Skip to main content

လှတစ်မျက်နှာ-ဂျာနယ်ကျော်မမလေး

 



လှမြတ်သက်မူ ၏အမည်ရင်းမှာ​ မလှမူဖြစ်သည်။ ကော​လိပ်ကျောင်းသို့​ရောက်သည့်နှစ်တွင် ကော​လိပ်ကျောင်း၌ မူမူဟု အမည်တွင်ကာမူမူဟူ၍လူသိသူသိများခဲ့၏။​ မယ်တက္ကသိုလ်​ အရွေးခံရသည့်နှစ်၌ တိုင်းသိ​ပြည်သိသတင်းစာထဲတွင်​ ပုံနှိပ်စာလုံးနှင့်​နာမည်ဖော်ပြကြေညာအံ့ဆဲဆဲ​ သတင်းထောက်များကို​ လှမြတ်သက်မူ​ ဟူ၍ စိတ်တိုင်းကျနာမည်ရှည်ကြီးဖြည့်​စွက်မှည့်ပေးလိုက်လေ၏။


ထို့ကြောင့်​ မလှမူသည်​ မူမူအဖြစ်မှ လှမြတ်သက်မူ ဖြစ်​လာရပေသည်။ လှမြတ်သက်မူဆိုသော​ အမည်သည် မယ်တက္ကသိုလ် အရွေးခံရသည့်နှစ်၌တစ်ကြိမ်၊ဘိလပ်ပြန်ကိုဘမောင်နှင့်မင်္ဂလာဆောင်စဉ်က​ တစ်ကြိမ်ဤနှစ်ကြိမ်သည်သာလျှင်​ ပုံနှိပ်စာလုံး၌ အမည်​တွင်​ လိုက်ရလေသည်။ ယခုတော့လည်း​ မစ္စက်ဘမောင် ဖြစ်နေရ၏။


မူမူသည်သံရုံးတစ်ရုံးမှပေးပို့လိုက်သောဖိတ်စာကတ်ကို ခုံပေါ်မှဆွဲယူကာ​ အိပ်ချင်မပြေ့တပြေ မျက်လုံးဖြင့် ဖတ်ကြည့်သည်။ ဖိတ်စာထဲ၌ မစ္စတာနှင့် မစ္စက်ဘမောင်ဟု ပါရှိ၏။ ယဉ်ကျေးမှုအဖွဲ့နှင့် မိတ်ဆက်တွေ့ဆုံရန် သံရုံးက ဖိတ်ကြားခြင်းကြောင့် ဧည့်ခံပွဲ၌ ယဉ်ကျေးမှုကပွဲ ကပြလိမ့်မည်ဆို၍ သွားချင်​ စိတ် ပေါ်လာလေသည်။


မူမူသည် ဖိတ်စာကတ်ကို ခုံပေါ်သို့​ ပြန်တင်​ လိုက်သည်။ လက်မြှောက်၍နာရီကြည့်လိုက်သည်။ ညနေလေးနာရီ မထိုးသေး၍ စောသေးသည်ဟု မျက်လုံးများမှိတ်လျက် ပြန်မှိန်းပြန်သည်။မူမူ့ဘေးတွင် ကိုဘမောင် အိပ်မောကျနေသည်။ ကိုဘမောင်မှာ နေ့လယ်တစ်နာရီလောက် ထမင်းစားပြီး တစ်ရေးအိပ်တတ်၏။ ညနေငါးနာရီလောက်ထမှအိပ်ရေးဝသွားသည်။ မူမူသည် ကိုဘမောင်နှင့်​ လက်ထပ်ပြီးနောက်​ နံနက်​ထ​မင်းစားပြီး​ ကျောခင်းရမှခေါင်းမကိုက်တတ်သူမို့နေ​ကုန်နေခန်း​ အိပ်တတ်ကြသည့်​ အကျင့်ချင်း တူကြလေသည်။


မူမူတို့လင်မယားမှာနတ်ဖက်သည့်လင်မယားဟုလူပြောများသည်။အအိပ်စုံမက်သလိုအစားစုံမက်ရာ​၌ လည်းနာမည်ရလောက်အောင်ဖက်မိကြသည်။ညစာထမင်းစားပြီးတင်းမတိမ်တတ်ခြင်းကြောင့်ညတိုင်းဆိုသလိုပင်​ အိမ်က​ ထွက်သည်။ တရုတ်တန်း၊ ကုလားတန်းသို့ တစ်ပတ်ကျော့မှသာဝမ်းအေးသွားကြသည်။


