Skip to main content

တောဆေး တောင်ဆေး မုဆိုးဆေး

တောဆေး တောင်ဆေး မုဆိုးဆေး

မနက်ခင်း ထောင်ဖွင့် လူပေါင်းစာရင်းယူပြီးနောက် မနက်စာ စားနေစဉ် မုဆိုးကျော်ထွား တောကောင်ထမ်း၍ တောထဲမှ ပြန်လာပါသည်။ မနက်စောစော ချမ်းအေးလှသော်လည်း သူ့ခမျာ ချွေးများရွှဲ၍ နေပါသည်။

“ဟ. . . တောဝက်ကြီးပါလားကွ ကျော်ထွားရ။ မင်း သေနတ်မပါ ဘာမပါနဲ့ ဘယ်လိုရလာတာလဲကွ"

“တစ်နေ့က ခလရ (၃၇)က တပ်ကြပ်ကြီး ပစ်ထားတဲ့ တောဝက်ကြီး ဆရာ။ ကျွန်တော် သူ့သွားလမ်းမှာ ငြောင့်ကျင်းတူး ထောင်ထားလို့ ကျင်းထဲကျနေတာနဲ့ ဝါးချွန်နဲ့ထိုးပြီး ယူလာတာ ဆရာ"

“နည်းတဲ့အကောင်ကြီးမဟုတ်လားကွ။ အချိန် (၅ဝ) လောက် ရှိမယ်ထင်တယ်"

“အချိန် (၅ဝ)ကျော်မယ် ဆရာ။ ပင်ပန်းတာလည်း မပြောနဲ့ တော့။ အန္တရာယ်ကလည်း များသေး။ တော်တော် အသက်ပြင်းတဲ့ အကောင်ကြီး ဆရာ။ ကျင်းထဲကျလို့ ဝါးငုတ်စူးတွေ ထိုးမိနေတာတောင်
မသေဘဲ ကျွန်တော့်ကို ပြန်ခံချနေသေးတယ်။ 

ဝါးချွန်နဲ့ထိုးပြီး ရွှေကျင်တဲ့ ကျွန်တော့်မိတ်ဆွေလင်မယား အကူအညီနဲ့ လျှော်ကြိုးတုပ်ပြီး မနည်းဆွဲတင်ရတယ်။ ဒီကောင်ကြီးက ကျွန်တော်တစ်ဦးတည်း မပိုင်တော့ဘူး ဆရာ။ မုဆိုးစည်းကမ်းအရ ခလရ (၃ဝ)က တပ်ကြပ်ကြီး တစ်ဝက်ဆိုင်တယ်။ မိတ်ဆွေလင်မယားကိုလည်း ဟင်းစားပေးရဦးမယ်"

"ရပါတယ်ကွာ၊ မင်းတို့ မုဆိုးထုံးစံအတိုင်း လုပ်ပါ။ အကောင်ကြီးပဲ၊ မျှဝေစားရင်လည်း လုံလောက်ပါတယ်”

မုဆိုးကျော်ထွား ဝက်ဖျက်နေစဉ် ဝက်ရသည်ဟု ကြားသဖြင့် ခလရ (၃၇) မှ တပ်ကြပ်ကြီး ဦးတင်မြင့် ရောက်ရှိလာပါသည်။ မုဆိုးကျော်ထွားက မုဆိုးထုံးစံအတိုင်း တစ်ဝက်ပေးရာ မယူဘဲ ၎င်းတို့ တပ်ကုန်းတွင် စားလောက်ရုံသာ ငါးပိဿာခန့် ယူသွားပါသည်။ 

ဆလရမှ ကိုကျော်တို့အဖွဲ့ ရောက်ရှိလာပြန်သဖြင့် နှစ်ပိဿာခန့် ပေးလိုက်ပါသည်။

ပြီးနောက် နှစ်ပိဿာခန့် အတွဲတစ်တွဲအား သီးသန့်ခွဲပြီး မိတ်ဆွေလင်မယားအတွက် ချန်ထားပါသည်။ အူ၊ ကလီစာနှင့် ပေါင်သားနှစ်ချောင်းအား ကျွန်တော်တို့ရုံးအဖွဲ့အတွက် သီးသန့်ဖယ်ထားပြီး မုဆိုးက ခေါင်းကိုသာ ယူပါသည်။ ကျန်သော အသားများအား ဝန်ထမ်းနှင့် ရဲဘက်ဖိုကြီးအတွက် လွှဲပေးလိုက်ပါတော့သည်။ 

