သုံးဘီးဆိုက်တွဲကြီးမောင်းလာသည့် ပိစိကို ကျနော် ချက်ချင်းမမှတ်မိ။ ကျနော် သိကျွမ်းခင်မင် သူများထဲက တယောက်ယောက်နှင့် တူသည် ဟုတော့ စိတ်ကထင်မိသည်။ သုံးဘီးပေါ်က သံချောင်းတွေ ရေတံလျှောက်တွေ သွပ်ပြားတွေ ချနေသည့် ပိစိကို ကြည့်ရင်း ကြည့်ရင်းနှင့်မှ ဒါ ပိစိပဲဟု ငယ်ရုပ်ကို ပြေးမြင် မိသည်။
``ဟေ့ရောင် ပိစိ၊ မင်း ပိစိ မဟုတ်လား`` ဟု ကျနော် မေးတော့ ပိစိသည် မထုံတတ်ထေး မျက်နှာဖြင့် ကျနော့်ကို ကြည့်သည် ထို့နောက် တဖြည်းဖြည်း ပြုံးလာ၏။ ``ဟာ ဦးရုပ်ဆိုး`` အေးဟုတ်တယ်။ လာကွာ ပိစိ လက်ဖက်ရည်သောက်``။ ပိစိက ကျနော့်ဝိုင်းကို ၀င်ထိုင်သည်။ ``ဦးရုပ်ဆိုးက ပျောက်လှချည်လား ဘယ်တွေ ရောက်နေတာလဲ``ဟု မေးသည်။ ``ငါက မပျောက်ပါဘူးကွာ ရှိပါတယ် မင်းသာ ဘယ်ရောက် သွားမှန်း မသိတာပါ`` ဟု ဆိုတော့ ရယ်စရာလည်း မပါပါဘဲ ပိစိက ပြုံးပြုံးကြီးလုပ်နေသည်။
ပိစိက ယခု သူ အိမ်ဆောက်ပစ္စည်းရောင်း၀ယ်ရေး ဆိုင်တွင် လုပ်နေကြောင်း အခုလည်း ၀ယ်သူကို ကားဂိတ်အထိ ပစ္စည်းများဆိုက်တွဲဖြင့် လုပ်ပို့ခြင်းဖြစ်ကြောင်း ပြောရင်း လက်ဖက်ရည်မှာသည်။ စီးကရက် တလိပ်ကို မီးထညှိသည်။ သြော် ပိစိတောင် ဆေးလိပ်သောက်တတ်နေပြီကိုး။ ဆေးလိပ်သောက်တဲ့ အရွယ်ရောက်နေပြီကိုး။ နှစ်တွေက ဘာမှ မကြာလိုက်ဟု ထင်ရသည်။
လွန်ခဲ့သော ခုနစ်နှစ် ရှစ်နှစ်လောက်က ပိစိသည် အသက်ဆယ့်တနှစ် ဆယ့်နှစ်နှစ်သား ဆိုတော့ ယခုအခါ အသက်နှစ်ဆယ်လောက်ရှိပြီပေါ့။ ထိုစဉ်က ပိစိသည် ကျနော်ထိုင်နေကျ လက်ဖက်ရည်ဆိုင်ကလေးမှ စားပွဲထိုးကလေး။ ဆိုင်တွင်ရှိသမျှ ကလေးတွေထဲ သူအငယ်ဆုံး မဟုတ်သော်လည်း သူက အသေးဆုံး အညှက်ဆုံးမို့ ကျနော်တို့က ပိစိဟုသာ ခေါ်ကြသည်။ သူက ဒါကို သိပ်မကြိုက်။ ကျနော့် နာမည်ရှိတယ်ဗျ ဟု ဆိုကာ သူ့နာမည်ကို ပြောပြသည်။ ကျနော် မမှတ်မိပါ။ အခုလည်း မမှတ်မိ။ ပိစိ ဟုသာ အမြဲခေါ်သည်။ မင်းက သေးသေးညှက်ညှက် ပိစိကလေးမို့ ပိစိလို့ ချစ်စနိုးနဲ့ ခေါ်တာ ပါကွာ ဟု ဆိုတော့ သူက အဲဒါဆို ဦးလေးကိုလည်း ရုပ်ဆိုးလို့ ဦးရုပ်ဆိုးလို့ ခေါ်ရင် ကြိုက်မလားဟု ခွန်းတုံ့ပြန်သည်။ ကျနော်လဲ ပြုံးပြုံးနှင့်ပင် ခေါ်ပေါ့ကွာဟု ပြောလေရာ။ ယနေ့အချိန်ထိ သူကိုလည်း ကျနော်က ပိစိဟုသာ သိသည်။ ကျနော့်ကိုလည်း သူက ဦးရုပ်ဆိုး ဟုသာ သိကြတော့၏။ ပိစိက ချစ်မွှေးပါသည်။ ပိစိမျက်နှာကလေးသည် အမြဲ ဂရုဏာသက်စရာကလေးဖြစ်နေတတ်သည်။ ဆိုတော့ သူ့ဘ၀ကရော။
