Skip to main content

မြို့အုပ်မင်း (ဦးဖိုးကျား)



မြန်မာနိုင်ငံ မြေလတ်အရပ် မြို့ငယ်တစ်ခုသို့ တစ်ခါက အမျိုးသားကျောင်း ကြည့်ရှုရန် သွားရ၏။ သင်္ဘောနှင့် လာခဲ့ရာ လမ်းတွင် ရွာတစ်ခုသို့ ခေတ္တဆိုက်ကပ်ရ၏။

ကမ်းထိပ်တွင် လူခံ့ခံ့တစ်ယောက် ကာကီဘောင်းဘီတို၊ အင်္ကျီလက်တို၊ ဦးထုပ်၊ နေရောင်ကာ မျက်မှန်၊ တုတ်ကောက်တို့ကို ၀တ်ဆင်ကိုင်စွဲကာ မြင်ရ၏။ အနီးတစ်ဝိုက်တွင် ရွာသား (၉) ယောက် (၁၀) ယောက်မျှ ခြံရံလျက် ရှိ၏။ သားရေအိတ်၊ အိပ်ရာလိပ်၊ ရေဘူး၊ လက်ဆွဲခြင်း၊ စာခြင်းတို့ကိုလည်း မြင်ရ၏။ ငှက်ပျောခိုင်၊ အုန်းသီးတို့ကိုလည်း မြင်ရ၏။ ဧကန္တ အစိုးရ အရာရှိတစ်ယောက် ဖြစ်ရမည်။ ဘာအရာရှိပါလိမ့်။

သင်္ဘောမှာ အငယ်စား နှစ်ထပ် ဖြစ်၍ ဒုတိယခန်း မပါချေ။ ကုန်းပတ်နှင့် ဦးခန်း ပထမခန်းသာ ပါ၏။ ကျွန်ုပ်မှာလည်း အလုပ်ကလေး ရှိသည်နှင့် ၎င်းဦးခန်းတွင် စီးနင်းခဲ့၏။ ကျွန်ုပ်သည် ထိုအရာရှိကို နောက်ထပ်မကြည့်ဘဲ စာကြည့်နေ၏။

မကြာမီပင် ထိုအရာရှိ၏ တပည့်နှစ်ယောက်သည် ဦးခန်းတွင် ပစ္စည်းတို့ကို နေရာချလာ၏။ ငှက်ပျောခိုင် အုန်းသီးခိုင်တို့မှာ ကျွန်ုပ်အနားတွင် ရောက်နေ၏။ စောင်းငဲ့ကြည့်လိုက်ရာ ကြက်ဥခြင်းကိုလည်း ထပ်၍ တွေ့ရ၏။

အင်း သူတို့အစိုးရဘက် ဒီလိုချည်းဘဲ။ ငှက်ပျော၊ အုန်း၊ ကြက်ဥ ဒါတွေလုပ်နေကြတာပဲ ထင်ပါရဲ့။ ဒါတွေဟာ အရပ်သားတွေက မရှိမဲ့ ရှိမဲ့နဲ့ လက်ဆောင်ပေးကြတာတွေပဲ။ မျက်နှာရဖို့ ပေးရတာ၊ ကြောက်လို့ ပေးရတာတွေလည်း ပါချင်ပါမှာပဲ” ဟူ၍ ထိုတွေ့ရမည့် အရာရှိကို စိတ်ထဲက ဘာတာတာ ရှိသွား၏။

များမကြာမီ ရှေ့တော်ပြေး ဖိနပ်သံ ပြင်းပြင်းကို ကြားရပြီးနောက် စားပွဲတစ်ဘက်တွင် ကုလားထိုင် တစ်ခုကို ဆွဲ၍ ထိုင်သည်ကို ရိပ်ရိပ်မြင်လိုက်၏။ စိတ်ထဲက ဘာတာတာရှိ၍ပင် လှည့်၍ မကြည့်ဘဲ ကိုယ့်စာ ကိုယ်စိုက်ကြည့်နေလိုက်၏။

 နှစ်မိနစ် သုံးမိနစ်မျှ ကြာသောအခါ “ဟလို၊ အိုင်ဆေး၊ အောင်မယ်၊ မင်းနှယ်ကွယ်” ဟု အသံကြားမှ လှည့်မော့ကြည့်လိုက်ရာ အလွန်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်း ဖြစ်နေသည်ကို တွေ့ရတော့၏။

ထိုသူငယ်ချင်းကား ဟိုကောလိပ်ကျောင်း ရောက်ကြစက ဘယ်လိုကံ ဖန်တီးသည် မသိရ၊ ထိုသူနှင့် အလွန် ချစ်ခင်ရင်းနှီး၍ တစ်ခန်းထဲတွင် အိပ်ရာယှဉ်၍ နေရ၏။ သွားအတူ၊ လာအတူ၊ စားအတူ၊ နေအတူ မခွဲကြသော သူငယ်ချင်း နှစ်ယောက် ဖြစ်၏။ သဘောချင်းလည်း များသောအားဖြင့် တူ၏။ မြန်မာစာပေကို အထူးသဖြင့် အတူတူ လိုက်စားကြ၏။ သတင်းစာဖတ် ဝါသနာ ရှိကြ၏။ မကြာမီပင် ဆောင်းပါးများ ၀င်ရောက်ရေးကြ၏။ ပြင်ပ ပြင်လွင် အစည်းအဝေးသို့ ရောက်သည်က များ၏။ တစ်ခါတစ်ခါလည်း ၀င်ရောက်စွက်ခဲ့ကြ၏။ ကျောင်းတွင် အသင်းအမျိုးမျိုး ထောင်ရာ၌ ကျွန်ုပ်တို့နှစ်ယောက် လက်ချက် မကင်းချေ။

ဤသို့ နေခဲ့ကြရာ (၁၂၈၂) ခု သပိတ်မှောက်ကိစ္စ ပေါ်သောအခါ နှစ်ယောက်လုံးပင် ထွက်ခဲ့ကြ၏။ သို့ရာတွင် တစ်လအကြာ၌ ထိုကျွန်ုပ်၏ သူငယ်ချင်းမှာ ကောလိပ်ကျောင်းသို့ ပြန်သွား၏။ သွားရောက်ခြင်းကား အရေးပိုင်တစ်ယောက် သမီးနှင့် မိဘများက စေ့စပ်ထားရာ ထိုနှစ်၌ ဘီအေ စာမေးပွဲကို အောင်မြင်မှသာ ပေးစားရန် စကားတစ်ခု ထားရသော ဟူ၏ (ထိုအရေးပိုင် သမီးမှာ ကျွန်ုပ် တို့ ကောလိပ်တွင် ရှိ၍ ကျွန်ုပ်တို့အောက် တစ်တန်းငယ်၏။ ကျွန်ုပ်နှင့်လည်း ရင်းနှီးခင်မင်ပါ၏။ ၎င်းအမည်ကား မတင် ဖြစ်၏။) ထိုဧရာမ အကြောင်းကြီးကြောင့် ခမျာမှာ စိတ်လေးလေးနှင့် ပြန်ရခြင်း ဖြစ်၏။ မည်သို့ပင် ဖြစ်စေ ထိုသို့ ပြန်သွားသည့်အတွက် ကျွန်ုပ်သည် ထိုသူအပေါ်တွင် အထင်အမြင် သေးခဲ့လေပြီ။ မကျေမချမ်း ရှိခဲ့လေပြီ။ ကျောင်းပြန်ရောက်၊ ဘီအေအောင်၊ အရေးပိုင် သမီးရ၊ မြို့အုပ် ဖြစ်သွားပြီ ဟူသော သတင်းကိုလည်း ကြားခဲ့ရ၏။ ထိုသို့ အထင်အမြင်သေး၊ စိတ်မကျေချမ်း သဖြင့် လည်း ယခုတွေ့ရသည့်အခါ၌ ကျွန်ုပ်က ခပ်တန်းတန်း မျက်နှာထား၍ နေလိုက်၏။

