ရုရှားရိုးရာ ပုံပြင်လေး တစ်ပုဒ် ပြောပြမယ်နော်။ ဒီပုံပြင်ထဲမှာ တောအုပ် ထဲက ထူးဆန်းတဲ့ ဘာဘာယာဂါ လို့ ခေါ်တဲ့ အဘွားကြီးပုံစံ သတ္တဝါ တစ်ယောက် ပါတယ်။ သူက သူ့မျိုးနွယ်စုထဲမှာ နောက်ဆုံး လက်ကျန်ပေါ့လေ။ ဘာဘာယာဂါ ဟာ ဒဏ္ဍာရီပုံပြင်တွေထဲက ထူးဆန်းတဲ့ သတ္တဝါမျိုးနွယ်ဝင်ပါ။ တောအုပ်ထဲက သတ္တဝါဆန်းပေါ့။ တောသတ္တဝါ မကောင်းဆိုးဝါး စုန်းမကြီးလို့ အများက သတ်မှတ်ကြတယ်။
သူဟာ တောအုပ်ကြီးကို တစ်ယောက်တည်း ကြီးစိုးနေရတဲ့ တောဘုရင်မ ဆိုလည်း မမှားဘူး။ တစ်ယောက်တည်း နေထိုင် စားသောက်တယ်။ သူ့အကြောင်းပြောကြတဲ့ ဇာတ်လမ်းပုံပြင်တွေကြောင့် သူ့ရဲ့ အထီးကျန်မှုဟာ ပိုပြီး ခါးသည်းစရာ ကောင်းလာခဲ့တယ်လေ။ ကြောက်စရာကောင်းတဲ့ ကြမ်းတမ်းတဲ့ ဘာဘာယာဂါ ဘီလူးမကြီး ဆိုပြီး ပြောကြတဲ့ ပုံပြင်တွေကြောင့်ပေါ့။
ဒါကြောင့်လည်း ဘာဘာယာဂါ အဘွားကြီးဟာ အနီးအနား ရွာကလေးတွေက လူသားတွေ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြတာ အဝေးတနေရာကနေ ဘယ်သူမှ မမြင်အောင် ချောင်းကြည့် နေရတာပေါ့။ လူတွေ အတူတကွ ပျော်ရွှင်စွာ စကားပြောနေကြတာ၊ အလုပ်အကိုင်တွေ ဆောင်ရွက်နေကြတာ၊ လက်ထပ်မင်္ဂလာပွဲလို အခမ်းအနားတွေ ပြုလုပ်နေကြတာကို တိတ်တဆိတ်ပဲ သူဟာ ငေးမောနေလေ့ရှိပါတယ်။
လူတွေဟာ ကလေးသေးသေးလေးတွေ မွေးလာရင် ပျော်ရွှင် ဝမ်းမြောက်တတ်ကြတာကို သူ သွားတွေ့တယ်။ ဘာဘာယာဂါ အဘွားကြီးဟာ ကလေးသေးသေးလေးတွေကို မြင်တိုင်း ပွေ့ချီထားချင်လိုက်တာ ဆိုတာများလေ လက်ထဲမှာ တရွရွခံစားနေရတာပေါ့။ သူလည်း ကိုယ်ပိုင် ကလေးလေးတစ်ယောက်လောက် လိုချင်လိုက်တာ။ ဒါပေမဲ့ သူက အသက်ကြီးလှပြီလေ၊ ကလေးလေးတစ်ယောက်လောက် မရနိုင်တော့ဘူးဆိုတာ သူ သိပါတယ်။
မနက်တိုင်း တောအုပ်နားမှာ ရွာထဲက အဘွားတွေဟာ စုဝေးပြီး သူတို့ မြေးကလေးတွေကို ထိန်းကြတယ်။ ရုရှားလို အဘွားကို ဘာဘုရှ်ကာ လို့ခေါ်တယ်။ ဘာဘုရှ်ကာတို့ရဲ့ မနက်ခင်းချိန်ခါ စုဝေးပွဲပေါ့။
