ကျွန်ုပ်သည် တစ်ခါက ဟင်္သာတမြို့ပိုင် မဲဇလီကုန်းအရပ်ရှိ အိမ်တစ်အိမ်၌ တည်းခိုနေစဉ် နံနက် ၁၀ နာရီ အချိန်ခန့်တွင် မိန်းမရွယ်ရွယ်တစ်ယောက် အိမ်ရှေ့သို့ ရောက်လာ၍ အင်္ဂပူကို သိလျှင် ပြောစမ်းပါဟု ဆိုလာလေ၏။
ထိုမိန်းမမှာ အသက် ၂၅ နှစ်ကျော်မျှသာ ရှိသော်လည်း၊ ၃၀ လောက် ထင်ရသည်။ အလွန့်အလွန် ဆင်းရဲသော သတ္တဝါ ဖြစ်လေသည်။ တစ်ကိုယ်လုံးမှာလည်း လေးထည်သော အ၀တ်တို့ဖြင့် ဖြစ်ကတတ်ဆန်း ၀တ်ဆင်၍ လာ၏။
အ၀တ်လေးထည်ကား ဦးခေါင်းပေါ်၌ တင်လာသော စောင်တစ်ထည်၊ ၎င်းမှာ ဟောင်းနွမ်းကြာရှည်လေပြီ ဖြစ်သော်လည်း ဖွပ်လျှော်ခြင်းကို တစ်ခါတစ်ရံမျှ အစော်မနံရလေ။
၎င်းနောက် ချွေးခံအင်္ကျီနှင့် အပေါ်ရင်ဖုံးအင်္ကျီတို့မှာ အညစ်ဆုံးသော ဖုတ်ရောင်ထလျက် ရှိ၏။ ထို အင်္ကျီတို့မှာ အဆိုပါ မိန်းမ၏ ကိုယ်ခန္ဓာနှင့် မခွဲမခွာရသည်မှာ ကြာရှည်လှလေပြီဖြစ်၍ အမြွာမြွာ စုတ်ပြဲနေလေပြီ။ ဤစုတ်ပြတ်ရာတို့ကိုလည်း မညီမညွတ် မလှမပသော ချုပ်ရိုးဖြင့် သီချုပ်ထားရကား ရှုံ့တွကောက်ကွေး၍ အောက်မေ့တိုင်း စိတ်ပျက်စရာကောင်းသော အကျီင်္ဖြစ်လေသသည်။
ထဘီမှာ ၎င်း၏ နဂိုအရောင်အဆင်းကို ဓာတ်ခွဲပညာဖြင့်လည်းကောင်း၊ ဗေဒင်ပညာဖြင့်လည်းကောင်း မည်သည့်နည်းနှင့်မျှ မသိနိုင်သော်လည်း ယခုကား ရွှံ့ပုပ်ရောင် ဖြစ်တော့သည်။ အဆိုပါ ထဘီမှာလည်း ထွားကျိုင်းသော ကိုယ်နှင့် မလိုက်၊ ဒူးအုပ်မိယုံမျှသာရှိ၍ ဖြောင့်ဖြောင့် စုတ်သော အပြဲ၊ ကြေမွ၍ စုတ်သော အပြဲ၊ မီးပေါက်ကဲ့သို့ အသားထွင်း၍ စုတ်သော အပြဲ စသည်ဖြင့် အပြဲအမျိုးမျိုးဖြင့် တန်ဆာဆင်အပ်သည်ဖြစ်၍ အထစ်အဖု စုရရုနှင့် ပြုပြင်ချုပ်လုပ်အပ်သော ဖာထေးချုပ်စပ်ခြင်း ဝီရိယကြောင့်သာ ၀တ်စရာ ဖြစ်တော့သည်။ သို့မဟုတ်က ပစ်စရာ သက်သက်ဖြစ်ချိမ့်မည်။
