ကျွန်ုပ်သည် ပုသိမ်မြို့ မြန်မာ ကရင်
အင်္ဂလိပ်ကျောင်းတွင် ၉ တန်းလား ၁၀ တန်းလား
မမှတ်မိ၊ စာသင်နေစဉ် စာမေးပွဲပြီး၍ မိမိနေရပ်
ဟင်္သာတနယ် နိဗ္ဗာန်ရွာသို့ မီးရထားစီး၍ ပြန်ခဲ့သည်။
ရထားပေါ်တွင် ရထားစီး များစွာပါ၏၊
ကျွန်ုပ်သည် ထိုအခါက များစွာ စကားပြောချင်၏၊
နှုတ်ဆော့၏၊ ဘယ်သူနှင့် စကားစမြည် ပြောရ
ပါမည်နည်းဟု အပေါက်အစ ရှာလျက်ရှိ၏။
ကွန်ုပ်၏ ရှေ့တန်း မျက်နှာချင်းဆိုင်လောက်တွင်
အသက် ၃၀ ကျော်ခန့်ရှိ ယောက်ျားတစ်ယောက်ကို
စိုက်ကြည့်မိသည်။ အသားကြမ်း၍ မည်းညို၏၊
ခေါင်းတုံးကို မျက်နှာသုတ်ပဝါ ညစ်ထပ်ထပ်
ပတ်ထားသည်၊ အင်္ကျီမှာ လယ်ထွန်အင်္ကျီဖြစ်၏၊
လယ်ထွန်အင်္ကျီဆိုသည်ကား ဖျင်ကြမ်းကြမ်း၊
ရင်စေ့ပုံ၊ လက်ကျပ် အိတ်နှစ်လုံးတပ်၊ ရှေ့က
ကနုကမာကြယ်သီးမျိုး သုံးလုံးမျှပါ၏၊ သို့ရာတွင်
ကြယ်သီးတပ်မထားချေ၊ ရင်ဘတ်အဟောင်းသား
နှင့်ဖြစ်၏၊ ပုဆိုးမှာကား ချည်လုံချည် အကြမ်းစား
အနွမ်းပင် ဖြစ်၏။
ထူးခြားသောအချက်ကား ထိုသူ၏ လက်ဝဲဘက်
လက်ကောက်ဝတ်တွင် အတန်အလုံးကြီးသော မဲကြိုး
ချည်ပတ်ထားသည်ကို တွေ့ရသည်ကို တွေ့ရ၏၊
ငါတော့ စီးစီးနင်းနင်း စကားပြောရမယ့်လူကို
တွေ့ပြီဟု စကားစလိုက်ပုံကား
❝ ဒီမှာဆရာကြီး၊ ခင်ဗျာ့လက်ထဲက မဲကြိုးက
ဘာလုပ်တာလဲဗျ ❞
❝ ဪ- ဒီမဲကြိုးလား၊ ဟို ကျုပ်တို့ရွာဦးကျောင်း
ဘုန်းကြီးရဲ့ အိပ်မက်အရ ချည်ထားရတာဗျ❞ ဟု
ပြုံးရယ်၍ ပြောသည်။
❝ ဪ- အိပ်မက်အရလား၊ ပြောပါဦးဗျာ၊
ခင်ဗျာ့ဘုန်းကြီး အိပ်မက် က❞
❝ ဒီလို-ဒီလို၊ နောက်လက ကျုပ်တို့ ဘုန်းကြီး
အိပ်မက်ထဲမှာ ဝတ်ဖြူစင်ကြယ်နဲ့ သိကြားလိုလို
ဘာလိုလိုဆို ထင်ပါရဲ့ဗျာ၊ အဲဒါ ဘုန်ကြီးဆီကို
လာသတဲ့၊ အောင်မယ်၊ ဘုန်းကြီးရှေ့မှာ ထိုင်တောင်
မထိုင်ဘူး၊ မတ်တပ်ကြီး ရပ်နေဆိုပဲဗျ၊ သူ့ဟာက၊
အဲဒါနဲ့ ဘုန်းကြီးက မေးတော့ အဲဒီအဝတ်ဖြူနဲ့
သိကြားလိုလူက ပြောသတဲ့၊ အရှင်ဘုရားရဲ့
နယ်ပယ်က ဒကာ-ဒကာမတွေကို အခုကစပြီး
အနည်းဆုံး သရဏဂုံသုံးပါး တည်ပါစေတဲ့၊
ဘာပြုလို့လဲဆိုတော့ ရှေ့လ ကဆုန်လပြည့်နေ့ကျရင်
ဘီလူးသဘက် တစ်ထောင်တိတိ ကျုပ်တို့နယ်ကို
ဝင်လိမ့်မယ်တဲ့၊ ဝင်ပြီးတော့ သရဏဂုံ မတည်တဲ့
လူတွေကို အူအသည်း နုတ်စားလ်ိမ့်မတဲ့၊ သရဏဂုံ
တည်တဲ့ လူကိုသာ လွှတ်မတဲ့၊ ဒီတော့ သရဏဂုံ
တည်တဲ့ လူမှန်းသိအောင် ဘယ်ဘက်လက်မှာ
မဲကြိုးချည်ပြီး မှတ်ထားရမတဲ့၊ အဲဒီလို ဘုန်းကြီးက
လူတွေကို သတိပေးဖို့ လျှောက်ပြီး ကွယ်သွားရောတဲ့ဗျ။
အဲဒါ မိုးလင်းတော့ ကုလားတက်ခေါက်ပြီး
လူတွေခေါ်ပြီး ဘုန်းကြီးက ပြောဟောလို့ မဲကြိုး
ချည်ကြရတာဗျ၊ မချည်တဲ့လူတွေ အဲ ဟိုရှေ့လ
ကဆုန်လပေါ့ဗျာ၊ အဲဒီ ကဆုန်လပြည့်နေ့ညမှာ
ဘီလူးသဘက်တွေက အူအသည်းနုတ်စားကြမှာ၊
အဲဒါ ကျုပ်လည်း ချည်ထားရတာပေါ့❞ဟု အားရပါးရ
ပြောပြီး ဘေးကပ်အိတ်ထဲမှ ဆေးရွက်ခေါက်ကို
ထုတ်၍ ပလုတ်ပလောင်းပြည့် ဆေးငုံလိုက်လေသည်။
ထိုအခါ အလွန်စကားပြောချင်၍ နှုတ်ရွနေသော
ကျွန်ုပ်သည် ဒီလူတော့ ❝ ချွတ် ❞လိုက်ရဦးမယ်ဟု
ခပ်ထွားထွား တရားဟောပုံကား-
❝ ဒီမှာ ဆရာကြီး၊ ခင်ဗျားတို့ တောကဆင်းရဲသားတွေ
အဲဒါခက်တာပဲ၊ သရဏဂုံတည်ခြင်း မတည်ခြင်းဟာ
မဲကြိုးနဲ့ ဘာမှ ဆိုင်တာ မဟုတ်ဘူးဗျ၊ ပိဋကတ်သုံးပုံမှာ
ဘယ်ကျမ်းမှာမှ အဲဒီလို မဟောဘူးဗျ၊ ခင်ဗျားတို့
ဘုန်းကြီးကလည်း ဒီသရဏဂုံနဲ့ မဲကြိုးနဲ့ မဆိုင်တာကိုမှ
မသိဘူးလားဗျာ၊ တယ်ခက်တာကိုး၊ ဒီမှာလေ သရဏဂုံ
ဆိုတာက အတွင်းစိတ်ဓာတ်နဲ့ဆိုင်တယ်ဗျ၊ ရတနာသုံးပါးကို
ကြည်ညိုတယ်ဆိုတာ ယုံကြည်တယ်ဆိုတာ စိတ်ကမှ
ဖြစ်တာဗျ၊ ဒီအပေါ်ယံက မဲကြိုးနဲ့ ဘယ့်နှယ်ဆိုင်နိုင်မလဲ❞
ဆို၍ သရဏဂုံကိစ္စနှင့် အနည်းငယ်သာ ဆိုင်သော
ပါဠိအတိုအစအနည်းငယ်ကို ကပေါက်ချိကပေါက်ချာနှင့်
ရွတ်ပြပြီး ကိုယ်လိုရာဘက်ကို များများကြီးဆွဲ၍
ဟောပြောလိုက်လေသည်။
မဲကြိုးနှင့်ခမျာမှာ ပါးစပ်အဟောင်းသားနှင့်
နားထောင်နေ၍ ဘာမှပြန်မပြောနိုင်ချေ၊ အသို့
ပြောနိုင်ရှာအံ့နည်း ခမျာမှာ လုပ်စား ကိုင်စား