“ငါလည်း မြေးကလေးတစ်ယောက်လောက် လိုချင်လိုက်တာ” လို့ ဘာဘာယာဂါ က သူ့ကိုယ်သူ ပြောလိုက်ရဲ့။
တစ်ရက်တော့ ရွာစွန်က အိမ်ကလေးတစ်ခုနားကို ဘာဘာယာဂါ ရောက်ခဲ့ရင်းနဲ့ ဘာဘုရှ်ကာ အဘွားတစ်ယောက် လှမ်းထားတဲ့ အဝတ်တွေကို သူတွေ့လိုက်ရတယ်။
“ဒီအဝတ်အထည်တွေကို ငါ ခဏ ငှားလိုက်မယ်။ ဒါတွေကို ဝတ်လိုက်မယ်ဆို ငါက ဘာဘာယာဂါ အကောင်ကြီး မဟုတ်တော့ဘဲ ဘာဘုရှ်ကာဘွားအေ တစ်ယောက် ဖြစ်သွားလိုက်မယ်”
ဘာဘာယာဂါ က ဒီလိုတွေးလိုက်ပါရဲ့။
ဘာဘာယာဂါ ဟာ ရေအိုင်ထဲမှာ ပေါ်နေတဲ့ သူ့ရုပ်ပုံကို သူသွားကြည့်လိုက်ပါတယ်။
“ငါ့ကိုယ်ပေါ်မှာ ပေကျံနေတာတွေကို ရေချိုးပြီး သန့်စင်လိုက်မယ်၊ လက်သည်းတွေကို ညှပ်ပစ်လိုက်မယ်။ ဆံပင်တွေကို သေချာ ဖီးလိမ်းမယ်။ ဟင် ငါ့နားရွက် ရှည်ရှည်ချွန်ချွန်တွေကို ဘယ်လို လုပ်ရပါ့မလဲ”
“အင်း နားရွက်တွေနဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲ။ ဘာဘုရှ်ကာ တွေရဲ့ လူနားရွက်က ငါ့ကို အချွန်အရှည်ကြီး မှ မဟုတ်တာပဲ”
ဒါပေမဲ့ သူ တစ်ခုကို သွားသတိရလိုက်မိတယ်။ ဘွားအေ ဘာဘုရှ်ကာ တွေက သူတို့ ခေါင်းကို ပုဝါကလေးတွေ ခြုံထားတတ် ကြ တယ် မဟုတ်လား။
ယူလာတဲ့ အဝတ်အထည်တွေကို သေသေချာချာလေး ဝတ်ဆင်လိုက်တယ်။
“ဟုတ်ပြီဟေ့။ တို့ကတော့ ဘွားအေ တစ်ယောက်ပုံစံ ပေါက်သွားပြီကွယ့်” ပျော်ရွှင်တက်ကြွစွာနဲ့ ပြောလိုက်ပါတော့တယ်။
“တို့တော့ ရွာထဲကို သွားတော့မယ်လေကွယ်” ဆိုပြီး တောအုပ်ထဲက အကောင်ဗလောင်လေးတွေကို ရွှင်မြူးစွာနဲ့ နူတ်ဆက်လိုက်ပါတယ်။
ရွာထဲကို ဝင်သွားတဲ့အခါ ရွာလယ်ရင်ပြင်က အရိပ်ရအပင်ကြီးအောက်မှာ ဝိုင်းဖွဲ့ထိုင်နေကြတဲ့ ဘွားအေတွေက အဘွားကြီးတစ်ယောက် ထပ်ရောက်လာတယ်ဆိုပြီး ဝိုင်းဝန်းကြိုဆိုကြတယ်။ ဘာဘုရှ်ကာ အဖွဲ့ဝင် အသစ်ပေါ့။
“ဟိုက အစ်မကြီးရေ။ ကျွန်မတို့နဲ့အတူ လာထိုင်ပါ” ဘာဘုရှ်ကာ တစ်ယောက်က ဖိတ်ကြားလိုက်ရဲ့။
