Skip to main content

ရွှေဘိုမဂျမ်းခင်(ဦးဖိုးကျား)



       ကျွန်ုပ်သည် အိုင်အေအတန်း၌ ပညာသင်ကြားနေစဉ် သတင်းစာများ၌ မြန်မာမိန်းမများ နောက်ပိတ်ဖိနပ် စီးသင့် မစီးသင့် များစွာ ရေးကြ၏။ စီးသင့်သည်ဟု စ သူကား ရွှေဘိုက မဂျမ်းခင် ဆိုသူဖြစ်သည်။ မစီးသင့်ဟု ပြန်၍ ရေးကြသော သူတို့တွင် ကျွန်ုပ်လည်း တစ်ယောက်အပါအဝင်ဖြစ်၏။

       မဂျမ်းခင်၏ အရေးအသားတို့မှာ အလွန်စကားလုံး ပြောင်၏။ လောကီလောကုတ္တရာများစွာ နှံ့စပ်၏ ။ ဇွဲကောင်း၏။ ရှုံးရှုံးနိုင်နိုင် လျှော့၍ မပေးတတ်ချေ။

       ကျွန်ုပ်တွေးသည်ကား ဂျမ်းခင်သည် အထက်အညာသူဖြစ်သည်။ ရွှေဘိုမြို့တော်ကြီးကလည်း ဖြစ်သည်။ အာသံ လျှာသံ ရေးပုံသားပုံတို့မှာ ဇပ်ဇပ်ကြဲဖြစ်သည်။ သတ္တိခေပုံမရ၊ ပုံပန်းလည်း ညံ့မည် မဟုတ်ချေ။ ၎င်း၏ နာမည်နှင့်ပင် ငါသည် ခင်မင်သောစိတ် ရှိ၏။ တွေ့ချင်မြင်ချင်စမ်းပါသည်။ တစ်ကြောင်းလည်း လွန်ခဲ့သော အနှစ် ၁၇ဝ လောက်က မြန်မာပြည်ကြီး ဝါးအစည်းပြေသကဲ့သို့ ရှိစဉ် ရန်သူတို့ကို နှိမ်နင်း၍ မြန်မာနိုင်ငံတော်ကြီးကို ပြန်လည်တည်ထောင်ပေးတော်မူခဲ့သော ကျေးဇူးရှင် အလောင်းဘုရား ဦးအောင်ဇေယျ၏ ဖွားတော်မူရာ အောင်မြေ အရပ်ကို ရောက်ချင်ကြည့်ချင် သိချင်သော စိတ်ကလည်း ယိုဖိတ်အားကြီး တားဆီးမရ ဖြစ်သည်။ ဤသို့အားဖြင့် (၁) အောင်မြေရွှေဘိုသို့ ရောက်ရန်တစ်ကြောင်း (၂) မဂျမ်းခင်ကို တွေ့ ရန်တစ်ကြောင်း၊ (၃) ရတု၊ ရကန်၊ အဲ၊ အန်၊ လူးတားစသည်တို့ကို ရွတ်ပုံ ဆိုပုံတို့ကို တတ်ကျွမ်းနားလည်သော အဝေးရောက်မင်းထံသို့လည်းချဉ်းကပ်၍ ပညာယူရန်တစ်ကြောင်း၊ (၄)အညာဆီ၌ ရတတ်သမျှသော ဗဟုသုတတို့ကို စုဆောင်းရန်တစ်ကြောင်း၊ ဤအကြောင်းတို့ကို အခြေပြု၍ ရထားဖြင့် ဆန်တက်သွားလေသတည်း။

       လမ်းခရီး စစ်ကိုင်း၌ ပြင်ဘက်က ကွေ့၍ ရထားစီးသွားရသောအခါ စစ်ကိုင်းတောင်ပေါ်ရှိ များစွာသောင်းသောင်း စေတီပေါင်းနှင့် တင့်တောင့်တင့်တယ် ကြီးငယ်ပြာသာဒ် အထပ်ထပ်သော တန်ဆောင်းတို့ကလည်း ရှုမညောင်းဖြစ်ပေ၏။ ဘုရားဒါယကာ ဖြစ်သော ရှေးမင်းကောင်းမင်းမွန်တို့ကို အလွန် လွမ်းထိုက်လှ၏။ လက်ယာဘက်က စစ်ကိုင်းတောင်ရိုးကြီး၊ လက်ဝဲဘက်က ကောင်းမှုတော်စေတီကြီးတို့ကို တွေ့ မြင်ဖူးမြော်ရသဖြင့် ဧရာဝတီမြစ်ဘက်ကထက်ပင် ကြည်နူး ကြည်ညိုဖွယ် ကောင်းပေ၏။

       ကြေးဖလား၊ ကြေးတန်ဆာများထွက်သော ရွာထောင်ဘူတာက လွန်သောအခါ ဘူတာစဉ်တို့၌ အညာသူကလေးများ စားဖွယ်သောက်ဖွယ် ရောင်းကြသည်။ အောက်သူများကဲ့သို့ ၀၀ဖြိုးဖြိုးကား မရှိကြ။ သို့ရာတွင် လုံးတန် ရပ်တန် ကြည့်၍ ကောင်းကြ၏။ စကားပြောလျှင် ဝဲတဲတဲနှင့် နားထောင်၍ တစ်မျိုးကောင်း၏။ ရှုမျှော်ခင်းလည်း အလွန်သာယာ၍ ထန်းတော၊ လယ်တော၊ ယာတောများကို ဝဲယာ ၂ဖက်၌ပင် မြင်တွေ့၍ သွားရ၏။

       ဤသို့လာခဲ့၍ မုဆိုးခြုံဘူတာကို လွန်သော် ရွှေဘိုမြို့တော်ကြီးကို မြင်စပြုသတည်း။ အဝေးကပင်လျှင် အုပ်အုပ်မှိုင်းမှိုင်း ခက်ကျိုင်းစိမ်းညို ပျိုသော ထန်းပင်သစ်ပင်တို့ဖြင့် တန်ဆာဆင်လျက် ယခင်က မြို့ရိုးဟောင်း ကျုံးဟောင်းတို့ကို မြင်ရသောအခါ ရင်ခုန်၍ လာ၏။

