Skip to main content

လွဲသောအကြွား(ဦးဖိုးကျား)


မကြာသေးမီက ကျွန်ုပ်တို့ အိမ်နားရှိ ဆေးလိပ် လိပ်စားသူ မယ်ခင်သည် ကျွန်ုပ်တို့ထံသို့ ဖိတ်စာတစောင် ယူလာ၍
“ဦး-ဒီမှာ ကျွန်မ ဖိတ်စာတစောင်ရတယ်။ ဖိတ်စာကတော့ အသုဘ ဖိတ်စာပဲ။ နို့ပေမဲ့ ဆွေတွေမျိုးတွေ ထည့်ပြထားလိုက်တာက အများကြီးမို့ သေသူဟာ ဘယ်သူမှန်းကို မသိတော့ဘူး၊ အဲဒါ တဆိတ် ဖတ်ပြီး သေတာဟာ ဘယ်သူဆိုတာ ပြောပေးစမ်းပါ ဦးရယ်”

“ဟင်-နင့်ဟာက လွန်လှချေကလား ဟဲ့၊ ဘယ့်နှယ်-သေတဲ့ လူ မသိနိုင်ဘူးလို့၊ မှန်း ပေးစမ်း”ဆို၍ စာကို ကောက်ဖတ်ကြည့်ရာ 

ရန်ကုန်မြို့၊ အရှေ့ပိုင်း၊ ရွှေတန်ဆောင်းကြီး ဒါယကာ၊ သူဌေး ပွဲစားကြီး ဦးမြ၏တူ၊ 

ဓနုဖြူမြို့၏ အနောက်ချောင်းကောက်ရွာ၊ ဥစ္စာပြည့်စုံ ကုံလုံ သော လေးထပ်ရွှေကျောင်းကြီး ဒါယကာ ဦးမဲ-ဒေါ်တူတို့၏ မြေး၊ 

ဘိုကလေးတဖက် ကျွန်းတောကုန်းရွာ ဆုသေနတ်ရ တရားမ ရာဇဝတ် အထူးအာဏာရ သူကြီးမင်း ဦးခွေးပု၏ ညီဝမ်းကွဲ၊

ကျွဲပွဲဘူတာမှ သုံးမိုင်ကွာ သေလာပဗ္ဗတတောင်စောင်း တောရကျောင်း၌ အလောင်းအလျာ ရဟန္တာဟု သမုတ်ခံရသော ဆရာတော် ဦးဝါယမ၏ တပည့်၊ 

မိတ္ထိလာနယ်တကြော၌ အဟောအပြောကောင်း၊ အသံကောင်း၊ လက်ဟန် ခြေဟန် ကိုယ်ဟန် သရုပ်ဟန်ပါပါနှင့် အလွမ်း အသောတို့ကို မျက်ရည်ထွက်အောင်၊ အူတက်အောင် တရားဟောပြနိုင်သော နိုင်ငံကျော် အေဝမ်းစပယ်ရှယ် သင်းကြူကြူ ဦးနန္ဒိနှင့် စာသင်ဖက်၊ 

လှိုင်းတက်မင်းသားထံ၌ ခစားခဲ့ဖူးသော အပျိုတော် အရီးအို၏မြစ်၊ ဗြိတိသျှတိုင်းကြီးကို ဘုန်းမီးနေလ အစိုးရတော်မူသော ဂျော့ ဘုရင်မင်းမြတ်၏ သားတော်၊ အိမ်ရှေ့ဘုရား ဝေလမင်းသားသည် မြန်မာနိုင်ငံသို့ တိုင်းခန်းလှည့်လည်လာစဉ် မြန်မာဧည့်ခံမဏ္ဍပ်ကြီးတခု ဆောက်၍ ဧည့်ခံကြရာ ၎င်းမဏ္ဍပ်သည် အကောင်းဆုံးဟု ရွေးချယ်ဆုံး ဖြတ်ခြင်းကို ခံရလေသည်။ ထိုအကောင်းဆုံး မဏ္ဍပ်ကို တည်ဆောက်ပြုလုပ်သူ ပန်းချီကျော်ဆရာကြီး ဦးပန်းနွယ်၏ သုံးဆက်မြောက် တပည့် မောင်လှနှင့် ညီအစ်ကိုဝမ်းကွဲ။ 

မဲဆောက်မြို့ စော်ဘွားကြီး၏သမက် စောခွန်နိုင်နှင့် အင်္ဂလိပ် ကျောင်းတွင် စာသင်ဖက်၊ဝါးနက်ချောင်းဘူတာရုံတွင် မီးရထားကုမ္ပဏီက ယုံကြည် ကိုးစားအားထားရ၍ မကြာမကြာ အချီးမွမ်းခံရသော ရုံပိုင်တော်ကြီး မစ္စတာမူတူး၏ ဇနီး မမကြီး၏ မောင်၊ 

တောင်ငူမြို့ တပင်ရွှေထီး၏ အဝင်အပါ ဖြစ်ဖူးသော မြေတကွက်တွင် အိမ်ဆောက်နေသူ မြေပိုင်ရှင် ဦးတုတ်၏တူ၊ 