လူသဏ္ဌာန်ကား အသက် ၂၅ နှစ်ကျော်ရွယ်ရှိသော အပျိုဖြစ်၍ ကိုယ်လက် ကြီးမား ထွားကျိုင်း၏။ မိုးဦးကျ၌ ပေါက်တတ်သော ဧရာမ ဝါးပိုးမျှစ်စို့ကြီးနှင့်လည်း တူ၏။ ရုပ်ရည်သဏ္ဌာန်မှာ သင့်ယုံရှိသော်လည်း လူမနီးသော တောကြီးအုံကြီး၌ နေရသူဖြစ်၍လည်းကောင်း၊ နေပူ မိုးရွာမရှောင် အလုပ်လုပ်ရလေသဖြင့်လည်းကောင်း၊ ဟန်ပန်ပြုလိုသော စိတ်မရှိ၊ အရိုးအချာ သက်သက် ဖြစ်လေသဖြင့်လည်းကောင်း၊ သူ၏ ရုပ်မှာ ကြည့်စရာ များစွာ မကောင်းချေ။ သို့ရာတွင် ၃၁ ဘုံ၌ ဖြစ်သမျှသော သူတို့သည် ဤ ဆင်းရဲ ရိုးအလှသော သူငယ်မကို မြင်ရလျှင် မသနားဘဲ မနေနိုင်ရာ။ အထူးသဖြင့်ကား ဤမိန်းမပျို၏ ခေါင်း၌ ဆံ တစ်ထွာသာသာ လောက်မျှသာရှိ၍ ဆံထုံး မထုံးနိုင်ချေ။ စု၍ ကြက်တောင်စည်းထားရ၏။ ဤသို့ ဆံပင်တိုရသည်မှာ အခြားမဟုတ်။ ရှေးဦးစွာ၌ ဆံပင်သန်၍ ကောင်းသော်လည်း လိမ်းစရာ ဆီလည်း တစ်ကြိမ်တစ်ခါမျှ မ၀ယ်နိုင်လေ။ သို့ကြောင့် ဆံပင်ကို မရှင်းမလင်းနိုင်သဖြင့် ရှုပ်ထွေးပျစ်ခဲနေလေ၍ ဝါးပိုးခါးပန်းပေါ်မှာ တင်ပြီးလျှင် ဓားမကြီးနှင့် ဖြတ်တောက်ပစ်ရသောကြောင့် ဟူ၏။
၎င်းမိန်းမမှာ မဥလေး အမည်တွင်၍ ဟသာင်္တ ကြံခင်း မီးရထားလမ်းရှိ အင်ပင်ဆိုသော ဘူတာမှ ဆင်းသွားရသော အလွန်ဝေးကွာသည် ကပ်ခိုဆိုသော အရပ်၌နေကြောင်း၊ မိဘများ သေဆုံးပြီဖြစ်၍ အစ်မများ မောင်များသာ ရှိသော်လည်း၊ သူတို့ဆီ၌ မပျော်ပိုက်သဖြင့် ကရင်လင်မယားအိမ်၌ နေကြောင်း။ ၎င်းမှာ သူများအိမ်၌ မျက်နှာငယ်စွာနှင့် နေရပုံ၊ နေထွက်က နေ၀င်အထိ၊ အလုပ်လုပ်သော်လည်း ထမင်းမှ ဝအောင် မစားရပုံ၊ အ၀တ်မှ လုံအောင် မ၀တ်ရပုံတို့ကို ဤမိန်းမသာ စဉ်းစားတတ်ပါလျှင် အလွန်စိတ်၀မ်းနည်းပေလိမ့်မည်။ ယခုမူကား ပူရမှန်း ပင်ရမှန်း မသိတတ်ရှာလေ။ ဤသို့ မသိသည်မှာ ခပ်ကောင်းကောင်းပင် ဖြစ်တော့သည်။
တစ်ခါသော် ဆေးဆရာလင်မယားက မဲဇလီကုန်း အနီးရှိ သစ်ငုတ်တစ်ထောင်၌ ပဲများကောက်သော အလုပ်ရှိသည်၊ လာလိုက်ခဲ့၊ အလုပ် လုပ်ရလျှင် အ၀တ်အစားကလေးများ ၀ယ်ရန် ရလိမ့်မည်ဟု ခေါ်လာရာ သစ်ငုတ်တစ်ထောင်သို့ ရောက်ကာလ မှန်းထားသော အလုပ်ကိုလည်း မလုပ်ရဖြစ်သဖြင့် စိတ်ညစ်ညစ်နှင့် ဒုံရင်းရွာသို့ ပြန်မည်ဟု မဲဇလီကုန်းက ဖြတ်၍ လာရလေရာ ကျွန်ုပ်နှင့် တွေ့ခြင်း ဖြစ်သည်။