ကိုဘမောင်ဘိလပ်မှ​ ပြန်ကာမူမူနှင့်​ လက်ထပ်ပြီးက​တည်းကပင်ပင်ပန်းပန်းအလုပ်လုပ်သူမဟုတ်ပေ။ လ​ခစား​ အစိုးရအလုပ်လုပ်ရန်​ စိတ်ပျက်သည်ဟု​ အ​ကြောင်း​ပြကာ​ ရှောင်သည်။ စက်မှုလက်မှု​ ကိုယ်ပိုင်လုပ်ငန်းကြီးတစ်ခုခုတည်ထောင်ရန်မူမူ၏မိဘများကအရင်းအနှီးထုတ်ပေးမစချင်သည်ကိုပင်​ ခေါင်းရှုပ်စ​ရာတာဝန်ဟူဟူသရွေ့တို့နှင့်လွတ်လွတ်ကင်းကင်းရှိအောင်ငြင်းလေသည်။


ကိုဘမောင်သည် လက်ထပ်ပြီး ဝတ်လုံတော်ရ ဆိုင်း​ဘုတ်ကလေးကို မဟာဗန္ဓုလလမ်း၌ သွားချိတ်ထားလိုက်ကာ ၁ဝ ရက်နေမှ တစ်ရက်လောက် ရုံးတက် သူဖြစ်သည်။ ကိုဘမောင်မှာ သားသမီး​ မရှိ၊ အိမ်​ထောင်သက်တစ်လျှောက်လုံး ပူပင်ကြောင့်ကြကင်းသည်။မူမူနှင့်လက်ထပ်ပြီးငွေတိုးချေးစားသောယော​က္ခမတိုက်ပေါ်တွင်​ ရုံးတက်ချင်မှတက်သော​ အလုပ်နှင့် ငါးနှစ်ခန့် အေးအေးဆေးဆေး နေခဲ့လေသည်။ယောက္ခမများ သေဆုံးကုန်၍ ခယ်မအိမ်ထောင်စုနှင့် အတူတူစုနေကြရာ မျက်နှာပူတော့မှ ယောက္ခမတိုက်ပေါ်မှ ဆင်းခဲ့ပြီး ဦးလေးအိမ်သို့ ပြောင်းရွှေ့လာခဲ့ကြသည်။


ကိုဘမောင်၏ ဦးလေး​ အတွင်းဝန် ဦးဘသောင်းမှာ သားမယားမရှိ၊ မုဆိုးဖိုကြီးဖြစ်သည်။ ဦးဘသောင်းအိမ်၌ အိပ်ခန်းတစ်ခန်း စိုးပိုင်ထားကြသောကြောင့် အိမ်လခအတွက် ပူပင်သောက ကင်းသည်။


ထမင်းစားချိန် ကျရောက်နေလျှင် အခန်းတံခါးဖွင့်၍ စားပွဲ၌ ဆင်းစားကြရန် အဆင်သင့်ရှိနေ၏။ အဝတ်အ စား၊ အခြားအသုံးအစွဲစရိတ်များအတွက် ယောက္ခမတိုက်ခန်း လခဝင်ငွေများ မှန်မှန်ရှိလေသည်။


အတွင်းဝန်ဦးဘသောင်းအိမ်ပေါ်၌ ခရီးဝေးမှ​ ခေတ္တတည်းခိုနေသောဧည့်သည်အချိုးအတိုင်းနေ့ရှိသရွေ့ဧည့်သည်​ လုပ်နေကြလေသည်။ အတွင်းဝန်​ ဦးဘသောင်းမှာ အိမ်ကပ်သူမဟုတ်ချေ။ ရုံးနှင့် ကလပ်နှင့် အချိန်ကုန်သူဖြစ်သည်။


