“ဒီ အရက်ဟာ မကောင်းပါဘူးကွာ” ဟု သူက ရေရွတ် လိုက်သည်။ ထိုအခါ ဆိုင်ရှင်က ကြားသွားပြီး ...
“ဒီအရက်ဟာ ဆိုင်က ထုတ်ပေးတဲ့ အတိုင်းပါပဲဗျာ ၊ ကျွန်တော် ဘယ်တော့မှ အကြံအဖန် မလုပ်တတ်ဘူး ဆိုတာ အစ်ကိုကြီး သိပါတယ်၊ အမြဲ သောက်နေကြပဲ မဟုတ်လား”
သူက ဟာ ... ဟာ ... ဆိုလုပ်၍ လက်ကာပြသည်။ “ခင်ဗျားဆိုင် အရက်ကို မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး၊ အရက်ဟာ ကျုပ်ကို ကောင်းကျိုး မပေးဘူးလို့ ပြောတာပါ”
“ကောင်းကျိုး မပေးရင် မသောက်နဲ့ပေါ့ဗျာ” ဟူ၍တော့ ပိုင်ရှင်ကဖြင့် ပြောလို့ မဖြစ်ချေ။ အရက် ရောင်းနေသူ တစ်ယောက်က အရက် ဆန့်ကျင်ရေး စကားကို ပြောနေလျှင် “မိမိ ရောင်းကုန် ပစ္စည်း၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော စကားမျိုး မပြောမိပါစေနှင့်” ဆိုသော ခေတ်သစ် ရောင်းဝယ်ရေး ဗျူဟာ သဘောတရားကို ဖောက်ဖျက်ရာ ကျမည် မဟုတ်လား။ ထို့ကြောင့် ဘာမှ ထပ်မပြောဘဲ ခပ်မဆိတ် နေလိုက်၏။
သောက်သုံးသူ ပုဂ္ဂိုလ်ကတော့ ဆက်၍ ...
“ကျုပ် ဘာကြောင့် အရက်ကို စွဲစွဲမြဲမြဲ သောက်ဖြစ်နေတာလဲ သိလား” ဟု မေးသည်။ ဆိုင်ရှင်၏ စိတ်ထဲတွင် “သွားပြီ၊ ဒီညတော့ ငါ ခံရပြီ” ဟု တွေးရင်း စိတ်ညစ်သွား၏။ လုပ်သက် ရင့်နေသော ဆိုင်ရှင်တစ်ယောက် အနေဖြင့် အရက်သမား အမျိုးမျိုး အကြောင်းကို ကောင်းကောင်း သိပြီးသား ဖြစ်၏။ မူးလာလျှင် ရစ်တတ်သူ၊ အပျော်လွန်ပြီး သီချင်း ဟစ်တတ်သူ၊ ငိုတတ်သူ၊ စကားကြော ရှည်တတ်သူ။
ဒီပုဂ္ဂိုလ်လို သူ့ဆိုင်မှာ နှစ်ပေါင်းများစွာ သောက်သုံးလာသူ ဆိုလျှင် ပိုတောင် သိသေးသည်။ အသောက် နည်းနည်း များသွားသည့် နေ့မျိုးဆိုလျှင် အခုလိုပင် စကားစတတ်သည်။ ဒါဆိုလျှင် သူ၏ အသည်းကွဲ ဇာတ်လမ်းကြီးကို ရှည်လျား ထွေလျားစွာ ပြောပြပေတော့မည်။ ဒီအကြောင်းကလည်း အကြိမ်ပေါင်း ဘယ်လောက်တောင် ပြောခဲ့ ပြီးပြီလဲ မသိ။ ကြားရဖန် များ၍ ရိုးအီနေသော ဇာတ်လမ်းကြီး ဖြစ်သော်လည်း ကြိတ်မှိတ်ပြီး နားထောင်ပေးရ ပေလိမ့်မည်။ နေ့စဉ်လာနေကျ ဖောက်သည် တစ်ယောက်ကို ကျေနပ်အောင် ဝန်ဆောင်မှုပေးဖို့ တာဝန်က ရှိသည်။
ဝယ်သူဘက်က အမြဲမှန်သည် ဆိုသော စကားမှာ အရက်ဆိုင်များ အတွက် ပိုပြီး သင့်လျော်သည်။ အနည်းဆုံး တစ်စိတ် တစ်ပိုင်းလောက် သောက်ကြတာပဲဟာ မမှန်ဘဲ ဘယ်နေပါ့မလဲ၊ တချို့ဆို မှန်ရုံမက မှောက်တောင် မှောက်သွားကြသေးသည်။
အကြမ်း ပန်းကန်လေးထက် ယောင်ယောင်လေးမျှ ကြီးသော ဖန်ခွက်ထဲမှ တစ်ဝက်သာသာ ရှိနေသော အရက်ကို ရေမရောဘဲ တစ်ချက်တည်း မော့ချလိုက်သည်ကို မြင်သဖြင့် ဇာတ်လမ်း စတော့မည် ဖြစ်ကြောင်း သိလိုက်၏။
“မိန်းမ တစ်ယောက်ရဲ့ သုံးလက်မ လောက်သာ ရှည်တဲ့ လျှာက ခြောက်ပေလောက် မြင့်တဲ့ ယောက်ျားကြီး တစ်ယောက်ကို ဗုန်းဗုန်းလဲကျ သွားစေနိုင်တယ် ဆိုတဲ့ စကားကို ခင်ဗျား ကြားဖူးသလား”
“ကြားဖူးတာပေါ့၊ ခင်ဗျားပဲ ပြောပြောနေတာ အကြိမ် တစ်ရာလောက် ရှိနေပြီ” ဟု စိတ်ထဲက ပြန်ပြောမိသည်။ နှုတ်ကတော့ ...
