Skip to main content

ဇိုးသမားတို့ အိမ်အပြန် (ယမကာလုလင်)



အကာလ ညအခါတွင် သီချင်းတကြော်ကြော်အော်၍ ဖြစ်စေ၊ ဘောလုံးသမားတစ်ယောက် တစ်ဖက်အသင်း ကလူကို လိမ်ခေါက်ဖို့ ကြိုးစားသည့်ဟန်မျိုး ယိုင်တိယိုင်ထိုးပုံစံဖြင့် ဖြစ်စေ၊ ဆိုက်ကားပေါ်မှာ ပိုးလိုးပက်လက် လန်၍ ဖြစ်စေ၊ ဘတ်စ်ကားပေါ်မှာ ခေါင်းငိုက်စိုက်ချ၍ ဖြစ်စေ ပုံစံအမျိုးမျိုးနှင့် အိမ်ပြန်ကြသော ဇိုးသမားများကို မြင်ဖူးကြပေလိမ့်မည်။
သူတို့သည် တချို့က အိမ်စောစောပြန်သည်။ တချို့က ညဉ့်နက်မှ ပြန်သည်။ တချို့က အိမ်တန်းပြန် သည်။ တချို့က လမ်းမှာ ဆိုင်တစ်ဆိုင်ဝင်၍ တစ်ခွက်တစ်ဖလား ထပ်ချသေးသည်။ တချို့ကတော့ ပြဿနာလေး တွေနှင့် ခလုတ်ဝင်တိုက်သွားတတ်၏။ တချို့က အိမ်ရောက်လျှင် မိန်းမကို ပြဿနာရှာသည်။ တချို့က မိန်းမကို ချော့သည်။
ဒီထဲကမှ ထူးခြားသည့်ကိစ္စလေးတွေအကြောင်း ပြောပြပါမည်။
ကျွန်တော့်သူငယ်ချင်း ဖင်လန်ဆိုတဲ့ကောင်တစ်ယောက် ရှိသည်။ သူမူးပြီးအိပ်လျှင် ပုဆိုးကွင်းလုံးကျွတ်နေ တတ်သောကြောင့် ဒီနာမည် တွင်ခြင်းဖြစ်၏။
သူသည် မူးလာလျှင် သူ့မိန်းမ၏ပါးကို ကိုက်တတ်သည်ဟု ဆို၏။ အစပိုင်းတော့ သူ့မိန်းမက ချစ်စနိုးနဲ့ ကျီစားတာပဲဆိုပြီး သဘောတောင် ကျသေးသည်။ နောက်ပိုင်းကျတော့ ဒီကောင်က အမူးလွန်လာတဲ့အခါ အတိုင်းအဆမရှိပဲ တအားကိုက်သဖြင့် တစ်ခါတစ်ခါ သွားရာအကွင်းလိုက် ထင်သွားတတ်သည်။ ဒီတော့ မိန်းမက နောက်ဆိုလျှင် အကိုက်မခံတော့ပဲ ပတ်ပြေးနေရသည်ဟု ဆို၏။
တစ်ချို့သူငယ်ချင်းတွေကတော့ . . .

“ဒီကောင် ရှက်လို့နေရာလွှဲပြောတာဖြစ်မယ် . . . အမှန်တော့ ပါးကို ကိုက်တာမဟုတ်ဘူး၊ ခြေသလုံးကိုကိုက်တာ . . . ဟိုတစ်ရက်က ငါ သူတို့အိမ်သွားတုန်းက သူ့မိန်းမခြေသလုံးမှာ ပတ်တီးစည်းထားတာ တွေ့တယ် . . . ဘာဖြစ်တာလဲမေးတော့ ခွေးကိုက်ခံရတာလို့ ညာပြောတယ် . . . ”

