ကျွန်ုပ်သည်နောက်သုံးနှစ်လောက်ကပုသိမ်မြို့သို့ကျောင်းစစ်သွား၏။နံနက်လမ်းလျှောက်စဉ်ရွှေမုေဋ္ဌာစေတီအနီး၌ရှေးကကျွန်ုပ်၏တပည့်ဟောင်းဖြစ်ဖူးသောမယ်သန့်ဆိုသောသူငယ်မကိုတွေ့ရ၏။ကျွန်ုပ်သည်အင်္ဂလိပ်ကျောင်းသို့မဝင်ရောက်မီပုသိမ်နယ်အသုတ်ရွာဘုန်းတော်ကြီးကျောင်းတွင်မြန်မာကျောင်းဆရာလုပ်နေဖူး၏။ထိုကျောင်း၌ဉာဏ်အတော်အတန်ကောင်း၍ရေးခြားချက်ချာသောတပည့်မကလေးတစ်ယောက်ကားထိုမယ်သန့်ပင်တည်း။ကျွန်ုပ်ထိုကျောင်းမှထွက်၍အင်္ဂလိပ်ကျောင်းသို့ပြောင်းသောအခါမယ်သန့်မှာ ၇တန်းတွင်ကျန်ရစ်၏။ထိုကစ၍ကွဲခဲ့သည်မှာ၁၅နှစ်အနှစ်၂၀ခန့်ကြာလေပြီ။
ယခုတွေ့ရသောအခါမယ်သန့်မှာ၇တန်းနှင့်ဆရာဖြစ်အောင်ပြီးနောက်ပုသိမ်မြို့မြန်မာကျောင်းတစ်ခုတွင်ဆရာမအလုပ်ရကြောင်း၊နောက်မကြာမီအခြားကျောင်းဆရာတစ်ယောက်နှင့်အိမ်ထောင်ကျကြောင်းစသည်တို့ကိုပြောပြသဖြင့်သိရ၏။ကြီးမှထမင်းတစ်နပ်ကျွေးလိုကြောင်းဖိတ်သည်နှင့်တစ်ညနေ၌ထမင်းသွားရောက်စားရ၏။
ကျွန်ုပ်ရောက်လျှင်မိမိ၏လင်ယောက်ျားမောင်မြကိုလည်းခေါ်ငင်ပြသ၏။ထိုအခါကျွန်ုပ်သတိပြုမိသည်ကားနေရာခင်း
ခြင်းထမင်းပြင်ခြင်း၊ရေခွက်ထားပုံမှစ၍အစစအရာရာကိုမောင်မြသာလျှင်ပြုလုပ်၏။သို့ရာ၌မောင်မြသည်မယ်သန့်၏ဩဇာကိုအလုံးစုံခံယူကာတပည့်သည်ဆရာအားလည်းကောင်း၊မောင်ငယ်သည်အစ်မကြီးအားလည်းကောင်၊သားငယ်သည်အမိအားလည်းကောင်းခံ့ညားရိုသေသကဲ့သို့နာခံပြုမူသည်ကိုတွေ့ရ၏။အယုတ်သဖြင့်လက်သုတ်ပဝါချသည်ကိုပင် “မသန့်ရေ လက်သုတ်ပဝါကိုရေတကောင်းရဲ့ဘယ်ဘက်ကထားရမလဲကွဲ့”ဟုမေးပြီးမှမယ်သန့်ပြောသောနေရာတွင်တစ်သဝေမတိမ်းချ
လေသည်။
ထိုအမူအရာတို့ကိုတွေ့မြင်ရသောအခါကျွန်ုပ်တွေးထင်မိသည်ကား “ဘယ်နှယ်လဲ၊ငါ့တပည့်မမယ်သန့်ဟာအတန်လိမ္မာပါတယ်။အခုတော့လင်သားကိုလက်အောက်ငယ်သားအစေအပါးကဲ့သို့နိုင်လှချေကလား၊မယ်သန့်တယ်ဆိုးနေပါကလား၊ဒင်းတော့ငါဆုံးမရလိမ့်မယ်”ဟုတစ်ယောက်တည်းစိတ်ကူးနှင့်စိတ်ဆိုးပြီးထမင်းစားပြီးသည်နှင့်တစ်ပြိုင်နက်မောင်မြအလစ်တွင်မယ်သန့်ကိုအနီးကိုခေါ်၍-
