Skip to main content

ရဲဘော်သုံးကျိပ်

ဗိုလ်တာရာ


 (ဧည့်သည်ဗိုလ်ချုပ်နှင့်အဖွဲ့)

တဝီဝီလည်ပတ်နေသော ပန်ကာကြီးများ၏အသံသည် ကျယ်ပြန့်ခန့်ညားသော ခန်းမကြီးများကို ပိုမိုထယ်ဝါစေတော့၏။ အမွေး ရှည်ကြီးများဖြင့်ခင်းကျင်းထားသည့် ကော်ဇောကြီးများကလည်း အရောင် တဖိတ်ဖိတ်တောက်ပနေသည့် အောက်ခံကျောက်ပြားထက်တွင် တင့်တယ်စေတော့၏။ အခန်းထောင့်ချိုးကလေးဆီမှ အစီအရီ တပ်ဆင်ထားသည့် အဝါနုရောင်၊ အပြာနုရောင်၊ ပန်းနုရောင် ပိုးမီးအိမ်ဖုံးကလေးများဖြင့် လျှပ်စစ်မီးလုံးများ၏အခြေအနေမှာလည်း အထက်တန်းကျလှသော တိုက်တာအခြေအနေကို ဖော်ထုတ်စေတော့သည်။

အခန်းနံရံ တစ်လျှောက်၌ ချိတ်ဆွဲထားသည့် သစ်သားထုကြီးကြီးနှင့် ဆီဆေးပန်းချီကားချပ်ကြီးများအတွင်းမှ ရှူမျှော်ခင်းကားများ၊ ရာဇဝင်၌ ထင်ရှားသော စစ်သူကြီးများနှင့် စစ်ရေးစစ်ရာတိုက်ပွဲများကို ပြောင်မြောက်စွာ ရေးသားထားမှုများမှာလည်း တန်ဖိုးမနည်းလှသည့်အခြေအနေကို သိသာစေနိုင်၏။

ဒေါက်ခနဲအသံနှင့်အတူ တဟားဟားရယ်မောသံပါ နောက်ဆက်တွဲအဖြစ်နှင့် ပေါ်ထွက်လာလျက် လက်တွင်းမှ ဖန်ခွက်ကို ဖဲသားနုနုခင်းထားသည့် မဟော်ဂနီစားပွဲပေါ်သို့ ဆောင့်ချလိုက်ပြီး တကယ်ပင် ရာဇရုပ်ပါလှသော ဥရောပတိုက်သားတစ်ဦး၏ဟန်အမူအရာမှာလည်း ထယ်ဝါ၀င့်ကြွားလှပေတော့၏။ ထိုထက် သူ၏ရေတပ်ဘက်ဆိုင်ရာ စစ်ဝတ်စုံအဆောင်ယောင်တို့မှာလည်း သေသေသပ်သပ်ရှိသလောက် အထင်ကြီးစေရန် ဖန်တီးစွမ်းဆောင်နေတော့၏။

“မြန်မာပြည် ဒီတစ်ခါ ကျုပ်ရောက်ဖူးပြီပေါ့ . . . ဂျင်နရယ် ရာမာမိုတို၊ ရာသီဥတုအခြေအနေကတော့ ကျုပ်တို့ပြည်က နယ်ပယ်ဒေသနဲ့ ဆင်ဆင်တူတယ်ဗျ၊ ခင်ဗျားတို့ဂျပန်ပြည်ရာသီဥတုက အတော် အေးလွန်းတယ်ဂျင်နရယ်၊ ဘယ့်နဲ့လဲ . . ."

ဂျင်နရယ်ရာမာမိုတိုသည် အလွန်ကျိုးနွံရိုသေစွာဖြင့် ချက်ချင်းပင်..

“ဟုတ်ပါတယ် ဗိုလ်ချုပ် မှန်ပါတယ်ါ မြန်မာပြည်ရဲ့ရာသီဥတုကတော့ နေလို့ထိုင်လို့အကောင်းဆုံးဖြစ်မှာ မုချပါပဲ”

မင်းလိုလိုက် မင်းကြိုက်တင်ကာ ဖြေကြားလိုက်သည်။ အီတလီရေတပ်မှ ဗိုလ်ချုပ်အဆင့်အတန်းရှိသူသည် တစ်စုံတစ်ရာ စဉ်းစားနေပုံဖြင့် . . .

“လူချင်း လူချင်း စစ်တိုက်နေရတာ ကျုပ် အင်မတန်ငြီးငွေ့လာပြီဗျ။ ဟီး . . . . ဟီး . . ကျုပ် ဘယ်ကစပြီးလူတွေ ကောင်းကောင်းသတ်တတ်သလဲ သိရဲ့လား။ ပြန်ပြောရဦးမယ်၊ ဟိုလူ့တိရစ္ဆာန်ကောင်တွေ အဘီစီးနီးရားပြည်ကို ကျုပ်တို့တပ်တွေကစပြီး သိမ်းပိုက်တုန်းကပေါ့၊ အားကြီးဒုန်းမိုက်မိုက်တဲ့ လူရိုင်းကောင်တွေ၊ အဘီစီးနီးရားလူရိုင်းကောင်တွေလေ။

ကြည့်စမ်း . . . ကျုပ်တို့မုန်တိုင်းတပ်တွေကို ဒင်းတို့က အင်္ဂလိပ် ပြင်သစ်တွေ မြှောက်ပေးထားတဲ့ လက်နက်ကလေးတွေအားကိုးနဲ့ ခံတယ်ဗျ။ ပြီးတော့ဗျာ . . . ကျုပ်တို့ ဟဲဗီးယူနစ်ဖြစ်တဲ့ သံချပ်ကားတပ်ဖွဲ့တွေကို သူတို့မြင်းတပ်တွေနဲ့ ရင်ဆိုင်လာတိုက်တယ်ဗျ။

စစ်အကြောင်း နားရည်ဝသူ ပရိသတ်အားလုံးမှာ အသံများထွက်လာအောင် အားရပါးရ ရယ်မောလိုက်ကြပါ၏။ ထုထည်ကြီးမားသော သံချပ်ကားတပ်ဖွဲ့ကြီး သို့မဟုတ် စက်သေနတ်၊ စက်အမြောက်ကြီးတွေ ဒင်းကြမ်းတပ်ဆင်ထားသော ယန္တရားတပ်ဖွဲ့ကို မြင်းစီးကာ ရင်ဆိုင်တိုက်ခဲ့လျှင် အဖြေကား မြင်းတပ်သမားများအတွက် စိစိညက်ညက် ကိစ္စဆုံးသည့်အဖြေသာ ထွက်ပေါ်မည်မလွဲသောကြောင့်တည်း။

မိမိ၏ပြောဆိုချက်ကို စိတ်ပါလက်ပါဝင်စားစွာ နားထောင်နေသည်ကို ကျေနပ်ဝမ်းမြောက်စွာဖြင့် အီတလီရေတပ်ဗိုလ်ချုပ်သည် အသံအနည်းငယ်မြှင့်လိုက်ပြီး . .

“အဲဒီတစ်ပွဲတည်းမှာ လူရိုင်းကောင်တွေ လေးထောင်ငါးထောင်ထက် မနည်းဘူးဗျ၊ သေကုန်ရစ်တာ . . ဟီး . . . ဟီး . . မြင်းရော လူရော ဒင်းကြမ်းပါပဲ၊ အေး . . . မြင်းတွေကတော့ ပထမတန်း မြင်းကောင်းတွေဗျ။ ကျုပ်တို့တပ်ဖွဲ့က ဗိုလ်တွေမှန်သမျှ မြင်းကောင်းသုံး လေးစီးထက်မနည်း မြင်းပိုင်ရှင်တွေ ဖြစ်ကျန်ရစ်ခဲ့တယ် ဟား ... ဟား... ဟား... ဟား .."

ကျွန်တော့်အဖို့ မိမိနိုင်ငံနှင့်တိုင်းပြည်အတွက် အသက်ပေးကာ မိမိတို့ထက် အင်အားလက်နက်အခြေအနေများစွာ သာလွန်မှန်းသိလျက်နှင့် သတ္တိနှင့်ဇွဲကို အရင်းပြုကာ ခုခံတိုက်ခိုက်ဝံ့သော အဘီစီနီးရားပြည်သားတွေကို များစွာလေးစားချီးကျူးမိသလောက်၊ အထက်စီးကနေ၍ ဝင့်ကြွားနေသည့် အီတလီရေတပ်ဗိုလ်ကို ဒေါသဖြစ်လာမိ၏။

ကျွန်တော်၏မျက်နှာအရိပ်အခြည်ကို အကဲခတ်မိပုံရသော ကျွန်တော်၏ဘေးမှ မြန်မာ့တပ်မတော်စစ်ဌာနချုပ်ဦးစီး ဗိုလ်မှူးကြီးသည် ကျွန်တော်အား တောင်းပန်သတိပေးသည့် လက္ခဏာဖြင့် မသိမသာ မျက်စိတစ်ဖက် အလစ်တွင်မှိတ်၍ပြလိုက်ရှာ၏။

ကျွန်တော်သည် ပျဉ်းမနားရှိ ကျွန်တော်၏မြန်မာ့တပ်မတော်တပ်ရင်းမှ ရန်ကုန်ရှိ စစ်ဌာနချုပ်သို့ နှစ်ချုပ်စာရင်းများနှင့် အစီရင်ခံစာများပါ ရောက်လို့အပ်ခဲ့စဉ် "ဆွမ်းခံရင်း ငှက်သင့်” ဆိုသလို ရန်ကုန်မြို့သို့ ဂျပန်ပြည်မှ အထူးစစ်လေယာဉ်ဖြင့် ရောက်ရှိလာသော အီတလီနိုင်ငံခြားရေးဌာနမှ အရေးပါသောပုဂ္ဂိုလ်က မြန်မာ့တပ်မတော်စစ်ဌာနချုပ်သို့ ကျွန်တော့်နာမည်ကို မေးမြန်းကာ ၎င်းနှင့် အထူးတွေ့ဆုံရန် အကြောင်းကြားချက်ကြောင့် ကျွန်တော်သည် စိတ်မချမ်းမြေ့စွာဖြင့် ဤသို့ ဖက်ဆစ်ဝါဒီသမား ဗိုလ်ချုပ်ကြီး၏ ဗိန်းမောင်းသံမိန့်ခွန်းကို မှိတ်ကြိတ်၍ နားသောတဆင်နေရခြင်းသာ ဖြစ်ပေ၏။

ကျွန်တော်၏ နာမည်တစ်ဦးကိုသာ ဘာကြောင့် ရေတပ်ဗိုလ်ချုပ်က ရွေး၍ မြန်မာ့ တပ်မတော်ကြီးတစ်တပ်ထဲမှ တမင်တကာရွေးချယ်ထုတ်နှုတ်၍ခေါ် သည်ကို ယခုအထိ ကျွန်တော် စဉ်းစား၍မရသေးပါ။

ကျွန်တော့်အဖို့ အီတလီအစိုးရနှင့် တစ်ကြိမ်တစ်ခါမှပင် ဆက်သွယ်မှုတွင် အိပ်မက်ထဲ၌ပင် ထည့်၍ မက်ခဲ့သည်မရှိဘဲ ထူးထူးဆန်းဆန်း ကျွန်တော့်အား ရွေးချယ်၍ခေါ်ဝေါ်သည်ကြောင့် ဗိုလ်ချုပ်အောင်ဆန်းက ကျွန်တော်နှင့်အတူ စစ်ဦးစီးတာဝန်ခံ ဗိုလ်မှူးကြီးတစ်ဦးကိုပါ ကျွန်တော်နှင့်အတူ တာဝန်ပေးအပ်ပြီး ရန်ကုန်မြို့ရှိ နိပွန်စစ်ဌာနချုပ်ရုံး အထူးဧည့်ခမ်းဂေဟာသို့ အီတလီဗိုလ်ချုပ်နှင့် တွေ့ဆုံစေခြင်းသာ ဖြစ်ပေ၏။

ကျွန်တော် အဖြေမထွက်ပေါ်သေးသော ကျွန်တော့်အား ခေါ်ယူသည့်ကိစ္စအတွက် ခေါင်းချာချာလည်ခမန်း စဉ်းစားရင်း အီတလီ ရေတပ်ဗိုလ်ချုပ်၏ ညာဘက်၌ ဣန္ဒြေရရထိုင်ကာ တစ်ကိုယ်တည်း ဆိတ်ငြိမ်စွာဖြင့် တစ်စုံတစ်ရာ စဉ်းစားနေရှာသည့် ဥရောပလှပျိုဖြူတစ်ဦးကို အမှတ်တမဲ့ အကဲခတ်ကြည့်ရှုမိတော့သည်။

ကျွန်တော် မြင်ဘူး တွေ့ဘူးသော ဥရောပအမျိုးသမီးများအဖို့ တော်တော်များများအမျိုးသမီးများသည် အသားရောင်ဖြူသည်ထက် နီမြန်းမြန်းအသားရောင်က ပိုမိုများပြားလျက် အနီးကပ်၍ကြည့်ရှုရာတွင် မျက်နှာနှင့်လက်မောင်း၊ လက်ဖမိုးများ၌ ယင်သွေးဥမဲ့ခြောက်များအပြင် တစ်ခါတစ်ခါ၌ ကြောက်စရာကောင်းလောက်အောင် လက်မောင်းမွေးကြီးများ ပေါက်ရောက်နေခဲ့ပုံကို အမှတ်ရမိပါသည်။

တစ်ချီတစ်ချီတွင် သူမတို့၏ကိုယ်မှ ထွက်ပေါ်လာသည့်ကိုယ်နံ့များမှာ ကျွန်တော်တို့လို မြန်မာများအဖို့ ပျို့တက်လာခမန်း မခံနိုင်စရာ ကိုယ်နံ့ဆိုးဝါးများ ထွက်ပေါ်လာသည်ကို ရိုးသားစွာ ဝန်ခံရလျှင် ကျွန်တော့်အား စာဖတ်ပရိသတ်က ရိုင်းသည်ဟုထင်လျှင် ထင်ကြပေလိမ့်မည်။

သို့ရာတွင် ယခု ကျွန်တော်တွေ့မြင်ရသော လှပျိုဖြူ၏အသားအရေမှာ စိုပြီး ဖြူနေလျက် ဆင်စွယ်ရောင်သဏ္ဌာန် ကြည့်၍ကောင်းလှပေ၏။ သူမ၏ခေါင်းမှာ ဆံပင်ရောင်များမှာ အနီရောင်အစား အနက်က ပိုများပေ၏။ အသက်အားဖြင့် အစိတ်ပိုင်းထက်မလွန်ကြောင်းကို သူမ၏ နုထွတ်နေသောမျက်နှာပြင်က သက်သေခံနေရှာ၏။

ပါးလွှာသော် ပိုးသား ဥရောပဝတ်စုံကို ဝတ်ဆင်ထားလျက်၊ သူမ၏ဘယ်ဘက်လက်ကောက်ဝတ်၌ ပလက်တီနံရွှေပြားတွင် ကျောက်ကလေးများ ခြယ်လှယ်ထားသည့် လက်ပတ်နာရီခေတ်ဆန်ဆန်ကလေးက တင့်တယ်ပဏာရပေ၏။ သူမသည် ခေါင်း၌ မတိုမရှည်ဆံပင်ကို နောက်မှ ပိုးပဝါအရှည် တစ်ခုနှင့် စည်းထုံး၍ ကပိုကယိုပြင်ထားပြီး၊ ခေါင်း၏ညာဘက်ကျကျ၌ ပန်းနုရောင်နှင်းဆီတစ်ပွင့်ကို ပန်ဆင်ထားပြန်တော့၏။

အီတလီရေတပ်ဗိုလ်ချုပ်သည် သူ၏တိုက်ရေးခိုက်ရေးလုပ် ဆောင်ခဲ့ပုံများ၊ စွန့်စားခန်းများကို တစ်ခန်းပြီးတစ်ခန်း အာဘောင် အာရင်းသန်သန်နှင့်ပြောရင်း တစ်ချီတစ်ချီတွင် သူ၏ဖယောင်းနှင့် လိမ်းကပ်ထားသည့် မုတ်ဆိတ်မွေးမတိုမရှည်ပုံကျကျကို သူ၏လက်ဖဝါ ဖြင့် တယုတယ ပွတ်သပ်ပေးကာ လက်ဟန်ခြေဟန်ဖြင့် ရယ်မောရင်း ပြောဆိုနေပြန်ပါသည်။ ဗိုလ်ချုပ်၏မုတ်ဆိတ်မွေးထက် သူ၏ကြင်စွယ် နှုတ်ခမ်းမွေးရေးရေးကား ပေါ်လွင်လှပေ၏။

“အလို . . . မာရီယားတစ်ယောက်တည်း ဘာတွေစဉ်းစားနေသလဲ၊ တစ်ဆိတ် ကျေးဇူးပြုပြီး စကားလေးဘာလေးဝင်ပြီး ဆွေးနွေးပါဦး၊ နှုတ်ဆက်ပါဦးလား”

အီတလီရေတပ်ဗိုလ်ချုပ်က ခုမှပင် သတိရပုံဖြင့် သူ၏ညာဘက်ဘေးမှ အမျိုးသမီးဆီသို့ စကားဦးလှည့်လိုက်၏။ အမျိုးသမီးသည် စိတ်မပါ့တပါပြုံးလိုက်ပြီး

“ဘင်နီတို့သာ ပြောပါ၊ မာရီယား နားထောင်နေပါတယ်။ တစ်ချက်တစ်ချက် အင်္ဂလိပ်ဘာသာကို ဘင်နီတို့လောက် နားမလည်တော့ အစဉ်းစားရကြပ်နေမိတယ်”

ဗိုလ်ချုပ်ပြောဆိုနေသောစကားများသည် အင်္ဂလိပ်ဘာသာ ဖြင့် သွက်လက်စွာပြောဆိုနေခဲ့ခြင်း ဖြစ်သည်။ ဤတွင် ဗိုလ်ချုပ်သည် ခေါင်းတညိတ်ညိတ်လုပ်ရင်း . . .

“ဟုတ်တယ် . . . ဟုတ်တယ်ါ ကျုပ်လဲ ဒီရန်သူအင်္ဂလိပ် စကားအသုံးအနှုန်းကို မပြောချင်ပါဘူး၊ အားကြီးမုန်းတယ်ါ ခက်တာက ဟောဒီက နိပွန်စစ်ဘက်ကရော မြန်မာစစ်ဘက်က အရာရှိတွေက အင်္ဂလိပ်နဲ့ ပြင်သစ်စကား တော်တော်များများ တတ်ကျွမ်းကြတော့ သူတို့တစ်တွေ နားလည်အောင် ကျုပ် မနှစ်သက်ပေမယ့် အင်္ဂလိပ်ဘာသာကို အသုံးပြုနေရတာပါပဲ၊ တောင်းပန်ပါတယ် မာရီယား၊ ဟုတ်လား . . . တောင်းပန်ပါတယ်”

အမျိုးသမီးဆီသို့ ဦးညွတ်၍ တောင်းပန်ရင်း ပြောလိုက်ပါသည်။ ပြီးလျှင် တစ်စုံတစ်ရာသတိရမိပုံဖြင့် . . .

"ဪ . . . ဒါထက် ဂျင်နရယ်ရာမမိုတို ကျွန်တော်မရောက်ခင်ကတည်းက ရေဒီယိုကြေးနန်းနဲ့ ရိုက်မှာခဲ့တဲ့ မြန်မာ့တပ်မတော်က အရာရှိ၊ နေစမ်းပါဦး . . . သူ့ နာမည် . . ... "

အတင်းမှိတ်၍ စဉ်းစားဟန်ဖြင့် ဗိုလ်ချုပ်သည် ငြိမ်သက်စွာ စဉ်းစားလိုက်ပြီးမှ . . .

“ဒုဗိုလ်မှူးကြီးတာရာ ရဲဘော်သုံးကျိပ်၊ အမ် .. ဟုတ်ပြီ ... ဟုတ်ပြီ . . . ဒီအရာရှိရောက်ပြီလား၊ လုပ်စမ်းပါဦး . . . ကျုပ်တို့ မြန်မာပြည်ကို တမင်တကာ အခွင့်ကောင်းယူပြီးလာရတာ၊ သူပါမှ ဒီကိစ္စပြီးမှာမို့ပဲ၊ အရေးကြီးတယ်ဂျင်နရယ်”

ဂျင်နရယ်ရာမာမိုတိုသည် သွက်လက်စွာဖြင့်ထ၍ ခြေစုံရပ်လိုက်ပြီး . . .

“အသင့်ရှိပါတယ် ဗိုလ်ချုပ်၊ ရောက်နေပါပြီ”

ကျွန်တော့်ဘက်သို့လှည့်၍ ကြည့်ရင်း သတင်းပို့လိုက်သည်တွင် ဦးစီးဗိုလ်ချုပ်နှင့် ကျွန်တော်သည် မနေသာတော့ဘဲ ထကာ ခြေစုံရပ်လျက် ပြလိုက်ရ၏။

အီတလီရေတပ်ဗိုလ်ချုပ်သည် ကျွန်တော်တို့ ထက် ရာထူးအားဖြင့် အဆင့်တန်းများစွာကွာခြားနေသည့်အလျောက် ကျွန်တော်တို့က စစ်တပ်ထုံးစံအရ ထ၍ အလေးပြုလိုက်ရခြင်းပင် ဖြစ်ပေ၏။ အီတလီဗိုလ်ချုပ်သည် ကျွန်တော်တို့နှစ်ယောက်အနက် ကျွန်တော့်ကို တမင်တကာစိုက်၍ကြည့်လိုက်ပြီး .

“အို . . . ဗိုလ်မှူးကြီးတာရာ”

အံ့အားသင့်နေပုံဖြင့် အတန်ကြာပင်စကားမပြောနိုင်သေးဘဲ နောက်ပိုင်းမှပင် . . .

"ကျုပ်အထင်ဖြင့် မေဂျာဟာ အသက်လေးဆယ်လောက် ထင်ခဲ့တယ်၊ မှန်းစမ်း . . . ခင်ဗျားအသက်သုံးဆယ်ဟာ အလွန်ပဲရှိရမယ်၊ ပြောစမ်းဗျာ . . . ကျုပ် ခန့်မှန်းခြေ နီး မနီး”

ကျွန်တော်သည် တစ်ချက်အနည်းငယ်ပြုံးလိုက်ပြီး . . .

"နှစ်ဆယ့်ကိုးနှစ်ထဲမှာ၊ ဗိုလ်ချုပ်ခန့်မှန်းခြေ သိပ်မကွာပါဘူး၊ အများကြီးနီးကပ်ပါတယ် ခင်ဗျာ”

ကျွန်တော်၏အဖြေများကို များစွာသဘောကျသွားပုံဖြင့် ဗိုလ်ချုပ်သည် ရယ်မောလိုက်ပြီး . .

“လာဗျို့ . . . ရှေ့တက်စမ်းဗျာ၊ ကာနယ်တာရာနဲ့ ကျုပ် ရင်းရင်းနှီးနှီး မိတ်ဆွေဖြစ်ချင်တယ် ဟုတ်လား။ စစ်လဲ ကောင်းကောင်းတိုက်တယ်၊ အမဲကြီး သားကောင်ကြီးတွေလဲ ရဲရဲကြီးပစ်ခတ်တယ်။ ပြီးတော့ ကျုပ်တို့ရောမပြည်က စစ်သားသူရဲကောင်းတွေ အလေ့အကျင့်အတိုင်း ကာယဗလတောင့်တင်းမှု ထာဝစဉ်ရှိဖို့၊ ကျန်းမာရေးလဲ လိုက်စားခဲ့တဲ့ စစ်သားကောင်းတစ်ယောက်ကို ကျုပ် အလွန်အမင်းတန်ဖိုးထားတယ်၊ မိတ်ဆွေရင်းချာဖြစ်ရတာ အင်မတန်ဂုဏ်ယူမိတယ်”

ကျွန်တော်နှင့် ဦးစီးဗိုလ်မှူးကြီးနှစ်ယောက် ဘေးချင်းယှဉ်၍ ရပ်နေရာက ကျွန်တော့်အား ကျွန်တော်နာမည်ရင်းနှင့် ကျွန်တော်မှန်း သိသည့် အီတလီဗိုလ်ချုပ်၏ အကဲခတ်နိုင်မှု ဝေဖန်မှုကို ကျွန်တော် အတော်ကလေး အထင်ကြီးလာတော့၏။ ဂျင်နရယ် ရာမမိုတိုနှင့် နိပွန်စစ်ဘက်အကြီးအကဲများက ကျွန်တော့်အား ရှေ့သို့တက်၍နှုတ်ဆက်ရန် အမူအရာများစွာပြသည်ကြောင့် ကျွန်တော်သည် ခြေလှမ်းမှန်မှန်နှင့် ကျွန်တော်တို့ရှေ့မှ ကုလားထိုင်များဖြင့် ထိုင်နေကြသည့် စစ်ဘက်အရာရှိအကြီးအကဲများကြားမှပင် တက်ရောက်သွားပြီး အီတလီဗိုလ်ချုပ်၏ အဆင်သင့်ကမ်းပေးသော ညာလက်ကို ကျွန်တော်၏ညာလက် သွားရောက်ကိုင်တွယ်ရင်း နှစ်ယောက်သား အားရပါးရ နှုတ်ဆက်လိုက်ပါသည်။

“အမ်မာ . . ဗိုလ်မှူးတာရာ၊ လက်တွေအားကြီးသန်ပါကလား၊ ဒီလက်ချောင်းတွေနဲ့ လက်ကောက်ဝတ်ဟာ ကျားကြီးတွေ၊ ဆင်ကြီးတွေကို မလွဲတမ်း မလွတ်တမ်း ပစ်ခတ်နိုင်အောင် အလွန်လေးလံပြီး နောက်ပြန် ကန်လေ့ရှိတဲ့ အမဲပစ်ရိုင်ဖယ်ကြီးတွေကို မလှုပ်တမ်းမကန်တမ်း ထိန်းသိမ်းနိုင်မှာ၊ ခု ကျုပ်ကိုယ်တိုင် လက်ဆွဲနှုတ်ဆက်လိုက်ရလို့ ယုံကြည်ပြီဗျို့”

အီတလီဗိုလ်ချုပ်သည် ကျွန်တော့်အား လက်ဆွဲနှုတ်ဆက်ရင်း ကျွန်တော်၏ကျန်းမာသန်စွမ်းရေးကို တစ်ချက်တည်း ဆက်တိုက်စုံစမ်းအကဲခတ်ရယူလိုက်ပြန်ခြင်း ဖြစ်ပေ၏။ ကျွန်တော်ကလည်း ရယ်မောရင်း . . .

“အချိန်ပြည့် ကျန်းမာရေးနဲ့ လက်ကောက်ဝတ်သန်စွမ်းအောင် ကျင့်ထားတဲ့ဗိုလ်ချုပ်ကို ကျွန်တော့်မိတ်ဆွေဖြစ်ရတဲ့အတွက် အင်မတန် ဂုဏ်ယူပါတယ်ခင်ဗျာ၊ ဗိုလ်ချုပ်ဟာ အီတလီ ရောမသူရဲကောင်းတစ် ယောက်ရဲ့ စိတ္တပိုင်းရော၊ ကာယပိုင်းရော အဖက်ဖက်က ပြည့်စုံလိမ့်မယ်လို့ ကျွန်တော် ယုံကြည်လိုက်ပါတယ်ခင်ဗျာ”

“ဟား ... ဟား .. ဟား .. ဟား .. ၊ . ဟုတ်တယ်ဗျို့ . . . လက်စသတ်တော့ ကာနယ်တာရာလဲ ကျုပ်အကြောင်းကို ရိပ်မိခဲ့ပြီကိုး၊ ကောင်းပါလေ့ဗျာ၊ ဂရိပြည်သားချင်း နှစ်ယောက်သားဆုံမိကြသောအခါဆိုတဲ့ စကားလုံးလိုပဲ အားကစားသမားချင်း ဆုံမိကြရင် တစ်ယောက်အကြောင်း တစ်ယောက် ချက်ချင်းရိပ်မိကြတာပဲဗျို့၊ မှန်လိုက်လေဗျာ . . ဟုတ်တယ်၊
ကျုပ်လဲ ဗိုလ်မှူးလို ငယ်ငယ်ကတည်းက ရေကူးတယ်၊ ကာယဗလဖွံ့ဖြိုးအောင် လေ့ကျင့်တယ်၊ တစ်နေ့တစ်နာရီတိတိ ဓားသိုင်းလေ့ကျင့်ခန်း လုပ်တယ်၊ လက်မောင်းတွေသန်စွမ်းအောင် ဒန်ဗလိလေ့ကျင့်ခန်းလုပ်ခဲ့တယ်၊ ခုတစ်ခါကျတော့ ကျုပ်အကြောင်းတွေ အကုန်ပေါ်ပြီဗျို့”

အီတလီဗိုလ်ချုပ်သည် ကျွန်တော့်လက်မောင်းရင်းနှစ်ဘက်ကို တကယ်ရင်းနှီးစွာဖြင့် ဆုပ်ကိုင်ရင်း အားရပါးရပြောဆိုလိုက်လေ၏။

"ဪ .. . ဒါနဲ့ ကျုပ်အမျိုးသမီးကို တစ်ဆိတ်မိတ်ဆက်ပေးပါရစေဦး။ မာရီယား . . . တစ်ဆိတ်
ဟောဒါက ကျုပ်တို့ ခဏခဏပြောနေတဲ့ မြန်မာပြည်က ဗိုလ်ချုပ်အောင်ဆန်းအမှူးရှိတဲ့ ရဲဘော်သုံးကျိပ်ဝင် မြန်မာ့လွတ်လပ်ရေးကို အရတိုက်ခိုက်ယူခဲ့တဲ့ တပ်မှူးကြီးနဲ့ မုဆိုးကြီးကာနယ်တာရာ၊ ဩော် လက်ဖတင်ကာနယ်တာရာ ဖြစ်ပါတယ်၊ ဟောဒါက မာရီယားဝတ်စပါး အီတလီနိုင်ငံခြားရေးဌာန အရှေ့ဖျားတိုင်းပြည်များ အဖွဲ့ဝင်ဖြစ်ပါတယ်”

ကျွန်တော့်အား အီတလီအမျိုးသမီးနှင့် ဗိုလ်ချုပ်သည် ဝမ်းသာလှိုက်လှဲစွာ မိတ်ဆက်ပေးပြန်ပါသည်။ အမျိုးသမီးသည် ကျွန်တော်၏လက်ကို ဝှေ့ရမ်းနှုတ်ဆက်ရင်း . . .

“ဒီကဗိုလ်မှူးကြီးအကြောင်းတော့ တိုကျိုအထိ ကျော်ကြားပါတယ်။ ပါမောက္ခ ရာမာဂူချီရေးတဲ့ အာရှတိုင်းရှိ သစ်ပင်နှင့် တိရစ္ဆာန်များကျမ်းကြီးထဲမှာ ဗိုလ်မှူးကြီးရဲအကြောင်းတွေ တခမ်းတနား ရေးသားဖော်ပြထားတာ ဖတ်ရပြီး၊ မြန်မာပြည်လာခါနီးမှာ ပါမောက္ခကြီးရော၊ သူ့သမီး ကျွန်မသူငယ်ချင်း ခဝါအိဂူချီကရော ဗိုလ်မှူးအကြောင်းတွေ စုံနေအောင်ပြောပြလို့ သိပ်တွေ့ ချင်ပါတယ်၊ ဂုဏ်လဲအများကြီးယူခဲ့ပါတယ်၊ ခုလိုတွေ့ဆုံရင်းနှီးရတာကို . . .”

ကျွန်တော့်အဖို့ မေ့ပျောက်နေသော အနာဟောင်းသည် တစ်ချက်တည်းနှင့် အသစ်အဖြစ်သို့ ပြန်ပြောင်း၍ ရှောင်တခင်အတွင်း၌ ပေါ်ထွက်လာပါ၏။ ပါမောက္ခကြီး ရာမာဂူချီအကြောင်းပြု၍ ဖူးစာကံ ရွှေမှင်ကျဲ၍ ချစ်လျက်နှင့်ကွဲခဲ့ရသော ခဝါအိသက်ထား၏သတင်းအစကိုကား ပြန်လည်၍ရရှိခဲ့သည်မှာ ကျွန်တော်၏ခြောက်ခန်းနေသော ဘဝဆိုးကြီးအတွက် ရွာသွန်းချတော့မည့် ညိုတိုတိုမိုးရိပ်မိုးသားကလေးတွေ တွေ့မြင်လိုက်ရသလို ဖြစ်ခဲ့ပါတော့သည်။ ရုတ်တရက် တွေ့လျှင် တွေ့ချင်း ဗိုလ်ပုံပရိသတ်အလယ်၌ ခဝါအိ၏အကြောင်းစုံကို ဆက်လက် ၍ မေးမြန်းရန် မသင့်တော်သေးသည်ကြောင့် ကျွန်တော်၏လည်ချောင်းဝ၌ ထွက်လုဆဲဆဲမေးခွန်းများကို အတင်းတားဆီးလိုက်ရင်း . . .

“ကျေးဇူးတင်ပါတယ် မာရီယား၊ အလွန်ကြီးမားတိုးတက်နေတဲ့ အီတလီပြည်ကြီးက ကျွန်တော်တို့လို သေးငယ်တဲ့၊ ခေတ်နောက်ကျနေသေးတဲ့ မြန်မာပြည်ကို တပင်တပန်းလာရောက်လည်ပတ်တဲ့အတွက် ကျွန်တော်တို့မြန်မာ့တပ်မတော်ကြီးက ဝမ်းမြောက်ဝမ်းသာစွာနဲ့ အင်မတန်ဂုဏ်ယူမိပါတယ်ခင်ဗျာ”

အီတလီအမျိုးသမီးသည် ကျွန်တော်၏မျက်နှာကို ရွှန်းရွှန်းစားစားနှင့် တောက်ပြောင်နေသော သူမ၏ညှို့ဓာတ်အပြည့်ပါသော မျက်လုံးကြီးများဖြင့် . . .

“ဗိုလ်ချုပ်တို့ မြန်မာပြည်ရောက်တဲ့အခါမှာ ကျွန်တော်တို့ ဗမာ့တပ်မတော်ရဲ့လိုအပ်တဲ့အကူအညီတွေကို အားမနာတမ်း အမိန့် ရှိပါခင်ဗျား၊ မြန်မာလူမျိုးတွေဟာ အင်မတန် ဧည့်ဝတ်ကျေပွန်ကြပါ တယ်၊ စိတ်စေတနာလဲ အလွန်ကောင်းမွန်ကြပါတယ်၊ ဗိုလ်ချုပ်လက်တွေ့ မြင်ရပါလိမ့်မယ်”

“ကျေနပ်ပြီလား ဗိုလ်မှူးကြီး . . . ကျေနပ်ပြီလား . . ကျုပ်တို့ ခု မြန်မာပြည်ရောက်အောင် အပင်ပန်းခံပြီးလာတဲ့ကိစ္စကတော့ ကျုပ်ရဲ့ ကိုယ်ရေးကိစ္စသက်သက်ပါပဲ၊ နိုင်ငံရေးမပါဘူး . . ဟဲ . . ဟဲ . ဟဲ ကျုပ် အမဲကြီးပစ်ချင်လို့ပဲ၊ ရှင်းရှင်းပြောရရင် အာဖရိကတိုက်မှာတော့ ကျုပ် တစ်နှစ်မှာ နှစ်လ သုံးလ ပစ်ခဲ့ပါတယ်၊ သိတဲ့အတိုင်းပဲ၊ ကျုပ်ဟာ စစ်ဗိုလ်တစ်ယောက်ပီပီ သေနတ်ပစ်ဝါသနာပါပြီကလားဗျာ

အာဖရိကတိုက် အီတလီ ဆိုမာလီနယ်နဲ့ အာဆီစီးနီးယားဟာ ကျုပ်ရဲ့ သေနတ်ပစ်ကွင်းကြီးပဲ၊ ဆင်ရော၊ တောကျွဲရော၊ ခြင်္သေ့ရော၊ ကျားရော အတော်များများပစ်ခတ်ဘူးပါတယ်၊ ဒီတစ်ချီတော့ မြန်မာပြည်မှာ အမဲကြီးပစ်ချင်လို့ တမင်တကာ ဂျပန်အစိုးရနဲ့စီစဉ်ပြီး သူတို့က မြန်မာပြည်ကို အပန်းဖြေဖို့လို့ ကျုပ်ရောက်ရှိလာခဲ့ခြင်းပါပဲ၊ ကဲ . . . ဗိုလ်မှူးကြီး၊ ကျုပ်ကို အကူအညီပေးပေတော့၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင် ပါတယ်ဗျာ။ ဘယ့်နဲ့ . . . ဝါဒတူတဲ့ အားကစားသမား၊ သေနတ်သမားတွေပဲ မဟုတ်လား”

ကျွန်တော်သည် ကျွန်တော့်အဖို့ မလွှဲမရှောင်သာစတမ်း လုပ်ဆောင်ရတော့မည့် တာဝန်ကြီးတစ်ရပ် ရုတ်တရက် ကျရောက်လာသည်ကို လေးနက်စွာသတိပြုမိလိုက်၏။ ထို့ကြောင့် စောစောစီးစီးက အီတလီဗိုလ်ချုပ်နှင့် ကျွန်တော် ပရိသတ်များရှေ့မှောက်၌ လိုက်နာ စောင့်ထိန်းကြရမည့် စည်းကမ်းများ၊ သဘောတူညီချက်များကို အတိအလင်းကြေညာရန်ကို သဘောပေါက်လာမိ၏။ ထို့ကြောင့် ကျွန်တော် သည် စကားလှလှသုံးလိုက်ရင်း . . . ..

“ဗိုလ်ချုပ်နဲ့ ကျွန်တော် အမဲပစ်ထွက်ရမှာ အင်မတန်ဂုဏ်ယူမိပါတယ်၊ ကျွန်တော့်အနေနဲ့ စိုးရိမ်မိတဲ့အချက်အလက်ကလေးတွေ ရှိနေလို့ ခွင့်ပြုမယ်ဆိုရင် ဗိုလ်ချုပ်ကို ပွင့်ပွင့်လင်းလင်း အစီရင်ခံပါရစေခင်ဗျာ"

“ဟာ - ခွင့်ပြုပါတယ်၊ ဟုတ်ပါတယ်၊ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေးမှာ ပွင့်လင်းမှုရှိမှ ခိုင်မြဲတာကလား၊ ဆွေးနွေးစရာရှိတာ တင်ပြဆွေးနွေးပါ ဗိုလ်ကြီး၊ ဘာဖြစ်ဖြစ်ပေါ့"

“ပထမအချက်ကတော့ ကျွန်တော်တို့မြန်မာပြည်မှာ အာဖရိကနိုင်ငံမှာလို ကြေးတန်းစားအမဲပစ်မုဆိုးအဖွဲ့အစည်း မရှိခဲ့ပါဘူး။ အပျော်တမ်းမုဆိုးတွေသာ များခဲ့ပါတယ်၊ နောက်တစ်ချက်ကတော့ ခုလို ဗိုလ်ချုပ်ကြီး အမဲပစ်ထွက်ဖို့ရာကိစ္စမှာ ကျွန်တော်တို့အနေနဲ့ ကြိုတင်ပြင်ဆင်မှု လုံလောက်စွာမရှိခဲ့လို့ စားရေးသောက်ရေးမှစပြီး သွားလာမှုမှာ အဆင် မပြေခဲ့ရင်ဆိုတဲ့ကိစ္စပဲ။

တတိယအချက်ကတော့ ဗိုလ်ချုပ်ကြီး ပစ်ခတ်လိုတဲ့ သားကောင်များဟာ ကျယ်ပြန့်တဲ့အာဖရိကတိုက်ကြီးမှာလို ပစ်ခတ်လိုရာ နေရာတိုင်းမှာ တွေ့ချင်မှတွေ့ နိုင်မယ်ခင်ဗျ။ ကြိုးနဲ့လဲချည်ပြီး ထားလို့ရတဲ့ တိရစ္ဆာန်တွေမဟုတ်တော့ တွေ့ချင်လဲတွေ့ နိုင်မယ်၊ မတွေ့ ဘဲလဲ ရှိမယ်၊ ဗိုလ်ချုပ်ပစ်လိုတဲ့သားကောင်ကို ပစ်ရပါစေ့မယ်လို့ တထစ်ချတာဝန်မခံပါဘူးခင်ဗျ။ ခရီးလမ်းပန်းနဲ့ သွားလာမှု ရိက္ခာ အစား အသောက်မှာ ပြီးပြည့်စုံလိမ့်မယ်လို့ တာဝန်မယူနိုင်တဲ့အကြောင်း ကြိုတင်ပြီး အစီရင်ခံလိုပါတယ်ဗိုလ်ချုပ်”

အီတလီရေတပ်ဗိုလ်ချုပ်သည် ခေါင်းတညိတ်ညိတ်လုပ်ရင်း ကျွန်တော်၏တင်ပြဆွေးနွေးချက်များကို စိတ်ပါဝင်စားစွာ နားထောင်၍ အဆုံး၌ . .

“ကောင်းကောင်းသဘောပေါက်ပြီကလား၊ ဗိုလ်မှူးကြီး မှန်ပေမယ်၊ အစစ ဘယ်မှာအဆင်ပြေနိုင်ပါ့မလဲ၊ ဟုတ်တယ်၊ ကြိုတင်ပြီး အကြောင်းကြားခြင်းမရှိတာရယ်၊ စစ်အတွင်းကိစ္စဆိုတာရယ်၊ ပြီးတော့
သားကောင်တွေကို ကျုပ်ပစ်လိုတဲ့သားကောင်တွေ တွေ့နိုင်အောင် ရှာပေးနိုင်ဖို့ဆိုတာရယ်ဟာ အင်မတန်သဘာဝကျပါတယ်၊ ကျေနပ်ပါတယ် ဗိုလ်မှူးကြီး၊ အားလုံးတင်ပြချက်တွေကို ကျုပ် လက်ခံပါတယ်။

လိုင်း ... လိုတဲ့အချက်တွေ၊ ပစ္စည်းတွေရှိရင် အားမနာနဲ့ ပြောပါ ကျည်ဆန်လိုရင်လဲ ဂျပန်စစ်ဌာနချုပ်ကို ကြေးနန်းနဲ့ရိုက်ပြီး မှာပေးမယ်၊ သူတို့သိမ်းပိုက်ထားခဲ့တဲ့ ဗြိတိသျှကိုလိုနီနယ်ပယ်တွေက လက်နက်တိုက်တွေ၊ လက်နက်ဆိုင်ကြီးတွေက အမဲပစ်သေနတ်တွေ ကျည်ဆန်တွေကို လိုတာရစေ့မယ်”

“စိတ်ချပါ ဗိုလ်ချုပ်၊ ဒီပြဿနာကို ကျွန်တော် တာဝန်ယူပါတယ်၊ လိုတဲ့စာရင်းသာ အမိန့်ရှိတော်မူပါ”

ဂျင်နရယ် ရာမမိုတိုက ထိုင်ရာမှထ၍ တာဝန်ယူလိုက်ပါသည်။

"ကောင်းပြီလေ နာမည်ကျော် ဗိုလ်မှူးတာရာနဲ့ ခုလို မျက်နှာစုံညီ ဆွေးနွေးလိုက်ရတာကိုပဲ ကျွန်တော် ဝမ်းသာလို့မဆုံးဘူး။ လိုတဲ့ကိစ္စတွေ ကျည်ဆန်တွေ၊ လက်နက်တွေကို နက်ဖြန်မနက်မှ တင်ပြနိုင်ပါတယ်။ အချိန်ပေးလိုက်ပါ့မယ်၊ ကဲ ကျုပ်တို့ ခဏနားခွင့်ပြုကြပါဦး၊ ဟုတ်လား . . . ဗိုလ်မှူးကြီး၊ ကျုပ်တော့ ဒီနေ့ညဉ့် အိပ်မက်ထဲမှာ ဗိုလ်မှူးကြီးနဲ့ ကျုပ် ပခုံးချင်းယှဉ်ပြီး ကျားကြီးတွေ၊ ဆင်ကြီးတွေ ပစ်ခတ်နေတယ်လို့ အိပ်မက်မက်နေမယ်နော်”

ကျွန်တော်သည် ရယ်မောရင်း နှုတ်ဆက်အလေးပြုလိုက်ကြပြီး၊ အီတလီရေတပ်ဗိုလ်ချုပ် ဘင်နီဆိုင်ဂယ်ပိုတီနီတို့ ခေတ္တစံအိမ်တော် မှ ထွက်ခွာခဲ့ကြပါသည်။

(မုဆိုးအချင်းချင်း သတင်းလွေ့လွေ့ ပေါင်းဆုံတွေ့)

ပြာခွက်ထဲမှ ဆေးလိပ်ငွေ့ကလေးများသည် ပျင်းရိစွာဖြင့် ကောင်းကင်ပြင်ဆီသို့ ပျံဝဲတွန့်လိမ်၍ နေတော့၏။

“ဒီလူက အီတလီနိုင်ငံရေးမှာရော၊ ဝင်ရိုးတန်းနိုင်ငံရေးမှာရော အင်မတန်အရေးပါတဲ့ အီတလီဘုရင်ရဲ့အမျိုးအနွယ်တစ်ယောက် ဖြစ်နေတော့ ဂျပန်စစ်ဘက်က ပျာပျာသလဲ ဦးစားပေးနေရတာပေါ့။ တို့ကလဲ အခြေအနေကြည့်ပြီး ပြေပြေပြစ်ပြစ် ဆက်ဆံဖို့ အရေးကြီးတယ်”

ဗမာ့တပ်မတော်ဦးစီးဌာနချုပ် ဒု-အရာရှိသည် ကျွန်တော့်အား သူ၏ရုံးခန်းထဲ၌ နှစ်ယောက်ချင်းထိုင်ကာ အခြေအနေကို ရှင်းလင်းပြောပြနေပါသည်။

“ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က အီတလီဗိုလ်ချုပ်ကိစ္စနဲ့ ငါ့ကိုခေါ်ပြီး အသေးစိတ်ညွှန်ကြားချက်တွေပေးပြီး မင်းကို အထူးတာဝန်အရအနေနဲ့ တာဝန်ပေးအပ်ဖို့ အမိန့်ရှိလို့ မင်းကို ဂရုတစိုက် ညွှန်ကြားရတယ်။ ငပုတွေတောင် ခြေမကိုင်မိ လက်မကိုင်မိ ရှိနေတာ ကြည့်ပေတော့။ ဒီဗိုလ်ချုပ်ဟာ စစ်ရေးရော၊ နိုင်ငံရေးမှာကော အတော် အရေးပါတဲ့ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်။

ဒါကြောင့် မင်းလဲ နားလည်ထားတဲ့ တပ်မှူးတစ်ယောက်ပဲ။ အဆင်ပြေအောင် အားလုံးကြည့်သာလုပ်။ လိုအပ်တဲ့ ရိက္ခာအင်အား၊ ငွေကြေးတွေကို ကြိုတင်ပြီး ထောက်ပံ့ရေး ဌာနကြီးကို တောင်းပါ။ လက်မှတ်ချက်ချင်း ထိုးပေးမယ်။

ကျွန်တော်တို့နှစ်ယောက်သား ဆွေးနွေးနေစဉ်တွင် ဂျင်နရယ် ရာမမိုတိုသည် ဖြုန်းဖြုန်းဒိုင်းဒိုင်းနှင့် အရေးတကြီးအမူအရာဖြင့် ကျွန်တော်တို့စကားပြောနေသော ရုံးခန်းထဲသို့ ဝင်ရောက်လာတော့၏။

ချက်ချင်းပင် ကျွန်တော်တို့အားလုံးက သတိအနေဖြင့် ခြေစုံရပ်ကာ အလေးပြုလိုက်ရတော့သည်။

ဂျင်နရယ်ရာမမိုတိုသည် ဖော်ရွေစွာဖြင့် သူ၏နောက်ပါ ဗိုလ်မှူးများကို သင့်တော်သောနေရာများ၌ အထိုင်ခိုင်းလိုက်ပြီး သူသည် ကျွန်တော်တို့ကြား၌ရှိသော ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်ချလိုက်တော့၏။

ချက်ချင်းပင် ဂျင်နရယ်ရာမမိုတိုသည် ကျွန်တော်တို့အား သိပ်အရေးကြီးတဲ့ပုဂ္ဂိုလ်မို့ ကျုပ်တို့နိပွန်တပ်မတော်နဲ့ ဗမာ့တပ်မတော်တို့က အရေးတကြီးဂရုစိုက်ပြီး ဗိုလ်ချုပ်ဘင်နီတို ကျေနပ်လောက်အောင် ဧည့်ဝတ်ကျေပွန်ဖို့ ကြိုးစားစေလိုပါတယ်။ လူကြီးမင်းများသိကြတဲ့အတိုင်းပဲ ဝင်ရိုးတန်းနိုင်ငံမှာ အီတလီပြည်ဟာ အင်မတန်မှအရေးကြီးတဲ့ တိုင်းပြည်ဖြစ်ပြီး အချက်အချာမြေထဲပင်လယ်ရပ်ကို တာဝန် ယူပြန်တော့ ကျွန်တော်တို့အနေနဲ့ အီတလီပြည်ကို ဦးစားပေးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် ဗိုလ်ချုပ်သည် ပြောပြောဆိုဆိုနှင့် သူ၏စစ်လွယ်အိတ်ကြီးထဲမှ ကတ္တီပါအနီဖြင့်ပတ်ထားသော ပစ္စည်းတစ်ခုကို တရိုတသေဆွဲထုတ်လိုက်ပြီး "သတိ”ဟုအမိန့်ပေးလိုက်သည်ကြောင့် သူရော ကျွန်တော်တို့အားလုံးပါ ပြိုင်တူထ၍ "သတိ”အနေအထားနှင့် ရပ်လိုက်ပြီးနောက် . . .

“တင်နော်ဟေကာမင်းမြတ်ရဲ့အမိန့်တော်”

နိပွန်တပ်မတော်နှင့် ဗမာ့တပ်မတော်တာဝန်ခံများ အမြန်လိုက်နာရမည်မှာ . . .

ဟူသောခေါင်းစဉ်ဖြင့် ဂျပန်ဘုရင်မင်းမြတ်၏အထူးအမိန့် တော်ကို ဖတ်ကြားလိုက်ပါသည်။

အီတလီနိုင်ငံခြားရေးဌာနတာဝန်ခံ ရေတပ်ဗိုလ်ချုပ် ဘင်နီတိုနှင့်အဖွဲ့အား လိုလားချက်ပြည့်စုံအောင်
ဧည့်ဝတ်ကျေပွန်စွာဖြင့် ဧည့်ခံပြုစုစောင့်ရှောက်တာဝန်ယူစေရမည် ဟူသော အမိန့်စာကို ဂျပန်ဘာသာဖြင့် ပြန်ကြားလိုက်ပါသည်။

ပြီးမှ "သက်သာ" ဟူသောအမိန့်ပေးလိုက်သည့်နောက် ကျွန်တော်တို့အားလုံး ပြန်၍ထိုင်မိသောအခါ၌ ဗိုလ်ချုပ်သည် . . .

"ကိုင်း . . . ကျုပ်တို့လူစု ဗိုလ်ချုပ်ဘင်နီတိုဆီ သွားတွေ့ဦးစို့ရဲ့၊ သူ မျှော်နေရှာလိမ့်မယ်”

သတိပေးလိုက်သည်ကြောင့် ကျွန်တော်သည် လိုအပ်သော စာရင်းများ၊ ဖိုင်တွဲများ၊ ဓာတ်ပုံအယ်လ်ဘန်များကို နောက်မှ လိုက်ပါလာသော ဗိုလ်ကြီးအောင်မြင့်အား ပေးအပ်လိုက်ပြီး ဗိုလ်ချုပ်ရာမာမိုတိုနောက်မှ လိုက်ပါခဲ့လေတော့သည်။

ကားပေါ်သို့ အသီးသီးတက်မိသော အခါ၌ ဦးစီးဗိုလ်မှူးကြီးက ကျွန်တော့်အား ...

"ဗိုလ်မှူးကြီးလုပ်ရမယ့်အလုပ်ဟာ လွယ်မယောင်နဲ့ခက်တယ်၊ အစစသတိထားပြီးလုပ်နိုင်မှ တော်ရုံကျမယ်”

သတိပေးလိုက်ပါသည်။ မကြာမီ ကားတန်းကြီး အလံဝါ၊ အလံနီများလွှင့်ကာ အီတလီဗိုလ်ချုပ်တို့ စခန်းချတည်းခိုရာသို့ ရှေ့ရှု၍ ထွက်လာပါတော့သည်။

"လာကြပါ . . . လာကြပါ”

ဥရောပအရပ်သားဝတ်စုံနှင့် ဆီးကြိုနေသော ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်အား မြင်လျှင်မြင်ချင်း . . .