ဟု အမနာပ ပြောကြလေ၏။
ကျွန်တော့် ဦးလေးတစ်ယောက်ကျတော့ တစ်မျိုး။ သူမူးလာလျှင် ကလေးတွေကိုနှိုးပြီး စာသင်တတ်သည်။ သူပြန်လာတဲ့အချိန်က ညဆယ်နာရီလောက်။ သားသမီးတွေက မနက်ကျောင်းစောစောသွားရမှာမို့လို့ အိပ်ရာဝင်နေ ကြပြီ။ အိပ်မောကျခါစ၊ အိပ်လို့အကောင်းဆုံးအချိန်မှာ နှိုးပြီးစာသင်တော့ တော်တော် စိတ်ညစ်ကြရ၏။
သူက အင်္ဂလိပ်စာနှင့် သင်္ချာကို သင်ခြင်းဖြစ်၏။ သူစိတ်ပါလျှင် ဆယ့်တစ်နာရီ ဆယ့်နှစ်နာရီထိ သင် တတ်သည်။ သားသမီးတွေက အိပ်ချင်လွန်းလို့ ငိုက်နေလျှင်လည်း ကောင်းကောင်း နားမထောင်ရ ကောင်းလားဆိုပြီး ထိပ်ကို ထိုးတတ်သေးသည်။တစ်ခုရှိတာကတော့ သူ့သားသမီးအားလုံးသည် ဆယ်တန်းကို ကျူရှင်မယူရပဲ နှစ်ချင်းပေါက်အောင်ရုံသာ မက အနည်းဆုံး အင်္ဂလိပ်စာနှင့် သင်္ချာဂုဏ်ထူးပါခဲ့ကြခြင်းပင် ဖြစ်လေ၏။
နောက်တစ်ယောက်ကတော့ မူးပြီးပြန်လာလျှင် မိန်းမကို ပြဿနာရှာသည်။ သူပြန်လာလို့ မိန်းမက ထမင်း ပွဲ အဆင်သင့်ပြင်ထားလျှင် . . .

“ဒီအချိန်ကျမှတော့ စားခဲ့ပြီးပြီပေါ့ကွ . . . ဒီလောက်မှ နားမလည်ဘူးလား . . . သက်သက် ငွေကုန် အောင် ဖြုန်းတီးရသလား . . . ”

ဆိုပြီး ပြဿနာရှာသည်။ ထမင်းဟင်းချန်မထားမိတဲ့အခါကျတော့လည်း . . .

“ဒီလောက် ပင်ပင်ပန်းပန်းရှာရဖွေရတဲ့လူကို ထမင်းလေးတစ်နပ်တောင် မသဒ္ဓါဘူးလား . . . အေး . . . မရှိရင် ရှိတာစားမယ်ကွ . . . ”

ဟု ဆိုပြီး သူ့သမီးလေးမွေးထားသော ရွှေငါးလေးတွေကို ကြော်စားပစ်လိုက်သည်။ ကလေးမှာ အလွန်စိတ် ထိခိုက်ပြီး သုံးလေးရက်လောက် မစားနိုင်မသောက်နိုင်ပဲ ဖျားနေခဲ့သည်။
ဒီလောက်နှင့်လည်း မပြီးသေး။

“မိန်းမဆိုတာ ငွေမက်တတ်တယ် . . . ငွေရှာနိုင်မှ လူထင်တယ် . . . မိန်းမတွေဟာ သစ္စာမရှိဘူး . . . ခွေးကမှ သစ္စာရှိသေးတယ် . . . ”

