ထိုနေ့ နေ့ခင်းသည် တော်တော်ပျင်းဖို့ကောင်းသော မိုးရာသီ နေ့လည်ခင်း ဖြစ်ပါသည်။
ဆယ့်တစ်နာရီလောက်က မိုးက ကြမ်းကြမ်း ရွာသဖြင့် ကျွန်တော် တစ်မှေးလောက် ကွေးလိုက်သည်။ အခု အိပ်ယာက နိုးတော့ လူက လေးလံထိုင်းမှိုင်းနေသည်။ စိက်ကလည်း သွက်သွက်လက်လက် မရှိလှ။ မိုးတိတ်သွားသဖြင့် ပတ်ဝန်းကျင် စိမ်းစိုကာ ကြည့်၍ကောင်းနေသော်လည်း ကျွန်တော့်ခံစားချက်တွင် တစ်ခုခု လိုကာနေသည်။
ဒါနှင့် ဝရန်တာမှာထွက်ကာ ဆေးလိပ်ကလေး ဖွာရင်း လမ်းကို ငေးနေမိသည်။ ထိုစဉ်မှာပင်
"ကောင်လှိုင်းချည်မုန့်၊ ထန်းသီးမုန့်၊ မုန့်ဦးနှောက်" ဆိုသော နာမည်များကို ဆွဲဆွဲငင်ငင် အော်ကာ ဖြတ်သွားသော ကောင်မလေးတစ်ယောက်ကို မြင်သည်။
မုန့်ကလေးဝယ်ပြီး ရေနွေးကြမ်းကလေးနှင့် တီးရမလားဟု ကျွန်တော် စဉ်းစားသည်။ သို့သော် ဆုံးဖြတ်ချက်က မကျ။ လူက တွေတွေဝေဝေဖြစ်ကာနေ၏။ ဈေးသည်ကတော့ ကျွန်တော် ချီတုံချတုံဖြစ်နေတာကို သိဟန်မတူ။ သူ့ပုံမှန်ခြေလှမ်းနှင့် ပုံမှန်အသံကို အော်ကာ လျှောက်သွား၏။
ခဏကြာတော့ လေဒီချပ်ပြားက သူ့ဗိုက်ကလေးကို လက်နှစ်ဖက်ဖြင့် အသာပင့်ကာ အိမ်ရှေ့သို့ ရောက်လာ၏။ ကျွန်တော့်လေဒီချပ်ပြားက ကိုယ်ဝန်လေးလကျော်ကျော် ရှိနေပြီဖြစ်၏။
"တစ်ခုခု စားမလားလို့ကွာ"
"စားလေ...၊ ကလေးလည်း ဆာနေတာ၊ ထမင်းဆာတာလည်း မဟုတ်ဘူး"
"ခုနက ထန်းသီးမုန့်သည်တော့ လာတယ်ကွ။ ခေါ်လိုက်ရင် အကောင်းသား။ စဉ်းစားနေတာနဲ့"
"ကလေး ကြားသားပဲ၊ အဲဒါနဲ့ ထလာတာ။ ခေါ်လိုက်ရင် ပြီးရော.."