“ဟဲ့မသန့်၊နင်တယ်ဆိုးနေပါကလားဟင်၊သင်းဘယ့်နှယ်လဲ၊လင်ကိုနိုင်လှချည့်ကလား၊နင်ကအကောင်းမှတ်လို့လား၊နင်…”
မယ်သန့်ကပြုံးလျက် “ဆရာကကျွန်မကိုလင်နိုင်တတ်တဲ့မိန်းမဆိုးမှတ်လို့လားဆရာရဲ့၊ဆရာကကိုယ့်တပည့်အကောင်းမသိသလိုပဲကို၊အဲလေ -ဟုတ်သလောက်တော့ဟုတ်ပါတယ်၊နို့်ပေမဲ့ဘယ်လိုဘယ်ပုံနိုင်တယ်ဆိုတာကိုကာယကံရှင်ကိုမြကိုပဲမေးပါဆရာရယ်”
“အေးမေးရလိမ့်မယ် ၊နင်ဆိုးတာတွေပေါ်ကုန်ရင်တော့ ဒါပဲ..”ဟုကြိမ်းမောင်းလိုက်၏။မယ်သန့်သည်လည်းရယ်လျက်ထသွားလေ၏။
ပြီးမှမောင်မကိုကျွန်ုပ်တည်းခိုသောအိမ်သို့ခေါ်လာခဲ့၍ “ဘယ့်နှယ်လဲမောင်မြ၊မယ်သန့်ကမင့်အပေါ်မှာနိုင်တယ်လို့ငါသဘောရတယ်။မယ်သန့်ဆိုးတာရှိရင်ပြေား ၊ငါ့တပည့်မငါ့သားသမီးနဲ့မခြားဘူး၊ငါဆုံးမနိုင်တယ်”
မောင်မြကပြုံး၍ “ဆရာထင်တာမလွဲပါဘူး၊မသန့်ရဲ့ဩဇာကိုကျွန်တော်ခံတာသူ့အစီအရင်ကိုကျွန်တော်ခံတာဟာအမှန်ပဲဆရာရဲ့၊သူကနိုင်တာမဟုတ်ပါဘူး ကျွန်တော်ကကျွန်တော့စေတနာနဲ့ကျွန်တော်အနိုင်ခံနေတာပါဆရာရဲ့”ဟုအားရပါးရပြောလေ၏။
“အင်း နို့်မင်းအနိုင်ခံပုံပြောပါဦးကွဲ့ လူရဲ့” ဟုမေးမှအောက်ပါအတိုင်းပြောလေ၏။
“ဦးဖိုးလူရဲ့ကျောင်းမှာမသန့်က၆တန်းဆရာမ၊ကျွန်တော်ကဦးမြင့်ရဲ့ကျောင်းမှာ၇တန်းဆရာ ၊အဲ့ဒါနဲ့လွန်ခဲ့တဲ့၆နှစ်လောက်ကကျွန်တော်တို့ညားကြပါတယ်။သူကလခ ၆၀ကျပ် ၊ကျွန်တော်က ၈၀ကျပ်ရပါတယ်။
ဆရာ့တော့ပြောရမယ်။ကျွန်တော်ကအပျော်အပါးနည်းနည်းလိုက်စားပါတယ်။အသုံးလဲဖွာချင်ပါတယ်။ငွေကိုငွေမမှတ်ဘူး။ဒီလိုဆရာရဲ့ ကျွန်တော့မိဘများကချမ်းသာဖူးတယ်။အဲဟိုတုန်းကတော့ငွေကိုသုံးချင်သလိုသုံးရတာနဲ့ကျွန်တော့မှာဒီအကျင်းဆိုးတွေပါနေပါတယ်။
အဲဒါနဲ့မသန့်နဲ့ရတော့ဆရာရေ့၊သူကစည်းကြီးကမ်းကြီးနဲ့ကလားဗျ။လခထုတ်လို့သူလက်ထဲမရောက်ရင်တစ်ခါထဲကျွန်တော့ကျောင်းဆရာကြီးဆီသွားပြီးတိုင်တာပဲ။နောက်ဆုံးတော့ဆရာရေ့၊ဆရာကြီးကလဲကျွန်တော့အကျင့်ကိုလဲသိ၊ မသန့်ရဲ့သဘောသတ္တိကိုလဲသိတာနဲ့၊လခကိုကျွန်တော့လက်ထဲကိုမထည့်ဘူး။မသန့်ကိုသာထုတ်ပေးတယ်။