ဆိုပြီး မိန်းမနှင့်မအိပ်ပဲ အိမ်မှာမွေးထားသည့်ခွေးနှင့်အတူ ဖိနပ်ချွတ်မှာ သွားပြီး ဖက်အိပ်နေတတ်သည်။ နောက်တော့ ခွေးသန်းတွေကိုက်ပြီး တစ်ကိုယ်လုံးယားနာတွေ ပေါက်လာသဖြင့် အတော်ကုယူလိုက်ရသည်။
သူငယ်ချင်းတစ်ယောက်၏ မိန်းမက ခပ်ထက်ထက်ဖြစ်၏။ သူငယ်ချင်းက သူ့ကိုကြောက်ရသည်။ သူ့မှာ က ပန်းနာရင်ကျပ်ရောဂါရှိသည်။ ရင်ကျပ်သမားတို့သည် ကိုယ်နှင့်ဓာတ်မတည့်သည့်အစားအသောက်ကို စားမိ သည့်အခါဖြစ်စေ၊ ဓာတ်မတည့်သည့် အနံ့တစ်ခုခုကို ရှူမိသည့်အခါဖြစ်စေ အသက်ရှူကျပ်ပြီး ရောဂါထတတ်၏။
သူငယ်ချင်းရဲ့မိန်းမကတော့ သူများလို ပုဇွန်စားမိလို့၊ ပန်းအနံ့ရလို့၊ အမွှေးတိုင်နံ့နဲ့ ဓာတ်မတည့်လို့ ဆိုတာမျိုးမဟုတ်။ အရက်နံ့ရလျှင် ရောဂါထတတ်ခြင်း ဖြစ်၏။
ထို့ကြောင့် ဟိုကောင်မူးလာလျှင် အိမ်ပေါ်အတက်မခံ။ တစ်ခါက ပြောမရပဲ အိမ်ပေါ်အတင်းတက်သဖြင့် မိန်းမက သနပ်ခါးတုံးနှင့်ဆော်ထည့်လိုက်ရာ ငယ်ထိပ်ကွဲသွားသည်။ မိန်းမမှာ အရက်နံ့လည်းရ၊ သွေးတွေလည်း မြင်ပြီး မူးမေ့လဲသွား၏။
သူတို့သားအကြီးကောင်က လမ်းထိပ်ပြေးပြီး ကျွန်တော့်ဆီဖုန်းဆက်သည်။ ကျွန်တော်လည်း အမြန်ပြေး သွားရသည်။ ဟိုရောက်တော့ တစ်ယောက်က အိမ်ရှေ့မှာ ခွေခွေလေးလဲနေပြီး တစ်ယောက်က ကွပ်ပျစ်ပေါ်မှာ စန့် စန့်ကြီးဖြစ်နေ၏။
ကျွန်တော့်မှာ ဘယ်သူ့ကိုအရင်ကြည့်ရမှန်းမသိ ဖြစ်နေ၏။ ပြီးမှ “လေးဒီးစ်ဖက်စ်” ဆိုသော စကားကို သတိရပြီး မိန်းမကို အရင်နှာနှပ်ရသည်။ ပြီးမှ ဟိုကောင့်ကိုကြည့်တော့ ငယ်ထိပ်မှာ တစ်လက်မ ကျော်ကျော် ကွဲသွား သည်။ အရက်ရှိန်ကြောင့် သွေးတစိမ့်စိမ့်ထွက်နေတုန်း။ အရက်ကြောင့်လား၊ အရိုက်ခံရတဲ့ဒဏ်ကြောင့်လားမသိ။ ကောင်းကောင်းစကားမေးမရချင်။ကျွန်တော်လည်း ဆေးခန်းကိုပြေးရသည်။ ဆေးခန်းက အတော်ဝေးဝေးမှာမှ ရှိသည်။ ကျွန်တော်ရောက် သွားတော့ ဆရာဝန်က ပြန်တောင်ပြန်ခါနီးနေပြီ။ အမျိုးသမီးဆရာဝန်မ ဖြစ်နေသဖြင့် လိုက်မှလိုက်ပါ့မလား ထင်မိ သေးသည်။ သို့ရာတွင် သူ့ကို ကားငှားလို့လွယ်သည့် လမ်းမကြီးပေါ်ထိ ပြန်ပို့ပေးဖို့သာပြောပြီး လိုက်လာသည်။
ဟိုရောက်တော့ မိန်းမလုပ်သူကို အရင်ကြည့်ခိုင်းရသည်။ ပြီးတော့မှ ဟိုပုဂ္ဂိုလ်။ ဆရာဝန်မက ဒဏ်ရာကို ကြည့်ပြီး . . .

“ဘာဖြစ်တာလဲ . . . ”

ဟု မေးသည်။ ကျွန်တော်လည်း ရှင်းပြနေရလျှင် ကြာမည်စိုး၍ . . .

“ဟိုဟာပါ . . . နည်းနည်းမူးပြီး လဲကျတော့ . . . ဟို . . . တိုင်နဲ့ ခေါင်းနဲ့ဆောင့်မိတာ . . . ”

ဆရာဝန်မက မျက်မှောင်ကုတ်လိုက်ပြီး . . .

“တိုင်နဲ့ဆောင့်မိရင် နဖူးတို့၊ နောက်စေ့တို့မှာ ထိရမှာပေါ့ . . . ခုလို ငယ်ထိပ်မှာထိတာက တစ်ခုခုနဲ့ အရိုက်ခံရတဲ့သဘောပဲ . . . ”

အရေးထဲမှာ ဒေါ်စံရှားနဲ့ လာတွေ့နေသေးသည်။

“ကျွန်မကို အမှန်အတိုင်းပြောနော် . . . ပူလိစ်ကေ့စ်ဆိုရင်တော့ ကျွန်မတို့က အရမ်းလုပ်လို့ မရဘူး . . . ”

မတတ်သာတော့သဖြင့် ပူလိစ်ကေ့စ်မဟုတ်ကြောင်း၊ သနပ်ခါးတုံးကေ့စ်သာဖြစ်ကြောင်း၊ လူနာကိုသာ ကောင်းအောင်ကြည့်လုပ်ပေးပါ၊ အစစအရာရာတာဝန်ယူပါကြောင်းပြောပြီး ပိုမိုယုံကြည်စိတ်ချစေရန် ကျွန်တော့် စာရေးဆရာအမည်ကိုပါ ပြောလိုက်ရသည်။
ဒီတော့မှ အဆင်ပြေသွားပြီး . . .

