(၁)
ညစ်ညူးနေသည့်စိတ်အစဉ်ကို အကြောလျှော့ဖို့သော်လည်းကောင်း၊ နှစ်သက်စွာ မွေ့လျော် နေထိုင်ခြင်းတစ်ခုကို မွေးမြူဖို့ သော်လည်းကောင်း ကျွန်တော့်အတွက် နို့မပါ၊ သကြားမပါသော ကော်ဖီစစ်စစ် တစ်ခွက်လိုသည်။
ထိုကော်ဖီသည် မပူလွန်း မအေးလွန်းသော အခြေအနေတစ်ခု ဖြစ်နေဖို့လည်း လိုပြန်သည်။ တစ်ခွက်ဟူသော စကားလုံး နေရာတွင် တစ်နေ့တာလုံးအတွက် တစ်အိုးဟု ပြင်ဆင်ရလျှင်ပိုမှန်မည်။ ကျွန်တော် တစ်နေ့ကို ကော်ဖီတစ်အိုး သောက်ပါသည်။
ကော်ဖီက ပေးသော နှိုင်းတုမဲ့ ရနံ့ကို အချိန်တိုင်း ကျွန်တော်သတိရနေတတ်သည်။
ယခင်ကဆို ကျွန်တော့်ရုံးခန်းလေးထဲတွင် ကော်ဖီနှပ်အိုးတစ်အိုးဖြင့် နှပ်ထားသော ကော်ဖီကို ရုံးတက်ချိန်တစ်ချိန်လုံး သောက်သုံးနေလေ့ရှိသည်။ ကျွန်တော့်ရုံးခန်းကျဉ်းလေးထဲလာရောက် သော ဧည့်သည်တို့သည် ခင်ဗျားရုံးခန်းက ကော်ဖီဆိုင်လေးလိုပဲဟု ပြောစမှတ်ပြုကြသည်။
ဖုန်တစ်စမကျန်အောင်ရှင်းလင်းထားသော၊ မှန်သားစားပွဲသေးသေးတစ်လုံးပေါ်တွင်တော့ ပလပ်ထိုးထားပြီး အမြဲပူနွေးနေ သော ကော်ဖီနှပ် စက်ကလေးနှင့် ဖန်သားပန်အိုးလေး တစ်လုံးရှိ သည်။ ပန်းတစ်ပွင့်နှစ်ပွင့်၊ တစ်ခါတရံစံပယ်များ၊ ရာသီချိန် တွင် ပန်းပိတောက်များ ဝေနေအောင် ထိုးထားလေ့ရှိသည်။ နံရံတွင် ပန်းချီကားများ၊ ဓာတ်ပုံများရှိသည်။ လေအေးစက်က အခန်းအပူချိန် ကို သင့်လျော်အောင်ချိန်ညှိထားသည်။ နောက်ထပ် စားပွဲတစ်လုံးတွင် အင်တာနက် လိုင်း ချိပ်ဆက် ထားသည့် ကွန်ပြူတာတစ်လုံးရှိသည်။ ထိုကွန်ပြူတာကတစ်ဆင့် အချိန်မရွေး တစ်ကမ္ဘာလုံးက မိတ်ဆွေတွေနှင့် ထိတွေ့ နိုင်သည်။ သိလိုသည့် အချက်အလက်များ ရှာဖွေနိုင်သည်။ နှစ်သက်ရာ ဂီတကို ညင်ညင်သာသာဖွင့်နားဆင်နိုင်သည်။
ကျွန်တော့်အလုပ်စားပွဲ၏ညာဘက်စင်တွင် ရုံးလုပ်ငန်းအတွက်လိုအပ်သော ဖိုင်များနှင့် စာအုပ်များထားရှိသည့် စင်တစ်စင် ရှိသည်။ အလုပ်ပါးချိန်တွင် စာဖတ်လိုပါက လက်တစ်ကမ်းတွင် လှမ်းယူဖတ်နိုင်အောင် စီစဉ်ထားသည်။ စာဖတ်ခြင်းသည် ကျွန်တော့်အတွက် နေ့တဓူဝ အစာစား နေရခြင်းနှင့် အလားသဏ္ဍာန်တူသည်။ အစာစားချိန်တွင် မစားရပါက ဗိုက်ဆာ လာသလို၊ စာမဖတ်ရချိန်နည်းနည်းကြာလာလျှင်လည်း စိတ်ဆာလာတတ်သည်။ ထို့ကြောင့် ပုံမှန်ထမင်းစားရ သလို ပုံမှန်လေးလည်း စာဖတ်ရပြန်သည်။
