တထောင့်ကိုးရာ ဘယ်နှခုနှစ်မှန်းတော့မသိ။ ဧရာဝတီတိုင်း ဒေါင့်ကြီးဆိုသောရွာကြီးတွင် ဂီတဖျော်ဖြေပွဲတခု ကျွန်တော် သွားရောက်ရပါသည်။ အဖွဲ့ခေါင်းဆောင်မှာ စန္ဒရားထိပ်တင်ဝင်း ဖြစ်ပါသည်။ အတူ ပါဝင်ကြသူများထဲတွင် ကျွန်တော်မှတ်မိသလောက် လွှမ်းမိုး၊ ဂျက်မြသောင်း၊ ကြည်သာ၊ ချိုပြုံး၊ ဆွေဇင်ထိုက်၊ ကော်နီ တို့ဖြစ်ကြပါသည်။ ရွာကြီးဆိုသော်လည်း တရွာလုံး တော်တော် ချမ်းသာကြပုံရသည်။ ကျွန်တော်တို့ အဖွဲ့ကို မင်္ဂလာဆောင်ရှင်က ကိုယ်ပိုင်မော်တော်ဖြင့် လာကြိုသည်။
မော်တော်ပေါ်တွင် ထူးထူးခြားခြား ဆိုရမလား၊ ကျွန်တော်နှင့် တိုက်ရိုက်ပက်သက်နေသော ပစ္စည်းဟု ဆိုရမလားမသိ၊ ဘီယာ ပုလင်းတွေ ကတ်လိုက်၊ အထပ်လိုက်၊ ရမ်ပုလင်းတွေ ကတ်လိုက်၊ အထပ်လိုက်၊ ပြူးတူးပြဲတဲ ပါလာသည်ကို စတင်သတိထားလိုက်မိသည်။ သည်ကတည်းက မော်တော် ထွက်ပြီဟေ့ဆိုသည်နှင့် တခြား အဖွဲ့ သား တွေတော့ မသိ၊ သုမောင် တယောက်ကတော့ ဇာတ်လမ်းစပြီဆိုတာကို စာဖတ်သူ သိလောက်ပါပြီ။ (ကျွန်တော့် ပုဂ္ဂိုလ်များလည်း သောက်နေကြတာပါပဲ) သို့ သော် သုမောင်လောက်တော့ဖြင့် ဘယ်သူမျှ လက်သံပြောင်လိမ့်မည်မထင်။
ရန်ကုန်မှ ဒေါင့်ကြီးသို့ တနေ့ခရီး သွားရပါသည်။ ရန်ကုန်မှထွက်စ ပျော်ပျော်ပါးပါး သီချင်းတွေ ဆိုကြပြုကြနှင့် ရှိခဲ့သော်လည်း နောက်ထပ် သုံးနာရီကြာသောအခါ ကျွန်တော့်အား မည်သူ တဦးတယောက်ကမျှ အဖက်မလုပ်တော့ဘူး ဟုဆိုလျှင် ကျွန်တော် ဘယ်လောက် သောင်းကျန်းလိုက်ပြီကို သိလောက်ပါပြီ။ ကိစ္စမရှိသော်လည်း အရက်ရှိလျှင်ပြီးရော မဟုတ်ပါလား။ ကျွန်တော်သည် အရက်ပုလင်းကို ဖက်၍ အိပ်ပျော်သွားလေရာ ဒေါင့်ကြီးရောက်မှ နိုးတော့သည်။ အိပ်ပျော်နေသော ကျွန်တော့်ကို နှိုးမည့်သူမရှိ။ ဒါကလည်း ကိစ္စမရှိ။ ကျွန်တော်အား မင်္ဂလာရှင်ကိုယ်တိုင်က လာ၍တွဲထူနှိုးပါသည်။ အကြောင်းကား သူတို့ပွဲတွင် သုမောင် ပါလျှင်ပြီးရော။
