လွန်ခဲ့သော ၁၃-နှစ်က သပိတ်မှောက်ကျောင်းများ ပေါ်ပေါက်လာရာ ရခိုင်ပြည် စစ်တွေမြို့တွင်လည်း
အမျိုးသားကျောင်းတကျောင်း တည်ထောင် လေသည်.။
ထိုကျောင်းသို့ တနှစ်တခေါက်ဆိုသလို သွားရောက်ကြည့်ရှုရာ လွန်ခဲ့သော လေး၊ငါးနှစ်လောက်က တခေါက်သွားရသည်။
ရန်ကုန်မှစစ်တွေသို့ ပင်လယ်ကူးသင်္ဘောဖြင့် နှစ်ညနှင့် သုံးနေ့သွားရ၏။ ၄င်းသင်္ဘောမှာ စစ်တကောင်းကုလား (ခေါ်တော)များ အစီးအများဆုံးဖြစ်၏။ ရခိုင်များအနည်းငယ်စီးကြ၏။
ကျွန်ုပ်သွားသောအခေါက်၌ ရခိုင်သုံးလေးယောက်နှင့် မြန်မာကျွန်တယောက်သာပါ၏။
အခြားတို့က ကုလားများဖြစ်ကြ၏။ ရန်ကုန်ကထွက်၍ တညထွက်ပြီးနောက် ကမ်း-လမ်း မမြင်သော ပင်လယ်ကြီးသို့ရောက်၏။ ပင်လယ်သမုဒ္ဒရာတို့၏ အံ့သြဖွယ်သည် ကြီးကျယ်လှ၏။ သင်္ဘောစီးသူတို့ သည် ကုန်းပတ်သို့ထွက်ခါ ပင်လယ်သမုဒ္ဒရာ၏ အညှိ့ဓာတ်ကို မပြတ်မစဲ စွဲမြဲ ကြည့်ရှု၍ ငေးမော နေသူနေ၊ တွေးတောနေသူနေရှိကြကုန်၏။
ကျွန်ုပ်သည်လည်း ကုန်းပတ်ပေါ်သို့ထွက်ခဲ့ရာ ကုန်တင်ကုန်ချပေါက်အနီး ထောင့်တခု၌ ကုလားလင်မယားနှစ်ယောက်ကို တွေ့မြင်ရ၏။ ကုလားမမှာ ခေါင်းမြီးခြုံ၍ရှိ၏။ ၄င်၏အသားအရေမှာ အတန်ပင်ဖြူစင်သပ်ရပ်၏။ ထိုကုလားမ သည် ဖြူစင်သပ်ယပ်လှသည်၊ အသို့နည်းဟု အနီးသို့ မယောင်မလယ် ကပ်ကြည့်ရာ ၎င်း၏ယောင်္ကျားကုလားက “ဘယ်နှယ့်လည်းဆရာကြီး၊ ဘယ်သွား မလို့လည်း၊ ထိုင်ပါအုံးလား၊ ကွမ်းများ-ဘာများစားရအောင်လေ” ဟုမြန်မာရေ လည်ပတ် စွာနှင့် နှုတ်ဆက်လေရာ။
“အော်-ခင်ဗျား ဗမာလို ကောင်းကောင်းတတ်သကို။ ဗမာပြည်မှာ တော်တော်ကြာနေဘူးတယ်ထင်ပါရဲ့၊ အင်မတန်လည်း ပီတာဘဲ။ နို့ ခင်ဗျား မိန်းမကော ဗမာစကားတက်ရဲ့လား”
ထိုအခါ ကုလားက ဟက်ဟက်ပက်ပက်ရယ်၍ “ တတ်လား၊မတတ်လား ခင်ဗျားဘဲမေးကြည့်တော့၊ ဟေး-မယ်မြ ဒီမှာ ဗမာတယောက်ကွဲ့၊ စကားများ ပြောပါအုံး” ဟုဖော်ရွေစွာပြော၏။
မယ်မြဆိုသူသည် ထိုအခါမှ ကျွန်ုပ်တို့ဖက်သို့လှည့်၍ မျက်နှာဖုံးကို အတန်ဖွင့်ခါ မျက်နှာထားနှင့်ဆိုသည်ကား-
“ရှင်ကဘယ်ကလဲ ဘယ်သွားမလို့လဲ”
“ကျွန်တော် ရန်ကုန်ကလာပါတယ်။ အခုစစ်တွေကို သွာမလို့ဘဲ။ နေပါဦး ခင်ဗျားက ဘယ်အရပ်ကလည်း အကြောင်းပါတာ ဘယ်လောက်ကြာပြီလဲ”
“ကျွန်မက ဟင်္သာတနယ်ကပါ။ အကြောင်းပါတာ တနှစ်ကျော်ဘဲရှိပါ သေးတယ်။”