ကီတာရိုး၊ ရာနီးတို့၏ဂီတကို တိုးတိုးသိမ့်သိမ့်ဖွင့်ထားပြီး ကော်ဖီနံ့တသင်းသင်းနှင့် ဆောင်းရာသီအတုတစ်ခုတွင် နေထိုင်ရင်း စာဖတ်ရခြင်း အရသာကို မှန်းဆကြည့်ပါ။ လမ်းမကြီးပေါ် က ဒလမန်းကြမ်းမောင်း ဖြတ်သန်းသွားသော ဘတ်စ်ကားကြီးများ၏ တုန်ဟီးအသံကိုသာ ထည့်မတွက် လျှင် ထိုအခိုက်အတန့်ကို နိဗ္ဗာန်ဟု ပိုပိုသာသာ အညွှန်းပြုက မှားအံ့မထင်ပါ။
ထိုရုံးခန်းလေးနှင့် ခွဲခွာခဲ့ရပြီး အလွန်အေးစက်သော (တစ်နယ်လုံးကို လေအေးစက်တပ် ဆင်ထားသလိုဖြစ်နေသော) တောင်ပေါ်ဒေသလေးသို့ ရောက်ရှိခဲ့ရပြန်သည်။
ညကြီးသန်းခေါင်မှ အလုပ်ကပြန်လေ့ရှိသော ကျွန်တော့ကားပေါ်တွင် ဆီးနှင်းတို့ဖုံးအုပ် ရောက်ရှိနေတတ်သည့် နေ့များတွင် ကားရှေ့လေကာမှန်မှ ထိုနှင်းများကို ရေဖြင့်ပက်ဖြိုရသည်။ တစ်ခါတစ်ရံ ရေပိုက်ကိုင်ရမှာအေးစက်လွန်းသည့်အခိုက် မျက်လုံးတစ်ကြည့်စာနေရာ နှင်းဖတ် တွေ ခွာပြီး ကားမောင်းရသည်။ ကျွန်တော့်ရုံးနှင့် ကျွန်တော့်အိမ်သည် ကားဖြင့် သုံးမီနစ်သာ မောင်းရသောကြောင့် အချို့နေ့များတွင် လမ်းလျှောက်၍ပြန်သည်။
ထိုမျှအေးသောရာသီ၊ အေးသောညများတွင် အိမ်ပြန်ရောက်သည်နှင့် ကျွန်တော် အရက် သောက်သည်။ Jack Daniel’s ဟူသော အရက်ထဲတွင် နှပ်ကော်ဖီပူပူလေး ထည့်သောက်ရသော အရသာကို ကျွန်တော် ကြိုက်သည်။ အလိုက်ဖက်ဆုံးအတွဲအစပ်ဟုလည်း ထင်သည်။ ထိုအရသာကို မိတ်ဆက်မိပြီးသော အခါ တောင်ပေါ်သား ကျွန်တော့်မိတ်ဆွေသူငယ်ချင်းများသည် ဂျက်နှင့်ကော်ဖီအတွဲကို နှစ်သက်စွာ သောက်သုံးသူများ ဖြစ်လာခဲ့ဖူးသည်။
ဆိုလိုသည်မှာ ကျွန်တော်သည် ကော်ဖီကြိုက်သူတစ်ဦးဖြစ်ကြောင်း ပြောလိုရင်းဖြစ်သည်။ ဗိုလ်ချစ်ကောင်း၏ မြန်မာကျော်ခဲ့သော “ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်” “ဘဝဟာ .. ကော်ဖီခါး” သီချင်းတွေ မပေါ်မီကတည်းက ကော်ဖီကြိုက်ခဲ့သော ကျွန်တော်သည် ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်ဖို့ တစ်ကြိမ်တစ်ခါမျှ စိတ်ကူးမရခဲ့။