ဆင်းရဲသား တောတွင် ကြီးပြင်း၍ ပညာဗဟုသုတ
များစွာ ရှိနိုင်မည် မဟုတ်ချေ၊ မိမိတို့ တောရွာဓလေ့
အတိုင်း ဆရာဘုန်းကြီး ပြောသမျှ ဆုံးမသမျှကို
တစ်သဝေမတိမ်းလိုက်နာလျှင် သူတို့မှာ
ကိစ္စပြီးပြီဟု မှတ်ထင်ကြလေသည်။
ဤသို့လျှင် ကျွန်ုပ်အား ခုခံပြောနိုင်သူ မပေါ်ပေါက်သဖြင့်
❝ ဒီတွဲမှာ ငါတော့ဗိုလ်ပဲ၊ ငါ အတော် တော်တာပဲ❞ဟု
အထင်ကြီးနေစဉ် ကျွန်ုပ်နှင့် နှစ်ယောက်ခြား ထိုင်နေသော
ယောက်ျားတစ်ယောက်က ကျွန်ုပ်သို့ လှမ်း၍
❝ ဟေ့- သူငယ် ဒီမှာ ❞ ဟု စကားစလိုက်လေသည်။
ထိုသူမှာ အသက် ၄၀ ခန့်ရှိသည်၊ မြို့ကြီးသားကား
ဟုတ်မည်မထင်၊ သို့ရာတွင် တည်ကြည်သောမျက်နှာ၊
စူးရှသောမျက်လုံးများရှိ၏။
ထိုသူက ❝ ဟေ့ - သူငယ် ဒီမှာ၊ အခု မောင်ပြောတဲ့
မဲကြိုးနဲ့စပ်လို့ ကျုပ်ခပ်တိုတိုပဲ ပြောစရာရှိတယ်❞
❝ ဟုတ်ကဲ့ ခင်ဗျား၊ ကြားပါရစေ❞ ဟု
ကျွန်ုပ်က အံ့သြသောမျက်နှာနှင့် ပြောသည်။
❝ ဒီလို မှတ်ပါမောင်ရယ်၊ ဒီမဲကြိုးဟာ မောင့်အတွက်
မလိုသော်လည်း သူ့အတွက်လိုတယ်၊ အဲဒီစကားကို
ပထမ စွဲစွဲမြဲမြဲမှတ်ထား၊ ကိုင်း-နည်းနည်းတော့
ချဲ့ပြောရသေးတာပေါ့။
သရဏဂုံတည်မှုဟာ စိတ်ထားသာလျှင် အရေးကြီးကြောင်း
မောင်ပြောတာ မှန်တယ်၊ မောင်ကလည်း မဲကြိုးမပါဘဲ
သရဏဂုံတည်နိုင်ကြောင်း ယုံကြည်တယ်၊ ဒါ့ကြောင့်
မောင့်အတွက်တော့ မဲကြိုးမလိုဘူး၊ ဟိုလူမှာတော့ မောင့်လို
သိထားနိုင်ခြင်း၊ ယုံကြည်နိုင်ခြင်း မရှိဘူး၊ ဆရာဘုန်းကြီး
ကိုသာ ယုံကြည်အားကိုးနေသူဖြစ်တယ်၊ ဒီတော့
ဆရာဘုန်းကြီးက ပြောတဲ့အတိုင်း မဲကြိုးရှိမှ သရဏဂုံ
တည်ပြီး ဘီလူးတွေ လာမစားနိုင်ဘူးလို့ သူ့မှာ ယုံကြည်
နေတယ်၊ ပြီးတော့ အဲဒီမဲကြိုးမရှိရင် ဘီလူးစားခံရတော့
မယ်လို့လည်း ယုံကြည်နေတယ်၊ အကယ်၍ မဲကြိုး
ချည်မထားရင် ဟိုကဆုန်လပြည့်နေ့ညမှာ ဘီလူးလာ
စားလ်ိမ့်မယ်လို့ သူ စိတ်တထင့်ထင့်ဖြစ်နေမှာပေါ့၊
အဲ ဟိုညမှာ အိပ်ပျော်မယ်တောင် မဟုတ်ဘူး၊
စိတ်ကစွဲနေတော့ ချွတ်ချွတ်သံကြားသည်ဖြစ်စေ၊