သည်လိုနှင့် မင်္ဂလာဆောင် ရောက်တော့လည်း ဒေါင့်ကြီး၏ မီဂါစတား သုမောင်နှင့် နှစ်ဘက်သော ဆွေမျိုးများ သောက်ပွဲကြီး ဆက်လက်ကျင်းပ ကြလေတော့သည်။ ဒေါင့်ကြီးသို့ နံနက်ပိုင်းရောက်ရာ ဧည့်ခံပွဲမှာ ညပိုင်းမှ ဖြစ်သဖြင့် တနေကုန် ကျွန်တော်အား အရက်ဖြင့်ပင် ဧည့်ခံကြပါသည်။ အောင်မယ် ... ဝီစကီဗျ။ သောက်လိုက်၊ မှောက်လိုက် ကြိုက်သလောက် ဆိုးနေသော ကျွန်တော့်ဆိုးမျိုးကို နှစ်ဘက် မင်္ဂလာရှင်များက ဘယ်လောက် အလူးအလဲ ခံရမည်မှန်း စဉ်းစားသာ ကြည့်ကြလေတော့။
သို့ သော် ဒေါင့်ကြီး၏မီဂါစတား သု မောင်ဆိုးလေ သူတို့ကြိုက်လေ ဖြစ်သည်။ အကြောင်းကား သူတို့လည်း သုမောင်ကိုမှီ၍ ဝိုင်းတွယ်နေကြတာကိုး။ ဆိုကြပါစို့။ သည်လိုပုံနှင့် မိုးကြီးချုပ်လေပြီ။ ဧည့်ခံပွဲ အစီအစဉ်လည်း စလေပြီ။ ပရိတ်သတ်ကြီးမှာ ရွာလုံးကျွတ်ဖြစ်သည်။ မကြုံစဖူး ခေတ်ပေါ် စတိတ်ရှိုးဖြစ်သောကြောင့်လည်း သည်းသည်းလှုပ်လှုပ်၊ အုတ်အက်ကြွေးကြော်...။ သို့ သော်... သူတို့ မျှော်နေကြသည်ကား အချစ်တော် သုမောင်...။ ထို့ကြောင့် အစီအစဉ်တွင် ကျွန်တော်က နောက်ဆုံးမှ နေရသည်။ ဘာဖြစ်သေးလဲ သောက်ချိန်ပိုရတာပေါ့။
ကျွန်တော် မကြာခဏ ပြောဖူးသည်။ သုမောင် ဘယ်လောက် သောက်သောက်၊ ဘယ်လောက်မူးမူး၊ သီချင်းဆိုလျှင်မမှားစေရ ဟူ၍။ သည်တော့လည်း ဇာတ်စင်နောက်ဖေးတွင် ပက်လက်ကုလားထိုင် တလုံးခင်း၍ ပုလင်းကို နံဘေးမှာချ။ နိပ်ဟ။
ကျွန်တော် သတိထားမိသလောက် တောသူတောင်သား ပရိတ်သတ်ဆိုသည်မှာ အနုပညာရှင်များကို အလွန် ချစ်ခင်ကြသည်။ အလွန်အားပေးကြသည်။ ထို့ကြောင့်ဘယ်သူတွေ တက်ဆိုဆို၊ ဘာသီချင်းတွေ ဆိုဆို နောက်တပုဒ် ဟူ၍
အော်စမြဲဖြစ်သည်။ ထို့ကြောင့် ကျွန်တော့ ရှေ့မှာ ဆိုနေသော ပုဂ္ဂိုလ်များခမျာ တောပရိတ်သတ်၏ အထာကို မသိ၍လား။ တကယ်အားပေးသည် ထင်၍လားတော့မသိ နောက်တပုဒ် အော်လိုက်တိုင်း နောက်တပုဒ် လိုက်ကြရာ
တယောက်လျှင် ဆယ့်လေးငါးပုဒ် ဖြစ်ကုန်ကြတော့သည်။