ဂျမ်းခင်နှင့်တွေ့ခန်း
       ရွှေဘိုသို့မသွားမီ ကျွန်ုပ်လာမည့်အကြောင်း ဂျမ်းခင်အား စာပေးလားကမ်းလား လုပ်မထားချေ။ အကြောင်းသော်တမူကား ထိုသို့ စာပေးရမှာ ခက်တက်တက်ရှိသောကြောင့်တည်း။

       ကျွန်ုပ် ရွှေဘိုသို့ နံနက်ရောက်တော့မည်ဆိုလျှင် ညက ဂျမ်းခင်မှာ အိပ်မက်များ မြင်မက်၏ ဟူသတတ်။ (နောက်မှ ပြန်ပြော၍ သိရ သည်။) အိပ်မက်ထဲတွင် မိမိသည် အရှေ့ဘက်ကျုံးထဲသို့ ဟင်းရွက်ခူး ဆင်းသွားသောအခါ ချုံစပ်၌ ကျားတစ်ကောင်ကို ရင်ဆိုင်တွေ့ ရာ ကြက်သေသေ၍ မေ့လဲသွားကြောင်း၊ အတန်ကြာ၍ သတိရသောအခါ ၎င်းကျားကြီးသည် မိမိအနီးတွင်ပင် ထိုင်လျက် ချိုပြုံးသော မျက်နှာနှင့် ရှိကြောင်း၊ ထိုအခါမှ ကြောက်စိတ်များ ပျောက်ပြီး ထိုင်၍ စကားပြောနေရာ ကျားသည် လူဖြစ်မှန်းမသိ ဖြစ်လာ၍ အသက် ၅၀ ကျော် ရွှင်ပျသောအဘိုးကြီး ဖြစ်သွားကြောင်း၊ မကြာမီပင် ၄၀ အရွယ် ၃၀-၂၀-၁၅နှစ်ရွယ်စသည်ဖြင့် ရုပ်အမျိုးမျိုး ပြောင်းလဲလေသဖြင့် ဘယ့်နှယ်လူပါလိမ့်မလဲဟု စဉ်းစားနေရင်း လန့်နိုးကြောင်း အိပ်မက်မြင်နှင့်လေသတည်း။

       နံနက်အခါ ဂျမ်းခင်သည် စိတ်လေးလေးနှင့်ပင် အိပ်မက်ကို တွေးနေရာ ထူးထူးခြားခြား မျက်ခုံးလက်ရုံး အကြီးအကျယ် လှုပ်လျက်မီးရထားဘူတာရုံသို့ သွားချင်သလိုလို အထူးအဆန်းတစ်ခုခုနှင့် တွေ့ ရတော့မည်လိုလို ဘာလိုလို ထွေရာလေးပါး ထင်မြင်လာသည့်အလျောက် အောက်ရထားဆိုက်ချိန်ကို မှန်း၍ ဘူတာရုံဘက်သို့ လျှောက်လာခဲ့လေ၏။

       ကျွန်ုပ်မှာလည်း ရထားဆိုက်လျှင် အထုပ်များ ထီးများကို ယူလျက် အသိတစ်ယောက်မျှ မရှိသော အရပ်ဒေသသို့ ဆင်းခဲ့လေ၏။

       စာဖတ်သူတို့ သိမှတ်စေလိုသည်ကား ကျွန်ုပ်တို့ အောက်အရပ်၌ အညာသားများကို မြင်ရုံနှင့် သိသကဲ့သို့ အညာမှာလည်း အောက်သားများကို သိနိုင်လေသည်။ သို့နှင့် ကျွန်ုပ်သည် ဘူတာရုံတွင်း၌ ဟိုကြည့်သည်ကြည့် ကြည့်နေသော မိန်းမပျိုတစ်ယောက်ကိုမြင်ရ၏။ မြင်ရုံနှင့် ပင်သွေးပြော၍လား မသိ၊ ဂျမ်းခင်ပင်တကားဟု စိတ်ထဲက ထင်မှတ်ယုံကြည်လိုက်၏။

       ၎င်းမိန်းကလေးမှာ အသက် ၂၅နှစ်ထက် ကျော်မည်မဟုတ်၊ ခပ်ညိုညို၊ ငါးရံ့ကိုယ်၊ နှုတ်ခမ်းပါး၊ မျက်လုံးမကျယ်လှ၊ သို့ရာတွင် မျက်လုံးတို့မှာ များစွာ ကြည်လင်စူးရှ၏။ ကိုယ်ပေါက်ကိုယ်ရောက် ယဉ်စစ ရှိ၏။ အဝတ်အစားမဆန်းလှ။ သိက္ခာကြီး၏။

       အခြားခရီးသွားတို့သည် မိမိတို့အလိုရှိရာသို့ အသီးသီး သွားကုန်ကြသောအခါ ကျွန်ုပ်မှာ တစ်ယောက်တည်း ကြောင်လည်း ကြောင်ပတ်နှင့် ဘူတာတွင် ကျန်ရစ်၏။ မိန်းမကလေးသည်လည်း ကျွန်ုပ်အား အကဲခတ်နေရာ ဘယ့်နှယ်ရှိရှိဟု အားတင်းပြီး အနားသို့ ကပ်၍-

       “နှမရယ်-ဒီမြို့မှာ အဝေးရောက်မင်း ဆိုတာ ရှိပါသလား” မိန်းကလေးသည် ကျွန်ုပ်အား ခြေဆုံးခေါင်းဆုံး ကြည့်၍

       “ဟုတ်ကဲ့-ရှိပါတယ်။ တော်က ဘယ်ကတုံး”

       “ကျွန်တော် အောက်ပြည်ရန်ကုန်က လာခဲ့ပါတယ်။ စကားမစပ်မဂျမ်းခင်ဆိုတာကော ရှိပါသလားခင်ဗျား”

       “ဟုတ်ကဲ့.. ရှိပါတယ်။ သူနဲ့သိသလား”

       “အင်း...သိတယ်ဆိုပါတော့၊ လူချင်းတော့ မတွေ့ဖူးပါ”

       “လူချင်း မတွေ့ဖူးဘဲနဲ့ ဘယ့်နှယ်သိသလဲ။ တော်တို့ စာပေးကြသလား” (ကျီစားသလိုပြု၍ ပြောသည်။)

       “စာ တိုက်ရိုက်ပေးကြတာတော့ မဟုတ်ပါဘူး။ သတင်းစာမှာ ဆောင်းပါးရေးဖက် ဖြစ်ကြပါတယ်”

