Skip to main content

တိုက်မောင်းတို့ အလှူ (လကျာ်ဘီလူး)



 ၁

 

 

 

              ရတနာသိင်္ဃ မင်းနေပြည်တော်ဝယ် သူ့အရပ်နှင့်သူ တပ်ပေါင်းများစွာ ရှိနေသည့်အနက် လူသိများသော တပ်နှစ်တပ်မှာ တောင်တပ်ဟု ခေါ်သည့် တောင်ငူရာဇာအမှုထမ်း ရာဇာဓိရာဇ်နှင့် ပါသော လူသူဆင်မြင်းများ အကွက်ချထားခြင်းခံရသည့် မြို့တောင်ဘက်မှ တပ်နှင့် အရှေ့ဝင်းမှူး မင်းထင်နော်ရထာ၏ ဘီလူးတပ်တို့ ဖြစ်ကြသည်။

 

              ထိုနှစ်တပ်သည် တစ်စုတစ်စည်းတည်း ရှိခြင်း၊ စည်းလုံးညီညွတ်ကြခြင်းတို့တွင် နာမည်ကျော်ကြပြီး သူတို့၏ သီးသန့်ဆန်မှုကြောင့် ပို၍ ထင်ရှား၏ ။ လူထူးဆန်း ဗိုလ်မှူး မင်းထင်နော်ရထာ၏ ဘီလူးတပ်ကား အမည်ကပင် စိတ်ဝင်စားဖွယ် ဖြစ်နေသကဲ့သို့ လူသားများအလယ် လျှို့ဝှက်စွာ တည်ရှိနေသော အမနုဿများဟု ထင်မြင်ရလောက်ပေသည်။

 

              ယခုလည်း ထိုဘီလူးတပ်မှ တပ်သားများ တိတ်ဆိတ်စွာ စုဝေးမိနေကြ၏ ။ သူတို့သည် မည်မျှအထိ လျှို့ဝှက်ကြသနည်း ဆိုလျှင် ယခု ဆွေးနွေးတိုင်ပင်နေကြသည့် အကြောင်းအရာကို သူတို့ဗိုလ်မှူး မင်းထင်နော်ရထာပင် မသိချေ။ 

 

                တပ်၏ အုပ်ချုပ်သူ မသိရလောက်အောင် တပ်သားများ အဘယ်ကို ဝိုင်းဖွဲ့ပြောဆိုနေကြလေသနည်း။ နားထောင်ကြည့်ပါလော့။

 

"တပ်မှူးကို ဘယ်အချိန်ကျမှ အသိပေးကြမလဲကွ"

 

"ငါတော့ ရသမျှ ဆွဲထားချင်တယ်။ နောက်ဆုံး သိခါမှ သိရောကွာ၊ ဘယ်သူမှ မပြောကြနဲ့.. ဒါပဲ"

 

"အေး.. မင်းက ထင်ရာစွတ်လုပ်၊ ပြစ်ဒဏ်သင့်ရင် တစ်အုပ်လုံး ငါးကျည်းခြောက်ဖြစ်ကုန်ကြတော့လည်း နွှာပြီး ဟင်းခပ်လိုက်ရုံပေါ့"

 

"ပူစရာမဟုတ်တာ မပူစမ်းပါနဲ့ ငရွှေသာရာ။ တိုက်မောင်းပါ၊ ပိုင်ပါတယ်။ တပ်မှူးက ဒါမျိုးဆို အရေးမယူတတ်တာ မင်းတို့လည်း အသိသားနဲ့"

 

"အေးပါ.. ဒါပေမယ့် သူ စိတ်မကောင်းဖြစ်သွားမှာတော့ စိုးမိပ မောင်ရင်" 

 

"ဟလူ.. ကိုရင်အောင်မော်၊ ကျုပ်တို့ စတိုင်ပင်တုန်းက ခင်ဗျားပဲ ပြောတာမဟုတ်လား။ တပ်မှူးရဲ့ အရပ်ရပ် ကုန်ကျစရိတ်တွေအကြောင်း"

 

"ဟုတ်ပါတယ်.. ငါလည်း ငါကြားသိလာတာကို ပြောပြတာပါ" 

 

"ဒါ့ကြောင့်မို့ပဲ သူ့ကို မပါစေချင်ဘူးလို့ တို့အားလုံး သဘောတူ ဆုံးဖြတ်ပြီးကြပြီကော ငအောင်မော်ရ။ မောင်က ဘယ်ဒင်းကို ကြောင့်ကြနေသတုန်း"

 

"သြော်.. အဘမျှင် စဥ်းစားကြည့်လေ။ သူ့ကို အသိမပေးဘဲ ကျုပ်တို့ဘာသာ လုပ်ချင်ရာ လုပ်နေကြသလို ဖြစ်မနေဘူးလား"

 

                တစ်ယောက်တစ်ခွန်း ပြောဆိုနေကြစဥ် ကင်းစောင့်ကျသည့် ငသူရိန်က အိမ်အပြင်၌ ချိတ်ဆွဲထားသော ဆန်ကောကို လောက်လေးနှင့် ပစ်လိုက်သည်။

 

"ဖောင်း" 

 

"ဟော" 

 

               ဘီလူးတပ်သားများ ရုတ်ရုတ်ရက်ရက် ဖြစ်သွားကြပြီး ခြေဦးတည့်ရာ လူခွဲထွက်သွားကြလေ၏ ။ အချို့က ရေထမ်း၊ အချို့က ထင်းပေါက်၊ အချို့လည်း နှီးဖြာ မြင်းခွာရိုက် စသော သင့်ရာ အလုပ်တို့ကို ထလုပ်လိုက်ကြသည်။

 

               တစ်ခဏအကြာ၌ တပ်တွင်းသို့ မြင်းနီတစ်စီး ဝင်လာ၏ ။ ငကံက ဇက်ကြိုးပြေးဆွဲလိုက်ချိန်တွင် ငသူရိန်က တုတ်ရှည်တစ်ချောင်း ထမ်းလာရင်း မြင်းပေါ်မှ ဆင်းလိုက်သော တပ်မှူးထံ အပြေးသွားကာ ငှက်ပျောဖီးများကို လက်လွှဲယူလိုက်သည်။ 

 

"ဖီးကြမ်းဝဝကြီးတွေ မြင်တာနဲ့ မင်းတို့ကို သတိရလို့ ဝင်ဝယ်လာတာကွ" 

 

               လက်ျာဘီလူးက အားပါးတရ ပြောလိုက်သဖြင့် ငသူရိန် တစ်ချက် စိတ်မကောင်းဖြစ်သွားမိသော်လည်း အမူအရာ မပျက်စေရဘဲ 

 

"နှစ်ဖီးတည်း တပ်မှူးရယ်၊ လျှာနဲ့ ဝိုင်းလျက်ရင်တောင် လောက်ပါ့မလားဗျာ"

 

              ဟု အရွှန်းဖောက်လိုက်ရာ လက်ျာဘီလူး တွေးကြည့်ပြီး မျက်နှာရှုံ့မဲ့သွားသည်။

 

"ဒါဆို အခွံနွှာပြီး တစ်ယောက်တစ်ရှိုက် နမ်းကြပေါ့" 

 

"အခုကတည်းက ဖြုတ်စားထားမှ ထင်တယ်"

 

                 လက်ျာဘီလူး ပြန်မပြောတော့ဘဲ အိမ်ပေါ်တက်သွားလေသည်။ သူ့လူ ငသူရိန် ထိုသို့ မလုပ်တတ်မှန်း သူသိပြီးသား မဟုတ်လား။ အမြဲ အနစ်နာခံ ညှာတာတတ်သည့် ငသူရိန်ကို လှည့်၍မျှ ကြည့်မသွား။ ငသူရိန်ကလည်း စနောက်လိုက်ခြင်းသာ ဖြစ်ပြီး ဦးစွာ ဆွမ်းတော်တင်ပြီးမှ ခွဲဝေကျွေးမွေးလိုက်မည်ဟု စဥ်းစားထားပြီးသား။

 

               နောက်တစ်နေ့ တပ်မှူးမရှိချိန် ဆက်လက်ဆွေးနွေးကြသော အခါတွင်မှ တည်ခင်းလိုက်မည်ဟု သူ တွေးနေသော်လည်း တပ်သားအချို့ကတော့ သူ့လက်ထဲမှ ငှက်ပျောသီး ဝင်းဝင်းဝဝကြီးများကို မျက်စိကျနေကြလေပြီ။ အလုပ်ရပ်၍ လှမ်းကြည့်နေကြသည်။ 

 

               လက်ျာဘီလူးသည် သူ့လူများ၏ အကြံအစည်ကို မသိဘဲ အိမ်ပေါ်တက်ကာ အနားယူနေချိန်တွင် ငကံက တိမ်ပျံကို အစာကျွေးနေသည်။ ငခေါင်းဖြူသည် ရေတွင်းမှ ရေခပ်ကာ အင်တုံကြီးများထဲ လိုက်ဖြည့်နေ၏ ။ ခေတ္တကြာလျှင် လက်ျာဘီလူး ရေချိုးရန် ဆင်းလာပေလိမ့်မည်။

 

              သူ ဆင်းလာချိန်တွင် ရေတွင်း၌ ရေပုံးများ ရှိမနေစေရန် တိုက်မောင်းတို့က တာဝန်ယူထားကြသည်။ ထို့ကြောင့် အနောက်လှေကားမှ ဆင်းလာသော လက်ျာဘီလူး၏ ခြေလှမ်းများသည် ရေတွင်းဘက်အလှည့်တွင် တုံ့ရပ်သွားပြီး စဉ့်အိုးများဘက်သို့ ဦးတည်ချက် ပြောင်းသွားရ၏ ။ ထိုအခါ စဉ့်အိုးဝမှ သစ်သားပုံးကလေးက လှုပ်တုတ် လှုပ်တုတ်နှင့် သူ့ကို ပြောင်ပြနေသည်။

 

              ပန်းပင်များ ရေလောင်းနေသော တိုက်မောင်းတို့လည်း လှမ်းမကြည့်ဘဲ ပြုံးနေကြမည်မှာ သေချာသည်။ ဤသည်မှာ သူတို့၏ တပ်တွင်းပြိုင်ပွဲကလေးသဖွယ် ဖြစ်နေသော ဓလေ့တစ်ခုလည်း ဖြစ်၏ ။ ရေတွင်း၌ ပုံးရှိနေလျှင် တပ်မှူးသည် သူ့ဘာသာ ရေငင်၍ သုံးပေလိမ့်မည်။ ထိုအခါ တိုက်မောင်းသည် အားလုံး၏ အပြစ်တင်ခြင်းကို မဆီမဆိုင် ခံရမည် ဖြစ်လေသည်။

 

             တိုက်မောင်းက ပေါ့လျော့ချင်သည်။ ထို့ကြောင့် မကြာခဏ 'အသုံးမကျတဲ့ တိုက်မောင်း'၊ 'ငပျင်းတိုက်မောင်း' ဟု နာမဝိသေသနတပ် အခေါ်ခံရတတ်၏ ။ ထိုသို့ ခေါ်ခံရခြင်းမှာ တပ်မှူးကို စေတနာနည်းသောကြောင့်တော့ မဟုတ်၊ မေ့လျော့ပေါ့ဆခြင်းက များသည်ချည်း။ 

 

              နောက်တစ်နေ့ တပ်မှူးထွက်သွားပြီးနောက် တိုင်ပင်ကြသူများအား ငသူရိန်က ဆွမ်းတော်ကျ ငှက်ပျောသီး တည်ခင်းပေးလေသည်။ ထိပ်ဆုံးမှ တိုက်မောင်းက ငှက်ပျောသီးတစ်လုံးကို ဦးဆုံး ဖြုတ်ယူလိုက်ပြီး မိန့်မိန့်ကြီး ပြောသည်။

 

"ခင်ဗျားတို့ အားလုံးထက် သာအောင် ထည့်မယ်လို့ ကျုပ်ပြောခဲ့တယ်နော်။ အိမ်း.. ဟုတ်ပြီ၊ အခု အများဆုံးသူက တစ်လစာ ငွေ ၅၀ ကျပ်တဲ့။ ကျုပ် ဘယ်လောက်ထည့်မယ် ထင်သလဲ"

 

             ငှက်ပျောသီးစားရင်း မျက်လုံးကို မှေးကာ ပြန်မေးလိုက်သည့်ဟန်ကြောင့် ငသူရိန်ပင် စိတ်အချဉ်ပေါက်သွားလျက်

 

"၅၀၀၀ လောက်တော့ ထည့်လိမ့်မယ် မှန်းတာပ"

 

             ဟု အငေါ်တူးလိုက်မိ၏ ။ ငခေါင်းဖြူတို့ကလည်း

 

"ဟုတ်တယ်.. ဟုတ်တယ်၊ နင်က အိုးစားကြီး ဆိုတော့ ၅၀၀၀ ထည့်"

 

"ဟင်.. ခင်ဗျားက အကြပ်ပါ့ရော။ ငသူရိန်ဆို သွေးသောက်ပဲ၊ ခင်ဗျားတို့ ထည့်ကြပါလား"

 

"ငါတို့ နိုင်သလောက် ထည့်ကြပြီးပြီလဟာ"

 

"သွေးသောက်ကြီး တစ်ဦးက မှန်းစမ်း.. ငွေအကျပ် ၂၀ တဲ့။ ခင်ဗျာ့ ၁၀၀ လောက် ရတာလေဗျာ"

 

"ရလည်း သားမယား မိဘ ရှိသေးတယ်ကွဲ့။ မင့်လို အိမ်ကို တစ်ပြားတစ်ချပ် ပြန်မပို့တဲ့ကောင်မှ မဟုတ်ဘဲ"

 

             တိုက်မောင်းက စာရင်းကို လက်ညှိုးထောက်ကာ ပြောသလို ငသူရိန်တို့ကလည်း ချက်နှင့်လက်နှင့် ပြန်လည်ထောက်ပြကြသည်။ ဟုတ်လည်း ဟုတ်သည်၊ တိုက်မောင်းသည် သူ့အစ်ကို ကံကောင်းလို မိဘများထံသို့ တစ်ကြိမ်တစ်ခါဖူးမျှ လစာ ဆန်စပါး ပြန်လည်ပေးပို့ခဲ့ခြင်း မရှိချေ။

 

                သူ့အဆိုအရ မိဘများသည် ဆန်ကုန်သည် ဆားကုန်သည် ပြေလည်ချောင်ချိသည့် သူကြီးမျိုး ဖြစ်သည်။ စစ်မှုထမ်းနေသော ရဲဘော်ကလေးက ပြန်လည်ထောက်ပံ့တွက် မရှိ။ အစ်ကိုတော် ကံကောင်း သိတတ်သဖြင့် စရိတ်ထောက်ခြင်းသည်ပင် ပိုလျှံနေပြီ ဆို၏ ။

 

              သူသည်လည်း အိမ်ထောင်သားမွေး ပြုရဦးမည်။ ထို့ကြောင့် ယခုကတည်းက ကြိုတင်စုဆောင်းထားရမည်ဟု အကြောင်းပြလေ့ရှိသည်။ သူတို့ ကြံစည်နေကြသော အမှုကိစ္စမှာလည်း တိုက်မောင်းကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်းပင်။

 

             ငတိုက်မောင်းက အိုးစားကြီးမို့ သာမန်အိုးစား စစ်သည်များထက် လစာတော်ငွေ ၁၀ ကျပ်သား ပိုရသည်။ အကြပ်မှာ ၇၅၊ သွေးသောက်ကြီးက ၁၀၀ ခန့် ရကြ၏ ။ ထို့ပြင် တစ်နှစ်စာ စပါး တင်းတောင်းနှင့်လည်း ရတတ်ကြသေးသည်။

 

               အနိမ့်ဆုံးစစ်သည်မှာ တစ်နှစ်လျှင် စပါး ၁၅ တင်း၊ တင်း ၂၀ မျှ ရလေသည်။ လစာငွေနှင့်သော် တစ်မိသားစု စားလောက်၏ ။ သူတို့တပ်ကား ဗိုလ်မင်းကောင်းသောကြောင့် ပိုလျှံသည်ချည်း၊ ရောင်းချ စားကြရသည်ချည်း ဖြစ်သည်။ လက်ျာဘီလူးက တစ်နှစ်လျှင် စပါးတင်း ၃၀၀ ကျော် ရိက္ခာတော်ခံရသူမို့ သူ့တပ်သားများကို ကျွေးမွေးထားလေ့ ရှိသောကြောင့်တည်း။

 

               တိုက်မောင်းသည် ရသမျှ စုဆောင်းထားတတ်ရာ မကြာမြင့်မီပင် သိမ်းစရာ နေရာမရှိတော့။ ရသော စပါးအချို့ကို ရောင်းစားသည့်တိုင် အများကြီး ကျန်ရှိနေသေးသည်။ ထိုအခါ ရောင်းရင်းဘက်များက ပိုးထိုးကုန်မယ့်အတူတူ လှူပစ်ပါလားကွဟု ဆိုကြသည်။ 

 

               သူက ဆန်သစ်ကို သိမ်း၍ ဆန်ဟောင်းကို စျေးကောင်းနှင့် ရောင်းတတ်သဖြင့် ငွေကြေးလည်း ပိုမိုရတတ်သည်။ ထို့ကြောင့် မြောက်ကြွကြွ ဖြစ်နေသည်လည်း တစ်ကြောင်း၊ ထို့ပြင် အခြား တစ်ချက်လည်း ရှိသေး၏ ။ မိဖုရားခေါင်ကြီးနှင့် နီးစပ်သူမို့ ဆုတော်လာဘ်တော် ခံစားရသဖြင့် တိုက်မောင်း ပို၍ ကြွယ်ဝနေခြင်း ဖြစ်လေသည်။

 

              ယခု သူက ဘယ်နေ့ ဘယ်ရက် အလှူပြုလုပ်မည်ဟု ကြေညာလိုက်သည်။ သို့သော် သူတစ်ဦးတည်း မလှူ၊ တိုက်တွန်းကြသော အပေါင်းအသင်း ရောင်းရင်းများပါ ကုသိုလ်ပါဝင်မှ လုပ်မည်ဆို၏ ။ သူ ညစ်မှန်း သိကြသော်လည်း ကုသိုလ်ရမည့် ကိစ္စမို့ အများက မငြင်းကြ။ တတ်နိုင်သမျှ ပါဝင်ကြမည်ဟု ကတိပေးခဲ့ကြသည်။

 

                ငအောင်မော်က တစ်ခု တင်ပြလာသည်။ သူတို့အလှူထဲ တပ်မှူးကို ဆွဲမထည့်စေလိုကြောင်း။ အစက တိုက်မောင်းတို့ အပြင်းအထန် ကန့်ကွက်ကြသည်။ တိုက်မောင်း ကြံစည်ထားသည်မှာ အရှေ့ဝင်းတော်မှူး မင်းထင်နော်ရထာနှင့် သူ၏ ဘီလူးတပ်သားများအလှူ ဟု ကြီးကျယ်ခမ်းနားစွာ ကြော်ငြာလျက် လှူပစ်လိုက်မည်ဟု။

 

               သို့ရာတွင် ငအောင်မော် ပြောပြသည်က လက်ျာဘီလူး၏ စီမံခန့်ခွဲပုံအကြောင်း ဖြစ်နေသည်။ အသုံးအစွဲ ကျစ်လျစ်လှသော လက်ျာဘီလူး ပြုစုခိုင်းသဖြင့် ငအောင်မော်က စာရင်းများ လုပ်ပေးရလေ့ ရှိသည်။ မကြာသေးမီက သူသည် တပ်မှူးနှင့်အတူ ရွှေဘုံရတနာ နန်းတော်ထဲ လိုက်သွားရပြီး ဝင်းမှူး၏ အရှေ့ရုံး၌ စာရင်းတစ်ခု လုပ်ပေးခဲ့ရ၏ ။

 

               စင်စစ် စာရင်းများကို ငအောင်မော်တို့ လုပ်စရာမလို။ နန်းတော် လေးမျက်နှာတွင် ဝင်းရုံးတော် လေးခု ရှိပြီး နန်းတော်ထဲမှ အမှုထမ်းများ၏ ကိစ္စအဝဝနှင့် တာဝန်များကို ထိုရုံးတော်များမှ စီစဥ်ကြပ်မတ်ကြရစမြဲ။ ယခု လက်ျာဘီလူး လုပ်ခိုင်းသည်မှာ နန်းတော်နှင့် မဆိုင်သော အခြားအသုံးစရိတ်စာရင်းမို့ ငအောင်မော်အား ခေါ်ခဲ့ခြင်း ဖြစ်သည်။

 

               ရုံးထဲတွင် ဝန်တစ်ဦး စောင့်နေသည်။ ထိုသူနှင့်အတူ အရပ်ရပ် စာရင်းများကို ချုပ်ရင်း သိခဲ့ရသည်မှာ

 

သူတို့တပ်မှူးသည် လစာတော် ၃၀၀၀ ကျော် ၄၀၀၀ ခန့် လစဉ် ရသည်ဟု ခန့်မှန်းနိုင်ကြောင်း၊

ထိုအထဲမှ ၁၀၀၀ အား ရွာသို့ ဘုန်းတော်ကြီးကျောင်း ဆောက်ရန် ပို့ကြောင်း၊ 

၁၅၀၀ ကျော်သည် စစ်ဘေးဒဏ် ခံခဲ့ရသော ရွာများ၌ စိစစ်၍ လူနေအိမ် တင်းကုပ်တို့ ပြန်လည်ဆောက်လုပ်ခြင်း၊ မျိုးစေ့စပါး ဝေငှခြင်းများအတွက် သုံးကြောင်း၊