ဘာဘာယာဂါ ဟာ စိတ်ထဲကနေ ပြုံးလိုက်တယ်။ ဘယ်သူကမှ သူ့ကို သတိမထားကြပါလား။ ဒီကနေ့ မနက်ကမှ မွေးဖွါးလာတဲ့ ကလေးလေးတစ်ယောက်ကို လည်း ပြတယ်။
“ဒါက ကျွန်မရဲ့ မြေးအသစ်စက်စက် ကလေးပေါ့” လို့ ဘာဘုရှ်ကာ တစ်ယောက်က ပျော်ရွှင်စွာနဲ့ ပြောတယ်။
“ဒါကလေးက ကျွန်မရဲ့ မာရှာ ကလေးပေါ့။ သူကရော ချစ်စရာမကောင်းဘူးလား” ဘွားအေ တစ်ယောက်က ဝင် ပြောပြန်တယ်။
ဘွားအေ တစ်ယောက်ပြီးတစ်ယောက်က သူတို့ရဲ့ မြေးကလေးတွေ သူ့ကို လာပြကြတယ်။
အဲဒီအချိန်မှာ ရွာထဲက အမျိုးသမီးငယ်တစ်ဦးဖြစ်တဲ့ နာတာရှာ နဲ့ သူ့ရဲ့ သားကလေး ဗစ်တာ တို့ သူတို့နားက ဖြတ်သွားကြတယ်။ ဘွားအေတစ်ယောက်က တီးတိုး ပြောလိုက်ပါတယ်။
“ကောင်ကလေးကတော့ သနားစရာပါအေ။ သူ့အမေ အလုပ်လုပ်နေချိန်မှာ စောင့်ရှောက်ပေးမယ့် ဘာဘုရှ်ကာ မရှိရှာဘူး” တဲ့။
ဘွားအေတွေဟာ တစ်ယောက်တစ်လှည့် သူတို့ မြေးကလေးတွေ အကြောင်း ပြောနေကြချိန်မှာ ဘာဘာယာဂါ က နာတာရှာနဲ့ ဗစ်တာရဲ့ နောက်ကို လိုက်သွားခဲ့လေတယ်။ လမ်းအတိုင်း သူတို့နောက်ကို လိုက်သွားခဲ့ရာမှာ နောက်ဆုံး သားအမိနေထိုင်ရာ အိမ်ကလေးဆီကို ရောက်သွားတယ်။
အိမ်ထဲကို ဝင်လာတဲ့ ဘာဘာယာဂါ ကို မြင်တော့ နာတာရှာ က နူတ်ဆက်တယ်။ “ဘွားဘွားရေ၊ ဘာများအလိုရှိ လို့လဲ”
“တို့ကိုကွယ် ဟောဒီ သမီးလေးများ အကူအညီပေးနိုင်မလားလို့ပါ” လို့ ဘာဘာယာဂါ က ပြန်ပြောလိုက်တယ်။
“ရွာကို အခုမှ ရောက်လာသူမို့ တို့ဟာ တစ်ယောက်တည်း ဖြစ်နေပါတယ်။ နေဖို့ ထိုင်ဖို့ နေရာကလေးလိုချင်တယ်။ သန့်ရှင်းရေး လုပ်တတ်တယ်။ မင်းရဲ့ သားငယ်လေးကိုလည်း ထိန်းပေးမယ်လေ”
“ဒါပေမဲ့ ကျွန်မမှာ ဘွားဘွား ကို ပေးဖို့ ပိုက်ဆံမရှိဘူး” နာတာရှာ က ဝမ်းနည်းစွာ ပြန်ပြောတယ်။
“တို့က ငွေမလိုပါဘူး။ တို့လို အဘွားကြီးတစ်ယောက် ကောင်းကောင်း အိပ်စက်ဖို့နေရာလေးနဲ့ အစားအသောက် နည်းနည်းလောက်ရရင် အဆင်ပြေပါပြီ”
