ဘသာနှင့်ထွေးမောင်သည် ကျောင်းနေဖက်ဖြစ်ကြသည်။ ကျောင်းတွင် နေကြစဉ်က ဘသာမှာ သွက်လက်ချက်ချာ အကင်းပါး၍ လူလည်လူရှုပ် ဟုလည်း အခေါ်ခံရသည်။ ထွေးမောင်ကား ထုံ-အ-ထိုင်း-အ-န-အေးအေး ဆေးဆေး နေတတ်၍ လူညံ့လူပျော့ဟု အခေါ်ခံရသည်။
ကျောင်းမှ ထွက်ကြပြီးနောက် နှစ်ယောက်လုံး အိမ်ထောင်ကျကြ၍ ဘသာမှာ(ရန်ကုန်)အလုံတွင် နေသည်။ ထွေးမောင်မှာ ကြည့်မြင်တိုင်တွင် နေသည်။ ဘသာသည် တစုံတရာ စွဲစွဲမြဲမြဲ အလုပ်မရှိ၊ ထီးထမ်းလမ်းလျှောက် လူပေါ်ကြော့ လူပေါ်မှာ အညွန့်ခူးစားလေသည်။ထူးသည်ကား ဘသာမှာ ပြောင်ပြောင်လက်လက် ဝတ်စား၍ စားလိုက်သောက်လိုက်နှင့် အတော်ဟန်ကျပန်ကျ နေနိုင်လေသည်။
ထွေးမောင်ကား ဓာတ်မီးကုမ္ပဏီတခုတွင် ဓာတ်မီးပြင်ဆင်ကြည့်ရှုသည့်ဘက်က တလ ၄၀ကျပ်နှင့် လုပ်ရသည်။သားသမီးသုံးယောက် ရှိလာသည့်အပြင် အိမ်သားများ မကြာမကြာ မကျန်းမာသည်နှင့် ငွေကြေးမလုံလောက်၊ ဆင်းရဲကြွေးတင် ဖြစ်ရသည်။
မကြာမီ ဘသာသည် မိမိ၏မယားနှင့် မသင့်မမြတ် ခွဲခွာကြ၍ တခုလပ် ပေါ်ကြော့အနေဖြင့် နေလေတော့သည်။ ထွေးမောင်၏ အိမ်သို့ မကြာမကြာ လာရောက် လည်ပတ်တတ်၏။ ထွေးမောင် ဆင်းဆင်းရဲရဲနေရသည်ကို သနားသည်ဟု တနေ့၌ အကြံပေးလေသည်။
၎င်းတို့နှစ်ယောက် လက်ဖက်ရည်ဆိုင်တဆိုင်တွင် ထောင့်ကျ၍ လူရှင်းသော စားပွဲတခုံတွင် ဆုံမိကြရာ ဘသာက တရားဟောလေသည်ကား
"ဟေ့ ထွေးမောင်၊ မင်း ဆင်းဆင်းရဲရဲနေရတာ ငါသနားတယ်ကွယ်၊ မင်းကိုကလည်း ညံ့ပါတယ်။ ဟေ့-ဒီမှာကြည့်၊ ငါဘယ်လိုနေ သလဲ။မင့်သူဌေးသားတွေ ငါ့လို မနေနိုင်ဘူးကွ"
"နေနိုင်တာတော့ ဟုတ်ပါပြီကွယ်၊ မင်းအလုပ်တွေက မသန့်မရှင်းနဲ့ ထောင်နှုတ်ခမ်းနင်းနေတာပဲ။ အဲဒီလိုအလုပ်တွေတော့ ငါက မလုပ်ချင်ဘူးကွဲ့၊ ငတ်ပြီး အသေခံမယ်"
"အမယ်လေး-ဘုရားအလောင်းကြီးတွေ့နေမှကိုး၊ ဟေ့-ဒီမှာ
မင်းပြောပုံက လူနုံ-လူအ-လူစဉ်မမီတဲ့ လူတွေရဲ့သဘော ခင်ဗျားရဲ့၊ဒီလို ဖြစ်ရင်လည်း တောထွက်သွားပါလားကွဲ့၊ ဘာဖြစ်လို့ သားတွေမယားတွေနဲ့ နေသေးသလဲ"
"မင်း ဘာပြောပြောကွယ်၊ ရှိသမျှနဲ့ပဲ ဖြစ်သလို ရိုးရိုးလုပ်ကိုင် စားတော့မယ်"
"ဟေ့လူ-မနုံစမ်းပါနဲ့၊ ဒီမှာ ငါကော်ပေါက်တခု တွေ့ခဲ့တယ်။