“အော် ဟင်္သာတနယ်ကလား ကျွန်တော်လဲ ဟင်္သာတနယ်ကဘဲ။ ခင်ဗျား နေရပ်က……”
“ကျွန်မက နိဗ္ဗာန် ရှင်ပင်သာလျောင်ရွာကပါ။ ရှင်ကကော-”
“ ဟင်-ကျွန်တော်လည်း နိဗ္ဗာန်ကဘဲ” ဆို၍ မျက်နှာကိုစိုက်ကြည့်မိရာ သိသလိုလိုရှိ၏။ ၂-ယောက်သားစိုက်ကြည့်ကြ၍ မကြာမီပင် ကျွန်ုပ်ထင်သည့် အတိုင်း- “နေပါဦး၊ ခင်ဗျား၊…ဟာ၊ ဧကန္တဘဲ နင် ကိုထွန်း သမီးမယ်မြ မဟုတ်လား။ နင်ငါ့ကို မမှတ်မိဘူးလား။ငါ-မောင်ကျားရယ် လေ ”
“ဟေ-အောင်မယ်လေးဟယ်။ အေးဟယ် ဟုတ်ပါရဲ့ နင်ကခုဆံပင်တွေ ဘာတွေနဲ့။ ၀လို့ကိုဟဲ့။
တကတဲ့ဟယ်။ ငယ်ငယ်က ရုပ်တစက်ကမှမရှိဘူး။ အေးဟယ်။ ဟုတ်ပါရဲ့။ နင်အစ်ကိုကြီးနဲ့ ငါမကြာမကြာ တွေ့တယ်။ နင်ရန်ကုန် မှာနေတယ်ပြောတယ်။ အခုတွေ့ရတာ အင်မတန် ၀မ်းသာတယ်ကွယ်။ တို့ကျောင်းကထွက်သွားတာ ခုဆိုရင် ၁၂-နှစ် ၁၃-နှစ်လောက်ရှိရော့မယ်။ (သူ့ ယောင်္ကျားဖက်လှည့်၍) ဒီမှာအဒူလမြစ်ရဲ့၊ ဒါဟာ တို့သူငယ်ချင်း၊ ကျောင်းနေ ဖက်၊ ကစားဖက်ကွဲ့။ အင်မတန်ခင်ကြတယ်။”
“အော်-ဟုတ်ကလား၊ အေးအေးကောင်းတယ်။ ကိုင်းစကားပြောကြားအုံး” ဟုဆို၍ထသွား၏။
ဇာတ်ရင်းကိုလှန်ရအုံးမည်။ နိဗ္ဗာန်ရွာနှင့် ရှင်ပင်သာလျောင်းရွာ စပ်ကြား တွင် လောကဓာတ်ဘုန်းကြီးကျောင်းရှိ၏။ ထိုကျောင်းတွင် ကျွန်ုပ်တို့ ငယ်ငယ် ကနေကြရာ ကျွန်ုပ်တို့ နိဗ္ဗာန်ဖက်က၊ ဖိုးအေးကြီးနှင့် ကျွန်တော်တို့တတွဲ၊
ရှင်ပင်သာလျောင်းရွာဘက်က မယ်မြ၊ ဧစိန်၊ သန်းညွှန့်တို့
တတွဲ အလွန် ချစ်ခင်ကြ၏။ ကစားအတူ၊ စားအတူသဆိုသလိုနေကြ၏။ ၄င်းကျောင်း ၆-တန်း တွင် အတူနေကြ၏။
ကျွန်ုပ်တို့လူစုတွင် မယ်မြနှင့်ဖိုးအေးကြီးတို့အကြောင်းကို အထူးပြောရဦး မည်။ မယ်မြမှာ ဥာဏ်ကောင်း၏။ သွက်လက်၏။ ပါးနပ်၏။ ကျွန်ုပ်တို့ သူငယ်ချင်း ဖိုးအေးကြီးမှာကား မယ်မြ ဥာဏ်ကောင်းသလောက်-သွက်သလောက်-ပါးသလောက်၊ ဖိုးအေးကြီးက- ဥာဏ်ထိုင်း၏။ ထုံ၏။ နုံ၏။ သို့ရာတွင် အလွန်သဘောကောင်းရှာ၏။ မယ်မြက ဖိုးအေးကြီးကို သစ်တုံးဟု သဘောထား ၏။
သူ့လက်အောက်ငယ်သားကဲ့သို့ ခိုင်းစေ၏။ စိတ်မထင်လျှင် နားရွက် ဆွဲခြင်း၊ ထုရိုက်ခြင်းကိုပြု၏။ အလွန်အနိုင်ရ၏။ သို့ရာတွင် မုန်းသည်ကား မဟုတ်ချေ။ မယ်မြ ကစားစရာ