သူများအသက်ကို သတ်နေရသော်လည်း စေတနာသဒ္ဒါတရားနှင့် ပြည့်စုံသော မုဆိုးကျော်ထွား ဖြစ်ပါသည်။ ထိုနေ့က စခန်းတစ်ခုလုံး တောဝက်သားဟင်းနှင့် မြိန်ရှက်စွာ ထမင်းစားကြရပါသည်။

ညနေစောင်း၌ မုဆိုးကျော်ထွားသည် သူ ရရှိသော ဝက်ခေါင်းပြုတ်၍ သုတ်ခြင်း၊ ဝက်ဦးနှောက်များအား ကြော်၍လည်းကောင်း၊ ဝက်ခြေထောက်အား ဆိတ်ဖူးခတ်ပြီး စွပ်ပြုတ်လုပ်၍ လည်းကောင်း ကျွန်တော့်အတွက် အမြည်းလုပ်ပေးပါသည်။

“ဟ. . . ကျော်ထွားရ၊ မင်း မုဆိုးရှယ်ယာ မင်းပဲစားပါကွာ။ ငါ့အတွက် အူ၊ ကလီစာဟင်းတွေ ရှိသားပဲ"

“စားပါ ဆရာ ... စားရခဲပါတယ်။ ကျွန်တော်က ဆရာ့အတွက် ဦးစားပေးတာပါ။ ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး"

“အေး. . . အဲဒါတော့ ဟုတ်ပါရဲ့၊ အမြည်းရှိပြီး အရက်မှမရှိတာ"

“မပူပါနဲ့ ဆရာရယ်၊ မိတ်ဆွေလင်မယားကို တောဝက်သား လက်ဆောင်ပေးလိုက်လို့ သူတို့တွေက ကျွန်တော့်ကို ကချင်မီးတောက် အရက်တစ်လုံး ပြန်ပေးလိုက်ပါတယ်။ ဒီမှာ ဆရာ့အတွက်ပါ"

“အင်း. . . ကျော်ထွားရေ၊ မင်းကတော့ ငါ့ကို တောထဲမှာ အမျိုးမျိုး အဖုံဖုံ လုပ်ကျွေးနေတာပါပဲ။ ကျေးဇူးတင်တယ် ကျော်ထွားရေ"

ညစာ စားအပြီး မီးလှုံရင်း စကားဝိုင်းတွင် မုဆိုးကျော်ထွားမှ ကျွန်တော့်အတွက် လက်ဆောင်နှစ်ခု ပေးပါသည်။

“ဆရာ. . . ဒါက တောဝက်သည်းခြေ၊ အခြောက်လှန်းပြီး ဆောင်ထားပါ။ လနဲ့ချီပြီး ခေါင်းကိုက်နေတဲ့ရောဂါကို တောဝက်သည်းခြေနဲ့ ကနစိုးရွက်အခြောက်ရောပြီး အိပ်နေကျ ခေါင်းအုံးထဲ ထည့်အိပ်ရင် ခေါင်းကိုက်ဝေဒနာ ယူပစ်သလို ပျောက်တယ်။ ကျွန်တော့် ကိုယ်တွေ့"

“ဟုတ်လှချည်လား ကျော်ထွားရဲ့။ ငါ ကော့သောင်း ဆီအုန်းစခန်းမှာ နေတုန်းက တစ်ပတ်တစ်ကြိမ်လောက်ကို တောဝက်ကြီးတွေ ရပါရဲ့။ ဆေးသုံးမသိတော့ သည်းခြေကို လွှင့်ပစ်လိုက်တာချည်းပဲ။ စပါးကြီးသည်းခြေနဲ့ ဝက်ဝံသည်းခြေလည်း ရတတ်တယ်။ ဆေးအသုံးလိုသူတွေ တောင်းကြတာနဲ့ ပေးပစ်လိုက်တာချည်းပဲ"

