ပညာဝန် ဦးဖိုးကျား
ကျွန်ုပ်သည် အမျိုးသားပညာရေး အဖွဲချုပ်၌ အမှုထမ်းနေရာ လွန်ခဲ့သော ကိုးနှစ်ခန့်က ပုသိမ်မြို့ အမျိုးသားကျောင်းသို့ ခေတ္တကျောင်းအုပ်အဖြစ်ဖြင့် ဆောင်ရွက်ရန် အဖွဲ့ချုပ်က စေလွှတ်သည့်အတိုင်း သွားရောက်ဆောင်ရွက်ရ၏။
ထိုအခါ မှတ်သား ချီးမွမ်းဖွယ်ကောင်းသော ကျောင်းသားတစ်ယောက်ကို တွေ့ကြုံရ၏။ ထိုသူငယ်ကား မောင်ဘစီ ဆိုသူတည်း။
ပုသိမ် တလိုင်းချောင်းရပ်ရှိ ဦးလှ-ဒေါ်မြ တို့မှာ အတန်ကြွယ်ဝသော ကုန်သည်များဖြစ်ကြ၏။ ၎င်းတို့သား မောင်ဘစီသည် အမျိုးသားကျောင်း၌ ခုနှစ်ဆင့်အောင်လေသည်။ အောင်သည့်နှစ်၌ပင် ဖခင်ဦးလှ ဆုံးလေ၍လည်းကောင်း၊ ကြာရှည်စွာ အလုပ်ပျက် ငွေကုန်သည့် အပြင် လူလိမ်လူကောက် ခံရ၍လည်းကောင်း၊ ဒေါ်မြနှင့် မောင်ဘစီ သားအမိတို့မှာ အလွန်ဆင်းရဲစွာ ကျန်ရစ်ခဲ့လေ၏။
အမိမှာ ဖြစ်တတ်သမျှ မျက်နှာငယ်ငယ်နှင့် စျေးရောင်းရ၏။ သားအမိနှစ်ယောက် စားဖို့အပြင် အပိုမရချေ။ မောင်ဘစီကား သန်မာထွားကျိုင်း သတ္တိနှင့် ပြည့်စုံသူဖြစ်၍ မိမိစရိတ်နှင့် မိမိကျောင်းဆက်နေရန် ကြိတ်၍ ကြံစည်နေလေ၏။
နွေကျောင်းပိတ်၍ ကျောင်းဖွင့်ခါနီးတွင် ဆရာကြီးထံ သွားရောက်၍ အဖြစ်အပျက်ကိုပြောပြီးလျှင် ကျောင်းစရိတ်ရရန် အလုပ်တောင်းလေ၏။ မောင်ဘစီ၏ ဥာဏ်ပညာ ဝီရိယကို သိပြီးသော ဆရာကြီး က လခလွတ်နေတော့ဟုဆို၏။
“လခလွတ်နေရင် ကျွန်တော် အစွမ်းမရှိရာလဲ ရောက်မယ် ကျောင်းငွေကိုလဲ ထိမှာပေါ့”
“ဒါဖြင့် ငါက မင်းအတွက် ကျောင်းစရိတ်ထုတ်ပေးမယ်”
“ကျေးဇူးတင်ပါရဲ့ ခင်ဗျာ၊ နို့ပေမဲ့ ကိုယ့်အလုပ် နဲ့ ကိုယ် နေချင်ပါတယ်။ အလုပ်သာ မစပါခင်ဗျား”
“မင်း ဘာလုပ်နိုင်မလဲ”
“အခု ကျောင်းမျာ တံမြက်စည်းလှည်းတဲ့ အလုပ် နဲ့ သောက်ရေခပ်တဲ့ အလုပ်ကို ကျွန်တော့်ကိုပေးပါ။ တစ်လ ရှစ်ကျပ်လောက် ရနိုင်တယ် လို့သိရပါတယ်။”
“ကောင်းပြီ၊ စမ်းကြည့်ဦးတော့”
ဤသို့ အလုပ်ရခဲ့ သဖြင့် ကျောင်းဆက်နေမည့် အကြောင်း ကို အမိအား ပြောပြရာ အမိမှာ ရင်ထုမနာ ဖြစ်၍-
“ငါ့သား မင်းအလုပ် လုပ်ပြီး ကျောင်းနေမယ် ဆိုတာကို အမေ မကြည့်နိုင်ဘူး။ အမေ ကူလီ လုပ်ပြီး ငွေရှာမယ်၊ ပြီးတော့လဲ မင်း ကျောင်းမှာ ဂုဏ်ငယ်မှာပေါ့ ”