“အင်း ... ဆိုစမ်းပါဦး”
ဟု စကားထောက်ပေး လိုက်ရ၏။
“မိန်းမ တစ်ယောက်ရဲ့ ပါးစပ်က ထွက်တဲ့ စကားတစ်ခွန်းဟာ သိပ်ကြောက်ဖို့ ကောင်းတယ်နော်၊ အဲဒီ စကားတစ်ခွန်း ကြောင့်ပဲ ကျုပ်မှာ အခုလို အရက်ကို အဖေါ်ပြုနေရတဲ့ အသောက်သမားကြီး လုံးလုံး ဖြစ်ခဲ့ရတာပဲ”
စကားကို ခဏရပ်ပြီး ဘေးပတ်ဝန်းကျင်ကို မျက်လုံး ကစားကြည့်လိုက်သည်။ သူ့စကားကို စိတ်ဝင်စားသူ တခြား ရှိမရှိ အကဲခတ်ခြင်း ဖြစ်၏။ ထိုင်ခုံ၏ ရှေ့ဘက်ခြမ်းမှာ တန်းလျက် ထိုင်နေသော လူတစ်စုက သူတို့ဘာသာ ငြင်းခုံပြောဆို နေကြသည်။ သူ့ကို ရှိတယ်လို့တောင် မထင်။ လက်ဝဲဘက် ထောင့်စွန်းမှာ တစ်ယောက်တည်း ထိုင်နေသူကတော့ နားစွင့်နေဟန် တူ၏။ သူ အားတက်သွားဟန်ဖြင့် ဆက်ပြောသည်။
“အစကတော့ ကျုပ်ကလွဲရင် တခြား ဘယ်သူကိုမှ စိတ်ကူးထဲတောင် မထည့်ပါဘူး တဲ့လေ။ သူနဲ့စပြီး တွေ့တဲ့ အချိန်မှာ ကျုပ်ဟာ ပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းက ထွက်ထားတဲ့ အချိန်။ အလုပ်အကိုင်ကလည်း မည်မည်ရရ မရှိသေးဘူး။ ဒါပေမယ့် သူက ပညာတွေ၊ ရာထူးတွေ၊ ဂုဏ်တွေ ငွေတွေ ဆိုတာ ပကာသနတွေပါ တဲ့။ ချစ်တာသာ ပဓါနပါ တဲ့။ အချစ်စစ် အချစ်မှန်နဲ့ တည်ဆောက်တဲ့ ဘဝသာလျှင် ကျောက်သား ကျောက်ဆိုင်လို ခိုင်မြဲပါတယ် တဲ့။ ကောင်းလိုက်တဲ့ စကားလေးတွေ”
ဆိုင်ရှင်၏ စိတ်ထဲက “အင်း ... ဒီနေရာမှာ မရယ်ချင်ဘဲနဲ့ ဖျစ်ညှစ်ပြီး ရယ်တော့မယ်” ဟု တွေးသည်။ ကြိမ်ဖန်များစွာ နားထောင်ခဲ့ရပြီး ဖြစ်သဖြင့် ဘယ်နေရာမှာ ဘာစကား ပြောပြီး ဘယ်လို အမူအရာ လုပ်တော့မယ် ဆိုတာကအစ မှတ်မိနေသည်။ ထိုပုဂ္ဂိုလ်က “ဟား ... ဟား ... ဟား ... ဟား ...” ဆိုပြီး အသံကို တစ်ဆင့်မြှင့်၍ ရယ်သည်။
ပြီးတော့ ...