ရန်ကုန်ထဲမှာ အင်္ဂလိပ်မကြီး-မင်းကြီးကတော် မုဆိုးမကြီးတယောက် ငါ တွေ့ခဲ့တယ်။ သူ့အိမ်က စားပွဲထိုးနဲ့စပ်ပြီး အတွင်းရေးတွေ ငါစုံစမ်းလို့ သိခဲ့ပြီ။ ဒီမှာ သူငွေသုံးလေးထောင်ကို ထားတာဟာ အလွယ်ကလေးရယ်၊ မင်းပါရင် နေရာကျမယ်။ ဒီလိုကွဲ့၊မင်းက ဓာတ်မီးဘက်က နားလည်တော့ ဓာတ်မီးပြင်သမားအနေဲ့ ငါက မင်းအဖော် တပည့်အနေနဲ့ ဝင်ရရင် အလွယ်ကလေးရယ်၊ အိမ်ထဲ ရောက်ရုံသာ လိုတယ်။ရောက်ရင် ထားတဲ့နေရာက အလွယ်ကလေးနဲ့ ယူနိုင်တယ်။ အဲဒါ မင်းစဉ်းစားမနေနဲ့၊ တခါတည်းလိုက်ခဲ့၊ ငွေ ၁၅၀၀ကျပ် -၂၀၀၀ကျပ် ရရင် ကြွေးလည်းကျေရော၊ ကိုယ့်အိမ်ကလေး ကိုယ်ဆောက်ပြီး အသင့်အတင့်တော့ နေနိုင်တာပဲ၊ ကိုင်း-လာကွယ်"
ထိုအခါ ထွေးမောင်သည် ပြုံး၍"မဖြစ်နိုင်ပါဘူးကွယ်၊ငါ့ကို
မင်းဘယ့်နှယ် ဆွယ်လို့ရမှာ မဟုတ်ဘူး၊ မင်း ငါ့ကို စေတနာထားတယ်ဆိုတာတော့ ကျေးဇူးတင်ပါတယ်၊ ကိုင်း ငါလည်း အလုပ်သွားဖို့နီးပြီ" ဆို၍ ထလေ၏။
"ဟေ့-အကောင်၊မင်းဒါကြောင့် ဒီလိုနေရတာ သိရဲ့လား၊ကိုင်း ဆရာ သဘောပဲ၊ ကောင်းစေချင်လို့ နတ်ပြည်တင်၊ မြင့်တယ်လို့ ခုန်ချဆိုတာ မင်းလို အကောင်မျိုးတွေပေါ့။ ဪ-ဒီမှာ၊ မင်းမလိုက်ချင်ရင်နေ၊ နို့ပေမယ့် ဘယ်သူမှ မပြောနဲ့နော် ဟုတ်လား"
"ဒါတွေ မင်းပြောစရာ မလိုပါဘူးကွယ်"ဆို၍
ထွေးမောင်သည် ချာခနဲ လှည့်ထွက်သွားလေ၏။
ဘသာသည် ဓာတ်မီးပြင်သမားသဏ္ဍာန် ပြုကာ လက်နက်ကိရိယာ အသင့်အတန်နှင့် ထိုအင်္ဂလိပ်မကြီးအိမ်သို့ လာခဲ့၏။ ထိုအိမ်က ဓာတ်မီးပြင်ရန် ခေါ်သည့်ဟန်၊ ထိုအိမ်နံပါတ်၊လမ်းအမည်ရေးထားသော စာရွက်ငယ်တခုလည်း ဆောင်ခဲ့၏။ အင်္ဂလိပ်မကြီးမှာ အခိုင်းအစေ မိန်းမ
တယောက်၊ထမင်းချက်သမား တယောက်၊စားပွဲထိုး
တယောက်နှင့်သာ နေ၏။ ဘသာလာသော ညနေသုံးနာရီအချိန်လောက်တွင် ထမင်းချက်သမားနှင့် စားပွဲထိုးသည် နောက်ဖေးသီးခြားမီးဖိုချောင်တွင် ချက်ပြုတ်နေ၏။ အခိုင်းအစေမိန်းမကား အပြင်ဘက်သို့ အဝယ်အခြမ်းထွက်နေ၏။အင်္ဂလိပ်မကြီးမှာလည်း အတန်ပြင်းသော အဆစ်အမျက်ကိုက်သည့် ဝေဒနာကို ခံနေရသည်မှာ ကြာရှည်ပြီ ဖြစ်၍ အတန်မမာမကျန်းဖြစ်ကာ အိမ်ခန်းတခုတွင် အိပ်ရာပေါ်၌ လှဲနေ၏။
ဘသာသည် လူရှင်ကြောင်းသိ၍ အိမ်သို့ဝင်၏။ ၎င်း၏ အကြံကား လူရှင်းလျှင် စာရေးခန်း စားပွဲအံဆွဲတခုတွင် ထားသည်ဆိုသော ငွေကိုယူမည်။ လူတွေ့လျှင် ဓာတ်မီးကုမ္ပဏီမှ လွှတ်လိုက်သောလူဖြစ်ဟန်ဆောင်မည်ဟု ကြံ၍ဝင်၏။ အိမ်ရှေ့ခန်းရောက်၍ လူရှင်းသည်ထင်သည်နှင့်