၎င်းမိန်းမမှာ စကားမျှ လုံးစေ့အောင် မပြောတတ်လေ။ စကားတစ်ခွန်း တစ်ခွန်းကို တွေး၍ တွေး၍ ပြောရ၏။ စိတ်ရှည်သော သူမှသာ သူနှင့် စကားပြောနိုင်ပေလိမ့်မည်။ မေးမြန်းသဖြင့် သိရသလောက်မှာ မိမိအရပ်သို့ မပြန်တတ်တော့ပြီ။ ဘယ်ရောက်နေမှန်း မသိ။ မီးရထားလည်း မစီးတတ်ဖြစ်၍ နေသည့်အပြင် ထွက်လာစကာ ပိုက်ဆံဆယ်ပြားတိတိ ပါရှိလေရာ ယောက်မတော်သူကို ခြောက်ပြား အကြွေးဆပ်ခဲ့ရသည်မှတပါး၊ ဆာလောင်လှသဖြင့် မုန့်ဟင်းခါး နှစ်ပြားဖိုး အထိ အဆစ်များများ တောင်း၍ စားခဲ့ရသဖြင့် နှစ်ပြားသော ပိုက်ဆံသာ ကျန်တော့သည်။ သို့ကြောင့်ရကား ခရီးဘယ်လောက်ပင် ဝေးစေကာမူ ခြေကျင် လျှောက်ရတော့မည်။ သို့လျှောက်ရမည် ဖြစ်ကလည်း ၂၅ မိုင်အောက် လျော့လိမ့်မည် မဟုတ်သည့်ပြင် လမ်းပန်းကလည်း တောကြီးမျက်ရှည်ဖြစ်၍ ကြမ်းတမ်းသဖြင့် ဤမိန်းကလေးသည် လမ်းမှာ တစ်နည်းနည်း ဒုက္ခ ရောက်ရှာချေတော့မည်တည်း။
သို့ဖြစ်သော် ကျွန်ုပ်ကပင် သည်လိုနေလို့ဖြင့် နေရာကျမည် မထင်၊ မီးရထား စီးသွားပေတော့ဆို၍ ငွေတစ်ကျပ် ထုတ်ပေးလိုက်ရာ အဘယ်နံရောအခါမှ ငွေဒင်္ဂါးတစ်ကျပ်ကို ကိုယ်ပိုင်အဖြစ်ဖြင့် မရဘူးလေသည်နှင့် ကျပ်ကျပ်ဆုပ်ကိုင်လျက် မျက်စိ မျက်၀န်းများ ကြည်လင် တောက်ပြောင် အရောင်တွေဝေ၍ ထွက်လာပြီးလျှင် ပါးစပ်ကိုသာဟလျက် ရှေးဦးစွာ ဘာမှ မပြောနိုင်ပေ။ ပြီးမှ မပီတပီ မရဲတရဲ ထစ်ထစ်ငေါ့ငေါ့နှင့်ပင် “ကျေးဇူးတင်လိုက်တာ” ဟူသော စကားကိုသာ ပြောနိုင်လေတော့သည်။ ထိုအခါ ကျွန်ုပ်တို့က ဆက်လက်၍ “အဲသည် ဒင်္ဂါးကို ဖျက်၍ ရထားစီး၊ အခမှ တစ်မတ်လောက်သာ ပေးရလိမ့်မည်၊ ကျန်သုံးမတ်ကို ထားလေ” ဟု ဆိုရာ၊ “အို ဒါဖြင့် သုံးမတ်တောင် ပိုတယ်။ အကျီဖို့ ဖျင်ဆုတ်သွားမယ်နော်” ဟု ခပ်ဝဲ၀ဲပြောရာ အားလုံးက သနားကြသဖြင့် အပျိုအရွယ်လည်းဖြစ်၍ အ၀တ်အစား လိုအပ်သည်ဟု ကျွန်ုပ်တို့ ထင်သည့်အတိုင်း အင်္ကျီတစ်ထည် ချုပ်ပေးလေသည်။ ရေမိုးချိုးပြီးနောက် အ၀တ်တန်ဆာကို အောက်ပါအတိုင်း ခပ်မြိုင်မြိုင် ဆင်ယင်ပေးကြလေသတည်း။