“ဟား ... ဟား ... တညင်းသီး တစ်လုံးလောက် ပေးစမ်းပါ”
“ဗျာ”
ဆိုင်ရှင်သည် ရုတ်တရက်မို့ ကြောင်သွားသည်။ ပြီးမှ “ေဩာ် ... ဟုတ်ကဲ့” ဆိုပြီး တညင်းသီးပြုတ် တစ်လုံးကို သတ္တု ပန်းကန်ပြား အသေးစားလေးထဲ ထည့်ပြီး ပေးလိုက်၏။ ထိုပုဂ္ဂိုလ်က တညင်းသီးကို တစ်ကိုက် ကိုက်သည်။ ဖန်ခွက်ထဲ အရက်ထည့်သည်။ ပလတ်စတစ် ခွက်ထဲမှ ရေကို ရောသည် ဆိုရုံမျှ ထည့်သည်။ တစ်ဝက်လောက် မော့ချလိုက်သည်။ ပြီးမှ...
“မိန်းမတွေရဲ့ စိတ်သဘောထားဟာ ဟောဒီ တညင်းသီးလိုပဲ စားခါစမှာတော့ ချိုသလိုလို စိမ့်သလိုလိုနဲ့၊ ဆီးသွားတော့မှ နံမှန်း သိရတယ်”
လက်ဝဲဘက် ထောင့်စွန်းမှာ ထိုင်နေသူက ထိုစကားကို သဘောကျပြီး ပြုံးလိုက်သည်။ အားပေး ထောက်ခံသလို ဖြစ်သွားသဖြင့် ကျေနပ်ပြီး ဆက်ပြောမည် အပြု ဆိုင်ရှေ့ဘက်ခြမ်း အုပ်စု၏ အသံက ကျယ်လောင်လာသည်။ လူများ၏ အာရုံက ထိုအုပ်စုဆီ ရောက်သွားသည်။ ထိုပုဂ္ဂိုလ်က ထိုအုပ်စုကို မကျေမနပ် ကြည့်လိုက်သည်။ တစ်ခုခု လှမ်းပြောမလို လုပ်ပြီးမှ မပြောဖြစ်။ ဖန်ခွက်ထဲမှ လက်ကျန် အရက်ကိုသာ မော့သောက်လိုက်သည်။ အရက်ထပ်ငှဲ့ ပြီးနောက် တစ်ငုံ ငုံပြန်သည်။ ရေ မရောတော့။ ငြင်းသံခုံသံတွေ လျော့ပါးသွားတော့မှ ဇာတ်လမ်းကို ဆက်နိုင်သည်။
“သူ့မိဘတွေက သူ့ကို ကျုပ်နဲ့သဘောမတူ ဘူးလေ၊ ပညာလည်း တစ်ပိုင်းတစ်စ၊ အလုပ်ကိုင်လည်း အတည်တကျ မရှိ၊ ငွေလည်း မရှိ၊ ဘွဲ့ထူးဂုဏ်ထူးလည်း မရှိ၊ မိဘ ကျောထောက် နောက်ခံကလည်း မတောင့်တင်းတဲ့ သူနဲ့ သူတို့ သမီးကို ဘယ်နည်းနဲ့မှ သဘောမတူနိုင်ဘူး တဲ့။ သူတို့ကလည်း ဒီလောက် ချမ်းချမ်းသာသာကြီး မဟုတ်ပါဘူးဗျာ၊ စားနိုင် သောက်နိုင်လောက် သာပါ၊ ဒါပေမယ့် အငြိမ်းစား အရာရှိကြီးဆိုတဲ့ ဂုဏ်ကလေးတော့ မောက်နိုင်သေးသပေါ့လေ၊ နောက်ပြီး သူတို့သမီးကလည်း လှသကိုး၊ သူ့ကို လိုချင်တဲ့ သူတွေကလည်း သူဌေးသားတွေ၊ အရာရှိ ပေါက်စတွေ၊ ကျုပ်ကလွဲရင် အလားအလာ ကောင်းတဲ့ လူတွေချည်းပဲ၊ သူတို့ မိဘတွေကလည်း သမီးချော ရှိတဲ့ မိဘတွေရဲ့ ထုံးစံအတိုင်း သူတို့ သမီးကို အနိမ့်ဆုံး ရှေ့တက်လမ်း ရှိတဲ့ အရာရှိကတော် ဖြစ်ဖို့ မှန်းတာပေါ့၊ ကျုပ်ကိုတော့ ကလေကချေ အဆင့်အတန်း မရှိတဲ့ကောင်၊ တစ်သက်လုံး လူမွေးလူတောင် ပြောင်မယ့်ကောင် မဟုတ်ဘူး ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမျိုးမျိုး ရှုတ်ချခဲ့တာပေါ့”