““သြော် . . . ဟုတ်ပြီ . . . ဟုတ်ပြီ . . . တစ်ခုတော့ ရှိတယ် . . . အရေးပေါ်ထွက်လာရလို့ ထုံဆေးတော့ ပါမလာဘူး . . . ဒီတိုင်းပဲ ချုပ်ရမှာပဲ . . . ”

“ရပါတယ် . . . အဆင်ပြေသလိုသာ လုပ်ပါ . . . ”

တကယ်တော့ ထုံဆေးတွေ မေ့ဆေးတွေတောင် မလိုပါ။ ကိုယ့်ဆရာမှာ အရက်နှင့်သနပ်ခါးတုံးအရှိန် ကြောင့် မိန်းမောနေသဖြင့် အပ်ကောက်ကလေးဖြင့် အရေပြားကို ဖောက်ခနဲထိုးဖောက်လိုက်တဲ့အခါမှ “အင်း . . . ” “အယ် . . . ” ဆိုတာလောက်သာ သဲ့သဲ့ညည်းနိုင်ရှာလေ၏။
ဆရာဝန်မကို လမ်းထိပ်အထိ လိုက်ပို့ရသည်။ လျှောက်သွားကြရင်း သူက ကျွန်တော့်စာအုပ်များကို ဖတ်ဖူး ကြောင်း၊ တချို့ဝတ္ထုတွေကို ကြိုက်ကြောင်း၊ တစ်ချို့ဝတ္ထုတွေကိုတော့ အားမရလှကြောင်း ပြောသည်။
ပြီးတော့မှ . . .

“ဆရာ့သူငယ်ချင်းက အရက်တော်တော်သောက်တယ် ထင်တယ် . . . ”

ဟု ပြော၏။ ကိုယ့်လူသိက္ခာကျမှာ စိုးသဖြင့် . . .

“သိပ်မသောက်ပါဘူး . . . ဒီနေ့တော့ ဧည့်ခံပွဲတစ်ခုရှိလို့ နည်းနည်းများသွားတယ် ထင်ပါရဲ့ . . . ”

“ဆရာကော သောက်တတ်လား . . . ”

ဟု လျှပ်တစ်ပြက်ရိုက်ချက် လုပ်နေသဖြင့် . . .

“တစ်ခါတလေတော့ သောက်ပါတယ် . . . သိပ်တော့ များများမသောက်ပါဘူး ... ”

ဟု ကြိုကာလိုက်ရသည်။ ဒါတောင် အရက်ဆိုတာ နည်းနည်းပဲသောက်သောက်၊ များများပဲသောက်သောက် မကောင်းကြောင်း၊ အရက်ဆိုသည်မှာ စင်စစ်အဆိပ်တစ်မျိုးနှင့်တူကြောင်း၊ လူ့အသည်း၏ တာဝန်မှာ ခန္ဓာကိုယ်တွင်း ဝင်ရောက်လာသော အဆိပ်အတောက်များကို ချေဖျက်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အရက်များများသောက် လျှင် အသည်းက အလုပ်ပိုလုပ်ရပြီး ဒဏ်ပိတတ်ကြောင်း၊ အရက်သည် အသည်းထဲမှာရှိသည့်ဆဲလ်များကိုတိုက် ရိုက်ဖျက်ဆီးတတ်သေးကြောင်း၊ ကြာလျှင် အသည်းခြောက်ပြီး ကင်ဆာဖြစ်နိုင်ကြောင်း စသည်ဖြင့် လမ်းတစ် လျှောက်လုံး ပညာပေးသွားလေသည်။ ကျွန်တော်လည်း . . .

“ဟုတ်ကဲ့ . . . ကျွန်တော် ဆင်ခြင်ပါ့မယ် . . . ” ဟု ဘုမသိ ဘမသိ ကတိပေးလိုက်ရ၏။
သူ့စိတ်ထဲမှာတော့ “ဒီစာရေးဆရာလဲ သူ့သူငယ်ချင်းလို အရက်သမားဖြစ်မှာပဲ . . . ” ဟု ထင်သွားမှာ သေချာသည်။ ထိုကိစ္စသည် ဤတွင်မပြီးသေး။ တစ်လလောက်ကြာသောအခါ ထိုသူငယ်ချင်းနှင့် လေထန်ကုန်းလက်ဖက်ရည်ဆိုင်မှာ သွားဆုံသည်။ ကျွန်တော်က . . .