ငွေထားရာစားပွဲဆီသို့ တိတ်တဆိတ်လာခဲ့ရာ နားပါးသော အမယ်ကြီးသည် ခြေသံလိုလိုကြား၍ ချောင်းဟန့်ကာ အင်္ဂလိပ်လို ဘယ်သူလဲဟု အိပ်ရာမှနေ၍ မေးလေ၏။
ဘသာသည် အမြန်ဆုတ်၍ အဝင်ဝတံခါးတွင် ရပ်ကာ တံခါးကို ခေါက်လေသည်။အမယ်ကြီးသည် နွမ်းလျနာကျင်သော ကိုယ်ဖြင့် ထလာခဲ့လေ၏။ ဘသာကို တွေ့မြင်ရလျှင် မြန်မာပြည်ပေါက်ဖြစ်၍ မြန်မာစကားကို ကောင်းစွာ တတ်ကျွမ်းသည်နှင့် မြန်မာဘာသာဖြင့် မေးမြန်းလေ၏။
"ကျွန်တော်တို့ ကုမ္ပဏီကို ဒီအိမ်က ဓာတ်မီးပြင်ချင်လို့ ဆိုပြီး လူလွှတ်လိုက်လို့ ကုမ္ပဏီက ကျွန်တော့်ကို လွှတ်လိုက်ပါတယ်"
"မင်းတို့ မှားပြီထင်တယ်၊ ကျုပ်မီးတွေ အကောင်းသားပဲ၊
လူလည်း မလွှတ်ရပါဘူး"
"အို-ဟောဒီမှာ နာမည်လိပ်စာတွေတောင် ရေးပေးလိုက်သေးတယ်။ စပတ်လမ်း တိုက်နံပါတ်-၃၀၊မစ်စစ်(စ်)ဘာတန်တဲ့။ အဲဒါ ခင်ဗျားပဲ မဟုတ်လားခင်ဗျာ"
"အင်း-နာမည်တွေတော့ ဟုတ်ပါရဲ့၊နို့ပေမယ့် လူလွှတ်တာတော့ မဟုတ်ဘူး"ဟု ဆိုပြီးနောက် စေ့စပ်သော အမယ်ကြီးသည် ဆက်၍ "မင်းနာမည်က ဘယ်သူလဲ၊ဘယ်မှာနေသလဲ"ဟု မေးလေ၏။
ထိုအခါ မရိုးသားသော ဘသာမှာ အကျပ်ရိုက်သွား၍ အမည်မှန်ကို ပေးရန် မဖြစ်နိုင်သည်ကို သိရှိကာ ရုတ်တရက် ထွေးမောင်ကို သတိရပြီးလျှင်
"ကျွန်တော့်နာမည် ထွေးမောင်တဲ့၊ကြည်မြင်တိုင် ပိတောက်တန်း အိမ်နံပါတ် ၂၈ မှာ နေပါတယ်"ဟု
ထွေးမောင်၏ အမည်၊လမ်းအမည်၊အိမ်နံပါတ်တို့ကို အလွဲသုံးစား ပြုလိုက်လေ၏။
"ဤအချိန်တွင် အမယ်ကြီးမှာ အလွန်နာကျင် ကိုက်ခဲလာသည်နှင့် "အို-အို"ဆို၍ အနီးရှိ ကုလားထိုင်ပေါ်သို့ ခွေပျော့၍ ကျသွားလေ၏။ထိုအခါ ဘသာသည် "အို-အမေကြီး မမာဘူးလား"ဟု မေးရလေ၏။
"ဟုတ်တယ်မောင်ရယ်၊ကိုင်း ကိုင်း ခဏ ဟိုကုလားထိုင်ပေါ်မှာ ထိုင်ဦး၊ဟုတ်တယ်၊ အမေကြီး အဆစ်အမျက် ကိုက်တဲ့ရောဂါ ခံစားနေရတာ သုံးနှစ်ကျော်ပြီ၊ ဆရာဝန်တွေလည်း စုံပါပြီကွယ်၊ ဒါနဲ့ပဲ သေရတော့မယ် ထင်ပါရဲ့"ဆို၍ အလွန်နာကျင်စွာ ခံနေရသည်ကို ဘသာမြင်ရလေ၏။
မေးမြန်းတတ်သော အမယ်ကြီးက ဆက်၍ "နေပါဦး၊မင့်မိန်းမ နာမည်က ဘယ်သူတဲ့လဲ၊သားသမီးကော ရှိသလား။လခဘယ်လောက် ရသလဲ၊ စားလောက်သောက်လောက်ရဲ့လား"ဟု မေးလေ၏။
"ကျွန်တော့မိန်းမက မယ်လှတဲ့၊ ကလေးသုံးယောက် ရှိပါတယ်။ တလ ၄၀ကျပ်တည်း ရပါတယ်။ဘယ်မှာ စားလောက်မလဲခင်ဗျာ။ မကျန်းမမာလည်း ဖြစ်ကြတာနဲ့ ကြွေးတွေတောင် တင်နေပါတယ်။ အိမ်ကလေးတခန်းတောင် မိတ်ဆွေတယောက်က ကြည့်ရှုထားလို့ အလကားနေရပါတယ်"ဟု ထွေးမောင့်မိန်းမ နာမည်၊ ထွေးမောင့်ကလေးသုံးယောက်၊ထွေးမောင့်အခြေအနေတို့ကို ထပ်လောင်း၍ အလွဲသုံးစားပြုလိုက်ရပြန်လေ၏။