“ အမေ - ကျွန်တော် ပြောပြမယ်။ လူဟာ ယောက်ျားဟာ အလုပ်လုပ်ရမယ်၊ အလုပ်လုပ်တာ မကြည့်နိုင်ဘူးဆိုတာ အမေ ကျွန်တော့်ကို ချစ်ပုံလွဲနေတယ်။ ဂုဏ်ငယ်တယ်ဆိုတာမှာလဲ အပြစ်ကင်းတဲ့ အလုပ်မှန်ယင် ဂုဏ်ရှိတာချည်းပဲ၊ အမှန်မှာ မိဘ ကြောင့်ကြကို ခံပြီး ကျောင်းနေတဲ့ လူတွေမှ ရှက်စရာ ကောင်းတာဗျ။ ကိုယ့်စရိတ်နဲ့ကိုယ် နေနိုင်မှ ဂုဏ်ရှိတာ အမေရဲ့”
အမိမှာသား၏ စကားကို မချေနိုင်ချေ၊
“မင်းလဲ မင်းအဖေလိုပဲ အင်မတန် စိတ်ကြီးတယ်၊ မင်းကိုတော့ ငါနိုင်အောင် မပြောနိုင်ဘူး၊ နို့ပေမဲ့ အမေတော့ မကြည့်ရက်တာ အမှန်ပဲ”
ဟု မျက်ရည်စမ်းစမ်းနှင့် ပြောလေ၏။
ကျောင်းဖွင့်လျှင် မောင်ဘစီသည် ရှစ်အဆင့်တွင် နေရ၏။ နံနက်ငါးနာရီထ၍ အိမ်တွင် သောက်ရေသုံးရေခပ်၏။ နှစ်ယောက်စာ ဆန်ပြုတ်၏။ (စရိတ်ကုန်သဖြင့် လဖက်ရည်၊ ကော်ဖီ အစရှိသည်တို့ မသောက်ကြပေ။) ပြီးလျှင် မနီးမဝေးတွင်ရှိသော ကျောင်းသို့သွား၍ တံမြက်လှည်းခြင်း၊ ရေခပ်ခြင်းတို့ကို ပြုလုပ်ပြီးလျှင် ပြန်လာ ဆန်ပြုတ်သောက်၊ အချိန်ရသမျှ စာကျက်၍ ကျောင်းတက်၏။ ညနေကျောင်းဆင်းလျှင် မိန်းကလေးသဖွယ် အိမ် အလုပ်လုပ်၍ အမိ၏ အလုပ်ကိုပင် ကူညီပေးသေး၏။ ဒေါ်မြက ဂျင်းသုပ်၊ လဖက်၊ လက်သုပ် တို့ကိုစျေးထွက်၍ရောင်းရ၏။
ဤကား မောင်ဘစီတို့သားအမိ၏ နေ့စဉ် အလုပ်တည်း။ မောင်ဘစီသည် မိမိအလုပ်မှ တစ်လ ရှစ်ကျပ်ရရာ ကျောင်းလခ၊ စာအုပ်၊ ခဲတံ တို့အတွက် လုံလောက်စွာ သုံးစွဲရလေ၏။
ရှစ်ဆင့်တွင် တပည့် ၂ဝ မျှရှိရာ မိန်းမကလေး သုံးယောက်ပါ၏။ မယ်တင့်၊ မြသိန်း၊ တင့်စိန် တို့ ဖြစ်၏။ တင့်စိန်ကား မောင်ဘစီနှင့် တစ်လမ်းတည်းနေ၍ ခုနှစ်အိမ် ရှစ်အိမ်လောက်ခြား၏။ တင့်စိန်၏ မိဘများမှာ လွှထောင်ကုန်သည်ကြီးဖြစ်၍ အတန်ပင် ကြွယ်ဝ ပြည့်စုံကြ၏။
တင့်စိန်တို့အိမ်မှာ ကျောင်းနှင့် နီး၍ မောင်ဘစီ သည် ကျောင်းသို့နေ့စဉ် သွား၍ အလုပ်လုပ်ရသည်ကို မြင်ရသိရသဖြင့် သနားလည်း သနား၏။ ချီးမွမ်းလည်း ချီးမွမ်းမိ၏။ သို့ရာတွင် နီးစပ်ခြင်း မရှိသဖြင့် ခပ်တန်းတန်းပင် နေကြ၏။