ယခုအခါမူ ဗြိတိသျှ အစိုးရလက်အောက် မြန်မာပြည်အစိုးရက တည်ထောင်သော စည်ပင်သာယာရုံးတော်ကြီးတွင် ခန့်ခိုင်သော သမာဓိ ပြည့်ဝသော ဥစ္စာရှိ၍ အာမခံငွေ တသောင်း တင်ပြီးကာ သူကြီးအလုပ်ကိုရရှိသော စည်ပင်သာယာရုံး သူကြီးမင်း ဦးတက်ခါး၏ စာရေးကြီး မောင်မောင်နွဲ့သည် မြန်မာနိုင်ငံတော်ကြီးကို ပြန်လည် ထူထောင်ခဲ့သော အလောင်းဘုရား မင်းမြတ်ကိုယ်တော်တိုင် “ဒဂုံ”ဟူသောအမည်ရင်းကို နစ်စေ၍ ဘေးရန် ကုန်ခြင်းတည်းဟူသော အောင်ခြင်းမင်္ဂလာကို ယူကာ “ရန်ကုန်” ဟု ဘွဲ့မည်အသစ် ပေးသနားတော်မူခြင်းကို ခံရသော ရန်ကုန်ရွှေမြို့တော် ကြီးအတွင်းရှေးမြန်မာမင်းများ အသုံးပြုလေသဖြင့်လည်းကောင်း၊ ရွှေတိဂုံ စေတီတော်နှင့် နီးစပ် တစုံတရာ ဆက်စပ်လေသဖြင့်လည်းကောင်း၊ “တော်”တလုံးရသော ကန်တော်ကြီးအနီး၊ ကန်တော်ကလေးရပ်ကွက် ဝယ်၊ ကြီးကျယ်သော နန်းရင်းဝန်သည် ရုံးဆင်းရုံးတက် အမြဲမပြတ် ဖြတ်၍ ဖြတ်၍ မော်တော်ကား စီးသွားနေကျဖြစ်သော စတောက်ကိတ် လမ်းတွင်၊ဘုရင်ခံမင်းမြတ်အိမ်တော်၏ အရှေ့တောင်အရပ် တမိုင်ကျော် အကွာတွင်လည်းကောင်း၊ သူဌေးဦးမြတ်ကျော်၏ တိုက်နှင့် တအိမ်ခြား တွင်လည်းကောင်း တည်ရှိပါသော မိမိနေအိမ်၌ ဘဝတပါး ပြောင်းသွား ကွယ်လွန်ပါသဖြင့် ကျွန်တော်မ စာရေးကြီးကတော် တင်တင်က ဖိတ်ကြားလိုက်ပါသည်။

“ဟဲ့-မယ်ခင်ရဲ့၊ သူ့ဖိတ်စာအလိုကတော့ တင်တင်ရဲ့ ယောက်ျား မောင်မောင်နွဲ့တဲ့၊ နေဦး နေဦး၊ အလို ဘုရား၊ ဟို စတောက်ကိတ်လမ်းက ဆိုတော့ ငါ့အသိ၊ ငနွဲ့နဲ့ မယ်တင်တို့များ ဖြစ်လေရော့လားဟယ်၊ ဟာ ဧကန္တပဲ၊ ငနွဲ့မမာဘူးကြားလို့ ငါတောင် နောက် ၁ဝရက်လောက်က ရောက်ခဲ့သေးတယ်။ ငနွဲ့ဖြစ်ရင်လည်း ငါနဲ့ အင်မတန် အကျွမ်းဝင်တာပဲ၊ ငါ့ဆီကိုလည်း ဖိတ်စာ ရောက်ဖို့ကောင်းတယ်”

ဤသို့ ပြောနေစဉ်ပင် အိမ်အောက်ထပ်က ကျွန်ုပ်၏တပည့် 
တယောက်က စာအိတ်တအိတ် လာပို့၍ ဖောက်ကြည့်ရာ ၎င်းဖိတ်စာ မျိုးနှင့်တကွ မယ်တင့်လက်မှတ်နှင့် အကြောင်းကြားစာသက်သက် တစောင်လည်း ပါလာလေ၏။
"ဟဲ့ မယ်ခင်ရဲ့၊ ဟုတ်ကပြီ၊ မယ်တင့်ယောကျာ်း စာရေးကလေးငနွဲ့ပဲ၊ ဖြစ်မှဖြစ်ရလေတယ်။ 
တကတဲ ထည့်ထားလိုက်တာ'နာမဝိသေသန'တွေ လူလုံးတောင် ပျောက်နေတာပဲ။ 
ကဲ ကဲ ငါသွားမှ ဖြစ်မယ်။ နင်ကောလိုက်ဦးမလား"
"ဟုတ်ကဲ့ရှင့်၊ လိုက်ခဲ့မယ်"
*******

ကျွန်ုပ်တို့ရောက်သော် မယ်တင်သည် ဆီး၍ ငို၏။ အပိုတွေလည်း အများကြီးပြော၏။ အတော်မောလောက်ရှိမှ 
ကျွန်ုပ်က-
"ဘယ့်နှယ်လဲ မယ်တင်- ဆုံးဆုံးချင်း ငါ့ကို ဘာဖြစ်လို့ အကြောင်းမကြားသလဲ"

"ကျွန်မလည်း မွှန်ထူပြီး ဘာလုပ်ရမှန်းကို မသိတော့ဘူးဦးရဲ့ "
"နေပါဦး ၊ နင်တို့ဖိတ်စာကို ဘယ်သူရေးသလဲ"

"ကျွန်မရယ် ၊ ကျွန်မအဒေါ်ရယ် ၊ ကိုနွဲ့ရဲ့ အစ်ကိုတယောက်ရယ် တိုင်ပင်ကြတာပဲ၊ ဘာဖြစ်လို့"

"ဘာဖြစ်လို့လဲတော့ ထားပါတော့ ၊နင်တို့ဟာက တကတဲ ရေးထည့်ထားလိုက်တာတွေ၊ တော်ပါဟယ်၊ သေဆုံးသူတောင် ဘယ်သူလဲလို့ မနည်းရှာယူရတာပဲ "

"သြော်-ဦးကလည်း ၊ လောကမှာ လူရေးလူရာဆိုတာ ရှိသေးတယ်ဦးရဲ့ ၊ ဆွေဂုဏ်မျိုးဂုဏ်ဆိုတာ ဒီလိုသေဆုံးတဲ့အခါမှ 
မထည့်ရရင် ဘယ်မှာ သွားထည့်မှာလဲ ဦးရဲ့ "

"ကိုင်း သဘောရှိဗျား ၊ နို့နေပါဦး၊ ဘယ်နေ့ကို ကိစ္စအပြီးလဲ"

"ဆွေတွေမျိုးတွေ စုံလင်အောင် ၅ရက်လောက်တော့..."

