စကားချီး
သာမညအားဖြင့် ကိုယ်ချမ်းသာ စိတ်ချမ်းသာဟူ၍ နှစ်မျိုး ရှိသည်။ စင်စစ်သော်ကား စိတ်ချမ်းသာခြင်းတခုသာ အရေးအကြီးဆုံး ဖြစ်သည်။ စိတ်ချမ်းသာမှုကို ရှင်ရှင်၊လူလူတိုင်း အလိုရှိကြသည်။ ကြိုးပမ်းရှာဖွေကြသည်။ ချမ်းသာမှုဆိုသည်ကား စိတ်၏ အလိုပြည့်မှုကို ဆိုသည်။
သို့ကြောင့် မဟုတ်လော၊ ငါးမျှားတံနှင့် တံငါသည်သည်လည်းကောင်း၊ နွားသတ်သမားသည်လည်းကောင်း၊ လက်သမားသည်လည်းကောင်း၊ သူခိုးဓားပြသည်လည်းကောင်း၊ စစ်သူကြီးသည်လည်းကောင်း၊ သတင်းစာ မဂ္ဂဇင်းထုတ်သူသည်လည်းကောင်း၊ ရဟန်းသည်လည်းကောင်း ပုပုရွရွ မြင်သမျှ သတ္တဝါတို့သည် မိမိတို့ စိတ်အလိုပြည့်မှု ချမ်းသာမှုကို ရှာနေကြခြင်းဖြစ်၏။
ချမ်းသာမှုကား ပရမတ် ဆန်ဆန်ပြောရမည်ဆိုသော် အလိုဆန္ဒငြိမ်းမှုတည်း၊ ချဲ့ဦးအံ့။ ဥပမာ-ညီအစ်ကို သုံးယောက်သည် နံနက် အိပ်ရာထ ၇ နာရီခန့်တွင် အကြီးက ကော်ဖီနှစ်ခွက်သောက်ရမှ မိမိအလိုပြည့်၏(ဝါ)ချမ်းသာ၏။ အလတ်က တခွက်မျှဖြင့် အလိုပြည့်၏။ အငယ်ကား ရေ
တခွက်ဖြင့် ကျေနပ်အလိုပြည့်၏။ ၎င်းတို့ အိမ်အနီးရှိ ဖိုးသာအောင်ကား နံနက်တွင် သရေစာစားခြင်း အလေ့အထမရှိ၊ နံနက်ထမင်းကျမှ စားတော့သည်။ ဤလေးယောက်ကို ယှဉ်ကြည့်သော် နံနက် ၇ နာရီအချိန်၌ လေးဦးလုံး စိတ်အလိုပြည့်လျက် ချမ်းသာလျက်နေသည် ကိုတွေ့ ရသည်။ သို့ရာတွင် အလိုဖြည့်နည်းချင်း ခြားနားကြသည်။ အလိုပြည့်ရန် ဒုက္ခအနည်းအများမှာ အလိုပြည့်လိုသူသည် မိမိ၏စိတ်ကို ထိန်းသိမ်းနိုင်သလောက်ကို လိုက်၍ ဖြစ်သည်။
ထပ်၍ ထင်ရှားစေဦးအံ့။ ကျွန်ုပ်သည် မော်တော်ကားတခု လိုချင်သော ဆန္ဒဖြစ်ပေါ်လာ၏။ ပိုက်ဆံပြည့်စုံ၍ ဝယ်ယူသည်ဖြစ်စေ၊ သူတပါးလက်ဆောင်ပေးသည်ဖြစ်စေ၊ ကျွန်ုပ်မရှက်မကြောက်ဘဲ တောင်းယူသည်ဖြစ်စေ၊ ခိုး၍ဖြစ်စေ၊ တိုက်၍ဖြစ်စေ၊ မည်သည့်နည်းနှင့်မဆို မော်တော်ကားရလျှင် ထိုဆန္ဒပြည့်မှု ထိုဆန္ဒငြိမ်းမှု ဖြစ်ရလေသည်။