အစပိုင်းတွင် သူတို့ကြာလေ သောက်ကောင်းလေဟု သဘောထားခဲ့သော ကျွန်တော်သည် နောက်ပိုင်းတွင် နောက်တပုဒ် အော်သံ ကြားလေတိုင်း သောက်ပလုတ်တုတ် ဖြစ်လာပါတော့သည်။ သည်ကြားထဲက ကိုသုမောင် ဆိုပါတော့ဗျို့ဟု ပြောက်တိပြောက်ကြား အော်ဟစ်သံများကိုလည်း ကြားကြားနေရရာ ဘဝင်ကလည်း လေဟပ်ချင်လာသည်။ အချိန်မှာလည်း ညနှစ်ချက်တီး ကျော်ပြီးဖြစ်သဖြင့် ငိုက်မြည်းစပြုလာပြီ။ ထိုအချိန်တွင် ဒုတိယနောက်ဆုံး ဖျော်ဖြေသူက ကော်နီ။
ကျွန်တော်သည် ထိုင်ရာမှ ဆတ်ခနဲထလိုက်ပြီး ဘယ်လိုကဘယ်လို ဇာတ်စင်နောက် ရောက်သွား မှန်းမသိတော့ပါ။ စင်၏ နောက်ပိုင်း တီးဝိုင်းကြားတွင် ခါးထောက်လျှက်သား ဖြစ်နေပါသည်။ ခါးထောက်ခြင်း ဆိုသည်မှာ အလိုမကျခြင်းသဘောပဲ မဟုတ်ပါလား။ သည်ကြားထဲက ကော်နီကလည်း ကိုကိုချစ်၊ ကိုကိုချစ် လုပ်နေပါသည်။ သူက ကိုကိုချစ်လိုက်တိုင်း ဒေါင့်ကြီးသားတွေက ဗျိုးဟစ် နေကြလေသည်။
ကျွန်တော်သည် မီးမှိန်မှိန်ထဲမှ နေ၍ မလင်းတလင်းရှိရာ စင်ရှေ့ဘက်ဆီသို့ မသိမသာ လျှောက်သွား လိုက်ပါသည်။ သဘောကတော့ ပရိတ်သတ်မြင်သာအောင် လူရိပ်ပြခြင်းဖြစ်သည်။ ထင်သည့်အတိုင်းပင် သုမောင်ကိုမြင်တော့ ပရိတ်သတ်က လက်ခုပ်တီးသည်။ ဒါကို မိရွှေကော်နီက သူ့တီးသည်ထင်ပြီး ထပ်ထပ်၍ ကိုကိုချစ် ပြန်တော့သည်။ ကျွန်တော် စိတ်မရှည်တော့ပါ။
ထို့ကြောင့်လည်း ... ဇာတ်စင်ရှေ့သို့ ခပ်တည်တည်ပင် ထွက်သွားပြီး ကျောကွဲအင်္ကျီ ဝတ်ထားသော ကော်နီ၏ ဂုတ်ပိုးဖြူဖြူလေးကို ဂျစ်ကနဲ ကုတ်ခြစ်လိုက်ပါတော့သည်။ သနားပါတယ်။ ကောင်မလေး တော်တော် လန့်သွားပုံရသည်။ ကိုကိုချစ် အော်နေရာမှ ယောင်ရမ်းပြီး ကိုကိုဂျစ် ဖြစ်သွားရှာသည်။
ဟဲ့ကောင်မလေး တော်တော့ ငါအိပ်ချင်ပြီ။ ငါဆက်ဆိုတော့မယ်
ဟူသော ကျွန်တော်အသံကြီးကို မိုက်ကရိုဖုန်းမှတဆင့် တရွာလုံးကြားသွားရလေတော့သည်။ ကော်နီလေး ခမျာမှာလည်း ရှက်ရှက်ဖြင့် ပုဏ္ဏားကွယ်ကြား ဝင်ပြေးလေတော့သည်။
ဒါကိုပင် အမူးသမား သုမောင်က အဟုတ်ကြီး ထင်လိုက်ပါသေးသည်။ ဆိုကြပါစို့ ရဲ့...။ ပွဲသိမ်းတော့ နံနက်လေးနာရီ ထိုးလေပြီ။