မူမူသည် ပြန်မှိန်းနေရင်း ညပွဲဝတ်ရန် သေတ္တာထဲမှ ထဘီများကို ရွေးချယ်စိတ်ကူးလျက်ရှိသည်။ ယခုတလော ညပွဲများ၌ အနက်ခေတ်စား၏။ညပွဲတွင်အများအားဖြင့်​ မျက်နှာဖြူမများ​ အနက်​ ဝတ်ဆင်လာကြသည်။ မြန်မာမများလည်းအနက်ရောင်ဝတ်ကြကာ ခေတ်စားနေချေသည်။ အချို့မှာ ထဘီအနက်၊ အင်္ကျီအနက်ပါချုပ်ဝတ်နေကြပြီ။ မူမူသည် အင်္ကျီလုံချည်အနက် ဝတ်ချင်လျက်တစ်ခုသောအကြောင်းကြောင့် အောင့်နေရသည်။အနက်ထဲ၌ မည်းညစ်ညစ်ဖြစ်သွားမည့် ညိုပြာသောအသားကို ငဲ့နေရသည်။


သေတ္တာထဲ၌ ရှိသော​ ထဘီများအနက်​ ကုလားပြည်မှလူကြုံနှင့်​ မှာလိုက်သော​ ဆာရီအနက်တော့​ စိတ်​ပျက်သည်။ဆာရီထဘီအနက်မှာပွဲအပေါင်းပေါင်းနွှဲခဲ့ပြီး၍အထပ်ထပ်ထပ်နေချေပြီ။ ရွှေခက် ငွေခက်များ နွယ်ထားသော​ အဝါနုနုကလေးကိုဝတ်သွားရန် စိတ်​ကူးကြည့်ပြန်သည်။ သည်ထဘီမှာ​ မင်္ဂလာဆောင်ပွဲ​ထိုင်သာ ရွေးဝတ်ခဲ့သည်။ အကြိမ်အရေအတွက် သိပ်မထပ်သေးပေ။ဝါနုနုကလေးကိုဝတ်သွားမည်ဟု စိတ်​ကူးကာမှ ထဘီက အောက်မှခံဝတ်ရမည့် အတွင်းခံ ပိတ်ထဘီကတစ်မှောင့် ဝင်နှောက်နေပြန်သည်။


မူမူသည်အဝတ်လျှော်ရန်သူ့လက်ကလေးများ ပုံပျက်သွားမှာ စိုးပူသည်။မူမူ၏လက်ချောင်းကလေးများ ခုံပေါ်၌ချလိုက်လျှင် ကျောက်စရစ်ခဲကလေးများခုံပေါ်တွင်​ ပုံချလိုက်က​ ထွက်လာမည့်​ အသံကဲ့သို့ပင်“ဂျလောက်” ဟု​ မြည်ထွက်သွားတတ်လေသည်။ လက်​သည်းခွံများကို လက်ဆစ်တစ်ဆစ်ခန့် ကာလအတန်​ကြာ ဇွဲနပဲနှင့်အရှည်ကြီး မွေးထားကာ ဆေးနီနီရဲရဲကြီး ဆိုးထားလေသည်။


အတွင်းခံပိတ်ထဘီသည်အောက်က ခံဝတ်ထားသော အဝတ်ဖြစ်၍ ဖြူဖြူမည်းမည်း လူမမြင်ဟု ချုပ်က​တည်းကမလျှော်မဖွပ်ဘဲဝတ်ခဲ့သည်မှာငါးလလောက်​ရှိတော့မည်။ တစ်ခါတုန်းက​ ခုတင်ခြေရင်းတွင်​ ပိတ်ထဘီကိုကွင်းလုံးပုံချွတ်ထားခဲ့စဉ်ဘိလပ်ပြန် ကိုဘမောင်သည် ညစ်မည်းနေသော ပိတ်ထဘီကို အဝတ်ဟောင်းတစ်ခုအမှတ်ဖြင့်နောက်ပိတ်ဖိနပ်ပွတ်သုတ်​သွားခြင်းကြောင့် ဟောင်းရာမှ ပိုညစ်သွားသည်။


မူမူသည်​ ပဝါသားကဲ့သို့​ ခပ်ပါးပါး​ ရွှေထဘီ​ ပျော့အောက်၌ ညစ်ထပ်ထပ်ပိတ်ထဘီကို​ ထပ်မံ​ စိတ်ကူးကြည့်ရာတွင်ဝါနုနုရွှေထဘီမှာ ခဲသားရောင် ပြောင်းသွားလျက် ညိုညစ်ညစ်ဖြစ်နေကာ အဟောင်းနှင့်တူနေတော့သည်။ ခုနေအလျှော်လည်းညပွဲအမီ ခြောက်နိုင်မည်မဟုတ်၍ ပိတ်ထဘီဟောင်းနှင့် ခံဝတ်၍ ဖြစ်မည့် ထဘီများကို ရွေးရ၊ စိတ်ကူးရပြန်လေသည်။