“စပါးကြီးသည်းခြေနဲ့ ဝက်ဝံသည်းခြေက အလွန်အဖိုးတန်တာဆရာ။ အစစ်ရဖို့ မလွယ်ဘူး။ ကလေးသူငယ်နာနဲ့ လေဖြတ်တဲ့ရောဂါအတွက် အလွန်မှ အသုံးဝင်တယ် ဆရာ"

“ဆရာ့ကို နောက်တစ်ခု ထပ်ပေးဦးမယ်။ ဒါက ဖြူကျစ် အမြီးပါ။ ဖြူကြီးမျိုး မဟုတ်ဘူး။ သူက အကောင်သေးတယ်။ တစ်ပိဿာလောက်ပဲ ရှိတယ်။ ဖြူကြီးက ဆူးတောင် အဖြူတစ်ဝက် အနက်တစ်ဝက်နဲ့ အကောင်ကြီးတယ်။ လေးငါးပိဿာလောက် ရှိတယ်။ ဖြူကျစ်က ဆေးဖက်ပိုဝင်တယ်။ နှစ်မျိုးစလုံးပဲ အသားစားရင် ပန်းနာရင်ကျပ် ပျောက်တယ်။ ဖြူအစာအိမ်က ပိုအစွမ်းထက်တယ်"

“ပြောစမ်းပါဦး၊ မင်း ဖြူကျစ်အမြီးက ဘာအသုံးဝင်တာလဲ"

“သူက ဂမ္ဘီရဆန်တယ် ဆရာ။ မီးဖွားမယ့် အမျိုးသမီး ကိုယ်ဝန်ဆောင် မီးမဖွားမီ ဆံထုံးထဲမှာ ထည့်ထုံးထားရင် ကလေးမွေးရာမှာ အခက်အခဲမရှိဘဲ အလွယ်မွေးနိုင်တယ်။ အထူးသဖြင့် သားဖွားရင် ခက်ခဲတတ်တဲ့ အမျိုးသမီးများ၊ အပျိုကိုယ်ဝန်ဆောင်များ ဆောင်ထားရင် မွေးတဲ့အခါ ဘယ်လိုမှ အခက်အခဲမရှိဘဲ ရှောရှောရှူရှူ မွေးတယ်၊ အလွန် အဖိုးတန်ပါတယ်။

ကျွန်တော်တို့လို တောထဲတောင်ထဲ နေသူများအတွက် တောဆေး၊ တောင်ဆေး၊ မုဆိုးဆေးပေါ့ ဆရာရယ်။ ကျွန်တော့်အဖေ ဆေးဆရာကြီးက လက်ဆင့်ကမ်းသွားတဲ့ အမွေပါ ဆရာ"

“အေးကွာ ... မင်း ဒါနပြုတာတွေ ငါ ဆောင်ထားပါ့မယ်။ ရန်ကုန်ရောက်မှ စမ်းကြည့်ရတော့မှာပဲ။ မင်းလို သူများအသက်လည်း သတ်ရတယ်၊ သူများအသက်လည်း ကယ်ရတဲ့သူကတော့ ရှားပါ့ကွာ၊ မုဆိုးဆေးဆရာပေါ့"

နောက်တစ်ရက်လည်း ကြောင်လောက်ရှိသည့် ခြေတံရှည်ရှည် ချေ(ဂျီ)နှင့်တူသော အကောင်လေးတစ်ကောင်အား ရရှိလာပြန်ပါသည်။

“ကျော်ထွားရေ ... အဲဒါ ဘာကောင်လဲကွ။ ချေနဲ့တော့ တူသလိုလိုပဲ”

"ချေလှောင်လို့ခေါ်တယ် ဆရာ။ ချေအငယ်မျိုးပေါ့။ ကြောင်ကိုင်း ထောင်ထားတာ နင်းမိလို့ အသေရလာတာ။ ဒီအကောင်က ဒီအတိုင်းစားရင် ငှက်ဖျားဖြစ်တတ်တယ် ဆရာ။ အရက်နဲ့ရောနယ်ပြီး ချက်စားရင်တော့ ငှက်ဖျားရောဂါ ပျောက်တယ်"