ပုလင်းထဲမှာ အရက်ကုန်သွားပြီ။ အရက်သမားတို့ ထုံးစံအတိုင်း ကုန်နေမှန်း သိသိကြီးနှင့် ပုလင်းအဝကို ဖန်ခွက်မှာတေ့ပြီး မှောက်ချလိုက်သေးသည်။ လက်ကျန် လေးငါးစက် ကျလာ၏။
“တစ်ပိုင်းလောက် လုပ်စမ်းပါဦး”
ဆိုင်ရှင်က ပုလင်းကို ယူသည်။ ကတော့တပ်ပြီး ပလတ်စတစ် ပုံးထဲက အရက်ကို လောင်းထည့် လိုက်သည်။ လုပ်နေကျမို့ တစ်ပိုင်းထက် ပိုသွားခြင်း လျော့သွားခြင်း မရှိ။ ပုလင်းကို လှမ်းပေးပြီး နောက်ဘက် ဝိုင်းတစ်ဝိုင်းမှ မှာသော ပုစွန်ခြောက်သုပ် အတွက် ကြက်သွန်လှီးရင်း ဆက်ပြောသည့် ဇာတ်လမ်းကို ကြားနေရသည်။
“ဟိုကောင်မကလည်း သူ့မိဘတွေရဲ့ သံယောင်ကို လိုက်ပြောလာ ပြီလေ၊ ကျောင်းပြန်တက် ပါလားတဲ့၊ ပညာတတ်ထားတော့ ဘာပဲဖြစ်ဖြစ် အောက်မကျဘူးပေါ့ တဲ့၊ ကျုပ်ကလည်း ပညာဆိုတာ ကျောင်းမှာသင်မှ ရတာ မဟုတ်ဘူး၊ လက်တွေ့ ဘဝမှာ လူတွေ ကြားထဲမှာ သင်ယူရင်လည်း ရပါတယ်လို့ အဲဒီတော့ တစ်မျိုး ထပ်ပြောလာ ပြန်ရော”
ဆိုင်ရှေ့ခြမ်းမှာ ထိုင်သော အုပ်စုက ငွေရှင်းပြီး ထထွက် သွားကြသည်။ သူတို့က အရက် တစ်လုံးလောက်ကို လူလေးငါးယောက် သောက်ပြီး မူးတတ်ကြသူတွေ ဖြစ်၏။ အမြည်းတွေ တစ်မျိုးပြီး တစ်မျိုး မှာစားပြီး စကားပြောကြ ငြင်းကြခုံကြသူတွေ ဖြစ်၏။ သူတို့ မရှိတော့ အနှောင့်အယှက်ကင်း သွားသည်။
“အဲဒီတော့”
စကားပြန်ဆက်မည် ပြုစဉ် နောက်ဘက်ဝိုင်းမှ ကြက်သွန်ဖြူ တောင်းသဖြင့် ဆိုင်ရှင်က လှမ်းပေးရသောကြောင့် ခဏ စောင့်ရသေးသည်။
“ဘာပြောလာသလဲ ဆိုတော့ ဘာလဲဗျာ”
ပြောလက်စကို မေ့သွားဟန် တူသည်။ စကား ထောက်ပေးမလားဟု ဆိုင်ရှင်ကို ကြည့်သည်။ တကယ်တော့ ဆိုင်ရှင်သည်လည်း နားသာ ထောင်နေရသည်၊ သူ့အလုပ်နှင့်သူ ရှုပ်နေသဖြင့် လုံးစေ့ပတ်စေ့ အာရုံမစိုက်နိုင်။ နဂိုကတည်းကလည်း စိတ်ဝင်စားမှု နည်းသောကြောင့် ကြားတစ်ချက် မကြားတစ်ချက် ဖြစ်နေခဲ့၏။ ချက်ချင်း စကား မထောက်နိုင်သောကြောင့် သူပြောတာ ဂရုတစိုက် နားမထောင်ရ ကောင်းသလား ဆိုသော မျက်နှာထားဖြင့် ထိုပုဂ္ဂိုလ်က စိုက်ကြည့်သည်။ ပြီးတော့ အရက်ခွက်ကို ယူ၍ တစ်ရှိန်ထိုး မော့ချလိုက်သည်။ ဆိုင်ရှင်လည်း နားစွန်နားဖျား ကြားနေရသော စကားလုံးများကို အလောသုံးဆယ် ပြန်စဉ်းစား လိုက်ရ၏။ တကယ်တော့ ဒီဇာတ်လမ်းကို အကြိမ်ပေါင်း များစွာ ကြားနာခဲ့ရပြီး ဖြစ်သဖြင့် စကားလုံး တစ်လုံးချင်းက အစ မှတ်မိနေပြီ။ ဇာတ်လမ်း၏ ဘယ်အပိုင်းနား ရောက်နေပြီဆိုတာ မျက်ခြည်ပြတ် သွားလို့သာ စကားထောက်ရ ခက်နေခြင်း ဖြစ်၏။ ထို့ကြောင့် စိတ်မှန်းနှင့် ...