ဟိုတစ်ထည်လည်း​ မကြိုက်၊ သည်တစ်ထည်လည်း နေရာမကျ။ တစ်ထည်ပြီးတစ်ထည် စိတ်ကူးဖြင့် ရွေးရှာကြည့်သည်ပင် အမောသား၊တစ်ထည်စီတစ်ထည်စီရွေးရင်းရင်ထဲ၌ကျပ်ချင်သလိုလို၊ခေါင်းသည်လည်းအုံတုံတုံ၊နားထင်ထဲသွေးရောက်လာကာ တစ်ထည်မှ စိတ်တိုင်းမကျချေ။


မူမူနှင့်​ ကျောချင်းကပ်လျက်​ တခေါခေါ​ ဟောက်နေသော​ ကိုဘမောင်၏ အသံကြီးမှာ​ အာခေါင်တွင်​ကပ်​၍ လျှာလိပ်ဟောက်နေခြင်းကြောင့်လက်တလောနား​ထင်ထဲ​ သွေးရောက်လာသော​ ဝေဒနာကို​ တိုးလာစေ​သည်။ လျှာနှင့်​ လိပ်ထွက်နေသော​ အပြင်းအထန်ဟောက်သံကြီးသည်နားကျိန်းလာသည်။မူမူသည်ကိုဘမောင်၏ ခါးကို​ တံတောင်နှင့်​သုံးလေးချက်ဆောင့်တွက်ပစ်လိုက်သည်။


ကိုဘမောင်၏ ဟောက်သံသည်​ တုံ့ဆိုင်းသွားသည်။ အင်... ဆိုသော အသံကြီးကိုကြာရှည်ဆွဲကာ လေးတွဲ့တွဲ့ ညှစ်ထုတ်လျက် ပက်လက်လန်လှန်လိုက်သည်။မကြာခင်သောအချိန်ကာလအပိုင်းအခြားအတွင်းကိုဘမောင်သည်​ တစ်ဖက်သို့​ ပြန်စောင်းသွားကာ ဟောက်သံကြီး ပေါ်ထွက်လာပြန်သည်။


မူမူသည်​ အိပ်ရာမှ​ ငေါက်ခနဲ​ ထလိုက်သည်။ ကိုဘမောင်၏ လက်ပြင်ကြီးကို​ လက်သီးနှင့်​ ထုပစ်ခဲ့ကာစိတ်နှင့်​ မာန်နှင့် ခုတင်ပေါ်မှ ဆင်းလိုက်လေသည်။ကြမ်းပြင်ပေါ်၌ အမှုန့်များ ပက်ဖြူးထားသကဲ့သို့ ဖုံနေသော ဖုန်တို့သည်ဒေါနှင့်​ မောနှင့် နင်းသွားသော ခြေရာတွေကို ပုံကျကျတသီကြီးဖော်ပြကြလေသည်။


မူမူသည်​ ခုတင်ခြေရင်းရှိ​ မှန်ခုံရှေ့၌ ရပ်ကာ​ မှန်ထဲကြည့်လိုက်သည်။မှန်သားပေါ်၌အကွက်များ၊အစက်များဖြင့်ရှုပ်ရောမှေးမှိန်နေသဖြင့်အားမရ၍ မျက်နှာနှင့်​ မှန်နှင့်​ ကပ်ကာ​အားပြု၍ ကြည့်ရလေသည်။နေ့​လယ် တစ်ရေးဝဝကြီး အိပ်ထားသောကြောင့် မျက်ခွံကလေးသည်မို့နေသည့်အတွက်ကျေနပ်သွားသည်။မျက်ခွံအထက်ကမျက်ခုံးနှစ်ဖက်မှာ​ တင်ထားသလိုတန်းသွယ်လျက်ရှိ၏။ အရင်းတုတ်တုတ်၊ အဖျားသွယ်သွယ်၊ မပါးမတူရှိအောင်ဂရုစိုက်လျက် နေ့စဉ်နှင့်​ အမျှ ပြုပြင်ပေးသည်။ မျက်ခုံးကို ပုံကျမကျစစ်​ဆေးကြည့်နေရင်းကျောင်းနေဖက်မေဂျာဖေသက်ကိုသွားသတိရသည်။မေဂျာဖေသက်မှာနိုင်ငံခြားသွားမည်ဖြစ်၍ အကယ်၍ ညပွဲ၌ဆုံမိကြလျှင် မျက်တောင်မွေးကြီးများအထက်သို့ ကော့မတင်ပေးနိုင်သော ကိ​ရိယာတန်ဆာပလာများမှာလိုက်ဖို့ရာသတိထားလိုက်လေသည်။