“ဘယ်လိုလဲ . . . ကောင်းသွားပြီလား . . . ”

“ကောင်းတော့ ကောင်းပါတယ် . . . ဒါပေမယ့် တစ်ခါတလေ ဗိုက်ထဲက အောင့်အောင့်နေသေးတယ် . . . ”

ဟု ပြန်ဖြေသဖြင့် ကျွန်တော်ကြောင်သွားသည်။ကျွန်တော်ဆိုလိုတာက သူ့ခေါင်းက ဒဏ်ရာကိစ္စဖြစ်၏။ သူက ဘာရောဂါအကြောင်း ပြန်ပြောသလဲ မသိ။
ထို့နောက် . . .

“ခုတလော ဘာဖြစ်မှန်း မသိပါဘူးကွာ . . . ရောဂါက ထူချင်တယ် . . . ခေါင်းမှာလဲ ယားနာလား ဘာလား မသိဘူး . . . ယားကျိကျိနဲ့ . . . စမ်းကြည့်တော့ အဖုလေးတွေကွ . . . ဆံပင်တွေလဲ ကွက်ပြီးကျွတ်တယ် . . . ဒီမှာကြည့် . . . ”

ဆိုပြီး ခေါင်းငုံ့ပြသည်။ ကြည့်လိုက်တော့ ဟိုက်ခနဲဖြစ်သွား၏။ သူက ယားနာလို့ ဆိုနေတာက အရင် သူ့မိန်းမ သနပ်ခါးတုံးစာမိခဲ့လို့ ကွဲခဲ့သည့်ဒဏ်ရာက အနာရွတ်၊ ဆံပင်တွေ ကျွတ်တယ်ဆိုတာက ဒဏ်ရာကို ချုပ်တုန်းက ဆရာဝန်မကိုယ်တိုင် ညှပ်ထုတ်ပစ်ခဲ့သည့် ဆံပင်များ၊ ပိုပြီးထူးခြားတာက ဒဏ်ရာကကျက်ပြီးနေ တာတောင် ခုထိချုပ်ရိုးမဖြေရသေး။
ဖြစ်နိုင်တာက သူ့မိန်းမကလည်း ဒဏ်ရာချုပ်စဉ်က အနားမှာမရှိသဖြင့် သိဟန်မတူ။ ကျွန်တော်ကလည်း သူ့ဟာသူတော့သိမှာပဲ ဆိုပြီး အမှတ်တမဲ့နေလိုက်မိ၏။ ဒီပုဂ္ဂိုလ်ကတော့ သူခေါင်းကွဲခဲ့တာ ချုပ်ခဲ့ရတာ လုံးဝမသိခဲ့။ သူ့မိန်းမကလည်း ကိုယ့်အပြစ်ဖြစ်နေတော့ မေ့နေတာကို အစမဖော်ပဲ မသိလိုက် မသိဘာသာ ထားခဲ့ဟန်တူ၏။
ဆရာဝန်မကတော့ ဒီလူ တခြားဆေးခန်းမှာ ဆက်ပြတာပဲဖြစ်မည်ဟု ထင်ပေလိမ့်မည်။

နောက်တစ်ယောက်ကလည်း မိန်းမကြောက်ရတာပဲ။ မိန်းမကြောက်ရတဲ့အတွက် တစ်ခုတော့ ကောင်းသည်။ အရက်ကို စည်းမရှိ၊ ကမ်းမရှိ မသောက်ရဲတော့။ တစ်ခုမကောင်းပြန်တာက မသောက်မဖြစ်လို့ သောက်လိုက်ရတဲ့အခါ မှာလည်း အိမ်ပြန်ခက်ရ၏။တစ်ရက်မှာတော့ ကြောက်ရသည့်ဆရာတစ်ယောက်က အတင်းတိုက်သဖြင့် သောက်လိုက်ရ၏။ ဆရာက လက်ရည်မြင့်သူဖြစ်ပြီး သူသောက်သမျှ လိုက်သောက်ခိုင်းရာ မငြင်းရဲသဖြင့် အတော်မူးသွားသည်။ဖြစ်ချင်တော့ မနက်ကပင် အိမ်ကထွက်ခါနီးမှာ မိန်းမက ပြဿနာရှာလိုက်သေးသည်။ အိမ်မှာ ဆန်ဝယ် စရာပိုက်ဆံမရှိတာ၊ ဒီနေ့ရအောင် ရှာခဲ့၊ မရလျှင် အိမ်မပြန်ခဲ့နဲ့တဲ့။
ပြဿနာပဲ။ ငွေကလည်း မရခဲ့။ မူးကလည်း တော်တော်မူးနေသည်။ ဒီပုံစံနဲ့ အိမ်ပြန်သွားလျှင် မိန်းမက လှေကားတစ်ထစ်တောင် တက်ခွင့်ပြုမှာမဟုတ်။
စိတ်ညစ်ညစ်နဲ့ လျှောက်လာရင်း ရဲစခန်းရှေ့အရောက်တွင် မထူးပါဘူးဆိုပြီး စခန်းထဲ ဝင်သွား၏။ တာဝန် မှူးဆီ တန်းသွားပြီး . . .