"လိုတဲ့လက်နက်ကျည်ဆန်တွေစာရင်း အသင့်ပါရဲ့လား ဗိုလ်မှူးကြီး၊ ရန်ကုန်နေရတာ ဆောင်းတွင်းဆိုပေမယ့် ချွေးပြန်ချင်လာပြီဗျို့၊ ခက်တာက အအေးဓာတ်ငွေ့ခန်း ဆင်မပေးနိုင်တာ မကောင်းဘူးဗျ၊ ပန်ကာကလာတဲ့လေဟာ လေပူတွေချည့်ဖြစ်နေတယ်”

“ပါပါတယ် ဗိုလ်ချုပ်။ သေနတ်တော့မလိုပါဘူး၊ ကျည်ဆန်အားပဲ ဖြည့်ဖို့လိုပါတယ်၊ ဒါနဲ့ ဗိုလ်ချုပ်ကိုင်ဖို့ရော သတ်သတ်သေနတ်တွေ ယူလာခဲ့သေးသလားခင်ဗျာ၊ ကျွန်တော်တို့ဆီမှာတော့ အသင့်အတင့် လက်နက်တော့ရှိပါတယ်”

"ဟာ ဟုတ်သားပဲ၊ ကျုပ်မပြောမိသေးဘူး၊ အမဲပစ်
သေနတ် သုံးလေးလက်တော့ ပါပါတယ် ဗိုလ်မှူးကြီး၊ ဟေ့ . . . ဖရစ်”

သူ၏သက်တော်စောင့်ဗိုလ်ကြီးကို လှမ်း၍ အီတလီဘာသာနှင့် သုံးလေးခွန်းအမိန့်ပေးလိုက်ရာတွင် သက်တော်စောင့်ဗိုလ်ကြီးသည် အလေးပြုလိုက်ပြီး သွက်လက်စွာဖြင့် တိုက်အပေါ်သို့ ခပ်သုတ်သုတ် တက်သွားပါသည်။

ကျွန်တော်တို့လူစုများသည် အီတလီဗိုလ်ချုပ်အား ဗဟိုပြု၍ ဝိုင်းရံကာထိုင်လိုက်ကြပါသည်။ ကျွန်တော်က လိုအပ်သော ခဲယမ်းမီးကျောက်စာရင်းကို တင်ပြလိုက်သည်တွင် အီတလီဗိုလ်ချုပ်သည် စာရင်းကို တစ်ခုစီကြည့်ကာဖတ်ရင်း . . .

• ၃၆၀ မက်နမ်ကျည်ဆန် ငါးရာ၊ . ၄၇ဝ ကျည်ဆန်သုံးရာ စသည်ဖြင့် ဖတ်ကြားရာတွင် ဂျင်နရယ်ရာမမိုတိုက ချက်ချင်း စာရင်းလိုက်၍မှတ်ယူရင်း အမြန်ဆုံး ရက်ပိုင်းအတွင်း၌ ရရှိစေရန် စီမံရေး၌ တာဝန်ယူလျက်ရှိပါသည်။

“မြန်မာပြည်မှာလဲ . ၃၇၅ မက်နမ်ရိုင်ဖယ်ဟာ ပေါ်ပျူလာ ဖြစ်သားပဲဗျာ၊ ဒါထက် . ၄၇၀ နှစ်လုံးပြူးရိုင်ဖယ်ကြီးတွေကို မြန်မာပြည်တောထဲမှာ အသုံးပြုခွင့် ကြုံသေးသလား၊ အားကြီးလေးပြီး ကန်တယ်”

“လိုပါတယ် ဗိုလ်ချုပ်၊ မြန်မာပြည်သစ်တောဟာ တောထူထပ်ပြီး အနီးပစ်ခတ်မှုတွေများပါတယ်။ အာဖရိကတိုက်လိုတော့ နှစ်မိုင် သုံးမိုင်အထိ သာမန်မျက်စိနဲ့မြင်စရာ ရှင်းလင်းတဲ့မြင်ကွင်း မရှိပါဘူး၊ မြန်မာပြည်အထက်ပိုင်း အပူပိုင်းဇုံများသာ ရှိပါတယ်၊ သားကောင်ကြီး ထူထပ်တဲ့ဒေသမှာဆိုရင် 'မြိုင်' ထူထပ်ပါတယ်”

"အေး ... အေး ဒါဖြင့်ရင် ကျုပ်တို့ပစ်ခတ်ရမယ့် ပစ်ကွင်းနဲ့ သဘာဝတောတောင်အခြေအနေက တစ်မျိုးပေါ့။ ဟုတ်မှာပေါ့လေ . . . ကျုပ် လေယာဉ်ပျံပေါ်က ကြည့်သရွေ့မြင်သရွေ့တော့ သစ်ပင်တွေနဲ့ တောင်တန်းမြင့်တွေသာ တွေ့ရတယ်၊ အဲဒီအထဲမှာမှ တစ်ခါတစ်ခါ တောတွေဝိုင်းတဲ့ ရွာကလေးတွေ၊ မြို့ကလေးတွေ မြင်မိပါတယ်”

ထိုအခိုက်တွင် ဗိုလ်ချုပ်၏သက်တော်စောင့်ဗိုလ်ကြီးသည် နောက်ပါ ဂျပန်တပ်ကြပ်နှစ်ဦး၏ အကူအညီဖြင့် သေနတ်သေတ္တာ လေးငါးခုကိုဆွဲကာ ရောက်လာပါသည်။ ချက်ချင်းပင် ဗိုလ်ချုပ်ဘင်နီတို သည် သူ၏ဗိုလ်ကြီးလက်ထဲမှ သေနတ်သေတ္တာတစ်ခုကို ဆွဲကာဖွင့်လိုက်ပြီး၊ မဂ္ဂဇင်းရိုင်ဖယ်တစ်လက်ကို ဆွဲထုတ်ကာ ထောင်၍ပြလိုက်၏။ ထိုရိုင်ဖယ်တွင် သာမန်မှန်ချိန် (သံမှန်ချိန်)အစား မှန်ပြောင်းအသုံးပြုရသော မှန်ချိန်တစ်ခုကိုတွေ့ ရပြီး မောင်းတန်မှာ မော်ဇာကုမ္ပဏီလုပ် မောင်းတန်ပုံစံမျိုး ဖြစ်နေသည်ကြောင့် . . .

"ဗိုလ်ချုပ်သေနတ်ဟာ ဂျာမန်သေနတ်မျိုး ဖြစ်မလားပဲ၊ ပြောင်းဝအကျယ်ကတော့ . ၃၀ အမျိုးအစားထင်ပါရဲ့”

ကျေနပ်နေသောမျက်နှာဖြင့် ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်ကို လှမ်း၍ကြည့်လိုက်ပြီး . .

"ဟုတ်တယ်ဗျို့ . . . မော်ဇာကုမ္ပဏီက အော်ဒါနဲ့လုပ်ပေးတဲ့ • ၃၀-၀၆ အမျိုးအစားသေနတ်ဗျ၊ ဘယ့်နဲ့လဲ . . . ချိန်စမ်းကြည့်ပါဦး”

ကျွန်တော်သည် တရိုတသေ ရိုင်ဖယ်ကိုယူငင်ကာ ညာဘက်လက်ဖဝါးဖြင့် ရိုင်ဖယ်၏ကျည်ဇလုတ်ရှေ့နားမှကိုင်ကာ ဘယ်ဘက်လက်ဖဝါးပေါ်၌တင်လိုက်ပြီး အညီအမျှ ချိန်စမ်းကြည့်လိုက်သည်။

"အချိန်အဆကောင်းပါတယ် ဗိုလ်ချုပ်။ ခုနစ်ပေါင်ခွဲခန့်လောက်ပဲ ရှိမယ်”

ဗိုလ်ချုပ်ဘင်နီတိုသည် အင်္ဂလိပ်အလေးချိန်ကို သူတို့၏ တွက်ကိန်းဂရမ်းချိန်နှင့်တွက်လိုက်ပြီး

“ဟုတ်တယ်ဗျို့. . . . ခွန်နှစ်ပေါင်ခွဲပဲ”

ထို့နောက် မဂ္ဂဇင်းရိုင်ဖယ်တစ်လက်ကို ထုတ်လိုက်ပြီး ကျွန်တော့်လက်သို့ ပေးအပ်လိုက်ပြန်၏။ ကျွန်တော်သည် ယခုတွေ့မြင်ရသော ရိုင်ဖယ်မျိုးကို တစ်လက်တလေမှ မတွေ့ဘူးခဲ့ချေ။ သို့ရာတွင် မောင်းတန်၏ဆောက်လုပ်ထားပုံကို အတော်ကြာကြာ အကဲခတ်၍ မှန်းဆလိုက်ပြီး . . .

“ဒီရိုင်ဖယ်ဟာ ဒဿမ ၄ဝဝ အထက်က ရိုင်ဖယ်ဖြစ်ပြီး ကျွန်တော့်အထင် အီတလီအမျိုးသားလုပ် ရိုင်ဖယ်ဖြစ်မယ်ထင်ပါတယ် ခင်ဗျား”

ကျွန်တော်၏ကျောပြင်ကို ဝမ်းသာအားရပုတ်လိုက်ပြီး . . .

"ဘယ့်နဲ့ ဗိုလ်မှူးကြီး . . . သေနတ်အကြောင်း အားကြီးသိလှချည်လား၊ မှန်တယ်ခင်ဗျ၊ ဂျာမန် . ၄ဝ၄ သေနတ်မျိုးကို ကျုပ် အီတလီ ဘာရစ်တာကုမ္ပဏီမှာ အထူးအလုပ်ခိုင်းခဲ့တဲ့ . ၄ဝ၄ ရိုင်ဖယ်အမျိုး အစားပဲ ဗိုလ်မှူးကြီး။ ဘယ်လိုသဘောရသလဲ။ ကျုပ်တို့ အီတလီသေနတ်တွေ အသုံးပြုကြည့်ပြီးပြီလား၊ မျက်မြင်ယူဆချက်ကလေးတွေ မသိရဘူး လား”

“ကျွန်တော်တော့ အီတလီသေနတ်မျိုးထဲကဆိုရင် ဘာရစ်တာကုမ္ပဏီကလုပ်တဲ့ နှစ်လုံးပြူးနဲ့ ခြောက်လုံးပြူးတွေသာ သုံးဘူးပါတယ်၊ အမျိုးအစားမညံ့ပါဘူး၊ ဂျာမန်လက်နက်တော့ မီနိုင်ပါတယ်ထင်ပါရဲ့”

"ဟုတ်တယ် ... ဟုတ်တယ်၊ ဂျာမဏီက ကျုပ်တို့ပြည်ထက် လက်နက်ဆောက်လုပ်ရေးမှာ တပန်းသာတယ်။ ကမ္ဘာ့လက်နက်ဈေးမှာ သူက နေရာဦးနှင့်တယ်ဗျ"

ထို့နောက် သူသည် သူ၏အမြတ်တနိုး ယူဆောင်လာခဲ့သော စင်ဘိုငှက်ပစ်သေနတ်များနှင့် သားကောင်အသေးပစ် ရိုင်ဖယ်တစ်လက်နှင့် မောင်းပြန်အော်တိုမစ်တစ်  . ၃ဝ၅ ဗို့ ရိုင်ဖယ်တစ်လက်တို့ကိုပါ ထုတ်၍ပြသပြန်ပါသည်။

"ဗိုလ်ချုပ်ရဲ့နှစ်လုံးပြူးရိုင်ဖယ် အသုံးမပြုဘူးလား”

ကျွန်တော်က အမှတ်တမဲ့ မေးလိုက်သည်တွင်

“လေးပြီး ကန်လွန်းလို့ဗျာ . . . ပြီးတော့ မောင်းပြန်ရိုင်ဖယ်တွေ ဒီလောက်တိုးတက်ခဲ့ခေတ်မှာ နှစ်လုံးပြူးရိုင်ဖယ် လိုသေးသလား ဗိုလ်မှူးကြီးရဲ့”

ကျွန်တော်သည် အငြင်းအခုံစကားမပြောမိစေရန်အတွက် အသာငြိမ်၍နေလိုက်ပါသည်။ ကျွန်တော်တို့ သေနတ်အကြောင်းမှာ စကားပြောဆွေးနွေး၍ကောင်းနေစဉ်တွင် မာရီယားသည် ကြော့ပေ့လှပေ့ ဆိုသည့်အဝတ်အစားများဖြင့် ရေမွှေးပေါင်ဒါနံ့တသင်းသင်းနှင့် ကျွန်တော်တို့ရှိရာသို့ ကနွဲ့ကလျဟန်အမူအရာကလေး ပေါ်လွင်စေလျက် ဝင်ရောက်လာပါတော့၏။

ဗိုလ်ချုပ်ဘင်နီတိုသည် အီတလီဘာသာဖြင့် မာရီယားသို့ ရောနှော၍ပြောလိုက်သည်တွင် မာရီယားသည် အပြုံးကလေးစွက်ကာ ပါးခွက်ကလေးတွေပေါ်လာစေအောင် ကဗျာဆန်ဆန် မျက်နှာကလေးကိုမော့၍ အင်္ဂလိပ်ဘာသာဖြင့် . . .





လမ်းဘယ်မမြင် မြိုင်ဟေဝန်ဝယ်

“မာရီယားလဲ ဗိုလ်မှူးကြီးတို့နဲ့အတူ သေနတ်ပစ်လိုက်မှာနော်၊ ခုတင်က ဗိုလ်ချုပ်က မေးနေသေးတယ်၊ တောထဲ စွန့်စားခန်းတွေမှာ မာရီယားလိုက်ပါလို့ဖြစ်ပါ့မလားတဲ့၊ ဘယ့်နဲ့ရှင် . . . နာမည်ကျော်ကြားတဲ့ သားကောင်ကြီးတွေ ပစ်ခတ်ရာမှာ သတ္တိအလွန်ရှိတဲ့ ဗိုလ်မှူးကြီးနဲ့ ဗိုလ်ချုပ်ကြီးတွေရဲ့ တကယ့်စွန့်စားခန်းတွေကို အခွင့်ကြုံလို့မှ မာရီယားဝင်မကြည့်လိုက်ရရင် ရာဇဝင်ရိုင်းသွားမှာပေါ့၊ တကယ်တော့လဲ မာရီယားဟာ စွန့်စားမှုဝါသနာကိုယ်တိုင်ပါတဲ့သူပါရှင်။ ရှေးခေတ်ကတည်းက စွန့်စားမှုဘက်မှာ ထိပ်ဆုံးကတက်လာခဲ့တဲ့ ရောမပြည်သူ ဂက်ခပါစစ်သူကြီးရဲ့သွေးအဆက်အနွယ်မဟုတ်ပါလားရှင်”

ဗိုလ်ချုပ်ဘင်နီတိုသည် အားရပါးရ စားပွဲကို လက်ဖဝါးဖြင့် ရိုက်ခတ်ရင်း ချီးကျူးထောပနာပြုလိုက်ပါ၏။ ကျွန်တော်သည် ဥရောပ အမျိုးသမီးအား ကြိုတင်၍ အန္တရာယ်များ၊ ဒုက္ခများ၊ ပြဿနာများ ရှိနေကြောင်းကို သတိပေးရန် တာဝန်ရှိနေသည့်အတိုင်း . . .

“မဒမ် . . . တစ်ဆိတ် သတိပေးပါရစေခင်ဗျာ၊ ခုလိုသတိပေးတဲ့အတွက် စိတ်မရှိဖို့ ကြိုတင်တောင်းပန်ပါရစေ။ ခု ဗိုလ်ချုပ်နဲ့ ကျွန်တော် သွားရောက်ကြမယ့်ဒေသဟာ ယဉ်ကျေးတဲ့ ခရီးလမ်းပန်းကောင်းမွန်တဲ့ဒေသ မဟုတ်ဘူးနော်၊ ထမင်းငတ်ချင်ရင် ငတ်မယ်၊ ပြီးတော့ ကိုယ့်ခြေကိုယ့်လက်အားကိုးနဲ့ သွားရမှာခင်ဗျ၊ အလျဉ်းသင့်မှ နွားလှည်းကလေးဘာလေး စီးရင်စီးရမယ်၊ လူတွေကို အရှင်လတ်လတ်ကို ကိုက်ချီစားသောက်တဲ့ တိရစ္ဆာန်ဆိုးတွေ၊ ကျားရဲတွေတောဆတ်တွေ၊ ပြောင်ကြီးတွေနဲ့ အချိန်မရွေး ရင်ဆိုင်ရမယ့် တကယ့်အန္တရာယ် များတဲ့နေရာနော်၊ ကဲ မဒမ် ပြင်ဆင်ပြီး စကားကိုပြောချင် ပြောနိုင်ပါသေးတယ်၊ ကျွန်တော် အချိန်အခါ အခွင့်အလမ်းပေးလိုက်ပါ့မယ်”

“အိုး ! ဘယ်လိုအန္တရာယ်မှ မာရီယား ဂရုမစိုက်ဘူး၊ အပြောနဲ့ လက်တွေ့ တကယ်တန်းမှာ အဖြေပေးရမှာပေါ့ရှင်၊ မာရီယားက လိုက်မယ်ဆိုရင် ရဲရဲကြီးလိုက်မှာပဲ၊ ဗိုလ်မှူးကြီးက ကျွန်မအတွက် စိုးရိမ်လို့ ကြိုတင်သတိပေးတာ ကျွန်မ သိပါတယ်ရှင်၊ ကျေးဇူးလဲတင်ပါတယ်၊ ဒါပေမယ့် မာရီယားက နောက်မဆုတ်တမ်းပဲ”

“အာဂသတ္တိမယ်” ကျွန်တော်သည် စိတ်ထဲမှ ချီးကျူးမိသလောက် ကျွန်တော်၏ညာလက်ကို မာရီယားညာဘက်လက်ဆီသို့ နှုတ်ဆက်ရန် ကမ်းလိုက်မိပါ၏။ ဗိုလ်ချုပ်ဘင်နီတိုသည် ဘေးမှအားရ ဝမ်းသာဖြစ်လွန်း၍ လက်ခုပ်တီးကာ ချီးကျူးလိုက်၏။ ကျန်ဂျပန်စစ်ဘက်ရော၊ ဗမာ့တပ်မတော်က အရာရှိများကပါ ဝိုင်း၍ တစ်ခဲနက် ဩဘာပေးသည့်လက်သံများသည် တုန်ဟည်းကာပေါ်ထွက်လာပါတော့သည်။ မာရီယားသည် ကျေနပ်နှစ်သိမ့်သောအပြုံးများနှင့် ကျွန်တော်၏ ညာဘက်ကို အားရပါးရကိုင်ဆွဲကာ ဝှေ့ရမ်းနှုတ်ဆက်ရင် ကတိသစ္စာ ပြုလိုက်ပါတော့၏။

“ရာသီဥတုရော ဘယ်လိုလဲ ဗိုလ်မှူးကြီး၊ ရန်ကုန်မြို့နဲ့စာရင် ပူစပ်ပူလောင်ကြီးများ ဖြစ်နေမှာလား၊ အီတလီ ဆိုမာရီနယ်မြေကလို”

ဗိုလ်ချုပ်ဘင်နီတိုက မေးမြန်းလိုက်သည်တွင် . . .

“ရန်ကုန်နဲ့တော့ ကွာခြားပါတယ်၊ ဗိုလ်ချုပ် အတော်ချမ်းမယ်၊ ဒါကိုတော့ ရဲရဲကြီးပြောလိုက်ပါတယ်၊ နံနက်သုံးနာရီကနေပြီး နံနက်ကိုးနာရီ ဆယ်နာရီအထိ နှင်းကျတာ၊ ဆယ်ကိုက်အတွင်း လူတစ်ယောက်နဲ့တစ်ယောက် မမြင်နိုင်ဘူးခင်ဗျာ”

“ကောင်းလိုက်လေဗျာ . . . ကျုပ် ခုတောင်ထပြီးသွားချင်ပြီ ဗိုလ်မှူးကြီး၊ ကိုင်း . . . ဂျပန်စစ်ဘက်က အရာရှိတွေ ကျုပ်တို့နဲ့ တောထဲလိုက်ဖို့ မလိုပါဘူးဗျာ၊ သူတို့တာဝန်အရသာ မြို့ကနေပြီး ကျုပ်တို့လို တာတွေပို့ပေးဖို့ပဲ၊ ဟုတ်ရဲ့လား ဂျင်နရယ်”

“မှန်ပါတယ်၊ ဗိုလ်ချုပ်အမိန့်အတိုင်း အားလုံးအသင့်ရှိပါစေ့မယ်”

ဂျင်နရယ်ရာမမိုတိုသည် ရိုသေစွာရုပ်၍ ပြောကြားလိုက်ပါသည်။

ကျွန်တော်သည် ထ၍ ဗိုလ်ချုပ်ဘင်နီတိုဆီသို့ လှည့်ကာ . .

“ဗိုလ်ချုပ်အတွက် တောလိုက်အဝတ်အစားတွေ ဖိနပ်တွေ၊ အနွေးထည်တွေ အရန်သင့်ပါရဲ့လားခင်ဗျာ၊ အမျိုးသမီးအတွက်တော့ အခြေအနေ တစ်ဆိတ်သိပါရစေ”

“စိတ်ချပါ ဗိုလ်မှူးကြီး၊ ကျွန်တော်တို့အတွက်တော့ အားလုံး အဆင်သင့်ပဲ၊ မုတ်ဆိတ်ရိတ်တဲ့ဓားကစပြီး အိပ်ရာ၊ ခြင်ထောင်အထိ အားလုံး အရန်သင့်ပဲ၊ မာရီယား . . . ဘာလိုသေးသလဲ၊ တစ်ဆိတ် ကြိုတင်ပြီး စီစဉ်ချုပ်လုပ်နိုင်အောင်လို့”

“မလိုပါဘူး ဘင်နီ၊ ကျွန်မ အားလုံးချုပ်လုပ်ပြီးယူလာခဲ့ပြီမို့”

ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုအား အလေးပြုလိုက်ပြီး . . .

"ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါဦး ဗိုလ်ချုပ်၊ အခြားအသေးအဖွဲကိစ္စတွေ စီစဉ်ပါရစေ”

“ကောင်းပြီ . . . ကောင်းပြီ၊ ကျုပ်တို့ ဒီရန်ကုန်က ဘယ်တော့ စပြီးထွက်ခွာနိုင်ပါ့မလဲ၊ ကျုပ်တော့ မြို့ကြီးပြကြီးတွေ နေလာရတာ ပျင်းလာပြီဗျို့၊ မြန်မြန်လုပ်ကြဗျာ”

“သုံးရက်အတွင်း အပြီးစီစဉ်ပေးပါမယ် ဗိုလ်ချုပ်”

ဂျင်နရယ်ရာမမိုတိုက ဝင်ရောက်၍ ရက်ပိုင်း ရက်ချိန်း ကန့်သတ်အစီရင်ခံလိုက်ပါသည်။

ထို့နေ့ နံနက်ပိုင်းမှစ၍ ဂျင်နရယ်ရာမမိုတိုသည် လိုအပ်သော ကျည်အားကို နိပွန်တပ်မတော်စစ်ဌာနချုပ်မှနေ၍ ဂျပန်တပ်ပေါင်းစုအားလုံးသို့ ဝိုင်ယာလက်စက်ဖြင့်လွှင့်၍ စုဆောင်းရှာဖွေစေပြီး အမြန်ပို့အပ်ခိုင်းစေပါသည်။

ကျွန်တော့်အဖို့၌လည်း ပျဉ်းမနား၌ကျန်ရစ်သော ဦးဘိုးဟန်၊ ဦးနု၊ ကိုဘိုးရုံနှင့် ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်ကြီးသန်းထွန်းတို့လူသိုက်ထံ သေနတ်အားလုံး တိုက်ချွတ်၍ ကျည်အားစာရင်း အတိအကျ ရိက္ခာများ အဆင်သင့်ဖြစ်စေခြင်း၊ သစ်တောဌာနသို့ ဝန်တင်စီးဆင်များ စုဆောင်းစေခြင်း၊ တောဆင်ကြီး၊ ပြောင်၊ ကျားရဲများပေါများရာ တောကြီးကြီးဒေသများကို ရွေးမှတ်စုဆောင်းထားကာ တောကျွမ်းကျင်သည့် လမ်းပြများကို တပ်ရင်းရုံး၌ အဆင်သင့်ခေါ်ယူထားစေ၏။

ဆေးဝါးကိရိယာများနှင့် တပ်ရင်းဆေးမှူး ဗိုလ်ညွန့်ဝင်းအားလည်း သူ၏ဆေးကြပ်ကြီးများနှင့် ခရီးထွက်ရေး၌ အသင့်လိုက်ပါစေရန် အမိန့်ထုတ်ဆင့်ထားခိုင်းလိုက်ရ၏။ ကျွန်တော် စိတ်ပူမိသော ကိစ္စ အချက်မှာ သစ်တောဌာနမှ ဆင်များ လိုသလောက်မရမည့်အချက်ပင်။ ယခုကဲ့သို့ ဆောင်းဝင်ပြီးနောက် သစ်တောဆင်များသည် သရက်နယ်၊ မိတ္ထီလာနယ်စပ်များသို့ အစိုးရကျွန်းပင်များကို စုဆောင်းခြင်း၊ ငုတ်ထုတ်ခြင်း စသည့် သစ်တောလုပ်ငန်းများဆောင်ရွက်ရန်အတွက် တာဝန်အသီးသီးခွဲ၍ စေလွှတ်ထားသောကြောင့်တည်း။

ထို့ကြောင့်လည်း ကျွန်တော်က နီးရာဒေသသို့ရောက်နေသော ဆင်များကို အမြန်စုဆောင် ၍ တပ်ရင်းနှင့်နီးနီး "ကွေ့လယ်ကြီး”စခန်း၌ အရန်သင့်စုရုံးထားရန်ပါ ညွှန်ကြားလိုက်ရပါတော့သည်။

(သားမျိုးစုံလီ မြန်မာပြည်ဝယ်)

ကျွန်တော်သည် ပျဉ်းမနားတပ်ရင်းရုံးစိုက်ရာ၌ ဗိုလ်ချုပ်ဘင်နီတိုနှင့်အဖွဲ့အား ကြာကြာမထားလိုချေ။ အကြောင်းမှာ ထိုအချိန်အခါက ကျွန်တော်၏တပ်ရင်းနယ်မြေ၌ အိမ်ကောင်းယာကောင်းမရှိဘဲ သက်ကယ်မိုးကာ၊ ဝါးထရံကာထားသော ပျဉ်ခင်းအဆောက်အဦများသာ ရှိနေ၍ ဥရောပစစ်သည်တော်များအဖို့ များစွာအနေအထိုင်ရ ခက်တော့မည်။

ထို့ကြောင့်လည်း ကျွန်တော်တို့သည် ဗိုလ်ချုပ်ဘင်နီတိုနှင့်အဖွဲ့ဝင်များကို ကားဖြင့်ခေါ်ယူခဲ့ပြီး၊ ညနေချမ်း၍ ကျွန်တော်၏တပ်ရင်းရုံးစိုက်ရာ ပျဉ်းမနားစခမ်းသို့ ဆိုက်ရောက်ခဲ့ကြသည်။

ဂုဏ်ထူးဆောင်တပ်ဖွဲ့၏အလေးပြုခြင်းကို ဗိုလ်ချုပ်ဘင်နီတိုသည် ဝမ်းသာအားရခံယူပြီး တပ်ဖွဲ့ကို လိုက်လံ၍ စနစ်တကျ စစ်ဆေးကြည့်ရှုပါသည်။ ထို့နောက် သူတို့အတွက် သတ်သတ်စီစဉ်ထားသော အုတ်ခံအပေါ်မှ အုတ်ကြွပ်မိုးအဆောက်အဦးဆီသို့ ခေါ်ဆောင်ကာ နေရာချထားပေးလိုက်ပါသည်။

ဗိုလ်ချုပ်ဘင်နီတိုသည် မှန်ပြောင်းကြီးတစ်လက်ကို လည်ပင်း၌လွယ်ကာ ပျဉ်းမနားမြို့ အရှေ့ဘက်နှင့် အနောက်ဘက်နယ်များ၌ ထီးထီးမားမားကြီး အိပ်ပျော်နေကြသည့် မြွေကြီးနှစ်ကောင်၏သဏ္ဌာန် များနှင့်တူသည့် အရှေ့ဘက်ရှမ်းရိုးမနှင့် အနောက်ဘက် ပဲခူးရိုးမကြီးများကို အားရပါးရကြည့်ရှုရင်း ဓာတ်ပုံတဖျတ်ဖျတ်ရိုက်ကူးနေတော့သည်။ ထို့နောက် တောင်ခြေမှာ ယာခင်းများ၊ လယ်တောများ ကွေ့ကွေ့ ကောက်ကောက်စီးဆင်းနေသော ချောင်းများကို တအံ့ဩဩ မှန်ပြောင်းနှင့်ကြည့်ကာ . . .

“တကယ်ပါဗျာ အားကြီးရှုမျှော်ခင်းကောင်းတွေပါ၊ မာရီယာ ကြည့်စမ်း၊ ဒီတောင်ကြီးက တောင်ခိုးတွေထွက်နေပုံရယ်၊ ပြီးတော့ အောက်ခံလယ်ကွင်းဝါဝါတွေနဲ့ ချောင်းက ဟိုတစ်ကွေ့ ဒီတစ်ကွေ့ စီးနေတာဟာ ဘယ်လောက်တင့်တယ်သလဲကွယ်၊ စိတ်ကို ကြည်သွားတာပဲ”

“အင်မတန်ပျော်စရာကောင်းတဲ့နေရာပဲ ဘင်နီ ။ ဟောဒီ ယူကလစ်ပင်ကြီးတွေက အရွက်သင်းသင်းကလေးတွေ၊ ဟောဟိုဘက်က မြန်မာပြည်မှာပေါက်ရောက်တဲ့ ပန်းတွေနဲ့ သစ်ပင်မျိုးစုံ စိုက်ပျိုးထားတဲ့ သစ်တောပန်းခြံပဲ၊ ဟော . . . ဟော . . . ကြည့်စမ်း၊ ကြိုးတံတား ဖြူဖြူကလေးက ချောင်းကို ဟိုဘက်ဒီဘက် သွယ်တန်းထားတယ်”

ဗိုလ်ချုပ်၏သက်တော်စောင့် ဗိုလ်ကြီးဖရစ်(စ်)အဖို့၌လည်း သူ၏ဗိုလ်ချုပ်နောက်မှကပ်ကာ အတော်စိတ်ရွှင်နေပုံ တွေ့ ရပါသည်။

“ရုတ်တရက်ဆိုရင် ကျွန်တော်တို့အီတလီပြည်က
နေပယ်မြို့နယ်ရောက်နေသလိုပဲ ကာနယ်၊ မြန်မာပြည်ဟာ အားကြီးသာယာလှပါကလားခင်ဗျာ”

ဗိုလ်ကြီးဖရစ်(စ်)သည် ချီးမွမ်းနေတော့သည်။ မှန်ပေသည်။ ရှုမျှော်ခင်းတွေကို မနားတမ်းကြည့်နေသောနေရာကား ၎င်းတို့နောက်ရှိ ပျဉ်းမနားမြို့၊ အနောက်မြောက်ထောင့်ကျကျ မြန်မာနိုင်ငံ သစ်တော ချောင်းကြီးနေရာတစ်စိတ်ရှိ တောင်ကုန်းများပေါ်၌ ဖြစ်သောကြောင့်တည်း။ ထိုနေရာကား ပျဉ်းမနားမြို့ကို ဆီး၍ကြည့်မြင်နိုင်သော တောင် ထွတ်အငူ အမြင့် နေရာကောင်းတစ်ခုသာ ဖြစ်သောကြောင့်ပင်။

ညဉ့်စာမစားမီ ဗိုလ်ချုပ်ဘင်နီတိုအား ကျွန်တော်နှင့်ဦးဘိုးဟန်တို့က မည်သည့်သားကောင်များပစ်ခတ်လိုသည်၊ မည်သည့်ဒေသများသို့ သွားရောက်လိုသည်တို့ကို အသေးစိတ်တိုင်ပင်မေးမြန်းကြပါသည်။

ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်အား ကြံ့၊ ပြောင်၊ ဆင်၊ ကျား ပေါများရာဒေသသို့ သွားရောက်လိုကြောင်းနှင့်တကွ တောင်ဆင်းတောင်တက် သိပ်မများသောဒေသ၌ လှည့်လည်ပစ်ခတ်ရန်လိုကြောင်းကို ပြောကြားသည်တွင် ကျွန်တော်သည် မူလရွေးချယ်ထားခဲ့သည့် ပျဉ်းမနားအနောက်နယ် နှစ်ဌာန ကျားကိုက်ဖျားနှင့် ငလိုက်ချောင်းဖျားဒေသနှစ်ရပ်ကို လည်းကောင်း၊ ပျဉ်းမနားသစ်တောခရိုင်နှင့် တောင်ငူသစ်တောခရိုင်တို့ တွေ့ဆုံရာ သိုင်းနယ်အပါအဝင် ဝါးရဲ၊ မန်ကျည်းကုန်း၊ အောင်သာ၊ ကန်ချုပ်ဒေသတစ်လျှောက်နှင့် ခွေးအ-အိုင်ချောင်း ဒေသနယ်ပယ်များတို့ကို လေးဌာနအနေဖြင့် သတ်မှတ်ထားခဲ့၏။

သို့ရာတွင် ဗိုလ်ချုပ်ဘင်နီတို့၏ တောင်သိပ်မတက်ရသောဒေသဟူ၍ သတ်မှတ်ပေးထားခဲ့သည်ကြောင့် ဖော်ပြပါလေးဌာနအနက်က တောင်ကမ်းသိပ်မကြီးမားသော ဒေသတစ်ခုခုကို ရွေးချယ်ရပေလိမ့်မည်။

ထို့ကြောင့် ဖော်ပြပြီးသော လေးဌာနအခြေအနေကို ပြန်လည်ဝေဖန်ကြည့်ရာ၌ ကျားကိုက်ဒေသ (ပဲခူးရိုးမအခြေစိုက်)သည် တောင်တန်းမြင့်မားသလောက် သားကောင်ကြီးတွေ များပြားလှ၏။ ငါးလိုက်ချောင်း၊ ဆင်သေချောင်း၊ သထုံချောင်း၊ ငါးသိုင်းချောင်း သုံးချောင်းဆုံရာဒေသဖြစ်သလောက် တောင်တန်းကြီးများသည် သားကောင်ကြီးတွေ၏ ခိုအောင်းရာဒေသ ဖြစ်တော့သည်။

ရှမ်းရိုးမအခြေပြု ပြင်ကျယ်ဒေသသည် တောင်တန်း အလွန်ကြီးမားသည်။ ရှားပါးသော တောင်ဆိတ်မျိုးပင်များ တွေ့လိုက်ရပေသည်။ ခွေးအ-အိုင်ချောင်းဒေသ ပြင်ကျယ်ဒေသထက် တောင်တန်းနိမ့်သည့် ကျဉ်းချိုင့်ဝှမ်းဒေသ ဖြစ်သည်။ အလွန်ရှားပါးသောကြံ့မျိုး သုံးလေးအုပ် ရှိနေကြောင်းနှင့်တကွ တောဆင်အုပ်၊ ပြောင်အုပ်၊စိုင်အုပ်များရှိနေကြောင်း အထောက်တော်များ၏ အစီရင်ခံစာရရှိပြီး ဖြစ်စေသည်။

ထို့ကြောင့် ကျွန်တော်သည် ခွေးအ-အိုင်ချောင်းဒေသကိုဗိုလ်ချုပ်ဘင်နီနှင့်အဖွဲ့အား ခေါ်ဆောင်သွားရန် ရွေးချယ်လိုက်ရပေ၏။

"ကောင်းပါပြီ ဗိုလ်ချုပ် . . . တောင်သိပ်မတက်ရတဲ့ဒေသကို ကျွန်တော်တို့ သွားကြပါမယ်၊ အဲဒီမှာ ဆူမတ္တရားကြံ့မျိုး၊ ချိုတစ်ချောင်းသာရှိသည့် ကြံ့မျိုးနဲ့ ပြောင်၊ စိုင်၊ တောဆင်၊ ကျားတွေ ပစ်ခတ်နိုင်ပါ လိမ့်မယ်”

“နေပါဦး ဗိုလ်မှူးကြီးရယ် . . . ဆူမတ္တရားကြံ့ ဟုတ်လား။ အာဖရိကကြံ့နဲ့ ဘယ်လိုကွာခြားသလဲဗျာ၊ ရှင်းစမ်းပါဦး”

ဗိုလ်ချုပ်ဘင်နီတိုက မေးမြန်းသည်ကြောင့် ပိုမိုလွယ်ကူစေရန် ကျွန်တော်ပစ်ခတ်၍ ရရှိသည့် ကြံ့များ၏ဓာတ်ပုံ၊ ခေါင်းပိုင်းချိုနှစ်ချောင်း တို့ကို ချက်ချင်းယူ၍ပြသရင်း ဆူမတ္တရားကြံ့မျိုး (Rhinoceros Sumatras) အကြောင်းကို ရှင်းလင်းပြောပြကာ၊ အိန္ဒိယ၊ မြန်မာပြည်၊ မလေးဆူမတ္တရား ပြည်များ၌ တွေ့ရှိနေသော ကမ္ဘာပေါ်ရှိ ကြံ့မျိုး နှစ်မျိုးအနက် တစ်မျိုးအကြောင်းကို ဓာတ်ပုံအကိုးအကား၊ တိရစ္ဆာန်ဗေဒကျမ်းကြီးများကိုပါ တင်ပြလိုက်ရပေသည်။ ထိုအခါမှ ဗိုလ်ချုပ်သည် ပိုမိုစိတ်ပါဝင်စားလာ ပြန်တော့သည်။

“ကောင်းပြီဗျို့ . . . ကျုပ်တော့ ဆူမတ္တရားကြံ့တစ်ကောင်တော့ မရရအောင်ပစ်မယ်၊ မျိုးဆက်အကြောင်းသိဖို့ စုံစမ်းဖို့အတွက်ပဲ”

အခွင့်ကောင်းကိုစောင့်နေသော ကျွန်တော်သည် ဗိုလ်ချုပ် ဘင်နီတိုသို့

“ခုသွားရမယ့်ခရီးကတော့ တောအားကြီးထူထပ်သလောက် ချောင်ကျပြီး အန္တရာယ်များတယ် ဗိုလ်ချုပ်၊ ကျားကို အားကြီးသတိပြုရလိမ့်မယ်ခင်ဗျ၊ အာဖရိကတိုက်က ခြင်္သေ့ဟာ လူကိုကြောက်တဲ့အခါ ကြောက်သေးတယ်၊ မြန်မာပြည်က ကျားကတော့ လူတွေ့ရင် သူတို့သားကောင်လို အမြဲတမ်းသတ်မှတ်ထားလို့ လက်ဦးတဲ့ဘက်က နိုင်စတမ်း ဖြစ်ပါတယ်၊ ပြီးတော့ ရာသီဥတုက ဆောင်းအလယ်ကို ဝင်လာပြီမို့ အားကြီးအေးပြီး၊ နှင်းမှုန်ရဲ့ပြဿနာလဲ ရှိနေပါတယ်၊ တချို့နေရာလောက်ပဲ ဆင်ယဉ်တွေ အသုံးပြုနိုင်ပါလိမ့်မယ်၊ ခြေထောက်အားကိုးရတဲ့အခါများ ပါလာလိမ့်မယ်ခင်ဗျ”

“ဆင်တွေ ကျွန်မတို့နဲ့ပါလာလိမ့်မယ်လား၊ တစ်ခါမှ ကျကျနန ဆင်ကိုမစီးဘူးတာနဲ့ နေရာကျလိုက်တာရှင်၊ ဘယ့်နဲ့လဲ ကာနယ် . . . ဆင်စီးရတာ ကုလားအုပ်စီးရသလိုပဲလား၊ ဆောင့်ဆောင့်အောင့်အောင့် ဖြစ်နေတတ်သလားရှင်”

မာရီယာသည် ကြားဝင်၍ ဆင်အကြောင်းကို မေးမြန်းသည် ကြောင့် ကျွန်တော်သည် စိတ်ရှည်လက်ရှည်ပင် အိမ်ရှင်ဝတ္တရားကျေပွန်စွာဖြင့်

“သိပ်မဆိုးပါဘူး မာရီယာ၊ ဝန်တင်ဆင်နဲ့ စီးဆင်ရယ်လို့ နှစ်မျိုးနှစ်စားရှိပါတယ်၊ စီးဆင်စီးရရင် တောထဲမှာ ဂျစ်ကားကလေးနဲ့ သွားရသလို သက်သာပြီး အားကြီးမြန်ပါတယ်၊ တောထူထပ်တဲ့ဒေသမှာ စီးဆင်ဟာ ပထမတန်း တောတွင်းသုံးယာဉ်ပါပဲ၊ ဒိပြင် တောထဲမှာ စက်နဲ့ယာဉ် သုံးလို့မရပါဘူးခင်ဗျာ”

“ဘာတွေပဲဖြစ်ဖြစ် ဗိုလ်မှူးကြီး . . . ကျုပ်ကျေနပ်တယ်၊ ကျုပ်တို့ရင်ဆိုင်မယ်၊ ကျုပ်အခက်အခဲတွေ တွေ့ ရလေလေ ပျော်လေလေပဲ၊ စစ်သားစိတ်ကိုဗျ၊ အသေးစိတ်စီစဉ်မှုတွေသာ စီစဉ်ပေတော့ ကာနယ်”

ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်အား ထပ်မံ၍ ကတိပေးအပ်ပြန်တော့သည်။ ကျွန်တော်သည် ဗိုလ်ချုပ်နှင့်အဖွဲ့အား အရန်သင့် ပြင်ဆင်ထားသော ညဉ့်စာထမင်းစားပွဲသို့ ခေါ်ဆောင်ခဲ့လေသည်။

တရုတ်ဟင်း၊ မြန်မာဟင်း၊ ဥရောပဟင်းမျိုးစုံတို့ကို ကြိုက်ရာစားသောက်နိုင်ရန် ပြင်ဆင်ထားခဲ့ရာ ဗိုလ်ချုပ်ဘင်နီတိုသည် များပြားလှသော ဟင်းခွက်များကို တွေ့ရသည်တွင် စားကောင်းသောက်ကောင်းမက်မောသူပီပီ ဆွေ့ဆွေ့ခုန်ခမန်း ကျေနပ်နေတော့၏။

ကျွန်တော့်အဖို့ ထမင်းနှင့် ဟင်းမျိုးစုံဆီသို့ အာရုံမခံနိုင်ဘဲ ကျွန်တော်လုပ်ဆောင်ရမည့် တာဝန်ရပ်များနှင့် အခက်အခဲများအတွက် စိတ်ထဲတွင် စိတ်တွက်တွက်ကာ လုပ်ဆောင်ရမည့်တာဝန် ချောချောမောမော အောင်မြင်မှုရရှိစေရန် စီစဉ်နေမိတော့၏။ အဓိကအရေးအကြီးဆုံးဖြစ်သည့် ဝန်တင်ဆင်နှင့် စီးဆင်များ အချိန်မီရရှိနိုင်ရေးစီစဉ်ချက်မှာ နောက်ဆုံးရက်အတွင်း၌ စာရင်းမှာ ဝန်တင်ဆင် ကိုးကောင်နှင့် စီးဆင် ငါးကောင်သာ ရရှိခဲ့ပေသည်။ ထိုထက် ကျွန်တော့်အဖို့ ကြိုးစားခြင်းငှာ မတတ်နိုင်တော့ပေ။ သုံးလေးရက်အတွင်း၌ ဝေးလံသောဒေသသို့ ရောက်ရှိနေသည့် အလုပ်ဆင်များကို စုဆောင်းရသည်မှာ အင်မတန်ပင်ပန်းခက်ခဲစေတော့သည်။

(တစ်ပွဲတစ်လမ်း ခရီးကြမ်းဝယ်)

ကံသာဘူတာမှအဆင်းတွင် အရန်သင့်ရောက်ရှိနေသော ဆင်များက ကျွန်တော်တို့၏ရိက္ခာများ၊ ပစ္စည်းများကို စောင့်ကြိုကာ တင်ဆောင်ကြပါသည်။ ကျွန်တော်သည် တတ်နိုင်သမျှ ဗိုလ်ချုပ်ဘင်နီတိုတို့အဖွဲ့အား သက်သာချောင်ချိမှုရရှိစေရန် စီစဉ်ထားခဲ့သည့်အလျောက် မိုးကာတဲခြောက်လုံး၊ တောတွင်းသုံး စားပွဲကုလားထိုင်၊ ခေါက်၍ရွှေ့ပြောင်းရာ၌ လွယ်ကူစေရန် ခေါက်ခုတင်များရိက္ခာ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ထောပတ်၊ဂျုံ၊ အာလူး၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါ၊ စည်သွတ်ရိက္ခာများ စသည်တို့ပင်လျှင် ဝန်တင်ဆင် ကိုးကောင်ပေါ်၌ ပြည့်ကျပ်သွားစေ တော့၏။

ဗိုလ်ချုပ်ဘင်နီတိုသည် တောလိုက်အဝတ်အစားများဖြင့် အပေါ့စား မဂ္ဂဇင်းရိုင်ဖယ်တစ်လက်ကိုလွယ်ကာ မှန်ပြောင်း၊ ရေဘူးများ လွယ်လျက်၊ သူ၏အရပ်အမောင်းနှင့် များစွာကြည့်၍ကောင်းလှပေ၏။ မာရီယာအဖို့၌လည်း တောလိုက်အဝတ်အစားဆင်ယင်ရာ၌ သက္ကလတ် ကာကီရောင် လက်ရှည်အင်္ကျီ၊ မြင်းစီးဘောင်းဘီရှည်။ ဒူးဆစ်ထိရှည်သည့် သားရေဖိနပ်၊ ခါးတွင် ခြောက်လုံးပြူးသေးသေးတစ်လက်ပါရှိသော ခါးပတ်နှင့် . ၁၆ ဗို့ နှစ်လုံးပြူးသေနတ်တစ်လက်တို့ဖြင့် ဝင့်ဝင့် ကြွားကြား ရှိနေပါသည်။

ကျွန်တော်သည် . ၃၇၅ မက်နမ်ရိုင်ဖယ်ကို ပခုံး၌ထမ်းလိုက်ပြီး ဗိုလ်ချုပ်ဘင်နီတိုသို့ . . .

“ကျွန်တော်တို့ ဒီကနေပြီး တောင်ဘက်စူးစူးကို ဖြတ်ကြရလိမ့်မယ် ဗိုလ်ချုပ်၊ ဒါကြောင့် စီးဆင်ပေါ်တက်ကြပါ”

"ကျွန်တော် ရှေ့ကနေပြီး ပိုင်အိုဒီယာ (ကင်းထောက်)အဖြစ်နဲ့သွားနှင့်မယ်ခင်ဗျာ၊ ဒါကြောင့်"

တဟဲဟဲရယ်ရင်း ဗိုလ်ချုပ်ဘင်နီတိုသည် . . .

“ကျုပ်လဲ ခြေလျင်လိုက်မယ် ကာနယ်ရဲ့၊ ဆင်စီးကျွမ်းကျင်ပေမယ့် ကျုပ် စစ်သားတစ်ယောက်ဆိုတာ မေ့နေပြီလား ကာနယ်”

ကျွန်တော့်အဖို့ ဘာမှဆင်ခြေတက်စရာမရှိတော့ချေ။ ထို့ကြောင့်စီးဆင်တစ်ကောင်ကို ဝပ်ခိုင်းလိုက်ပြီး၊ မာရီယာနှင့် ရဲဘော်ကျော်လှိုင်အား အဖော်အဖြစ် စီးဆင်ပေါ်သို့ အတက်ခိုင်းလိုက်ရပါသည်။ မာရီယာအား စီးဆင်ပေါ်သို့ရောက်အောင် ကျွန်တော်သည် သွက်လက်စွာဖြင့် ဘေးက ဖေးမကာ ဆင်ပေါ် အတက်တွင် မာရီယာသည် ရယ်မောရင်း

“ကျေးဇူးတင်ပါတယ် ကာနယ် . . . ဒါထက် တိုကျိုတုန်းက ခဝါအိစံဆီက စာတစ်စောင်နဲ့ ပစ္စည်းတစ်ခု ကာနယ်လက်ကို ဆက်ဆက်ပေးအပ်ဖို့ မာရီယား ယူလာခဲ့တယ်၊ ခုမှသတိရတယ်”

ကျွန်တော့်အဖို့ ရင်ထဲတွင် ဒိတ်ခနဲခုန်လာအောင် ဝမ်းအသာကြီး သာသွားတော့၏။

“ကျေးဇူးတင်လိုက်တာ မာရီယာ၊ ဒါနဲ့ ခု မရနိုင်ဘူးလား၊ ခဝါအိစံဆီက စာနဲ့ပစ္စည်း၊ သူ နေကောင်းရဲ့လား မာရီယာ”

တခစ်ခစ်ရယ်သံကလေးဖြင့် မာရီယာသည် ကျွန်တော့်အား မခို့တရို့ ကြည့်ကာ . . .

“ခဝါအိစံ နေကောင်းပါတယ်ရှင်၊ သိပ်သတိရနေပြီလား၊ ကာနယ်တို့ကိစ္စအောင်မြင်ပါပြီ၊ ဒါပေမယ့် ခဝါအိစံဆီက လက်ဆောင်နဲ့ စာတော့ ကျွန်မ တောထဲစခန်းရောက်မှ ပေးမယ်။ ခုချက်ချင်းပေးရင် ကာနယ် သိပ်ဝမ်းသာလွန်းလို့ လမ်းကောင်းကောင်းလျှောက်နိုင်မှာ မဟုတ်ဘူး”

ကျွန်တော့်အား လှောင်သလိုလိုပြောရင်း မာရီယာသည် ဈေးကိုင်လိုက်သည်ကြောင့် ကျွန်တော်သည် အလိုက်သင့်ရယ်မောရင်း ဗိုလ်ချုပ်ဘင်နီတိုဆီသို့ ထွက်ခွာလာခဲ့၏။

“ဘယ်လိုယူနီဖောင်းနဲ့ဖြစ်ဖြစ် သိပ်ကြည့်ကောင်းတဲ့ ကာနယ်ပဲ၊ အရပ်အမောင်းရော၊ ရုပ်ရော အဖက်ဖက်က . . . "

မပွင့်တပွင့် မာရီယာ၏ အင်္ဂလိပ်ဘာသာဖြင့် ကျွန်တော့်နောက်မှ ပြောလိုက်သောစကားသံကြောင့် ကျွန်တော်သည် ရင်တုန် နှလုံးခုန်၍သွားမိ၏။ မိန်းမတစ်ယောက်၏ချီးမွမ်းမှု၏နောက်ကွယ်မှ အဓိပ္ပာယ်နှင့် ရည်ရွယ်ချက်မှာ ထာဝစဉ် ဒွန်တွဲကာလိုက်ပါစမြဲဖြစ်သည်ကြောင့် အမဲပစ်ခတ်ရေးတွင် မိန်းမအရေးအခင်းများ ရှုပ်ထွေးလာမည်ကိုလည်း ကျွန်တော် အထူးစိုးရိမ်မိပါတော့သည်။

ကံကဘူတာမှ တောင်ဘက် ကန့်နီကုန်းရွာသို့ ဖြတ်၍တက်ခဲ့ပြီး၊ ၎င်းရွာမှ သုံးထပ်တောသို့ စတင်ကာ တဖြည်းဖြည်းနှင့် တက်ခဲ့တော့၏။ ဦးဘိုးဟန်နှင့် ကိုဘိုးရံ၊ တပ်ကြပ်ကြီးသန်းထွန်းတို့သည် ကျွန်တော်၏နောက်မှတန်းလျက် အမဲပစ်ရိုင်ဖယ်ကိုယ်စီ၊ ကျည်ဆန်အိတ်များ ဘယ်ညာသီးနေအောင်လွယ်ကာ မျက်စိရှင်ရှင်နှင့် လိုက်ပါခဲ့ကြသည်။

သုံးထပ်တောဆိုရာ၌ မြိုင်ဆန်လှသော ဝါးပင်၊ ကျွန်းပင်၊ ကသစ်ပင်များ စုပြုံ၍ပေါက်ရောက်ရာ၌ အောက်ခံမြေက တစ်ရစ်စီ တစ်ရစ်စီ ပိတ်ကာရစ်ကာ သုံးရစ်တိတိ လူတွေစီမံထားသကဲ့သို့ ပေါ်လွင် လှပစွာ သဘာဝ၏ဖန်တီးချက်အရ ဖြစ်ပေါ်နေသော တောင်တန်းများ ဖြစ်ပေ၏။ ကန့်နီကုန်းရွာမှ ကျွန်တော်၏တပည့်ကျော် မုဆိုး ကိုဘိုးရင်၊ ကိုတုတ်ပေါတို့ကလည်း အထုပ်အပိုးများ အသင့်လွယ်ကာ ကျွန်တော်တို့နောက်သို့ ကောက်ကောက်ပါအောင်လိုက်လာခဲ့ကြပါသည်။

“အတော်လှတဲ့တောပဲ ကာနယ်၊ ကြည့်စမ်း လူတွေ
 တမင်တကာလုပ်တာတောင် ဒီလောက်လှပချင်မှလှပမှာ”

ဂျင်နရယ်ဘင်နီတိုသည် သုံးထပ်တောကို တအံ့ဩဩ ကြည့်ရင်း မှတ်ချက်ချလိုက်သည်။ နံနက်စောစောပိုင်း လေကလည်းကလည်း ခပ်သုတ်သုတ်ဖြူးလိုက်ရာ၌ သဇင်နံ့များနှင့် ခွာညိုပန်းတို့ကလည်း လေပြေတွင်စီးကာ ကြိုင်လှိုင်၍ ပါလာပြန်တော့၏။

သက်တော်စောင့် ကပ္ပတိန်ဖရစ်(စ်)သည် နှာခေါင်းကို စူပွစူပွလုပ်ရင်း . . .