ကျွန်တော် တွေဝေနေမိသောစိတ်ကို စိတ်ထဲမှာ အပြစ်တင်ရင်း လမ်းမကိုသာ သိမသာ ငေးနေမိ၏။ ကျွန်တော်သာ ခေါ်မိခဲ့ ရင် ထန်းသီးမုန့်ကလေးနဲ့ရေနွေးကြမ်း ဘယ်လောက်ကောင်းမလဲဟု တွေးနေမိသည်။ ခဏနေရင် စားစရာတစ်ခုခု လာဦးမှာပဲဟူသော မျှော်လင့်ချက်နှင့်သာ လမ်းမကို ငေးကြည့်နေရသည်။
ကျွန်တော်တို့ရပ်ကွက်တွင် အိမ်ကြီးအိမ်ကောင်း များသည်။ စားစရာ ပြုစရာရောင်းသော ဈေးဆိုင်မရှိ။ တစ်ခုခုစားချင်လျှင် သုဝဏ္ဏလမ်းဆုံ ထွက်ချင်လျှင်ထွက်၊ မထွက်ချင်လျှင် အိမ်ရှေ့က လာသော ဈေးသည်ကို မျှော်၊ ဒါပဲရှိသည်။
ကျွန်တော်တို့ လမ်းတစ်ဘက်ထိပ်မှာ ဆေးလိပ်၊ ကွမ်းယာနှင့် ဇီးထုပ်ကလေးတွေ ဘာတွေရောင်းသော အိမ်ဆိုင်ကလေးမှလွဲ၍ ဘာမှမရှိ။ ဒါနဲ့ လမ်းမကို မျှော်နေတုန်း "မှန်ဘီဒိုတွေ၊ ကုလားထိုင်တွေ ပါတယ်"ဆိုသော ဈေးသည်နှစ်ယောက် လာ၏။
ကျွန်တော် ပြုံးကာ "စားမလား" ဟု လေဒီချပ်ပြားကို မေးသည်။
ကျွန်တော့်လေဒီချပ်ပြား က ဘာမှမပြော၊ မျက်စောင်းကလေးပင် မထိုး။ သူ့ကို မပြောသလိုပင် ပုံမှန်မျက်နှာထားနှင့်ပင် ရှိကာနေ၏။
တစ်ခါတလေ ကျွန်တော့်မိန်းမကို စရတာ တော်တော်ပျင်းဖို့ကောင်းသည်။ ကိုယ်က ဂွင်ကလေးကြုံလို့ စ,သည့်အခါမျိုးတွင် သူက နားမလည်၊ မသိ။ အဲဒီအခါ စ,သည့်လူက အားလုံးကို ရှင်းပြရ၏။
ဒီတော့လည်း သူက "ဪ"..ဟုသာ တစ်ခွန်းတည်း ပြောတတ်သည်။ ဟာသစာရေးဆရာက ဟာသမရှိသောမိန်းမနှင့် ညားတာ တော်တော်ပျင်းစရာကောင်းသည်ဟု ကျွန်တော် တစ်ခါတစ်ခါ တွေးမိသည်။ အခု ကျွန်တော် စ,တာကို သူ မျက်စောင်းလောက်တော့ ထိုးသင့်သည်။ ဒါမှမဟုတ်ရင်လည်း "မောင်ပဲ စားပါလား"ဘာလား လောက်တော့ ပြန်ပြောသင့်၏။
နေလယ်ခင်း အိပ်ယာမှ နိုးကာစ လေးလံနေသောစိတ်ကို ရွှင်မြူးသွက်လက်စေခြင်းအလို့ငှာ ကျွန်တော် အားထုတ်လိုက်သော အားထုတ်မှုက အချည်းနှီးဖြစ်ကာသွား၏။
"ပြောင်းဖူးပြုတ်ပူပူလေး စားမလား၊ ပြောင်းဖူးကို ခြွေပြီး ဆီဆမ်း၊ ဆားကလေးဖြူးပြီး လုပ်ပေးမယ်"
"ငါက ကိစ္စမရှိဘူး၊ မင်းက အဓိက။ ပြောင်းဖူးက အစာမကြေဘူးကွ။ အထဲမှာက ကလေးနဲ့"
အမှန်တော့ ကျွန်တော်စားချင်ပါသည်။ ဒါပေမဲ့ ခုနကကိစ္စကို မကျေမနပ်ဖြစ်ကာ တမင်ရွဲ့ပြောလိုက်ခြင်းဖြစ်၏။ ပြောင်းဖူးပြုတ်သည်သည်လည်း တကြော်ကြော်အော်ရင်း အိမ်ရှေ့မှ ဖြတ်ကာသွားသည်။ ကျွန်တော်တို့နှစ်ယောက်လည်း တိတ်ကာသွား၏။
ခဏကြာတော့ "ဟောဒီက ကောက်ညှင်းပေါင်းပူပူလေး"ဟူသော အော်သံကို ကြားရ၏။ ကျွန်တော် ထကာ ရပ်လိုက်သည်။
အိမ်မှာ မနက်က အာပြဲခြောက်ဖုတ်ထားတာ ရှိသည်။ ကောက်ညင်းပေါင်း ပူပူကလေးနှင့် အာပြဲခြောက်ဖုတ်ကို စိတ်ကူးထဲမှာ စားကြည့်တော့ အရသာက လျှာဖျားပေါ် တက်လာ၏။
"လာပါဦး"
"ကောက်ညှင်းပေါင်းက ပိုတောင် အစာမကြေသေးတယ်"
"မင်းမစားချင် နေလေ...၊ အာပြဲခြောက်နဲ့ စားမလို့။ ကောက်ညှင်းပေါင်းပူပူနဲ့ အာပြဲခြောက်၊ ရေနွေးကြမ်း။ ရှယ်ပဲ..."