“ကျွန်တော့်ကိုဖမ်းပါ ဆရာ . . . ”

တာဝန်မှူး ဖျတ်ခနဲမော့ကြည့်သည်။ ကိုယ်တိုင် လာအဖမ်းခံရအောင် ဘယ်လိုအမှုမျိုးမို့လဲ။ ထို့ကြောင့် . . .

“ခင်ဗျားက ဘာကြောင့် ဖမ်းခိုင်းရတာလဲ . . . ”

“ကျွန်တော်အရက်မူးနေလို့ . . . ”

“မူးတိုင်း ဖမ်းလို့ရတာမဟုတ်ဘူးဗျ . . . အန္တရာယ်ဖြစ်လောက်အောင် မူးနေမှ . . . ”

“ကျွန်တော့်မှာ တကယ်ကို အန္တရာယ်ဖြစ်နိုင်တာပါ . . . ”

“ခင်ဗျား အန္တရာယ်ဖြစ်တာကို ပြောတာမဟုတ်ဘူး . . . အများပြည်သူဖြစ်မှာကို ပြောတာ . . . ”

“ဘာပဲဖြစ်ဖြစ် ဆရာရယ် . . . ဖမ်းသာဖမ်းပါ . . . ”

တာဝန်မှူးမှာ ကိုယ့်ကိုယ်ကိုယ် အတင်းဖမ်းခိုင်းနေသူကိုကြည့်ပြီး အတော်စိတ်ရှုပ်သွား၏။

“ခင်ဗျားသွားတော့ဗျာ . . . ဒီမှာ အလုပ်တွေ အရေးကြီးရတဲ့ကြားထဲ လာမရှုပ်နဲ့ . . . ”

“ကျွန်တော့်ကြောင့် ဆရာအလုပ်ပျက်သွားပြီ မဟုတ်လား . . . ဒါဆိုလဲ ဝတ္တရားနှောင့်ယှက်မှုနဲ့ ဖမ်းလို့ရ ပါတယ် . . . ”

“ဟာ . . . တော်ဗျာ . . . တော် . . . ကြာရင် ခင်ဗျားကို . . . ”

အရေးယူမိလိမ့်မယ်ဟု ပြောလို့မဖြစ်။ ဟိုလူ့အကြိုက်ကျသွားမည်။ ထို့ကြောင့် . . .

“သွားဗျာ . . . အခု ထွက်သွား . . . ”

ဟူ၍သာ မောင်းထုတ်ရသည်။

“မဟုတ်ပါဘူး ဆရာရယ် . . . ဖြစ်ပုံက ဒီလိုပါ . . . ကျွန်တော် အိမ်မပြန်ရဲလို့ပါ . . . အချုပ်ထဲမှာ တစ်ညအိပ်ပါရစေ . . . ”

ဆိုပြီး သူ့မိန်းမ မနက်ကမှာတာကို ပြောပြသည်။ ဒီတော့မှ တာဝန်မှူးက သနားသွားပြီး . . .

“အချုပ်ထဲတော့ မဝင်ပါနဲ့ဗျာ . . . ဟောဟိုက ခုံတန်းလျားမှာသာ အိပ်ပေတော့ . . . ”