၅၀၀ ခန့်သည် သူတို့တပ်အတွက် လိုအပ်သည်တို့ကို ပံ့ပိုးရန် ဖြစ်ကြောင်းနှင့် 

အခြားငွေများမှာ စစ်စရိတ်နှင့် အရပ်ရပ် ကြိုတင်ပြင်ဆင်မှုများအတွက် ထားကြောင်း၊ လက်ျာဘီလူးလည်း တစ်ကိုယ်ရည်အသုံးစရိတ်ကို ထိုအထဲမှ သုံးကြောင်း၊... စသည်။

 

              ငအောင်မော် ပြောသည်ကို ကြားကြရသောအခါ အားလုံး တွေဝေသွားကြသည်။ ရသလောက် မပိုတတ်သော တပ်မှူးသည် တစ်ခါတစ်ရံ သုံးစွဲစရာ ငွေကြေးမရှိသလောက် ဖြစ်နေတတ်သေး၏ ။ မိမိတို့မှာမူ ဝမ်းဝဝ စားသောက် ပျော်ရွှင်နေကြသည့်အပြင် ပိုလျှံစပါးတို့ကို ရောင်းချ သုံးဖြုန်းနေကြသည်။

 

                ငအောင်မော် ပြောသည့်အတိုင်းဆိုလျှင် တပ်မှူးလက်တွင် များများစားစား ရှိပုံမရ၊ သူ၏ လစာတော်ကို သူကိုယ်တိုင် မကိုင်ဟုလည်း သိရသည်။ မည်သည့်အလှူမှ ပြုလုပ်သည်လည်း မရှိ၊ မည်သူ့အား ပေးကမ်းစွန့်ကြဲသည်ဟုလည်း မကြားရစဖူးဘဲ ဝန်တစ်ယောက်က စီမံခန့်ခွဲနေသည် ဟူ၏ ။

 

               ထိုဝန်ကိုလည်း သူကိုယ်တိုင် သီးခြားခန့်အပ်ထားခြင်းဖြစ်ကြောင်း သိရသည်။ 

 

"ဒါဆို တပ်မှူးဆီမှာ ၅၀၀ - ၁၀၀၀ တောင် မရှိနိုင်ဘူးလား ငအောင်မော်" 

 

             ဟု တစ်ယောက်က မေးရာ 

 

"တစ်ခါတလေ မျိုးတွေ တန်ဖိုးကြီးနေလို့ ငွေ ၂၀၀၀ ကျော်သုံးတာတောင် မလောက်ဘဲ သူကတောင် စိုက်လိုက်ရသေးတယ်လို့ ဟိုတစ်ယောက်က ပြောတယ်ကွ"

 

"ဘယ်သူ စိုက်ပေးရတာလဲ၊ တပ်မှူးလား။ ဝန်လား"

 

"သူ ခန့်ထားတဲ့ ဝန်ကပါ စိုက်ပေးနေရတာကွဲ့" 

 

"တော်တော်တော့ ဆိုးနေပြီရော" 

 

"သူနဲ့ ပေါင်းမှတော့ မငတ်ရင် ကံကောင်းတာပဲ" 

 

                သို့ဖြင့် သူတို့တပ်မှူး ကျခံရခြင်း မရှိစေရန် အထူးဆင်ခြင်ရမည်ဟု အားလုံး ကတိပြုခဲ့ကြသည်။ 

 

               ယနေ့ တိုင်ပင်ကြသောအခါတွင် တိုက်မောင်းက ငွေသား ၃၀၀ ခန့် ထည့်ဝင်မည်ဟု ဆိုလာသည်။ အမှန်မှာ ငွေ ၃၀၀ သည် သူတို့အတွက် အလွန်များပြားလှသော်လည်း တိုက်မောင်းအား ကြည့်မရကြသောကြောင့်

 

"၃၀၀ တည်းလားကွ.. နည်းတာပေါ့" 

 

"အေးလေ၊ အားလုံးပေါင်းမှ ၁၀၀၀ လောက် ရှိဦးမယ်၊ တိုက်မောင်း.. မင်း ပိုထည့်ဦးကွာ"

 

"ဟာ.. ၃၀၀ တောင်လေကွာ" 

 

"မင်းအတွက် ၃၀၀ က အပေါ့လေးပါဟ" 

 

"ငါ့ရှိတာ အကုန်ပဲကွ" 

 

"သြော်.. တိုက်မောင်း တိုက်မောင်း" 

 

"ဘာလဲ" 

 

"မင်းက တို့ မသိဘူး မှတ်နေတာကိုး" 

 

"ဘာလဲ.. ဘာကို သိတာလဲ။ မရှိတော့ဘူး ဟေ့ကောင်"

 

"၃၀၀ ကတော့ နည်းတယ်" 

 

"နည်းရင် မင်းတို့ တစ်ယောက် ၃၅၀ ထည့်" 

 

"ဟ.. မရှိလို့ပ ငတိုက်မောင်းရာ။ ရှိများရှိရင် ရွှေကို လမ်းခင်းပြီး လှူမှာ၊ စားသောက်ပြီး နိုင်သလောက် ကြုံးယူသွားကြပါဗျိုး လို့ ဟစ်မယ့်သူတွေပါ ခန့်ထားဦးမယ်"

 

"သာဓု၊ သာဓု သာဓု ပါ.. (တိုက်မောင်းက စာရင်းကို ထောက်ကြည့်လျက်) ငွေ ၅ ကျပ် ထည့်ဝင်လှူဒါန်းထားတဲ့ မောင်ပေတလူးခင်ဗျာ"

 

                ငအောင်မော်က

 

"ငါက ၅၀ နော် တိုက်မောင်း" 

 

"ခင်ဗျားလည်း ငသူရိန်နဲ့ အတူတူပါပဲ။ တစ်သက်မှာ တစ်ခါ လုပ်တဲ့ အလှူကြီးကို လဝက်စာ လှူသတဲ့"

 

               သူတို့ ငြင်းခုန်ရာ၌ အာရုံကျနေကြသဖြင့် အနောက်မှ ရောက်လာသော လက်ျာဘီလူးကို မမြင်ကြ။ လက်ျာဘီလူးက သူတို့ ပခုံးများပေါ်မှ ကျော်ကြည့်လိုက်သည်။ တိုက်မောင်းသည် စာရင်းကို ထောက်ကာ ပြောနေရင်း ငှက်ပျောသီး နောက်တစ်လုံး လှမ်းယူရန် ပြင်သဖြင့် ငသူရိန်က ပန်းကန်ကို အလျင်အမြန် ဆွဲလျက်

 

"၃၀၀ ဆို ငှက်ပျောသီး တစ်လုံးပဲ ရမယ်ကွဲ့" 

 

"ဘာ" 

 

              ငတိုက်မောင်း မော့ကြည့်သည်။ ရှေ့တည့်တည့်မှ လက်ျာဘီလူးကို မြင်သွားပြီး ကြက်သေသေသွား၏ ။ 

 

"စားပါစေကွ၊ အပြင်မှာ ငှက်ပျောသီးသည် ခေါ်လာပါတယ်"

 

              လက်ျာဘီလူးအသံကြောင့် ငအောင်မော်တို့ ခေါင်းနားပန်းကြီးသွားပြီး ထခုန်မိမတတ် လန့်ဖျတ်သွားကြသည်။ လက်ျာဘီလူးကတော့ စာရင်းစာရွက်ကို မြင်ပြီးပြီမို့

 

"ငတိုက်မောင်းက များလှချည်လား.. အကျပ် ၃၀၀၊ သုံးပိဿာတောင်ပေါ့၊ ဟုတ်လား"

 

"ဟာ" 

 

"တပ်မှူး" 

 

"ဘယ်လို ပြန်ရောက်လာတာလဲ" 

 

"မနေ့က ၂ ဖီးတည်းမို့ တခြားသူတွေလည်း စားချင်ကြမှာပဲ ဆိုပြီး အသည်ကို မှာခဲ့တာ။ မဝင်ရဲလို့ လမ်းက စောင့်နေသတဲ့"

 

               လက်ျာဘီလူးက ပြောရင်း ငှက်ပျောသီးခိုင်များ ထမ်းထားကြသည့် သားအဖနှစ်ဦးကို လှမ်းခေါ်သည်။ 

 

"မစားရသေးသူတွေ တစ်ယောက်တစ်လုံး ဖြုတ်စားကြပေတော့။ တစ်လုံးပဲနော်.

. အဘမျှင် ကြည့်ထားဦး"

 

"တပ်မှူး.. ကျုပ်တို့၊ ဟိုဥစ္စာလေ.."

 

"အင်း.. လုပ်ကြပါ.. လုပ်ကြ၊ ကောင်းတယ်"

 

              လက်ျာဘီလူး ပြန်ထွက်သွားသည်။ ဘီလူးတပ်သားများ ယောင်တောင်တောင် ကျန်ခဲ့ကြသည်။




 
             တိုက်မောင်းကား စပ်ဖြီးဖြီး။ မြင်းခွာသံ ဝေးသွားသည်နှင့် ငခေါင်းဖြူက 
 
"နင့်ကြောင့်" 
 
              ဟု အရင်းမရှိ အဖျားမရှိ ထ ပြော၏ ။ တိုက်မောင်းကလည်း
 
"ဘာဆိုင်လို့လဲ.. သူ့ဘာသာ ပြန်လာတာကို။ သိသွားတော့လည်း အေးတာပေါ့၊ ခင်ဗျားတို့ စားစရာရှိတာ စားကြ"
 
               ခဏချင်းအတွင်း ငှက်ပျောသီးသည် သားအဖ လွတ်လပ်ပေါ့ပါးသွားရသည်။ ငှက်ပျောခွံများအား နွားစာတောင်းဖြင့် ထည့်ကာ တစ်ယောက်က ထမ်းသွားသည်။ 
 
"ကဲ.. ကဲ၊ လွေးလို့ပြီးရင် ဆက်ကြစို့။ ကျုပ်ကတော့ ၃၀၀ က တစ်ပြားမှ မပိုတော့ဘူးဗျို"
 
                ငအောင်မော်က ရှေ့မှ ခပ်တည်တည် တက်သွားရင်း
 
"ရပြီ ငတိုက်မောင်း။ ငါတို့ကလည်း ကျောက်ခဲ ရေညှစ်ဖို့ ဝါသနာမပါဘူး။ ရှိတာနဲ့ လုပ်မယ်။ ငါ့လက်ထဲ ရှိနေရင် ထပ်ထည့်တယ်၊ အခုနေတော့ ပေးစရာပဲ ရှိလို့"
 
"ဟေ့ တိုက်မောင်း၊ မင့်အစ်ကို ငကံကောင်းရော မေးကြည့်ပါလား"
 
               ထိုအခါ ငသူရိန်က 
 
"မမေးနဲ့.. မမေးနဲ့။ တခြားတပ်တွေက ပါမလာစေချင်ဘူး။ ငါတို့ အရှေ့ဝင်းမှူးတပ်တော်က လုပ်တဲ့ သီးသန့်အလှူကြီးပဲ ဖြစ်ရမယ်"
 
"ဒါဆိုရင် ရှင်မိဖျားခေါင်ကြီးတို့ကို ဖိတ်လို့ အလှူတော် ထည့်ဝင်ချင်တယ် ဆိုရင်ရောကွာ" 
 
"ကြည့်ငြင်းပေါ့ ကိုယ့်လူရာ၊ နေပါဦး.. မင်းက နန်းတွင်းထဲ သွားဖိတ်မလို့လား" 
 
"မဖိတ်လို့ ဘယ်ကောင်းပါ့မလဲဟ.. ငါ့အသိမိတ်ဆွေ ဆိုတာလည်း ပြေးကြည့်မှ မယ်မယ်ဖျားလောက်ပဲ ရှိတာ" 
 
"ဝုန်း" 
 
               အမြင်ကတ်နေပြီဖြစ်သော အဘမျှင်၏ ဖနောင့်စာ စားလိုက်ရ၍ တိုက်မောင်း ဦးစိုက်ကျသွားသည်။ 
 
"သိပ်ဟိုဒင်းပြုမလာနဲ့နော် လူလေး၊ ငါ ရိုက်မိတော့မယ်"
 
               အဘမျှင်က လက်တရွယ်ရွယ်၊ အခြားသူများက မတားမြစ်ကြ မဆွဲကြဘဲ မသိကျိုးကျွန် ကြည့်နေကြသည်။ ငတိုက်မောင်းသည် လက်တကာကာနှင့်
 
"ဟုတ်ထာ ပြောတာပဲဗျ။ ခင်ဗျာ့ အားကိုးရလို့လား.. အလှူ့ရှင်ကို လက်မပါကြနဲ့.. ခင်ဗျားတို့"
 
 "နင်လည်း သိပ်ပြီး သောက်မြင်ကတ်လာအောင် မပြောနဲ့။ အရူးအပေါမို့ လွှတ်ထားတာကို"
 
"ကိုင်းပါလေ.. အလှူကိစ္စပဲ ဆက်ကြတာပ။ ဆန်ဘယ်နှတင်း ဘာအမဲတွေ ထားလို့ ဘယ်သူ ဒုလ္လဘ ဝတ်မှာလဲ။ ဘယ်သူ ပဥ္ဇင်းခံပြီး ဘယ်သူတွေ ကိုရင်ကြီး ဝတ်ကြမလဲ"
 
                ထိုအခါ တစ်ယောက်ကို တစ်ယောက် လွှဲချနေကြပြန်သည်။ မည်သူကမှ သျှောင်တစ်လုံး အဆုံးမခံနိုင်ကြ။ ပြီးခဲ့သည့်ဆောင်းက ဒက်များပေါက်သဖြင့် ခေါင်းတုံးလိုက်ရသည့် အောင်စိန်တို့ ဖိုးကွန်းတို့ပင် အိမ်က မယား လွှဲချကြသည်။
 
"ငါ့မယားက တော် နောက်တစ်ခါ ကတုံးကြီးနဲ့ ပြန်မလာနဲ့လို့ မှာထားလို့ပါဟ" 
 
"ဒီခေါင်းတုန်းကတောင် ကျုပ်ကလေးတွေ မမှတ်မိကြလို့ ငိုကြသေး။ သူတို့လေးတွေ ငိုတော့ ကျုပ်ရင်ထဲ မချိဘူးဗျာ၊ အဲဒီကတည်းက ဆုံးဖြတ်ချက် ချလိုက်တယ်.."
 
"တော် တော်၊ ဇာတ်ကြောင်းတွေ မပြန်ကြနဲ့တော့။ ဒုလ္လဘမဲ ချမယ်။ ကျတဲ့သူ သာသနာ့ဘောင် ဝင်ကြရမယ်.. ဒါပဲ"
 
"ဟ.. ဒုလ္လဘမဲ ဆိုတာ အဲဒီလို ဆိုလိုတာ မဟုတ်ဘူးရော။ ဘာတွေ လျှောက်လုပ်နေကြတာလဲ"
 
"မရှည်နဲ့၊ မဲနှိုက်ကြမယ်.. ဟိုဒင်းတွေပြင်။ ပဥ္စင်းက ၁၀ ပါး၊ ပြုစုဖို့ ကိုရင်က ၅ ပါး။ သူတော် ၅ ဦးပါ ထည့်ကွာ"
 
               အသက်အကြီးဆုံး အဘမျှင်က ယတိပြတ် ဆုံးဖြတ်ချလိုက်ပြီး မဲနှိုက်ရန် ပြင်ကြသည်။ 
 
"ဘယ်သူအရင်ဆုံး နှိုက်မလဲ" 
 
"ငတိုက်မောင်း" 
 
"ဟေ့အေး.. အဘမျှင်က အကြီးဆုံး၊ ငါတို့ ဦးစားပေးရမှာပ"
 
              အဘမျှင်လည်း လက်သီးလက်မောင်း တန်းလျက် 
 
"အဦးဆုံး နှိုက်ရတော့ အဝှာပြုဖို့ အလွယ်ဆုံးပေါ့ဟ" 
 
               ဆိုကာ နှိုက်ချလိုက်သည်။ 
 
"လာစမ်း.. ဗလာ၊ မှန်း.. လခွမ်းတဲ့မှ"
 
"ဝေး.. ဘမျှင် ရှင်သာမဏေလောင်း ပေါက်သွားပြီကွ" 
 
"ဒါ့ကြောင့် ရှေးလူကြီးတွေက ဆိုခဲ့ကြတာကိုး၊ အဦးဆုံး နှိုက်တော့ ရှင်ပြုဖို့ အလွယ်ဆုံး ဖြစ်တာပေါ့တဲ့"
 
                 အဘမျှင်က ငထင်ကို ဆဲသည်။ ထို့နောက် အလှည့်ကျ မဲနှိုက်ကြရာ ငသူရိန်က သူတော်၊ ငရွှေသာက ပဥ္ဇင်းလောင်း ကျ၏ ။ ငထင်တို့ ငတိုက်မောင်းတို့ ဗလာရ၍ လွတ်သွားကြသည်။ ငတိုက်မောင်းဆိုလျှင် မဲမပေါက်ကြောင်း သိသည်နှင့် ထ က လိုက်သေးသည်။
 
"ကျုပ်ကို ခွင့်လွှတ်ပါတော့ မယ်မင်းရယ်၊ အကုသိုလ်ကောင်တွေကြားမှာ မင့်လင်က သူတော်ကောင်းဖြစ်ဖို့ ကံပါလာသတဲ့ကွယ်"
 
"ဘာ ခုမှ အသံကောင်းဟစ်နေတာလဲဗျ ကိုရင်။ အစကတော့ တစ်မျိုး" 
 
               ငအောင်မော်ကတော့ ပဥ္ဇင်းခံရမည်ကို ကျေနပ်နေသည်။ သူတို့ငယ်စဥ်က ရုန်းကန်ခဲ့ကြရသဖြင့် ယခုမှ သာသနာ့ဘောင် ဝင်ရန် အခွင့်ရခဲ့ခြင်း ဖြစ်သည်။ 
 
"ဝါတွင်းသုံးလတော့ ရအောင်နေမယ် စိတ်ကူးသဟေ့"
 
"ခင်ဗျား မနေနိုင်ပါဘူးဗျာ" 

"ဘာလို့.."
 
"တာဝန်တွေ ရှိသေးတာပဲ၊ အိုးစားဖက်ငယ်မှ မဟုတ်တာ"
 
"ဒါတော့ တခြားသူတွေလည်း ရှိတာပဲ၊ ငါ့အစား ငသူရိန်တို့ လုပ်ထားလိမ့်မယ်"
 
"တပ်မှူးက မနေပါဘူး၊ ပြန်ခေါ်မှာပ"
 
"အေးလေ.. ပြောသာပြောတာပါ၊ ၁၅ ရက် တစ်လဆိုလည်း မဆိုးပါဘူး"
 
"ဟေ့.. မောင်ရှင်လောင်းတွေတော့ ရပြီ၊ အလှူဖိတ်ဖို့ အကူခေါ်ဖို့ လိုသေးတယ်"
 
"အကူက အများကြီး ခေါ်စရာမလိုဘူး။ ငါတို့ပဲ ဝိုင်းလုပ်မယ်။ အဓိကက ဗျိုးဟစ်မယ့်သူ.. ဘယ်သူရှိလဲ"
 
 "တစ်ယောက်ယောက် မြို့ကို လည်ပြီး လိုက်အော်ကွာ"
 
"ဟာ.. ဘယ်ဖြစ်မလဲ။ ဒါမျိုးက အသံနေ အသံထားနဲ့၊ စာနဲ့ အလင်္ကာနဲ့ တန်ဆာဆင်ပြီး ဟစ်ရတာ။ ပြီးတော့ ဘယ်အရပ်တွေ ဘယ်လို ဖိတ်ရမယ် ဆိုတာ ငါတို့ နားမလည်ဘူး။ ဟစ်နေကျလူသာ ရှာစမ်းကွယ်"
 
"ကျုပ်အသိတစ်ယောက်တော့ ရှိတယ်၊ သွားရှာကြည့်ဦးမယ်"
 
                တပ်သား ငပြူး ထွက်သွားသည်။ မွန်းလွဲပြီးမှ ပြန်ရောက်လာ၏ ။ သူနှင့်အတူ ဘီလူးတပ်သားများ မျက်မှန်းတန်းမိနေသူတစ်ဦး ပါလာလေသည်။
 
"ဒါ နန်းတော်အရှေ့ထိပ်မှာ သေနတ်ကိုင် စောင့်ရတဲ့ အစောင့်ဟောင်း မဟုတ်လား" 
 
"ဟုတ်ပ.. သူ အရင်က နန်းတွင်းအမှုထမ်းပဲ၊ မောင်ဘဘေ တဲ့" 
 
"မတွေ့တာတောင် ကြာပြီနော်.. ရောင်းရင်း" 
 
"မတွေ့ဆို နန်းတွင်းမှာ အမှုတော် မထမ်းတော့တာ ကြာပြီလေ" 
 
"ဟုတ်လား၊ ရွာပြန်သွားတာလား"
 
             မောင်ဘဘေ ဆိုသူက ပွင့်ပွင့်လင်းလင်းရှိ၍ ပျော်ပျော်နေတတ်သူပီပီ..
 
