Skip to main content

မုန်တိုင်းနှင့်အပြိုင်(ဖိုးကျော့)

အပိုင်း၁


ရာသီမှာ မိုးအနှောင်း ဆောင်းအစသို့ ရောက်ချေပြီ။

ပြာလဲ့လဲ့ကောင်းကင်ပြင်မှာ သာယာလှပနေ၏။

မိုးတွင်းက တမိုးတွင်းလုံး မိုးရေ၊ လေလှိုင်း၊ မုန်တိုင်း၊ ဝဲကတော့တို့နှင့် အသော့ထိုးနေသော ကပ္ပလီပင်လယ်ပြင်မှာ ယခုအခါ ငြိမ်သက်စပြုလာလေပြီ။ နက်ရှိုင်းကျယ်ပြောလှသော သမုဒ္ဒရာထဲမှ တအိအိလိမ့်လာကြသော လူတစ်ရပ်နှစ်ရပ်ခန့် မြင့်မားသည့် အိမ့်လှိုင်းလုံးကြီးများမှာလည်း ယခုအခါ ကပ္ပလီပင်လယ်ပြင်ထဲမှာ မမြင်မတွေ့ရတော့ပေ။

ဆောင်းနတ်မယ်လျသည် မြောက်ဆီက လာစပြုပြီမို့ ပင်လယ်ပြင်မှာ နှင်းမှုန်နှင်းငွေ့တို့ဖြင့် ပြာနှမ်းဖြူလွနေသည်။

သို့သော် ကမ်းရိုးတန်း ကျောက်ဆောင် ကျောက်တန်းများကို အဆက်မပြတ်လာ၍ ရိုက်ခတ်တိုက်ပုတ်နေကြသော လှိုင်းခေါင်းဖြူတို့၏ အသံကား ကမ်းခြေတစ်ဝိုက်မှာ သောသောညံတုန်းပင်တည်း။

ဤရာသီရောက်ပြီဆိုလျှင် ကမ်းရိုးတန်းရှိ ရွာများမှ တံငါရေလုပ်သားကြီးများသည် လုပ်ငန်းခွင်ဝင်ကြရန် စိုင်းပြင်းကြရပြီဖြစ်သည်။ ထို့ကြောင့်လည်း မိုးတွင်းက ပြောင်သလင်းခါနေသော ပင်လယ်ကမ်းခြေရှိ သဲလွင်တီးခေါင်နှင့် ကျောက်ဆောင် ကျောက်တန်းအကြားမှာ ယခုအခါ တံငါတဲငယ်တို့နှင့် အသက် ဝင်လှုပ်ရှားလာကြပြီ ဖြစ်သည်။

အစီအရီ ရပ်တည်နေကြသော တံငါတဲငယ်များရှေ့ တွင် လောင်းလှေကလေးများကလည်း အသင့်ရှိနေကြ၏။

ထိုတဲငယ် လှေငယ်များထဲတွင် ဝေဗာရွာသား အဖိုးဂျလားတို့၏ တဲငယ်နှင့် လှေငယ်သည်လည်း စခန်းတစ်ခု အပါဝင်ဖြစ်လေသည်။ တဲငယ်အားလုံးနှင့် လှေငယ်အားလုံးတို့မှာ ကပ္ပလီပင်လယ်ပြင်ဘက်ကို မျက်နှာမူကာ ကျယ်ပြောနက်ရှိုင်းလှသော သမုဒ္ဒရာပင်လယ်ထဲကို ငေးမောမျှော်ကြည့်နေကြသယောင် ရှိလေသည်။

အမှန်က တဲငယ် လှေငယ်များသာ ပင်လယ်သမုဒ္ဒရာ ပြင်ကို ငေးမောမျှော်ကြည့်နေကြသည်မဟုတ်၊ တဲအတွင်းရှိ ရေလုပ်သားကြီးများကလည်း သမုဒ္ဒရာပင်လယ်ပြင်ကို ငေးမော မျှော်ကြည့်နေကြလေ၏။

သူတို့အားလုံးသည် နံနက်မိုးသောက် အလင်းမရောက်ခင်က အပြောကျယ်လှသော သမုဒ္ဒရာပင်လယ်ပြင်ထဲကို ငါးမျှားတန်းချရန် ထွက်ကြရမည်ဖြစ်သဖြင့် မိုး၊ ရေ၊ လေလှိုင်း၊ မုန်တိုင်း ပင်လယ်ပြင်တို့၏ အခြေအနေကို စောင့်ကြည့်ကာ အကဲခတ်ထားရလေသည်။

"တန်ဆောင်မုန်းလ မိုးဆုံးပ”ဟု ဆိုသော်လည်း လဆန်းပက္ခ၏ ခုံးမျက်စအသွင် လတခြမ်းပဲ့ကွေးကွေးကလေးမှာ လင်းရောင်ခြည်များ မှေးနေလေသည်။

ကျယ်ပြောလှသော ပင်လယ်ပြင်ကို လရောင်ခြည်က ပီပီပြင်ပြင် မထွန်းပနိုင်ရှာသေး။ အင်အားနည်းပါးသော လရောင်ကြောင့် ပင်လယ်ပြင်မှာ ပြာနှမ်းနှမ်းသဏ္ဍာန် ပေါ်နေ၏။

သဲလွင်တီးခေါင်နှင့် ကျောက်ဆောင် ကျောက်တန်းများ အကြိုအကြားတွင် လေကာ နေကာ ဆောက်လုပ်ထားကြသော တံငါတဲငယ်များထဲတွင် တံငါသည်များက ထွက်လိုက် ဝင်လိုက် သွားလာလိုက်နှင့် ရှုပ်ယှက်ခတ်နေကြသည်။

သူတို့သည် ငါးမျှားတန်းချရာတွင် အသုံးပြုရသော မျှားကြိုး၊ မျှားချိတ်၊ မှိန်း၊ ငါးစာ၊ ပန်းရှူးတိုင်၊ ညံဖေါ့၊ ရေယက်၊ လှေရွက် စသည်တို့ကို တစ်ခုပြီးတစ်ခု ရှင်းလင်းစစ်ဆေး၍ အလုပ်ရှုပ်နေကြ၏။

ထိုသူများနည်းတူ တစ်ခုသောတံငါတဲငယ်ထဲတွင် အဖိုးဂျလားနှင့် ပိုလိုတို့လည်း မျှားကြိုး မျှားချိတ်များ ရှင်းလင်းပြုပြင်ရင်း အလုပ်ရှုပ်စ ပြုနေကြလေသည်။ အချိန်မှာ ညဦးကာလပင်တည်း။

“အဘတို့တော့ ကျွန်တော့်ကို ကျိန်နေကြပြီထင်တယ်”

ဆလုံအမျိုးသား ရဟူက အဖိုးဂျလားတို့၏တဲသို့ စိုက်စိုက်မတ်မတ် ဝင်လာပြီး ဆို၏။ ရဟူမှာ အဖိုးဂျလားတို့နှင့် ငါးမျှားတန်း အတူသွားချကြမည်ဖြစ်သော အဖိုးဂျလားတို့၏ အစုအဝင် အသင်းသားတစ်ယောက်ပင်။

“မကျိန်ရပါဘူး ရဟူရာ. . . ငါနဲ့ ပိုလိုကလဲ ခုနလေး တင်ဘဲ အလုပ်စကြတာပါ”

အဖိုးဂျလားက ရွာမှရောက်လာသော ရဟူကို မျက်ခွံ တစ်ချက်ပင့်ကြည့်၍ ကျေကျေနပ်နပ်နှင့် ဆိုလိုက်၏။

“အတွင်းပိုင်းမှာ မိန်းမ သွားရနေတဲ့ အစ်ကိုရမူ အလည်ရောက်နေလို့ ကျွန်တော် နည်းနည်းနောက်ကျသွားတယ် အဘရယ်၊ သူတို့အတွင်းပိုင်းက ကနုကမာကင်တွေလဲ ပါလာတော့ အိမ်မှာ ကောက်ညှင်းပေါင်းစားနေကြတာနဲ့ မိုးချုပ်သွားတာ။ အဘနဲ့ ပိုလိုတို့စားဖို့လဲ ကျွန်တော် ကောက်ညှင်းပေါင်းနဲ့ ကနုကမာကင်တွေ ယူလာသေးတယ်၊ စားကြပါ”

ရဟူက ငှက်ပျောဖက်နှင့် ထုပ်ယူလာသော ကနုကမာကင်နှင့် ကောက်ညှင်းပေါင်းထုပ်ကို အဖိုးဂျလားနှင့် ပိုလိုတို့ကြားသို့ ချပေးလိုက်၏။ ပြီး သူက ငါးမျှားချိတ်နှင့် ကြိုးများကို ဝင်၍ရှင်းသည်။

ကနုကမာကင်ဆိုကတည်းကပင် သားရည်ကျချင်နေသော ပိုလိုက ရဟူချပေးလိုက်သော ကနုကမာကင်နှင့် ကောက်ညှင်းပေါင်းတို့ကို အဖိုးဂျလား ရှေ့သို့ ထိုးပေးလိုက်၏။ မျှားချိတ်ကြိုးများ ရှင်းနေသော အဖိုးဂျလားက ကနုကမာကင်ကို ကောက်ကိုင်လိုက်မှ ပိုလိုကလည်း ကောက်စားသည်။

“ကနုကမာတွေက ကျွန်တော်တို့ပင်လယ်ပိုင်းမှာသာ မပေါတာ၊ သူတို့ အတွင်းပိုင်းမှာတော့ သိပ်ပေါဆိုဘဲ အဘရယ်”

အဘယ်ကြောင့်မသိ၊ ရဟူ၏မျက်နှာကို မသိမသာ
လှမ်းကြည့်ပြီး အဖိုးဂျလားမှာ ငိုင်သွားသည်။

"ပိုလို စားလေကွာ၊ မင်း ကနုကမာကင် စားဖူးလို့ လား"

"ကင်တာတော့ မစားဖူးဘူး။ ချက်တာတော့ စားဖူးပါ တယ်။ ကျွန်တော်တို့ သဲတန်းချိုင်ဘက်မှာလဲ ရာသီရင့်မှာ သွားငုပ်ရင် ဟင်းစားရနိုင်ပါတယ်”

ပိုလိုပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ပင်လယ်ပိုင်းကျသော သူတို့အရပ်တွင် ကနုကမာတွေက သိပ်မပေါလှသော်လည်း ကျောက်ဆောင် ကျောက်တန်းများ ထူထပ်လွန်းလှသော သဲတန်းချိုင်ဘက်မှာတော့ ရာသီချိန်၌ သွားငုပ်လျှင် ဟင်းစားရတတ်လေသည်။

“မင်း ကနုကမာငုပ်ဖူးလို့လား”

“ကျွန်တော် မငုပ်ဖူးပါဘူး၊ ဦးလေးတွေ သွားငုပ်လို့ စားဖူးတာပါ”

များသောအားဖြင့် ဆလုံအမျိုးသားများမှာ ကနုကမာ ငုပ်ခြင်း၊ လိပ်ထိုးခြင်း၊ ငါးမျှားတန်းချခြင်း၊ လိပ်ဥကောက်ခြင်း၊ ငှက်သိုက်ဆေးများ ရှာဖွေခူးဆွတ်ခြင်း၊ ပုလဲမုတ်ကောင်ရှာခြင်းတို့ဖြင့် ဘဝရပ်တည်နေကြသူတွေ ဖြစ်သဖြင့် ထိုအလုပ်များ လုပ်ကိုင်ရာတွင် ကျွမ်းကျင်မှုအပေါ် မူတည်၍ ဂုဏ်ယူတတ်ကြလေ့ရှိသည်။

အချို့သော ဆလုံအမျိုးသားများဆိုလျှင်ပင်လယ်ပြင်ထဲတွင် လှေအိမ်ဖွဲ့၍ ထိုလှေအိမ်ပေါ်၌ပင် မွေးဖွားကာ ဆားငန်ရည်နှင့် အချင်းဆေးပြီး ကြီးပြင်းလာသည်ကို ဂုဏ်ယူလေ့ ရှိကြသည်။ ရေ၌ မွေးဖွားလာသည်မှာ ရေပြင်တွင် ကျွမ်းကျင်ကြောင်း အလိုလို ပြောပြီးသားဖြစ်လေသည်။

သူတို့သည် ငယ်စဉ်ကပင် မြစ်ချောင်းပင်လယ်တို့နှင့် အကျွမ်းတဝင်ရှိကြသူများ ဖြစ်လေရာ ကလေးဘဝ ကစားကြရာ၌ပင် ရေငုပ်ပြိုင်ခြင်း၊ ရေကူးပြိုင်ခြင်း၊ လှေငယ်တည်ဆောက်ခြင်း၊ ရေပေါ်ရေအောက်တွင် ပက်လက်မှောက်ခုံ နည်းမျိုးစုံဖြင့် ကူးခတ်ငုပ်သွား ပြေးလွှားခြင်းတို့ကိုသာ အပြိုင်အဆိုင် ကစားတတ်ကြသည်။

ထိုသို့ ရေငုပ်ပြိုင်ကစားကြရာတွင် စိတ်ကြီးမာန်ထက်သော ဆလုံကလေးအချို့သည် ရေထဲတွင် ကြာရှည်စွာငုပ်နေသဖြင့် ရေပေါ်ပြန်တက်လာသောအခါ ပါးစပ်၊ နား၊ နှားခေါင်း တို့မှ သွေးစိမ်းရှင်များ သွင်သွင်ယိုထွက်လာသည့်အထိပင် ရေငုပ်ပြိုင်ကစားလေ့ ရှိကြလေသည်။

ယခု ပိုလိုအား ရဟူက “မင်း ကနုကမာ ငုပ်ဖူးလို့ လား” ဟု မေးခြင်းမှာလည်း ရေနှင့်ပတ်သက်သော အတွေ့အကြုံ ရှိမရှိ သိလို၍ မေးခြင်းသာဖြစ်လေသည်။

အကယ်၍ ပိုလိုက ကနုကမာ ငုပ်ဖူးပါသည်ဟုဆိုလျှင် သူက ပိုလိုဆီ၌ ကနုကမာငုပ်ခြင်းနှင့် ပတ်သက်၍ သိလိုသော အချက်အလက်များကို စုံစမ်းမေးမြန်းချင်နေပုံရလေသည်။

သို့သော် ပိုလိုက သူမငုပ်ဖူးဟုဆိုသောအခါ ရဟူမှာ
အဖိုးဂျလားကို မေးမြန်းပါ၏။

"အဘကော ကနုကမာ မငုပ်ဖူးလား အဘ”

"ငုပ်ဖူးသားဘဲ၊ ငါ့မိန်းမက ကြိမ်ပိုက်မြစ်ဘက်က ရေအေးရွာသူဘဲဟာ။ ဘာဖြစ်လို့လဲကွ”

"ရမူကပြောတယ် အဘရယ်၊ ကနုကမာငုပ်တာဟာ ကျွန်တော်တို့ ငါးမျှားတန်းချတာထက် ဝင်ငွေကောင်းတယ်ဆိုဘဲ”

"ဟုတ်မှာပေါ့”

အဖိုးဂျလားက ကောက်ညှင်းပေါင်းနှင့် ကနုကမာကင်ကို ပလုတ်ပလောင်း ဝါးရင်းကဆိုသည်။

"နွေရင့်ရက်ရောက်ရင် ရမူနဲ့ ကနုကမာငုပ်လိုက်ရ
ကောင်းမလားလို့ စဉ်းစားနေတယ် အဘရယ်”

ရဟူက သူ့အစ်ကို ရမူနှင့် အတွင်းပိုင်းကို ကနုကမာ ငုပ်လိုက်သွားရန် စဉ်းစားထားကြောင်း အဖိုးဂျလားအား ပြောပြသည်။

“ကနုကမာ ငုပ်တယ်ဆိုတာက ငယ်ငယ်ကပင် ငုပ် ဖူးလို့ ကျွမ်းကျွမ်းကျင်ကျင်ရှိမှ ကောင်းတာပါကွာ။ မကျွမ်းကျင်ဘဲ သွားငုပ်ရင် အန္တရာယ်ဖြစ်တတ်တယ်"

“ဘယ်လိုအန္တရာယ်ဖြစ်တတ်လဲ အဘ"

“ကဲ ဒီမျှားကြိုးတွေကို မင်းတို့ လှေထဲသွားပို့လိုက်ကြအုံး။ ပြန်လာမှ ကြိမ်ပိုက်မြစ်ထဲမှာ ငါ ကနုကမာငုပ်လို့ အန္တရာယ်ဖြစ်ခဲ့ရတဲ့အကြောင်း မင်းတို့ကို ပြောပြမယ်”

ကနုကမာငုပ်ရင်း ကြိမ်ပိုက်မြစ်ထဲမှာ အန္တရာယ်ဖြစ်ခဲ့ရကြောင်း အဖိုးဂျလားက ပြောပြမည်ဆိုသဖြင့် ပိုလိုနှင့် ရဟူတို့က မျှားကြိုးများကို လှေထဲသွားပို့ရန် တဲအပြင်ဘက်ထွက်သွား ကြလေသည်။

ကပ္ပလီပင်လယ်ပြင်၏ ကမ်းခြေဘက်ကျသော ဝေဗာရွာတွင် ကြီးပြင်းလာရသော ကိုဂျလားမှာ အိမ်ထောင်ကျသောအခါ အတွင်းဘက်ဟုခေါ်သော ကြိမ်ပိုက်မြစ်ဖက် ရေအေးရွာတွင် အိမ်ထောင်ကျလေသည်။

ကြိမ်ပိုက်မြစ်ကမ်းခြေတစ်လျှောက်ရှိ ရွာများမှ ဆလုံအမျိုးသားများမှာလည်း ပင်လယ်ကမ်းခြေပိုင်းရှိ ဆလုံအမျိုးသားများနည်းတူ ရေမုဆိုးတံငါအလုပ်ဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်သည်။

သို့သော် ဆလုံအမျိုးသားချင်း ရေမုဆိုး ရေလုပ်သားချင်း တူကြသော်လည်း လုပ်ငန်းအရကား လုံးဝမတူကြပေ။ အကွာကြီး ကွာခြားကြ၏။

ကပ္ပလီပင်လယ်ပြင်၏ ကမ်းခြေတစ်လျှောက်ရှိ ရွာများမှ ဆလုံအမျိုးသားတိုင်း ဘဝရပ်တည်ရေး အသက်မွေးဝမ်းကျောင်းအလုပ်မှာ ကပ္ပလီပင်လယ်ပြင်ထဲထွက်၍ ငါးမျှားတန်းချခြင်း၊ လိပ်ထိုးခြင်း၊ လိပ်ဥကောက်ခြင်း၊ ငှက်သိုက်ဆေးများ ရှာဖွေခူးဆွတ်ခြင်းတို့ ဖြစ်ကြသည်။

ကြိမ်ပိုက်မြစ်ကမ်းခြေတစ်လျှောက်ရှိ ရွာများမှ ဆလုံအမျိုးသားများ၏ အလုပ်မှာကား ကနုကမာငုပ်ခြင်း၊ မိကျောင်းဖမ်းခြင်း၊ လမုတန်းပိုက်ခြင်း၊ ပုလဲမုတ်ကောင် ရှာဖွေခြင်းတို့သာ ဖြစ်လေသည်။

ကိုဂျလား ရေအေးရွာတွင် မိန်းမလာရ၍ ရက်သတ္တတစ်ပတ်ခန့် ကြာလာသောအခါ ဇနီးသည်က ကြိမ်ပိုက်မြစ်ထဲတွင် ကနုကမာများသွားငုပ်ကြရန် ခေါ်သဖြင့် လှေငယ်တစ်စင်းနှင့် လင်မယားနှစ်ယောက် ကြိမ်ပိုက်မြစ်ထဲသို့ ကနုကမာငုပ်ရန် ခရီးထွက်လာကြသည်။

သို့သော် ကိုဂျလားမှာ ပင်လယ်ကမ်းခြေဘက်၌ ကြီး ပြင်းလာရသူဖြစ်သဖြင့် ကနုကမာငုပ်ခြင်းကို ကျွမ်းကျွမ်းကျင်ကျင်တော့ မရှိလှပေ။ ကြိမ်ပိုက်မြစ်ကမ်းခြေတစ်လျှောက်ရှိ ရွာသူရွာသားတွေလို ကနုကမာကို သူက စီးပွားဖြစ်လည်း မငုပ်ဖူးပေ။

မိမိရွာ၌နေစဉ်က သဲချောင်းထဲတွင် ဟင်းစားအဖြစ်သာ ငုပ်ဖူး၏။

ကိုဂျလားတို့ ပင်လယ်ကမ်းခြေဘက်တွင် ကနုကမာ
ကို စီးပွားဖြစ် ငုပ်၍လည်းမရနိုင်ပေ။

ကနုကမာကောင်များမှာ အပြောကျယ်လှသော သမုဒ္ဒရာပင်လယ်ပြင်ထဲရှိ ကျောက်ဆောင် ကျောက်တန်းများမှာထက် မြစ်ချောင်းကြီးများရှိ ကျောက်ဆောင် ကျောက်တန်းများ၌သာ အတွယ်အကပ် များတတ်ကြလေသည်။

ထို့ကြောင့် ကနုကမာငုပ်ရာ၌ ကိုဂျလားမှာ ကြိမ်ပိုက် မြစ်ကမ်းခြေရှိ ရေအေးရွာသူ ရွာသားတွေလောက် ကျွမ်းကျွမ်း ကျင်ကျင် မရှိခြင်းဖြစ်လေသည်။ သူ ကျွမ်းကျင်သည်မှာ ကပ္ပလီပင်လယ်ပြင်နက်ထဲ ထွက်၍ ငါးမျှားတန်းချခြင်း၊ လိပ်ထိုးခြင်း၊ လိပ်ဥကောက်ခြင်း၊ ငှက်သိုက်ဆေးများ ရှာဖွေခူးဆွတ်ခြင်းတို့သာဖြစ်၏။

သို့သော် ကနုကမာ ရင့်လာချိန် ရာသီဖြစ်သော တပေါင်း တန်ခူးလတွင် မိန်းမရမိသော ကိုဂျလားသည် ပင်လယ်ကမ်းခြေသားဖြစ်သော်လည်း ကနုကမာ ငုပ်ရာ၌လည်း မညံ့လှဆိုသည်ကိုတော့ ဇနီးသည်နှင့် ယောက္ခမဆွေမျိုးများအား ငုပ်ပြရအုံးမည်ဖြစ်သည်။

မိမိအား ဇနီးသည်က ကနုကမာငုပ်သွားရန် ခေါ်ခြင်းမှာလည်း သူ၏အရည်အချင်းကို သိလို၍ တမင်စမ်းခေါ်ခြင်း ဖြစ်လေမည်။ ယောက္ခမ ဆွေမျိုးများကလည်း သူ့အား ကနုကမာငုပ်ရာတွင် မည်မျှ အရည်အချင်းရှိသည်ကို သိလိုကြသဖြင့် သူ့ဇနီးအား တမင်လှုံ့ဆော်ပေးကြပုံရလေသည်။

သူတို့ တစ်မျိုးလုံးမှာ ကနုကမာငုပ်သော ရေမုဆိုး အလုပ်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသူများဖြစ်လေရာ ကနုကမာငုပ်၍ များများစားစား ရတတ်ခြင်းကိုသာ ဂုဏ်ယူဝင့်ကြွားတတ်ကြသူများ ဖြစ်၏။

သူသာ ကနုကမာငုပ်၍ များများစားစား ရတတ်ပါက “ဂျလားဟာ ပင်လယ်ကမ်းခြေသားဆိုပေမယ့် ကနုကမာငုပ်ရာမှာလဲ တော်တယ်ဟေ့”

ဟု ချီးမွမ်းဂုဏ်ပြုခြင်းကို ခံရလေမည်။ ဤသည်ကို ကိုဂျလားကလည်း လိုလိုလားလားနှင့် ကြားချင်နေပေသည်။

ညားခါစ ဇနီးမောင်နှံတို့၏ သဘာဝအတိုင်း လှေငယ်ကလေးနှင့် ကြိမ်ပိုက်မြစ်ကို စုန်လာကြရာ၌ လမ်းတွင် ကိုဂျလားတို့ ဇနီးမောင်နှံမှာ တစ်လမ်းလုံး တစ်ယောက်နှင့်တစ်ယောက် ကျီစယ်လာကြသည်။ ဇနီးသည်က ကိုဂျလားအား ဆားငန်ရည်များနှင့် လှမ်းပက်၍ ကျီစယ်သည်ကိုပင် ကိုဂျလားမှာ တပြုံးပြုံးနှင့် သဘောအကျကြီး ကျလာလေသည်။

ကြိမ်ပိုက်မြစ်ထဲတွင် သူတို့ဇနီးမောင်နှံထက် စော၍ ဦးစွာ ရောက်နှင့်နေကြသော ကနုကမာငုပ်သူ လင်မယားညီအစ်ကို၊ မောင်နှမဆွေမျိုးသားချင်း၊ သူငယ်ချင်းအတွဲတွေမှာ မြစ်ကွေ့တိုင်း ကောက်တိုင်း၌လိုလို ရှိနေကြသည်။