ဟု ခွင့်ပြုလိုက်ရလေ၏။
တချို့အရက်ဆရာများသည် ညက အရက်သောက်ပြီး ဘာတွေ ပြောခဲ့၊ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ နောက် တစ်နေ့မနက်မှာ မမှတ်မိတော့။ တချို့ဆိုလျှင် ညက ဘယ်သူတွေနဲ့ သောက်ခဲ့တယ် . . . ဘယ်သူက အိမ်လိုက် ပို့တယ် . . . ဒါမှမဟုတ် ဘယ်လိုပြန်ခဲ့တယ်ဆိုတာတောင် မေ့နေတတ်၏။
ဥပမာတစ်ခု ပြောပြမည်။
ထုံးစံအတိုင်း ကျွန်တော်၏မိတ်ဆွေတစ်ယောက်ဟူ၍ပင် အစချီရပါမည်။ သူက လုပ်ငန်းကိုင်ငန်းလေး ကောင်းသဖြင့် ငွေအသင့်အတင့်ရှိသည်။ သူ့မှာ ပစ်ကပ်ကားလေးတစ်စင်းလည်း ရှိ၏။ သူက အရက်လည်း ကြိုက်တတ်သဖြင့် မြို့လယ်က အလတ်တန်းစားဆိုင်တစ်ဆိုင်မှာ ညနေတိုင်း ပုံမှန်ထိုင်တတ်၏။ တစ်ခါတစ်လေကျလျှင် စားသောက်ပြီးနောက် ငွေရှင်းဖို့မေ့ပြီး ထွက်သွားတတ်သည်။ ဆိုင်ရှင်ကလည်း သတိမပေး။ ပုံမှန်ဖောက်သည်ဆိုတော့ နောက်နေ့ကျမှ ပေါင်းပြီး ရှင်းယူလို့ရသည်။
တစ်ရက်မှာ သူအိပ်ရာကနိုးတော့ စိတ်ထဲမှာ ဇဝေဇဝါဖြစ်နေသည်။ ညက ဘယ်လိုပြန်ခဲ့သလဲ။ ကားမှ ပြန်ပါလာရဲ့လားဟု စိုးရိမ်ပြီး ဂိုဒေါင်ထဲသွားကြည့်တော့ ကားကရှိနေသည်။ ထိုမျှမက . . . သူ့အိမ်ဝင်းတံခါးက သိပ်မကျယ်လှ။ ဂိုဒေါင်ကလည်း နည်းနည်းကျဉ်းသည်။ သာမန်အချိန်မှာပင် လွတ် အောင် မနည်းသတိထားပြီး ဝင်ရသည်။ ခုကျတော့ ရိုးရိုးတောင်မဟုတ်၊ ကားကို နောက်ပြန်ဆုတ်ဝင်ထားခဲ့ ခြင်းဖြစ်၏။ အပေါက်ဝဘက်ကို ခေါင်းတည်ထားပြီးသား။ ဧကန္တညတုန်းက သူမဟန်နိုင်လို့ တစ်ယောက်ယောက် ကားကိုမောင်းပြီး လိုက်ပို့တာဖြစ်ရမည်။
သူ့မိန်းမကို ညက ကားဘယ်သူမောင်းလာသလဲ မေးတော့ . . .

“ရှင့်ဘာသာရှင် မောင်းလာတာပဲ . . . ကားကို နောက်ဆုတ်ပြီးဝင်တာက ဘက်ထရီမကောင်းလို့ မနက် တွန်းနှိုးရလွယ်အောင် မှတ်လို့ . . . ”

သူသည် သူ့ကိုယ်သူ တော်တော်အထင်ကြီးသွား၏။ ငါ ကားမောင်းတာ တော်တော်ကျွမ်းတာပဲ။ ဘယ်လို က ဘယ်လို မောင်းလာမှန်း မသိတာတစ်ခုပဲ ရှိတယ်။
သို့ရာတွင် . . .
နောက်တစ်ခေါက်ကျတော့ မီးပွိုင့်မှာစောင့်နေရင်း မီးစိမ်းပြတော့ ကားထွက်ရန်ဂီယာထိုးလိုက်သည်။ ဂီယာ ကမဝင်ပဲ တဂီးဂီးအော်သည်။ ကလပ်များမြင့်နေလို့လားဆိုပြီး ထပ်နင်းချသည်။ လေကိုသာ နင်းမိ၏။ ခြေထောက် အောက်မှာ ဘာကလပ်မှ မရှိ။ ထိုစဉ် . . .

“ဟေ့လူ . . . ဘာလုပ်တာလဲ . . . ဘာလုပ်တာလဲ . . . ”
ဘေးမှထိုင်လိုက်လာသူတစ်ယောက်၏အသံကို ကြားလိုက်ရ၏။ သူ လှည့်ကြည့်သည်။ လူစိမ်းတစ် ယောက်။

“ခင်ဗျား . . . ခင်ဗျား . . . ဘယ်သူလဲ . . . ကျုပ်ကားပေါ် . . . ဟင် . . . ”

သူ အံ့သြသွားရ၏။ ကားမောင်းနေတာ မိမိမဟုတ်ပါလား။ ဟိုလူက လက်ကိုင်ခွေကို အခန့်သားကိုင်လို့။ သေသေချာချာကြည့်တော့မှ သဘောပေါက်သည်။ သူသည် တက္ကစီတစ်စင်းပေါ် ရောက်နေတာပါလား။

“ဟင် . . . ကျွန်တော့်ကားရော . . . ”

ဟု လွှတ်ခနဲမေးမိ၏။ တက္ကစီသမားက . . .