"ဪ..ဪ..မင်းတို့ တယ်ဆင်းရဲတာကိုးကွဲ့၊ငါ့မှာလည်း
တမျိုးဆင်းရဲနေတာပဲကွယ်၊ကြေးငွေတော့ ပြည့်စုံပါရဲ့။ ဟောဒီမှာ ဝေဒနာ ခံနေရတယ်၊ ပျောက်ရင်လေ ရှိသမျှ ပစ္စည်းကို ပေးပစ်နိုင်ပါရဲ့"
ထိုအခါ ဘသာသည် ပစ္စည်းစကားကို ကြားသောအခါ လိုချင်စိတ် ဖြစ်လာ၍ မိမိလည်း ဆေးနည်းတခု သိထားသည်နှင့် ပျောက်လိုပျောက်ငြားဟု ဤသို့ပြော၏။
"ဪ-အမေကြီး၊ ဒီအဆစ်အမျက် ကိုက်တဲ့ရောဂါမျိုး ကျွန်တော့်အမေ ခံရဖူးတယ်၊လေးငါးနှစ်ကို ကြာတာပဲ။နောက်ဆုံးမှာ ဆေး တွေ့သွားတယ်။ အဲဒီဆေးနည်းကို ကျွန်တော်ကိုယ်တိုင် ဖော်စပ်ပေးခဲ့ရလို့ မှတ်မိပါတယ်။ဆေးကတော့ ဗမာဆေးပဲ၊ ဗမာဆေးလည်း စွမ်းပါတယ်၊ စမ်းကြည့်ပါလား အမေကြီး"
အင်္ဂလိပ်ဆေးမျိုးစုံ၊ အင်္ဂလိပ်ဆရာဝန်မျိုးစုံ မတတ်နိုင်သဖြင့် သေမင်းပြည်သို့ သွားရတော့မည်ဟု ယုံကြည်နေသော အမေကြီးသည် မြန်မာဆေးကို စမ်းကြည့်လိုသည်၊ကျေးဇူးတင်ပါသည် စသည်ဖြင့် ပြောဆိုလေသည်နှင့် ဘသာသည် ဆေးယူပြန်ခဲ့လေ၏။
ဘသာသည် ဆေးကို ဘယဆေးဆိုင်တွင် စု၍ အမှုန့်ပြုကာ
သံပရာသီး နှစ်လုံး၊သုံးလုံးနှင့် ယူခဲ့လေ၏။ ဆေးအားလုံးအတွက် သုံးမူးလောက်သာ ကျလေသည်။ အဆင်သင့်လို့ ပျောက်ရင်တော့ ငါကော်တာပဲဟု စိတ်တွင် ရွှင်နေလေ၏။
ရောက်သော် ဆေးကို သံပရာရည်နှင့် ဖျော်၍ အမယ်ကြီးအား အဆစ်အမျက်တို့ကို ကိုယ်တိုင်လိမ်းပွတ်၍ ပေး၏။
"ကိုင်း-ဒီတည ကြည့်စမ်းပါ၊ သိသာပါလိမ့်မယ်။တနေ့ကို မနက်တခါ ညတခါ မှန်မှန်သာ လိမ်းပေးပါ၊ ပျောက်ပါလိမ့်မယ်၊ ဗမာ့ဆေးလည်း စွမ်းပါတယ်" ဟု ရယ်မော၍ ပြောလေ၏။
"အေး- ကျေးဇူး အင်မတန် တင်ပါတယ်ကွယ်၊ ပျောက်ရင်တော့... ဆို၍ ရပ်ထားလေ၏။
"ကိုင်း-ကျွန်တော် ပြန်လိုက်ပါဦးမယ်"
ဆို၍ ဘသာသည်လည်းထွက်လာခဲ့လေ၏။
ဘသာသည် လူပေါ် လူညွန့်ခူးစားနေရသည်မှာ အတန်ကြာပြီ ဖြစ်၍ အစိုးရပေါ်မှာ အညွန့်ခူးစားရန် မကြာမီ ဖြစ်ပေါ်လာလေ၏။ အစိုးရဆောက်ပေးသော တိုက်ခန်းတွင် နေ၍၏။ မအိပ်ချင်သော အိပ်ချင်သော အချိန်မှန်အိပ်ရ၏။ မစားချင်သော စားချင်သော အချိန်မှန်စားရ၏။ ပြင်ပ ပြင်လွင်သို့ ထွက်ချင်တိုင်း မထွက်ရသည်တခုသာ ဆိုဖွယ်ရှိ၏။ ၎င်းပြင်လည်း လုပ်ချင်သော မလုပ်ချင်သော အလုပ်တို့ကို မှန်မှန်လုပ်ရ၏။ ဤသို့အားဖြင့် အစိုးရ၏ ကြည့်ရှုကျွေးမွေးပြုစုထားခြင်းကို သုံးနှစ်မျှ ခံစားနေရ၏။