       “ဪ-ဟုတ်လား၊ တော့်နာမည် ဘယ်သူတဲ့တုံး၊ မှန်မှန်ပြော”

       ကျွန်ုပ်မှာ မရှောင်သာသည်ဖြစ်၍ “ဟုတ်ကဲ့၊ သတင်းစာမှာ “ကျား”ဆိုတဲ့နာမည်နဲ့ ရေးပါတယ်”

       “အမယ်-တော်မပြောဘဲနဲ့ သိတယ်။ အနို့ ကျွန်မနာမည်ကိုကော သိရဲ့လား"

       “မဂျမ်းခင်ကိုယ်တိုင် မဟုတ်လား”

       “အစစ်ပေါ့”

       “ဒါဖြင့် အခု ဘာပြုလို့ နောက်ပိတ်ဖိနပ်စီးမလာသလဲ”ဟု အချက်ကို မေးလိုက်ရာ အကောင်မလေး အုံကြီး ရှက်သွားပုံရ၏။ မျက်နှာနီလာလျက် တင်းတင်းထားပြီး စကားများများ မပြောတော့ချေ။ ကျွန်ုပ်လည်း အတန်အားနာခြင်း ဖြစ်သွား၏။

       ဤသို့ဖြင့် လာခဲ့ကြရာ အဝေးရောက်မင်းထံတော်သို့ ရောက်ရှိ၊ အာလာပ သလ္လာပ ပြောကြပြီးနောက် နောက်နေ့ နံနက်ချိန်၌ ရွှေဘိုမြို့ကြီးကို လှည့်လည်ကြည့်ရှုရန် မဂျမ်းခင်နှင့် ချိန်းဆိုကြ၍ လူခွဲကြလေသတည်း။

       နံနက်သို့ ကျကာလ ဂျမ်းခင်သည် အညာသူတို့ တံထွာ၊ ချောစွာသောဆံထုံးကို ထုံးလျက် အိပ်ရာထ သနပ်ခါးမပျက်တပျက်ပါရှိသော မျက်နှာရွှင်ရွှင်နှင့် မကြာခင် ရောက်လာသောအခါ ပဲပြုတ်နှင့် လက်ဖက်ရည်ကြမ်းကို နှစ်ခြိုက်စွာ စားသောက်ကြပြီးနောက် မြို့ကိုလည်၍ ကြည့်ကြသည်။

       “မြန်မာသက္ကရာဇ် ၁၁၁၃ ခု ရောက်သော ဆုံကျည်ပွေ့မှ မလွတ်အဝပြည်လုံး ပင်လယ်နားသို့ မျောပါလတ္တံ့။ ထိုရောအခါ ဖုန်းပညာနှင့်ပြည့်စုံသော အမတ်သားသည် ဋ္ဌာဝရကိန်းမရ၊ ဇင်္ဂမကိန်း၌ မြို့သိင်္ဃဟုနန်းမပြည်ကြီး တည်လတ္တံ့”ဟုသော ဂဝံပတေ့ ရသေ့သိကြားသိုက်တို့ အတိုင်းလည်းကောင်း၊

       “နဝမ သေသကာလေ၊ ငါးရာလေးဆယ်ကြွင်းသော ကာလ၌။ ဥတ္တရဌာနတော၊ မြောက်အရပ်မှ။ ဘူမိပါလော၊ ရေမြေကို အစိုးရသော။ ပမက္ခရာဇာ၊ မြန်မာမင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ ”ဟူသော နတ်စက်ရောင်သိုက်အတိုင်းလည်းကောင်း။

       “သတ်နောခါကြုံ၊ မုဆိုးချုံ၊ ရွှေဘုံ ရွှေနန်း စိုက်လတ္တံ့”ဟူသော ဇာဂရုသိုက်အတိုင်းလည်းကောင်း၊

       ၁၁၁၃ ခုတွင် အင်းဝပြည်ကြီးပျက်၍ အလောင်းဘုရား ဦးအောင်ဇေယျသည် မွန်ရန်များကို ဖြိုဖျက်၍ “အုတ်သော အော်မြည်၊ ကုန်းဘောင်တည်ဆိုသည့်အတိုင်း ၁၁၁၅ တွင် ကုန်းဘောင်ပြည်ကြီးကို တည်လေသည်။ ထိုပြည်ကြီးမှာ အမည် ငါးပါးရသည်။

       (၁) ရွှေဘို။ ။မုဆိုးမောင်ပို၊ သို့မဟုတ် မောင်ရွှေဘိုကို စွဲ၍ခေါ်သည်။

       (၂) မုဆိုးဘို။ ။၎င်းမုဆိုးကို စွဲ၍ ခေါ်သည်။ (မုတ်ဆေး၊ဆိုးသော အရပ်ဖြစ်၍ မုတ်ဆိုးဟုလည်း ခေါ်နိုင်ရာ၏။)

       (၃) ကုန်းဘောင်။ ။မြို့အရှေ့ဘက်က ကုန်းဘောင် ခင်တန်းကြီးကို စွဲ၍ ခေါ်သည်။

       (၄) ရန်ကြီးအောင်။ ။ရန်အမျိုးမျိုးကို အောင်ရာဖြစ်၍လည်းကောင်း၊ အထူးသဖြင့် မွန်တို့ ရန်ကြီးကို အောင်ရာဖြစ်သဖြင့်လည်း ကောင်းခေါ်သည်။

       (၅) ရတနာသိင်္ဃ။ ။မြို့ ၏ ဘွဲ့တော်ဖြစ်သည်။ ရတနာအပေါင်းတို့ စုဆုံ စုပေါင်းရာဟု အဓိပ္ပာယ် ရှိသည်။ (ရတနာ သီခလည်းမဟုတ်၊ ရတနာသိင်္ခလည်း မဟုတ်)

       ရွှေဘို၊ မုဆိုးဘိုနှင့် စပ်၍ ဦးအောင်ဖြိုး၏ မင်းဆက်ရာဇဝင် သာချင်းတွင်-

       “မှန်ရန်စကား၊ ထိုသုံးပါးတွင်၊ ပိုင်းခြားသိလို၊ နဂါးဘိုနှင့်၊ အုတ်ဘိုသုည၊ ကြွင်းရစ်ကြသော ‘င့်(ကြောင့်) ရန်စနှိမ်ချိုး၊ ဘုန်းတော်တိုး၍၊မုတ်ဆိုးရွှေဘို၊ မြန့်တိုင်းအလုံး၊ သိမ်းယူကျုံး၍၊ ညွတ်ရုံးခိုရသည်၊ မြင်းမိုရ် ရွှေတောင်၊ ထွန်းသောရောင်” ဟူ၍လည်းကောင်း၊