အကယ်၍ ကားကို ဘယ်နည်းနှင့်မျှ မရနိုင်သောအခါ စိတ်ကို ဆုံးမ၍ “မော်တော်ကား မရလည်း ပြီးနိုင်တာပါပဲ။ မလိုပါဘူးလေ”ဟု ဆုံးဖြတ်ကျေနပ်လျှင်ထိုဆန္ဒငြိမ်းလေသဖြင့်“ချမ်းသာမှု”ပင်ဖြစ်တော့သည်။
ထိုထက်အလွန်၊ နဂိုကတည်းက ထိုမော်တော်ကားလိုချင်မှု ဆန္ဒပေါ်မလာလျှင်လည်း အလိုလို ချမ်းသာမှုပင် ဖြစ်နေမည်တည်း။
ဤသို့ စိတ်ဖြေတတ်လျှင် ချမ်းသာမှု ရနိုင်ကြောင်းကို ကျွန်ုပ်တို့ အရပ်ရှိ စိတ်ကောင်းစွာ မနှံ့သော ဖိုးအောင်ဆိုသူကို တွေးမိသည်။
ဖိုးအောင်သည် တနေ့၌ မိမိအိမ်က ကြက်ဖကြီးကို ချက်စားမည်ဟု ဖမ်းပြီးလျှင် ကြိုးနှင့် ချည်ထား၏။ ၎င်းအနီးတွင်ပင် ကြက်သားနှင့် ချက်ရန်ဟု ငရုတ်၊ ကြက်သွန်ထောင်းလေ၏။ ထိုအတွင်း ကြိုးပြုတ်၍ ကြက်လွတ်ပြေးလျှင် ဖိုးအောင်သည် လျင်မြန်စွာ လိုက်၍ ဖမ်း၏။ သို့သော် ကြက်ကြီးကို မမိချေ။ နာရီဝက်မျှ အပန်းတကြီး လိုက်ဖမ်း၍ မရနိုင်သည့်အဆုံး၌-
“အောင်မယ်၊ မမိချင်နေပါလား၊ ငါက ဘာပူမလဲ၊ ကြက်သားဟင်းနဲ့စားရမှ မဟုတ်ပါဘူး။ ငါးပိနဲ့စားလည်း ဝင်တာပဲ။ ဆားနဲ့စား လည်းဝင်တာပဲ၊ မပူပါဘူး”ဟု ကြက်ကြီးကို မဲ့ကာရွဲ့ ကာ လှမ်း၍ ရန်တွေ့ ကာပြောပြီးအကယ်ပင်ငါးပိချက်တို့စရာတို့နှင့် မြိန်မြိန်ကြီးစားလိုက်လေသည်။ ဤဖိုးအောင်၏ပြောချက် ပြုမူချက်တို့တွင် တရားအပြည့် ရှိ၏။
အထက်စကားတို့အရဖြင့် ချမ်းသာမှု ဆင်းရဲမှုသည် စိတ်တွင်တည်ကြောင်း၊ စိတ်ထားအရေးကြီးကြောင်း ကိုယ်တွေ့ အဖြစ်အပျက်ကို ရေးပြပါအံ့။
#လူချမ်းသာနှင့်တွေ့ခန်း
ကျွန်ုပ်သည် ကျောင်းနေစဉ် ကိုးတန်းအောင်ပြီးနောက် နွေကျောင်းပိတ်ချိန် ၂ လခန့်၌ အလဟဿ မနေလို၊ အလုပ်တစုံတရာလုပ်လို၍ အလုပ်လိုက်ရှာရာ စပါးပွဲစားကြီးတဦးထံ၌ ‘တာလီကလပ်” ခေါ် ဂရို့ ချိုးရသော စာရေးကလေး အလုပ်ကို ရ၏။ ၎င်းအလုပ်ကား စပါးခြင်တွယ်ရာ၌ တတင်းနှစ်တင်း စသည်ဖြင့် တုတ်တံငယ် အမှတ်အသားဖြင့် မှတ်ရသော အလုပ်ဖြစ်၏။ လခ ၂ဝ ကျပ် ရ၏။
ကျွန်ုပ်လုပ်ရသော စပါးစက်မှာ မြစ်တဖက်၌ ရှိသဖြင့် ထိုစက်က ထားသော ကူးတို့မှာ တပတ်တပတ်ကို ၁၅ မိနစ်၊ မိနစ် ၂ဝ စောင့်ရတတ်၏။