“ဟ. . . ဒီကောင်လေးက တစ်မျိုးပါလား။ အန္တရာယ်ရှိမယ် ထင်တယ်"

“ဟုတ်တယ် ဆရာ။ မစားတတ်ရင် ဘေး၊ စားတတ်ရင် ဆေးပေါ့ ဆရာ"

“ဪ. . . မင်းလို တောအကြောင်း တောင်အကြောင်း နားလည်တော့လည်း ဆေးဖက်ဝင်တာချည်းပဲနော်"

“ဟုတ်တယ် ဆရာ။ တောထဲမှာ ဆေးဖက်မဝင်တဲ့ အရာရယ်လို့ မရှိပါဘူး။ သူ့နည်းသူ့ဟန်နဲ့ ဆေးဖက်ဝင်တာချည်းပါပဲ။ နားလည်တတ်ကျွမ်းဖို့တော့ လိုတာပေါ့။ ကျွန်တော်တို့ စခန်းနားတင်ရှိတဲ့ ဆေးမြင်းခွာ (ငွေပန်းပင်နှင့်တူပြီး ပင်ခြေတွင် မြင်းခွာပုံစံဥများ ဥနေသော နီညိုရောင်အပင်) ဥတွေကလည်း ဝမ်းရောဂါ၊ လိပ်ခေါင်းရောဂါနဲ့ သွေးအားနည်းရောဂါတွေအတွက် ဥကိုသွေးပြီး ဆန်ဆေးရည်နဲ့ သောက်သည်ဖြစ်စေ၊ အခြောက်ခံ အမှုန့်လုပ်ပြီး ပျားရည်နဲ့ တေစားရင်ဖြစ်စေ ပျောက်ပါတယ်။

အကောင်းဆုံးကတော့ ဥအစိုလတ်လတ်ကို ထုထောင်းပြီး ရလာတဲ့ သတ္ထုရည်ကို အရက်နဲ့ ရောသောက်ရင် ပိုပြီး ကောင်းပါတယ်။ ဒီစခန်းက ဝမ်းရောဂါဖြစ်တဲ့သူတွေ ကျွန်တော် ဒီဆေးမြင်းခွာဥနဲ့ လက်တွေ့ကုနေတာ ပျောက်ပါတယ်ဆရာ။

နောက်တစ်ခုက ဒီတောထဲမှာ အလွန်ပေါတဲ့ သစ်မင်းပင်တွေဆရာ။ အိမ်တွေမှာ သစ်ခြောက်ပါလို့ သပ်ရိုက်သွင်းတဲ့နည်းတော့ လူတိုင်းလိုလို သိကြမှာပါ။ တောထဲ တောင်ထဲ သွားရင်းလာရင်းနဲ့ သစ်ဝါး ငြောင့်စူးမိလို့ သစ်မင်းကို သွေးလိမ်းရင်လည်း စူးတဲ့ငြောင့် တစ်ညအိပ်နဲ့ ပြန်ထွက်လာတယ်။ 

ထိခိုက်ဒဏ်ရာရလို့ ရောင်ရမ်းရင်လည်း သစ်မင်းရဲ့ အူတိုင် (ဖော့ချောင်း)ကို အနာမှာ အုံပေးရင် ပျောက်တယ် ဆရာ။

နောက်တစ်ခုကတော့ အိမ်ရှေ့တံခါးဝမှာ သစ်မင်းပင်ကို ပန်းအိုးနဲ့ စိုက်ထားရင် မကောင်းတဲ့ မိစ္ဆာကောင်နဲ့ အနှောင့်အယှက်ပေးမယ့် အရာမှန်သမျှ အိမ်ထဲကို မဝင်နိုင်ဘူး ဆရာ။ သစ်မင်းဆိုတဲ့ အတိုင်းအလွန် အစွမ်းထက်တဲ့ အပင်ပါ"