တည်းခိုနေသော အိမ်ရှင်၏ သမီးဖြစ်သူကလည်း သဒ္ဓါစေတနာ ကိုယ်ချင်းစာသဖြင့် လိုရင်း ပဓာနဖြစ်သော ထဘီတစ်ထည်ကို ပေး၍ ၀တ်စေရာ ၀တ်နေကျအတိုင်း ဒူးအုပ်မိယုံကလေးသာ ၀တ်လျက် ထဘီနား ညီညီ မကျဘဲ သီသီရီရီနှင့် ဒေါင့်တန်းဆွဲနေ၏။ သို့ရာတွင် မနည်း ကြည့်ကောင်းလာ၏။ ၎င်းအလှူရှင်ကပင် ဘီးတစ်ချောင်း ထပ်၍ ပေးပေသေး၏။ ၎င်းနောက်မှ ချုပ်ပြီးသော အကျီသစ်ကို ရှိရင်းစွဲ အင်္ကျီများ အပေါ်က ထပ်၍ ၀တ်စေ၏။ အကြောင်းသော်ကား အကျီင်္အဟောင်းကို သိကြားနီကြီး ဆင်း၍ တောင်းသော်မှ ရနိုင်ဖွယ် မမြင်ချေ။
နောက်မှ ဦးခေါင်းကို တန်ဆာဆင်ပြန်သည်။ တည်းခိုနေသော အိမ်က မိန်းမပျိုတစ်စုသည် အဘယ်အခါကမှ ဆီမတွေ့ရဖူးသော ဆံပင်တို့ကို အလယ်က ခွဲ၍ ဘိုကေခွဲ ခွဲ၍ ပေး၏။ ပြီးမှာ နောက်က ကြက်တောင် စုစည်းပေး၏။ ကြက်တောင်ကြိုးကို အမှီပြု၍ ကံ့ကော်ပွင့် ၂၀ ကျော်ကို ဟိုနှယ် သည့်နှယ် အလယ်က တစ်ထွေး၊ ဘေးဆီက တစ်ဖြာ၊ စီကာရီကာ ညီညာဆန်းဖြိုး စိတ်ကူးရတိုင်း အရမ်းထိုးထားသဖြင့် ညောင်ရေအိုးနှင့် တူသည်ဟု ဆိုချင်လျှင် ဆိုနိုင်၏။
ပြီးမှတဖန် မျက်နှာကို လိမ်းကျံရန် ရှိသေးသည်။ ဖွေးဖြူစွာသော မျက်နှာချေကို ညိုစွာသော အသား၌ လိမ်းကျံထားသဖြင့် တခြားစီနေကြသော်လည်း အသားအရေ အတန်ငယ် လတ်လာ၏။
ဤသို့လျှင် အကြင်သဘောဖြူသော တောသူမကလေးသည် သူတစ်ပါး သဘောကျတိုင်း တန်ဆာဆင်ပြီး၍ အခန်းထဲမှာ အပြင်ထွက်မည်ရှိရာ အပြင်က စောင့်ကြည့်နေသော သူများကလည်း သရဒအခါ တန်ဆောင်မုန်းလပြည့်နေ့ည၌ တောပေါ်က ကျော်ထွက်လာသော အထောက်မတန် ကြီးမားရွှန်းပြောင်သည့် လ၀န်းကြီးကဲ့သိုပဲ ရှိလိမ့်မည်လား။ သို့မဟုတ်ပါက ဆင်မယဉ်သာ လှမ်း၍ လာသကဲ့သို့ ဘယ်ညာနွဲ့သော ကိုယ်ဖြင့်ပဲ ထွက်လာမည်လား။ သို့မဟုတ် ကျွဲ ကဆုန်ပေါက် သကဲ့သို့ အထောက်မတန် ဆူညံ မှောင့်မှောင့် တဇောင့်ဇောင့်ပဲ ထွက်လာမည်လား။ ထိုသို့မှ မဟုတ်ပါလျှင်လည်း မထွေးလေး ကိန္နရာဖြစ်သကဲ့သို့ လှည့်ရစ်ဝဲပတ် တောင်ပံခတ်လျက် ဖျပ်ဖျပ်ပျာပျာပဲ လာမည်လား။ သို့မဟုတ်ပြန်လျှင်လည်း မကြိတ်ဆုံ ယိုးဒယားကသကဲ့သို့ ငြိမ့်ငြိမ့်အေးအေး ခပ်ဖြေးဖြေးပဲ လာမည်လား။ ဟိုလိုလား သည်လိုလား၊ စမ်းတဝါးဝါး၊ ထွေပြားသော အာရုံဖြင့် အကုန်စိုက်ကြည့်နေကြရာ မဘဇာကလည်း ခန်းစည်းကို အသာမ ထွက်ကြွ၍ လာတော့မှ အရင်က တွေးကြတာ တစ်ခုမှ မဟုတ်ကြောင်း သိရ၏။ အကြောင်းသောတမူကား ခပ်ရိုးရိုး သူလိုငါလိုပဲ ထွက်လာသောကြောင့်တည်း။
သို့ထွက်လာရာ သူခမျာမှာ မာယာကို မသိတတ်၊ နပ်တယ်ဆိုတာ မကြားဘူး၊ ထူးထွေသော ဟန်ကိုလည်း နားမလည်၊ ပြယ်တယ်တယ် ပြီတီတီ၊ မသတီစရာလည်း မဟုတ်သော စင်းလုံးချော အရိုးသက်သက်ဖြစ်၍ မျက်နှာကို မထားတတ်။ မျက်နှာကို ဖုံးလတ်၍ ပါးစပ်က ပြုံးချိုချို ရှက်စနိုးဖြင့် မိကံဆိုးသူငယ်မမှာ အနေရ ဂွကျလေသတည်း။
ဤသို့ ဂွကျတတနှင့်ပင် ဝိုင်း၍ စကားပြောနေကြကာ ဟိုမေး သည်မေးနှင့် ပျော်စရာကြီးပင် ဖြစ်သည်။
သို့ရှိနေစဉ် အိမ်ရှင်အဒေါ်နှင့်တကွ အခြားသူများက မိမိတို့အိမ်၌ နေမလားဟုမေးရာ မနေလိုကြောင်း၊ မိမိအရပ်ကလွဲလျှင် အခြားအရပ်တွေ၊ မြို့တွေကို ဖွဲဆန်ကွဲ ထင်ကြောင်း၊ ၎င်းပြင်ဆက်လက်၍ ပြောသည်မှာ မိမိတို့ရွာ၌ တောကြီးအိုင်ကြီးရှိ၍ ငါးသဲ့ရ မျှားရသည်မှာ အလွန် ပျော်စရာကောင်းကြောင်း၊ ပုစွန်ဆိတ်ကလေးတွေ ခုန် ခုန် ပြေးသည်ကိုပင် ရှုမငြီးဖြစ်ကြောင်း၊ ငါးရှဥ့်တို့ကို သုံးပိုင်းလောက်ပိုင်း၍ ငရုတ်သီး ထက်ပိုင်းကျိုးနှင့် ချက်၍ အားရပါးရ ပလုတ်ပလောင်းနှင့် လွေးသောအခါ ချိုင့်ချိုင့်မွှန်အောင် မြိန်ကြောင်း။