ထိုမြို့အုပ်က “ဟလို အိုင်ဆေး၊ မင်းနှယ်ကွယ်၊ အဆင်သင့်လိုက်တာ၊ မင်းကို တွေ့ချင်တာ အတော်ကြာပြီ။ အခု အဆင်သင့်ပဲ လာတွေ့ရတယ်”

အေး ငါလည်း တွေ့ရတာ ၀မ်းသာပါတယ်ကွယ်” (စိတ်မပါ့တပါ ပြောသည်)

မင်း စိတ်ထဲ ဘာဖြစ်နေတယ်ဆိုတာ ငါသိပါတယ်ကွယ်၊ ဒါကြောင့်ပဲ မင်းကို တွေ့ချင်နေတာပဲ”

မင်း မြို့အုပ် ဖြစ်တယ်လို့တော့ ကြားလိုက်ပါရဲ့၊ အခု ဘယ်မြို့မှာလဲ”

ငါ အခု …မြို့မှာ ရောက်နေတယ်၊ အခု ရွာတစ်ရွာမှာ အမှုတစ်ခုရှိလို့ စုံစမ်းရာက ပြန်လာခဲ့တယ်”

နေပါဦး၊ မင်း မြို့အုပ်ဖြစ်တာတော့ ဟုတ်ပါပြီ၊ လခစား ဆိုတော့ သူများ ခိုင်းတာ လုပ်နေရတာပေါ့၊ ငါနှမြောတာက မင်းနဲ့ ငါနဲ့ ကျောင်းမှာတုန်းက အပင်ပန်းခံပြီး မြန်မာစာတွေ၊ ပညာတွေ ဆည်းပူး လာခဲ့ကြတယ်။ မင်းမှာတော့ အင်္ဂလိပ်ဘက်က ဘီအေလည်း အောင်ပြီးပြီ၊ အခု မင်းလုပ်နေတဲ့ အလုပ်နဲ့ အဲဒီပညာတွေနဲ့ ဘာဆိုင်သလဲ၊ မင်းပညာတွေ မင်းမနှမြောဘူးလား၊ ငါတော့ နှမြောတာပဲ”

မြို့အုပ်က ဘာမျှ ပြန်မပြော၊ ပြုံးရယ်၍သာ နေ၏။

အဲဒီတော့ မင်းကို ငါစိတ်နာတာပေါ့၊ မင်းလို လူတစ်ယောက်က အခစား တစ်ပါးကျွန် လုပ်နေတယ် ဆိုတော့ ခွမကျဘူးလား၊ မင်းကို မြို့အုပ်မင်းရယ်လို့ အဘလောက် အဘိုးလောက်တွေက ဝုိင်းရှိခိုး၊ ဘုရားထူး။ ဟိုငှက်ပျောတို့၊ အုန်းတို့၊ ကြက်ဥတို့ကို မသထာရ၊ သထာရေပေး၊ မင်းတို့ကယူ၊ အထက် က အစိုးရတွေ မျက်နှာရအောင်လုပ်၊ အခွန်တွေ နင်းကန်တောင်း၊ လူတွေ ဒဏ်တပ်၊ ထောင်ချ၊ မင်းက ဒါမျိုးတွေ သာယာနေတာပေါ့၊ ဟုတ်စ” (စိတ်ပေါက်ပေါက်နှင့် ပြောသည်)

မြို့အုပ်က “မင်းမှာ စွပ်စွဲစရာတွေ ဒါ အကုန်ပဲလား” ဟု ပြုံးရယ်၍ မေးလေ၏။

မကုန်သေးဘူး၊ အပုံကြီးကျန်သေးတယ်၊ လာဘ်စားတာတွေ၊ သူများမယား မျက်ရည်ကျမှ ကိုယ့် မယား ထမင်း၀တာ စိန်၀တ်ရတာတွေ၊ အစိုးရ အရာရှိနဲ့ တူအောင် သောက်စားမူးရူး အပျော် လိုက် တာတွေ၊ ဘာကျန်သေးသလဲ၊ မင်းက ဒါမျိုးတွေ လောကနိဗ္ဗာန်ထင်ပြီး ပျော်မြူးနေ တာပေါ့၊ မင့်မှာ နဂို စိတ်ကောင်း အကျင့်ကောင်းရှိတာ ငါသိတယ်၊ အခုတော့ ပျက်ကုန်ရော့ပေါ့၊ စုပြီးသား ပညာတွေ ပျောက်ကုန်ပြီ၊ ငါနှမြောသကွယ် သူငယ်ချင်းရယ်”

အင်း ဒါတွေက မင့်ထင်မြင်ချက်တွေ ဆိုပါတော့၊ ဘာပဲဖြစ်ဖြစ်ကွယ်၊ အဲဒီ စိတ်မချမ်းသာစရာတွေ ထားပါတော့၊ အခု ငါးနှစ် ခြောက်နှစ်ကြာပြီးမှ ပြန်တွေ့ရတဲ့အခါ ရှေးဟောင်းနှောင်းဖြစ် ဆိုသလို ကြည်ကြည်သာသာ အကြောင်းပဲ ပြောကြပါစို့ကွယ်”

ဒါကတော့ ပြောရပါတယ်၊ ငါက အဖြစ်ကို ပြောပြတာပါ၊ နေပါဦး ဒါဖြင့် မင့်မိန်းမ မတင်ကော အခု ဒီမြို့မှာပဲလား”

အေး ဟုတ်တယ်၊ မင်းအိမ်ရောက်တော့ တွေ့မှာပါ”

မင်းအိမ်ကို ငါရောက်ချင်မှ ရောက်မှာ”

မင်း ရောက်ရမယ်၊ မင်း ငါ့အိမ်မှာ တည်းရမယ်”

အလိုဗျာ မလုပ်ပါနဲ့၊ နေရှင်နယ်ကျောင်းဘက်က လူနဲ့ မြို့အုပ်မင်းနဲ့ ဘယ်ဖြစ်မလဲကွဲ့”

ဖြစ်နိုင်တာကို ငါပြမယ်”

ဟေ့ မလုပ်နဲ့ကွဲ့၊ တော်တော်ကြာ ငါ့အတွက်ကြောင့် မင်းကို အထက်က အရာရှိတွေက မေးလား စမ်းလားနဲ့၊ ပြီးတော့ မင်းရာထူးကို ထိနေပါဦးမယ်၊ မလုပ်ပါနဲ့ကွယ်၊ ငါ့ဘာသာငါ အေးအေး ကျောင်းဆရာကြီး အိမ်မှာတည်းပါ့မယ်၊ မင်းအိမ်ကို သပ်သပ်လာလည်တာပေါ့”

မင်း ဘယ်မှာမှ မတည်းရဘူး၊ ငါ့ဆီမှာပဲ တည်းရမယ်၊ မင်း ဆရာကြီးတွေ ကျောင်းကော်မတီ လူကြီးတွေ ငါ ပြောရင် ပြီးတယ်”

အလဲ အတော်လာပါကလား၊ နေရှင်နယ်ဘက်က လူတွေက မင်း အထက်အရေးပိုင်တွေ၊ မင်းကြီးတွေ ပြောတောင် နားထောင်ချင်မှ ထောင်မှာကွဲ့၊ မင်းက လေမထွားပါနဲ့”

အေးကွယ် ထွားတာ မထွားတာ မင်းသိမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ငါ့အိမ်မှာပဲ တည်းရမယ်”