မြစ်အကွေ့ ထောင့်စွန်း မော်တင်တစ်နေရာတွင် ဓနိ ခင်းကြီးတစ်ခုကို ရ၏။ ထိုအခါ ကိုဂျလား၏ဇနီးသည်က ဓနိခင်းနားသို့ လှေငယ်ကို ကပ်ခိုင်းသည်။ ပြီး ဓနိလက် မဖြစ်သေးသော အဖူးတစ်ခု နှစ်ခုကို ခုတ်ဖြတ်၍ လှေပေါ်တင်လာကတည်းကပင် ဤကြိမ်ပိုက်မြစ်ထဲတွင် ကနုကမာများပေါသလို မိကျောင်းလည်း ရဲတတ်ပါကလားဆိုသည်ကို တစ်ရွာတစ်ကျေးသား ကိုဂျလားက သတိထားမိပြီးဖြစ်၏။

ကိုဂျလား၏ဇနီးသည်က ဓနိလက်ဖူး တစ်ခုနှစ်ခု ခုတ် ယူလာခြင်းမှာ မတော်တဆ မိကျောင်းနှင့်တွေ့လျှင် လှမ်းထိုးရန်ဖြစ်သည်။ ဓနိလက်ဖူးမှာ အရွက်မဖြစ်သေးပဲ လုံးရှည်ရှည် ဖြစ်နေသဖြင့် လှံတံရှည်လို ဖြစ်နေသည်။

အရေထူ၍ တစ်ကိုယ်လုံးတွင် ကျောက်စရစ်လုံးငယ်များ စီခြယ်ထားသလို မာရေကျောရေနိုင်လှသော မိကျောင်း၏ကိုယ်ကို လှံနှင့်ထိုး၍၎င်း၊ ဓားနှင့်ခုတ်၍၎င်း ရုတ်တရက် မပြတ်မစူး မရှနိုင်သော်လည်း ဓနိလက်ဖူးနှင့် လက်လွတ်စပယ် လှမ်းထိုးလိုက် လျှင်ကား ချက်ချင်း စူးဝင်သွားတတ်သည်ဟု ရေမုဆိုးကြီးများ ပြောစကားကို ကိုဂျလားက ကြားဖူးထားလေသည်။

ဓနိဖူးအချွန်မှာ သံထည်လောက် မမာသော်လည်း မိ ကျောင်းကိုထိုးရာ၌ ဒက်ကနဲ စူးဝင်သွားနိုင်သည်။ ဓနိလက်ဖူးနှင့် မိကျောင်းတို့မှာ ဓါတ်မသင့်သဖြင့် မိကျောင်းကိုထိုးရာ၌ လှံတံ သံထည်တို့ထက်ပင် အစွမ်းထက်၏။ ဤသည်ကို ရေမုဆိုးကြီးတို့က (ဇိုင်မိခတ်)သည်ဟု သုံးတတ်ကြသည်။

ထို့ကြောင့် မိကျောင်းရဲသော မိကျောင်းရန်ရှိသော မြစ် ချောင်းများကိုသွားရာ၌ ရေမုဆိုးတို့မှာ လှံဓားများကိုထက် ဓနိလက်ဖူးကိုသာ ကိုင်တွယ်သွားတတ်ကြသည်။

ကိုဂျလားတို့ ကပ္ပလီပင်လယ်ပြင်တွင် လှိုင်းလေတို့ထန်လွန်းသဖြင့် မိကျောင်းများ မနေနိုင်ပေ။ လှိုင်းဒဏ် လေဒဏ် မခံနိုင်သော မိကျောင်းများသည် ကြိမ်ပိုက်မြစ်ကဲ့သို့ မြစ်လက်တက် ချောင်းကြီးများ၌သာ ကျက်စားတတ်ကြသည်။

ထူးထူးဆန်းဆန်း သူတို့ပင်လယ်ပိုင်းတွင် မမြင်ဘူးသော မိကျောင်းဖမ်းသွားကြသူများကိုလည်း ကြိမ်ပိုက်မြစ်ထဲတွင် ကိုဂျလားက တွေ့ရ၏။ မိကျောင်းဖမ်းသူများသည် မိကျောင်းငယ်များကို နည်းအမျိုးမျိုးနှင့် လိုက်ဖမ်းကာ အကောင်သုံးလေးဆယ် ရသည်အထိ လှောင်ထားကြပြီး ယိုးဒယားဘက်ကို ခိုးထုတ်သွားရောင်းတတ်ကြသည်။

မိကျောင်းအကောင်ငယ်များ၏ အရေခွံမှာ ယိုးဒယားဘက်၌ ဈေးကောင်းကောင်းရသည်ဟု ကိုဂျလားအား ဇနီးသည်ကပြောပြသည်။

အမျိုးသမီးများ လက်ကိုင်အိတ်တွင် မိကျောင်း အကောင်ငယ်များ၏ အရေခွံကို ရုပ်လုံးပေါ်ကပ်၍ ယိုးဒယားတွင် ချုပ်ရောင်းကြသည်။ မိကျောင်းအရေခွံ ရုပ်လုံးဖော်ကပ်ထားသော အမျိုးသမီး လက်ကိုင်အိတ်တစ်လုံးလျှင် ယိုးဒယားဘတ်ငွေနှင့် လေးရာ ငါးရာ အနည်းဆုံးဈေးရသည်။

ထို့ကြောင့် ကြိမ်ပိုက်မြစ်ကမ်းခြေတစ်လျှောက်ရှိ ရွာများမှ ဆလုံအမျိုးသားအချို့သည် မိကျောင်းငယ်များဖမ်းဆီးသော အလုပ်ကို သက်စွန့်ဆံဖျားလုပ်၍ ကြီးပွားနေကြသူတွေ ရှိလေသည်။

မိကျောင်းအကောင်ငယ်များကို ဖမ်းဆီးရသောအလုပ်မှာ စင်စစ်တော့ လွယ်ကူသောအလုပ် မဟုတ်ပေ။ မိကျောင်းများ ကျက်စားတတ်သော နေရာ၊ ရာသီဥတု၊ သဘာဝအခြေအနေ၊ ရေအတိမ်အနက် စသည်တို့ကို နောကြေနေဖို့လိုသည်။ မိကျောင်းဖမ်း ဝါရင့် ရေမုဆိုးကြီးများကတော့ ဤသည်တို့ကို နောကြေနေကြလေသည်။

မိကျောင်းငယ်များ လတာပြင်ပေါ် တက်နေချိန်တွင် လှေနှင့်လိုက်ပြီး ပိုက်ထောင်ဖမ်းသလို မိကျောင်းရှိသည်ဟု ထင်ရသော ချောင်းမြစ်အကွေ့အကောက် ထောင့်ချောင်များကို ဝါးပိုက်(လမုံး)နှင့် ဆီးတားကာရံ၍လည်း ဖမ်းသည်။

ရေနက်သော ချောင်းကွေ့အိုင်ထောင့်ကြီးများတွင်
မိကျောင်းငယ်များ ရှိနေသည်ဟုထင်ရလျှင် (မဟာကာ)၊ (စလေ့)၊ (ကတူး) စသည့် သစ်မြစ် ဆေးအဆိပ် တစ်မျိုးဖြင့်လည်း ဆေးခပ်၍ မိကျောင်းငယ်များကို ဖမ်းယူတတ်ကြသည်။

မိကျောင်းဖမ်းနည်းများစွာတို့တွင် (မဟာကာ)၊ (စလေ့)၊ (ကတူး) စသည့် သစ်မြစ် ဆေးရည်ဖြင့် အဆိပ်ခတ်ဖမ်းရသောနည်းမှာ အထူးဆန်းဆုံးဟု ဆိုရပေမည်။ ထို(မဟာကာ)၊(စလေ့)၊ (ကတူး) စသည့် ဆေးမြစ်သုံးမျိုးတို့တွင်လည်း မဟာကာဆေးမြစ်မှာ အစွမ်းအထက်ဆုံးဖြစ်သဖြင့် ထို မဟာကာ ဆေးမြစ်၏ အစွမ်းထက်ပုံကို မိကျောင်းဖမ်းသမား ရေမုဆိုးများက စာချိုး၍ပင် ထားကြသည်။

ထိုစာချိုးမှာ 'မဟာကာတစ်ပေါက် ထီးဝန်းလောက်။ ရေအောက်ခုနစ်တောင်' ဖြစ်လေသည်။

ဆိုလိုသည်မှာ 'မဟာကာ’ ဆေးရည် တစ်ပေါက်ကျလျှင် ထီးဝန်းလောက် ရေပြင်တွင်ပြန့်သွားပြီး ရေအောက်ကိုလည်း အစောင့်ခုနစ်တောင်အထိ ဆေးနံ့က ပျံ့နှံ့သွားလေသည်။

ထို့ကြောင့်လည်း မိကျောင်းဆေးသတ်လျှင် ရေအောက်ခုနစ်တောင်တွင်ရှိသော မိကျောင်းငယ်များမှာ ချက်ချင်း ရေပြင်ပေါ်ကို တက်လာတတ်ကြသည်။

မိကျောင်းဖမ်းတော့မည်ဆိုလျှင် ဤမြစ်ချောင်းထဲတွင် မိကျောင်းအကောင်ငယ် 'လ’ သား 'နှစ်’ သားများ ရှိမရှိဆိုသည်ကို မိကျောင်းဖမ်း ဝါရင့်နေသူ ရေမုဆိုးတို့က ဦးစွာပထမ လေ့လာအကဲခတ်ရသည်။

မိကျောင်းငယ်များ ရနိုင်သည်။ ဧကံ ဧက ရှိနေသည်ဟု သိရလျှင် လူစုပြီး တောကိုတက်ကာ မဟာ ကာ၊ စလေ့၊ ကတူး စသည့် ဆေးမြစ်များကို တူးဖော်ရှာဖွေရသည်။

ဆေးမြစ်လုံလုံလောက်လောက် ရပြီဆိုလျှင် ချောင်းအနှံ့ မြစ်အနှံ့ ပျံ့နေသော မိကျောင်းကြီးငယ်များကို မြစ်ဖျားချောင်းဖျားသို့ နည်းအမျိုးမျိုးဖြင့် ခြိမ်းချောက်မောင်းသွင်းလိုက်ကြသည်။

မိကျောင်းများကို ခြိမ်းချောက်မောင်းသွင်းရာတွင် နနွင်းမှာလည်း အစွမ်းအထက်ဆုံး ဆေးတစ်လက်ဖြစ်သည်။ နနွင်းကို အရည်ဖျော်၍ ချောင်းထဲ မြစ်ထဲ ဆေးဖျန်းသလို ပက်ဖျန်းလိုက်လျှင် ထိုအနီးအနားတစ်ဝိုက်မှ မိကျောင်းများသည် နနွင်းနံ့မရသောချောင်းဖျား မြစ်ဖျားသို့ လစ်ပြေးပုန်းဝင်သွားကြလေသည်။

မိကျောင်းမှာ နနွင်းနှင့် (ဇိုင်စိခတ်)ဓာတ်မတဲ့သဖြင့် နနွင်းနံ့ကို မိကျောင်းသည် လုံးဝမခံနိုင်ပေ။ မိကျောင်းသား ဟင်းချက်ရာ၌လည်း နနွင်း မည်မျှထည့်ချက်ချက် မိကျောင်းသားမှာ ဝါထိန်မလာဘဲ ဖြူဖပ်ဖြူရော်သာ ဖြစ်နေသည်ဟု ကိုဂျလားအား ဇနီးသည်က တလမ်းလုံး ပြောပြလာသည်။

မြစ်ဖျားချောင်းဖျား အကွေ့အကောက် ထောင့်ချောင်တို့တွင် မိကျောင်းများ လှောင်မိထားပြီဆိုလျှင် ရေအောက်တွင် ငုပ်နေသော မိကျောင်းငယ်များ ဆေးမူးပြီး ပေါ်လာအောင် 'မဟာကာ၊ ဓလေ့၊ ကတူး’ စသည့် သစ်မြစ်ဆေးတွေကို ထုချေ ၍ ရေထဲကို နှစ်ဖျော်ရသည်။ ဆေးမြစ်အနံ့ရ၍ ရေထဲမှ မူးဝေကာ ကမ်းစပ်လတာပြင်သို့ တက်လာသော မိကျောင်းငယ်များကို လူအုပ်နှင့် အတင်းလိုက်ဖမ်းကြသည်။

ရေထဲမှပေါ်လာပြီး ရေပြင်ပေါ်တွင် ဟိုကူးသည်ကူး ဆောက်တည်ရာမရ ဖြစ်နေကြသော မိကျောင်းငယ်များကို လှေနှင့်လိုက်၍ဖမ်းရသည်လည်း ရှိ၏။

မိကျောင်းဆေးခတ်ရာတွင် မိကျောင်းငယ်များ မူးဝေရုံသာခတ်ပြီး မိကျောင်းကြီးများ ရေအောက်မှ ပေါ်မလာပဲနေနိုင်အောင် ဆေးအချိန်အဆကိုလည်း သိဖို့လိုလေသည်။

တခါတခါ ဆေးအခတ်များသွား၍ မိကျောင်းကြီးများ ပေါ်လာသဖြင့် မိကျောင်းဖမ်းသူတွေနှင့် အစွမ်းပြိုင်ကြရသည်။ မိကျောင်းမကြီးများကို အသေဖမ်းမိသလို လူကို မိကျောင်းက အသေဖမ်းကိုက်ပြီး ရေထဲနှစ်သွားသောအခါလည်း ရှိလေသည်။

ထို့ကြောင့် မိကျောင်းဖမ်းသောအလုပ်ကို ဝါရင့်မိကျောင်းဖမ်းဘူးသူ ရေမုဆိုးကြီး တစ်ဦးတစ်ယောက်မျှ မပါဘဲ မည်သူမျှ သက်စွန့်ဆံဖျား မလုပ်ရဲကြပေ။ မိကျောင်းဖမ်း ဝါရင့်နေသော ရေမုဆိုးကြီးများကတော့ ဆေးမြစ်အချိန် မည်၍မည်မျှ သည်အိုင် သည်မြစ်ကွေ့ထဲ ထည့်ခတ်လိုက်လျှင် ခြောက်လ တစ်နှစ်သားမှသည် နှစ်နှစ် သုံးနှစ်သား မိကျောင်းငယ်များထိ ရေထဲမှပေါ်လာနိုင်သည်၊ နောက်ထပ် ဆေးမြစ်ချိန် မည်၍မည်မျှ ထည့်ခတ်လိုက်ပြန်လျှင် သုံးနှစ်သားမှ လေးနှစ် ငါးနှစ်သားထိ ရေထဲမှပေါ်လာနိုင်ပြန်၏ ဆိုသည်ကို အတပ်သိကြလေသည်။

မိကျောင်းဖမ်းရာတွင် ထိုကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင် ရှိကြ၍လည်း သူတို့မှာ မိကျောင်းဖမ်းသော အလုပ်ဖြင့် ဘဝရပ်တည်နိုင်ကြသည် မဟုတ်ပါလား။

ချောင်းဖျား၊ မြစ်ဖျား၊ ထောင့်အကွေ့၊ အကောက်၊ အိုင်၊ ချိုင့်၊ ချောင်းဖျားများကို မိကျောင်းဆေး ခတ်ပီဆိုလျှင် မြစ်ကွေ့ ချောင်းဖျားတွင် ရှိရှိသမျှသော သားငါးပုဇွန်တို့မှာ ဆေးဆိပ်သင့်၍ အကုန်သေကုန်ကြသည်။

ထို့ကြောင့် မိကျောင်းဖမ်းသမားများနှင့် သားငါးရှာဖွေ၍ အသက်မွေးဝမ်းကျောင်းပြုသူများမှာ မကြာမကြာ ခိုက်ရန် ဖြစ်ပွားတတ်ကြသည်။

ထို့ကြောင့် မိကျောင်းဖမ်းသူများသည် ဘယ်ချောင်း ဘယ်မြစ်ကွေ့တွင် ဘယ်နှစ်ရက်နေ့ မိကျောင်းဖမ်း ကြတော့မည်ဆိုလျှင် နီးစပ်ရာ ရပ်ရွာလူကြီးများဆီတွင် ခွင့်တောင်းရသည်။ အရပ်လူကြီးများက သားငါးရှာဖွေသူများနှင့် ဒီရေအတက်အကျ ဒီရေကြီးချိန် ဒီရေဆုတ်ချိန် စသည့်တို့ကို တိုင်ပင်ပြီး ခွင့်ပြုမှ မိကျောင်းဖမ်းကြရသည်။

မိကျောင်းဆေးခတ်၍ မူးဝေလာသော သားငါးများနှင့် သေသောသားငါးများကို နီးစပ်ရာ ရွာနီးချုပ်စပ်မှ ရွာသူရွာသားတွေက မည်သူမဆို ဖမ်းဆီးယူနိုင်လေသည်။

မိကျောင်းဆေး အဆိပ်သင့်၍သေသော သားငါးပုဇွန်များကို ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နာဖျားနေသူများကလွဲလျှင် ကလေး၊ လူကြီး၊ မိန်းမ၊ ယောက်ျား အားလုံး စားနိုင်ကြသည်။ ဘာမှ ဥပါဒ်မဖြစ်ပေ။ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နာဖျားနေသူများ စားမိလျှင်တော့ တစ်ကိုယ်လုံး ဖောရောင် တတ်သည်။

မိကျောင်းဆေးခတ်ငါး စားမိပြီး တစ်ကိုယ်လုံး ဖောရောင်လာလျှင် ဆေးဆိပ်မိ၍သေသော သားငါးချက်ပြုတ်ရာတွင် အငွေ့ခံ မှိုင်းတိုက် ညှော်ရှူရသည်။

သို့မှသာ အရောင်အဖော ယုတ်လျှော့ပျောက်ပြယ်သွား၏။

မိကျောင်းဆေးခတ်ရသော မိကျောင်းဖမ်းသမားများမှာလည်း ဆေးမြစ်များကို ထုချေရေဖျော်ရာ၌ ဆေးမြစ်ရေစဉ်သဖြင့် သုံးလေးရက်ထိ ခြေ လက် မျက်နှာတို့ ရောင်ကိုင်းနေတတ်ကြသည်။

ထိုအခါ မိကျောင်းဆေးဆိပ်မိ၍ သေသော သားငါးပုဇွန်များ စားမိသော ကိုယ်ဝန်ဆောင် နာမကျန်းသူများနည်းတူ ညှော်ရှူ မှိုင်းတိုက်ကြရလေသည်။ သို့မှသာ အရောင်အဖော ကျသွားတတ်၏။

လင်မယားနှစ်ယောက် စကားတပြောပြောနှင့် လှေလှော်လာကြရာ လူပါးသော ကြိမ်ပိုက်မြစ်ကွေ့တစ်ခုသို့ ရောက်သောအခါ ကိုဂျလားက လှေငယ်ကို ရပ်လိုက်သည်။

ဒီရေလည်း ကျစပြုပြီဖြစ်သဖြင့် ဤနေရာတွင် ကနုကမာငုပ်ရလျှင် အတော်အသင့် ရနိုင်မည်ဆိုသည်ကို သူက ခန့်မှန်းမိလေပြီ။

လှေငယ်ကိုရပ်ပြီး သူက ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ် ဇနီးသည်က ဝါးကျည်တောင့်နှင့် အသင့်ထည့်ယူလာသော နနွင်းမှုန့်များကို ရေဖျော်၍ လှေငယ်၏ပတ်ဝန်းကျင်ကို သွန်ကြဲပက်ဖျန်းလိုက်သည်။ ပြီး ကိုဂျလား၏လည်ပင်းမှာလည်း နနွင်းစိမ်းတစ်တောင့်ကို ကြိုးနှင့်ချည်ဆွဲပေးလေသည်။

ရေအောက်တွင် မတော်တဆ မိကျောင်းများရှိနေလျှင် ဝေးဝေးသို့ပြေးသွားအောင် ဆေးဖျန်းလိုက်ခြင်းဖြစ်သည်။

နနွင်းနံ့ကို လုံးဝမခံနိုင်ကြသော မိကျောင်းများသည် နနွင်းနံ့ရလျှင် ဝေးဝေးသို့ ပြေးသွားကြလေ့ရှိလေသည်။

ကိုဂျလားသည် လှေပေါ်တွင် အသင့်ပါလာသော ရှည်မျှောမျှော ကျောက်တုံးတစ်ခုကို ခါးလယ်ကကြိုးချည်ပြီး ရေထဲသို့ ပစ်ချလိုက်၏။ ကိုဂျလား ပစ်ချလိုက်သော ကျောက်တုံးသည် ရေနက်အောက်ထဲရှိ ကျောက်ဆောင်ကျောက်တန်းပေါ်တွင် သွား ကျနေသောအခါ ကျောက်တုံးကြိုးစနှင့် လှေဦးကိုချည်ထားရသည်။

လှေငယ်မှာ ကျောက်ဆူးချပြီးသား ဖြစ်သွားသဖြင့် ကို ဂျလားသည် ကနုကမာငုပ်ရာ၌ အသုံးပြုသော တဖက်ချွန်တူချွန်းနှင့် စူးဆောက်ပုတ်များကို ကြိမ်ခြင်းတစ်လုံးထဲ ထည့်ကာ ကြိုးချည်ပြီး ရေအောက်သို့ ချလိုက်ပြန်သည်။

ပထမဦးဆုံး ကျောက်တုံးပစ်ချထားသော ကြိုးနှင့် ဒုတိယပစ်ချလိုက်သော ခြင်းကြိုးတို့မှာ လက်မောင်းတဆုံးလောက်သာ အကွာအဝေး ရှိလေသည်။ ထိုကြိုးနှစ်ပင်ကြားမှ ကိုဂျလားသည် ခါးတောင်းကို မြောင်အောင်ကျိုက်ပြီး ကနုကမာငုပ်ရန် ရေအောက်သို့ ငုပ်ဆင်းသွားလေ၏။

ဇနီးသည်ကတော့ လှေပေါ်ထက်၌ပင် ကျန်ရစ်သည်။

ရေအောက်သို့ ရောက်သွားသော ကိုဂျလားမှာ ရေ အောက်ထဲရှိ ကျောက်ဆောင် ကျောက်တန်းများ ဘေးနံရံတွင် တွယ်ကပ်နေတတ်သော ကနုကမာကောင်များကို လက်နှင့် တရွေ့ရွေ့စမ်းပြီး ရှာဖွေရသည်။

ကနုကမာများမှာ တစ်ကောင်တစ်လေထဲ ခွဲ၍ လုံးတည်းမနေတတ်ပေ။ အနည်းဆုံး ငါးလုံး ခြောက်လုံး စသည်ဖြင့် အစုလိုက် အပြုံလိုက် ကျောက်ဆောင် ကျောက်တန်းများဘေးတွင် တွယ်ကပ်ကာ ရွာတည်နေတတ်ကြသည်။

ထို့ကြောင့် ကနုကမာတစ်လုံးကို တွေ့ပြီဆိုလျှင် ထို အနီးအနား ကျောက်ဆောင် ကျောက်တန်းများ ပတ်ဝန်းကျင်တွင် အနည်းဆုံး သုံးလေးငါးလုံးကိုတော့ တွေ့စမြဲတည်း။



အပိုင်း၂



ကိုဂျလားသည် လက်တစ်ဖက်က ကျောက်ကြိုးကိုကိုင်ပြီး ကျန်လက်တစ်ဖက်က ကျောက်တန်းကျောက်ဆောင်ဘေးကို ရေအောက်တွင် တရွေ့ရွေ့တွားသွားပြီး ပွတ်စမ်းရှာဖွေကြည့်နေ၏။ ရေနက်အောက်ရှိ ကျောက်ဆောင်ကျောက်တန်းဘေးတွင် ကနု ကမာများ ရှိမရှိကို လက်နှင့်ပွတ်စမ်း၍ရှာရသည်မှာ စင်စစ်တော့လွယ်ကူသောအလုပ်မဟုတ်ပါပေ။

ကျောက်ဆောင်ကျောက်တန်းများ ဘေးနံရံတွင် ကနုကမာများရှိနေလျှင် ပန်းကန်ပြားအကြီး အသေးများ စီရရီမှောက်ကပ်ထားသလို ခုံးမို့မောက်၍ တွေ့ရ တတ်၏။

အချို့ကျောက်တန်း ကျောက်နံရံတွေမှာ အဖုအထစ် များလွန်းသဖြင့် တစ်ခါတစ်ခါ ရိုးရိုးကျောက်သားကျောက်ဖု ကျောက်ထစ်များနှင့် ကနုကမာကောင်တို့မှာ ဆင်တူရိုးမှားဖြစ်သဖြင့် မှားတတ်လေသည်။

ကနုကမာကောင်၏ အခွံမှာ ရိုးရိုးကျောက်သားကဲ့သို့ပင် ချေးနပေးတက်နေ၍ မာကျေနေသဖြင့် ရုတ်တရက် ခွဲမရဖြစ်တတ်သည်။ ထိုအခါ မသင်္ကာသော ကနုကမာကောင်များ၏ ကျောကုန်းအခွံကို အသင့်ပါလာသောတူနှင့် တဒက်ဒက်ခေါက်စမ်းကြည့်ရသည်။

