ဘကြီးမွှေး ဆိုသည်မှာက သက်တမ်းရှည် အရောင်းသမားကြီး တဦးဖြစ်သည်။ တခါက ကျနော့်ဆိုင်တွင်ထိုင် "ဘယ့်နှယ့်တုန်း ငါ့တူ အရောင်းအဝယ် တွင်ကျယ်ရဲ့လား" ဟု မေး၏။ ကျနော်က ပက်လက်ကုလားထိုင်တွင် လျောင်းလျက် စာဖတ်နေသည်ဖြစ်၍ အာရုံပျက်သည် မဖြေချင်။ သို့သော် ဤအပြုအမူသည် မကောင်း။ ဖြေရသည်။ "ဒီလိုပါပဲ ဘကြီးရ" ဟု တိုတိုတုတ်တုတ်ဖြေသည်။ သူက ထပ်မေးသည် ဂျာနယ် တနေ့ ဘယ်နှစောင် ရောင်းရသလဲ၊ စာအုပ်ကရော တနေ့ ဘယ်နှအုပ်ရသလဲ။ သိပ်မရောင်းရပါ။ ဟု ကျနော်ကပြန်ဖြေရ။ ထိုကစ သူက သူ့ဇာတ်လမ်းကို စပါသည်။ ဒါမျိုးဆိုလျှင် ကျနော်ကလည်း စာဖတ်ရသည်ထက် ပိုဝါသနာပါလှ၍ နားထောင်ရန် နောက်မီကုလားထိုင်ကို နည်းနည်းဖြောင့်ကာ နားစွင့် စိတ်ဝင်စားဟန်ပြပါသည်။
ကျောက်ဆည်မှာ ငါ စျေးရောင်းတာ နှစ်ဆယ့်နဲ့ခြောက်နှစ် ရှိပြီ။ ငါ မရောက်ဖူးတဲ့ နေရာဆိုတာ ကျောက်ဆည်မှာ မရှိ။ ဒီနေ့ဆိုရင် အခု ဘယ်နှနာရီ ရှိပြီလဲ။ ၂ နာရီ။ ဒါ ငါ တဖြတ် နားတာ။ ရောင်းကြေး တစ်သောင်းနဲ့ ရှစ်ထောင်ရပြီ။ အမြတ်က ခြောက်ထောင် ခုနစ်ထောင် ပြေးမလွတ်ဘူး။ လူတွေက ငါ့ကိုကြည့်ပြီး ဝယ်ကြတယ်ကွ။ ငါ့ပစ္စည်းတွေက စျေးကြီးနေမှန်းသူတို့ သိသားပဲ။ ဒါပေမယ့် လွယ်တော့ ဝယ်ကြတာပဲ။ မင်း ဘဝတလျှောက်လုံးမှာ လက်သည်းညှပ် ဘယ်နှခု ဝယ်ဖူးသလဲ ငါ မသိဘူး။ တနေ့ကို ငါ လက်သည်းညှပ် ၁၀ ခု အနည်းဆုံးရောင်းရတယ်။ သေချာစဉ်းစားကြည့်ရင် လူတွေများ အလုပ်မရှိ အကိုင်မရှိ လက်သည်းပဲ ထိုင်ညှပ်နေသလားတောင် အောက်မေ့ရအောင် ရောင်းရတာပဲ။ တကယ်တော့ ဘယ်ဟုတ်မလဲကွ။ ပျောက်ကြတာကိုး။ တခု သုံးလေး ငါးရာကို ဘယ်သူကမြင်မှာလဲ။ သင်္ကြန်စာ ဆိုရင်ကို သူများတွေက သုံးရာ ရောင်းကြတယ်။ ငါက ငါးရာ ရောင်းတယ်။ ဝယ်ကြတာပဲဟ။ ယူစျေးက တစောင် ရှစ်ဆယ် ပေးရတာ။ တချို့လူတွေက ငါ့ကို ပြောတယ်။ ဘကြီးမွှေး ခင်ဗျားက အမြတ်ကြီးစားလွန်းတယ်တဲ့။ ငါက ပြတ်ပြတ်ပဲ ဟကောင် ကျေနပ်မှဝယ် တနေ့တနေ့ မြို့စွန် အင်ဒိုင်းကနေ တမြို့လုံး တနယ်လုံး နေပူကျဲတဲထဲ လမ်းလျှောက်ရောင်းရတာ။ ငါ့အသက် ခုနစ်ဆယ့်တစ် ရှိပြီကွ။ ငါ့ မိန်းမ ရှိသေးတယ်။ သားသမီး