မောင်ဘစီမှာ ကိုယ့်အစွမ်းနှင့် ကိုယ်နေသူဖြစ်၍ အတန်းထဲ၌ ပထမချည်းရသည်မှာ အံ့သြဖွယ် မဟုတ်ချေ။ ဆရာများကလည်း ချစ်၏။ သို့ရာတွင် အချို့့ကျောင်းသားတို့က အနုံစားထင်သည့်အပြင် မနာလိုလည်းရှိကြ၏။
တစ်နေ့၌ မယ်တင့်၊ မြသိန်း၊ တင့်စိန်တို့သည် အခန်းတစ်ခု၌ မုန့်စားနေစဉ် မယ်တင့်က-
“ဟေ့- ဘစီက တယ်ထောင်နေပါကလား၊ လူကဖြင့် မုဆိုးမသား၊ တံမြက်လှည်းရေခပ်ပြီး ကျောင်းနေရတယ် အနုံစားအေ့”
တင့်စိန်က “ညည်းက ယောက်ျားပီပီ ကိုယ့်အစွမ်းနဲ့ကိုယ်နေတာကို လူနုံထင်သလား၊ ဒါမျိုးမှ အဖိုးတန်တယ်အေ့”
ဟု ရိုးရိုး အတိုင်းပြောလိုက်လေ၏။
“ ဟာ-ဟာ၊ ညည်းနဲ့ ဖြစ်နေမှန်း ခုမှသိတယ်”
ဟု မယ်တင့်က မဦးမချွတ် ပြောလိုက်လေ၏။
တင့်စိန်က “ဟေ့- မယ်တင့်၊ ငါ့ကို အရမ်းမစွပ်စွဲနဲ့၊ ညည်းတို့လို ရှပ်တေးမှတ်လို့လား၊ ငါက ညည်းမတရားပြောတာကို မခံချင်လို့ ပြောတာသိရဲ့လား”
ဟု မျက်နှာထားနှင့် ပြောလေ၏။ ထိုအခါ မြသိန်းက ဝင်ဖြန်ပြီး ထသွားကြလေ၏။
တစ်ခါလည်း စာဖတ်ခန်းတွင်၊ ယောက်ျားကလေး၊ မိန်းကလေးများ သတင်းစာဖတ်သူကဖတ်၊ စာကြည့်သူက ကြည့်နေကြရာ မောင်ဘစီ တင့်စိန်တို့လည်းပါ၏။ မောင်ဘစီ သတင်းစာဖတ်ပြီး ထသွားသောအခါ ကိုးဆင့် ဖိုးထင်က မိမိအနီးရှိ သူငယ်ချင်းတို့အား “ဟေ့ - ဟိုမှာ ဂျာရူးဝါးလား ထွက်သွားပြီ” ဟု သရော်တော်တော် ပြောလိုက်လေ၏။
မခံတတ်သော စိတ်နှင့် သတ္တိမငယ်သော တင့်စိန်က “ဘယ့်နှယ့်လဲ ကိုဖိုးထင်- ယောက်ျားပီပီ ကိုယ့်အစွမ်းနဲ့ ကိုယ်နေတဲ့လူကို ရှင်တို့က သရော်သလား၊ နုံတယ်ထင်သလား၊ မိဘ ကြောင့်ကြခံပြီး ပေါ်ကြော့နေတဲ့ လူတွေ ကမှ နုံတာ၊ ရှက်ဖို့ ကောင်းတာရှင့်”
ဟု မျက်နှာ ခပ်တည်တည်နှင့် ပြောလိုက်ရာ၊ ဖိုးထင်တို့ လူစုမှာ တင့်စိန်၏ သတ္တိကိုသိ၍ ပြန်မပြောဝံ့ဘဲ စပ်ဖြဲဖြဲ ကြောင်တောင်တောင် ဖြစ်နေကြလေ၏။
ဤသို့ တင့်စိန်သည် မောင်ဘစီ ဘက်ကချည်း ခုခံပြောနေသည်ကို မောင်ဘစီ မသိချေ။
တစ်နေ့သ၌ မောင်ဘစီနှင့် တင့်စိန်တို့ကျောင်းသွားချင်း ဆုံနေရာ ရုတ်တရက် မိုးကြီးရွာချလေ၏။ တင့်စိန်မှာ ထီးမပါချေ၊ မောင်ဘစီမှာကား အိမ်တော်ရာ ထီးစုတ်လေး တစ်ခုပါ၏။ မိုးရွာလျှင်ရွာခြင်း မောင်ဘစီသည် ထီးကို ကပျာကယာဖွင့်၍
“မတင့်စိန်၊ ရော့ ရော့ ဒီထီးကို ဆောင်းသွား ”
ဟု ပြောပြောဆိုဆို လက်ထဲ အတင်းထည့်ခဲ့၍ မိမိကား ကျောင်းသို့ပြေးလေ၏။ တင့်စိန်မှာ ဘာမှ မပြောနိုင် မလုပ်နိုင်ဘဲ ထီးကို ဆောင်း၍ သွားရလေ၏။ အခန်းထဲသို့ရောက်လျှင် ထီးကို ပြန်အပေးခက်၍ တော်ရာ၌ ထောင်ထားလိုက် ပြီးနောက် မောင်ဘစီဘက်သို့ စောင်းကြည့်လိုက်ရာ မောင်ဘစီ၏ အင်္ကျီ ပုဆိုးတို့မှာ အတန်ပင် ရေစိုနေသည်ကို မြင်ရသောအခါ တင့်စိန်၌ များစွာ စိတ်မကောင်းဖြစ်ရ၏။ ကျောင်းဆင်းသောအခါမှ မိမိ၏ မောင်ကလေးကို ထီးပို့ခိုင်းလိုက်၏။
နောက်တစ်နေ့ ကျောင်းတက်ချိန်၌ ဒေါ်မြ ပေါက်လာ၍ မောင်ဘစီ မိုးမိ အအေးမိပြီး ဖျားနေသဖြင့် ကျောင်းမတက်နိုင်ကြောင်း လာရောက်၍ ဆရာအား တိုင်သည်ကို တင့်စိန်ကြားရသောအခါ အလွန်ဝမ်းနည်းရှာ၏။ မိမိအတွက် ဖြစ်ရလေသည်ဟု ယူကျုံး မရဖြစ်၏။ ထိုနေ့ တင့်စိန် စာကောင်းကောင်းမရချေ။
ညနေကျလျှင် ဘွင်းဘွင်းပြောတတ်သော တင့်စိန်သည် မိခင်အား အလုံးစုံ ကို ပြောပြ၍ မောင်ဘစီ ဖျားသည်ကို သွားရောက် ကြည့်လိုကြောင်း ခွင့်တောင်း၏။ သမီး၏သဘောသတ္တိ ကို သိပြီးဖြစ်သော အမိက
“အေးအေး သွားတာပေါ့၊ ညည်းအဒေါ်နဲ့သွား”
ဟု ခွင့်ပေးလိုက်၏။
မှောင်စအချိန်တွင် ရောက်သွားရာ ဒေါ်မြ သည် လူကုံထံအိမ်က တင့်စိန်မှန်း သိလျှင် အံ့သြဝမ်းမြောက်စွာဖြင့် ပျာပျာသလဲ ဖျာခင်းပေး၏။ ရေနံဆီမီးခွက် တစ်တိုင်ဖြင့် မှိန်မှိန်သာရှိသော အလင်းရောင်တွင် ဖျာဟောင်းတစ်ချပ်ပေါ်၌ ပက်လက်အိပ်နေရှာသူ မောင်ဘစီကို တင့်စိန်မြင်ရသောအခါ မျက်ရည်လည်လာမိလေ၏။ အနီးသို့ကပ်၍ လက်ကို စမ်းကြည့်သောအခါ ချစ်ချစ်တောက် ပူနေသည်ကို တွေ့ရ၏။
မောင်ဘစီသည် မျက်စိဖွင့်ကြည့်၍ မြင်ရသောအခါ၊
“သြော်- မတင့်စိန်ပါလား၊ ကျေးဇူးတင်ပါတယ်ခင်ဗျား၊ သုံးလေးရက်ကြာရင် ပျောက်ပါလိမ့်မယ်၊ ကိစ္စမရှိပါဘူး”
“ကျွန်မအတွက် ဖြစ်ရလို့ စိတ်တောင် မကောင်းဘူး၊ ဒါထက် ဘာဆေး သောက်ရပလဲ”
ဒေါ်မြက ဝင်၍
“ခုမှပဲ တူမရေ၊ ကွမ်းရွက်ရည်ကလေး တိုက်မလို့ပဲ။ ဆေးထူးထူးခြားခြားတော့ မရှိပါဘူး”