"ဘယ်က ဟုတ်ရမှာလဲ၊ အမှုတော်ထမ်းတာ ပေါ့လျော့လို့ ခင်ဗျားတို့ တပ်မှူးကပဲ အလုပ်ဖြုတ်လိုက်တာကိုးဗျ"
 
"ဟယ်.. ဟုတ်ကဲ့လား၊ ဘဇာ ဖြစ်သတုံး"
 
              ငဘဘေ နတ်သံနှောလျက် ပြောပြသည်မှာ ဤသို့ဖြစ်သည်။ တစ်ရက်တွင် သူတို့အား စစ်ဆေးနေကျ ဝင်းကောင်ဟန်ဝန်၊ လက်သုံးကြီးတို့ မစစ်ဘဲ အရှေ့ဝင်းမှူးကိုယ်တိုင် အစောင့်များကို တန်းစီစေ၍ စစ်သည်ဆို၏ ။
 
              ဖြစ်ချင်တော့ ထိုနေ့မှ သူ့ကတ္တီပါဘော်ကြယ်ထိုးယမ်းအိတ်ထဲ၌ ကျည်စေ့ ပါမလာ။ သူကလည်း မစစ်ခဲ့မိ။ ဝင်းမှူးက အိတ်ကို ဖွင့်စေသောအခါ ကျည်ဆန်မပါကြောင်း တွေ့သွားသည်။
 
"ကျည်မပါဘဲ သေနတ်ထမ်းထားတာက အသနားတော်မြတ် ခံပြီး အမှုမထမ်းဘဲ နေတာနဲ့ အတူတူပဲ။ အလုပ် မဟုတ်တဲ့အတူတူ သေနတ်ထားခဲ့ပြီး ထွက်သွားတော့"
 
"ကျွန်တော်မျိုး တောင်းပန်ပါတယ်၊ ဒီနေ့မှ မေ့လာလို့ပါ" 
 
               ဝင်းမှူးသည် သူ့လက်ထဲမှ သေနတ်ကို ဆွဲယူ၍ သေနတ်သွေးသောက်ကြီးအား ပေးလိုက်သည်။ နောက်တစ်ယောက်ကို ထပ်စစ်ရာ
 
"မင့် မီးခတ်ကျောက်ပြားက အကြိမ်များစွာ အသုံးပြုထားပါလား" 
 
               ထိုသူမှာ တုန်လှုပ်နေ၏ ။ သူ့ဘေးမှ လူတစ်ယောက်က ဝင်ပြောပေးရသည်။
 
"သေနတ်မီးခတ်ရမယ့် ကျောက်ကို ဆေးလိပ်မီးညှိရာမှာ အလွယ်သုံးနေလို့ မလုပ်ဖို့ ကျွန်တော်မျိုး အတန်တန် ပြောပါသေးတယ်" 
 
"ဒီ အလွဲသုံးစားကိုတော့ ကြိမ်ဒဏ် ၁၀ ချက်ပေးပြီး ထောင်သွင်း အကျဥ်းချထားလိုက်"
 
               ငဘဘေ အထွန့်မတက်ရဲတော့။ သူတောင် ကံကောင်းလို့ ထောင်မကျခြင်း ဖြစ်သည်။ ရစရာရှိသည်တို့ကို ထုတ်ယူ၍ နန်းတော်မှ အပြီးထွက်ခဲ့ရ၏ ။
 
"အေးဗျာ.. တပ်မှူးက အဲလိုပဲ။ ခင်ဗျား အရိုက်မခံရလို့ တော်သေး။ သေနတ်သား ကျည်မပါတာက နွားမပါဘဲ လယ်ထွန်သွားသလို အချည်းနှီးပေါ့ဗျ"
 
"ဟုတ်လည်း ဟုတ်ပါတယ်။ အခုတော့ ရွာဆော် ဗျိုးဟစ် နိဗ္ဗာန်ဆော်အလုပ် လုပ်ကိုင်စားနေရသပေါ့"
 
"ခင်ဗျား ကောင်းကောင်း အော်တတ်ကဲ့လား"
 
"အကုန် ဟစ်တတ်ပါ့ဗျာ။ ကျုပ် အခု သတိလည်း ကောင်းနေပြီခင်ဗျ။ ဘာလုပ်လုပ် သေသေချာချာ လုပ်နေပြီ။ ပြီးခဲ့တဲ့ အလှူတုန်းကတောင် ကျုပ်ဟစ်တာ တိကျလွန်းလို့ အလှူရှင်က တောင်းပန်ယူရတယ်"
 
"ခင်ဗျားက ဘာတွေ ဘယ်လိုဟစ်လိုက်လို့တုန်း" 
 
"ရွှေမြို့တော် အလယ်ကျီအရပ်နေ၊ မျက်စိတစ်ဖက်လပ်နှင့် ကပ်ရပ်စားသူ ငဘိုးတူ၏ ယောက္ခမအိမ်ပေါ် ပြုလုပ်မည့်အလှူတော်သို့ ကြွရောက်စားသောက်ကြပါရန် ခေါ်ပါသဗျိုး လို့ အော်လိုက်တာ.."
 
"ကောင်းဗျာ၊ ကျုပ်သာ ငဘိုးတူ ဆိုရင် ခင်ဗျား ခုလို ဘယ်ရပ်နေနိုင်မလဲ။ ကြားတဲ့နေရာ ခေါင်းအကွဲပဲ"
 
               တိုက်မောင်းက.. 
 
"ဟေ့လူ.. ကျုပ်ကိုရော ဘယ်လိုအော်မှာလဲ။ ကြိုပြောကြည့်စမ်း"
 
              ဟု ဆိုကာ အင်္ကျီလက်ကို ပင့်တင်လိုက်သည်။ 
 
 "ကိုရင်တို့အလှူကိုတော့ ဒါမျိုး မဖြစ်စေရပါဘူး။ ငဘိုးတူက ဆဲမနာဆိုမနာ လူရင်းတွေမို့ ကျီစားတာပါဗျ"
 
"ဟိတ်.. ငပြူး၊ မင့်လူကြည့်ရတာ တယ်မဟန်ဘူး ထင်ပါရဲ့။ သွားပါကွာ.. ပြန်ပို့လိုက်ချေ"
 
                မောင်ဘဘေက ပျာပျာသလဲနှင့် 
 
 "ဒီလိုလည်း မဟုတ်သေးဘူးလေ၊ အလှူ့ဒါယိကာ နောင်ကြီးနာမည်လေး အမိန့်ရှိပါဦး"
 
"ကျုပ်နာမည် ငတိုက်မောင်း။ အိုးစားကြီး၊ မန်ကျည်းကန် သူကြီးမျိုးရိုး"
 
"ကျုပ် ဟစ်မှာက ဒီလိုပါတဲ့.. ရှေ့ဝင်းတော်မှူး၏ ဘီလူးတပ်မှ သူကြီးသမက်.."
 
 "ဟေ့ကောင်.. သမက်မဟုတ်ဘူး၊ သားအရင်းကွ"
 
"ဟုတ်ကဲ့.. ဘီလူးတပ်မှ သူကြီးသား အိုးစားကြီးတိုက်မောင်း ကြီးမှူး၍ အလှူတော်မင်္ဂလာ ဆင်ယင်ကျင်းပမည် ဖြစ်ပါသောကြောင့်.."
 
"ဒီလိုမှပေါ့.. ဟဲဟဲဟဲ" 
 
              တိုက်မောင်း သဘောကျသွားသည်။
 
"သားကို လက်ငင်၊ လင်ကို လက်တို့၊ အိမ်ကို ဆူးဆို့၊ ခွေးကို အို့ဟု ခေါ်လျက် တစ်အိမ်သားလုံး ငတိုက်မောင်းအလှူသို့ ကြွတော်မူကြပါဗျိုး... အဲသလို အော်ရမယ်"
 
"အိမ်း.. ကောင်းတယ်၊ ခင်ဗျား အော်လိုက်မှ ကျုပ်တို့အလှူ ပိုကြီကျယ်သွားသလိုပဲ။ ဘာတဲ့.. အိမ်ကခွေးပါမကျန် လာစားကြတဲ့လား။
 
ကောင်းတယ်၊ အဲဒီအတိုင်း အရပ်တကာလှည့် ဗျိုးဟစ်ပေတော့။ အရပ်ထဲမှာ ကမ်းဖို့ လက်ဖက်ထုပ်တွေကို တောင်းနဲ့ ထမ်းလိုက်ဖို့ လူတစ်ယောက် စီစဥ်ပေးလိုက်မယ်"
 
               ငထင်သည် တစ်စုံတစ်ခု တွေးနေရာမှ
 
"တို့မှာ အိုးစည် ဒိုး မောင်း အစုံရှိတယ်။ တီးတတ် မှုတ်တတ်သူတွေလည်း တပ်ထဲ ရှိနေတာပဲ။ ဆိုင်းဝိုင်းငှားစရာ မလိုဘူး။ ကျွေးဖို့ အမဲဟင်းလျာ ဘယ်လောက်မှာမယ်ဆိုတာ တွက်ချက်ပြီးရင် အမဲပေါ်တဲ့ ဦးလူဝကြီးဆီ ကြိုပြောထားမှ သင့်မယ်"
 
             ထိုအခါ တစ်ယောက်တစ်ပေါက် ဆွေးနွေးကြ၊ ငြင်းခုန်ကြပြန်သည်။ 
 
"ငါကတော့ ဝက်သား တစ်ဦးတည်း အကြိုက်ကျွေးချင်သကွာ" 
 
"ဟာ.. ဘယ်ဖြစ်မလဲ။ တချို့က ဝက်သား မစားကြဘူးလေ၊ ပုစွန်ကလေး ငါးကလေးလည်း ပါမှဖြစ်မယ်။ ပြီးတော့ အရည်သောက်ကို ကျွေးနေကျ မှန်ရောင်ဟင်းချို ငါတော့ မကြိုက်ဘူး။ ပဲဟင်းရည်ဖြစ်ဖြစ် ကောင်းကောင်းလုပ်မှပဲ"
 
"ဒါပေါ့.. ကျုပ်တို့အားကျလို့ တခြားတပ်တွေက လိုက်လှူရင် ရှေ့ဝင်းမှူးတပ်က အကောင်းဆုံး ဆိုပြီး လူတွေ တသသ ဖြစ်နေစေရမယ်"
 
"အင်း.. မင်းပြောသလိုဆို ချိုချဉ်စပ်ခါး အရသာလေးပါးစုံအောင် စဉ်းစားကြတာပ။ အချဥ်အတွက် သရက်သီးပိုးတီလုပ်ရင် မကောင်းဘူးလား။ အစပ်က ငါးခြောက်ထောင်း ငရုတ်သီးကြော်ကွာ"
 
               တိုက်မောင်းက သိပ်မကြိုက်။
 
"မင်းတို့ ပြောနေတာတွေက သာမန်ပဲကွ။ ဘယ်အလှူဖြစ်ဖြစ် ဒါမျိုးချည်းပေါ့။ အများစာမို့ ဒီလိုချက်ရတာ ငါနားလည်တယ်။ ဒါပေမယ့် တို့တပ်က လက်ျာဘီလူးရဲ့ တပ်မဟုတ်လား"
 
"ဘာဆိုင်လို့လဲ တိုက်မောင်းရ" 
 
"သူများ မလုပ်တာ၊ ပိုကောင်းတာမျိုး လုပ်သင့်တာပေါ့ဟ။ ငါဆိုလိုတာက စားလို့ ပိုမြိန်မယ့် ဟင်းလျာတွေ တွဲစပ်ပြီး ချက်ပြုတ်ကြဖို့"
 
                သို့နှင့် နောက်ဆုံးတွင် ကြက်သားဘူးသီး ကာလသားချက် အရည်ပေါပေါနှင့် ခရမ်းချဥ်သီး ပန်ထွေဖျော်၊ ခရမ်းသီး မီးဖုတ်သုပ်၊ မရမ်းသီး သို့မဟုတ် မန်ကျည်းသီး ငံပြာရည်ကြော်တို့ကို အဓိကထား ကျွေးမွေးကြမည်ဟု အတည်ပြုလိုက်ကြသည်။
 
               ညဦးပိုင်း လက်ျာဘီလူး ပြန်ရောက်လာသောအခါ သူတို့လုပ်မည့်ကိစ္စကို မည်မျှအထိ ရိပ်မိသွားသလဲဟု သွေးတိုးစမ်း မေးမြန်းကြည့်ကြသည်။ လက်ျာဘီလူးက ခပ်ပြုံးပြုံးနှင့်
 
"မင်းတို့ လူစု ငွေစုပြီး တစ်ခုခု လုပ်ဖို့ ကြံနေကြတာတော့ ရိပ်မိပါတယ်။ ဘာတွေများ ထူးထူးခြားခြား လုပ်ချင်လို့ လျှို့ဝှက်နေကြသလဲ သေသေချာချာ မသိဘူး။ ဘာလဲ.. ဘဝရှင်ထံက အမြောက်ဝယ်ပြီး တပ်ထိပ်မှာ ထားချင်လို့လား"
 
"ဟားဟား.. ဒါဆို တပ်မှူး မရိပ်မိသေးဘူးပဲ" 
 
"အင်း.. ငွေတော့ တော်တော်များတယ် မဟုတ်လား။ အမြောက်ဝယ်ဖို့ မဟုတ်ရင် ဘာတွေ ကြီးကြီးကျယ်ကျယ် လုပ်ကြမလို့လဲ"
 
"ဟဲဟဲ.. ရဟန်းခံ ရှင်ပြု အလှူကြီး လုပ်မလို့ပါဗျာ" 
 
"အလှူကြီးဆို မင်းတို့ငွေထောင်ကျော်လောက်နဲ့ ဘယ်ရမလဲ.. ငါ ထည့်ဝင်ရဦးမလား" 
 
"ရတယ်.. ရတယ် တပ်မှူး။ မလိုဘူး၊ အလှူကလည်း သိပ် အကြီးအကျယ်တော့ မဟုတ်ပါဘူး။ ပကာသနတွေ မပါအောင် စိစစ်ပြီး လုပ်မှာပါ"
 
"အင်း.. မင်းတို့ လိုအပ်လာခဲ့ရင် ဘုရားစင်ပေါ်က ရွှေဖလား ယူသုံးလိုက်ပေါ့။ နောက်မှ ငါ အသစ်ပြန်လုပ်မယ်"
 
"အဲဒါက ရွှေ ၂၅၀ ခုတ် ဖလား မဟုတ်လား။ အသပြာ ၅၀၀၀ လောက် တန်မှာပေါ့"
 
ဟုတ်တယ်၊ ငွေ ၅၀၀၀ ပေးခဲ့ရတယ်။ ငါ့လစာငွေ တစ်လစာပဲ"
 
"ကျုပ်တို့ အဲသလောက်ကြီး မချဲ့ပါဘူး တပ်မှူး။ မလိုလောက်ပါဘူး"
 
"ငါကတော့ မင်းတို့ကို ကူနိုင်မှာ မဟုတ်ဘူးနော်။ တာဝန်တွေ များနေတယ်။ မင်းတို့ဘာသာ အဆင်ပြေအောင် လုပ်ကြပေါ့"
 
"အလှူနေ့တော့ တပ်မှူး လာရမယ်နော်" 
 
"အောင်မာ.. ငအောင်မော်တို့၊ မင်းတို့က ငါ့ကို အသိမပေးဘဲ လျှို့ဝှက်ထားပြီးမှ အလှူနေ့ကျ လာရမယ်တဲ့လား"
 
"အဲဒါက အပျော်ပါ တပ်မှူးရယ်.. အဟဲ" 
 
                လက်ျာဘီလူး ပြုံးနေသည်။ တိုက်မောင်းက ဝင်ပြောလိုက်၏ ။
 
"ကျုပ်တော့ မယ်မယ်ကြီးဘုရားကို ဖိတ်မယ်လို့ စိတ်ကူးတာပ တပ်မှူး" 
 
                ပြုံးနေရာမှ ပြူးပြူးပျာပျာ ဖြစ်သွားသည့် လက်ျာဘီလူးက 
 
"ဟ.. မင်း တလွဲတချော်တော့ မလုပ်လိုက်နဲ့နော်" 
 
              ဟု စိုးရိမ်စွာ သတိပေးလေသည်။ 
 
 

 


 
                တကယ်တမ်း တလွဲလုပ်လာသည်မှာ တိုက်မောင်း မဟုတ်ဘဲ ဗျိုးဟစ်သူ ငဘဘေသာ ဖြစ်၏ ။  ငဘဘေနောက် တောင်းထမ်းလိုက်သွားသည့် ငနီတာက အပြန်တွင် မျက်နှာသုန်မှုန်လျက် သူတို့ကို တိုင်လေတော့သည်။
  
"ဟိုလူက အခြားအရပ်တွေ ဗျိုးဟစ်တုန်းတော့ အဟုတ်ဗျ။ မြောက်ပြင်ရပ် ရောက်မှ ဖောက်ပြီး ကျုံးဝန်အိမ်ကို ဝင်သွားတယ်"
 
"ဟေ" 
 
                သူတို့ မျက်လုံးအနည်းငယ် ပြူးသွားကြ၏ ။ ကျုံးဝန် ဆိုသည်မှာ ဝန်မင်း ဘုမ္မဇေယျ ဖြစ်သည်။ ယခင်မင်းအဆက်ဆက်တွင် ကျုံးဝန်ဟူ၍ မရှိဘဲ အလောင်းမင်းတရားလက်ထက်တော်အခါမှ စတင်၍ ခန့်ထားသော ရာထူးအသစ်လည်း ဖြစ်လေသည်။
 
                အလောင်းမင်းကြီးသည် ရွှေမြို့တော် တည်စဥ်အခါက မဟာနန္ဒာကန်နှင့်တကွ ကျုံးကို အထူးပြုလုပ်တူးဖော်စေခဲ့ပြီး နောင်အခါ တူးမြောင်းကြီးတစ်ခုလည်း ဖောက်လုပ်ခဲ့သေးသည်။ ကျုံး၊ တူးမြောင်းတို့သည် နန္ဒာကန်ကြီးနှင့် ဆက်သွယ်ထားပြီး အရေးပါသော နေရာများ ဖြစ်၍ ကျုံးဝန်ဟု သီးသန့်ခန့်ထားခဲ့ခြင်းပင်။
 
                ထို့ကြောင့် 'တောင်မြို့တွင် ရုံးကြီး၍ မြောက်မြို့တွင် ကျုံးကြီးသည်' ဟူသော ဆိုရိုးပင် ပေါ်ပေါက်လာခဲ့သေး၏ ။ ထိုသို့ ကျုံးဝန် အရေးပါနေခြင်းအား ရှေးထုံးများကို အလေးထားတတ်သည့် မြောက်ကျီရပ်ခေါင်းမင်း နန္ဒဗလကျော်သူက မကြိုက်ချေ။ 
 
              မြောက်ကျီရပ်ခေါင်းမင်းနှင့် လက်ျာဘီလူးလည်း အလွန်ရင်းနှီးကြသည်။ ထို့ပြင်တစ်ဝ အရှေ့ဝင်းမှူးက မြောက်ပြင်ရပ်အား စိုးမိုးနေခဲ့သည်ကိုလည်း မြောက်ပြင်၌ ဘုန်းကြီးနေသော ကျုံးဝန်က သဘောတွေ့ဟန်မတူ။ လက်ျာဘီလူးမှာ လူကြီးနှစ်ယောက်ကြား ညပ်၍ အမြင်မကြည်ခြင်း ခံနေရချေသည်။
 
              ထို့ကြောင့် ဘီလူးတပ်သားများက သူတို့ပြုလုပ်သော အလှူသို့ ကျုံးဝန်အား ဖိတ်ကြားလိုခြင်းမရှိ။ ရပ်ခေါင်းမင်းကိုမူ ခပ်စောစောကပင် အကြောင်းကြားပြီး ဖြစ်သည်။ ယခုတော့ မောင်ဘဘေက တမင် ဖိတ်လာသကဲ့သို့ လုပ်ချလိုက်လေပြီ။
 
"မင်းတို့ ကျုံးဝန်ကို ဖိတ်ခဲ့တာပေါ့"
 
"ဝန်မင်းနဲ့တော့ မတွေ့ဘူး။ ဝန်ကတော်က ရှူတင်းတင်းနဲ့ပဲ လက်ဖက်ထုပ်ကို ယူထားလိုက်တယ်"
 
                ဖိတ်ကြားချက်ကို လက်ခံသည် ဟူသောသဘော။ ငသူရိန်ကတော့
 
"သူ မသိလို့ မျက်နှာလုပ်ပြီး ဝင်ဖိတ်တာ နေမှာပေါ့ကွာ။ ကြွလာတော့လည်း ဧည့်ဝတ်ကျေအောင် ဧည့်ခံကြတာပေါ့။ သူတို့တွေ မဆုံလောက်ပါဘူး"
 
"အင်း.. မဆုံအောင် လုပ်မှဖြစ်မယ်ဟေ့။ တော်ကြာ မျက်နှာချင်းဆိုင်ပြီး ခွပ်နေမှ ငါတို့အလှူလေး ကျော်မကောင်း ကြားမကောင်း ဖြစ်နေပါ့မယ်"

             ငမျှင်က မည်သို့ပြုရမည်ကို ဆုံးဖြတ်ပေး၏ ။

"သူတို့ ကြွလာကြရင် တိုက်မောင်းက ဟိုဒင်းကို အိမ်တော်ပေါ် ခေါ်သွား။ ငအောင်မော်က ခေါင်းမင်းကို တရားဟောမယ့် ဇရပ်သာ တန်းခေါ်သွားတော့"
 
            အလှူရက်မှာ မဝေးတော့ပြီမို့ တပ်သားများ အလုပ်ရှုပ်နေကြပေပြီ။ ထင်းလှည်းတိုက်သူ၊ ပစ္စည်းငှားရမ်းသူ၊ စာရင်းမှတ်သူ၊ ဝယ်ခြမ်းပြင်ဆင်ရသူများသည် ပျားကောင်များပမာ ရှိ၏ ။ အလှူအဝင်နေ့ (အကြိုနေ့) ၌ စတင်ကျွေးမွေးကြသည်မို့ အနီးအပါးမှ လူသူများ၊ အကူ အကြိုသမားများ လာစားနေကြပြီ။
 
              ထိုနေ့တွင် ကျုံးဝန် ဘုမ္မဇေယျေအမတ်ကြီး ရောက်ရှိလာသည်။ ထီးတော်မိုး တစ်ယောက်၊ ကွမ်းရေတော်ကိုင် တစ်ယောက်သာ နောက်လိုက်ပါ၏ ။ လမ်းကြုံ၍ ဝင်လာသည့်ဟန် ရှိသည်။ လုပ်ကိုင်စားသောက်နေသူတို့ ပြေးကြိုလိုက်ကြရသည်။
 
"မင်္ဂလာပါ ဝန်မင်းကြီး၊ ကျန်းမာတော်မူပါစခင်ဗျ"
 
"အိမ်း.. မာပါ့ကွယ်။ မောင်တို့အလှူတော်က နက်ဖြန် မဟုတ်လား"
 
"ဟုတ်ပါတယ်ဘုရား၊ ဒီနေ့က လုပ်ကိုင်သူတွေကို ကျွေးနေလို့ ပွဲနေ့လို ဖြစ်နေတာပါ"
 
"ကျုပ် သဘောပေါက်ပါသကွယ်။ စားကြ၊ စားကြ.. ကျုပ်က ဒီတပ်ကို မဝင်ဖူးလို့ သတိတရ လှည့်လာတာကွယ့်"
 
                သို့ဖြစ်လျှင် တမင်လာသည်ဟု ယူဆရပေမည်။ လာရောက်အကဲခတ်ခြင်း ဖြစ်လိမ့်မည်။ လက်ျာဘီလူးနှင့် နန္ဒဗလကျော်သူတို့ မရှိချိန် ဝင်လာခြင်းတည်း။
 
"သုံးဆောင်တော်မူပါဦးလား ဝန်မင်း"
 
"ကျုပ် သုံးခဲ့ပြီးပါပြီ။ လှည့်ကြည့်ရုံပါပဲ"
 
               သို့နှင့် သွေးသောက်နှစ်ယောက်ဖြစ်သော ငသူရိန်နှင့် ငအောင်မော်တို့က ဝန်မင်းအား တပ်ကိုလိုက်ပြကြရလေသည်။ အလှူမဏ္ဍပ် ပြင်ဆင်နေသည်ကို ကြည့်ကာ အမတ်ကြီးက..
 