တည်းခိုဆောင် ကျွန်တော်ပြန်ရောက်တော့ ကျန်အနုပညာရှင်များအားလုံး အိပ်မောကျနေကြပါပြီ။
ဪ... သင်းတို့ကတော့ ကောင်းကောင်း နှပ်နေကြပြီး ငါ့ကျတော့ စင်ပေါ်မှာ နောက်ဆုံး တစ်ယောက်တည်း ထားခဲ့တယ်
လူ့စိတ်ဆိုသည်မှာ အခွင့်အရေး တမျိုးစီကို တလှည့်စီ
လိုချင်ကြစမြဲ မဟုတ်ပါလား။ ကျွန်တော့် ကိုပဲကြည့် ငါဟာ ဒေါင့်ကြီး ရဲ့ မီဂါစတား၊ ပွဲကိုငါနဲ့ သိမ်းရမယ် ဟူ၍ အစပိုင်း၌ ဖြစ်ခဲ့သော်လည်း ဟော... အနားယူချိန် ရောက်ပြန်တော့ ကိုယ်က အလျင်နားချင်ပြန်သည်။ ထို့ပြင် ကျွန်တော်ဆိုးမျိုးကို မခံနိုင်ကြသဖြင့် ကျွန်တော့်အား ဖယ်ကျဉ်ထားကြသည်ကိုလည်း စိတ်၌ မနာလိုဝန်တို ဖြစ်နေပုံရသည်။
ထို့ကြောင့် သင်းတို့ အားလုံးကို ငါ အိပ်ရာကနှိုးတော့မယ် ဟူသောဆုံးဖြတ်ချက် ချလိုက်ပါတော့သည်။ ကျွန်တော် ဘာလုပ်သည် ထင်သနည်း။
ပထမဆုံး လွှမ်းမိုး၏ ဖင်ကို ပိတ်ကန်လိုက်သည်။ ဆွေဇင်ထိုက် ကို ဟဲ့ ဂရုံးထ ဟူ၍ နှိုးလေသည်။ ဂရုံး ဟုခေါ်ခြင်းမှာ သူ့ငယ်နာမည် ဂရေး ဖြစ်ပြီး ခဏခဏ သီလရှင် ဝတ်တတ်သောကြောင့် ကျွန်တော်က ခေါင်းတုံး (ဂရုံး) ဟုသမုတ်ခြင်း ဖြစ်သည်။ နောက်ထပ် အလှည့်ကျသူက ဂျက်မြသောင်း ဖြစ်သည်။ သူ့ကို ကျွန်တော်က ဟေ့ညီလေး ထပါဦး ဟု အသာတကြည်နှိုးပါသည်။ ကောင်လေးက ခမျာ ဟူ၍ လေးလေးစားစား ထထိုင်ပါသည်။ ထိုအခါကျမှ ... ။
မင်းကို ငါ နာမည်ပြောင်းပေးမလို့ကွ။ မင်းနာမည် ဒီနေ့ကစပြီး ဂျက်မြသောင်းအစား ဒါကိုတာမြသောင်း ဖြစ်စေသတည်း
လာလေ့ နောက်တယောက်။ ကြည်သာ။ သူ့ကိုတော့ ကျွန်တော် မနှိုးခင် နိုးနေသူမို့ ငေါင်စင်းစင်းကလေး
တွေ့ရပါသည်။
ဟေ့ကောင် ဘာငိုင်တိုင်တိုင် ဖြစ်နေတာလဲ။ ဒါမင်္ဂလာအိမ်ကွ။ မင်းအစ်ကို ထိပ်တင်ဝင်းရဲ့ မသာအိမ် ဟုတ်ဘူး။ ဒီအတိုင်းဆို မင်းနာမည် ကြည်သာ မဟုတ်တော့ဘူး .... မအီမသာ''
နောက်ဆုံး ကျွန်တော်၏ မြားဦးကား အိပ်ချင် ဟန်ဆောင်နေသော ချိုပြုံး ထံသို့ ရောက်သွားလေတော့သည်။ ချိုပြုံးက စောင်ခေါင်းမြီးခြုံ၍ အိပ်ဟန်ပြု နေသည်။ စောင်က တိုသောကြောင့် သူ့ခြေထောက် အပြင်ထွက်နေသည်။ ကျွန်တော်တွေ့ဖူးသမျှ မင်းသမီး အားလုံးထဲတွင် ချိုပြုံး၏ ခြေထောက်သည် အလှဆုံး ဖြစ်သည်။