အဲဒီကစပြီးကျွန်တော်ဟာမသန့်ကိုရန်သူလိုတစောင်းစောင်းတမဲမဲနဲ့နေမိပါတယ်။သူထုတ်ပေးသမျှကိုသာသုံးစွဲရပါတယ်။ဒါနဲ့မကြာမကြာစကားများလက်လွန်ခြေလွန်တောင်ရှိမိပါတယ်။ကျွန်တော်အခုအင်မတန်နောင်တရပါတယ်။တစ်နေ့တော့ကျွန်တော်က-
“ဘယ်နှယ်လဲမသန့်၊ကျုပ်ကိုထောင်သားလိုထားမလို့လား”
“မဟုတ်ပါဘူး ကိုမြရဲ့အားလုံးနောင်ကောင်းဖို့အရေးပါ။ကောင်းပြီ၊ယခုကျွန်မတို့တစ်လ ၁၄၀ကျပ်ရတယ်။
ရှင်ကတစ်လကို ဈေးသုံး…………၁၅ကျပ်
ကျွန်မက………………………… ၁၅ကျပ်
အိမ်ကမိခွေးက ………………… ၅ကျပ်
အိမ်လခ …………………………..၁၅ကျပ်
စားစရိတ်…………………………..၅၀ကျပ်
ဝတ်စရိတ်…………………………၃၀ကျပ်
သာရေးနာရေးအသေးသုံး………..၁၀ကျပ်
ပေါင်းငွေ ၁၄၀ကျပ် ကိုင်းသဘောကျရဲ့လား”
‘စားစရိတ်၅၀ကျပ် များလှချေကလား ၊မိခွေးအတွက်ကလဲ ၅ကျပ်လား၊ကျုပ်ကိုတော့၁၅ကျပ်ထဲပေးသလား’
‘ရှင်တို့ယောက်ျားများဟာဒါတွေမသိတာပဲ။ဒါမိန်းမအလုပ်တွေရှင့်၊မိန်းမမှသိတယ် ရှင်တို့နားမလည်ပါဘူး’
ကျွန်တော့မှာဘာမျှပြန်မပြောနိုင်ပါ။သို့ရာတွင်သာ၍မကျေနပ်စိတ်ဆိုးပြီးအောင့်သိုးသိုးလုပ်နေပါတယ်။သူ့ကိုရန်သူကြီးလုပ်ပြီးစကားပင်ကြပ်ကြပ်မပြောမိပါ။မကြာမကြာလက်ရောက်ခြေရောက်ပင်ရှိမိပါတယ်။ထူးတာကဆရာရဲ့၊ကျွန်တော့ကိုအင်မတန်သည်းခံတယ်။ဘာမှမဖြစ်သလိုပဲ။သူကခေါ်ခေါ်ပြောပြောကျွေးကျွေးမွေးမွေးနဲ့ဝတ္တရားဘာမှမပျက်ဘူး၊ဘာမှလဲဆိုစရာမရှိဘူး၊ကျွန်တော့မှာသာတစ်ယောက်ထဲရန်ဖြစ်နေဆိုသလိုအတော်ခွကျနေတာပါပဲ။
အဲဒီလိုနေလာကြလို့ ၃နှစ်လောက်ကြာတော့အစိုးရမှာငွေမရှိလို့ဆိုပြီးဆရာတွေအလျှော့မှာကျွန်တော်အလုပ်ပြုတ်ပါရော။မသန့်ရဲ့လခ ၆၀ကျပ်နဲ့သာခြစ်ခြစ်ခြုတ်ခြုတ်နေရပါတော့တယ်၊ကျွန်တော်လဲအင်မတန်စိတ်ညစ်ပါတယ်။ဘယ်မှာမှလဲအလုပ်ရှာလို့မရပါ။
နောက်သုံးလလောက်ကြာရင်ပဲမသန့်ဖျားပါလေရောဆရာရေ့၊ပထမလမှာလခနဲ့အခွင့်ရပါရဲ့နောက်လတွေတော့လခမရှိအခွင့်သာရပါရော၊သာပြီးကျပ်သွားတာပေါ့ဆရာရဲ့ ကျွန်တော်လဲဆင်းရဲလေလေသံဝေဂရဆိုသလိုသတိတရားရပြီးအစွမ်းကုန်အလုပ်ရှာပါရဲ့၊မရပါ။ ဆွေများမျိုးများဆီကချေးငှားရတာလဲများတာနဲ့နောက်ထပ်မချေးငှားဝံ့တော့ပါ။အဲဒါနဲ့ခြေကုန်လက်ပန်းကျပြီးအင်မတန်စိတ်အညစ်ကြီးညစ်ပြီး-