************
အင်္ဂလိပ်မကြီးမှာ ဆေးတွေ့ချိန်ကျ၍လား မသိရ၊ ဆေးတခါလိမ်းနှင့်ပင် ထိုည အတန် ကောင်းကောင်း အိပ်ရ၏။ ကောင်းမှန်းသိ၍ ဆက်လက်ပြီး ကြိုးစားလိမ်းရာ သုံးလတွင် ရောဂါရှင်းရှင်းပျောက်လေ၏။ ဆေးပေးသော ဆင်းရဲသည်ဆိုသော 'ထွေးမောင်'ကို ကျေးဇူးဆပ်လို၍ ထွေးမောင်အိမ်သို့ ကိုယ်တိုင်သွားရောက်၍ ကြေးငွေပေးမည်ဟု နှစ်ခါသုံးခါကြံ၏။ သို့ရာတွင် မိမိတို့အင်္ဂလိပ်ထုံးစံအရ သေတမ်းစာတွင် ကျေးဇူးဆပ်ခဲ့သည်က သာ၍ ကျေးဇူးလေးနက် ဂုဏ်ရှိသည်ဟု ယူဆကာ သေတမ်းစာတွင် ထွေးမောင်အတွက် ထည့်ရေးထားလေ၏။
ရောဂါပျောက်ပြီးနောက် နှစ်နှစ်လောက်အကြာတွင် အမယ်ကြီးသည် ကြမ္မာဆိုး ဝင်လာလေရကား မော်တော်ကားမှောက်၍ အနိစ္စရောက်ရရှာလေ၏။
သေတမ်းစာကို ဆိုင်ရာရှေ့နေများက ရရှိကြည့်ရှုကြရာ
မိမိပိုင်ငွေ တသိန်းနီးပါးတန် ပစ္စည်းတို့ကို ဝေဖန်ထုခွဲစီမံချက် အရပ်ရပ်တို့အနက် "ငွေငါးထောင်တိတိကို ကြည့်မြင်တိုင် ပိတောက်လမ်း အိမ်နံပါတ်-၂၈ နေ၊ ဓာတ်မီးပြင်သမား သားသမီးသုံးယောက်နှင့် မောင်ထွေးမောင်၊မလှတိုအား ပေးရန်၊ ဤသို့ပေးသည်မှာ မိမိ၏ ပြင်းထန်သော ဝေဒနာကို ရှင်းရှင်းပျောက်အောင် ကုသပေး၍ မိမိ၏ အသက်ကို ကယ်ဆယ်သော ကျေးဇူးကို ဆပ်ခဲ့ခြင်းဖြစ်သည်" ဟု တွေ့ရှိကြရလေ၏။
ရှေ့နေသည် ထွေးမောင်တို့လင်မယားကို မိမိ၏ရုံးခန်းသို့ ခေါ်၍ သေတမ်းစာအကြောင်းကို ပြောပြရာ ထွေးမောင်တို့မှာ မယုံမကြည် ကြောင်တောင်တောင် ဖြစ်နေကြလေ၏။
"မဟုတ်ပါဘူး၊ အမိန့်တော်ရမင်းရဲ့၊ တခုခုမှားပါလိမ့်မယ်၊ အဲဒီအင်္ဂလိပ်မကြီးကိုလည်း မသိပါဘူး။ တခါမှလည်း မတွေ့ဖူးပါဘူး။ ဆေးကုပေးတယ်ဆိုတာလည်း မဟုတ်ရပါဘူး။ ကျွန်တော်ဆေးအကြောင်းဆိုလို့ လျက်ဆားတောင် မဖော်တတ်ပါဘူး၊လူမှားပါလိမ့်မယ်ခင်ဗျာ"ဟု ရိုးသားစွာ ငြင်းနေလေ၏။
"ဟာ-ဘယ်မှာ မှားရမလဲကွဲ့။ ကြည့်မြင်တိုင်၊ပိတောက်တန်း၊ နံပါတ် ၂၈ ထွေးမောင်-မလှ၊ အားလုံး မှန်တယ်မဟုတ်လား"
"အဲဒါတော့ မှန်ပါတယ်"
"ကလေးသုံးယောက် ဆိုတာကကော"
"ဒါလည်း မှန်တာပဲ"
"ဓာတ်မီးပြင်တယ်ဆိုတာကရော"
"ဒါလည်း မှန်တာပဲ၊ နို့ပေမဲ့ ဆေးကုတယ်ဆိုတာ..."