“သစ်မင်းပင်ကို ဘယ်လို စိုက်ရမလဲကွ။ ဒီက အပင်ကြီးတွေ ကတော့ ပေ (၁ဝဝ)ကျော်(၂ဝဝ)လောက်ကြီးတွေ"

“အဲဒီ အပင်ကြီးတွေက နှစ်ချို့အပင်ကြီးတွေပါ ဆရာ။ သူက ဝါးပင်လိုပါပဲ။ ပင်ပွားကို အမြစ်ပါအောင်တူးပြီး စိုက်ရင် ရှင်ပါတယ်။ နေရာဒေသမရွေး စိုက်နိုင်တယ်။ ရေဝပ်တာတော့ မကြိုက်ဘူး။ ဆရာပြန်ရင် ကျွန်တော် ရှာပြီးပေးလိုက်ပါ့မယ်"

“အေးကွာ ... စိုက်တော့ စိုက်ချင်ပါရဲ့။ ဒါပေမယ့် သူ့အရွက်ချွန်တွေက ဆူးလိုပဲ။ လမ်းခရီးမှာ အနှောင့်အယှက် ဖြစ်မယ်"

“အပင်ပေါက်ကို လုံးပြီး သတင်းစာစက္ကူနဲ့ ပတ်ချည်ထားရင် ရပါတယ်ဆရာ။ သစ်မင်းပင်က ကန္တာရဆူးပင်လိုပဲ။ အပင်ပေါက်ကို နှုတ်ယူပြီး တစ်ပတ်လောက် ကြာကြာထားရင်တောင် မသေနိုင်ပါဘူး ဆရာ"

နောက်ပြီး ဆရာ့ကို 'လေသိုက်’လို့ခေါ်တဲ့ ဆေးဖက်ဝင် ပစ္စည်းတစ်ခုအကြောင်း ပြောဦးမယ်။ သူက သစ်ပင်သစ်ကိုင်းဖျားမှာရှိပြီး ငှက်သိုက်နဲ့တူပါတယ်။ ငှက်သိုက်လို ဥဝပ်ကျင်း မရှိဘူး။ သစ်ကိုင်း
ခြောက်ကလေးတွေ စုနေတာပဲ။ အေးချမ်းတဲ့ ရာသီဥတုရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချောင်းကမ်းပါးက သစ်ပင်မြင့်ကြီးတွေ အပေါ်မှာ ဖြစ်တတ်တယ်။ လေသိုက်ရှိတဲ့ အပင်မှာဆိုရင် မော့ကြည့်တာနဲ့ အသိုက် ကလေးတွေ အများကြီး တွေ့ရတတ်တယ်။ သစ်ပင်ပေါ်တက်ပြီး ဝါးလုံးအရှည်နဲ့ ထိုးချရတယ် ဆရာ။ စားကြည့်ရင် အရသာက အတော်ခါး တယ်။

လေသိုက် ဆိုတဲ့အတိုင်း လေရောဂါကို နိုင်တယ်။ ဝါးစားလို့ ဖြစ်စေ၊ သွေးလိမ်းလို့ဖြစ်စေ လေဖြတ်တဲ့ရောဂါ မှန်သမျှ ပျောက်တယ်ဆရာ။ တွေ့ရဖို့ခက်ပေမယ့် ကျွန်တော်တို့ စခန်းအထက်က 'ကဝဘန်‘ ရွာဘက်မှာ ကျွန်တော် တွေ့ထားတယ်"

“အေး. . . အဲဒီ လေသိုက်ကလည်း အသက်ကြီးတဲ့သူတွေအတွက် အလွန်အသုံးဝင်မှာပဲ"