“မွှေးလိုက်တာဗျာတို့ . . . တကယ့်ကိုမွှေးခြင်းပဲ၊ ဘယ်က အပင်တွေကလဲ ကာနယ်" .

ကျွန်တော်သည် တစ်တောလုံး တစ်တောင်လုံး၌ သဇင်ပင်နှင့် ခွာညိုပင်များ ရာသီအလိုက် ဖူးပွင့်နေကြောင်းကို ပြန်ပြောလိုက်ရသည်။

"ကျုပ်တို့ကျောင်းတုန်းက ငယ်ငယ်က သင်ကြားခဲ့တဲ့ နတ်သမီးနိုင်ငံထဲကို ရောက်နေသလိုပဲ ကာနယ်၊ မြန်မာပြည်ဟာ တကယ်တော့ အင်မတန်သာယာကြည်နူးစရာတိုင်းပြည်ပဲဗျို့၊ ကျုပ်ကိုယ်တွေ့ဖြစ်နေပြီ”

ဂျင်နရယ်ဘင်နီတို ပြော၍မဆုံးမီ ဝါးရုံပင်များအကြားမှ ရစ်တစ်အုပ်သည် ရှူးခနဲ အုပ်လိုက်ချီကာ ကြောက်လန့်တကြားနှင့် တောဘက်သို့ ပျံတက်လိုက်သည်တွင် . .

“ဟာ ရစ်ငှက်တွေမြန်မြန်ပေးစမ်း . . . ငှက်ပစ်သေနတ် ၊ ဖရစ်(စ်) ... မြန်မြန်ဟေ့”

ကျွန်တော်သည် ဗိုလ်ချုပ်အား . . .

“ဗိုလ်ချုပ် . . . အမဲကြီးပစ်ချင်သလား၊ ငှက်ပဲပစ်ချင်သလား ... ခင်ဗျာ”

“ဪ . . . ဒီ .. လူနဲ့သိပ်နီးတဲ့နေရာမှာ အမဲကြီးရှိသလား၊ အမဲကြီးရှိရင် အမဲကြီးပစ်မှာပေါ့ ကာနယ်၊ ဟုတ်ပြီ . . . ဟုတ်ပြီ . . "

မကြာမီ ကျွန်တော်၏နောက်မှ ဦးဘိုးဟန်သည် လေသံနှင့်

“ဗိုလ်မှူးရေ . . . အနောက်ဘက်ထောင့်မှာ တွေ့ ရဲ့လားဗျို့၊ ဆင်းလာနေပြီ”

ချက်ချင်းပင် ကျွန်တော်သည် ကျွန်တော်တို့တက်နေသည့် အနောက်ဘက်ကုန်းတန်းအဆင်းသို့ လှမ်း၍ကြည့်လိုက်ရာတွင် ချိုကြီး တထောင်ထောင်နှင့် ဆတ်ပေါက်ကြီးတစ်ကောင်၏ ခေါင်းပိုင်းကို တွေ့ရသည်ကြောင့် . . .

"ဗိုလ်ချုပ် . . အနောက်ဘက်တောင်ကုန်းအဆင်း လေးဆယ့်ငါးဒီဂရီ”

ပစ်ကွင်းပြောလိုက်သည်တွင် ဗိုလ်ချုပ်သည် ခြေစုံရပ်ကာ ကျွန်တော်ညွှန်ပြရာသို့ စိုက်၍ကြည့်လိုက်ပြီးမှ

“ဟာ . . . သမင်ကြီး၊ ကြည့်စမ်း မနည်းရုပ်လုံးပေါ် အောင် ကြည့်ယူရတယ်”

ပြောပြောဆိုဆိုနှင့် သူ၏မှန်ပြောင်းတပ်ထားသည့် . ၃၀-၀၆ မဂ္ဂဇင်းရိုင်ဖယ်နှင့် လှမ်း၍ချိန်လိုက်တော့၏။

“နောက်က တစ်ကောင်တောင်ပါလာသေးတယ်ဗျို့"

ဦးဘိုးဟန်၏သတိပေးသည်ကြောင့် ကျွန်တော်က အင်္ဂလိပ်ဘာသာဖြင့် . .

“သမင်ကြီးနောက်က သားကောင်တစ်ကောင် ပါလာလိမ့်မယ် ဗိုလ်ချုပ်”

ဒိုင်းခနဲရိုင်ဖယ်သံအဆုံး၌ တောင်ဆင်ခြေလျှောသို့ ခပ်သုတ် သုတ်ဆင်းလာသော ခြောက်စထောင်ချိုကားကားကြီးနှင့် ဆတ်ကြီး သည် ခွေခနဲကျသွားတော့၏။ ရိုင်ဖယ်သံဆုံး၍ စက္ကန့်ပိုင်းအတွင်း၌ ဝါတာတာကျားတားတား သတ္တဝါတစ်ကောင်သည် ဆတ်ကြီးနောက် ဝါးတစ်ပြန်ခန့်မှ နောက်ပိုင်းတောင်ပေါ်သို့ လှန်၍တက်လိုက်သည်ကြောင့် . . .

"ဗိုလ်ချုပ် . . . နောက်မှာ နောက်မှာ . . . တွေ့ရဲ့လား.. တောင်ပေါ်ကို လှန်ပြီးတက်နေပြီ”

အပင်ပုပုကလေးတွေကြားမှ တောင်ကိုလှန်၍တက်နေသည်ကြောင့် ဗိုလ်ချုပ်ဘင်နီတိုသည် ရုတ်တရက်ပစ်ခတ်ရန် သားကောင် ရှာမတွေ့ဘဲဖြစ်နေကာ . . .

"ပစ်ပါ ... ပစ်ပါ"

အော်ဟစ်၍ ပြောကြားလိုက်သည်တွင် ကျွန်တော်၏လက်ထဲမှ . ၃၇၄ မက်နမ်ရိုင်ဖယ်သည် ကျွန်တော်တို့ဘက်သို့ ခေါင်းတစ်ပိုင်းလှည့်ကာ သမင်လည်ပြန်ကြည့်ရင်း တောင်ကြောကို လှန်တက်နေသည့် သစ်ဆင်ကြီး၏လက်ပြင်ကို ပစ်၍ချလိုက်တော့၏။

တစ်စက္ကန့်လျှင် နှစ်ထောင့်ငါးရာငါးဆယ့်လေး အမြန်နှုန်းဖြင့် လှည့်ပတ်ကာ ယမ်းအား ဂရိမ်သုံးရာ တွန်းကန်ချက်နှင့်ပေါက်ကွဲသွားသည့် . ၃၇၅ မက်နမ် ကျည်ဆန်ဖူးသည် ကြီးမားလှသော သစ်ဆင်ကြီး (ကျားသစ်ကြီး)၏ လက်ပြင်ချက်ကောင်းကို ပိုင်ပိုင်နိုင်နိုင် ထိမှန်လိုက်လေပြီတကား။

သစ်ဆင်ကြီးသည် မြေပေါ်သို့ လဲ၍ကျသွားသည်ကို မြင်လိုက်ကြရသော မုဆိုးများ၏ ဝမ်းမြောက်ဝမ်းသာ အော်သံများသည် ဗိုလ်ချုပ်ဘင်နီတိုနှင့် ကပ္ပတိန်ဖရစ်(စ်)တို့၏ ကြွေးကြော်သံများသည် တစ်ခဲနက် ပေါ်ထွက်လာချေ၏။

ကပ္ပတိန်ဖရစ်(စ်)သည် ဆတ်ကြီးနှင့် သစ်ဆင်ကြီး ကျဆုံးရာသို့ ပြေး၍တက်ရန် ရှေ့သို့ အပြေးတက်မည်အပြုတွင် ကျွန်တော်သည် ချက်ချင်းပင် . . .

“ခဏစောင့်ပါဦး ကပ္ပတိန်”

ဟုတားဆီးလိုက်ပြီး ကျွန်တော်နှင့် ဦးဘိုးဟန်၊ ကိုဘိုးရံတို့ သုံးဦးသည် ရင်ဘောင်တန်း ဘေးချင်းယှဉ်၍ သစ်ဆင်ကြီးထိမှန်ရာသို့ ရှေ့ဆုံးမှ တစ်လှမ်းချင်းတက်လိုက်ကြရ၏။

အကြောင်းမှာ သစ်ဆင်နှင့် ကျားကြီးတို့သည် ထိမှန်သော်လည်း ချက်ချင်းမသေသေးဘဲ မေ့နေခြင်း၊ သေချင်ဟန်ဆောင်နေခြင်း၊ ဒဏ်ရာရ၍မထနိုင်သော်လည်း မိမိရန်သူ၏ အနီးသို့ ချဉ်းကပ်အလာကို တမင်တကာ စောင့်ကြိုနေတတ်ခြင်းသည် ပရိယာယ်များလှသော အသားစားသားရဲများ၏ သတ္တိစိတ်ဓာတ်ကို ကြိုတင်သိရှိနားလည်ထားခဲ့သောကြောင့်တည်း။

ဗိုလ်ချုပ်ဘင်နီတိုသည် ခေါင်းတညိတ်ညိတ်နှင့် . .

"ဟုတ်တယ် ဖရစ်(စ်)ကာနယ်ဟာ အင်မတန်သတိရှိတဲ့ မုဆိုးကောင်းပဲ၊ ပစ်ထားတဲ့ကျားသစ်ကြီး တစ်ခါတည်း သေချင်မှသေမယ်”

ကျွန်တော်တို့သုံးယောက်တန်းအဖွဲ့သည် ကျားသစ်ကြီး ဝပ်ကျသွားသောနေရာသို့ရောက်ရန် ခြောက်လှမ်းကွာသို့အရောက်တွင် အသက်ငင်နေသေးသော ကျားသစ်ကြီး၏ နောက်ဆုံးအခြေအနေကို တွေ့လိုက်ရသည်ကြောင့် ကိုဘိုးရံသည် လက်စသိမ်းသောလုပ်ငန်းကို လုပ်ဆောင်လိုက်ကာ ကျားသစ်ကြီး၏ခေါင်းပိုင်းကို ချိန်၍ပစ်ခတ်ချလိုက်တော့၏။

နောက်ပိုင်းမှ ဆင်ခလောက်သံများသည် ဆူညံစွာပေါ်ထွက်လာသည့်အသံကြောင့် မာရီယာတို့အဖွဲ့သည် ကျွန်တော်တို့ရှေ့ကသွားနှင့်သော ခြေလျင်အဖွဲ့ကို မီလာကြောင်း နားလည်မိပါသည်။

ဦးဘိုးဟန်နှင့် ကိုဘိုးရံတို့က ဗိုလ်ချုပ်ပစ်ခတ်ချလိုက်သော ဆတ်ကြီးကို ပထမဦးစွာ ဆွဲထုတ်ကာ လမ်းပေါ်၌ ကြိုတင်ရောက်အောင် ရွာသားမုဆိုးများ၏အကူအညီဖြင့် သယ်ဆောင်ခဲ့ကြ၏။ သစ်ဆင်ကြီးကိုလည်း ဒုတိယအကြိမ် သယ်ဆောင်ယူခဲ့ကြ၏။

ဗိုလ်ချုပ်ဘင်နီတို၏ပစ်ခတ် လိုက်သည့် ရိုင်ဖယ်ကျည်ဆန်သည် ဆတ်ကြီး၏ ရှေ့လည်တိုင်ကို ဖောက်ထွင်းသွားကာ ဆတ်ကြီးကို နေရာတွင်ပင် ကိစ္စပြီးစေတော့၏။

"ပွဲဦးထွက် ဆတ်ကြီးကို တစ်ချက်တည်းနဲ့ ပစ်ခတ်နိုင်တဲ့ ဗိုလ်ချုပ်ကို ကျွန်တော် ဂုဏ်ပြုပါရစေ”

ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုဆီသို့ ကျွန်တော်၏ညာ ဘက်လက် နှုတ်ဆက်ဂုဏ်ပြုရန် ပေးကမ်းလိုက်သည်တွင် ဗိုလ်ချုပ်သည် . . .

“ဟုတ်တယ်လေဗျာ . . . လူရော၊ တိရစ္ဆာန်ရောကို အန္တရာယ်ပြုစေတဲ့ ကျားကြီးကို တစ်ချီတည်းမထနိုင်အောင် ပစ်ခတ်နိုင်တဲ့ ကာနယ်ကိုလဲ ကျုပ်က အားရပါးရ ဂုဏ်ပြုရမယ်ဗျို့”

ပြောရင်းဆိုရင်း ကျွန်တော်တို့နှစ်ယောက် ဝမ်းသာအားရ လက်ဆွဲနှုတ်ဆက်လိုက်ကြစဉ် . . ...

"ကျွန်မလဲ ဂုဏ်ပြုနှုတ်ဆက်ဖို့ ကျန်ပါသေးတယ်”

ဆင်ပေါ်မှ မာရီယာသည် အသံခပ်ကျယ်ကျယ်နှင့် အော်ဟစ်ကာ သတိပေးသည့်အသံ ထွက်ပေါ်လာတော့၏။ မကြာမီ မာရီယာသည် ဝပ်ထားသောဆင်ပေါ်မှဆင်းကာ ဗိုလ်ချုပ်ဘင်နီတိုနှင့် ကျွန်တော်တို့အား လာရောက်၍ လက်ဆွဲနှုတ်ဆက်ရင်း . . .

“ကျွန်မလဲ ခြေလျင်လိုက်ပါရစေ။ ဆင်စီးရတာတော့ ပျော်စရာပါပဲ၊ ဒါပေမယ့် ကျွန်မ သေနတ် နည်းနည်းပါးပါးပစ်ခတ်ချင်လို့ပါ”

ကျွန်တော်က ဗိုလ်ချုပ်ဘင်နီတိုဆီသို့ အကြံဉာဏ်တောင်းသလိုအနေဖြင့် ကြည့်လိုက်ရာတွင် . .

ကာနယ်သဘောပဲ မာရီယာ၊ သူခွင့်ပေးရင် ခြေလျင်လိုက်ပေါ့”

ကျွန်တော့်ဆီသို့ တစ်ဖန်လွှဲ၍ချလိုက်သည်ကြောင့် . . .

"ခြေလျင်လိုက်ရင်လဲ လိုက်လေ . . . မာရီယာ”

ခွင့်ပြုလိုက်သည်တွင် မာရီယာသည် ကျွန်တော့်အား နောက်သလို ပြောင်သလိုနှင့် ခြေစုံရပ်ကာ သတိအနေအထားနှင့် အလေးပြုလိုက်ပြီး . .

“ကျေးဇူးတင်လှပါတယ် ကာနယ်ကြီးရယ်”

ပြောလိုက်ပြီး ရဲဘော်ကျော်လှိုင်ကို လှမ်း၍ သူမ၏သေနတ်ကို ယူခဲ့ရန် ခြေပြလက်ပြနှင့် ပြောလိုက်ပါသည်။

ကပ္ပတိန်ဖရစ်(စ်)နှင့် ဗိုလ်ချုပ်ဘင်နီတိုတို့သည် ဆတ်ကြီး၏ ဦးချိုကို ပေကြိုးတစ်ချောင်းနှင့် ကျကျနန တိုင်းထွာမှတ်သားလျက် အချင်းချင်း အီတလီဘာသာနှင့် ဆူညံစွာပြောဆိုနေတော့၏။

ထို့နောက် သစ်ဆင်ကြီးကို ထပ်မံ၍ နှာခေါင်းဖျားမှ အမြီးအဆုံးအထိ ပေကြိုးနှင့် တိုင်းထွာကြည့်ပြန်တော့၏။ ခုနစ်ပေ ဆယ်လက်မအရှည်ရှိပြီး နှာခေါင်းဖျားမှ တင်ပါးဆုံအထိ ငါးပေရှစ်လက်မရှိကြောင်း တွေ့ ရပြန်၏။

“ဟောဒီမှာ . . . ကာနယ်၊ ကျုပ်သက်တော်စောင့်က ပြောနေတယ်။ ဆတ်ချိုရော၊ ကျားသစ်ရေကြီးကိုရော ရောမမြို့အပြန် ကျကျနနယူဖို့ ပြောနေလေရဲ့”

“ဘယ့်နဲ့လဲ . . . ကာနယ်၊ ကျားသစ်ရေ ပေးလိုက်မလား”

ဗိုလ်ချုပ်က မေးမြန်းသည်တွင် . .

“ခု ကျွန်တော်တို့ပစ်ခတ်နေတဲ့ သားကောင်တွေအားလုံးဟာ ဗိုလ်ချုပ်စိတ်သဘောကျလုပ်ဖို့ပိုင်ဆိုင်ဖို့တစ်ခုပါပဲခင်ဗျာ”

ဤတွင် ဗိုလ်ချုပ်သည် သူ၏သက်တော်စောင့်အား ကျောပြင်ကို အားရပါးရပုတ်ခတ်ရယ်မောရင်းနှင့် . .

“ကျုပ်တို့အီတလီပြည်မှာ သားကောင်ပစ်ဖို့ရာ သုံးလေးရက်ခရီး၊ တောင်ဆွယ်တွေ၊ ဆီးနှင်းဖုံးနေတဲ့ တောင်မြင့်တွေမှာ တက်ပြီး တပင်တပန်းရှာနိုင်မှ သမင်ငယ်ငယ်ကလေး၊ တောဆိတ်ကလေး၊ ဝံပုလွေလေး တစ်ကောင်တလေ ပစ်လို့ရနိုင်တယ် ကာနယ်၊ ခု ကျုပ်တို့ ရထားပေါ်က ဆင်းပြီး၊ နှစ်နာရီမကြာဘူး၊ အာဖရိကတိုက်က သားကောင်ကြီးတွေစာရင်းပါ ကျားသစ်ကြီးရော၊ သမင်ကြီးကိုပါ ကမ္ဘာ့စံချိန်မီ ချိုမျိုးရအောင် ပစ်ခတ်လိုက်ရတာကို ကျုပ်တို့နှစ်ယောက်က ဝေဖန်ပြောဆိုနေကြတယ်ဗျ”

ကျွန်တော်သည် နောက်မှမီလာသော ဆင်များပေါ်သို့ ဆတ်ကြီးရော၊ ကျားသစ်ကြီးကိုပါ ရောနှောတင်ဆောင်ရန် ဆင်အုပ် ဦးမင်းဒင်အား အမိန့်ပေးလိုက်ပြီး ရှေ့သို့ ဆက်လက်ချီတက်ရန် ပြင်ဆင်လိုက် ပါသည်။

ကျွန်တော် ချက်ချင်းခရီးဆက်စေလိုသည့်ဆန္ဒမှာ ခပ်စောစော နေမပူခင် ပျဉ်းမနားတောင်ဘက် တောကြီး၏တံခါးဝ “ကုန်းသာရွာ” သို့ ရောက်ရှိရန်ဖြစ်ပါသည်။ အကယ်၍ လမ်းတစ်ဝက်တွင် နေမိခဲ့လျှင် ဗိုလ်ချုပ်ကြီးဘင်နီတိုနှင့် ဥရောပအဖွဲ့ဝင်တို့အဖို့ မြန်မာပြည်၏နေပူဒဏ်ကို မခံမရပ်နိုင်ဖွယ်ရှိမည်စိုးရိမ်သောကြောင့်တည်း။

“ဒါထက် ခုတင်က ဆတ်ကြီးပစ်မယ်လုပ်တုန်းက နောက်က သားကောင်တစ်ကောင် ကပ်ပါလာတယ်လို့ ကာနယ်တာရာ ပြောလိုက်တယ်၊ ဒါ ဘယ်လိုလုပ်သိသလဲ၊ ကျုပ် မှန်ပြောင်းတပ်ထားတဲ့ရိုင်ဖယ် သမားတောင် မှန်ပြောင်းထဲမှာ နောက်ပါလာတဲ့ ကျားသစ်ကြီးကို မမြင်ရဘဲဟာ”

ဤတွင် ကျွန်တော်သည် ဦးဘိုးဟန်ကို ရှေ့သို့ခေါ်ထုတ်လိုက်ပြီး . . .

"ကျွန်တော့်အရင် ဟောဒီက ကျွန်တော့်ရဲ့မုဆိုးဆရာကြီး ဦးဘိုးဟန်က သိနှင့်ပါတယ် ဗိုလ်ချုပ်၊ သူက တိရစ္ဆာန်တွေရဲ့သဘာဝ အလေ့အကျင့်တွေအားလုံးကို နားလည်ထားတဲ့ မုဆိုးသက် သုံးဆယ်ကျော်နီးပါး ပြည့်ဝတဲ့ပုဂ္ဂိုလ်ပါ”

“အိုး ! ဦးဘိုးဟန် . . . ရက် (စ်) . . ရက် (စ်)၊ ကျုပ်မှတ်မိပြီ။ ပါမောက္ခ ရာမာဂူချီက ကျုပ်ကို ကျကျနန သူ့အကြောင်း ပြောလိုက်တဲ့ မုဆိုးကြီး . . .

ဦးဘိုးဟန်၏ပခုံးကို ဗိုလ်ချုပ်ဘင်နီတိုသည် ဖက်လှဲတကင်းလုပ်ရင်း ရှေ့သို့တက်ခဲ့ကြတော့သည်။

“ပြောလိုက်စမ်းပါ ကာနယ်၊ ကျုပ်တို့ အီတလီပြည်ကိုပြန်ရင် ခင်ဗျားအဘိုးကြီးကို ကျုပ်တို့ပြည်ကို တစ်ပါတည်းခေါ် သွားမယ်လို့၊ မလိုက်မနေရဘူးလို့”

ကျွန်တော်သည် ရယ်မောရင်း ဦးဘိုးဟန်ကို မြန်မာဘာသာ ပြန်၍ပြောလိုက်သည်တွင် ဦးဘိုးဟန်သည် ခပ်ပြုံးပြုံးမျက်နှာကြီးဖြင့်

"ဟာ ! မလိုက်ချင်ပါဘူးဗျ။ အားကြီးအေးတယ်လို့ ဟောဒီက ဗိုလ်ကြီးက မနေ့ညဉ့်က ကျုပ်တို့ကိုပြောတယ်”

ဗိုလ်ချုပ်ဘင်နီတိုအား ဦးဘိုးဟန်၏ ချေပ,ပြောဆိုခြင်းကို ဖြေလိုက်ရာတွင် ဗိုလ်ချုပ်ဘင်နီတိုသည် အားရပါးရ ရယ်မောလိုက်ပြီး

“အီတလီပြည်မှာ ချမ်းရင် ဖြေဆေးနှစ်ခုရှိတယ်။ ဟောဒီ ပုလင်းရယ်ပြီးတော့"

မာရီယာဘက်သို့လှည့်၍ အီတလီဘာသာနှင့် နှစ်ခွန်းသုံးခွန်းရောကာ ရယ်သံဖြင့်ပြောလိုက်ရာ မာရီယာသည် သွက်လက်စွာဖြင့် .

“စိတ်ချသာလိုက်ခဲ့ပါစေ ကာနယ်ရှင် . . . မုဆိုးကြီးအတွက် ကျွန်မတို့ အီတလီပြည်သူချောချောတွေ အဆင်သင့်ရှိတယ်လို့”

ကျွန်တော်သည် ဦးဘိုးဟန်အား ဗိုလ်ချုပ်၏ပြောကြားချက်ကို ဘာသာပြန်လိုက်ရာ အဘိုးကြီးဦးဘိုးဟန်သည် မျက်နှာကြီးရဲတက်သွားပြီး . . .

“ဟာဗျာ ! ခင်ဗျားတို့ကလဲ ရှက်စရာကြီး၊ ကျုပ် မျက်နှာ မထားတတ်တော့ဘူး”

မြန်မာပရိသတ်ရော၊ ဥရောပ ပရိသတ်ရော ဝါးခနဲ အားရပါးရ ရယ်မောချလိုက်ကြပါ၏။





"စိတ်ချသာလိုက်ခဲ့ပါစေ ကာနယ်ရှင် . . . မုဆိုးကြီးအတွက် ကျွန်မတို့ အီတလီပြည်သူချောချောတွေ အဆင်သင့်ရှိတယ်လို့”

ကျွန်တော်သည် ဦးဘိုးဟန်အား ဗိုလ်ချုပ်၏ပြောကြားချက်ကို ဘာသာပြန်လိုက်ရာ အဘိုးကြီးဦးဘိုးဟန်သည် မျက်နှာကြီးရဲတက်သွားပြီး . . .

“ဟာဗျာ ! ခင်ဗျားတို့ကလဲ ရှက်စရာကြီး၊ ကျုပ် မျက်နှာ မထားတတ်တော့ဘူး”

မြန်မာပရိသတ်ရော၊ ဥရောပ ပရိသတ်ရော ဝါးခနဲ အားရပါးရ ရယ်မောချလိုက်ကြပါ၏။

လေးမိုင်ခွဲခန့်အရောက်တွက် ခေတ္တရပ်နားကာ ဆင်ပေါ်မှ အသင့်ပါလာသော ကော်ဖီပူပူတစ်ခွက်စီနှင့် အသားသွတ်ပေါင်မုန့်နှစ်ချပ်စီကို အဆာပြေစားသောက်လိုက်ကြပြီးနောက် ကုန်းသာရွာဆသို့ ခရီးဆက်လက်ထွက်လာခဲ့ကြ၏။

လူသွားလမ်းပေါ်ရှိ စိုင်ခြေရာများ၊ ကျားခြေရာများ၊ ဝက်ဝံခြေရာများ ဒင်းကြမ်းတွေ့ရသဖြင့် တအံ့ဩဩ ဓာတ်ပုံရိုက်ကူးကာ ပေတံတစ်ချောင်းနှင့် အပြန်ပြန်အလှန်လှန် တိုင်းထွာမှတ်ယူနေပြန်ပါသည်။

တစ်နာရီခန့် ခရီးဆက်ခဲ့သည်တွင် ကုန်းသာရွာမှ လာရောက်လုပ်ကိုင်သော တောင်ယာခင်းများအစသို့ ချဉ်းကပ်မိခဲ့ကြ၏။ ဦးဘိုးဟန် ကျွန်တော့်အား . . .

“ဗိုလ်ချုပ်တို့ကို ဒေါင်းနှင့် ရစ်တွေပစ်ဖို့ သတိပေးလိုက်ဗိုလ်မှူး၊ ရှေ့မှာတွေ့နိုင်တယ်ဗျို့”

ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုနှင့် မာရီယာတို့အား ရိုင်ဖယ်မှ ငှက်ပစ်သေနတ်များကို ပြောင်း၍ ကိုင်ဆောင်ကြရန်နှင့် ဒေါင်းများ၊ တောကြက်များ၊ ရစ်များ ပစ်ခတ်ရန် အချိန်ရောက်ရှိကြောင်းကို အသိ ပေးလိုက်ပါတော့၏။

မကြာမီ ဦးဘိုးဟန်နှင့် ကျွန်တော်တို့က ဗိုလ်ချုပ် ဘင်နီတိုနှင့် မာရီယာ၊ ကပ္ပတိန်ဖရစ်(စ်)တို့သုံးဦးကို လူအုပ်ထဲမှခွဲ၍ ရှေ့သို့ခေါ်ယူလိုက်ပြီး တောင်ယာများနှင့် တောစပ်အတိုင်း မျက်စိရှင်ရှင်နှင့် လိုက်လာကြရန် ခေါ်ဆောင်ခဲ့ကြပါသည်။

တောင်ယာစပါးခင်းနှင့် ပြောင်းဖူးခင်းအစပ်၌ နေပူစာလှုံရင်း အစာစားနေသော ဒေါင်းမြီးရှည်ကြီးသုံးကောင်ကို တွေ့လိုက်ရာ ဗိုလ်ချုပ်ဘင်နီတိုသို့ လက်တို့ကာ ဒေါင်းသုံးကောင်ရှိရာသို့ ညွှန်ပြလိုက်ပါသည်။ ဗိုလ်ချုပ်သည် သွက်လက်စွာဖြင့် ဒေါင်းကြီးသုံးကောင်ကို နှစ်လုံးပြူးနှင့် ထိုး၍ချိန်လိုက်ပြီး၊ ကပ္ပတိန်ဖရစ်(စ်)အား တစ်စုံတစ်ရာပြောကြားလိုက် ရာ ကပ္ပတိန်ဖရစ်(စ်)သည် . . .

"အဟင်း . . .” ဟု ချောင်းသံပေးလိုက်သည်တွင် အစာစားနေသော ဒေါင်းသုံးကောင်သည် လူသံကြားရသည်ကြောင့် ခေါင်းတွေ တစ်ပြိုင်နက်တည်း ထောင်၍ကြည့်လိုက်ကြသည်။

ဗိုလ်ချုပ်ဘင်နီတို၏ . ၁၂ ဗို့ နှစ်လုံးပြူးသည် မီးပွင့်၍ထွက်လာပြီးနောက် ဒေါင်းသုံးကောင်မှာ တလိမ့်ခေါက်ကွေး ထိမှန်သွားပြီး ဒေါင်းတစ်ကောင်က လူးလဲ၍ထကာ ပျံအတက်တွင် ဗိုလ်ချုပ်၏နှစ်လုံးပြုးသည် ဒိုင်းခနဲ မြည်ထွက်လာပြီး ပျံရင်းတန်းလန်း ဒေါင်းကြီးသည် အရုပ်ကြိုးပြတ် ပစ်၍ကျလာတော့၏။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် လက်ခုပ်တီးကာ ဗိုလ်ချုပ်၏ လက်ဖြောင့်တန်းမှု၊ ပစ်ခတ်ရာ၌ ကျွမ်းကျင်မှုကို ဂုဏ်ပြုချီးကျူးလိုက်မိပါတော့၏။

“နောက်တစ်ခါတွေ့ ရင်တော့ မာရီယာအလှည့် ပေးပါမယ်”

ဗိုလ်ချုပ်က မာရီယားကို တောင်းပန်လိုက်ပြီး . . .

“ဟေ့ . . . ဖရစ်(စ်) ဒီငှက်ကြီးတွေအမြီးဟာ အဖိုးတန်ဆုံးကွ။ တို့ခေါင်းဆောင်ကြီး မူဆိုလိုနီဆီကို မြန်မာပြည်လက်ဆောင်ထူးအဖြစ်နဲ့ ပေးဆက်ကြရအောင်၊ ဂရုတစိုက်သိမ်းဆည်းပေတော့”

“ကာနယ်ရယ် . . . ကျုပ်တော့ ကာနယ်တို့မြန်မာပြည်ကို အလွန်စုံမက်လာပြီဗျ၊ ခုလို သားကောင်အမျိုးမျိုးစုံတဲ့နေရာမှာ အမဲပစ်နေရရင် ကျုပ်ဘဝဟာ အပျော်ဆုံးပဲ ကာနယ်၊ အားကြီးပျော်စရာကောင်း
တဲ့ မုဆိုးတို့နိဗ္ဗာန်ရွှေပြည်ပါကလားဗျာ”

တောတစ်ပြင်လုံးကို ရွှန်းရွှန်းစားစားကြည့်ရင်း ဗိုလ်ချုပ်ဘင်နီတိုသည် ဥဒါန်းကြူးလိုက်ရှာပါတော့သည်။

"ဗိုလ်ချုပ်လိုပုဂ္ဂိုလ်ကြီးတွေ မြန်မာပြည်နေရင် ကျွန်တော်တို့အဖို့ အားကြီးဂုဏ်ယူပြီး ဝမ်းမြောက်ဝမ်းသာဖြစ်ပါလိမ့်မယ်ခင်ဗျာ၊ ကျွန်တော်တို့ မြန်မာ့တပ်မတော်များ၊ စစ်သားကောင်း ဆရာကောင်းတွေ အများကြီးလိုသလောက်၊ တပ်မှူးကောင်း၊ စစ်ဗိုလ်ကောင်းတွေလဲ အထူးလိုအပ်နေပါတယ် ဗိုလ်ချုပ်”

"ဟဲ...ဟဲ...ဟဲ. . . ဟုတ်တာပေါ့ ကာနယ်၊ ကျုပ်လဲ ကျုပ်ပြည်က လက်လွတ်ခံမှာမဟုတ်ဘူးဗျ၊ ကျုပ်ကသာ ပျော်ရာနေချင်တဲ့စိတ်ဓာတ်ရှိနေတာ၊ ဘာပဲဖြစ်ဖြစ် . . . ကာနယ်လဲ ကျုပ်တို့ပြည်ကို တစ်ခေါက်ဆက်ဆက်လာလည်ရမယ်နော်။ ကျုပ်နဲ့ အာဖရိကကူးပြီး တစ်ပွဲတစ်လမ်း ပစ်ခတ်ကြရအောင်”

“ကာနယ် . . . အီတလီပြည်လာရင် မာရီယာတို့အိမ်မှာ တည်းခိုရမယ်နော်၊ ဒါ မာရီယာတောင်းဆိုတဲ့ အမျိုးသမီးတစ်ဦး အခွင့်အရေးတစ်ရပ်ဆိုတာ မှတ်တမ်းတင်စေချင်ပါတယ်၊ မြန်မာပြည်ရဲ့ သားကောင်ရတနာ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးကို မာရီယာတို့အိမ်မှာ လက်ခံရတာကို မာရီယာတို့ အင်မတန်ဂုဏ်ယူချင်တာကလား”

ဗိုလ်ချုပ်ဘင်နီတိုကို မာရီယာသည် အဓိပ္ပာယ်တစ်မျိုးနှင့် ကြည့်ကာ မာရီယာသည် ပြောကြားလိုက်သည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် သဘောကျစွာဖြင့် . . .

“ဒီအခွင့်အရေးကို မာရီယာကို ပထမဦးဆုံး ပေးရမှာပေါ့ မာရီယာ၊ ဒါထက် ကာနယ်ကိုလဲ မေးစမ်းကြည့်စမ်းပါဦး၊ ကာနယ်ဟာ အရှေ့တိုင်းဆန်တဲ့အိမ်ကိုပဲ တည်းခိုချင်သလား၊ အနောက်ဥရောပဆန်တဲ့အိမ်မှာပဲ တည်းခိုချင်သလားလို့”

ကျွန်တော့်အဖို့ ဗိုလ်ချုပ်ဘင်နီတို၏အလစ်တွင် ကျွန်တော့်အား အစ်ထုတ်လိုက်သည့် ပရိယာယ်ကြွယ်ကြွယ် ပညာသားပါလှသည့် မေးခွန်းအတွက် မျက်လုံးပြူးသွားစေ၏။ မာရီယာ၏ဖိတ်ကြားချက်နှင့် အပြုအမူများကြောင့် ဗိုလ်ချုပ်သည် ကျွန်တော့်အား မာရီယာနှင့် တစ်မျိုးတမည် ထင်မှားကောင်းထင်မှားပေလိမ့်မည်။ မာရီယာကလည်း ဘယ်အခြေအနေအထိ ဘာတွေလျှောက်ပြီး ဗိုလ်ချုပ်အား ပြောကြားထားသည် မသိနိုင်ပေ။ ကျွန်တော်နှင့် မာရီယာ တွေ့စကပင် ခပ်ဝေးဝေး ခပ်ကွာကွာ နေနိုင်ခဲ့၍သာ တော်သေးသည်ဟု သတိရမိ၏။

ဗိုလ်ချုပ်၏မေးခွန်း၌ အရှေ့တိုင်းဆန်သောအိမ်ဆိုလိုသည်မှာ အရှေ့တိုင်းပြည်သူ ဂျပန်မ ခဝါအိစံကို ဆိုလိုပေလိမ့်မည်။ အနောက်နိုင်ငံဆန်ဆန်ဟူသည်ကား ယခုဖိတ်ခေါ်နေသော မာရီယာကိုပင် ရည်ရွယ်ချက်နှင့်ပြောခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်တော်သည် အတတ်နိုင်ဆုံး ချိုချိုသာသာနှင့် စကားလှလှသုံးရင်း . . . ...

“အမှန်ကတော့ ကျွန်တော်က အီတလီလာလည်ရရင် ဗိုလ်ချုပ်ကြီးနဲ့ မာရီယားတို့ကို အားကိုးအားထားပြုပြီး အမှီပြုပြီးမှ လာလည်နိုင်မှာပါခင်ဗျာ၊ ဒါကြောင့် အိမ်ရှင်ဗိုလ်ချုပ်ကြီးနဲ့ မာရီယာတို့ စိတ်တိုင်း ကျထားတဲ့ ဘယ်နေရာဖြစ်ဖြစ် စစ်သားတစ်ယောက်ဖြစ်တဲ့ ကျွန်တော် နေထိုင်ရမှာ မလွဲပါဘူးခင်ဗျာ”

ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော်၏အဖြေကို ကျေနပ်နှစ်သိမ့်သွားသည့်အမူအရာဖြင့် . . .

“ဒါဖြင့် ကျုပ်ထားမယ့်နေရာ တည်းခိုမယ့်ဧည့်သည်ပေါ့နော်၊ ဒီလိုဂျီးမများတဲ့ဧည့်သည်မှ ကျုပ်က ကြိုက်တာဗျို့”

ဗိုလ်ချုပ်သည် သူ၏သက်တော်စောင့်က မီးညှိ၍ပေးလိုက်သော စီးကရက် လှည့်၍ အဖွာလိုက်တွင် မာရီယာသည် ကျွန်တော့်အား အနီးသို့ကပ်၍ ခပ်တိုးတိုးလေသံဖြင့် . . .

“အားကြီးလည်ပတ်တဲ့လူပါကလား . . . ကာနယ်အဖြေဟာ ဘင်နီတိုနဲ့ ကျွန်မတို့ကို လှည့်ချီလိုက်တာပေါ့ ဟုတ်လား ကာနယ်၊ တစ်နေ့သိမယ်၊ ဒါပဲ”

ခနဲ့တဲ့တဲ့နှင့်ပြောကြားပြန်ပါသည်။

ယာတောမှ လယ်ခင်းအစဆီသို့အကူးတွင် လယ်နှင့်တောစပ် အကြား၌ ရစ်တစ်အုပ်သည် ခြေသံများ၊ လူသံများကြား၍ တောစပ်ဆီသို့အပြေးတွင် ကျွန်တော်က မာရီယာကိုပြသကာ . . .

“ကဲ . . . ဒီတစ်ချီတော့ မာရီယာ ကျွန်တော်တို့ညစာစားပွဲဟင်းလျာအတွက် ပြုတ်ကြော်ကောင်းကောင်းစားရအောင် ကြိုးစားပေတော့”

ဟုအားပေးရင်း ရစ်များကို ပစ်ခတ်စေပါသည်။ မာရီယာသည် သူ၏ . ၂၀ ဗို့ နှစ်လုံးပြူးသေနတ်ကလေးဖြင့် တရိပ်ရိပ် တောစပ်ဆီသို့ ပြေးကပ်နေသောရစ်များကို သုံးချက်တိတိ ဆက်ကာပစ်ခတ် လိုက်ပါသည်။ ရစ်ငါးကောင်သည် မြေပေါ်၌ ဆွေ့ဆွေ့ခုန်ကာ ကျကျန်ခဲ့ပါသည်။

"ဟီးရား . . . ဟီးရာ . . . မာရီယာ . . . "

ကျွန်တော်နှင့် ဦးဘိုးဟန်၊ ကိုဘိုးရံတို့ကပါ လက်ခုပ်မြိုင်မြိုင်တီးကာ ချီးကျူးလိုက်သည်တွင် မာရီယာသည် ကျွန်တော်တို့ကိုတစ်လှည့် ဗိုလ်ချုပ်ဘင်နီတိုကိုတစ်လှည့် . .

“ကျေးဇူးတင်ပါတယ်ရှင် . . . ကျွန်မ ပစ်ခတ်လို့ရတဲ့ ရစ်သားတွေကို ဒီနေ့ညဉ့်စာအမီ မာရီယာကိုယ်တိုင် ပြုတ်ကျော်ဟင်းကောင်းကောင်းဖြစ်အောင် စီမံကျွေးမွေးဧည့်ခံပါမယ်ရှင်”

ဗိုလ်ချုပ်ဘင်နီတိုနှင့် ကပ္ပတိန်ဖရစ်(စ်)တို့အဖို့ ရစ်ငါးကောင်ကို ဝမ်းသာအားရကောက်ယူရင်း လှပသော ရစ်အမြီးရှည်များကိုနှုတ်ကာ မာရီယာ၏ဦးထုပ်နှင့် သူတို့၏ဦးထုပ်များတွင် အလှအပအဖြစ် ထိုးလိုက်ကြပါသည်။

"ဒီနေ့ညဉ့်စာဟင်းကို မာရီယာကိုယ်တိုင် ပြုတ်ကြော်ဟင်းတစ်ခွက်စီ စီမံပေးရင် ကျုပ် မြန်မာပြည်ကို တပင်တပန်းလာခဲ့တာ တစ်ချီတည်းနဲ့
အမောပြေသွားမှာပဲ မာရီယာ”

ဗိုလ်ချုပ်ဘင်နီတိုသည် မာရီယာကို အဓိပ္ပာယ်ပါပါနှင့်ကြည့်ကာ ပြောကြားသည်မှာ မာရီယာသည် . . ...

“အမှန်ကတော့လဲ ခုလို တောကြီးတောင်ကြီးထဲမှာ ဗိုလ်ချုပ်ရော၊ ဗိုလ်မှူးကြီးရော စွန့်စားသွားလာတဲ့ အခွင့်အခါမျိုးကို မာရီယာ အပျော်ဆုံးအချိန်လို့ သတ်မှတ်လို့ ဒီနေ့ညစာ မာရီယာကိုယ်တိုင်စီမံ မယ်လို့ တာဝန်ယူလိုက်တာပဲ ဘင်နီတို”

မကြာမီ လယ်ကွင်းများအဆုံး၌ တောတစ်ပိုင်း၊ ချောင်းတစ်ပိုင်း ရစ်ပတ်နေသော ကုန်းသာရွာကို ခပ်လှမ်းလှမ်းမှ ကျွန်တော်တို့ မြင်တွေ့ လိုက်ရပေသည်။

ကုန်းသာရွာမှ မုဆိုးကြီးဦးရှမ်းကြီး၏သားကြီး ကိုစံဖဲ၊ ကိုကုလားတို့လူသိုက်၊ ကျေးရွာခေါင်းဆောင် ကိုဘိုးစိန်လူသိုက်သည် ရွာထိပ်မှ လူအုပ်နှင့်ချီ၍ ကျွန်တော်တို့အား ခရီးဦးကြိုပြုနေကြတော့သည်။

"ရွာကလူတွေ ကျုပ်တို့လူစုကို ကြိုနေကြတယ်ဗျို့ . . . ကလေးရော၊ လူကြီးရော၊ ဆိုင်းတွေ ဗုံတွေနဲ့ပါကလား”

ဗိုလ်ချုပ်ဘင်နီတိုသည် မှန်ပြောင်းနှင့်လှမ်း၍ကြည့်ရင်း ပြောလိုက်သည်ကြောင့် • •

“ကျွန်တော်တို့အမဲပစ်နေကျ အခြေခံရွာကြီးက ဗိုလ်ချုပ်တို့ကို ခရီးဦးကြိုပြုကြတာပါပဲခင်ဗျာ၊ ဒီရွာဟိုဘက်ဆိုရင် လူမတွေ့ တောကြီးမြိုင်ကြီးခင်ဗျ၊ ညဉ့် ဒီရွာသစ်တောဗိုလ်တဲမှာ ကျွန်တော်တို့ စခန်းချရပါလိမ့်မယ်”

အိုးစည်သံများ ဒိုးပတ်သံများသည် ညံလျက်၊ ရွာခြေမှ တစ်ခဲနက် ပေါ်ထွက်လာတော့၏။ မာရီယာသည် သွားဖြူကလေး ပေါ်လာအောင် ဝမ်းမြောက်ဝမ်းသာနှင့် ပြုံးကာရယ်ကာဖြင့် .

“ကာနယ် . . . ရွာသားတွေနဲ့ မာရီယာကို မိတ်ဖွဲ့ပေးပါနော်။ သူတို့ကို မာရီယာ အားကြီးခင်မင်ကြောင်း တစ်ဆိတ်ပြောပေးပါရှင်”

ကျွန်တော့်အနီးသို့ ပူးကပ်ကာ ကလေးတစ်ယောက်ကဲ့သို့ ကနွဲ့ကလျ တောင်းပန်လာပါသည်။

“စိတ်ချပါ မာရီယာ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ဧည့်ဝတ်ကျေပွန်သလောက် ဘယ်လူမျိုးမဆို အလွန်ခင်မင်တတ်ကြပါတယ်။ မိတ်ကောင်းကောင်းဖွဲ့ပေးပါမယ် မာရီယာ”

(သုံးပွင့်ဆိုင်ဇာတ်လမ်း ပြေးတမ်းလိုက်တမ်း)

နှင်းရည်ပက်ဖျန်းထားသော အေးမြသည့် ဟေမာန်၏လေအေးသည် ညဉ့်ယံကို စိုးမိုးခြယ်လှယ်နေတော့သည်။ အရိုးထဲ အသားထဲက စိမ့်လာအောင် ချမ်းလာသလောက် ကောင်းကင်တစ်ပြင်၌လည်း အမှောင်က ပိတ်ဆီးကာဆိုင်းကာနေတော့သည်။

ကုန်းသာဗိုလ်တဲတစ်ပြင်၌သာ အောက်လင်းဓာတ်မီးများ၏ အလင်းရောင်ကြောင့် အမှောင်ထုကို တွန်းလှန်သည့်အလင်းရောင်များ အဖြစ်နှင့် ထိန်လင်းတော့၏။ တစ်ခါတစ်ခါ ရယ်မာသံများနှင့် စကားပြောသံများသည် တိတ်ဆိတ်စပြုလာသော ညဉ့်နက်လွှာအတွင်းဝယ် ပိုမိုကျယ်လောင်စေသော လှုပ်ရှားမှုအသံများအဖြစ် ထင်မြင်စေတော့၏။

ဗိုလ်တဲအပေါ်ထပ်၌ ဖြူစင်သောပိတ်စားပွဲခင်းများ ခင်းကျင်းထားသည့် ညဉ့်စာထမင်းပွဲကြီးတစ်ဝိုက်တွင် ဗိုလ်ချုပ်ဘင်နီတို၊မာရီယာ၊ ကပ္ပတိန်ဖရစ်(စ်)၊ ကျွန်တော်နှင့် တပ်ရင်းဆေးမှူးတို့ကို တွေ့နိုင်ပေလိမ့်မည်။ ဒီးဒုတ်မောင်နှံကလည်း ဗိုလ်တဲရှေ့မှ ကျွန်းပင်ကြီးပေါ်မှ အချီအချ ဖိုသံ မသံ ပေးကာ

“ပူစီ . . . ဒီးဒုတ် . . . "

ဟူသောအသံပေးရင်း ညဉ့်ရေးအတွက် အစာရှာဖွေနေကြသည့် ဂျီတစ်ကောင်ကလည်း ဗိုလ်တဲအရှေ့ဘက်တောစပ်ဆီမှ တဝေါင်ဝေါင်နှင့် အလန့်တကြားဟောက်လျက်ရှိတော့သည်။

ညဉ့်စာမစားမီ ဗိုလ်ချုပ်ဘင်နီတိုက ဦးဆောင်၍ စကားစမြည်ပြောရင်း အရက်သောက်နေခိုက် ဖြစ်ပါသည်။ ကျွန်တော့်အဖို့၌ သူတို့နှင့် အလိုက်သင့် အရက်အစား မြန်မာလက်ဖက်ရည်ကြမ်းတစ်အိုးကို အဖော်ပြုကာ စကားစမြည် ရောနှောပြောဆိုကာ ဧည့်ဝတ်ကျေပွန်မှုကို အာရုံစိုက်နေချိန် ဖြစ်တော့သည်။

“ဟုတ်တယ် ကာနယ် ၊ ရန်ကုန်မှာ အိုက်သလောက်ဒီလို နေရာမျိုးမှာ အတော်အေးတယ်ဗျို့၊ ကျုပ် အကြိုက်ဆုံးပဲ၊ ကြည့်စမ်း . ဘယ်လောက်သာယာတဲ့နေရာလဲ၊ ဘေးက ညဥ့်ငှက်တွေကလဲ အော်လို့၊ ပြီးတော့ နှင်းတွေကလဲကျလို့။ ကျုပ်တောင် နည်းနည်းအေးလာတာနဲ့ ဟောဒီသက္ကလတ်ရှည် အင်္ကျီပါးပါးကလေးကို ကောက်ပြီး ဝတ်ထားလိုက်ရတယ်၊ ဘယ်နဲ့လဲ မာရီယာ . . . ပျော်ရဲ့လား၊ ကြည့်စမ်း ဟိုဘက်တောစပ်က ခွေးငယ်သံလိုလို ဘာလိုလိုနဲ့ ၊ တောခွေးပဲလား ကာနယ်”

ဗိုလ်ချုပ်ဘင်နီတိုသည် ဆတ်သားကြော်တစ်တုံးကိုခပ်ရင်းနှင့် ထိုးကာဝါးရင်း မာရီယာနှင့် ကျွန်တော့်အား မေးမြန်းနေပါသည်။

“ပျော်ပြီကလား . . . ဘင်နီတို၊ အာဖရိကတိုက် အမဲပစ်ရတာက တစ်မျိုးပဲ၊ ကားတွေဘာတွေနဲ့ ခု မြန်မာပြန်ကြတော့ မြေမျက်နှာပြင်ဟာ စိမ်းပြီး၊ တောဟာ ကြီးကြီးနေတယ်၊ ပြီးတော့ ပတ်ဝန်းကျင်တစ်ဝိုက် ကို သစ်ပင်တွေကျော်ပြီး အတွင်းကို အဝေးကြီးလှမ်းမမြင်ရတော့ တစ်မျိုးကြီးပဲ”

"ဟော နားထောင်စမ်း မာရီယာ၊ ခွေးဟောင်သံဟာ ... ပိုပြီးကျယ်လာတယ်၊ အိမ်ခွေးတစ်ကောင်တော့ ဟုတ်မယ်မထင်ပါဘူး ကာနယ်၊ ဘာကောင်လဲ တစ်ဆိတ် ... "

ဗိုလ်ချုပ်ဘင်နီတိုသည် ဂျီဟောက်သံကို သဘောကျစွာ နားထောင်ရင်း ကျွန်တော်သို့ လှမ်း၍ မေးမြန်းသည်ကြောင့် . . .

“ခွေးဟောင်တဲ့အသံ မဟုတ်ပါဘူး ဗိုလ်ချုပ်၊ (Barking Deer) ခေါ်တဲ့ ဂျီတစ်ကောင်ရဲ့ အလန့်တကြားဟောက်နေတဲ့အသံပါခင်ဗျာ”

ဗိုလ်ချုပ်သည် ဝီစကီဖန်ခွက်ကို တစ်ခါမော့လိုက်ပြီး..