“ဟိုလေ ငွေဆိုတာ တန်ဖိုး သတ်မှတ်ထားတဲ့ စက္ကူ တစ်မျိုးပဲ ဆိုတာပေါ့”
ဟု ပြောလိုက်၏။ ထိုပုဂ္ဂိုလ်က “အဲဒီနေရာ မရောက်သေးပါဘူး” ဆိုပြီးမှ သူပြောမည့် စကားကို ဆိုင်ရှင်က ကြိုပြီး သိနေသောကြောင့် မျက်မှောင်တစ်ချက် ကုတ်လိုက်သည်။ ဆိုင်ရှင်ကလည်း ပြဿနာတော့ တက်ပြီ ထင်တယ်ဟု တွေးလိုက်ရ၏။ သို့ရာတွင် ထိုပုဂ္ဂိုလ်က ဇာတ်လမ်း ဆက်ဖို့သာ ပဓာန ဖြစ်နေသောကြောင့် ...
“ဒီလို မဟုတ်လား၊ သူ့ ငွေစုစာအုပ်ထဲက ငွေနဲ့ အရင်းအနှီး လုပ်ပြီး စီးပွားရှာပါလားလို့ တိုက်တွန်းတယ်လေ၊ ကျုပ်က ငြင်းလိုက်တယ်၊ ခါးခါးသီးသီးကို ငြင်းလိုက်တယ်၊ ကျုပ်က ငွေမမက်ဘူး၊ ငွေဆိုတာ ... အဲ အခုန ပြောသလိုပဲ တန်ဖိုး သတ်မှတ်ထားတဲ့ စက္ကူ တစ်မျိုးပဲ၊ ငွေထက် တန်ဖိုးရှိတာက သစ္စာတရား၊ ကောင်းပြီ မင်း ကိုယ်နဲ့ လိုက်ခဲ့ ဘဝထဲကို ဆင်းခဲ့၊ ဘဝကို အခြေခံက စပြီး တည်ဆောက်မယ်၊ ဟား ... အဲဒီလိုလဲ ပြောလိုက်ရော ငါးပိရည်နံ့ ရတဲ့ အယ်လ်ဇေးရှင်း ခွေးလို တွန့်ခနဲ ဖြစ်သွားတာပဲ၊ အဲဒီမှာ ပဋိပက္ခ ဖြစ်ကြတာပေါ့၊ လိုက်ရဲလား၊ လိုက်ခဲ့၊ မလိုက်ရဲ ဘူးလား၊ တွဲထားတဲ့ လက်ကို ဖြုတ်လိုက် ဒါပဲ ဒါပဲ”
ဆိုင်မှာ လူရှင်းသွားပြီ။ အချိန်အကြာဆုံး ထိုင်နားထောင် နေခဲ့သည့် လက်ဝဲဘက် ထောင့်စွန်းမှာ ထိုင်နေသူပင် ထသွားခဲ့ပြီ။ ဆိုင်ရှင်လည်း ပစ္စည်းတွေကို တောင်းတွေထဲကို မသိမသာ ကဲ့ထည့်ပြီး သိမ်းဆည်းစ ပြုနေပြီ။ ဇာတ်ကြောင်း ပြောသူ၏ ရှေ့က ပုလင်းထဲမှာလည်း အရက် ကုန်နေပြီ။
“ငါးကျပ်ဖိုးလောက် လုပ်စမ်းပါဦး၊ လပ်စ်ကပ်ပေါ့”
ဆိုင်ရှင်က တောင်းထဲ ရောက်နေသော ပုလင်းတစ်လုံးကို ပြန်ထုတ်၍ ဖန်ခွက်ထဲ ပိုပိုသာသာ ငှဲ့ထည့်ပေးသည်။ ထိုပုဂ္ဂိုလ်က ထရပ်ပြီး ဖန်ခွက်ကို ယူသည်။ တစ်ချက်တည်း မော့ချသည်။ ကျသင့်ငွေ ရှင်းပြီး နှုတ်ဆက် ထွက်ခွါသွား၏။ ဆိုင်ရှင်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ပစ္စည်းတွေ ဆက်သိမ်းနေသည်။
* * *
ဒီနေ့ ခါတိုင်းထက် ပိုသောက်မိသည်။ တစ်ခါတစ်ခါတော့လဲ ဒီလိုပါပဲ။ ထမင်းစားတဲ့ လူတွေတောင်မှ စားလို့ မြိန်သွားတဲ့အခါ ဗိုက်ပြည့် အင့်သွားအောင် စားတတ်ကြသေးတာပဲ မဟုတ်လား။ ထားပါတော့ ဒီနေ့ သောက်လို့ မြိန်သွားတယ်လို့ပဲ။ ဒီလို အခါမျိုးတိုင်းမှာ သတိရသည့် စိတ်က ပြန်လည် နိုးကြားလာတတ်သည်။ ကပ်လျက် လိုက်ပါ လာတာကတော့ နာကျဉ်းခြင်း။