တညနေတွင် မြို့ဘက်ကမ်း၌ ကူးတို့စောင့်နေရာ ကျွန်ုပ် အနီးသို့ မော်တော်ကားတစီးမောင်းလာ၍ ရပ်လေသည်။ ထိုကားတွင် ပါသူကား ကျွန်ုပ်အလုပ်လုပ်နေသော စက်မှ ဝင်းပိုင်ကရာနီခေါ်သော ကြွယ်ဝ၍ အလွန်ဩဇာကြီးသောသူဖြစ်ကြောင်း တွေ့ ရ၏။ ၎င်းကား မြန်မာတည်း။ ထိုသူနှင့်အတူ ဇနီးနှင့်တကွ သမီးပျို ၂ ယောက်လည်း ပါ၏။ ထိုဇနီးနှင့် သမီးတို့ကိုကား ကျွန်ုပ်သည် ရှေးက မမြင်ဖူးချေ။
ထိုဝင်းပိုင်မှာ အသက် ၄ဝခန့်ရှိ၍ သမီးပျို ၂ ယောက်မှာ ၂ဝအထက်နှင့် ၂ဝအောက်လောက် ရှိကြလိမ့်မည်။ ထိုအခါ (အနှစ် ၂ဝ ကျော်)က မော်တော်ကားကို သာမညလူ မစီးနိုင်ချေ။ အမှန်ကား လူဝိုင်း၍ကြည့်ရသော အထူးအဆန်းတမျိုး ဖြစ်၏။ ကျွန်ုပ်ကိုယ်တိုင်ကား ဤအကြိမ်သည် မော်တော်ကားကို အနီးသို့ ကပ်၍ သေသေချာချာ ကြည့်ရသော ပထမအကြိမ်ဖြစ်၏။
ထိုအခါ ကျွန်ုပ်သည် အမှတ်မဲ့ မနေတတ်၊ တွေးတောတတ်သော ဝါသနာအလေ့ရှိသည့်အလျောက် တွေးတောလေသည်ကား-
“ဪ-သူတို့မှာ၊ လူဖြစ်ကျိုးနပ်လေသည်။ ကရာနီကြီးမှာ ပိုက်ဆံချမ်းသာလှသည်။ သြဇာတန်ခိုးလည်း စက်တစက်လုံး ဆိုသလို ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရသည်။ သူစက်ထဲ ဖြတ်လာလျှင် စာရေးကြီးငယ် ကူလီ မည်သူမဆို ရှဲခနဲ ရှဲခနဲနှင့် လမ်းဖယ်ပေးကြရသည်။ တခါက အဲဒီလို သူအလာ အများက ဖယ်ကြသော်လည်း ငါ့မှာ ရောက်စဖြစ်၍ မသိဘဲ လမ်းမဖယ်မိရှိသည်ကို ဒီကရာနီကြီးက စိုက်ကြည့်သွားတယ်။ သူလည်း လွန်သွားရော၊ ငါ့သူငယ်ချင်း စာရေး ဖိုးတုတ်က ကပျာကရာလာတဲ့၍ “ဟေ့လူ၊ မင်းတော့ ဒုက္ခပဲ၊ ဘာပြုလို့ လမ်းမဖယ်သလဲ၊ မင်းကိုလည်း စိုက်ကြည့်သွားတယ်၊ သိရဲ့လား”လို့ မေးတယ်။ ငါကလည်း “ဟာ-သိမှမသိဘဲ၊ ပြီးတော့လည်း ကိုယ့်အလုပ် ကိုယ်လုပ်နေတာ၊ ဘာဖြစ်လို့ ဒီလောက် ကြောက်ရမှာလဲကွ ”လို့ ငါက ပြန်ပြောတယ်။ ဒီတော့ ဖိုးတုတ်က “ဟေ့ အကောင်၊ မင်းက အင်္ဂလိပ်စာကလေး ၉ တန်းအောင်တာနဲ့ လူဝါးမဝနဲ့၊ ဒီစက်မှာ သူရှင်ဘုရင်ပဲ၊ မင်းအလုပ်ပြုတ်ဖို့သာ ပြင်တော့”လို့ တကယ်စိုးရိမ်တဲ့ အနေနဲ့ ပြောတယ်။ အင်း ဟုတ်တန်ရာရဲ့။ ဩော်-တန်ခိုးသြဇာကြီးပေစွတကား။