"နင့်ဖိတ်စာထဲမှာပါတဲ့ ဆွေမျိုးတွေ အကုန်စုံအောင်လား"

"ဒါတော့ ဟိုဒင်း လာသရွေ့ပေါ့ ဦးရယ်"

"ငါပြောမယ် မယ်တင်၊ စိတ်ကူးမလွဲနဲ့၊ အမြန်ဆုံးကိစ္စပြီးတာ ကောင်းတယ်၊အခုတည ရသွားပြီ၊ ထားချင်ရင် အလွန်ဆုံး ယနေ့တညပဲထားတော့ ၊နက်ဖြန်ကို ပြီးပစေ၊ ကြာလေလေ နင့်အပေါ်မှာ တာဝန်ကြီးလေလေပဲ။ လူဆုံးရတဲ့အထဲမှာ ဧည့်ခံရတဲ့ ကိစ္စကြီးဟာ နည်းတဲ့စရိတ်၊ နည်းတဲ့ ဒုက္ခ မဟုတ်ဘူးဟဲ့"

"ဧည့်ခံရတာ ဒါနကုသိုလ်မဟုတ်လားဦးရဲ့ ၊ဒါနဆိုရင်.."

"တော်ပါ မယ်မင်းကြီးမရယ် ၊ ငါ့ကို တရားမဟောပါနဲ့ ၊ဒါနအကြောင်းကို ငါသိပါတယ်၊အပိုတွေ အကြွားတွေ လုပ်မနေစမ်းပါနဲ့ ၊ အဲ့ဒါမျိုးက မလွှဲသာတဲ့ အောင့်သက်သက်ဒါန ခေါ်တယ်။ မရှိမဲ့ရှိမဲ့နဲ့ ပေါင်နှံချေးငှားပြီး သောကဗျာပါဒ မကင်းပဲနဲ့ လုပ်ရတဲ့ဟာတွေပါ။ လောကရေးတွေပါ။ လူလည်းဆုံးရသေးတယ်။ကျန်ရစ်သူမှာလည်း ထပ်နစ်ရဦးမလား။ တတ်နိုင်တဲ့အခါ စိတ်ကြည်သာတဲ့အခါကျတော့ ဒါန သန့်သန့်ရှင်းရှင်းကို အတိုးချလုပ်တာပေါ့။ ငါ့တူမ စိတ်ကူးမလွဲနဲ့၊ အဲဒီဘက်ကလည်း တို့မြန်မာလူမျိုးတွေကို အတော်နှိပ်စက်နေ
တယ်ကွဲ့။

ဦးကလည်း တယ်ခွကျတာကို၊ သုံးရက်နဲ့ချရင် ကျွန်မ အကမ်းအလှမ်းထည့်ရမှ စိတ်ကျေနပ်မယ်"
"ဟောဗျာ လုပ်ပြန်ပြီ ၊မသာမှာ အကမ်းအလှမ်းထည့်တဲ့ ထုံးစံကို ဘယ်သူကများ စခဲ့ပါလိမ့်မနော်၊ရန်ကုန်မှာဖြင့် အတော်ကဲနေတာ ပဲ။ ဟဲ့ မယ်တင်ရဲ့၊ အဲ့ဒါတွေလည်း တို့အိမ်နားက တရုတ်ကြီး ပြောသလို 'ပကာစန'တွေပါဟယ်၊ 
နေပါဦး၊ နင့်မှာ ငွေဘယ်လောက်ရှိလို့လဲ"
"၇၀ကျပ်-၈၀ကျပ်လောက်တော့ ရှိတယ်၊ ရွှေလက်ကောက်လည်း လေးရန်ရှိတယ်"
"ဟဲ့ ဟဲ့-ရွှေလက်ကောက်တွေကို ထည့်မတွက်နဲ့၊ ကျစ်ကျစ်သိမ်းထား၊ ရှိတဲ့ငွေနဲ့ လောက်အောင်လုပ်၊ ငါကတော့ ရှိတဲ့ငွေတောင် အကုန်မလုပ်စေချင်ဘူး။ ဧည့်ခံဖို့ ကွမ်းနဲ့ ဆေးလိပ်အပြင် ဘာမှမလုပ်နဲ့၊ အကမ်းအလှမ်းလည်း မထည့်နဲ့၊ လက်ဆောင်ရမှ လိုက်ပို့မယ့်မိတ်ဆွေဖြင့် အသုဘရှုရမယ့် အကျိုးလည်းမရှိ၊ မိတ်ဆွေတို့ပြုအပ်တဲ့ ဝတ္တရားလည်း မပြည့်စုံ၊မလာတာက ကောင်းပါတယ်။ မယ်တင် မမိုက်နဲ့ ငါ့စကားနားထောင်"
မယ်တင်သည် ကျေနပ်ပုံမရချေ။