ရှိလျှင် မိမိက နဲနဲယူ၍ ဖိုးအေးကြီးကို သူများ စော်ကားလျှင် မယ်မြက ၀င်၍ ခုခံ၏။ မယ်မြမှာ ဖိုးအေးကြီးအတွက် မကြာမကြာ ဆရာဘုန်းကြီးရှေ့သို့ ရောက်ရ၏။
ဤသို့နေကြရာ ၆-တန်းစာမေးပွဲပြီးသည့်နောက် ကျွန်ုပ်ထွက်ခဲ့၏။ သူတို့လည်း မကြာမီဆိုသလို ကျောင်းကထွက်ကြ၍ မယ်မြနှင့် ဖိုးအေးကြီးတို့ ချစ်ကြိုက်နေကြသည်ဟု ကြားရ၏။ ကျွန်ုပ်သည်လည်း အခြားကျောင်းများတွင် မြန်မာ၇-တန်းဆရာဖြစ်၊ အင်္ဂလိပ် ၁၀-တန်း၊ နောက် ရန်ကုန်ကောလိပ်သို့ ရောက်ခဲ့၏။
၁၂- နှစ် ၁၃- နှစ် ကွဲကြပြီးနောက် သမုဒ္ဒရာ ပင်လယ်ကြောတွင် မယ်မြကို ကုလားမယားအဖြစ်နှင့် တွေ့ရကြုံရသည်မှာ အတန်ထူးဆန်း အံ့သြ ဖွယ်ကောင်း၏။
“မယ်မြရယ်၊ နင်ဘယ်အဖြစ်ရောက်လာတာလဲ၊
နင်ဟာတော်ပုံတော်ပန်းနဲ့ နေပါဦး၊ ဖိုးအေးကြီးကော”
“မင့်လူ ဖိုးအေးကြီးလား၊ မင်းကလူဟုတ်ကြီးထင်နေသလား၊ ငယ်ငယ်က နုံနုံ၊ ကြီးတော့ သာနုံသေးတယ်၊ သူ့ကိုမချစ်လို့တော့ မဟုတ်ပါဘူး။ နို့ပေတဲ့ လူစတုံးလွန်းလို့ပါကွယ်၊ ဒီအကောင်”
“နင့်ကုလားကကော၊ ဘယ်လောက်များ လူစ
ကောင်းလို့လဲဟဲ့။”(မခံချင်၍ဒေါသနှင့်မေးသည်။)
“ဟာ မင်းမသိဘူး။ ငါ့ကုလားကလေ၊ ခိုဒါစူးရစေရဲ့၊ သိပ်လည်တာ၊ ငါပြောမယ်၊ ဒီမှာကြည့်၊ သူအရင်က နွားသတ်သမားဆီမှာ နေရတယ်။ မကြာဘူးမောင်ရေ၊ သူကိုယ်တိုင် မင်းတို့ နိဗ္မာန်ဘက်က နွားသတ်ရုံကို သူလေလံ ဆွဲနိုင်တာပဲ။ အခု နွားသတ်ရုံ လေလံပိုင်မောင်ရဲ့၊ နှယ်နှယ်မမှတ်နဲ့”
“ဟင်-နို့နင်ကိုယ်တိုင်လဲ နွားသတ်သလား”
“ဟာ-နင်ရူးသလားဟဲ့၊ငါ ကိုယ်တိုင်သတ်မှ နွားသေရမှာလားဟဲ့၊ ဘာလဲ မင်းက၊ မင်းတို့ ဗုဒ္ဓဘာသာတရားနဲ့ ပါဏာတိပါတာတွေ ဘာတွေပြောခြင်လို့ လား။ဟေ့၊ မင်းနဲ့ငါနဲ့ ကျောင်းနေဘက်ပါကွယ်။ မင်းသင်ရသလောက် ငါသင် ရတာပါပဲ၊ မဖိန်းပါနဲ့။ တို့ကျမ်းစာက စားချင်ရင် သတ်ရတယ်။ ဒါတွေဟာ ကမ္ဘာ့ဟင်းသီးဟင်းရွက်တွေ၊ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ဦး၊ နာ-သေတဲ့အသားစားရင် ရောဂါဖြစ်တတ်တယ်။ လတ်လတ်ဆတ်ဆတ်ကို သတ်စား မှသန့်ရှင်းတယ်၊ ကျန်းမာတယ်၊ နားလည်ရဲ့လား။ အဲဒါတွေ မင်းတို့ အင်္ဂလိပ်စာ တွေ သင်ရတာ မပါဘူးလား”
“ဟာ-မယ်မြ၊ နင့်ဟာတွေ လွဲကုန်ပြီ၊ ဒီမှာ”
ထိုအခါ မယ်မြက အသံထွက်အောင်ရယ်၍ “ဟေ့-မင်းက
ငါ့ကို တရား ဟောမလို့လား၊ မရဘူးဆရာ !