ဒီတော့မှ လေဒီချပ်ပြားက မျက်စောင်းထိုးတော်မူသည်။ ကျွန်တော် အောက်ထပ်သို့ဆင်းကာ ပန်းကန်ကိုင်၍ ထွက်ရသည်။
"ကောက်ညှင်းပေါင်း ပူလား"
"ပူတယ်အစ်ကို၊ အခုမှ ထွက်လာတာ။ ငချိတ်လား...ရိုးရိုးလား"
"ပြစမ်းပါဦးဟ"
ဟုတ်ပါသည်။ ကောက်ညှင်းပေါင်းက အငွေ့ထောင်းခနဲ ပူလိုက်သည့်ဖြစ်ခြင်း။
တောင်းထဲမှာ ငချိတ်နှင့်အဖြူ နှစ်ကန့်ရှိသည်။ ကောက်ညှင်းဖြူက ဘိုကိတ်ပဲကလေးတွေနှင့်။ ကျွန်တော် တော်တော်သဘောကျသွား၏။
"ဘယ်လိုရောင်းသလဲ"
"အနည်းဆုံး အစိတ်ပါ အစ်ကို"
"အေး...ဒါဆို အစိတ်ဖိုးစီ ထည့်။ တစ်မျိုး အစိတ်ဖိုးစီ "
ကောက်ညှင်းပေါင်းတွေက ပူလွန်းသဖြင့် ကောင်မလေးက သူ့လက်ကလေးကို မှုတ်ကာမှုတ်ကာ ထည့်ရသည်။ သူ၏ တစ်ခါပြင် အစိတ်က သိပ်မများလှ။ ကျွန်တော်တို့နှစ်ယောက်စားလျှင် ဝ၀လင်လင်ရှိလိမ့်မည်မဟုတ်။
"ကဲကဲ... ငါးဆယ်ဖိုးစီ ထည့်ဟာ"
ကောင်မလေးက တစ်ချက် မော့ကြည့်ကာ ထည့်သည်။
ငါးဆယ်ဖိုးဆိုတာ အစိတ်ဖိုးနှစ်ဆဖြစ်သော်လည်း ငါးဆယ်ဖိုးကျတော့ နည်းနည်းများသည်။ ကျွန်တော် ကျေနပ်ကာသွားသည်။ ဒါ လူ့သဘာဝဖြစ်တတ်သည်လား မသိ။ အစိတ်ဖိုးသည်လည်း လက်သီးဆုပ် တစ်ဆုပ်ဆိုလျှင် ငါးဆယ်ဖိုးက လက်သီးဆုပ် နှစ်ဆုပ်ဖြစ်ရမည်။ အခု ထိုအနေအထားထက် များသည့်အတွက် ကျွန်တော် ကျေနပ်ကာသွားခြင်းဖြစ်၏။ နှမ်းထောင်းဖြူး၊ အုန်းသီးခြစ်ထည့်ပြီးတော့ ကျွန်တော် ပိုက်ဆံထုတ်ကာပေးသည်။ အဲဒီတော့မှ ပြဿနာက တက်တော့၏။
"တစ်ထောင်တန်ကြီး၊ ကျွန်မမှာမရှိဘူး အစ်ကို။ အခုမှ ဈေးဦးပေါက်တာ၊ နှစ်ရာတန် မရှိဘူးလား"
"ခဏနေဦးဟ၊ ကလေးရေ...နှစ်ရာတန်ရှိလား"
ကျွန်တော် အိမ်ပေါ်ကို လှမ်းအော်တော့ လေဒီချပ်ပြားက "မရှိဘူး"ဆိုသော စကားတစ်ခွန်းကိုသာ ပြော၏။