       နေမိရကန်၌-

       “နိုင်ငံအလုံး၊ ချောက်ချားတုန်းကို၊ လက်ရုံးမီးတောက်၊ ပွင့်ချိန်ရောက်ပြီမို့၊ မြောက်နဂါးဘို၊ မြေအုတ်ဘိုနှင့်၊ ရွှေဘိုသုံးဆူ၊ တန်ခွန်ထူသည်တွင်” ဟူ၍လည်းကောင်း စပ်ကြသည်။

       ရတနာသိင်္ဃနှင့်စပ်၍ကား။ ။ရာဇဝင်ချုပ်တွင် “သို့သည် မီးကို၊ မိုးကြီးနဝဒတ်၊ ဖုန်းရည်အာဝဋ်၊ ငြိမ်းသတ်စေပြီး၊ (ရတနာ သီဟ၊ ရတနာသီခ)ရတနာသိင်္ဃ၊ နွတ္ထတံဆိပ်၊ ခပ်နှိပ်မြေပေါ်”ဟူ၍လည်း ကောင်း၊ “သိုက်ထွက်ညီစွာ၊ ဝတိန်သာသို၊ ရတနာသိင်္ဃ၊ နဂရ သည်၊ ပြည်များထိပ်ခေါင် ကြငှန်းတည်း”ဟူ၍လည်းကောင်း စပ်ဆိုသည်။ (ရတနာသိင်္ဃသာ အမည်ရင်းမှန်ဖြစ်၏။)

       မြို့တည်သောအခါ အောက်ပါ ခုနစ်ဌာနကို တစ်ပြိုင်တည်းတည်သည်။

       ၁။ တာဝန်း ၂၀၀၀ ရှိ မြို့တော်၊

       ၂။ ၅၄ ဆောင် ရှိသော နန်းတော်၊

       ၃။ မြို့မှ ၁ဝ တာကွာ၊ အပြောတာ ၂၀ ရှိသော ကျုံးတော်၊

       ၄။ ၉၉ ရပ် အမွန်ရှိသော ချောင်းတို့စီးဝင်ရာ မဟာနန္ဒာကန်တော်။

       ၅။ ဖွားတော်မူရာ ရွှေချက်သိုစေတီတော်။

       ၆။ သာသနာစောင့်နတ်တို့အား ဗလိနတ်စာပေးရာ နတ်ကွန်းတော်ကြီး။

       ၇။ နာရီတော် လျှောက်ကြားရာ ပဟိုရ်စင်တော်၊

       သို့ ‘‌င်ေ့’(ကြောင့်) မင်းဆက်လင်္ကာ၌ “ရွှေဘုံအောင်မြို့၊ ရွှေမြို့ကျုံးဝန်း၊ နတ်ကွန်းရေကန်၊ ချိန်မှန်ပဟိုရ်၊ ရွှေချက်သိုဟု၊ ချီးဆိုမကန်၊ ခုနစ်တန်ကို”ဟူ၍လည်းကောင်း၊

       မြင်ကွန်းမင်းသား ရေးသည်ဆိုသော ပတ်ပျိုး၌ “မြန်ချာမြေကို၊ စံရာရွှေဘို၊ နန္ဒာရေညိုဝန်း၊ ဖြာရောင်ရွှန်း၊ လူမှူးလုံးဖျား၊ ပြည်ကုန်းဘောင် ရန်အောင်မော်ကွန်းထား၊ ခြောက်ပါးခြည် ရောင်စိုသည် နှင့်နှင့်၊ တည်ထွန်းရွှေချက်သို၊ ပဟိုရ်လေ ရွှေကွန်းနန်း၊ ကျုံးပတ်လည် ထွေထူးဆန်း၊ စံခန်းဣန္ဒာ၊ လျှံလန်းသိင်္ဂါ၊ ခုနစ်မည်ဌာနမှာ၊ ပြည်ပြည်မျာ့ ဦးညွှတ်ရာ”ဟူ၍လည်းကောင်း စပ်ဆိုကြသည်။

       ဤမြို့နှင့်စပ်၍ အထူးမှတ်ဖွယ်ကား ‘အောင်မြေ’တည်း။

       ၎င်းအောင်မြေမှာ မြို့မြောက်ဘက် ကျုံးပြင်မှာ ရှိသည်။ ‘ကောင်းကင်ထိပ်အရပ်မြေ'ဟုလည်း ခေါ်သည်။ မင်းလုပ်လိုသူတို့သည် မိမိတို့ ကြံစည်ရာ ထမြောက်အောင်မြင်ရန် ဤမြေကို လာရောက်နင်းလေ့ရှိကြသည်။ ယခုအခါ ထိုမြေကို သင်္ချိုင်းမြေ လုပ်ထားလေသည်။ ဤမျှရာဇဝင်နှင့် ဆိုင်သော အမှတ်တရမြေကို သင်္ချိုင်းမြေ ဖြစ်စေခြင်းမှာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှသည်။

       မြို့ မြောက်နားဆီ၌ ကိုးတောင်ပို့ဆိုသော အရပ်ရှိသည်။ တောင်ပို့ကလေးများ ပေါ်ပေါက်လျက် ရှိသည်။ ဘုရားလည်း တည်ထားသည်။

       ၎င်းပြင် ခိုနန်းချိုးဘုရား ဟူ၍ ရှိသေး၏။ ၎င်းဘုရားမှာ မြို့တော် မတည်မီက ရှိနှင့်၏။ မြို့တည်သောအခါ မြို့ရိုးတွင်းကျတော့မည်ရှိရာ ဘုရားဒါယကာက “မောင်အောင်ဇေယျ ရှင်ဘုရင်ဖြစ်တာနဲ့ဗျာ၊ ကျုပ်ဘုရားမဖူးရတော့ဘူး”ဟု ဆိုလေသဖြင့် ဘုရားကို အပြင်ကျအောင် မြို့ရိုးကို ချိုး၍ ရှောင်ကွေ့ပြီး တည်ရလေသည်။ သို့ ‘င့် (ကြောင့်) ခုနန်းချိုးဘုရားဟု ခေါ်လေသည်။ (ဤ၌ ဘုရားဒါယကာမှာ ဦးအောင်ဇေယျ၏ဘကြီး၊ ဘထွေး စသော ရင်းနှီးသူ ဖြစ်ပုံရသည်)