ထိုသို့ ငြင်းခုံနေကြစဉ်ပင် ထိုမြို့သို့ သင်္ဘောဆိုက်လေ၏။ ကျွန်ုပ်လာမည်ဟု အကြောင်းကြား ထားနှင့်၍ ကျောင်းဆိုင်ရာ လူကြီးများ၊ ဆရာများ လာရောက်ကြိုဆိုနေကြ၏။ သင်္ဘောဆိုက်လျှင်ပင် ထိုသူတို့ တက်လာ၍ မြို့အုပ်မင်းကို သူ့ထက်ငါ အရင် အားတက်သရော နှုတ်ဆက်ကြ၏။ ပြီးမှ ကျွန်ုပ်ကို နှုတ်ခွန်းဆက်၍ ကျောင်းဥက္ကဋ္ဌက -

မြို့အုပ်မင်း၊ ဟောဒါ ကျွန်တော်တို့ အမျိုးသား…”

ကျွန်တော် သိပါတယ်ဗျာ၊ ကျွန်တော်နဲ့ ကျောင်းနေဖက် သူငယ်ချင်းပဲ၊ အခု သင်္ဘောပေါ်မှာ ရန်တောင် ဖြစ်လာကြသေးတယ်၊ သူ့ကို ကျွန်တော့်အိမ်မှာ တည်းဖို့ ပြောပြီးပြီ”

ဟင် ကျွန်တော်တို့လည်း ပြင်ဆင်ထားတာပဲ။ နို့ပေမဲ့ မြို့အုပ်မင်းကဆိုရင် ဘာဖြစ်ဖြစ် သဘောရှိ ပေါ့ဗျာ”

ထိုအခါ ကျွန်ုပ်တွေးလိုက်သည်ကား “တွေ့ကြတဲ့အခါ ငါ့ကို ကျော်ပြီး သူ့ကို အရင်နှုတ်ဆက်ကြတယ်။ ပြီးတော့လည်း အင်မတန် မြတ်မြတ်နိုးနိုး ခင်ခင်မင်မင်ပဲ။ ပြီးတော့ မြို့အုပ်မင်း သဘောအတိုင်း ပေါ့ တဲ့။ ဒါအတော်ထူးတာပဲ။ အင်း ဒီအကောင် တစ်ခုခုတော့ လုပ်ထားပြီ ထင်တယ်။ နောက်မှ စုံစမ်း  ကြည့်ဦးမယ်” ဟု တွေးပြီးနောက် မြို့အုပ်မင်း အိမ်သို့ လိုက်သွားရလေ၏။

အိမ်တွင် မြို့အုပ်ကတော် မတင်နှင့် ချစ်ခင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သ စကားစမြည် ပြောနေရ၏။

နောက်တစ်နေ့ ကျောင်းစစ်ပြီးနောက် ဆရာကြီးကို လက်တို့ခေါ်၍ မြို့အုပ်အကြောင်းကို စုံစမ်းမေးမြန်း ရ၏။ ၎င်းဆရာကြီးကား ကျွန်ုပ်၏ တပည့်တပန်း ဖြစ်ဖူး၏။ ဆရာကြီး ပြောချက်တို့ကား အောက်ပါ အတိုင်းတည်း။

----------

ဒီ မြို့အုပ်အကြောင်းလား ဆရာ၊ ဟာ လူထူးပဲ၊ သူမှ မျိုးချစ်စိတ်ရှိတဲ့လူ သူတော်ကောင်းဗျ၊ သူ့အစိုးရ ၀တ္တရားလည်း တစ်ကွက်မှ မပျက်ဘူး။ သူများအကျိုးလည်း သိပ်ဆောင်တာပဲ။ ဟော အခု အမျိုးသား ကျောင်းဟာ အရင်က ပျက်မလိုဖြစ်နေတုန်း သူရောက်လာတာနဲ့ သူပြန်ပြီး ထူထောင်တာပဲ ဆိုပါတော့ ဗျာ။ သူတို့မတော့ မင်းဆိုတော့ သြဇာရှိပြီးသားကလား။ မြို့ပေါ် ရွာပေါ်က လူတွေ သူကဆိုရင် လိုက်ကြ လုပ်ကြရတာပေါ့ဗျာ။ အဆုံးမတော့ ဒီကျောင်းက သူ့ကို အားကိုးနေရတာပဲဗျ။

ပြောရဦးမယ်။ သူ့အကြောင်း ပြောရတာ လက်ဖက်စားရတာထက် မြိန်သေးတယ်။ သူ ဒီနယ်ရောက် လာမှ သူခိုးလူဆိုး မရှိသလောက်ပါပဲ ခင်ဗျာ။ သူအုပ်စိုးပုံက တယ်ဟုတ်တာကိုး။ နည်းကျတယ်။ ယဉ်ကျေးသိမ်မွေ့တယ်။ နက်နဲတယ်။ အကျိုးထိရောက်တယ်။ ဥပမာ ၁၀၉-၁၁၀ အလုပ်မရှိ ကျော်စောတွေကို ရှာဖွေဖမ်းဆီးတယ်။ ဖမ်းတာက သူများလို ထောင်ချဖို့ မဟုတ်ဘူး။ သူက အလုပ်ရှာပေးဖို့ ဖြစ်တယ်။ ကျွန်တော်တို့ ဟိုတောင်ပိုင်းက ညိုကြီးဆိုတာ သူခိုးဗိုလ် ဓားပြကြီးပေါ့။ ဟော မြို့အုပ်မင်းက သူ့ကို ခေါ်တဲ့ပြီး လက်ဖက်ရည်ဆိုင် တည်ပေးသတဲ့၊ မြို့အုပ်မင်းကိုယ်တိုင် ငွေ (၁၅၀) စိုက်ပေးသတဲ့။ ဆိုင်ကိုလည်း သူကိုယ်တိုင် ကြီးကြပ်ပေးတာပဲ။ တိုတိုပြောမယ်ဗျာ။ မနက်ချမ်း ညချမ်း မြို့အုပ်မင်း ကိုယ်တိုင် လာလာပြီး လက်ဖက်ရည်ဖျော်နည်းတောင် ပြပေးသတဲ့။ လူစည် လိုက်တာ ဆရာရယ်၊ အနားက ကုလားဆိုင်တွေ၊ တရုတ်ဆိုင်တွေတောင် ပြုတ်ကုန်တာပဲ။ ညိုကြီး တောင် မကဘူး။ ဆိုးတေနေတဲ့ လူသုံးလေးယောက်လည်း ဒီဆိုင်ရောက်ပြီး အင်မတန် သေသေ ၀ပ်၀ပ် ဖြစ်ပြီး ယခုအားလုံးပဲ အိမ်နဲ့ ရာနဲ့ ချမ်းသာလို့ပါကလားဗျ၊ အဲဒါမကသေးဘူး။ ညိုကြီးတို့ ကျွတ်ပုံက အခု မဆိုးတဲ့အပြင် ဘုရားရေး တရားရေးနဲ့ ၀တ်အသင်းတစ်ခု ထောင်သတဲ့။ ညတိုင်း ဟောဟို မြို့လယ်က ဓမ္မာရုံမှာ ပရိတ်သံ မစဲဘူးဗျ။ လူဆိုး သူခိုး ဓားပြတွေ ဥပါသကာဖြစ်ကုန်တာ မထူးဘူးလား ဆရာရယ်။ သည့်ပြင် ကျန်တဲ့ ပေတေတေ လူတွေ၊ လူလေ လူလွင့်တွေကိုလည်း သိမ်းကျုံးဖမ်းပြီး အထိုက်အလျောက် အလုပ်ရှာပေးတယ်၊ တစ်ချို့လည်း စပါးစက်ထဲ ရောက်၊ တစ်ချို့လည်း သူ့ရုံးမှာသုံး၊ ဟိုဟိုဒီဒီပေါ့ဗျာ၊ နေရာချပေးလိုက်တာပဲ။