ခဏကြာသောအခါ မိန်းမသုံးယောက် ရှေ့နောက်တန်း၍ ဝင်လာကြ၏။ ရှေ့နှစ်ယောက်မှာ အရပ်သူ ရိုးရိုးသဏ္ဍန်ရှိ၏။ တယောက်က ဆေးလိပ်ထုပ်၊တယောက်က နို့ဆီနှစ်ဘူး ကူပံ့ရန် ဆောင်ယူခဲ့ကြ၏။ နောက်ဆုံးတယောက်ကား တည်တည်ခံ့ခံ့နှင့် ကတော်ပုံ ရ၏။တစုံတရာ အကူအပံ့မပါ။ လူဟန်သာပါသည်။ ထိုအခါ မယ်တင်သည် ကပျာကယာထတဲ့၍ ရှေ့က မိန်းမနှစ်ယောက်ကို ‌ကျော်ပြီး နောက်ဆုံးက ကတော်ဟန်ရှိသော မိန်းမကို လှမ်း၍ 
"ဪ မင်းမတော်ပါလား၊ကြွပါ ကြွပါ"ဆို၍ ရှေ့နှစ်ယောက်ကို ကျောပြီးခေါ်လာကာ အထက်ခန်း နေရာကောင်း၌ ချထားလေသည်။ရှေ့နှစ်ယောက်မှာကား မသာရှင်က မခေါ်လေသဖြင့် ကြောင်တက်တက်နှင့် တော်ရာချောင်တွင် ထိုင်ရ၏။ ကျွန်ုပ်သည် စိတ်အတော် ထသွား၏၊ ထိုမိန်းမသုံးယောက် ပြန်သွားသောအခါ မယ်တင်ကို အိမ်အတွင်းဘက်သို့ ခေါ်ခဲ့၍-
"ဘယ့်နှယ့်လဲ မမယ်တင်၊ ဘာလုပ်တာလဲ၊ ခုနက မိန်းမသုံးယောက်လာတာကို ဘာဖြစ်လို့ ရှေ့နှစ်ယောက်ကို ကျော်ပြီး နောက်ဆုံးမိန်းမကို အရေးလုပ်ရတာလဲ ပြောစမ်းပါဦး"

"ဪ-ဦးမသိဘဲကိုး။ အဲဒီနောက်ဆုံးဟာက မင်းကတော် ဦးရဲ့၊ ရှေ့နှစ်ယောက်က ဈေးသည်တွေပါ"

"ဟင်-ကြည့်စမ်းပါဦးဟယ်၊ ရှေ့ကနှစ်ယောက်က ဝတ္တရားသိသိရာရာနဲ့ အကူအပံ့တွေတောင် ယူလာရှာတယ်။ နင့် မင်းကတော်က ဘာပါသလဲ၊ လူဟန်သာပါတယ်မဟုတ်လား၊ ဒီလောက် ရုပ်ပျက်ဆင်းပျက် အရေးလုပ်ရသလားဟဲ့"

"ဦးကလည်း မင်းကတော်ဆိုတာ ဂုဏ်ရှိတယ်။ မင်းကတော်နဲ့ သိကျွမ်းရတာလည်း ဂုဏ်ရှိတယ်မဟုတ်လား"

"နေပါဦး၊ နင့်မင်းကတော်က ဘာမင်းကတော်လဲ"

"ဟိုဒင်းလေ ဘာလဲ ဦးရယ်၊ ဟို ဟင်းချက်စားရတဲ့ ချဉ်ဖန့်ဖန့်အသီးဟာ"

"ဘာလဲ သပြုသီးလား"

"အဲ အဲ-ဟုတ်ပြီ၊ သပြုသီး မြို့အုပ်မင်းကတော်ရှင့်၊ အထက်တန်း မြို့အုပ်ကတော်ရှင့် သိရဲ့လား"

"ဖြစ်မှဖြစ်ရလေ မယ်တင်ရယ်၊ နင်ပြောတာတွေ တခုမှမဟုတ်ဘူး။အင်္ဂလိပ်လို ဒက်ပြုတီး(deputy)ခေါ်တယ်။ သပြုသီးမဟုတ်ဘူး။ သူတို့ကို သွားပြီး အလွဲတွေ ခေါ်မနေနဲ့၊ ဟိုက ကြိုက်မှာမဟုတ်ဘူး။ ပြီး‌တော့ အထက်တန်းစား မြို့အုပ်ဆိုတာလည်း မဟုတ်ဘူး။ လက်ထောက်မြို့အုပ်လောက်သာ ဖြစ်တယ်"

"ဘာပဲဖြစ်ဖြစ် ဦးရယ်၊ မြို့အုပ်ဟာ မြို့အုပ်ပဲ။ မင်းထဲမှာ ပါတာပေါ့၊ အဲဒီလိုအထက်တန်းစားတွေနဲ့ ပေါင်းရတော့၊ ဂုဏ်တက်မလာဘူးလား၊ လူဆိုတာအနိမ့်အမြင့်..."

ထိုသို့ပြောနေစဥ် အိမ်ရှေ့က စီစီညံညံကြား၍ နှစ်ယောက်သား ထွက်ခဲ့ရာ အင်္ဂလိပ်စာတတ်ပေတတ် ခေတ်ဆန်သော သူငယ်မသုံးယောက် ဝင်လာသည်ကို တွေ့ကြရ၏။ မယ်တင်ကစ၍
 "ဪ-မေရီ-မြတို့ပါကလား၊ ထိုင်ပါ ထိုင်ပါ"

မေရီ-မြ ။ "ကိုနွဲ့ဖြစ်ရတာ အိုင်တို့ အင်မတန် ဆောရီးဖြစ်ပါတယ်။ ခုမနက်ပဲ ကြားတယ်။ဒါနဲ့ပဲ ဟောဒီ လူစီ-ခင်သာထူးတို့ လောရာ-ခင်သန်းမြင့်တို့နဲ့ တိုင်ပင်ပြီး လာခဲ့ကြတာပဲ"(အိုင်မှာ အင်္ဂလိပ်ဘာသာ-ကျွန်ုပ်ဟု ဆိုလိုသည်။ ဆောရီးမှာ ဝမ်းနည်းသည်ဟု ဆိုလိုသည်)

လူစီ-ခင်ထူး။  ။"ဟုတ်တယ်၊ အိုင်လည်းပဲ မနေ့က ညနေ၊ဂျော်နီလှဖေနဲ့ တင်းနစ်ကစားရင်း ကြားရတယ်။ဪ-ဒါမျိုးဆိုတာ မြေမှုန့်ကလာတာ မြေမှုန့်ကို ပြန်သွားတာပေါ့၊ ဘုရားသခင် အလိုတော်ကိုး။ ဘာတတ်နိုင်မလဲ"