"မောင်တို့အလှူက ထောင်ကျော်ကုန်ကျမယ့် အလှူပေါ့" 
 
               ဟု ခန့်မှန်းလိုက်သဖြင့် ငသူရိန်တို့ အံ့သြသွားပြီး 
 
"ဟုတ်ပါတယ်၊ ဝန်မင်း ဘယ်လိုသိပါသလဲ"
 
"ရမ်းလိုက်တာပ.. မဏ္ဍပ်အကျယ်၊ သပိတ်သင်္ကန်းတွေ၊ချက်ပြုတ်မယ့်နေရာ၊ အကြိုနေ့ ကျွေးမွေးနေတာနဲ့ ပြင်ဆင်နေကြတာကြည့်ပြီး တွက်ချက်ကြည့်တာပါ"
 
"ချီးကျူးစရာပါပဲဘုရား။ ကျွန်တော်မျိုးတို့အလှူက အကျယ်မချဲ့ဘဲ ကုသိုလ်ရရေးသာ လိုရင်းဖြစ်ပါတယ်"
 
"သာဓုကွယ်၊ ဒါနဲ့ ဝင်းတော်မှူးလည်း မမြင်ပါလား"
 
"ဒီအချိန် နန်းတွင်းမှာပဲ အလုပ်များနေဆဲ ဖြစ်မှာပါ"
 
"အိမ်း.. အိမ်း၊ မောင်တို့ဝင်းမှူးရော အလှူတော်မပါဝင်ဘူးလား"
 
 "တပ်မှူးက လိုရင် ထည့်မယ် ပြောပါတယ်။ ကျွန်ုပ်တို့က မလိုသေးဘူးလို့ ပြောထားတာပါ"
 
                ဝန်မင်းသည် ခေါင်းတညိတ်ညိတ်။ တပ်ကို ပတ်ကြည့်ရင်း ထောင့်တစ်နေရာတွင် ရေချမ်းစင်တစ်ခုကို မြင်၍
 
"ရေအိုးဘေးမှာ ဘာပါလိမ့်မယ်" 
 
               ဟု သွားရောက်စူးစမ်းလေသည်။ ကျောက်တုံးကလေးများပေါ် တင်ထားသည့် ရေအိုး ၃ လုံး၏ ဘေးဝယ် သစ်သားခုံကလေးနှင့် လေးထောင့်ဖာကလေးတစ်ခု အဖုံးအုပ်လျက်သား တင်ထား၏ ။ ဝန်မင်းက အဖုံးလှပ်ကြည့်လိုက်သည်။ 
 
"အလို.. ထန်းလျက်တွေပါလား" 
 
              ငသူရိန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်၍ ပြုံးလိုက်ကြပြီး 
 
"ထိုင်တော်မူပါဦးဖျား၊ ကျွန်တော်မျိုးတို့ ရှင်းပြပါ့မယ်"
 
                ရေချမ်းစင်ဘေးမှ ဝါးနှင့် ရိုက်ထားသော ရသေ့ကျောင်းဟုခေါ်သည့် တန်းလျားကလေးပေါ်သို့ ဝန်မင်းကို ထိုင်စေပြီး သူတို့က အောက်မှ လက်အုပ်ချီ ထိုင်လိုက်ကြသည်။
 
"ဒီလိုပါဘုရား၊ ကျွန်တော်မျိုးတို့တပ်မှူးက လူတစ်မျိုး ဖြစ်ပါတယ်။ သူ့ စိတ်ကူးတွေက တခြားသူတွေနဲ့ မတူပါဘူး"
 
"ဒါ မောင်တို့တပ်မှူးရဲ့ ရေချမ်းစင်ပေါ့" 
 
"မှန်ပါဘုရား၊ တပ်မှူးက အိုးသည်တွေ တွေ့ရင် အက်နေတဲ့အိုး၊ ရေစိမ့်တဲ့အိုးတွေ စျေးပေါပေါနဲ့ ဝယ်လေ့ရှိပါတယ်"
 
               ထိုအခါမှ ဝန်မင်းက ရေအိုးများကို ပြန်၍ ကြည့်မိသည်။ ရေလောင်းထားသောကြောင့် မဟုတ်ဘဲ စိုရွှဲနေသည့် ရေအိုးများမှာ လက်စသတ်တော့ ရေစိမ့်နေတာပါလား ဟူ၍ သဘောပေါက်သွား၏ ။
 
"ဘာလို့ အိုးအကောင်း မသုံးရသလဲကွဲ့" 
 
"အိုးကောင်းလည်း ကြာရင် ရေစိမ့်တာပါပဲ။ သူက အဲဒီအချိန်ထိ မစောင့်နိုင်ဘူးဘုရား။ အခုရေထည့်၊ အခုစိမ့်ပြီး အောက်က အင်တုံတွေထဲ ကျနေစေချင်တာပါ"
 
"သြော်.. သြော်" 
 
               ရေအိုးစင်အောက်တွင် ငှက်ကလေးတစ်ကောင် နားနေသော အင်တုံကို ကြည့်ရင်း ဝန်မင်း ခေါင်းဆတ်လေသည်။ ငှက်ကလေးက ရေသောက်ပြီးနောက် ဟိုဟိုသည်သည် ကြည့်ရာ ခွေးပိန်မတစ်ကောင် လာနေသည်ကို မြင်၍ ဖျတ်ခနဲ ပျံသွား၏ ။ ခွေးမက ညောင်ညိုပင်ရိပ်အောက် ဝင်လာသည်။
 
"သူက တိရစ္ဆာန်တွေအတွက် ပိုပြီး အလေးထားသပေါ့လေ" 
 
              အစွန်ဆုံး ရေအင်တုံအား သူ၏ ကိုယ်ပိုင်ခွက်ကဲ့သို့ ခပ်တည်တည်နှင့် တပြတ်ပြတ်သောက်နေသည့် ခွေးအိုမသည် ရေသောက်ပြီးလျှင် အင်တုံအနောက်ရှိ ကောက်ရိုးများပေါ် ဝင်ခွေလိုက်၏ ။ ရေကျထားသည့်မြေမို့ အေးချိမ့်မည်အမှန်။
 
"ဒီလိုလည်း မဟုတ်ပါဘူး။ လူတွေအတွက်လည်း အလေးထားပါတယ်။ ဟောဟိုက ရေတွင်းကလည်း သူတူးပေးထားတာပါပဲ"
 
               ညောင်ပင်ဘေးဘက် အရိပ်လွတ်ရာတွင် ပြသာဒ်အမိုးနှင့် ရေတွင်းကြီးကို ညွှန်ပြရင်း ငအောင်မော်က ဆိုသည်။ 
 
"အဲဒီရေတွင်းက ရေခပ်ပြီး မည်သူမဆို ရေအိုးစင်မှာ ကုသိုလ်ယူလို့ ရအောင်ပါ.. တဲ့။ ထန်းခေါက်ဖာလေးထဲက ထန်းလျက်ကတော့ တပ်မှူးကုသိုလ်ပါ။ ဟောဟိုက စင်လေးပေါ်က မန်ကျည်းသီး ဆီးသီးတွေက ကလေးတွေ ကောက်ပြီး လာတင်ထားတာ ဖြစ်ပါတယ်။ ခရီးသွားတွေ ယူစားနိုင်အောင်လို့ ဖြစ်ပါတယ်"
 
"အိမ်း.. ငယ်ငယ်က ကျုပ်တို့အိမ်နားမလည်း ဆီးဖြူသီးတွေ ဗန်းလေးနဲ့ ထည့်ပြီး ရေချမ်းစင်မှာ တည်ထားတာ မှတ်မိသေးသကွယ်" 
 
"ဒီရေအိုးစင်မှာလည်း ရာသီအလိုက် ထန်းသီး ငှက်ပျောသီးတွေ ထားသွားသူတွေ ရှိပါတယ်ဘုရား"
 
"ကောင်းပါလေ့ကွယ်။ ဒီလို စေတနာကောင်းသူတွေ ခုဘဝရော နောင်ဘဝမှာပါ ဘုန်းကြီးကြမှာ အမှန်ပဲ"
 
"မှန်ပါ၊ ကျွန်တော်မျိုးတို့ တပ်မှူး ငယ်ငယ်နဲ့ ခုလောက် ဘုန်းကြီးနေတာဟာဆိုရင် သည်လိုကုသိုလ်ကောင်းမှုကံတွေကြောင့် နေမှာပါပဲဘုရား"
 
"အင်း.. မောင်တို့အလှူကို ဝင်းမှူးမပါဘူး ဆိုတုန်းက ကျုပ်ရင်ထဲ တစ်မျိုးတစ်ဖုံ ဖြစ်သွားမိတယ်။ ဒီလိုဆိုတော့လည်း ဆူးထွင်လိုက်ရသလိုပါပဲ"
 
"ရှိသေးတယ်ဖျာ့၊ ဟိုဘက်ခြမ်းမှာ တပ်မှူးက မြင်းနွားတွေသောက်ဖို့ ရေကန်တူးထားတာ လိုက်ပြပါ့မယ်"
 
"နေပါစေ.. မကြည့်တော့ဘူး။ ဒီအရိပ်ကလေး အေးက အေးသနဲ့၊ ခပ်ကြာကြာ ထိုင်လိုက်ဦးမယ်။ မောင်တို့ အလုပ်ရှိတာ သွားလုပ်ကြချေလေ။ ကျုပ်ဘာသာကျုပ် ပြန်ပါ့မယ်"
 
               ငသူရိန်တို့ ရှိခိုး ထွက်သွားကြသည်။ ဝန်မင်းသည် သူရှိနေ၍ ဖြတ်သွားဖြတ်လာတို့ ဝင်မလာရဲသော်လည်း မကြောက်မရွံ့ ဝင်ရောက်ရေသောက်လျက် ပြန်ထွက်သွားကြသည့် ခွေးများ၊ ငှက်များနှင့် ရေအိုးစင်ထက် ပျံဝဲနေကြသော ပျားကောင်လေးများကို ကြည့်ကာ ကျန်ခဲ့လေသည်။
 
                ဘုမ္မဇေယျ ရေအိုးစင်ကို ကျောခိုင်းလျက် ဝင်းမှူး၏ တပ်ကို အတန်ကြာ အကဲခတ်နေစဥ် သူ၏ အနောက်မှ ထမ်းပိုးသံ တကျိကျိကို ကြားရသည်။ လှည့်မကြည့်သော်လည်း လူတစ်ဦးသည် ရေဖြည့်ရန် ထမ်းပိုးနှင့် ညွှတ်ပဲ့ညွှတ်ပဲ့ ထမ်းလာကြောင်း သိနေ၏ ။ ထို့နောက် မြေအိုးဖုံးများ လှပ်ကာ ဗြောခနဲ ရေဖြည့်သံကို နားစွင့်နေမိပြန်သည်။
 
"ပူလိုက်တဲ့နေပါလား ကိုရင်ရေ" 
 
               သူ့ကို လှမ်းပြောသည်ထင်၍ ဘုမ္မဇေယျက မျက်နှာချင်းဆိုင်မှ ကွမ်းရေတော်ခံကို မော့ကြည့်လိုက်လေသည်။ ကွမ်းအစ်ကိုင်ထားသည့် အမှုထမ်းက သူ့ကို မကြည့်၊ ရေချမ်းစင်ဘက် လှမ်းကြည့်နေ၏ ။
 
"ဟုတ်ပဗျာ.. အပင်ရိပ်လေး ရှိနေလို့ တော်သေးသပ" 
 
              အခြားအသံတစ်ခု ထပ်ကြားရသဖြင့် လူနှစ်ယောက် စကားအချီအချပြောနေခြင်းဖြစ်ကြောင်း နားလည်လိုက်ရသည်။ 
 
"နောင်ကြီးက ဒီအရပ်ကပဲလား" 
 
"ဟုတ်သပ၊ ဟော ဟိုဒါ ကျုပ်အိမ်ပေါ့"
 
"ခုလို နေပူပူမှာ ရေကုသိုလ်ယူနေတာ မွန်မြတ်ပါပေတယ်ဗျာ.. သာဓု သာဓု သာဓု" 
 
"ဟုတ်ကဲ့ခင်ဗျ.. ထန်းလျက်စားပါဦး၊ ဒါနဲ့ ကိုရင်က ဘယ်ကိုသွားမလို့လဲ"
 
"ဒီမှာဗျာ.. ဘီလူးတပ်က အလှူလုပ်မယ် သတင်းကြားလို့ ကူကက်လုပ်မယ် လာခဲ့တာပဲ"
 
                လက်စသတ်တော့ ရေဖြည့်နေသူက လမ်းတစ်ဖက်တွင် နေသူဖြစ်ပြီး အရိပ်ခိုဝင် ရေသောက်လာသူက အလှူကူမည့်သူပါလား။ 
 
"ဒီလိုဟို ဟော ဟို အပေါက်က ဝင်သွားပေတော့။ ကျုပ်တော့ ရေအိုးအကွဲလေးတွေ ဆက်ဖြည့်လိုက်ဦးမယ်"
 
                 ကျုံးဝန်က မသိမသာ လှည့်ကြည့်သည်။ ခေါင်းတုံးဆံပင်အား ပိတ်ဖြူပေါင်းထားသည့် ကျောပြောင်ပြောင်လူကြီးတစ်ဦးက ထမ်းပိုးကိုထမ်းရန်ပြင်နေပြီး လက်ရိုးတိုက်ပုံရင်ကွဲနှင့်လူက ရေအိုးများကို စိတ်ဝင်စားစွာ ကြည့်နေ၏ ။
 
"ဟုတ်သားပဲ၊ ရေအိုးတွေက ရေအတော်စိမ့်နေတာပဲ။ သုံးလုံးစလုံး တစက်စက် ကျနေတယ်" 
 
"အေးဗျာ.. ကျုပ်လည်း အကောင်းနဲ့ လဲပေးဖို့ ပြောသားပဲ။ ဟိုတပ်ထဲက လူတွေက သူတို့တပ်မင်းအမိန့်မရဘဲ မလဲရဘူးဆိုလို့"
 
"ရေအိုးလှူတာပဲ.. တပ်မင်းအမိန့် နာခံရသေးတာလားဗျ.. ဟိုးဟိုး" 
 
              ထမ်းပိုးနှင့်လူက ဘုမ္မဇေယျတို့ရှိရာသို့ စောင်းငဲ့ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့်
 
"သူတို့တပ်မှူးက အူကြောင်ကြောင်ဗျ၊ ရေအိုးအကွဲတွေ ဝယ်လာပြီး လှူထားသတဲ့"
 
              ဟု ပါးစပ်ကို လက်ဝါးနှင့်ကွယ်ကာ ပြောလိုက်သည်။ ဘုမ္မဇေယျ ထိုသူ၏ အပြောနှင့် ဟန်ပန်ကို ရယ်ချင်သွား၏ ။ နားစွင့်နေသော သူ့ ထီးတော်မိုးကတော့ ကြိုက်ပုံမရ၊ သူ့ဘာသာ တီးတိုးရေရွတ်လေသည်။
 
"ယောက်ျားရင့်မာကြီးဖြစ်ပြီးတော့ဗျာ.. မြင် မြင်ဖူးပါဘူး" 
 
              လူနှစ်ယောက်ကတော့ ရေအိုးစင်တစ်ဖက်သို့ ရောက်သွားကြပြီး မသဲမကွဲပြောဆိုနေကြသည်။ ထို့နောက် ရယ်လိုက်ကြသေးသည်။ ပြီးလျှင် နှုတ်ဆက်သွားကြ၏ ။
 
"သြော်.. သူ့စေတနာ အကျိုးပေးရင်တော့ ဒီညောင်ပင်မှာပဲ ရုက္ခစိုးဖြစ်ပါလိမ့်မယ်။ ဘာပြောပြော ကျုပ်တို့ ကုသိုလ်ရတာပေါ့။ သွားပြီဗျ"
 
"ကောင်းပါပြီနောင်ကြီး၊ ကျုပ်လည်း ၂ ရက် ၃ ရက် ဝမ်းရေးငြိမ်းအောင် လုပ်ရဦးမယ်ဗျို့"
 
              တိုက်ပုံနှင့်လူက ဘုမ္မဇေယျအား တစ်ချက်လှမ်းကြည့်ကာ တပ်အတွင်း ဝင်သွားလေသည်။ ဝန်မင်းကတော့ ထုံးစံအတိုင်း ခေါင်းတညိတ်ညိတ်။
 
             တပ်တွင်းမတော့ နောက်တစ်နေ့အလှူအတွက် မုန့်လုပ်ရန် ပေါ်ဦးပေါ်ဖျား ကောက်စပါးတို့ကို အမှုန့်ထောင်းနေသံတို့ စီစီညံညံ ရှိနေသည်။ တပ်သားများ၏ သားမယားဆွေမျိုးသားချင်းတို့နှင့်အတူ အရပ်သူများကလည်း လာရောက်ကူညီပေးကြခြင်း ဖြစ်ပါသည်။
 
              မုန့်မျိုးစုံ များစွာ ပြုလုပ်ကြမည်မို့ ကောက်ဦးစပါးတင်းတောင်းများနှင့် မောင်းဆုံများက ဟိုနေရာတစ်စု သည်နေရာတစ်စု။ မိမိတို့ရသော မောင်းသံကို သီဆို၍ တပျော်တပါး ထောင်းနေကြသည်မို့ ဘီလူးတပ်တွင် အစည်ကားဆုံး အဆူညံဆုံးအချိန်လည်း ဖြစ်ပေလိမ့်မည်။
 
              ရွှေဘိုသူတစ်စုက မောင်းကျောက်ကိုချီ ဟူသော မောင်းသံကို ညီညီညာညာ သီကျူးကြသည်။

"လက်ဆုံတွေ ချပါလို့
ဟန်ကျအောင်စီ
ရွှေနောင်သူ ပျိုအပေါင်းရယ်
မောင်းကျောက်ကိုချီ
ချီးကျူးငယ်သီ
ညီအောင်ပ အချက်ပေး
ပျော်ရွှင်ရွှင် ယဥ်ယဉ်တွဲပါလို့
နွှဲကြစို့လေး"

              မူရင်းမှာ ဤသို့ဖြစ်သော်လည်း သီဆိုကြသော မိန်းမပျိုများက ရွှေနောင်သူ နေရာတွင် ရွှေဘိုသူဟု ပြောင်းဆိုကြရာ အောင်နှင့် နောင် ယူထားသော ကာရန် ပျက်လေတော့သည်။ သို့ရာတွင် ထီးသုံးနန်းသုံး မြေစိုက်သဘင်တော် ခံနေသည်မှ မဟုတ်ဘဲ။ အရပ်ထဲ၌ ပျော်ရွှင်မြူးထူးသဖြင့် သီဆိုခြင်းသာ ဖြစ်၍ ကာရန်ပျက်သော်လည်း မည်သူကမှ အပြစ်မမြင်ကြချေ။
 
             အချို့ကလည်း မုန့်ကြိတ်သည့်ဆုံကြီးကို အားပါးတရ ဝိုင်းလှည့်နေကြ၏ ။ ဆန်ကို ရေစိမ်၍ ဆုံအလယ်ခွက်ထဲသို့ ထည့်လိုက်လျှင် မုန့်သား အတုံးအခဲ လိုချင်သလော၊ အရည်လိုချင်သလော ကြိုက်ရာသာ ပြောပေရော့။ အပျစ် အကျဲ လိုသလိုရအောင် ကြိတ်တတ်ကြသူများတည်း။
 
             မုန့်လုပ်မည့်သူများသည်လည်း သူ့နေရာနှင့်သူ ဝိုင်းဖွဲ့နေကြကုန်၏ ။ လိုအပ်သည်တို့ကို စီစဥ်ညွှန်ကြားနေကြကုန်၏ ။ ဒယ်အိုး ဒယ်ပြား မြေအိုး စသည်တို့ကို ပြင်ဆင်ထားကြပြီး မည်သို့ လုပ်ကြမည်ဟု ဆွေးနွေးလျက် ရှိလေသည်။
 
              အိုးသူကြီး ခန့်ထားသော တပ်သားသုံးယောက်တို့မှာမူ ထမင်းပင် မစားနိုင်ကြချေ။ မြည်းစမ်းရသည်နှင့်ပင် ပြည့်အီနေကြလေပြီ။ တိုက်မောင်းသည် မည်သူ့ကိုမှ မကူ၊ မည်သည့်အလုပ်မှလည်း မလုပ်ဘဲ ဟန်ရေးတပြပြ ရှိနေ၏ ။ အများဆုံးစိုက်ထုတ်ထားသူ ဖြစ်သောကြောင့် အားလုံးကလည်း သူ့အား လျစ်လျူရှုထားကြသည်။
 
             အလှူတွင် ဧည့်ခံတီးမှုတ်ကြမည့် တပ်ဆိုင်းအနီး၌ လူများ အုံနေကြသည်။ အပင်ရိပ်အောက်တွင် နေရာချထားသော်လည်း လူအုံလှသောကြောင့် အဖွဲ့သားများမှာ ချွေးတလုံးလုံး ရှိနေကြ၏ ။ သူတို့သည် ပရိသတ်ကို ကြိုးစားဖျော်ဖြေကြပါသည်။ သို့ရာတွင်...
 