       ယခုအခါ နန်းတော်ရာအားလုံးကို ရုံးများ၊ ထောင်များ ပြုထားလျက် ရှိချေပြီ။ မိဖုရားကြီးကိုယ်တိုင် စိုက်ခဲ့သော တရုတ်စကားပင်ကြီးများ ရှိသေး၏။

       ဖွားတော်မူရာ၌ ရွှေချက်သိုစေတီတော် အလောင်းကိုသင်္ဂြိုလ်ရာ၌ လေးတိုင်စင်ပြာသာဒ်ငယ်နှင့် ကျောက်ဖျာတွင် ကမ္ပည်းထိုးလျက် ရှိသည်။

       မင်းလက်ဝဲသုန္ဒရရေး မဲဇာတောင်ခြေရတုတွင် ပါဝင်သော ဘုရားများလည်း ရှိပေသေး၏။

       ၁။ ဇမ္ဗူ့ဆီမီး(ပုလိပ်ရုံးနားတောင်ဘက်)

       ၂။ ရွှေဂူကြီး(အထက်ဘုရား၏ အနောက်တောင်ယွန်း)

       ၃။ ရွှေလင်းပင်(အထက်ဘုရား၏ အရှေ့တောင်ယွန်း)

       ၄။ ရွှေခြင်္သေ့မွေ(အထက်ဘုရား၏ အနောက်တောင်ယွန်း)

       ၅။ ရွှေစေတီကြီး(မြို့၏ တနင်္ဂနွေထောင့်တွင် ရှိသည်။ မော်ဓောမြင်သာဟုလည်း ခေါ်သည်။

       ဤမြို့တော် ကြီးကျယ်ပုံကို စိန္တကျော်သူဘွဲ့ ရ ဦးဩ၏ မင်းဆက်ရာဇဝင်လင်္ကာတွင် စပ်ဆိုထားသည်မှာ...

       “မြန်မာထိပ်ခေါင်၊ ကြငှန်းဆောင်သား၊ ကုန်းဘောင်မည်မှတ်၊ နန်းပြာသာဒ်က၊ မန္ဓာတ်တူနှုန်း၊ စက်ရှိန်မှုန်းလျက်၊ ပျက်ပြုန်းရန်မျိုး၊ ပျပ်ဝပ်ကျိုးမှ၊ ပဲခိုးတပုံ၊ ပျက်ကိန်းကြုံ၍၊ မြို့လုံသောထွေ၊ မညွတ်နေသော်၊ စက်ရွှေတော်ညွန့်၊ စံမြူးကွန့်၍၊ တောင်ကျွန်းအလုံး၊ ကြောင်သို့ချုံး၏။ စွန်းသုံးရာနောက်၊ တစ်နှစ်မြောက်သော်၊ ထွန်းတောက်သာသနာ၊ ပွင့်လင်းစွာ၍၊ ဝေသာလီဝယ်၊ ချဲ့သည်နှယ်လျှင်၊ လေးဆယ်ဒွါရ၊ တန်ဆောင်းပြမူ၊ ရာ့သုံးဆယ့်နှစ်၊ ဝန်းရစ်သုံးယူ (ယူဇနာကို ဆိုလိုသည်။) ဇမ္ဗူဥသျှောင်၊ မြို့ကြီးထောင်၏။ သည့်နောင်တစ်နှစ်၊ ရောက်ပြန်လစ်သော်၊ မူးမြစ်ဒိုးလျှို မြို့ရန်ဖြိုကို၊ ရေညိုလက်ယာ၊ ရစ်စိမ့်ငှာဟု၊ စကြာဖြန့်ထောင်၊ ရန်တိုင်းအောင်သည်။ မြောင်းပေါင်ရိုးလျောက်၊ မူးကိုဖောက်၏။ ချီးမြှောက်ဖွယ်မှု၊ အစုစုကို၊ မေရုစုတ်တံ၊ ပေရွက်ခံဝယ်၊ ရည်လျှံတွေတွေ၊ သမုဒ်ရေနှင့်၊ မြေကိုနည်ဖျော်၊ ရေးလှည့်သော်လည်း၊ ကိုယ်တော်မြတ်ဂုဏ်၊ တီမှာကုန် အံ့၊ ဝသုန္နီ၊ တက်ပေါ်ဆီနှင့်၊ ဘုမ္မိနက်သန်၊ မြို့တော်မှန်သည်၊ နိဗ္ဗာန်သည် ကစောင်းတန်းတည်း”

       နေမိရကန်တွင်လည်း-

       ‘မြောက်နဂါးဘို၊ မြေအုတ်ဘိုနှင့်၊ ရွှေဘိုသုံးဆူ၊ တန်ခွန်ထူ သည်တွင်၊ မတူနှုန်းထောက်၊ ဖုန်းရှိန်တော် မောက်ပြီးလျှင်၊ ခြောက်ကျိပ်ရှစ် ဦး၊ ရဲစစ်မှူးများနှင့်၊ ရိုက်ကြူးအောင်စည်၊ ထန်းလုံးတပ်တည်၍ဘဲ၊ ဂုဏ်ရည်မနွဲ့ ၊ စိုက်ထောင်ခဲ့သည့်၊ နိုင်ငံချဲ့ ရွှေဘို၊ မြို့ ရန်ဖြိုကိုပါ၊ ထိုထိုပြည်ဘောင်၊ ဘယ့်နှယ်ပင် ထောင်သော်လည်း၊ ကုန်းပေါင်ဆိုက၊ ဦးနှိမ်လို့ ချရသည်။ မြို့မျာ့မကိုဋ် ရွှေကုန်းပေါင်၊ ခေတ်သုံးရပ်ကုံ၊ အောင်ဘုံများမှူး၊ အောင်ဖူးညွန့်လန်း၊ နန်းဆောက်ဆောက် မဆောက်ဆောက်၊ တောင်မြောက်ဖီလာ၊ စက္ကဝါ ကမ်းခပ်၊ လေးရပ်ရှစ်ရပ်၊ နယ်မသတ်ပြီဘူး။ မြို့မြတ်ရွှေဘို၊ လာပြီဆိုလျှင်ပဲ၊ ပြိုလေသည်ချည်း၊ ရန်မာန်လှည်း၊ ကမ္ပည်းရာဝင် ပြောင်လိမ့်၊ အောင်ရွှေဘိုတဲ့၊ နိုင်ငံချဲ့နေကျ၊ အတုမဲ့ပြေ၊ ဥပဒေကဲ့သို့”ဟူ၍လည်းကောင်း အသီးသီး စပ်ဆိုချီးကျူးကြလေသည်။