လောရာ-ခင်သန်းမြင့်။   ။"အိုင်လည်းပဲ ယူ့အတွက် အင်မတန်ဆောရီးဖြစ်ပါတယ်။ အိုင်ကြားတော့ အိုင်ဟာ ဆွင်းမိန်းကလက်မှာ ရှိတယ်။ဒါနဲ့ ဒိုက်ဗန်ထိုးဖို့ဟာတောင် ရပ်ထားခဲ့ရတယ်"

မေရီ-မြ။    ။"ဟုတ်တယ် မယ်တင်တင်၊ ရိုစီ-လှလှတောင် လိုက်လာမလို့၊ ဟို သူ့နောက်ပိတ်ဖိနပ်က ခုံမြင့်လွန်းလို့တဲ့၊ အဲ့ဒါစီးတာနဲ့ အခုခြေနာနေလို့ မလိုက်လာနိုင်ဘူး။ တင်တင် အိုင်တို့ဆီကို တခါလောက်လာလည်ပါ။ တင်းနစ်၊ပင်ပေါင်၊ဘက်တ်မင်တန်၊ဟော်ကီ၊ ဆွင်းမိန်း အို စုံနေတာပဲ။တခါလောက် လာကစားပါလား"

လူစီ-ခင်ထူး။   ။"စကားမစပ်၊တင်ရဲ့ ဆံထုံးကလည်း အကြီးအမြင့် နည်းနည်းလိုသေးတယ်။ ဟော-အိုင်တို့ခေါင်းက ဟာမျိုးမှ ခေတ်ဆန်တယ် တင်ရဲ့"ဟုဆို၍ မိမိတို့ခေါင်းတွင် လော်‌လော်မာမာ ထုံးထားသော ဆံထုံးအသစ်အဆန်းတမျိုးကို ကိုးရိုးကားရားကို ပြလေသည်။

ကျွန်ုပ်မှာလည်း နားမဆံ့သည်တို့ကို ကြားနေရသဖြင့် 'ဪ ဒုက္ခ ဒုက္ခ'ဟု မြည်တမ်းကာ ကြာကြာနေလျှင် ငါငရဲကြီးတော့မှာပဲ ဟု အိမ်မှထွက်ခဲ့၍ အိမ်ရှေ့သစ်ပင်ရိပ်အောက်တွင် ထိုသူငယ်မတို့ဘက်ကို ကျောပေး၍ ထိုင်နေရလေ၏။
သို့ထိုင်နေသော်လည်း အဘယ့်ကြောင့် မသိရ၊သူတို့ဘက်ကို မကြာမကြာ လှည့်ကြည့်မိသည်နှင့် မဖြစ်ချေဘူး။ ငါပြေးမှ တော်ချိမ့်မည်ဟု ၎င်းတို့မှဝေးရာ၊ကွာရာ၊မမြင်ရာ၊လွတ်ကင်းချမ်းသာရာ လမ်းတဖက်ရှိ အတန်ဝေးသော သစ်ပင်ရိပ်အောက်သို့ဆက်လက် ပြေးခဲ့ရလေသည်။ ညချမ်းအခါ မလွှဲသာသဖြင့် မယ်တင်သို့အိမ်သို့လာကာ ဧည့်ခံနေရပြန်၏။

မကြာမီ မိန်းမရွယ်ရွယ်တယောက် စိန်ဆံထိုး၊စိန်ကြယ်သီး၊စိန်နားကပ်အပြင် အတန်ကြီးမားသော စိန်လက်စွပ်ကြီးနှစ်ကွင်းကို လက်ညှိးတကွင်း၊လက်သူကြွယ်တကွင်း ဝတ်ဆင်လာကာ လာရောက်လေ၏။ သူ၏စိန်လက်စွပ် ကြီးသည် ကျွန်ုပ်အား ထူးခြားစွာညှိ့ထားလေသဖြင့် ထိုစိန်လက်စွပ်ကြီးများမှ ကျွန်ုပ်၏မျက်စိတို့ကို ခွာမရချေ။ ထိုစိန်လက်စွပ် ဝတ်ထားသောလက်မှာ စကားပြောတိုင်း ပါလေ၍ အခြားလက်တဖက်ထက် ရွေ့ရှားခြင်းများပြီးလျှင် အလွန်အလုပ်များနေလေ၏။ ထိုလက်စွပ်တို့၏ အညှို့ခံရသူမှာ ကျွန်ုပ်သာ မဟုတ်၊မယ်တင်ပါ ပါ၍ အခြားလူများလည်း
မလွတ်ကြချေ။

ထိုအခါ ကျွန်ုပ်မှာ 'ဪ-သူတို့သည် မသာမယာ 
အိမ်မှာတောင် မဆင်ခြင်နိုင်ကြဘူး၊  ငါစိတ်ဆင်းရဲလှသည်။ ကြာကြာနေလျှင် ငါအကုသိုလ်သာ ပွားတော့မည်။လွတ်ရာ အိမ်ရာသို့ ထွက်၍ နေတော့မည်'ဟု ထရံ၌ ချိတ်ထားသော ကျွန်ုပ်၏အပေါ်အင်္ကျီကို ယူလို၍ အနီး၌လည်း မယ်တင်ရှိနေသည်နှင့် မယ်တင်သို့ လှမ်း၍-
      "မယ်တင်ရေ-ဟိုချိတ်ထားတဲ့ ငါ့စိန်လက်စွပ်ကြီး ပေးလိုက်စမ်းကွယ်"ဟု အင်္ကျီအစား စွဲလမ်းနေသော စိန်လက်စွပ်ကြီးကို ယောင်၍ပြောမိလေ၏။ မှားလျှင်မှားချင်း
သတိရ၍ "ဟယ်-စကားမှားသွားပဟေ့" ဆိုကာ ရှက်လည်းရှက်၊ အားလည်းနာသည်နှင့် အင်္ကျီကို မယူဖြစ်တော့ဘဲ အိမ်ရှေ့ဘက်သို့ ထွက်ပြေးခဲ့ရပြန်လေ၏။