ပင်ကိုယ်ကျောက်သားကျောက်ဖုများ မဟုတ်ပဲ ကနုကမာကောင်၏ ကျောကုန်းအခွံကို ခေါက်မိလျှင် ဩ သော လိုဏ်သံတစ်မျိုး မြည်တတ်သည်။ ပင်ကိုကျောက်သားကို တူနှင့်ခေါက်မိလျှင် ကနုကမာငုပ်သူတိုင်း သိတတ်ကြသည်

ဤသည်တို့ကိုမသိပဲ ကနုကမာသွားငုပ်လျှင်လည်း ရေမွန်း၍ ပင်ပန်းရုံသာ ရှိလေသည်။ ကနုကမာဆို၍ကား ဟင်းစားပင် ရမည်မဟုတ်ပါချေ။

ပင်လယ်ကမ်းခြေသား ကိုဂျလားမှာ ကနုကမာကို စီးပွားဖြစ် မငုပ်ဖူးသော်လည်း ဟင်းစားအဖြစ်ကား အကြိမ်အခါပေါင်း မရေမတွက်နိုင်လောက်အောင် ငုပ်ဖူးထားသဖြင့် မကြာခင်ပင် ရေအောက်ကျောက်တန်းတစ်ခုတွင် ကနုကမာရွာငယ်တစ်ခုကို သူက စမ်းမိသွားလေသည်။

ကနုကမာ ရွာငယ်တစ်ခုကို ရှာဖွေစမ်းမိသဖြင့် ကိုဂျ လားမှာ အတော်ဝမ်းသာသွား၏။ ဒီပင်လယ်ကမ်းခြေသား ကနုကမာငုပ်လို့ ရမှ ရတတ်ပါ့မလားဟု သူ့အား စမ်းချင်နေကြသော မိန်းမ ယောက္ခမ ဆွေမျိုးများကို ကနုကမာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည်ဆိုသော သူတို့အတွင်းပိုင်းက ရေမုဆိုး ရေလုပ်သားကြီးများထက်ပင် တော်ကြောင်း အစွမ်းအစ ပြရတော့မည်ဟု ကိုဂျလားမှာ အတိုင်းမသိ ဝမ်းသာသွားခြင်းဖြစ်သည်။

ဤသည်တို့ကြောင့်လည်း ရေအောက် ကျောက်တန်း ကျောက်ဆောင်ကြားတွင် ကနုကမာကောင်များကို တစ်လုံးပြီး တစ်လုံး၊ တစ်ကောင်ပြီး တစ်ကောင် ထုခွာနေသော ကိုဂျလား၏လက်မှာ အတိုင်းမသိ မြူးကြွသွက်လက်လျက်ရှိလေ၏။

ကနုကမာ လေးငါးလုံးကို ထုခွာ၍ ကြိမ်ခြင်းထဲ ထည့်ပြီးသောအခါ ကိုဂျလားမှာ ခြင်းကြိုးကိုဆွဲလှုပ်၍ အချက်ပေးလိုက်၏။ လှေပေါ်တွင်ရှိနေသော ဇနီးသည်က ကိုဂျလားထည့်ပေးထားသော ကနုကမာခြင်းကို ရေထဲကဆွဲတင်သွားသည်။

ဇနီးသည်က ကိုဂျလား နောက်ထပ် ကနုကမာ ငုပ်နေ ချိန်တွင် ရသမျှသော ကနုကမာကောင်များကို ထုခွဲအခွံခွာကာ အသားနုတ်ထားရမည်။

ကြီးမား၍ အရောင်အဆင်းကောင်းသော အခွံများကို ဖန်လက်ကောက်ကွင်းသလို ကနုကမာလက်ကောက်ကွင်းပြီး ကြယ်သီး၊ လက်ကန့်သီး၊ နားဆွဲ၊ လက်သည်းချေးထွတ်၊ အရုပ်ကလေး စသည့် ထွေရာကမာဆစ်တတ်သော ကျောက်ပုတီးဆစ်သူများဆီတွင် ရောင်းရသည်။

သေးငယ်သော အခွံများကိုမူ ကွမ်းစားထုံးဖုတ်သူများဆီတွင် ရောင်းရသဖြင့် ကနုကမာတစ်ကောင်လုံးမှာ အခွံကအစ ဘာဆိုဘာမှ လွှင့်ပစ်ရသည့်ပစ္စည်းဟု မရှိပေ။ ကနုကမာခွံမှာ ထုံးကျောက်ကဲ့သို့ မာကျောပြီး ထုံးကျောက်နှင့် သဘာဝချင်းက ထပ်တူထပ်မျှဖြစ်သဖြင့် မဖောက်ထုံးဖုတ်သူတွေက ကနုကမာခွံကို ဝယ်တတ်ကြသည်။

ကျောက်တန်းတစ်ခု၏ နံရံလိုဏ်ထဲတွင် တွယ်ကပ်နေကြသော ကနုကမာရွာငယ်တစ်ခုကို တွေ့ထားပြီးဖြစ်သဖြင့် ဇနီးသည်ဆီက ကြိမ်ခြင်းပြန်ကျလာသောအခါ ကိုဂျလားမှာ နောက်ထပ် ကနုကမာသုံးလေးလုံးကိုပင် ရထားနှင့်ပြန်လေပြီ။

သွက်လက်မြူးကြွနေသော သူ၏တူထုချက်တို့မှာ တခါတခါတွင် စူးဆောက်ထိပ်ကို မထုမိဘဲ ကနုကမာကောင်၏ ကျောကုန်းကို သွားထုမိသဖြင့် အခွံကွဲရှမသွားအောင် မနည်းသတိထားရသည်။

အကယ်၍ ကနုကမာကောင်၏ ကျောကုန်းကိုထုမိ၍ ကနုကမာကောင်၏အခွံ ကွဲရှသွားလျှင် ကနုကမာငုပ်သူမှာ ရေအောက်ထဲ၌ အန္တရာယ်ဖြစ်နိုင်လေသည်။ ထို့ကြောင့် ကနုကမာငုပ်သူတွေမှာ ကနုကမာကောင်၏ကျောကုန်းကို မထုမရိုက်မိစေရန် အထူးဂရုစိုက်ရသည်။

ခြေချော်လက်ချော်ဖြစ်၍ ကနုကမာကောင်၏ ကျောကုန်းကို ထုရိုက်မိသဖြင့် အခွံကွဲအက်သွားလျှင် ကနုကမာကောင်ပါးစပ်ထဲမှ အရည်ကြည်များ ချက်ချင်းအန်ထွက်လာတတ်သည်။

ညှိဟောက်လွန်းသော အရည်ကြည်များ အန်ထွက်လာပြီဆိုလျှင် ကျောက်ဆောင်လိုဏ်ခေါင်းထဲတွင် အောင်းနေတတ်ကြသော ငတောက်တူငါးများနှင့် တခြားသားငါးကြီးများသည် ချက်ချင်း အနံ့ခံလိုက် လာပြီး ကနုကမာငုပ်နေသူကို ဝါးမျိုကိုက်သတ်တတ်လေသည်။

ကနုကမာငုပ်ရာတွင် ခြေချော်လက်ချော်ဖြစ်မိ၍ ငတောက်တူ အမျိုခံရဘူးသူ၊ ငမန်းအကိုက်ခံရဘူးသူများမှာ ကြိမ်ပိုက်မြစ်တစ်လျှောက်ရှိ ရွာများတွင် အတော်များများရှိလေသည်။

တချို့သေ၍ တချို့မှာ အလောင်းပင်ရှာမရပေ။ (ငါးမျိုသွားသဖြင့် အလောင်းရှာမရသူများကို ဆလုံရေလုပ်သားများက နတ်သတ်ပစ်သည်ဟု အယူရှိကြသည်။)

ကနုကမာနံ့ရ၍ ပြေးလိုက်လာသော ငတောက်တူ ငမန်းကြီးများနှင့် ရေထဲတွင် ထွေးလုံးသတ်ပုတ်ကြပြီးခါမှ ခြေပြတ်လက်ပြတ်နှင့် လွတ်မြောက်လာဘူးသူများကလည်း အများအပြားပင်တည်း။

လျင်သော ပါးသော ဝါရင့်ရေမုဆိုး ရေလုပ်သားကြီး များကတော့ ကနုကမာကောင်၏ ကျောကုန်းကို ခြေချော်လက်ချော် ထုရိုက်မိပြီး ကွဲရှသွားသည်နှင့်တစ်ပြိုင်နက် ရသမျှသော ကနုကမာကောင်များကို စုစည်းသိမ်းဆည်းကာ ချက်ချင်း လှေပေါ်သို့ ပြန်တက်ပြေးလာတတ်သည်။

ထိုနေရာ၌ ဆက်လက်၍ ကနုကမာငုပ်နေလျှင် ငါးကိုက်ခံရမည်မှာ မုချပင်ဖြစ်လေသည်။

ရေပေါ်လှေပေါ်ထက်မှ ဇနီးသည် ပြန်ချပေးလိုက်သော ကြိမ်ခြင်းထဲတွင် နောက်ထပ် ကနုကမာ လေးငါးလုံးထည့်ပြီး ပြန်သောအခါ လူမှာလည်း ရေမွန်းလာပြီဖြစ်သဖြင့် ကိုဂျလားသည် ခြင်းကြိုးကို အချက်ပြဆွဲလှုပ်လိုက်ပြီး ကျောက်ကြိုးကို တွယ်ချိတ်ကာ ရေပေါ်သို့ပြန်တက်လာသည်။

ရှူးကနဲ ရေမှုတ်သံကြီးနှင့်အတူ ရေထဲမှပေါ်တက်လာသော ကိုဂျလားအား ဇနီးသည်က လှေပေါ်ထက်မှ အပြုံးနှင့်ဆီးကြိုလက်ကမ်းပေးသည်။ ဇနီးသည်၏ နွေးထွေးသောလက်ကို သူ၏ အေးစက် ရှုံ့တွန့်၍နေသောလက်နှင့် ဆွဲကိုင်ကာ ကိုဂျလားသည် လှေပေါ် သို့ တက်လာလေ၏။

ခင်ပွန်းသည်၏ ကျောကုန်းမှ ငန်ဆားရည်များကို လက်နှင့်ပွတ်ချပြီး ကွမ်းသီးဖက် ဆေးပေါ့လိပ်ကြီးကို မီးညှိကာ ကိုဂျလားအား ဇနီးသည်က ပြုစုရှာသည်။ ဇနီးသည် မီးညှိပေးသော ကွမ်းသီးဖက် ဆေးပေါ့လိပ်၏ထိပ်ကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ကိုဂျလားမှာ ရှူးရှူးရှဲရှဲ ဖွာနေသည်။

လက်ဝါးပြင်နှစ်ဖက်စလုံး ပူနွေးလာသောအခါ ဆေး ပေါ့လိပ်ကြီးကို ပါးစပ်တွင်ခဲထားပြီး ထိုလက်ပူနှစ်ဖက်နှင့် နားနှစ်ဖက် ပွတ်တိုက်၍ အပူငွေ့ ပေးရပြန်၏။ သူက ရေအောက်ထဲကို ကနုကမာငုပ်ရန် နောက်ထပ်ဆင်းသွားရအုံးမည်ဖြစ်သဖြင့် အေး၍ နားမကိုက်အောင် အပူငွေ့ရိုက်ပေးခြင်းဖြစ်၏။

စီးပွားဖြစ် ကနုကမာငုပ်ကြသော အချို့ရေမုဆိုးများဆိုလျှင် လှေငယ်ပေါ်ထက်၌ မီးဖိုပင် ပါတတ်ကြသည်။ လှေပေါ် တက်၍ မီးလှုံလိုက် ရေထဲပြန်ဆင်းလိုက်နှင့် ဝါရင့်မုဆိုးများ တစ်နေ့လုံး ကနုကမာ ငုပ်နေတတ်ကြသည်။

ကိုဂျလားတို့ ဇနီးမောင်နှံမှာတော့ ယနေ့၌ မင်္ဂလာဦးပျားရည်ဆမ်း ကနုကမာငုပ်ရန်သာ လာကြခြင်းဖြစ်သဖြင့် ဟင်းစားရရုံလောက်သာ ငုပ်ကြမည်ဖြစ်လေရာ လှေပေါ်ထက်တွင် မီးဖိုပါမလာပေ။

ကျောကုန်းကို နေပူကင် နေစာလှုံ၍ နားနှစ်ဖက်ကို ဆေးလိပ်မီးပူငွေ့ရိုက်ပေးပြီးသောအခါ လှေငယ်ကို နောက်မြစ်ကွေ့တစ်ခုသို့ လှော်ခတ်သွားကြပြီး ကိုဂျလားက ရေထဲဆင်းသွားပြန်လေသည်။

ဒီရေမှာ အစွမ်းကုန်ကျနေချိန်ဖြစ်သဖြင့် မြစ်လယ်ရေရိုးအောက်တွင် နစ်မြုပ်နေကြသော ကျောက်ဆောင်ကျောက်တန်းများထိ သွားငုပ်နိုင်သော အချိန်ကောင်းဖြစ်လေသည်။ ဒီရေတက်ပြည့်နေချိန်၊ ရေအီနေချိန်ဆိုလျှင် ရေနက်၍ ရေငုပ်မကျွမ်း ကျင်သူတွေက ရေအောက်ထဲတွင် ကြာကြာငုပ်မနေနိုင်ပေ။ မြစ်ရေမှာလည်း ရေနက်လေ အအေးကပိုလေ စိမ့်လေဖြစ်သဖြင့် မကြာခင်နားကိုက်၍ ပြန်တက်လာရပေမည်။

ယခုအခါ ဒီရေအကျမို့ ရေကတိမ်နေသဖြင့် ကိုဂျလားသည် ရေအောက်ရှိ ကျောက်ဆောင်ကျောက်တန်းများဘေးတွင် ကနုကမာကို သူက လက်နှင့်ပွတ်စမ်းကြည့်၍၎င်း၊ တူငယ်နှင့် ရိုက်ခေါက်ကြည့်၍၎င်း ရှာဖွေလျက်ရှိလေသည်။

ကျောက်ဆောင် ကျောက်တန်း နံရံဘေးဘက်တွင် တ ရွေ့ရွေ့စမ်း တွားသွားနေသော သူ၏လက်တစ်ဖက်ကို တစ်စုံတစ်ခုက လေနှင့်ဆွဲစုပ်ယူလိုက်သလို လျှောကနဲ ရွေ့ပါသွားသဖြင့် ကိုဂျလားက ထိတ်ကနဲဖြစ်ကာ သူ့လက်ကို ကမန်းကတန်း ပြန်ရုတ်ထားလိုက်သည်။ “ဘာကောင်ပါလိမ့်”ဟုလည်း စိတ်ထဲ က တွေဝေသွားမိ၏။

ကျောက်ဆောင်ကျောက်ကြားထဲတွင် ရေဝဲကတော့ငယ်များနှင့် ရေပေါက် ရေစွယ်များ ရှိနေသလားဟု သူက စဉ်းစားသည်။ သို့သော် ရေပေါက်၊ ရေစွယ်၊ ရေဝဲကတော့ငယ်များသာ ရှိနေလျှင် ကြီးမားသော သူ၏ကိုယ်ခန္ဓာကိုသာ စုပ်ဆွဲရမည်။ လက်က ရွေ့လျားလျှောပါသွားရန် အကြောင်းမရှိချေ။

နောက်တော့ ကျောက်နံရံဘေးတွင် ရေညှိရေမှော်များသဖြင့် ရုတ်တရက် လက်လျှောပါသွားခြင်းသာဟု ယုံယုံကြည်ကြည်ယူဆကာ ကိုဂျလားသည် ရှေ့သို့သာ ရဲရဲဝံ့ဝံ့တိုး၍ စမ်းရှာနေ၏။

ကျောက်ဆောင်ကျောက်တန်းများဘေးတွင် ကနုကမာများကို စမ်းတဝါးဝါးရှာဖွေရင်း စိတ်ထဲကသံသယကြောင့် ရေထဲမှာ မျက်လုံးကိုစုံဖွင့်ကာ ပတ်ဝန်းကျင်ကိုလည်း အကဲခတ်ရပြန်၏။ စိမ်းမြကြည်လင်နေသော ဆားငန်ရည်ထဲကို စူးရှတောက်ပြောင်သော နေရောင်ခြည်တန်းများ ထိုးဖောက်နေသဖြင့် လူကိုအန္တရာယ်ပြုနိုင်လောက်အောင် ကြီးမားသော ငတောက်တူ ငမန်းကြီးများ လိုက်လာလျှင် ရေထဲတွင် သဲသဲကွဲကွဲ မဟုတ်သော်လည်း မဲမဲလုံးလုံးနှင့် မြင်သာနိုင်သည်။

ယခုရေထဲတွင် သားကြီး ငါးကြီးများဆို၍ အရိပ်အခြေမျှ မမြင်ရပြန်သောအခါ ကိုဂျလားမှာ သံသယရှင်းစွာ ကနုကမာကို ရှာဖွေလျက်ရှိလေသည်။

သူ့လက်တစ်ဖက်ကို ရိပ်ကနဲ ဆွဲစုပ်သွားခြင်းခံလိုက် ရသော ဤတစ်ကြိမ်မှာတော့ သူ့၏လက်ကို မည်သို့မျှ တွန့်ဆုတ်ရုတ်သိမ်းရန် အချိန်မရလိုက်တော့ပေ။

စက္ကန့်ပိုင်းအတွင်းမှာပင် သူ၏လက်တစ်ဖက်သည် ကျောက်နံရံဘေးတွင် သွားကပ်နေလေပြီ။ ဤအဖြစ်အပျက်မျိုးနှင့် တခါမှမတွေ့ဘူး မကြုံဘူးသော ကိုဂျလားမှာ ကြောက်လန့်တကြားနှင့် လက်ကို တအားပြန်ဆွဲရုတ်သည်။

သို့သော် လက်ဆစ်တွေကသာ ပြုတ်ထွက်လုမတတ် ကိုက်ခဲနာကျင်လာသည်။ ကျောက်နံရံနှင့် လက်မှာကား လုံးဝ ခွာမရတော့ပေ။

ကိုဂျလားသည် ကနုကမာ ခွဲခွာရာတွင် အသုံး ပြုသော ကြိမ်ခြင်းထဲမှ စူးချွန်တစ်ခုကို ကျန်လက်ဖက်နှင့် မြဲ မြဲကိုင်ကာ ကပ်နေသောလက်ဖျားကို စမ်းထိုးကြည့်သည်။

သူ၏လက်ချောင်းဖျားလေးချောင်းမှာ ကျောက်နံရံကို ဖောက်၍ တည့်တည့်မတ်မတ်ပင် စိုက်ဝင်နေလေသည်။ လွတ်နေသော လက်မကို သူက တဆဆ, လှုပ်ကြည့်၏။ လက်မကတော့ လှုပ်ရှား၍ ကွေးကောက်ဆန့်တန်း၍ရသေးသည်။ လက်မမှာ အကောင်းပကတိပင်၊ ဘာမှမဖြစ်ပေ။

မာကျောသော ကျောက်နံရံထဲ ထူးထူးဆန်းဆန်း စူးဝင်နေသည့် လက်ချောင်းများ၏ ပတ်ဝန်းကျင်ကို ကိုဂျလားက ကျန်လက်တစ်ဖက်နှင့် သတိထား၍ စမ်းကြည့်ပြန်သည်။ ဒယ်အိုးတစ်လုံး မှောက်ထားသလို ခုံးမို့နေသော ကျောက်ခုံကြီးတစ်ခု၏ အစမှာ သူ့လက်က စူးဝင်နေသည်။

သူသည် စူးကိုကြိမ်ခြင်းထဲ ပြန်ထည့်၍ တူငယ်နှင့် ကျောက်ခုံကြီးကို တဒက်ဒက်ခေါက်ကြည့်သည်။ လှိုင်သံကြားရသောအခါ ဤကျောက်ခုံကြီးမှာ ကနုကမာကောင်ကြီးတစ်ကောင်ဖြစ်မှန်း သူက သိသွားလေပြီ။

ကနုကမာကောင်များသည် ဒီရေတက်ချိန် ကျချိန်တွင် ပါးစပ်ကိုဟ၍ ရေတွင်မျောပါလာတတ်သော မှော်ဒိတ်ရေခွက်မျှင်တန်းများကို စုပ်စားတတ်ကြသည်။ ယခု သူ့လက်ကို ကနုကမာကောင်ကြီးက အစာထင်၍ ဆွဲစုတ်ထားခြင်းဖြစ်လေမည်။

တခါ တခါ ကနုကမာကောင်တွေက ကနုကမာ လာငုပ်သူ ရေမုဆိုးတို့၏ ဆံပင်များနှင့် ပုဆိုးစ အင်္ကျီစ အဝတ်စများကိုလည်း ယခုကဲ့သို့ ဆွဲစုတ်ထားတတ်၏ဆိုသည်ကို ဝါရင့်ရေမုဆိုး ကနုကမာ ငုပ်သူများဆီက ကိုဂျလား ကြားဘူးနားဝရှိခဲ့လေသည်။

ကနုကမာကောင်ကြီးမှန်း အတပ်သိသောအခါ တစ်ကိုယ်လုံး မွှန်ထူနေသော ကိုဂျလား၏စိတ်မှာ အနည်းငယ် အကြောက်ပြေသွားလေသည်။

ကနုကမာကောင်ကြီး ဆွဲစုတ်ထားခြင်းကို ခံနေရသော လက်ဖျားကို သူက စူးတစ်ချောင်းနှင့်ကပ်ထိုး၍ ကနုကမာကောင်ကြီး၏ ပါးစပ်ကိုဆွဲလှန်ရန် ကလော်၍ ကြိုးစားကြည့်သည်။ သို့သော် သူထိုးလိုက်သောစူးမှာ ကနုကမာကောင်ကြီး၏ ပါးစပ်ထဲသို့ မဝင်နိုင်သဖြင့် ကိုဂျလားမှာ အကျပ်ရိုက်သွားပြန်သည်။

ကနုကမာကောင်ကြီး ဆွဲစုတ်ခြင်းခံနေရသော လက် မှာ တဖြည်းဖြည်းနှင့် လက်မောင်းရင်းထိ ကျင်တက်ကိုက်ခဲလာ၏။ ကိုဂျလားမှာ ကြံရာမရဖြစ်နေလေပြီ။ ကျောက်နံရံနှင့် ဤကနုကမာလုံးကြီး ကွာသွားအောင် ထုခွဲရမည်ဆိုပါက လက် တစ်ဖက်ထဲ ဖြစ်နေသဖြင့် အချိန်အနည်းဆုံး ကွမ်းသုံးလေးရ ညက်ခန့် ကြာလေမည်။

ထို့ကြောင့် ဤကနုကမာလုံးကြီးကို ဘယ်နည်းနှင့်မျှ ရအောင် ခွာမယူနိုင်တော့ဆိုသည်ကို ကိုဂျလားက ကောင်းစွာသိလေသည်။ လက်ချောင်းများကို ကနုကမာကောင်ကြီး၏ ပါးစပ်ထဲတွင် ဖြတ်ထားခဲ့မည်ဆိုပါကလည်း ဓားကပါမလာပြန်။ ကနုကမာ ငုပ်သူတွေမှာ ဓားထက် စူးဆောက်တို့ကိုသာ အသုံးပြုသူများသဖြင့် ဓားကို ကနုကမာငုပ်ရာသို့ ယူမလာကြပေ။

အကယ်၍ ဓားပါလာသည်ပဲထားဦး၊ မိမိ၏ လက်ချောင်း လေးချောင်းကို ကနုကမာကောင်ကြီး၏ ပါးစပ်ထဲတွင် ဖြတ်ထားခဲ့ရန်ကိုတော့ ကိုဂျလား မရဲမဝံ့ဖြစ်ရမည်မှာ မုချပင်တည်း။

နောက်ဆုံးတွင် ကြံရာမရသော ကိုဂျလားက ကျောက် ကြိုးနှင့် ကြိမ်ခြင်းကြိုးနှစ်ပင်ကို ခြေထောက်နှင့် မြဲမြဲလိမ်ချိတ်ကာ ကနုကမာကောင်ကြီး၏ ကျောကုန်းကို တူချွန်နှစ်ဖက်နှင့် တအား ထုနှက်ရိုက်ခွဲတော့သည်။

ကနုကမာကောင်ကြီး အခွံကွဲသေမှ သူ့လက်ကို ကနုကမာကောင်ကြီး၏ ပါးစပ်ထဲက ဆွဲနုတ်၍ ရတော့မည် မဟုတ်ပါလား။