"အေး  ကျုပ် အာဖရိကမှာ ဒီလိုအသံမျိုး မကြားဘူးပါဘူးလို့ ၊ မှန်းစမ်း . . . ဒီကောင် ဘယ်အရွယ်လောက်ရှိပြီလဲ ကာနယ်၊ သမင်အမျိုးအနွယ်ထဲကဆိုရင် "

“ခွေးသာသာလောက်ပဲရှိမယ် ဗိုလ်ချုပ်၊ ဂျီသတ္တဝါဟာ လူနဲ့ ခပ်ဝေးဝေးသိပ်နေလေ့မရှိပါဘူး၊ လူရဲ့လုပ်ခင်း နှမ်းပဲခင်းတွေကို အမှီပြုပြီး ခိုကပ်စားသောက်နေလေ့ရှိတဲ့ သတ္တဝါပါပဲ။ သမင်အနွယ်ထဲမှာ ဒီအကောင်ဟာ အငယ်ဆုံးဖြစ်ပါတယ်၊ ဒီအကောင်တွေဟာ ပေါင်သုံးဆယ်ကနေပြီး ပေါင်ခြောက်ဆယ်လောက်ပဲ ကြီးပါတယ်၊ အညိုရောင်နဲ့ အနီသန်းသန်းအရောင်ရှိပါတယ် ဗိုလ်ချုပ်”

ဗိုလ်ချုပ်ဘင်နီတိုသည် ပြောရင်းဆိုရင်း စိတ်ပါလာပုံဖြင့် . .

“ကာနယ် . . . ကျုပ်တို့ ခုဟောက်နေတဲ့ဂျီကို ခဏလိုက်ပစ်ကြရအောင်၊ လာဟေ့ . . . ဖရစ်(စ်)”

ဤတွင် ကျွန်တော်သည် တောင်းပန်သည့်မျက်နှာဖြင့်

"အချိန်တွေအများကြီးရှိပါတယ် ဗိုလ်ချုပ်၊ ဒီနေ့ညဉ့် မဒမ်မာရီယာကိုယ်တိုင် အပင်တပန်းချက်ပြုတ်ထားတဲ့ညဥ့်စာကို ဗိုလ်ချုပ် ဂုဏ်ပြုစားသောက်ပြီးမှ အပျင်းပြေ အမဲပစ်ကြရင် ကောင်းပါလိမ့်မယ် ခင်ဗျာ၊ ညဉ့်နက်လေ ဒီလိုသားကောင်တွေ များများထွက်လေပဲခင်ဗျာ”

"ဟာ ! ဒီလိုဆိုရင် ပိုကောင်းတာပေါ့ ကာနယ်၊ ဟုတ်တယ် ... ဟုတ်တယ် ကျုပ်မေ့သွားတယ်၊ ကျုပ်တို့ဥရောပ အက်စီတီးကက် (ယဉ်ကျေးမှု) ကာနယ် သတိပေးမှဗျာ ။ နေရာကျလိုက်လေဗျာ . . မာရီယာခမျာ ကိုယ်တိုင်တပင်တပန်းချက်ပြုတ်ထားတဲ့ ညဉ့်စာစားပွဲကြီးကို ကျုပ်တို့၊ ကာနယ်တို့ တဝစားပြီး ညဉ့်အမဲပစ်ထွက်ကြမယ်။ မာရီယာပါ လိုက်ခဲ့ရမယ်၊ နေရာကျလိုက်လေဗျာ"

ဗိုလ်ချုပ်ဘင်နီတိုသည် တစ်ချက်ထပ်၍ မော့လိုက်ပြန်ပါသည်။

မာရီယာသည် ကျွန်တော့်ကို တစ်ချက်ကြည့်ကာ ဗိုလ်ချုပ်ဘင်နီတို၏ ခွက်ဆင့်သောက်နေပုံကို အနည်းငယ်မလိုလားသည့်မျက်နှာဖြင့် မဲ့ပြုံးကလေးပြုံး၍ ပြလိုက်ပါသည်။ ကပ္ပတိန် ဖရစ်(စ်)သည် သူ၏ဗိုလ်ချုပ်၏ သောက်စားပုံကို တစ်စုံတစ်ရာ မနှစ်ခြိုက်ကြောင်းအမူအရာ တစ်စုံတစ်ရာ မပြရဲသော်လည်း စိတ်တွင်းမှ မနှစ်မြို့ဟန်ဖြင့် သက်ပြင်းကလေး တစ်ချက် ချနေရှာပါသည်။

မကြာမီ ညစာစားပွဲကို စတင်ကာစားသောက်ကြပါတော့သည်။ စားပွဲပေါ်၌ ဟင်းခွက်များကို တစ်ခွက်ပြီးတစ်ခွက် မှာယူကာ ကျွန်တော်တို့အားလုံး တပျော်တပါး စားသောက်ကြတော့သည်။ ဗိုလ်ချုပ် ဘင်နီတိုသည် ဦးဘိုးဟန်ကိုပါ ခေါ်ယူ၍ ညဉ့်စာပရိသတ်ထဲ၌ ပါဝင်စားသောက်ခိုင်းသည်ကြောင့် ကျွန်တော်သည် အဘိုးကြီးအား မျက်ရိပ်ပြကာ ဝင်ရောက်စားသောက်ခိုင်းလိုက်ပါသည်။

ဦးဘိုးဟန်သည် လက်နှင့်သာ မြန်မာစား စားသောက်သည့်အကျင့်ရှိခဲ့သော်လည်း ယခုအခါ၌ အခြေအနေအရ ခက်ရင်းနှင့်ဇွန်းပါ ဥရောပအလေ့အထနှင့် စားသောက်ခဲ့ရသည်ကြောင့် ဦးဘိုးဟန်လိုအပ်သော အသားတုံးများကို အလွယ်တကူနှင့် ကော်ခပ်၍မရနိုင်သည့်အခြေအနေကို ဗိုလ်ချုပ်သည် သဘောကျစွာဖြင့်ကြည့်ကာ ရယ်မောလျက်ရှိနေတော့၏။

ဟင်းခွက်များမှာ ဥရောပအစားအသောက်များအတိုင်း မာရီယာ၏စီမံကွပ်ကဲချက်တွင် ဦးနု၏ကျွမ်းကျင်လှသော ချက်ပြုတ်မှုများ၏ အစွမ်းအစကြောင့် ဆတ်သားတုံးကြော်၊ ကြက်စွပ်ပြုတ်ရည်၊ ကြက်ဥလိပ်ကြော်၊ ဆတ်သားနံရိုးဟင်း၊ ဒေါင်းနှင့် ရစ် အသည်းကြော်ချက် စသည်တို့သည် အဆင်အပြင်လှပသလောက် စားသောက်ရာ၌ အရသာရှိလှတော့၏။

“သိပ်အရသာရှိတဲ့ဟင်းတွေ . . . မာရီယာလက်ရာ အလွန်ကောင်းတယ် ဗိုလ်ချုပ်”

ကျွန်တော်သည် ရိုးသားပွင့်လင်းစွာဖြင့် မာရီယာ၏ထမင်းချက် ဟင်းချက် ကျွမ်းကျင်ပုံကို ချီးကျူးရင်း ကျေးဇူးတင်စကား ပြောကြားလိုက်ပါသည်။

“ကျေးဇူးအထူးတင်ပါတယ် ကာနယ်၊ ဗိုလ်ချုပ်နဲ့ ကာနယ်တို့ ပစ်ခတ်လို့ရတဲ့ သားကောင်တွေကို မာရီယာအနေနဲ့ ချက်ပြုတ်ကျွေးရတာကို ဂုဏ်ယူသလိုပဲ၊ မြန်မာပြည်မှာ နာမည်အလွန်ကျော်ကြားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးကြီးနဲ့ အလွန်ထင်ရှားတဲ့ မုဆိုးကြီးတစ်ယောက်ရဲ့ ချီးမွမ်းမှုအတွက်လဲ မာရီယာ အလွန်အကျူး ဝမ်းမြောက်ဝမ်းသာ စွာနဲ့ ဂုဏ်ယူမိပါတယ်ရှင်”

လှပသောမျက်နှာရှင် မာရီယာသည် ကျွန်တော့်အား မခို့တရို့သဘောကလေးကြည့်ကာ အပြုံးကလေးစွက်၍ အဓိပ္ပာယ်ပါပါနှင့် ဖြေကြားလိုက်သည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် ခေါင်းတညိတ်ညိတ် ကျစွာဖြင့် ရယ်မောရင်း . . .

“ဟုတ်တာပေါ့ဗျာ . . . ကာနယ်၊ ဒါကြောင့် ကျုပ် မာရီယာကို ကျုပ်သွားလေရာရာမှာ တစ်ပါတည်းခေါ်သွားနေရတာပေါ့ဗျာ၊ တကယ်လို့သာ ကျုပ် အီတလီပြည်ကို ကာနယ် အလည်အပတ်ရောက်ခဲ့ရင် ကျုပ်နဲ့ မာရီယာတို့ နှစ်ယောက်အတူနေထိုင်တဲ့ အိမ်တစ်အိမ်က မာရီယာလက်ရာဟင်းတွေနဲ့ ကောင်းကောင်းကြီးဧည့်ခံပါမယ် ... ဟုတ်လား ကာနယ်”

ခပ်ထွေထွေဖြစ်နေသော ဗိုလ်ချုပ်သည် ပြောမိပြောရာစွပ်၍ ပြောလိုက်ရာ မာရီယာသည် မျက်နှာကလေး ရုတ်တရက် နီတက်သွားပြီး ...

"ဒီမှာ . . . ဘင်နီတို၊ ရှင့်ကို မာရီယာ ဘယ်တုန်းက ကတိပေးလို့လဲ၊ ရယ်စရာ . . . ဟင်း . . "

စိတ်ထွက်လာသည့်လေသံကလေးဖြင့် ရန်တွေ့လိုက်ပါသည်။

ကျွန်တော်သည် ထိုအခါကျမှ ဗိုလ်ချုပ်ဘင်နီတိုနှင့် မာရီယာတို့၏ အတွင်းရေးကို ရိပ်စားမိတော့၏။

အစမူလတွေ့ စ၌ ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုနှင့် မာရီယာတို့သည် စေ့စပ်ပြီးသော ပူပူနွေးနွေး ဇနီးမောင်နှံလောင်းဟု အထင်ရှိခဲ့၏။ ယခုမှာမူ မာရီယာသည် အကြောင်းတစ်ခုခုကြောင့် ဗိုလ်ချုပ်ဘင်နီတိုအပေါ်၌ မေတ္တာမတုံ့ပြန်ခြင်းသာ ဖြစ်ပေမည်။

ကျွန်တော်နှင့် အင်္ဂလိပ်စကားနားလည်သော ကပ္ပတိန်ဖရစ်(စ်)တို့နှစ်ယောက်မှာ ဗိုလ်ချုပ်နှင့် မာရီယာတို့၏ ကတောက်ကဆဖြစ်လာမှာကို စိုးရိမ်စွာဖြင့် မျက်လုံးအဝိုင်းသားနှင့်နားထောင်ရင်း ကြားဝင်ဖျန်ဖြေရေးအတွက် အကြံရကျပ်နေမိတော့၏။

ထိုစဉ်တွင် တောစပ်တစ်လျှောက်ဆီက .

"တိန် . . . တိန် . . . တိန် . . . "

ဟူသော အသံ အ,အ၊ အသံကြီးကြီးများ ရုတ်တရက် ထွက်ပေါ်လာချေ၏။

တောစပ်ဆိုရာ၌ ကျွန်တော်တို့ ညဉ့်စာစားသောက် နေရာ ကုန်းသာဗိုလ်တဲနှင့် ကိုက်နှစ်ရာခန့်သာဝေးသော နှင်းတွေ မြူတွေ ဆို့နေသော မှိုင်းညို့သည့် သစ်တောကြိုးဝိုင်းကြီးသာ ဖြစ်ပါသည်။

ကျွန်တော်တို့အားလုံးပင် ရုတ်တရက်ထွက်ပေါ်လာသော ကြောက်စရာ 'တိန် . . . တိန်’ ဟူသော အသံကြီး ထွက်ပေါ်ရာဆီသို့ ပြိုင်တူ အံ့အားသင့်ကာ နားစွင့်၍ထောင်နေမိ၏။

ဗိုလ်တဲအနီး၌ရှိသည့် ဝါးတောထဲ၌ အစာစားရန်လွှတ်ထားသော ကျွန်တော်တို့၏ဝန်တင်ဆင်များမှာ ဖော်ပြပါ အသံကြီး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်တည်း ဆူညံစွာအော်ဟစ်ခြင်း၊ သစ်ကိုင်း ဝါးကိုင်းများကို ချိုးဖျက်ချေမှုန်းခြင်း စသည့် ဒေါသထွက်လာသည့် အချိန်အခါမျိုး၌ ဆင်များ၏ပြုလုပ်နေကျ အမူအရာမျိုး တို့ကို ပြုလုပ်လိုက်ကြခြင်းကြောင့် ဗိုလ်တဲတစ်ဝိုက်၌ ဆူညံသောအသံများသည် လွှမ်းမိုးသွားပါသည်။ ဦးဘိုးဟန်သည် ကျွန်တော့်ကိုကြည့်ကာ ပြုံး၍ပြလိုက်ပါသည်။

"ဘာသံလဲဗျို့ . . . ကြောက်စရာအသံဆိုးကြီး၊
ဟင် ကာနယ် ဘာသံလဲ”

အရေးတကြီး လှည့်၍မေးလိုက်သည့်အခါ၌ ကျွန်တော်သည် ခပ်အေးအေးလေသံဖြင့် . . .

“ကျားတစ်တဲ့အသံဖြစ်ပါတယ် ဗိုလ်ချုပ်၊ ဒါကြောင့် ကျားကို မုန်းတဲ့ အိမ်ဆင်တွေကပါ ဒေါသတကြီးနဲ့ ဟစ်အော်နေကြတာပါခင်ဗျာ”

“ကျား . . . ဟုတ်လား ... ကျား ၊ ဒါဖြင့် ကျုပ်တို့ ခု ချက်ချင်းကို လိုက်ပစ်ကြရအောင်၊ ဟေ့ ဖရစ်(စ်)  ငါ့ရိုင်ဖယ်နဲ့ ကျည်ဆန်ခါးပတ် ခုယူခဲ့ဟေ့"

အတော်ကလေး မူးယစ်ပုံရသော ဗိုလ်ချုပ်ဘင်နီတိုသည် ရုတ်တရက် ကျားပစ်ခတ်ရေးအတွက် အမိန့်ပေးရင်း ကျွန်တော့်အား

“ကိုင်း . . . ကာနယ် လာဗျို့ . . . တစ်ပွဲတစ်လမ်း အကဲစမ်း ကြည့်ရအောင်၊ ခုလို နှင်းတွေကျနေတဲ့ အေးချမ်းတဲ့ညဉ့်မှာ ကျားပစ်ရတဲ့အလုပ်လောက် ဇိမ်ရှိတာ ဘယ်အရသာမှမမီဘူးဗျို့၊ လုပ်ဗျို့ . . . ကာနယ်၊ ခင်ဗျားတို့သေနတ်တွေ ယူစမ်း၊ မြန်မြန် . . ."

ကျွန်တော်သည် မနေသာတော့ဘဲ ဦးဘိုးဟန်ကို မျက်ရိပ်ပြကာ ချက်ချင်းပြင်ဆင်ခိုင်းလိုက်ရပါသည်။ ကျွန်တော်သည် ညဉ့်ပစ်ခတ်ရေးတွင် မုဆိုးတွေကို ရန်ပြန်၍မူတတ် အန္တရာယ်ပြုတတ်သော သား ကောင်ကြီးများအတွက် စိတ်အချရဆုံးဖြစ်သော . ၄၇၀ နှစ်လုံးပြူး ရိုင်ဖယ်ကြီးနှင့် ကျည်ဆန်ခါးပတ်ကို ကတိုက်ကရိုက် ဆွဲပတ်လိုက်ပြီး နဖူးစီးမီး၊ လက်နှိပ်ဓာတ်မီးတစ်လက်တို့ကိုပါ လွယ်အိတ်ထဲ၌ ထည့်လိုက်ရတော့၏။ ဦးဘိုးဟန်သည် . ၄၁၆ ရူဘီးမော်ဇာရိုင်ဖယ်နှင့် ကျည်ဆန်ခါးပတ်ကြီးကိုပတ်လိုက်ပြီး ကိုဘိုးရံကလည်း . ၅ဝဝ ဗို့ နှစ်လုံးပြူးရိုင်ဖယ်ကို ဆွဲယူကာ၊ လှေကားမှ ဆင်းစပြုနေပါတော့၏။

ဗိုလ်ချုပ်ဘင်နီတိုသည် သူ၏ . ၃၅ဝ အော်တိုမစ်တစ်ရိုင်ဖယ်နှင့် ကျည်ဆန်များကိုဆွဲယူကာ မဂ္ဂဇင်းဇလုတ်ထဲ၌ ကျည်ဆန် (၇) တောင့်ကို ထည့်ကာ မောင်းတင်သော့ပိတ်လိုက်ပြီး၊ ရှေ့မှစတင်၍ ဗိုလ်တဲအောက်သို့ ဆင်းလိုက်တော့၏။

ကပ္ပတိန်ဖရစ်(စ်)သည် စစ်သုံး ရိုင်ဖယ်တစ်လက်နှင့် ပစ်စတိုတစ်လက်ကိုဆွဲကာ သူ၏ဗိုလ်ချုပ်၏ နောက်သို့ကပ်ကာ လိုက်ပါခဲ့လေသည်။

ဗိုလ်တဲအောက်၌ အရန်သင့်ချထားသော ကင်းတပ်စုမှ ရဲဘော်ခြောက်ယောက်၏ရိုင်ဖယ်တွင် လှံစွပ်တပ်ကာ စောင့်နေသော ကင်းတပ်ဖွဲ့ကလေးကို ကျော်လွန်ခဲ့ပြီး၊ ကျွန်တော်တို့လူစုသည် တတိန်တိန် တစ်နေသော ကျားရှိရာသို့ တန်း၍တက်ခဲ့တော့၏။

ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုနှင့် ရင်ဘောင်တန်းမီအောင် အပြေးတက်လိုက်ပြီး ကျည်ဆန်အသင့်ထိုးပြီးသည့် . ၄၇ဝ နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ကိုင်လိုက်ပါသည်။ ဦးဘိုးဟန်ကလည်း မောင်းတင်ထားသော သူ၏ . ၄၁၆ ရိုင်ဖယ်ကို မောင်းချော်၍ မထွက်စေရန် သော့ပိတ်ကာ ဗိုလ်ချုပ်၏ဘယ်ဘက်မှကပ်၍ လိုက်ပါခဲ့သည်။

ကျွန်တော်တို့ ဗိုလ်တဲပေါ်မှ ဆင်းခါနီး၌ မာရီယာသည် ဗိုလ်ချုပ်ဘင်နီတိုကို အခဲမကျေသောမျက်နှာဖြင့် လည်းကောင်း၊ ကျွန်တော်တို့အား အားနာနေသောအကြည့်မျိုးဖြင့်လည်းကောင်း ကြည့်ကာ မကျေမနပ်အမူအရာဖြင့် ကျန်ရစ်ခဲ့သည်ကို ကျွန်တော်သည် လမ်းလျှောက်ရင်း မြင်ယောင် ထင်ယောင်ရှိနေပါတော့၏။

“ဓာတ်မီးထိုးပြီး ရှာကြစမ်းဟေ့ . . ဒီအကောင် . . . "
 
ဗိုလ်ချုပ်ဘင်နီတိုသည် လေသံဖြင့်အမိန့်ပေးလိုက်ရာ ကျွန်တော်က ...

“နေဦး . . . ဗိုလ်ချုပ်၊ နီးမှကပ်ထိုးမယ်၊ ကျားက အားကြီး ပါးတယ်ခင်ဗျ၊ အဝေးကြီးက ဓာတ်မီးထိုးရင် သင်္ကာမကင်းဖြစ်ပြီး ရှောင်ပြေးလေ့ရှိတယ်”

မကြာမီပင် ကျွန်တော်တို့နှင့် ကိုက်နှစ်ရာခန့်မှ "တိန်-တိန်” ဟူသော ကြောက်စရာကျားတစ်သံကြီး ထွက်ပေါ်လာပြန်ပါသည်။

ထိုသို့ ကျွန်တော်တို့၏ ရှေ့တည့်တည့် ကိုက်တစ်ရာကျော်မှ 'တိန်-တိန်'ဟူသော အခြားကျားတစ်ကောင်၏တစ်သံသည် နီးကပ်စွာပေါ်ထွက်လာပြန် တော့သည်။

“တောကောင်ဟာ နှစ်ကောင်ဗျ ဗိုလ်မှူး ... "

ဦးဘိုးဟန်သည် လေသံဖြင့်လှမ်း၍ပြောလိုက်ပြီး . . .

"ကိုင်း . . . ဓာတ်မီးနဲ့ထိုးရှာကြ၊ နီးလာပြီ”

ရဲဘော်ကျော်လှိုင်နှင့် တပ်ကြပ်ကြီးသန်းထွန်းတို့၏ ဓာတ်ခဲငါးတောင့်ထိုးဓာတ်မီးနှစ်လက်သည် ဖွေးခနဲ လင်းခနဲ ရှေ့သို့တန်းကာ ထိုး၍ နှင်းထုထဲတစ်လျှောက်ဖြတ်၍ ကျွန်တော်တို့ရှေ့တည့်တည့်အနီးကပ်ဆုံး ကျားတစ်သံပေါ်ထွက်လာရာဆီသို့ လှမ်း၍ရှာဖွေလိုက်၏။

ပထမဦးစွာ ဖြူဖွေးမှုန်ရီနေသော နှင်းထုအကြာမှ မှောင်မည်းမည်းသစ်ပင်များကို တွေ့ ရပြီးနောက် တစ်ခဏအကြာတွင် ဆေးလိပ်မီးခဲဖွာသလို ရဲတက်နေသော နီနီရဲရဲအလုံးနှစ်လုံးကို စတင်ကာတွေ့လိုက်ရပါသည်။

ပထမတွင် ထိုနီနီရဲရဲအလုံးနှစ်လုံးသည် ခပ်မှေးမှေးဖြစ်ရာမှ တစ်ခဏအတွင်း၌ စူးရှသော ကျွန်တော်တို့၏ဓာတ်မီးရောင်ကိုပြိုင်ကာ ရဲရဲနီ၍ တက်လာသော အရည်အသွေးမျိုး ပြောင်းကာ တည့်တည့်ကြီးရင်ဆိုင်၍ ကြည့်နေသော ကျားတစ်ကောင်၏ခေါင်းပိုင်းကို စတင်ကာတွေ့လိုက်ရပါသည်။

မိနစ်ပိုင်းအတွင်း၌ ကျွန်တော်တို့လျှောက်၍ တက်လာရာ ညာဘက်ဆီမှကပ်၍ 'တိန်ခနဲ တိန်ခနဲ ' ကျားတစ်ကောင်၏ တစ်သံတစ်ခုသည် နီးကပ်စွာ ပေါ်ထွက်လာပြန်တော့၏။

“ကျားနှစ်ကောင်ပေါင်းမိကြပြီ ဗိုလ်မှူး၊ သတိထားဗျို့ . . . ကျုပ်တို့ဓာတ်မီးရောင်ကို သူတို့ တယ်ပြီးမသင်္ကာဘူး၊ တစ်ကောင်တစ်ကောင်ရဲ့မျက်စိကို ဆက်ပြီးဝိုင်းလိုက်ရအောင် စူးလာတဲ့ပုံပဲ”

ဦးဘိုးဟန် အရေးတကြီး သတိပေးလိုက်သည်။

ဗိုလ်ချုပ်ဘင်နီတိုသည် သူ၏ . ၃၅ဝ ရိုင်ဖယ်ကိုပစ်ခတ်ရန် ချိန်လိုက်၏။ ကျွန်တော်က ချက်ချင်းပင်

“နည်းနည်းဝေးသေးတယ် ဗိုလ်ချုပ်၊ ရှေ့တက်ကြရအောင်”

သတိပေးလိုက်သည်ကြောင့် ဗိုလ်ချုပ်ဘင်နီတိုသည် ခပ်သွက်သွက် ကျွန်တော်တို့နှစ်ယောက်ကြားမှ ရှေ့သို့တက်ခဲ့ပြန်ပါသည်။ မကြာမီ ရဲဘော်ကျော်လှိုင်၏ဓာတ်မီးရောင်ထိန်ထိန်အောက်၌ နီရဲသောမျက်လုံးနှစ်လုံးအစား နောက်ထပ်ကျားတစ်ကောင်၏မျက်လုံးတစ်စုံ ရဲရဲတောက်ကာ ပေါ်ထွက်လာချေ၏။

မှန်ပေသည်။ ဦးဘိုးဟန်၏ ကြိုတင်တွက်ချက်ခြင်းမှာ မှန်ကန်ကြောင်း လက်တွေ့ အဖြေပေးလိုက် ပါပြီ။ ကျားနှစ်ကောင်သည် ဆုံစည်းစုပေါင်းမိကြခြင်းသာ ဖြစ်ပေ၏။

ကျွန်တော်တို့သုံးယောက်တန်းသည် ညီညာစွာ တစ်လှမ်းချင်းလှမ်းကာ ကိုက်ငါးဆယ်ခန့် တက်မိသောအခါ၌ ကျားနှစ်ကောင်၏ ထင်ရှားပီသ လှသော သဏ္ဌာန်စုံကို ကျွန်တော်တို့မုဆိုးသုံးဦး ကျကျနနကြီး တွေ့နိုင်ပေသည်။

ကျားတစ်ကောင်သည် မထီလေးစားသဏ္ဌာန်ဖြင့် ကျွန်တော်တို့ဓာတ်မီးရောင်ကို မျက်နှာချင်းဆိုင် စိုက်၍ကြည့်ကာ သားကောင်တစ်ကောင်ကို သတ်ဖြတ်ကာ စု၍ခုန်အုပ်ခါနီး၌ မြူးနေသောသဏ္ဌာန်ဖြင့် အမြီးဖျားက တပုတ်ပုတ်ရိုက်ခတ်ကာ လှုပ်လှုပ်ရှားရှားဖြစ်နေ တော့၏။

ကျန်ကျားတစ်ကောင်ကမူ ကျွန်တော်တို့ဓာတ်မီးရောင်ကို ဘေးတိုက်ကြည့်ကာ ပါးစပ်တဖြဲဖြဲနှင့် မာန်သွင်းနေလေတော့၏။ မှောင်နေသော နောက်ခံတောတန်းရှေ့၌ ထင်ရှားစွာပေါ်လွင်နေသည့် ကျားကြီးများ၏သဏ္ဌာန်မှာ ကျွန်တော်တို့အဖို့ အတော်စိတ်လှုပ်ရှားစ ပြုစေပါပြီ။ ကျွန်တော်တို့နှင့် ကျားကြီးနှစ်ကောင်၏အကွာအဝေးမှာ ကိုက်ခြောက်ဆယ်ကျော်မှသာ ဝေးတော့သောကြောင့် ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုကို . . .

"အသင့်ပစ်ရန် ချိန် . . ."

ဟူသော အမိန့်ပေးလိုက်ရပါ၏။

ကျွန်တော်နှင့် ဦးဘိုးဟန်တို့ နှစ်ယောက်သည် ရိုင်ဖယ်ကြီးများဖြင့် ဘေးတစ်ဖက်တစ်ချက်က အရန်
သင့်ချိန်ကာ ထားလိုက်ရ၏။

နောက်တန်းမှ ဓာတ်မီးထိုးသမား ရဲဘော်ကျော်လှိုင်တို့လူစုဆီက စိတ်လှုပ်ရှားမှုကြောင့် အသက်ပြင်းပြင်းရှူသံများကို ရှေ့တန်းက ကျွန်တော်တို့လူစုသည် ကောင်းစွာကြားနေရတော့၏။

တပ်ကြပ်ကြီးသန်းထွန်းသည် သူ၏ဓာတ်မီးကိုမှိတ်ကာ အရေးပေါ် ပစ်ခတ်ရေးအတွက် . ၃၇၅ မက်နမ်ရိုင်ဖယ်ကို အသင့်ချိန်ကာ ထားလိုက်တော့၏။

မူလပထမ ကျားကြီးများကိုရှာဖွေရာ၌ လက်နှိ ဓာတ်မီးနှစ်လက် အသုံးပြုခဲ့သော်လည်း ယခုအခါ၌ ရဲဘော်ကျော်လှိုင်တစ်ယောက်သာ ဓာတ်မီးတစ်လက်တည်း ထိုးကာပြသစေခြင်းမှာ ကျားကြီးများကို အာရုံတစ်ခုထဲတွင်သာ စူးစိုက်ထားစေရန်အတွက် မူလ ကြိုတင်စီစဉ်ထားသော ကိစ္စတစ်ရပ်သာ ဖြစ်ပါသည်။

“ဒိုင်း . . . ဒိုင်း . . . ”

ဟူသော ညဉ့်ဦးယံကို စတင်ဖြိုခွင်းကာ ထွက်ပေါ်လာသော ဗိုလ်ချုပ်ဘင်နီတို၏ရိုင်ဖယ်သံနှစ်ချက်နောက်၌ ကျွန်တော်တို့ကို မျက်နှာမူကာကြည့်နေသော ကျားကြီးသည် ရှေ့သို့စိုက်ကာကျသွားပြီး ကျန်ကျားတစ်ကောင်ကို ဘေးတိုက်ရှောင်၍ အထွက်တွင် တတိယရိုင်ဖယ်သံတစ်ချက် ပေါ်ထွက်လာပြီး ရှောင်ပြေးရန်ကြံရွယ်နေသော ကျားကြီး၏ ကျောပြင်၌ တွန့်သွားလိုက်သည်ကို တွေ့လိုက်ရ၏။

"အာ ဂူး … ဝေါ ..."

ဟူသော ကြောက်စရာဒေါသသံကြီးများဖြင့် ကျားကြီးနှစ်ကောင်စလုံး ဟိန်းကာ မြေပြိုဖွယ်ခမန်း ဂယက်ရိုက်ခတ်စေပြီး ပထမ ခေါင်းပိုင်း၌ထိမှန်သော ကျားကြီးသည် ခေါင်းစိုက်နေရာမှ လူးလဲ၍ ထနေတော့၏။ ကျောပြင်၌ ပွတ်ရှပ်၍မှန်သော ကျားကြီးသည် ဆုတ် မဆိုင်းကာလအတွင်း၌ ဓာတ်မီးထိုးထားသော ဓာတ်မီးရောင်အတိုင်း ကျွန်တော်တို့ရှိရာသို့ တစ်ဟုန်ထိုးပြေးတက်လာချေ၏။

ဆယ်ကိုက်ခန့်အရောက်တွင် ကျွန်တော်၏ - ၄၇ဝ ရိုင်ဖယ် ဘယ်ပြောင်းဝ မီးပွင့်ထွက်သွားပြီး တအားပြေးတက်လာသော ကျားကြီးသည် ပက်ခနဲ နောက်သို့ လန်ကျသွားတော့၏။

ဗိုလ်ချုပ်ဘင်နီတို ပထမပစ်ခတ်ခဲ့သော ကျားကြီး သည် ခေါင်းစိုက်ရာမှထကာ ကျွန်တော်တို့ရှိရာသို့ ခုန်လွှားရန် အားအယူလိုက်တွင် ဦးဘိုးဟန်၏ . ၄၁၆ ရိုင်ဖယ်သည် ဒိုင်းခနဲမြည်ဟည်းကာ ကျားကြီး၏လက်ပြင်ကို ဖောက်ထွင်းသွားစေလျက် မြေပေါ်သို့ ဝပ်ကာကျဆင်းသွားခြင်းဖြင့် နိဂုံးချုပ်လိုက်၏။

ဝမ်းသာအားရသည့်အသံတွေ အော်ဟစ်ကာ ရှေ့သို့ပြေးတက်ရန် အားယူလိုက်သော ဗိုလ်ချုပ်ဘင်နီတိုကို ဦးဘိုးဟန်သည် ဖျတ်ခနဲ ဖမ်း၍ဆွဲကာထားလိုက်သည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် ရုတ်တရက် အံ့အားသင့်သွားရာမှ .. ...

“ဘာလဲ "

အလန့်တကြားအသံနှင့် မေးလိုက်သည်ကြောင့် . . .

“စိတ်မချရသေးဘူး ဗိုလ်ချုပ်၊ ခေတ္တသည်းခံပါ၊ အန္တရာယ်ရှိသေးတယ်”

ပြောရင်း ကျွန်တော်သည် နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ခါးချိုးကာ ပစ်ပြီးသော ဘယ်ပြောင်းထဲသို့ နောက်ထပ်ကျည်ဆန်အသစ်တစ်တောင့် ထပ်ကာထည့်လိုက်ပြီးနောက် မောင်းတင်ကာ အသင့်အနေ အထားဖြင့် ကျားကြီးနှစ်ကောင်၏အရိပ်အခြည်တို့ကို ဂရုတစိုက် အကဲခတ်ကာ ကြည့်ရှုနေပါသည်။

ငါးမိနစ်ခန့်ကြာမှ ဦးဘိုးဟန်က စတင်ကာ ရှေ့သို့တက်ခဲ့ကြသည်။ ဒုတိယကျားကြီးသည် တုံးလုံးလဲနေရာမှ အကြောဆွဲနေပုံဖြင့် အနည်းငယ်လှုပ်ရှားနေသည်ကြောင့် ဦးဘိုးဟန်သည် နောက်ထပ်တစ်ချက် ကျားကြီး၏လည်ကုပ်ရိုးကို ပစ်ကာချိုးချလိုက်ရသည်။

"မင်္ဂလာရှိသောညဉ့်အတွက် မင်္ဂလာရှိသော အောင်ပွဲနဲ့ ကာနယ်”

ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်ဆီသို့ သူ၏ညာဘက်လက်ကို ဆန့်ထုတ်ကာ အလွန်အမင်း ဝမ်းမြောက်ဝမ်းသာသောအသံဖြင့် ချီးကျူးဂုဏ်ပြုရန် စီစဉ်လိုက်သည်တွင် ကျွန်တော်ကလည်း

"အာရှတိုက် တောဘုရင်နှစ်ကောင်စလုံးကို တစ်ပွဲတည်းမှာ ပစ်ခတ်နိုင်တဲ့ ဗိုလ်ချုပ်အတွက် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုအပ်ပါတယ်ခင်ဗျာ”

နှစ်ယောက်သား လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြပါသည်။ ထို့နောက် ဗိုလ်ချုပ်ဘင်နီတိုသည် ဦးဘိုးဟန်နှင့် ကိုဘိုးရံတို့ကို အမှူးပြု၍ ရဲဘော်ကျော်လှိုင်၊ တပ်ကြပ်ကြီးသန်းထွန်းတို့လူသိုက်အားလုံးကို တစ် ယောက်စီ လက်ဆွဲနှုတ်ဆက်ကာ ကျားသေကြီးနှစ်ကောင်ကို အနီးကပ်၍ ကြည့်ရှုကြပါတော့၏။

ဗိုလ်ချုပ် ပထမအချီတွင် ပစ်လိုက်သော ရိုင်ဖယ် နှစ်ချက်မှာ ကျားကြီး၏နားတွင်း အထက်နားနှင့် လည်ကုပ်ကို ဖောက်မှန်၍ ကျားကြီးသည် ခေါင်းစိုက်ကျသွားခြင်းဖြစ်ကြောင်း သိရပြီး၊ ဒုတိယ ကျားကြီးမှာမူ လက်ပြင်အထက် ကျောရိုးနားကို ပွတ်၍မှန်သွားသည့် ကျည်ဆန်ရာများကို တွေ့ရပါသည်။

နောက်ထပ် ကျွန်တော်နှင့် ဦးဘိုးဟန်၏ ရိုင်ဖယ်ကြီးနှစ်လက်မှ ဇာတ်သိမ်းနိဂုံးချုပ်အဖြစ်နှင့် ကျားကြီး နှစ်ကောင်ကို ပစ်ခတ်လိုက်သည့် နှစ်လက်မပတ်လည်ထက် မသေးသော ကျည်ဆန်ရာများကိုလည်း အထင်အရှားတွေ့ရတော့၏။

ကပ္ပတိန် ဖရစ်(စ်)သည် အီတလီဘာသာနှင့် ဗိုလ်ချုပ်ဘင်နီတိုအား ရောနှောကာပြောလိုက်ရာ၌ ဗိုလ်ချုပ်ဘင်နီတိုက ချက်ချင်းပင် အင်္ဂလိပ်ဘာသာနှင့် ကျွန်တော်တို့အား . . .








ကပ္ပတိန် ဖရစ်(စ်)သည် အီတလီဘာသာနှင့် ဗိုလ်ချုပ်ဘင်နီတိုအား ရောနှောကာပြောလိုက်ရာ၌ ဗိုလ်ချုပ်ဘင်နီတိုက ချက်ချင်းပင် အင်္ဂလိပ်ဘာသာနှင့် ကျွန်တော်တို့အား . . .

“ကျုပ်သက်တော်စောင့်က ပြောနေတယ်ဗျ၊ ကျားဟာ ခြင်္သေ့ထက် အသက်ပြင်းပြီး၊ အလုံးအဖန်လဲ ကြီးတယ်တဲ့၊ ခု ကျုပ်အသုံးပြုနေတဲ့ . ၃၅ဝ ရိုင်ဖယ်ဟာ အာဖရိကတိုက်က ခြင်္သေ့မှန်ရင် တစ်ချက်ပဲ၊ ကျားကျတော့ ကာနယ်နဲ့ မုဆိုးကြီးတို့က ဘေးကဝင်ပြီးကူပစ်ပေးလို့၊ နို့မို့ရင် ခုလောက်ရှိရင် ကျုပ်တို့နဲ့ ကျားကြီးနှစ်ကောင်နဲ့ နပန်းလုံးနေရပြီးသားပဲ”

ကျွန်တော့်အဖို့ မြန်မာပြည်ရှိ သားကောင်ကြီးများအတွက် မည်သည့်သေနတ်နှင့် ပြောင်းကျယ်အမျိုးအစားက ပိုမိုစိတ်ချရကြောင်းနှင့်တကွ နှစ်လုံးပြူးရိုင်ဖယ်ကြီးများ၏အသုံးဝင်ပုံတို့ကို ဗိုလ်ချုပ်ကိုယ်တိုင် လက်တွေ့သင်ခန်းစာရရှိသွားကာ နားလည်သဘောပေါက်သွားခဲ့ခြင်းကြောင့် အတော်ကျေနပ်မိတော့၏။

နောက်ထပ် ကျွန်တော်ကလည်း နှစ်လုံးပြူးရိုင်ဖယ်ကြီးများအကြောင်း ချီးမွမ်းခန်းဖော်ထုတ်ရန် မလိုတော့သည်ကြောင့် အသာငြိမ်နေပြီး၊ ကျားကြီးနှစ်ကောင်ကို ပေကြိုးများဖြင့် နှာဖျားက အမြီးဆုံးအထိ စနစ်တကျ တိုင်းထွာမှတ်ယူခိုင်းလိုက် ရပါသည်။

ဗိုလ်ချုပ်ဘင်နီတိုနှင့် ကပ္ပတိန်ဖရစ်(စ်)တို့သည် ကျွန်တော်တို့၏ လက်စွဲတော် . ၄၇ဝ ဗို့ နှစ်လုံးပြူး၊ . ၅ဝဝ ဗို့ နှစ်လုံးပြူး၊ . ၄၁၆ မဂ္ဂဇင်းရိုင်ဖယ် အစရှိသည်တို့ကို ဂရုတစိုက်ကိုင်တွယ်ချိန်ကာ သူတို့၏ . ၃၅ဝ ရိုင်ဖယ်၊ . ၃ဝ-ဝ၆ ရိုင်ဖယ်များနှင့် ယှဉ်၍ကြည့်ရင်း ကျွန်တော်တို့ ကိုင်ဆွဲသော ရိုင်ဖယ်ကြီးများအပေါ်၌ အတော်အထင်ကြီးနေပုံ တွေ့ရပါသည်။

ကျွန်တော်တို့ ဗိုလ်တဲသို့ပြန်ရောက်သောအခါ၌ မာရီယာ၏ အရိပ်အယောင်ကို မတွေ့ရပါ။ ထို့ကြောင့် ဗိုလ်တဲ၌ကျန်ရစ်သော ဦးနုအား တီးခေါက်စုံစမ်းကြည့်ရာ၌ ကျွန်တော်တို့လူစုသည် ဗိုလ်ချုပ်၏ အတင်းပူဆာချက်အရ ညဉ့်စာစားပြီးခါနီးမှ ကျားပစ်ထွက်ခဲ့သည်တွင် မာရီယာသည် ကျွန်တော်တို့အားလုံးကို စိတ်ဆိုးသည့်အမူအရာဖြင့် ညဉ့်စာစားပွဲမှ ချက်ချင်းထကာ သူမအတွက် သီးသန့်ထားသော အိပ်ခန်းထဲသို့ တစ်ချိုးတည်းဝင်သွားသည်ကို နောက်ဆုံးမြင်လိုက်ရကြောင်းကို သတင်းပို့တော့၏။

နဖူး၌ ချွေးအနည်းငယ်စို့လာသော ဗိုလ်ချုပ်ဘင်နီတို သည် လက်ကိုင်ပဝါဖြင့် သူ၏နဖူးပြင်ကို ပွတ်သပ်ရင်း ...

“ဟုတ်တယ်... ဟုတ်တယ်၊ တကယ့်သေဘေး ရင်ဆိုင်တဲ့အခါမှာ ဘယ်လောက်သတ္တိရှိပါတယ်ပြောနေတဲ့ သူရဲကောင်းဟာ စိတ်ထဲမှာတော့ အနည်းနဲ့အများ စိတ်လှုပ်ရှားထိခိုက်မှုဒဏ်တော့ ခံလိုက်ရတာပဲ ကာနယ်၊ ကျုပ်ကိုကြည့်ပေတော့။ အပြင်က ကျုပ် စိတ် ထိန်းနိုင်တယ်၊ ဒါပေမယ့် ကျုပ်ဝမ်းထဲမှာ တုန်လှုပ်မှုခံစားချက်ကြောင့် ကျုပ်နဖူးမှာ ချွေးတွေစို့ပြီး သက်သေခံအဖြစ် ပေါ်လွင်နေလေရဲ့”

ကျွန်တော်သည် အနည်းငယ်ရယ်မောရင်း . . .

“ဗိုလ်ချုပ်လက် မဆိုးပါဘူး၊ အမြန်ပစ်မှာ အတော်ထိမှန်သားပဲ၊ ချိန်ပစ်မှာ တန်းပေမယ်လို့ (Snapshooting) ထိုးပစ်မှာ မှန်ဖို့ဟာ မလွယ်ဘူး ဗိုလ်ချုပ်”

“ဟုတ်ပါတယ် ကာနယ်၊ ကျုပ်ဟာ အီတလီတပ်ပေါင်းစုမှာ ထိုးပစ်ပြိုင်ပွဲမှာ စစ်တက္ကသိုလ်ထဲက ဗိုလ်ဆွဲလာခဲ့တယ်၊ ဒါပေမယ့် ဒီညဉ့်လို သေရေးရှင်ရေးကျတော့ ကျုပ် ထိမှန်လိုရာကိုမရောက်ဘဲ အချက်အချာကျတဲ့ နေရာမမှန်တာတွေမှာ ဒုတိယကျားရဲ့ကျောပြင်နား ပွတ်မှန်တာက သက်သေခံနေတယ်မဟုတ်လား ကာနယ်၊ ဟေ့ . . . ဖရစ်(စ်) အမောပြေကွာ ... နှစ်ပုလင်း သုံးပုလင်း ဆွဲခဲ့စမ်း၊ မြန်မြန်ဟေ့"

ဗိုလ်ချုပ်၏သက်တော်စောင့်သည် သူ၏ဗိုလ်ချုပ်အမိန့်ကို မလွန်ဆန်နိုင်သောကြောင့် ကျွန်တော့်အား စစ်ကူတောင်းသည့်မျက်နှာဖြင့်ကြည့်ကာ ခပ်လေးလေးခြေလှမ်းများဖြင့် အရက်ပုလင်းများထည့်ထားသည့် ထင်းရှူးသေတ္တာကြီးဆီသို့ ထွက်သွားသည်တွင် ကျွန်တော်သည် ထိုနေ့ညဉ့်အဖို့ ဗိုလ်ချုပ်အတွက် အရက်သောက်ရာတွင် တော်လောက်ပြီဟု ယူဆမိသည်ကြောင့် . . .

“ကျွန်တော်တို့ အစောထပြီး တောတွင်းကို စခန်းရွှေ့ရပါလိမ့်မယ် ဗိုလ်ချုပ်၊ ဒါကြောင့် ဒီညဉ့်အဖို့တော့ ဗိုလ်ချုပ်အဖို့ အရက်ကို လုံလောက်ပြီလို့ ကျွန်တော် ထင်ပါတယ်၊ တောင်းပန်ပါတယ်ခင်ဗျာ”

တဟားဟား အားရပါးရရယ်မောလိုက်ပြီး ဗိုလ်ချုပ်သည် . .

“ကျုပ်အတွက် မပူပါနဲ့ ကာနယ်ါ ခါတိုင်းသောက်နေကျ သုံးပုံ တစ်ပုံ မရှိသေးပါဘူး။ တစ်ဆိတ်သည်းခံပါ ကာနယ်၊ ကျုပ် အများဆုံးတစ်ပုလင်းပါပဲဗျာ၊ ကာနယ် သဘောတူတယ်မဟုတ်လား၊ ကျုပ်ဆန္ဒကို ကျေနပ်တယ်မဟုတ်လား”

ကလေးဆိုးကြီးတစ်ယောက်လို ပေကပ်ကပ်နှင့်ပြန်လှန်၍ ဈေးဆစ်နေသည်ကြောင့် ကျွန်တော်သည် လက်လျော့လိုက်ရပြန်တော့၏။ ဗိုလ်ချုပ်ဘင်နီတိုသည် အရက်သောက်နေရလျှင် မာရီယာကိုပင် မေ့လျော့နေပုံ တွေ့ရပါသည်။

ကျွန်တော်သည် နက်ဖြန်အခြေအနေများကို ကြိုတင်စီစဉ်ရန်အတွက် ဗိုလ်တဲနောက်ဘေးပိုင်းသို့ လှည့်ထွက်သည်တွင် ကပ္ပတိန်ဖရစ်(စ်)သည် ကျွန်တော့်နောက်မှ အသာကပ် လိုက်လာပြီး လေသံဖြင့် . . .

“ကာနယ် . . . တစ်ဆိတ် မာရီယာကို နည်းနည်းတောင်းပန်ပေးပါ၊ ကျွန်တော့်ဗိုလ်ချုပ်ကို စိတ်ဆိုးနေပုံရပါတယ်၊ ကြားက ကျွန်တော်ပဲ အနေရကျပ်တယ်ဗျာ၊ နက်ဖြန်ခါ သူတို့ချင်း မျက်နှာချင်းဆုံမိကြလို့ ပိုစိတ်ဆိုးနေကြရင် ကျွန်တော်တို့အားလုံး ကြားက စိတ်ဆင်းရဲနေကြမှာမုချ။ ကာနယ်ကြည့်ပြီး ကူညီပေးပါခင်ဗျာ”

ကျွန်တော်သည် အနည်းငယ်ပန်းလာသော ခြေလှမ်းများဖြင့် မာရီယာ၏အိပ်ခန်းဆီသို့ ခပ်မှန်မှန်လှမ်းရင်း ကပ္ပတိန်ဖရစ်(စ်)အား

"ဗိုလ်ချုပ်ကို နောက်တစ်ပုလင်း ဆက်မသောက်စေအောင် ကြည့်ထိန်းသိမ်းနော်”

ဟုမှာကြားလိုက်ရပါသည်။

မာရီယာ၏ပိတ်ထားသောအခန်းဝ၌ ကျွန်တော်သည် မည်သို့မည်ပုံ လမ်းစရှာဖွေကာ မာရီယာအား ကျေနပ်လောက်အောင် တောင်းပန်ရမည်ကို တစ်ချက်စဉ်းစားလိုက်ပြီးနောက် တံခါးကို ခပ်သွက်သွက်ခေါက်လိုက်ပါတော့၏။

“ဘယ်သူလဲ”

ခပ်ဆတ်ဆတ် အီတလီဘာသာဖြင့် မေးလိုက်ရာတွင် ကျွန်တော်သည် . . .

“တာရာပါ”

ဟု ပြောလိုက်ရာတွင် ကျွန်တော်၏အသံကို မသဲကွဲရှာသော မာရီယာသည် ထပ်မံ၍ “ဘယ်သူလဲ”ဟု အင်္ဂလိပ်ဘာသာနှင့်တစ်လှည့် မေးမြန်းသည်ကြောင့် . . .

“ကျွန်တော်ပါ၊ တာရာဖြစ်ပါတယ်”

ဟုခပ်ကျယ်ကျယ် အင်္ဂလိပ်ဘာသာဖြင့် ပြောလိုက်ရတော့၏။

“ဪ . . .”

ဟူသော အသံကလေးဖြင့် မာရီယာသည် ကျေနပ်သွားသည့် လေသံကို ပေါ်လွင်စေပြီး၊ ခေတ္တအိပ်နေသောခုတင်ပေါ်မှ တစ်ကိုယ်တည်း အသံများကို ကြားလိုက်ရပြန်၏။

“ဝင်ခဲ့ပါ ကာနယ်၊ ဝင်ခဲ့ပါ ... "

ဖိတ်ခေါ်သည့်အသံစာစာကလေးပါ ပေါ်ထွက်လာပြန်ချေ၏။ ထို့ကြောင့် ကျွန်တော်သည် စေ့ထားတဲ့တံခါးရွက်ကို ဖြည်းညင်းစွာတွန်း၍ အခန်းထဲသို့ ဝင်ခဲ့ပြီး ...

“ခုလိုညဉ့်အိပ်ချိန်မှာ မာရီယာကို ဒုက္ခပေးသလို နှောင့်ယှက်မှုအတွက် တောင်းပန်ပါတယ်ခင်ဗျာ”

“ကိစ္စမရှိပါဘူး ကာနယ်၊ လာပါ . . . အပြင်မှာ နည်းနည်းအေးတာနဲ့၊ ပြီးတော့ . . . "

ရှေ့ဆက်မည့်စကားကို ဖြုန်းခနဲရပ်ထားလိုက်ပြီး အပြုံးစွက်မျက်နှာကလေးနှင့် ခုတင်ပေါ်တွင် တင်ပလွှဲထိုင်ကာ ကျွန်တော့်အား ကုလားထိုင်ပေါ်သို့ထိုင်ရန် လက်ကလေးဖြန့်ကာ ပြသရင်း

"ဒါနဲ့ . . . ကာနယ်ကြည့်ရတာ ညဉ့်ဝတ်တွေမလဲရသေးပုံပဲ၊ ဪ . . . ခုတင်က သေနတ်ပစ်သွားကြတာကိုး၊ ဘင်နီတိုရော အိပ်ပြီလား၊ သောက်နေတုန်းပဲလားဟင် ၊ ကျွန်မကတော့ ခုတင်က အတော် စိတ်ညစ်သွားတယ်၊ အမှန်ပဲ ကာနယ်၊ အမူအရာရော ပါးစပ်ရော အားကြီးရမ်းတဲ့ ဘင်နီတို”

ကျွန်တော်သည် အကြင်နာဆုံးမျက်နှာထားနှင့် . .