မရှိဘူး။ ငါ့မိန်းမက မနက်ဆိုရင် ထိုင်ကိုယ်တော် ဘုန်းကြီးငါးပါးအမြဲ ဆွမ်းကပ်တယ်။ ငါတော့ ဘယ်တော့မှ မညည်းညူဘူး။ ကျားကျားလျားလျား ယောကျ်ားကွ။ စစ်ထွက်က။ ပင်စင်က တကျပ်မှ မရဘူး။ ဘယ်ရမလဲ ငါတို့ တပ်ရင်းတရင်းလုံး ထောင်ကျပြီး ထွက်ရတာကိုး။ (ဒီနေရာမှာ သူ့ဟာသူ တဟဲဟဲ နဲ့ ရယ်နေသေးတယ်) တပ်ရင်းမှူးရော ဘာရော ညာရော အကုန်ပေါ့။
ဒီနေရာမှာ ဘကြီးမွှေးက တထောက်နား ရေနွေးသောက်ပါတယ်။ ကျနော့်ကို လှမ်း အကဲခတ်ပါတယ်။ ခေတ်စကားနဲ့ ဆိုရရင် ဒီကောင် ငါ့ တော်ကီမှာ မျောရဲ့လား လှမ်းချက်ပါတယ်။ ကျနော့်မှာလဲ သိချင်တာတွေက များလာ။ သူ စကားဆက်တာကို မစောင့် မေးရတယ်။ ဘကြီးမွှေးက ဘာရာထူးလဲ ဆိုတော့ သူက ပုခုံးဘေးမှာ လက်နဲ့ ကြယ်ပုံသဏ္ဌာန် လုပ်ပြတယ်။ ပုခုံးဘေးဆိုတော့ အခြားအဆင့်၊ ကြယ်ပုံဆိုတော့ ဒု-အရာခံဗိုလ်ပေါ့။ ဟုတ်ပါ့ မင်း ဒါတွေ သိတာပဲ ရယ်လို့ သူက ရယ်ပြီး ပြောတယ်။ ဒါနဲ့ ဘာကိစ္စမို့ တပ်ရင်းတရင်းလုံး ထောင်ကျရတာလဲ ဆိုတော့ ကျောက်စိမ်းပေါ့ကွာ။ ကျောက်စိမ်း ဘုန်းကြတာပဲ။ အဲဒီတုန်းက ငါ သိန်းတထောင်လောက်ကို ရတာတဲ့ (ဒါကတော့ အများကြီး သူ ပိုပြောနေတယ်ဆိုတာ ကျနော် သိသော်လည်း ခေါင်းတငြိမ့်ငြိမ့်လုပ် နည်းဘူးပဲနော် ဘကြီးလို့ ဖိန့်ရတယ်)။ နောက်ထောင်ကျ အေးဆေးပေါ့ကွာ ထောင်ဆိုတာကလည်း ပိုက်ဆံရှိ ဘာဖြစ်တာမှတ်လို့။ လွတ်လာတော့ ငါက တအား သောက်စား ဖဲရိုက် ဂျင်ထိုး လောင်းကစားမှန်သမျှ အကုန်လုပ်တော့ ငါ့ကောင်ရေ အခု စျေးရောင်းစားနေရတာပဲ။ ဒါပေမယ့် ငါက ချမ်းသာဖူးတယ်။
အခု ဆတ်သွားဘုရားပွဲဘက်က ပြန်လာတာ။ လူတွေ သိပ်ရှုပ်ပဲ။ ပြီးရင် ထော်လာဂျီဂိတ်ဘက် သွားမယ်။ ဒါနဲ့ နေစမ်းပါဦး ဒီနေ့ ဥပုဿ်လားကွာ။ ကျနော်က ဗမာနေ့တွေ သိပ်မသိဘူး ဘကြီးလို့ စကားထောက်ရတယ်။ မဟုတ်ဘူးကွ ဒီနေ့ ဒီသုံးဘီးဂိတ်က ဘယ်လိုဖြစ်လို့ လူတွေ မရှိ ဖြစ်နေရတာလဲလို့ မေးတယ်။ ဒါလဲ ကျနော် မသိဘူး ဘကြီး လို့ ဖြေရပြန်တာပေါ့။ ဟာ မင်းကလဲ မသိမှု အားကြီးလိုက်တာကွာ တဲ့။ ကိုယ်စျေးရောင်းနေတဲ့ နေရာအကြောင်းတော့ နားကလေးဘာလေးစွင့်ထားလေကွာ တဲ့။ ဟုတ်ကဲ့ပါ ဘကြီးရာပေါ့။