“အို- ဒါဖြင့် ကျွန်မ ဆေးယူခဲ့ပါတယ်၊ အဆင်သင့်ပဲ၊ ဟောဒီမှာ ငန်းဆေးရယ်၊ ချွေးထုတ်ဆေးရယ်”
ဤသို့ ပြောပြီးနောက် တင့်စိန်တို့ ကိုယ်တိုင် ဆေးတိုက်ပြီး ပြန်ခဲ့ကြ၏။ အိမ်သို့ရောက်သောအခါ ဆန်ပြုတ်နှင့် သောက်ရန် ဟု ငါးရံ့ခြောက်ကြီးတစ်ပြား အပြင် မောင်ဘစီတို့ ဆင်းရဲ ပုံကို မြင်ခဲ့ရ၍ ငွေစက္ကူတစ်ဆယ်တန် တစ်ချပ်ကိုလည်း ပို့လိုက်လေ၏။
မောင်ဘစီသည် အလွန်ဝမ်းမြောက်၍ ချွေးများပင် ထွက်လာ၏။ သို့ရာတွင် သူတစ်ပါး၏ အမအစကို မခံလိုရကား မိမိ၏ မှတ်စု စာအုပ်တွင် အောက်ပါအတိုင်း ရေးမှတ်ထားလိုက်လေ၏။
“၁၂၈၆ ခု၊ ဝါဆိုလဆုတ် ၃ ရက်နေ့တွင် မတင့်စိန်သည် ဆေးနှစ်ခွက်၊ ငါးခြောက်တစ်ပြား၊ ငွေတစ်ဆယ်ဖြင့် ကျေးဇူးပြု၏။ ၎င်းတို့ကို တစ်နေ့နေ့ ပြန်၍ပေးဆပ်မည်။”
သုံးရက်နှင့် အဖျားကျ၍ ကျောင်းပြန်တက်လေ၏။ ခြောက်လပတ်စာမေးပွဲပြီး၍ ကျောင်းပိတ်ပွဲတွင် ဆုပေးပွဲလည်း ကျင်းပ၏။ ဖြစ်ရသည်ကား မောင်ဘစီသည် ခါတိုင်းကဲ့သို့ပထမဆု ရ၏။ တင့်စိန်က ဒုတိယဆု ရ၏။
၎င်းဆုတို့ကို ပေးပြီးမှ ကျောင်းဆရာကြီးက ထ၍ ပြောဆို သည်မှာ -
“အမောင်တို့၊ အခုနှစ် ဆုပေးပွဲမှာ ရှေးက မပေးဖူးတဲ့ ဆုမျိုး ပေးရဦးမယ်၊ အခု ရှစ်အဆင့်က မောင်ဘစီဟာ အဖိုးတန်တဲ့ ပုံစံတစ်ခု ကို ပြလေပြီ။ ကျောင်းလခ လွတ်ထားတာကို လက်မခံ၊ သူတစ်ပါး အထောက်အပံ့ကိုလဲ လက်မခံ၊ ကိုယ့်အစွမ်းကို ကိုယ်အားကိုးပြီး မောင်တို့မတို့ သိတဲ့အတိုင်း ကိုယ့်အလုပ် ကိုယ့်စရိတ်နဲ့ ကျောင်းမှာနေတယ်။ အခုလို ငွေကြေးရှားတဲ့ ခေတ်ကြီးမှာ မောင်ဘစီက နည်းသစ် နည်းကောင်း တစ်ခု ပြပေးတယ်လို့ငါတို့ ဆရာများနဲ့ကျောင်းကော်မီတီများက ကျေးဇူးတင် ဝမ်းမြောက်ကြတယ်၊ မှတ်စရာက လောကမှာ ရိုးသားတဲ့ အလုပ်မှန်ရင် မြင့်မြတ်တာ ချည်းပဲ၊ တစ်လကို ရှစ်ကျပ်တစ်ဆယ် ရတာထက် ကိုယ့် အစွမ်း ကို အားကိုးပြီး စာသင်တဲ့ ယောက်ျား ပီသတဲ့ သူငယ်ဖြစ်လို့ အခုငါတို့ ကျောင်းက ရွှေတံဆိပ် တစ်ခု ချီးမြင့်တယ်”
ဟု ရွှေတံဆိပ် ဆုပေးလိုက်လေ၏။ တစ်ကျောင်းလုံးက သြဘာပေးကြ၏။