ကော်ဖီအမျိုးအမည်များစွာကို စူးစမ်းသောက်ခဲ့ဖူးသည်။ ရှာသောက်နေတတ်သည်။ တစ်နှစ်က မနော်ဟရီ၊ မီကီ တို့နှင့်အတူ ဆရာငြိမ်းဝေ၏ပြပွဲမှ အပြန် ဗီယက်နမ်ကော်ဖီဆိုင်တွင် ထိုင်ဖြစ်သည်။ တစ်ခွက်မှာသည်။ ကြိုက်သည်။ ထို့ကြောင့် နောက်တစ်ခွက် ထပ်မှာသည်။ ကျွန်တော့်နှမများက ကျွန်တော့်ကို ပြူးကြည့်သည်။ မအေးစံပယ်စိုဟု ကျွန်တော်တို့နောက်ပြောင် ခေါ်ဆိုနေသော Espresso ကော်ဖီဆိုလျှင် သကြားမပါ၊ နို့မပါ ၂ခွက်ဆင့် သောက်ကျင့် ရှိသူ ကျွန်တော့်ကို ကော်ဖီသမားများက မနာလိုကြည့်ဖြင့် ကြည့်တတ်ကြသည်။
ရှမ်းပြည်နယ်၏ တောနက်တောင်စွယ်များတွင် နေခဲ့ရစဉ်က ကော်ဖီသောက်ချင်သည်။ တောဖြစ်၍ အသင့်ဖျော်ကော်ဖီများလည်းမရ။ မြို့တက်ဝယ်ရလောက်အောင်လည်း ကိုယ်က မကြွယ်ဝ။ ထို့ကြောင့် အနီးနားရွာက ကော်ဖီစေ့များ သွားကောက်သည်။ ဒယ်အိုးတစ်လုံးတွင် တူးခြစ်အောင် ကိုယ်တိုင်လှော်သည်။ ငရုပ်ဆုံထဲတွင် နည်းနည်းချင်းစီထည့်ပြီး အမှုန့်ဖြစ်အောင် ကြိတ်ထောင်းသည်။ ပတ်တီးများထဲ ထိုကော်ဖီမှုန့်များထည့်ထုပ်ပြီး ရေပွက်ပွက်ဆူဖြင့် နှပ်သည်။ စစ်သုံး မတ်ခွက်တစ်ခွက် အပြည့်ထည့်ပြီး သောက်သည်။ မတ်ခွက်သုံးပုံတစ်ပုံ အကုန်တွင် နှလုံးတွေတဘတ်ဘတ်ခုန်လာပြီး ပျော့ခွေသွားသောကြောင့် ကိုယ့်ရဲဘော်ဆေးမှူးကိုခေါ်ပြီး အကုသ ခံခဲ့ရဖူးသည်။ ဆိုလိုသည်မှာ ကျွန်တော်သည် ကော်ဖီကို သရဲသမင်းစီးနင်းပြီး ကြိုက်ခဲ့ ကြောင်းဖြစ်သည်။ သို့သော် ကော်ဖီဆိုင်တစ်ဆိုင်ကို စိတ်ကူးမယဉ်ခဲ့ဖူး။
တစ်နေ့က မန္တလေးကို ရောက်သည်။
လူမှုကွန်ယက်တွင် နှစ်ချီခင်မင်နေသော မိတ်ဆွေဆရာမတစ်ဦး၏ ကော်ဖီဆိုင်ကို ရောက် ခဲ့သည်။ ပထမဆုံးတွေ့ဆုံခြင်းအဖြစ်စကားတွေ ပြောဆိုကြသည်.။ ကော်ဖီကြိုက်သော ကျွန်တော် ၏ စိတ်ကြိုက် ကော်ဖီဆိုင်လို ပြင်ဆင်ထားခဲ့ဖူးသော ကျွန်တော့် ရုံးခန်းလေးကို စကေးအကြီးကြီး အဖြစ် သူ့ဆိုင်မှာ ပြန်မြင်ခဲ့ရကြောင်းတော့ သူ့ကို မပြောပြဖြစ်ခဲ့။