ကြာတော့လည်း ကြာခဲ့ပါပြီ။ သို့ရာတွင် လုံးလုံးလျားလျား မေ့ပစ်ဖို့တော့ မဖြစ်နိုင်သေး။ သတိရစရာ အကြောင်း အချက်တွေက သူ့အလိုလို ပေါ်ပေါက် လာတတ်၏။ အထူးသဖြင့် အခုလို မိုးနှင်းတွေ ကျနေသည့် အခါမျိုး။
နောက်ဆုံးအကြိမ် တွေ့ဆုံပြီး တစ်သက်တာအဖို့ နှုတ်ဆက် လမ်းခွဲခဲ့ကြတုန်းကလဲ ဒီလိုပင် မိုးနှင်းတွေ မှိုင်းမှုန်နေခဲ့သည်။ ကျောခိုင်း လမ်းလျှောက်လာရင်း ဟားတိုက်ရယ်မော ပစ်လိုက်သောအခါ နှင်းမှုန်တွေ ကစဉ့်ကလျား လွင့်ထွက်သွားသည်ကို သတိတရရှိ၏။
ခုလည်း ဟိုတုန်းကလို ရယ်ပစ်လိုက်ချင်စိတ် ပေါက်လာသည်။ ထို့ကြောင့် ဟားတိုက် ရယ်ပစ်လိုက်၏။ သူလျှောက်လာသည့် လမ်းသည် လူအတော် ရှင်းနေ၏။ ထို့ကြောင့် သူ့ရယ်သံကို ဘယ်သူမှ ဂရုစိုက် နားထောင်နေခြင်း မရှိ။ လမ်းဘေးရှိ အိမ်တွေထဲက အိပ်မပျော်သေးသူ တစ်ယောက်တလေ ကတော့ ကြားကောင်း ကြားနိုင်သည်။
ထိုသို့ တွေးလိုက်မိတော့ သူလျှောက်လာသည့် လမ်းကို သတိပြုမိသည်။ သူ့အိမ်သို့ ပြန်သောလမ်း မဟုတ်။ အလို ... ဒီကုန်းတက်ကလေးဟာ ...
ရုတ်တရက် ရပ်လိုက်သည်။ ညာဘက်ကို ကြည့်သည်။ ပုဏ္ဍရိတ်ပင်၊ ခြံစည်းရိုး ပန်းခြံ ကွက်လပ်ငယ်၊ ပြီးတော့ ခန့်ညားထည်ဝါသော နှစ်ထပ်တိုက်ကြီးသည် မိုးနှင်းတွေ ကြားမှာ တိတ်ဆိတ်စွာ ရပ်တည်နေသည်။
ကြည့်စမ်း၊ ခြေလှမ်းတွေက ဒီနေရာ ရောက်အောင် အလိုအလျောက် သယ်ဆောင် လာခဲ့တာ ပါကလား။ သူသည် တိုက်ကြီးကို ငေးစိုက် ကြည့်လိုက်သည်။ အင်းပေါ့လေ နှစ်ထပ်တိုက်ပေါ်က လူဆိုတော့ မြေကြီးပေါ်ကို ခုန်ချဖို့ ပိုပြီးခက်တာပေါ့။
“တိုက်ပေါ်ကနေ မြေကြီးပေါ်ကို မဆင်းရဲတာက ဆင်းရဲမှာ ကြောက်လို့ ဟုတ်တယ်၊ ဆင်းရဲမှာ ကြောက်လို့ မဆင်းရဲတာ”
သူတွေးနေသည်ဟု ထင်သည်။ တကယ်က ပြောနေခြင်း ဖြစ်၏။ အတွေးတွေက စကားလုံးများ အဖြစ် အသံထွက်လာခြင်း ဖြစ်၏။
“ဟား ... ဟား”
သူ တစ်ချက် ရယ်လိုက်သည်။ ရယ်သံက အတော် ကျယ်လောင်သွား၏။ သို့ရာတွင် သူက ဂရုမစိုက်တော့။ ရင်ထဲမှာ ပြည့်ကျပ် မွန်းသိပ်နေသည့် ခံစားချက်တွေက ပွင့်အန်ထွက်လာပြီ။ သူသည် တိုက်အိမ်ကြီးကို စိုက်ကြည့်ရင်း အော်ပြောလိုက်သည်။
“ကျွန်ယုံတော့ တစ်ဖက်ကန်း သားသမီးယုံတော့ စုံလုံးကန်းတဲ့၊ ချစ်သူကိုယုံတော့ ဘဝပါ ကန်းတော့တာပေါ့၊ ဟုတ်စ ခင်ဗျားကြောင့် ကျုပ်ဘဝ ကမ်းမမြင် လမ်းမမြင် ဖြစ်နေပြီဗျ သိရဲ့လား၊ ဗျိုု့ ... မခင်မှီ”