လက်စွပ်ရှင်မှာလည်း ကျွန်ုပ်ယောင်သည်နှင့် တပြိုက်နက်လက်ကို ရုပ်၍ ခပ်ဝှက်ဝှက်သာ ထားကာ ကျွန်ုပ်ကို မျက်စောင်းထိုး၍ ပါးစပ်က တစုံတရာကိုဗျစ်တောက် ဗျစ်တောက် ပြောသည်ကို မြင်လိုက်ရ၏။ မယ်တင်မှာ သော်ကား ကျွန်ုပ်သည် လူထူးလူဆန်းဖြစ်ကြောင်း၊ လူရေးလူရာများစွာ မကျွမ်းကြောင်း၊ တခါတခါ စကားမှားတတ်ကြောင်းများနှင့် လက်စွပ်ရှင်ကို ရှင်းပြတောင်းပန်နေလေသော ဟူ၏။
*******
ထိုနေ့သည် ကျွန်ုပ်အတွက် ပြဿဒါး မလွတ်လေသလားမသိ၊ ည အတန်မှောင်သောအခါ တူရိယာအသင်းတခု ရောက်လာလေ၏။ ကျွန်ုပ် မျက်လုံးပြူးသွား၏။

 "ဟဲ့-မယ်တင်ရယ်၊ ငါ သေသာသေလိုက်ချင်တော့တာပဲ။
အတီးအမှုတ် အပျော်အရွင်နဲ့၊ မသာနဲ့ မတော်ပါဘူးဟယ်၊ ပြီးတော့လည်းသူတို့ဟာကကြိုးတွေ၊ တီးလုံးအဆန်းတွေကို တီးကြမှုတ်ကြတာ၊ မတော်ပါဘူးဟယ်၊ မတီးပါစေနဲ့"

 "သူတို့က စေတနာနဲ့ လာကူပြန်တော့လည်း 
ဘယ့်နှယ်လုပ်ပြီး တားဆီးမလဲ ဦးရဲ့"

 ထိုအခါ ကျွန်ုပ်သည် "မယ်တင်ဟာ ငယ်ရွယ်သူဖြစ်တယ်။ဆုံးမညွှန်ကြားမယ့်လူကြီးသူကြီးလည်း မရှိရှာဘူး။ ငါပဲ အမုန်းခံမှ ဖြစ်တော့မှာပဲ"ဟု ဆုံးဖြတ်ပြီး ထိုတူရိယာဝိုင်းက လူကြီးကို ဘေးသို့ခေါ်ယူ၍ မသင့်တော်ကြောင်း၊ သည်းခံစေလိုကြောင်း တောင်းပန်သောအခါ ထိုလူကြီးလုပ်သူသည် များစွာ မျက်နှာမသာဘဲ 

"ခုကာလမှာ တီးကြမှုတ်ကြတာပါပဲဗျာ၊ ခင်ဗျားကြီးတို့က နေရာတကာ ဝင်ရှုပ်တာ သိပ်ခက်တာပဲ"
ဆို၍ သူ့ဝိုင်းထဲသို့ ပြန်ဝင်သွားပြီး သူ့လူများကို ပြောကြားလေ၏။ တဝိုင်းလုံး မကျေနပ်ချေ၊ တော်တော် ခပ်ဆတ်ဆတ်သူငယ်များက "ကိုယ့်ဟာကိုယ် တီးတာ ဘာဖြစ်ရဦးမလဲ၊ တီးရုံမှုတ်ရုံတောင် မဟုတ်ဘူး။ က တောင် ကဦးမယ်"ဟု ခပ်မာမာပြောဆိုကြလေသည်။ ထိုသို့ ကျွတ်စီကျွတ်စီ ဖြစ်နေစဉ် ကျွန်ုပ်သည် စစ်ကူမျှော်နေရတော့၏။ ကံအားလျော်စွာ ဓမ္မာရုံဝတ်အသင်းလူကြီး တယောက်နှင့် အသက်အတန်ကြီးသော မိန်းမကြီးတယောက်က ဝင်ရောက်၍ စင်စစ်မတော်ကြောင်း ပြောကြလေမှ ထိုဝိုင်းတော်သားတို့သည် မိမိတို့ပစ္စည်းများကို ကောက်ယူကာ ခပ်ဆောင့်ဆောင့်ဆင်းသွားကြလေ၏။