“ဒီလိုဆို ကျွန်မတို့နဲ့ နေပါ ဘွားဘွားရဲ့ ။ ရပါတယ်”
“မင်းရဲ့ မျက်လုံးကလေးတွေကို အနမ်းလေး ပေးလိုက်ပါတယ်ကွယ်။ တို့နှလုံးသားထဲမှာ မင်းရှိသွားပါပြီ”
ဘာဘာယာဂါ က ပျော်ရွှင်သွားတယ်လေ။ နာတာရှာနဲ့ဗစ်တာ တို့ရဲ့ အိမ်မှာ နေတော့တာပဲ။
တကယ်လည်း အဲဒီ အိမ်ကလေးမှာ နေရတာ သူပျော်ပါတယ်။ မနက်တိုင်း နာတာရှာ အလုပ်သွားပြီဆို သူနဲ့ ဗစ်တာ တို့က အတူတူ အိမ်ကို သန့်ရှင်းရေး လုပ်ကြတယ်။ အိမ်အလုပ်တွေ အားလုံးပြီးသွားပြီဆို ဘာဘာယာဂါ က ဗစ်တာလေး ကို တောအုပ်အစွန်ဘက်ကို ခေါ်သွားတယ်။ ဒီအချိန်ကို သူတို့ အကြိုက်ဆုံးပါပဲ။
ဗစ်တာလေး ကို ပေါင်ပေါ်ထိုင်ပေးထားတယ်။ တခါတလေ ပွေ့ထားပေးတယ်။ ပြီးတော့ မဟာတောအုပ်ကြီးရဲ့ ပုံပြင်ဇာတ်လမ်းတွေ ပြောပြတော့တာပဲ။ ဘာဘာယာဂါ ဆိုပြတဲ့ သီချင်းတွေကို ကောင်ကလေးက တခါမှ မကြားဖူးဘူး။ ပြီးရင် အဲဒီနားမှာ အေးအေးလူလူ ထိုင်နေကြရင်း စိတ်ကူးယဉ်နေကြတာပေါ့။ အချိန်တွေ ကြာလာတာနဲ့အမျှ တစ်ဦးကို တစ်ဦး ပိုမို သံယောဇဉ် တွယ်တာ လာကြတာပေါ့။ ဘာဘာယာဂါ ဟာ ဗစ်တာ ကလေးကို ဘွားအေ အရင်းသဖွယ် ပြုစု စောင့်ရှောက်ပေးနေခဲ့တယ်။
အိမ်ရှင်သားအမိနဲ့ ရွာသားတွေက သူ့ကိုလည်း ပြန်ချစ်ကြပါတယ်။ ခုဆိုရင် ကျေးရွာအလယ်က ရင်ပြင်က ဘွားအေတွေရဲ့ စကားဝိုင်းမှာ သူ့အတွက် တစ်နေရာ ရှိသွားခဲ့ပြီလေ။ ဘာဘာယာဂါ ကတော့ သူ့ရဲ့ ဘဝအသစ်မှာ ကျေနပ်ပျော်ရွှင်နေတော့ တာပေါ့။
တစ်ရက်မှာပေါ့ ဘာဘုရှ်ကာတွေ ရွာရဲ့ ရင်ပြင်မှာ စုဝေးထိုင်နေကြတုန်း ပုံပြင်တွေ ပြောနေကြတယ်။ တစ်ယောက်က သမန်းဝံပုလွေတွေ နဲ့ မီးငှက်အကြောင်း ပြောပြတယ်။ တစ်ယောက်က ရယ်စရာ ဟာသပုံပြင် တွေ ပြောပြတယ်။ အားလုံး တဝါးဝါး တဟားဟားနဲ့ ရယ်မောလို့ပေါ့လေ။