"ဒီကိစ္စအတွက် ကျွန်တော်ကိုယ်တိုင် မာရီယာကို တောင်းပန်ရအောင် လာခဲ့တာပါပဲခင်ဗျာ၊ ကျွန်တော်က အိမ်ရှင်ဆိုတော့ ကျွန်တော် တာဝန်နည်းနည်းပေါ့လျော့မှုကြောင့်ပါပဲ မာရီယာ၊ ကျေနပ်ပါခင်ဗျာ၊ အရက်သောက်တဲ့လူတိုင်းဟာ ခုလိုအမှားအယွင်းတွေ ရှိစမြဲပါ မာရီယာ”

“ခက်တယ် . . . အားကြီးခက်တယ်၊ ကာနယ်တို့ရှေ့မှာ သူက ကျွန်မကို ပိုင်စိုးပိုင်နက်နဲ့ပြောတာ အမုန်းဆုံးပဲ၊ သူနဲ့ မာရီယာနဲ့ဟာ ဘာမှမဆိုင်ဘူး၊ မေတ္တာလဲမရှိကြဘူး၊ သမီးရည်းစားလဲ မဟုတ်ဘူး၊ ဘင်နီတိုကသာ ကျွန်မကို အသေအလဲပိုးနေတာတစ်ခုပဲရှိမယ်”

“ကိုယ့်အမျိုးသားချင်း မာရီယာ တစ်ဆိတ်သည်းခံပါ၊ ဗိုလ်ချုပ်ဟာ စိတ်ထားသဘောထားပြည့်ဝတဲ့ လူကောင်းတစ်ယောက်ပါ၊ တစ်ခါ တစ်ခါတော့ စစ်သားစိတ်ဓာတ်ကြောင့် ခုလိုအချင်းချင်းခင်မင်ကြတဲ့အလျောက် ရယ်ရင်းမောရင်းနဲ့ စကားမှားသွားတာ ဖြစ်ပါလိမ့်မယ်မာရီယာ"

မာရီယာသည် ကျွန်တော်၏မျက်နှာကို စေ့စေ့ကြည့်က မပွင့်တပွင့်ရယ်သံကလေးနှင့် သူ၏ ညဉ့်ဝတ်အင်္ကျီရှည်ကြီး၏ အပေါ် လွှာ တစ်ထပ်ကို ဆွဲ၍ဖယ်လိုက်ရင်း . . . “

နည်းနည်းအိုက်လာလို့ မာရီယာအပြုအမူကို သည်းခံပါနော် ကာနယ်”

တောင်းပန်လျက် သူ၏ဆင်စွယ်နှစ်ရောင် လက်မောင်းကလေးနှစ်ဘက်ကို အညောင်းဆန့်သလို ဆန့်တန်းကာ ဘေးသို့ကား၍ချလိုက်သည်တွင် သူမ၏ကိုယ်မှ ပေါင်ဒါနံ့နှင့် အကောင်းစားရေမွှေးနံ့ကလေးများကလည်း ကြိုင်လှိုင်နေသလောက်အဆစ်အပေါက်ညီလှသော မာရီယာ၏ကိုယ်လုံး ဖွင့်ဖွင့်ကားကားကြီးမှာ ရှုမငြီးစရာအသွင်ကို ဖန်တီး နေလေတော့သည်။

“ဟဲ...ဟဲ...ဟဲ . . . ကာနယ်က ဘင်နီတိုဘက်က တကယ်တော်တဲ့ ရှေ့နေတစ်ယောက်အနေနှင့် အပြစ်လွှတ်ဖို့ တောင်းပန်နေရှာတာကိုး၊ သနားစရာပဲ ကာနယ်၊ တကယ်တော့ ကာနယ်ကို မာရီယာ သနားတာနဲ့ ဘင်နီတိုရဲ့အပြစ်ကို ခွင့်လွှတ်လိုက်ပါမယ်လေ၊ ဒါနဲ့ . . . ဪ . .. ကာနယ်၊ အနောက်နိုင်ငံက ယောက်ျားတွေချောတာတွေ သိပ်မဆန်းသလောက် အရှေ့အာရှက ယောက်ျားတွေ ချောတာကျတော့ သိပ်ကြည့်ရတာ ကျက်သရေရှိတာပဲ၊ ကြည်နူးစရာပဲ ကာနယ်၊ မာရီယာက ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ဝါသနာရှိတဲ့သူတစ်ယောက်မို့ ကာနယ့်ရှေ့မှာပဲ ပြောပါရစေနော်။

ကျွန်မ လူကဲခတ်မညံ့ပါဘူး။တကယ်တော့ ဥရောပမှာရှိတဲ့ အထက်တန်းထဲက ယောက်ျားတော်တော်များများနဲ့ နီးနီးကပ်ကပ် တွေ့ဆုံမိတ်ဖွဲ့ခဲ့ဖူးပါတယ်။ ကာနယ်ဟာ စစ်ဝတ်စစ်စားနဲ့ အတော်ကြည့်ကောင်းသလောက်၊ ခုလို တောလိုက်မုဆိုးအဝတ်အစားနဲ့ကျတော့ အမေရိကန်ရုပ်ရှင်ထဲက ဇာတ်လိုက်တစ်ယောက်လိုပဲ သိပ်ကြည့်ကောင်းတယ်၊ မြှောက်ပင့်ပြောတာမဟုတ်ဘူးနော် . . .

ဒါထက် ကာနယ်၊ ကာယဗလ အတော်လိုက်စားခဲ့တယ်မဟုတ်လား၊ ဒီအချက်ဖြင့် မာရီယာ ကောင်းကောင်းရိပ်မိတယ်၊ ကြည့်ပါလား . . . ကျယ်ပြန့် ပြီး ကားတက်နေတဲ့ ရင်ဘတ်ကြီး၊ လက်မောင်းနဲ့ ခိုင်မာတဲ့ လက်ကောက်ဝတ်ကြီးတွေ၊ ဟုတ်လား ကာနယ် . . . မာရီယာထင်မြင်ချက်”

ကျွန်တော်သည် မှင်သက်မိနေသူအလား မာရီယာ၏ ခပ်ဝဲဝဲ အင်္ဂလိပ်စကားသံကလေးကို နားစိုက်၍ထောင်နေမိပါသည်။ ကျွန်တော့်အဖို့ မာရီယာ၏စကားဝဲဝဲအသံထက် မာရီယာ၏ လှပကြော့ရှင်းသော မျက်နှာကလေးဖြင့် ရှုမငြီးစရာကောင်းလှသော ကိုယ်လုံးကိုယ်ပေါက်ကလေးတို့၏ ရူပါရုံရေယဉ်၌ မသိမသာနစ်မြောနေကြောင်း ရိပ်စားမိပါတော့သည်။

“ဘယ့်နဲ့လဲ ကာနယ် . . . မာရီယာမေးနေတာလေ၊ ကာနယ်ဟာ ကာယဗလသမားပဲမဟုတ်လား၊ ဖြေစမ်းပါ . . . ကာနယ်”

ကျွန်တော်သည် အသာအယာ ခေါင်းညိတ်ဝန်ခံလိုက်ရပါသည်။ ဤတွင် မာရီယာသည် ကျွန်တော်၏ မျက်နှာအနီးသို့ သူမ၏ မျက်နှာကလေးက ရွှန်းရွှန်းစားစား နီးနီးကပ်ကပ်ရွှေ့လာပြီး . . .

“ဘင်နီတိုလဲ ကာယဗလသမား၊ ကာနယ်လဲ ကာယဗလသမား၊ ဒါပေမယ့် . . ကာနယ်က စိတ်ရောကိုယ်ရော သန့်စင်တဲ့ အရက်မသောက်တဲ့ အလွန်လူကျင့်ဝတ်သိတတ်တဲ့ ကာယဗလသမား၊ ဒါကြောင့် မာရီယာ အားကြီးသဘောကျမိတယ် ကာနယ်”

ကျွန်တော့်အဖို့ အရှင်လတ်လတ်က နတ်ပြည်ရောက်သလား၊ ငရဲပြည် ဇောက်ထိုးဆင်းသလား၊ ဝေခွဲ၍မရအောင် အကြီးအကျယ် တုန်လှုပ်သွားပါတော့၏။

အဆိပ်ပြင်းထန်သော မြွေပွေးတစ်ကောင်၏ လည်ပင်းနှင့်ခေါင်းကို ဆုပ်ကိုင်မိသူသည် ကျွန်တော့်လောက် အခြေအနေ စိုးရိမ်စရာကောင်းမည်မဟုတ်ဟု ကျွန်တော် ထင်မြင်မိပါတော့၏။

ကျွန်တော်သည် ချက်ချင်းပင် ပရိယာယ်တစ်မျိုးဖြင့်

“လေးစားပါတယ် မာရီယာ။ ကာယဗလ လိုက်စားသူမှန်ရင် သဘာဝ ကာယဗလသမားအချင်းချင်း လေးစားနှစ်သက်မှုရှိတာဟာ ကျပါတယ်၊ ဒါထက် . . . မာရီယာ မအိပ်ချင်သေးဘူးလား၊ ညဉ့်နက်ပြီ၊ မနက်ကျရင် တောထဲကို စောစောစခန်းရွှေ့ကြရမှာမို့ အနားယူရင် ကောင်းပါလိမ့်မယ်”

သို့ရာတွင် မာရီယာသည် ကျွန်တော့်ထက် ပိုမိုလျင်လှသော အမျိုးသမီးတစ်ယောက်ဖြစ်သည့်အတိုင်း . . .

“ဘာလဲ . . . ကာနယ် မာရီယာနဲ့ စကားဆက်ပြောရမှာ စိုးရိမ်နေလို့လားဟင်။ ကြင်နာတတ်တဲ့၊ သနားတတ်တဲ့ ယောက်ျားကောင်းမှန်ရင် အားနွဲ့တဲ့အမျိုးသမီးတစ်ယောက်ရဲ့အလိုကို လိုက်ရပါတယ်၊ ကူညီတယ်ဆိုရင် ကာနယ်လို ပညာဗဟုသုတရှိနေတဲ့ ပုဂ္ဂိုလ်တစ်ဦးအတွက် အထူးပြောဖို့လိုမယ်မထင်ပါဘူး ကာနယ်၊ အမှန်ကတော့ ဒီနေ့ ညဉ့် ဘာကြောင့်မှန်းမသိဘူး ကာနယ်၊ မာရီယာ ရုတ်တရက် အိပ်မပျော်နိုင်ခဲ့ဘူး၊ ဒါကြောင့် မာရီယာတစ်ယောက်တည်း ဒုက္ခခံပြီး အဖော်မဲ့ တစ်ကိုယ်တည်းနေရမှာကို ကာနယ် မကူညီချင်ဘူးလားဟင် . . . ဝမ်းနည်းစရာ မာရီယာရဲ့ဘဝဟာ . . .”

ငိုမဲ့မဲ့မျက်နှာကလေးဖြင့် မာရီယာသည် နူးညံ့ပျော့ပြောင်းလှသော သူမ၏ပေါင်နှစ်ဘက်ပေါ်၌ ခေါင်းအုံးတစ်လုံးကိုတင်ရင်း မေးကလေးထောက်ကာ မေးမြန်းလိုက်ပါတော့သည်။

“ဘယ့်နဲ့လဲ . . . ကာနယ်ရော အိပ်ချင်နေပြီလား၊ ခဝါအိစံ ဆီက ကြားရတဲ့သတင်းအရဆိုရင်တော့ ကာနယ်ဟာ ဒုက္ခအမျိုးမျိုးကို အပြုံးမပျက်တမ်း ရင်ဆိုင်ဝံ့တယ်ဆိုပဲ၊ ခု နာရီပိုင်းလောက်ကလေးမှာ အအိပ်ပျက်တာလောက်တော့ ကာနယ်အနေနဲ့ မမှုလောက်ဘူးလို့ မာရီယာ ယုံကြည်နေမိတယ် ကာနယ်”

ကျွန်တော်က ရှေ့သို့ ဘာတွေဆက်၍ပြောရမှန်းမသိသည်ကြောင့် ငိုင်၍နေသည့်အခိုက်တွင် မာရီယာသည် ဆက်တိုက်မေးခွန်း ကလေးများ ထုတ်လိုက်ပြန်ပါသည်။

“ကဲ . . . မာရီယာ၊ ကျွန်တော်တို့ ဘာတွေအကြောင်းဆွေးနွေး ကြမလဲ၊ တောပစ်တဲ့အကြောင်းလား၊ နိုင်ငံရေးပဲလား၊ မာရီယာ အိပ်မရတဲ့အချိန်မှာ အပျင်းပြေစကားပြောရအောင်ဆိုရင် . . . ”

“ဆွေးနွေးကြတာပေါ့ ကာနယ်၊ ထွေထွေထူးထူး ဘာသာရပ်တွေ ဆွေးနွေးစရာမရှိပါဘူး၊ မာရီယာတို့ ဥရောပတိုက်ရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအရ အချစ်ရေးအကြောင်းနဲ့ပတ်သက်လို့ပဲ ဆွေးနွေးကြ ရအောင်လေ။ ခုတင်က ကာနယ်ကို မာရီယာ သဘောကျတယ်ဆိုတာ အဓိပ္ပာယ်ရှင်းရှင်းပြောရရင် နှစ်သက်ခြင်း (Like) ဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်တယ်။

ဥရောပအမျိုးသမီးတစ်ဦးက အစစအရာရာမှာ ပွင့်လင်းတဲ့ စိတ်ဓာတ်ရှိကြတဲ့သူများပီပီ အမျိုးသားတစ်ယောက်ကို ချစ်ခင်စုံမက်ရင် ပထမဦးစွာ နှစ်သက်ခြင်း (Like) ဆိုတဲ့ အသုံးအနှုန်းကို သုံးကြပါတယ်၊ နောက်တစ်ဆင့်ကျမှ (Love) ချစ်ပါတယ်ဆိုတဲ့စကားကို သုံးကြပြီး၊ တစ်ဦးနဲ့တစ်ဦး နားလည်မှုအချစ်ခြင်း ဖလှယ်ကြပါတယ် ကာနယ်။

ဒီလို ဥရောပထုံးစံဓလေ့ကို ကာနယ်လဲ သိပါလိမ့်မယ်။ ပရိယာယ်တစ်မျိုးနဲ့ မာရီယာရဲ့ ရည်ရွယ်ချက်ကို လမ်းလွှဲပြောင်းရအောင်လို့ဆိုပြီး မသိ ချင်ယောင်ဆောင်နေရင်တော့ မာရီယာဟာ ဝမ်းအနည်းဆုံးပဲ ကာနယ်။

ကဲ .. မာရီယာကတော့ အာရှတိုက်သား အာဇာနည်ကာနယ်ကို အကြီးအကျယ်နှစ်သက်နေပြီ၊ အင်္ဂလိပ်စကားအရဆိုရင် (I Like You Deeply) ပဲ၊ ဩော် . . . ဘယ့်နဲ့လဲ ကာနယ်၊ ဘယ့်နဲ့ကြောင့် ဟိုဘက် လည့်သွားသလဲ ကာနယ် . . . ဟင် . . . မာရီယာဟာ ရုပ်မလှလို့လားဟင် ၊ မာရီယာမှာ ဘာအပြစ်တွေရှိလို့လဲဟင် ၊ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ ကာနယ်”

ကျွန်တော်သည် မနည်းပင် ဣနြေဆည်ကာ မျက်နှာမပျက်အောင် ပြင်ဆင်၍ထားလိုက်ပြီး နောက်မှ ..

“ကျွန်တော် ဗိုလ်ချုပ်ကို အားကြီးသနားသလောက်၊ အားနာတယ် မာရီယာ၊ ဗိုလ်ချုပ်က မာရီယာကို "

"တော်ပြီ . . . ရှေ့မဆက်နဲ့ ကာနယ်။ ရပ်လိုက်ပါ ကာနယ်”

မာရီယာသည် သူမ၏နားနှစ်ဘက်ကို လက်ဝါးကလေးနှစ်ဘက်ဖြင့် ပိတ်ကာလိုက်ရင်း . . .

"ဘင်နီတိုအကြောင်း မာရီယာကို လာမပြောနဲ့၊ ကာနယ်ကို မာရီယာ လက်ခံစကားပြောနေတာဟာ ဘင်နီတိုရဲ့ဂုဏ်တွေ ကောင်းကြောင်းတွေ ဝါဒဖြန့်ရအောင် လက်ခံစကားပြောတာမဟုတ်ဘူး၊ သိရဲ့လား ကာနယ်။ မာရီယာက ကာနယ်ကို ချစ်နေလို့ရှင့်၊ ကဲ . . . ရှင်းရဲ့လား၊ အမျိုးသမီးတစ်ယောက်ရဲ့ဆန္ဒနဲ့ တောင်းပန်မှုကိုမှ အားမနာတတ်တဲ့ ကာနယ်ကို . . . "

မာရီယာသည် ရှေ့ဆက်မပြောတော့ဘဲ ငိုသံကလေးတွေ ပါလာသလောက် မာရီယာ၏အသံကလေးတွေသည် မခံချင်သော ဒေါသစိတ်၊ ဆန္ဒမပြည့်ဝမှုတို့ကြောင့် တုန်၍လာတော့သည်တွင်

“နေပါဦးလေ . . . မာရီယာ ၊ ကျွန်တော့်စကားဆုံးအောင်မှ မာရီယာ နားမထောင်ဘဲအပြစ်တင် အရင်စောတာတော့ ဝမ်းနည်းစရာပဲ မာရီယာ၊ တစ်ခု နားလည်ပါ မာရီယာ၊ ကျွန်တော်ဟာ လူသား တစ်ယောက်ပါ။ သံမဏိကို သွန်းလုပ်ပုံသွင်းထားတဲ့ ဝိညာဉ်မဲ့မဟုတ်ပါဘူး၊ အသည်းနှလုံးတွေ လူစိတ်တွေ ရှိနေပါသေးတယ်”

ကဲ . . . မာရီယာ အိပ်ပေတော့၊ စိတ်ချမ်းသာပြီမဟုတ်လား”

ကျွန်တော်သည် အလှည့်တစ်မျိုးလှည့်ကာ မာရီယာ၏ကိုယ်ကလေးပေါ်သို့ ပါးလွှာသော သက္ကလတ်စောင်ကလေးကို တယုတယ ခြုံလွှမ်းပေးရင်း ချွေးသိပ်ကာ၊ ဆုတ်ခွာရေးခရီးစဉ်သို့အလှည့်တွင် လျင်မြန်လှသော မာရီယာသည် ကျွန်တော်၏ပခုံးစွန်းတစ်ဖက်ကို သူမ၏လက်ကလေးနှစ်ဘက်ဖြင့် ဖျတ်ခနဲဆွဲဖမ်းလိုက်ပြီး

“တည်ကြည်တဲ့ ယောက်ျားပီသတဲ့ မာရီယာချစ်တဲ့သူအတွက် ကောင်းသောညဉ့်ခင်းအထိမ်းအမှတ် ငွေဆည်းလည်းသံကလေး”

ခပ်တိုးတိုးနှင့်ပြောလိုက်ပြီး ကျွန်တော်၏နှုတ်ခမ်းကို သူမ၏ ဆာလောင်မွတ်သိပ်နေသော နှုတ်ခမ်းနီရဲရဲကလေးဖြင့် အငမ်းမရဆွဲကပ် လိုက်ပါသည်။

အခန်းအပြင်ဘက်မှ . . . "ဒုန်း”ဟူသောအသံကြောင့် ကျွန်တော်နှင့်မာရီယာသည် ကပျာကယာ ကိုယ်ရှိန်သတ်လိုက်ကြစဉ် အခွင့်ကောင်းစောင့်နေသော ကျွန်တော်သည် ချက်ချင်းပင် . . .

“ခဏနေဦး . . . မာရီယာ ၊ ဘာ 'ဒုန်း’လဲ ၊ အရေးကြီးတယ်ထင်တယ်”

ပြောပြောဆိုဆိုနှင့် အခန်းအပြင်ဘက်သို့ ခပ်သုတ်သုတ်ထွက်ပြီး အပြင်လောကအခြေအနေကို ကြည့်ရှုလိုက်ပါသည်။ ဗိုလ်ချုပ် အင်နီတိုသည် ပက်လက်ကုလားထိုင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ကာ ဟောက်လျက်တွေ့ ရပြီး၊ သူ၏ခြေရင်းတစ်လျှောက်နှင့် စားပွဲပေါ်၌ကား အရက်ပုလင်းများ အစီအရီ တွေ့နေရတော့၏။

ကပ္ပတိန်ဖရစ်(စ်) အဖို့ သူ၏ဗိုလ်ချုပ်ခြေရင်းအနီး ကုလားထိုင်တစ်လုံးပေါ်၌ မှီ၍ထိုင်ရင်း အိပ်ပျော်နေရှာ၏။

'ဒုန်း'ဟူသောအသံမှာ ကပ္ပတိန်ဖရစ်(စ်)၏ခြေထောက်နှင့် မတော်တဆကန်မိ၍ အရက်ပုလင်းတစ်လုံး လွင့်စင်ကျသွားသော အသံသာ ဖြစ်ချေ၏။ ထို့နောက် ကျွန်တော်သည် ဦးဘိုးဟန်တို့လူစု ရှိရာသို့ လှည့်၍ကြည့်ရာ၌ ဦးဘိုးဟန်ရော၊ ဦးဘိုးရံတို့ပါ စောင်အသီးသီးခြုံကာ အိပ်ပျော်နေကြပေပြီ။

ဗိုလ်တဲအောက်ဆီမှ ကင်းစောင့်ရဲဘော်များ၏ ကူးလာတုံ့ပြန် ကင်းလှည့်သည့် စစ်ဖိနပ်သံများကိုသာ အဆက် မပြတ်တမ်း ကြားနေရတော့၏။

ဗိုလ်တဲရှေ့တည့်တည့် သဖန်းပင်ပေါ်မှ ညဥ့်ငှက်တစ်ကောင်၏ အော်မြည်သံသာလျှင် ကျယ်လောင်သောအသံတစ်သံအဖြစ် ပေါ်ထွက်လာချေ၏။

ကိုးရပ်လုံး၌ နှင်းထုနှင့် ညဉ့်နက်လွှာက အမှောင်ကားချပ်ကြီးအဖြစ် ဖုံးကွယ်နေတော့၏။ ကြယ်ရောင်လရောင်ကား လုံးဝပေါ် မလာသလောက် ဗိုလ်တဲအပြင်ဘက်၌ လမ်းပန်းခရီးနှင့် တောတောင်တို့ကို လုံးဝမမြင်သာတော့ချေ။

မှန်ပေသည်။ ကျွန်တော့်အဖို့လည်း အတင်းအဓမ္မ ချစ်ရေးခင်းနေသော မာရီယာ၏ချစ်ကွန်ယက်ကြားမှ မည်သို့မည်ပုံ ဖောက်ထွက်ရှောင်ရှားရန် ယခုအထိ လမ်းစကား မမြင်နိုင်သေး။ တွေးတိုင်း ရင်လေး စရာ ပြဿနာသာ ဖြစ်စေတော့၏တကား။

သားမျိုးစုံကြွယ် ရဂုံနယ်

“လွန်ခဲ့တဲ့နှစ်ရက်လောက်က သွားတဲ့ခြေရာဟောင်းပဲ၊ ကြံ့သုံးကောင်အုပ် ခြေရာဗျ”

ဦးဘိုးဟန်သည် မြက်ပင်ခြောက်ခြောက်တွေပေါ် နင်းသွားသော ကြံ့ခြေရာဟောင်းများကို ငုံ့ကာကြည့်ရင်း မှတ်ချက်ချလိုက်ပါသည်။

“ရှေ့ဆက်လိုက်ကြည့်ရအောင် ... ဘယ်ဘက်ကို ခြေဦးထောင်သွားသလဲလို့”

ကျွန်တော်သည် . ၄၇၅ မဂ္ဂဇင်းရိုင်ဖယ်ကြီးကို ပခုံးပေါ်သို့ ပစ်၍တင်ကာ ထမ်းလိုက်ရင်း နှင်းမှုန်တွေဝေ့နေသော ခွေးအအိုင် ချောင်းကျယ်ကြီးအတွင်းမှ ငှက်တောင်စခန်းအနီးက ရှေ့ခရီးဆက်ကို မှန်းမျှော်ကာကြည့်လိုက်မိ၏။

“ဘယ်လိုလဲ ကာနယ်၊ ကြံ့ခြေရာတွေ တွေ့ရရင် အကောင်ကို ရှာဖို့ရာပဲ၊ ကြံ့တင်မဟုတ်လား၊ ကျုပ် ကောင်းကောင်းကြံ့တွေခြေရာကို မှတ်မိခဲ့တယ်၊ အာဖရိကတိုက်မှာ ကျုပ် ကြံ့တွေနောက် ခဏခဏ လိုက်တုန်းကတည်းက ကြံ့တွေရဲ့ခြေရာတွေကို ဂဃနဏ မှတ်မိခဲ့လို့ပဲ ကာနယ်”

မာရီယာသည် သူမ၏ဖြူစင်သောမျက်နှာပြင်မှ စို့လာသည့် ချွေးပေါက်ကလေးများကို မျက်နှာသုတ်ပဝါဖြူဖြူကလေးနှင့် ကဗျာဆန်ဆန် သုတ်လိုက်ရင်း သူမ၏ညာဘက်ပခုံး၌လွယ်ထားသည့် . ၃၀-၀၆ ရိုင်ဖယ်ကို ဘယ်ဘက်ပခုံးသို့ ရွှေ့ပြောင်းလွယ်ယူလိုက်ပါသည်။

“အားကြီးခရီးသွားတဲ့အကောင်တွေဗျ၊ ကျုပ်တို့ အတော်လိုက်နိုင်မှ တော်ရုံကျမယ်”

ဦးဘိုးဟန်သည် ကြံ့သုံးကောင်အုပ်၏ခြေရာများကို တစ်ခုစီနင်းကာကြည့်ရင်း • • •

“နှင်းတွေကလဲ လွန်ပါရောဗျာ . . . မှန်းစမ်း ဘယ်နှစ်နာရီ ရှိပြီလဲ”

သူ၏အိပ်ထဲမှ အိပ်ဆောင်နာရီကို ထုတ်၍ ကြည့်လိုက်ပြီး ..

“ကိုးနာရီထိုးခါနီးတောင် နှင်းကျတုန်းဆိုရင် ခွေးအအိုင် ချောင်းဒေသဟာ ကျယ်ပြန့်အားကြီးလို့ နှင်းထူထပ်တယ်လို့ ဆိုရမှာပဲ”

"ဗိုလ်ချုပ် . . . ကျွန်တော်တို့ ခရီးပြင်းပြင်းလျှောက်ရလိမ့်မယ်။ ကြံ့တွေဟာ ခရီးအားကြီးသွားတဲ့အကောင်တွေမို့ ခြေလျင်လိုက်နိုင်ပါ့မလား ခင်ဗျာမာရီယာရော ဘယ်လိုလဲ . ."

ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုနှင့် မာရီယာအတွက် ငဲ့ကွက်သည့်စိတ်ထားနှင့် မေးမြန်းသည်တွင် . .

"မာရီယာအတွက် စိတ်ချပါ ကာနယ်။ ခုမှ အညောင်းဖြေလို့ကောင်းစ ရှိသေးတာဟာ”

ကနွဲ့ကလျအမူအရာဖြင့် မာရီယာသည် ကျွန်တော့်အား အလစ်တွင် ချစ်မျက်စောင်းကလေးတစ်ချက်ထိုးကာ ကြည့်လိုက်ရင်း ဖြေလိုက်သည်ကြောင့် ဗိုလ်ချုပ်ဘင်နီတိုသည် အားရပါးရ သဘောကျ သည့် အသံကျယ်ကြီးနှင့် ...

“ဟီးရား . . . ဟီးရား . . . ကျုပ်တို့ယောက်ျားတွေ ပိုပြီး လျှောက်နိုင်ရမှာပါပဲ၊ ဒုက္ခခံနိုင်ကြရမယ်။ မာရီယာကတောင် ခပ်တင်းတင်း ပြောနေသေးတာကိုး၊ ဘယ့်နဲ့လဲဟေ့ . . . ဖရစ်(စ်)”

သူ၏သက်တော်စောင့်ဆီသို့ လှည့်ကာ ဗိုလ်ချုပ်ဘင်နီတိုသည် ရယ်ရင်းမေးမြန်းလိုက်ပါသည်။

ကပ္ပတိန်ဖရစ်(စ်)သည် ရင်ကိုကော့ကာ သတိအနေအထားဖြင့် ရပ်လိုက်ပြီး . . .

“စိတ်ချပါ ဗိုလ်ချုပ်၊ ကျွန်တော်တို့ဆရာတပည့်ဟာ အီတလီ ပြည်မှာဆိုရင် ခြေလျင်လျှောက်ရာမှာ နံပါတ်ဝမ်း တစ်ဆွဲလာတဲ့အတွဲပဲ မဟုတ်လား”

ထို့နောက် ဆက်လက်၍ ကြံ့သုံးကောင်အုပ်၏ခြေရာကို ခံကြပြန်ပါသည်။ ရှေ့သို့ ကိုက်တစ်ရာထက် ပို၍မမြင်ရအောင် နှင်းထု၏ ကာကွယ်တားဆီးမှုကြောင့် ကျွန်တော်တို့သည် ထင်သလောက် ခရီး မပေါက်ကြပါ။

ကျွန်တော့်အဖို့ တစ်စုံတစ်ရာသတိရမိသည်ကြောင့် . .

"အခွင့်သင့်တုန်း ကျွန်တော်တို့အဖွဲ့ကို သတိပေးထားပါရစေခင်ဗျာ၊ ကျွန်တော်တို့လူစုဟာ အကြောင်းတစ်စုံတစ်ရာကြောင့် လူစု လူအုပ်ကွဲမသွားကြစေဖို့နဲ့၊ ကျွန်တော်နဲ့ ဦးဘိုးဟန်ကို အသိမပေးဘဲ ခရီးလမ်းပန်းတွေကို စွတ်မသွားကြဖို့၊ ချောင်းမြောင်းတွေ မကူးမိကြဖို့ ဖြစ်ပါတယ်”

အရေးတကြီး ကြေညာပြောကြားလိုက်သည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် ချက်ချင်းပင် ..

"ဘယ်လိုလဲ ကာနယ်။ ဘယ်လိုအကြောင်းကြောင့်လဲ။ တစ်ဆိတ်ရှင်းလင်းပြပါဦးဗျာ”

“ကျွန်တော်တို့ မြန်မာပြည်တောကြီးတောင်ကြီးတွေထဲမှာ မပြောပြနိုင်တဲ့ သဘာဝရဲ့အန္တရာယ်တွေ အသီးသီးရှိနေကြပါတယ် ဗိုလ်ချုပ်။ အဆိပ်ရှိတဲ့ပိုးကောင်တွေ၊ သစ်ပင်ချုံနွယ်တွေရဲ့ အန္တရာယ်ကလဲ ရှိနေပါတယ်”

“ကောင်းပြီဗျို့ . . . ကြားရဲ့လား မာရီယာနဲ့ ဖရစ်(စ်)။  ကောင်းကောင်းလိုက်နာမှတ်သားထားကြ”

သူ၏အဖွဲ့ဝင်များသို့ ပြန်လှန်ကာ သတိပေးပြောကြားရင်း ဗိုလ်ချုပ်ဘင်နီတိုသည် စီးကရက်တစ်လိပ်ကို မီးညှိကာဖွာလိုက်သည့် တစ်ခဏ၌ ဦးဘိုးဟန်သည် ကျွန်တော့်အား . . .

“ခင်ဗျားဗိုလ်ချုပ် ဆေးလိပ်မသောက်ဖို့ တစ်ဆိတ် သတိပေးလိုက်ပါဗျ၊ အမဲကြီးတွေနောက်က ခြေရာခံရင် လူနံ့၊ ဆေးလိပ်နံ့တွေကို အမဲကြီးတွေက ရသွားရင် သူတို့နောက်ကိုလိုက်လို့ အပိုပဲ၊ မောရုံပဲရှိမယ်"

ထို့ကြောင့် . . . ကျွန်တော်သည် ဗိုလ်ချုပ်အား မဆိုင်းမတွ တောင်းပန်ရင်း သတိပေးလိုက်သည်တွင် ဗိုလ်ချုပ်ကလည်း အနူးအညွတ် ပြန်၍တောင်းပန်ကာ ဆေးလိပ်ကို သူ၏ဘောင်းဘီထဲသို့ အမြန်ပြန်သွင်းလိုက်ပါသည်။ မာရီယာသည် ကျွန်တော်၏အပြုအမူကိုကြည့်ကာ နောက်မှ ပြုံးရယ်သည့်မျက်နှာကလေးဖြင့် မျက်စိတစ်ဖက်ကိုမှိတ်၍ ဗိုလ်ချုပ်ဘင်နီတို၏ ဦးကျိုးမှု၊ ရိုသေမှုကို ကျေနပ်ကြောင်း ကျွန်တော့်သို့ ပြသလိုက်ပါသည်။

ကျွန်တော်တို့လူစုသည် ခွေးအအိုင်ချောင်စခန်းကြီးထဲတွင် နေရာတကျ စခန်းချခဲ့ပြီး နောက်တစ်နေ့၌ ဗိုလ်ချုပ်ဘင်နီတို၏ဆန္ဒအရ သားကောင်ကြီး ငါးမျိုးအနက် အထူးခြားဆုံးသော သားကောင်ကြီး “ကြံ့” သတ္တဝါကို စတင်ရှာဖွေခရီးထွက်ခဲ့ခြင်း ဖြစ်ပါသည်။

ရှေ့ဆုံးမှတက်သွားသော ဦးဘိုးဟန်သည် ကျွန်တော်တို့နောက်ပိုင်းသို့လှည့်၍

"ကျွတ် . . . ကျွတ် . . . ကျွတ် . . ”

နှင့် စုတ်သပ်၍ သတိပေးလိုက်ပြီး၊ သူ၏ရှေ့ တစ်ပေခန့်အကွာရှိ မြေပျော့ပျော့အပေါ် သို့ လက်ညှိုးနှင့် အရေးတကြီး ညွှန်ပြနေပါတော့သည်။

ထို့ကြောင့်ကျွန်တော်လည်း ရှေ့ဆုံးမှ အပြေးကလေးတက်ကာ ဦးဘိုးဟန် ညွှန်ပြနေသော ခွာနှင့်သားကောင်တစ်ကောင်၏ ခြေရာအသစ် လတ်လတ် ဆတ်ဆတ်ကို တွေ့လိုက်ရတော့၏။

“ဆတ်မဟုတ်လား . . . အဘိုးကြီး”

ကျွန်တော်သည် ငုံ့ကြည့်ရာမှ လေသံနှင့်မေးလိုက်ရာ ဦးဘိုးဟန်သည် ခေါင်းကိုရမ်းလိုက်ပြီး . .

“မဟုတ်ဘူးဗျ၊ သေသေချာချာကြည့် . . . ခြေရာဟာ ဝိုင်းပြီး ရှေ့ပိုင်းကျကျမှာ ချွန်ထွက်နေတယ်၊ ဆတ်ခြေရာနဲ့တခြားစီပဲ၊ ဒါဟာ တောဆိတ်ခြေရာဗျ”

ဗိုလ်ချုပ်ဘင်နီတိုသည် ခြေရာကို ဝင်ရောက်ကာကြည့်ပြီး

"ဘာလဲ ကာနယ် သမင်လား"

“မဟုတ်ဘူး ဗိုလ်ချုပ်၊ တောဆိတ်ကြီးခြေရာ”

"ဟာ ကျုပ် တစ်ခါမှ မြန်မာပြည်က တောဆိတ်ကို မပစ်ဖူးဘူး၊ တွေ့လဲ မတွေ့ဖူးဘူး၊ ဒီအကောင်ကို ရအောင်လိုက်ကြရအောင်”

အရေးတကြီး ပြောကြားလိုက်တော့သည်။ ကျွန်တော်သည် ဦးဘိုးဟန်အား တောဆိတ်ခြေရာသစ်နောက်သို့ အမီလိုက်ရန် ပြောကြားလိုက်သည်တွင် ဦးဘိုးဟန်သည် ခပ်သုတ်သုတ်နှင့် ခြေရာရင်းပြကာ လိုက်စေပြီး၊ ကျွန်တော် ဗိုလ်ချုပ်ဘင်နီတိုနှင့်အဖွဲ့၊ ကိုဘိုးရံတို့အား တောဆိတ်ဖြတ်ထွက်မည့်နေရာလောက်က မှန်းကာ ဆီးကြိုပစ်ခတ် နိုင်စေရန် ရှေ့သို့ပန်း၍ အမြန်အတက်ခိုင်းလိုက်ပါသည်။

ကိုဘိုးရံသည် ရှေ့ဆုံးမှ တအားပြေး၍ တက်လိုက်ရာ ကျွန်တော်တို့နှစ်ယောက်ကလည်း ခြေသံကိုလုံအောင် ဖိ၍နင်းကာ ကိုဘိုးရံပြေးတက်ရာနောက်သို့ အမီပြေးလိုက်ကြရတော့၏။ တစ်ဖာလုံသာသာခန့် ပြေးခဲ့ကြပြီးနောက် ရေခန်းခြောက်စပြုနေသော အကျယ် ကိုက်ငါးဆယ်ခန့်ရှိသည့် ချောင်း ကလေး၏ တစ်ဖက်ထိပ်သို့ ဆိုက်ရောက်ခဲ့သည့်နောက်တွင် ကိုဘိုးရံသည် ကျွန်တော်တို့လူစုကို ချုံတစ်ချုံထဲသို့ တိုး၍ပုန်းကွယ်စေရန် အချက် ပြလိုက်ပါသည်။

ဗိုလ်ချုပ်ဘင်နီတိုနှင့်အဖွဲ့ဝင်များသည် ချုံထဲ၌ ချက်ချင်းဝင်ကာ ကပ်ခိုလိုက်ပြီး တစ်ခဏ၌ အရှေ့ဘက် ကိုက်သုံးဆယ်အကွာခန့်မှ ချုံတိုးသံသဲ့သဲ့ ထွက်ပေါ်လာတော့သည်။

ကိုဘိုးရံသည် မြေပေါ် သို့ အသာဝပ်၍ လူတစ်ထိုင်ခန့်အမြင့်ရှိသည့် ချုံပုတ်ကလေးများအတွင်း၌ ပုန်းကွယ်ရင်း ကျွန်တော်တို့အား ပစ်ခတ်ရန် အသင့်ပြင်၍ အချက်ပေးလိုက်ပြန်သည်။

မိနစ်ပိုင်းအတွင်း၌ ဝါးရုံပင်ကလေးတွေကြားမှ နီရဲနေသော အဆင်းသဏ္ဌာန်ဖြင့် သားကောင်ကြီးတစ်ကောင်၏ရှေ့ပိုင်းကို စတင်ကာ တွေ့လိုက်ရသည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် သူ၏ . ၃၅ဝ ရိုင်ဖယ်ကို မ၍ချိန်လိုက်၏။

ရှေ့ဆင့်နောက်ဆင့်တွင်ပင် နီရဲသော သားကောင် ကြီးကို ကျွန်တော်တို့ ကောင်းစွာတွေ့မြင်ရပါတော့သည်။ တစ်တောင်သာသာထွက်နေသော ခွေရစ်နေသည့် ဦးချိုနှစ်ချောင်းမှာ အနက်ရောင်တွေ ထွက်နေသလောက်၊ သားကောင်ကြီး၏ခြေလှမ်းများမှာလည်းမြန်ဆန်လှပေသည်။

အကင်းပါးပုံရသော တောဆိတ်ကြီးသည် ကျွန်တော် တို့ ပုန်းအောင်နေရာဘက်သို့ ခေါင်းတစ်ချက်တန်းကာ အနံ့ခံလိုက်ပြီး ကျွန်တော်တို့ကို မမြင်ရသော်လည်း လူနံ့ကို စတင်ကာရလိုက်သည်ကြောင့် ပြေးရန်အားယူလိုက်သည်။

ကျွန်တော်က ဗိုလ်ချုပ်ဘင်နီတိုကို ပစ်ခတ်ရန် အချက်ပေးလိုက်၏။ တောဆိတ်ကြီး၏ ဒုန်းပြေးအထွက်နှင့် ဗိုလ်ချုပ်၏ ရိုင်ဖယ်ဒဏ်ချက်ကြောင့် တောဆိတ်ကြီးသည် အရှိန်ပြင်းပြင်းနှင့် ချောင်းချောက်ကလေးထဲသို့ တအားပြေး၍ဆင်းကာ မြောက်ခနဲ မြောက်ခနဲ ချောင်းထဲ၌ ငုပ်စိစိပေါ်နေသော ကျောက်တုံးကလေးများပေါ်မှ ခုန်ပေါက်ကာ ချောင်းတစ်ဖက်ကမ်းသို့ အရတက်ပြေးပါတော့၏။

ဗိုလ်ချုပ်ဘင်နီတိုသည် သူပစ်ခတ်လိုက်သည့် တောဆိတ်ကြီးသည် နေရာ၌ပင် တစ်ချက်တည်းမကျဆုံးသည်ကြောင့် ဒေါသထွက်လာသည့်အမူအရာဖြင့် အီတလီဘာသာဖြင့် ဆဲဆိုလိုက်ပြီး ချောင်းထဲသို့ဆင်းရန် ခြေလှမ်းပြင်လိုက်၏။

ကျွန်တော်က ဗိုလ်ချုပ်၏ရှပ်အင်္ကျီ လက်မောင်းကို အရေးတကြီး လှမ်း၍ဆွဲရင်း တားဆီးလိုက်ပါသော် လည်း ဒေါသထွက်နေသော ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်ကို လုံးဝဂရုမစိုက်တော့ဘဲ ချောင်းချောင်းကလေးထဲသို့ စွတ်၍ခုန်ဆင်းလိုက်သည့်တစ်ခဏ၌ ဗိုလ်ချုပ်၏ကိုယ်လုံးသည် ရေခန်းခြောက်နေသော ချောင်းထဲရှိ ရွှံ့နွံထဲသို့ စွေ့ခနဲနစ်ဆင်းသွားပါတော့၏။

အလန့်တကြားနှင့် ဗိုလ်ချုပ်ဘင်နီတို၏အော်သံနှင့်အတူ ကျွန်တော်၏ စိုးရိမ်တကြီး သတိပေးသံသည် ပြိုင်တူထွက်ပေါ်လာတော့၏။

"မလှုပ်နဲ့ ဗိုလ်ချုပ်၊ နည်းနည်းမှမလှုပ်နဲ့၊ အသာငြိမ်ငြိမ်နေ။ လှုပ်ရင် အခြေအနေပိုဆိုးလိမ့်မယ်ခင်ဗျာ”

အမှန်မှာ ဗိုလ်ချုပ်ဘင်နီတို၏ကိုယ်လုံးသည် ရွှံ့နွံထဲ၌ ချိုင်းအောက်အထိ နစ်မြုပ်နေလေပြီတကား။

ကိုဘိုးရံသည် ချက်ချင်းသတိရကာ သူ၏ခါးကြား၌ အသင့်ပါလာသော ဓားမြှောင်ကြီးနှင့် ဝါးကိုင်း တစ်ကိုင်းကို ခုတ်ဖြတ်ကာ အကိုင်းသေးများကို သပ်ချလိုက်ပြီး . ...

“ကိုင်း . . . ကျုပ်ဝါးကို နောက်က ဝိုင်းဆွဲထားကြ”

ချောင်းကမ်းထိပ်၌ ခြေစုံရပ်ကာ ဗိုလ်ချုပ်ဘင်နီတိုဆီသို့ ဝါးကိုင်းအဖျားကို လှမ်း၍ပေးလိုက်ပြီး . . .

“ဆွဲတက်ပါစေ ဗိုလ်မှူး၊ ပြောလိုက်ပါ၊ ဖြည်းဖြည်းချင်း ဆွဲတက်ဗျို့"

ကျွန်တော်သည် ဗိုလ်ချုပ်အား ချက်ချင်းပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်၍ပြောကြားကာ အားပေးလိုက်ရပါသည်။

ဗိုလ်ချုပ်ဘင်နီတိုသည် ညာဘက်လက်ဖြင့် ဝါးလုံးအဖျားကို ဆုပ်ကိုင်၍၊ ဘယ်လက်က ရိုင်ဖယ်ကိုဆွဲကိုင်ကာ ဝါးလုံးကို အားပြုကာ ရုန်းကန်လိုက်ပါသည်။

ဖွက်ခနဲ ရွှံ့ထဲမှအသံနှင့်အတူ ဗိုလ်ချုပ်ဘင်နီတို ၏ အထက်ပိုင်းသည် ရွှံ့ထဲမှ မြောက်၍တက်လာတော့သည်။

နောက်ပိုင်းက ကျွန်တော်တို့လူစုက ကိုဘိုးရံ၏ဝါးကို ဝိုင်း၍ဖက်ကာ နောက်ပိုင်းသို့ ကန်ကာ ဆွဲတောင့်ထားလိုက်ကြရ၏။

မကြာမီ ချိုင်းအောက်၌ ရွှံ့နွံတွေ ပလာစတာကပ်သလို ပေရေနေသော ဗိုလ်ချုပ်ဘင်နီတို၏သဏ္ဌာန်ကို ချောင်းကမ်းပါးပေါ်၌ တွေ့ရပြီးလျှင် သူသည် ချက်ချင်းပင် ကျွန်တော့်အား . . .

“ကျုပ်မှားတာ တောင်းပန်ပါတယ် ကာနယ်။ ကာနယ် နောက်က အတင်းဆွဲပြီးတားရက်နဲ့ ကျွန်တော် မိုက်ကန်းကန်းလုပ်ခဲ့လို့ ခုလို ဖြစ်ရတာပါ၊ မှန်လိုက်လေဗျာ . . . သဘာဝရဲ့အန္တရာယ်တွေ၊ ဟုတ်တယ် ဒါဟာ ကိုယ်တွေ့ပဲ”

နောက်ပိုင်းမှ ဦးဘိုးဟန်နှင့် ခြေရာခံသူတစ်သိုက်ကလည်း ကျွန်တော့်ဆီသို့ ဆိုက်ရောက်လာတော့သည်။

ဗိုလ်ချုပ်ဘင်နီတိုသည် စိတ်လှုပ်ရှားမှုဒဏ်ကို ဖြေဖျောက်စေရန် စီးကရက်တစ်လိပ်ကို အားရပါးရ ဖွာလျက်ရှိသလောက် မာရီယာသည် ခပ်လှမ်းလှမ်းမှ ကျွန်တော့်အား မျက်စတစ်ဖက်ပစ်၍ပြရင်း လေသံကလေးနှင့် . . .

“ဘယ့်နဲ့လဲ . . . ရောမသူရဲကောင်းကြီး ပလာစတာကိုင်ထားတာ ကြည့်မကောင်းဘူးလား”

ကျွန်တော်သည် ချက်ချင်းပင် မာရီယာဆီသို့ ချဉ်းကပ်သွားပြီး ...



ဗိုလ်ချုပ်ဘင်နီတိုသည် စိတ်လှုပ်ရှားမှုဒဏ်ကို ဖြေဖျောက်စေရန် စီးကရက်တစ်လိပ်ကို အားရပါးရ ဖွာလျက်ရှိသလောက် မာရီယာသည် ခပ်လှမ်းလှမ်းမှ ကျွန်တော့်အား မျက်စတစ်ဖက်ပစ်၍ပြရင်း လေသံကလေးနှင့် . . .

“ဘယ့်နဲ့လဲ . . . ရောမသူရဲကောင်းကြီး ပလာစတာကိုင်ထားတာ ကြည့်မကောင်းဘူးလား”

ကျွန်တော်သည် ချက်ချင်းပင် မာရီယာဆီသို့ ချဉ်းကပ်သွားပြီး ...

“ဒီလိုပြောတာ ကျွန်တော်မကြိုက်ဘူး မာရီယာ၊ ဘာပဲဖြစ်ဖြစ် ဗိုလ်ချုပ်ဘင်နီတိုကို ချီးကျူးသင့်ပါတယ်၊ အခြေအနေနဲ့ ယဉ်ကျေးမှု၊ လုပ်ဆောင်မှုတို့ကို သတိထားစမ်းပါ မာရီယာ”

ဤတွင်မှ မာရီယာသည် ဆရာသမားဆိုဆုံးမခံရသော တပည့်ငယ်တစ်ယောက်ကဲ့သို့ ကျွန်တော့်အနီးမှ ခွာသွားပြီး ဗိုလ်ချုပ်ဘင်နီတိုဆီသို့ ချဉ်းကပ်သွားရောက်ပြီးနောက် . .

“ဘင်နီတိုပစ်တာ နှစ်ချက်စလုံးမှန်တဲ့ပုံပဲ။ တောဆိတ်ဟာ တယ်ပြီးလျင်မြန်တာပဲ ဘင်နီတို၊ မာရီယာ ဘင်နီတိုအတွက် ဘာလုပ်ပေးရမလဲလေ”

လွန်ခဲ့သည့်ညဉ့်က အရက်မူးမူးနှင့် သူ၏နှုတ်သရမ်းခဲ့မှုကြောင့် ဗိုလ်ချုပ်ဘင်နီတိုနှင့် မာရီယာတို့ ခပ်တန်းတန်းဖြစ်နေခဲ့ရာမှ ယနေ့အဖို့ မာရီယာကပင် ပျူပျူငှာငှာ လာရောက်၍ အကူအညီပေးရန် အသင့်ရှိကြောင်း စကားပြောဖော်၊ နှုတ်ဆက်ဖော်ရသည်ကြောင့် ဗိုလ်ချုပ်ကြီးသည် ဆွေ့ဆွေ့ခုန်ခမန်း ဝမ်းသာသွားသည့်မျက်နှာကြီးဖြင့် . . ...

“ကိစ္စမရှိပါဘူး မာရီယာ၊ မာရီယာ ခုလိုလာပြီး ဘာကူညီရမလဲလို့ မေးတာ၊ ကျုပ်အတွက် ရက်ရက်ရောရောအားဆေးကြီး သောက်ရသလိုပါပဲ”

ထို့နောက် ကျွန်တော်တို့ဘက်သို့ လှည့်ကာ . . .

“ကိုင်း ကျုပ်ပစ်လွှတ်လိုက်တဲ့ တောဆိတ်ကြီးနောက် ဆက်လိုက်ကြရအောင်ဗျို့”

သတိပေးပြောကြားသည်တွင် ဦးဘိုးဟန်သည် ဝါးလုံးကြီးကြီးတစ်လုံးနှင့် ချောင်းကမ်းထိပ်မှနေ၍ ချောင်းအလယ်ဗဟိုလောက်သို့ လှမ်း၍ တအားထိုးစိုက်ပြလိုက်တော့၏။

ဆယ့်နှစ်တောင်ဝါးလုံးရှည်သည် စွပ်ခနဲ နွံထဲသို့ မြုပ်ဆင်းသွားပြီး ရွှံ့ထက်တွင် နှစ်ပေခန့်သာ ပေါ်နေတော့၏။

"ခုတင်ကလို အရမ်းဆင်းလိုက်ရင် ဟောဒီဝါးလုံးမြုပ်သလို အားလုံးကိစ္စတုံးကုန်မယ်၊ ခုတင်က နွံနစ်ခံရတာ မမှတ်သေးဘူးထင်တယ်။ အခြေအနေကြည့်ပြီးမှ လိုက်ဖို့ သတိပေးလိုက်ပါ ဗိုလ်မှူးခင်ဗျာ၊ ဗိုလ်ချုပ်ကို . . .”

ကိုဘိုးရံသည် ဆိတ်ကြီး ဖြတ်ကူးပြေးသည့် ကျောက်တုံးတစ်လျှောက်သို့ ဂရုတစိုက်ကြည့်ပြီး ဝါးလုံးတစ်လုံးနှင့် ဆောင့်ကာ ဆောင့်ကာ ထိုးကြည့်လိုက်သည်။ ဝါးလုံးဖျားသည် မာကျောသောနေရာ ကို ထောက်မိသည့်အလား ဒေါက်ခနဲ ဒေါက်ခနဲ အသံမြည်ထွက်လာပြီး နွံထဲသို့ သုံးပေခန့်ဝင်သွားပြီး ရပ်တန့်သွား၏။

“ကဲ . . . ကျုပ် ရှေ့က ဆင်းမယ်။ နောက်ကလူတွေက ကျုပ်ကို ဝါးလုံးရှည်ရှည်နဲ့ တန်းပေးထားကြ၊ အရေးရှိရင် ကျုပ်ကို ဆွဲတင်ကြဗျို့၊ လက်မနှေးနဲ့”

ပြောပြောဆိုဆိုနှင့် ကိုဘိုးရံသည် တစ်လှမ်းချင်းဆင်းကာ ကျောက်တုံးကလေးတွေ အစီအရီပေါ်နေသည့် အကြောင်းကလေးအတိုင်း အရဲစွန့်ကာ ချောင်းတစ်ဖက်သို့ ဖြတ်ကူးလိုက်သည်။ ကိုဘိုးရံ၏ ဂွဆုံအထိသာ နွံနစ်ပြီး မကြာမီပင် ကိုဘိုးရံသည် ချောင်းတစ်ဖက်ထိပ်သို့ ရောက်ရှိခဲ့ပြီးနောက်၊ ကိုဘိုးရံသည် သူ၏ အမဲလိုက်ဓားမြှောင်ကြီးဖြင့် ဒိုးပင်မှ လက်မောင်းခန့်တုတ်ခိုင်သော ဒိုးနွယ်ရှည်ကြီးတစ်ပင်ကို ဖြတ်ကာ၊ ချောင်းထိပ်၌ရှိသည့် ခါးလယ်သာသာခန့်အမြင့်ရှိ ပေါက်ပင်ကိုင်းကြီးကိုချည်ကာ၊ ကျွန်တော်တို့ရှိရာသို့ တစ်ဖန်ဖြတ်ကူးလာပြန်တော့၏။

ကမ်းပေါ်မှ ဦးဘိုးဟန်နှင့် ရဲဘော်ကျော်လှိုင်တို့လူစုကလည်း ဦးဘိုးရံကို ဆီးကြို၍ဆွဲတင်လိုက်ပြီးသူ၏လက်ထဲမှ နွယ်တန်းကြီးကို တအားဆွဲ၍ ကသစ်ပင်ကြီး၌ ချည်နှောင်လိုက်ကြပြန်သည်။

ဖြောင့်တန်းနေသော ကြိုးတန်း ထီးထီးမားမားကြီး တန်းကာ ပေါ်ထွက်လာတော့သည်။

ကျွန်တော်သည် ဗိုလ်ချုပ်ကို စတင်ကူးဖြတ်ရန် အချက်ပေးလိုက်ပြီး ပထမဦးစွာ ကျွန်တော်ကပင် နွယ်တန်းကြီးကို အားပြု၍ သွက်လက်စွာဖြင့် ချောင်းတစ်ဖက်သို့ ဖြတ်ကူးခဲ့သည်။ ချောင်းတစ်ဖက်ကမ်းရှိ တောဆိတ်ကြီး၏ ခြေရာရင်း၌ နီရဲနေသော သွေးကွက်များကို ဦးစွာ ကျွန်တော် တွေ့ ရသည်ကြောင့် . . .