တူချွန်နှစ်ဖက်နှင့် ကနုကမာကောင်ကြီး၏ ကျောကုန်းကို တအားထုနှက် ရိုက်ခွဲနေရင်းမှာပင် ကိုဂျလားသည် ရေမွန်းစ ပြုလာ၏။ ကနုကမာကောင်ကြီး၏ ထူထဲလွန်းလှသော ကျောကုန်းအခွံကားမကွဲသေး။ တူထုရိုက်အားမှာ ဘယ်လက်ဖြစ်နေသဖြင့် မသန်လှသည့်အပြင် လှေပေါ်ရှိ ဇနီးသည်ကလည်း ကြိမ်ခြင်းကြိုးလှုပ်ခါလာသည်ကို ကနုကမာရ၍ ကိုဂျလား အချက်ပြပြီအထင်နှင့် ခြင်းကြိုးကို အပေါ်က တအားဆွဲနေပြန်သည့်အခါ ကိုဂျလားမှာ ခြင်းကြိုးကို လွတ်မသွားအောင် ခြေထောက်နှင့် လိမ်ချိတ်၍ အစွမ်းကုန် ထိန်းထားရပြန်၏။

ဤသို့နှင့်ပင် ကိုဂျလားမှာ ရေအောက်ထဲ၌ တချက်တချက်တွင် အသက်ရှူပင် ကျပ်စပြုလာသည်။

ရေမွန်းပြီး အသက်ရှူကျပ်လာသဖြင့် တချက်တချက်တွင် ကနုကမာကောင်ကြီး၏ ကျောကုန်းကို တူချွန်နှင့်မထုမိဘဲ ကနုကမာကောင်ကြီး ဝါးမျိုထားသော မိမိ၏လက်ခုံနားကို ထုမိသဖြင့် တစ်ကိုယ်လုံး ဆတ်ဆတ်ခါ နာကျင်သွားရသည်မှာလည်း အကြိမ်ကြိမ်, အခါခါပင်။

သည်ကြားထဲ ငါးအသေးအမွှားလေးတွေကလည်း ကနုကမာနံ့ ရလာသဖြင့် ကိုဂျလား၏ တစ်ကိုယ် လုံးကို မထိတထိ လာတွတ်ကြပြန်သည်။

သို့သော် ငါးအသေးအမွှားလေးတွေ လာ၍တွတ်ထိုးနေ ကြသည်ကိုတော့ ကိုဂျလားမှာ ဂရုမပြုအား။ ကနုကမာကောင်ကြီး၏ ကျောကုန်းကွဲသွားရန်ကိုသာ သူက အပူတပြင်း အားစိုက်နေရလေသည်။

သူ၏ကျောကုန်းကို တအုန်းအုန်း အထုခံနေရသော်လည်း အစာငတ်လွန်းသော ကနုကမာကောင်ကြီး ကိုဂျလား၏လက်ကို အန်ထွေးမထုတ်ပစ်သေး၊ ပို၍သာ စေးစေးကပ်ကပ် မျိုလာသဖြင့် ကိုဂျလား၏လက်မှာ ပြတ်ထွက်လုမတတ် နာကျင်ကိုက်ခဲလာသည်။

အကယ်၍ အစွယ်သွားများသာရှိနေသော ရေသတ္တဝါ တစ်ကောင်ကောင်၏ ဝါးမျိုခြင်းကို ခံနေရသည်ဆိုလျှင်တော့ ကိုဂျလား၏လက်က ပြတ်ထွက်သွားသည်မှာ ကြာလှပြီဖြစ်လေမည်။

ကျောကုန်းကို တအုန်းအုန်း အထုခံနေရသဖြင့် ကနု ကမာကောင်ကြီး၏ ပါးစပ်ထဲမှ အရည်ကြည်များ အန်ထွက်လာသောအခါ ငါးကလေးတွေမှာ ကိုဂျလား၏အနားတွင် ပို၍ ဥဒဟို မြူးလာကြသည်။ ငါးကလေးများ မြူးလာကြသည်ကိုမြင်ရ၍ ကိုဂျလားက တအားတက်မိသည်။

ဤငါးကလေးများ ဤနေရာတွင် လှည့်ပတ်ပြေးလွှားမြူးနေကြသည်မှာ သားကြီးငါးကြီးများ ဤအနီးအနား ပတ်ဝန်းကျင်၌ မရှိဆိုသည်ကို အချက်ပြနေကြသလို

"ကနုကမာကောင်ကြီးကတော့ ကွဲခါနီးပြီ ဂျလားရယ်၊ ဒို့အနံ့ရတယ်ဟ၊ ကြိတ်ပေး-ကြိတ်ပေး”

ဟု ငါးကလေးတွေက ကိုဂျလားအနီးသို့လာ၍ အားပေးအားမြှောက် ပြုနေကြသလိုပင်တည်း။

သို့သော် အလွန်ရေမွန်းလာပြီဖြစ်သော ကိုဂျလားက တော့ အားပေးအားမြှောက်ပြုနေကြသော ငါးကလေးများကိုပင် လှည့်မကြည့်အားတော့ပေ။ မျက်လုံးကိုစုံမှိတ်ကာ ကနုကမာကောင်ကြီး၏ ကျောကုန်းကိုသာ တအုန်းအုန်း ထုရိုက်လျက်ရှိ လေသည်။

ကိုဂျလား 'တအား’ထုရိုက်လိုက်သော တူချွန်တဖက်သည် ကနုကမာကောင်ကြီး၏ အခွံကိုခွဲကာ အသားထဲ လျှောကနဲ စူးဝင်သွား၏။ ကနုကမာကောင်ကြီး၏ ပါးစပ်က ချက်ချင်း ဟ,သွားသည်။

ကိုဂျလားသည် ရေမွန်းလွန်း၍ သတိလစ်မတတ် ဖြစ်နေရာမှ သတိကို အမိအရဆယ်ကာ ကျောက်ကြိုးကို တအားဆွဲပြီး ရေထဲမှ အပြေးကူးတက်လာသည်။

ရေပေါ်သို့ ရောက်သောအခါ ရှူးကနဲ လေကို မှုတ်ထုတ်လိုက်ပြီး လှေနံကို လက်တစ်ဖက်နှင့်ကိုင်ထားရသည်။

ပင်ပန်းလွန်းသဖြင့် ချက်ချင်းပင် လှေပေါ်သို့ မတက် နိုင်သေး၊ မျက်လုံးမှိတ်၍ ခဏနားနေ၏။

မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ လှေပေါ်မှာ ဇနီးသည်ကို မမြင်ရသဖြင့် ရင်ထဲက ထိတ်သွားရပြန်သည်။

အမှန်က ရေအောက်ထဲတွင် ကိုဂျလား ဤမျှအချိန်ကြာမြင့်နေခြင်းမှာ အန္တရာယ်တစ်ခုခုနှင့် ဧကန်မုချ ရင်ဆိုင်နေရလေပြီဆိုသည်ကို အတပ်သိသဖြင့် ဇနီးသည်သည် လှေပေါ်က ခုန်ချကူးပြေးသွားပြီး နီးနီးနားနား မြစ်ကွေ့တွင် ကနုကမာငုပ် နေကြသူများအား အကူအညီ သွားခေါ်နေခြင်းဖြစ်လေသည်။

အကူအညီလိုက်လာသူများနှင့် ဇနီးသည်တို့ပြန်ရောက်လာကြသောအခါ ကိုဂျလားမှာ လှေပေါ်သို့ ပြန်ရောက်နေလေပြီ။ သို့သော် နားနှင့် နှာခေါင်းတို့မှ သွေးစိမ်းတွေ လျှံထွက်ကာ လူမှာလည်း သတိမရတချက် ရတချက် ဖြစ်နေလေသည်။ ဇနီးသည်နှင့် တရွာထဲသား ကနုကမာငုပ်သူတွေက ကိုဂျလား၏ တစ်ကိုယ်လုံးကို အပူပေးမီးကင်ကာ အိမ်သို့ထမ်းခေါ်လာကြသည်။

ကိုဂျလား၏တစ်ကိုယ်လုံးကို မီးပူကျပ်ထုပ်ထိုး၍ ဆေးမီးတိုများနှင့် ကုသကြရာ နောက်တစ်နေ့မနက်မှာ ကိုဂျလား သတိရလာသည်။ သို့သော် သူ့နားကား လုံးဝမကြားတော့ပေ။ စကားကိုလည်း ပီပီသသ မပြောနိုင်တော့ဘဲ လျှာလိပ်နေ၏။

ကိုဂျလား၏နားသည် သုံးရက်လုံးလုံး ပင်းနေသည်။ ဇနီးသည်နှင့် ဆွေမျိုးယောက္ခမများက စကားအခွန်းပေါင်း ရာ ထောင်မက ဝိုင်းဝန်းအော်ခေါ်ကြသည်တို့ကို သူက လုံးဝမကြားရပေ။ သူ့နားမှာ ရေအောက်ထဲ၌ တဒုန်းဒုန်း တအုန်းအုန်း ထုရိုက်နေသော တူထုသံတစ်ခုက စက္ကန့်မပြတ် မင်းမူနေလေသည်။

သူ့နားထဲတွင် အမြဲကြားနေရသော တူထုရိုက်သံများ တဖြည်းဖြည်းဝေးသွား၍ တိုးတိတ်ပျောက်ပြေသွားသောအခါ ဇနီးသည်၏ ချိုလွင်သောခေါ်သံကို ဦးစွာပထမ ကြားရသည်။ ကိုဂျလား နားပင်းကြီးတစ်ယောက်အနေနှင့် အိပ်ပျော်နေရာမှ ထလာသော လေးရက်မြောက်၏ နံနက်ခင်း ဝေလီဝေလင်း အချိန်ပင်တည်း။ ထိုအချိန်မှာ ကိုဂျလားအတွက် မင်္ဂလာနံနက်ခင်းအချိန် ဖြစ်လေသည်။

သူ နားကြားလာ၍ ရေအောက်ထဲတွင် ဖြစ်ကြုံခဲ့ရသော အကြောင်းအရာအလုံးစုံကို ယောက္ခမအထီးဖြစ်သူ ဝါရင့် ကနုကမာငုပ်သမားကြီးအား ပြောပြသောအခါ ကိုဂျလားက ကနုကမာကောင်ကြီးဟုထင်၍ ထုခွဲထားခဲ့သော ကျောက်ကပ် ရေသတ္တဝါကြီးမှာ အလွန်ရှားပါးလှသော ပုလဲနက်ကောင်ကြီးမှန်းသိသဖြင့် ယောက္ခမဖြစ်သူက ချက်ချင်းလှေပြင်ကာ ထိုနေရာကို ပြေးလိုက်သည်။

နေရာကိုသိရန်အတွက် သူ့သမီးနှင့် ယုံကြည်စိတ်ချရသူ ဆွေမျိုးထဲက ဝါရင့်ရေမုဆိုးအဖိုးအိုနှစ်ယောက်ကိုလည်း ခေါ်သွားသည်။

ပင်လယ်ရေနက်အောက်ရှိ ကျောက်ဆောင်ကျောက်တန်းများနှင့် လိုဏ်ခေါင်းဘေးတွင်သာ သန္ဓေတစတွယ်ကပ်ဖြစ်ပေါ် လာတတ်သော ပုလဲနက်ကောင်ကြီးအား ယခု သူ့သမက် ဂျလားက တွေ့လာခဲ့သည်မှာ မင်္ဂလာဦး၌ သူ့သမီးအား အဖိုးအနဂ္ဃထိုက်တန်သော ပုလဲနက်တစ်လုံးကို မြစ်စောင့် မြစ်ပိုင်ကြီးက ပေးခြင်းသာဟု ကိုဂျလားယောက္ခမ အထင်ရောက်သွားလေသည်။

သို့သော် သူတို့လူစု တစ်မနက်လုံး ရှာခဲ့ကြသော်လည်း ကိုဂျလား ထုခွဲရိုက်ထားခဲ့သော ပုလဲနက်ကောင်ကြီးကိုကား မတွေ့ခဲ့ကြပေ။

နေရာကလည်း မသေချာဖြစ်သဖြင့် ကိုဂျလားအား နေရာလိုက်ပြရန် ယောက္ခမကြီးက ခေါ်သောအခါ ကိုဂျလား၏ တစ်ကိုယ်လုံးမှာ ကြက်သီးတဖြန်းဖြန်း ထလာပြီး ပြန်လည်၍ သတိမေ့လျော့ချင်သလို ကြောက်ရွံ့တုန်လှုပ်လာလေသည်။

သူ့ယောက္ခမကြီးက မည်မျှချော့မော့၍ အကြိမ်ကြိမ်အခါခါ ခေါ် သော်လည်း ကိုဂျလားက ထိုနေရာကိုလိုက်ပြရန် မဆိုထားနှင့်၊ ပြောသံကြားရုံနှင့်ပင် ဖျားချင်သလို သတိမေ့ချင်လာသလိုဖြစ်ကာ တစ်ကိုယ်လုံးမှာလည်း ကြက်သီးတဖြန်းဖြန်း ထလာတတ် သည်။ ကိုဂျလားမှာ ထိုနေရာကို အကြီးအကျယ် ကြောက်ရွံ့ ထိတ်လန့်သွားလေသည်။ သူ့တွင် သွားလိုစိတ် ရှာဖွေလိုက်ပြချင်စိတ်လည်း လုံးဝမရှိတော့ပါချေ။

ဤသည်ကိုပင် သူ့ယောက္ခမဝါရင့် ကနုကမာငုပ်သမားကြီးက

"မင်္ဂလာဦးမှာ ကျုပ်သမီးကို မြစ်ပိုင်ကြီးက ပုလဲနက် တစ်လုံး ပေးတယ်ဗျ။ ပင်လယ်ကမ်းခြေသား ဂျလားဆိုတဲ့အကောင် အသုံးမကျလို့ ဆုံးပါးရတာ”

ဟု တဗြစ်တောက်တောက် မြည်တွန်နေတတ်လေသည်။

ပင်လယ်ကမ်းခြေဘက်တွင် ကြီးပြင်း၍ ပင်လယ်ကမ်းခြေပျော် ဆလုံအမျိုးသားတိုင်း အသက်မွေးဝမ်းကျောင်း ဘဝရပ်တည်ရေးအလုပ်ဖြစ်သော ငါးမျှားတန်းချခြင်း၊ လိပ်ထိုးခြင်း၊ လိပ်ဥကောက်ခြင်း၊ ငှက်သိုက်ဆေးများ ရှာဖွေခူးဆွတ်ခြင်းတို့ကိုသာ တတ်ကျွမ်းနားလည်သော ကိုဂျလားမှာ အတွင်းပိုင်းသား ဆလုံများ၏ ဘဝရပ်တည်ရေးဖြစ်သော ကနုကမာငုပ်ခြင်းအလုပ်ကို တခါသွားငုပ်ဖူးရုံနှင့် အထိတ်လန့်ကြီး ထိတ်လန့်သွားလေသည်။

ထို့ကြောင့်လည်း သူသည် ဇနီးသည်ကို အပါခေါ်ကာ ပင်လယ်ကမ်းခြေဘက်ဖြစ်သော မိမိ၏ ဝေဗာရွာသို့ ပြန်လာလေသည်။ ကနုကမာငုပ်၍ ဘဝရပ်တည်နေရသည်နှင့်စာလျှင် မိမိပင်လယ်ပိုင်းဘက်မှာ လုပ်ကိုင်ရခြင်းက အသက်အန္တရာယ်နှင့် ဝေးလေသည် မဟုတ်ပါလား။

မှန်သည်။ ထို့ကြောင့်လည်း သူသည် ငယ်ရွယ်နုပျိုသော ကိုဂျလားဘဝမှ သက်ရွယ်ရော်ရင့်အိုမင်းသော ယခု အဖိုးဂျလားဘဝသို့ ရောက်လာသည်ထိ ကပ္ပလီပင်လယ်ပြင်ကိုထွက်၍ ငါးမျှားတန်းချခြင်း၊ လိပ်ထိုးခြင်း၊ လိပ်ဥကောက်ခြင်း၊ ငှက်သိုက်ဆေးများ ရှာဖွေခူးဆွတ်ခြင်းအလုပ်နှင့်သာ အသက်မွေးဝမ်းကျောင်း ပြုလာခဲ့လေသည်။

ယခုပင် ရဟူ၊ ပိုလိုမည်သော သူငယ်နှစ်ယောက်နှင့် သူက ကပ္ပလီပင်လယ်ပြင်ထဲထွက်၍ ငါးမျှားတန်းသွားချရန် စိုင်းပြင်းနေလေသည်တကား။

“အဘပြောပြတာနဲ့ဘဲ ကျွန်တော်တောင် ကျောထဲက
စိမ့်တက်လာပြီ”

အဖိုးဂျလား၏စကားကို အလေးအနက်ထား၍ စိုက်စိုက် မတ်မတ် နားထောင်နေသော ရဟူက အဖိုးဂျလား၏ စကားအဆုံးမှာ မှတ်ချက်ချသည်။

“ဟုတ်တယ်ဗျာ၊ ကျုပ်ကလဲ အဘပြောသလိုသာဆို ရင် လန့်ဖျပ်ပြီး ဖျားမိမှာအမှန်ဘဲ”

လူငယ်ဖြစ်သူ ပိုလိုကလည်း ရဟူ၏စကားကို ထောက်ခံလိုက်သည်။

“မင်းတို့က ဒီလောက်တောင်ဘဲလားကွာ၊ ဒါပေမယ့် ငါ တစ်ခုတော့ တောင်းပန်ပါရစေ”

အဖိုးဂျလားက တည်တည်နှင့်ပြောလိုက်၏။

“ဘာကိုတောင်းပန်မှာလဲ အဘရယ်”

“ဪ .. ဒီညတော့ မင်းတို့ မဖျားကြပါနဲ့အုံးလို့၊ မနက်ဖန်ခါ ဒို့များ တန်းချထွက်ကြရအုံးမယ်မှုတ်လား။ မင်းတို့ ဖျားချင်ရင်လဲ ပြန်လာမှ ဖျားကြပါကွာ"

အဖိုးဂျလား၏ ဟာသနှောလိုက်သော စကားကြောင့် ပိုလိုနှင့် ရဟူတို့က ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်ကြသည်။

“ကဲ. . . ညလဲအတော်နက်နေပြီ၊ မင်းတို့ ထမင်းဟင်း
အဆင်သင့် ချက်ပြုတ်ထားကြကွာ။ မနက်ဖန်ခါ ဒို့ စောစော ထွက်ကြမယ်”

သူတို့မှာ မိုးမလင်းခင်ကပင် ကပ္ပလီပင်လယ်ပြင်ထဲ ငါးမျှားတန်းချရန် လှေနှင့်ထွက်ကြရမည့်သူတွေ ဖြစ်သဖြင့် မနက်စာအတွက် ထမင်းဟင်းများကို ညဦးကပင် အဆင်သင့် ချက်ပြုတ်ထားကြရလေသည်။

ရဟူနှင့် ပိုလိုတို့ နက်ဖန်နံနက်စာ ထမင်းဟင်းချက် ပြီးကြသောအခါ အချိန်မှာ သက်ငယ်ခေါင်းချချိန် ရှိနှင့်ပြီဖြစ်သဖြင့် အိပ်ရာဝင်လိုက်ကြရလေသည်။

ပင်လယ်ကမ်းခြေရှိ ကျောက်ဆောင် ကျောက်တန်းများကို တဝုန်းဝုန်းလာ၍ ရိုက်ခတ်နေကြသော လှိုင်းခေါင်းဖြူများ၏ တဝေါဝေါ အော်မြည်နေကြသံနှင့်အတူ၊ မိုးလင်းယံ အရုဏ်ဦးမှာပင် အဖိုးဂျလားနှင့်တကွ ပိုလို၊ ရဟူ သုံးယောက်တို့သည် အိပ်ရာမှ နိုးထလာကြလေသည်။

သူတို့ နိုးထလာကြချိန်မှာ တခြားတံငါတဲမှ အချို့တံငါသည်များသည် ငါးမျှားတန်းချရန် ပင်လယ်သမုဒ္ဒရာထဲသို့ပင် ထွက်စပြုနှင့်ကြလေပြီ။ မနိုးမထကြသေးဘဲ အိပ်ပျော်နေကြသော တံငါသည်များကို ဦးစွာ နိုးထလာသော တံငါသည်များက အော်ခေါ်နှိုးနေကြသော အသံတို့မှာ ပင်လယ်ကမ်းခြေရှိ ကျောက်ဆောင် ကျောက်တန်းများကို တဝုန်းဝုန်းလာ၍ ရိုက်ခတ်နေကြသော လှိုင်းခေါင်းဖြူတို့၏ တဝေါဝေါအော်မြည်သံနှင့် ပြိုင်နေကြသည်။

ဝေဗာရွာအောက်ရှိ တံငါတဲတန်းရွာ ဆိပ်ကမ်းမှာ ည ကြီးမင်းကြီး၌ပင် လှိုင်းသံလူသံတို့ဖြင့် အသက်ဝင်လှုပ်ရှားလျှက် ရှိလေသည်။

မိုးလင်းပိုင်း အရုဏ်ဦးဟုဆိုသော်လည်း ညမှာ ပိန်းပိတ်အောင် မှောင်ကောင်းတုန်းပင်တည်း။ အရှေ့လောကဓာတ်ဆီမှ ပျို့အန်ဖြာဝေလာသော လင်းရောင်ခြည်များကိုလည်း လုံးဝ မမြင်ရသေးပေ။ ညဦးပိုင်းက မှုန်မှုန်ပျပျသာနေသော ဆန်းစ သော်တာမှာလည်း ယခုအခါ ဘယ်ဆီ ဘယ်စခန်း ယွင်းသွားလေပြီမသိ။

မဲနက်ညိုမှောင်နေသော မိုးကမ္ဗလာထက်ဝယ် တဖျတ်ဖျတ် တလက်လက် တောက်နေသော စိန်ကြယ်ပွင့်ကလေးများကိုသာ မြင်ရ၏။

ဤလိုအချိန်မှာပင် အဖိုးဂျလားနှင့် ပိုလို၊ ရဟူတို့သည် ငါးမျှားတန်းချရန် အပြောကျယ်လှသော ကပ္ပလီပင်လယ်ပြင်ထဲသို့ ထွက်လာကြလေသည်။

ဝေဗာရွာအောက်ရှိ တံငါတဲတန်းရွာ ဆိပ်ကမ်းမှ သူတို့ စထွက်လာကြချိန်က သူတို့ကဲ့သို့ပင် ငါးမျှားတန်းချရန် ကပ္ပလီပင်လယ်ပြင်ထဲသို့ ထွက်ခွာလာကြသော တံငါလှေ သုံးလေးစင်းကို ရေရိုးနားတွင် လှေရွက်ဖြူဖြူကလေးများ ဖွေးဖွေးလှုပ်၍ လှိုင်းပုတ်တိုင်း ယိမ်းယိုင်လှုပ်ခတ်ကာ မြင်ခဲ့ရသေးသည်။

သို့သော် ထင်ထင်ရှားရှား ပြတ်ပြတ်သားသားတော့ မဟုတ်။ ညမှာ လမိုက်ညဖြစ်သည့်အပြင် ဥတုသမယမှာလည်း မိုးအနှောင်း ဆောင်းအစမို့ နှင်းငွေ့တွေကြားမှာ မှုန်တီးမှုန်ဝါးသာ ဖြစ်လေသည်။



အပိုင်း၃



ထိုတံငါလှေငယ်များမှာ ကွမ်းတရာညက်ခန့်အကြာ၌ပင် အလှမ်းက ဝေးကွာသွားကြပြီး အပြောကျယ်လှသော ကပ္ပလီပင်လယ်ပြင်ထဲမှာ ပျောက်ကွယ်သွားကြ၏။

တံငါလှေငယ်များသည် ရေရိုးနဒီနားမှခွာကာ သူ့လမ်း ကိုယ့်လမ်း လမ်းခွဲထွက်သွားကြသည်။ မှန်သည်။ သူတို့၏လှေငယ်ကိုပင် ယခုအခါ ဦးဆောင်လာသူ အဖိုးဂျလားက အနောက်တောင်ဘက် ပင်လယ်ပြင်ထဲသို့ ရွေ့လျားစေလိုက်လေပြီ မဟုတ်ပါလား။

လေသင့် ရေသင့် ဖြစ်နေသဖြင့် သူတို့၏လှေငယ်မှာ မိနစ်ပိုင်းအတွင်း၌ပင် ရွာဆိပ်ကမ်းနှင့် နေတဝင်ခရီး ဝေးကွာခဲ့လေပြီတည်း။

“ကဲ ပိုလို. . . ငါးမျှားချိတ်တွေ ရှင်းထားကွ။ မကြာခင် ဒို့မျှားတန်း ချကြရအောင်''

“ဟုတ်ကဲ့ အဘ”

အဖိုးဂျလား၏ အမိန့်အတိုင်းပင် ပိုလိုက မျှားတန်းကြိုးခွေများကို ရှုပ်ထွေးမသွားအောင် ရှင်းထားလိုက်သည်။