       အိမ်း-ဤသို့ ရာဇဝင်ပြောင်လှသော ရွှေဘိုမြို့ကြီးကို တတ်အားသမျှ လှည့်ပတ်ကြည့်ရှုပြီး၍ ညချမ်းအခါ ဂျမ်းခင်နှင့်တကွ အိမ်သို့ ပြန်ခဲ့ကြ၏။

       ဂျမ်းခင်က “ယနေ့ ကျုပ်တို့ဆီမှာပဲ ထမင်းစားပါ”ဟု အတင်းခေါ်သဖြင့် ငြင်းသော် မသင့်ဟု ကျွန်ုပ်လိုက်သွားရ၏။

       ထမင်းမှာ အဆန်းအပြား မဟုတ်ပေ။

       ထမင်းမှာ ဆန်ခပ်ကြမ်းကြမ်း နီနီပင် ဖြစ်၏။ ဟင်းမှာ ခါသားကို ဘူးသီးနုနုနှင့် ချက်၍တစ်ခွက်၊ ပဲကြီးနှင့် ဆူးပုပ်ရွက်ရော၍ ယုန်သားခတ်ချက်သော အတုမဲ့ဟင်းချိုတစ်ခွက်၊ စပ်သီး ဖြိုင်ဖြိုင်နှင့် ငါးပိထောင်း တစ်ခွက်၊ ကင်ပလင်းခွေးတောက်၊ ခတက်ညွန့်များ အပြုတ်တစ်ခွက်။

       ဤမျှသာဖြစ်သော်လည်း ယခုအသက်တိုင် ဤမျှလောက် မမြိန်ဖူးကြောင်း ရဲရဲကြီး ပြောဝံ့ပါသည်။ တစ်ခါတစ်ခါ ထိုထမင်းဟင်းများကို အိပ်မက်ပင် မက်မိပါသည်။

       စားသောက်ပြီးသော် လက်ဖက်ရည်ကြမ်း ဝိုင်းသောက်ရင်း ဂျမ်းခင်က စ၍-

       “တော်-ဘယ်တော့ပြန်မလဲ”

       “နှစ်ရက်လောက် ကြာရင်”

       “မြန်လှချည့်ကလား၊ လွမ်းစရာများ ရှိလို့လား(ပြုံးတုံးတုံးနှင့် မေးသည်)

       “ဟာ-လွမ်းစရာ ဘာမှ မရှိပါဘူး။ ဪ-လွမ်းစရာတစ်ခု တော့ကျန်ရစ်တယ်”

       “ဘာလဲ၊ ဘာလဲ” (အလျင်စလိုမေးသည်)

       “စာတစ်အုပ်”

       “ဘာစာအုပ်လဲ”

       “ဟိုဒင်း-မိန်းမများ နောက်ပိတ်ဖိနပ် စီးသင့် မစီးသင့် ရေးထားတဲ့ စာအုပ်ပါ”

       “ကျုပ်တော့ စီးသင့်တယ်ထင်တာပဲ”

       “ဘာပြုလို့လဲ”

       “ဘာပြုလို့ ရမလဲတော့၊ သူ့ခေတ်နဲ့သူ ဖြစ်လာတာကိုး၊ တော်တို့ခေတ်ကို တားနိုင်သလား”

       “ဘာဖြစ်လို့ မတားနိုင်ရမှာလဲ”

       “ဟား...ဟား၊ ကိုင်း-အခု အနောက်တိုင်းသားတွေ အုပ်စိုးလို့အောက်ပြည်မှာ အနှစ်တစ်ရာလောက်၊ အထက်ပြည်မှာ အနှစ်လေးဆယ်လောက် ရှိသေးတယ်။ သူ့ခေတ်နဲ့သူ ဖြစ်လာလို့ တော်ကိုယ်တိုင် အင်္ဂလိပ်ဦးစွန်းဖုတ်ထားတယ်မဟုတ်လား။ အခုလည်း အတွင်းရှပ် အင်္ကျီနဲ့ပဲ မဟုတ်လား၊ အဲဒီခေတ်ကို တော်တို့ မတားနိုင်တဲ့ပြင် ကိုယ်တိုင်လည်း လိုက်လာခဲ့တယ်မဟုတ်လား”

       “ဟာ-ဒါတော့”ဆို၍ ကျွန်ုပ်မပြန်နိုင်ချေ။

       “ကိုင်း-ဖိနပ်ကိစ္စကို ပြောဦးမယ်။ အခု မြန်မာပြည်မှာ ရှိနှင့်တဲ့ဖိနပ်များမှာ ပိန်းတန်း၊ ရှေ့ထိုး၊ ကွင်းထိုး၊ ခုန်ဖိနပ်၊ လွှာဖိနပ်၊ အဲဒါတွေကို မြန်မာပြည်မှာ ယောက်ျားရော၊ မိန်းမရော အတူတူပဲ စီးကြတယ် မဟုတ်လား၊ ကျုပ်မေးတာ ဖြေပါလေ”

       “ဟုတ်တယ်လေ...စီးကြတယ်၊ ဘာဖြစ်သလဲ”

       “ကောင်းပြီ၊ အခု တော်တို့ ယောက်ျားတွေဟာ နောက်ပိတ်ဖိနပ်စီးလာလိုက်ကြတာ ကာလအတော်ကြာပြီ၊ အဲဒါ ကျုပ်တို့မိန်းမတွေက စီးကြရင် တော်တို့က ဘာအပြစ်ပြောစရာ ရှိသလဲ”

       “အပြစ်ပြောစရာက မြန်မာမိန်းမဆိုတာ အသွားအလာမှစ၍ ယဉ်ကျေးရတယ်။ နောက်ပိတ်ဖိနပ်ကြီးနဲ့ဆိုတော့ ခြေမြှောက်မြှောက်၊ ခြေလှမ်းကြဲကြဲနဲ့ နင်းသွားတော့ ခွမကျပေဘူးလား”