"ဟေ့-တော် ၊မင်းအရူးလား၊ အားလုံးမှန်နေမှပဲ၊ ဆေးကုတာကို မင်းရူးလို့ မေ့နေတာဖြစ်မှာပေါ့၊ တော်-မရှည်နဲ့၊ ငါ့မှာ အချိန်မရှိဘူး၊ ရော့-လက်မှတ်ထိုး၊ ရော့-ချက်ယူသွား၊ ဘဏ်မှာ ငွေငါးထောင် ထုတ်ယူချေ။"
"ကျွန်...ကျွန်တော်...ကျွန်တော် မထုတ်တတ်ဘူးခင်ဗျ"
"ဟေ့..ဘရွှေ လာစမ်း၊ ဒီလူကို ဘဏ်မှာ ငွေထုတ်ပေးလိုက်
စမ်းကွယ်"ဟု မိမိစာရေးအား ပြောလေ၏။
"ကျွန်တော်-ကျွန်တော် မဟုတ်ရပါဘူးဗျာ။ နောက်လွဲနေရင် အမှုတွေဘာတွေ ဖြစ်နေပါဦးမယ်"ဟု ထွေးမောင်သည် ထပ်၍ လောလေရာ-
"ဟာ-တယ်ရှည်တဲ့လူပါလား၊ ကိုင်း-ဘရွှေ၊ မြန်မြန်ဆွဲခေါ်
သွားစမ်းပါကွယ်၊ ငါ့မှာလည်း ဒီမှာ အလုပ်တွေ ရှုပ်နေလို့ပါ"ဟု ငေါက်လိုက်လေ၏။
*********
ထွေးမောင်တို့လင်မယားမှာ စိန်လက်စွပ် ဝတ်ရမလိုလို၊မုန့်ဟင်းခါးစားရမလိုလို၊ အော်ငိုရမလိုလို၊ အော်ရယ်ရမလိုလို ဟိုလိုလို သည်လိုလိုနှင့် ကြောင်တက်တက်ဖြစ်ကာ စကားမှမပြောနိုင်ကြအောင် ရှိလေ၏။
မယ်လှသည် ငွေစက္ကူထုပ်ကြီးကို ရင်ခွင်တွင် ပိုက်ထားလိုက်၊ ခဏကြာလျှင် ဆန်အိုးထဲသို့ထည့်၍ အပေါ်က ကျောက်တုံးနှင့် ဖိထားလိုက်၊ ခဏကြာလျှင် စိတ်မလုံ၍ ခေါင်းရင်းဖျာအောက်တွင် ထိုးထားလိုက်နှင့် ဗျာများ၍ နေလေ၏။
စင်စစ်သော်ကား ထိုငွေရောက်လာမှုကြောင့် မစားနိုင် မသောက်နိုင်၊ ညအခါ၌လည်း မအိပ်နိုင်နှင့် ခမျာတို့မှာ ဒုက္ခကောင်းကောင်း ရောက်ရရှာလေ၏။
တရက်နှစ်ရက်ရှိသော် မိတ်ဆွေကောင်းများက ဘဏ်တွင် အပ်ထား ပေးကြလေ၏။ ဘဏ်တွင် ထားသောအခါ၌လည်း မယ်လှမှာ စိတ်မအေးရသေးချေ။ အရင်းအချာမဟုတ်၊ လူစိမ်းသက်သက် ဘုမသိ ဘမသိလူတွေဆီတွင် ငွေထားရသည်မှာ ပြန်မှပေးပါမည်လား၊ လိမ်ယူမည်လား စသည်ဖြင့် ပူရသေးသည်သာတည်း။ ထွေးမောင်သော်ကား ဘဏ်တွင် စိတ်ချ၏။ သို့ရာတွင် ဤငွေသည် လူမှား၍ ငါ့ကိုပေးခြင်းဖြစ်သည်၊ တနေ့နေ့ လူမှန်ပေါ်လျှင် ငါခက်ရချေရဲ့ ဟု တွေးတောကာ တမျိုးအားဖြင့် မအေးရှိရလေ၏။
ငွေရ၍ လေးငါးလအကြာတွင် ထွေးမောင် မယ်လှတို့ လူစိတ်ရိုးရိုးသို့ ပြန်ရောက်ကြသော် လခစားအလုပ်မှ ထွက်ပြီးလျှင် လမ်းမတော်ပိုင်းတွင် ဓာတ်မီးဆိုင်ရာ ဆိုင်တခုဖွင့်လေ၏။ မကြာမီ ရိုးသားစွာလုပ်ခြင်း၊ ဝီရိယရှိခြင်းတို့ကြောင့် ဆိုင်အတန်ပင် ကြီးပွားလာ၍ ထွေးမောင်-မယ်လှတို့မှာ အနေအစားချောင်ချိ ချမ်းချမ်းသာသာ ရှိကြလေ၏။
ကျွန်ုပ်တို့၏ လူလည်ကိုဘသာကြီးမှာလည်း အစိုးရ၏ ဧည့်သည်တော်အဖြစ်ဖြင့် သုံးနှစ်မျှ ခံစားစံစားပြီးမှ လူ့ပြည်ဘက်သို့ ထွက်ခဲ့ရပြန်လေ၏။ မှီခိုရာမဲ့သည်နှင့် မိမိ၏ ငယ်သူငယ်ချင်း ကျောင်းနေဖက် ထွေးမောင်တို့ အိမ်ဆီသို့ ခြေဦးလှည့်ခဲ့လေ၏။ အိမ်နီးနားချင်းတို့က ထွေးမောင်တို့၏ နေရာသစ်ဆိုင်သစ်ကို ညွှန်လိုက်မှ လိုက်ခဲ့ပြန်လေ၏။
"ဦးထွေးမောင်-လျှပ်စစ် ဓာတ်မီးတိုက်"ဟူသော ဆိုင်းဘုတ်နှင့် အတန်ခမ်းနားသော ဆိုင်ကိုမြင်ရလျှင် ချက်ချင်းမဝင်ဝံ့ဘဲ တွေ၍ ငေးကြည့်နေ၏။ ထွေးမောင်သည် ဆိုင်တွင်းမှနေ၍ ထိုအဝတ်အစားအနွမ်းနှင့် စုတ်ချာချာလူကို အတန်ကြာ စဉ်းစားကြည့်ရာမှ ဘသာဖြစ်ကြောင်း သိသည်နှင့်-
"ဟေ့-ဘသာမဟုတ်လား၊လာပါလေ၊အထဲကို၊ ဒါ ငါ့ဆိုင်ပါပဲကွဲ့" ဟု ခေါ်ယူရလေ၏။ ရောက်မှ "အေး-ဘသာရယ်၊ မင့်အကြောင်း ငါသတင်းစာထဲ ဖတ်လိုက်ရတယ်။ အခု သုံးနှစ်ပြည့်ပြီပေါ့နော် မင်းဘယ်လို..."