ကရာနီကတော်မှာလည်း လက်သီးဆုပ်လောက်ကြီးတဲ့ စိန်နားကပ်၊ စိန်ကြယ်သီး ဪ-ပြည့်လို့ပါကလား၊ သမီး ၂ ယောက်မှာတော့ အရွယ်ကောင်း ရုပ်ကောင်းဖြစ်ရတဲ့အပေါ်မှာ စိန်ဘီး၊ စိန်လည်တုန်၊ စိန်ဆံထိုး၊ စိန်ကြယ်သီး၊ စိန်ဆွဲကြိုး-စသည်ဖြင့် စိန်မိုးမွှန်နေပါတော့ကလား။
သူတို့စီးလာတဲ့ မော်တော်ကားဆိုတာလည်း အင်မတန် အံ့သြစရာပဲ၊ ကြည့်ပါလား၊ ဘီးမှာ တပ်ထားလိုက်တာ၊ တိုင်ရာ ခေါ်တဲ့ဟာက ကြက်ပေါင်စေး ကော်ပတ်ကို လုပ်ထားတယ်၊ နူးနူးညံ့ညံ့ကြီးပဲ။ အထဲကလည်း တထပ်၊ ပြီးတော့ လေထိုးထားပြန်တယ်။ ဘယ်မှာ ဆောင့်တော့မှာလဲ။ ပြီးတော့တခါ ဝင်ရိုးနှင့် အပေါ်က ရထားကိုယ်အကြားမှာ စပရိန်ခေါ်တဲ့ သံလေး ထည့်ထားတယ်။ ပြီးတော့ တခါ ထိုင်ခုံအောက်ကလည်း အဲဒီလို စပရိန်သံလေးထည့်ထားသေးသတဲ့။ ထိုင်ခုံမှာလည်း မွေ့ရာတမျိုးပဲ၊ ကိုင်း ကြက်ပေါင်စေး ကော်ပတ် ၂ထပ်၊ လေတထပ်၊ စပရိန်သံလေး ၂ထပ်၊ မွေ့ရာတမျိုးတထပ်၊ အဲဒီ နူးနူးညံ့ညံ့ အထပ် ထပ်ပေါ်မှာမှ ဘုရားသိကြား နတ် ဘုမ္မစိုး ရုက္ခစိုး အာကာသစိုး အပြင် ၃၇ မင်း အတွင်း ၃၇မင်း၊ ဦးရှင်ကြီး၊ သရဲတစ္ဆေ၊ မှင်စာ အကုန်လုံး ဝိုင်းမတဲ့ လူချမ်းသာသြဇာကြီး ကရာနီ သားအမိ သားအဖတစုတို့ ထိုင် ရတယ်။ သြော်-အင်မတန် ငြိမ့်မှာပဲ။ အင်မတန် အရသာ စည်းစိမ်ရှိမှာပဲ။ ဪ- ချမ်းသာစွ၊ ချမ်းသာစွ၊ လူဖြစ်ကျိုး နပ်လေစွ”ဟု များစွာ အားကျချီးမွမ်းမိလေသည်။
မိမိကိုယ်တိုင် ဤသို့ ထိုသူတို့ကို ပါးစပ်အဟောင်းသားနှင့်
အံ့သြချီးမွမ်းပြီးနောက် မိမိကိုယ်ကို ပြန်၍ ကြည့်မိလေသည်။ တွေ့ ရသည်ကား-
ခါးဝတ်မှာ ပါတိတ်လုံချည်ခေါ်သော လုံချည်ဖြစ်၍ ပန်းပြောက်အကွက်တို့ မှိန်လေပြီ။ နှုတ်ခမ်းနားတို့တွင် အတန်ပင် စုတ်ပြဲသဖြင့် ချုပ်ထားရခြင်း အတန်များသည်။ အချုပ်အစပ်များသောဘက်ကို လူမြင်သက်သာအောင် ခါးဘက်က ထား၍ ဝတ်ဆီးရသည်။