             ဒိုးပတ်ဟူ၍ ပီပီပြင်ပြင် မပါ၊ နှဲဆရာက တော်တီးတော်သာသာ၊ မောင်းကလည်း မောင်းကြီးတစ်လုံးတည်း တထီထီတီးလျက်၊ ဗုံသမားက လက်ဖနောင့် လက်ဖျား တံတောင်များသုံး၍ အစွမ်းပြနေသဖြင့် အသံမြိုင်သလောက် ကပေါက်တိကပေါက်ချာ သံစဥ်မရှိ နရီစည်းဝါးမသိသလို ဖြစ်နေကြသည်။
 
               ပရိသတ်ကလည်း လက်ကျလက်နကောင်းကို နားဆင်လို၍မဟုတ်၊ သူတို့လုပ်သမျှကို ကြည့်ရှုရယ်မောလိုသဖြင့် လာကြခြင်းဖြစ်သည်။ သူတို့အထဲတွင် အဆက်မပြတ် ရိုက်ခတ်နေသော ဝါးလက်ခုပ်မောင်နှင့် တစ်ချက်တစ်ချက် စိတ်ပေါက်မှ တချမ်းချမ်း ထထတီးတတ်သော လင်းကွင်းသမားမှာ အရယ်ရဆုံး။
 
               ကျန်အဖွဲ့သားများ အတီးအမှုတ်လျော့ပါး ရပ်တန့်သွားသည့်တိုင် ဝါးလက်ခုပ်က တစ်သံတည်း ဆက်ထွက်နေသည်ကို ရယ်ကြသည်။ ထို့နောက် ချမ်းခနဲ လင်းကွင်းသံနှင့်အတူ ဖြတ်ချလိုက်သည်ကို ပွဲကျသွားကြပြန်သည်။ ပရိသတ် ရယ်ကြသောအခါ ဝိုင်းတော်သားများ အမောပြေလျက် နောက်တစ်ပုဒ်စရန် ပြင်ဆင်လိုက်ကြပြန်သည်။ အုံနေသည့် လူအုပ်ကလည်း နောက်တစ်ကြိမ်ထပ်၍ ရယ်မောရန် ပြင်ထားလိုက်ကြလေသည်။
 
***
 
              ယင်းသည့်အချိန်ဝယ် ငတိုက်မောင်းသည် နန်းတော်သို့ ရောက်ရှိလာပြီး မျက်မှန်းတန်းမိနေသည့် တံခါးစောင့်များကို နှုတ်ဆက်ကာ ဝင်လာခဲ့၏ ။ အတွင်းသစ်တပ်တံခါးဝသို့ ရောက်သောအခါ သစ်တပ်ဝင်းကို စောင့်ကြပ်ရသည့် ဝင်းကောင်ဟန်မှူးက သူ့အား မသိသဖြင့် ဝင်ခွင့်မပေးချေ။ သူက မိဖုရားခေါင်ကြီးကို တွေ့လို၍ အနောက်ဆောင်သို့ သွားပါရစေဟု ဆိုသည်။
 
              ထိုအခါမှ ပိုဆိုးသွားတော့သည်။ အနောက်ဆောင်တော်များဘက်သို့ ယောက်ျားသားများ သွားလာခွင့် မရှိချေ။ ထို့ကြောင့် ဝင်းကောင်ဟန်မှူးက သူ့ကို လက်ယာဝင်းမှူးထံသို့ ပို့လိုက်လေသည်။ မင်းကျော်အာကာသည် သူ့ကို ဘီလူးတပ်သားမှန်း မြင်ဖူးနေ၍သာ တော်တော့၏ ။ သို့နှင့် လက်ျာဘီလူးထံ ရောက်သွားရလေသည်။
 
"မင်းက လုပ်လိုက်ရင် အရမ်းပဲ၊ ငါ ကိုကုလား (အနောက်ဝင်းမှူး) ကို ပြောခိုင်းလိုက်မယ်။ မင်းပြန်တော့"
 
"ကျုပ်ကိုယ်တိုင် ဖိတ်ချင်လို့ပါ တပ်မှူး၊ မယ်တော်ကြီးဘုရားကလည်း ကျုပ်ကို လာခွင့်ပြုထားပါတယ်"
 
 "ဟူး.. တိုက်မောင်း၊ ငတိုက်မောင်း"
 
                လက်ျာဘီလူး သက်ပြင်းချလျက် အနောက်ဝင်းမှူးထံ ပို့ပေးရပြန်၏ ။ ဖြစ်ချင်တော့ ရှင်မိဖုရားခေါင်ကြီးသည် အနောက်ဆောင်တော်တွင် မရှိ၊ ပန်းဥယျာဉ်တော်ထဲ ရောက်နေသည် ဆို၏ ။ ထို့ကြောင့် အနောက်ဝင်းမှူး ဥဒိန်နော်ရထာက လက်ဝဲဝင်းတော်မှူးဆီသာ သွားပေရော့ဟု ပြောလိုက်သည်။
 
                တိုက်မောင်းသည် နန်းတော်ကို ပတ်နေပြီး မိဖုရားကြီးအား လိုက်ရှာနေရသည်။ မင်းလှနော်ရထာကိုယ်တိုင် လိုက်ပို့မှ သူ၏ မယ်မယ်ဘုရားနှင့် တွေ့ရလေတော့ပြီ။
 
"ဟယ်.. ငတိုက်မောင်းပါလား။ မမြင်ရ ကြာချေပြီ၊ ဘာလာလုပ်တာလဲ"
 
               မယ်မယ်ကြီးက ဆီးကြိုနှုတ်ဆက်လိုက်သည်တွင် ရံရွေတော်တစ်စုသည် တိုက်မောင်းမှန်း သိကြသည်နှင့် အလိုလို ရယ်ချင်လာကြပြီး ရယ်ရန် ပြင်ထားလိုက်ကြ၏ ။
 
"ကျွန်တော်မျိုး ဦးဆောင်ပြုလုပ်သည့် အလှူတော်မင်္ဂလာပွဲသို့ မယ်မယ်ဖျားကို လာဖိတ်တာပါဘုရား။ ဟောဒါကတော့ မယ်မယ်ဖျားအတွက် လက်ဆောင်တော် ဝယ်လာခဲ့တာပါ"
 
                 ဟု ဆိုကာ နောက်ပစ်ထားသော လက်ကို ရှေ့ထုတ်လိုက်ပြီး ပန်းခြံထဲ ထိုင်နေသည့် မိဖုရားကြီးအား
ပန်းနီနီတစ်ပွင့် ဆက်သ၍ ဦးချရှိခိုးလိုက်လေသည်။ အပျိုတော်များကတော့ တိုက်မောင်းဘာလုပ်လုပ် ရယ်ကြမည်ဟု စိတ်ဆုံးဖြတ်ထားပြီး ဖြစ်သည့်အလျောက် စတင်ရယ်မောနေကြပြီ။
 
"ညည်းတို့ မရယ်ကြနဲ့ဟဲ့၊ သူ သိတတ်လို့ ဝယ်လာတာ တို့များက အသိအမှတ်ပြုရမယ်။ ဆိုပါဦး ငတိုက်မောင်းရဲ့၊ ဘာအကြောင်းကြောင့် အလှူထလုပ်ရသတုန်း"
 
"အမှန်တော့ မယ်မယ်ကြီးဖျားတို့ ကျေးဇူးကြောင့် ကျွန်တော်မျိုး ကြွယ်ပိုးကြွယ်ဝ ရှိလာတာကို မရှုစိမ့်နိုင်ကြတဲ့ ရောင်းရင်းဘက်တွေက ဝိုင်းပြီး နားချ တိုက်တွန်းကြတာနဲ့ လုပ်ရတာပါဘုရား။ ဒါပေမယ့်.."
 
"ခဏလေး.. ခဏလေး" 
 
                 ဟု ဆိုလျက် မိဖုရားခေါင်ကြီးသည် နှုတ်ကို လက်ဝါးဖြင့် ကာ၍ ကျိတ်ရယ်လိုက်သော် နောက်ပါများလည်း မထိန်းနိုင်ဘဲ တသောသော ရယ်မိကြသည်။
 
"အင်း.. ဆက်ပြောပါဦး.. ဒါပေမယ့်.. ဘာဖြစ်သလဲ"
 
"သြော်.. တစ်ခါတလေ လှူလိုက်ရတာလည်း ကောင်းပါတယ်လို့ တွေးမိပြီး သူတို့ ညစ်လို့၊ မြှောက်ပေးလို့ မဟုတ်ဘဲ ကျွန်တော်ငတိုက်မောင်းကိုယ်တိုင် စိတ်ကောင်း စေတနာပါပါ ပြုလုပ်တဲ့ အလှူဖြစ်ပါသဖျား" 
 
"ကောင်းလှသကွယ်၊ မင့်ကို ချီးကျူးမိပြီကော။ ငတိုက်မောင်း စိတ်ရင်းလေး ဖြူစင်တာ မယ်မယ် သိပြီးသားပါ"
 
                ရှင်မိဖုရားကြီးကိုယ်တိုင် ချီးကျူးခြင်း ခံလိုက်ရသဖြင့် တိုက်မောင်း ပီတိဖြာသွားပြီး  
 
"မယ်မယ်ပြောမှ ကျွန်တော်မျိုး သဒ္ဓါပေါက်လာတယ်။ သူတို့မသိအောင် နောက်ထပ် ငွေတစ်ရာ ထပ်ပိုးထည့်ဦးမယ်ဘုရား"
 
"သာဓုပါကွယ်.. သာဓုပါ" 
 
               နှစ်ခါသာ သာဓုခေါ်နိုင်ပြီး မျက်နှာကို ယပ်နှင့်ကွယ်ကာ ခင်ယွန်းစံ ရယ်မိပြန်လေသည်။ 
 

 


 
              ထိုညနေ၌ ဘီလူးတပ်သို့ အလှူနေ့တွင်ကပြရန် ငှားရမ်းထားသည့် ဗလာဇာတ်အဖွဲ့ ရောက်ရှိလာကြသည်။ သူတို့ခေတ်ထုံးစံအတိုင်း ကပြမည့်သူများမှာ မင်းသမီးချည်း ဖြစ်သည်။ ဇာတ်ထုပ်အရ ရှင်ဘုရင်ဖြစ်စေ၊ ရသေ့ဖြစ်စေ မင်းသမီးကသာ သရုပ်ဆောင်ရ၏ ။ ဤအစဉ်အလာကား နန်းတွင်းဇာတ်များမှ လာသော ဓလေ့ပင်တည်း။
 
              မင်းသမီးလေးလက်အနက် အထွေးဆုံးကောင်မလေးမှာ ၁၅ နှစ်အရွယ်မျှ ညိုညက်ညက်နှင့် စိမ့်စိမ့်ကလေးချောသူ ဖြစ်ရာ တပ်ထဲမှ လူပျိုကာလသားတို့  ဇာတ်အဖွဲ့အနီး ရစ်သီရစ်သီ လုပ်နေကြလေသည်။ အခြားသုံးဦးကတော့ အကြည့်လွတ်ဟု ခေါ်သော သွင်ပြင်အဆင်းမျိုး ဖြစ်၏ ။
 
              အကြည့်လွတ် ဆိုသည်မှာ မချောလွန်း၊ ရုပ်မဆိုးလွန်း၊ မဖြူလွန်း၊ မညိုလွန်း၊ မမြင့်လွန်း၊ မနိမ့်လွန်း၊ မပိန်လွန်း၊ မဝလွန်းသည့် သာမန်ရုပ်ရည်မျိုးဖြစ်၍ တစ်ကြိမ်မြင်ပြီးနောက် နှစ်ခါပြန်ကြည့်စရာမလိုသော၊ လူအများက ကြည့်ရှုခံရခြင်းမှ လွတ်သော သူမျိုးကို ဆိုလိုပေသည်။
 
                ထို့ကြောင့်ပင် အကြည့်လွတ် သုံးဦးနှင့် ယှဉ်လျက် ပါလာသည့် ညိုချောကလေးမှာ အလိုလိုစန်းတက်၍ အများချစ်ခင် အာရုံစိုက်ခြင်း ခံနေရခြင်းပင်။ မင်းသမီးလေးကလည်း အနေအထိုင်တတ်သည်။ ကြာမျက်လုံးဖြင့် ပုရိသတို့ကို လှန်ကြည့်ခြင်းမျိုး မရှိ၊ မျက်လွှာကလေးချလျက် တန်ဖိုးတက်အောင် နေတတ်လေသည်။
 
              အနေအထိုင် ပိရိကာ ငြိမ်သက်အေးချမ်းသူကလေးမို့ ကာလသားတို့ ပို၍ မျက်စိကျနေကြသည်။ အချို့က ရှေ့တည့်တည့်မှ ထိုင်ကြည့်နေလိုသည်။ အချို့လည်း မင်းသမီးလေးကသာ မြင်လိုသည်ဆိုလျှင် တာဝတိံသာကို စစ်ခင်းပြရန် အသင့်ဖြစ်နေကြသည်။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း စိတ်ကူးယဉ်နေသူများလည်း တပုံတပင်။
 
                ဇာတ်အဖွဲ့သည် သူတို့ကျွမ်းကျင်သော သုဝဏ္ဏသာမဇာတ်ဖြင့် အသုံးတော်ခံမည်ဟု သိကြရသည်။ ဇာတ်တိုက်လေ့ကျင့်ကြသောအခါ အသက်အကြီးဆုံး မင်းသမီးကြီးက မယ်တော် ပါရိကာအဖြစ်၊ တစ်ဦးက ပီဠိယက္ခမင်းကြီးအဖြစ်၊ နောက်တစ်ဦးက သိကြားအဖြစ်၊ မင်းသမီးငယ်က သုဝဏ္ဏသာမအဖြစ် သရုပ်ဆောင်ကြမည် ဖြစ်ရာ..
 
                ခပ်ကဲကဲ အိုးစားဖက်များသည် ဇာတ်ဆိုင်းဆရာကြီးအား ကပ်ကာ သူတို့ကို ခမည်းတော်ရသေ့ကြီးအဖြစ် ထည့်သွင်းပေးပါမည့်အကြောင်း တောင်းဆိုကြကုန်၏ ။ ၎င်းတို့၏ အနုပညာအရည်အသွေးတို့အကြောင်း ကြွားလုံးထုတ်ကြကုန်၏ ။ 
 
               ဇာတ်ဦးစီး ဆိုင်းဆရာကြီးကလည်း သင်းတို့အကြံကို မသိ နေပါ့မလား။ သုဝဏ္ဏသာမ မြားထိလျှင် ဖခင်အဖြစ် ပွေ့ပိုက်လိုသဖြင့် အလုအယက် လျှောက်လွှာတင်နေကြခြင်းတည်း။ သူက ကြုံရပေါင်းများပြီ ဖြစ်၍ ဇာတ်ကလျှင် အမေကသာ ထွေးပိုက်ရရိုးဖြစ်ကြောင်း ရှင်းပြလိုက်လေသည်။ 
 
                ညဦးပိုင်းအချိန်ဝယ် အလှူမဏ္ဍပ်ကြီးထဲ၌ ကူညီလုပ်ကိုင်သူများ ပြည့်ပြည့်တက် ရှိနေကြ၏ ။ ကြက်သွန်နှင့် ဘူးသီးသင်သူ လှီးသူများက အများဆုံး၊ ထို့နောက် မရမ်းသီးနှင့် ငရုတ်သီးထောင်းနေကြသူများက ဒုတိယလိုက်သည်။ သူတို့ပြီးလျှင် ပုစွန်ခြောက်ရွေးနေသူ၊ ငါးခြောက်ကိုင်နေကြသူများလည်း မနည်းလှ။
 
                တိုက်မောင်းက တပ်သားအားလုံးကို ယနေ့မှ အံ့သြအောင် လုပ်ပြလိုက်သောကြောင့် ဖြစ်၏ ။ ကျွေးမွေးမည့် အစီအစဉ်ကို တစ်ခုခု လိုနေသည်ဟု သူထင်သည်။ ထို့ကြောင့် ညနေကမှ ငါးခြောက်ကုန်သည်ကြီးတစ်ဦးထံ သွားရောက်ကာ ငါးရံ့ခြောက်များစွာ ဝယ်လာခဲ့လေသည်။ 
 
                ထို့ကြောင့် အလှူနေ့တွင် ငါးခြောက်ဆီပြန်ဟင်းတစ်မည် ထပ်တိုးသွားသကဲ့သို့ ဆီဝယ်ရသည့်အလုပ်၊ ခရမ်းချဉ် ထပ်မှာရသည့် ကိစ္စတို့ ထပ်ဆောင်းပိုလာရသည်။ တိုက်မောင်းကတော့ ခပ်အေးအေးပင်၊ သူက တစ်မျိုး စိုက်ထုတ်တိုးသည်၊ လိုအပ်သမျှကို ကျန်သူများ ရှာဖွေစီမံကြပေရော့ဟု ဒူးနှံ့နေ၏ ။
 
                 ငအောင်မော်တို့မှာ စိတ်ဆိုးရအခက် ဝမ်းသာရအခက်ဖြင့် ဗျာများသွားကြလေသည်။ တိုက်မောင်းဝယ်လာသည်ကလည်း နည်းလျှင် ဘုန်းကြီးပွဲအတွက်သာ ချက်ပြုတ်ရန် လိုမည်ဖြစ်သော်လည်း ငါးခြောက်ချည်း အသပြာ ၁၀၀ ဖိုးခန့် အကုန်အကျခံ ဝယ်လာသောကြောင့် တဖျစ်တောက်တောက်နှင့် ပဲဆီမြောက်မြားစွာ စိုက်ဝယ်လိုက်ကြရသည်။
  
"ငတိုက်မောင်း၊ မင်း လုပ်ထားဦးပေါ့"
 
               ဟု ၅၀ အပြင် ငွေအစိတ် ထပ်ပါသွားသည့် ငအောင်မော် ကြိမ်းဝါးနေလေ၏ ။ 
 
 ***
 
              အလှူနေ့။ 
 
               ဘီလူးတပ်ထဲတွင်သာမက တပ်ရှေ့ လမ်းများပေါ်အထိ လူများစွာ စည်ကားနေသည်။ ကျွေးမွေးဧည့်ခံနေသည့် မဏ္ဍပ်ကြီးထဲ၌ကား ထိုင်စရာ နေရာလွတ်မရှိသဖြင့် ရပ်စောင့်နေကြရသော အရပ်သားများ ကြိတ်ကြိတ်တိုးနေ၏ ။
 
               အိမ်များပေါ်၌လည်း မနေရ၊ အသီးသီး ဧည့်သည်စောင်သည်များကို ဧည့်ခံနေကြရသည်။ မုန့်ပွဲလိုက်သူ၊ ဟင်းလိုက်သူ၊ ဧည့်ကြို၊ နေရာချထားသူများကို အပြင်မှပင် အကူခေါ်ထားရသည်။ ဟင်းများကလည်း အစပ်အဟပ် တည့်နေ၍ ထမင်းထပ်မထည့်သူ ခပ်ရှားရှား။
 
               တိုက်မောင်း၏ ငါးခြောက်ဆီပြန်ဟင်း အနည်းငယ် တူးပြီး ရေများသွားသည်သာ ပြောစရာရှိသည်။ ဒါကလည်း တမင်လုပ်ခြင်း ဟုတ် မဟုတ် ပြောရန်ခက်၏ ။ ငအောင်မော်က ကမန်းကတမ်း စီစဉ်ရခြင်းကြောင့် ဆီနည်းသွားသည်ဟု ဆင်ခြေပေးလေသည်။ လူပရိသတ်ကတော့ ဆီနည်းသည်ကိုလည်း မဝေဖန်၊ စားကောင်းကောင်းနှင့် လွေးလိုက်ကြသည်ပင်။
 
              ဆွမ်းခံကြွချိန်ခန့်တွင် မိန်းမကြီးနှစ်ယောက် မဏ္ဍပ်ရှေ့ ရောက်လာကြသည်။ အပေါက်ဝ၌ ဧည့်ကြိုနေသူမှာ ငဘဘေဖြစ်၏ ။
 
"ဒေါ်ဒေါ်တို့ ဒီဘက် ကြွကြပါ။ ဟေ့.. မောင်ရင်၊ ဒီမှာ မင့်ကြီးကြီးတွေကို ဝိုင်းတစ်ဝိုင်းမှာ နေရာချပေးလိုက်ပါကွဲ့"
 
             ခပ်ပြည့်ပြည့်မိန်းမကြီးက ပြုံးလျက် ငြင်းသည်။
 
"ရပါတယ်ကွယ်၊ ဒေါ်ဒေါ်တို့ဘာသာ သွားပါ့မယ်။ အလှူ့ရှင်နဲ့ တွေ့ရအောင် လာတာပါ"
 
"အလှူ့ရှင်တွေက ဟောဒီတစ်တပ်လုံးပေါ့ခင်ဗျ။ သူရော.. သူရော.. သူရော အလှူ့ရှင်တွေချည်းပါပဲ"
 
"ဟယ်.. ဟုတ်လား" 
 
"ဟုတ်တာပ၊ ဟော.. ဟိုက ခါးထောက်နေတာ သွေးသောက်ကြီး ငအောင်မော် ဆိုတာပဲ။ အလှူရှင်တွေထဲမှာ သူက ခေါင်းဆောင်ခင်ဗျ"
 
                မိန်းမကြီးနှစ်ဦးသည် အချင်းချင်းလှည့်ကြည့်ကာ 
 
"ပြောတော့ ငတိုက်မောင်းက အလှူရှင်ဆို"
 
 "ငတိုက်မောင်းကဖြင့် သာမန်တပ်သား အိုးစားကြီးလောက်ပါ။ သွေးသောက်ကြီးက ရာထူးပိုကြီးတာခင်ဗျ၊ ခဏနော်.. ကိုရင်အောင်မော်ကို ကျုပ် သွားခေါ်ပေးမယ်"
 
              ငဘဘေက လောကွတ်ပြုကာ အလှူကို ကြီးကြပ်နေသည့် ငအောင်မော်အား သွားပြောသည်။ 
 
"ဟိုမှာ အဒေါ်ကြီးနှစ်ယောက်ရယ်၊ အလှူ့ရှင်ကို နှုတ်ဆက်ချင်တယ်လို့ ပြောနေတယ်"
 
               ပိတ်ဖြူပတ်နှင့် ငအောင်မော် စိတ်ရှုပ်သွားပြီး 
 
"ရှုပ်ရှုပ်ရှက်ရှက်ကွာ၊ မဏ္ဍပ်ထဲ ခေါ်သွားပြီး ဧည့်ခံလိုက်စမ်းပါ"
 
               ဟု ပြောရင်း လှမ်းကြည့်သည်။ သူ့စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။
 
"ဟေ့.. ဟေ့၊ နေဦး"
 
             ငဘဘေကို ကျော်၍ သူက ဦးအောင် ရောက်သွား၏ ။ အနီးရောက်သော် ငအောင်မော် မျက်လုံးပြူးသွားလေသည်။
 
"ဟင်.. အရှင်.." 
 