“ဗိုလ်ချုပ်ပစ်တာ မှန်တယ်ခင်ဗျ၊ သွေးစက်တွေ တွေ့နေပြီ”

အရေးတကြီး သတင်းပို့ပြောကြားလိုက်ရသည်။

တစ်သုတ်ပြီး တစ်သုတ် ချောင်းကလေးတစ်ဖက်သို့ အရောက်ကူးမိကြပြီးနောက် လတ်လတ်ဆတ်ဆတ်သွေးကြောင်းတွေနှင့် ပြည့်နေသော တောဆိတ် ကြီး၏ခြေရာကို စတင်ကာခံလိုက်ကြပြန်သည်။

ကျွန်တော်သည် ရှေ့ဆုံးမှတက်ခဲ့ပြီးနောက် ဦးဘိုးဟန်နှင့် ဗိုလ်ချုပ်ဘင်နီတိုတို့အဖွဲ့က ဆက်လက်လိုက်လာခဲ့ကြသည်။ တောဆိတ်ကြီးမှာ အကိုင်းချင်း ယှက်ထွေးနေသော ဝါးသုဉ်းတောကြီးထဲမှ ဖြတ်၍ပြေးသွားသည်ကြောင့် ခြေရာရင်းနှင့် သွေးစ မပျောက်စေရန် တောဆိတ်ကြီးပြေးရာ ခရီးစဉ် အတိုင်း ဆက်လက်လိုက်ပါခဲ့ရပြန်သည်။

ကိုက်သုံးရာကျော်မျှ ချီတက်မိသောအခါမှ ဝါးသုဉ်းတောကလည်း အင်တိုင်းဆန်လှသော တောကလေးအဖြစ်သို့ တစ်ဆင့်ရောက်ရှိခဲ့တော့၏။

တောဆိတ်ကြီး၏ သွေးစီးကြောင်းများအတိုင်း ကျွန်တော်သည် ခပ်သုတ်သုတ်နှင့် နင်းကာ လိုက်လာခဲ့သည်တွင် တောင်ကမူကလေးတစ်ခုအတက်တွင် ကျွန်တော်၏ ရှေ့မှ 'ဟင်းခနဲ’ သားကောင်တစ်ကောင်၏ ဒေါသတကြီးနှင့် မာန်သွင်းလိုက်သည့်အသံကြောင့် ဖျတ်ခနဲ ကျွန်တော်သည် . ၄၇၄ ရိုင်ဖယ်ကြီး
နှင့် အသံကြီးထွက်ပေါ်ရာဆီသို့ လှမ်း၍ ချိန်လိုက်တော့သည်။

ထို့နောက် ဂရုတစိုက် မာန်သွင်းသည့်အသံကြီး ထွက်ပေါ်ရာဆီသို့ ကျွန်တော် တောတွင်းကြည့်နေကျ ရှာဖွေနေကျ မုဆိုးမျက်စိများနှင့် ကြည့်လိုက် သည်တွင် အင်ဖက်များအကြားမှ မည်းနက်နေသော သားကောင်တစ်ကောင်၏သဏ္ဌာန်ကို အရှင်းသားတွေ့လိုက်ရတော့၏။

ကျွန်တော်၏ လှုပ်ရှားမှုကြောင့် မီးသွေးခဲလို မည်းနက်နေသော သားကောင်သည် ခေါင်းကြီးမော့ကာ ပါးစပ်ကြီးကို တအားဖြဲ၍ 'ဝေါခနဲ' မြေတုန်လာခမန်း အသံရှည်ကြီးနှင့်ဟိန်းလိုက်ရာ၌ သူ၏ဖြူဖွေးနေသော ချွန်မြနေသည့် အစွယ်ကြီးလေးချောင်းကို နေရောင်ဖျော့ဖျော့တွင် အတိုင်းသားတွေ့လိုက်ရတော့သည်။

ကျွန်တော်၏ စိတ်ထဲတွင် ဝက်ဝံကြီးလော သို့မဟုတ် သစ်ရွက်များ၏ အုပ်ဆိုင်းကာဆီးမှုကြောင့် မှောင်နေသောအရိပ်အောက်၌ ခိုကပ်နေသော ကျား တစ်ကောင်ပေလောဟု ကျွန်တော်သည် တွက်ဆ၍မရသည့်နောက်တွင် ကျွန်တော်၏ရိုင်ဖယ်ချိန်သီးသည် မည်းနက်နေသော သားကောင်၏ နဖူးပြင်ဆီသို့ ကျကျနနကြီး ချိန်လိုက်ပြီးလျှင်၊ ညာဘက်လက်ညှိုးက ရိုင်ဖယ်မောင်းကွင်းကလေးကို ဖိကာညှစ်ကာ ဆွဲဖြုတ်ချလိုက်တော့သည်။

ယမ်းခွံ လေးရာရှစ်ဆယ်တိတိစီးနေသော . ၄၇၅ ရိုင်ဖယ်၏ ကျည်ဆန်ကြီးသည် တစ်စက္ကန့်အတွင်း နှစ်ထောင့်နှစ်ရာပေ အမြန်နှုန်းဖြင့် ရစ်ပတ်ကာဟိန်းရင်း မာန်သွင်းနေသော သတ္တဝါမည်းမည်းကြီးခေါင်းပိုင်းသည် ပြင်းထန်လှသော ယမ်းအား၏အရှိန်နောက်သို့ လွင့်ပါသွားပြီးနောက် တစ်ချက်အားယူ၍ လေးဘက်ကန် ထလိုက်ရင်း ညာဘက်ဘေးသို့ တစ်ဖန် ပြန်၍ ညွတ်ကာကျဆင်းသွား လေတော့သည်။

ကျွန်တော်သည် ချောက်ခနဲ နောက်ထပ်ကျည်ဆန် အသစ်တစ်တောင့်ကို ပြောင်းဝထဲသို့ ထိုး၍ မောင်းတင်လိုက်ပြီး ဒုတိယအကြိမ် လိုအပ်လျှင် နောက်ထပ်ပစ်ခတ်ရေးအတွက် ချိန်လိုက်ပြန်သည်။ သို့ရာတွင် ဒုတိယအကြိမ် ပစ်ခတ်ရန်မလိုတော့ချေ။

ကျွန်တော်၊ ဦးဘိုးဟန်၊ ဗိုလ်ချုပ်ဘင်နီတို၊ ကိုဘိုးရံတို့ လေးဦးသား ရိုင်ဖယ်ကိုယ်စီ အသင့်ကိုင်ရင်း ရင်ဘောင်တန်းဖြန့်၍ လခြမ်းသဏ္ဌာန်ဝိုင်းကာ နက်မှောင်နေသော သားကောင်ကြီးရှိရာသို့ တစ်လှမ်းချင်း မျက်စိရှင်ရှင်နှင့် တက်ခဲ့ကြပါသည်။ သားကောင်နက်ကြီး၏ ခေါင်းမှ သွေးစိမ်းရွှင်ရွှင် ပန်း၍ထွက်ကာ မလှုပ်ရှားတော့ချေ။

သားကောင်အနက်ကြီး၏ ကျောဘက်၌ကား ဗိုလ်ချုပ်ဘင်နီတို ပစ်လွှတ်လိုက်သော တောဆိတ်သေကြီးသဏ္ဌာန်ကိုပါ တစ်ဆက်တည်းတွေ့လိုက်ရပြန်တော့သည်။ ကြောက်အားလန့်အားနှင့် ပြေးထွက်သွားသော တောဆိတ်ကြီးအား အနက်ရောင်သတ္တဝါကြီးက လမ်းခုလတ်က ဆီး၍ကိုက်သတ်ရင်း ကျွန်တော်တို့၏ ထပ်ချပ်မကွာလိုက်ပါလာမှုကို မာန်သွင်းကာ ဆီးကြိုရန်မူခြင်းအကြောင်းကို ကျွန်တော် ရိပ်စားမိပါတော့ပြီ။

"သစ်နက်ကြီးဗျို့ . . . ဗိုလ်မှူး တယ်ကြီးတဲ့အကောင်ကြီးပါလား ။ ကျုပ်က ရုတ်တရက်တော့ ဝက်ဝံကြီးအောက်မေ့တာဗျ။ ကြည့်စမ်း . . . ကျားကြီးနီးနီးကြီးထွားတဲ့ ကျားသစ်နက်ကြီးဗျ”

ဦးဘိုးဟန်သည် ဝမ်းသာအားရနှင့် ကြွေးကြော်လိုက်ပါသည်။ ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုအား အတိုချုပ် အဖြစ်အပျက်အကြောင်းကို ပြောလိုက်ပြီး၊ မြန်မာပြည်၌ အလွန်ရှားပါးသော သစ်နက် (Black Panther) ဖြစ်ကြောင်း ပြောကြားရာ၌ ဗိုလ်ချုပ်ဘင်နီတိုသည် ထ၍ခုန်ပေါက်ကာ အကြီးအကျယ် ဝမ်းမြောက်ဝမ်းသာဖြစ်သွားတော့သည်။

“ဟေ့ ဖရစ်(စ်)၊ ငါ ရွှံ့ထဲနစ်တာ ပင်ပန်းရကျိုးနပ်ပြီ ၊ ကြည့်စမ်း . . . မြန်မာပြည်မှာ အလွန်ရှားပါးတဲ့ တောဆိတ်ကြီးကွာ၊ သစ်နက်ကြီးရော၊ တစ်ပွဲတည်းရလိုက်တာ ဘယ်လောက်အမြတ်ထွက်သလဲဟေ့"

တောဆိတ်ကြီးရော၊ ကျားသစ်နက်ကြီးကိုပါ နွယ်ကြိုးများဖြင့် ချည်နှောင်ရင်း အလုပ်များနေသလောက် ကျွန်တော်တို့လူစုသည် ခွေးလှေးယားသီး ယားယံလာသလို တဖြည်းဖြည်းနှင့် တစ်ကိုယ်လုံး ဟိုနေရာကလိုလို၊ ဒီနေရာကလိုလိုနှင့် ယားယံစပြုလာတော့သည်။

ဧည့်သည်တော် ဗိုလ်ချုပ်ကြီးသည်လည်းကောင်း၊ ကပ္ပတိန်ဖရစ်(စ်) သည် တစ်ဖုံ၊ မာရီယာပါမကျန် ဣန္ဒြေမဆည်နိုင်အောင် ဟိုကုတ်ဒီခြစ်နှင့် ယားယံလာကြတော့သည်။

“ဗျို့ . . . အရီးဟန်၊ မွှားယားတွေ တိုးမိကြပြီဗျို့၊ မြန်မြန် မီးဖိုပြီး မီးခိုးမှိုင်းတိုက်ပစ်ကြရအောင်။ မြန်မြန်မီးမွှေး”

ကိုဘိုးရံသည် သူ၏လူများကို ထင်းခြောက်များစုဆောင်းခိုင်းပြီး မီးဖိုကာ ကျွန်တော်သည် အဓိပ္ပာယ်ပါပါနှင့် ကြည့်လိုက်တော့၏။

မွှားယားကိုက်လျှင် တစ်ကိုယ်လုံးချွတ်ကာ ကိုယ်လုံးထီး မီးကင်၍ အဝတ်အစားတွေအားလုံး မီးဖိုတွင် မီးကင်မှ မွှားယားကိုက်ခဲမှု သက်သာတော့၏။ ဤနည်းမှလွဲ၍ အခြားကယ်တင်ရန် နည်းလမ်းမရှိ တော့ချေ။

သို့ရာတွင် ကျွန်တော်တို့အားလုံး ယောက်ျားတွေချည့်ဖြစ်လျှင် တော်ပါသေး၏။ ယခုမှာမူကား မာရီယာဆိုသော အမျိုးသမီး ဖြူဖြူ ဖွေးဖွေး အလှအချောတစ်ဦးက ပါရှိနေ၍ ရုတ်တရက် ကျွန်တော်တို့ မွှားယားပြေဆေးအစီအစဉ် စလုပ်ရန် ခက်ခဲနေတော့၏။ သို့ရာတွင် မတတ်သာသည့်အဆုံး၌ ဗိုလ်ချုပ်ဘင်နီတိုအား လိုရင်းအဓိပ္ပာယ်နှင့် ပြေဆေးကို ပြောလိုက်ရတော့၏။

ဤတွင် ဗိုလ်ချုပ်သည် သူ၏လည်ပင်း ကို ပွတ်သပ်ကုတ်ဖဲ့ရင်း ...

“ကာနယ် မာရီယာကို ကြည့်ပြီးစီစဉ်ပေးပါ၊ မြန်မြန် လုပ်ပါ၊ ကျုပ်တို့နဲ့ ခပ်ဝေးဝေး မြန်မြန်ခေါ်သွားပါ ကာနယ်၊ မြန်မြန်”

ကျွန်တော်သည် မာရီယာကို ခေါ်ယူကာ ခပ်ဝေးဝေး တောကွေ့တစ်ခုဆီသို့ အပြေးထွက်၏။ ကျွန်တော်ကိုယ်တိုင်ကလည်း ရက်ရက်ရောရော မွှားယားများ၏ဒုက္ခပေးမှုဒဏ်ကို အလူးအလဲခံနေရသောကြောင့် ဖြစ်၏။ ကျွန်တော်သည် မာရီယာ၏မျက်နှာနီနီကလေးနှင့် အငြိမ်မနေရအောင် ကုတ်ဖဲ့နေမှုကို မရှုရက်နိုင်သည်ကြောင့် မာရီယာကို ခပ်ရှင်းရှင်းပြောပြရင်း သစ်ရွက်ခြောက်များကို စုပုံကာ မီးဖိုတစ်ဖိုအား အမြန်ဆုံးမွှေးပေးလိုက်ရင်း . . .

“ကဲ . . . မြန်မြန်၊ ကြည့်ပြီး ကာကွယ်ရေးတွေ လုပ်ပေတော့”

ကျွန်တော်သည် တစ်ရှိန်တည်း ခပ်တိုတိုပြောလိုက်ကာ မျက်နှာလွှဲ၍ နောက်ပိုင်းသို့ လှည့်ထွက်လာခဲ့၏။

ကျွန်တော့်အဖို့အတွက်လည်း မီးဖိုတစ်ဖိုကို အရေးတကြီး စုပေါင်း၍ဖိုရန် သစ်ရွက်ခြောက်များကို အရေးတကြီး စုဆောင်းလိုက်ရပါသည်။

သို့ရာတွင် အလန့်တကြားနှင့် အော်လိုက်သော မာရီယာ၏ ငယ်သံပါအောင် အော်သံကလေးကြောင့် ရှပ်အင်္ကျီကိုသာ ချွတ်ရင်းတန်းလန်းနှင့် ကျွန်တော်သည် ရိုင်ဖယ်ကို ကောက်ကာဆွဲလျက် မာရီယာရှိရာသို့ တအားပြေးတက်ခဲ့ရပြန်တော့၏။

ဖြစ်ကတတ်ဆန်း အရှက်ကိုကာကွယ်သည့်သဘောဖြင့် သူမ၏ ရင်ညွန့်နှင့် အောက်ပိုင်း အရေးကြီးရာများကို သူမ၏ရှပ်အင်္ကျီကလေးကို အကာအကွယ်အဖြစ်ဖြင့် မလုံ့တလုံဖုံးကွယ်ထားသော မာရီယာ၏ ကြောက်လန့်နေသော မျက်နှာဖြူဖြူကလေးနှင့် မီးပုံကြီးဘေး၌ ကပ်ကာ တုန်လှုပ်နေရှာသည့် မာရီယာ၏သဏ္ဌာန်ကို ကျွန်တော် တွေ့လိုက်ရပါပြီ။

ဖြူဖွေးနေသော လက်မောင်းအိုးနှစ်ဘက်သည့်အောက်မှ မောက်မို့ နေသည့် သားကောင်းမိခင်လောင်းအထိမ်းအမှတ် ရင်သားအစများသည် လည်းကောင်း၊ ပြည့်ဖြိုးသလောက် သွယ်ဆင်းကာ အချိုးအစား ကျလှသည့် ပေါင်လုံးနှစ်ဘက်နှင့်တကွ မြင်သူငေးကြည့်စရာ ရူပါရုံတွေနှင့် ပြည့်နေသော မာရီယာအား ရုတ်တရက် ကျွန်တော်သည် ငေးကြည့်မိရာမှ သတိရပြီး မာရီယာအား ကြောက်လန့်တကြားဖြစ်စေရန် ရန်မူနေသည့် ရန်သူကို အရေးတကြီး ရှာဖွေလိုက်ပါသည်။

“ဟိုမှာ . . . ကာနယ်၊ ဟိုမှာ ..."

လှမ်း၍ မာရီယာသည် လက်ညှိုးကလေးနှင့်လှမ်း၍ထိုးပြရာသို့ ကြည့်လိုက်ရာတွင် လက်ကောက်ဝတ်ခန့်တုတ်ခိုင်သော မြွေကြီးတစ်ကောင်၏ ခေါင်းပိုင်းကို တွေ့လိုက်ရသည်ကြောင့် ကျွန်တော် အမြန်ဆုံး အပြေးတက်လိုက်ရာ၌ မြွေကြီးသည် ကျွန်တော်၏အရိပ်ကို မြင်သည်နှင့်တစ်ပြိုင်နက်တည်း နောက်ပိုင်းသို့ ချာခနဲလှည့်ကာ ပြေးထွက်ပြီး တောကြားထဲ၌ ပျောက်ကွယ်သွားပါတော့သည်။

လင်းမြွေဟုခေါ် သော မြွေသတ္တဝါသည် ယောက်ျားနှင့်ရင်ဆိုင်သည့်အခါ၌ သတ္တိနည်းသလောက်အမျိုးသမီးများနှင့် တွေ့သည့်အခါမျိုး၌ ကြောက်လန့် နေသော အမျိုးသမီးကို ဖြဲ၍ဖိ၍ ခြောက်လှန့်ကြောင်းကို ကျွန်တော် ကောင်းစွာနားလည်သဘောပေါက်မိတော့၏။

“ကဲ . . . မာရီယာ အလကားမြွေပါ၊ ပြေးပြီ ... ဆက်ပြီး မီးခိုးကင်ပါ မာရီယာ၊ ဘာမှကြောက်မနေပါနဲ့၊ ဟုတ်လား”

ကျွန်တော်သည် တစ်ခွန်းတည်းပြောခဲ့ပြီး နောက်ပိုင်းသို့ ချာခနဲလှည့်ကာ ထွက်လာခဲ့၏။ သို့ရာတွင် ရက်ရက်စက်စက်လှပသော မျက်နှာရှင် မာရီယာ၏ နတ်သမီးရုပ်တုနှင့် နင်လားငါလား ပြိုင်နေသော လှပကြော့ရှင်းသလောက် အချိုးအစားကျလှသည့် ကိုယ်လုံး၏မြင်ကွင်းများမှာကား ကျွန်တော်၏ မျက်စိထဲမှ မေ့ပျောက်၍မရတမ်း အပြီး မြင်ယောင်ရှိနေတော့၏။

“ကျေးဇူးတင်ပါတယ် ကာနယ်၊ ခုတော့ မာရီယာ မကြောက်တော့ပါဘူးရှင်။ ဪ . . . တကယ့်အရေးကျရင် တကယ်အားကိုးရတဲ့ ကာနယ်၊ အလိုက်သိတတ်လွန်းလို့ မာရီယာ အသည်းတွေစွဲနေပြီကောကွယ်”

မာရီယာသည် ရယ်သံကလေးတွေ အစီအရီနှင့် မီးခိုးငွေ့တွေကြားမှ လွှတ်ခနဲပြောလိုက်သောအသံ . . .

သို့မဟုတ် "ပြေးနိုင်မှ လွတ်စေ့မနော်”

ဟူသော မာရီယာ၏ကြုံးဝါးသံ သို့မဟုတ် မာရီယာပျိုဖြူ၏ ဖွေးဖွေးဖြူဖြူ ချစ်ရေးကြူစရာ လှမျက်နှာနှင့် ယဉ်တစ်ကိုယ်လုံး ရူပါရုံများအကြားမှ ကျွန်တော့်အဖို့ ကမ်းမမြင် လမ်းမမြင် ထွက်ပေါက်မရ နိုင်အောင် ကျပ်တည်းသော ဘဝဒုက္ခဝဋ်ကြွေးလောဝဋ်ဟောင်းလော။ ကျွန်တော်သည် တစ်ဦးတည်းစဉ်းစားရင်း ရှပ်အင်္ကျီကိုချွတ်၊ ဘောင်းဘီရှည်ကို ချွတ်ကာ တစ်ဆင့်မီ မီးဖိုမှိုင်းတိုက်ရင်း ရက်ရက် စက်စက်ဒုက္ခပေးနေသော မွှားယားများကို အစဖျောက်လိုက်ရပါတော့သည်။

(လမ်းဘယ်မမြင်)

လေကလေးသိမ့်လိုက်တိုင်း တစ်တောလုံးရှိ သစ်ပင်သစ်ရွက်များသည် အသံစုံမြည်ဟည်းကာ စည်းချက် ဝါးချက်လိုက်သလို ငြိမ့်ညောင်းသောအသံများ ရိုက်ခတ်စေတော့၏။

လင်သက် ခေါ် အဝါနှင့် အနက်နှင့် ခပ်ကျားကျား ရှဉ့်အကြီးမျိုးတစ်ကောင်၏ စူးရှစွာအော်လိုက်သောအသံသည်လည်းကောင်း၊ တဒေါင်ဒေါင်နှင့် သစ်ခေါင်းကို မာကျောသောနှုတ်သီးဖြင့်ခေါက်၍ ပိုးကောင်များ စားသောက်နေကြသည့် သစ်တောက်ငှက်ကြီးများ၏ နှုတ်သီးခေါက်သံကြီးများသည်တစ်ဖုံ၊ ဂနိုင်တစ်ခွင်ကို ပဲ့တင်ထပ်သော “တောသံ”များအဖြစ် ဖန်တီးနေတော့၏။

လွှားခနဲ ရားခနဲ တစ်ပင်က တစ်ပင်၊ တစ်ကိုင်းမှ တစ်ကိုင်း ခုန်ကူးပြေးလွှားသော မျောက်ညိုအုပ်ကြီးများ၏ စူးစူးရှရှအော်သံများနှင့်တကွ အောင်လောင်ငှက်ကြီးများ၏ တရှိရှိ တောင်ပံခတ်ကာ ပျံသန်းနေကြသည့်သဏ္ဌာန်များလည်း နက်ရှိုင်းကြီးမားသော တောင်စဉ် (၇) ရပ်ကို အပြီးသားဖော်ပြနေတော့၏။

ကျွန်တော်တို့မုဆိုးတစ်သိုက်သည် မနေ့က ခြေရာသာတွေ့ခဲ့ရသည့် ကြံ့များနောက်သို့ အမီလိုက်လံပစ်ခတ်ရေးအတွက် ခုနစ်ရက်စာ အရေးပေါ် ရိက္ခာခြောက်များကိုယ်စီထည့်ကာ နံနက်စောစောကပင် ခွေးအအိုင်ချောင်း ပင်မစခန်းကြီးက တောင်စူးစူး "မြိုင်သာ” စခန်းဆီသို့ တောပစ်ထွက်ခဲ့ကြခြင်းသာ ဖြစ်ပေ၏။

ကျွန်တော့်ရှေ့မှောက်၌ ကြံ့ခြေရာအသစ်တွေသာမက တောဆင်အုပ်ခြေရာ၊ ပြောင်အုပ်ခြေရာ၊ ပြောင်ထီးခေါင်းခြေရာ၊ ကျားခြေရာ၊ စိုင်ခြေရာ အသစ်ကျပ်ချွတ်များကိုလည်း ကျော်မလွတ်တမ်း တွေ့နေရပေပြီ။

သို့ရာတွင် ဗိုလ်ချုပ်ဘင်နီတို၏ ကြံ့ကိုသာ သဲသဲမဲမဲ ပစ်ခတ်လိုသောဆန္ဒကြောင့် ကျွန်တော်တို့မုဆိုးများသည် ကြံ့ခြေရာအသစ် နောက်သို့ စူးစူးစိုက်စိုက် လိုက်ခဲ့ရတော့သည်။ ကြံ့ခြေရာများမှာ နှင်းရည်တွေ မိုးပေါက်ကဲ့သို့ ပြိုင်ကာကျဆင်းခဲ့သည့်အရှိန်ကြောင့် မြေပြင်တစ်လျှောက်၌ ရွှံ့ဗွက်တွေဖြစ်နေရာမှ အတိုင်းသာ ခြေရာမပျက်တမ်း ထင်ထင်ကြီးတွေ တွေ့နေရတော့၏။

သို့ရာတွင် ကြံ့သတ္တဝါများသည် အမြဲတမ်း လှုပ်ရှားရင်း စားသောက်ကာ အငြိမ်မနေတတ်သော သတ္တဝါ များပီပီ ခရီးရှည်လှည့်လည်သွားတတ်ကြသည့်အလျောက် ခပ်နီးနီး၌ ကျွန်တော့်အနေနှင့် တွေ့နိုင်မည်မဟုတ်ဟု သိရှိပြီးဖြစ်ပါသည်။

ဗိုလ်ချုပ် ဘင်နီတိုအဖို့ ခါတိုင်းလို သူထင်ရာ စွတ်၍ မစိုင်းရဲ မသွားရဲတော့ချေ။ ယမန်နေ့က သူ့အဖို့ မမျှော်လင့်သော ရွှံ့နွံထောင်ချောက်၌ ကျရောက်ခဲ့သည်ကြောင့် အတော်ကလေး သတိသံဝေဂရပြီး အစစအရာရာ အသွားအလာ ဆင်ခြင်နေပုံရပါသည်။

ကပ္ပတိန်ဖရစ်(စ်)သည် သူ၏ စိတ်တွင်း၌ သူ၏ဗိုလ်ချုပ်ကို လက်တွေ့ပညာပေးရင်း စိတ်ထင်ရာစိုင်းတတ်လျှင် အသက်ဘေးနှင့်နီးကပ်လှသောအန္တရာယ်ကို တွေ့တတ်ကြောင်း သင်ခန်းစာပေးတတ်သူဟူ၍ ကျွန်တော့်ကို အထင်ရှိပြီး အထင်ကြီးနေသလောက် ခါတိုင်းထက် ကျွန်တော့်အား အရိုအသေပြုလာတော့၏။

နှစ်မိုင်ခန့်လျှောက်ခဲ့သောအခါ၌ ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်သို့ လှမ်း၍ . . ..

“ကျုပ်တို့ ကြံ့ကို မပစ်ရမချင်း လက်မလျှော့တမ်း လိုက်ကြရမယ်နော် ကာနယ်။ ဘယ်ရောက်ရောက် ကျုပ်တို့မုဆိုးအကြီးစားတွေရဲ့ စိတ်ဓာတ်အတိုင်း၊ ဟုတ်ရဲ့လား . . . ကာနယ် . . ."

“လိုက်ကြတာပေါ့ ဗိုလ်ချုပ်၊ တစ်ခုတော့ရှိတယ်၊ ကြံ့သတ္တဝါတွေက ဗိုလ်ချုပ်သိတဲ့အတိုင်း အားကြီးခရီးသွားလေ့ရှိတယ်။ ပြီးတော့လဲ အလွန်ကျွမ်းကျင်တယ်၊ ကြံ့သတ္တဝါတွေရဲ့ အလေ့အထကို ဗိုလ်ချုပ် သိပြီးတဲ့အတိုင်း ကျွန်တော်တို့ ဒီနေ့အဖို့တော့ ခရီးတော်တော် ချီတက်ကြလိမ့်မယ်ခင်ဗျ၊ ကျွန်တော် အစိုးရိမ်ဆုံးက ခရီးလမ်းပန်းကဝေးပြီး တောက အားကြီးထူထပ်လွန်းတော့ မျက်စိလည်မှာ စိုးရိမ်မိတယ် ဗိုလ်ချုပ်”

ကျွန်တော်၏စကားကို ဗိုလ်ချုပ်ဘင်နီတိုသည် ကောင်းစွာ နားထောင်လိုက်ပြီးအဆုံး၌ တဟားဟားနှင့်ရယ်မောကာ

"ခရီးသွားရလေ ကျုပ်က ပျော်လေ ကြိုက်လေပဲ။ မျက်စိလည်လေလေ ကောင်းလေလေပဲဗျာ”

သူသည် မာရီယာကို တစ်ချက်စောင်း၍ကြည့်ရင်း ပြောလိုက်ရာတွင် မာရီယာသည် အပြုံးမပျက်တမ်းမျက်နှာထားဖြင့် . . .

“မာရီယာလဲ ဒီလောက်တော့ သတ္တိရှိပါတယ် ဘင်နီတို၊ ရောမသွေးဟာ မညံ့သေးပါဘူး၊ ပြီးတော့ သတ္တိအရာမှာရော သေနတ်ပစ်တဲ့နေရာမှာရော လျင်မြန်သလောက် လက်တည့်တဲ့ ဟောဒီက ကာနယ်နဲ့ ဘင်နီတိုနှစ်ယောက်စလုံး မာရီယာရဲ့ အဖော်အဖြစ် ပါနေတဲ့နောက်မှာ မာရီယာက ကမ္ဘာမြေပြင်ပေါ်မှာရှိနေတဲ့ သတ္တဝါတွေ၊ အန္တရာယ်တွေ ကြောက်နေရဦးမှာလားဟင်၊ အဓိပ္ပာယ်မရှိတဲ့ ကြောက်စရာတွေ စိုးရိမ်စရာအချက်တွေဟာ ..."

ကျွန်တော်၏အနီးသို့ ရဲတင်းစွာတိုးလာရင်း မာရီယာသည် ကျွန်တော်နှင့် ပခုံးချင်း ဘေးချင်းယှဉ်ကာ ရပ်လိုက်ပါတော့သည်။ ပြီးမှ မာရီယာသည် သူ၏ညာဘက်လက်ထဲမှ ရိုင်ဖယ်နှင့် ကျွန်တော့်လက်ထဲမှ နှစ်လုံးပြူးရိုင်ဖယ်ကြီး၏ ပြောင်းအကျယ်ကို နှိုင်းယှဉ်သည့်မျက်နှာကလေးဖြင့် ကြည့်ကာ . . .

“အတော်ပြောင်းဝကျယ်သလောက် လေးလံမယ့်လက်နက်ပဲကာနယ်၊ ဒီနေ့ ခရီးလမ်းပေါ်မှာ တွေ့ မယ့်သားကောင်ကြီးတွေအတွက် အထူးသင့်လျော်တဲ့လက်နက်ကောင်းကြီးတွေ ဖြစ်ပါလိမ့်မယ်ထင်ပါရဲ့ ကာနယ်”

“ဟုတ်တယ် မာရီယာ၊ ကျွန်တော့်လက်နက်က သားကောင်ကြီးတွေအတွက် တမင်တကာစီမံလုပ်ကိုင်ထားတဲ့ . ၄၇၀ ဗို့ နှစ်လုံးပြူးရိုင်ဖယ်ဖြစ်ပါတယ်၊ မာရီယာ့ရိုင်ဖယ်ကတော့ မောင်းတန်ထိုးဖို့ အက်ရှင် (Bolt Action 257) မဂ္ဂဇင်းရိုင်ဖယ် အပေါ့စားမျိုးဖြစ်တော့ ပြောင်းဝအကျယ်ချင်း ကွာခြားနေပါတယ် မာရီယာ”

မာရီယာသည် သူမ၏လက်တွင်းမှ ရိုင်ဖယ်ကလေးကို ကျွန်တော့်ကို ပေးအပ်လိုက်ပြီး ကျွန်တော်၏လက်တွင်းမှ . ၄၇၀ နှစ်လုံးပြူး ရိုင်ဖယ်ကြီးကို ဆွဲယူကာ သူမ၏ညာဘက်ပခုံး၌ကပ်ကာ ချိန်ဆကြည့်လိုက်၏။ သူမ၏ပါးစပ်ကလည်း . . .

“အားကြီးလေးတယ်နော် ကာနယ်။ သိပ်ပြီးနောက်ပြန်ကန်တဲ့အား များမှာပဲ”

ကျွန်တော်သည် ခေါင်းကိုညိတ်၍ပြလိုက်ပြီး . .

"တစ်နေ့နေ့မှာ မာရီယာ စမ်းကြည့်ပါလား၊ ပစ်ခတ်လို့ အားကြီးအရသာရှိတဲ့ သေနတ်မျိုးပဲ”

ရှေ့မှသွားနှင့်သော ဗိုလ်ချုပ်ဘင်နီတိုတို့လူစုကို မာရီယာသည် တစ်ချက်လှမ်း၍ကြည့်လိုက်ပြီး . .

“ဟောဒီသေနတ်ကြီးရော၊ ဟောဒီက သေနတ်ပိုင်ရှင် ကာနယ်ရော မာရီယာ အမြဲတမ်း မခွာတမ်း လက်ပွန်းတတီးနေပါရစေလား ကာနယ်၊ မာရီယာက တကယ်သတ္တိရှိတဲ့လူကိုမှ မြတ်နိုးနှစ်သက်တတ်တဲ့ သူပါ”

“ဟာ . . . မာရီယာ၊ ဗိုလ်ချုပ်ဘင်နီတိုလဲ ခေတဲ့ပုဂ္ဂိုလ်မှ မဟုတ်ဘဲ၊ စစ်ပွဲတွေမှာ ရှေ့တန်းက ခေါင်းဆောင်တိုက်ခိုက်နိုင်တဲ့ ရေတပ်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲမဟုတ်လား၊ ပြီးတော့ ကျွန်တော်ဟာ အာရှတိုင်းသား မြန်မာတစ်ယောက်။ မာရီယာတို့အနောက်နိုင်ငံနဲ့ ဘာသာရော၊ ဓလေ့ထုံးစံရော ဆန့်ကျင်နေတဲ့ လူမျိုးခြားတစ်ယောက်ဆိုတော့”

မာရီယာသည် ကျွန်တော်၏ လက်မောင်းတစ်ဖက်ကို ဖျတ်ခနဲဆွဲကာ လိမ်လိုက်ပြီး . . .

"ဘာသာဓလေ့ဆန့်ကျင်ဘက်ဖြစ်ရော မာရီယာက မချစ်ရဘူးလားဟင်၊ ကိုင်း . . . မှတ်ထား၊ နောက်ကို ဒီလိုဆန့်ကျင်ဘက်စကား ပြောဦး၊ ဘင်နီတိုအကြောင်းတော့ မာရီယာ အထူးပြောဖို့မလိုပါဘူး၊ တစ်ခါ ကာနယ်ကိုယ်တိုင် တွေ့ကြုံတဲ့အခါကျမှ အဖြေမှန်ရမှာမို့လို့ပဲ၊ ကဲ . . . မာရီယာက ပေါင်မုန့်ကိုစွန့်ပြီး မြန်မာထမင်းစားပါမယ်တဲ့ရှင်၊ ထောပတ်စွန့်ပြီး မြန်မာငါးပိသို့ ကြိုးစားပြီးစားပါမယ်တဲ့ရှင်၊ ကျေနပ် ရဲ့လား”

ကျွန်တော်နှင့်ဘေးတိုက်ကပ်၍လျှောက်ရင်း မာရီယာသည် ချစ်စရာမျက်နှာကလေးနှင့် ပြောပြန်ရှာပါသည်။ ရှေ့မှသွားနှင့်သော ဦးဘိုးဟန်သည် နောက်ပိုင်းသို့လှည့်ကာကြည့်လိုက်ပြီး ...

"လာဗျို့ ... သွားရလိုက်ရမယ့်ခရီးက သိပ်မနီးဘူးနော်"

အဓိပ္ပာယ်ပါပါနှင့် ကျွန်တော်၏မျက်နှာကိုကြည့်ကာ ခပ်ကျယ်ကျယ် အော်ဟစ်ခေါ်ယူသတိပေးလိုက်ပါသည်။ ကျွန်တော်သည် မာရီယာ၏ကျောပြင်ကလေးကို တယုတယ ပွတ်သပ်နှစ်သိမ့်ကာ . . .

"လာ .. လာ မာရီယာ၊ အဘိုးကြီးက နောက်ကျလို့ လှမ်းခေါ်နေပြီ၊ ကျွန်တော်တို့ လောလောဆယ် အလုပ်ကိစ္စ ဆက်လက်လုပ်ကြဦးစို့၊ ဝမ်းသာပါတယ် မာရီယာ၊ ခုလို ကျွန်တော်နဲ့ ဘဝတူမကွာ ဓလေ့ထုံးစံချင်းအတူတူဖြစ်အောင် နေပါမယ်လို့ ကတိပေးတဲ့ အင်မတန် မွန်မြတ်လှတဲ့ မာရီယာရဲ့ဖွင့်ဟချက်ကို"

ကျွန်တော်တို့နှစ်ယောက်သည် ဗိုလ်ချုပ်ဘင်နီတိုကို အမီလိုက်ခဲ့ကြရပြန်လေသည်။ ဗိုလ်ချုပ်ဘင်နီတိုသည် ကြံ့ခြေရာကြီးများကို စိတ်ပါဝင်စားနေသလောက် မာရီယာဘက်သို့ ဦးမလှည့်နိုင်သည့် အခြေအနေကို အပြီးသားဖော်ပြနေပါတော့သည်။

ကြံ့ခြေရာကြီးများကား မှန်မှန်ခြေလှမ်းမျိုးဖြင့် ခွေးအအိုင်ချောင်း အရှေ့မြောက်ထောင့်အစမှ အနောက်တောင်ထောင့်ယွန်းယွန်းဆီသို့ ညွှန်းနေတော့၏။

ကျွန်တော်တို့မုဆိုးတစ်သိုက်သည် ခြေလှမ်းကျဲကျဲလှမ်းကာ ကြံ့ခြေရာကြီးများနောက်သို့ အပြင်းအထန်လိုက်ပါခဲ့ကြသည်။ နောက် သုံးနာရီခန့်အကြာတွင် ဗိုလ်ချုပ်ဘင်နီတိုသည် အနည်းငယ်ဆာလောင်လာသည်ကြောင့် အသားညှပ်ပေါင်မုန့်နှစ်ချပ်နှင့် ကော်ဖီတစ်ခွက်ကို လမ်းသွားရင်းပင် မှာယူစားသောက်လိုက်ပါသည်။ ပြီးလျှင် . . .

"မာရီယာနဲ့ ဖရစ်(စ်) . . . ဆာရင်စားကြနော်”

ဟူ၍ပြောကြားလိုက်တော့သည်။ တောပြင်အခြေအနေမှာလည်း သိသိသာသာ နက်ရှိုင်းလာသလောက် သစ်ပင်ဝါးပင်အခြေအနေတို့မှာလည်း အကြီးအကျယ် ပြောင်းလွဲထူထပ်ပါတော့၏။

နေရောင်ခြည်ကား ခပ်ဖွဲဖွဲလောက်သာ တောတွင်းသို့ပေါက်ရောက်ကာ အလင်းရောင်အားနည်းစွာဖြင့် တွေ့နိုင်တော့၏။ လူသွားလမ်းကလေး ခပ်ဖုံဖုံဘဝမှ ခပ်မှိန်မှိန်အခြေအနေသို့ တစ်ဆင့်ကူးပြောင်းလာရုံမက တချို့နေရာများ၌ လူသွားလမ်းကလေးမှာ သစ်ပင်ဝါးပင်များ ရေမစီးကြမ်းတောများဖြင့် ပိတ်ဆို့ပျောက်ကွယ်နေတော့၏။

သို့ရာတွင် အသက်ကြီးသလောက် မျက်စိလျင်လှသော ဦးဘိုးဟန်နှင့် ကိုဘိုးရံ အစရှိသည့် မုဆိုးကျော်နှစ်ဦး၏ ခြေရာခံကောင်းမှုနှင့် လမ်းပြနှစ်ဦး၏အကူအညီတို့ကြောင့် ခက်ခက်ခဲခဲ တောကြိုတောင်ကြားမှပင် ကြံ့ခြေရာများကို အဆက်မပြတ်တမ်း မပျောက်တမ်း ဆက်လက်၍ ခြေရာခံနိုင်တော့၏။

တစ်နေရာတွင်မူကား ဦးဘိုးဟန်သည် ကျွန်တော်၏အနီးသို့ ချဉ်းကပ်၍လေသံဖြင့် . . ...

“ခင်ဗျားတို့ဗိုလ်ချုပ်က ဘယ်လိုလဲဗျ၊ စိတ်ရောကောင်းရဲ့လား။ ကြံ့ခြေရာတွေ့ရုံနဲ့ ကြံ့ကို မတွေ့တွေ့ အောင်ရှာချင်တဲ့စိတ်နဲ့၊ ပြီးတော့ အလွန်ထူထပ်တဲ့ တောကြီးထဲမှာ ခရီးအဆက်မပြတ် လမ်းပန်းအခြေ အနေကိုမှ တအောင့်တလေကလေးနားပြီး စုံစမ်းပြီးနေခွင့်တောင် မပေးတမ်း၊ ခရီးသွားချင်တာ သူ့ရဲ့မူမမှန်ဘူးဗျ”

ကျွန်တော်သည် ဦးဘိုးဟန်ကို လေသံဖြင့် . . . .

“အခြေအနေကြည့်ပြီး ကျုပ် သူ့ကို သတိပေးပါမယ်။ စိတ်ရှည်ရှည်ထားပါဗျာ . . . ဦးဘိုးဟန် သူ ဒုက္ခခံနိုင် အညောင်းခံနိုင်လို့မှ ကျုပ်တို့ ဝါရင့်တဲ့မုဆိုးကြီးတွေက မခံနိုင်ရင် ရာဇဝင်ရိုင်းသွားမှာပေါ့ဗျာ”

“ဟုတ်ပါတယ် ဗိုလ်မှူး၊ သူတို့အတွက် ပြောတာပါ၊ ခု ကျုပ်တို့ ခြေဦးတည့်နေတဲ့ခရီးဟာ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းမသိရဘူး။ ခဏကလေးနားပြီး စခန်းအခြေအနေ တောတောင်အခြေအနေကို လမ်းပြကိုပန်းဘူးနဲ့ တီးခေါက်ကြည့်ဖို့ ရပ်တော့ သူက ခြေဟန်လက်ဟန်နဲ့ အသာရှေ့ဆောင်ပြီး အတွင်သာတက်ခိုင်းနေတော့တာပဲဗျာ၊ ကျုပ်တို့တော့ လမ်းစပျောက်ခဲ့ပြီ ဗိုလ်မှူး။ စောစောက ကြိုတင်ပြီးပြော ထားနှင့်မယ်”

“ဘိုးသူတော် ပြောသလိုပေါ့ဗျာ . . . မျက်စိလည်လေလေ ဆန်များများအလှူခံရလေလေ ဆိုသလိုပေါ့ အဘိုးကြီး။ ကျုပ်တို့ မျက်စိများများလည်၊ လမ်းမှားတော့မှ အမဲကြီးတွေ၊ ကြံ့တွေ ရှာတွေ့တော့ မှာပေါ့၊ ဟုတ်လား အဘိုးကြီး”

ဦးဘိုးဟန်သည် သူ၏ညာဘက်လက်မှ ကိုင်ထားသော . ၄၇၅ မဂ္ဂဇင်းရိုင်ဖယ်ကြီးကို ပခုံးပေါ်သို့တင်ကာ ထမ်းလိုက်ပြီး ကျွန်တော်၏ မျက်နှာကို ပြုံးစေ့စေ့ကပ်ကာကြည့်ရင်း . . .

“ကျုပ် မျက်စိလည် လမ်းမှားတာတော့ အရေးမကြီးဘူးနော် ဗိုလ်မှူး၊ ခင်ဗျား မျက်စိလည်ပြီး ဟိုဟာမနဲ့ လမ်းမှားနေရင် ဟောဒီ တောထက်နက်တဲ့ သံသရာတောကြီးထဲက မထွက်နိုင်ဘဲရှိနေဦးမယ်နော်၊ ဟိုဂျပန်မကလေးနဲ့တုန်းကလဲ ကျုပ် ကြားက ခင်ဗျားတို့နှစ်ယောက်အတွက် အချောင်သက်သက် အသည်းနာခဲ့ရတယ်။ ခု အီတလီမနဲ့ကျရင် ခုလိုကိစ္စမျိုး ဖော်ကွာဝေးဇာတ်လမ်း ဒုတိယအကြိမ် ပြန်ကြုံရရင် ကျုပ် ကြားက ကိစ္စချောလိမ့်မယ်ဗျို့”

“ဘာလဲဗျ . . . အဘိုးကြီး၊ ကျုပ် မသိပါကလား၊ အီတလီမဆိုတာ အမှန်ကတော့"

“တော်စမ်းပါ ဗိုလ်မှူးရာ၊ ကျုပ် ဖွင့်မပြောချင်လို့ အသာမှိတ်နေတာပါ၊ ခင်ဗျားအပြစ်တော့မဟုတ်ပါဘူး၊ ဟိုအီတလီမကိုက လွန်လှပါတယ်ဗျာ၊ ကျုပ်မြင်ပါတယ်၊ ရိပ်မိရုံမကဘူး ပက်ပင်းပါ မြင်နေရတယ်။ ခင်ဗျားတို့ ဟိုညဉ့်စာစားရင်း ကျားထွက်ပစ်ပြီး ပြန်လာတဲ့ညဉ့်ကလေ အီတလီမ စိတ်ကောက်နေတာ ခင်ဗျားကိုယ့်တိုင် သွားချော့တဲ့အခါ ကလေ ဟီး . . . ဟီး . . . ကျုပ် အပြင်ဘက်က အသာကပ်ပြီး ခြောင်းကြည့်တဲ့လူတောင် ဟား . . . ဟား . . . ဟား . . သွားရေကျမိခမန်းပဲ

အီတလီမက ခင်ဗျားနှုတ်ခမ်းကို အတင်းစုပ်ယူလိုက်တော့ မရွံမရှာဗျာ၊ ဒီဟာမနှယ် . . . ကိုင်း . . . ဘာပြောမလဲ ဗိုလ်မှူး”

ကျွန်တော့်အဖို့ ယုံကြည်ရမည့်လူ၊ အကောင်းအဆိုးမှန်သမျှ အသက်ပေးကာ တိုင်ပင်ရမည့်ပုဂ္ဂိုလ်မှာ ဦးဘိုးဟန်သည် ပထမနှင့် ရှေ့ဆုံးပုဂ္ဂိုလ်ဖြစ်သောကြောင့် ကျွန်တော်သည် မငြင်းမကွယ်သာတော့ဘဲ အမှန်အတိုင်းပင် ဖွင့်ဟဝန်ခံရင်း အကြံဉာဏ်တောင်းခံယူလိုက်ရ ပြန်ပါသည်။

“ကျွန်တော်လဲ ရှောင်ပါတယ် ဦးဘိုးဟန်၊ ခုအထိ ကျွန်တော် ခဝါအိစံကို မျှော်နေတုန်းပဲ၊ ခဝါအိစံကလဲ ကျွန်တော့်ဆီကို လာဖို့ ကြိုးစားနေတဲ့ သတင်းလဲ ရထားခဲ့ပြီမို့၊ ခက်တာက ဟောဒီက အီတလီ အမျိုးသမီးက ဘယ်လိုသဘောလဲမသိဘူးဗျာ၊ တမ်းတမ်းစွဲ အတင်းတွယ်ကပ်နေတယ်၊ အင်း . . . ဉာဏ်ကလေးတွေ ပေးစမ်းပါဦး"

အဘိုးကြီးသည် ဟီခနဲ ကြိတ်ကာရယ်မောလိုက်ပြီး ...