ငါကမင့်ကိုဟောမှာ၊ အဘိဓမ္မာတွေ ဘာတွေ တပ်မနေဘူး၊
မင့်ကို သတ်တရားနဲ့ ရှင်းရှင်းဟောပြမယ်။ မင်းတို့မြန်မာ ဗုဒ္ဓဘာသာတွေက သတ်တော့မသတ်ရဘူး၊ သူတပါးသတ်ပေးတော့ မြိန်မြိန်ကြီး စားသလား၊ အလှူအတန်းရှိရင် နွားသတ်ကုလားကိုလာပြီး လက်တို့တတ် သလား။ ပြီးတော့ ပူပူနွေးနွေး စားချင်တယ်ဆိုပြီး စျေးရောက်အောင်မှ မစောင့်နိုင်ဘဲ နွားသတ်ရုံအထိ လာစောင့်ပြီး လဒတွေလို ဆွဲကြ လုကြတယ်။
ဘာဗုဒ္ဒဘာသာလဲကွယ့် ပြောစမ်းပါဦး။ပြီးတော့ မင်းတို့မြန်မာတွေ အခုတလော ၀ံသာနုစကား အင်မတန်ပြောကြတယ်။ ဟေ့ မှတ်ထား၊ ဘာလူမျိုးဖြစ်ဖြစ်၊ တရား နဲ့ ပြည့်စုံရင်၊ ၀တ္တရားမလစ်ဟင်းရင်၊ အဲဒါ လူ့အဖိုးတန်လို့ မှတ်ထား၊ ဟော- အခုငါ့ယောက်ကျားအဒူလမြစ်ဟာ ရွှေနဲ့ငွေနဲ့ အခန့်စားမောင်ရေ့၊ ပိုက်ဆံရှိရင် ဂုဏ်ရှိတာဘဲ၊ အဖိုးတန်တာဘဲ၊ ငါနဲ့မရခင်ကထဲက အင်မတန်ဖော်ရွေတယ်။ တို့မိဘများက
ငွေလိုရင် သူကတောင် လာပို့တယ်၊ဘယ်လောက်တော်သလဲ”
“ဟဲ့-အဲဒါက ဒါနပြုတာမဟုတ်ဘူးဟဲ့၊ နင့်ကို ပိုးပေးတာ၊အခု အဲဒီ ပိုက်ဆံတွေကို နှိမ်ပြီးနင့်ကိုယူတာမဟုတ်လား”
“ဒါကနောက်မှဖြစ်တာ၊ငါ့ကိုမရခင်
ကလည်း ပေးတယ်၊ရပြီးတဲ့ နောက်လဲ ပေးတာပဲ၊
အဖြစ်ကို ပြောရဦးမယ်၊ ငါကုလားနဲ့ရတော့ တမျိုးလုံး တရပ်လုံးက ငါ့ကို လက်ညှိုးဝိုင်းထိုးကြတယ်၊ တော်တော်ကြာလို့ငတ်ကြတော့ ကုလားဆီ ငါ့ဆီကို ဒူးတုပ်လာကြရတယ်၊ မင်းတို့မြန်မာများ ဘယ်လောက်ဖျင်းချာသလဲ ဆိုတာကိုကြည့်၊
ငါ့မှာ ရွှေနဲ့ငွေနဲ့ဆိုတော့ ငါ့ကိုအရပ်က အခုမမမြတဲ့၊တချို့က ဘီဘီမြတဲ့၊ အဲဒါသာကြည့်တော့၊ပိုက်ဆံဟာ အရေးကြီးဆုံးပဲ။ တို့ရွာမှာအခု ကုလားခေတ်ထနေတယ်၊ငါ့ကိုအားကျပြီး ကုလားတွေကိုလိုက်မြူနေကြတယ်။
တို့သူငယ်ချင်း အေးစိန်လေ လွှတိုက်တဲ့ကောင်နဲ့ရတယ်။
သန်းညွန့်က ဘုန်းကြီးလူထွက်နဲ့ရတယ်။ အခုသူတို့က မြန်မာလင်တွေကွာပြီး ကုလားကို ယူမလို့ စိတ်ကူးနေကြတယ်။ ခေတ် ! မောင်ရေ့ ခေတ်!