ကျွန်ုပ်မှာလည်း ဖြစ်မှဖြစ်ရလေသည်ဟု စိတ်မကောင်းဖြစ်ကာ ယခင် ကောလိပ်ကျောင်းတွင်နေစဉ်က အောက်ပါအဖြစ်အပျက်တခုကို တွေးမိ၏။
ကျောင်းအားသော စနေတနေ့တွင် ကျောင်းအနီး ဓာတ်ရထားလမ်းဘေးရှိ လက်ဖက်ရည်ဆိုင်၌ ကျွန်ုပ်သည် အဖော်သူငယ်ချင်း ကိုကျော်ညွန့်၊ကိုချစ်တို့နှင့် လက်ဖက်ရည်သောက်နေကြရာ ဆိုင်းသံ ဗုံသံစီညံစွာနှင့် မသာတခု ချလာ၏။ ရှေးဦးစွာ ဘုန်းကြီးပျံဟု ထင်မိ၏။ အနီးသို့ရောက်မှ လူမသာရိုးရိုးရှေ့တွင် ရှေ့အိုးစည်ဝိုင်းက တပျော်တပါးကြီး တီးမှုတ် ကခုန်၍ လာသည်ကို တွေ့ကြရ၏။ ကျွန်ုပ်တို့သုံးယောက်သည် တယောက်မျက်နှာကိုတယောက် ကြည့်၍နေရာမှ ကျွန်ုပ်ကစ၍ "ဘယ့်နှယ်လဲဟေ့၊ဒါဟာ အင်မတန်ဆိုးတာပဲ။ဘာပဲဖြစ်ဖြစ်၊ တို့ထွက်တားရအောင်ကွာ" ဟု ဆိုလိုက်ရာ သုံးယောက်သား သဘောညီ၍ ထိုအိုးစည်ဝိုင်းကို သည်းခံရန်တောင်းပန်ကြ၏။
 ခေါင်းဆောင်လုပ်သူက "ခင်ဗျားတို့နဲ့ဘာဆိုင်လို့လဲ၊ဘာလဲ ညာလဲ"စသည်ဖြင့် ရိုက်မောင်းပုတ်မောင်းပင် ပြုလုပ်ကြ၏။ထိုသူတို့မှ အရက်နံ့၊ကစော်နံ့လည်း ရ၏။ ထိုအခါ မသာရှင်ကလည်း နဂိုကပင် များစွာ သဘောမကျလှလေရကား 
အိုးစည်ဝိုင်းကို မတီးမှုတ်ရန် တောင်းပန်၏။ ထိုအခါ အိုးစည်သားတို့သည် ဆက်လက်ရန်မမူတော့ဘဲ စိတ်လက်ဆိုးကာ သူတို့ဝိုင်းပါ ခုနှစ်ယောက် ရှစ်ယောက်တို့သည် "မတီးမမှုတ် မကရရင် မလိုက်ဘူး"ဆိုကာ ထိုနေရာကပင် ပြန်သွားကြလေ၏။
ထိုအခါ မသာရှင်မှာလည်း မျက်နှာ ပိုမိုညှိုးငယ်လျက်ရှိလေရာ ငါတို့ကြောင့်ဖြင့် မသာမှာ လူမနည်းစေရဘူးဆိုပြီး သရေစာ စားနေကြသော ကျောင်းသား ၁၀-၁၅ယောက်
အနီးရှိ ကစားကွင်းမှ ၁၀-၁၅ယောက် ပေါင်း ၃၀ခန့်တို့ကို စုရုံးခေါ်ငင်၍ ဝတ်လျှက်ရှိသော အဝတ်အစားနှင့်ပင် ကြံတောသင်္ချိုင်းသို့အရောက် စိတ်ပါလက်ပါ ဣန္ဒြေ ရစွာဖြင့် မသာလိုက်ပို့ ကူညီခဲ့ကြဖူးပါ၏။

နောက်တနေ့ မောင်နွဲ့၏မသာ ချ၍ သုသာန်သို့ရောက်ကာလ မျက်နှာသုတ်ပုဝါ ကမ်းနေသည်ကို တွေ့ရ၏။စုံစမ်းကြည့်ရာ မယ်တင်၏ လက်ချက်ဟု သိရ၏။ ကျွန်ုပ်သည် စောင့်ကြည့်ရာ လူသုံးယောက် လေးယောက်သည် နှစ်ခါကျော့၍ မျက်နှာသုတ်ပုဝါ ယူသည်ကို တွေ့ရ၏။ မသာကိစ္စပြီးသောအခါ ကျွန်ုပ် မပြန်သေးဘဲ ထိုလူ သုံးလေးယောက်ကို အကဲခတ်ကြည့်ရာ သူတို့လည်း ကျန်ရစ်သည်ကို တွေ့ရ၏။ တယောက်သို့ အနီးကပ်၍ စုံစမ်းကြည့်ရာ သူတို့နှင့်တကွ သားမယားများပါ အလုပ်တစုံတရာ မရှိ၊ အဝတ်အစားလဲ၍ သုသာန်အနီးတွင် စောင့်နေကြကြောင်း၊ အကမ်းအလှမ်းပါသော မသာတိုင်းမှ မသာပို့ယောင်ဆောင်၍ အကမ်းအလှမ်းတို့ကို ယူကြောင်းတို့ကို သိရ၏။
 "တနေ့ တနေ့ကို အတော်စည်တယ်ဗျ။ အနည်းဆုံး သုံးလေးဦးတော့ ကျတာပဲ။ တဦးကိုတဦး အနည်းဆုံး မီးခြစ်၊ဆေးလိပ်၊ဆပ်ပြာတော့ ကမ်းတာပဲ။ဒီတော့ တနေ့ကို လူတယောက်အနည်းဆုံး ငါးမူးလောက်တော့ ဖြောင့်နေတာပဲ"ဟုနောက်ဆုံး ကြားသိခဲ့ရ၏။ ထိုသည့်နောက် ကျွန်ုပ်သည် ထို'သေလာစား'တို့အကြောင်းကို တွေးတောကာ ခေါင်းငိုက်စိုက်နှင့် ပြန်ခဲ့ပါ၏။

ညအခါ မယ်တင်သို့ အိမ်သို့လာ၍ ၎င်းတို့၏ဆွေမျိုးများနှင့် စာရင်းရှင်းကြ၏။ ကျွန်ုပ်က စ၍-

 "မယ်တင်၊ အားလုံး ဘယ်လောက်ကုန်သလဲ၊ ပြီးတော့ အဲ
အဲ...ကြွေးဘယ်လောက် တင်သလဲ"

 "အားလုံး ၁၅၀လောက်ကုန်တယ်၊ ကြွေး ၇၀ကျပ်လောက် တင်တယ်"

"နင့်လက်ကောက်တွေကော"

 "မျက်နှာသုတ်ပုဝါ ကမ်းဖို့ မလောက်တာနဲ့ ပေါင်လိုက်ရတယ်"

"အင်း-ပြောလို့ မရတာတော့ မတတ်နိုင်ဘူး၊ ကိုင်း-ကြွေး ၇၀ကျပ်တဲ့။ ဆွေမျိုးများက ဘယ်လို ပါဝင်ကြမယ်ဆိုတာ စီမံကြပါတော့"