မောင်ဘစီနှင့် တင့်စိန်တို့ တစ်နှစ်တည်း ၁ဝ တန်းအောင်ကြ၏။ နှစ်ယောက်စလုံး ကျောင်းက ထွက်ကြ၏။ ထိုအခါ တင့်စိန်သည် မောင်ဘစီကို မိမိတို့့သစ်စက်တွင် စာရေးခန့်ထားရန် မိဘတို့ကို ပြောပေး၏။ မောင်ဘစီနှင့် တင့်စိန်တို့အကြောင်းကို သိသော လူ၏ အဖိုးတန်ကို အကဲခတ်နိုင်သော မိဘတို့သည် သမီးအလိုကို မဖယ်ချေ။
မောင်ဘစီသည် ပထမလ အတွက် လခ ၄ဝ ကျပ် ထုတ်သောနေ့၌ တင့်စိန်ထံသို့ သွား၍ ငွေစက္ကူ ၁ဝ ကျပ် တန်တစ်ချပ်၊ ငါးခြောက်ကြီး တစ်ပြား (ဆေးအတွက်)ငွေ ငါးကျပ်တို့ကိုပေးလေ၏။
တင့်စိန်က “ဒါဘာတွေလဲ” ဟု မေး၏။
မောင်ဘစီက အိတ်ထဲက မိမိမှတ်စုစာအုပ်ကို ထုတ်၍ ယခင် မိမိရေးမှတ်ထားသည်ကို ပြလေ၏။ တင့်စိန်က ဖတ်ကြည့်ပြီး ပြုံး၍
“သြော်- သြော် ဒါအကြွေး ဆပ်တာလား ကိုဘစီ၊ ကျွန်မက ရှင့်ကိုချေးတာ မဟုတ်ဘူး၊ ပေးတာရှင့်၊ ပေးတာ၊ လူသေချာကြီး ရဲ့”
“ ကျုပ်က သူများပေးတာ မယူဘူးဆိုတာ သိတယ် မဟုတ်လား”
“ သြော်- ဒီလိုလား၊ ဟုတ်ပေတယ်၊ ဟုတ်ပေတယ်၊”
ဆို၍ တင့်စိန်သည် ငွေနှင့် ငါးခြောက်တို့ကို ယူ၏။ ပြီးမှ မျက်နှာတည်တည် ထား၍-
“ရှင့် - လူသေချာကြီးရဲ့၊ ငွေ၊ ငါးခြောက်၊ ဆေးဖိုးတွေတော့ ရပါပြီ အတိုးကော”
ဟု မေးလေ၏။
မောင်ဘစီမှာ ရှိန်းတိန်းတိန်း ဖြစ်သွား၍ ဘာမှ ပြန်မပြောနိုင်ဘဲ၊
“ရော့-ဒါက ငွေတစ်ဆယ် ထပ်ယူပါ”
ဟု ထပ်ပေးပြန်လေ၏။
၎င်းငွေတစ်ဆယ်ကို ယူ၍ တင့်စိန်က ဆက်ပြန်သည်ကား
“ကိုင်းအရင်းလဲ ရပြီ၊ အတိုးလဲ ရပြီ၊ သို့သော်လည်း ကျွန်မပေးစဉ် က ရိုးရိုးချေးငှားတာမဟုတ် စေတနာနဲ့ ပေးကမ်းတာဖြစ်တယ်၊ ကိုင်း- စေတနာ အတွက်ကိုကော ဘယ်လိုဆပ်မလဲ ”
ဟု ပြုံး၍ မေးလေ၏။
မောင်ဘစီမှာ စေတနာကို ငွေကြေး ဖြင့် ပြန်မဆပ်နိုင်သည်ကို သိရလေကား
“ဒါလဲဟုတ်တာပဲ၊ စေတနာကို စေတနာနဲ့ပဲ ပြန်ဆပ်ဖို့ပါပဲ”
ဟု ဆို၍ မျက်နှာကို စိန်းစိန်းကြည့်လိုက်လေ၏။
ယခုအခါ ပုသိမ်မြို့ အနောက်ဘက်သို့ သွားသော လမ်းမကြီး အနောက်ဘက်တွင် ခေါင်းတိုင်သုံးလုံးနှင့် သစ်စက်ကြီးတစ်ခုကို တွေ့မြင်နိုင်၏။ ၎င်းကား သစ်ကုန်သည် စက်သူဌေး ဦးဘစီနှင့် သူဌေးကတော်ဒေါ်တင့်စိန်တို့၏ ကြီးပွားနေသော စက်ကြီးပေတည်း။
ဦးဖိုးကျား(ပညာဝန်)
(ကိုယ်တွေ့ဝတ္ထုများ)
Comments