တစ်ချို့မင်းတွေက သူတို့အစိုးရ ဥပဒေအရဆိုပြီး ဒီလိုလူစားတွေကို ဖမ်းချုပ်ထောင်ချ၊ ဒါပဲ တတ် တယ်၊ ဟို ညိုကြီးတို့လို လူကတော့ ထောင်ကျပြီးတာ ခုနစ်ခါ၊ ရှစ်ခါထက် မနည်းဘူး။ ဖြုံတောင် မဖြုံဘူး၊ ပိုတောင် ဆိုးလာသေးတယ်။ ဟော အခု မြို့အုပ်မင်းနည်းနဲ့တော့ ဟေ့ ညိုကြီး၊ မင်းမဆိုးရင် သတ်ပစ်မယ်” ဆိုတာတောင် အသေခံမယ့် ဘဝရောက်နေပြီ ဆရာရဲ့။

မြို့အုပ်မင်း မရောက်ခင်က ဒီမြို့က လူငယ်လူရွယ်တွေဟာ အားလုံး ကြမ်းပိုးချည်းပဲ ဆရာရေ့၊ ညနေဆို ဘိုဆံတောက် သ၊ ရှိသမျှလေး ၀တ်၊ လက်ဖက်ရည်ဆိုင်ထိုင်၊ အဖျင်းစုပြော၊ အဖျင်းစုလုပ်၊ စျေးပြန်တွေကို မျက်စိအရသာခံပြီး ပိုး၊ မဟားတရားပြော၊ ပြောင်လှောင်၊ ညအခါ အသံဆိုး အသံပြဲကြီးတွေနဲ့ ရွာရိုးလျှောက်ပြီး သီချင်းဆို၊ ဟားတိုက်၊ ရန်ဖြစ်၊ ဆိုးခိုးတိုက်၊ အဲဒါနဲ့ အချိန်ကုန်တာပဲ။ တစ်ယောက်မှ အကောင်းမရှိဘူးဗျ။

မောင်မင်းကြီးသား မြို့အုပ်ရောက်လာလို့ သုံးလေးလသာ ကြာတယ်။ စာဖတ်အသင်းတစ်ခု ဖွင့်ပေးတယ်။ သူကိုယ်တိုင်က ငွေ (၃၀၀) ကျပ် ထုတ်ပြီး စာအုပ်စာတမ်း ၀ယ်ပေးတယ်။ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ် ၀ယ်ပေးတယ်။ စျေးနားက အခန်းတစ်ခု ငှားပြီး အသင်းတိုက် ပိဋကတ်တိုက် လုပ်ထားတယ်။ အခု လူငယ်လူရွယ်တွေ အဲဒီ ရောက်ကုန်ပြီ၊ စာဖတ်ဝါသနာမပါတဲ့ အကောင်တွေ လည်း မြို့အုပ်ကို ကြောက်တာနဲ့ သွားဖတ်ရတာပဲ။ အဲဒီ အသင်းတိုက်မှာ စကားပြိုင်ပွဲ၊ အဟော အပြောပွဲ မကြာမကြာ လုပ်ပေးတယ်။ မြို့ထဲ ရွာထဲက မြန်မာစာပေတတ်သူ၊ ရာဇ၀င်တတ်သူ၊ ပိဋကတ်တတ်သူ၊ ဆေးအတတ်တတ်သူ၊ အဲဒီလို ကျွမ်းကျင်တဲ့ လူတွေကို မကြာမကြာ ဟောပြော စေတယ်။

ပြီးတော့ ရှိသေးသဗျာ၊ ဆင်းရဲတဲ့ ကလေး၊ အချိန်လွန်တဲ့ လူကြီး၊ အဲဒီလိုလူတွေအတွက် အဲဒီ အသင်းရုံကြီး မှာပဲ အခလွတ် ည ကျောင်းတစ်ခု ဖွင့်ထားတယ်။ မြို့အုပ်မင်းကိုယ်တိုင် အင်္ဂလိပ်စာ တစ်ချိန် ယူသင်တယ်။

မိန်းမတွေလည်း ကောင်းကောင်း မနေရဘူးဆရာ၊ သူ့မင်းကတော်ကလည်း ဘီအေကိုးဗျ။ သူတို့ နတ်ဖက်တာပဲ ဆရာ၊ မိန်းမတွေ အလုပ်ရဖို့ ဆေးလိပ်ခုံထောင်စေတယ်။ ပန်းထိုး ဇာထိုး၊ ပန်းခိုင်လုပ်၊ ယပ်တောင်လုပ်၊ ဟာ စုံလို့ပါပဲဗျာ။

အခုတော့ တစ်မြို့လုံး တစ်နယ်လုံး နတ်ပြည်ပါပဲ ဆရာရယ်။

လက်ဦးတော့ အထက်အစိုးရ အရေးပိုင်တို့ ဘာတို့က သူ့ကို တစ်မျိုးထင်ပြီး မသင်္ကာလို့ စုံစမ်းတယ်။ တစ်ခါက အရေးပိုင်ကိုယ်တိုင်လာပြီး ဘိုတဲမှာ သူ့ခေါ်မေးတယ်။ ကျွန်တော်တို့လည်း အမှတ်တမဲ့ လိုက်သွားပြီး ဘိုရုံအောက်က ချောင်းနားထောင်နေတယ်။ ဟာ ဘာပြောကောင်းမလဲ၊ အရေးပိုင်ကို သူက တရားဟော လွှတ်လိုက်တာပေါ့။ အပြောကလည်း ကောင်းတယ် ဆရာရေ့၊ ခင်ဗျာ့ အင်္ဂလိပ် အစစ် အရေးပိုင်ထက် သူက အင်္ဂလိပ်စကားပြော ကောင်းသေးတယ်။ နောက်ဆုံးတော့ အရေးပိုင် အရေလည်သွားတာပေါ့။ အခု သူ့နည်းတွေ အတုခိုးဖို့ကောင်းကြောင်းနဲ့ သည့်ပြင် မြို့အုပ် မြို့ချုပ် တွေကိုလည်း ပြောတယ်ဆို ထင်ပါရဲ့ဗျာ။

ဒီမြို့အုပ်က လူထူးဗျ။ ဆင်းရဲတဲ့လူ၊ မျက်နှာမရှိတဲ့လူကို ပိုပြီး အရေးလုပ်တယ်။ ဥပမာ-မသာ အသုဘ ရှိရင် မျက်နှာကြီးထဲကဆိုရင် တော်ရုံပဲ၊ ၀တ်ကုန် ကျေကုန်လောက် သွားလိုက်တယ်။ ဟော ဆင်းရဲ နွမ်းပါးတဲ့ လူဆိုရင် သိသိ မသိသိ ရောက်အောင် ကြိုးစားသွားတယ်။ သွားရုံမကဘူး။ သူကိုယ်တိုင် မသာရှင် လုပ်နေတာပဲ။ လူပိုစည်တာပေါ့ဗျ။

အလှူအတန်း အခမ်းအနား သူမပါရင် မပြီးဘူး။ တစ်ခါက ဆရာ့ကို ပြချင်တယ်။ ဟိုကျောင်းနားက ရှင်ပြုတစ်ခုမှာ တရားနာပြီးလို့ ရေစက်ချမယ်လုပ်တော့ မြို့အုပ်ရောက်မလာသေးတာနဲ့ အလှူရှင်က ရေစက် မချဘူး၊ ဆိုင်းနေသတဲ့။ အလှူရှင်ရော၊ ဘုန်းကြီးတွေရော၊ ပရိသတ်တွေရော အကုန်စောင့်နေ ကြသတဲ့။ ဒီတော့မှ သူ့ကို မရမက အမြန်သွားခေါ်လို့ ရောက်လာမှ ရေစက်ချသတဲ့ဗျ။ အဲဒါသာ ကြည့်တော့။