မင်းကော အိမ်ထောင် ကျပြီလား။မကျသေးရင်ကုလားလို ၀တ်လာခဲ့၊ မင့်ကိုအရင်က စခန်းကြီးနေတဲ့ ဟိုကောင်မကြီးရှိတယ်မဟုတ်လား၊ အခုရစေ့မယ်လာခဲ့။ ငါအာမခံမယ်”
မယ်မြ၊ နင်ရူးပြီ၊ ဒီကုလားတွေကြောင့် တို့မြန်မာတွေရဲ့ အကျိုးယုတ်ရ တယ်။ ဒီမှာကြည့်၊ ငါပြောမယ်”
“ဟေ့၊ တော်၊မင်းတို့ကကျေးဇူးရှင်ကို ကျေးစွပ်မလို့လား၊
ကြည့်စမ်း၊ ချစ်တီးတွေဟာ ရပ်ဝေးကလာပြီး ငွေအားကြေးအားနဲ့ မင်းတို့ မြန်မာတွေကို ထောက်ပံ့တယ်။ သူတို့ရှိလို့ မင်းတို့လယ်လုပ်ဖို့ အရင်းရတယ်။ စပါးလှောင်ဖို့ ကုန်ကူးဖို့ဆိုလို့အရင်းအနှီးရတယ် မဟုတ်လား၊ ဒီကျေးဇူးတွေ မင်းတို့မသိဘူး လား”
“သြော်- သူတို့တွေဟာ ကျေးဇူးးတွေလား ၊နို့-နေပါဦး။ အခုတို့နယ်က လယ်တွေ၊ ခြံတွေ၊ အိမ်တွေ အခုဘယ်သူ့လက်ထဲရောက်ကုန်ပြီလဲ”
“ချစ်တီးလက်ထဲ ရောက်ကုန်ပြီ၊ ဘာဖြစ်သေးလဲ။ ရောက်မှာပေါ့၊ အရောက်တောင်နည်းသေးတယ်၊ မင်းကကုလားကို အပြစ်တင်ခြင်လို့လား၊ မင်းဟာ အင်္ဂလိပ်စာတွေ ဘာတွေလဲ တတ်တယ်၊ ရန်ကုန်မြို့ကြီးမှာလဲ နေရတယ်၊ မင်းကိုတော်လိမ့်မလား အောက်မေ့မိတယ်၊ မင်းလည်းခပ်ချာချာ
ပါကလား။
ဟေ့-မင်းမြန်မာတွေ ဖျင်းလို့၊ ညံ့လို့၊ အဟုတ် မဟုတ်လို့၊
ကောက်ချင်လိမ်ချင်လို့၊ အမြော်အမြင်မရှိလို့၊ ချွေတာခြင်းမရှိလို့၊ ကိုယ့်ရှိတာ ထက်ကြွားချင်လို့ သိရဲ့လား၊လူမှာဖြင့် စားစရာ ဆန်မရှိဘူး၊ ခေါက်ဆွဲဆိုင်၊ ပလာတာဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ထန်းရေဆိုင်၊ အရက်ဆိုင်၊ဖဲဝိုင်း၊ ရုပ်ရှင်၊ မြင်းပွဲ၊ ဘာကျန်သေးလဲ။ ကိုယ့်အပြစ်နဲ့ကိုယ်ဖြစ်တာ၊ ဘာပြုလို့သူများ အပေါ် မှာ မတရားချချင်ကြသလဲ၊ အကုန်တောင် နည်းသေးတယ်။ ငါသိပါတယ်ကွယ်၊ အခု တို့နယ်ကလယ်တွေ မြေတွေကုလားလက်ထဲကို တကျပ်မှာ ငါးမူး၊ ခြောက်မူးလောက် ရောက်ကုန်ပြီ။ ကျန်တာလဲ မကြာဘူး ရောက်မှာပဲ။
ကြည့်-မင့်မြန်မာတွေ၊ ရှေ့ကို သာပြီးကျပ်အုံးမယ်။ အခု ကုလားတွေ သနားလို့လယ်ငှားလုပ်စေတယ်။ အဲ့ဒါကိုကျေးဇူးမတင်ဘူး။ လာငှားခပေးခါနီးကျရင် စပါးကိုကဲ့ထားတယ်။ ခိုးရောင်းတယ်။ ကုလားက စိတ်နဲ့မာန်နဲ့တောင်းရင်
မင့် မြန်မာတွေကဆဲတယ်။ ရိုက်ရိုက်လွှတ်တယ်။ အဲ့ဒါကောင်းသလား။
ဒီလို မရိုးဖြောင့်တဲ့သူတွေ ကောင်းစားမယ်လို့ ရှင့်ဂေါတမက ဟောသလား။ ရှေ့ကို ဘာဖြစ်မလဲ သိရဲ့ကလား?
အခုမြန်မာတွေ ဒီလိုညစ်လို့ဆိုးလို့ ချစ်တီးတွေက သူတို့ကို နောင်ဆိုလယ်ငှားမှာမဟုတ်ဘူး။ အခုငါမလာခင်ကတင်ပဲ ကုလားတွေ ကို ရွေးပြီးငှားနေတယ်သိရဲ့လား။