ကျွန်တော် ခဏ စောင့်ခိုင်းထားကာ အိမ်ပေါ်တက်ပြီး ပိုက်ဆံအိတ်ထဲမှာ ကြည့်တော့ အကြွေက ခြောက်ဆယ့်နှစ်ကျပ်သာရှိ၏။ ကျွန်တော် တော်တော်စိတ်ညစ်ကာသွား၏။ ဒီပိုက်ဆံကိုပေးကာ နောက်နေ့မှ လာယူပါဟုပြောလျှင်လည်း ငွေလေးဆယ်နီးပါးကို သူ ထားခဲ့ချင်မည်မဟုတ်။ ပြီးတော့ ဒီဈေးသည်ကောင်မလေးက ကျွန်တော်နှင့် မရင်းနှီး။ ဝယ်ပြီးသားတွေကို တစ်ပုံပြန်ထည့် ဆိုပြန်တော့လည်း နှမ်းထောင်းတွေဖြူး၊ အုန်းသီးတွေ ထည့်ပြီးမှ ရမည်မဟုတ်တော့။
"ငါ့မှာလည်း အကြွေက ခြောက်ဆယ်ပဲရှိတာ။ လာလာ...ငါ လိုက်အမ်းပေးမယ်"
"ရတယ်...အစ်ကို"
ကောင်မလေးက တောင်းကို ရွက်ကာ နောက်မှလိုက်သည်။ ကျွန်တော်က ဟိုဘက်လမ်းထိပ်က အိမ်ဆိုင်ကလေးကို သွားရသည်။ ကျွန်တော့်မှာသာ နှစ်ရာတန်တစ်ရွက်ရှိလျှင် နောက်တစ်ရာဖိုး ထပ်ထည့်ဟု ပြောမိမှာ သေချာသည်။ အိမ်ဆိုင်ကလေးကိုရောက်တော့ ကောင်မလေးက သူ့ကောက်ညှင်းပေါင်းတောင်းကို အိမ်ဆိုင်ကလေးရှေ့က ခုံတန်းလေးမှာ ချ၏။ ကျွန်တော်က ဒီအတိုင်း တစ်ထောင်ဖိုး အကြွေအမ်းပါဟုဆိုလျှင် ခက်ခဲမည်ဆိုတာ သိသည့်အတွက် စီးကရက် လေးလိပ် ဝယ်လိုက်၏။
"ဟဲ့...ထောင်တန်ကြီးလား ဒုက္ခပဲ"
အိမ်ဆိုင်ရောင်းသူ အဘွားကြီးက အလန့်တကြား အော်သည်။ ငွေရှစ်ဆယ်နှင့် ထောင်တန်ကိုအမ်းဖို့ သူ စိတ်ညစ်သွားဟန်တူ၏။
"အမ်းပေးပါ အဘွားရယ်၊ ဒီမှာလည်း ဈေးဝယ်ပြီးလို့ အကြွေမရှိတာနဲ့"
အဘွားကြီးက ကောက်ညှင်းပေါင်းသည်ကလေးကို ကြည့်ကာ " ဪ" ဟု တစ်ခွန်းပဲ ပြောကာ သူ့သံဗုံးထဲက ပိုက်ဆံတွေရော၊ ထုတ်တန်းမှာ ညှပ်ထားတဲ့ ပိုက်ဆံတွေရော အိမ်ထဲကို ဝင်ကာပင် ယူရသေး၏။
အမ်းရသဖြင့် ကျွန်တော်ဝမ်းသာပါသည်။ ပြီးတော့ ကျွန်တော့်ကိုပေးသည့် (အမ်းသည့်)ငွေထဲတွင် မှတ်မှတ်ရရ တစ်ရာတန်တစ်ရွက်သာပါသည်။ ကျန်တာ အကြွေတွေချည်းသာဖြစ်သည်။
ကျွန်တော် အားရဝမ်းသာ သူရေတွက်ပြီးသော ငွေတွေကို ယူကာ အလှည်တွင် ထိုဆိုင်ကလေးရှေ့မှာရှိသည့် မြောင်းကို ခင်းထားသော တံတားက ကျိုးကာကျသည်။