သူ့ဆီကို အမှုမျိုးစုံ ရောက်တယ် ဆရာရေ့။ အစိုးရနဲ့ ဆိုင်တဲ့ အမှုကို ပြောတာ မဟုတ်ဘူး။ ကုန်ကုန် ပြောမယ်။ သမီးရည်းစားကိစ္စတောင် သူ့ဆီရောက်တယ်။ ဘာကြာသေးသလဲ။ ဟိုစျေးနားက ကြံရောင်းတဲ့ မယ်မှုန်ရယ်၊ သူ့ရည်းစား သာဧက သူ့ကို ဖြတ်ထားတယ်လို့၊ အဲဒါ မယ်မှုန်က မြို့အုပ်ဆီ သွားပြီး ငိုတိုင်သတဲ့။ မြို့အုပ်က သာဧကို ခေါ်ပြီး အောင်သွယ် လုပ်ပေးလိုက်ရသေးတယ်။ အခု သူတို့ လင်မယား အူမြူးနေကြတာပေါ့ဗျ။

မြို့ရေး ရွာရေးမှာလည်း သူလုပ်လိုက်ရင် အောင်မြင်တာပဲ။ သူက ကောင်းထားတော့ ငွေကြေးဆိုတာ တစ်ရာဆိုလည်း ချက်ချင်း၊ တစ်ထောင်ဆိုလည်း ချက်ချင်း ရတာဗျ။ ဝါ၀င်ဝါထွက် သင်္ကြန်အခါကြီး နေ့ရက်ကြီးများမှာ ဆရာ့ကို ပြချင်တယ်။ လာလာပြီး ကန်တော့ကြတာတွေ အ၀တ်အစား အသီးအနှံ မျိုးစုံပါပဲဗျာ။ အဲဒီ အဆမတန် ရတာတွေလည်း နည်းနည်းပါးပါးသာ ချန်ထားပြီး ဆင်းရဲနွမ်းပါးတဲ့ လူတွေကို အကုန်ပေးပစ်တာပဲ ဆရာရေ့။

မနှစ်က ဒီမြို့အုပ် နှစ်စေ့လို့ဆိုလား၊ အထက် အစိုးရက နယ်ပြောင်းဖို့ စီမံသတဲ့၊ ဒီအကြောင်းလည်း ကြားကြရော၊ ဟာ ဘာပြောကောင်းမလဲ၊ မြို့ရော နယ်ရော ကမ္ဘာပျက်သလိုပါပဲဗျာ၊ တစ်ခါတည်း လူစုပြီး လူတစ်ထောင်လောက် ရှိပါလိမ့်မယ်။ အရေးပိုင်ဆီ သွားကြတာပဲ။ ဘယ်က လျှောက်လွှာတွေ ဘာတွေ လုပ်နေမလဲ၊ ပါးစပ်နဲ့ ဝိုင်းပြောကြတာပဲ။ တစ်ချို့ ဆင်းရဲတဲ့လူတွေ၊ မိန်းမတွေက ငိုတောင် တောင်းပန်ကြသတဲ့။ အရေးပိုင်လည်း သံဃာ့အား ဘုရားမဆန်သာဆိုသလို မပြောင်းရဖို့ စီမံလိုက်သတဲ့။

ဒါပေမယ့် တစ်နေ့နေ့တော့ ပြောင်းရမှာပဲတဲ့။ အဲဒါကို အခုမြို့နယ်က စီမံထားတာက နောက်တစ်ခါ ပြောင်းရမယ်ဆိုရင် မင်းကြီးအထိ ဘုရင်ခံအထိ လူတပ်ချီပြီး သွားတောင်းပန်ကြမတဲ့ဗျ။ မရတဲ့ အဆုံး ကျရင် မြို့အုပ်အလုပ်က ထွက်စေပြီး သူတို့မြို့မှာပဲ ထားမတဲ့။ အရပ်က ကြေးခွဲငွေစုပြီး အစိုးရက ပေးတဲ့ လခထက် နှစ်ဆပေးထားမယ်လို့ စီမံထားကြတယ်ဗျ။ ဒါဟာ ကြွားတာ မဟုတ်ဘူး။ ဧကန် လုပ်ကြမှာပဲ။

အဲဒါပဲ ဆရာရယ်၊ ဒီမြို့အုပ်မင်း အကြောင်း ပြောလို့မကုန်ပါဘူး။ အရင့်အမာထဲကနဲ့ တူတာပါပဲဗျာ”

ထိုအခါ ကျွန်ုပ်က “အေး သာဓုကွယ် သာဓု၊ မင်းကိုလည်း ပြောပြတဲ့အတွက် အင်မတန် ကျေးဇူးတင် သကွယ်” ဆို၍ ပီတိဖြစ်ကာ ငါးမိနစ်မျှ ငြိမ်သက်၍ နေကြရ၏။

မြို့အုပ်၏ အိမ်သို့ ပြန်ရောက်၊ ထမင်းစားသောက်ကြပြီးနောက် မြို့အုပ်ကတော် မတင်က

ကိုင်း ဆရာကျားရေ့၊ ရှင်သူငယ်ချင်းတော့ တစ်ဆိတ်ပြောခဲ့ဦးမှပဲ။ မကောင်းတာတော့ လုပ်တာ မဟုတ်ပါဘူး။ နို့ပေမဲ့ တစ်ဆိတ်လွန်တယ် ထင်တယ်။ လခ (၂၀၀) ကျပ် - (၂၅၀) ကျပ် ရတယ်။ ပေးကမ်း ပစ်တာလည်း ဒါလောက်ပဲ။ ကျွန်မမှာ ဘာလုပ်ရသလဲ သိလား။ ကိုယ့်မိဘဆီက တစ်လှည့်၊ သူ့မိဘဆီက တစ်လှည့် တစ်လကို(၂၀၀) ကျပ် - (၃၀၀) ကျပ် ဆိုသလို တောင်းသုံးနေရတယ်” (၎င်းတို့ နှစ်ဦးလုံး မိဘများ အတန်ကြွယ်ဝြက၏။)

ပေးပစ်ပုံကို ပြောရဦးမယ်၊ ရုံးခွင်မှာ တစ်ချို့ အပြစ်ရှိတဲ့ တရားခံကို ဒဏ်တပ်လိုက်ကရော၊ ဆင်းရဲလို့ မဆောင်နိုင်လို့ ထောင်ကျရတော့မယ်လို့ သားမယား မိဘဆွေမျိုးတွေက ဝုိင်းငိုကြရော၊ ဟော ရှင့် သူငယ်ချင်း ရုံးမင်းက တစ်ဖက်လှည့်နဲ့ ငွေကျိတ်ပေးလိုက်ပါရောရှင့်၊ အဲဒီငွေနဲ့ ဒဏ်ဆောင်ပြီး သွားကြတယ်။

တစ်ချို့လည်း ထောင်ဒဏ်ထိုက်လို့ ထောင်ချလိုက်ကရော၊ ကျန်ရစ်တဲ့ သားမယားမှာ ဘာမှ လုပ်မစား တတ်ဖြစ်နေရော၊ အဲဒါ သူကြားရင် စရိတ်ထောက်ထားတယ်။ အဲဒီလိုချည်း ပေးနေရတာက အခုအထိ လေးငါးဦး ရှိတယ်။

ပြီးတော့ ရှိသေးတယ်။ သူတောသွားရင် အ၀တ်အစား များများမပေးလိုက်ဝံ့ဘူး။ များများပေးလိုက်ရင် တောမှာ ပေးပစ်ခဲ့တာနဲ့ ကုန်တာပဲ။ တစ်ခါက ဆောင်းတွင်းကြီးမှာ သားသည်အမေတစ်ယောက်၊ ကလေးကို လုံအောင်ပတ်စရာ အင်္ကျီအ၀တ် မရှိတာ တွေ့လို့တဲ့။ သူ့အပေါ် အင်္ကျီ ချွတ်ပေးခဲ့တယ်။ အဲဒါ လမ်းမှာ အအေးမိပြီ ခုနစ်ရက်လောက် ခံလိုက်ရသေးတယ်။ အဲဒါသာ ကြည့်တော့ရှင့်။