“ဘာ . . . ဘာကားလဲ . . . ”

ဒီတော့မှ သူလည်း ဆိုင်မှာ သူ့ကားကိုမေ့ထားခဲ့ပြီး တက္ကစီငှားလာမိကြောင်း သတိရသဖြင့် ကားဆရာကို တောင်းပန်ပြီး ဆိုင်ကို ပြန်မောင်းခိုင်းပြီးမှ ကားပြန်ယူရ၏။ နောက်ကိုတော့ ကားကို မမေ့အောင် သတိထားနေရသည်။ ဒါတောင် တစ်နည်းတစ်ဖုံ ဖြစ်ခဲ့သေးသည်။

တစ်ရက်မှာ စားသောက်ပြီးနောက် ကားမောင်း၍အိမ်ပြန်ခဲ့သည်။ ကားကို ဂိုဒေါင်ထဲ အကျအန ထည့် သည်။ နောက်တစ်နေ့မနက် အလုပ်သွားဖို့ ကားထုတ်မယ်လုပ်တော့မှ ဟိုက်ခနဲဖြစ်သွား၏။ကားက သူ့ကားမဟုတ်။ အရောင်တူ၊ အမျိုးအစားတူသော်လည်း နံပါတ်မတူ။ ညက ဆိုင်ရှေ့မှာတွေ့သည့် ကားတစ်စင်းကို သူ့ကားမှတ်လို့ မောင်းယူခဲ့မိခြင်းဖြစ်၏။တချို့ကားတွေက အမျိုးအစားတူလျှင် သော့ချင်းလည်း မတိမ်းမယိမ်းတူတတ်သည်။ တံခါးဖွင့်လို့ရသည်၊ စက်နှိုးလို့ရသည်။ သော့ကို အသေခတ် (လော့က်) လုပ်ထားမှ စက်နှိုးလို့မရခြင်းဖြစ်၏။
သူ့မှာ အတော်စိုးရိမ်သွားသည်။ ကားပိုင်ရှင်ကတော့ ရဲစခန်းတိုင်ပြီးလောက်ပြီ။ ဘာပဲဖြစ်ဖြစ် သူ့ကားသွား ပြန်ယူရင်း ဆိုင်ရှင်ကို သက်သေအဖြစ် ခေါ်ရပေလိမ့်မည်။
သို့နှင့် ဆိုင်ရှိရာသို့ ကားကိုမောင်းလာခဲ့သည်။ ဆိုင်ရှေ့မှာ သူ့ကားကို ရပ်ထားလျက်သားတွေ့ရ၏။ သူလည်း မောင်းလာသည့်ကားကို နောက်မှာထိုးရပ်ပြီး ဆိုင်ထဲ ခပ်သုတ်သုတ်ဝင်လိုက်သည်။ သူ့ကို မြင်သောအခါ ဆိုင်ရှင်က . . .

“ဟော . . .လာပြီ . . . ”ဟု ပြောလိုက်၏။

ထောင်ထောင်မောင်းမောင်း၊ ဗလတောင့်တောင့် လူတစ်ယောက် ထရပ်လိုက်သည်ကို တွေ့ရသည်။ ကားပိုင်ရှင်လား၊ ရဲအဖွဲ့ကပဲလား။ ဖြစ်ပုံကို ပြေပြေလည်လည် ရှင်းပြဖို့ပြင်လိုက်စဉ်မှာပင် ထိုသူက ဦးအောင်ပြောသည်။

“ဆောရီးပဲဗျာ . . . ကျွန်တော် မနေ့ညက သောက်တာနည်းနည်းများသွားလို့ ခင်ဗျားကားကို ကျွန်တော့်ကားမှတ်ပြီး မောင်းယူသွားမိတယ် . . . ”

လက်စသတ်တော့ သူလည်း ကိုယ့်လိုလူပါပဲလား။ ထိုနေ့မှစ၍ သူတို့နှစ်ယောက်မှာ သောက်ဖော်သောက် ဖက်များ ဖြစ်သွားကြလေ၏။ အမယ် . . . တစ်ခါတလေ တမင်တကာတောင် ကားချင်းလဲ မောင်းကြသေးတယ် ဆိုပဲ။

#မင်းလူ
#ဇိုးသမားတို့အိမ်အပြန်

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...