ဘွားအေ တစ်ယောက်ကလည်း ဇာတ်လမ်းပုံပြင် ဝင်ပြောတယ်။ ပုံပြောနေတဲ့အချိန်မှာ သူက မျက်လုံးကို မှေး၊ အသံတွေကို ကွဲအက်ပုံပြုပြီး ကြောက်စရာကောင်းအောင် ဖြည်းဖြည်းချင်းပြောပြတယ်။ ဆိုးယုတ်တဲ့ အရိုင်းသတ္တဝါကြီး ဘာဘာယာဂါ အကြောင်းပေါ့။ “သူက ကလေးတွေကို စားတာဟဲ့” လို့ ဘွားအေ တစ်ယောက်က ပြောပြနေချိန်မှာ တခြားသူတွေခမျာ မျက်လုံးကလေးတွေ ဝိုင်းလို့ ကြောက်လန့်တကြား နားဆင် နေကြတာပေါ့။
“သစ်ပင်ပေါ်ကနေ ခုန်ပျံတက်သွားပြီး လူတွေကို ကျိန်စာလိုက်တိုက်နေတာလေ” “တောအုပ်ထဲကနေ ထွက်လာပြီး ကလေးတွေကို လိုက်ရှာ၊ ညကြရင် ကလေးတွေကို ခိုးယူသွားတာတဲ့” နောက်တစ်ယောက်ကလည်း သူကြားဖူးတဲ့ ဘာဘာယာဂါ ဇာတ်လမ်းကို ဆက်ပြောနေလေတယ်။
“ဘာဘာယာဂါ ဆိုတာ ရုပ်ကလည်း ကြောက်စရာကြီး၊ မကောင်းဆိုးဝါး မဟုတ်လား။ သူဟာ အားလုံးကို အမုန်းတွေနဲ့ပဲ ကြည့်ရှုနေတာကွယ့်” နောက်တစ်ယောက်က ဝင်ပြောပြန်တယ်။
“ဟေ့ လိမ်လိမ်မာမာမနေရင် ဘာဘာယာဂါ ရောက်လာပြီး မင်းကို ဖမ်းသွားလိမ့်မယ်နော်” အဘွားတစ်ယောက် က ဗစ်တာ့ကို ပြောလိုက်တဲ့အခါ ဗစ်တာက ကြောက်လို့ သူ့ဘေးက ဘာဘာယာဂါကို ဖက်ထားလိုက်တယ်။
အဲဒီနေ့ညပေါ့ ဗစ်တာလေးဟာ အိပ်ရာထဲမှာ ငိုရင်း အိပ်ပျော်သွားတယ်။ ဘာဘာယာဂါ က သူ့ကို ချော့ပါသေး တယ်။ ဒါပေမဲ့ ဘာဘာယာဂါ ကိုယ်တိုင်လည်း ဝမ်းနည်းပြီး ငိုချင်နေတယ် မဟုတ်လား။
သူ့မှာ လုပ်စရာ တစ်ခုပဲ ရှိတော့တယ်။ ဗစ်တာတစ်ယောက် သူ့ကို ဘာဘာယာဂါမှန်း မသိသွားခင်အချိန်မှာပဲ သူ နေထိုင်ရာ တောအုပ်ထဲကို ပြန်ဝင်သွားဖို့ပေါ့လေ။
ဘာဘာယာဂါ ဟာ ဗစ်တာ နဲ့ သူ့အမေအတွက် စာကလေးတစ်စောင် ရေးထားခဲ့တယ်။
“မင်းတို့ရဲ့ မျက်ဝန်းကလေးတွေကို အနမ်းလေးတွေ ပေးခဲ့ပါတယ်။ မင်းတို့ဟာ တို့ရဲ့ နှလုံးသားထဲမှာ အမြဲရှိနေတော့မယ်” တဲ့။
“မင်းတို့ရဲ့ ကြင်နာမှုတွေကို ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး” လို့ ရေးလိုက်ပြီး အောက်နားမှာ မင်းတို့ရဲ့ ဘာဘုရှ်ကာ ဆိုပြီး သူ့ကိုယ်သူ ဖော်ပြသွားတယ်လေ။ ဘာဘာယာဂါ ထွက်သွားခဲ့ပါတယ်။ သူဘယ်တော့မှ ပြန်မလာတော့ပါဘူး။