ရှေ့ကိုကြံထားပုံကိုလဲ ငါပြောပြမယ်ဦး။ မကြာခင်ပဲ ကုလားပြည်က ကုလားအများအပြားခေါ်ပြီး ရွာတည်ပေးလိမ့်မယ်။ ဘယ်ကလောက် ဥာဏ်ကြီးသလဲ မင်းကြည့်တော့။ ပြီးတော့ အဒူလမြစ်တို့ လူစုကြံပုံက ကုလားတွေရနိုင်သမျှ မြန်မာပြည်မှာခေါ်ထား။ ရသမျှ မြန်မာတွေကိုယူ။
လင်ခန်းမယားခန်းမြောက်အောင်ဆိုက်ပြီး ဇာတ်သွင်း၊ မွေးလာတဲ့ ကပြားလေး တွေကို ကုလားဇာတ်သွင်း၊ နောက်အကြာလှဆုံး အနှစ် ၅၀-ပဲ။ မြန်မာပြည်ဘာဖြစ်မလဲ။
မင်းတွေးကြည့်တော့။ ငါကိုယ်တိုင်လဲ ခုကုလားဇာတ်သွင်းပြီးပြီ။ အခုစစ်တကောင်း မှာ အတော်ကြာနေပြီးရင် ဟိုအနောက် မကာမြို့ကို အရောက်သွားမယ်။ ပြန်လာ တော့ ကြည့်၊ ငါ့အရပ်ကစပြီး ငါ့မြန်မာတွေကို ချွတ်ပြမယ်”
“မယ်မြ နင့်ဟာလွန်ကုန်ပြီ ၊ ငါ-နင့်အဖြစ်မြင်ရတာ အင်မတန်သနား တယ်။ ငါပြောပါရစေဦးဟဲ့”
“ ဘာ-မင်းကငါ့ကို သနားတယ် ဟုတ်တယ်ဟုတ်လှသေး။ ငါကမင်းကို သနားတာ။ မင်းအခု ပညာ၀န်လုပ်နေတယ်။ ငါကြားတယ်။ ပြီးတော့ ဝံသာနု အလုပ်တွေလည်း လုပ်နေတယ်ကြားတယ်။
မလုပ်နဲ့ဆရာရေ့။ မင်းမြန်မာတွေ အလကားပဲ။ ဘာလုပ်လုပ်ပျက်မှာပဲ။ မင်းတို့မောရုံသာရှိမယ်။ ငါမြန်မာပြည်မှာ မြန်မာလာဖြစ်တာတွေးမိတိုင်းရှက်တယ်။ အခု ခိုဒါအရှင် ကယ်တော်မူပေလို့။ နို့မဟုတ်ရင်အမယ်လေးဟယ်။ ငါ ကလီဇာတုန်လှတယ်၊မပြောချင်ပါဘူး။”
“ကိုင်း-မယ်မြ၊ ငါလည်းဘာမှမပြောရဘူး။ နင်ချည်းပြောတာပဲ။ ခုငါပြော လို့လည်း ရမယ်မဟုတ်ဘူး။ နင့်လို မိန်းမ
တယောက် ဒီလိုဖြစ်သွားတာ ငါ အင်မတန် ၀မ်းနည်းတယ်။ သို့သော်လည်း နင့်လို မိန်းမတယောက်က ဘယ်နည်းနဲ့မှ ကြာကြာလွဲမှာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါယုံကြည်တယ်။
တနေ့ နေ့တော့ နင်သိမယ်။
ကိုင်း-ဒါပဲ၊ ငါသွားမယ်။ နောက်မှလာဦးမယ်” ဟု ဆို၍ ကျွန်ုပ်ထခဲ့၏။
ထိုနေ့ညနေ ကျွန်ုပ်ထမင်းမစားနိုင်တော့ပါ။ ကော်ဖီတခွက်သာ သောက် ၍ အိပ်ရာသို့၀င်တော့၏။ အိပ်၍လည်း မပျော်နိုင်။ တွေးမိသည်ကား “ သြော်- ဒီလိုဖြစ်ရတာဟာ ကုလားများ ငါတို့ပြည်မှာ လာနေလို့ဖြစ်ရတာ။ သူတို့ကို အပြစ်တင်စရာပဲ။ နေဦး၊ နေဦး သေသေချာချာ တွေးကြည့်လိုက်တော့ သူတို့အပြစ်မဟုတ်ဘူး။ သူတို့ဒီလို စည်းမရှိကမ်းမရှိ လာချင်တိုင်းလာနေတာ ဟာ ဆိုင်ရာအစိုးရက ခွင့်ပြုထားလို့ပဲ။ ဒါဖြင့် အစိုးရကို အပြစ်တင်စရာ ဖြစ်နေပါလား။ နေဦး၊ နေဦး တွေးစရာ ကျန်သေးတယ်။ အစိုးရကို အပြစ် တင်ဖို့ မှ ဟုတ်ပါလေစ။ စစ်စစ်မတော့ တို့လူမျိုးဖျင်းလို့ပဲ။ “ဥစ္စာရင်းလို ဥစ္စာရင်းခဲ”ဆိုသလို ကိုယ်အကျိုးအတွက် ကိုယ်လုပ်မှ ရတော့ပေါ့။ ငါတို့တတွေ အမှုမဲ့အမှတ်မဲ့ ဖြစ်နေခဲ့လို့ အခုလို အဖက်ဖက်က ပျက်စီးရတာပဲ။ ဒါဖြင့် တို့လူတွေကို အပြစ်တင်သင့်တာပဲ။