‘ကဲ မသန့်ခွတော့ကျကုန်ပြီ၊ငွေလဲမရှိ အလုပ်လဲမရ၊မင်းအသိပဲ၊ချေးငှားသုံးတာလဲငွေ၁၀၀ကျပ်လောက်ကြွေးတင်နေပြီ၊ကျုပ်တော့မကြံတတ်လူး၊မင့်ဖို့ဓာတ်စာကလေးဘာကလေးတောင်မဝယ်နိုင်ဘူး၊ငါ့မှာလဲမင်းမြင်တဲ့အတိုင်းအဝတ်အစားများမှာလူထဲတောင်မဝင်ဝံ့ဘူး၊ကျုပ်တော့သေသာသေချင်တော့တာပဲ’
အဲဒီတော့မှအသန့်က ‘အဲဒါပဲ ရှင်တို့ယောက်ျားတွေဟာရတုန်းအရမ်းသုံး၊မရတဲ့အခါအငတ်နေဆိုတာမျိုးလိုပဲ၊ကျောချမှဓားပြမှန်းသိတော့တာပဲ။ဟုတ်စ၊ကျွန်မကခြစ်ခြစ်ခြုတ်ခြုတ်သုံးဖို့ပြောတော့လုပ်တော့ရှင်ကကျုပ်ကိုရန်မူတယ်၊ခုတော့ဘယ့်နှယ်နေသလဲ၊အဲဒါမှတ်ထား၊ကဲကဲ ရှင်မကြံတတ်ရင်ကျွန်မကြံရသေးတာပေါ့။ရော့ရော့ ဒါကြည့်စမ်း’ဆိုပြီးခေါင်းအုံးအောက်ကဘဏ်မှာငွေစုထားတဲ့စာရင်းလက်မှတ်ကိုထုတ်ပြပါတယ်။
ကျွန်တော့မှာအံ့ဩပြီးယူကြည့်လိုက်တော့မှငွေ ၂၅၀၀ ကျပ်လောက်ရှိနေတာကိုတွေ့ရတော့မှမသန့်မျက်နှာကိုကျွန်တော်အကြောင်သားကြည့်နေရပါတယ်ဆရာ။
‘ရှင်ကြောင်တောင်တောင်အူတူတူလုပ်မနေနဲ့၊ကွန်မပြောပြမယ် ရှင့်ကိုပြတဲ့အသုံးစာရင်းထဲက
ကျွန်မသုံးဖို့ဆိုတဲ့ငွေ………….. ၁၅ကျပ်
မိခွေးဖို့ ………………………... ၅ကျပ်
စားစရိတ် ၅၀ကျပ် ၅၀ကျပ်ဆိုတဲ့အထဲက
၃၀ ကျပ်ကိုသာသုံးလို့ပိုငွေ……… ၂၀ကျပ်
ဝတ်စရိတ်တဝက်………………၁၅ကျပ်
အသေးသုံးတစ်ဝက် ………….. ၅ကျပ်
ပေါင်း ၆၀ကျပ်
အဲဒါနဲ့တစ်လကို၆၀ကျပ် ရှင်မသိအောင်ကျွန်မဘဏ်မှာငွေစုခဲ့တာယခုသုံးနှစ်ကျော်ဆိုတော့အတိုးနဲ့ဘာနဲ့ ၂၅၀၀ ကျပ်လောက်ဖြစ်နေတာပေါ့၊ ၂၅၀၀ကျပ်လောက်ရှိပေမယ့် ရှင်သုံးချင်တိုင်းမသုံးရဘူး တင်နေတယ်ဆိုတဲ့အကြွေး ၁၀၀ကျပ်ဆပ်ဖို့နဲ့အခုအတောအတွင်းသုံးဖို့ ၁၀၀ကျပ် ၊ အဲ့ဒီ ၂၀၀ကျပ်ကိုသာထုတ်ချေ၊ ရော့ ‘ချက်’ဟုရေးပေးလိုက်ပါတယ်။