ပြီးတော့ အကြာကြီးပဲ စကားမပြောတော့ပါ။ အငွေ့တွေ ထနေတဲ့ နေပူထဲက ကတ္တရာလမ်းပေါ်ကို တွေတွေကြီး ငေးကြည့်ရင်း စစ်ကလက်ကြီး ဖွာနေတယ်။ ခေါင်းမှာလဲ ဆံပင်ကမရှိ ကတုံးပြောင်ကြီးနဲ့။ ထိုကတုံးပြောင်ကြီးမှာ သီးနေတဲ့ ချွေးတွေနဲ့။ ဘာတွေများတွေးနေတာပါလိမ့်။
×××××
ဘကြီးအေးက မင်း အိမ်ထောင်မပြုသေးဘူးလား တဲ့။ ဘာဖြစ်လို့လဲလို့မေးတော့ သိဘူးလေကွာ မင်းတို့အရွယ်ဆို ရတတ်ကြတာပဲလို့ ပြောပြီး ဘာမှမပြောတော့ဘူး။ ကျနော်က ဘကြီး ဘယ်အရွယ် မိန်းမရတာတုန်းဆိုတော့ ဘာမှမပြောဘူး။ မေးသာ မေးရတာပါ ဘကြီးအေးဟာ လူပျိုကြီးလား မိန်းမရှိသေးလား ကျနော် မသိပါဘူး။ ကျနော်လည်း သူတခုခု တွေးနေတာ ဖြစ်လိမ့်မယ်လို့ စဉ်းစားမိတာနဲ့ ဘေးတိုက်မြင်နေရတဲ့ ဘကြီးအေးကိုပဲ ဘာရယ်မဟုတ် ငေးကြည့်နေမိလိုက်တယ်။ ဘကြီးအသက်က ခြောက်ဆယ့်ငါး ခုနစ်ဆယ်လောက် ရှိ ဖြစ်မယ် ထင်တာပဲ။ ထင်တာပါ။ သိပ်လည်း မခန့်မှန်းတတ်တော့ မှန်ချင်မှလည်း မှန်မှာပေါ့။ ကျနော်က အဲဒီအသက်အရွယ် စားဝတ်နေရေးအတွက် မပူပင်ရတော့တဲ့ အဘိုးအိုတွေ ခေါင်းထဲမှာ တရားဓမ္မ မဟုတ်ဘူးဆိုရင် ဘာတွေရှိနေတယ်၊ ဘာတွေတွေးနေတယ် ဆိုတာ အရမ်း စိတ်ဝင်စားပဲ။
ညနေဆို ဘကြီးအေးနဲ့ ဒီမှာ အမြဲတွေ့တတ်တယ်။ တယောက်နဲ့ တယောက် မချိန်းဖြစ်ကြဘဲ ဆုံဖြစ်တာပဲ။ လက်ဖက်ရည်ဆိုင်ဆိုတော့ လက်ဖက်ရည်သောက်ရင်း ရေနွေးသောက်ရင်း ဆေးလိပ်ဖွာရင်းပေါ့။ ဒါနဲ့ ကျနော်အရင်ရောက်တော့ ကျနော့်ဝိုင်းကို ဘကြီးအေး လာထိုင်သလို၊ ကျနော်နောက်မှ ရောက်တော့လည်း ဘကြီးအေးရဲ့ဝိုင်းကို ဝင်ထိုက်လိုက်တာပဲ။ နှစ်ယောက်သား စကားတွေ ထွေထွေထူးထူးလည်း မပြောဖြစ်ပါဘူး။ သူလည်း တွေးချင်ရာတွေး ကိုယ်လည်း ငေးချင်ရာငေးနဲ့ မိုးချုပ်မယ်မြင်တော့ ပြန်ကြပေါ့။
ဘကြီးအေးက နည်းနည်းတော့ ထူးဆန်းတယ်။ ဘာထူးဆန်းသလဲတော့ မပြောတတ်ဘူး၊ နည်းနည်းတော့ ထူးဆန်းတယ်။ နောက်ပြီး ဘကြီးအေး စိတ်ဆိုးတာ ကျနော်တော့ တခါမှ မမြင်ဖူးဘူး။ ကျနော်တို့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အချိန်လေးအတွင်းမှာပေါ့လေ။ အေးအေးပဲ။ ဘကြီးအေး တခါတလေ ပြောတတ်တဲ့ စကားတခွန်းတော့ ရှိတယ်။ ကျနော့်ကို ပြောတာလည်း မဟုတ်၊ တယောက်တည်းပြောတဲ့ လေသံလည်း မပါဘဲနဲ့ "ဇိမ်တော့ ကျသားကွာ ဒါပေမယ့် ဒုက္ခပဲ" တဲ့။ ဘာကို ပြောချင်တာလည်း မသိပါဘူး။ အဲဒီစကားကြီး တခါတလေ ပြောတတ်တာပဲ။ ဘာက ဇိမ်ကျပြီး ဘာက ဒုက္ခမှန်းတော့ ကျနော်လည်း တခါမှ တွေးမကြည့်ဖူးပါဘူး။ မှတ်မိသလောက်ဆို အဲဒီစကားကို နာရီဝက်တခါနှုန်းတော့ ဘကြီးအေးပါးစပ်က ထွက်လာတတ်တယ် ထင်တာပဲ။ လက်ဖက်ရည်ဆိုင်ထိုင်တာက တနေ့တနာရီလောက်ဆိုတော့ တခါတလေ နှစ်ခါ၊ အချို့အခါများကျတော့လည်း သုံးခါလောက်တော့ ရွတ်သွားတာပဲ။ ကျနော်လည်း သေချာမမေးမိပါဘူး။ အဲဒီစကားရဲ့ အဓိပ္ပာယ်ကိုလေ။ အဲဒီအသက်အရွယ် အဘိုးကြီးတွေတိုင်းမှာ အဲဒီလို လက်သုံးစကားတခုတော့ ရှိကြမယ်ထင်တာပဲ။ ထင်တာပါ၊ ရှိချင်မှလည်း ရှိမှာပေါ့။ လူတယောက်တော့လည်း ကြုံဖူးသေးတယ်။ သူစကားပြောရင် "ရှင်းရှင်းပြောရရင် ရှင်းရှင်းပြောရရင်" ဆိုတာ ခဏ ခဏ ပါတတ်တာပဲ။ သူ့ ရှင်းရှင်းပြောရရင် ဆိုတာကြီး ဝင်ဝင်ရှုပ်နေတာနဲ့ သူပြောချင်တာက ဘယ်တော့မှ မရှင်းတော့ဘူး။ ထားပါလေ ဒါက။
ဘကြီးအေးက လက်ဖက်ရည်ဆိုင် ရောက်ပြီဆိုတာနဲ့ အနားမှာ စားပွဲထိုးလေးတွေ မရှိရင် ပေါ့ဆိမ့်ဟေ့၊ ဇိမ်တော့ အကျသားကွာနော် ဒါပေမယ့် ဒုက္ခပဲတဲ့။ ပေါ့ဆိမ့်ဟေ့ ဆိုတဲ့ အသံက လက်ဖက်ရည်ဖျော်ခုံက တီးဆရာကြားလောက်အောင်ထိ ကျယ်ပြီး နောက်က စကားကတော့ ကျနော်ကြားရုံ သူကြားရုံပေါ့လေ။
မင်းတို့တွေလည်း ငါတို့လိုနေမှာပဲကွ၊ ဒီလိုပဲ ပြီးသွားမှာတဲ့။ ရုတ်တရက်ကြီး ပြောတယ်။ ကျနော်က ကြားတော့ကြားတယ်၊ တွေးလက်စတန်းလန်းဆိုတော့ ဘာတုံး ဘကြီးလို့ မေးတော့ သြော် မင်းတို့တွေ ငါ့လိုပဲနေမှာလို့ ပြောတာတဲ့။ ကျနော်နဲ့ ဘယ်သူတွေက ဘယ်လို ငါ့လိုတုန်း ဘကြီး ဆိုတော့ ဘာမှ မပြောတော့ဘူး။ အသက်ကြီးလာတဲ့ လူများ ရှင်းရလင်းရတဲ့ ကိစ္စတွေ အတော်စိတ်ကုန်နေကြတယ် ထင်တာပဲ။ ကျနော်တောင် စိတ်တိုသွားတယ်။ ဘကြီးအေးက အဲ့လိုပဲ၊ သူ မပြောချင် မပြောတော့ဘူး။ လမ်းကိုငေးနေတယ်။ ငေးနေတယ်ဆိုတဲ့ ကြိယာဟာ အသက်ကြီးအဘိုးကြီးတွေနဲ့ အလိုက်ဖက်ဆုံးပဲလို့ ကျနော်တော့ တွေးမိတာပဲ။ "ဇိမ်တော့ ကျသားကွာ ဒါပေမယ့် ဒုက္ခပဲတဲ့" ငေးနေရင်းနဲ့ ပြောတယ်။