ကျွန်တော်သည် ပြူတစ်ပြူတစ်ဖြစ် ထွက်နေသော ခြေမကလေး လှုပ်တုတ်လှုပ်တုတ် ဖြစ်နေသော ချိုပြုံး၏ လှပသော ခြေထောက်ကို ဆတ်ခနဲဆွဲ၍ ကုန်းကိုက်ပါတော့သည်။ ထိုအခါ သူကလည်း ထုံးစံအတိုင်း ယောက်ျားလိုဆဲ၍ ကျန်ခြေတဖက်ဖြင့် ကျွန်တော့်ရင်ဝကို ဆောင့်ကန် လိုက်ပါတော့သည်။
ဤတွင် ဒေါင့်ကြီး ကိစ္စ နိတ္ထိတံ...။
အပြန်လမ်းတွင် ကျွန်တော်အား မည်သူကမှ စကားမပြောတော့ပါ။ ကိစ္စမရှိ။ မင်္ဂလာရှင်က လက်ဆောင်ပေးလိုက်သော ဝီစကီနှစ်ပုလင်းကို လက်ဝဲရံ၊ လက်ယာရံ ထား၍ မော်တော်ဦးပိုင်းတွင် တယောက်တည်း သွားထိုင်နေလိုက်တော့သည်။
ဤသို့ဖြင့် ရန်ကုန်သို့ နီးလာလေပြီ။ အချိန်ကလည်း ညနေဝင်ရီတရော...။ ရဲရဲတွတ်နေသော အလုံးကြီးသည် ကျွန်တော်တို့ မော်တော်နှင့် အပြိုင် နံဘေးမှ လိုက်နေပါသည်။ ကျွန်တော်စိတ်ထဲ သြော် ငါ့မှာ အဖော်ဆိုလို့ နေလုံးကြီးပဲ ရှိပါတော့လား ဟူ၍ လှိုက်ကနဲ ဖြစ်သွားပါသည်။
တကယ်ဖြစ်သွားတာလား။ မူးမူးနဲ့ လျှောက်ခံစား လိုက်တာလား မမှတ်မိချေ။ ကျွန်တော့် နောက်ကျောတွင် စုပေါင်း ထိုင်နေကြသူများဘက်သို့ တချက် လှည့်ကြည့်လိုက်သည်။ အားလုံး ရယ်ရယ်မောမော စကားပြောနေကြသည်။
စိတ်ထိခိုက်လွယ်သော စန္ဒရားထိပ်တင်ဝင်း တယောက်သာ ကျွန်တော်ကို တွေတွေကြီး ကြည့်နေတာ မြင်ရသည်။ ထို့ကြောင့်
ဟေ့ကောင်... ငထိပ် လာစမ်း ငါ့နားကို ဟု အရက်ပုလင်း ပြရင်း လှမ်းခေါ်လိုက်တော့ ဒီကောင် ငေါက်ကနဲ ရောက်လာသည်။
ဟိုမှာကြည့်စမ်းကွာ နေလုံးကြီး ဝင်တော့မယ်
ဟု အားလုံး ကြားလောက်အောင် ကျွန်တော်က ဝမ်းနည်းသံကြီးနှင့် ပြောလိုက်သည်။ ထိပ်တင်ဝင်း ခမျာမှာလည်း ခံစားလွယ်သူ ဖြစ်သောကြောင့် ဟုတ်တယ် အစ်ကိုရာ ဟု တုံ့ပြန် စကားဆိုရှာပါသည်။