သူတို့၏ မျှားတန်းကြိုးများမှာ လက်လံ သုံးရာကျော် ရှည်လျားသည်။ တလံခြား တလံခြားတွင် တလောင်ပေါ် မျှားကြိုးများကို အခိုင်အမြဲ ချိတ်ဆွဲချည်နှောင်ထား၏။ သို့ မျှားကြီးများကြားထဲတွင် ညံဖော့နှင့် ပန်းရှူးတိုင်များကိုလည်း ချက်ပိုင်ပိုင် တပ်ဆင်ထားရသေးသည်။

ကြိုးမရှင်းထားပါက ရေပြင်ထဲသို့ မျှားတန်းကြိုး ပစ်ချလိုက်သောအခါ ငါးမျှားချိတ်ချင်း ချိတ်မိ၍ ရှုပ်ထွေးသွားမှာ စိုးရသည်။ ထို့ကြောင့်လည်း အဖိုးဂျလားက ပိုလိုအား ကြိုတင် သတိပေးထားခြင်းဖြစ်၏။

“ရဟူ. . . မျှားစာတွေကော စုံရဲ့လားကွ၊ သေသေချာ ချာလဲ ကြည့်ပါအုံးဟ၊ မြုပ်နေတာများ ရှိသေးသလား"

ပိုလိုအား သတိပေးပြီးသော ပဲ့ကိုင် အဖိုးဂျလားက
ရဟူအား လှမ်းပြောလိုက်ပြန်သည်။

“ဟုတ်ကဲ့၊ စုံပါတယ် အဘရာ၊ စိတ်ချပါ”

ငါးစာမှာ ငဟောက်ကောင်များကို လက်တဆစ်လောက်စီ ခုတ်ဖြတ်ပြီး ငါးမျှားချိတ်တွင် တပ်ထားရသည်။ ငဟောက်ကောင်မှာ ငရှဉ့်ကဲ့သို့ပင်တည်း။

“ကဲ ရဟူ. . . မျှားတန်း စချတော့ကွာ”

လက်လံသုံးရာကျော် ရှည်လျားသော ငါးမျှားကြိုးခွေ၏အစကို မတ်တတ်ရပ်ကိုင်ကာ အဖိုးဂျလား၏ အမိန့်သံကို သတိအနေအထားနှင့် စောင့်ဆိုင်းနေသော ရဟူက အဖိုးဂျလား၏ အမိန့်သံ မဆုံးခင်ပင် မျှားတန်းကြိုးအစရှိ ညံဖော့ကြီးတစ်လုံးကို ရေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ပြီးမှ ညံဖော့ကြီးနှင့် တ ဆက်တည်းဖြစ်သော လှေဝမ်းထဲမှ မျှားတန်းကြိုးကို အလိုက်သင့်ကောက်ကိုင်ကာ မြစ်ရေထဲသို့ အစောတလျင် ပစ်ချထားခဲ့ရသည်။

“တက်ကူခတ်ပေးရဦးမလား အဘ”

“မလိုပါဘူးကွယ်၊ လေက သင့်သားဘဲ၊ ကြိုးမရှုပ်အောင်သာ ရဟူကို ကူပေးပါ”

မျှားတန်းပစ်ချနေချိန်တွင် လှေပြေးနှုန်း နှေးနေသလားထင်၍ တက်ကူခတ်ပေးရန် ပြောလာသော ပိုလိုအား အဖိုးဂျလားက တက်ခူခတ်ပေးရန် မလိုကြောင်း လှမ်းပြောသည်။

ရွက်ထည်လွှင့်တင်ထားသော လှေငယ်မှာ လေသင့် နေသဖြင့် ပင်လယ်ရေပြင်ပေါ်၌ တရိပ်ရိပ် ပြေးလျက်ရှိသည်။ မဲနက်ပြောင်ချောနေသော ကပ္ပလီပင်လယ်၏ရေပြင်မှာ အဖိုးဂျလားတို့၏ လှေငယ်ပြေးနှုန်းကြောင့် နောက်၌ ရေပန်းရေမွှားများပွင့်ကာ ရေပလုံစီ၍ ကျန်ခဲ့သည်။

လမိုက်ညဖြစ်သဖြင့် ရေပြင်တွင် ပေါလောမျှောကျန်ရစ်ခဲ့ကြသော ညံဖော့ကလေးများထိပ်မှ ပန်းရှူးတိုင်များကိုတော့ လုံးဝ မမြင်ရပေ။ အကယ်၍ ယခုလို လမိုက်ညသာမဟုတ်ပါက ညံဖော့ကလေးများထိပ်မှ တပ်ဆင်ပေးထားသော ပန်းရှူးတိုင်များကို လရောင်ထဲတွင် အတော်ဝေးဝေးကပင် ဖွေးဖွေးလှုပ်
၍ မြင်ရပေသည်။

အဖိုးဂျလားက တည့်တည့်မတ်မတ် ပဲ့ကိုင်ပေးထား သဖြင့် လှေငယ်သည် ရေပြင်ကျယ်၌ တည့်မတ်စွာပင် တရိပ်ရိပ်ပြေးနေ၏။ ပိုလိုနှင့် ရဟူတို့ကတော့ မျှားတန်းကြိုးများကိုသာ အစောတလျင် ရေပြင်ထဲသို့ ပစ်ချနေကြသည်။

ပိုလိုနှင့် ရဟူတို့ ပစ်ချထားခဲ့ကြသော မျှားတန်းကြိုး များ တဝက်ကျော်လောက် ရေထဲရောက်သွားသောအခါ အဖိုးဂျလားမှာ ပဲ့ကိုင်ရင်း နောက်သို့တစ်ချက် လှည့်ကြည့်လိုက်၏။ ငါးမျှားတန်းပေါ်မှ ညံဖော့ကလေးများသည် သူတို့အနားရှိ ငါးမျှားချိတ်တွင် ငမန်းများ လာချိတ်နေကြပြီဆိုသည်ကို အဖိုးဂျ လားအား ဦးစွာပထမ အချက်ပြကြတော့သည်။

ငမန်းများမှာ ကပ္ပလီပင်လယ်ပြင်နက်ထဲတွင် အလွန်ပေါများလှသဖြင့် အဖိုးဂျလားတို့ မျှားတန်းချ၍ ကြိုးစမဆုံးခင်ပင် ဦးစွာပထမ ပစ်ချထားခဲ့သော မျှားချိတ်တွင် ငမန်းများ လာချိတ်မိနေကြလေပြီ။ ဤသည်ကို ညံဖော့ကလေးများက ရုတ်ခြည်းပင် အချက်ပြနေကြတော့သည်။

အဖိုးဂျလားတို့ ပစ်ချထားခဲ့သော ညံဖော့လုံးလေးများမှာ သူတို့အနားတွင် မိနေသော ငမန်းကြီးများ၏ ဆွဲပြေးရာသို့သာ ဆောက်တည်ရာမရ လွင့်ပါနေကြရသဖြင့် ရေထဲမှာ နှစ်လိုက် ပေါ်လာလိုက်၊ ရေပြင်နား ရှပ်တိုက်ပြေးလိုက်နှင့် ရေပန်းရေမွှားများကို ကန်ထုတ်ကာ အဖိုးဂျလားတို့အား အချက်ပြအော်ပြော နေကြသလိုပင်တည်း။

ငါးမျှားတန်း ငါးမျှားချိတ်တွင် ငမန်းများမိနေပြီ ဆိုသည်ကိုသိ၍ အဖိုးဂျလားတို့က ငမန်းများကို ဖမ်းဆီးပြီး မျှားတန်းကြိုးကို လှေပေါ်သို့ ပြန်တင်တော့မှ မျှားတန်းကြိုးနှင့် တဆက်ထဲ တွယ်ချိတ်ချည်နှောင်ထားခြင်းခံနေရသော ညံဖော့ကလေးတို့မှာ ရေနစ်ခံနေရခြင်းမှ လွတ်ကင်းကြမည်ဖြစ်သည်။

သို့သော် သူတို့က မည်မျှပင် အချက်ပြအော်ခေါ်နေ ကြသော်လည်း အဖိုးဂျလားတို့ကတော့ မျှားတန်းကြိုးများ မကုန်မချင်းသာ ပစ်ချ၍ ညံဖော့ကလေးများကို လျစ်လျူရှုထားခဲ့ကြလေသည်။

“ကဲ. . . အဘ မျှားတန်းကြိုးတွေတော့ ကုန်သွားပြီဗျ၊ လိုက်ကြိုးတွေ ချထားခဲ့အုံးမလား”

“မလိုပါဘူးကွယ်။ အတော်ကြာရင် ဒီတက်တော့မှာဘဲ။ လှေရွက်ကြိုးတွေဘဲ ဖြုတ်ထားလိုက်ကြပါ”

ပိုလိုက လှေရွက်ကြိုးကို ချက်ချင်းဆွဲဆောင့်ချလိုက်သည်။

ကပ္ပလီပင်လယ်ပြင်ထက်တွင် တရိပ်ရိပ်ပြေးနေသောလှေငယ်က အရှိန်လျော့သွားသည်။

သူတို့စီးလာသော လှေငယ်ကို ရေပေါ်တွင် မျှောထား သော အဖိုးဂျလားတို့မှာ ဆေးသောက်ကွမ်းစားနှင့် ခဏနားရင်းငါးမျှားတန်းတွင် ငမန်းအကောင်ရေ မည်ရွေ့မည်မျှ မိနေကြပြီဆိုသည်ကို အကဲခတ်လျက်ရှိကြသည်။

တံငါတဲတန်းရွာဆိပ်ကမ်းမှ သူတို့ စ,ထွက်လာသော အချိန်နှင့် ယခု ငါးမျှားတန်းချထားပြီးသည့်အချိန်ထိ စက်နာရီနှင့်တွက်ဆသော် သုံးနာရီကျော်မျှ ကြာခဲ့လေပြီ။ ထို့ကြောင့်လည်း သူတို့က ခဏနားနေကြခြင်းဖြစ်၏။

သူတို့သည် အရှေ့ဆီမှ ရောင်နီကိုမြင်ရ၍ ကပ္ပလီပင် လယ်ပြင်၏ မြစ်ရေက ပုဇွန်ဆီရောင်သန်းလာချိန်မှာတော့ သူတို့က ငါးမျှားတန်းကို စ,ဖော်ကြရမည်ဖြစ်လေသည်။

ပိုလိုနှင့် ရဟူတို့ နောက်ဆုံးပစ်ချထားခဲ့သော ကြိုးစ ငါးမျှားချိတ်ကို ငမန်းတစ်ကောင်က ရုတ်တရက် လာဟပ်သဖြင့် ဗွမ်းကနဲ ရေပလုံမြည်သွားသံကို ကြားလိုက်ရသည်။ ငါးမျှားချိတ်မှအစာကို ငမန်းတစ်ကောင်က လာဟပ်ဆွဲပြေးသွားသောအခါ ငါးမျှားချိတ်နှင့် တလံကွာလောက်တွင် ဆက်သွယ်ချည်နှောင် ထားခြင်းခံရသော ညံဖော့ကလေးတစ်လုံးမှာ ရေထဲတွင် နစ်တုံပေါ်တုံနှင့် ရှပ်ဒရွတ်တိုက် လွင့်ပါသွားသည်။

သူ့နောက်တွင် ရေပန်းရေမွှားများက လဲ့လဲ့တောက် ပလုံစီကာ ကျန်ရစ်ခဲ့ကြသည်။ ညံဖော့ထိပ်မှ ပန်းရှူးတိုင်ကလေးကတော့ သူရေနစ်တော့မှာ စိုးသဖြင့် တရှဲရှဲအသံကို အထိတ်တလန့်ပြုကာ အဖိုးဂျလားတို့အား "ကယ်တော်မူကြပါအုံးခင်ဗျား" ဟု အော်ဟစ်ပြောသွားသလားပင် ထင်လိုက်ရသည်။

အမှန်က အဖိုးဂျလားတို့ လှေငယ်နှင့် ငါးလံကွာမှ နောက်ဆုံးပစ်ချထားခဲ့သော ညံဖော့ကလေးမှ ပန်းရှူးတိုင်ကလေးကသာမဟုတ်၊ အပြောကျယ်လှသော အဏ္ဏဝါပင်လယ်ပြင်ထဲတွင် အစီအရီ ပစ်ချထားခဲ့ကြသော ညံဖော့ကလေးများနှင့် ပန်းရှူးတိုင်ကလေးများကပါ ငမန်းများဆွဲပြေးရာသို့ ဆောက်တည်ရာမရ လိုက်ပါလွင့်ပါနေကြရသဖြင့် အားလုံးက အော်ဟစ်ကာ အကူအညီတောင်းနေကြခြင်းသာ။

ဝေးလှမ်းသော မျှားတန်းကြိုးစများကို ညံဖော့ကလေးများ ရုန်းရင်းပြေးလွှားနေကြသည်တို့မှာ ရေပြင်ထဲ လှေငယ်၏ ပတ်ဝန်းကျင်တွင် ပလူပျံနေကြသည်။ မဲနက်ပြောင်ချောနေသော ရေပြင်ထက်တွင် လျှပ်ပန်းလျှပ်နွယ်များနှင့် ပိုးစုန်းကြူး အကောင်ငယ်များ တောက်စားနေသလို တဖျပ်ဖျပ် တလက်လက်နှင့် ညံဖော့ကလေးများက ရေပန်း ရေမွှားများကို ကန်ထုတ်ကာ အဖိုးဂျလားတို့အား အချက်ပြနေကြ၏။

ဤသည်ကို အဖိုးဂျလားတို့က ကြည့်ကောင်းကောင်း ရှိသည်နှင့် ကြည်ကြည်နူးနူးပင် လှမ်းကြည့်နေကြသည်။ ဤမျှ ဆိုလျှင် ငါးမျှားချိတ်တွင် ငမန်းများ အကောင်မည်ရွေ့မည်မျှ တွယ်ငြိနေကြလေပြီဆိုသည်ကို သူတို့က တွက်ဆထားပြီးဖြစ် လေသည်။

“ရောင်နီကလဲ လာခဲလိုက်တာဗျာ။ သည်အတိုင်းဆို
ရင် ငါးမျှားကြိုးတွေ သိပ်ရှုပ်ကုန်မှာစိုးရတယ်အဘ"

ရဟူသည် လှေပေါ်ထက်မှ အရှေ့ဘက်သို့ လှမ်းကြည့်ကာ တချက်ညည်းလိုက်သည်။

မှန်သည်။ လက်လံ သုံးရာကျော်ရှည်လျား၍ ငါးမျှား ချိတ်များ သုံးဆယ်ကျော်ပါသော မျှားတန်းတွင် ငါးအကောင် နှစ်ဆယ်ကျော်လောက် မိနေကြပြီးဖြစ်သောအခါ မျှားတန်းကြိုးမှာ ရဟူ ညည်းလိုက်သလို ရှုပ်ယှက်ခတ်လာကြသည်။

အဘယ့်ကြောင့်ဆိုသော် ငါးမန်းများက အရှေ့ အနောက် တောင်မြောက် ဝဲယာ ပတ်ချာဝိုင်းလှည့် ဆွဲချင်ရာဆွဲ ပြေးချင်ရာပြေး ဖြစ်နေကြသဖြင့် အစ အလယ် အဆုံး အားလုံးကုန်သော မျှားတန်းကြိုး များမှာ ရှုပ်ယှက်ခတ်လာကြသည်။

သူတို့ ဦးစွာပထမ ပစ်ချထားခဲ့သော ညံဖော့လုံးကြီးနှင့် မျှားတန်းကြိုးအစမှာ ပစ်ချထားခဲ့စဉ်က လှေငယ်နှင့် လက်လံတရာကျော် ဝေးကျန်ခဲ့သော်လည်း ယခုအခါ လှေငယ်နှင့် လက်လံငါးဆယ်အနီးသို့ပင် ရောက်လာပြီဟု ထင်ရသည်။

ဤသည်မှာ ညံဖော့ကြီးဘေးမှ ငါးမျှားချိတ်တွင် လာမိနေသော ငမန်းတစ်ကောင်က ဦးတည်ရာ ဆွဲပြေးယူငင်လာသဖြင့် အဝေးမှ အနီးသို့ ရောက်လာခြင်း ဖြစ်၏။ ယခင်က ဝေးဝေးတွင် ပစ်ချထားခဲ့သော ငါးမျှားချိတ်များက နီး၍နီး၍လာပြီး နီးနီးနားနားက ငါးမျှားချိတ်တို့မှာ ဝေး၍ဝေး၍ သွားကြလေသည်။

ပိုလို ညည်းလိုက်သံကြောင့် အဖိုးဂျလားက ကမ်းရိုး တန်းရှိရာ အရှေ့ဘက်သို့ မျက်နှာမူလိုက်၏။ အရှေ့ဆီတွင် ရောင်နီဆိုသည်ကို အရိပ်အခြည်မျှပင်
မမြင်ရသေး။

ရောင်နီဦးကိုသာမဟုတ်၊ ခါတိုင်းနေ့များမှာ မြင်နေ တွေ့နေကျဖြစ်သော မိုးယံထက်မှ ငွေကြယ်ပွင့်ကလေးများကိုလည်း ယခုအခါ မမြင်ရတော့ပါချေ။ ခါတိုင်းနေ့များသာဆိုလျှင် မိုးယံထက်တွင် တွယ်ငြိကာ တဖျပ်ဖျပ် တလက်လက်နှင့် မျက်တောင်ကို ပြိုင်တူခတ်ပြီး အဖိုးဂျလားတို့ ငါးမျှားတန်းချနေကြသည်ကို တပျော်တပါး ဝိုင်းဝန်းကြည့်နေကြသော ငွေ ကြယ်ပွင့်ကလေးများမှာ အသင်္ချေ အနန္တ ရေတွက်၍ပင် မရနိုင်လောက်အောင် များပြားကြသည်။

ထိုငွေကြယ်ပွင့်ကလေးများကို ယခု၌ အလျင်းမမြင်ရသောအခါ အဖိုးဂျလား၏စိတ်ထဲမှာ တွေဝေစပြုလာသည်။ သူတို့လှေစထွက်လာကြစဉ်က အရှေ့ဘက် မိုးကောင်းကင်တွင် တွေ့မြင်ခဲ့ကြသော ငွေကြယ်ပွင့်ကလေးများမှာ ယခုအခါ လုံးဝ ပျောက်နေကြသည်။

အဖိုးဂျလားနှင့် ပိုလို ရဟူ သုံးယောက် လူတို့မျှော် စောင့်စားနေကြသည့် ရောင်နီဦးအစား အရှေ့လောကဓာတ်ဆီမှ မိုးသားတိမ်ရိပ်တို့ကသာ တရိပ်ရိပ် တက်လာနေကြသည်ကို လှမ်းမြင်ရသောအခါ သုံးယောက်စလုံးတို့၏ စိတ်မှာ ပို၍ ညစ်ညူးစပြုလာကြသည်။ သည်အတိုင်းဆိုလျှင် မိုးလင်းရန်အချိန်က နောက်ကျနေမည်မှာ မုချပင်ဖြစ်လေသည်။

“အရှေ့ဘက်မှာ မိုးရိပ်တွေက ထူပိန်းနေတာဘဲကွ ရဟူရာ၊ အဲဒါကြောင့် ရောင်နီဦးကို မမြင်ရတာ၊ အတော်ကြာရင်တော့ လင်းလာပါလိမ့်မယ်။ ကဲ ဒို့စမ်းပြီးတော့ ငါးမျှားတန်းတွေစ ဖော်ကြရအောင်လား”

အဖိုးဂျလား၏ စကားအဆုံးမှာပင် လှေငယ်ကို မျှား တန်းကြိုးအစရှိရာသို့ မှန်းဆ၍ လှော်ခတ်လာကြသည်။ ပြီး မျှားချိတ်တွင်မိနေသော ငမန်းများကို အမှောင်ထဲ၌ စမ်း၍စဖော်ကြသည်။

မျှားချိတ်တွင်တွယ်ငြိနေသော ငမန်းများမှာ မသေကြသေးသဖြင့် ဟိုဘက်ဆွဲပြေး သည်ဘက်ဆွဲပြေးနှင့် လူသုံးယောက်မှာ အတော်ပင် ကြိုးကြိုးစားစား ဆွဲဖော်နေကြရသည်။

မျှားချိတ်တွင်မိ၍ ပါလာသော ငမန်းများကို ပိုလိုက တစ်ကောင်ချင်း လိုက်ဖြုတ်ပြီး ရဟူနှင့် အဖိုးဂျလားတို့က ရေထဲမှ ငါးများကို လှေငယ်ပေါ်သို့ ဆွဲတင်နေကြရသည်။

အဇဋာတခွင်ပြင်လုံးမှာ မိုးရိပ်တိမ်တိုက်တို့က မည်မျှပင် သိပ်သည်းအုံဖွဲ့နေကြသော်လည်း ကပ္ပလီပင်လယ်၏ ရေပြင်မှာကား မကြာခင် လင်းထိန်၍လာတော့၏။

လောကဓါတ်တခုလုံးအား မိုးမင်းက မည်မျှပင် မှောင်ချထားချင်သော်လည်း နေမင်း၏ လင်းရောင်ခြည်ကိုကား သူက တားဆီး၍ မရနိုင်ပါချေ။

လင်းလင်းထင်းထင်း ဖြစ်လာသောအခါ ငါးမျှားတန်းမှာ ဖော်ယူနေကြသော အဖိုးဂျလားတို့၏လက်မှာ ပို၍ပြန်လာသွက်လာကြသည်။ မိနစ်ပိုင်းအတွင်းမှာပင် မိနေသော ငါးများကို “ဟောတကောင် ... ဟောတကောင်” ရေပြင်ထဲမှ လှေငယ် ပေါ်သို့ ဆွဲတင်နိုင်ခဲ့ကြလေသည်။

လက်လံသုံးရာကျော်ရှည်လျားသော ငါးမျှားတန်းကြိုးမှာလည်း လှေပေါ်သို့ လက်လံနှစ်ရာ ကျော်လောက် ရောက်နှင့်နေလေပြီတည်း။

ထိုအချိန်မှာပင် အဖိုးဂျလားတို့၏ လှေငယ်နှင့် လက်လံနှစ်ဆယ်အကွာလောက်မှ ဝုန်းကနဲ ရေပွက်သံကြီးတစ်ခုကို သုံးယောက်စလုံး ရုတ်တရက် ကြားလိုက်ကြ၏။ ထိုရေပွက်သံကြီးကြောင့် ကြိုးစကို ခဏလွှတ်ချကာ ရဟူနှင့် အဖိုးဂျလားတို့က
အသံကြားရာဘက်သို့ လှည့်ကြည့်လိုက်ကြ၏။

"အီနွန်း"

ငါးမျှားတန်းချခြင်းနှင့်ပတ်သက်၍ အတွေ့အကြုံ နည်းပါးသေးသော ပိုလိုက နောက်ထပ် ရေပွက်သံကြီးတချက်ကြောင့် လန့်အော်လိုက်သည်။

("အီနွန်း"ဆိုသည်မှာ ဆလုံဘာသာဖြင့် အမေဟု တလိုက်ခြင်းပင်)

‘ဝုန်း’ကနဲ နောက်ထပ် ရေပွက်သံကြီးအဆုံးမှာ မျှား ချိတ်မှ မဖြုတ်ရသေးသော ငမန်းနှစ်ကောင်သည် လှေပေါ်မှ ရေထဲသို့ ခုန်ကျသွားသည်။

ထို့အပြင် ရဟူ၏ ပုဆိုးစမှာလည်း ငါးမျှားချိတ်တစ်ခု နှင့် တွယ်ချိတ်ငြိမိပြီး စက္ကန့်ပိုင်းအတွင်းမှာပင် စုတ်ပြဲသွားလေသည်။ သူ့ပုဆိုးစ ပြဲသွားသည်ကို ရဟူက နိမိတ်မကောင်းဟု စိတ်ထင့်လိုက်၏။

အမှန်က ငါးမျှားတန်းတွင် မိနေသော ငမန်းငယ်တစ် ကောင်ကို နောက်ထပ် ငမန်းကြီးတစ်ကောင်က လာဟပ်ဆွဲပြေးသဖြင့် ယခုလို မျှားချိတ်မဖြုတ်ရသေးသော လှေပေါ်မှ နှစ်ကောင်က ရေထဲပြန်ကျသွားခြင်း ဖြစ်လေသည်။

“ဟဲ့ ... ဟဲ့ ရဟူ ကြိုးကို မြန်မြန်ဆွဲထားစမ်း”

အဖိုးဂျလားက ရဟူအား အထိတ်တလန့် အော်ပြောပြီး သူကိုယ်တိုင်လည်း မျှားတန်းကြိုးကို အလျင်အမြန် ဆွဲတင်းထားလိုက်၏။

ရဟူနှင့် အဖိုးဂျလားတို့နှစ်ယောက်က လှေဦးကို ခြေ ထောက်နှင့် တအားစုံကန်ကာ ပြန်ဆွဲထိန်းထားကြသော်လည်း ရုတ်တရက်မှာ ငမန်းကြီး၏ ဆွဲပြေးအားကို ရပ်တန့်သွားရန် မစွမ်းဆောင်နိုင်ကြပေ။