အရိပ်မည်းမည်း မြင်သည်ဖြစ်စေ၊ ခြင်ထောင်ကို
လေတိုးလို့ဖြစ်စေ၊ ကြွက်တိုးမိလို့ဖြစ်စေ၊ ဘီလူး
သဘက်ပဲဟု စိတ်ကထင်မြင် လန့်ကြောက်ပြီး
သေချင်ရင်သေမယ်၊ ဥပါဒါန်ကြောင့် ဥပဒ်ရောက်ဆို
မဟုတ်လားမောင်ရဲ့၊ အဲဒါကြောင့် ဒီမဲကြိုးရှိမှ သူ့စိတ်လုံမှာ
ဖြစ်လို့ သူ့အတွက်တော့ မဲကြိုးလိုတယ်လို့ မှတ်ရမယ်၊
မောင့်အတွက်တော့ မလိုပါဘူး၊ မဟုတ်ဘူးလားမောင်ရယ်❞
ဟု ပြောဆို၍ နားလေသည်။
မဲကြိုးနှင့် ခမျာ၏ဝဋ် ကျွန်ုပ်သို့ လည်လေပြီ၊
ထိုလူကြီး ပြောဟောသည်ကို ကျွန်ုပ်ဘာမှပြန်မပြောနိုင်၊
ပြောစရာလည်းမရှိ၊ မှန်ကြောင်း ဝန်ခံရုံရှိတော့သည်၊
သူ၏ ပြောချက် မှန်ပေသည်ဟု မိမိ၏ ပရမတ်ဆန်ဆန်
အယူကို အတန်ငယ်ဖြေကာ ❝ ဦးခင်ဗျား၊ ဦးပြောတာ
မှန်ပါတယ်၊ ကျွန်တော် မှတ်သားရတဲ့အတွက်
ကျေးဇူးတင်ပါတယ်၊ ကျေးဇူးကိုလည်း ဘယ်တော့မှ
မမေ့ပါဘူးခင်ဗျား❞ ဟု ပြောရပေသည်။
ကျွန်ုပ်သည် လောကလူတို့၏ အကြောင်းကို
အတန်ပင် ပိုမိုနည်းလည်သွားပါသည်။ ထို့နေ့သည်
❝ ငါအလိမ္မာတိုးသော နေ့တစ်နေ့❞ ဟု ကျွန်ုပ်
မှတ်သားထားလိုက်ပါ၏၊ ယနေ့အထိ အနှစ် ၂၀ ကျော်ပြီး၊
ထိုဆုံးမဟောပေးသော ဆရာ၏ဂုဏ်ကျေးဇူးကို
မပြတ်လိုပင် သတိရလျက် ရှိပါ၏။
ထိုမဲကြိုးဆရာကို မှီ၍ စိတ်ကူးယဉ်လာလေသည်၊
စိတ်သည် ထူးဆန်းအံ့သြဖွယ်ကောင်းလှ၏၊ စိတ်၏
စွဲလမ်းယုံကြည်မှုကြောင့် ကြီးသောကောင်းကျိုး၊
ကြီးသော မကောင်းကျိုးတို့ ဖြစ်ရှိလှလေပြီ၊ ဘုရား
ယုံကြည်မှု၊ နတ်ယုံကြည်မှု၊ ကမ္မဋ္ဌာန်းယုံကြည်မှု
စသည်ဖြင့် ထူးထူးခြား အံ့သြစရာတို့သည် ဖြစ်ကုန်လေပြီ။
အထူးသဖြင့် ယုံလွယ်တတ်သောသူတို့အပေါ်၌
တစ်စုံတစ်ရာ ယုံကြည် စွဲလမ်းအောင်ပြု၍
အသက်မွေးကြသူတို့လည်း ပေါများလှ၏၊
ပျောက်စေဆရာ၊ တောင်ဝှေးဆရာ၊ ပယောဂဆရာ၊
မှော်ဆရာ စသည်ဖြင့် များစွာထင်ရှားကြကုန်၏။
ဤဆရာကုလျှင် ပျောက်လိမ့်မည်ဟု ယုံကြည်နေသူမှာ
ဆေးမပါဘဲနှင့် ရောဂါပျောက်နိုင်၏၊ ကျွန်ုပ် တွေ့ဖူးသည်ကား -