ညနေက လက်ဖက်ကလေး နှစ်ရိုးသုံးရိုး စားလိုက်မိသဖြင့် မျက်စိကြောင်ပြီး အိပ်လို့ မရဘဲ ဖြစ်နေသည်။ အိပ်ရာပေါ် လှဲပြီး မျက်စိမှိတ်ထား လိုက်သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဆိတ်ငြိမ်ရပ်ကွက် ဖြစ်သောကြောင့် အတန်ငယ် ညဉ့်နက်သည်နှင့် လူသံ ကားသံ မကြားရတော့။ ဘေးမှာ အိပ်မောကျနေသော အိမ်ကလူထံမှ အသက်ရှူသံ ပြင်းပြင်းကိုသာ မှန်မှန်ကြားနေရသည်။
ခဏကြာတော့ အပြင်ဘက်က စကားပြောသံ သဲ့သဲ့ ကြားရသည်။ နောက်တော့ အသံက ကျယ်လာသည်။ စကားလုံးက မသဲကွဲ။ ဒီအသံကို ကြားဖူးသလိုလို ရှိသည်။ ရပ်ကွက်ထဲက တစ်ယောက်ယောက် များလား။
“ဗျို့ ... မခင်မှီ”
ဆိုသော အသံကို ကြားသောအခါ ဆတ်ခနဲ ခေါင်းထောင်ထ မိ၏။ နာမည်တပ်ပြီး ခေါ်လိုက်တာ ပါလား။ နားစွင့်လိုက်သော အခါ ...
“ဒီမှာ၊ ဟိုအရင်တုန်းက ပြောခဲ့ဖူးတဲ့ သစ္စာ စကားလေးတွေ ပြန်ကြားချင်လို့ ဆင်းခဲ့ပါဦးဗျ”
အလို ... ဘုရား၊ ဘုရား။ သူပါလား။ သူ ခုထိ ဘာမှ မပြောင်းလဲသေး ပါကလား။ အိမ်ကလူ အအိပ်ဆတ်သူ မဟုတ်လို့ တော်ပါသေးရဲ့။
“တိုက်ကြီးပေါ်က ဆင်းခဲ့ပါဗျ မခင်မှီရဲ့၊ စကားလေး တစ်ခွန်းလောက် ပြောချင်လို့ပါ”
စိုးရိမ်စရာ အခြေအနေ ဖြစ်လာပြီ။ ကြာလျှင် အိမ်ကလူ နိုးကောင်း နိုးလာနိုင်သည်။ ပိုဆိုးတာက မိမိ၏ နာမည်ကို အော်ကြီးဟစ်ကျယ် ခေါ် ခေါ်နေခြင်းပင် ဖြစ်၏။ ရပ်ကွက်က လူကြီးလူကောင်းတွေချည်း နေသော နေရာ။ ဒီထဲမှာ အိမ်ကလူက ပိုမိုမြင့်မားသော ဂုဏ်ဒြပ်ကို ပိုင်ဆိုင်ထားသူ။ ဘေးက လေးလေးစားစား ရှိကြသည်။ ခုလို မိမိ၏ နာမည် တပ် တပ်ပြီး အော်နေတာကို ဘေးအိမ်တွေက ကြားလျှင် ...
“ဆင်းခဲ့ပါဗျ၊ မဆင်းရဲ ဘူးလား၊ အေးပေါ့လေ ... တိုက်ကြီးပေါ်မှာ နေနေရတော့ ဘယ် ဆင်းရဲပါ့မလဲ၊ ဗျို့ ... မခင်မှီ၊ ဒီမှာလေ ... မခင်မှီရဲ့”
တရားလွန်လာပြီ။ ဒီလောက် စော်ကား လာတာတော့ သည်းမခံနိုင်တော့ဘူး။ ခုတင်ပေါ်မှ အသာ ဆင်းလိုက်သည်။ ဧည့်ခန်းဘက် ထွက်လာသည်။ တယ်လီဖုန်းကို ကောက်ကိုင်၍ နံပါတ်နှိပ်သည်။
“ရဲစခန်းက ပါလားရှင်၊ ဟုတ်ကဲ့ ... အကူအညီ တစ်ခု တောင်းချင်လို့ပါ၊ ကျွန်မ အိမ်ရှေ့မှာ အရက်မူးသမား တစ်ယောက် လာပြီး ရမ်းကားနေလို့ပါ၊ ရှင် ... ကျွန်မလား ... ဒေါ်ခင်မှီပါ၊ လိပ်စာက ...”