ဘာကြာသေးသလဲ။ နောက်လကပဲ တောမှာ အမှုတစ်ခု သွားစုံစမ်းတော့ သက်သေခံရအောင် လာတဲ့ မိန်းမပျိုနှစ်ယောက် အင်္ကျီလုံအောင် မ၀တ်နိုင်လို့ ထဘီရင်ရှားပြီး တဘက်စုတ်ခြုံပြီး လာကြသတဲ့။ အဲဒါ သူ့စာရေးကို ထဘီနှစ်ထည်၊ အင်္ကျီနှစ်ထည်ဆိုင်မှာ ၀ယ်စေပြီး ကျိတ်ပေးခဲ့သတဲ့။

အခွန်တော် ကောက်ခံတဲ့နေရာမှာ သူနာမည် အကောင်းဆုံးပေါ့ရှင်၊ ဘယ်နှယ့် မကောင်းဘဲ နေမလဲ၊ သူက စိုက်ဆောင်တာ များနေတာကိုးရှင့်။ သူကိုယ်တိုင် သွားကြည့်လို့ အဟုတ်ဆင်းရဲတာတွေ့ရင် လွှတ်သင့် လွှတ်ခဲ့တယ်။ လျှော့သင့် လျှော့ခံတယ်။ စိုက်ပေးသင့် ပေးခဲ့တယ်”

ထိုအခါ ကျွန်ုပ်က ပြောင်လှောင်လို၍ ပြုံးလျက် “နို့ ဘေးက ဘီက လာဘ်ကလေးများ မရဘူးလား”

ထိုအခါ မင်းကတော်သည် ဟက်ဟက်ပက်ပက် ရယ်၍ ဟေ့ သာဒွန်း၊ ဟို ရေချိုးခန်းဘေးမှာ ငါဖြုတ်ချထားတဲ့ ဆိုင်းဘုတ်ယူခဲ့စမ်းကွယ်” ဟု စေလိုက်၍ ရောက်လာသောအခါ “ကိုင်း လာဘ် ရသလား၊ မရဘူးလား၊ အဲဒီ ဆိုင်းဘုတ်ကိုသာ ကြည့်တော့” ဟု ဆို၍ ကျွန်ုပ်ရှေ့သို့ ဆိုင်းဘုတ်ကို တွန်းလိုက်၏။

ဆိုင်းဘုတ်တွင် “နောက်ဖေးလှေကားမှ အခွင့်မရှိ မတက်ရ” ဟု ရေးထား၏။ မတင်က ဆက်၍ “အဲဒီ ဆိုင်းဘုတ်ကို ကျွန်မက ရွံရွံရှိတာနဲ့ ဖြုတ်ချပြီး တော်ရာမှာ ထိုးထားလိုက်တယ်။ ကျွန်မလည်း ဒါမျိုး ဝါသနာ မပါပါဘူး။ အရပ်က မေတ္တာရှိကြလို့ လက်ဆောင်တွေ ဘာတွေ အများကြီးပို့ကြပါတယ်။ အဲဒါ ရှင့်သူငယ်ချင်းက အဲဒီ လက်ဆောင်တွေထဲမှာ မရိုးတဲ့ လက်ဆောင်တွေ ပါမှာစိုးသတဲ့၊ မကြာမကြာ လာစစ်တယ်။ တစ်ခါတော့ ကျွန်မက စိတ်ပေါက်ပေါက်ရှိတာနဲ့ ‘ရှင်က ကျွန်မကို ဒါလောက် အထင် သေးလား၊ ဒီနေရာမျိုးမှာ ရှင့်ထက် ရွံရှာသေးတယ်’ လို့ ခပ်ဆတ်ဆတ်ပြောပြီးမှ အခုတော့ အမေး အမြန်း မထူတော့ပါဘူး။ အဲဒါပဲ၊ ရှင့်သူငယ်ချင်းကို နည်းနည်း ပြောခဲ့ဦးမှပဲရှင်”

----------

ကျွန်ုပ် ထိုမြို့မှ မထွက်မီ တစ်ညတွင် အဆိုပါ စာဖတ်သင်းက ကမကထပြု၍ ကျွန်ုပ်ပြောဟောရန် စီမံ၏။ ထို စကားပြောဟောပွဲသို့ အမျိုးသားကျောင်းဆိုင်ရာ လူများ၊ ညိုကြီးတို့ ၀တ်အသင်း၊ စာဖတ် အသင်း စသည်ဖြင့် မိန်းမ ယောကျာ်းများစွာ လာရောက်ကြ၏။ မြို့အုပ်မင်းမှာလည်း ကျွန်ုပ်၏ အနီး တွင် ထိုင်နေ၏။

ဟောပြောချိန်ကျကာလ ကျွန်ုပ်က ပညာရေး၊ စီးပွားရေး၊ ကြီးပွားရေးမှစ၍ မျိုးစုံ ဟောပြောပြီးမှ နိဂုံးချုပ်သည်ကား -

ယခု ဤမြို့သို့ ရောက်မှ ကျွန်ုပ်၏ မိတ်ဆွေ မြို့အုပ်မင်း၏ ဂုဏ်တို့ကို သိရပါတော့သည်။ (ထိုအခါ မြို့အုပ်က မပြောစေလိုကြောင်း လက်ပြ၏။ ကျွန်ုပ်ကား ဆက်၍ ပြောသွား၏။)

ထိုမြို့အုပ်မင်းအား ချီးမွမ်းနေရန် လိုမည်မထင်ပါ။ လူတိုင်းသိပြီး ဖြစ်ပါသည်။ အထူးကား ကျွန်တော် သည် ထိုမြို့အုပ်မင်းအား မနောကံဖြင့် ပြစ်မှားမိသော အချက်များ ရှိပါသည်။ ထိုပြစ်မှားချက်များကို သူထံတွင် တောင်းပန်မည်ဟု ကြံထားပါသည်။ ယခုကား ကျွန်တော်၏ ပြစ်မှားချက် ကြီးလေသဖြင့် ပရိသတ်စုံရာရှေ့မှ တောင်းပန်လိုပါသည်” (ထိုအခါ၌ မြို့အုပ်မင်းသည် ရုပ်ဖျောက်ထွက်သွားလေပြီ။)

----------

၁။ ပထမအချက်ကား ကျွန်တော်တို့မှာ အလွန်ရင်းနှီးသော ကောလိပ်ကျောင်းနေဖက် ဖြစ်ကြပါသည်။ သပိတ်မှောက်စဉ်က အတူတူ ထွက်လာပြီးမှ သူသည် ကျောင်းသို့ ပြန်သွားလေသဖြင့် သူ့အပေါ်၌ အထင်သေးကာ အလကား လူညာပဲဟု ထင်မှတ်ခဲ့မိပါသည်။ သင်္ဘောပေါ်၌ တွေ့စဉ်ကလည်း ဒီလူမျိုး အစိုးရဘက် ရောက်မှာပဲ၊ အလကား လူတွေပါဟု ယူဆကာ ကျွန်ုပ်စ၍ နှုတ်မဆက်ဘဲ ခပ်တန်းတန်း နေခဲ့မိပါသည်။ ယခု ဤမြို့သို့ ရောက်မှ သူ့အကြောင်း သိရပါသဖြင့် ကျွန်တော် ပြစ်မှားခဲ့မိသည်တို့ကို စုံရာရှေ့တွင် တောင်းပန်ပါသည်။

၂။ ဒုတိယအချက်ကတော့ ကောလိပ်မှာ ရှိကြစဉ် အထူးသဖြင့် မြန်မာစာပေ လိုက်စားကြပါသည်။ သင်္ဘောပေါ်တွင် “ရခဲ့တဲ့ ပညာနဲ့ မင့်မြို့အုပ်အလုပ်နဲ့ ဘာဆိုင်သလဲ၊ ငါမင်းပညာတွေ နှမြောလှသကွယ်” စသည်ဖြင့် အထင်မှား ပြစ်မှားခဲ့မိပါသည်။ ယခု သူ့အိမ်တွင် စာအုပ်မျိုးစုံ ဗီဒိုကြီးငယ်နှင့် အပြည့်ရှိ၍ စာကြည့်လျက်ပင် ရှိသေးသည်ကို တွေ့ရပါသဖြင့် ကျွန်တော် တောင်းပန်ရပြန်ပါသည်။