ကျွန်ုပ်တို့ အရပ်တွင် ကျွန်ုပ်၏ အစ်ကိုတော်တစ်ယောက်
မျက်စိနာ မျက်စိစူး၍ အော်နေရ၏၊ ကျွန်ုပ်တို့၏ရွာ
နောက်ဘက် တစ်မိုင်လောက်အကွာတွင် ကြို့ကုန်း
ဘုန်းကြီးဟူ၍ရှိ၏၊ ထိုဘုန်းကြီးမှာ ရေမန်းကျော်လှ၏၊
ကျွန်ုပ် အစ်ကိုတော်သည် ထိုဘုန်းကြီး၏ ရေမန်းကို
ခတ်ရလျှင် ချက်ချင်းပျောက်လိမ့်မည်ဟု စွဲစွဲလမ်းလမ်း
ယုံကြည်ကာ ရေမန်းချက်ချင်း တောင်းပေးရန်ပူဆာ
ကျောင်းမှာ သုဿာန်အနီးတွင် ရှိသည်တစ်ကြောင်း၊
လမ်းမှာလည်း လူသွားလူလာ ပြတ်သည်တစ်ကြောင်း၊
ညအချိန် ၉ နာရီကျော် ဖြစ်နေသည်တစ်ကြောင်း
ဤအကြောင်းတို့ကြောင့် သွားဝံ့သူမရှိ၊
အတန်ခဲယဉ်းနေလေသည်။
ထိုအခါ ဉာဏ်ဆင်ကြရလေတော့သည်၊ ❝ အေးအေး -
သွားတောင်းပေးမယ်ဟေ့၊ ဟဲ့ - မောင်ခင်နဲ့ မောင်လှတို့
လာကြစမ်း၊ ရော့ - ဒီရေအိုးသစ်ကို ယူသွား၊ ကြို့ကုန်း
ကျောင်းရောက်တော့ ရေထည့်ပြီး မျက်စိနာခတ်ဖို့
ရေမန်းလျှောက်တောင်းခဲ့၊ ကိုင်း - မြန်မြန်သွား၊ မြန်မြန်
ပြန်ခဲ့ကြဟေ့၊ ဒီမှာ မျက်စိစူးလှပြီ❞ ဟု ထိုမျက်စိနာသမား
ရှေ့တွင် ကြားအောင်ပြောဆိုလွှတ်လိုက်ရ၏၊
ထိုသူနှစ်ယောက် ထွက်သွားပြီးနောက် နှစ်အိမ်ကျော်လောက်
ရှိမှ အိမ်တစ်အိမ်တွင် ထိုင်နေကြစေ၏၊ ထိုကျောင်းသို့
သွားရသလောက်အချိန်ရှိမှ ကျောင်းက ရေမန်းယူလာဟန်
အိမ်တစ်အိမ်က ရေကိုထည့်၍ ယူခဲ့ကြရ၏။
မျက်စိနာသမားသည်ကား ကြို့ကုန်းဘုန်းကြီး၏
ရေမန်းပင်တည်းဟု ယုံကြည်စိတ်ချ၍
ခတ်လိုက်ရသောအခါ ချက်ချင်းသက်သာ၍
အိပ်ရလေတော့၏၊ ယုံကြည်မှုပင်တည်း။
ကျွန်ုပ်တို့ ကြားဖူးသည်ကား အနောက်နိုင်ငံတစ်ခုတွင်
စိတ်ဓာတ် မည်မျှ တာသွားကြောင်း စုံစမ်းသည်မှာ
အောက်ပါအတိုင်းဖြစ်၏ -
လူတစ်ယောက်သည် အခြားသူတစ်ယောက်အား
လည်ပင်းကို လှီးဖြတ်၍သတ်သဖြင့် သေဒဏ်စီရင်ချက်ချရန်
သေချာသောအခါ ထိုစိတ်ဓာတ်ကို စမ်းသပ်လိုကြသော
ဆရာကြီးတစ်စုက တရားသူကြီးစသော ဆိုင်ရာတို့နှင့်
ကျိတ်၍တိုင်ပင်ပြီး သေဒဏ်ချသောအခါ လည်ကိုလှီး
သွေးကြောကိုဖြတ်ပြီး သတ်မည်ဟု စီရင်ချက်ချရန်၊