ဗစ်တာ လေး ဟာ အချိန်တွေ အတော်ကြာတဲ့အထိ တောအုပ်ကြီးရဲ့ အစွန်ကို နေ့စဉ်နေ့တိုင်းလောက် သွားခဲ့ပါတယ်။ အဲဒီနေရာလေးဟာ ဗစ်တာ တစ်ယောက် သူသိပ်ကို လွမ်းနေတဲ့ ဘာဘုရှ်ကာ ဘွားဘွား ကို သတိရစေတယ်လေ။
တစ်ရက်တော့ ဗစ်တာလေး အဲဒီနေရာမှာ ထိုင်နေတုန်း တောအုပ်ကြီးရဲ့ အမှောင်ထုထဲကနေ အဝါရောင် မိစ္ဆာ မျက်လုံးတွေက သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတယ်။ မျက်လုံးတွေရဲ့ ပိုင်ရှင်ဟာ ဘယ်သူများလဲဆိုတာ ကို ကြည့်နေရင်းနဲ့ ဒါဟာ ဝံပုလွေအုပ်လိုက်ကြီးပဲ ဆိုတာ သိခဲ့ရတယ်လေ။ ကူညီကြပါ ကယ်ကြပါလို့ ဗစ်တာက အော်တာပေါ့။ နောက်ဆုံးတော့ သူ့ကို ဝံပုလွေအုပ်ကြီးက ဝိုင်းထားလိုက် ပါပြီ။
ရွာသူရွာသားတွေလည်း ရောက်လာကြတယ်။ ဝံပုလွေတွေက သူတို့ကို မာန်ဖီထားတာကြောင့် ဘယ်သူမှ အနားကို မကပ်ရဲကြဘူးလေ။ ဗစ်တာလေးရဲ့ အမေက ငိုကျွေးရင် အော်ဟစ်နေတယ်။
“ကျွန်မရဲ့ သားလေးကို ကယ်ကြပါဦးရှင်။ ကယ်ကြပါဦးနော်”
အဲဒီ အချိန်မှာ တောအုပ်ထဲက အပင်တွေ ယိမ်းထိုးလှုပ်ရှားလာပြီး အထဲကနေ သတ္တဝါကြီးတစ်ကောင် ရဲ့ မာန်ဖီ ဟိန်းဟောက်သံ ထွက်ပေါ်လာခဲ့ပါတယ်။ တောအုပ်အစပ်ဟာ ဗြောင်းဆန်သွားတာပဲပေါ့။
“ဟိုမှာ ဘာဘာယာဂါ ဟေ့” လူအုပ်ထဲက ထိတ်လန့်တကြား အော်ဟစ်သံတွေ ထွက်လာတော့တယ်။ တောထဲက ထွက်လာတဲ့ ဘာဘာယာဂါ အကောင်ကြီးဟာ လူအုပ်ကို တစ်ချက်ကြည့်လိုက်ပါတယ်။ ပြီးတော့မှ ကြောင်တစ်ကောင်လို ပေါ့ပါးစွာနဲ့ ဝံပုလွေအုပ်ကြီးထဲကို ခုန်ဝင်သွားခဲ့တော့တာပဲ။ ဝံပုလွေတွေဟာ ကြောက်လန့်တကြားနဲ့ ခြေဦးတည်ရာ ကို ပြေးထွက်ကြတယ်။ တောထဲကနေ ခုန်ပျံပြီး ထွက်လာတဲ့ သတ္တဝါကြီး က တော့ ကြောက်လန့်တုန်ယင်နေတဲ့ ကလေးဆီကို သွားလိုက်ပါတယ်။