ပိစိက လေးတန်းအောင်ပြီး ငါးတန်းမတက်ရတော့ဘဲ ကျောင်းထွက်ရသည်။ သို့သော် လက်ဖက်ရည် စားပွဲဝိုင်းပေါ်က လက်ဖက်ရည်ဘယ်နှခွက်၊ စမူဆာဘယ်နှခု၊ ဆေးလိပ်ဘယ်နှပွဲ စသဖြင့် တွက်ချက်ရာတွင် ကျောင်းနေစာသင်နေသည့် ကလေးငယ်များထက် ညံ့မည်မဟုတ်။ ပိစိသည် တနေ့ တနေ့ ထိုလက်ဖက်ရည်ဆိုင်ထဲတွင် တောင်ဘက်ဆုံးဝိုင်းမှ မြောက်ဘက်ဆုံးဝိုင်း၊ ထိုမှ အလယ်ဝိုင်း အစွန်ဝိုင်း စသဖြင့် စားပွဲဝိုင်းများကြားတွင် ပြေးလွှားနေရရာ သူ၏ တနေ့ ခရီးမိုင်နှုန်း မည်မျှရှိမည်ကို ကျနော် မခန့်မှန်းတတ်။ ထို့ပြင် ပိစိက ဖင်ပေါ့သည် ဆိုသော ကလေးမျိုး။
အချို့ စားပွဲထိုးကလေးများမှာ တနေကုန်း တနေခမ်း ပင်ပန်းရသည်ကတကြောင်း၊ မနက်ခင်းအဆိုင်းကျသည့်နေ့ဆိုလျှင်လည်း မနက်အစောထရသည်ကြောင့် အိပ်ရေးပျက်ရသည်ကလည်း တသွယ်မို့ တော်ရုံတန်ရုံ ဝိုင်းများက ခေါ်လျှင် မသွားချင်တော့ မကြားချင်ယောင် ဆောင်ကြသည်။ ကလေးများကိုလည်း အပြစ်မဆိုသာ ကလေးအရွယ်ဆိုသည်မှာ ကလေးအဖြစ်သာ ရှင်သန်ဖို့ ကောင်းသည် မဟုတ်လား။ လာရောက် စားသုံးသူများကလည်း ဒါမျိုးဆိုလျှင် သည်းမခံချင်ကြ မင်း ငါခေါ်နေတာ မကြားဘူး လား အနည်းဆုံးတော့ ငေါက်ကြသည်။ တချို့ဆိုလျှင် မညှာမတာ လက်ကပါချင်ကြသေးသည်။ စနစ်ကို စဉ်းစားကြဖို့ ကောင်းပါသည်။
ပိစိကတော့ ထိုကလေးများထဲတွင် မပါ။ ပိစိကို ကြည့်လိုက်လျှင် အမြဲသွက်လက်နေသည်။ အမြဲပြုံးရွှင်နေသည်။ တခါတလေ ကျနော်နှင့်ထိုင် ကျနော်က တောင်စ မြောက်စ သူ့ကို ရယ်စရာများ ပြောနေ ချိန်တွင်လည်း သူ့နားက အမြဲစွင့်နေသည်။ ဘယ်အချိန် ဘယ်ဝိုင်းက `ပျူ့ ပျူ့` ခေါ်လိုက်မလဲ။ ကြားသည်နှင့် လှစ်ခနဲ ပြေးထွက်သွားသည်။ ထိုဆိုင်သို့ လက်ဖက်ရည်ဆိုင် ထိုင်ကြသူတိုင်းက ပိစိကိုတော့ ချစ်ကြသည် (အနည်းဆုံးတော့ ချစ်ကြသည်ဟု ထင်ရပါသည်)။ လက်ဖက်ရည် တခါမှာ ဆေးလိပ်တခါမှာ မုန့်တခါမှာ စသဖြင့် တမျိုးချင်းမှာနေလည်း ပိစိက နိုး ပလော်ပလမ်။ ပြုံးရွှင်စွာ အော်ဟစ်ပြေးလွှားနေသည်။ တခါတလေ တီဗွီမှလာတတ်သော ကြော်ငြာ သီချင်းများကိုတောင် လိုက်ညည်းချင် ညည်းနေပေလိမ့်ဦးမည်။ ထိုသို့သော ပိစိ။ လက်ဖက်ရည်ဆိုင် ပိုင်ရှင်များသည် ထိုသို့သော ကလေးများဆိုလျှင် သိပ်သဘောကျသည်။ သိပ်သဘောကျသည်ဆိုတာ ပိုက်ဆံမှ ပိုမပေးရဘဲကိုး။ ပိစိသည် သူ၏ တနေကုန် လုပ်အားခအတွက် ပိုက်ဆံ တထောင့်ငါးရာကျပ်နှင့် ဆိုင်ရှင်အဘိုးကြီး အဘွားကြီးတို့၏ နားဘန်ကျင်းခြင်း၊ ခေါင်းခေါက်ခြင်းကိုလည်း တနေ့ လေးငါးကြိမ်မက ခံယူရလေ့ရှိသည်။
တရက်တုန်းကများဆိုလျှင် ကျနော်တို့အရွယ်ရှိသော မုန့်ဆရာသည် သူ၏ မိန်းမနှင့် ပြဿနာတက် လာသည်လား မပြောတတ်။ ဆိုင်ရှင်နှင့်ကလည်း မပြေလည်။ သို့သော် ဆိုင်ရှင်ကိုတော့ ဘာမှမပြောသာ။ သူ၏ စိတ်အချဉ်ပေါက်မှုသည် မဆီမဆိုင် ပိစိ ကလေးအပေါ်သို့ ကျရောက်လေတော့သည်။ ဘာအကြောင်းကိစ္စနှင့်မှန်း မသိ ပိစိ၏ ခေါင်းကို ထိုမုန့်ဆရာက လက်သီးနှင့် ထိုးချလိုက်ရာ `ထုံ` ခနဲ အသံသည် ပေနှစ်ဆယ်အကွာလောက်က ဝိုင်းတွင် ထိုင်နေသော ကျနော်တို့ပါ ကြားလိုက်ရသည်။ ပိစိသည် သူ့ကို ထိုးလိုက်သော မုန့်ဆရာကို မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေသည့်မြင်ကွင်းကို ယနေ့အချိန်အထိ ကျနော် မမေ့။ ကျနော်သည်လည်း စိတ်ကထောင်းခနဲ ဖြစ်သွားသည်။ ထိုမုန့်ဆရာကို စိန်ခေါ်ပြီး ထိုးကြိတ်ရမလား အထိ ကျနော်စဉ်းစားခဲ့သေးသည်။ သို့သော် ကျနော်ဘာမှ မလုပ်ခဲ့ပါ။ သို့သော် ကျနော်မမေ့။
ပိစိသည် ထိုမုန့်ဆရာရှိနေသေးသည် တမနက်ခင်းလုံး မျက်ရည်မကျ မငို။ မုန့်ဆရာအချိန်ပြီး၍ ပြန်သွားသည့် အချိန်ကျမှ တမာပင်နံဘေး တရှုံ့ရှုံ့နှင့် ငိုနေသည်ကို ကျနော် မြင်ခဲ့ရသည်။ ကျနော်သည် ထိုနေ့တနေ့လုံး တွေဝေနေခဲ့သည်။ ပိစိတို့ဘ၀၏ အဓိပ္ပါယ်ကဘာလဲ။ ထိုအချိန်က ကျနော့်သည် အိမ်ထောင် မကျသေး။ သားသမီးမရှိသေး၍ သားသမီးချင်းကိုယ်ချင်းစာစိတ်ကို မတွေးမိ။ နိမ့်ကျသည့် လူနေမှုအခြေအနေမျှလောက်သာ ကျနော်တွေးမိသည်။ ပိစိ၏ ငိုသံသည် ကျနော့်စိတ်ထဲတွင် ယနေ့အထိ နက်ရှိုင်းစွာ စူး၀င်နေဆဲ။ ဆရာကြီးရွှေဥဒေါင်း၏ အသုံးနှင့် ဖော်ပြရမည်ဆိုလျှင် ပိစိသည်လည်း ထိုနေ့က သူ၏ ကိုယ်ထဲတွင် လူ့အဖွဲ့အစည်းကပေးသော ဆူးကြီးတချောင်း သူမသိလိုက်ပါဘဲ စူးနစ်၀င်နေပါလိမ့်မည်။ သို့သော် ထိုကဲ့သို့ ဆူးများက များလှပြီ။ ထိုဆူးများကို မြင်ရမည်ဆိုပါက ပိစိဆိုသော ကောင်ကလေးသည် ဖြူတကောင်အဖြစ်ပင် ကျနော်တို့ မြင်ရဖို့ရှိပါသည်။
ပိစိသည် လူကသာ ဆယ့်တနှစ်၊ အကိုကြီး အဖရာလည်း ဖြစ်သည်။ သူ့အောက်တွင် ငါးနှစ်ခြောက်နှစ် အရွယ်ရှိမည်ဖြစ်သော ညီမကလေးတဦးနှင့် လေးနှစ်အရွယ်လောက်သာရှိမည်ဖြစ်သော ညီကလေးတဦးကလည်း ရှိသေးသည်။ ထိုကလေးနှစ်ဦးသည် နေ့လည်ဆယ့်တနာရီလောက်ဆိုလျှင် ရွာမှ နှစ်မိုင်သာသာ ခြေလျင်ခရီးဖြင့်လာ၍ သူတို့၏အကိုကြီးပိစိအတွက် ထမင်းချိုင့် လာပို့လေ့ရှိ၏။ သည်ကလေးတွေကို ဒီလိုခိုင်းရအောင် ပိစိအဖေနှင့် ပိစိအမေတို့ ဘာလုပ်နေကြသလဲ။ ပိစိအဖေသည် ကျောက်ဆည်-မန္တလေး ကားစပယ်ယာလိုက်သည်။ ပိစိအမေကား အိမ်တကာလှည့်၍ အ၀တ်လျှော်သည်။ ထိုသို့ အဖေနှင့်အမေ နောက် ပိစိတို့ တက်ညီလက်ညီ စုပေါင်းရုန်းကြသောအခါ ပိစိတို့ မိသားစု၏ ၀င်ငွေကား တနေ့လုပ်လျှင် တရက်တိတိ စား၍ရလောက်အောင်ပင် ကြမ်းလှသည်။
ဤသို့ဖြင့် မသာယာ မဖြောင့်ဖြူုးသော ပိစိတို့ မိသားစု၏ ဘ၀လမ်းကလေးသည် တနေ့တွင် ပို၍ မသာယာ မဖြောင့်ဖြူးသော အဖြစ်ကို ဆိုက်ရောက်ခဲ့ရပြန်သည်။ တနေ့တွင် ပိစိပြေးလွှားဗျာများနေသော လက်ဖက်ရည်ဆိုင်ကလေးအတွင်းသို့ ခပ်နွမ်းနွမ်း အမျိုးသမီးတယောက် ရောက်လာသည်။ ထိုမိန်းမအား ဆိုင်ရှင်အဘွားအိုက မျက်မှန်အပေါ်က ကြည့်ကာ ပိစိအား `ပိစိ ဟို ရှေ့က မိန်းမကို ဆိုင်ထဲ ၀င်မတောင်းဖို့ သွားပြောစမ်း` ဟု ခိုင်းလေရာ ပိစိလည်း လက်ညှိုးညွှန်ရာ ကြည့်လေရာ သူ၏ မွေးသမိခင် ကျေးဇူးရှင် အမေကို သူတောင်းစားမနှင့် မှားနေသော ဆိုင်ရှင်အဘွားအိုအား ငြိငြင်မိလျက် `အဲဒါ ကျနော့်အမေပါဗျ`ဟု ခပ်အောင့်အောင့်ဖြင့် ဆိုမိလေသည်။