တယ်လီဖုန်း ချပြီး နားပြန်စွင့် လိုက်သည်။ အပြင်မှာ သူရှိနေတုန်း၊ ဟိုတစ်ချိန်က ပြောခဲ့ဖူးသည့် စကားတွေကို အော်ဟစ် ရေရွတ်နေသည်။ ခဏမျှ အသံတိတ်ဆိတ် သွားပြီးနောက် ကားတစ်စီး၏ စက်သံကို ကြားရသည်။ ခြံဝင်းရှေ့မှာ ရပ်သည်။ အပြန်အလှန် စကားပြောသံတွေ ကြားရသည်။ ပြတင်းပေါက် အနားသို့ လျှောက်သွားပြီး လိုက်ကာကို အသာဖယ်၍ ကြည့်လိုက်သောအခါ ...
အပြင်မှာ မိုးနှင်းတွေ ကျနေသည်။ မှုန်ဝါးဝါး မီးရောင်အောက်တွင် ရဲနှစ်ယောက်က လူတစ်ယောက်၏ လက်မောင်း တစ်ဖက်တစ်ချက်ကို ကိုင်၍ လင်းရိုဗာကားပေါ် တွန်းတင် လိုက်သည်ကို တွေ့ရ၏။ သူမှ သူအစစ်။ သက်ပြင်းတစ်ချက် ချလိုက်မိ၏။ အိပ်ရာပေါ် ပြန်တက်ပြီး မျက်စိ မှိတ်ထားလိုက်သည်။ အိမ်ကလူက အိပ်မောကျနေဆဲ။ သူကတော့ ဒီည အိပ်လို့ ပျော်လိမ့်မည် မထင်တော့။
* * *
“သူများ အိမ်ရှေ့မှာ ဘာဖြစ်လို့ သွားပြီး အနှောင့်အယှက် ပေးချင်ရတာလဲ၊ အရက်လဲ အရမ်း မူးနေသေးတယ်”
တာဝန်မှူးက ပြောလိုက်သည်။ သူက ဘာမှ ပြန်မပြောဘဲ နေသည်။ တာဝန်မှူးက ဆက်ပြောသည်။
“အင်းလေ ... ဒီညတော့ စခန်းမှာပဲ နေရလိမ့်မယ်၊ မနက်ကျတော့ အာမခံမယ့် လူတွေကို အကြောင်းကြားပေါ့၊ ကဲ ... သူ့ ကိုယ်ရေးရာဇဝင် မှတ်တမ်း ယူထားလိုက်”
ရဲတပ်ဖွဲ့ဝင် တစ်ယောက်က သူ့ကို စားပွဲတစ်လုံးဆီ ခေါ်သွားပြီး ထိုင်ခိုင်းသည်။
“ကဲ ပြော၊ နာမည် ဘယ်သူလဲ”
သူက မပြောဘဲ နေသဖြင့် ...
“ပြောလေဗျာ”
“ကြော့မောင်”
“အဖေ နာမည်၊ မှတ်ပုံတင် အမှတ်”
သူက တစ်ခုစီကို ခပ်လေးလေး ဖြေနေသည်။
“အသက်”
သူတစ်ချက် မော့ကြည့်ပြီး ...
“ဒါက အရေးကြီးလို့လား”
“အရေးကြီးတာပေါ့၊ ကိုယ်ရေး ရာဇဝင် ဆိုတာ အကုန် အပြည့်အစုံ ယူရတာပဲ။ ကဲ ... ပြောဗျာ၊ အသက်ဘယ်လောက် ရှိပြီလဲ”
သူက နံရံကို ငေးကြည့်နေပြီးမှ ခပ်ဆိုင်းဆိုင်း ဖြေလိုက်သည်။
“ခြောက်ဆယ့်ငါးနှစ်”
မင်းလူ
နှင်းဆီ ရုပ်ရှင်မဂ္ဂဇင်း၊ ဖေဖေါ်ဝါရီ၊ ၁၉၉၄။
သရပ်ဖော်ပန်းချီ - စံတိုး
(အချစ်သက်သက် ဝတ္ထုတိုများ)
(မင်းလူ ဝတ္ထုတိုပေါင်းချုပ်)
Comments