ကော်ဖီကြိုက်လွန်းသော ကျွန်တော်က ကျွန်တော့်အတွက် ကိုယ့်ကော်ဖီဆိုင် (ရုံးခန်း)လေး ကို တစ်ကိုယ်စာဖန်တီးပြီး အတ္တကြီးခဲ့၊ ဇိမ်ခံခဲ့သည်။ သူက ငွေတွေ အပုံလိုက်ရင်းနှီးပြီး လူတွေအတွက် အိပ်မက်တစ်ခုကို ကော်ဖီဆိုင်ဖြင့် ဖန်တီးပြနေသည်။ ထိုသည် အထိ ရောက်ရှိ သွားသော အတွေးများက၊ ကျွန်တော့်ကို ဝေဝေသီသီ တိမ်းတိမ်းမူးမူးဖြစ်စေခဲ့သည်။
(၂)
ထိုဆိုင်လေးသည် မန်းတက္ကသိုလ်နှင့်မနီးမဝေးတွင်ရှိသည်။
တမင်တကာပင် ပညာရပ်ဝန်း၊ လူငယ်ရပ်ဝန်းဖြစ်သော တက္ကသိုလ်ဝန်းကျင်နယ်မြေတွင် ရွေးချယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်နိုင်သည်။
သူရည်ရွယ်ရာ ပရိတ်သတ်၊ စားသုံးသူများသည် ပညာရပ်ဝန်းမှ လူငယ်များဖြစ်ခြိမ့်မည်။
ထိုဆိုင်ပိုင်ရှင် မိတ်ဆွေနှင့်ကျွန်တော်၊ စကားစမြည် အကြာကြီး ပြောဖြစ်သည်။
စီးပွားရေးလုပ်ငန်း အများကြီးထဲကမှ ဘာ့ကြောင့် ဒီကော်ဖီဆိုင်ကို ရွေးလုပ်ဖြစ်သည်လည်း ဟု မေးတော့၊ သူဖြေသည်မှာ “ကိုယ်တတ်နိုင်တဲ့ ဘောင်ထဲကနေ လူတွေကို ခဏလေးဖြစ်ဖြစ် ပျော်ရွှင် စေချင်လို့၊ ပြီးတော့ လူငယ်တွေကို စာဖတ်စေချင်လို့” ဟုဆိုသည်။ အတန်ငယ် အတွေးရ ကြပ်စေသော အူကြောင်ကြောင်နိုင်သည်ဟု ထင်ရစေသော အဖြေဖြစ်သည်။
ကော်ဖီသောက်လျှင် လူတွေ ခဏဖြစ်ဖြစ် ပျော်သတဲ့လား။ သူက ကော်ဖီထဲတွင် အပျော် တွေထည့်ဖျော်ရောင်းချသူလား။ ကော်ဖီထဲမှာ လူတွေကို ပျော်ရွှင်စေသော သတ္တိများ ပါဝင်သလား။
ကျွန်တော်စဉ်းစားသည်။ ကော်ဖီဆိုင်တစ်ခုသဖွယ် ကျွန်တော်ဖန်တီးထားသော ကျွန်တော့် ရုံးခန်းတွင် ကော်ဖီသောက် ရချိန်များ၌ ကျွန်တော် ပျော်နေမိသည်/ပျော်နေတတ်သည်ကတော့ဖြင့် သေချာသည်။ ကျွန်တော်သည် ကျွန်တော့်ကော်ဖီ ရုံးခန်းလေးကို ကိုယ်တတ်နိုင်သမျှ ကိုယ့် စိတ်ကြိုက် ဝန်းကျင်လေးတစ်ခုအဖြစ် ဖန်တီးထားနိုင်ခဲ့ခြင်းကြောင့် ပျော်ရွှင်နေခြင်းဖြစ်နိုင်သည်။