ဟန်ဆောင်လှီး၍သတ်ရန်၊ သေသော်သေစေ၊ မသေသော်
ရှင်စေဟု လွှတ်ရန် စီမံကြလေ၏။
စီရင်ချက်ချသောအခါ တရားသူကြီးက မောင်မင်းသည်
သူတစ်ပါးကို ရက်စက်စွာ လည်ကြောကိုဖြတ်၍
သတ်သည်ဖြစ်၍ အသင်သေဒဏ်ခံရမည်၊ သေဒဏ်မှာလည်း
မိမိပြုသည့်နည်းတူ အသင့်လည်ကြောကိုဖြတ်၍
သတ်ရလိမ့်မည်ဟု စီရင်ချက်ချလေ၏၊ တရားခံလည်း
ငါ လည်ကြောပြတ်၍ သေရတော့မည်ဟု ယုံကြည်စိတ်ချလိုက်လေ၏။
သတ်နေ့ကျသောအခါ အခန်းတစ်ခု၌ သက်သေများ၊
ဆရာဝန်များ၊ လှီးဖြတ်ရန်ဓား စသည့်အသုံးအဆောင်
စုံလင်စွာတို့ကို တရားခံအား မြင်စေ၏။
မကြာမီ ၎င်းတို့ဆိုင်ရာ ဘုန်းကြီးသည်လည်း
ထုံးစံအတိုင်း လာရောက် တရားဓမ္မဟောပြောပြီးလေ၏။
ထိုအခါ တရားခံအား ခုံပေါ်တွင် ပက်လက်အိပ်စေ၍
ခြေကြိုး-လက်ကြိုး စသည်ဖြင့် မလှုပ်နိုင်အောင်
တုပ်ပြီးကာ မျက်နှာကို အဝတ်စည်းအုပ်လိုက်လေ၏။
❝ ကိုင်း - ဘုရားတရားသာ အောက်မေ့တော့၊
လည်ကြောကို ဖြတ်တော့မည်❞ဟု ပြောဆိုကြကာ
ဓားငယ်တစ်ခုဖြင့် တကယ်လှီးဖြတ်သည့်ဟန်
အရေကျင်ရုံမျှ လည်ပင်းကြောပေါ်တွင် လှီးရစ်လိုက်
လေ၏၊ တရားခံကား အေးခနဲ,မြည့်ခနဲ တွေ့ထိလိုက်၍
သွေးကြော ပြတ်ပြီပေါက်ပြီဟု ထင်လိုက်၏။
ထိုအခါ လျှို့ဝှက်ဆောင်ထားသော ပြွန်ငယ်တစ်ခုမှ
လည်ချောင်းနားတွင်ကပ်ကာ ရေတို့ကို သွင်သွင်သွင်သွင်
ကျစေ၏၊ တရားခံသည်ကား ငါ့လည်ချောင်းသွေးများ
သွန်ကျလေပြီဟု ကြားရှိယုံကြည်သည်နှင့် မိနစ် ၂၀ ခန့်အတွင်း အကယ်စင်စစ် သေဆုံးသွားလေသည် ဟူ၏။
ဤတွင် လည်ကြောမပြတ် သွေးမကျဆင်းဘဲနှင့်
စိတ်အထင် ယုံကြည်မှုဖြင့် တကယ်သေဆုံးရခြင်း
ဖြစ်လေသည်။
ဤသို့ စိတ်ဆန်းကြယ်ပုံတို့ကိုထောက်၍ သိမှတ်စရာ
တစ်ချက်ပေါ်လာသည်ကား စိတ်ကုဆရာ၊ ပျောက်စေဆရာ၊
တောင်ဝှေးဆရာ၊ ဓာတ်လုံးဆရာ၊ စုန်းဆရာ၊ နတ်ဆရာ၊
မှော်ဆရာ၊ ရေမန်းဆရာ၊ အင်းအိုင်လက်ဖွဲ့ဆရာ ...
စသောသူတို့သည် မည်သည့်အခါမျှ ထမင်းငတ်နိုင်ကြမည်
မဟုတ်လေကုန်။ ။
(ကိုယ်တွေ့ဝတ္ထုများ)
Comments