၃။ တတိယအချက်ကတော့ အစိုးရအမှုထမ်း မြို့အုပ်မြို့ချုပ်တို့မှာ အများအားဖြင့် မင်းမာန်တက်ကာ သောက်စား၊ ပျော်ပါး၊ ကစား၊ အကျင့်ပျက်သည်က များပါသည်။ ယခု မိတ်ဆွေ မြို့အုပ်မင်းကိုလည်း ဤသို့ပင် ထင်ခဲ့မိပါသည်။ ယခုမဟုတ်ရုံမက မြို့ရွာနယ်ပယ် စည်ကားချမ်းသာအောင်ပင် ပြုမှုဆောင်ရွက်လေသဖြင့် တောင်းပန်ခြင်းကို ပြုပါသည်။

၄။ စတုတ္ထအချက်ကား ပညာရှိ သူတော်ကောင်း ပုဂ္ဂိုလ်တို့မှာ တန်ခိုးအာဏာရလေလေ၊ သူတစ်ပါး အကျိုးဆောင်နိုင်လေလေ ဖြစ်ပါသည်။ အစိုးရနှင့် တိုင်းသူပြည်သားသည် တစ်စီးပွားတည်း ဖြစ်ပါသည်။ ပူလျှင်လည်း အတူ၊ အေးလျှင်လည်း အတူ ဖြစ်ပါသည်။ ယခုမြို့အုပ်မင်း စီမံချက်ကို ပညာရှိသော အရေးပိုင်မင်းကြီးများကလည်း သဘောကျသည်ဟု ကြားသိရပါသည်။ ၎င်းနည်းကို အခြားအရာရှိများ အတုယူရန် အားပေးသည်ဟု ကြားရသဖြင့် ၀မ်းမြောက်လှပါသည်။

၅။ ဆောင်ရွက်ကြရာတွင် လူသိနတ်ကြား ကျော်ကြားသူများလည်း ရှိပါသည်။ လူအများ မသိဘဲ ကိုယ်ကျိုးစွန့်၍ အဟုတ် အဟတ် ထိထိရောက်ရောက် ဆောင်ရွက်နေသူများလည်း ရှိပါသည်။ ယခု မြို့အုပ်မင်းမှာ နောက်လူစားမျိုး ဖြစ်ပါသည်။

၆။ ကျွန်တော်တို့မှာ အရပ်ရပ်သို့ ရောက်၍ လည်းကောင်း၊ သတင်းစာတွင် ပါ၍ လည်းကောင်း လူသိများပါသည်။ ယခု မြို့အုပ်မင်းမှာကား ကျိတ်၍ အလုပ်လုပ်နေသည်ကို ဤနယ်တစ်နယ်တွင်သာ သိပါသည်။ သို့သော်လည်း ကျွန်တော်တို့ထက် သူက ပိုမိုအလုပ်တွင်ကျယ် အရာရောက်နေပါသဖြင့် ကျေးဇူးတင် ၀မ်းမြောက်လှပါသည်။

၇။ ဤသို့ ဂုဏ်ကျေးဇူးနှင့် ပြည့်စုံသူအား ပြစ်မှားမိသည်ကို တောင်းပန်ပြီး၍ ယခု မြို့နယ်အား တောင်းပန်လိုသည်မှာ မြန်မာနိုင်ငံတွင် ဤမြို့အုပ်မင်းမျိုး အလွန်လိုသော နေရာများစွာ တွေ့ခဲ့ရပါသည်။ ဤမြို့နယ်က သဘောကြီးကြီး ထားစေလိုပါသည်။ နောက်တစ်ကြိမ် မြို့အုပ်မင်း နယ်ပြောင်းရမည် ရှိသောအခါ မကန့်ကွက်ဘဲ အခြားနယ်သို့ ရောက်သွားခြင်းကို ကြည်ဖြူကြစေလိုပါသည်။ (ထိုအခါ ပရိသတ် လှုပ်လှုပ်ရွရွ ဖြစ်သွား၏။) အခြား မြို့ရွာတို့ကို ကရုဏာ ထားကြပါ။ မိမိတို့ မြို့နယ် ကြီးပွားလာသလို၊ အခြားဆင်းရဲအောက်ကျသော မြို့နယ်များကိုလည်း ကြီးပွားနိုင်စေရန် စေတနာ ထားတော်မူကြစေလိုပါသည်။ ဥပမာ - ဝေဿန္တရာမင်းကြီးသည် မိုးခေါင်ငတ်မွတ်နေသော ကလိင်္ဂရာဇ်ပြည်သို့ ဆင်ဖြူတော်ကို လှူဖူးပါသည်။ ဤမြို့နယ်ကလည်း ဘုရားလောင်း သဘောပိုက်၍ မြို့အုပ်မင်း ဆင်ဖြူတော်ကို မိုးခေါင်ငတ်မွတ်နေသော နယ်တို့သို့ လှူဒါန်းနိုင်ကြပါစေဟု ဆုတောင်းမိပါသည်။ လှူဒါန်းရန် မတွန့်တိုကြစေလိုကြောင်း လေးနက်စွာ တောင်းပန်ပါသည် ခင်ဗျား”

----------
မပြန်မီ တစ်နေ့၌ ကျွန်ုပ်တို့နှစ်ယောက် အိမ်ရှေ့တွင် စကားပြောနေကြ၏။ ကျွန်ုပ်က စ၍ -

အစည်းအဝေးမှာ ငါတောင်းပန်တော့ မင်းက ဘာပြုလို့ ထပြေးသလဲ”

မကြားချင်လို့ပေါ့၊ ပြီးတော့ လိုလည်း မလိုပါဘူး”

ဘာဖြစ်လို့ မလိုရမှာလဲကွဲ့၊ ငါက မင်းကို ပြစ်မှားမိတာပဲ”

မင်းပြစ်မှားတယ်ဆိုတာက ကျူးလွန်လိုတဲ့ စေတနာ မဟုတ်ဘူး။ ငါ့အဖြစ်အပျက် ငါ့အခြေအနေက ဒီလို တလွဲထင်စရာ ဖြစ်နေတယ်။ မင်း ဖွင့်မပြောပေမယ့် မင့်စိတ်ထဲမှာ ဘာရှိတယ်ဆိုတာ ငါသိပါတယ်။ ဟို သပိတ်မှောက်ပြီး ကျောင်းပြန်၀င်ရတဲ့နေ့ကစပြီး ငါတစ်နေ့မှ စိတ်လက်မချမ်းသာ ဘူး။ နို့ပေမဲ့ ငါ့သဘောကို မင်းသိတဲ့အတိုင်းပဲ ဖြစ်သမျှ အကြောင်း အကောင်းချည်းပဲဆိုပြီး ငါရတဲ့ တန်ခိုးကို အသုံးပြုပြီး တတ်နိုင်သမျှ ဆောင်ရွက်ခဲ့တာပဲ။ ငါနဲ့ ရင်းနှီးတဲ့ သားမယား မိဘဆွေမျိုး အားလုံး သိကြကုန်ပြီ။ မင်းတစ်ယောက်ပဲ ကျန်တယ်။ တစ်နေ့နေ့ မင်းနဲ့ တွေ့ရရင် ငါ့အပေါ်မှာ မမှန်တဲ့ဟာတွေ ရှင်းသွားရင် ငါသေပျော်တာပါပဲ။ ဒါကြောင့်လည်း မင်းနဲ့ သင်္ဘောပေါ်မှာ တွေ့တွေ့ ချင်း မင်းနဲ့ တွေ့ချင်တာ ကြာပြီလို့ ငါဆိုလိုက်တာ၊ အဲဒီအဓိပ္ပာယ်ပဲ။ အခုတွေ့ရပြီ၊ ရှင်းပြီ၊ ငါသေပျော်ပြီ”