ထိုအခါ သူတို့၏ လှေငယ်မှာ ငမန်းကြီး၏ ဆွဲပြေးရာသို့သာ ရေပြင်၌ ဒရွတ်တိုက်၍ လွင့်ပါနေရ လေသည်။

“ငမန်းကြီးကြီးတစ်ကောင်တော့ မိပြီကွ။ ဟဲ့ ပိုလို ဒီမျှားတန်းကြိုးကိုဖြတ်ပြီး လိုက်ကြိုးမြန်မြန်ဆက်ပေးပါကွ”

ငမန်းကြီးနှင့် ဟိုဘက်သည်ဘက် အင်အားချင်း ပြိုင်ဆွဲနေကြသော သူတို့နှစ်ဦးအား မျက်ကလဲဆန်ပျာ ငေးကြည့်ကာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေသော ပိုလိုအား အဖိုးဂျလားက လိုက်ကြိုးဆက်ပေးရန် အလျင်အမြန် သတိပေးလိုက်သည်။

အဖိုးဂျလားက ဤမျှပြောလိုက်ရုံနှင့် ပိုလိုကလည်း လျင်ပြီးသား ဖြစ်သည်။

မျှားတန်းချရာတွင် အဖိုးဂျလားတို့လောက် အတွေ့အကြုံ မရင့်ကျက်သေးသော်လည်း ဆလုံအမျိုး သားပီပီ ပိုလိုက အတော်အသင့်တော့ အရည်အချင်း ပြည့်ပြီးသူဖြစ်၏။

လှေကုန်းပတ် ဝါးကပ်ပြားတွင် ခိုင်ခိုင်မြဲမြဲ လျှိုထား ထားသော ဓားမြှောင်ရှည်ကိုဆွဲကိုင်ကာ အဖိုးဂျလားတို့ ဆွဲကိုင်ထားသော လက်အဆုံးမှ တမိုက်လောက် ခွာကာ မျှားတန်းကြိုးကို ဓားနှင့်လှီးဖြတ်လိုက်သည်။

ပြီးမှ ငါးမျှားချိတ်များ လုံးဝမပါသော လိုက်ကြိုးတစ်ပင်ကို ပိုလိုက ခိုင်ခိုင်မြဲမြဲ ဆက်ပေးလိုက်၏။

ပိုလိုက လိုက်ကြိုးဆက်ပေးပြီးသောအခါ အဖိုးဂျလားနှင့် ရဟူတို့မှာ မျှားတန်းကြိုးကို ပြိုင်တူလျှော့ပေးလိုက်ကြပြီး သက်မ,ကိုလည်း ပြိုင်တူချလိုက်ကြသည်။ ပိုလိုကတော့ လိုက်ကြိုးကြီး ရဟတ်လုံးကို တစ်ပတ်ချင်းထိန်း၍ လျှော့ဖြေပေးရ၏။

"ငမန်းက တော်တော်တော့ ကြီးပုံရတယ်။ ဒို့တော့ တချီထဲ ပွတာဘဲ”

အဖိုးဂျလား၏စကားကြောင့် ပိုလိုနှင့် ရဟူတို့မှာ အတိုင်းမသိ အူမြူးသွားကြသည်။

သူတို့မှာ ငယ်စဉ်ကပင် ကပ္ပလီပင်လယ်ပြင်၌ မျှားတန်းချခြင်း၊ လိပ်ထိုးခြင်း၊ လိပ်ဥကောက်ခြင်းတို့နှင့် ကြီးပြင်းလာကြသူတွေဖြစ်လေရာ ကြီးမားသော ငမန်းကြီးတစ်ကောင် မျှားချိတ်တွင်လာမိနေ၍ သူတို့လှေငယ်ကို ဆောက်တည်ရာမရလောက်အောင် ဆွဲပြေးနေသည်ကိုပင် သူတို့မှာ ထိတ်လန့်ရမှန်းမသိကြပေ။ ငမန်းကြီးတစ်ကောင် ရတော့မည်ဟူသော လောဘဇောနှင့် အူမြူး၍ပင် နေလိုက်ကြသေးသည်။

မျှားတန်းလိုက်ကြိုးကို တအားဆွဲပြေးနေသော ငမန်းကြီးက လိုက်ကြိုးကုန်၍ တန့်သွားသောအခါ အဖိုးဂျလားတို့မှာ များကြိုးကို ဖြည်းဖြည်းချင်း ပြန်ဆွဲယူကြပြန်သည်။ လက်လံငါးဆယ်ကျော်လောက် ဆွဲမိပြီးကြသောအခါ ငမန်းကြီးက တခါ
ပြန်ဆွဲပြန်၏။

သည်တခါတော့ လိုက်ကြိုး ဆက်ပေးထားပြီးဖြစ်သဖြင့် လှေငယ်က ငမန်းကြီးဆွဲပြေးရာသို့ လွင့်ပါမသွားတော့ပေ။ မျှားတန်းလိုက်ကြိုးကို လျှော့ဖြေပေးရုံနှင့် ငမန်းကြီးကို ထိန်းထားနိုင်ခဲ့သည်။

ဤသို့နှင့်ပင် ငါးတပြန် လူတပြန် ဆွဲလိုက်လျှော့လိုက်နှင့် အပြောကျယ်လှသော ကပ္ပလီပင်လယ်ပြင်တွင် ငမန်းရိုင်းကြီးတစ်ကောင်နှင့် ဆလုံအမျိုးသားသုံးဦးတို့မှာ အင်အားချင်း ယှဉ်ပြိုင်လျက် ရှိနေကြသည်။

မှောင်မိုက်သောအကာလညအချိန် မဟုတ်တော့သဖြင့် ငမန်းကြီး၏ဆွဲပြေးရာသို့ လွင့်ပါပြေးလိုက်နေကြသော ညံဖော့ကလေးများမှာ သူတို့ဘယ်နေရာ ရောက်သွားပြီဆိုသည်ကို ရေပန်းရေမွှားများနှင့် အဖိုးဂျလားတို့အား ထင်ထင်ရှားရှား အချက်မပြနိုင်ကြတော့ပြီဖြစ်သော်လည်း သူတို့၏ထိပ်မှ ပန်ဆင်ပေးထားသော ပန်းရှူးတိုင်ကလေးများကမူ ရေနစ်နေသော ညံဖော့ကလေးများကိုယ်စား အဖိုးဂျလားတို့အား အချက်ပြလျက်ရှိသည်။

ကပ္ပလီပင်လယ်ပြင်ကျယ်တွင် ပေါလောမျောနေကြ ညံဖော့လုံးကလေးများထိပ်မှ ပန်းရှူးတိုင်များကို အိမ့်လှိုင်းလုံးများပေါ်တွင် အထင်အရှား မြင်နေရ၏။

ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့လှေငယ်နှင့် ငမန်းကြီးချိတ်မိနေသော မျှားချိတ်၏နေရာကို အဖိုးဂျလားတို့မှာ ခန့် မှန်းတွက်ဆထားပြီးဖြစ်သည်။

သူတို့လှေငယ်နှင့် ငမန်းကြီးချိတ်မိနေသော နေရာမှာ လက်လံတရာသာသာ ဝေးနေသေးသည်။ တချက်တချက်တွင် ငမန်းကြီးသည် ပန်းရှူးတိုင်များကိုပင် ရေထဲသို့ နစ်မြုပ်ဆွဲပြေးသွား၏။

သို့သော် အချိန်ကြာကြာတော့မဟုတ်။ မကြာမတင် အချိန်ကလေးမှာပင် ငမန်းကြီးက အားကုန်မောပန်းသွားပြီး ရေထဲမှာပင် နစ်မြုပ်နေသော ပန်းရှူးတိုင်ကလေးများက ရေထဲမှ အလျှိုလျှို ပြန်ပေါ်လာကြသည်။

ငမန်းကြီး မောသွားပြီဟူသော ပန်းရှူးတိုင်များ၏ အချက်ပြခြင်းကို လှမ်းမြင်ရသည်နှင့်တပြိုင်နက် အဖိုးဂျလားတို့က မျှားတန်းကြိုးကို မသိမသာ ထိန်း၍ ဆွဲငင်ရ၏။

အဖိုးဂျလားတို့၏ ညင်ညင်သာသာ ဆွဲခေါ်ရာသို့ တဖြည်းဖြည်းလိုက်ပါလာသော ငမန်းကြီးမှာ လှေနှင့်နီးလာပြီဆိုသည်ကို အတပ်သိသည့်ပမာ တခါပြန်၍ ဆွဲပြေးပြန်သည်။

သည်လိုနှင့်ပင် ငါးကဆွဲပြေးလိုက်, လူကပြန်ဆွဲလိုက်နှင့် လူတပြန်,ငါးတပြန် အားစမ်းနေကြသည်မှာ အချိန်တစ်နာရီခန့် ကြာသွားလေပြီ။ ရေထဲတွင် အဖိုးဂျလားတို့ထက် အဆများစွာပို၍ အားသန်နေသော ငမန်းကြီးကို အဖိုးဂျလားတို့မှာ ယခုထိ မဖမ်းမိနိုင်ကြသေးပေ။

မိုးသားတိမ်လိပ်တို့က အပြောကျယ်လှသော ကပ္ပလီ ပင်လယ်ပြင်တခွင်လုံးကို အပေါ်စီးမှ အုပ်မိုးထားသဖြင့် နေရောင်ခြည်ကိုလည်း လုံးဝမမြင်ရသေးပေ။ ငမန်းကြီးတစ်ကောင်ရတော့မည်ဟူသော လောဘဇောကြောင့် အဖိုးဂျလားတို့မှာ အချိန်ကာလကိုပင် သတိမပြုမိကြ။ ငမန်းကြီးကို ဖမ်းဆီးနိုင်ရန်သာ အစွမ်းကုန်ကြိုးပမ်းလျက် ရှိနေကြသည်။ ဖြည်းဖြည်းချင်း ဆွဲငင်လာသော မျှားတန်းကြိုးထဲတွင်
ပန်းရှူးတိုင်များကို ကျော်တက်ပါလာနေသော ထိုးထိုးထောင်ထောင် ငမန်းယပ်တောင်ကြီးနှစ်ခုကို လှမ်းမြင်ကြရသာအခါ အဖိုးဂျလားနှင့် ပိုလို၊ ရဟူ သုံးယောက်တို့မှာ အတိုင်းမသိ မြူးရွှင်သွားကြသည်။

တမနက်လုံး သူတို့သုံးယောက်နှင့် အားချင်းပြိုင်၍ နပမ်းလုံးလာနိုင်ခဲ့သော ငမန်းကြီးမှာ ယခုအခါ အားအင်ကုန်ခမ်း မောပန်းသွားလေပြီ။ ထို့ကြောင့်လည်း သူတို့ဆွဲခေါ်ရာသို့ ယခုအခါ ငမန်းကြီးမှာ တရွေ့ရွေ့ လိုက်ပါနေရလေပြီ မဟုတ်ပါလား။

ငါးမျှားချိတ်တွင် မိနေသော ငမန်းရိုင်းကြီး၏ ကိုယ်လုံး ကိုယ်ထည်ကို ထင်ထင်ရှားရှား မမြင်ရသေးသော်လည်း ငမန်းကြီး၏ အမြီးဖျားနှင့် ဘေးနှစ်ဖက်မှ ရေယက်ယပ်တောင်အစုံကို လှမ်းမြင်ရရုံနှင့် အနည်းဆုံး ပိဿာတစ်ရာကျော်ခန့်ရှိမည့် ငမန်းကြီးဖြစ်မှန်းကိုတော့ အဖိုးဂျလားက စိတ်မှန်းနှင့် တွက်ချက်ထားပြီး ဖြစ်လေသည်။

ထို့ကြောင့်လည်း သူ၏မျက်နှာတစ်ပြင်လုံးမှာ ကြည်
ကြည်လင်လင်နှင့် အပြုံးရိပ်များပင် ဆင်လျက်ရှိလေသည်။

"သတိနဲ့ ဖြေးဖြေးချင်းသာဆွဲကြကွာ။ ငမန်းကြီးက တော့ နီးလာပြီ”

ယခင်က သူတို့လှေငယ်နှင့် လက်လံတရာကျော် အကွာအဝေး ရေထဲမှ ထိန်းမနိုင် သိမ်းမရလောက်အောင် ရုန်းရင်းကြမ်းတမ်းစွာ ထွက်ပြေးအစွမ်းပြခဲ့သော ငမန်းကြီးမှာ ယခုအခါ တဆယ် ကိုးလံအနီးသို့ပင် တဖြည်းဖြည်းနှင့် ရွေ့လျားရောက် နေလေပြီ။

“ကဲ. . . ရဟူ၊ မင်းလက်ဖြုတ်လိုက်တော့ မှိန်းကိုသာ
အသင့်ချိန်ထား”

ငမန်းကြီးအား သုံးယောက်သား ဝိုင်းဆွဲနေကြရာမှ အဖိုးဂျလားက မင်းလက်ဖြုတ်ဆိုတော့သဖြင့် ရဟူက ဆွဲကိုင်ထားသော ငါးမျှားကြိုးကို အသာလွှတ်လိုက်သည်။ ပြီး လှေဝမ်းထဲမှ မှိန်းရှည်တစ်ချောင်းကို ဆတ်ကနဲ ကောက်ကိုင်ကာ လေထဲမှာ ဝှေ့ယမ်း၍ အနေအထားကို ချိန်ဆလျက်ရှိလေသည်။ ငမန်းကြီးက အဖိုးဂျလားတို့၏လှေငယ်နှင့် နီးသည့်ထက် နီးလာသောအခါ အဖိုးဂျလားမှာလည်း ရဟူကဲ့သို့ပင် မျှားတန်းကြိုးကို အသာလွှတ်ချလိုက်သည်။ ထိုအခါ မျှားတန်းကြိုးကို တဖြည်းဖြည်းထိန်းဆွဲနေရသူမှာ ပိုလိုတစ်ယောက်ထဲသာ ကျန် တော့၏။

“လူလေး ပိုလိုဖြေးဖြေးချင်းသတိနဲ့ ထိန်းဆွဲကွနော်၊ သိပ်အရေးကြီးလာပြီ၊ ဖြေးဖြေးချင်းသာဆွဲ”

“ဟုတ်ကဲ့အဘ. . . စိတ်ချပါ”

“ရဟူ ငမန်းကြီးရဲ့ ရေယက်ယပ်တောင်နှစ်ခုကို မင်း မြင်တယ်မှုတ်လား။ ရေယက်ယပ်တောင်နဲ့ သုံးလေးလက်မအကွာ အတွင်းရှေ့ဘက်ကို ထိုးရမယ်နော်။ လှိုင်းပုတ်လို့ လှေက သိပ်လှုပ်နေတယ်။ မင်းလက်ထားတာ သိပ်မဟုတ်သေးဘူး၊ လေကြောအတိုင်း ချိန်ထားပါကွ”

အဖိုးဂျလားက ငမန်းမျှားကြိုး ဆွဲငင်နေရသော ပိုလို နှင့်မှိန်းကို လေထဲတွင် တဆဆ, ချိန်တွယ်နေသော ရဟူတို့အား ကြိုတင်သတိပေးထားသည်။

အမှန်က အိမ့်လှိုင်းလုံးကြီးများပေါ်တွင် နိမ့်ချည်မြင့်ချည်ဖြစ်နေသော လှေငယ်ထက်မှ ငမန်းကြီးကို မှိန်းနှင့် အမိအရ လှမ်းထိုးရန်မှာ စင်စစ်တော့ လွယ်သောအလုပ် မဟုတ်ပေ။ မှိန်းရှည်ကို လေဆန်မဖြစ်စေဘဲ လေကြောအတိုင်း ခပ်ရွေ့ရွေ့ လှမ်းထိုးရမည့်အပြင် ကိုယ်ခန္ဓာအနေအထားကလည်း မတ်မတ်တည်ငြိမ်နေဖို့ လိုလေသည်။

ယခုအခါ လေထန် လှိုင်းထန် လေအဆန် ဖြစ်နေသဖြင့် လှေငယ်မှာ လူးလွန့်လှုပ်ရှားလွန်းလှသည်။

ရဟူကဲ့သို့ သက်နုမှိန်းသမားတစ်ယောက်ကို မဆိုထားနှင့်၊ ပင်လယ်ပြင်ထဲတွင် နှစ်ရှည်လများ ငါးထိုးမျှားတန်းလုပ်လာခဲ့သော အဖိုးဂျလားမှာပင် လှေငယ်၏ လူးလွန့်လှုပ်ရှားမှုအရှိန်ကြောင့် ဒူးမငြိမ်ဖြစ်နေလေသည်။

ပိုလိုက တဖြည်းဖြည်းသိမ်းရင်း ဆွဲငင်နေသော ငမန်းကြီးမှာ အဖိုးဂျလားတို့၏ လှေငယ်နှင့် ငါးလံသာသာ အကွာအဝေးသို့ ရောက်လာ၏။ ငမန်းကြီးအား မှိန်းရှည်နှင့် လှမ်းထိုးရန်မှာ စက္ကန့်ပိုင်းသာ လိုတော့သဖြင့် လူသုံးယောက်စလုံး၏ ရင်ထဲမှာ တဒိတ်ဒိတ်ခုန်လာကြသည်။

ကျွမ်းကျင်လွန်းလှသော လေးသည်တော်နှစ်ဦးဆီမှ ပြိုင်တူပစ်လွှတ်လိုက်ကြသော ငွေမြားတံနှစ်ချောင်းပမာ အဖိုးဂျလားနှင့် ရဟူတို့၏ လက်ထဲမှ မှိန်းရှည်နှစ်ချောင်းမှာ လေကြောကို ရှီကနဲ ဖြတ်ပြေးပြီး ငမန်းကြီး၏ ရေယက်ယပ်တောင်နှစ်ခု ကြားကို ဒက်ကနဲ သွားမှန်တော့သည်။

အဖိုးဂျလားနှင့် ရဟူတို့က နောက်ကပ်မှိန်းရှည်နှစ် ချောင်းကို လှမ်းအကောက်တွင်တော့ ငမန်းကြီးမှာ ကျွမ်းသုံးလေးပတ်ပြန်ကာ ဝုန်းကနဲ ရေပွက်သံကြီးနှင့်အတူ မျှားကြိုးကို ကုပ်ဆွဲပြေးတော့သည်။

“ဟဲ့ ပိုလို လျှော့မပေးနဲ့၊ ဆွဲထားကွ ... ဆွဲထား”

အဖိုးဂျလားသည် ပိုလိုအား လှမ်းပြောရင်း သူကိုယ်တိုင်ကလည်း ရုတ်ခြည်းထိုင်ချကာ မျှားကြိုးကို လှမ်းယူဆွဲထားသည်။ သို့သော် အချိန်မှာ စက္ကန့်ပေါင်းများစွာ နောက်ကျသွားလေပြီတည်း။

သူတို့၏ လှေငယ်ထက်ပင် ရှည်လျားကြီးမားနေသော ငမန်းကြီးကို တခါမျှ မမြင်ဘူးသော ပိုလိုမှာ မိနေသော ငမန်းကြီးကို နီးနီးကပ်ကပ် ရုတ်ခြည်းမြင်လိုက်ရသောအခါ အတိုင်းမသိ တုန်လှုပ်ချောက်ချားသွားလေသည်။

ထို့ကြောင့်လည်း သူက မျှားကြိုးစကို ရုတ်တရက် လျှော့ပေးမိပြီးသား ဖြစ်သွားလေသည်။ သူလျှော့ပေးလိုက်သော စက္ကန့်ပိုင်းအချိန်ကလေးအတွင်းမှာပင် လှေပေါ်မှ လက်လံတစ်ရာကျော် ရှည်လျားသော မျှားတန်းလိုက်ကြိုးကို ငမန်းကြီးက သွေးရူးသွေးတန်းနှင့် တအားကုပ်ဆွဲချပြေးသွားလေသည်။

“မင်းက ဘာလို့ မျှားကြိုးကို လျှော့ပေးလိုက်ရတာလဲကွ”

ပိုလိုအား ရဟူက အပြစ်တင်စကား ဆိုလိုက်သည်။

"မနက်ကလို မျှားကြိုးကို လျှော့လိုက် တင်းလိုက် လုပ်ပေးရမလားထင်လို့ လျှော့ပေးလိုက်မိတာဘဲဗျ”

ရဟူအား ပိုလိုက လိမ်ပြောလိုက်၏။

အမှန်မှာ သူက ရုတ်တရက် လန့်ဖျပ်သွားပြီး လက်ထဲကကြိုးစကို လွှတ်ချမိခြင်းသာ။ ကြိုးစကို လွှတ်ချလိုက်မိလျှင် ငမန်းကြီးက ဝေးဝေးလံလံသို့ ထွက်ပြေးသွားနိုင်သဖြင့် နောက်ထပ် မှိန်းအကူမထိုးနိုင်ဖြစ်မည်ဆိုသည်ကို ပိုလိုကလည်း ကြိုတင်သိပြီးသားဖြစ်၏။ သို့သော် ယခုကား သူက လန့်ဖျပ်ပြီး ကြိုးကို လျှော့ပေးလိုက်မိသဖြင့် ငမန်းကြီးက ဝေးဝေးလံလံသို့ ပြေးသွားလေပြီ။ မည်သို့မျှ မတတ်နိုင်တော့ပေါချေ။

“ဒီတိရစ္ဆာန်ကြီးကိုယ်ပေါ်မှာ မှိန်းရှည်နှစ်ချောင်း ပါသွားတာဘဲ၊ ပြေးနိုင်ရင် တအောင့်ပေါ့ကွယ်။ ပြေးပါစေ၊ ပြေးပါစေ”

ပိုလိုအား မကျေမနပ်ဖြစ်နေသော ရဟူကို အဖိုးဂျလားက ချွေးသိပ်စကား ဆိုလိုက်သည်။

သွေးရူးသွေးတန်းနှင့် ငမန်းရိုင်းကြီးက တအားဆွဲပြေးနေသောအခါ သူတို့၏လှေငယ်မှာ ရေပြင်ပေါ်၌ တရိပ်ရိပ်လွင့် ပါနေသည်။ တချက်တချက်တွင် လှေဦးသည်ပင် ရေထဲနစ်လုမတတ်ဖြစ်သွားသဖြင့် လူသုံးယောက်မှာ မနည်းကြိုးကြိုးစားစား ထိန်းထားကြရသည်။ အိမ့်လှိုင်းလုံးကြီးများကြားထဲတွင် လေ ဆန်ရေဆန် ဆွဲပြေးခြင်းခံနေရသောအခါ လှေဦးမှ ရေပန်းရေမွှားများ လွင့်စဉ်လာသဖြင့် လူသုံးယောက်စလုံးမှာ ရွှဲရွှဲစိုကုန်ကြသည်။

နက်ရှိုင်းကျယ်ပြောလှသော ပင်လယ်သမုဒ္ဒရာထဲသို့ သူတို့၏လှေငယ်ကို ကွမ်းနှစ်ရာ သုံးရာညက်ထိ ဆွဲပြေးခြင်းခံနေရသောအခါ ကြိုးကိုတအားဆွဲတင်းထားကြသော အဖိုးဂျလားနှင့် ပိုလို၊ ရဟူ သုံးယောက် သူတို့၏လက်တွေမှာ နာကျင်လာကြသည်။ လိုက်ကြိုးဆက်ပေးရအောင်ကလည်း နောက်ထပ်လိုက် ကြိုးအပိုပါမလာတော့ပေ။ အဖိုးဂျလား၏ တံငါသက်တမ်းတလျှောက်တွင် ဤမျှရှည်လျားသော လိုက်ကြိုးကို အကုန်အစင် ဆွဲပြေးသွားနိုင်သော ငမန်းကြီးများနှင့် တခါမျှမကြုံဘူးပါချေ။

ထို့ကြောင့် အဖိုးဂျလားက ကြိုးကို လှေဦးဘေးတွင် အခိုင်အမြဲ ချည်နှောင်ပေးလာသည့်အတိုင်းပင် လွှတ်ပေးထားရတော့မည်။ ငမန်းကြီးကလည်း သွေးရူးသွေးတမ်းနှင့် သူတို့၏ လှေငယ်ကို သမုဒ္ဒရာပြင်ကျယ်ထဲ ဆွဲပြေး၍ကောင်းတုန်းပင် ရှိသေး၏။




အပိုင်း၄



တမနက်လုံး လူတပြန် ငါးတပြန် ပြိုင်ဆွဲလာခဲ့ကြသည့်အပြင် သူနှင့် ရဟူတို့ တအားကုန်လှမ်းထိုးလိုက်ကြသော မှိန်းရှည်နှစ်ချောင်းကလည်း ငမန်းကြီး၏ကိုယ်ပေါ်တွင် စိုက်ပါသွားလေရာ နောက်ထပ် သူတို့အား ဒုက္ခပေးနိုင်လှလျှင် ကွမ်းတရာညက်ခန့်သာဟု သဘောပိုက်မိသဖြင့် ကြိုးစကို လှေဦးမှာ ချည်နှောင်ပြီး လွှတ်ပေးထားသော အဖိုးဂျလားမှာ ကွမ်းသုံးလေးရာညက်ခန့် အချိန်ကြာ၍လည်း ငမန်းကြီး၏ ဆွဲပြေးအားက ရပ်မသွားသေးသောအခါ စိုးရိမ်သောကတခုသည် အဖိုးဂျလား၏ ရင်ဝကို ချက်ချင်းလာ၍ ဆောင့်ကန်စပြုလာတော့သည်။