             ခပ်ပြည့်ပြည့်နှင့် မိန်းမကြီးက မျက်ရိပ်မျက်ကဲ ပြလိုက်သောကြောင့် စကားမဆက်ဖြစ်သော်လည်း သူသည် အံ့သြစွာနှင့် လက်အုပ်ချီလိုက်၍ 
 
"မယ်မယ်ကြီးဖျား အခြွေအရံတွေလည်း မပါပါလား" 
 
"အေးကွဲ့၊ သာမန်လူတွေလိုပဲ လာချင်လို့ ဒီအတိုင်း ထွက်လာခဲ့တာပဲ။ ငတိုက်မောင်းရော"
 
"ရှိပါတယ်ဖျာ့၊ ကျွန်တော်မျိုးနောက် လိုက်ခဲ့ပါ"
 
               မဏ္ဍပ် သံဃာစင်ရှေ့ဝယ် အဝတ်ဖြူများ ဝတ်ထားကြသော ငသူရိန်၊ ငမျှင် စသူတို့လည်း ငအောင်မော်အနောက်မှ မိန်းမကြီးနှစ်ယောက်ကို ကြည့်၍ ပါးစပ်အဟောင်းသား။ ငအောင်မော်က မဏ္ဍပ်မှထွက်လိုက်ကာ လက်ျာဘီလူး၏ အိမ်ပေါ်သို့ တက်လာသည်။
 
               အိမ်ဦးခန်းတွင် တိုက်မောင်းသည် ရင်ဖုံးတိုက်ပုံ ပြောင်ပြောင်ရောင်ရောင်နှင့် ခေါင်းပေါင်းပေါင်းလျက် ထိုင်နေ၏ ။ အရပ်ထဲမှ လူကြီးများ၊ ခေါင်းမင်း အမတ်များနှင့် စကားထိုင်ပြောနေရင်း သူတို့ကို မြင်လျှင် 
 
"ဟိုက်" 
 
              ဟူ၍ ခုန်ထလိုက်သည်။ ထို့နောက် တောင်ရှည်ပုဆိုး ဒယဉ့်တိုက်နှင့် အပြေးတစ်ပိုင်း လာပြီး
 
"မယ်မယ်ကြီးဖျား ဘယ်လိုဖြစ်လာတာလဲ" 
 
               သူ့ကို ခပ်တိုးတိုး ရှင်းပြရပြန်သည်။ လူကြီးများကတော့ လှည့်ကြည့်နေကြ၏ ။ 
 
"လာလာ.. မယ်မယ်ကြီး၊ ဒီဘက်မှာ ထိုင်ရအောင်"
 
               တိုက်မောင်းက လက်ကိုဆွဲ၍ တရင်းတနှီး ခေါ်သွားသဖြင့် ငအောင်မော် အံ့သြကျန်ခဲ့သလောက် ခင်ယွန်းစံတို့ကတော့ ပြုံးလျက် ပါသွားကြ၏ ။ ထိုအိမ်ပေါ်တွင် ကျုံးဝန်မင်း ဘုမ္မဇေယျလည်း လက်ဖက်စားနေရာ ၎င်းတို့ဝိုင်းသို့ တိုက်မောင်းက ခေါ်သွားသည်။
 
               ဘုမ္မဇေယျသည် ခါးမတ်မတ် ထိုင်နေရာမှ မိဖုရားခေါင်ကြီးကို မြင်သဖြင့် ဦးကုန်းချမည်ပြုရာ ခင်ယွန်းစံက ခေါင်းရမ်းပြသောကြောင့် ခပ်ကုန်းကုန်းသာ ခစားသကဲ့သို့ နေလေ၏ ။ သိနေသော အခြားအမတ်များလည်း အမူအရာ ပြင်လိုက်ကြသည်။ အရပ်ထဲမှ လူကြီးများကတော့ မည်သူမည်ဝါမသိ၊ မင်းစိုးကတော်တစ်ဦးဦးဟု  ထင်နေကြသည်။
 
"တို့လည်း တောသူတောင်သားပဲကွယ်၊ တောအလှူ တောလိုလာမှာပေါ့"
 
               ပင်နီသာ ဝတ်ဆင်ထားပြီး မည်သည့် ရတနာပစ္စည်းမှ ဆင်ယင်လာခြင်း မရှိသည့် မိဖုရားကြီးက ကြိုကာထားလိုက်သည်။ 
 
"မှန်တာပေါ့ခင်ဗျာ၊ မင်းပွဲစိုးပွဲဆိုရင်သာ မင်းစိုးရာဇာတို့နဲ့ သင့်တော်သည့်အလျောက် ဝတ်စားပြင်ဆင်ကြရတာပါ"
 
              ဟု ဘုမ္မဇေယျက ထောက်ခံချက် ပေးလိုက်သည်။ အတိုင်အဖောက် ညီသွားပြီဖြစ်၍ ခင်ယွန်းစံလည်း ကျေနပ်သွားသည်။ တိုက်မောင်းကတော့ မိဖုရားကြီးဘေး၌ ခပ်ယို့ယို့ကလေး ဝင်ထိုင်နေလိုက်သည်။
 
               ငအောင်မော် စေလွှတ်လိုက်သော ဧည့်ခံသူများက ခဲဖွယ်ဘောဇဉ်များ တစ်မျိုးပြီးတစ်မျိုး လာပို့နေကြသဖြင့် ဝိုင်းကြီးမှာ ကျယ်လာသည်။ သူတို့ရှေ့တွင်လည်း လက်ဖက်အုပ်၊ ကွမ်းအုပ်၊ ပန်းတောင်း၊ မုန့်မျိုးစုံအုပ်များ ပြည့်နေပြီ။ လူများပင် အနောက်သို့ ရွှေ့ထိုင်ကြရ၏ ။
 
"တော်ပါပြီကွယ်၊ မချပါနဲ့တော့။ တို့ အဲလောက် မကုန်ပါဘူး"
 
                 သူတို့ စကားစမြည် ပြောဆိုနေကြခိုက် မြောက်ကျီရပ်ခေါင်းမင်း နန္ဒဗလကျော်သူ အိမ်ပေါ်သို့ တက်လာလေသည်။ သူက ကျုံးဝန်နှင့် နန်းမတော်ကြီးတို့ ရှိနေကြောင်း မသိ၊ လက်ျာဘီလူးကို မတွေ့သဖြင့် ရင်းနှီးနေသည့်အလျောက် သူ့အိမ်ပေါ်တက်လာခြင်း ဖြစ်သည်။
 
                ထို့ပြင် ရပ်ခေါင်းမင်းသည် မျက်စိလည်း အတန်မှုန်ရာ အဝေးမှသာ ဖူးမြင်နေကျဖြစ်သော မိဖုရားခေါင်ကြီးအား မမှတ်မိချေ။ 
 
"ဝင်းမှူးကလေး ဘယ်ရောက်နေသလဲဟေ့" 
 
                ဟု အော်လိုက်သဖြင့် အားလုံးက လှည့်ကြည့်နေကြသည်။ မည်သူမှ မဖြေ၊ တိုက်မောင်း မနေသာတော့ဘဲ 
 
"တပ်မှူးက ပြန်မလာသေးဘူး ဦးမင်း" 
 
                ဟု လှမ်းပြောလိုက်သည်။ သူ့စိတ်ထဲ ကျုံးဝန်နှင့် ရပ်ခေါင်းမင်း ထိပ်တိုက်တွေ့မည်ကို စိုးရိမ်နေမိသည်။
 
"ဘယ်သူလဲကွဲ့.. မောင်တိုက်မောင်း မဟုတ်လား" 
 
                ခေါင်းမင်းက တည့်တည့်ကြီး လျှောက်လာပြီး ကျုံးဝန်ဘေးမှ နေရာလွတ်၌ ထိုင်ချလိုက်ရာ တိုက်မောင်း ခေါင်းနားပန်းကြီးသွားသကဲ့သို့ ခံစားလိုက်ရသည်။ စင်စစ် မြောက်ကျီရပ်ခေါင်းမင်း ကြွလာလျှင် ငအောင်မော် တာဝန်ယူရမည်ဖြစ်သည်။ သင်း ဘယ်ရောက်နေသနည်း။
 
               ငအောင်မော်ကား မိဖုရားခေါင်ကြီးအတွက် ဧည့်ခံရန် ပြင်ဆင်ရင်း သူ့တာဝန်ကို မေ့နေခြင်း ဖြစ်လေသည်။ ခေါင်းမင်းလည်း ထိုင်ပြီးမှ ဘေးသို့ ကြည့်မိရာ
 
"အလို.. ဝန်မင်းလည်း ရောက်နေပါ့လား" 
 
               ကျုံးဝန် ခါးနည်းနည်း ဆန့်သွား၏ ။ မျက်နှာလည်း တည်ထားသည်။ 
 
"မာရဲ့နော်.. ခေါင်းမင်းကြီး။ တစ်ရပ်တည်း နေကြပေမယ့် ကိစ္စဝိစ္စတွေ များတော့ ခုမှပဲ လူချင်းတွေ့ရတော့တယ်"
 
               မကောင်းတတ်သဖြင့် နှုတ်ဆက်ရသည့် အသံမျိုးဟု ရှင်မိဖုရားကြီး မှန်းဆလိုက်မိသည်။ သူတို့မျက်နှာများကို အကဲခတ်လိုက်သည်တွင် ခပ်တန်းတန်း ဖြစ်နေကြကြောင်းလည်း ရိပ်မိလေတော့၏ ။
 
"အိမ်း.. ဝန်မင်းတို့ မေတ္တာကြောင့် မာမာချာချာ ရှိပါသေးသဗျာ။ ကျုပ်လည်း ခေါင်းသာ ဆိုတယ်၊ တာဝန်တွေက ဝန်တစ်ပါးအောက် မလျော့ဘူး ဝန်မင်းရဲ့"
 
               ဘုမ္မဇေယျ အဖန်ရည်သောက်နေသည့်လက် ခေတ္တဆိုင်းသွား၏ ။ သူ့ကို ထိကပါး ပြောဆိုလိုက်ခြင်းလားဟု သံသယဝင်သွားသည်။ ခေါင်းမင်း အဖိုးကြီးကတော့ ဆက်လက်ပြောဆိုနေဆဲ။
 
"မောင်တို့ဝင်းမှူးက အလှူကိုတောင် ပြန်မရောက်လာနိုင်ဘူး ဆိုတော့ ကျုပ်တို့ထက် အလုပ်များနေတဲ့သဘောပေါ့ မောင်ရင်ရဲ့"
 
                 ဟု တိုက်မောင်းအား ပြောကာ ရယ်လိုက်သည်။ မိဖုရားကြီးသည် နန်းတော်မှ ထွက်လာစဉ် ဝင်းရုံးထဲ ရပ်၍ တစ်စုံတစ်ခုကို စစ်ဆေးနေသော လက်ျာဘီလူးကို မြင်ခဲ့ရကြောင်း သတိရသွားသော်လည်း ထုတ်ပြော၍ မဖြစ်သည်မို့ ငြိမ်နေလေသည်။
 
"မကြာခင် ပြန်လာလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ"
 
                  တိုက်မောင်းက မျက်နှာချိုသွေးလိုက်၏ ။ သူသည် စာတတ်ပေတတ်ဖြစ်သော ခေါင်းမင်းကြီးအား အတန်ငယ် လန့်နေသည်။ ကျုံးဝန်မင်းသည်လည်း ပညာရှိ ပုဂ္ဂိုလ်ကြီးတစ်ဦးပင် ဖြစ်သည်ဟု ကြားဖူး၏ ။ ထို့ကြောင့် မိဖုရားခေါင်ကြီးအပါးတွင် ထိုင်နေရင်း ထိုလူကြီးနှစ်ဦးအား စိုးရွံ့နေမိလေသည်။
 
"ခေါင်းမင်းကြီးတို့များ ဝင်းတော်မှူးအပေါ် အတော် သံယောဇဉ် ကြီးကြောင်းကို စတက်လာကတည်းက သိသာထင်ရှားမနေပေဘူးလားဗျာတို့"
 
               ဟု အခြားသူများကို တိုင်တည်ရင်း ကျုံးဝန်မင်းက ခနဲ့တဲ့တဲ့ စကားစလိုက်သည်။ လက်ျာဘီလူးကို တမေးတည်း မေးနေခြင်းအား ရည်ရွယ်ခြင်းတည်း။
 
"သြော်.. ကြီးပြီလားခင်ဗျ၊ ကျုပ်သား ကျုပ်မြေးအရွယ်ပေမယ်လို့ ကျုပ်အထင်တကြီး လေးစားမိသူ လူနည်းစုထဲမှာ သင်းကလေးတစ်ယောက် အပါအဝင်ပေါ့"
 
"ရော်.. ဝင်းမှူးကလေးမှာ ခေါင်းမင်းကတောင် လေးစားထိုက်တဲ့ အရည်အချင်းတွေ ရှိနေသတဲ့လားဗျ။ လင်းပါဦး.. ကျုပ်တို့လည်း လေးစားခံထိုက်တဲ့ အကြောင်းအချက်တွေ မှတ်သားနာယူရတာပ"
 
              စကားဝိုင်း စိုစိုပြည်ပြည် ရှိစေရန် ကျောင်းဒကာ အရပ်လူကြီးတစ်ဦးက အစထောင်ပေးလိုက်သည်။ မြောက်ကျီရပ်ခေါင်းမင်းလည်း သူနှင့် လက်ျာဘီလူး စတွေ့ကြပုံကို ပြောပြ၏ ။ ထို့နောက်
 
"ဒါထက် သားတော် ဗဒုံမင်းသားလေး သတိုးမင်းလှရွှေတောင်ရဲ့ အကြီးတော် မောင်သြ သီကုံးတဲ့ နဝရတ်ကိုးသွယ်ကို ဖတ်မှတ်ဖူးကြသလားကွဲ့" 
 
              ဟူ၍ စကားလမ်းကြောင်း ပြောင်းလိုက်သည်။ အခြားသူများ မဖတ်ဖူးဘဲ ကျုံးဝန်မင်းသာ ဖတ်ဖူးသည် ဆို၏ ။ 
 
"အဲ့သည် စာဆိုတော်ကြီးက အင်းဝ အမှုထမ်းဟောင်းပဲ မဟုတ်လား" 
 
               ကြားဖူးနားဝရှိသူတစ်ဦးက မေးမြန်းရာ 
 
"ဟုတ်ပါ့..၊ မောင်သြဆိုတာ နှယ်နှယ်ရရတော့ မဟုတ်ဘူးနော။ ၁၃ နှစ်သားကတည်းက နန်းတွင်းရောက်နေပြီ။ ဟံသာဝတီရောက် မင်းတရားကြီးက သီရိသုဓမ္မရာဇာ ဓိပတိ တောင်ငူရာဇာထံမှာ သံတော်ဆင့်အရာနဲ့ အပ်နှံထားခဲ့ချိန် ကဝိလက္ခဏ သတ်ပုံကျမ်း စပ်ဆိုခဲ့သေးသတဲ့"
 
              ခင်ယွန်းစံက ဝင်၍ 
 
"ဘဘ ပြောတဲ့ နန်းတွင်းစာဆိုတော်ရဲ့ လက်ရာ နဝရတ်ကိုးသွယ်အကြောင်း ရွတ်ဆိုပြပါဦး"
 
 "အိမ်း.. ဆိုပြရတာပ။ သည်လိုကွဲ့...

နဝရတ်ကိုးသွယ်၊ ဆင်စလွယ်ကား
တိုင်းကျယ်ပြည်ရေး၊ မှုရှုပ်ထွေးကို
ဆွေးနွေးတိုင်ပင်၊ ပြေကုန်သည်တွင်
ရောဝင်တွယ်မှီး၊ မှူးမတ်ကြီးသည်
ရွှေထီးရွှေပြည်၊ ဦးကင်းမည်၏ ။

စင်ကြယ်သီလ၊ အာစာရနှင့်
ဓမ္မပွင့်လန်း၊ ထေရ်ရဟန်းတို့
ရွှေနန်းထွက်တည်၊ တံခွန်မည်၏ ။

တိုရှည်နီးဝေး၊ မှုခင်းရေးကို
ထောက်တွေးမြော်မြင်၊ ဗေဒင်ဟူးရား
သမားကောင်းသည်၊ မျက်စိမည်၏ ။

တစ်ပြည်တစ်မြို့၊ သူ့ရပ်သို့လျှင်
ဝင်ကြို့ချောင်းမြောင်း၊ သူလျှိုကောင်းသည်
ကျိုးကြောင်းဖွေနည်၊ ပြည့်နားမည်၏ ။

စိုက်လည်လှည့်ပတ်၊ ရန်ညွန့်ပြတ်သား
မင်းမြတ်မင်းသား၊ မင်းညီများနှင့်
ဆွေသားမျိုးသည်၊ ပြည့်စွယ်မည်၏ ။

ရွှေရည်စံသီး၊ ရှုမငြီးသား
သမီးလုလင်၊ လှဆင်းပြင်သည်
ပြည်တွင်းစံတည်၊ မျက်နှာမည်၏ ။

ပွားစီးငွေကြေး၊ ကြွယ်သူဌေးတို့
ဝတ်ရေးစားရာ၊ ပြည့်စုံစွာနှင့်
ရင့်မာခိုင်ကျည်၊ ပြည့်ဝမ်းမည်၏ ။

ဇာနည်ရဲစွမ်း၊ မှုတော်ထမ်းသည်
ကြိုးပမ်းအားထု၊ သူရဲစုကား
မြဲမှုထောက်တည်၊ ပြည့်ခြေမည်၏ ။

နှစ်ပြည်ပိုင်ချက်၊ သိကြားစက်သို့
လက်နက်တန်ဆာ၊ ကိရိယာကား
မီရာလှမ်းသည်၊ ပြည့်လက်မည်၏ ။

ရွှေပြည်စိုးခြင်း၊ အမတ်မင်းတို့
ဦးကင်းမလွန်၊ တံခွန်မထိ
မျက်စိမဖောက်၊ နားပေါက်မပယ်
ပြည်စွယ်မခွာ၊ မျက်နှာမလွှမ်း
ပြည့်ဝှမ်းမမွှေ၊ ပြည့်ခြေမပြတ်
ကျင့်နိုင်တတ်မှ၊ နဝရတ်ကိုးဖြာ
ဆင်ရရာသည်၊ တန်ဆာမင်းတို့ကျင့်ထုံးတည်း.. တဲ့"
 
"ကောင်းလှပါရော ဦးမင်းရယ်၊ ပြည့်ရှင်မင်းတို့ရဲ့ စလွယ်နဲ့တူတဲ့ နဝရတ်ကိုးပါးကဲ့သို့သော တိုင်းပြည်ရတနာများကို မွေးမြူထိန်းသိမ်းတတ်ဖို့ လမ်းညွှန်ဆုံးမထားတာပ"
 
              ထိုအခါ ကျုံးဝန်က.. 
 