မူမူသည်​ မှန်ပေါက်ထွက်မတတ်မျက်နှာနှင့်​ မှန်အပ်​ထားလျက်စင်းကျနေသော နှာတံကလေးကို သုံးလေးခေါက်မျှ တည့်တည့်၊ဘေးစောင်းလုပ်ကြည့်နေသည်။သုံးလေးခေါက်စလုံးအားရနှစ်သိမ့်သွားလေ၏။


ကောလိပ်ကျောင်း၌အမည်မသိသောသူများကမူမူကိုနှာတံပေါ်ပေါ်နှင့်​ ဟု​ ဝိသေသ​ အထူးအမှတ်သားပြုပြောကြတာ​ ဘယ်တော့များမှမမေ့၊မှန်ကြည့်တိုင်းအ​မှတ်ရရရှိသည်။


ကျောင်းထွက်မှ​ အိမ်တွင်နေ့ရှိသရွေ့စားပြီးအိပ်၊အိပ်ပြီး​ စားရှိနေရ၍ ပုံပန်းပျက်ကာ​ အလွန်ဆူဖြိုးသောကိုယ်လုံး​ ကိုယ်ထည်ကြီးကို နည်းနည်းလေးမှ စိတ်တိုင်းမကျသည်မှတစ်ပါး ဘယ်တော့ကြည့်ကြည့် လှနေသောမျက်နှာ၏အလှကို အားအထားဆုံး ဖြစ်ပေသည်။


မူမူ၏အကြည့်သည် မျက်ခုံး၊ မျက်လုံး၊ နှာတံမှဆင်းလာခဲ့ကာ နှုတ်ခမ်းပေါ်တွင် ဝဲနေလေ၏။ မူမူသည် နှုတ်ခမ်းကလေးကိုစိမ်ပြေနပြေကြည့်နေရာက ခုတင်ဘေး၌ရှိသော စားပွဲခုံဘက်သို့ ဆတ်ခနဲလှည့်ကြည့်လိုက်သည်။စားပွဲခုံပေါ်၌ ကိုဘမောင်၏ အမှုတွဲများမှာအနေ့နေ့အရက်ရက်ကအတိုင်းဖရိုဖရဲပုံယိုင်လျက်ရှိ၏။ ကိုဘမောင်၏ ဆေးပြင်းလိပ်တိုများနှင့်​ ပြာပုံ​သည်လည်းပြန့်ကျဲလျက်ရှိနေ၏။ မနေ့ညက အိပ်ရာ​ဝင်ခါနီး စားထားကြသော မြေပဲလှော်ခွံများမှာ ခုံပေါ်​၌ ပွပွလျက် မနေ့ညက ပုံအတိုင်းပင်ရှိသည်။ 


ပုရွက်ဆိတ်များသည်​ မြေပဲခွံတွေထဲ၌ တပျော်တပါးကြီး​ အုံဖွဲ့ပြေးလွှားနေကြရင်း​ တစ်နေရာ၌ ရှိသောကွမ်း​ယာထုပ်ထဲသို့​ လမ်းမှားရောက်သွားကြရာမှ​ တ​သီတတန်းကြီး​ ပြန်ပြေးထွက်ကြလျက်နှုတ်ခမ်းပြတ်​သတ်နေသည့်​ နှီးခွက်စုတ်​ တင်ထားသော​ ရေတ ကောင်းအိုးပေါ်တွင်​ ကြောင်အိမ်လှေကားတက်ကြသ​လို​ ကွေ့ပတ်ပြေးတက်နေကြလေသည်။ ရေခွက်ထဲ၌ တစ်ဝက်ခွေနေသော စံပယ်ကုံးသည် ညှိုးဝါးနေကာ တစ်ဝက်မှာ ရေတကောင်းပေါ်သို့ ကြိုးစတန်းလန်းနှင့် တွဲလောင်းကျလျက်ရှိသည်။