ပီလော၊ ကဒတ်တို့ကို ခရုနှင့် နိုင်းချင်းရော၍ ဟင်းချိုချက်သောက်လိုက်ရလျှင် ဗိုက်ကိုစူလာအောင် သောက်ကောင်းကြောင်း၊ ယခုကာလ အင်္ဂလိပ်ကျောင်းသားများ စကားပြောလျှင် လက်မကလေးကို ထောင်၍ စကားပြောသကဲ့သို့ လက်မကို စုံထောင်၍ သွားလေ့ရှိသော ပုစွန်လုံးများနှင့် ခြေမလောက်နီးနီး ရိုးတံကြီးသော ကန်စွန်းညွန့်တို့ကို ချဉ်ဟင်းချက်၍ သောက်လိုက်ရလျှင်လည်း “သြော် .. မြို့သူမြို့သားများ ဒါမျိုး မစားရတတ်ပလေ၊ လူဖြစ်ရှုံးလေရဲ့” ဟု တမ်းတလောက်အောင် ကောင်းကြောင်း။
ထို့ပြင် မြို့ရွာပြည်ရွာလို ဖုန်မှုန်မထူ၊ ဆူဆူညံညံ မရှိ၊ အလွန်အေးချမ်း ပျော်မွေ့ဖွယ်ကောင်းကြောင်း စသည်ဖြင့် ပျော်ဖွယ်ရာတို့ကို အားရပါးရ အနားက မထနိုင်အောင် ပြောလေသဖြင့် ကျွန်ုပ်နှင့်တကွ အနားရှိလူတို့သည် ချက်ချင်းပင် မိမိတို့နေရပ်ကို စွန့်ခွာ၍ ၎င်းမိန်းကလေးရွာသို့ လိုက်သွားကာ နေချင်သလိုလို ဘာလိုလိုတွေ ဖြစ်ကုန်လေသည်။
မိန်းကလေးကလည်း ကျွေးချင်မွေးချင် ရှိလှ၍ ကျွန်ုပ်တို့ကို မကြာခဏ လိုက်ခဲ့ပါဟု ခေါ်ငင်ဖိတ်ကြားသမင့်လည်း အခွင့်မဆိုင်း မလိုက်နိုင်ကြောင်း တောင်းပန်ရ၏။ မိန်းကလေးမှာ ကျေနပ်ပုံမရ။
သို့နှင့် ညနေချမ်း ရောက်လာလေ၏။ ထိုည၌ တန်ဆောင်းထဲတွင် တရားပွဲရှိ၍ သူလည်း အိမ်ရှင် သားသမီးတစ်စုနှင့် လိုက်လာလေသတည်း။ မိန်းမ ယောကျာ်း အများက ဝိုင်း၍ မေးကြ မြန်းကြ ရယ်ကြ မောကြနှင့် ခမျာသယ်မှာ ချာလည်ကြောင်ပတ်နှင့် စကား မပြောတတ် ရှိလေသည်။ ၎င်းမိန်းကလေးမှာ မိမိနှင့် အရွယ်တူ သားသားနားနား အပျိုရွယ်ကလေးများကို မြင်ရလျှင် “သြော် .. သူတို့မှာ ချမ်းသာလိုက်တာ၊ လှလိုက်တာ” ဟု မြည်တမ်း၍ သူ့မှာ အံ့မဆုံး ဖြစ်ရ၏။
ညအိပ်ချိန် ရောက်လာလေ၏။ ထိုအခါ ကျွန်ုပ်သည် သတိရ၍ “မနက်က ပေးထားသော ဒင်္ဂါး ဘယ်မှာလဲ” ဟု မေးရာ “ရှိပါတယ်” ဆို၍ အတွင်းအိတ်ကို လက်နှင့် နှိပ်ထား၏။ “ရှိရင် ဘယ်မှာလဲ ပြပါ” ဟု ဆိုလျှင် “ရှိပါတယ်” သာ ပြန်ပြော၍ ထုတ် မပြလေ။ စင်စစ်သော်ကား ကျွန်ုပ်ကိုပင် မယုံ့တယုံ ရှိလာပုံရသည်။