အမှန်က သူသာမဟုတ်၊ ပိုလိုနှင့် ရဟူတို့ကလည်း ထိတ်လန့်လျှက်ရှိကြ၏။ ထို့ကြောင့် သူတို့နှစ်ဦးက ရေပန်းရေမွှာများကြားထဲမှာ အဖိုးဂျလား၏ မျက်နှာကို တချက်တချက် လှမ်းကြည့်စ ပြုလာကြသည်။

ပိုလိုနှင့် ရဟူတို့၏ လှမ်းအကြည့်က မည်မျှလေးနက်၍ မည်သို့အဓိပ္ပါယ်ဆောင်သည်ကို အဖိုးဂျလားက မမေးဘဲနှင့် သိထားပြီး ဖြစ်လေသည်။ သို့သော် ငမန်းကြီး၏ ဆွဲပြေးရာသို့ မလိုက်တော့ဘဲ မျှားကြိုးစကိုဖြတ်ထားခဲ့ပြီး မိမိတို့၏ တံငါတဲတန်း ရွာဆိပ်ကမ်းသို့ ပြန်ရန်ဆိုသည်မှာလည်း အဖိုးဂျလားအတွက် မည်သို့မျှ မဖြစ်နိုင်ပါချေ။

ငမန်းကြီးတစ်ကောင်နှင့် တစ်မနက်လုံး နပန်းလုံးပြီးခါမှ မျှားကြိုးကိုဖြတ်၍ ငမန်းကြီးကို လက်လွှတ်ထားခဲ့ရမည်ဆိုလျှင် မျှားတန်းကြိုးတွေကပါ ငမန်းကြီးနှင့်အတူ ပါသွားမှာမို့ ငွေသုံးလေးဆယ်ကို ပင်လယ်ပြင်ထဲလာ၍ ပစ်ချထားခဲ့သည်နှင့် ဘာမျှ ခြားနားမည်မဟုတ်ပါချေ။

သည်ထက်ပို၍ဆိုးသည့် အချက်တစ်ချက်ကလည်း အဖိုးဂျလားအတွက် ရှိသေး၏။ ငယ်စဉ်တောင်ကျေးကလေးဘဝကပင် ကပ္ပလီပင်လယ်ပြင်ကို အမှီသဟဲပြုကာ အသက်မွေးဝမ်းကြောင်း ပြုလာရသူ ရေလုပ်သား ရေမုဆိုးတစ်ယောက်အနေနှင့် ဘာမဟုတ်သော ငါးတစ်ကောင်ကို လက်မြောက်အရှုံးပေးကာ ရွာဆိပ်သို့ ပြန်လာရသည်ဆိုသော သတင်းမှာ ရေထဲတွင် ကျွမ်းကျင်လှပါသည်ဆိုသော ဆလုံတမျိုးသားလုံးတို့၏ စွမ်းရည်သတ္တိ သိက္ခာကို ကပ္ပလီပင်လယ်ပြင်ထဲမှာ သူကပစ်ချခဲ့သည်နှင့် မတူပါလား။

ပြီး ထိုသတင်းက ရွာထဲ၌ အုတ်အော်သောင်းနင်း ဖြစ်လျှင် နောင်တွင် ဤမျှစွမ်းရည်သတ္တိနည်းသောသူနှင့် ငါးမျှားတန်းချရန် မည်သူတစ်ဦးတစ်ယောက်ကမှ လိုက်လိုကြတော့မည်မဟုတ်ပေ။

ထို့ကြောင့် မည်သို့ပင်ဖြစ်စေ ဤငမန်းကြီးကို လက် မြှောက်အရှုံးပေးပြီးတော့ ရွာဆိပ်သို့ မည်သည့်နည်းနှင့်မျှ သူက မပြန်နိုင်ပေ။ ဤသည်တို့ကို တွေးမိသောအခါ အဖိုးဂျလား၏ စိတ်မှာ ညစ်ညူးစပြုလာတော့သည်။

ကြည့်စမ်း .. ငမန်းကြီးကလည်း သူတို့၏လှေငယ်ကို ယခုအချိန်ထိ ဆွဲပြေးနေတုန်းပင်တည်း။

အဖိုးဂျလားသည် ပင်လယ်ရေပြင်ထက်တွင် သူတို့ကဲ့သို့ ငါးမျှားတန်းချနေကြသော တံငါလှေငယ်များကို အနီးအနားပတ်ဝန်းကျင်၌ တွေ့လို့တွေ့ငြား ရှာကြည့်နေမိသေးသည်။ အကယ်၍ ဤသို အကြပ်ရိုက်နေချိန်တွင် တံငါလှေငယ်တစင်းတလေကိုသာ ပတ်ဝန်းကျင်၌ မြင်မိပါက ထိုလှေငယ်ကို တက်ထောင်အချက်ပြပြီး အကူအညီခေါ်ယူကာ ငမန်းကြီးပြေး နေရာသို့ လှေကူနှင့်ပြေးလိုက်၍ ငမန်းကြီးကို မှိန်းနှင့်ထပ်ထိုးကာ ဖမ်းယူနိုင်မည် မဟုတ်ပါလား။

ရေပြင်ကျယ်၏ ပတ်ဝန်းကျင်ကို လှမ်းကြည့်မိခါမှ အဖိုးဂျလား၏စိတ်မှာ ပို၍ရှုပ်ထွေးနောက်ကျိသွား၏သူ။ တို့၏ ပတ်ဝန်းကျင်ရေပြင်ထဲတွင် တံငါလှေကို မဆိုထားနှင့်၊ လှေနှင့်တူသော အရာဝတ္ထု တခုတလေကိုပင် အရိပ်အခြည်မျှမမြင်ရပေ။

ပင်လယ်ပြင်ကြီးတစ်ခုလုံးမှာ မိုးကသည်းထန်စွာရွာ သွန်းနေသဖြင့် အရှေ့အနောက်၊ တောင်မြောက်၊ ဝဲယာ လေးဘက်လေးတန်သော အရပ်မျက်နှာတို့မှာ မိုးကုပ်၍ မှိုင်းချုပ်မဲမှောင်နေတော့သည်။

ဤဘက်သည် ကမ်းရိုးတန်းရှိရာ အရှေ့အရပ်ပါလားဆိုသည်ကိုပင် ရေကြောကိုကြည့်၍သာ သိရ၏။ ကမ်းကိုကား လုံးဝ မမြင်ရတော့ပေ။

ငမန်းကြီးနှင့် နပမ်းလုံးနေရသဖြင့် သူတို့က ပတ်ဝန်း ကျင်ကို ဂရုမပြုမိ။ သူတို့ကိုယ်ပေါ်သို့ တဖျောက်ဖျောက် စဉ်ကျလာသော ရေပေါက် ရေမွှားများမှာလည်း လှေဦးမှ စဉ်ထွက်လာသော ဆားငန်ရည်များသာဟု သူတို့ကထင်ခဲ့ကြသည်။

အမှန်က သူတို့ထင်ခဲ့သော ရေပန်းရေမွှားများထဲမှာ မိုးရေ မိုးပေါက်တို့ကလည်း ရောပါခဲ့၏။

ပင်လယ်ရေပြင်ကျယ်တွင် နေရောင်ခြည်ကို တမနက်လုံး မမြင်ရသည်မှာလည်း မနက်ကပင် မိုးအုံ့နေသဖြင့်သာဟု ထင်ခဲ့သည်။ မိုးသည်းထန်စွာ ရွာလိမ့်မည်ဟု မည်သို့မျှမဥပါဒ်ခဲ့။ ယခုတော့ ပင်လယ် ရေပြင်ကျယ်မှာ မိုးသည်းထန်စွာ ရွာသွန်းနေလေပြီ။

နံနက်အရုဏ်မတက်မီက သူတို့နှင့်အတူ တံငါတဲတန်း ရွာဆိပ်ကမ်းမှ ကပ္ပလီပင်လယ်ပြင်သို့ ငါးမျှားတန်းချရန် အတူထွက်လာကြသော တံငါလှေငယ်များမှာ ရာသီဥတုအခြေအနေ မကောင်းသဖြင့် စောစောပိုင်းအချိန်ကပင် ရွာဆိပ်သို့ ပြန်လှည့်သွားကြလေပြီ။

သူတို့ကသာ ငမန်းကြီးတစ်ကောင်ရတော့မည်ဟူသော လောဘဇောအဆိပ်သင့်၍ အပြောကျယ်လှသော သမုဒ္ဒရာပင်လယ်ပြင်ထဲမှာ မျက်စိသူငယ် နားသူငယ်နှင့် လှေငယ်တစ်စင်းထဲ ကျန်ရစ်ခဲ့လေပြီ။

နေရောင်ခြည်တန်းများနှင့် နေဝန်းနီနီကို လုံးဝမမြင်ရသော်လည်း တနေ့တာ၏အချိန်မှာ နေမွန်းတိမ်းစလောက်ပင် ရှိလေပြီဆိုသည်ကိုတော့ ကောင်းစွာ ခန့်မှန်းထားပြီးဖြစ်လေသည်။

အဖိုးဂျလားက ငါးမျှားကြိုးကိုဖြတ်ထားခဲ့ပြီး ရွာဆိပ်သို့ ပြန်ရနိုးနိုး၊ ငမန်းကြီးကိုဖမ်း၍ မရမချင်း ဆက်လက်၍ ကြိုးစားရနိုးနိုးနှင့် ဝေခွဲမရဖြစ်နေချိန်မှာပင် ရေပြင်၌ ဒရွတ်တိုက်လွင့်ပါနေသော သူတို့၏လှေငယ်မှာ တဖြည်းဖြည်း အရှိန်လျော့၍ ရပ်သွားသည်။ အဖိုးဂျလား၏မျက်နှာက ရုတ်ခြည်း ဝင်းလဲ့လာပြန်၏။

အမှန်က အဖိုးဂျလားသာမဟုတ်၊ လူကြီးလုပ်သူအား ပြန်မပြောရဲသဖြင့်သာ ငြိမ်၍လိုက်ပါလာကြသော ရဟူနှင့် ပိုလိုတို့၏ မျက်နှာမှာလည်း ချက်ချင်း ဝင်းဝင်းထိန်လာကြလေသည်။ တစ်နေ့လုံး ဒုက္ခပေးလာသော ငမန်းကြီးမှာ ယခုအခါ အင်အားအစွမ်း ကုန်ခမ်းသွားလေပြီတည်း။

အဖိုးဂျလားက မျှားကြိုးစကို ခပ်တင်းတင်း ဆွဲကြည့်သည်။ ငမန်းကြီးက အဖိုးဂျလား ဆွဲငင်ရာသို့ တအိအိပါလာနေ၏။ ဤမျှဆိုလျှင် ငမန်းကြီး၏ စွမ်းပကားက သူတို့သုံးယောက်အား အရှုံးပေးသွားလေပြီ ဆိုသည်ကို အဖိုးဂျလားက ခန့်မှန်းမိပြီးသား ဖြစ်၏။

နောက်ထပ် တစ်ချက်နှစ်ချက် ရုန်းကန်ပြီးသောအခါ ငမန်းကြီးမှာ ဘယ်လိုမှ မလှုပ်နိုင်တော့ဘဲ ငြိမ်သက်စွာ ပါလာတော့သည်။ သို့သော် ရေထဲက ငမန်းကြီးကိုကား အကောင်အထည် မမြင်ရပါသေး။ စိတ်မှန်းနှင့်သာ ခန့်မှန်းနေရလေသည်။

အမှန်က ဤကဲ့သို့ မမျှော်လင့်ဘဲ ဒုက္ခဖြစ်ရသည်မှာ မလိမ်မိုးမလိမ္မာသော ပိုလိုကြောင့်ပင်ဖြစ်သည်။ အကယ်၍ ပိုလိုကသာ ငါးမျှားကြိုးတန်းကို ယောင်ရမ်းပြီး လျှော့မပေးလိုက်မိလျှင် နောက်ထပ် မှိန်းအကူ သုံးလေးချောင်းနှင့် လှမ်းထိုး၍ ငမန်းကြီးကို စောစောပိုင်းကပင် ဖမ်းမိနိုင်၏။

ပိုလိုက ကြိုးလျှော့ပေးမိသဖြင့် မှိန်းအကူမထိုးနိုင်သော ခရီးဝေးသို့ ငမန်းကြီးက ထွက်ပြေးသွားသောအခါ သူတို့မှာ မည်သို့မျှ မတတ်နိုင်ဘဲ ငမန်းကြီးနှင့် တစ်နေ့လုံး နပမ်းလုံးခဲ့ကြရ၏။

ထို့ကြောင့်လည်း ပိုလိုအား ရဟူက ယနေ့၌ လုံးဝ မကျေနပ်ခဲ့။ နမော်နမဲ့နှင့် နုံလွန်း အ,လွန်းသော ပိုလိုကို ရဟူက ကျိန်ဆဲချင်နေသည်။ ဤသည်ကို အဖိုးဂျလားက ကောင်းစွာ ရိပ်မိခဲ့၏။

သို့သော် ကျယ်ပြောနက်ရှိုင်းလှသော ပင်လယ်သမုဒ္ဒရာပြင်ထဲ တစ်ယောက်နှင့်တစ်ယောက် ဗျစ်တောက်ဗျစ်တောက် ဖြစ်ကြမည်စိုးသဖြင့် ရဟူအား သူက ဟန့်တားခဲ့လေသည်။

“ငမန်းကြီးကတော့ ဒီတခါ စိတ်ချရပြီကွ။ ဒင်း ဘယ်လိုမှ ဒုက္ခမပေးနိုင်တော့ဘူး”

အဖိုးဂျလားက ငမန်းကြီး၏ အခြေအနေမှာ စိတ်ချရပြီဟုဆိုသော်လည်း မိုးက သည်းထန်စွာ ရွာလာပြန်သဖြင့် ပိုလိုနှင့် ရဟူတို့မှာ စိတ်အားငယ်လျက်ရှိကြသည်။ သို့သော် အဖိုးဂျလားက မိုးသည်းထန်စွာ ရွာနေသည့်အကြောင်းကိုတော့ စကားအဖြစ်ပင် ထည့်မပြောပေ။

ဤသည်တို့မှာ ပိုလိုနှင့် ရဟူတို့ စိတ်ပျက်သွားမှာစိုး ၍လား၊ သို့မဟုတ် ပင်လယ်သမုဒ္ဒရာထဲတွင် မကောင်းသော နိမိတ်စကားကို မဆိုရ၊ မညည်းညူရဟူသော ရေမုဆိုးတို့၏ အယူအဆ အစွဲအလမ်းများကြောင့်လား ဆိုသည်ကိုတော့ ပိုလိုနှင့် ရဟူတို့က ဘယ်လိုမှ မခန့်မှန်းတတ်ကြပေ။

“လှေထဲမှာ ရေအတော်ဝင်နေပြီ၊ ပက်ထုတ်လိုက်ကြ
ပါကွာ”

“ဟုတ်ကဲ့ အဘ”

လှေဝမ်းထဲက မိုးရေနှင့် စိမ့်ဝင်စဉ် ဝပ်နေသော ဆား ငန်ရေများကို ပိုလိုက ပက်ခွက်နှင့် ပက်ထုတ်ပစ်လိုက်၏။

“ကဲ ... ဒို့နားရင် ထမင်းစားကြမယ်။ နေလဲစောင်း သွားပြီတောင် ထင်ပါရဲ့။ ထမင်းစားပြီးမှ ငမန်းကြီးကို ဖမ်းကြမယ်””

အဖိုးဂျလားက ထမင်းစားကြမည်ဆိုသဖြင့် ရွက်တိုင်ရင်းတွင် ချိတ်ဆွဲထားသော ထမင်းထုပ်များဆီသို့ ပိုလို၏ မျက်လုံးအစုံက ဦးစွာရောက်သွားသည်။

“ဟာ... ထမင်းထုပ်က နှစ်ထုပ်ဘဲ ရှိပါတော့လား။ နောက်တစ်ထုပ် ဘယ်ရောက်သွားပါလိမ့်။"

ရွာဆိပ်မှ ထွက်လာကြစဉ်က ထမင်းတစ်ယောက် တစ်ထုပ်ကျစီ ယူလာခဲ့ကြသော်လည်း ယခုအခါ ထမင်းတစ်ထုပ်ပျောက်သွားသည်ဟု ပိုလိုကပြောလိုက်သဖြင့် ရဟူ၏မျက်နှာမှာ ချက်ချင်း အေးစက်သွားလေသည်။ သူက အယူသည်းတတ် သူပီပီ သူ့အတွေးနှင့်သူ ထမင်းတစ်ထုပ် ပျောက်သွားသည်ကိုပင် နိမိတ်ပြပြီး နတ်တားပြီဟု စွဲမှတ်နေလေသည်။

“နှစ်ထုပ်ဘဲရှိတော့လဲ ဘာဖြစ်လဲကွ။ မျှစားကြတာပေါ့”

ထမင်းတစ်ထုပ် ပျောက်သွားသည်ကို အဖိုးဂျလားကတော့ လုံးဝ မဥပါဒ်။ သူတို့၏လှေငယ်မှာ တမနက်လုံး ငမန်းကြီး၏ ဆွဲပြေးရာသို့ ဆောက်တည်ရာမရ လွင့်ပါနေသဖြင့် ထမင်းထုပ် ပျောက်သွားခြင်းမှာ ချည်ဆွဲထားသော နှီးကြိုးပြတ် ပြီး ပင်လယ်ပြင်ထဲ လွင့်စဉ်ကျကျန်ခဲ့ပြီဆိုသည်ကို သူက အတတ်သိထားပြီးသား ဖြစ်လေသည်။

ထို့ကြောင့်လည်း အဖိုးဂျလားက ထမင်းတစ်ထုပ်ပျောက်သည့်ကိစ္စကို ဘာမှဆက်မပြောဘဲ ထမင်းကိုသာ ကုန်းလွေးနေ၏။

ထမင်းနှစ်ထုပ်မှာ ရေစိုရွှဲနေသဖြင့် ရေဆေးပြီးသား ထမင်းကို စားကြရသလို ဖွာစီစီကြီး ဖြစ်နေလေသည်။ သို့သော် သူတို့မှာ တမနက်လုံး ပင်ပန်းလာခဲ့ကြသဖြင့် ထမင်းရေစာကို ငရုတ်သီးထောင်း၊ ငါးခြောက်ဖုတ်နှင့် စားကြရသည်ကပင် မြိန်ရည်ရှက်ရည် ရှိနေကြသည်။

ခါတိုင်းနေ့များသာဆိုလျှင် ဤလို နေမွန်းတိမ်းစအချိန်၌ ထမင်းစားပြီးကြသည့်အပြင် မျှားချိတ်တွင် လာမိနေသော ငမန်းများကို တစ်ကောင်ပြီးတစ်ကောင် ရေထဲကဆွဲတင်ကာ ရွာဆိပ်သို့ပြန်ရန်ပင် စိုင်းပြင်းနေကြပြီး ရှိလေမည်။

ယနေ့၌ကား ငမန်းကြီးက တမနက်လုံး ဒုက္ခပေးခဲ့သ ဖြင့် နံနက်စာထမင်းကိုပင် အချိန်လွန်မှာ ဆာဆာလောင်လောင်နှင့် စားကြရသည်။

ထမင်းစားပြီးကြပြီ ဖြစ်သော်လည်း မိုးက ကောင်းစွာ မစဲသေး။ သည်ကြားထဲ လေကပါထန်လာပြန်၏။ မိုးထဲ လေထဲ ရေထဲတွင် သူတို့လှေငယ်နှင့် ခန့်မှန်းခြေ လက်လံငါးဆယ်ကျော်လောက်တွင် ရှိနေသည်ဟု ထင်ရသော ငမန်းကြီးကို စိတ်စော လျက် အဖိုးဂျလားတို့မှာ မျှားကြိုးကို တဖြည်းဖြည်း ဆွဲဖော်လျက်ရှိကြလေသည်။

ငမန်းကြီးအား အကောင်အထည် မမြင်ရသေးခင်ပင် သူတို့၏ လှေငယ်က ပင်လယ်ပြင်နက်ထဲသို့ လွင့်ပါသွားပြန်သည်။ ဤတစ်ခါတော့ ငမန်းကြီးက ရုန်းဆွဲပြေး၍မဟုတ်။ ရုတ်တရက် လေပြင်းမုန်တိုင်း ကျလာသဖြင့် လှေငယ်က လွင့်ပါသွားခြင်းသာ ဖြစ်လေသည်။

ယခု သူတို့သုံးယောက်ရောက်နှင့်နေကြသော ပင်လယ်သမုဒ္ဒရာပြင်မှာ ခန့်မှန်းခြေ ရွာဆိပ်ကမ်းနှင့် နေနှစ်ခါဝင် ခရီးလောက်ပင် ဝေးလှမ်းနေလေပြီ။ သည်မျှ နက်ရှိုင်းသော ပင်လယ်သမုဒ္ဒရာပြင်ထက် ထွက်၍ မည်မျှ ကျွမ်းကျင်လွန်းလှပါသည်ဆိုသော တံငါသည်ကမှ မျှားတန်းချရန် မလာရဲကြပေ။

အမှန်ကတော့ အဖိုးဂျလားတို့ကလည်း ရဲရင့်သော လူစွမ်းကောင်းကြီးများလုပ်၍ ဤမျှနက်ရှိုင်းသော ပင်လယ်ပြင်ထဲ ထွက်လာခြင်းမဟုတ်။ ငမန်းကြီးက သူတို့လှေငယ်အား အတင်းဆွဲပြေးသွားသဖြင့်သာ ယခုလို ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ထဲသို့ ရောက်လာရခြင်း ဖြစ်လေသည်။

ထို့ကြောင့် ဤတခါသာ လေပြင်းမုန်တိုင်းနှင့် ပင်လယ်နက်ဘက်သို့ လွင့်ပါသွားရလျှင် သူတို့မှာ ပြန်လမ်းမရှိတော့ပြီ ဆိုသည်ကို အဖိုးဂျလားက ချက်ချင်း တွက်ထားမိပြီးဖြစ်လေသည်။ တစ်နေ့တာ၏ အချိန်မှာလည်း နေမွန်းစောင်းကြီး အချိန် ရှိပြီဟု ခန့်မှန်းရလေ၏။

မုန်တိုင်းထန်သော ပင်လယ်သမုဒ္ဒရာပြင်တွင် ဆောက် တည်ရာမရ လွင့်ပါနေရသော လှေငယ်ထက်၌ ပိုလိုနှင့် ရဟူတို့မှာ သွေးပျက်လျက်ရှိကြသည်။ သူတို့နှစ်ယောက်မှာ အဖိုးဂျလား၏ မျက်နှာကိုသာ အားကိုးတကြီးနှင့် ငေးကြည့်လျက်ရှိနေကြသည်။

“အဘရယ် .. ဒီငမန်းမျှားကြိုးကို ဖြတ်ထားခဲ့ကြ
တော့မယ်ဗျ”

ရဟူက အဖိုးဂျလား၏မျက်နှာကို စူးစူးစိုက်စိုက်ကြည့်၍ မဝံ့မရဲပြော၏။

“ဘာဖြစ်လို့လဲကွ”

“ဟာ. . . ဒီငမန်းကြီးကို ကျွန်တော် သိပ်မသင်္ကာဘူး။ အဘဘဲ စဉ်းစားကြည့်ပါဗျာ၊ ဒီငမန်းကြီးဟာ သေတော့မလို ရှင်တော့မလိုနဲ့ ကျွန်တော်တို့လှေကို ပင်လယ်ပြင်ထဲ ဆွဲ ဆွဲပြေးတာ ဘယ်နှစ်ခါ ရှိပလဲ။ ခု သေချင်ယောင်ဆောင်ပြီး မုန်တိုင်းနဲ့ တိုက်နေပြန်ပြီ။ ဒီရာသီဟာ မုန်တိုင်းကျတတ်တဲ့ရာသီလဲ မဟုတ်ဘူးဗျ။ မနက်က လှေစထွက်လာကတည်းက ကျွန်တော့်စိတ်ထဲမှာလေ...”