အေးကွာ၊ အစ်ကို့ဘဝလည်း နေလုံးကြီးလိုပါပဲ။ ဝင်ခါနီးပါပြီ။ အစ်ကိုဒီလောက်သောက် ဒီလောက် သောင်းကျန်းနေတော့ အစ်ကို့ဘဝ နေဝင်ချိန် ရောက်ပြီပေါ့။ ဟော ... ပြောရင်းဆိုရင်း နေလုံးကြီးတဝက် ဝင်သွားပြီကွာ"
ထိုစကားကို ကျွန်တော်သည် ငိုသံပါကြီးဖြင့် အားလုံးကြားအောင် ပြောချလိုက်ခြင်း ဖြစ်သည်။ ကျွန်တော့် စကားဆုံးသောအခါ ကျွန်တော့် နောက်ကျောဆီမှ လှုပ်လှုပ် ရွရွ အသံများ ကြားလာရပါသည်။ သင်းကနဲ နေသော ရေမွှေးနံ့များလည်း ကျွန်တော်အနီးအပါးသို့ ဝေ့ဝဲရောက်ရှိလာပါသည်။ ကျွန်တော်သိလိုက်ပြီ။ ကျွန်တော်၏ တိုက်ကွက်ကြောင့် အားလုံး စိတ်မကောင်း ဖြစ်သွားကြပြီး ကျွန်တော့် နောက်ကျောတွင် စုဝေး ရောက်ရှိလာကြပြီဟု ထင်သည့်အတိုင်းပင် ညက ကျွန်တော် နှိပ်စက်ထားသော လူများအားလုံး
ငါစိတ်မဆိုးပါဘူး ဗလရယ်"
အစ်ကိုကြီးကို စိတ်မဆိုးပါဘူး
ညီမတို့ က ခွင့်လွှတ်ပြီးသားပါ
စသဖြင့် လက်မောင်း ကိုင်သူကိုင်၊ ကျောသပ်သူသပ်ကြပြီး လေပြေထိုး စကားကို ဆိုကြလေသည်။ ထိုအခါကျမှ ကျွန်တော်၏ ဇ ပြန်ပေါ် လာပါတော့သည်။
ဟား ... ဟား .. ဟား အားလုံးမှတ်ထားကြ နေ ဆိုတာ ဝင်ပြီးရင် ပြန်ထွက် တတ်တယ်ကွ
အန်တီချို၏ ယောက်ျားလို ဆဲလိုက်သောအသံသည် မော်တော်ဘုတ် အသံထက်ပင် ကျယ်လောင် သွားလေတော့သည်။
ထို့အတူပင် ကျွန်တော့် အနီးတွင် ဝမ်းနည်းပက်လက် ရောက်ရှိနေကြသော ကျန်ပုဂ္ဂိုလ်များ လည်း မော်တော်လှုပ်ခါ သွားလောက်အောင်ပင် ဝုန်းဒိုင်းကြဲ၍ ပဲ့ပိုင်းဆီသို့ ပြန်လည်ထွက်ခွာ သွားကြပါလေ တော့သတည်း။
အထက်ပါ အကြောင်းအရာကို စာဖတ်သူက မယုံကြည်ဘူးဟုဆိုလျှင် ကျွန်တော် စာစု စာရင်း တွင် ပါဝင်သော ပုဂ္ဂိုလ်များထံ တယ်လီဖုန်း ဆက်သွယ်၍ မေးမြန်းနိုင်ပါသည်။ အားလုံး၏ တယ်လီဖုန်း နံပါတ်များကို ကျွန်တော် မသိပါ။ ချိုပြုံး နှင့် ကြည်သာ တယ်လီဖုန်းကိုတော့ ကျွန်တော် လျှို့ဝှက်စွာ ပေးလိုက်ပါမည်။
၁။ ချိုပြုံး - ၂၂၀၆၀၀
၂။ ကြည်သာ - ၅၇၁၄၅၂
ဆရာသုမောင်၊
သောကြာစာစောင်
အမှတ် (၄၅၀)၊ ဖေဖော်ဝါရီလ၊ ၂၀၀၁ ခုနှစ်
အရက်သမား အမှားတခါ၊စာမျက်နှာ ၂၂ - ၂၅
Comments