“ခင်ဗျားကံကိုက တစ်မျိုးပါပဲ၊ အမျိုးသမီးတွေက ခင်ဗျားမြင်ရင် တမ်းတမ်းစွဲ။ ခင်ဗျားက ပြောရအောင်ဟာလဲ ကျုပ်မျက်စိအောက်မှာ အမြဲတမ်း ခပ်မှန်မှန် ခပ်ကုပ်ကုပ်နေတာမြင်ရတော့ ခင်ဗျားကို အပြစ်တင်ဖို့ရာ အခက်သားပဲ၊ ဘဝအကျိုးပေးပါရမီအတိုင်းပဲလို့ ဆိုရမှာပဲလေ။

 မိန်းမတွေရဲ့စိတ်ဓာတ်ဟာ အခက်သားကလား ဗိုလ်မှူး။ ပိုင်ဆိုင်တဲ့သူရှိမှန်းသိလျက် အတင်း အချစ်ကိုဝင်ပြီး အရင်ရအောင် ဆွတ်ခူးချင်တဲ့စိတ်ဓာတ်ဟာ သာမညအချစ်မဟုတ်ဘူးနော်။ စဉ်းစားစရာဗျ၊ ပြီးတော့ ခဝါအိစံနဲ့ ခင်ဗျားဟာ လင်မယားအရာမမြောက်သေးဘူးဆိုတာရယ်၊ နောက်တစ်ချက်က ဟောဒီ အီတလီမကို ဗိုလ်ချုပ်က အတင်းအဓမ္မ တမ်းတမ်းစွဲဖြစ်နေတာရယ်ဟာ ဘေးဥပဒ်မကင်း ကြောင်းတွေဗျို့။

ကျုပ်တော့ မစဉ်းစားတတ်အောင် ရှိနေတော့တယ်၊ အဆင်ကြည့်ပြီး လုပ်သွားရမှာပေါ့၊ အီတလီမလဲ ဥရောပ ဆန်ဆန်ချောသားဗျ၊ ဂျပန်မကလေးကလဲ မခေဘူး၊ သနားစရာ ချစ်စရာတွေ . . . ဒုက္ခပါပဲဗျာ”

ကျွန်တော့်အဖို့ နှစ်လုံးပြူးရိုင်ဖယ်ကြီးထမ်းရင်း လမ်းလျှောက်ရင်း အစဉ်းစားရကျပ်သွားပါတော့၏။ ခြေဦးတည့်ရာလျှောက်ကာ ဘယ်ခရီးဘယ်လမ်းဆုံး မသိရဘဲ ကြံ့ကြီးတွေခြေရာနောက်သို့သာ မှိတ်လျက် လိုက်ပါနေကြသော ကျွန်တော်တို့မုဆိုးကြီးတွေဘဝထက် ကျွန်တော်၏ ဘယ်လမ်း ဘယ်စခန်းဆိုက်မှန်းမသိနိုင်သော ဘဝအခြေအနေကြောင့် ရင်လေးလာမိတော့၏။

“အရေးထဲမှာ ဒီခြေရာတစ်မျိုးက ဝင်ပြီးရှုပ်နေသေးတယ်၊ ကြံ့ခြေရာတွေမပျောက်အောင် ဂရုစိုက်နေတဲ့အထဲမှာ"

ကိုဘိုးရံသည် ဒေါသထွက်လာသည့်အသံဖြင့် ပြောလိုက်ပါသည်။ ဦးဘိုးဟန်သည် မြေပြင်ဆီသို့ ဂရုတစိုက်ငုံ့ကာ တစ်လှမ်းချင်း ကြည့်နေတော့၏။

ဗိုလ်ချုပ်ဘင်နီတိုသည် ရိုင်ဖယ်ကို ပခုံး၌လွယ်လျက် ဦးဘိုးဟန်တို့၏လုပ်ပုံကိုင်ပုံကို ဂရုတစိုက် အကဲခတ်နေတော့သည်။

"ပြောင်တစ်ကောင်ရဲ့ခြေရာဗျ ဗိုလ်မှူး၊ ခြေရာမှာ ကျုပ်တို့တွေ့ဘူးတဲ့ ခြေရာတွေထက် ကြီးတယ်ဗျ”

ဦးဘိုးဟန်သည် ပြောင်ခြေရာခွက်ကြီးကိုကြည့်ကာ မှတ်ချက်ချပါသည်။ ဘေးတစ်ဖက်တစ်ချက်၌ ဝိုင်းကားနေပြီး၊ အဖျားဘက်၌ အနည်းငယ်ချွန်ထွက်နေသည့် ငါးလက်မထက်မသေးသော ပြောင်ခြေရာ အသစ် လတ်လတ်ဆတ်ဆတ်ကြီးမှာ သာမန်အချိန်အဖို့၌ ကျွန်တော့်အတွက် လက်မလွတ်တမ်း ခြေရာခံကာ ပစ်ခတ်စရာအကွက်ကောင်း တစ်ခုသာ ဖြစ်စေတော့မည်။

သို့ရာတွင် ယခုကဲ့သို့ ရှိသမျှ တွေ့သမျှ သားကောင်တွေ ဘေးဖယ်စေပြီး ကြံ့တွေနောက်သာ တစိုက်စိုက် ခြေရာခံရင်း လိုက်ပါရသော အခြေအနေမျိုး၌ ဖော်ပြပါ လတ်လတ်ဆတ်ဆတ် နာရီပိုင်းကလေးအတွင်းက ဖြတ်သန်းသွားခဲ့သည့် ပြောင်းထီးခေါင်းကြီး ခြေရာနောက်သို့ စိတ်ကူးထဲ၌သာ အဖြေထွက်နိုင်တော့သည်။

“အဘိုးကြီး . . . ကြံ့ခြေရာကိုသာ အပျောက်မခံနဲ့ဗျို့ . . . ကြံ့ခြေရာဟောင်းတွေကိုသာ ဆက်လိုက်ကြဗျာ”

ကျွန်တော်သည် ဦးဘိုးဟန်၏နောက်ကျောပိုင်းမှ ရပ်လျက် ဧရာမပြောင်ကြီး၏ခြေရာကိုကြည့်ရင်း လိုက်ပါခဲ့ကြပါသည်။ ကြံ့ကြီးများကား တစ်ခါမှ မရပ်နားတမ်း သွား၍ကောင်းတုန်းပင်။ ရပ်နားသော ခြေရာနေရာဆိုရာ၌ ကြံ့များသည် ရပ်နားခဲ့လျှင် မြေပေါ်၌ ခေတ္တလဲလျောင်းခြင်း၊ ၎င်းတို့ ရပ်နားနေရာတစ်ဝိုက်၌ရှိသော သစ်ပင်ဆူးပင်များကို ချိုးဖျက်စားသောက်သည့် ခြေရာလက်ရာများကို တွေ့နိုင်သော ကြောင့်တည်း။

ကျွန်တော်သည် လက်ပတ်နာရီကို အမှတ်တမဲ့ ကြည့်လိုက်ရာ၌ နေ့ခင်း နှစ်နာရီခွဲနေကြောင်းကို အရှင်းသားတွေ့ရှိရတော့သည်။ နောက်ပိုင်းစခန်းသို့ ပြန်ရန်အချိန်လည်း နည်းလှတော့၏။ အကယ်၍ အချိန်ရ၍ ပြန်ရန်အခွင့်ကြုံခဲ့ပြန်သော်လည်း ပြန်ရန်လမ်းကို မနည်း ရှာဖွေရပေဦးမည်။

လမ်းစပျောက်ရသည်မှာကား ကြံ့တွေနောက် ကိုသာ အစဉ်တစိုက် လိုက်ပါခဲ့ရသောကြောင့် ဖြစ်ပေ၏။ ဦးဘိုးဟန်အဖို့ တစ်ချက်တစ်ချက်တွင် ကြံ့ခြေရာများနှင့်ရောနှောနေသော ပြောင်ထီးခေါင်းကြီး၏ခြေရာများကိုကြည့်ရင်း မကျေနပ်လာသည့် မျက်နှာ အသွင်ကို ပေါ်လွင်နေပါသည်။

သို့ရာတွင် အချိန်ကုန်မည်စိုး၍ စကား တစ်ခွန်းတလေမှ မပြောတော့ပါ။ မာရီယာအဖို့ မျက်နှာ၌ ချွေးပေါက်ကလေးတွေ သီးနေစို့နေရှာသလောက် အနည်းငယ်ပင်ပန်းလာသည့် လက္ခဏာကို တွေ့မြင်ရပါသည်။

ခြေလှမ်းကလေး သို့မဟုတ် သစ်ပင်တွေ နွယ်တွေ အုပ်ဆိုင်းနေသော အလင်းရောင်မလင်းတလင်းသာ ပေါ်လွင်နေသည့် လူသွား လမ်းကလေးမှ ရှေ့သို့ ဆယ်ပေမျှအကျယ်ရှိမည့် ချောင်းကလေးအဝသို့ ကူးရန် ကျွန်တော်တို့မုဆိုးတစ်စုက တာစူလိုက်သည်။

တစ်ခဏ၌ ကျွန်တော်တို့မုဆိုးတစ်စု၏ ဘယ်ဘက်ချောင်းကမ်းပါးတစ်ဝိုက်ရှိ ဖောင်းတောရှည်ရှည်၏ 'ဖောင်း’ဟူသော အသံမာမာပြင်းပြင်းတစ်ချက် ထွက်ပေါ်လာတော့၏။ ဦးဘိုးဟန်သည် ချက်ချင်းပင် ရှေ့မှနေရာက အသံထွက်ပေါ်လာရာဆီသို့ ရိုင်ဖယ်ကြီးနှင့် လှမ်း၍ချိန်လိုက်၏။


သို့ရာတွင် ဗိုလ်ချုပ်ဘင်နီတိုသည် စိတ်မရှည်သည့်မျက်နှာဖြင့် ဦးဘိုးဟန်၏ ရိုင်ဖယ်ပြောင်းဝကို လက်ဖြင့်တွန်းကာဖယ်လိုက်ပြီး၊ ကြံ့ခြေရာများနောက်သို့ ဆက်လက်လိုက်စေရန် လက်ညှိုးဖြင့် ညွှန်ပြအမိန့်ပေးလိုက်ပြန်သည်။

ကျွန်တော့်အဖို့ မမျှော်လင့်သော အန္တရာယ်ကြီးတစ်ခု ဆိုက်ရောက်လာတော့မည့် အရေးအခင်းအတွက် နှစ်လုံးပြူးရိုင်ဖယ်ကြီးကို မ,ကာ၊ ဦးဘိုးဟန်ဆီသို့ အပြေးတက်ခဲ့ရတော့၏။

ကပ္ပတိန်ဖရစ်(စ်)သည် အီတလီဘာသာဖြင့် ဗိုလ်ချုပ်ဘင်နီတိုအား ကျွန်တော်၏ ရုတ်တရက်ပြေးတက် လာပုံကို ဆီးကြို၍ သတင်းပို့လိုက်တော့သည်တွင် ဖောင်းတောထဲမှာ ရှဲခနဲ ဝေါခနဲ မီးရထားခေါင်းတွဲကြီးတစ်စင်း ထွက်လာသလို အသံကြီးတစ်သံ နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာတော့၏။

ကပ္ပတိန်ဖရစ်(စ်)၏ အရေးတကြီးအော်ဟစ်လိုက်သည့် လူသံကြောင့် ပုန်းကွယ်နေသော ရန်သူသည် ကျွန်တော်တို့လူစုရှိရာနေရာသို့ ခန့်မှန်းနိုင်ခဲ့ပေပြီတကား။

စက္ကန့်ပိုင်းအတွင်း၌ လက်ခုပ်တစ်ဖောင်ခန့် မြင့်မားသော ဖောင်းပင်များအဖျားတွေသည် သိမ့်ခနဲ ဘေးသို့ရှဲထွက်လာပြီးနောက် ကြီးမားသော ဧရာမခေါင်းပိုင်းကြီးတစ်ပိုင်းကို စတင်၍ ကျွန်တော်တို့အားလုံး တွေ့လိုက်ရတော့၏။

ဤတွင်မှ ဗိုလ်ချုပ်ဘင်နီတိုသည် အကြီးအကျယ် မျက်လုံးကြီးပြူးသွားပြီး၊ သူ၏ညာဘက်ပခုံး၌ လွယ်ထားသော ရိုင်ဖယ်စတင်းကြိုးကို ကပျာကယာဖြုတ်လိုက်ရတော့၏။

ကျွန်တော်သည် မာရီယာနှင့် နောက်မှရဲဘော်ကျော်လှိုင်တို့လူစုကို လာခဲ့ရင်း နောက်ပိုင်းသို့ အမြန်လှည့်၍ပြေးခိုင်းစေလိုက်၏။ ညာဘက်လက်ဖြင့် နောက်ပိုင်းဆီသို့ အမြန်ထွက်ခွာရန် ဝှေ့ရမ်းကာ အရေးတကြီး အချက်ပေးလိုက်ရခြင်းသာ ဖြစ်ပေ၏။ တဖြောင်းဖြောင်းပြေးလွှားသံများ အလျှို အလျှို နောက်ပိုင်းမှကြားရခြင်းဖြင့် ကျွန်တော့်အဖို့ စက္ကန့်ပိုင်းကလေးအတွင်း၌ အနည်းငယ် စိတ်ချမ်းသာရာရရှိခဲ့၏။

ဖောင်းတောထဲမှ ချိုကြီးတဝင့်ဝင့်၊ ခေါင်တယမ်းယမ်းနှင့်သတ္တဝါကြီးကား ပေအစိတ်အကွာမှ ဦးဘိုးဟန် ဗိုလ်ချုပ်ဘင်နီတို ကျွန်တော်နှင့် သုံးယောက်သား ခပ်စိုင်စိုင်ရပ်နေရာဆီသို့ ဝေါခနဲ ကဆုန်စိုင်းကာ ပြေးတက်လာတော့သည်။

ကျွန်တော်သည် ချက်ချင်းပင် . ၄၇၀ နှစ်လုံးပြူးရိုင်ဖယ်နှင့် ထိုးကာ ညာဘက်ပြောင်းဇလုတ်ကို ဖိဖိစီးစီး ဆွဲပစ်လိုက်ပါသည်။ ကျွန်တော်ပစ်လွှတ်လိုက်သော ငါးရာဂရိမ်ကျည်ဆန်ယမ်းအားသည် ပြင်းထန်စွာမြည်ဟည်းလျက် ပြောင်းဝမှ မီးပွင့်ကြီးတစ်ပွင့်အနေဖြင့် ထွက်သွားပြီး၊ ပြောင်ကြီး၏လက်ပြင်ထိပ်မှပွတ်ကာ နောက်ပိုင်းသို့ ဖောက်ထွင်းသွားပါသည်။

ကျွန်တော့်ဆီသို့ ဒုန်းပြေးတက်လာသော ပြောင်ကြီးကို ထိပ်တိုက်ပစ်ခတ်လိုက်ရာမှ ပြောင်ကြီး၏ တစ်နာရီလျှင် မိုင်လေးဆယ်နှုန်း အမြန်အရှိန်ကြောင့် ထမ်းပိုးကြီးတွင်းကိုလွှဲကာ လက်ပြင်ထိပ်ကိုပွတ်လျက် နောက်ပိုင်းသို့ ဖောက်ဝင်သွားခြင်းသာ ဖြစ်ပေ၏။ ဦးဘိုးဟန်သည် စိတ်ဆိုးသောမျက်နှာဖြင့် ဗိုလ်ချုပ်ဘင်နီတို ကို တစ်ချက်ငဲ့ကာကြည့်ရင်း

“ကဲ . . . ပစ်လေ၊ ကျုပ် မပစ်တော့ဘူး”

ဟုပြောလိုက်ပြီး သူ၏နောက်တည့်တည့်မှ ဆယ်ပေခန့် အတုတ်အခိုင်ရှိသော ကညင်ပင်ကြီးနောက်ပိုင်းသို့ လျင်မြန်စွာဖြင့် ဆုတ်ခွာရင်း အကာအကွယ်ယူလိုက်၏။

ဗိုလ်ချုပ်ဘင်နီတိုသည် အရေးတကြီးနှင့် သူ၏ . ၃၅ဝအော်တို မစ်တစ်ရိုင်ဖယ်ကိုမကာ ပြောင်ကြီးဆီသို့ ပစ်ခတ်လိုက်၏။ သို့ရာတွင် ရိုင်ဖယ်သံ သုံးချက်သာ ထွက်ပေါ်လာတော့သည်။ ပြောင်ကြီးကား စိုင်ကြီး ပြေးတက်လာရာမှ အရှိန်မပျက် ရှေ့သို့ အပြေးတက်လာသည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် ပြောင်ကြီးကို နောက်ထပ်တစ်ချက်ပစ်လိုက်ပြီး နောက်ပိုင်းဆီသို့လှည့်ကာ တအားကုန်ပြေးထွက်လိုက်ပါသည်။

ကျွန်တော်သည် ညာဘက်ပြောင်း၌ တစ်တောင့်တည်းကျန်ရစ်ခဲ့သော ကျည်ဆန်တစ်တောင့်ကို ပိုင်ပိုင်နိုင်နိုင် အသုံးချရန်အတွက်ကို စောင့်မျှော်လိုက်၏။ ပြောင်းထီးခေါင်းကြီးကား ရှေ့ဦးစွာ ကျွန်တော့်ကို မဲနေရာမှ သူ့ကို လေးချက်တိတိ ဆက်တိုက်ပစ်ခတ်လိုက်သူ ဗိုလ်ချုပ်ဘင်နီတိုဆီသို့ အာရုံပြောင်းသွားပြီး ဗိုလ်ချုပ်ဘင်နီတို ဆုတ်ခွာပြေးရာနောက် သို့ တစ်ဟုန်တည်းပြေးလိုက်လာပါသည်။

ကျွန်တော်သည် ပေါင်တစ်လုံးခန့်သာ တုတ်ခိုင်သော တရောပင်ကလေးကို အကာအကွယ်ယူလိုက်ပြီး ကျွန်တော့်ရှေ့မှ ဖြတ်၍ ဘေးတိုက်တက်ပြေးလာသည့် ပြောင်ကြီး၏ လက်ပြင်တည့်တည့်ကို ဆယ်ပေအကွာမှ ဆီးကြို၍ပစ်ချလိုက်ပါသည်။

ဒိုင်းခနဲ ကော်ရိုက်ယမ်းတောင့်ကြီးတစ်တောင့်၏ ပေါက်ကွဲသံများအဆုံး၌ ဘုံးခနဲ မြေပေါ်သို့ ပစ်၍၊ ထင်းတုံးကြီးတစ်တုံးကို ပစ်ချလိုက်သည့်အခါ၌ ထွက်ပေါ်လာသည့် အသံကြီးတစ်သံသည် နောက် ဆက်တွဲအဖြစ် ဆက်လက်ပေါ်ထွက်လာတော့၏။

လက်နှစ်ဘက်၊ ခြေနှစ်ဘက် ဆန့်ငင်ဆန့်ငင်ဖြစ်နေသော ပြောင်ကြီးကို ကျွန်တော်သည် အသစ်ထပ်မံထိုးပြီးသော ကျည်ဆန်နှစ်တောင့်စလုံးကို အသုံးပြုကာ ငယ်ထိပ်နှင့် ရင်ဘတ်တည့်တည်သို့ အပြေးတက်ကာ ပစ်ခတ်ရင်း အဆုံးသတ်လိုက်ပါတော့၏။

နဖူးမှ ချွေးပေါက်ကြီးတွေ ယိုစီးနေသော မျက်လုံးအပြူးသားနှင့် ဗိုလ်ချုပ်ဘင်နီတိုသည် ပေသုံးဆယ်ခန့်အကွာ တောင်ပို့ကလေးတစ်ခု၏နောက်မှ တစ်လှမ်းချင်းထွက်ပေါ်လာပြီးနောက် ကျွန်တော့်ကိုတစ်လှည့်၊ ဦးဘိုးဟန်ကိုတစ်လှည့်၊ ပြောင်သေကြီးကို တစ်လှည့်ကြည့်ကာ ကြောင်နေတော့၏။ သူသည် စကားတစ်ခွန်း တလေမှပင် မပြောနိုင်တော့ပါ။

ရုတ်တရက် ပြောင်ကြီး၏ ထွက်ပေါ် ကာ တိုက်ခိုက်မှုဒဏ်၊ ပြောင်ကြီးကို လေးချက်တိတ် ဆက်တိုက်ပစ်ခတ်ခဲ့ရာမှ သူ၏စိတ်ထင်သလို ပြောင်ကြီးမကျဆုံးဘဲ သူ့ကိုသာ သဲသဲမဲမဲ လိုက်တိုက်ခိုက်ခဲ့သည့်ဒဏ်များသည် ဗိုလ်ချုပ်ဘင်နီတို၏စိတ်ဓာတ်ကို တစ်မျိုးတစ်ဖုံ ပြောင်းလွဲခဲ့ချေပြီတကား။ ဦးဘိုးဟန်သည် ခြေလှမ်း မှန်မှန်နှင့် ကညင်ပင်ကြီးဆီမှ ထွက်လာပြီး

"ဗိုလ်မှူး . . . ကျုပ်ကို ခွင့်လွှတ်ဗျာ၊ ခင်ဗျားလက်ကို ကျုပ် ယုံကြည်ပြီး၊ ဟော့ဒီကလူကို သင်ခန်းစာကောင်းကောင်းရပါစေလို့ ကျုပ် အသာရှောင်ရင်း နောက်ပိုင်းက ကူပြီး ပစ်ခတ်ဖို့ ချိန်ထားပြီးသားပါ”

ကျွန်တော်သည် အသာခေါင်းညိတ်ပြလိုက်ပြီးနောက် ဗိုလ်ချုပ်ဘင်နီတိုဆီသို့ ညာဘက်လက်ကို ဆန့်တန်းကာ နှုတ်ဆက်ရန် ပြင်ဆင် လိုက်ပါသည်။ ဗိုလ်ချုပ်ဘင်နီတိုသည် မချိပြုံး ပြုံးရယ်ရင်း . . .

“ကျွန်တော် ထပ်မှားခဲ့ပြန်ပါပြီ ကာနယ်၊ အဘိုးကြီးကိုလဲ တောင်းပန်ပေးပါ။ နောက်ပြီးတော့ ကျွန်တော် နောက်လှည့်ပြီး ပြေးခဲ့ရတာကိုလဲ ခွင့်လွှတ်ဖို့ အနူးအညွတ် တောင်းပန်ပါရစေဗျာ။ ကျွန်တော်သည် မနည်း မျက်နှာထားကို ခပ်အေးအေးထားလိုက်ပြီးနောက် . . .

"ကိစ္စမရှိပါဘူး ဗိုလ်ချုပ်၊ စစ်ရေးဆိုတာ အတက်အဆုတ် ရှိသလို အမဲပစ်ခတ်တဲ့အခါမှာလဲ သဘောတစ်ခုတည်းပါပဲ”

ထို့နောက် ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်အား လှိုက်လှိုက် လှဲလှဲ လက်ဆွဲနှုတ်ဆက်လိုက်ပြီး ဦးဘိုးဟန်ဆီသို့ ကျိုးနွံသည့်မျက်နှာဖြင့် သွားရောက်ကာ အီတလီဘာသာဖြင့် တောင်းပန်ရင်း ဦးဘိုးဟန်ကို လက်ဆွဲနှုတ်ဆက်နေပါတော့၏။

“တကယ့်ပွဲကြီးပွဲကောင်းပဲ ကာနယ်"

မမျှော်လင့်သော မာရီယာ၏အသံသည် ဝါးရုံပင်ခပ်အုပ်အုပ်တစ်ခုနောက်မှ ကပ်ကာ ပေါ်ထွက်လာပြန်တော့၏။

ကျွန်တော်သည်ဖျတ်ခနဲ နောက်သို့လှည့်၍ကြည့်လိုက်ရာတွင် မာရီယာသည် ရိုင်ဖယ်ကိုပစ်ရန် အသင့်အနေဖြင့် ကိုင်ရင်း ဝါးရုံပင်နောက်မှ ခပ်အေးအေး ထွက်လာတော့၏။

"မာရီယာ ခုတင်က ဘယ်မှာလဲဟင်"

"ကျွန်မ ဒီဝါးပင်နောက်မှာ အသာကပ်နေခဲ့တယ် ကာနယ်။ အရေးကြုံရင် ဝင်ပစ်ခတ်ရအောင်လို့”

"အားကြီးခက်တယ် မာရီယာ..  အားကြီးခက်တယ်၊ ကျွန်တော် ခပ်ဝေးဝေးပြေးဆိုရင် ပြေးမှပေါ့”

ကျွန်တော်သည် အနည်းငယ်ဒေါသသံပါလာသောအသံဖြင့် မာရီယာကို အပြစ်တင်လိုက်ပါသည်။ မာရီယာသည် ကျွန်တော့်အား ဝမ်းနည်းပက်လက်ဖြစ်နေရှာသော မျက်နှာကလေးဖြင့် တစ်ချက်ပြန်လှန် ၍ကြည့်ကာ ခပ်တိုးတိုးလေသံဖြင့်

"ဝမ်းနည်းပါတယ် ကာနယ်”

ဟု တစ်ခွန်းတည်းပြောဆိုလိုက်ပြီး ကျောခိုင်းလျက်ထွက်သွားပါတော့သည်။

ဗိုလ်ချုပ်ဘင်နီတိုသည် ထွက်ပြေးတိမ်းရှောင်သွားကြသူများကို အရေးတကြီး လိုက်လံခေါ်ယူရန်အတွက် ကျွန်တော်တို့အနီးမှ နောက်ပိုင်းလာရင်းလမ်းဆီသို့ ပြန်သွားသည်တွင် ကျွန်တော်သည် မာရီယာ တစ်ဖက်သို့လှည့်၍ထွက်သွားသည့်ဘက်သို့ လိုက်သွားခဲ့တော့သည်။ မာရီယာသည် တောင်စောင်းကလေးတစ်ခုပေါ်၌ထိုင်ကာ ခပ်တွေတွေကလေးဖြစ်နေလေသည်။ ကျွန်တော်သည် မာရီယာထိုင်နေရာ ဆီသို့ တိုက်ရိုက်သွားရောက်ကာ သူမရှေ့တွင် ရပ်လိုက်ပြီး . . .

“မာရီယာ”

မာရီယာသည် ကျွန်တော့်မျက်နှာကို မော့၍ကြည့်နေသည်။

“မာရီယာ”

ကျွန်တာ်၏ချိုသာသောအသံ၏ ဒုတိယအကြိမ် ဆက်ခေါ် လိုက်မှ . . .

“ကာနယ်”

ခပ်တိုးတိုးပြန်ထူးပါသည်။

“စိတ်ဆိုးနေသလား မာရီယာ၊ ကျွန်တော် မာရီယာအတွက် အားကြီးစိုးရိမ်မိလို့၊ ခုတင်က ခပ်ကြမ်းကြမ်းဆူပူမိပါတယ်၊ တောင်းပန်ပါရစေ မာရီယာ . . . ဟုတ်လား”

မာရီယာသည် ကျွန်တော့်အား ပြုံးပြုံးကလေးကြည့်ကာ ပင့်သက်ကလေးချလိုက်ပြီး . ...

“ကာနယ်က မာရီယာကို စိတ်မဆိုးတော့ဘူးဆိုရင် မာရီယာ ကျေနပ်ပါတယ်၊ အမှန်ကတော့ မာရီယာအပြစ်ပါပဲ ကာနယ်၊ တကယ့် သေရေးရှင်ရေးမှာ အမှန်အတိုင်းပြောရရင် မာရီယာဟာ ကာနယ်ရဲ့ နောက်ကနေပြီး မားမားရပ်ကာ ကာနယ်နဲ့အတူ ကျရောက်လာမယ့် အသက်အန္တရာယ်ကို ကာကွယ်တိုက်ခိုက်လိုတဲ့အတွက်ကြောင့်ပါပဲ၊ ဪ ... ကာနယ် ... ကာနယ်၊ တကယ့်ယောက်ျားပီသတဲ့ သူတော်ကောင်းစိတ်ဓာတ် တကယ်ရှိရှာတဲ့လူပဲနော်၊ လာမယ့်ဘေးကို သူတစ်ယောက်တည်း နောက်မဆုတ်တမ်း ခံယူမယ်ဆိုတာ မာရီယာ မျက်မြင်ကိုယ်တွေ့ လက်တွေ့ မြင်ရပြီမို့ . . ."

ပြောပြောဆိုဆိုနှင့် မာရီယာသည် ထိုင်ရာမှထကာ ကျွန်တော့်ဆီသို့ တန်းတန်းကြီးဝင်လာပြီး ကျွန်တော့်ညာဘက်လက်ကို ဆွဲယူကာ အားရပါးရ လှုပ်ရမ်းနှုတ်ဆက်လိုက်ပါသည်။ သူမ၏မျက်စိပြာပြာကလေး နှစ်လုံးမှာ ကျွန်တော့်မျက်နှာကို တန်းကာစိုက်ကာ ကြည့်နေရှာရင်း သူမ၏ပန်းနီရောင်နှုတ်ခမ်းကလေးကလည်း တကယ့်ချစ်စရာအသွင်
ဆောင်နေသလောက် သူမ၏စိတ်ထဲဝမ်းထဲ၌ ခံစားရပုံတွေကို မဖွင့်ဟနိုင်သည်ကြောင့် ဝမ်းနည်းနေပုံကိုလည်း ပေါ်လွင်နေတော့၏။

ကျွန်တော်သည် မာရီယာ၏ပခုံးနှစ်ဘက်ကို ယုယစွာဆွဲကာ ကျွန်တော်၏ရင်ခွင်ထဲ၌ ကပ်၍ ပွေ့ပိုက်ထားလိုက်ပါသည်။ မာရီယာ၏ လက်မောင်းကလေးနှစ်ဘက်ကလည်း ကျွန်တော်၏ကျောပြင်ကိုသိုင်းကာ မလွတ်တမ်း အားရပါးရပွေ့ဖက်ထားလိုက်ပြီး သူမ၏မျက်နှာကလေးသည် အလိုက်သင့်မော့၍လာသည်တွင် ကျွန်တော်သည် မာရီယာ၏ မွတ်သိပ်နေရှာသည့် နှုတ်ခမ်းနီနီကလေးကို ညင်သာစွာစုပ်ယူ၍ အားဆေးတစ်ခွက် လက်ဆောင်မွန်ပေးလိုက်မိပါသည်။

"သိပ်ဝမ်းမြောက်နေသလောက် ကျေးဇူးတင်လိုက်တာ . . . ကာနယ်”

မာရီယာသည် ကျွန်တော်၏ပါးပြင်ကို သူမ၏ပါးပြင်နှင့်ကပ်ကာ မပွင့်တပွင့်ကလေးပြောရင်း . . .

“တွေ့ပြီမဟုတ်လား ကာနယ်၊ ဘင်နီတိုရဲ့ တကယ့်အရေးမှာ သတ္တိရှိတယ်မရှိဘူးဆိုတာ လက်တွေ့မို့ မာရီယာ တအားရယ်ပစ်ချင် တော့တယ်”

ကျွန်တော်သည် မာရီယာ၏ပါးပြင်နုနုကလေးကို ကြင်နာစွာ နမ်းလိုက်ရင်း . . .

“ဘုရားသခင်က သူတစ်ပါးရဲ့အပြစ်ကို မမြင်ရဘူး၊ မတွေ့ရဘူးဆိုတာ မာရီယာ မေ့နေပြီလားကွယ်။ ဗိုလ်ချုပ်ဘင်နီတိုရဲ့အကြောင်းကို နောက်ထပ်မပြောနဲ့နော် မာရီယာ၊ လူကြီးတစ်ယောက်ရဲ့အရှက်ကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ပါ မာရီယာ”

သူမသည် ကျွန်တော်၏မျက်နှာကိုမော့၍ ကြည့်ကာ . . .

"သူတော်စင်စိတ်ဓာတ် (Saintly Will) ရှိတဲ့ မာရီယာရဲ့ အသက်ပါလားကွယ်”

ခပ်တိုးတိုးပြောလိုက်ပါသည်။

ထို့နောက် ကျွန်တော်တို့နှစ်ယောက်သည် လမ်းခုလတ်မှ လုပ်ကြံလိုက်သည်ကြောင့် ကျွန်တော်တို့အားလုံး၏ အသက်အန္တရာယ်ကို ခုခံပစ်ခတ်လိုက်ရသည့် ပြောင်သေကြီးဆီသို့ အနီးကပ်လေ့လာရန် အတွက် တစ်လှမ်းချင်းချီတက်သွားကြပါသည်

“ဟေ့ကောင်တွေ . . . လာကြဟေ့ ဒီကို . . . ကိစ္စပြီးပြီ”

ရဲဘော်ကျော်ရင်သည် အသံကုန်ဟစ်ကာ လူစုကွဲ၍ပြေးကြသော မုဆိုးအဖွဲ့ဝင်များကို ခေါ်ယူကာ ပြောင်ကြီးအနီး၌ အရေးတကြီး မီးဖိုကြီးများဖိုလိုက်တော့၏။ မီးဖိုရခြင်းအကြောင်းကား ပြောင်သေကြီးကို ဖျက်ရန်နှင့် ညနေစောင်းအချိန်၌ ခိုက်ခိုက်တုန်အောင်ချမ်းလာသော အချမ်းဒဏ်ကို ကာကွယ်ရန်အတွက်သာ ဖြစ်ပေ၏။

“ကောင်းကွာ . . . ဒီနေ့ညတော့ ဒီနားမှာပဲ နှင်းတောထဲမှာ တစ်ညဉ့်လုံး ဒုက္ခခံရမှာပဲဟေ့ . . . ဖြစ်သမျှအကြောင်း အဆိုးချည့်ပဲ”

တပ်ကြပ်ကြီးသန်းထွန်း၏ ခပ်ကျယ်ကျယ်ပြောလိုက်သော အသံကြီးကို ကျွန်တော်တို့နှစ်ယောက်သား ကြားလိုက်ရပါတော့သည်။

(မေတ္တာအာရုံ သဒ္ဓါခြုံသောအခါ)

“ဖောင်း ...  ဖောင်း ... ဖောင်း ... "

တိတ်ဆိတ်နေသည့် ညဉ့်ချမ်းအချိန်၌ မီးတဟုန်းဟုန်းတောက်နေသည်။ မီးဖိုကြီးများအတွင်းမှ ဝါးဆစ်များ၏ တချို့ပေါက်ကွဲသံများ ပေါ်ထွက်လာတော့၏။ နှင်းကျသံများသည် တဖြောက်ဖြောက်နှင့် မိုးပေါက်တွေနှင့်ယှဉ်ပြိုင်ကာ ကျဆင်းနေလေပြီ။

ဗိုလ်ချုပ်ဘင်နီတိုသည် ဦးဘိုးဟန်၊ ကိုဘိုးရံတို့နှင့် ခြေဟန်လက်ဟန်ပြရင်း၊ နေ့ခင်းက သေရေးရှင်ရေးအဖြစ်ကို ဇာတ်ကြောင်းလှန်ကာ ပြောဆိုနေရင်း ကပ္ပတိန် ဖရစ်(စ်)သည် ဗိုလ်ချုပ်ဘင်နီတိုလက်သို့ ပေးအပ်လိုက်ပါသည်။ မာရီယာသည် မီးဖိုဘေး၌ထိုင်ကာ သူ၏ခေါင်းကို ဘီးကလေးတစ်ချောင်းနှင့် ဖြီးရင်း မီးလှုံနေတော့၏။

ကျွန်တော်သည် တပ်ကြပ်ကြီးသန်းထွန်းတို့ ရဲဘော်တစ်စုနှင့် လမ်းပြနှစ်ယောက်၊ စုစုပေါင်း ဆယ့်နှစ်ယောက်တို့ကို တန်းစီကာ၊ ညဉ့်ကင်းချရန်အတွက် အသေးစိတ်စီစဉ်နေခိုက် ဖြစ်ပါသည်။ ဤတွင် ဗိုလ်ချုပ်ဘင်နီတိုသည် လှမ်း၍ . . .

“လာလေ . . . ကာနယ်အတော်ချမ်းတဲ့အတွက် တစ်ခွက်လောက် စမ်းကြည့်ပါလား”

“ကျေးဇူးတင်ပါတယ် ဗိုလ်ချုပ်၊ ကျွန်တော် ညဉ့်အတွက်ကင်းချဖို့ စီစဉ်ပါရစေခင်ဗျား”

“ဪ . . . ညကင်းချဖို့လိုသလား၊ ဒီလိုဆိုရင် . . ဟေ့ ဖရစ်(စ်) မင်းပါ တာဝန်သွားယူ၊ ကြားရဲ့လား . . . ဟုတ်တယ်”

သူ၏သက်တော်စောင့်ကို လှည့်၍ အမိန့်ပေးလိုက်ပါသည်။

ကင်းတွဲခုနစ်တွဲရပြီး တစ်နာရီ တစ်တွဲကျစီ ညဉ့်ကိုးနာရီမှစ၍ ကင်းစောင့်ကြရန် သတ်မှတ်ပေးလိုက်သည်။

ကပ္ပတိန်ဖရစ်(စ်)နှင့် ဆင်ဦးစီးတစ်ယောက်ကို ကင်းတစ်တွဲတည်းကျလျက်ရှိပြီး၊ ညဉ့်စာအတွက် ဝါးကျည်တောက်များနှင့် အနီးရှိ စမ်းချောင်းမှ ရေခပ်၍ ရေနွေးကျိုချက်၍ အရန်သင့်ယူဆောင်လာခဲ့သည့် ကော်ဖီမှုန့်နှင့် နို့ဆီ၊ သကြားများကို ဖျော်၍၊ ကိတ်မုန့်ခြောက်များနှင့်ပင် ကိစ္စပြီးစီးစေလိုက်သည်။

ထို့နောက် ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုအတွက် အိပ်ရာကို အမြန်ဆုံးဖန်တီးရပြန်သည်။ မီးဖိုကြီးနှစ်ဖိုအကြားတွင် ဝါးများကိုခွဲ၍ ဖြန့်ကာ သဲခင်းလိုက်ပြီး၊ အပေါ်က စောင်တစ်ထပ်ကိုခင်းစေကာ စောင်တစ်လွှာကို ခြုံထည်အဖြစ်နှင့်ပေးထားပါသည်။

မာရီယာအဖို့မှာမူ ခပ်လှမ်းလှမ်း၌ မီးဖိုကြီးနှစ်ဖိုကြား၌ ဗိုလ်ချုပ်ဘင်နီတို၏ အိပ်ရာအတိုင်း ပေးထားခဲ့ပါသည်။ ကျန်အဖွဲ့ဝင်များအဖို့၌မူကား ကျွန်တော်မှစ၍ အနွေးထည်ကိုယ်စီမှတစ်ပါး မီးဖိုကြီးတွေမှ မီးအပူရှိန်အကူအညီအပြင် အခြားခြုံလွှမ်းရန် စောင်မရှိတော့ချေ။

ကျွန်တော့်အဖို့ ‘ကြက်အိပ် ကြက်နိုး'နှင့်ပင် တစ်ညဉ့်လုံး အချိန်ဖြုန်းရပေတော့မည်။ အကြောင်းမှာ ခွေးအအိုင်ချောင်းတောသည် “တောကောင်ကြီး” ဝါ "ကျားကြီးများ" အလွန်ပေါများရာ သစ်တောကြိုးဝိုင်းကြီးဖြစ်နေသောကြောင့်တည်း။ ကျားအန္တရာယ်ရော၊ တောဆင်အန္တရာယ်ကပါ ပိုမို၍စိုးရိမ်စရာ အခြေအနေကြောင့် ကျွန်တော်၊ ဦးဘိုးဟန်၊ ကိုဘိုးရံတို့လူကြီးပိုင်းအဖို့ နားတစွင့်စွင့် မျက်စိလျင်လျင်ထားကာ ခေါင်းချင်းရိုက်ကာ အရေးကြီး နေကြခြင်းသာ ဖြစ်ပေ၏။

ကျားတစ်သံ ကျားဟိန်းသံ သစ်ဆင်ကြီးများမှာ ကျွန်တော်တို့ မီးရောင်ထိန်ထိန်၏စခန်းချရာနှင့် ကိုက်သုံးရာအကွာခန့်မှပင် ရဲတင်းစွာ လာရောက်၍ “သစ်ယုတ်” သံများကြောင့် ကျွန်တော်သည် . ၄၇ဝ နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ကျည်ဆန်အသင့်ထည့်ရင်း အိပ်ပျော်စပြုနေကြသည့် တစ်နေ့လုံး မနားတမ်းခရီးကြမ်းနှင့်လာကြသော မုဆိုးအဖွဲ့ဝင်များကို စောင့်ရှောက်ရင်း လူးလာတုံ့ပြန် လမ်းလျှောက်နေရတော့၏။

သို့ရာတွင် ကျွန်တော်၏မျက်စိများသည် ဖန်၍လေးလံလာတော့၏။ တတိယကင်းလှည့် ကပ္ပတိန်ဖရစ်(စ်)နှင့် ဆင်ဦးစီးပေါ်ဦးတို့ ကင်းအလှည့်အရောက်တွင် ကပ္ပတိန်ဖရစ်(စ်)သည် ရိုင်ဖယ်တစ်လက်ကို ဆွဲကိုင်ကာ ကင်းစောင့်လျက် ဆင်ဦးစီးက နှစ်လုံးပြူးတစ်လက်ကို ကိုင်ကာ မီးလှုံရင်း မီးဖိုကြီးများကို မီးထည့်ရင်း ကင်းစောင့်နေကြစဉ်တွင် ကျွန်တော်သည် အတော်ကလေး ငိုက်မျဉ်းလာသည်ကြောင့် ကင်း
နယ်နိမိတ်စည်းဝိုင်းအစွန်ခပ်ကျကျ မီးဖိုတစ်ဖိုအနီးရှိ ဝါးရုံပင်ကလေး၏ အရိပ်အောက်ရှိ ဝါးခြမ်းပေါ်၌ ကိုင်းရွက်များကိုခင်းကာ ခေတ္တတုံးလုံးလှဲရင်း အိပ်လိုက်မိပါသည်။

ခိုက်ခိုက်တုံခမန်း ချမ်းအေးနေသောအခါ ကာလ၌ ကျွန်ုပ်သည် အနွေးထည်ကလေးကိုသာ အားကိုးပြီး၊ ပေါင်နှစ်လုံးကြား၌ လက်နှစ်ဘက်ထည့်၍ နှစ်လုံးပြူးရိုင်ဖယ်ကြီးကို ညာဘက်၌ အသင့်ကပ်၍ ချထားကာ အိပ်ခဲ့ခြင်းသာ ဖြစ်ပေ၏။

အိပ်မက်လိုလိုနိုးနေသလိုလိုနှင့် ကျွန်တော်၏ကိုယ်ပေါ်သို့အနွေးထည်တစ်လွှာ လာရောက်ခြုံလွှမ်းရင်း ကျွန်တော့်အား ပွေ့ဖက်ကာ အိပ်စက်လိုက်ပြီး ကျွန်တော်၏နဖူးကို အားရပါးရနမ်းရှုံ့နေသောသူ တစ်ယောက်ကို အင်မတန်အိပ်ချင်နေသော ကျွန်တော်သည် ကောင်းစွာ သတိပြုမိမည်မဟုတ်ချေ။

သို့ရာတွင် ပူပူနွေးနွေးကိုယ်ငွေ့တို့ နောက်မှ ထိမိရာမှ မလွှတ်ချင်အောင် အတွေ့ အာရုံနောက်မှ ဆန္ဒစိတ် သို့မဟုတ် ကောင်းစွာသတိမရမီ တွေဝေစွာဖြင့် လိုက်ပါညွှတ်နူးသောအာရုံများကြောင့် ကျွန်တော်သည် အိပ်မှုန်ဇပိုးဇဝါးကာလံအတွင်း၌ ကျေနပ်နှစ်သိမ့်မိပါတော့သည်။

ရှေ့ဆက် ဘာတွေဖြစ်ကုန်မည်ဆိုတာ ကျွန်တော် မရေးတတ်၊ မမှက်မိသလောက်ပင်ရှိခဲ့ချေ၏။ သို့ရာတွင် ကျွန်တော်သည် အိပ်ရာမှ ဖျတ်ခနဲသတိရကာ တရေးနိုးလိုက်သည့်အချိန် ကျွန်တော်၏ ရင်ခွင်ထဲ၌ တစ်စုံတစ်ရာသောသူတစ်ယောက်ကို အားရပါးရ ပွေ့ဖက်ထားမိကြောင်းကို သိသိသာသာကြီး ရိပ်မိလိုက်၏။

ကျွန်တော်နှင့်သူ၏ ကိုယ်ပေါ်၌ ဂွမ်းစောင်ခပ်ပါးပါးတစ်ထည်ကို ခေါင်းမြီးခြုံ၍ လွှမ်းခြယ်ထားသည်ကိုပါ တွေ့လိုက်ရ၏။ ကျွန်တော်၏အနီးမှ မီးဖိုသည် မီးအားတွေ ကြွေကျကာ ခပ်မှောင်မှောင်ဖြစ်နေသည်ကြောင့် ကျွန်တော်၏ ရင်ခွင်ထဲမှ မသဲကွဲသည့်သဏ္ဌာန်ကို အမျိုးအမည်သိရှိရန်အတွက် စောင်ခေါင်မြီးခြုံကို အသာဖွင့်၍ ကြည့်မိတော့၏။

မာရီယာ၏နှစ်နှစ် ခြိုက်ခြိုက်အိပ်လျက်နေရှာသော မျက်နှာကလေးကို တွေ့လိုက်မိတော့၏။

ကျွန်တော်သည် “ဟင်းခနဲ” ပင့်သက်ကြီးတစ်ချက် ချလိုက်ပြီး ရုတ်တရက် ငိုင်သွားမိပါသည်။ အိပ်မက်လိုလိုအဖြစ်မှ တစ်သက်တာ မမေ့နိုင်တမ်း တိုတောင်းလှသည့် သုခ၏အချိန်ကာလပိုင်းကလေးကို ရုတ်တရက် သတိထားမိလိုက်၏။

ကျွန်တော်သည် ချက်ချင်းပင် စခန်း၏ အခြေအနေကို တစ်ချက်အကဲခတ်လိုက်ရာမှ “တာဝန်”ဟူသော အသိဉာဏ်ကလေး ရရှိလာပြန်တော့၏။ ထို့ကြောင့် မီးအားလျော့ပါးနေသော စခန်းတစ်ခုလုံးအခြေအနေကြောင့် ကျွန်တော်၏ညာဘက်လက်မောင်းပေါ်၌ အိပ်ပျော်နေသော မာရီယာ၏ခေါင်းကလေးကို ညင်သာစွာမ,၍ အောက်သို့ချလိုက်ပြီး ကျွန်တော်၏ညာဘက်မှ ကပ်၍ထားသော နှစ်လုံး ပြူးရိုင်ဖယ်ကို ဆွဲယူကာထလိုက်တော့၏။

ထို့နောက် ကျွန်တော်နှင့်အနီးဆုံးမီးဖိုထဲသို့ ထင်းချောင်းများကို ပစ်၍ထည့်ကာ မီးအားပြိုးလိုက်ရ၏။ မီးတောက်တွေ ဟုန်းခနဲ တောက်လာမှ ပတ်ဝန်းကျင်အခြေအနေကို ထပ်မံအကဲခတ်လိုက်ရ ပြန်၏။

ကျွန်တော်တို့နှစ်ယောက် ယှဉ်တွဲ၍ အိပ်စက်ရာတဲ၏အနောက်ဘက်အစွန်း နယ်နိမိတ်စည်းရိုးတန်းတစ်ဝိုက်၌ တချွင်ချွင်နင်းသွားသော ခြေသံများကို ကြားရတော့၏။ ထို့ကြောင့် ကျွန်တော်သည် တောကောင်ကြီးများ၏ အလွန်ကျစ်လစ်သော လုပ်ကြံမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် မာရီယာကို ချက်ချင်းနှိုးလိုက်ရပါသည်။ မာရီယာသည် နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ ရုတ်တရက်နိုးလာပြီးနောက် ကျွန်တော်သည် မာရီယာ၏ပခုံးကို ကိုင်ခါလှုပ်၍ . ...

“မာရီယာ . . . မြန်မြန်ထ . . . ကျား . . . ကျား "

ဟု ချက်ချင်းသတိပေးလိုက်ပါသည်။

ထိုအခါ မာရီယာသည် ချက်ချင်းပင်ထ၍ထိုင်လိုက်ပြီး ကျွန်တော်နှင့် ဘေးချင်းယှဉ်၍ ရပ်လိုက်ရှာတော့သည်။ ထို့နောက် နှစ်ယောက်သား စခန်းတွင်းရှိ မီးပုံကြီးများဆီသို့ သွားရောက်၍ ကင်းများအခြေအနေကို စစ်ဆေးကြည့်ရှုလိုက်ပါသည်။

ကင်းသမားနှစ်ယောက်စလုံးကို မတွေ့ရသည်ကြောင့် ရုတ်တရက် မျက်လုံးပြူးသွားတော့၏။

'ကျားဆွဲသွားသလား’ ဟု သံသယကြောင့် ကင်းစောင့်သမားများ၏ ရိုင်ဖယ်များကို ရှာဖွေလိုက်ရာ တစ်လက်မှ မတွေ့မှ အနည်းငယ်စိတ်ချမ်းသာမိ၏။ အကယ်၍ ကင်းစောင့်သမားနှစ်ဦးကို ကျားဆွဲခဲ့လျှင် ၎င်းတို့၏ ပစ္စည်း လက်နက် သေနတ်များ ကျ ကျန်ရစ်ခဲ့ရပေမည် ဖြစ်သောကြောင့်တည်း။

ထို့ကြောင့် ကျွန်တော်သည် မာရီယာကိုခေါ်၍ ထင်းပုံကြီးနှစ်ပုံထဲမှ ထင်းတစ်ပွေ့ကိုယူငင်ကာ ထည့်လိုက်ရာတွင် မီးတောက်ကြီးမှာ ဟုန်းခနဲ ထွက်ပေါ်လာတော့သည်။

နှစ်ယောက်သားလျှောက်၍ အိပ်ပျော်နေကြသည့် မုဆိုးအဖွဲ့ဝင်များကို လိုက်ကြည့်ကြသည်တွင် မီးပုံ တစ်ပုံဘေး၍ ရိုင်ဖယ်နှစ်လုံးပြူးသေနတ်တို့ကို ပိုက်ကာ အိပ်ပျော်နေကြသော ကပ္ပတိန်ဖရစ်(စ်)နှင့် ဆင်ဦးစီးတို့ကို တွေ့ရတော့၏။ သူတို့ရှေ့နား၌ ပုလင်းလွတ်နှစ်လုံးနှင့် ဝါးကျည်တောက်ခွက်တစ်ခုကိုပါ တွေ့ရသည်ကြောင့် ချမ်းချမ်းစီးစီးကာလတွင် အရက်ဖိ၍ သောက်ရင်း အိပ်မောကျနေသည့်အဖြစ်မှန်ကို တွေ့ရပါတော့၏။

ထို့ကြောင့် သူတို့နှစ်ဦးကို လှုပ်ကာနိုးခဲ့ပြီး၊ အရှေ့ဘက် ကင်းနယ်နိမိတ်အစွန်းဆီသို့ လျှောက်ခဲ့ကြပြန်သည်တွင် မှောင်ရိပ်ခပ်ကျကျဆီမှ ရှည်လျားလျား အရိပ်နှစ်ခုကို ရုတ်တရက် တွေ့လိုက်ရပါသည်။ ကျွန်တော်တို့နှစ်ယောက်ကို ရှည်လျားလျားနှင့် အရပ်ပုပုသတ္တဝါနှစ်ကောင်က တွေ့လိုက်ရသည်နှင့် ကျွန်တော်တို့ရှိရာဘက်သို့ ခေါင်းလှည့်၍ကြည့်လိုက်တော့၏။

မီးဖို ကြီးများ မီးရောင်ထိန်ထိန်အောက်၌ ၎င်းသတ္တဝါကြီးနှစ်ကောင်၏ မျက်လုံးရောင်များကို ကျွန်တော်သည် နှစ်လုံးပြူးရိုင်ဖယ်ကို အသင့်ကိုင်ထား ရာမှ ထင်ထင်ရှားရှားတွေ့လိုက်ရပါသည်။

ဆေးပေါ့လိပ်ကြီးကို မှောင်မိုက်ထဲ၌ ဖွာလိုက်သည့်အခါ၌ ရဲတက်လာသော မီးရောင်ပမာ သတ္တဝါ ကြီးနှစ်ကောင်၏ မျက်လုံးရောင်များကို တွေ့ ရသည့်နောက် ကျွန်တော့် ရိုင်ဖယ်ပြောင်းဝသည် ကျွန်တော့်ဘက်သို့ ဘေးတိုက်ပေးနေသော သတ္တဝါကြီး၏လက်ပြင်တည့်တည့်ဆီသို့ ကျကျနနချိန်ကာ ပစ်ခတ်လိုက်ပါသည်။

ဝေါခနဲ မြည်ဟည်းထွက်ကာ ဟိန်းသံကြီးနှင့်အတူ သတ္တဝါကြီးသည် ဦးစိုက်၍ဆင်းသွားပြီးနောက် ကျန်သတ္တဝါတစ်ကောင်က နောက်ပိုင်းသို့လှည့်ပြေးလိုက်သည့်အခါ၌ ကျွန်တော့်နှစ်လုံးပြူးရိုင်ဖယ် ဘယ်ဘက်ပြောင်းဝသည် မီးပွင့်၍ထွက်သွားပါတော့သည်။

လူးလဲနေသော ဒုတိယသတ္တဝါကြီးသည် မြေဟည်း၍ပါအောင် အော်ဟစ်ကာ စခန်းတစ်ဝိုက်လုံးရှိ မုဆိုးအဖွဲ့ဝင်အားလုံးအား အိပ်ရာမှ နိုးလိုက်ကြ တော့သည်။

ဗိုလ်ချုပ်ဘင်နီတိုအဖို့ တော်တော်နှင့်အိပ်ရာမှမထနိုင်ချေ။ အကြောင်းမှာ ယမန်နေ့ညဉ့်က အရက်အလွန်အကျွံသောက်ထားခဲ့သည့် ဒဏ်ချက်ကြောင့်ပင်။ ဦးဘိုးဟန်နှင့် ကိုဘိုးရံတို့နှစ်ယောက်သားသည် ကျွန်တော်တို့ဆီသို့ အပြေးအလွှားရောက်ရှိလာပြီး အခြေအနေကို စုံစမ်းမေးမြန်းကြပါသည်။ ကျွန်တော်က မြေကြီးပေါ်၌ အသက်ငင်နေသော ကျားကြီးနှစ်ကောင်ကို လက်ညှိုးညွှန်ပြလိုက်ပြီး . . .

“ကျွန်တော့်ကို အိပ်ခွင့်ပေးကြပါဦး ဦးဘိုးဟန်”

ဟု ပြောကြား လိုက်ပါသည်။

ဦးဘိုးဟန်သည် ကျားသေကြီးနှစ်ကောင်ကို လက်နှိပ်ဓာတ်မီးရောင်တွင် ထိုးကြည့်လိုက်ပြီး . . .