သတ္တဝါကြီးက ကလေးဆီကို လက်လှမ်းလိုက်တဲ့ အချိန်မှာ ကလေးမိခင် နာတာရှာ ရဲ့ ထိတ်လန့်စွာ အော်လိုက်တဲ့ အသံထွက်လာတယ်။ လူအုပ်ကြီးထဲက တစ်ယောက်က “ဘာဘာယာဂါ က ကလေးကို စားတော့မယ်ဟေ့” လို့ ကြောက်လန့်တကြား ပြောလိုက်ပါတော့တယ်။ သတ္တဝါကြီးဟာ ကလေးကို မြေပြင်ပေါ်ကနေ ကောက်ချီမ လိုက်ရဲ့။ လူအုပ်ကြီးရဲ့ ဟာကနဲ ထိတ်လန့်ရေရွတ်သံ ကျယ်လောင်စွာနဲ့ ထွက်လာပြန်တော့တယ်။
ဒါပေမဲ့ သူက ကလေးကို ချီလိုက်ပြီး အနမ်းကလေး ပေးလိုက်ပါတယ်။ မျက်ဝန်းတွေကနေ တဆင့် ကလေးကို ပြုံးပြနေတယ်လေ။ လက်သည်းရှည်ကြီးတွေ ရှိနေတဲ့ လက်နဲ့ ကလေးကို ဖက်ထားလိုက်ပြီး ကျောကုန်းကို ဖြည်းညှင်းစွာ ပွတ်ပေးနေခဲ့လေရဲ့ကွယ်။ သတ္တဝါကြီးဟာ သူ့အရင်ပုံနဲ့ မတူတော့ပါဘူး။ ဒါပေမဲ့ ဗစ်တာ က ဒီလို နွေးထွေးတဲ့ ပွေ့ဖက်မှုကို မှတ်မိနေတယ်လေ။
“ဘာဘုရှ်ကာ” လို့ အော်လိုက်တာပေါ့။ ပြီးတော့ သူ့ကို ပြန်ဖက်ထားလိုက်တယ်။
အဲဒီညမှာလေ သူတို့ရွာရဲ့ ထူးဆန်းတဲ့ ဘွားဘွားအသစ် ဘာဘုရှ်ကာ တစ်ယောက်အတွက် အထိမ်းအမှတ် ပွဲကလေး ပြုလုပ်ပေးသတဲ့။ ဘာဘုရှ်ကာ ဘာဘာယာဂါကို ပန်းတွေ ပေးကြတယ်။ ပေါင်မုန့်တွေ ဆားတွေ လက်ဆောင်ပေးကြတယ်။ အားလုံးတူတူ တေးသီချင်းတွေ သီဆိုကြတယ်။ အကမျိုးစုံ ကကြတယ်။
ရွာထဲက ဘွားဘွား တစ်ယောက်က ဘာဘာယာဂါ ရဲ့ လက်ကိုဆွဲပြီး ခုလိုပဲ ပြောပါတယ်။
“တစုံတစ်ယောက်ရဲ့ အကြောင်းကို ရင်ထဲ အသည်းထဲက မသိဘဲနဲ့ ကိုယ်ကြားဖူးသမျှ မြင်ဖူးသမျှလောက်နဲ့ ကောင်းတယ် မကောင်းဘူး လျှောက်ပြောတဲ့သူဟာ ဉာဏ်ပညာမဲ့တဲ့သူပဲ”
ရွာကလေးရဲ့ အုပ်ချုပ်သူကလည်း ကျေးဇူးတင်စကားပြောတော့ လူတိုင်း လက်ခုပ်ဩဘာပေးကြတယ်။ ဘာဘာယာဂါ ဟာ ပြုံးရွှင်စွာနဲ့ သူတို့ရဲ့ ဂုဏ်ပြုမှုကို ခံယူပါတယ်။
နောက်ကျန်တဲ့ နေ့ရက်များမှာ ဘာဘာယာဂါ ဟာ သူချစ်ရသူတွေရဲ့ မျက်ဝန်းကလေးတွေကို အနမ်းလေးတွေပေးပြီး နွေးထွေးစွာ ဆက်လက်နေထိုင်သွားတယ်။ လူအများက သူ့ကို ချီးကျူးကြပြီး ချစ်ခင်ကြတယ်လေ။
သူ့ရဲ့ နာမည်ကလည်း ဘာဘုရှ်ကာ ဘာဘာယာဂါ ဖြစ်သွားတာပေါ့။
သံလွင်မြင့်
ရိုးရာပုံပြင်
Comments