ဤဒင်္ဂါးသည် မိန်းကလေးကို တစ်ညလုံး ဒုက္ခပေး၏။ ကျွန်ုပ်တို့လည်း မှားပေသည်။ အကြောင်းကား ညအခါ၌ သူများအိပ်သော်လည်း သူ မအိပ်နိုင်၊ တချွတ်ချွတ်နှင့် ကြား၍ စုံစမ်းကြည့်ရာ ဒင်္ဂါးထည့်ထားသော အိတ်ကို လက်တစ်ဖက်က အမြဲဆုပ်ကိုင်ထားလျက် သူခိုးဓားပြများကို ကြောက်လန့်သဖြင့် ခမျာမှာ မအိပ်ရ ဖြစ်လေသည်။
နံနက် မိုးသောက်သောအခါ မိန်းကလေးကို ဘူတာသို့ လိုက်ပို့ရန် ကိစ္စ ပေါ်လာလေ၏။ ကျွန်ုပ်ကလည်း မျက်နှာချေ လေးငါးထုပ်၊ လက်ကိုင်ပုဝါလေးတစ်ခု၊ အိမ်ရှင်များကလည်း ကံ့ကော်ပန်း၊ ငှက်ပျောသီး စသော စားဖွယ်သောက်ဖွယ်၊ လက်ဆောင် ပဏ္ဏာများ ပေးကမ်း၍ ကျွန်ုပ်တို့ မိတ်ဆွေ လေးငါးယောက် ဘူတာအထိ လိုက်ပို့၍ ရထားသို့ တင်လျက် ရထားစီး အဖော်တို့အား အင်ပင်ဘူတာသို့ ကျလျှင် ဆင်းပါစေဟု အပ်ရ၏။ ရထားထွက်ခါနီး၌ သူ့ခမျာမှာ လောကွတ်ကလည်း မတတ်၊ ကျေးဇူးတင်ပုံ၊ ၀မ်းမြောက်ပုံ၊ ခွဲခွာသွားရမည့်အတွက် ၀မ်းနည်းပုံများကို ပြောချင်လျက် မပြောတတ် မပြောနိုင်လေ။ သို့ရာတွင် အားလုံးက သိနားလည်ကြ၏။ မကြာမီ မီးရထားလည်း စ၍ ထွက်လေ၏။ ထို မယ်ဒုက္ခလည်း ကျွန်ုပ်နှင့်တကွ မိတ်ဆွေများကို လှည့်ကြည့် လှည့်ကြည့်နှင့် ရထားနောက်သို့ ပါသွားရရှာလေသတည်း။
သံသရာကြီး၌ တွေ့ကြုံ ဆုံကွဲ မလွဲစသာ ဓမ္မတာ ဖြစ်သဖြင့် ကျွန်ုပ်တို့မှာ ၀မ်းနည်းပက်လက် ကျန်နေရစ်ကြရ၏။ သူ့ကို ချီးမြောက်လို၍ ခေါ်သော်လည်း မိမိ နေနေကြ နေရာက သင်းကလေး မခွာနိုင် ဖြစ်ရ၏။ သို့ရာတွင် ဤမယ်ဒုက္ခနှင့် ပက်သက်၍ အောက်ပါတရားများ ရ၏။
(၁) ရိုးသောသူသည် ဆင်းရဲသော်လည်း သူတစ်ပါး ကြည်ညို၍ ချီးမြှောက်ခြင်းကို ခံရ၏။
(၂) ချမ်းသာသောသူကို တစ်စုံတစ်ရာပေး၍ မျက်နှာလုပ်ရသည်ထက် ဆင်းရဲသူကို ထောက်မရခြင်းသည် သာ၍ ကောင်း၏။ အပေးခံရသူမှာ တစ်ပြားနှစ်ပြားကိုပင် အလွန်ထင်၏။ ပေးကမ်းရသူမှာ သဒ္ဓါလွန်ကဲ၍ အလွန်၀မ်းမြောက်သွား၏။
(၃) နောက်ဆုံး၌ တွေ့ကြုံကြက၊ ကွဲကြ၊ ကွေကွင်းကြရမည်တည်း။ တရားနှင့် ဖြေရ၏။
ဤကား မယ်ဒုက္ခကို ဖွဲ့နွဲ၍ ချဲ့ချဲ့ထွင်ထွင် ရေးခြင်းပင်
ဖြစ်ပေသတည်း။
⬛
ဦးဖိုးကျား
Comments