ပိစိ၏ အမေသည် ဆိုင်ရှင်အဘွားအိုရှိရာသို့ တန်းတန်းမတ်မတ် ၀င်လာသည်။ ထို့နောက် သူ၏ သားကြီးသြရသ ပိစိကလေး၏ ခေါင်းကို ရင်ခွင်ထဲထည့်ရင်း အဘွားအိုအား သူမ၏ယောက်ျား ပိစိ၏ဖခင်မှာ မူးမူးနှင့်ကားလိုက်ရာ ကားပေါ်မှ နောက်ပြန်ပြုတ်ကျ၍ ဆေးရုံတင်ထားရသည့်အကြောင်း(အမှန်က ပွဲချင်းပြီး သေဆုံးခြင်းဖြစ်လေသည်) ပိစိကလေးကို ခဏ ခေါ်သွားဦးမည့်အကြောင်း ခွင့်ပန်လေသည်။ ဆိုင်ရှင် အဘွားအိုမှာ မည်သို့ ဂရုဏာစကားကိုမှ မဆို ဆိတ်ဆိတ်သာနေ၍ ခေါင်းတချက်ငြိမ့် စိတ်မကောင်းဟန်ပြကာ ပိစိအား ခေါ်သွားခွင့်ပြုလေသည်။ ထို့နောက်မှ ကြီးစွာသော ကိုယ်ချင်းစာမေတ္တာ တရားက တန်ခိုးပြသည့်နှယ် ပိစိလုပ်အားခအတွက် ကြိုထုတ် တထောင်တန်ကလေး ဆယ်ရွက်ကို ထုတ်၍ စွန့်ကြဲလေသည်။ ပိစိတို့ သားအမိကား ဆိုင်အတွင်းမှ ထွက်ခွာရာတွင် ငိုသံတိုးတိုးမှတပါး အလွန်တရာ တိတ်ဆိတ်စွာ ထွက်ခွာသွားကြ၏။
ထိုနေ့မှ စ၍ ပိစိကို ကျနော် နောက်ထပ် မမြင်ရတော့ပါ။ အစောပိုင်းကာလများတွင်တော့ ပိစိ တယောက် ပိစိမိသားစု ဘယ်တွေရောက် ဘာတွေများ လုပ်နေကြမလဲ ဟူ၍ တွေးတော သနားနေမိသေးသည်။ သို့သော် ကြာကြာ မစဉ်းစားနိုင်ပါ။ ခေတ်ကြီးက ကျနော်တို့ကို အခြားသူတယောက်အကြောင်း ကြာကြာစဉ်းစားခွင့်မပေး။ လူဆိုသည်မှာလည်း ကိုယ့်လောကဓံနှင့်ကိုယ်ပင်။ နှစ်အနည်းငယ်ကြာတော့ မေ့ပျောက်သွားတော့သည်။ ပိစိကလေးမှာ ကျနော့်ခေါင်းထဲတွင် ပိစိကလေးလောက်သာ ရှိတော့မည် ထင်သည်။
* * *
ကျနော်သည် ကျနော့်ရှေ့တွင် ထိုင်ရင်း စီးကရက်ဖွာနေသော ပိစိကို ကြည့်ရင်း ထိုအတိတ်ကာလကို တွေးကြည့်နေမိသည်။ ဟိုတုန်းက ပိစိနှင့် ယနေ့ပိစိ ဘာတွေကွာခြားသွားပြီလဲဟု နှိုင်းဆနေမိသည်။ ခုနစ်နှစ် ရှစ်နှစ်အတွင်း သိသိသာသာ ပြောင်းလဲသွားသည်ကား တခုတော့ရှိသည်။ တချိန်က ပိစိကလေး၏ ခေါင်းကို ထုံခနဲမြည်အောင် ထိုးခဲ့သော မုန့်ဆရာသည် ယနေ့အချိန်တွင် ပိစိကို ထိုသို့တကြိမ် ထပ်၍ ထိုးကြိတ်ခဲ့ပါက ထိုမုန့်ဆရာကို ဗိုင်းခနဲလဲကျသွားအောင် ပြန်လည်ထိုးကြိတ်နိုင်လောက်သော လက်မောင်းကြီးများ၊ ကြမ်းတမ်း ခက်ထရော်နေသော လက်သီးကြီးများ ပိစိတွင် ရှိနေပြီဖြစ်၏။