အင်း ဘကြီးအေးနဲ့တော့ ခက်ပြီ။ ဘကြီး ခု ဘာတွေစဉ်းစားနေလဲလို့ မေးတော့ မင်းပြောမှ တွေးမိတာပဲကွာ တဲ့။ ငါ့ ခေါင်းထဲ ဘာမှမရှိဘူး။ ဒီတိုင်း မြင်နေရတာ လိုက်ကြည့်နေတာပဲကွ တဲ့။ ဇိမ်တော့ ကျသားကွာ ဒါပေမယ့် ဒုက္ခပဲတဲ့။ ကျနော်က ဘကြီး ဒီနေ့ အဲဒီဝါကျ အပြောနည်းနည်းစိပ်တယ်နော်လို့ ပြောတော့ ကျနော်မြင်ရသလောက် အပေါ်သုံး၊ အောက်လေးပဲရှိတဲ့ သွားလေးတွေ ဖြဲပြီး ရယ်ပြတယ်။ ဘကြီးအေး ပြံုးလိုက်ရင် ချစ်စရာတော့ကောင်းသားလို့တောင် ကျနော် တွေးမိတယ်။ ဘကြီးအေး ပြံုးလိုက်တိုင်း ကျနော် အဲဒီလို တွေးမိတယ် ထင်တာပဲ။
ဒီနေ့နေရတာ အေးချမ်းတယ်ကွနော်တဲ့။ ဘကြီးအေးက ပြောတော့ ကျနော်လည်း တောင်ကြည့်မြောက်ကြည့်လုပ်ပြီး ဟုတ်တယ် ဘကြီးလို့ ထောက်ခံလိုက်မိတယ်။ မင်းတို့ကတော့ တွေးဖို့ မလိုသေးဘူးကွ။ ငါကတော့ ဒီလိုနေ့မျိုး သေချင်တာပဲတဲ့။ ကျနော်က ဘာလို့တုန်း၊ ဘာလို့ သေချင်ရတာတုန်း ဘကြီးရ ဆိုတော့ သေချင်တာ မဟုတ်ဘူးကွ။ သေမယ်ဆို ဒီလိုနေ့မျိုးလေး သေချင်တယ်လို့ ပြောတာကွ၊ အေးအေးချမ်းချမ်း သေရတာပေါ့ကွာ တဲ့။ ကျနော်လည်း ဘကြီးအေးကိုပဲ ငေးကြည့်နေမိတယ်။ ဘကြီးအေးက ဘာတုန်းကွ ဆိုပြီး အပေါ်သုံး အောက်လေး လေးပေါ်အောင် ရယ်ပြတယ်။ ဘကြီးအေးရယ်တော့ ကျနော်လည်း ချစ်စရာတော့ ကောင်းသားလို့ တွေးမိပြန်ရော။
ပြန်တော့မယ်ကွာ၊ မှောင်တော့မယ် လို့ပြောပြီး ကျနော့် လက်ဖက်ရည်ဖိုးပါရှင်းလို့ ဘကြီးအေးထွက်သွားတယ်။ ဓာတ်မီးကို ခါးမှာထိုးထားတဲ့ ဘကြီးအေး နောက်ကျောကို ကြည့်ရင်း အသက်ကြီးတဲ့ လူတွေရဲ့ ဦးနှောက်ထဲမှာ ဘာတွေရှိမလဲ၊ ဘာတွေ သူတို့ စဉ်းစားနိုင်မလဲလို့ ဆက်တွေးနေဖြစ်တယ်။
*****
ကျနော် အသက်ကြီးလို့ အဘိုးအို ဖြစ်တဲ့အခါ ဘကြီးမွှေး ဘကြီးအေး တို့လို ဘကြီးတွေးဖြစ်ဦးမှာပဲ။ ဘာတွေ တွေးမိမယ် ကျနော်လဲ မသိနိုင်ပါဘူး။ ဒီလိုမဟုတ်ဘဲ သူတို့လိုတောင် မအိုလိုက်ရဘဲ သေသွားတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဘယ်သူ သိနိုင်မှာလဲ။
လင်းခါး
အက်ဆေး
Comments