သူ့ဆိုင်လေးတွင်လည်း ကျွန်တော့်ရုံးခန်းထက်သာသော ဝန်းကျင်တစ်ခုကို ဖန်တီးထားနိုင် သည်ကို တွေ့ရသည်။ တစ်ခုတော့ ရှိသည်။ ကျွန်တော့်ရုံးခန်းက ကျွန်တော်တစ်ယောက်တည်း အတွက် ဖန်တီးထားတာဖြစ်ပြီး သူ့ဆိုင်ကတော့ လူတိုင်းအတွက်ဖန်တီးထားသဖြင့် ဆိုင်လာသူ များနှင့် ရှုတ်ရှုတ်ထွေးထွေး (သို့သော် နွေးနွေးထွေးထွေး သိမ်သိမ်မွေ့မွေ့ဝန်းကျင်) ဖြစ်နေသည်။
မွှေးပျံ့သောကော်ဖီရနံ့များရှိသည့် အခန်းတစ်ခုထဲတွင် သက်တောင့်သက်သာဖြစ်စေမည့် အပူချိန်တစ်ခု ထည့်သိုထားသည်။လုံလောက်သည့် အလင်းရောင်တစ်ခုအောက်တွင် ကြီးမားသော စာအုပ်စင်ကြီးများ မတ်မတ်ရပ်နေကြသည်။ ထိုစင်ပေါ်မှာ ထောင်ချီရှိနေသော စာအုပ်များက သူတို့ကိုယူငင်ဖတ်ရှုမည့်သူနှင့် ဝယ်ယူ သယ်ဆောင်သွားမည့်သူများကို စောင့်နေကြသည်။
အခန်းထောင့်တစ်ခုတွင် လိုအပ်လျှင် ဝယ်ယူအသုံးပြုနိုင်သည့် အရုပ်များ၊ အသံများ ပါသော ဒေတာများ ရောင်းချသည့် ကောင်တာလေးတစ်လုံးရှိသည်။ ရုပ်ရှင်များ၊ သီချင်းများ၊ တရားခွေများ၊ ဟောပြောပွဲများ၊ ဓာတ်ပုံများ၊ စာအုပ်များ၊ မှတ်တမ်းများ စသည့် ဒစ်ဂျစ်တယ် စံနစ်ဖြင့်သိမ်းဆည်းထားသော ဒေတာများကို ရောင်းချခြင်းဖြစ်သည်။
အခန်းသာနေရာလုံလောက်သေးလျှင် မှန်အလုံပိတ်ထဲတွင် စိတ်ကြိုက်တီးခတ်နိုင်သော ဂီတအခန်းလေးတစ်ခု လုပ်ချင်သေးကြောင်း။ ကော်ဖီလာသောက်ရင်း စိတ်အပန်းဖြေတီးခတ် လိုပါက တီးခတ်နိုင်ရန် ဂစ်တာ၊ ပီယာနို စသည့် တူရိယာများ ထည့်သွင်း ပေးထားမည်ဖြစ်ကြောင်း။ နောက်တစ်နေရာတွင် ပုံဆွဲစက္ကူများ ဆေးများ ချထားပေးမည့် ပန်းချီ ကော်နာလေးတစ်ခုလည်း လုပ်ချင်သေးကြောင်း။ ပန်းချီဆွဲလိုစိတ်ရှိသူများ ယူငင်ဆွဲသားနိုင်ရန် ဖြစ်ကြောင်း အိပ်မက်များကို ပြောပြသည်။ သူပိုင်သော ကော်ဖီဆိုင်လေးထဲတွင် အိပ်မက်များကို ပြွတ်သိပ်ထိုးထည့်ရန်ကြံစည် နေသော အိပ်မက်လောဘကြီးလှသူဖြစ်၏။