နေဦး ၊ တို့လူတွေ ခဗျာမှာလည်း ပညာဗဟုသုတ မရှိရှာကြဘူး။ အားကိုးစရာ ခေါင်းဆောင်လူကြီးကလည်း ကောင်းကောင်းမရှိရှာကြဘူး။ ဒီတော့ ပိုမိုသိကျွမ်းတဲ့မြော်မြင်တဲ့ လူတွေများက ရှေ့ဆောင်ပေးမှ သိကြရမှာပဲ။ ဒါဖြင့် တော်တော်တန်တန်သိမြင်တဲ့ လူတွေ ၀တ္တရားပျက်နေပါလား။ ဒီလူထဲမှာလည်း ငါတယောက်လည်းပါ၀င်သင့်တယ်ထင်တယ်။ မိမိ သိကျွမ်းသိမြင်သမျှကို တက်နိုင်သမျှ လူများနားလည်အောင်ပြုလုပ်ဖို့ရာ ရှိတယ်။ ငါပြုသင့်သလောက်မပြု ရသေးဘူး။ ဒါဖြင့် တရားခံလက်သည်အစစ်က ငါဖြစ်နေပါကောလား။
ကိုင်း-ဒါဖြင့် ဇာတ်ကြောမရှည်နှင့်တော့။ ကုလားတွေ၊ အစိုးရတွေ လူတွေ ကို အပြစ်ဆိုမယ့်အစား ကို့ကိုယ်ကိုသာ ဆိုပေတော့။ ဥပဒေသတခုလည်း လုပ်ကြစို့။
“ကိုယ့်ကိုကို အပြစ်တင်ခြင်းသည် အမှန်ဆုံးဖြစ်၏။
ကိုယ်ကိုကို အပြစ်တင်ခြင်းသည်သာ အပြစ်အကင်းဆုံးဖြစ်၏။”
ဤဥပဒေသကို ရမှ အိပ်ပျော်သွားလေသတည်း။
နောက်တနေ့၌ သင်္ဘောသည် စစ်တွေသို့ ကပ်ခဲ့၏။ ကျွန်ုပ်သည် မယ်မြတို့ ကုလားလင်မယားမောင်နှံအား ဆလံများများပေး၍ စိတ်လေးလေးနှင့် ဆင်းခဲ့၏။ဆင်းခါနီး၌ “မယ်မြ ဘယ်အခါမဆို ရန်ကုန်ရောက်ရင် ငါ့အိမ်ကို ၀င် ထွက်သွား၊ ရော့လိပ်စာယူထား” ဆို၍ ပေးခဲ့၏။
စစ်တွေတွင် ၇-ရက် တပတ်မျှနေပြီး၍ ရန်ကုန်ပြန်ခဲ့၏။
______________________
မယ်မြတို့နှင့် တွေ့ပြီးနောက် တနှစ်ကျော်ကြာသောအခါ ကြုံရသည်ကား မယုံနိုင်စရာဖြစ်၏။
တနေ့တွင် မိန်းမစုတ်ချာချာတစ်ယောက် လန်ချားနှင့်ကျွန်ုပ်အိမ်သို့ ရောက်လာ၏။ ထိုသူကား မယ်မြပင်တည်း။
သင်္ဘောပေါ် တွင် တွေ့မြင်ခဲ့ရသော စိုရွှမ်းပြည့်ဝသော အသားတို့ မရှိပြီ၊ ပါးရိုးပေါ်အောင် ပိန်ကြုံ့ခဲ့ပြီ။ မျက်တွင်းကျလေပြီ၊ ဆံပင်များခြောက်သွေ့၍ မသပ်မရပ်ဖြစ်ကုန်လေပြီ။ ထိုအားလုံးပေါ်တွင် မကြည်မသာခြင်း တည်းဟူသော စိတ်ညှိုးငယ်ခြင်းက တမျက်နှာလုံး တကိုယ်လုံးကို ဖုံးအုပ်လျက် ရှိလေ တကား။
“မောင်ကျားရယ်၊ ငါ့အဖြစ်မြင်ဝံ့သေးရဲ့လား၊ (မျက်ရည်လည်ရွှဲနှင့်ပြော သည်) ငါတော့ခွေးဖြစ်တာပဲ၊ စစ်တကောင်းကိုရောက်လို့ တနှစ်လောက် ကြာရင်ပဲ သူတို့မိဘဆွေမျိူးများက ငါ့ကိုမလိုဘူး။ သူတို့ပြည်က ကုလားမတယောက်နဲ့ လက်ထပ်စေတယ်။ ငါ့ကို ကျွန်လိုထားတယ်။ ငါ့ကိုမော်မကြည့်ဝံ့တဲ့ အဒူလမြစ်ဟာ ငါ့ကို ဆဲဆို ကြိမ်းမောင်းတယ်။ တနေ့တော့ ငါ့ကိုခြေနဲ့တောင် ကန်တယ်။ အဲဒါနဲ့ ငါ့ဇာတိမာန် ထလာတာပေါ့။ ငါ သူတို့ကို အကုန်လုံး အဆိပ်ကျွေးသတ်မယ်လို့ကြံတယ်။ နောက်ကိုယ့်စိတ်ကိုယ်ချုပ်ပြီး ညအခါမှာ သူတို့သေတ္တာကိုဖွင့်ပြီး တရာယူ နှစ်ရာယူပြီး၊ ကဲ့ဝှက်ထားလို့ ငါးရာအပြည့်မှာ ငါထွက်ပြေးပြီး သင်္ဘောက ထမင်းချက်သမားကို ငွေပေးပြီးသင်္ဘောပေးမှာ ပုန်းလိုက်ခဲ့တယ်။ အခု မင်းပေးခဲ့တဲ့ လိပ်စာအတိုင်း မေးမြန်းလာလို့ ရောက်လာတာပဲ”