"အဟမ်း.. အဲသည်ကဗျာကို ကိုရင်သြက ဘဇာကြောင့် ရေးရသလဲရော သိပါသလား ခေါင်းမင်းတို့" 
 
"အဲ.. အကြောင်းရင်းကိုတော့ မသိရဘူး။ ကျုပ်ပြောလိုတာက တခြား"
 
"ဒီလိုဆို ကျုပ်ကပဲ ဇာတ်စုံခင်းပြသေးတာပေါ့။ အားလုံး ဗဟုသုတ ရအောင်ပါ"
 
"ကောင်းပါလေ့ ဝန်မင်းခင်ဗျာ" 
 
              အမှန်က ကျုံးဝန်မင်း ဘုမ္မဇေယျသည်လည်း ကျမ်းပြုပုဂ္ဂိုလ် ပညာရှင်တစ်ဦးပင် ဖြစ်ပါ၏ ။ သူ့ရှေ့တွင် ရပ်ခေါင်းမင်းက ရွတ်ဖတ်ပြနေသည်ကို ခံရသောအခါ ပညာမာနကလေး ထောင်လွှားလာဟန် တူလေသည်။
 
"ကျုပ်တို့ မဟာဓမ္မရာဇာဓိပတိ မင်းတြားကြီးဟာ သက္ကရာဇ် ၁၀၆၅ ခုမှာ နန်းတက်တော်မူတယ်။ နန်းတက်ပြီးနောက် မြို့ဝန်မောင်ပုကို သီရိဇေယျကျော်ထင်ဘွဲ့နဲ့ ဝန်ဖက်ခန့်တော်မူသတဲ့။ နောင်မှာ ဝန်ကြီး သီရိဇေယျနော်ရထာ ပေါ့"
 
"ဦးပုအကြောင်း ကြားဖူးပါသဗျ" 
 
             ရပ်ခေါင်းမင်းက နားကလောဟန်ဖြင့် ဆိုသည်ကို ကျုံးဝန် အရေးမစိုက်ဘဲ သူ့စကားအပေါ် အာရုံဝင်စားနေသူများကိုသာ ကြည့်လျက် 
 
"ဟံသာဝတီပါမင်းကြီး လက်ထက်မှာ တောင်ဘက်က မွန်အရေး၊ မြောက်ဘက်က ကွေ့ကရင်အရေးတွေနဲ့ နိုင်ငံရေး မငြိမ်သက်တာကြောင့် ရှေးသူဟောင်းများ စကားထားရစ်ခဲ့သော ရဲတစ်ထောင်၊ နောင်တစ်ရာ ပြုစုချေသော် ရန်အပေါင်းကို အောင်လတ္တံ့ ဆိုရိုးအတိုင်း ဝန်ကြီးက ရဲရောင်သန်မာသူ တစ်ထောင်၊ ထိုသူများအပေါ် နောင်တော်ကဲ့သို့ အုပ်ထိန်းနိုင်စွမ်းသူ လူတစ်ရာ စည်းကြပ်ဖွဲ့စည်းခဲ့တယ်"
 
"ဟုတ်တာပေါ့.. ဟုတ်တာပေါ့" 
 
"အဲသည်အချိန်က ပြည်ထဲရေးမှာ သီရိဇေယျ နော်ရထာ ဘုန်းကြီးနေတော့ မင်းတိုင်ပင် ရာဇနန္ဒ ဝန်တိုပြီး ရှင်ဘုရင်ထံ ကုန်းချောစကားဆိုလိုက်တယ်"
 
"ချောပစ်စကားဆိုတဲ့ ရာဇနန္ဒ ဆိုတာ ဘုရင့်အထိန်းတော် စာသင်ဆရာ နန္ဒမိတ်ကျော်ထင်မဟုတ်လား။ ဘုရင့်နောင်ဆိုပြီးတော့ သုံးဆက်အိမ်နဲ့ မြောက်နန်းမှာ မင်းပြိုင်ခံရတဲ့ အတွင်းဝန်လေ"
 
"မှန်ပါတယ် ရပ်ခေါင်းမင်း၊ သူ့ကြောင့် အဂ္ဂ သေနာပတိ ဝန်ကြီးဦးပုနဲ့ သီရိဇေယျကျော်ထင်၊ ရွှေတိုက်ဝန် သက်တော်ရှည် နန္ဒသူရိယ၊ အတွင်းဝန် ကျော်ထင်ရန္တမိတ်၊ အသည်ဝန်ကြီး နေမျိုးစည်သူတို့ မြစ်ညာ ခိုတောင်ဝကို ပို့ပြီး မှားယွင်းကွပ်မျက်ခံလိုက်ရပါတယ်"
 
"ကျွတ်.. ကျွတ်.. ကျွတ်၊ မနာလိုစိတ်များ တယ် ကြောက်စရာကောင်းပါလား"
 
"ဒါ့ကြောင့်ပဲ အင်းဝပျက်ပြီး ဘုရင်သူ့လက် ပါခဲ့ရတာပေါ့။ ဘုရင်ကိုယ်တိုင် အဝ ပျက်ခါနီးမှာ ကိုပုရှိသော် သည်သို့မဖြစ်ရလေ လို့ တမ်းတခဲ့တယ် ဆိုပဲ"
 
"ဦးပုကလည်း သူတို့ကို မဲဇာမြစ်ဆုံ ပို့ချိန် လှေပေါ်မှာ.. ငါတို့မှူးမတ်တစ်စု သေရသည်ထက် နိုင်ငံပျက်မည်ကို ငါ သနားလိုက်ကဲ့.. လို့ ဆိုသတဲ့ မောင်တို့ရဲ့"
 
              နားထောင်နေကြသူများအားလုံး ဝန်ကြီးဦးပု၏ စကားအပေါ် စိတ်မကောင်းခြင်းကြီးစွာ ဖြစ်လျက် အသံတိတ်သွားကြသည်။
 
"အဖြစ်အပျက် အလုံးစုံကို သိမီလိုက်တဲ့ ကိုရင်သြဟာ ဟံသာဝတီရောက်မင်း အလွဲလွဲအမှားမှား ပြုခဲ့သည့်အပေါ် သတိထားဆင်ခြင်နိုင်အောင်၊ သင်ခန်းစာ ရယူနိုင်အောင် နဝရတ်ကိုးသွယ် ဆင်စလွယ် လင်္ကာကို နောင်မင်းများ မှတ်သားနိုင်ရန် ရေးစပ်ခဲ့ခြင်း ဖြစ်ပါတယ် ခေါင်းမင်း"
 
"သာဓု.. သာဓု.. သာဓုပါ ဝန်မင်း။ ကျုပ် ပြောလိုတာကလည်း အဲဒီလင်္ကာအကြောင်းပါပဲ"
 
"အမိန့်ရှိပါဦးခင်ဗျ" 
 
"ဒီလင်္ကာကို ဖတ်ရချိန်မှာ ကျုပ်မျက်စိထဲ လူတစ်ယောက်ကို အကြိမ်ကြိမ် မြင်မိနေတယ်။ တကယ်ဆိုလျှင် တိုက်ဆိုင်သည့် တစ်ချက်တွင်သာ သတိရသင့်တာ မဟုတ်ပါလား"
 
"မှန်ပါ" 
 
"သို့ပေမယ့် တိုင်ရေးပြည်ရာ ဆွေးနွေးတိုင်ပင် ဖြေရှင်းနိုင်စွမ်းတဲ့ အမတ်ဆိုရာမှာ သူ့ကို မြင်မိသလို ရန်ညွန့်ကို ဖြတ်နိုင်တဲ့ မင်းညီမင်းသားအဖြစ်လည်း မြင်ယောင်မိပြန်ရော။ 
 
ဟော.. အမှုတော်ထမ်း သူရဲစွမ်းဆိုရာ၌လည်း သူပဲလို့ အတိအကျ ထင်နေပြန်တယ်။ သည်လို ရတနာသုံးမျိုး ထိုက်နေတဲ့၊ ပြည့်ဦးကင်း မှူးမတ်လည်းဖြစ်၊ မင်းညီမင်းသား ပြည်စွယ်နဲ့လည်းတူ၊ သူရဲကောင်း ပြည့်ခြေလည်း မှန်တဲ့ သူကတော့ ကျုပ်တို့ ဝင်းမှူးကလေး လက်ျာဘီလူးကိုးဗျ"
 
              စကားပြောနည်း ပိုင်နိုင်စွာဖြင့် အဆုံးသတ်လိုက်သည့် ခေါင်းမင်း၍ အသံနောက်တွင် တိုက်မောင်း၏ လက်ခုပ်တီးသံက ကပ်လိုက်လာသည်။
 
"မှတ်သားစရာ ကောင်းလိုက်ပါပေ့ ဘကြီးရယ်၊ ဘကြီးလိုပဲ ကျုပ်လည်း ခံစားရပါတယ်။ ကျုပ်ဆိုရင် ကဗျာရွတ်နေဆဲမှာ သုံးမျိုးမဟုတ်ဘူး၊ ငါးမျိုးလောက်ကို တပ်မှူးနဲ့ တူနေတယ်လို့ ခံစားရတာဗျ"
 
              ဟု အားရပါးရ ထောက်ခံလိုက်၏ ။ သူ့စကားမှာ အလွန်အကျွံ ဖြစ်နေသော်လည်း သူက အလှူရှင် (မှန်း သိသာနေသည်) မို့ အားလုံးက ထောက်ခံရပြန်သည်။
 
"အိမ်း..." 
 
"မောင်ပြောမှပဲ ပိုပြီး သရုပ်ပါလာသလိုကွဲ့"
 
                 ထိုစဉ်တွင် သူတို့ ညွှန်းဆိုနေသော လက်ျာဘီလူး အိမ်ပေါ်တက်လာလေသည်။ ငအောင်မော် ပြောလိုက်သောကြောင့် အရှင်နန်းမတော်ကြီး ရောက်ရှိနေကြောင်း သိပြီးဖြစ်၏ ။ သူ့နောက်တွင် ဦးကောင်းလည်း ပါလာသည်။
 
 "မယ်မယ် လာမယ်ဆို ဝင်ပြောသွားရောပေါ့"
 
               ဦးကောင်းကလည်း မိဖုရားကြီးနှင့် ကျုံးဝန်အပါအဝင် အမတ်များအား နှုတ်ဆက်နေသည်။ မိဖုရားကြီးကတော့ ပြုံးရုံ ပြုံးနေ၏ ။
 
              ဘုမ္မဇေယျသည် လက်ျာဘီလူးကို အတော်အတန် အကဲခတ်ကာ သာမောင်းမာကြောင်းမှ စ၍ မေးမြန်းတီးခေါက်ကြည့်လိုက်သည်။ လက်ျာဘီလူးက မရိပ်မိဘဲ ပွင့်ပွင့်လင်းလင်းနှင့် ပေါ့ပေါ့ပါးပါး၊ သို့သော် တလေးတစား ပြန်၍ ပြောဆိုဖြေကြားပေ၏ ။
 
"အင်း.. စကားပြောချေငံ၍ စာပေသုတ နှံ့စပ်သူပါပဲလား။ ဒါ့ကြောင့် ရပ်ခေါင်းမင်းက တူသားအရွယ်ပေမင့် လေးစားခန့်ညားရတယ် ဆိုတာကိုး။ ရန်သူနဲ့တွေ့ချိန် ရက်စက်မောက်မာတာက သူတို့သဘာဝပဲ ထင်ပါရဲ့"
 
                ဟု မှတ်ချက်ချမိလေပြီ။
 



 
             ဘုန်းတော်ကြီးများ ကြွမလာကြသေးသဖြင့် အိမ်တော်ပေါ်တွင် စကားစမြည် ပြောဆိုနေကြသူများသည် မြေကွက်လပ်၌ အကဖြင့် သရုပ်ဖော်နေသော ဗလာဇာတ်အဖွဲ့အား လှမ်းမြင်နေရသည်။ အချို့လည်း တစ်ချက်တစ်ချက် လှည့်ကြည့်ရာမှ ငေးနေမိကြသည်။
 
              ထိုအထဲတွင် ပွဲကြိုက်သော ခင်ယွန်းစံလည်း ပါ၏ ။ သူငယ်စဉ်ကတည်းက ဝါသနာကြီးသောကြောင့် ဇာတ်အဖွဲ့ အကသမားများလာလျှင် မနေနိုင်ဘဲ ပြေးသွားကြည့်တတ်ခဲ့ခြင်းကို အမှတ်ရမိလိုက်သည်။ ငယ်ဘဝကို တမ်းတမိအောင်လည်း ယခု မြင်နေရသည်က မြေဝိုင်းဇာတ်ကလေး ဖြစ်နေသည်။
 
                 သုဝဏ္ဏသာမ နေရာတွင် သရုပ်ဆောင်သော မင်းသမီးကလေးမှာ သနားစဖွယ် ရှိလှသည်။ ငယ်ရွယ်နုနယ်သူတစ်ဦး သေအံ့မူးမူး ဖြစ်နေပုံကို စိတ်ထိခိုက်ရလောက်အောင် ဖော်ကျူးနိုင်စွမ်း ရှိ၏ ။ ယူကျုံးမရ ပူဆွေးနေဟန် သဏ္ဍာန်လုပ်ရသော ဘုရင်ကြီးကလည်း အပို့ကောင်းသည်မို့ ပရိသတ်မှာ ငြိမ်နေသည်။
 
"မောင်ကောင်းရယ်.. သည်ဇာတ်အဖွဲ့ကို ဆုချချင်လိုက်တာဟယ်" 
 
             ဟု မိဖုရားကြီးက တီးတိုး ညည်းဆိုလေရာ ဦးကောင်း မနေနိုင်။ အနီးအပါးမှ နောက်ပါအစေခံတစ်ဦးအား ခေါ်၍ 
 
"အဲဒီဗလာဇာတ်ကို အသပြာ ၅၀ ဆုချချေစမ်းပါ မောင်ရို့" 
 
            မိဖုရားကြီးလည်း ခေါင်းညိတ်ပြ၏ ။ လက်ျာဘီလူးသည် ခေါင်းမင်း၊ ကျုံးဝန်တို့နှင့် စကားပြောဆိုနေရာမှ အပြင်သို့ မကြာခဏ လှမ်းကြည့်နေသည်။ လှေကားထိပ်မှ သူ့လူတစ်ယောက် တက်လာကြောင်း တွေ့သော် လူကြီးများကို ခွင့်ပန်၍ ထသွားသည်။
 
"ဘယ်လိုလဲ"
 
"အကြောင်းမထူးပါဘူးဘုရား၊ ယခုချိန်ထိ အမတ်ကြီးများနှင့် ဆွေးနွေးတိုင်ပင်တော်မူဆဲပါ"
 
"အင်း.. ဒါဆို ရှိစေတော့၊ မင်း ဆက်စောင့်ကြည့်နေဦး။ အတွင်းတော်ဝင် ဝတ်လဲတော် လဲတာတို့၊ အပြင်ကို ထွက်ကြွမယ့်ဟန် ပေါ်တာတို့ဆို ငါ့ဆီ ချက်ချင်းပြေးလာပြောနော်"
 
"ကောင်းပါပြီ အရှင်" 
 
              ထိုသူ ပြန်ဆင်းသွားသည်။ နန်းတော်ထဲမှ ကိုယ်ရံငယ်တစ်ဦးဖြစ်ကြောင်း ခင်ယွန်းစံ သိသည်။ လက်ျာဘီလူး အမှုတော်မလစ်ဟင်းရအောင် စီမံနေကြောင်း သဘောပေါက်လျက် ပြုံးမိလေသည်။
 
             လက်ျာဘီလူးကတော့ ဝိုင်းထဲ ပြန်ဝင်မလာ၊ လှေကားထိပ်မှ တစ်ဘက်သို့ မျှော်ကြည့်နေ၏ ။ 'သုဓမ္မာ ဆရာတော်ကြီးများ ကြွလာပြီ' ဟူသည့်အသံကို ကြားလာရသည်။ တိုက်မောင်းတို့လည်း လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။
 
              ထိုအချိန်တွင် ပဥ္ဇင်းခံရမည့်အထဲ ပါသော ငအောင်မော် အဝတ်ဖြူ ပြေးလဲ၏ ။ လက်ျာဘီလူး အလှူမဏ္ဍပ်ကြီးထဲ ရောက်လာသလို ငတိုက်မောင်း သူ့အနောက်မှ ကပ်ပါလာသည်။ မဏ္ဍပ်ထဲရှိ စားသောက်နေကြသူများကို ကြည့်ကာ ခပ်ပြုံးပြုံးနှင့် ဖြတ်လျှောက်လာကြစဉ်
 
               ကလေးနှစ်ဦးနှင့် မိန်းမတစ်ယောက် စားနေကြသည့် မြင်ကွင်းကို မျက်လုံးရောက်သွားကြသည်။ ရင်လျားနှင့် မိန်းမက ဟင်းများ လောဘတကြီး ထည့်နေသလို ကလေးများကိုလည်း ခပ်ထည့်ပေးနေ၏ ။ ကလေးတစ်ယောက်က မစားချင်သဖြင့် ကစားနေရာ ထမင်းများမှာ စားပွဲပြင်ပေါ် ကြည့်မကောင်းလောက်အောင် ပေပွနေပြီး နောက်တစ်ယောက်ကလည်း အော်ငိုနေသည်။
 
              ထိုမိန်းမက အော်ငိုနေသည့် ကလေးအား အငိုတတိတ်စေရန် ကလေးငယ် ခံတွင်းထဲသို့ ထမင်းတစ်လုတ်ကို ဒေါသနှင့် ထိုးထည့်လိုက်၏ ။ ကလေးက ချက်ချင်းထွေးထုတ်ပြီး ထပ်ငိုပြန်သည်။ ဧည့်ခံသူတစ်ဦးက ထိန်းပေးရန် ကြိုးစားသော်လည်း မရ၊ မိခင်ဖြစ်သူက ကလေးခေါင်းကို လက်အပေကြီးနှင့် ခေါက်ပစ်လိုက်သည်။
 
"ဟဲ့.. တိတ်စမ်းလို့ ပြောနေတယ်နော်။ ထမင်းတောင် ဖြောင့်အောင်မလွေးရဘူး နင်တို့၊ ဟိုအကောင်ရော တော်ပြီလား။ မစားတော့ရင် သိမ်းလိုက်တော့အေ"
 
               ဆိုကာ ဧည့်ခံသူ အမျိုးသမီးထံ ကလေးနှစ်ဦး၏ ပန်းကန်များ ထိုးပေးလိုက်ပြီး သူကတော့ ဆက်စားနေ၏ ။ အမျိုးသမီးလည်း ထမင်းအပြည့်နှင့် ပန်းကန်နှစ်ချပ် ယူလာပြီး လက်ျာဘီလူးတို့အရှေ့မှ ဖြတ်သွားသည်။ သူတို့နှစ်ဦးသား ရပ်နေကြသဖြင့် အစအဆုံး မြင်နေရသလို အမျိုးသမီး အနောက်သို့ ယူသွားပြီး စွန့်ပစ်သည့် ထမင်းပုံကြီးနှင့်လည်း မျက်လုံးတစ်တန်းတည်း။
 
                ငှက်ပျောရွက်များ ခင်းထားသည့်အပေါ် ထမင်းကျန် ဟင်းကျန်များ စုပုံထားသည်မှာ ဖျာကြမ်းတစ်ချပ်စာခန့် ရှိပေလိမ့်မည်။ တပ်သားများ ပင်ပင်ပန်းပန်း ထုထောင်းချက်ပြုတ်ထားသည့် ဟင်းလျာတို့သည် အနောက်ဘက်တွင် အလျှံပယ် ပြန့်ကျဲနေပြီး ခွေးနှစ်ကောင်က လှည့်ပတ်ရှာဖွေ စားသောက်နေ၏ ။ ခွေးများပင် ထမင်းကို လှည့်မကြည့်ကြတော့။
 
               လက်ျာဘီလူး မျက်နှာပျက်နေသည်။ မမြင်လို၍ ရှောင်နေသူနှင့်မှ တည့်တည့်တိုးနေသည့် မြင်ကွင်း။ ဤသို့ဖြစ်မည်ကို သိကား သိ၏ ၊ သို့သော် မြင်ရလျှင် စိတ်မကောင်း ဖြစ်ရချိမ့်မည် မဟုတ်လော။
 
"အဲဒါကြောင့် ငါ အလှူမလုပ်တာ" 
 
              ဟု တစ်ခွန်းတည်း ပြောကာ ဆရာတော်ကြီးများ ကြွရောက်တော်မူလာသည့် ဇရပ်ကြီးဆီသို့ ထွက်သွားတော့သည်။ လက်ျာဘီလူး ထွက်သွားသော်လည်း ထိုနေရာမှ မခွာနိုင်သူမှာ ငတိုက်မောင်း၊ သူသည် ကြည့်ရင်း ဝမ်းနည်းလာသည်။ ဒေါသလည်း ထွက်လာသည်။ ဤမျှ နိမ့်ကျ ဆိုးရွာသော မိခင်ဖြစ်သူအား တစ်ခုခု လုပ်လိုက်ချင်စိတ် ပေါက်လာ၏ ။
 
               ထို့ပြင် ဆန်တစ်တင်းနီးပါးမျှ ရှိမည်ဖြစ်သော ထမင်းပုံကြီးနှင့် တပ်သားတစ်ယောက် တစ်လစာ ကောင်းကောင်းစားလောက်သော ပမာဏ ဟင်းလျာတို့ ဗုံးပေါလအော သွန်ပစ်နေသည်ကို ကြည့်ရင်း စိတ်မကောင်းဖြစ်လာမိသည်။ သူ မဏ္ဍပ်ကို ဝေ့ကြည့်မိလျှင် ထမင်းကုန်အောင် စားသူတို့ထက် မကုန်နိုင် မခမ်းနိုင် ထည့်ထားကြသူများ၊ ဆက်မစားတော့ဘဲ တစ်ဝက်နှင့် လက်စသတ်လိုက်သူများ၊ နောက်ဆုံးတစ်လုတ်စာကို ကုန်အောင် မစားကောင်း၊ ချန်ထားရသည်ဟူသော အယူရှိသူများစွာ တွေ့လာရလေသည်။
 
                ထမင်းဟင်း ပြင်သည့်နေရာတွင် ခရမ်းသီးသုပ်သူများသည် အလျဉ်မမီဘဲ မီးဖုတ်သူဖုတ်၊ ကြက်သွန်ထပ်လှီးသူလှီး၊ သုပ်သူသုပ် အလုပ်များနေကြသော်လည်း စားသောက်ပြီး၍ အိမ်သို့ သယ်ယူသွားရန် တောင်းနေသူတို့ကမူ သူတို့အနား အုံနေကြလေသည်။
 