“ဟုတ်ပါတယ် ဆရာ။ နောက်တစ်ခုက မက်လင်ချဉ်သီးပါ။ ဒရုခချောင်းတစ်ဖက်ကမ်းက အောင်ဝါနွယ်ကြီးရှိတဲ့နားမှာ တွေ့ခဲ့ရတယ်။ တောင်စောင်းမှာ ပေါက်နေတာ။ အပင်ကြီးက ပေ(၁ဝဝ)ကျော် မြင့်တယ်။ မက်လင်ချဉ်သီးကတော့ ခံတွင်းပျက်သူတွေအတွက် ငါးနဲ့ ချည်ရည်ဟင်း ချက်စားတဲ့ ဓာတ်စာပေါ့ ဆရာ။ အစာကြေလွယ်တယ်။ အသည်းရောဂါ ပျောက်ဆေးပေါ့။ အလွန်ရှားပါးတဲ့အပင်ပဲ ဆရာ။ ကျွန်တော် တစ်နေ့လောက် ခူးခဲ့ပါ့မယ်"

“အပင်မြင့်ရင် အန္တရာယ်များပါတယ်ကွာ။ မခူးခဲ့ပါနဲ့။ ကြွေကျရင်တော့ ကောက်ခဲ့ပေါ့။ စားဖူးတယ်ရှိအောင် စားရတာပေါ"

“နောက်တစ်ခုက ဝါးသုန်းတောက ဝါးသီးဆရာ။ ပယောဂ နိုင်တယ်။ ဝါးပင်တွေ သေခါနီးရင် ဝါးသီး သီးတယ် ဆရာ။ ဝါးပင်ဟာ ပေပင်လိုပဲ အသီးသီးပြီးရင် သေတာပဲ။ ဝါးရောဂါလို့ ပြောရမလား
မသိဘူး ဆရာ။ ဝါးရုံတစ်ရုံ သီးပြီးရင် နောက်တစ်ရုံ ဆက်သီးပြီး သေတော့ပဲ။ 

ဝါးသီးကို ကြွက်သိပ်ကြိုက်တာ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အိန္ဒိယဘက်က ကြွက်တွေဝင်လာပြီး ဝါးသီးစားလို့ ကြွက်တွေဟာ ဝက်ပေါက်လောက်ဖြစ်လာပြီး ဒီဒေသက ရွာတွေတောင် အတော်ပျက်သွား တယ်လို့ ကြားဖူးတယ် ဆရာ”

“အေးကွ ... ငါလည်း ဖတ်ဖူးတယ်။ ဝါးသီးက ကြွက်အားဆေး ထင်ပါရဲ့ကွာ။ ဒီတောထဲမှာ တခြား ဆေးဖက်ဝင်တာ ဘာရှိသေးလဲကွ"

"ဂျင်ဆင်းပင် ဆရာ။ ကျွန်တော်တို့ စခန်းလမ်းဘေးမှာတင် ရှိပါတယ်။ အရွက်ချွန်ချွန်နဲ့ လက်ဖက်ရွက်ပုံစံ။ သူက အရွက်ရှည်ပါတယ်။ ပင်ထောင်တော့ မဟုတ်ဘူး။ နွယ်ပင်လိုပဲ ဆရာ။ ဥဥတယ်၊ သူ့ဥက လူနဲ့တူတယ်။ ဒီပတ်ဝန်းကျင်မှာတော့ အပင်ငယ်ကလေးတွေပဲ တွေ့ရတယ်။ ဥလည်း သေးတာပေါ့။ အဲဒီဥကို အရက်ထဲမှာ စိမ်သောက်ရင် အရက်ရောင်ဟာ ရွှေဝါရောင်ပြောင်းသွားပြီး အရက်နံ့လည်း ပျောက်သွားတယ် ဆရာ။ အရသာလည်း ချိုပြင်းလေး ဖြစ်လာတယ်။ ကျွန်တော် ရှာပေးပါ့မယ် ဆရာ။

ဒီတောထဲမှာ အပေါဆုံးကတော့ ဆင်တုံးမနွယ်ပင်တွေ ဆရာ။ နေရာတကာမှာ ရှိတယ်။ စခန်းဆောက်တုန်းကလည်း ခုတ်ဖြတ်လိုက်ရတာ မနည်းဘူး။ ဒါပေမယ့် မသေဘူး ဆရာရေ။ သစ်ပင်ပေါ် ကျန်နေ ခဲ့တဲ့နွယ်က အမြစ်တွေဆင်းလာပြီး မြေကြီးပေါ်ရောက်တာနဲ့ နွယ်က အညွန့်၊ အရွက်တွေ ထွက်လာပြီး ကြီးပွားတော့တာပဲ။ မသေဆေးပင်ပေါ့ ဆရာရယ်။ 