“အေး- နင့်လိုမိန်းမမျိုး ကြာကြာလွဲမှားမနေနိုင်ဘူးဆိုတာ အစကပဲ ငါပြောလိုက်တယ် မဟုတ်လား။ အေးလေကွယ်၊
တသက်တခါ ဒုက္ခဆိုတာ တွေ့ရ တာပေါ့၊ အခုလို လွပ်လွပ်လပ်လပ် ဖြစ်လာတာကိုပဲ ကျေးဇူးတင် ၀မ်းသာပေတော့။
ငါ့ဆီမှာ နင်ပျော်သလောက်နေပါ။ အရင်းအချာလိုပဲ အောက်မေ့တာပေါ့”
မယ်မြသည် ကျွန်ုပ်ထံတွင် တလကိုးသီတင်း နေပြီး၍ မိမိ၏အရပ်ရင်း အစ်မထံတွင်နေလိုကြောင်း၊ လက်တွင် ငွေ ၃၀၀- ကျပ်မျှကျန်သေးသဖြင့် တော အရပ်တွင် ကောင်းစွာရင်းနှီးစားနေနိုင်ကြောင်း ပြောသည်နှင့် ကျွန်ုပ်ပို့လိုက်ပါ၏။
လွန်ခဲ့သော ၂-နှစ်ခန့်က နေ့စဉ်သတင်းစာကြီးတစောင်၏ ခေါင်းကြီးပိုင်း တွင် ပါလာသည်ကား-
“ဟင်္သာတနယ်၊ နိဗ္ဗာန်ရွာသို့ ခေါင်းဆောင်လူကြီးများရောက်ရှိ နိုင်ငံရေးတရား ဟောကြောင်း၊ ပရိသတ်အစည်ဆုံး ဘုန်းကြီးပျံများထက် စည်ကြောင်း၊ ပရိသတ်တို့ကို ရှင်ပင်သာလျောင် ကုမ္မာရီအသင်းက ရှလပတ်ရည် ကွမ်းဆေး၊လက်ဖက်တို့ဖြင့် ဧည့်ခံကြောင်း၊ တရားပွဲအပြီး၌ ၄င်းကုမ္မာရီအသင်း ဥက္ကဋ္ဌ ဒေါ်မြက ကျေးဇူးတင်စကားပြောသည့်အပြင် အမျိုး၏ စောင့်စည်းမှုတွင် မိန်းမများအရေးကြီးပုံ မိမိမစောင့်စည်းသဖြင့် ဒုက္ခရောက်ခဲ့ပုံတို့ကို ပြောပြရာ၌ ပရိသတ်အလွန်နှစ်သက်ကြောင်း ၊၄င်းအသင်းက ယခုအခါ အနီးအနား ရပ်ရွာတို့သို့သွားရောက်၍ အမျိုးသမီးများ စောင့်စည်းအပ်ကြောင်း လိုက်လံ ဟောပြော နေကြကြောင်း။
ထို့ပြင်မကြာမီပင် ၄င်းအသင်းဥက္ကဋ္ဌ ဒေါ်မြ ကမကထပြု၍ အရပ်နှင့်စုပြီး လျှင် နိဗ္ဗာန်ဘက်ရှိ နွားသတ်ရုံကို လေလံအမြင့်ဆုံးပေး၍ ဆွဲယူလိုက်ကြောင်း၊ သို့ကြောင့်
ယခုလာမည့်နှစ်အတွက် အထူးသဖြင့် နွားသတ္တဝါများ အသက်ချမ်းသာကြရတော့မည် ဖြစ်ကြောင်း” ပါလေသည်။
“အင်း-တို့မယ်မြကြီး တယ်ဟုတ်နေပါကလား” ဟု
ကျွန်ုပ်သည် ဆိုမြည် လျက် သဘောကျ၀မ်းမြောက်ကျေးဇူးတင်ကာ ပြုံးလိုက်မိလေ၏။
နောက်ထပ်၍ သတင်းကြားရသည်ကား၊ လူရိုးဖိုးအေးကြီးသည် မယ်မြကို စိတ်နာ၍အိမ်ထောင်မပြုဘဲ ဇွဲနှင့်နေခဲ့ရာ မယ်မြ ပြန်ရောက်၍ ၂ လလောက် အရှိတွင် မယ်မြကငယ်နိုင် ဖြစ်သည့်အတိုင်း ဖိုးအေးကြီးကို နားရွက်ဆွဲခေါ်ခဲ့၍ သင့်တင့်အေးချမ်းစွာ လင်မယားအဖြစ် ပေါင်းသင်းနေထိုင်ကြလေပြီဟူသတည်း။
#အမျိုးသားပညာ၀န်ဦးဖိုးကျား
၁၂၉၄ခု(ကိုယ်တွေ့၀တ္ထုများမှ) ထုတ်နှုတ်တင်ပြပါသည်။
Comments