ကျွန်တော်ရောက်သွားချိန်တွင် ကော်ဖီပရိသတ်များ ဆိုင်လုံးပြည့်ရှိသည်။ အချို့က ပါလာသော Laptop လေးများကို ဆိုင်နံရံက၊ ပလပ်ပေါက်တွင် ချိပ်ဆက်ပြီး အင်တာနက်သုံးနေ ကြသည်။ ကျောင်းစာလုပ်နေသူများလည်းတွေ့ရသည်။ သက်တောင့်သက်သာရှိသည့် ဆိုဖာတွင် စာအုပ် တစ်အုပ်နှင့် သည်းကြီးမည်းကြီး နပမ်းသတ်နေသူများလည်း ရှိသည်။ ထိုင်ခုံနေရာလွတ်မရှိ လျှင်စာအုပ်စင်ဘေးက ကြမ်းပြင် (မြက်ခင်းအတုလေးခင်းထားသော)တွင် ဖင်ချထိုင်ပြီး ဖတ်နေသူ များလည်း ရှိသည်။
ဆိုင်ပိုင်ရှင် ဆရာမက ထိုသူများကို မျက်လုံးတစ်ချက်ဝေ့ကြည့်ပြီး “လူငယ်တွေ စာ မဖတ်ချင်ကြဘူး လို့ ဘယ်သူပြောလဲ” ဟု ကျွန်တော့်ကို စကားဆိုသည်။ “ကျွန်မတို့က သူတို့စာဖတ်နိုင်တဲ့ ဝန်းကျင်တွေ မဖန်တီးပေးထားနိုင်လို့ သူတို့စာမဖတ်ကြတာကော မဖြစ်နိုင်ဘူးလား” ဟု မေးသည်။ အမှန်လည်းတွေးကြည့်သင့်သော တွေးထောင့်တစ်ခုဖြစ်သည်။ ခုတော့ ကျွန်တော်တို့က ဒီခေတ်ကြီးမှာ လူငယ်တွေ စာမဖတ်ကြတော့ဘူးဗျာဟုသာ မြည်တွန်တောက်တီး မိနေကြပြီ။ နေလေ့ရှိသည်။ အခြားတွေးထောင့်တစ်ခုဖြင့် အမြင်ပြောင်းရန် မကြိုးစားမိ။
မြန်မာပြည်အနှံ့ စာအုပ်ဆိုင်များက စာမြည်းဖို့ စာဖတ်ဖို့ နေရာမစီစဉ်ထားသည်ကို စာအုပ်ဆိုင်များစွာကိုဝင်ထွက်ဝယ်ယူနေတတ်သော ကျွန်တော်သိသည်။ သူများနိုင်ငံကို ရောက် သည့်အခိုက် စာအုပ်ဆိုင်များတွင်၊ စာအုပ်စင်တွေကြားမှာ တစ်ထိုင်တည်း စာထိုင် ဖတ်နေသော လူငယ်များကို သတိရ သွားမိသည်။ ကျွန်တော်တို့ဆီတွင်မူ ထိုအလေ့အထကို မတွေ့ရ။ ယခုမူ ကော်ဖီကို စာအုပ်နှင့် တွဲရောင်းသည့် သူ့ဆိုင်တွင် ထိုယဉ်ကျေးမှုကို ပျိုးထောင်နေသည်ကို တွေ့ရတော့ ပီတိ ဖြစ်မိသည်။
ထိုဆိုင်တွင် ဘာသောက်မလဲဟု လာမေးသည့် ဝန်ဆောင်မှုလည်း မရှိ။ သောက်လိုပါက ကော်ဖီကောင်တာတွင် သွားမှာ၊ သွားယူသောက်ရုံ။ ဘာမှ မသောက်ပဲ စာအုပ်လာထိုင်ဖတ်နေလျှင် လည်း ဘယ်သူကမျှ လာပြောကြမည်မဟုတ်။ နှင်မည်မဟုတ်။ မလိုသောစိတ်ဖြင့် ခါးခါးကြည့်နေ မည်မဟုတ်။
စာအုပ်တွေကို လိုက်ရှာ လိုက်မြည်းနေလျှင် အလစ်မှာလွယ်အိပ်ထဲ ကောက်ထည့်သွား လေးမလားဟူသည့် သံသယဖြင့် နောက်က တစ်ကောက်ကောက်လိုက်ကြည့်နေသော မျက်လုံး များလည်း မတွေ့ရ။ စကားတိုးတိုး ပြောပါ။ ဆေးလိပ်မသောက်ရ။ ကွမ်းတံတွေး မထွေးရ။ ယူပြီးစာအုပ်များ နေသားတကျပြန်ထားပါ စသဖြင့် အမိန့်ညွှန်ကြားချက်စာရွက်များ နံရံတွင် ကပ် ထားသည်ကိုလည်း မမြင်ရ။