အပေါ်အင်္ကျီကား သုံးဝါဆိုပြီးသော ဖလန်နယ် အင်္ကျီဖြစ်သည်။ အပွစားဖြစ်၍ စပါးမှုန်အတွင်း အတန်ကြာနေခဲ့ရကား အင်္ကျီတထည် လုံးညစ်ထပ်ထပ် ဖြစ်နေသည်။ လက်ဖျားတို့မှာ အထူးညစ်ပေ၍နေသည်။ အမှန်မှာ ဝတ်ဖို့ပင် မကောင်းတော့ချေ။
သို့ရာတွင် မဝတ်၍မဖြစ်၊ မဖြစ်သော အကြောင်းကြီးတခုကား အတွင်းရှပ်အင်္ကျီ၏ ကျောဘက်၊ ပခုံးဘက်၊ လည်ပင်းဆီတွင် စုတ် ပြဲချုပ်ဖာထားရသည်တို့ကို ထိုအပေါ် အင်္ကျီက ဖုံးအုပ်ထားရလေသည်။ ဤကား အပေါ်အင်္ကျီ၏ ဂုဏ်ကျေးဇူးတည်း။
ဘိုဆံတောက်မှာ၊ ဝါ-အင်္ဂလိပ်ဦးစွန်းဖုတ်မှာ ဆီနှင့်ဝေးသည့် ပြင်စပါးမှုန်တို့၏ ကောင်းမှုကြောင့် စုတ်ဖွား ညစ်ထေး၍ ဖရိုဖရဲဖြစ် နေသောကျီးကန်းအသိုက် အညံ့စားနှင့် တူလေသည်။
ဖိနပ်မှာ ကွင်းထိုးခုံဖိနပ်ဖြစ်၏။ နောက်ပိုင်းက အတန်စားကုန်ပြီဖြစ်၍ ဖနောင့်မလုံတော့ချေ။
ကျွန်ုပ်၏ အချစ်တော် အိမ်တော်ရာထီးကလေးကို ထည့်မပြောဘဲ မပြီးနိုင်၊ နှစ်အစ မိုးဦးကျစက ဝယ်ပြီးနောက်
တမိုးတွင်းလုံးသူနှင့်ပင် နွှဲခဲ့ရသဖြင့် ခမျာမှာ အတန်ပင် အားပျော့ ရုပ်ပျက်လေပြီ။
#စိတ်ဆင်းရဲခြင်း
အသို့နည်း၊ စာဖတ်သူမိတ်ဆွေ၊ ဟို မော်တော်ကားပေါ်က လူစုနှင့် ကျွန်ုပ်နှင့် ကွာခြားသည်မဟုတ်ပါလား။ အိမ်း-ကွာခြားလှ၏။ ဧရာမအများကြီး ကွာခြားလှပေ၏။
ဤသို့ ယှဉ်ကြည့်မိလေလျှင် ကျွန်ုပ်မည်မျှ ဝမ်းပန်းနည်းမည်ကို တွေးကြည့်နိုင်ကြပါ၏။ အထူးသဖြင့် မိမိနှင့် အရွယ်တူ အပျိုကလေး များပါလေသဖြင့်၊ ကျွန်ုပ်မှာ အဝတ်အစားကောင်း သာ၍ဝတ်ချင် သာ၍လှချင်သော စိတ်တို့သည် တဖွားဖွား ပေါ်ကုန်၏။
ထိုလူစုတို့ မိမိထက် သာလေသည်တကားဟု မိမိ၏အဖြစ် ညံ့ရလေခြင်း၊ မိမိ၏အဖြစ် စက်ဆုပ်ဖွယ်ကောင်းလေခြင်း စသဖြင့် အမျိုးမျိုးတွေးတော၍ အလွန် စိတ်ဝမ်း ညှိုးငယ်ပြီး လူ၏အဖြစ်ကိုပင် မလိုချင်တော့ချေ။ ဤသို့အားဖြင့် ထိုကမ်းနားသစ်ပင်ရိပ်အောက်တွင်ပင် ခြေကုန်လက်ပန်း ထိုင်ချ၍ စိတ်လက်မသာ ဗျာပါရကြီး ညည်းညူဆင်းရဲ၊ ပူဇာတ်ပွဲကို၊ မစဲအောင်ခင်းလျက် နေရလေသတည်း။