ကျွန်တော့မှာလဲ ထန်းလျက်အိုးပေါ်မှောက်လဲသလိုအင်မတန်ပြုံးရွှင်ပြီး ‘ကျေးဇူးရှင်မမခင်ဗျား၊ကျွန်တော်မျိုးအတွက်၁၅ကျပ်ကိုနောက်တောင်မသုံးတော့ပါဘူး။မမပေးသမျှကိုသာယူပါတော့မယ်’လို့ပြောင်သလိုလို အဟုတ်လိုလိုနဲ့ပဲပြောမိပါသေးတယ်။
အဲဒါနဲ့မသန့်လဲမကြာမီပြန်ပြီးကျန်းမာလာလို့သူ့အလုပ်ကိုပြန်ရပါတယ်။ကျွန်တော့မှာတော့အလုပ်ပြန်မရရှာလိုလဲအဆင်မသင့်ဖြစ်နေပါတယ်။ကျွန်တော်လလဲမသန့်ကျေးဇူးကိုအမြဲသတိရနောင်တလဲရပြီး မသန့်အလုပ်သွားတဲ့အခါကျွန်တော်ကအိမ်မှာအလကားမနေဘဲအစစအရာရာချွေတာပြီးမရှက်မကြောက်ရေခပ်၊တံမြက်လှည်း၊ထမင်းချက် အဝတ်လျှော်ဆိုသလိုကူညီလိုက်တော့အိမ်စရိတ်ဟာတစ်ဝက်လောက်သက်သာသွားပါတယ်။အဲဒါနဲ့မသန့်လခ ၆၀ကျပ်နဲ့ပဲ ကျွန်တော်တို့နေလောက်စားလောက်ရှိပါတယ်။
တစ်နေ့တော့ဆရာရေ့၊ကျွန်တော်ဟာလခစားအလုပ်စိတ်ပျက်ပြီးငါ့အစွမ်းနဲ့ငါကြံမယ်လို့စိတ်ထားပြီးစက်ပိုင်တစ်ယောက်ထံသွားပြီးအဝယ်တော်ပွဲစားလုပ်လိုတဲ့အကြောင်းပြောပြပါတယ်။
စက်ပိုင်ကကျွန်တော့ပုံပန်းသွက်လက်ပုံကိုထောက်လို့လုပ်တော့လို့တော့ဆိုပါရဲ့ နို့ပေမဲ့ ‘မောင်ရယ် ၊အခုခေတ်မှာငွေကြေးကိုယုံရဘို့အင်မတန်ခက်တယ်။ဒီတော့ကာငွေကိုတော့အရင်ထုတ်မပေးနိုင်ဘူး။မောင့်အစွမ်းနဲ့မောင်ပဲစပါးဝယ်ခဲ့ရင်ဖြင့်ပွဲခနဲ့တစ်ခါတည်းငွေချေမှာပဲ’ လို့ပြောပါတယ်။
ကျွန်တော်အတော်စိတ်ပျက်သွားတာပေါ့ဆရာရဲ့။ဘဏ်မှာမသန့်ငွေ ၂၀၀၀ကျပ်ကျော်ရှိတကိုကျွန်တော်သိပါရဲ့။နို့်ပေမဲ့ မတောင်းဝံ့ မတောင်းရက်ဘူး ဆရာရဲ့။မသန့်ဟာအင်မတန်စစ်စီတယ်။တောင်းရင်လဲရမှာမဟုတ်ဘူးလို့ထင်ပြီးကျွန်တော်မှိုင်မှိုင်နေတာပဲ။
နို့ပေမဲ့အကင်းပါးတဲ့မသန့်က ကျွန်တော်ရဲ့မှိုင်ချက်ကိုမသင်္ကာလို့အထပ်ထပ်မေးတာနဲ့နောက်ဆုံးတော့ပြောပြလိုက်တာပေါ့။ဒီတော့မှမသန့်ကရယ်မောပြီး ရှင်အစကဘာဖြစ်လို့မပြောသလဲ ယောက်ျားဆိုတာအဲဒီလိုကြံဖန်တတ်ရတယ်။နောက်မဆုတ်ရဘူး ၊စွန့်စားရတယ်၊မတော်တဆဆုံးပါးသွားကောအကျိုးရှိမလားလို့လုပ်တာပဲ၊ဘာပူစရာရှိသလဲ၊မိသန့်စစ်စီတာကမတော်တဲ့နေရာမှာသာစစ်စီတာ၊ဒီလိုဟာမျိုးမှာစစ်စီတာမဟုတ်ဘူး ၊ရော့ ‘ချက်’ ယူသွား ငွေ ၂၀၀၀ ကျပ်ထုတ်ပြီးစက်မှာသွင်းချေ’လို့ဆိုလိုက်ပါတယ်။