“ဟာ...ဒီမအေ... က တောပြောတောင်ပြော ပြော ရော့မယ်။ ဆောင်းဦးပေါက်ရာသီမှာ မုန်တိုင်း မဆင်တတ်ဘူးလို့ နင့်အမေလင်က ပြောဘူးလို့လား။ မင်းက ရာသီအကြောင်း ဘယ်လောက်နားလည်လို့လဲ”

ဤလိုအချိန်မျိုးမှာ ရဟူအား ဖျောင်းဖျ ရှင်းလင်းပြောနေရလျှင် စကားရှည်နေမည်စိုးသဖြင့် အဖိုးဂျလားက ဤတခါတော့ ရဟူကို ခပ်ကြမ်းကြမ်းပင် ဆဲပစ်လိုက်သည်။ ရဟူက တောပြော တောင်ပြော သူထင်ရာတွေကို လျှောက်ပြောနေလျှင် အတွေ့အကြုံနုနယ်သေးသော ပိုလိုမှာ ဤလိုဒုက္ခရောက်နေ ချိန်၌ သွေးပျက် လန့်ဖျပ်သွားမှာ စိုးရသည်။

ယခုသည်ပင် ရဟူ၏ မဟုတ်မဟတ် ယိုစွပ်စကား
ကြောင့် ပိုလို၏မျက်နှာမှာ သွေးဆုတ်နေလေပြီ။

ငါးမျှားချိတ်တွင်လာမိ၍ တမနက်လုံး သူတို့အား ဒုက္ခ ပေးလာသော ငမန်းကြီးကို ရဟူက နတ်ငမန်းကြီး ယိုးစွပ်လာသည်။ သည်နတ်ငမန်းကြီးမှာ သူတို့သုံးဦးအား ပင်လယ်ပြင်ထဲ ထုတ်သတ်ချင်သဖြင့် တမင်ဟန်လုပ်ကာ စောစောပိုင်းက တကဲ့ငမန်းရိုင်းကြီးတစ်ကောင်လို အမြီးထောင် ရေယက်ယပ်တောင် လုပ်ပြပြီး မှိန်းနှင့် အထိုးကိုပင် စောင့်ခံ၍ သူတို့အား လှည့်စားခဲ့သည်ဟု ရဟူက တထစ်ချ အထင်ရောက်နေသည်။

ဆလုံအမျိုးသားများမှာ များသောအားဖြင့် စုန်းနတ် တစ္ဆေများကိုလည်း အလွန်ယုံကြည်တတ်သူများ ဖြစ်လေရာ အမှန်မှာ ရဟူအား အပြစ်မဆိုသာပေ။ အဖြစ်အပျက်မှာလည်း တိုက်ဆိုင်လွန်းလှ၍ မကောင်းသော အနိဋ္ဌာရုံတွေနှင့်ချည်း တမနက်လုံး ကြုံခဲ့ ရင်ဆိုင်ခဲ့ကြရသည် မဟုတ်ပါလား။

“ကဲ ရဟူ . . မင်း ဘာမှ ယိုးစွပ်မနေနဲ့၊ ခုလှေလွင့် ပါနေတာက မုန်တိုင်းကျလာလို့ဆိုတာ မင်းလဲ အသိဘဲ။ ဒီအတိုင်းသာ ပင်လယ်နက်ထဲ လွင့်ပါသွားရင် ဒီနေ့ ဒို့အိမ်ပြန်ရောက်ကြမှာ မဟုတ်တော့ဘူး”

“ဟုတ်တယ် အဘ၊ အဲဒါ ကျွန်တော်တို့ ဘယ်လိုလုပ်
ကြမလဲဟင်"

ကြောက်ကြောက်ရွံ့ရွံ့နှင့် တချိန်လုံး ငြိမ်သက်နေသူ ပိုလို က အဖိုးဂျလားကို အားကိုတကြီးနှင့် မေးလိုက်၏။

“ငါပြောမယ်၊ မင်းတို့ ဘာမှမကြောက်ကြနဲ့၊ ငါက ဒီလိုမုန်တိုင်းမျိုးနဲ့ ကြုံဘူးတာများလှပြီ၊ ငါ့စကားကိုသာ နားထောင်၊ မင်းတို့ ဘာမှမဖြစ်စေရဘူး၊ ငါ တာဝန်ယူတယ်”

ဤလိုမုန်တိုင်းမျိုးနှင့် ကြုံဘူးတာများလှပြီဆိုသဖြင့် ရဟူက အဖိုးဂျလား၏မျက်နှာကို ဖျတ်ခနဲ တချက်လှမ်းကြည့်လိုက်သည်။

“မင်းတို့ ဘာမှ ကြောက်မနေကြနဲ့။ မင်းက ရထားတဲ့ ငမန်းတွေကို ကြိုးနဲ့သီပြီး လှေဝမ်းထဲမှာ မြဲမြဲတုပ်ထား။ ပိုလိုက လှေရွက်နဲ့ တက်တွေကို လှေဘေးမှာ ပူးချည်ထား။ မှိန်းတွေကို တော့ အရေးကြုံရင် လွယ်လွယ်နဲ့ရအောင် လှေဝမ်းထဲမှာ မြှောင် ထား။ လှေကို ရေထဲမှာ နှစ်ထားရမယ်။
နို့မို့ရင် ပင်လယ်နက်ကြီးထဲ လွင့်ပါသွားပြီ အပြန်ခက်နေမှာ စိုးရတယ်’”

အဖိုးဂျလား၏ စကားအဆုံးမှာပင် ပိုလိုနှင့် ရဟူတို့က အဖိုးဂျလားခိုင်းစေသည့်အတိုင်းပင် မငြင်းမဖယ် ပြုလုပ်လိုက်ကြသည်။ အဖိုးဂျလားကလည်း လှေငယ်ကိုထိန်းရင်း ကူလုပ်ပေး၏။

မည်သို့ပင်ဆိုစေ ဤလို အကျပ်ရိုက်နေချိန်တွင် မုန် တိုင်းထဲက လွတ်မြောက်ရန်မှာ ပိုလိုနှင့် ရဟူတို့အတွက် အားကိုးအားထားရာဆို၍ အတွေ့အကြုံများပြားလွန်းလှသော အဖိုးဂျလားသာ ဖြစ်လေသည်။

“ကဲ. . . လှေကို ရေထဲမှာ နစ်ထားရအောင်၊ မင်းတို့ ရေထဲဆင်းကြတော့”

အဖိုးဂျလားက ရေထဲဆင်းကြတော့ဟု ပြောသော်လည်း ပိုလိုနှင့် ရဟူတို့မှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ခြေတွန့်နေကြသည်။ နက်ရှိုင်း၍ မဲမဲမှောင်နေသော ရေထဲဆင်းရမှာကို သူတို့နှစ်ယောက်စလုံး ကြောက်ရွံ့နေကြသည်။

မျှားချိတ်တွင် မိနေသော ငမန်းကြီးကပင် လာကိုက်လေမလားဟု ပိုလိုက ကြံကြံဖန်ဖန်တွေး၍ ကြက်သီးတဖြန်းဖြန်း ထနေ၏။ ဤသည်ကို ချက်ချင်းရိပ်စားမိလိုက်သော အဖိုးဂျလားက ဦးစွာပထမ ရေထဲဆင်းပြလိုက်သည်။ အဖိုးဂျလားနှင့် မရှေး မနှောင်းမှာပင် ပိုလိုနှင့် ရဟူတို့ကလည်း ရေထဲဆင်းလိုက်ကြ၏။

မုန်တိုင်းတိုက်နေသဖြင့် တိမ်းစောင်း၍ လွင့်ပါနေသော လှေငယ်ကို ပိုမိုတိမ်းစောင်းသွားအောင် အဖိုးဂျလားက လှေနံတစ်ဖက်ကို ဆွဲနှိမ်လိုက်သည်။ အဖိုးဂျလားက လှေနံတစ်ဖက် ကို လှမ်းဆွဲလိုက်သည်နှင့် တစ်ပြိုင်နက် အိမ့်လှိုင်းလုံကြီးတစ်လုံး သည် ချက်ပိုင်ပိုင်နှင့် လှေဝမ်းထဲ ဖြတ်ဝင်လာ၏။

ထိုအခါ လှေငယ်မှာ ချက်ချင်း ရေပြည့်သွားလေသည်။ ရေအပြည့်နှင့် ပင်လယ်ပြင်ထဲတွင် ပေါလောနစ်မျောနေသော လှေငယ်၏နံဘေးကို မှေးကိုင်ကာ အဖိုးဂျလားနှင့် ပိုလို ရဟူ တို့သုံးယောက်တို့မှာ ရေထဲ၌ စိမ်နေကြရသည်။ သူတို့၏ ကိုယ်ကို မျှားတန်းကြိုးမှ ညံဖော့ကလေးများနှင့်ပြိုင်၍ ရေထဲတွင်ဖော့ထားရသည်။

လှေငယ်ကို ရေထဲ၌နှစ်ထားသောအခါ လေပြင်းမုန်တိုင်းမှာ လှေငယ် ပင်လယ်နက်ထဲ လွင့်ပါသွားအောင် မတိုက်ခတ်နိုင်တော့ပါချေ။

အဖိုးဂျလားသည် လှေဝမ်းထဲရှိ မျှားကြိုးမှ ပန်းရှူးတိုင်တစ်ခုကို ဆွဲဖြုတ်ကာ လှေဦးမှာ ထိုးစိုက်ကိုင်ဆောင်ပေးထားသည်။ ကျန်လက်တစ်ဖက်နှင့် သူက ငမန်းမျှားကြိုးကို တဆဆ ဆွဲလှုပ်ကြည့်၏။ သူ၏ခြေထောက်အစုံကိုတော့ ရေထဲမှာ အချိန် အဆနှင့် ဝှေ့ယမ်းယက်ခတ်ထားရသည်။ ငမန်းကြီးက အနည်းအကျဉ်းတော့ အဖိုးဂျလားအား အစွမ်းပြနေသေး၏။ သို့သော် ရေပြည့်နေသော လှေငယ်ကို သူက ဆွဲပြေးနိုင်သော အင်အားတော့ မရှိနိုင်တော့ပါချေ။

လှေဦးတွင် အဖိုးဂျလား မှေးကိုင်ထောင်ထားသော ပန်းရှူးတိုင်ငယ်ကလေးမှာ လေတိုက်သဖြင့် ခေါင်းမဖော်နိုင်လောက်အောင် ဖြစ်နေသည်။ အဖိုးဂျလားသည် ပန်းရှူးတိုင်ငယ်၏ ဆံမြိတ်ဖျားကိုသာ စူးစူးစိုက်စိုက်ကြည့်နေ၏။ လူသုံးယောက်မှာ
တစ်ယောက်နှင့် တစ်ယောက် စကားပင်မဆိုနိုင်ကြ။

အချိန်နှစ်နာရီလောက် ကြာသွားသောအခါ လှေဦးတွင် မှေးကိုင်ထောင်ပေးထားသော ပန်းရှူးတိုင်ကလေးများမှာ တရှဲ ရှဲအသံကိုပြုကာ ဦးခေါင်းထောင်စပြုလာသည်။ ပန်းရှူးဆံမျှင်ရှည်များ ဦးခေါင်းထောင်လာကြသည်မှာ လေငြိမ်တော့မည်ဆို သော အထိမ်းအမှတ်ပင်။

တစ်ချိန်လုံး ဦးခေါင်းမထောင်နိုင်လောက်အောင် ဖိတိုက်ထားသောလေကို ပန်းရှူးဆံရှည်များက အံတုစပြုလာကြသည်။ အရှေ့အရပ်သို့ မျှော်ရမ်း၍ တရှဲရှဲ အော်လာကြသော ပန်းရှူးဆံမျှင်ရှည်များကို စိုက်ကြည့်ကာ အဖိုးဂျလား၏ မျက်နှာမှာ အပြုံးရိပ်များ ဆင်လာပြန်တော့သည်။

လေပြင်းမုန်တိုင်း တိုက်ခတ်စက အရှေ့တောင်အရပ်မှလာသော လေပြင်းမှာ ယခုအခါ လေကြောင်းလွဲ၍ အနောက်အရပ်သို့ လှည့်သွားလေပြီ။ ထို့ကြောင့်လည်း ပန်းရှူးဆံမြိတ်ဖျားက အရှေ့အရပ်သို့ငေးမျှော်ကာ အဖိုးဂျလားအား မိမိရွာသို့ပြန်ရန် သတိပေးအော်မြည်လာတော့သည်။

သူတို့သုံးယောက်အား နှစ်နာရီကျော်ကျော်လောက် ဒုက္ခပေးလာသော လေပြင်းကို ယခုအခါ အဖိုးဂျလားတို့ကတစ်ဖန် စေခိုင်းရန် အချိန်ရောက်လာပြီဆိုသည်ကို အဖိုးဂျလားက ချက်ချင်း သတိထားလိုက်မိသည်။ မုန်တိုင်းစဲသွားလျှင် အဏဝါပြင်၌ လေက ငြိမ်သက်ခြင်းမက ငြိမ်သက်လာတော့မည်။

လေငြိမ်နေပြန်လျှင် လှေငယ်ကို ရွာအရောက် လှော်ခတ်သွားရမည့်ခရီးမှာ ဝေးလွန်းလှသဖြင့် နောက်တစ်နေ့မနက်၌ပင် မိမိရွာဆိပ်သို့ရောက်ရန် မလွယ်ပေ။

ထို့ကြောင့် လေပြင်းကိုပြန်၍ စေခိုင်းကာ ရွာဆိပ်သို့ ယနေ့ည၌ အရောက်ပြန်ရန်ကို အဖိုးဂျလားက မိနစ်ပိုင်းအတွင်းမှာပင် ဆုံးဖြတ်ချက်ချပြီး ဖြစ်လေသည်။

လေကြောင်းကို ပို၍ သေသေချာချာ သိရအောင် အဖိုးဂျလားက ပန်းရှူးဆံမျှင်ရှည်တစ်ခုကို ဆွဲနုတ်ကာ လေထဲပစ်တင်လိုက်သည်။ အဖိုးဂျလား ပစ်တင်လိုက်သော ပန်းရှူးဆံမျှင်ရှည်မှာ လေနှင့်အတူ အရှေ့ဘက် မိုးကောင်းကင်သို့ လွင့်ပါသွား လေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် လေကြောင်းမှာ
ကောင်းကောင်းကြီး စိတ်ချရလေပြီ။

“ကဲ... ရဟူမင်းနဲ့ငါက လှေကို ဦးတစ်ယောက် ပဲ့တစ်ယောက် ထမ်းထားကြမယ်။ ပိုလိုက လှေပေါ်တက်ပြီး ရေပက်တော့။ ဒို့ရွာဆိပ်ပြန်ကြဖို့ အချိန်ရောက်ပြီ၊ လေကြောင်းကလဲ သင့်နေပြီ”

ပန်းရှူးဆံမျှင်ရှည်နှင့် ရေလှိုင်းတိုင်းတာနေသော အဖိုးဂျလား၏ အပြုအမူကို တချိန်လုံးငြိမ်သက်၍ စိုက်ကြည့်နေကြသော ပိုလိုနှင့် ရဟူတို့မှာ အဖိုးဂျလား၏ စကားကြောင့် လှုပ်လှုပ်ရှားရှားဖြစ်ကာ အသက်ဝင်လာကြသည်။

အဖိုးဂျလားနှင့် ရဟူက ရေထဲတွင် နှစ်ထားသော လှေငယ်ကို ဦးတစ်ယောက် ပဲ့တစ်ယောက် ရေထဲတွင် ထမ်းပေးထားကြ၏။ သူတို့နှစ်ယောက်၏ ခြေလက်နှစ်ဖက်တို့မှာ ရေထဲတွင် ယက်ကန်ယက်ကန် ဖြစ်နေကြသည်။

ပိုလို လှေပေါ်တက်၍ လှေဝမ်းထဲက ရေတွေကို တဗွမ်းဗွမ်း ပက်ထုတ်ပစ်လိုက်သည်။ မိနစ်ပိုင်းအတွင်းမှာပင် လှေထဲ၌ ရေစင်သွား၏။ လှေငယ်ကလည်း ရေပြင်သို့ ပေါ်လာတော့သည်။

သုံးယောက်စလုံး လှေပေါ်သို့ ပြန်ရောက်ကြသောအခါ လေပြင်းမှာ တိုက်ခတ်နေတုန်းပင် ရှိသေးသော်လည်း မိုးကား စဲသွားလေပြီ။ ကောင်းကင်တခွင် တပြင်လုံးမှာ မိုးသား တိမ်ရိပ်တို့က ပါးရှားသွားပြီဖြစ်သဖြင့် နေရောင်ခြည်ကိုလည်း မှေးမှေးပျပျ မြင်လာရပြီ။

သို့သော် နေဝန်းက မြစ်ရေပြင်ထဲ နစ်ဝင်သွားတော့မည် ဆိုသည်ကိုတော့ အဖိုးဂျလားက ကောင်းစွာ ခန့်မှန်းထားပြီး ဖြစ်လေသည်။ အရှေ့အနောက် တောင်မြောက်, ရံကာနေသော မိုးကုတ်စက်ဝိုင်းတို့မှာ တဖြည်းဖြည်း ကျဉ်းကြုတ်၍ မှိုင်းချုပ်စပင် ပြုလာလေပြီတည်း။

“ရဟူ လှေရွက်ကို မြန်မြန်ဆင်ကွာ၊ ဒီလောက်ဒုက္ခ ပေးလှတဲ့လေ၊ ဒီတခါတော့ ဒင်းကို ကောင်းကောင်းကြီး ခိုင်းပစ်လိုက်မယ်”

လူသုံးယောက်စလုံးတို့မှာ နှုတ်ခမ်းတွေ ပြာနှမ်းကာ ချမ်းလွန်းသဖြင့် တဆတ်ဆတ် တုန်ယင်နေကြသော်လည်း အလုပ်ကမအားနိုင်၊ မနားနိုင်ကြသေးပေ။ ရဟူက လှေရွက်ကို အလျင်စလို ဆင်နေသလို အဖိုးဂျလားနှင့် ပိုလိုတို့ကလည်း တစ်နေ့လုံး ဒုက္ခပေးလာသော ငမန်းကြီးကို ဖမ်းဆီးနိုင်ရန် ကြိုးစားနေကြလေသည်။

ရဟူက လှေရွက်ကို ဆင်ပြီးပြီဖြစ်သော်လည်း ပိုလိုနှင့် အဖိုးဂျလားတို့မှာ ငမန်းကြီးကို အကောင်အထည်ပင် မမြင်ကြရသေး။ မျှားကြိုးကို တဖြည်းဖြည်း ဆွဲငင်နေကြတုန်းပင် ရှိသေးသည်။

ငမန်းကြီးကို အကောင်အထည် မမြင်ကြရသေးသော်လည်း ငမန်းကြီးမိနေသော မျှားကြိုးနှင့် တဆက်တည်းဖြစ်သော မျှားချိတ်တွင် လာမိနေကြသည့် ငမန်းငယ်များကိုတော့ တစ်ကောင်ပြီးတစ်ကောင် လှေပေါ်သို့ ဆွဲတင်ကြရသည်။ ရွက်တိုင် ဆင်ပြီးသော ရဟူက လှေငယ်ကို ဝင်ထိန်းထားသည်။

မကြာခင်ပင် ငမန်းကြီး၏ ရေယပ်နှင့် အမြီးဖျားကို ထိုးထိုးထောင်ထောင် မြင်လာရသည်။ စောစောပိုင်းက အဖိုးဂျလားနှင့် ရဟူတို့က ထိုးလွှတ်လိုက်သော မှိန်းနှစ်ချောင်းမှာ မှိန်းသွားက ငမန်းကြီးကိုယ်ပေါ် နစ်ဝင်စူးနေပြီး မှိန်းတံဝါးလုံးနှစ်လုံးက ရေထဲပေါလော မျောပါလာသည်။ မှိန်းသွားနှင့် မှိန်းတံကို ဆက်ပေးထားသောကြိုးမှာ ခိုင်လွန်းသဖြင့် ငမန်းရိုင်းကြီးက တစ်နေ့လုံး ဆွဲပြေးနေသော်လည်း ကြိုးကပြတ်မသွားပေ။

ငမန်းကြီးက လှေနှင့်နီးလာပြီ ဖြစ်ပြန်သဖြင့် ရဟူနှင့် အဖိုးဂျလားတို့က ငမန်းကြီးကို မှိန်းရှည်နှစ်ချောင်းနှင့် အသင့် ချိန်ရွယ်ထားကြပြန်သည်။

သို့သော် ငမန်းကြီးကတော့ မည်သို့မျှမလှုပ်နိုင်တော့ ပေ။ ဤမျှကြီးမားသော ငမန်းကြီးကို တစ်ခါမှ မမြင်ဖူး မတွေ့ ဖူးကြသော အဖိုးဂျလားနှင့် ပိုလို ရဟူ သုံးယောက်သားမှာ ငမန်းကြီးကို နီးနီးကပ်ကပ် မြင်ရသောအခါ ရင်သပ်ရှုမော အံ့သြမဆုံး ဖြစ်သွားကြလေသည်။ အံ့သြမှုနှင့်အတူ ဝမ်းသာမှု လှိုင်းဂယက်တို့ကလည်း သူတို့၏ ရင်ထဲမှာ ချက်ချင်းဗောင်ပင် ခတ်လာကြ၏။

ငမန်းရိုင်းကြီးမှာ သုံးလံ နှစ်တောင် ရှည်သော သူတို့ ၏ လှေထက်ပင် ရှည်လျားကြီးမားနေသဖြင့် လှေပေါ်သို့ ဘယ်နည်းနှင့်မျှ တင်မရပေ။ ဤငမန်းကြီးကို လှေပေါ်သို့တင်လျှင် လှေမှာ နစ်သွားရုံသာရှိလေမည်။ ထို့ကြောင့် လှေပဲ့နောက်တွင် ငမန်းကြီးကို ဆွဲချိတ်ကာ ရေမျှောထားလိုက်ရသည်။

“ကဲ. . . အဘ လေပြင်းနေတုန်း ရွက်တင်လိုက်တော့
မယ်”

“အေး. . . အေး တင်လိုက်တော့”

ဖျတ်ကနဲ လှေရွက်ကို လေလာတိုးသံနှင့်အတူ ရွက်ကြိုးနှစ်ပင်မှာလည်း ချက်ချင်း တင်းတင်းရင်းရင်း ဖြစ်သွားလေသည်။ အဖိုးဂျလားသည် ပိုလို လက်ထဲမှ ရွက်ကြိုးနှစ်ပင်နှင့် ပဲ့ကိုက်တက်မကို ပြောင်းယူလိုက်သည်။ ဘေးမှန်နပျံကြိုးတစ်ပင်နှင့် လှေရွက်ကို အဖိုးဂျလားက ဆောင့်ဆွဲလှည့်လိုက်သောအခါ လှေဦးမှာ စက္ကန့်ပိုင်းအတွင်းမှာပင် ကမ်းရိုးတန်းဘက်သို့ လှည့်လာသည်။

လေသင့်ရေသင့်ဖြစ်နေသော အဖိုးဂျလားတို့၏ တံငါလှေကလေးမှာ ရှေ့ကကာဆီးနေကြသော အိမ့်လှိုင်းလုံးကြီးများကို ဗြန်းကနဲ ဗြန်းကနဲ ခွဲဖြတ်ပြီး ကမ်းရိုးတန်းဘက်ဆီသို့သာ တရိပ်ရိပ် ပြေးလာနေသည်။ သူတို့၏လှေဦးမှ ရေပန်းရေမွှားများ လွင့်စဉ်ကျန်ရစ်ခဲ့ကြသည်တို့ကို မြင်နေရသည်မှာ အောင်ပွဲမှ ပြန်လာသော တိုက်ရေယာဉ်တစ်စင်း၏ မာန်ဟုန်ကို ဆောင်လာသလိုပင်တည်း။

အဖိုးဂျလားနှင့် ပိုလို၊ ရဟူ သုံးယောက်တို့သည် သက်ငယ်ခေါင်းချအချိန်မှ ရွာဆိပ်သို့ရောက်လာကြသည်။ ပင်လယ်သမုဒ္ဒရာထဲတွင် လေပြင်းမုန်တိုင်းမိကာ သေပြီဟု ထင်နေကြသော သားမယား မိဘ ညီအစ်ကို မောင်နှမ ဆွေမျိုးများက သူတို့ပြန်ရောက်လာကြသဖြင့် ဝမ်းသာမဆုံး ရှိနေကြသည်။

ရွာသူရွာသားတွေကတော့ ဧရာမငမန်းကြီးတစ်ကောင်ကို မိုးထဲလေထဲ မုန်တိုင်းထဲက ချည်ပြီး တုပ်ပြီးသား ဖမ်းလာနိုင်ကြသဖြင့် သူတို့သုံးယောက်အား သူရဲကောင်းကြီးများပမာ ရင်သပ်ရှုမော အံ့သြမဆုံး ဖြစ်နေကြလေသည်။ သူတို့သုံးယောက်၏ ဇွဲ လုံ့လ ဝီရိယ အားမာန်တို့ကိုလည်း ဂုဏ်ပြုချီးကျူးစကား ဆိုကြသည်။

သူတို့၏ အောင်မြင်ခဲ့သော အောင်ပွဲမှာ မိမိတို့
ရွာတွင်သာမက ရွာနီးချုပ်စပ် တစ်ဝိုက်မှာပင် ဂယက်ရိုက်နေမည်မှာ မုချပင်ဖြစ်လေသတည်း။

- ပြီး -

စာရေးသူ - ဖိုးကျော့
စာစီစာရိုက် - မုဆိုး တံငါ စာပေများ။



Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...