       “ဒါမတော့ အကုန်မပြောထိုက်ပါဘူး။ နောက်ပိတ်စီးပြီး ခြေမှန်မှန်နဲ့ ယဉ်ယဉ်ကျေးကျေး လှမ်းရင်လည်း ဖြစ်တာပါပဲ”

       “နေဦးလေ၊ မြန်မာမိန်းမများ အသားဖြူဖြူခြေထောက်နဲ့ ကတ္တီပါဖိနပ်နဲ့ဆိုတော့ ကြည့်လို့လှတယ်။ ကျက်သရေ ရှိတယ်။ နောက်ပိတ်ဖိနပ်ကြီးနဲ့ဆိုရင်၊ ကတည်း-ကျပ်စည်းထားသလိုလည်း ကြည့်လို့ အင်မတန်ဆိုးမှာ”

       “ဒါမှာတော့ ဒီလိုပါတော့၊ မြင်နေကျရင် ကြည့်လို့ကောင်းတာပဲ၊ အသားမကျခင်သာ ကြည့်မကောင်းတာကိုး။ တော်တို့ခေါင်းက ဦးစွန်းဖုတ်ဟာ ထားကြစက အကြည့်ရဆိုးတယ်။ အခုတော့ မျက်စိထဲ အရသာတွေ့ နေကြတယ် မဟုတ်လား။ ပြီးတော့လည်း အာရုံဆိုတာ အမြဲမရှိဘူး။ ဥပမာ- မကြာမီခေတ်က ထိုးကွင်း မရှိသူဟာ မိန်းမနဲ့ တူတယ်လို့ အသရော်ခံရတယ်။ အခုထိုးကွင်းရှိသူဟာ ကြောင်တောင်တောင် ဖြစ်မနေဘူးလား၊ အခုလည်း ဆေးရုံက သူနာပြုမိန်းမများ၊ အချို့ ကျောင်းဆရာမများ၊ အချို့ အထက်တန်းစားဆိုတဲ့ မင်းကတော်၊ စိုးကတော်များ နောက်ပိတ်ဝတ်နေကြတာပဲ။ မကြာခင် တော်တို့ မျက်စိယဉ်လာမှာပေါ့”

       “ကျုပ် မျက်စိယဉ်ဖို့တော့ ဝေးပါသေးတယ်။ ပြီးတော့ ကျန်းမာရေးဘက်က ကြည့်ရင်လည်း အင်မတန် မတော်ပါဘူးဗျာ၊ ယောက်ျားများမှာတော့ ထထကြွကြွ သွားလာလုပ်ကိုင်ရတယ်။ ဒီတော့ ချွေးတို့ဘာတို့ထွက်လို့ အပူထွက်စရာ ရှိတယ်။ မိန်းမများမှာတော့ အငြိမ်းစားဖြစ်နေတယ်။ ကျန်းမာရေး ထိခိုက်မှာပေါ့”

       “တော့် စကားတွေကို ပြန်ဖြေစရာ အပုံကြီး ရှိတယ်။ နောက်ပိတ်ဖိနပ်စီးတဲ့ ယောက်ျားတွေဟာ အများအားဖြင့် စာရေးစာချီ အရာရှိတွေများတယ်။ သူတို့မှ သနားစရာကောင်းတာက တစ်နေ့လုံး ဆိုသလို ကုလားထိုင်ပေါ်မှာ ကြိုးနှင့်တုပ်ထားသလို ထိုင်နေရတယ်။ အပူတွေ လှိုက်မနေပေဘူးလား၊ ပြီးတော့ ကြည့်ပါဦး၊ မြန်မာပြည်ဟာ ပူတဲ့တိုင်းပြည်ဖြစ်တယ်။ အဲဒါ တော်တို့ ယောက်ျားကြီးတွေက သိုးမွေး ခြေအိတ်၊ တစ်ခါတလေ စတောက်ကိန်း ဆိုတဲ့ ထူထူရှည်ရှည် ခြေအိတ်ကြီးများကို၊ ဝတ်လို့၊ ပြီးတော့ နောက်ပိတ်ထက်ဆိုးတဲ့ ဘွတ်ဖိနပ်ကြီးများကို ဝတ်လို့၊ အဲဒါတွေတော့ ကျန်းမာရေးနဲ့ ညီသလား၊ ပြီးတော့ ဆောင်းရာသီ မိုးရာသီမှာ ရှင်တို့ သန်မာထွားကျိုင်းသော ယောက်ျားကြီးတွေတော့ ခြေနွေးအောင်လို့ ခြေအိတ်နဲ့ ဖိနပ်နဲ့ စီးရတယ်။ ကျုပ်တို့ နူးညံ့သိမ်မွေ့သော မိန်းမတွေတော့ ခြေထောက်ဗလာ ထားရမလား၊ အဲဒါ တော်တို့ တရားသလား၊ ရှက်ကောမရှက်ဘူးလား၊ တွေးကြည့်စမ်းပါဦးတော့”

       “ဟာ...ဒါက အလေ့အကျင့်ဖြစ်နေကြတာပဲ။ ပြီးတော့ တစ်ခုက နောက်ပိတ်ဖိနပ်စီးကြရင် စရိတ်ကြေးငွေများစွာ ပိုမိုကုန်ကျမယ် မဟုတ်လား။ အကယ်၍ မြန်မာမတွေ အားလုံးနောက်ပိတ်ဖိနပ် စီးကြရင် အခုပိန်းတန်းစတဲ့ ဖိနပ်လုပ်သူတွေ ကုန်သည်တွေ အလုပ်လက်မဲ့ ဖြစ်မကုန်ပေဘူးလား”

       “အဲဒါမှာလည်း စရိတ်ကုန်တယ်ဆိုတာက တော်တို့ ယောက်ျားတွေက အရင်ဖြုန်းနေတယ် မဟုတ်လား။ ထပ်ပြီး ထူးလှမယ် မဟုတ်ပါဘူး။ ပြီးတော့ ဖိနပ်သည်တွေ အလုပ်လက်မဲ့ဖြစ်ကုန်မယ် ဆိုတာက တော့်ကိုပဲ အတိုချုပ်ပဲ ပြောမယ်၊ အလုပ်သမားရဲ့ ကုန်ကိုလိုက်ပြီး သုံးတဲ့လူက မသုံးဘူး၊ အသုံးသမား သုံးတာကိုသာ အလုပ်သမားက လိုက်လုပ်ပေးရတယ်။ အကယ်၍ မြန်မာမိန်းမများ နောက်ပိတ် စီးလာကြရင်လည်း အလုပ်သမားတွေက တွင်ကျယ်တဲ့ နောက်ပိတ်ကို ကူးပြောင်းလုပ်ရမယ်။ ဘာပဲဖြစ်ဖြစ် ငါလုပ်မြဲ အလုပ် လုပ်နေမယ်ဆိုရင် ထမင်းငတ်ကြရုံပေါ့”