သူနဲ့ ဆေးဖက်အရံကတော့ ပျားရည်ပဲ။ အသက် (၄ဝ)ကျော်လာရင် မှီဝဲသင့်တဲ့ဆေးပေါ့။

ကျွန်တော် တောထဲမှာ ပျားအုံတွေ တွေ့ထားတယ်။ အခုတော့ နည်းနည်းစောသေးတယ်။ အရည်မအောင်သေးဘူး ဆရာ"

“ပျားရည်၊ သားထိုး၊ မယားခိုးတဲ့။ တို့ဗုဒ္ဓဘာသာဝင်တွေမှာ စကားရှိတယ်။ အင်မတန် ငရဲကြီးမယ့် မယ့် ကိစ္စပဲ။ မလုပ်ပါနဲ့ကွာ’"

“ဆရာရေ ... တောထဲမှာနေပြီး မုဆိုးလုပ်နေမှတော့ ဘယ်မှာ အကုသိုလ်နဲ့ ကင်းမလဲ။ ပျားရည်ဆိုတာကလည်း ရှေးပဝေသဏီတည်းက ဆေးဖက်ဝင်ပစ္စည်းအဖြစ် သုံးလာကြတာ။ ပျားဖွပ်သူ မရှိရင် ပျားရည်ဆိုတာ ဘယ်ရှိပါ့မလဲ။ 

ဒီလိုပဲ ငါးရှာ၊ ဖားရှာတဲ့ တံငါသည်မရှိရင် ဘယ်မှာ သားငါး စားရပါ့မလဲ။ 

သားသတ်သူ မရှိရင် ဘယ်မှာ အမဲသား၊ ဝက်သား စားရမလဲ။ 

သူ့ဘဝ အကျိုးပေးနဲ့သူ ဖြစ်လာကြတာပါ။ အသက်မွေးဝမ်းကျောင်းမှုပြုတိုင်း အကုသိုလ်နဲ့ကင်းတာ ရှားပါတယ်။ အလွန်ရိုးသားလှတဲ့ လယ်သမားဘဝမှာတောင် မြေကိုတူးရင်း၊ ဆွရင်း၊ မြေတွင်းက ပိုးကောင်၊ မွှားကောင်တွေ သေကျေပျက်စီးရ သေးတာပဲ။ ဒါတွေဟာ သဘာဝတရားက ဖန်ဆင်းထားတာတွေပါပဲ ဆရာရယ်”

"အေး ... မင်းပြောတာလည်း ဟုတ်ပါတယ်ကွာ။ ငါ ပြောလိုတာက မလိုအပ်ဘဲနဲ့ သတ္တဝါတွေကို စိတ်ပါလက်ပါ မသတ်မိဖို့ပါ။ ငါတို့က ဘာသာရေးဘက်မှာ ဝါနုသေးတော့ ဒီကိစ္စတွေ မဆွေးနွေးတာဘဲ ကောင်း ပါလိမ့်မယ်။ 

လောလောဆယ် အခြေအနေအရလည်း တောထဲ တောင်ထဲ နေရတာဆိုတော့ အကုသိုလ်နဲ့ ဘယ်ကင်းမလဲကွာ။ သူတော်စင်တွေကတော့ တောတောင်ထဲမှာ လာပြီး တရားရှာကြတာဆိုတော့ ငါတို့အနေအထားနဲ့ ပြောင်းပြန်ဖြစ်နေမှာပေါ့။ 

လောဘ၊ ဒေါသ၊ မောဟတွေ မကုန်သေးဘဲ လိုချင်တပ်မက်မှုတွေ များနေတဲ့ ငါတို့ အတွက်တော့ သူတော်စင်ဖြစ်ဖို့ ဝေးပါသေးရဲ့ကွာ"

                              - ပြီး -

စာရေးသူ - ထောင်မှူးကြီးသိန်းဝင်း
စာစီစာရိုက် - မုဆိုး တံငါ စာပေများ

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...