သူ့စားသုံးသူများသည် ဘာညွှန်ကြားချက်မျှရှိမနေသော သူ့ဆိုင်လေးကို သူတို့ကိုယ်ပိုင် ဆိုင် ၊ ကိုယ်ပိုင်အခန်း၊ ကိုယ်ပိုင်အိမ်ဟု သတ်မှတ်ပြီး မညွှန်ကြားထားသောညွှန်ကြား ချက်များကို တိတိကျကျလိုက်နာနေထိုင်သည်ကိုတွေ့ရသည်။
“ဝမ်းတီး၊ တူးကော်။ ဝမ်းနံထောမယ်” ဟူသော ဆူညံသည့် လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု ပူပူနှင့် ထိတွေ့ယဉ်ပါးနေရသူတစ်ဦးအနေဖြင့် ယခုကော်ဖီဆိုင်၏အခင်းအကျင်းအငွေ့အသက် က တပါးတစ်နေရာသို့ ရောက်နေရသလို ခံစားရစေသည်။ ဝတ်နေကျ အင်္ကျီ၊ ဆိုနေကျ သီချင်း မဟုတ်တော့။
“လုပ်သားရင်းမြစ် လွယ်ရဲ့လား” မေးတော့၊ သူ့အစီစဉ်သစ်တစ်ခုအကြောင်း ပြောပြသည်။ ထိုအစီစဉ်က သူ့ဆိုင်အတွက် လိုအပ်သော လုပ်သားများကို ကျောင်းသားများအား အချိန်ပိုင်းလုပ် သားများအဖြစ် ခေါ်ယူအသုံးပြုသည့် အစီစဉ်ဖြစ်သည်။
ကျောင်းတက်ဆဲ၊ ပညာသင်ဆဲ ကျောင်းသားများ အချိန်ပိုင်းအလုပ်လုပ်၍ ဝင်ငွေ (ကျောင်း စရိတ်၊ မုန့်ဖိုး၊ အသုံးစရိတ်) ရှာသော အလေ့အထ ကျွန်တော်တို့ဆီတွင်မရှိ။ သူတပါးနိုင်ငံ တွင် တော့ ထိုအလေ့အထကို ကောင်းစွာပျိုးထောင်ကြသည်။ ကျောင်းသားလေးများအတွက် အချိန်ပိုင်း အလုပ်နေရာများ ချန်ထား၊ ဖေါ်ဆောင် ထားကြသည်။ ခေါ်ခိုင်းသည်။ ကျောင်းသားများကလည်း ထိုသို့အလုပ်လုပ်ရခြင်းကို ဂုဏ်ငယ်သည် ဟုမထင်။ ကျေကျေနပ်နပ်လုပ်ကြသည်။ ကိုယ့်လုပ်အား ဖြင့်ရသောဝင်ငွေကိုသုံးရခြင်းဟူသော ခံစားမှု၊ စိတ်ကျေနပ်မှုရစေသည်။
ကျွန်တော်တို့ဆီတွင် ကျောင်းသားဟူသည် လိုသမျှကို မိဘဆီကလက်ဖြန့်ခံတောင်းရမည်။ မိဘကလည်း ပေးရမည်ဟူသော အသိနှင့်သာယဉ်ပါးနေထိုင်ကြသည်။ ကိုယ့်အားကိုယ်ကိုးခြင်းနှင့် အလုပ်တန်ဖိုးအကြောင်းကို သိအောင်လေ့ကျင့်မွေးမြူပေးဖို့ မစဉ်းစားကြ။