       “တော်ပါဗျာ။ ခင်ဗျားတို့ အညာသူများ အင်မတန် စကားတတ်တယ်။ အညာသူကို ကျုပ်အထင်သေးခဲ့တာ မှားတာပါပဲ။ ဒီမှာလေ မဂျမ်းခင်၊ ကျုပ်ပြောပြတဲ့အချက်တွေဟာ အမှန်တွေပဲ။ နို့ပေတဲ့ ခင်ဗျားက စကားတတ်တော့ ကျုပ်အချက်တွေ အရေးနိမ့်သလို နေတယ်။ အဲဒီတော့ကျုပ်မပြောတတ်တာနဲ့ ဒီကိစ္စတွေကို အရေးနိမ့် မခံနိုင်ဘူး။ ဒီတော့ ဒီကိစ္စကို ရပ်ကြစို့ရဲ့ဗျာ”

       ထိုအခါ ဂျမ်းခင်သည် အသံထွက်အောင် ရယ်၍ “တော်တို့ အောက်သားတွေဟာ ဒီလိုပဲလား၊ ကဲတော် မပြောစေချင်ရင် မပြောပါဘူး။ နေပါဦး၊ တော် ဘယ်တော့ပြန်မလဲ”

       “နှစ်ရက်လောက် ကြာရင်”

       “နောက် လာဦးမလား”

       “ဒါတော့ ဘာပြောနိုင်ဦးမလဲ”

       “ကျုပ်တို့ ရန်ကုန်ကို ရောက်ရင် တော့ဆီကို လာမလည်ရဘူးလား ..”

       “လာမလည်ရင် မဂျမ်းခင်က ဆိုးရာရောက်မှာပေါ့။ မဂျမ်းခင်သာ ရန်ကုန်ရောက်ရင် ကျုပ်ဆီမှာ တည်းရမယ်၊ ဘယ်မှာမှ မတည်းရဘူး"

       “ဒါဖြင့် တော့ဆီမှာ တည်းရမှာစိုးတာနဲ့ ရန်ကုန်ကို အလည်မသွားသေးဘူး(ရယ်၍ ပြောသည်)

       “အညာသူများ ရက်စက်တယ်ဆိုတာ သိပါတယ်”

       “အညာသူက ပွင့်ပွင့်ရက်စက်တယ်၊ အောက်သားကတော့ အုံ့ပုံးရက်စက်တယ် "

       “တော်ပါဗျာ၊ ခင်ဗျား အင်မတန်စကားတတ်တယ်”

       ဤသို့ စကားစမြည်ပြောပြီးနောက် ခွဲခွာသွားကြ၏။

       ကျွန်ုပ်မပြန်မီ တစ်နေ့တွင် ထပ်မံတွေ့ဆုံ၍ နောက်တစ်နေ့ ညနေရထားနှင့် ပြန်ဖြစ်မည်ထင်ကြောင်း ပြောပြ၏။ ဂျမ်းခင်သည် မိမိကိုယ်တိုင် ရထားဘူတာရုံသို့ လိုက်၍ ပို့မည့်အကြောင်းကိုလည်း ပြောထား၏။

       ညအခါ၌ ကျွန်ုပ်စဉ်းစားမိသည်ကား ခင်မင်သူတို့နှင့် ရထား၊ သင်္ဘောစသည်တို့၌ ခွဲခွာရခြင်းသည် ဣန္ဒြေပျက်တတ်ကြောင်းကို တွေးမိသဖြင့် ညနေရထားနှင့်မဟုတ်ဘဲ မနက်ရထားနှင့် သုတ်ခြေနှင်မှ နေရာကျမည်ဟု ဆုံးဖြတ်လိုက်၏။

       နံနက်ကျကာလ မိမိ၏ထီးများ၊ အထုပ်များကို ယူလျက် ရတု၊ ရကန်၊ အဲ၊ အန်၊ လေးချိုးဆိုပုံတို့ကို သင်ကြားပေးလိုက်ပေသော ကျေးဇူးရှင် အဝေးရောက်မင်းအား ရိုသေစွာ ရှိခိုးကန်တော့၍ ဘူတာသို့ ရုပ်ဖျောက် ခပ်သုတ်သုတ် လာခဲ့ပြီးနောက် သံသရာသည် ရက်စက်နိုင်မှ တော်ရုံကျသည်ဟု စိတ်တင်းလျက် ထိုမနက်ရထားနှင့်ပင် ရွှေဘိုမြို့ကြီးမှ ထွက်ခွာခဲ့လေသတည်း။

       ညနေရထားချိန်၌ ဂျမ်းခင်သည် ဘူတာရုံသို့ဆင်းပုံ၊ ကျွန်ုပ်ကို မတွေ့၍ ကျွန်ုပ်တည်းအိမ်သို့ သွားရောက်မေးပုံ၊ မနက်ရထားနှင့်ပင် သွားလေပြီဟု ကြားရသောအခါ၊ သက်မ ကြီးချ၍ အောက်သားများ မကောင်းဘူး။ လိမ်တတ်တယ်။ သူတို့ဆီကိုသွားရင် ထမင်းကျွေးရမှာစိုးလို့ ဒီလိုခြေရာဖျောက် လုပ်သွားတယ်။ ငါ့ကို စိတ်မကောင်းအောင် လုပ်သွားတယ်၊ ဘာတယ်၊ ညာတယ်၊ ဟိုဒင်းတယ်၊ ဒီဒင်းတယ် စသည်ဖြင့် တဖျစ်တောက်တောက် ရှိမည့်ပုံများတွင် ကျွန်ုပ်စိတ်၌ ယခုတိုင် မြင်မိသေး၏။

       ကျွန်ုပ်မှာလည်း အကောင်မကလေးကို တရေးရေးမြင်လျက် အကြင်လောကကြီးသည် ကလီကမာ သနားစရာဖြစ်တတ်ပါတကားဟုတရားကို ရှေ့ရှု၍ အေးမှုကို ဖန်ခါနေရလေသတည်း။

**********************************

ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ


Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...