 ထိုအခါ ဖိတ်စာတွင် အထည့်ခံရသော "ဂုဏ်ကြီး"ဆွေမျိုး
အချို့က စုထည့်ကြသဖြင့် ၃၅ကျပ်ခန့် ရ၏။ ကျန် ၃၅ကျပ်မှာကား လက်ကောက်ရွေးရန်လည်း ပါကြောင်း ကျွန်ုပ်သိရလေသောအခါ-

 "ကိုင်း-ငါက ငွေ ၃၅ကျပ် ထည့်မယ်၊အဲဒီငွေထဲက လက်ကောက်တွေ ရွေးပေးမယ်၊ ဘယ်မလဲ အပေါင်လက်မှတ်ပေး"ဆို၍ သူငယ်တယောက်အား ချက်ချင်းသွားရောက်ရွေးစေ၏။ ရောက်လာသောအခါ "ဒီလက်ကောက် တွေဟာ ငါရွေးပေး ရလို့ ငါ့လက်ကောက်တွေပဲ၊ ဒါကြောင့် ငါမသိဘဲ ငါ့အခွင့်မရဘဲ၊ပေါင်နှံခြင်း၊‌ရောင်းချခြင်း မပြုပါဘူးလို့ မယ်တင်က ကတိ ဝန်ခံချက် ပေးရမယ်၊ ဘယ့်နှယ်လဲ"

 "ဟုတ်ကဲ့၊ ကျွန်မ ကတိပေးပါတယ်"

"ကိုင်း ယူပေတော့"
*******
စာရင်းများ ရှင်းပြီးနောက် လူခြေတိတ်သောအခါ မယ်တင်ကို အပူဖမ်းလေပြီ၊ လင်သား သေဆုံးသည့်အပြင် ရှိသမျှကိုလည်း "ပကာစန"တို့တွင် သုံးလိုက်လေရကား ခိုကိုးရာမဲ့ အလွန်အားငယ်နေရှာလေ၏။

 "ဘယ့်နှယ်လဲ မယ်တင်၊ ရှေ့ရေး စားရေး ဘယ်လိုစိတ်ကူးသလဲ" မယ်တင်သည် မျက်ရည်စမ်းစမ်းနှင့်"ကျွန်မမှာ ဘာမှမရှိတော့ဘူး။ အားကိုးစရာ ဆွေကောင်းမျိုးကောင်းလည်း မရှိတော့ဘူး"

 "နို့-နင့်ဖိတ်စာထဲက ဆွေမျိုးတွေကော"

"ဦးကလည်း သူတို့လာတောင် မလာကြဘူး။လာတဲ့သူတွေမှာလည်း သူတို့ဟာနဲ့ သူတို့ အနိုင်နိုင်ပဲ။ပြီးတော့ အရေးကြုံတော့လည်း ဘယ်သူမှ အားမကိုးရဘူး ဦးရဲ့"

 "ကိုင်း-ဒါဖြင့် အားမငယ်နဲ့၊ ငါအကြံပေးမယ်၊နင့်မှာလည်း
တဝမ်းတခါးရယ်၊ ငါ့ဆီမှာနေလိုက နေနိုင်တယ်။ နင့်မှာရွှေလက်ကောက် လေးရံနဲ့စိန်နားကပ်လေးတရန် ရှိတယ်မဟုတ်လား၊ ရွှေဆိုတာက ဘယ်တော့မှ အဖိုးမဆုံးဘူး။ကျစ်ကျစ်သိမ်းထား၊ စိန်က တော့ အဖိုးဆုံးတတ်တယ်၊ အဲဒီတော့ နားကပ်ကလေးကိုရောင်း၊ ရသမျှကို တခုခု အရင်းပြုပြီး ရောင်းဝယ်ပေတော့၊စားဖို့နဲ့ နေဖို့တော့ ငါ့တာဝန်ထားပေတော့၊ ကိုယ့်အခန်းလေးနဲ့ ကိုယ်နေချင်သေးရင်လည်း နေတာပေါ့၊ မတတ်နိုင်တဲ့အဆုံးကျတော့ ငါ့ဆီမှာ လာနေနိုင်ပါတယ်"

 "ကျေးဇူးတင်ပါတယ် ဦးရယ်၊ ကျွန်မလည်း တတ်နိုင်သမျှ
ကြိုးစားပါဦးမယ်၊ ကျွန်မဖြင့် ကြောက်သွားတာပဲ၊နောက်ထပ် အိမ်ထောင် မပြုတော့ဘူး"

 "ဘာဖြစ်လို့လဲ"

"ဟာ-အခုကြည့်ပါလားဦးရဲ့၊လင်သေတော့ ဒုက္ခတွေနဲ့၊ကြွေးတွေနဲ့ ကျန်ရစ်ခဲ့တာ"ထိုအခါ ကျွန်ုပ်ကပြုံး၍ "ကြွေးနဲ့ ဒုက္ခဆိုတာက အလျင်တင်ကူး ဆင်ခြင်စဉ်းစားပြီး စီမံရင် 
မတွေ့ရပါဘူးကွဲ့"

 "ဟာ-ဘာပဲဖြစ်ဖြစ် နောက်ထပ် အိမ်ထောင် မပြုတော့ဘူး၊အဟုတ်ကိုမပြုတော့ဘူး၊ဘုရားစူးရစေရဲ့ မပြုတော့ဘူး"ဟု စိတ်လိုက်မာန်ပါနှင့် ပြောလေ၏။

 "ဟဲ့-နင့်ဟာက အချက်မဟုတ်သေးပါဘူး။'ပကာစန'တွေကို
မပြုတော့ဘူးဆိုမှ သာပြီး အချက်ကျတယ်ဟဲ့"

 "ဟုတ်ကဲ့ အဲဒီ'ပကာစန'တွေလည်း စိတ်ပျက်ပြီး ကြောက်ပါပြီဦးရဲ့"ဟု ပြုံး၍ ပြောလိုက်လေသတည်း။

#ဦးဖိုးကျား
အမျိုးသားပညာဝန်ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုများမှ-


Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...