ကျွန်တော့မှာအံ့အားသင့်ပြီး ဪ-တယ်ဟုတ်တဲ့မိန်းမပါလား။ငါအထင်မှားမိပြန်ပြီလို့တွေးတောမိပါတယ်။ပြီးမှငွေထုတ် စပါးဝယ်၊စက်ကိုသွင်းတော့ ၊ဈေမကိုက်တာနဲ့ငွေ ၇၀၀ကျပ်လောက်ရှုံးပါတယ်။
အခုတော့မသန့်ကို ယုံကြည်အားကိုးစိတ်ရှိနေတာနဲ့ချက်ခြင်းပဲရှုံးတဲ့အကြောင်းပြောပြပါတယ်။အတော်လာတဲ့မိန်းမဆရာရေ့၊ရှုံးတဲ့ဟာကိုသူကဝမ်းသာတယ်တဲ့။ အဲ့ဒီရှုံးတာဟာကျွန်တော်ကုန်သည်အလုပ်မှာပိုမိုကနားလည်ဖို့တဲ့ဗျ။သူဟာဟုတ်တယ်ဆရာရေ့၊အဲဒီရှုံးပြီးကတည်းကကျွန်တော်ရောင်းရာဝယ်ရာမှာအင်မတန်ဆင်ခြင်စဉ်းစားပြီးဟန်လောက်မှရောင်းဝယ်ခြင်းကိုပြုပါတယ်၊ဒုတိယတစ်ခါသွားသွင်းတော့အရှုံးကျေပါတယ်။နောက်တစ်ခါတော့အမြတ်ပေါ်တာပေါ့ဆရာရဲ့။
အဲဒါနဲ့လူကဲကိုခတ်နေတဲ့စက်ပိုင်က မကြာခင်ပဲငွေအရင်းထုတ်ပေးပါတယ်။တိုတိုပြောကြစို့ဆရာရယ်။ ၃-၄ လအတွင်းမှာပဲ ပွဲခရော ဘာရော ၃၀၀၀ကျပ်လောက်ကျန်ပါတယ်။ဒီတော့မသန့်က-
‘ကိုင်း ဒီငွေဟာရှင့်အစွမ်းနဲ့ရတာ ၊ဘဏ်မှာရှင့်နာမည်နဲ့ပဲထားပေတော့’
‘ဟာ -ဘယ်ကကျုပ်အစွမ်းဟုတ်ရမလဲမသန့်ငွေနဲ့ရင်းလို့ရတာ ၊ ဒီတစ်သက်မှာမသန့်ကိုပဲအလုံးစုံယုံကြည်အားကိုးစီမံသမျှခံပါတော့မယ်။အလုံးစုံကိုပဲလွှဲပါရစေတော့ ကျေးဇူးရှင်မမခင်ဗျား’လို့တောင်ကျွန်တော်ကရယ်မောပြောင်လှောင်ပြောလိုက်ပါသေးတယ်။
အဲဒါပဲဆရာရေ့ သူကနိုင်တာမဟုတ်ဘူး၊ကျွန်တော်ကအနိုင်ခံတာပါ။ဘာပဲဖြစ်ဖြစ် ၊သူဟာအနိုင်ကောင်းမဟုတ်လားဆရာရယ်”ဟုပြောပြီးနားလေ၏။
ကျွန်ုပ်မှာလည်းတပြုံးပြုံးနှင့်နားထောင်လာခဲ့ရာ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက်ကျွန်ုပ်စိတ်မြောက်ပြီး “အဲဒါငါ့တပည့်အစစ်ကွဲ့” ဟုလွှတ်ခနဲအသားယူ၍ဆိုလိုက်မိလေ၏။
ထိုအခါမောင်မြကလည်း အားကျမခံဆိုဘိသကဲ့သို့ “အဲဒါမှ ကျွန်တော့်မယားအစစ်ဆရာရဲ့” ဟုလေလုံးထွားထွားနှင့်ကြွားလိုက်လေသတည်း။ ။
#ဦးဖိုးကျား
ဦးဖိုးကျား၏ကိုယ်တွေ့ဝတ္ထုများမှ
Comments