အဖေဆုံး၍ ထိုလက်ဖက်ရည်ဆိုင်မှထွက်ပြီးသည့်နောက် သူ့အမေကို သူတောင်းစားနှင့် မှားသော အဘွားကြီးထံသို့ သူပြန်မလာချင်တော့ကြောင်း။ ထို့ကြောင့် သည့်ပြင် အလုပ်မျိုးစုံလုပ်ခဲ့ရကြောင်း အကြာဆုံးလုပ်ခဲ့ရသည်မှာ အမှုန့်ကြိတ်စက်တွင် ဖြစ်ကြောင်း ပိစိက ကျနော့်နှင့် သူ မတွေ့ရသည့်ကာလအတွင်း သူလုပ်ခဲ့သည့် အလုပ်များကို သူ့ ညဉ်အတိုင်း ပြုံးပြုံးကလေးနှင့် ပြောပြ နေသည်။ အမှုန့်ကြိတ်စက်တွင် အလွန်ပင်ပန်းကြောင်း အိတ်မျိုးစုံ ထမ်းရ ချရကြောင်း မီးမလာသည့် အချိန်များတွင် လူအားဖြင့် ကြိတ်ရလွန်း၍ သူ့ ဗလကြီး ဒီလိုတောင့်နေရကြောင်းပင် ပါသေးသည်။ ပိစိ၏ ချစ်မွှေးသည် အလုပ်ကြမ်းများ မည်မျှလုပ်ခဲ့ လုပ်ခဲ့ ကျွတ်မသွားသေး။ ပိစိသည် ချစ်ဖို့ကောင်းတုန်းပင်။ သို့သော် အရင်ကလို မျက်နှာကလေးက ဂရုဏာသက်စရာလေး ဆိုသည့်အရိပ်တော့ မရှိတော့။ လောကကို နောက်နှစ်ပေါင်းများစွာ ခပ်ကြမ်းကြမ်းရင်ဆိုင်ဦးမည့် ယောက်ျားကြီးတယောက်၏ မျက်နှာဖြစ်နေပြီ။
ပိစိက သူ့မျက်နှာကို ငေးကြည့်နေသော ကျနော့်မျက်နှာကို သေချာကြည့်ကာ ဦးရုပ်ဆိုးက ဆံပင်အရှည်နဲ့ လိုက်တယ်ဗျ ဟဲ ဟဲ ဟု ရယ်မောနေလိုက်သေးသည်။ ပြီးတော့ ဦးရုပ်ဆိုးနဲ့ ပြန်တွေ့ရတာ ဝမ်းလည်း သာပါတယ်။ ဒါပေမယ့် တမျိုးကြီးပဲဗျာဟု ဆက်ပြောသေးသည်။ ကျနော်က ဒါနဲ့ အခု မင်းအမေရော ကျန်းမာရဲ့လားဟု မင်းညီမလေး ညီလေးတွေရော ဘာလုပ်နေကြလဲ ဟု မေးသည်။ အမေက နေကောင်းပါတယ် အခုထိ အဝတ်လျှော်နေတုန်း .... ဆိုပြီး ပိစိက ဆက်မပြော။ ငြိမ်သက်သွားသည်။ ကျနော် ဆက်မမေးလိုတော့။
ထို့နောက် ပိစိက အချိန်အကြာကြီး ထိုင်မရ ဆိုင်ရှင်က ဆူနေမည်စိုး၍ သူပြန်တော့မည်ဖြစ်ကြောင်း ပြော နှုတ်ဆက်သည်။ ထို့နောက် ပိစိသည် သုံးဘီးဆိုက်တွဲကြီး နင်းလျက် အလုပ်သို့ ပြန်သွားလေတော့၏။ ကျနော်သည် ပိစိ၏ ကျောပြင်ကို ကြည့်ရင်း အမျိုးအမည်မသိသည့် ခံစားမှုတမျိုးကို ခံစားနေရသည်။ ထိုအမျိုးအမည်မသိသည့် ခံစားမှုဝေဒနာများကို ကျနော်မခံစားချင်။ သို့သော် ကျနော်တို့ မျိုးဆက်သည် အမျိုးအမည်မသိသည့် ခံစားမှုဝေဒနာများဖြင့်သာ ကြီးပြင်းခဲ့ကြရသူများ မဟုတ်လား။
လင်းခါး
အက်ဆေး
၁၄ သြဂုတ် ၂၀၁၇
Comments