မသေနဲ့ဦး ဆရာရေ့၊ မင်းလုပ်စရာတွေ အများကြီး ရှိသေးတယ်။ ခုခါ မင်းလို လူတစ်ယောက်ကို အသေမခံနိုင်သေးဘူး မောင်ရေ။ မင်းတို့မှာ တန်ခိုးအာဏာ အထိုက်အလျောက် ရှိတော့ အဲဒီ တန်ခိုးကို သူ့အကျိုး ကိုယ့်အကျိုး ပြီးအောင် ဆောင်ရွက်နိုင်တာသာ လိုရင်းပဲ။ ကိုယ့်အထက်က အစိုးရလည်း ကျေနပ်၊ ကိုယ့်ကိုယ်တိုင်လည်း ကျေနပ်ဆိုတော့ အကောင်းဆုံးပေါ့၊ အဲဒီတော့ နောက် တစ်ခါ နယ်ပြောင်းရမယ်ဆိုရင် မင်းကိုယ်တိုင်ကပါပြီး ပြောင်းလိုက်မှပဲ၊ မင်းပြောင်းရလေလေ၊ အများအကျိုးရှိလေလေ နေမှာပဲ”

ငါလည်း ဒီလိုကြံထားတာပါပဲ။ အခု အရေးပိုင်ကလည်း ငါ့ကို လူဆိုးသူဆိုး ပေါတဲ့အရပ်၊ ဆင်းရဲ အောက်ကျနေတဲ့အရပ်ကို ရွေးပို့မယ်လို့ချည်း ပြောနေတာပဲ။ ငါကတော့ ၀မ်းသာပါတယ်။ နို့ပေမဲ့ တစ်ချက်တော့ ရှိတယ်ကွယ်၊ မတင်ကို ငါသနားတယ်၊ သူတို့ မိန်းမဆိုတော့ ပစ္စည်းဥစ္စာ ကြွယ်၀ချင် မှာပဲကွဲ့”

ဒီလောက်လည်း မဟုတ်ပါဘူးကွယ်၊ မတင်လည်း ဥာဏ်ပညာသေးတဲ့ မိန်းမ မဟုတ်ပါဘူး။ ပစ္စည်း ဥစ္စာပေါ်မှာချည်း လူတို့ ချမ်းသာမှုတည်မနေဘူးဆိုတာ သူလည်း တို့သိသလောက် သိတာပါပဲ။ ပြီးတော့လည်း မင်းတို့နှစ်ဖက်လုံးဟာ ဆင်းတောင့်ဆင်းရဲမှ မဟုတ်ဘဲကလားကွဲ့၊ ဒီတော့ ကိုယ်လုပ် ချင်တဲ့ အလုပ်ကောင်းတစ်ခုကို လုပ်ရတာဟာ ချမ်းသာကြီးတစ်ခုပေါ့ကွဲ့”

ဒါတော့ ဟုတ်ပါရဲ့၊ နို့ပေမဲ့ ငါတို့ လင်ယောကျာ်းရဲ့ ၀တ္တရားတော့ ပျက်တာ အမှန်ပဲ”

ဒါတော့ မတင်က ကျေနပ်ရင် ပြီးတာပဲ။ သူက အခု မင်းလုပ်နေတာတွေ မကျေနပ်ကြောင်းများ ပြဖူးသလား”

ဒီလိုတော့လည်း မပြပါဘူး။ သို့ပေတဲ့ အလွန်အမင်း မလုပ်ဖို့တော့ အမြဲသတိပေးတယ်။ တစ်ခါက မင်းကြီးက ငါလုပ်ပုံကိုင်ပုံတွေ မသင်္ကာတယ်လို့ ကြားတာနဲ့ ငါတောင် မသိဘူး။ သူ့ဟာသူ မင်းကြီး ဆီသွားပြီး ငါလုပ်ကိုင်တဲ့နည်းတွေ လမ်းမှန်ကျပုံ ပြောဆိုထင်ပါရဲ့ကွယ်၊ မင်းကြီးက ကျေနပ်ရုံတင်မက အဲဒီနည်းတွေ ပျံ့နှံ့စေမယ်လို့တောင် ပြောလိုက်သေးသတဲ့။ နောက် အတော်ကြာလို့ ငါနဲ့ မင်းကြီးနဲ့ တွေ့တော့ မင်းကြီးက  ဟေ့မောင် မင်းမိန်းမ မတင်က မင်းထက် အပုံကြီး သာပါကလား၊ ပညာရော၊ ပြောပုံဆိုပုံရော၊ အင်္ဂလိပ်စကားပြောများ မင်းထက် အပုံကြီး တော်ပါကလား  လို့တောင် ငါ့ကို ပြော သေးတယ်။ ငါက အဲဒါ စိတ်မထွက်သေးလို့၊ စိတ်ထွက်လို့ ပြောရရင် ဒါထက် အများကြီး တော်ပါသေး တယ်လို့တောင် ငါက ရယ်ပြောခဲ့သေးတယ်”

အေးလကွယ်၊ လိုရင်းမတော့ လူသတ်ထောင်မှူး ဖြစ်နေပစေ စေတနာထားတတ်လျှင် ဆောင်ရွက် တတ်လျှင် အထိုက်အလျောက် အကျိုးရှိတာပေါ့။ ကိုင်းကွယ် အခုတော့ အလွန်ချစ်ခင်တဲ့ လူ တစ်ယောက်ကို သေပြီးမှ ပြန်တွေ့ရသလို ငါအင်မတန် ၀မ်းမြောက်တယ်”

ငါကလည်း ငါ့အပေါ်မှာ အထင်လွဲနေတာတွေ ရှင်းသွားလို့ အင်မတန် စိတ်ချမ်းသာ သွားတာပဲကွ”

အဲဒါတွေထက် ပိုပြီး ငါ၀မ်းသာတာ ရှိသေးတယ်။ အခု အများအတွက် ဆောင်ရွက်ကြတဲ့ လူတွေမှာ အချို့လည်း အရပ်ရပ် အနယ်နယ်ရောက်၊ အစည်းအဝေးတွေရောက်၊ ဟောလား ပြောလားလုပ်၊ သတင်းစာတွေထဲပါ၊ အဲဒီတော့ အင်မတန် လူသိနတ်ကြား ရှိကြတယ်။ အခု တွေ့ရတာကတော့ လူသိခြင်း မရှိ၊ ကျော်စောခြင်း မရှိ၊ သူများ အကျိုးဖြစ်လျှင် ပြီးရော့ဟဲ့ဆိုပြီး အဟုတ်တကယ် အနစ်နာ ခံပြီး ကျိတ်ပြီး အလုပ်လုပ်နေတဲ့ မင်းတို့လို လူစားမျိုးတွေ ရှိသေးကြောင်း သိရတာနဲ့ မြန်မာနိုင်ငံကြီး အတွက် ငါဖြင့် အပုံကြီး အားတက်သွားတာပဲကွယ်၊ အမှန်မှာ မင်းအခု လုပ်နေတာဟာ ငါတို့ လွန်ခဲ့တဲ့ (၁၃) နှစ် အတွင်းမှာ လုပ်တဲ့ လုပ်ငန်းထက်တောင် အရေးရောက်၊ အကျိုးရောက်တယ်လို့ ထင်တာပဲ၊ သာဓုကွယ် - သာဓု၊ ငါ့သူငယ်ချင်း ဘုန်းကြီးပါစေ၊ သက်ရှည်ပါစေ၊ မြင့်မြတ်တဲ့ အလုပ်ကို ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ လုပ်ဆောင်နိုင်ပါစေ၊ သာဓုကွယ် - သာဓု”

#ဦးဖိုးကျား
( ကိုယ်တွေ့ဝတ္ထုများ မှ)

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...