#စိတ်ချမ်းသာပုံ
ထိုအခါ ယခင် လူချမ်းသာစုနှင့် ကျွန်ုပ်ကိုယ်ကို ယှဉ်ကြည့်သကဲ့သို့ ယခု လူဆင်းရဲစုနှင့်လည်း ယှဉ်ကြည့်မိပြန်လေသည်။ ထိုအခါ သက်သာစရာ တရားတခု ကွက်ခနဲ ပေါ်လာလေသည်။ ပေါ်လာဟန်ကား ငါသည် ကိုယ့်အထက်က လူချမ်းသာစုနှင့်ယှဉ်ကာ များစွာမချမ်းမသာဖြစ်ခဲ့ရသည်။ ယခုတဖန် ကိုယ့်အောက်က လူဆင်းရဲစုနှင့်ယှဉ်လိုက်သောအခါ ငါသည် အပုံကြီးတော်ပါသေးကလား၊ ငါသည်အပုံကြီး ဝမ်းမြောက်ဖွယ်ပါတကား၊ ငါ၏ ဆင်းရဲစိတ်သည် ယခုသက်သာ ရာရချေပြီတကား၊ အင်း-အင်း-ဟုတ်ပြီ-ဟုတ်ပြီ၊ ငါတထိုင်တည်း၌ယခုပင် ဆင်းရဲခဲ့၏။ မည်သူ့ကြောင့်နည်း။ စိတ်ကြောင့်ပင်တည်း။
#လက်တွေ့ချမ်းသာဆေးနည်း
ထိုအခါကစ၍ ချမ်းသာရေး နည်းလမ်းကောင်းတခု ကျွန်ုပ်ရခဲ့ပါ၏။ ယခုတိုင် အသုံးပြုရလေသဖြင့် အကျိုးကြီးလှ၏။ ဤ ချမ်းသာဆေးကြီးကို ရေလဲအမျိုးမျိုးနှင့် သုံးရပါ၏။ သုံးနည်းရေလဲတို့ကား-
(၁) မိမိစိတ်ဆင်းရဲသော် မိမိထက်ဆိုးသူနှင့် ယှဉ်ကြည့်လျှင်သက်သာရာ ရနိုင်သည်။
(၂) မိမိထက် သာသူကို ကြည့်၍ စိတ်မကျေမချမ်း စိတ်ဆင်းရဲရသည်ထက် မိမိအောက် နိမ့်သူကို ကြည့်၍ စိတ်ချမ်းသာရခြင်းက သာ၍ ကောင်းသည်။
(၃) မိမိအထက်က လူလောက်မချမ်းသာဟု ညည်းညူနေမည့်အစား မိမိအောက်က လူလောက် ဆင်းရဲခြင်းမှ လွတ်ကင်းသည်ကိုကျေးဇူးတင်ရမည်။
(၄) မိမိ၌ ဥစ္စာ ပညာဂုဏ် အတော်အတန်ရှိ၍ မာနတက်ကြွလိုသောစိတ်များ ပေါ်ပေါက်လာသော် မိမိထက် သာသူတို့ကို ကြည့်၍မာနကို ချိုးဖျက်နိုင်သည်။
(၅) ဆင်းရဲချမ်းသာသည်အဆုံး၌ စိတ်တွင် တည်၏။ စိတ်ကိုနိုင်သလောက် ချမ်းသာရ၏။
ဤ ကိုယ်တွေ့ ချမ်းသာရေး ဆေးနည်းများကို ရှင်လူအပေါင်းတို့အား လှူဒါန်း ဝေငှလိုက်ပါ၏။ သုံးစား၍ ချမ်းသာတော်မူကြပါစေသော်ဝ်။
**********************************
ဦးဖိုးကျား၏ ကိုယ်တွေ့ဝတ္ထုတိုများ
Comments