ယင်းကွက်လပ်ကို ထိုကော်ဖီဆိုင်ကလေးက ဖြည့်ဖို့ ပြင်ဖို့ စဉ်းစားလုပ်ဆောင်နေသည်ဆို တော့ အံ့သြကျေနပ်မိသည်။ အလုပ်လာလျှောက်တဲ့လူရောရှိလားဆိုတော့ ထင်ထားတာထက် အများကြီးကို ပိုပါတယ်တဲ့။ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေတောင် လာလျှောက်ကြတယ် ဟု ပြောသည်။ ဒီတက္ကသိုလ်ဝန်းကျင်က လုပ်ငန်းတွေ၊ ဆိုင်တွေမှာ အဲ့လိုအလုပ်အကိုင်နေရာလေး တွေ ဖေါ်ဆောင်ပေးပြီး ကျောင်းသားတွေကို အချိန်ပိုင်းအလုပ်လုပ် ခွင့်ပေးဖို့ အစိုးရက အမိန့် တစ်ခုခုလောက်ထုတ်ပြီး ဦးဆောင်လှုံ့ဆော်ပေးရင် အဲ့ဒီအလေ့အထဖြစ်ထွန်းတည်တံ့လာမည်ဟု သူက မျှော်လင့်ယုံကြည်နေသည်။ ကောင်းမွန်သော အလေ့အထ၊ အကျင့်အမူတစ်ခုဖြစ်ထွန်းရန်၊ ဘယ်သူ့အားကိုမှ မျှော်မယူ၊ မိမိကိုယ်တိုင်မှ စမည်ဟူသောစိတ်ဖြင့် တာဝန်ယူဆောင်ရွက်နေသော သူ့လုပ်ငန်းလေးကို ချစ်ခင်မိခဲ့သည်။
ထိုချစ်စိတ်ဖြင့်ပင် ကော်ဖီဆိုင်မှ ကျွန်တော်ပြန်ခဲ့ပြီ။
ကျွန်တော့်အတွေးများကတော့ ကော်ဖီဆိုင်ထဲတွင် ထိုင်မြဲထိုင်နေပြီး၊ မွှေးမြသော ကော်ဖီရနံ့များကို သောက်သုံးရင်း ဆက်လက် တွေးမြဲ တွေးနေဆဲဖြစ်သည်။
(၃)
မန္တလေးတွင် ကော်ဖီဆိုင်တစ်ဆိုင်ရှိသည်။
ထိုကော်ဖီဆိုင်တွင် ကော်ဖီမွှေးမွှေးများရှိသည်။
၀ါကျပေါင်းများစွာကို သီဖွဲ့ချုပ်သိမ်းထားသော စာအုပ်များစွာရှိသည်။
ဒီဂျစ်တယ် ဒေတာများစွာရှိသည်။
လူတွေကို ပျော်ရွှင်စေလိုသော ဆိုင်ရှင်တစ်ဦးလည်းရှိသည်။
ထို့အတူ လူ့အဖွဲ့အစည်းတစ်ခုကို ပိုမိုမြင့်မားကောင်းမွန်ရာသို့ တွန်းထိုး မောင်းနှင်လိုသော ဝိဉာဉ်များ ရှိနေသည်ဟု ကျွန်တော်ထင်ပါသည်။
နောင်တွင် လူမှုဝန်းကျင်ကို ပိုမိုကောင်းမွန်သောဝန်းကျင်တစ်ခုဖြစ်အောင် ကျွန်တော် စဉ်းစား ကြံဆောင်တိုင်း ကျွန်တော့်အတွေးများတွင် ကော်ဖီနံ့များ သင်းပျံ့နေမည်မှာ သေချာသည်။
အခွင့်သာလျှင် လူတွေကို ခဏတာဖြစ်ဖြစ် ပျော်ရွှင်စေနိုင်မည့် ကော်ဖီဆိုင်လေး တစ်ဆိုင် ကျွန်တော်ဖွင့်ချင်ပါသည်။
လောလောဆယ်တော့ မန်းရောက်ခိုက် ကော်ဖီသောက်ချင်လျှင် ထိုဆိုင်လေးတွင် ထိုင်ပြီး ကော်ဖီကို စာအုပ်နှင့်မြည်းနေမိဦးတော့မည်မှာ သေချာသည်။
ဂျွန်လ (၅) ရက် ၂၀၁၈
မနက် (၉:၄၅) နာရီ။ နေပြည်တော်။
Comments