင် ကျန်ရှိနေသည့် တစ်တောင်သာသာခန့် နှင့်ပင် မြွေကြီး၏ဦးခေါင်းကို တဖတ်ဖတ်ရိုက်၍ လိုက်သွားပါသည်။
မြွေမှာ ချောင်းရိုးအတိုင်း စုန်၍ပြေးနေရာ ကျွန်တော်ကလည်း မြွေပေါ်မှခွ၍ ခေါင်းကိုတဖတ်ဖတ်ရိုက်ရင်း ကားကားယားယားနှင့် လိုက်သွားပါသည်။
မြွေကို ဘေးကမရိုက်ဘဲ မြွေပေါ်မှခွ၍ ရိုက်လိုက်သည်နှင့် အကြောင်းရှိ၏။ ဘေးကလိုက်ရိုက်လျှင် မြန်ဆန်သည်မှာ မှန်၏။ သို့သော် လက်နက်က မြွေသေစေနိုင်သည့်လက်နက် မဟုတ်၍ မြွေက ပြန်လှည့်ခုခံလျှင် ရှောင်တိမ်းနိုင်မည်မဟုတ်။ မိမိအရှိန်နှင့်မိမိ မြွေကို ရှေ့တိုးအကိုက်ခံသလို ဖြစ်နေပေမည်။
အပေါ်က ခွထားခြင်းအားဖြင့် မြွေက ပြန်လှန်ခုခံလျှင် ခုခံသည့်ဘက်က ခြေထောက်ကို ရုပ်လိုက်ရုံဖြင့် အန္တ ရာယ်လွတ်ကင်းသွားမည်ဖြစ်၏။ ထို့ကြောင့် ကျွန်တော် မြွေပေါ်မှ ခွလိုက်သွားခြင်းဖြစ်၏။
အမျိုးသမီးများသည် ကျွန်တော်နှင့် မြွေကြီးအဖြစ်ကို ကြည့်ကာ အော်လိုက်ကြသည်မှာ ညံညံစီသွားပါ၏။
အချို့မှာမူ ကြောက်လန့်ပြီး ငိုကြတော့သည်။ သို့သော် ကျွန်တော်၏သတ္တိကို ကိုသာခင်၏မိန်းမ မအုန်းခင်ထံသို့ ကူးစက်သွား၏။ မအုန်းခင်သည် ဓားရှည်ကိုကိုင်ကာ နောက်မှလိုက်လာ၏။ အနီးသို့တော့ သိပ်မကပ်ရဲပေ။ ရေဆိပ်နားသို့ ရောက်သောအခါ ကျွန်းပိုင်းများ ရွေထားသော ကျွန်းသားပေါက်များရှိ၏။
"ကိုစိန်ဝင်း။ ကျွန်းသားပေါက်နှင့် ကောက်ရိုက်”
ဟု နောက်မှ လိုက်လာသော မအုန်းခင်က ကုန်း၍အော်တော့မှ ကျွန်တော်လည်း သတိရလာ၏။
မြွေခေါင်းပေါ်မှ ခုန်၍ရှောင်လိုက်၏။ ကျွန်းသား ပေါက်ကြီးကြီးတစ်ပြားကို ကောက်၍ မြွေ၏ဇက်ပိုင်းကို ကျွန်းသားပေါက်စောင်းနှင့် ရိုက်ချပြီး ရိုက်ရိုက်ခုန်ခုန် ဘေးသို့ ခုန်ရှောင်လိုက်ပါသည်။
မြွေကြီးမှာလည်း အထိနာသွားရာ ဆက်လက်၍ မပြေးနိုင်တော့ဘဲ ခေါင်းပိုင်းမှတွန့်နေကာ အမြီးပိုင်းမှာ တဖျန်းဖျန်းရိုက်ခတ်၍ ကျောက်တုံး, ကျောက်ခဲများကို ပတ်လိမ်နေပါတော့သည်။
ထိုအချိန် တွင် ရဲဘော်ချစ်လှိုင်လည်း ရောက်လာပြီး ၂ ယောက်သား မြွေကြီးကို အဆုံးစီရင်လိုက်ပါတော့သည်။
သေနေပြီဖြစ်သောမြွေကြီးကို တိုင်းထွာကြည့်သောအခါ ၉ တောင်တိတိရှည်ပြီး လုံးပတ် ထွာအပြည့်ရှိနေပေသည်။
မြွေကို သတ်ဖြတ်တိုင်းထွာပြီး၍ တဲများဆီသို့ ပြန်လှည့်လာရာတွင် မျက်ရည်အဝိုင်းသားနှင့် ကျွန်တော့်အား ငေးကြည့်နေသည့် ဇနီးသည်ကို တွေ့လိုက်ရပါတော့သည်။
- ပြီး -
စာရေးသူ - မသုံးလုံးစိန်ဝင်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ
Comments