ဤသို့ ထွေးမောင်က မေးမြန်းပြောဆိုနေစဉ်အတွင်း ဘသာသည် နားထောင်ဟန်မရှိ၊ ဆိုင်အတွင်း ပတ်လည်ထားပုံ၊သိုပုံ၊ကုန်စည် ကိရိယာများပြားပုံ၊ ကြီးကျယ်ပုံတို့ကို ဟိုလှည့်ကြည့်၊ သည်လှည့်ကြည့်နှင့် လုပ်နေလေ၏။ ပြီးမှ ထွေးမောင် မေးသည်တို့ကို မဖြေဘဲ-
"နေပါဦး ထွေးမောင်ရယ်၊ ငါ့အကြောင်းတွေ ထားစမ်းပါဦး၊
မင့်အကြောင်းတွေကို ပြောစမ်းပါဦး၊ ဘယ်ပုံဘယ်နည်း ဒီအခြေအနေရောက်လာတာလဲ၊ မင့် ထီပေါက်သလား"
"အေး-တနည်းတော့ ထီပေါက်တယ် ဆိုရမှာပဲ၊ ဒီလိုကွဲ့၊
အတော်ထူးတယ်။ မနှစ်ကကွယ်၊ ဟို စပတ်လမ်းက အင်္ဂလိပ်မကြီးတယောက်က ငါနဲ့လည်း မသိဘဲနဲ့၊ ကြည့်ပါဦးကွယ်၊ သူ့သေတမ်းစာထဲမှာ ငါ့ကို ငွေငါးထောင် ပေးပစ်ခဲ့တယ်"
"စပတ်လမ်းက အင်္ဂလိပ်မကြီး မဟုတ်လား"
"အေး-ဟုတ်တယ်"
"နာမည် ဘယ်သူတဲ့လဲ"
"ဟိုဒင်းကွယ်...မစ်စစ်(စ်)ဘာတန်-ဆို ထင်ပါရဲ့"
"အစစ်ပဲဗျ"ဆို၍ ဘသာ၏ နား မျက်စိတို့သည် ပွင့်ကျယ်၍
လာလေ၏။
"နေပါဦး၊ အဲဒီ မစ်စစ်(စ်)ဘာတန်က ဘာပြုလို့ မင့်ကို
ငွေပေးခဲ့တယ်လို့ ဆိုသလဲ"
"အဲ့ဒါလည်း ထူးတာပဲ၊ ကြည့်ပါဦးကွယ်၊ သူ့မှာ အင်မတန်
ပြင်းထန်တဲ့ အကိုက်ရောဂါကို ငါက ပျောက်အောင် ဆေးကုပေးခဲ့ဖူးလို့၊ အသက်သခင်မို့တဲ့ကွယ်၊ ငါလည်း မကုရပါဘူး၊ သိလည်း မသိရပါဘူး"
"ဟယ်...ဟုတ်ပဟယ်..."ဆို၍ ဘသာသည် ထခုန်မိလေ၏။
"ဟေ့..ဘာအရူးထတာလဲ၊ ဘာဟုတ်တာလဲ"
ဟု ထွေးမောင်က မေးမှ သဘာ သတိရ၍ အဖြစ်မှန်ကို ပြောပြရလျှင် ထွေးမောင်၏ နာမည်ကို မိမိအလွဲသုံးစားပြုခဲ့ပုံ၊ မိမိ၏ ညစ်ပတ်စုတ်ပဲ့သော အမူအကျင့်တွေ ပေါ်ကုန်မည်ကို စိုးသည်နှင့် "ဟာ-ငါက အားရလို့ပါကွယ်၊ အေး ဟုတ်သကွယ်၊ မင်းတော့ ကော်တာပဲ"ဟု မချိသွားဖြဲနှင့် ရောနှော၍ ချလိုက်ရလေ၏။
ထွေးမောင်။ ။ငွေပေးခဲ့တာတော့ ဟုတ်ပါရဲ့၊ လူမှားတာနဲ့
တူတယ်ကွဲ့၊ ဆေးကုတာ ငါမဟုတ်ဘူးဆိုတာ ငါသိတာပေါ့ကွဲ့၊ ဒီတော့ တနေ့နေ့ လူမှန်ပေါ်လိမ့်မယ်၊ ပေါ်ရင် ငွေကို ပြန်ပေးရတာ ကိစ္စမရှိဘူး။ မရိုးမဖြောင့် လိမ်လည်တယ်ဆိုပြီး အမှုရောက်နေမှာ ငါအင်မတန် ရှက်တယ်၊ ဒါကြောင့်လည်း စိတ် တယ်မအေးဘူးကွဲ့"
ဘသာ။ ။"စိတ်အေးတော့ သူငယ်ချင်း၊ စိတ်အေးတော့၊
ဘယ်တော့မှ လူမှန်မပေါ်တော့ဘူး။ ငါ့ကို ယုံပါကွယ်၊ ငါအာမခံပါ့မယ်"