              မဏ္ဍပ်ထဲရှိ ထမင်းဝိုင်းများပေါ်တွင် ခရမ်းသီးသုပ်ကို မမြင်ရသလောက် ရှိပြီ။ အရည်ကျဲ ငါးခြောက်ဟင်းနှင့် မရမ်းသီး ငံပြာရည်ကြော်သာ ပင်တိုင်ဖြစ်နေပြီး ကာလသားချက်မှာ ချလိုက်သည်နှင့် ဘူးသီးချည်း ကျန်ခဲ့၏ ။ ပဲကြီးဟင်းရည်လည်း အပေါ်တစ်ဝက် အောက်တစ်ဝက်ဟု ဆိုရမည်။ 
 
              သူတို့ အလှူဖိတ်စဉ်အခါက အရပ်အားလုံး ပါအောင်ဖိတ်ရမည်ဟု ကြံစည်ခဲ့ကြသည်။ ထို့ကြောင့် မြို့ပြင် ဆင်ခြေဖုံးများနှင့် တိုးချဲ့ ဆင်းရဲသားအကွက်အရပ်များမှပါ လာရောက်စားသုံးကြခြင်း ဖြစ်၏ ။ ထိုအခါ မမြင်သင့်သည်တို့ မြင်ရသည်။ ရုန့်ရင်းကြမ်းတမ်းသော အပြောအဆိုတို့ ကြားရသည်။ နှလုံးသား ကိုယ်ခံအားနည်းသည့် ငတိုက်မောင်းအတွက် ကုသိုလ်တစ်ပဲ ငရဲတစ်ပိဿာ ဖြစ်ရလေပြီ။
 
               သူသည် စိတ်နှလုံး တုန်လှုပ်နေရာမှ လုပ်မိလုပ်ရာ လုပ်လိုက်၏ ။ ထမီရင်လျားနှင့် မိန်းမအား သွား၍ အပြစ်ဆိုလိုက်မိသည်။
 
"ခင်ဗျား ဘယ်လိုတွေ လုပ်နေတာလဲဗျ။ ကိုယ်စားဖို့ပဲ သိသလား၊ ကလေးတွေ မစားချင်လို့ ငိုနေတာ ကြည့်ဦးမှပေါ့"
 
              မိန်းမက ဟင်းချိုသောက်ဇွန်းကို ဆောင့်ချလိုက်ပြီး 
 
"တော့်ကလေးတွေလား၊ ဒါဆို တော့်ဘာသာ ထိန်းလေ"
 
               တိုက်မောင်း ကြောင်သွားသည်။ 
 
"သောက်ကလေးတွေကလည်း စားစရာရှိ အေးအေးစားတာ မဟုတ်ဘူး။ တဆူဆူနဲ့ ဒင်းတို့ကြောင့် အပြောအဆို ခံရတယ်။ အိမ်ရောက်မှ မိဒုံးအကြောင်း သိမယ်"
 
             ဆိုကာ ထမင်းပန်းကန်ထဲ ခရမ်းချဉ်သီးပန်ထွေဖျော် တစ်ဇွန်းခပ်ထည့်၍ နယ်ဖတ်နေ၏ ။ သူစားနေသည်မှာ သုံးပွဲမြောက် ရှိပြီ။ ငါးခြောက်တစ်တုံး ထည့်ရန်ပြင်နေခိုက် တိုက်မောင်းက
 
"ခင်ဗျား စားနိုင်လို့ စားတာ ထားပါတော့၊ ကလေးတွေ  မစားချင်တာကို ဇွတ်ခေါ်လာပြီး အတင်းကျွေးနေတော့ အလဟဿ ဖြစ်ကုန်လို့ ပြောတာဗျ"
 
"အယ်.. တော်တို့ အလှူအတန်းလုပ်တာပဲ။ ဒီလောက် တွန့်တိုရင် အစတည်းက မလုပ်ပါနဲ့လား။ တော်ပြီ.. မစားတော့ဘူး။ ဟဲ့.. သေနာကျလေးတွေ၊ အခုပြန်မယ်။ မလိုက်ချင် နင်တို့ပထွေးနဲ့ နေခဲ့ကြ"
 
             ပြောပြောဆိုဆို ထရပ်ကာ ပန်းကန်ကို လက်နှစ်ဖက်ကိုင်၍ ဆောင့်ချလိုက်သောကြောင့် နှစ်ခြမ်းကွဲသွား၏ ။ တိုက်မောင်းလည်း အံ့သြသဖြင့် စကားမပြောနိုင်၊ ထပ်ပြောနေရန်လည်း မသင့်ပြီ။ မိမိမှာ အလှူရှင်ဖြစ်သည်။ အနှီမိန်းမကား စရိုက်ကြမ်းကြမ်းထဲမှ ဖြစ်ပုံရ၏ ။ 
 
               မည်သို့ဆိုစေ ထိုသို့ ပြောဆိုခံရမည် မထင်မိသောကြောင့် သူ အရှက်ရလိုက်သည်တော့ အမှန်။ လက်ျာဘီလူးကတော့ တိုက်မောင်း အချေအတင် ဖြစ်ကျန်ခဲ့ကြောင်း မသိလိုက်။ ချက်ချင်း စိတ်ဖြတ်၍ သုဓမ္မာဇရပ်ကြီးပေါ် တက်ကာ အရှင်သူမြတ်များကို ဦးချဝတ်ပြုပြီးနောက် ရောက်နှင့်နေသော ဦးတွန်တို့ မုဆိုးခြုံရွာသားများ ရှိရာထောင့်ဝယ် သွားထိုင်နေခဲ့သည်။
 
               ငတိုက်မောင်းကား ရှင်ပြု သာမဏေဝတ်ရမည့်အထဲ၌လည်း မပါ၊ အလှူ့ရှင် ဆိုသော်လည်း သူတစ်ဦးတည်း မဟုတ်၍ မဏ္ဍပ်အလယ်တွင် ယောင်ချာချာ ရပ်ကျန်ခဲ့သည်။ လူအများက သူ့ကို ဝိုင်းကြည့်နေကြသလို ခံစားနေရသည်။ သူက သိမ်းဆည်းရန် ပန်းကန်အကွဲကို ကောက်မ လိုက်ရာ ထမင်းများက စားပွဲပေါ် တစ်ဝက်ခန့် အပုံလိုက်လေး ကျန်ရစ်၏ ။
 
"နေ.. နေ၊ ကျွန်မ လုပ်လိုက်မယ်"
 
               ကြည့်နေသည့် ဧည့်ခံအမျိုးသမီး လာပြီး သိမ်းသွားသောအခါ သူ ရှက်သွားပြန်သည်။ မပြောမိရင် အကောင်းသားဟု တွေးမိပြန်၏ ။ ထိုနေရာကို စွန့်ခွာခဲ့သော်လည်း အာရုံထဲတွင် ထမင်းဟင်းကျန်ပုံကြီးက ငြိတွယ် ကပ်ပါလာလေသည်။
 
                ဇရပ်လှေကားထစ်များအတိုင်း တက်လာခဲ့၍ အပေါ်သို့ မော်ကြည့်လိုက်သည်နှင့် ပတ်ပတ်လည် ချိတ်ဆွဲလှူဒါန်းထားသော ပန်းချီကားများကို ဦးစွာ မြင်လိုက်ရသည်။ သူ့မျက်လုံးရှေ့တည့်တည့်ရှိ ကားချပ်မှာ စုန္ဒဝက်သတ်သမားနှင့် နွားသတ်သမားတို့ မသေမီ တူသောအကျိုး ပြန်လည်ခံစားနေကြရပုံ ထိတ်လန့်ဖွယ် အရေးအကြောင်းများ။
 
                နွားသတ်သမားသည် အရှင်လတ်လတ် နွားလျှာကို လှီးဖြတ်ကြော်ချက်လျက် ချက်ချင်း ခပ်စားလိုက်သဖြင့် သူ၏လျှာပါ ပြတ်ကျသွားကာ နွားလို အော်ဟစ်မြည်တမ်းနေသည့်ပုံ၊ အောက်တွင် ငရဲမီးများက တောက်လောင်နေသေးသည်။ မဆိုင်လှသော်လည်း ယမန်နေ့ညက ချက်ပြုတ်ရန် ခုတ်ထစ်ထားသော ကြက်အစိတ်အပိုင်းများ ထည့်ထားသည့် ဒယ်ကြီးကို မြင်ယောင်လိုက်မိသည်။
 
 "ငါ အလှူလုပ်တာ ကုသိုလ်ထက် အကုသိုလ်က များနေပြီထင်တယ်"
 
               သူ ရင်ထဲမကောင်းတော့။ လူကြီးလူကောင်း လုပ်လိုစိတ်လည်း မရှိတော့။ လူရာဝင်၍ အရေးအရာပေးခြင်းကို အထူးလိုလားတတ်သည့် ဉာဉ်ကလေးလည်း ထိတ်လန့်မှုအောက်၌ ခေါင်းမထောင်နိုင်ချေ။ သူ လက်ျာဘီလူးအား လှမ်းကြည့်သည်။ မျက်လွှာချလျက် ဦးတွန်ပြောသည်ကို နားထောင်နေပုံရ၏ ။
 
               ငအောင်မော်သည် ယခုအခါ ပိတ်ဖြူဝတ်လျက် အထူးစင်ကြယ်နေ၏ ။ ငသူရိန်က ကပ္ပိယမျှသာ ဖြစ်သော်လည်း ခေါင်းကို ရဲရဲမော့ထားသည်။ အဘမျှင်မှာမူ ဣန္ဒြေရရ၊ အခြား သာမဏေလောင်း ရဟန်းလောင်းများလည်း ရွှင်ရွှင်ပြုံးပြုံး ရှိနေကြသည်။ ယခုအခါ ပန်းချီများကိုပင် မြင်ရမည်ကို ကြောက်လန့်ကာ ခေါင်းမမော့ရဲသည်မှာ မိမိတစ်ယောက်တည်း။
 
               သူ စိတ်ကို တင်းလိုက်သည်။ အခြားသူများနည်းတူ အလှူရှင်များနေရာ၌ ဝင်ထိုင်လိုက်၏ ။ သို့သော် အလှူငွေ ၅ ကျပ်သားမျှသာ ထည့်ဝင်ထားသည့် ပေတလူ၏ အနောက်၌ နေရာယူမိလျက်သားပါလား။ စိတ်ရှင်းရှင်းနှင့် လှူနိုင်သည့် ပေတလူက ကြည်လင်စွာ ပြုံးပြသည်ကို မတုံ့ပြန်နိုင်ဘဲ ခပ်တည်တည်သာ ပြန်ကြည့်လိုက်နိုင်သည်။
 
                 အနောက်မှ အသံများ ကြားရသည်။ အမတ်မင်း ဝန်မင်းများ တက်လာကြခြင်း ဖြစ်သည်။ တိုက်မောင်းသည် နေရာမှ ထ၍ မိဖုရားခေါင်ကြီးထံ သွားသည်။
 
"လာ.. မယ်မယ်"
 
                မိဖုရားကြီးလည်း ပြုံးရင်း လိုက်ပါလာသည်။ အလှူရှင်များအလယ် ရေစက်ခွက်အရှေ့ နေရာယူပါရန် တိုက်မောင်းက အမူအရာပြသောအခါ အနည်းငယ် အံ့သြသွားပုံရသည်။ သိနေသူများကလည်း နေရာဖယ်ပေးကြသည်။ အမှန်က တန်းစီနေသော ရေစက်ခွက်များသည် အလှူရှင်များအတွက် မဟုတ်ပါလော။ 
 
                သို့သော် တိုက်မောင်းက ဆုံးဖြတ်ပြီးလေပြီ။ 
 
"မယ်မယ်ဖျား ကျွန်တော်မျိုးအလှူကို ချီးမြှောက်သည့် အနေနဲ့ ကျွန်တော်မျိုးကိုယ်စား ရေစက်သွန်းချ လှူဒါန်းပေးတော်မူပါဘုရား" 
 
                ခင်ယွန်းစံလည်း ကြည်နူးဝမ်းမြောက်စွာ ခေါင်းညိတ်လိုက်လေသည်။ တိုက်မောင်းကား ပေတလူအနောက်၌ ပြန်ထိုင်လိုက်သည်။ သူ့နံဘေးနားသို့ ဦးကောင်းနှင့် ကျုံးဝန်မင်းတို့ တစ်ဖက်တစ်ချက်မှ ဝင်ထိုင်လိုက်ကြသည်။ တိုက်မောင်းသည် ယခုအခါ မျက်နှာမော့လျက်။ ကွမ်းပြင်နေသော၊ နှုတ်ရှေ့ ယပ်နှင့် ကွယ်ကာ စက္ခုဣန္ဒြေကို စောင့်ထိန်းတော်မူနေကြသော၊ အချင်းချင်း တီးတိုးစကားဆိုနေကြကုန်သော သံဃာတော် မထေရ်ကြီးများကို ရဲရဲမော်ဖူးဝံ့လေပြီ။
 
                လက်ျာဘီလူးက ထောင့်မှနေ၍ သူ့လူများကို လှမ်းအကဲခတ်လိုက်သည်။ အသက်ဝင်လှုပ်ရှားနေကြသော လူများစွာ အလယ်တွင် တည်တည်ငြိမ်ငြိမ် ထိုင်လျက် စူးရှတောက်ပြောင်သော မျက်လုံးများဖြင့် သံဃာစင်သို့ ရှေးရှုနေသည့် တိုက်မောင်းကို မြင်သောအခါ... 
 
                 သူ့အကြည်သည်လည်း တိုက်မောင်းကဲ့သို့ပင် မလှုပ်မရှား ဖြစ်သွားသည်။ တိုက်မောင်း၏ ဟန်မှာ မဖြစ်စဖူး ထူးခြားနေ၏ ။ ငေးနေလျှင် နှုတ်ခမ်းမသိမသာ ပွင့်ဟနေတတ်သည့် ငတိုက်မောင်းသည် ပါးစပ်ကို တင်းတင်းစေ့ရင်း အသက်ပြင်းစွာ ရှူနေ၏ ။ သူ၏အလှူကို ကျေနပ်ဝမ်းမြောက်နေသလော။ သူ့ကိုယ်သူ မယုံနိုင် ဖြစ်နေသလော။
 
               လူကြီးတစ်ဦး၏ တရားနာရန် ဖိတ်ကြားသံ ထွက်လာသည်။ ထို့နောက် တရားပွဲ စတင်တော့မည်ဖြစ်ကြောင်း ကြော်ငြာလေပြီ။ အနုမောဒနာတရား ဟောကြားချီးမြှင့်ပါမည့်အကြောင်း လျှောက်ထားသံ ကြားရသည်။ တရားမှာ ရှည်ရှည်ဝေးဝေး သိုင်းဝိုင်းဖွဲ့နွဲ့မနေဘဲ တိုတိုပြတ်ပြတ် ရှင်းရှင်းလင်းလင်းသာ။ 
 
               ရေစက်ချပြီးစီးသောအခါ တိုက်မောင်းသည် ရှေ့တက်သွားပြီး သူ့ကိုလည်း သာသနာ့ဘောင်တွင်း သွတ်သွင်းချီးမြှင့်တော်မူပါရန် ဆရာတော်ကြီးတစ်ပါးအား ပန်ကြားလေတော့သည်။  ငအောင်မော်၊ သူရိန်တို့မှစ၍ အားလုံး အံ့အားတသင့်၊ မိဖုရားကြီးကား ပီတိဖြာလျက်။ 
 
"ဒကာတော် ဒုလ္လဘ ဝတ်မည်ဆိုလျှင်လည်း သင့်လျော်ကောင်းမွန်သည်ပင်။ သင်္ကန်းဆယ်စုံသာ ရှိသော်ငြား မပူလင့်။ ဒကာ့စိတ်ထားကို ဆရာတော်က ချီးမြှောက်သောအားဖြင့် ဒကာတော်ရေမြေ့ရှင် ဆက်ကပ်သည့် နှစ်ထပ်ကြာသင်္ကန်းကြီး စွန့်ကြဲမည်။ သာသနာတော်တွင်း မည်မျှနေမည် စိတ်ကူးသနည်း"
 
               တိုက်မောင်းက လက်ျာဘီလူးထံ လှည့်ကြည့်သည်။ ငယ်သား၏ အလိုကို သိတတ်သော လက်ျာဘီလူးလည်း ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ 
 
"တပည့်တော် နှစ်လ သုံးလမှ စ၍ ပျော်သလောက်ဝတ်မည် မှန်းပါတယ်ဘုရား"
 
               ထိုအခါ မိဖုရားခေါင်ကြီးကလည်း တိုက်မောင်းနှင့်တကွ ရဟန်း ၁၀ ပါး၊ သာမဏေ ၅ ပါး၊ ၅ ဦးသော ကပ္ပိယတို့အတွက် သင်္ကန်း သုံးစုံစီ၊ ပိတ်ဖြူကောင်း ၃ အုပ်စီ မိမိက လှူဒါန်းပါမည်ဟု လျှောက်တင်လာသည်။
 
              ဇရပ်ပေါ်မှ ဆင်းမိကြသောအချိန်တွင် လက်ျာဘီလူးက ခေါ်ခိုင်းသည် ဆိုသဖြင့် လက်ရွေးစင် ဘီလူးတပ်သားများ ညောင်ပင်ရိပ်ဝယ် စုမိကြသည်။
 
"လာကြနော်.. လာကြ။ မပါလိုက်ရ မရှိရလေအောင် တတ်အားသမျှ ထည့်ခဲ့ကြ"
 
"ဂျွမ်း.. ဂျွမ်း...  ဂျွမ်း" 
 
              လက်ျာဘီလူးက ဘုရားစင်ပေါ်မှ ရွှေဖလားကြီး ယူလာပြီး ခေါက်နေသည်။ သူနှင့် ဦးတွန်တို့က ဖလားတစ်ဝက်ပြည့်သည်အထိ ထည့်ထားပြီးနှင့်ပြီ။ အားလုံးကလည်း ရယ်မောပျော်ရွှင်စွာ တစ်ပဲ တစ်ကျပ်မှ စ၍ ထည့်ဝင်လိုက်ကြ၏ ။ အချို့က ပြေး၍ ပြန်ယူကြပြီး အချို့လည်း ချေးငှားထည့်ကြလေသည်။
 
               ပြီးလျှင် ဖလားကြီးကို အဘမျှင်က ရွက်သွားသည်။ တရားနာ စားသောက်ပြီးစီးကြ၍ ပြန်မည့်ဟန် ပြင်နေသူများအား 
 
"မောင်ဘယ်သူတို့ ဘယ်ဝါတို့ လာကြဟေ၊ ရွှေမိုးငွေမိုး ကြဲမကွဲ့"
 
               ဟု ဟစ်လိုက်သည်။ 
 
"ဟေး.."  
 
              ကလေးများနှင့် မိန်းမများ ရှေ့ဆုံးမှ ပြေးလာကြ၏ ။ ပေါက်ပေါက်မပါ ပန်းမပါ၊ ငွေစကြေးစ အသပြာများချည်း ဖလားနှင့်အပြည့် ထည့်ထားသည်ကို တပ်သားများက တစ်ယောက်တစ်ဆုပ် နှိုက်ကာ နှိုက်ကာ အရပ်လေးမျက်နှာသို့ ကြဲပက်ကြလေသည်။ မရဘူး ဆိုသူတို့ ငွေနှစ်ကျပ်မျှ ကောက်မိ၏ ။
 
              ခေတ္တကြာလျှင် ဦးပြည်းခေါင်းတုံးနှင့် ဖြစ်ကြလေပြီ။ ယခုမှ တိုက်မောင်းမျက်နှာ ပြန်လည်ရွှင်ပျလာသည်။ စိတ်မကောင်းစရာများကို မေ့ချေပြီ။ ကုန်လွန်ခဲ့သော ငွေ ၄၀၀ ကျော်သည်လည်းကောင်း၊ အနောက်ဘက်မှ ထမင်းပုံကြီးသည်လည်းကောင်း လောကတံထွာအရ အတိတ်မှာ ကျန်နေရစ်ပြီ။
 
              ပစ္စုပ္ပန်တည့်တည့်ကို ရှု၍ ရဟန်းမဖြစ်သေးမီ ပျော်ပါး စနောက်နေကြသည့် လူစွမ်းကောင်းများနှင့် သူတို့ကို ကြည့်ရင်း ညောင်ညိုပင်ရိပ်ဝယ် အေးချမ်းစွာ ရပ်နေသည့် သူတို့တပ်မှူးသည်သာ အပြုံးကိုယ်စီနှင့် ကြည်လင်ချမ်းမြ ရှိနေကြလေသည်။
 
*** 
 
               ဝမ်းဗိုက်ဖောင်းဖောင်းနှင့် ခွေးပိန်မလေးတစ်ကောင်သည် သူအပိုင်စားရသည့် ညောင်ပင်ရိပ်အောက်သို့ တလှုပ်လှုပ် လာနေသည်။ ထို့နောက် သောက်နေကျ အစွန်ဆုံးအင်တုံထဲမှ ရေကို တပြတ်ပြတ် သောက်လိုက်သည်။ ပြီးလျှင် သူစံရာ ဗိမ္ဗာန်နန်းဖြစ်သော လက်ျာဘီလူးကောင်းမှု ကောက်ရိုးသလွန်ထက်၌ ဖွဲ့ခွေဝပ်နေလျက် (ကုသိုလ်လား၊ အကုသိုလ်လား တိုက်မောင်းအတွက် မကွဲမပြား ဖြစ်သွားခဲ့ရသော) ကြက်ရိုးနှင့် ငါးရိုးများကို စီနေတော့သတည်း။
 

ကျေးဇူးတင်လျက်
သင်္ခရာဇာ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...