ရုတ်တရက် ယိုင်သွားသော ခန္ဓာကိုယ်ကို ထိန်းဖို့ လှမ်းကိုင်လိုက်မိတာက ကောက်ညှင်းပေါင်းတောင်း ဖြစ်ကာနေ၏။ ကောက်ညှင်းပေါင်းတောင်းသည် ကျွန်တော့်လက်နှင့် တိုက်မိကာ အောက်က ဗွက်ရေမြောင်းထဲ ဇောက်ထိုးကျကာသွား၏။ အော်သံတွေ အံ့ဩသံတွေ ဆူညံကာသွား၏။ ကျွန်တော် လဲနေရာက ကမန်းကတန်း ထရပ်တော့ ကောက်ညှင်းပေါင်းတောင်းက ဗွက်ရေမြောင်းထဲကို တအိအိထိုးကာ ဆင်းနေဆဲ ရှိသေးသည်။
"အစ်ကိုလုပ်တာ၊ အစ်ကိုလုပ်တာ၊ အစ်ကို့လက်နဲ့ ထိတာ"
ကောက်ညှင်းပေါင်းသည်ကလေးက တအားကြုံးကာ အော်သည်။
"အေးပါဟာ...ငါသိပါတယ်၊ ငါလည်း လဲသွားတော့ ..."
"ဒီမှာ အကုန်သွားပြီ အစ်ကို၊ ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"
"အေးပါဟာ..၊ ကဲ... နင် အိမ်ပြန်လိုက်ခဲ့တော့"
ကောက်ညှင်းပေါင်းတောင်းထဲကို ဗွက်ရေတွေဝင်ကာ အားလုံးပျက်စီးသွားပြီဖြစ်ကြောင်းကို ကျွန်တော်သိပါသည်။
အိမ်ကိုရောက်တော့ လေဒီချပ်ပြားက မျက်မှောင်ကို ကြုတ်ကာ ကြည့်နေ၏။
"ကလေး... ငါ့ပိုက်ဆံအိတ် ပေးစမ်းကွာ"
"ဘာဖြစ်လို့လဲ"
"မေးမနေနဲ့တော့ကွာ၊ ပိုက်ဆံအိတ်သာ ပစ်ချလိုက်၊ ကဲ...ညီမ ဘယ်လောက်ပေးရမလဲ"
"လေးထောင်တော့ပေး အစ်ကို၊ ကျွန်မ ရောင်းရင် အဲဒီလောက် အမြဲရတာပါ။ ကျွန်မလည်း မလိမ်ပါဘူး၊ ရေတွေစိုကုန်မှ ရောင်းလို့မဖြစ်တော့လို့ တောင်းရတာပါ"
ကျွန်တော် ဘာမှမပြောတော့ပါ။ ထောင်တန် လေးရွက်ကို ထုတ်ကာ ပေးလိုက်၏။
လေဒီချပ်ပြားက ဇာတ်လမ်းအစုံကို သိကာ သုံးထောင်နှင့် စျေးဆစ်နေသေးသည်။
ကျွန်တော်က မဆစ်ဖို့ တားကာ ပေးလိုက်ပါသည်။ ထိုထောင်တန်များကတော့ အမ်းစရာမလိုတော့သဖြင့် ကောင်မလေးက တောင်းကို ခါကာ ထွက်သွားသည်။
ကျွန်တော် မောသွားကာ စီးကရက်တစ်လိပ်ကို ဖွာပြီး အိမ်ပေါ်မတက်သေးဘဲ အောက်မှာထိုင်နေမိသည်။ ထိုအချိန်တွင် အိမ်ပေါ်မှ လေဒီပြားချပ်၏ခေါ်သံကို ကြားရသည်။
"ဒီမှာ အာပြဲခြောက်နဲ့ လေးထောင်တန် ကောက်ညှင်းပေါင်း လာစားဦးလေ"
-----------------
နီကိုရဲ
သောကြာကြိုက်သောစာစုများ မှ
Comments