“ကျုပ်နဲ့ မောင်ဘိုးရံလဲ ရှေ့ဆုံးဘက်နှစ်ကင်း လဲပြီးမှ အိပ်ရလို့ ချမ်းကလဲချမ်းဆိုတော့ နှစ်ယောက်စလုံး အိပ်မောကျသွားမိတယ်ဗျာ. . ကဲ . . . ဗိုလ်မှူးတို့ အိပ်ပါ အနားယူပါ၊ လာဟေ့ မောင်ဘိုးရံ။ မင်းလက်ဖက်ခြောက် ရှိသေးတယ်မဟုတ်လား။ ဝါးကျည် တောက်တစ်လုံးကို ရေထည့်ကွာ၊ လက်ဖက်ရည်ကြမ်းသောက်ရင်း မီးလျှံ ရင်း ထိုင်စောင့်ကြမယ်ကွာ”

ကျွန်တော်သည် မာရီယာကို တစ်ချက်ကြည့်လိုက်ပြီး ခပ်လှမ်းလှမ်း ကျွန်တော်တို့အိပ်ခဲ့သောနေရာဆီသို့ လာခဲ့ကြတော့သည်။ နှင်းမှုန်များကား မိုးပေါက်ရှုံးခမန်း ကျဆင်းနေသလောက် မီးဖိုကြီးတွေ၏မီးပူအရှိန်နှင့် နှင်းထုကို တိုးမပေါက်နိုင်သည့်ပမာ ခပ်မှိန်မှိန်သာ အလင်းရောင် ထွက်ပေါ်နေတော့သည်။ ခိုက်ခိုက်တုန်အောင် ချမ်းလှသော သန်းခေါင်ကာလပင်။

မှန်ပေသည်။ စောင်ဖြူစောင်ကျား ခြုံ၍မလုံ၊ မီးလှုံ၍မနွေး ။ ချစ်တဲ့သူ သူလာထွေး နွေးပါမယ်လေးဆိုသည့် တေးသွားစကားကဲ့သို့ နှစ်ယောက်သား ဘေးချင်းယှဉ်ကာကပ်ကာ မီးဖိုကြီးဘေး၌ အိပ်စက် အနားယူခဲ့ရပြန်ပါတော့သည်။

"ကြိုက်မရှက်၊ ငိုက်မရှက်” ဆိုသည့် စကားကား မှန်ကန်လှပါပေ၏။

စခန်း၌ မုဆိုးအဖွဲ့အားလုံးမှာ တစ်နေ့ လုံး ပင်ပန်းခဲ့မှုကြောင့်လည်းကောင်း၊ ခိုက်ခိုက်တုန်အောင်ချမ်းလှသည်ကြောင့်တစ်ကြောင်း၊ ကျား၏အန္တရာယ်တစ်ခု ကင်းငြိမ်းသွားသည့် နောက်၌ ချက်ချင်းပင် ကိုယ့်အိပ်ရာသို့ပြန်ကာ မီးအားကောင်းကောင်းနှင့် မှေးကြပြန်ပါသည်။

ကျွန်တော်နှင့် မာရီယာတို့နှစ်ယောက်သာလျှင် ကိုယ့်အတွေးနှင့်ကိုယ် တွေးရင်းတွေးရင်း နွေးရင်း ကျေနပ်နှစ်သိမ့်မိကြပါသည်။

တောတွင်းမှောင်ရိပ်မှနေ၍ ကျွန်တော်၏မုဆိုးအဖွဲ့ဝင်အား နှောင့်ယှက်ဒုက္ခပေးမည့် ကျားကြီးများ၏ အန္တရာယ်မှာလည်း ကျွန်တော်၏ ကျားကြီးနှစ်ကောင်ကို ပစ်ခတ်လိုက်သည်ကြောင့် အတော်ကလေးငြိမ်ဝပ်ပိပြားစွာ ရရှိသွားပြီဖြစ်၍ ကျွန်တော်နှင့် မာရီယာတို့အဖို့ စိတ်ချလက်ချ အိပ်နိုင်လေပြီတကား။





(မမျှော်လင့်သော သားကောင်ကြီး)

"ဗိုလ်ကြီးဖရစ်(စ်) . . . ခင်ဗျားအပြစ်ကို ခင်ဗျား
သိပါတယ်။ ဘယ်လိုသဘောရသလဲ”

စစ်သားတို့မည်သည် ကင်းတာဝန်ပျက်ခဲ့ရင် ဘယ်လိုအပြစ်ဒဏ် ပေးခံရတယ်ဆိုတာ ကျွန်တော်သည် ဗိုလ်ကြီးဖရစ်(စ်)ကိုခေါ်ယူ၍ မနေ့ညဉ့်က ကင်းတာဝန်ပျက်ကွက်ခဲ့သည့်အတွက် နှစ်ယောက်ချင်း စစ်ဆေးလိုက်ခြင်း ဖြစ်ပါသည်။

ဗိုလ်ကြီးဖရစ်(စ်)သည် ခြေစုံ သတိအနေဖြင့် ရပ်လျက်

"ကျွန်တော် အပြစ်ရှိတဲ့သူပီပီ ကာနယ် အပြစ်ပေးပါ။ ဗိုလ်ချုပ်ကိုတော့ တစ်ဆိတ်သွားမတိုင်ပါနှင့်ခင်ဗျား။ ကာနယ်ကိုယ်တိုင် ကျွန်တော့်ကို အပြစ်ပေးစီရင်ပါ။ မနေ့ညပိုင်းက သိပ်ချမ်းလွန်းလို့ အရက်သောက်မိရာက အိပ်ပျော်သွားမိပါသည်။ ကာနယ်တို့ မြန်မာကင်းသမားကိုလဲ ကျွန်တော်ပဲ အရက်တိုက်မိခဲ့ပါတယ်။ နှစ်ယောက်စလုံး အိပ်ပျော်တဲ့ဒဏ်ကို ကျွန်တော်တစ်ယောက်တည်း ခံပါရစေ ကာနယ်”

ကျွန်တော်သည် ဗိုလ်ကြီးဖရစ်(စ်)၏ ပွင့်လင်းသောဝန်ခံချက်ကြောင့် အတော်ကလေး စဉ်းစားမိပါတော့သည်။ လောလောဆယ် ဗိုလ်ကြီးဖရစ်(စ်)ကို ကျွန်တော်ကိုယ်တိုင် မပိုင်ဆိုင်ပါ။ ထို့ကြောင့် ဗိုလ်ကြီး ဖရစ်(စ်)ကို လောလောဆယ်အပြစ်ပေးရန် ဆုံးဖြတ်လိုက်ပါသည်။

"ကျုပ် ခင်ဗျားကို လောလောဆယ်အပြစ်ပေးမယ်။ ဒီနေ့ တစ်နေ့လုံး ဗိုလ်ကြီးဖရစ်(စ်)ဟာ စခန်းမှာရှိတဲ့လူတွေရဲ့ ကျွေးမွေးမှု၊ စောင့်ရှောက်မှုတာဝန်အားလုံး ယူရမယ်။ ကျေနပ်ရဲ့လား”

"ဩော်” ဟူသော အံ့အားသင့်သံဖြင့် ဗိုလ်ကြီးဖရစ်(စ်)သည် သူ၏အပေါ်၌ ကျွန်တော်ချမှတ်ပေးသည့် အပြစ်ဒဏ်အမျိုးအစားအတွက် အနည်းငယ်ပြုံးလိုက်ပြီးနောက် . . .

“ကျေးဇူးကြီးလှပါတယ်။ ကာနယ် တကယ်ဆိုတော့ ကာနယ့်အား ကျွန်တော် မြှောက်ပြောတာမဟုတ်ပါဘူး၊ စစ်ဗိုလ်ကြီးတပ်မှူး တစ်ယောက်လဲ ဖြစ်ပါတယ်။ အဖေနှင့်တူတဲ့ စိတ်ဓာတ်ရှိတဲ့ လူတစ်ယောက်လဲ ဖြစ်တယ်။ ကြင်နာယုယစိတ်ရှိတဲ့ အတွေးအခေါ် သမားကြီး တစ်ဦးလဲ ဖြစ်ပါတယ်ခင်ဗျား။

ကျွန်တော့်တစ်သက်တာမှာ အသက်ငယ်ငယ် အရွယ်လတ်လတ်မှာ ကာနယ်လို စိတ်ရင်းရှိတဲ့လူစားမျိုး သိပ် မတွေ့ဖူးမိပါဘူး၊ ကိုင်း . . . ကျွန်တော် ယခုအချိန်ကစပြီးတော့ အပြစ်ဒဏ်ကိုခံယူရင်း အလုပ်လုပ်ခွင့်ပြုပါ”

ဗိုလ်ကြီးဖရစ်(စ်)၏အလေးပြုချက်ကို ကျွန်တော်က ပြန်လှန်၍ ပြုလုပ်သည့်နောက်၌ ဗိုလ်ကြီးဖရစ်(စ်)သည် ထွက်ခွာသွားပါသည်။ မာရီယာသည် ကျွန်တော်၏နောက်မှကပ်၍ . . .

"မနေ့ညဉ့်က အဖြစ်အပျက်ဟာ ဗိုလ်ကြီးဖရစ်(စ်) တာဝန်အရှိဆုံးပဲ၊ စခန်းကလူတွေ ကျားကိုက်မခံလိုက်ရတာဘဲ ဘုရားသခင် စောင်မလို့ပဲ ကာနယ်၊ ဒါနဲ့ ဘင်နီတိုတစ်ယောက်တော့ အားတိုင်း အရက်တွေသောက်နေပြန်ပါပြီ ကာနယ်၊ ကြည့်ပြီးပြောပါဦး၊ တားပါဦး”

"ကျွန်တော်ပြောတာပဲ၊ မာရီယာပြောရင် ပိုပြီးခရီးမရောက်ဘူးလား”

ကျွန်တော်က အပြုံးကလေးစွက်၍ မေးလိုက်ရာ မာရီယာက ခေါင်းကလေးကိုခါရင်း

"သူ့ကို မာရီယာကိုယ်တိုင် မပြောချင်ဘူး၊ အကောင်းပြောရင် သူက မာရီယာ သူ့အပေါ်  စိတ်လည်လာပြီလို့အထင်ရှိနေတာ မာရီယာ မခံချင်ဘူး ကာနယ်၊ ရှင်းရှင်းပဲ”

ကျွန်တော်သည် ဦးဘိုးဟန်နှင့် ကိုဘိုးရံတို့နှစ်ယောက်၊ လမ်းပြတစ်ဦးတို့ကိုပါ လမ်းစရှာဖွေရန် စေလွှတ်လိုက်ပြီး ကျွန်တော်တို့အားလုံးမှာ စခန်း၌ ကျန်ရစ်ခဲ့ကြကာ၊ မနေ့က ပစ်ခတ်ရရှိခဲ့သည့် ပြောင်သား များကို မီးဖုတ်ကာ နံနက်စာစားသောက်ခဲ့ပြီးဖြစ်ပါသည်။ ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုဆီသို့ ဖျောင်းဖျပြောဆိုရန် ထွက်လာခဲ့ပါသည်။ သူသည် အရက်ကို တစ်ခွက်ပြီးတစ်ခွက်ဆင့်ကာသောက်နေပြန်တော့၏။ ကျွန်တော်သည် စစ်သားထုံးစံအတိုင်း ခြေစုံရပ်ကာ အလေးပြု နှုတ်ဆက်လိုက်ပြီး . . .

“နေကောင်းတယ်မဟုတ်လား ဗိုလ်ချုပ်၊ ဒီနေ့တော့ ပြန်တွေ့ ကောင်းပါရဲ့ခင်ဗျား၊ မနေ့ကအဖြစ်အပျက်တွေကို အားလုံးမေ့ပျောက်လိုက်ပါခင်ဗျာ၊ ကျွန်တော် မေတ္တာရပ်ခံပါတယ် ဗိုလ်ချုပ်”

“ဝမ်းသာလိုက်တာ ကာနယ်။ ကျုပ်မှာ အပြစ်အများကြီး ရှိတယ်၊ ကျုပ်သတ္တိဟာ ခါတိုင်းအချိန်မှာ ကောင်းခဲ့သလောက် မနေ့က ပြောင်ကြီးကျတော့ တစ်မျိုးဖြစ်သွားတယ်၊ ကျုပ် ခါတိုင်း တောကျွဲတွေ၊ ကြံ့တွေ ပစ်တဲ့အခါမှာ တစ်ချက်ပစ်ရင် တစ်ချက်ကျတယ်၊ မနေ့ညက ပြောင်ကြီးကျတော့ ကာနယ်ကိုယ်တိုင် ဆင်ပစ်သေနတ်ကြီးနဲ့ နှစ်ချက်ဆင့်ပစ်မှ ကျသွားတော့ ကျွန်တော်ဖြင့် စိတ်တစ်ခါတည်း ပျက်သွားမိခဲ့ပါတယ်။"

"ဘုရားသခင်မှလွဲပြီး ကျန်တဲ့သတ္တဝါတွေဟာ အပြစ်နဲ့ဘယ်သူမှ မကင်းပါဘူး ဗိုလ်ချုပ်။ ကျွန်တော့်အနေနဲ့လဲ ဘယ်သူ့ကိုမှ အပြစ်မတင်၊ အပြစ်မမြင်ပါဘူးခင်ဗျာ။ ကျွန်တော်လဲ တစ်ခါတော့ ဒီလို ဖြစ်ချင်ဖြစ်မှာပါပဲ။ တစ်ဆိတ်တောင်းပန်ပါရစေ ဗိုလ်ချုပ်၊ အရက်တွေ ဖိသောက်ရင် တော်တော်ကြာ လမ်းစပြန်တွေ့ရင် ဗိုလ်ချုပ် ခရီးသွားနိုင်မှာမဟုတ်ဘူးခင်ဗျာ၊ တော်လောက်ပါပြီ ဗိုလ်ချုပ်”

ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော်၏တောင်းပန်ချက်ကို သဘောကျစွာဖြင့် တဟားဟားရယ်မောပြီး

"မနေ့ညက အတော်အေးတယ် ကာနယ်၊ ကျွန်တော့်ခေါင်းထဲမှာ မရှင်းလင်းတဲ့အချက်တွေကလဲ ရှိပြန်ဆိုတော့ အရက်ကိုဖိပြီးသောက်မိတာပါပဲ၊ ခုလို ကာနယ်ကိုယ်တိုင်က အားလုံးကိစ္စတွေ မေ့လိုက်ပြီဆိုတော့ ကျွန်တော် မသောက်တော့ပါဘူးဗျာ”

ပြောပြောဆိုဆိုနှင့် သူသည် သောက်လက်စအရက်ဖန်ခွက်ကို ဘေးသို့ ဖယ်ချလိုက်ပြီး၊ သူသည် ကျေနပ်စွာဖြင့် လေချွန်နေတော့၏။

ဗိုလ်ကြီးဖရစ်(စ်)သည် ပြောင်ကြီး၏ခေါင်းကြီးကို ဂရုတစိုက်ပြင်ဆင် နေလေသည်။ ဗိုလ်ချုပ်ဘင်နီတို ည် သူ၏သက်တော်စောင့် အလုပ်ရှုပ်နေပုံကိုကြည့်ကာ သဘောကျသည့်မျက်နှာကြီးဖြင့် . . .

“တကယ်အလုပ်လုပ်တဲ့အကောင်ကြီးဗျ . . . ဘယ့်နဲ့လဲ ကာနယ်၊ ကြည့်စမ်း . . . ကျုပ်တို့အားလုံးကို သတ်ဖို့ကြံတဲ့ ရန်သူကြီးရဲ့ခေါင်းကြီးကို အမှတ်တရသိမ်းဆည်းဖို့ သူ စီစဉ်နေပြန်ပြီလေ”

ကျွန်တော်သည် ဝမ်းထဲမှာ အသာပြုံးလိုက်မိပါသည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းချောင်ဆီမှ . . .

“ကာနယ် . . ကာနယ်"

ဟူသော မာရီယာ၏အလန့်တကြားအော်သံကလေးကြောင့် ကျွန်တော်သည် . ၃၇၅ မက်နမ်ရိုင်ဖယ်ကို ဆွဲယူကာ ကျည်ဆန်ထည့်ရင်း ချောင်းကလေးဆီသို့ ဒုန်းပြေးထွက်ခဲ့၏။

မာရီယာတစ်ယောက် ရန်သူနှင့်ရင်ဆိုင်နေရပြီလော။ သို့မဟုတ် တောတွင်းအန္တရာယ် သစ်ကျားကြီး တွေ့၍ ရန်မူခြင်းကို ခံနေရပြီလောဟူသော ပူပန်မှုများကြောင့် ကျွန်တော်သည် ရှေ့ဦးစွာ

"မာရီယာ . . . မာရီယာ . . . ”

ဟူ၍ ကျယ် လောင်စွာ အသံပြုလိုက်၏။ ထိုမှ . . .

“ကာနယ် . . . ကာနယ် ကျွန်မ ဒီမှာ၊ ခဏ ... ခဏ”

အသံကြားရာဆီမှ ကျွန်တော် ဆက်လက်၍ အပြေးဆင်းသည်တွင် ခါးဆစ်မျှသာနက်သည့် ချောင်းကလေးအတွင်းမှ မာရီယာကို ရုတ်တရက်တွေ့လိုက်ရ၏။ သူမသည် ကျွန်တော့်ကို တစ်စုံတစ်ရာ မပန်ကြားဘဲ ရေချိုးနေခြင်းသာ ဖြစ်ပေ၏။

ရေချိုးသည်ဆိုရာ၌ တောတွင်းကလည်းဖြစ်ပြန်၊ ရေလဲအဝတ်အစား အပိုမပါသည်ကလည်း ဖြစ်ပြန်၊ စသည့်အကြောင်းအရာများကြောင့် မာရီယာသည် ရေချိုးနေခြင်းသာ ဖြစ်ပေ၏။ သူမ၏ဆွတ်ဆွတ်ဖြူနေသော ကိုယ်လုံးမှာ ရှုမငြီးစရာကြီးပင်။

ပြေပြစ်သောပခုံးစွန်းကလေးနှစ်ဘက်အောက်မှ မို့မောက်နေသည့် ရွှေရင်တစ်စုံမှာလည်း ပန်းချီစံပြမယ်ဆွတ်၍ ဗိုလ်ဆွဲနိုင်ကြောင်း သက်သေခံနေဘိတော့၏။ သောကြာနတ်မိမယ်နှင့် ဂရီယိုပတ်တရာတို့၏အလှနှင့် စုစုပေါင်း၍ ထွင်းလုပ်ထားသည့် ရွှေရုပ်သွင်လို မာရီယာအလှသခင်မက ပိုင်ဆိုင်နေခြင်းသာ ဖြစ်ပေ၏။

သေးသွယ်သော ခါးအောက်မှ ပွင့်ဖြိုးသောတင်သားကြီးများမှာလည်း အချိုးအစားဘက်တွင် တုပြိုင်မှုမှ ကင်းစရာပင်။ သွယ်လျ၍ အချိုးအစားကျသည့် ပေါင်လုံးကြီးနှစ်ဘက်မှာလည်း ကာယအလှမယ်တစ်ဦး၏ဘဝမှန်ကို ပေါ်လွင်ဝင့်ကြွားရာရောက်တော့၏။

“ဘာလဲ . . . မာရီယာ”

ကျွန်တော်သည် ရိုင်ဖယ်ကို လက်နှစ်ဘက်နှင့်ပြင်၍ အသင့်အနေအထားလုပ်၍ အရေးတကြီးမေးမြန်းလိုက်ရာတွင် ချစ်သူမာရီယာသည် ပါးချိုင့်ကလေးတွေပေါ်လာအောင် ပြုံးလိုက်ပြီး . .

“ဪ . . . ဒါလင်၊ မာရီယာရေချိုးနေတုန်းမှာ မတော်တဆ တောတွင်းက သားကောင်ကြီးတွေက အန္တရာယ်ပြုမယ့် ဘေးရန်မှ ကာကွယ်ပေးဖို့ပါပဲ ကာနယ်၊ စိတ်မရှိပါနဲ့နော် . . . ဟုတ်လား”

ပြောပြောဆိုဆိုနှင့် မာရီယာသည် ကာနယ်အား ညာဘက်လက်ကလေးကို သူမ၏နီထွေးသောနှုတ်ခမ်းကလေးပေါ်သို့ ကပ်လိုက်ပြီး (Fly Kiss) မွှေးမွှေးလက်ဆောင်ပေးလိုက်ပြန်ပါသည်။

“မာရီယာ . . . ရေကြာကြာချိုးရင် အအေးမိမယ်နော်၊ အဲဒီရေတွေထဲမှာ ငှက်ဖျားပိုးတွေရှိတယ်ဆိုပဲ၊ သတိထားပါ အချစ်ရယ်”

ကျွန်တော်သည် လှမ်း၍ သတိပေးလိုက်ပြီး ဆက်လက်၍ မာရီယာအလှသခင်မကလေး၏ အလှကိုယ်လုံးကို မကြည့်လိုတော့သည်ကြောင့် နောက်ပိုင်းသို့လှည့်ကာ ချောင်းကိုကျောပေးရင်း သူမနှင့် ကျွန်တော်၏ဖြစ်ရပ်ခန်းကို တွေးတောမိပါသည်။

မာရီယာ၏အီတလီဘာသာနှင့် စူးစူးဝါးဝါးရန်တွေ့သည့် အသံကြောင့် ကျွန်တော်သည် ရိုင်ဖယ်ပြောင်းကို ပါးနှင့်အပ်ကာ မှီရင်း တွေးရာက ငိုက်မျဉ်းစပြုနေရာက ရုတ်တရက် ချောင်းကမ်းဆီသို့ လှမ်း၍ ကြည့်လိုက်မိပါသည်။

ချုံခြောက်နောက်မှကပ်၍ ဗိုလ်ချုပ်ဘင်နီတိုသည် မာရီယာရေချိုးနေပုံကို ချောင်းမြောင်းကြည့်နေခိုက်တွင် မာရီယာတွေ့ရှိသွားပြီး ရိုင်းစိုင်းသော ဗိုလ်ချုပ်ဘင်နီတို၏အပြုအမူကို ဒေါသကြီးစွာ ဖြင့် အပြစ်တင်နေခြင်းသာ ဖြစ်ပေသည်။

မာရီယာသည် ပါးစပ်ကပြောရုံဆူရုံမကဘဲ ချောင်းထဲမှ သဲများဖြင့် ဗိုလ်ချုပ်ဘင်နီတိုကို ပစ်ပေါက်ရင်း နှင်ထုတ်လိုက်ပြန်သည်တွင် ဗိုလ်ချုပ်ဘင်နီတိုသည် တောင်းပန်သည့်သဘောဖြင့် မာရီယာရှိရာသို့ ခေါင်းတစ်ချက်ညွတ်ကာ နောက်ပိုင်းသို့ ပြန်လှည့်ထွက်ခဲ့ပါသည်။ ကျွန်တော့်သည် နောက်ကျောခိုင်းကာ ကင်းစောင့်ရပုံကို တွေ့ သွားသည်နှင့် . . .

“ကျွန်တော် ထပ်ပြီး မှားပြီးရင်းမှားသွားပြန်ပြီ ကာနယ်၊ ဥရောပသားတစ်ယောက်ရဲ့ ကျင့်ဝတ်ယဉ်ကျေးမှုကို ကျွန်တော်ကိုယ်တိုင်က ဖျက်ခဲ့မိပြန်ပြီဗျို့၊ ဝမ်းနည်းပါတယ်၊ တောင်းပန်ပါတယ်”

လေးကန်သောခြေလှမ်းများဖြင့် လှည့်၍ထွက်ခွာသွားပြန်ပါသည်။ တစ်ခဏအတွင်း၌ မာရီယာသည် အဝတ်အစားဝတ်ဆင်ပြီး ချောင်းကမ်းဘက်မှ တက်ပါတော့သည်။ သူမ၏ဟန်မှာ အတော်စိတ်ဆိုး နေပုံ တွေ့ရပါသည်။

“မာရီယာ အသက် ... သတိထားပါ။ မတော်တဆ
ကြည့်မိတာဖြစ်ပါလိမ့်မယ်”

ကျွန်တော်သည် ဖျောင်းဖျပြောဆိုရာတွင် မာရီယာသည် ရှူးရှူးရှဲရှဲဖြစ်သွားပြီး . .

“ဘာ မတော်တဆလဲ ဒါလင်၊ အားကြီးယုတ်မာတဲ့ ဘင်နီတို။ ဒါလင်လို အရှေ့တိုင်းသားတစ်ယောက် ဒါမှမဟုတ် မာရီယာရဲ့အချစ်ဆုံး ကိုယ်ပိုင်ဆိုင်တဲ့သူတစ်ယောက်ကတော့ မာရီယာ ခွင့်ပေးထားရက်နဲ့ ယောက်ျားကောင်းတစ်ယောက်ရဲ့ ကျင့်ဝတ် လိုက်နာနိုင်ခဲ့ရင် သူလို ဥရောပထိပ်တန်းခေါင်းဆောင်ကြီးတစ်ဦးကျမှ မလိုက်နာခဲ့ရင် ဘယ်လောက်အခံရပြင်းသလဲ၊ မာရီယာ မခံဘူး၊ သွားပြီး သူ့မျက်နှာကိုကြည့်ပြီး အပြစ်တင်ရှုံ့ချရမယ် ဒါလင်”

“မတော်ဘူး မာရီယာ၊ လိမ္မာရေးချားရှိတဲ့သူပီပီ ကိုယ့်ဒေါသကို ကိုယ့်ဝမ်းထဲမှာပဲ အသာထားစမ်းပါ၊ မောင်တောင်းပန်ပါတယ် မာရီရယ်”

ကျွန်တော်သည် သူမ၏ပခုံးကလေးနှစ်ဘက်ကို ယုယစွာပိုက်ထွေးဆုပ်ကိုင်ရင်း တားဆီးလိုက်ပါသည်။

ထိုအခိုက်တွင် ဦးဘိုးဟန်တို့သည် ခြေလှမ်းသွက်သွက်နှင့် ပြန်လာကြတော့၏။

“လမ်းစကို မနည်းရှာယူရတယ် ဗိုလ်မှူးရေ၊ ကျုပ်တို့ရဲ့စခန်း လေးမိုင်ကျော်ကျော် ဝေးနေသေးတယ်၊ တောင်ကလေးသုံးတောင် ကျော်ရဦးမယ်”

ဝမ်းသာအားရ ပြောဆိုကြပါသည်။ ကျွန်တော်သည် မာရီယာကို အင်္ဂလိပ်ဘာသာနှင့် ပြန်၍ပြောပြရပါသည်။ ဤတွင်မှ မာရီယာသည် သူ၏ရိုင်ဖယ်ကို သွားယူငင်ကာ ချီတက်ရေးအတွက် ပြင်ဆင်လိုက်ရသည်ကြောင့် သူမ၏ဒေါသစိတ်ကလေးများကို မေ့ပျောက်သွား ပြန်တော့သည်။ ဦးဘိုးဟန်သည် ကျွန်တော်နှင့်မာရီယာကို အပြန်ပြန် အလှန်လှန်လိုက်ကြည့်ကာ အသာခေါင်းညိတ်၍ . .

“ဘဝကံအကျိုးပေးအတိုင်းသာ ကြမ္မာဖန်လာသရွေ့ ဗိုလ်မှူးတော့ ကျကျနနကြီး သံယောဇဉ်ကြီးစရာပဲဗျို့၊ ဒီကအမျိုးသမီးကလဲ အဖက်ဖက်က တော်ရှာပါတယ်၊ လူကြီးသူမတွေကိုလဲ ရိုသေရမှန်း သိရှာပါတယ်ဗျာ”

ကိုဘိုးရံသည် 'အဟိ’ခနဲ ရယ်လိုက်ပြီး . . .

"ကျုပ်တို့ဗိုလ်မှူးကတော်ကို ကျုပ်တို့ရဲဘော်တွေက စကားပြော နှုတ်ဆက်ချင်ရင် ဘာစကားနဲ့ပြောရမှာလဲဗျာ၊ အမဲပစ်တဲ့ဝါသနာကတော့ ကျုပ်တို့လူစုနဲ့ တစ်ပုံတည်းတူတာတော့ အနှိပ်ဗျို့”

ကျွန်တော်သည် ရှေ့ဆက်၍ ဦးဘိုးဟန်နှင့် ဦးဘိုးရံ စကားကြောမရှည်စေရန် .

“ကဲဗျို့ . . . စခန်းကြီးပြန်တက်ကြဖို့ ပြင်ဆင်ကြဗျာ ။ ရဲဘော်ကျော်လှိုင်တို့ကိုလဲ သတိပေးလိုက်ကြပါ၊ ကျွန်တော်လဲ ဗိုလ်ချုပ် ဘင်နီတိုကို အကြောင်းကြားသတင်းပို့ရဦးမယ်”

လူစုခွဲလိုက်ကြပြီး စခန်းကြီးသို့ ပြန်လည်ချီတက်ရေးအတွက် ပြင်ဆင်ကြပါသည်။

တစ်နာရီခန့်အကြာတွင် ကျွန်တော်တို့မုဆိုးအဖွဲ့ အားလုံး ဦးဘိုးဟန်တို့ ဦးဆောင်ခေါ်ယူရာနောက်သို့ ပြန်လည်လိုက်ပါ ချီတက်ခဲ့ကြပြန်ပါသည်။ ဗိုလ်ချုပ်ဘင်နီတို အလိုရှိသော ကြံ့သတ္တဝါ၏ အရိပ်အယောင်ကား လုံးဝမတွေ့ရသေးပါ။

ထိုနေ့ ညမှောင်မှ ကျွန်တော်တို့ စခန်းကြီးသို့ ချောမောစွာ ပြန်လည်ဆိုက်ရောက်ခဲ့ကြပါတော့၏။

ကပ္ပတိန်ဖရစ်(စ်)သည် ကျွန်တော်နှင့်မာရီယာအပေါ်၌ အနည်းငယ် မသင်္ကာလာပုံ တွေ့ ရပါသည်။ မာရီယာ ကျွန်တော့်အနီးသို့ လာရောက်တိုင်း ၎င်းနှင့်မပတ်သက်ဘဲ မဆိုင်ဘဲ လာရောက်ရောနှောကာ အကဲခတ်နေကြောင်းကို ကျွန်တော် ရိပ်မိခဲ့ပါသည်။ သို့ရာတွင် ကျွန်တော်သည် မသိချင်ယောင်ဆောင်နေရတော့သည်။

မာရီယာသည် ခပ်ပြောင်ပြောင် ခပ်တင်းတင်းမျက်နှာနှင့် ဗိုလ်ကြီးဖရစ်(စ်)ကို ကြည့်လိုက်ရာတွင် ဗိုလ်ကြီးဖရစ်(စ်)သည် မာရီယာ၏မျက်နှာထား တင်းမာစွာ အကြည့်ဒဏ်ကို မခံဝံ့ဘဲ နောက်ပိုင်းသို့ ချာခနဲလှည့်၍ထွက်သွားသည်က များတော့၏။

ရှစ်ရက်လသည် မြူနှင်းထုဘေးမှ စင်ကြယ်ကာ သာယာနေတော့၏။ တစ်တောလုံး ညငှက်များ၊ သားတိရစ္ဆာန်များ၏ တွန်ကျူးသံများဖြင့် ဆူညံပဲ့တင်ထပ်နေတော့၏။ စခန်းကြီးတစ်ဝိုက်၌ ဒေါင်းပစ် ရန် ထွက်ခွာသွားသော ဦးဘိုးဟန်နှင့် ကိုဘိုးရံတို့နှစ်ဦးကို ကျွန်တော်တို့ စောင့်မျှော်နေမိ၏။

ဗိုလ်ချုပ်ဘင်နီတို၏ ကြံ့ပစ်ရေးအတွက် အသေးစိတ် စီစဉ်ပေးရန်တာဝန်ကြောင့် ကျွန်တော်သည် ၎င်းကိစ္စတာဝန်ကို ကျေပွန်ပြီးမြောက်အောင် ထမ်းဆောင်လိုသည်ကြောင့် မြန်မြန်ကိစ္စပြီးစီးရေး အတွက် စိတ်ပူပန်မိခြင်း ဖြစ်ပါသည်။

မကြာမီ ရေးကြီးသုတ်ပျာနှင့် ဦးဘိုးဟန်နှင့် ကိုဘိုးရံတို့နှစ်ဦးသားသည် စခန်းကြီးသို့ ပြန်ရောက်လာပြီး ကျွန်တော့်အား အရေးကြီးသည့် သတင်းတစ်ရပ်ကို ပြောကြားလိုက်ပါသည်။ ထိုသတင်းကို ကျွန်တော် ရလျှင်ရခြင်း ကျွန်တော်တို့သုံးဦးသည် အမဲကြီးပစ် နှစ်လုံးပြူးရိုင်ဖယ်ကြီးများ၌ ကျည်ဆန်ကပ်ကြီး များကို ပတ်ကာ၊ ညကြည့်ဓာတ်မီးသုံးလက်ကိုလည်း အရေးတကြီး ဓာတ်ခဲများ၊ မီးသီးများ တပ်ဆင်လုပ်ကိုင်ကြပါသည်။

ထို့နောက် တစ်ယောက်တည်းထိုင်နေသော ဗိုလ်ချုပ်ဘင်နီတိုဆီသို့ သွားရောက်၍ သတင်းပို့လိုက်ပါသည်။ ဗိုလ်ချုပ်ဘင်နီတိုသည် ကျွန်တော့်ဆီမှသတင်း ကို ရလျှင်ရချင်း သူ၏လက်ထဲတွင် . ၃၅ဝ ရိုင်ဖယ်ကို ဆွဲ၍ ကျည်ဆန်များကို အပြည့်ထိုးလိုက်ပြီး ကျွန်တော်တို့နောက်သို့ ထွက်လိုက်ခဲ့သည်တွင် ကျွန်တော်က ဗိုလ်ချုပ်ဘင်နီတိုအား . . .

“ဗိုလ်ကြီးဖရစ်(စ်)ကို သတင်းပို့ အကြောင်းကြားရအောင် ဗိုလ်ချုပ်၊ သူ စိတ်ပူနေလိမ့်မယ်၊ တတ်နိုင်ရင် သူ့ကိုပါခေါ်ခဲ့ရအောင်”

"အချိန်အကုန်ခံမနေနိုင်ဘူး ကာနယ်၊ အမြန်ဆုံး သူတို့တွေ့တဲ့ နေရာကို အမီလိုက်ကြပါ၊ ကျုပ် အမိန့်ပေးတယ်”

ကျွန်တော့်အဖို့ နောက်ထပ် စောဒကတက်စရာမရှိတော့။ ထို့ကြောင့် အသာငြိမ်၍ နေလိုက်ရပါတော့၏။ လေးဦးသားသည် စခန်းကြီးအပြင်သို့ ထွက်ခဲ့ရလေသည်။ တပ်ကြပ်ကြီးသန်းထွန်းတို့ကိုမူ ဦးဘိုးဟန်တို့က ကြိုတင်အကြောင်းကြားခဲ့သည်ကြောင့် ကျွန်တော် စိတ်သက်သာရာရရှိခဲ့၏။

တစ်ချီတစ်ချီ သစ်ကိုင်းများ သစ်ရွက်များ၏ လှုပ်ရှားတားဆီးမှုကြောင့် မှောင်ရိပ်လွှမ်းထားသော တောလမ်းပေါ်မှ ခြေရာကို ကျွန်တော်တို့လေးဦးသားသည် လက်နှိပ်ဓာတ်မီးကြီးနှင့်ထိုးကာ တစ်ခုချင်း တစ်ခုချင်း ခြေရာခံကာ မျက်စိလျင်လျင် နားပါးပါးနှင့် လိုက်ခဲ့ကြပါသည်။

ကျွန်တော်တို့ အရေးတကြီး လိုက်လံခြေရာခံနေသော ဧရာမခြေရာကြီးကား တဖြည်းဖြည်းနှင့် တောတွင်းမှ ကွယ်ပျောက်ရင်း စခန်းကြီးဆီသို့ ရှေ့ရှုသွားနေတော့သည်။ စခန်းကြီးသို့ရောက်ရန် တစ်မိုင်ခန့်
အကွာ လမ်းဆုံပေါ်တွင် ဦးဘိုးဟန်သည် လက်နှိပ်ဓာတ်မီးကြီးနှင့် ထိုးကာ ခြေရာခံနေရာက

“ဘယ့်နဲ့ . . . ဖိနပ်ခြေရာအသစ်တစ်ခုပါလား၊ နံနက်က ကျုပ်တို့လေးဦးသား ဖိနပ်ခြေရာတွေ့ရတာ ခု နောက်ထပ် ဖိနပ်ခြေရာသစ်တစ်ခု ကျုပ်တို့နောက်ကို လိုက်လာပြန်ပြီဘယ်လိုလဲဗျ ..."

ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုကို ဓာတ်မီးနှင့်ထိုး၍ပြလိုက်ရာတွင် . . .

“ရောင်းဖရိစ်”

“ဒီအကောင် အရေးထဲမှာ ဘာလို့လိုက်လာပြန်သလဲခက်ကုန်ပြီ၊ ဟိုအကောင်ကြီးနဲ့ တိုးမိမှဖြင့်”

စိုးရိမ်တကြီးနှင့် ပြောဆိုလိုက်ပါသည်။

မှန်ပေသည်။ ကျွန်တော်တို့ အရေးတကြီး လိုက်လံခြေရာခံနေသော သားကောင်ကြီး၏ခြေရာကြီးများမှာ သံခွာတပ်ထားသော အီတလီစစ်သုံးဖိနပ်ခြေရာ သို့မဟုတ် ကပ္ပတိန်ဖရစ်(စ်)၏ခြေရာနောက်မှ ကပ်လျက်တွေ့ နေရသောကြောင့်တည်း။

လေးဦးသားသည် မျက်လုံးပြူးပြူး မျက်ဆန်ပြူးပြူးနှင့် ကပ္ပတိန်ဖရစ်(စ်)ခြေရာနောက်သို့ အပြေးလိုက်ခဲ့ရပြန်ပါသည်။ ကပ္ပတိန်ဖရစ်(စ်) ခြေရာနောက်မှ ညဉ့်ကြီးမင်းကြီးမှပင် ကျွန်တော်တို့ အပူတပြင်း လိုက်လံရှာဖွေနေသော သားကောင်ကြီး၏ ခြေရာသည် နောက်မှ ကျွန်တော်တို့လေးဦးသားက အမဲကောင်ဆို မလွတ်တမ်းအားခဲနေသော ကျားကြီးတွေပမာ ကျွန်တော်တို့လေးဦးသား ချာလည်ပတ်လည်ဖြစ်နေသော အဖြစ်ဆန်း၏ ကြုံကြိုက်မှုမှာ အံ့ဩစရာပင် ဖြစ်ပေတော့၏။ ဖန်တီးမှုမှာလည်း ဆုံပဲဆုံနိုင်လွန်းလှ၏တကား။

ဦးဘိုးဟန်သည် ရှေ့ဆုံးမှ အပြေးတက်ခဲ့သဖြင့် ဗိုလ်ချုပ်ဘင်နီတိုသည် ဦးဘိုးဟန်နောက်မှကပ်လျက် ပစ်ရန်အသင့်အနေအထားဖြင့် လိုက်ခဲ့တော့၏။ နောက်မှ ကျွန်တော်နှင့် ဦးဘိုးရံတို့သည် အမီလိုက်ပြေးခဲ့ရတော့၏။

ဗိုလ်ကြီးဖရစ်(စ်)၏ဖိနပ်ရာများသည် တဖြည်း ဖြည်းနှင့် အလှမ်းကျဲကာလာသည့်အဖြစ်ကို ဦးဘိုးဟန်သည်ကြည့်ရင်း

"ခက်ပြီဗျို့ . . . ဟိုငှက်ကြီးနောက်ကို အပြီးလိုက်နေပြီဗျို့၊ ဒုက္ခပါပဲဗျာ”

အလန့်တကြားအော်ဟစ်လိုက်ရာတွင် ကျွန်တော်သည် ဗိုလ်ချုပ်ဘင်နီတိုသို့ ချက်ချင်းအကြောင်းပြန်ကြားလိုက်ရတော့၏။ ဖိနပ်ရာနှင့် သားကောင်ကြီး၏ ခြေရာကြီးများသည် ကပ်လျက်တွေ့ ရပြီးနောက် ကျွန်တော်တို့လူလေးယောက် အရေးတကြီး တအားပြေးတက်ခဲ့ရာမှ ဆယ်မိနစ်အကြာတွင် လူတစ်ယောက် စူးစူးဝါးဝါးအော်သံနှင့် အပေါ့စား စက်သေနတ်ကလေးတစ်လက်၏ အရေးတကြီးပစ်ခတ်သံ သုံးချက် ဆက်တိုက် ထွက်ပေါ်လာတော့၏။

သားကောင်ကြီးတစ်ကောင်၏ တဝုန်းဝုန်းခြေသံများကိုလည်း နောက်ဆက်တွဲအဖြစ် ပေါ်ထွက်လာ သောကြောင့် ကျွန်တော်တို့လေးဦးသားတို့ အသံကြားရာဘက်သို့ တအားပြေးကာ ဓာတ်မီးနှင့်ထိုးကာ လိုက်ခဲ့ကြပြန်သည်။

ထိန်လင်းနေသော ဓာတ်မီးရောင်အောက်၌ မှောက်လျက်လဲနေသော ဗိုလ်ကြီးဖရစ်(စ်) ကျောပေါ်၌ရပ်လျက် ခေါင်းတယမ်းယမ်းဖြစ်နေသလောက် ဒေါသကြီးနေသည့် ဧရာမကြံ့ကြီးတစ်ကောင်ကို တွေ့လိုက်ရ၏။

သူ၏နှုတ်သီးဖျား နောက်နားမှ နှစ်တောင်ကျော်မျှ ရှည်လျားသလောက် နက်မှောင်သော ချိုကြီးကိုလည်း မီးရောင်တွင် အကွင်းသားတွေ့လိုက်ရတော့၏။ ဗိုလ်ကြီး ဖရစ်(စ်)၏အနီး၌ လွင့်စင်ကျနေသော အော်တိုမစ်တစ် စက်သေနတ် ကလေးတစ်လက်ကိုလည်း တွေ့လိုက်ရ၏။

ဦးဘိုးဟန်၏ သတိပေးချက်ကြောင့် ဗိုလ်ချုပ်ဘင်နီတို့သည် ဦးဘိုးရံတို့ပြထားသည့် ဓာတ်မီးရောင်အောက်မှနေ၍ ကြံ့ကြီး၏လက်ပတ်ကြားသို့ ပစ်သွင်းလိုက်သည်။

ဦးဘိုးဟန်ကလည်း . ၅ဝဝ ဗို့ နှစ်လုံးပြူး ရိုင်ဖယ်ကြီးနှင့် ကြံ့ကြီး၏ခေါင်းကို ကျကျနနချိန်ကာ ပစ်ခတ်ချလိုက်တော့၏။ ကြံ့ကြီးမှာ အရုပ်ကြိုးပြတ်သဖွယ် ပုံကျသွားသည်နှင့် ကပ္ပတိန်ဖရစ်(စ်)၏ကိုယ်တစ်ပိုင်းကိုဖိလျက် တွေ့ လိုက်ရသောအခါ လေးဦးသားတို့ ပြေးတက်ကာ ကြံ့ကြီး၏ကိုယ်လုံးကြီးကို ဘေးသို့ တအားတွန်းဖယ်လိုက်ရပါသည်။

"သေပေစေ ... . ဖရစ်(စ်)ဟာ အပြစ်ရှိတဲ့လူတစ်ယောက်"

မာရီယာ၏ပြောကြားလိုက်သည့်အသံကြောင့် ကျွန်တော်တို့ လေးဦးသား နောက်သို့လှည့်ကာ ကြည့်လိုက်ရာ၌ မာရီယာနှင့် တပ်ကြပ်ကြီးသန်းထွန်း၊ ဗိုလ်ကျော်နိုင်တို့လူစုကို တွေ့လိုက်ရ၏။

မာရီယာသည် ကျွန်တော်၏ . ၃၇၈ မက်နမ်ရိုင်ဖယ်ကို ဆွဲကိုင်ထားပြီး၊ ကျန်လူများမှာ စစ်သုံးရိုင်ဖယ်များနှင့် စက်သေနတ်နှစ်လက်ကိုပါ ကိုင်ဆောင် လာကြ၏။

“ဟေ့ ... မြန်မြန်လာပြီး လူစုကြစမ်း”

ကျွန်တော်က အရေးတကြီး အမိန့်ပေးလိုက်ရာတွင် မာရီယာ

“ဒါလင် . . . ဖရစ်(စ်)က ဒါလင်ကိုသတ်ဖို့ နောက်က လိုက်သွားလို့ မာရီယာက ရဲဘော်တွေခေါ်ပြီး သူ့ နောက်က ထပ်လိုက်ခဲ့ရတယ်။ သူက ဗိုလ်ချုပ်ဘင်နီတိုကို ဒါလင်တို့လူစုက ဝိုင်းပြီး လုပ်ကြံမယ်ထင်တာ ရယ်၊ ပြီးတော့ မာရီယာက မီးဖိုထဲဝင်ပြီး ဟင်းချက်တာကို ဒါလင်နဲ့ မာရီယာ ချိန်းထွက်ပြေးမယ်ထင်တာရာ် စုပေါင်းပြီး ဒေါသထွက်ပြီး ဒါလင်နောက်ကို သတ်ရအောင်လိုက်ခဲ့တာပဲ၊ ဘုရားသခင်က ဒင်းကို ကျကျနနကြီးအပြစ်ပေးပီ”

သို့ရာတွင် ကျွန်တော်သည် ရဲဘော်များကို အတင်းခေါ်ယူကာ ကြံ့ကြီးကို ဘေးရောက်သွားအောင် လူနှစ်ဘက်အားဖြင့် တွန်းဖယ်လိုက်ရ၏။ ကပ္ပတိန်ဖရစ်(စ်)၏ ခပ်သဲ့သဲ့ညည်းတွားသံတစ်ချက်သာ ကြားလိုက်ရ၏။

ချက်ချင်းပင် တပ်ရင်းဆေးမှူးနှင့် ဆေးအကြပ်များ နောက်ထပ်ရောက်ရှိလာပြီး ဗိုလ်ကြီးဖရစ်(စ်)၏ အခြေအနေကို ဆေးမှူးက စမ်းသပ်ကြည့်လိုက်ပြီး ...

“နံရိုးနှစ်ချောင်းကျိုးသွားတယ်၊ သတိမေ့နေတာပါ၊ မသေပါဘူး”

ဟု မှက်ချက်ချလိုက်၏။

ကျွန်တော်တို့သည် ထမ်းစင်ဖြင့် ဗိုလ်ကြီးဖရစ်(စ်)အား စခန်းကြီးသို့ ထမ်းပိုးယူဆောင်ခဲ့ရတော့၏။

ဗိုလ်ချုပ် ဘင်နီတိုသည် သူ အလွန်အမင်းအလိုရှိသော ကြံ့ကြီးကို စခန်းနှင့် မိုင်ဝက်တွင် သူကိုယ်တိုင် ပစ်သတ်ခဲ့ရသည့် ဝမ်းမြောက်မှုကား သူ၏သက်တော်စောင့် အချစ်တော် ကပ္ပတိန်ဖရစ်(စ်)၏ ဒုက္ခနှင့်လဲလှယ် လိုက်ရခြင်းသာ ဖြစ်ပေ၏။

ချစ်သောမာရီယာသည် ကျွန်တော့်အပေါ်၌ သတ္တိရှိရှိနှင့် သစ္စာစောင့်သိစွာဖြင့် ကျွန်တော်၏အသက်ကိုကာကွယ်ရန် လိုက်ပါခဲ့သည့်အဖြေကား ကျွန်တော်၏ အသည်းနှလုံးကို ချည်နှောင် လိုက်ခြင်းသာ ဖြစ်ပေ၏။

“ငိုမနေနဲ့ မာရီယာ . . . စိတ်အားတင်းထားစမ်းပါ။ စစ်ကြီးပြီးရင် ပြန်တွေ့ ရမယ့်ကိစ္စပဲကွယ်”

ကျွန်တော် လေယာဉ်ပျံကွင်း၌ မာရီယာကို အားပေးရင်း ချော့မော့နေရပါသည်။ မာရီယာသည် တရှုံ့ရှုံ့ငိုကြွေးရင်း ကျွန်တော်၏နားအနီးသို့ ကပ်၍ တစ်စုံတစ်ရာ ခပ်တိုးတိုးပြောကြားလိုက်ပြန်သည်။

“မက်ဆိပ်ရိုက်လိုက်ပါမယ် ဒါလင်၊ မောင်ဝမ်းသာရအောင် ပို့လိုက်ပါမယ်။ မောင့်သားလေးဖြစ်ဖြစ် . . . သမီးလေးဖြစ်ဖြစ် . . .”

မာရီယာသည် တစ်စုံတစ်ခုကို သတိရပုံဖြင့် . . .

“မာရီယာသွားခါနီးမှာ ပစ္စည်းတစ်ခုပေးခဲ့ရမယ်။ အဲဒါဟာ ခဝါအိရယ်၊ မောင့်အတွက်ပစ္စည်းရယ်၊ တော်တဲ့မောင်သာ အချစ်ကို ရွေးချယ်ခွင့်ရှိပါတယ်။ မာရီယာလဲ အချစ်ရေးမှာ မိန်းမတိုင်းရဲ့စိတ်ဓာတ်ရှိသလို၊ မနာလိုမှုမရှိပါဘူးတဲ့။ ခဝါအိက မာရီယာအရင် မောင့်ကို ချစ်ခဲ့တယ်။ ဒါပေမယ့် ခဝါအိရော၊ မာရီယာရော မောင့်ကို တရားဥပဒေအရ တစ်ယောက်မှ မပိုင်သေးဘူး၊ မောင်သာ ဆုံးဖြတ်ခွင့်ရှိတယ်၊ မောင့် သဘောအတိုင်းပဲ”

လေယာဉ်မှူးသည် ခရီးသည်အားလုံးကို လေယာဉ်ပေါ်သို့ တက်ရန်အတွက် သတိပေးလိုက်ရာတွင် မာရီယာသည် ကျွန်တော်၏ ရင်ခွင်ထဲသို့ ကပ်ဝင်လာပြီး တစ်ခုတည်းသောဆန္ဒကို ဖွင့်ဟရှာပါသည်။

ကျွန်တော်သည် တုန်ရီနေသောနှလုံးသားဖြင့် မာရီယာ၏နှုတ်ခမ်းကလေးကို နောက်ဆုံး အားရပါးရ စုတ်ယူနှုတ်ဆက်လိုက်ပါသည်။

ထိုစဉ်တွင် သံမှူးများဗိုလ်ချုပ်များခြံရံလျက် ဗိုလ်ချုပ်ဘင်နီတို လေယာဉ်ရုံးဝမှထွက်လာပြီး ကျွန်တော်၏လက်ကို အားရပါးရ ဝှေ့ယမ်းနှုတ်ဆက်ရင်း ကျွန်တော်၏ပခုံးကို ပုတ်ခတ်ကာ လှိုက်လှိုက် လှဲလှဲအသံဖြင့် . . .

“ကျွန်တော့်ထက် အစစအရာရာ သာလွန်သူအောင်နိုင်သူ ကာနယ်၊ ယောက်ျားကောင်းပီသသူ၊ သူတော်ကောင်းစိတ်ဓာတ်ရှိသူ”

ဟု ပါးစပ်မှ ကြွေးကြော်ရင်း သူ၏ရင်ဘတ်မှ အီတလီသူရဲကောင်းတံဆိပ်ကို ပြလိုက်ကာ ကျွန်တော်၏ ကျူနစ်အင်္ကျီညာဘက်တွင် ထိုးအပ်ပေးလိုက် ပါတော့၏။

မျက်ရည်စက်လက်နှင့် လေယာဉ်ပေါ်တက်သွားသော မာရီယာကို ဗိုလ်ချုပ်က ကြိုလိုက်ပြီး . . .

“ကျုပ်သဘောတူပါတယ် ကာနယ် . . . သူဟာ ကာနယ်ကို တကယ်ချစ်နေတာပါ၊ ကျုပ်ကောင်းကောင်းသိပါပြီ၊ ကျုပ် သူ့မိဘကို ကာနယ်ကိုယ်စား ပြောကြားနားဖောက်ပေးပါ့မယ်၊ တာဝန်ယူပါတယ်”

အားရပါးရနှုတ်ဆက်ကာ အထူးလေယာဉ်ပေါ်သို့ တက်သွားပါတော့၏။

စစ်လေယာဉ်ကား ထွက်လေပြီ။ မာရီယာနဲ့ ကျွန်တော်ကား ဝေးကွာခဲ့လေပြီ။ တစ်ရက်၊ တစ်လ၊ တစ်နှစ်၊ ဘဝသံသရာ ဖြစ်လေရာရာဝယ် မာရီယာတစ်ယောက် ထာဝစဉ်ရွှင်လန်းပါစေဟု ကျွန်တော် ဆုတောင်းရင်း "ဘဝအကျိုးပေး-ဆွေးစရာ-နဖူးစာ”ကို မုန်းတီးရွံရှာမိသလောက် မာရီယာဟူသော နာမည်ကလေးကို ကြားရတိုင်း လွမ်းတ သတိတရရ ဖြစ်မိပါတော့သည်။

ဗိုလ်တာရာ (ရဲဘော်သုံးကျိပ်)
ကုန်းသာစခန်း ပျဉ်းမနား၊ တောင်ငူနယ်စပ်။

                           - ပြီး -

စာရေးသူ      -     ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက်   -     မုဆိုး တံငါ စာပေများ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...