"ဟာ-မင်းက ကြားထဲက အာမဝင်ခံရုံနဲ့ ပြီးပါ့မလားကွဲ့၊
မင်းကလည်း မဖြစ်နိုင်တာပဲ"
"ဟေ့-ဖြစ်နိုင်လို့ ငါပြောတာ၊ စိတ်အေးအေးနေပေတော့"ဆို၍ ဘသာသည် ထကာ ထွေးမောင်၏ပုခုံးကို ကိုင်၍ စိတ်ပါလက်ပါ မျက်နှာကို ကြည့်ပြီးလျှင်-
"အင်း-ငါ့သူငယ်ချင်း လူရိုးကြီး-လူအကြီး၊ လူသူတော်ကောင်းကြီး၊ မင်းရထိုက်လို့ ရတာ၊ သူတော်ကောင်းဆီကို ထိုက်တဲ့ဥစ္စာ ရောက်လာတယ်လို့ မှတ်ပေတော့၊ အင်း-လူရိုးလူကောင်းများ တယ်ဟုတ်ပါကလား။ အေး-မင့်လိုလူမျိုးနဲ့ သူငယ်ချင်းတော်ရတာ ငါတော့ ဂုဏ်တက်ပါတယ်။ အေး-အေး-ချမ်းသာကြပါစေကွယ်၊ ငါ သွားတော့မယ်နော် သူငယ်ချင်း" ဆို၍ မျက်ရည်လည်ကာ လှည့်၍ ထွက်ခဲ့လေ၏။
ထွေးမောင်သည် အတန်ကြာ အံ့အားသင့်နေပြီးမှ ထွက်၍
လိုက်ဆွဲကာ ခေါ်သွင်းခဲ့ပြီးလျှင် "မင်း ဘယ်သွားမလဲ"ဟု မေးလေ၏။ ဘသာသည် မျက်နှာကို မကြည့်ဘဲ "ငါ့မှာ သွားစရာ
ဘယ်မှာမှ မရှိတော့ဘူး၊ ငါတော့ လူဖြစ်ရှုံးပြီ၊ ရောက်ချင်ရာရောက် သွားတော့မှာပဲ"ဟု ဝမ်းနည်းစွာဖြင့် ပြောလေ၍-
"မင်းဘယ်မှ မသွားရဘူး၊ ငါ့ဆီမှာနေ၊ ငါကျွေးမွေးထားနိုင်တယ်။ ငါ့ဆိုင်မှာလည်း အလုပ်တွေပြည့်လို့၊ အဲ-မင်း တခုတော့ ကတိပေးရမယ်"
"ဘာ ကတိလဲ"
"ရှေးက လုပ်ဖူးတဲ့ မကောင်းတဲ့ အမူအကျင့်တွေ အကုန်ဖျောက်ပြီး ရိုးရိုးသားသား လုပ်ကိုင်စားပါ့မယ်ဆိုတဲ့ ကတိပေးရမယ်"
"အဲ့ဒီကတိတော့ မင်းတောင်းဖို့ မလိုတော့ဘူး၊ ထောင်က လွတ်လွတ်ချင်း ရွှေတိဂုံဘုရားကို အရင်ဆုံးသွားပြီး အဲဒီအကျင့်တွေ စွန့်ပစ်ပါပြီလို့ သစ္စာပြုခဲ့ပြီကွဲ့"ဟု ပြန်၍ ပြောပြလေ၏။
မကြာမီ ဘသာ၏ မယားဟောင်းသည်လည်း ဆိုင်သို့ရောက်လာကာ ဘသာတို့လင်မယားသည် ထွေးမောင်၏ ဆိုင်တွင် အားကိုးအားထားပြုရသော လက်ထောက်များ ဖြစ်နေသည်ကို တွေ့ကြရလေသတည်း။
ဘသာနှင့် ထွေးမောင်တို့မှာ ရန်ကုန်မြို့မ အမျိုးသားကျောင်းထွက်များ ဖြစ်ကြ၏။ ယခု ကျောင်းသစ်ကြီး မရှိသေးမီ ဂျုဘလီရုံနား၌ ဓနိတဲကျောင်းနှင့် ရှိစဉ်က နေဖူးကြသော ကျောင်းသားဟောင်းများ ဖြစ်ကြ၏။ ထိုသူများအကြောင်းကို ကြားသိရသဖြင့် မှတ်သားထိုက်သူများ ဖြစ်သည်နှင့်ရေးသား ဖော်ပြလိုက်ရပေသတည်း။
Comments