ဘားမားစတား၊တိုင်းရင်းမေ၊စုံထောက်ဝတ္ထု၊ဟောလိဝုဒ်ရုပ်ရှင်စာစောင်များမှာနှစ်နှင့်ချီ၍ခုံပေါ်၌ ဖုန်လူးနေကြလေသတည်း။


မူမူသည်​ စားပွဲခုံသို့​ လှည့်ကြည့်လိုက်သည့်အခါ​ ခုံပေါ်၌ မြင်မကောင်းအောင်စုပေါင်းနေသော ဤအရာတွေကို မမြင်လေသည်၊ မြင်လေသည်မဆိုနိုင်။မက်စ်ဖက်တာ​ ကုမ္ပဏီမှ​ လက်ဆောင်ပေး၍ စားပွဲပေါ်၌ ထောင်​ထားသောရုပ်ရှင်မင်းသမီးဂျက်နက်လေး၏ ပုံကားကို ကွင်းကြည့်လိုက်သည်။


နှုတ်ခမ်းရဲရဲဆိုးထားသော ရုပ်ရှင်မင်းသမီး ဂျက်နက်လေး၏နှုတ်ခမ်းလေးကို​ စိုက်ပြီးကြည့်လျက်​ သူ့နှုတ်​ခမ်းလေးနှင့် ဆင်မဆင်၊တူမတူမှန်ထဲထည့်ပြီးကြည့်နေသည်။ အပေါ်နှုတ်ခမ်းသည်​ ခလယ်၌ ချိုင့်ကာအ​ထက်သို့.ခုံးမို့ပြီးမှ​ ကျသွယ်ရှူးလျက် အောက်နှုတ်​ခမ်းသည် ပွင့်အာလန်ကျနေသော နှင်းဆီပန်းနှင့် တူရမည်ဖြစ်သည်။


ဘာပြောပြော မျက်နှာပဲ စိတ်တိုင်းကျသည်။ မျက်နှာပဲ ကျေနပ်သည်။သည်မျက်နှာပိုင်ရှင်မျိုးသည် ဘာမျှအရေးထားစရာ မဟုတ်၊ ဘယ်လိုနေနေ ဘယ်လိုဝတ်ဝတ် လှသည်​ ချောသည်ပင်​ ဖြစ်ရမည်​ ဟု​ စိတ်ချယုံ​ကြည်လိုက်သည်။


မူမူသည်မှန်ဝအောင်ကြည့်ပြီးနဖူးပေါ်၌ ကောက်လိပ်ကျနေသောဆီနှင့်မထိရသည့်လှိုင်းဆံပင်ကို ကောက်​သည်ထက်​ ကောက်လိမ်စေရန်​ ရေမချိုးခင်​ ဝိုင်ယာ​ကြိုးနှင့်လိပ်ထားဖို့အတွက်ဝိုင်ယာကြိုးလိုက်ရှာလေ​၏။မှန်ခုံမှာရှေးရှေးက​ ပုံစံဘဲဥသဏ္ဌာန်မှန်တွင် သစ်​သား​ ပန်းပွင့်များဖြင့် ထွင်းကပ်ထားသည်။ ဆွဲအံအ​သေးလေးနှစ်ခု မှန်အောက်၌ရှိ၏။ ဆွဲအံကလေးနှစ်ခုကို ဖွင့်ရှာရာတွင်အထဲ၌ပစ္စည်းများပြည့်ကျပ်နေလေ​၏။ပြည့်နေသောပစ္စည်းများမှာဘာတွေမှန်းကျကျနနမမှတ်မိ။တစ်ခါမှလည်းမရှင်းမကြည့်၍ဘာတွေမှန်းသေသေချာချာမပြောနိုင်ချေ။ဓာတ်မီးခဲကြိုး၊ဝိုင်​ယာကြိုးသာအတွင်ရှာသည်။အထက်အံဆွဲငယ်လေးနှစ်ဖက်၌ မတွေ့၍ ခုံအောက်က အံဆွဲကြီးကို ဆွဲဖွင့်လိုက်သည်။


အံဆွဲထဲ၌ စိတ်ရှိ​လက်ရှိ​ ဖွေရှာပစ်​ လိုက်ရာ​ ကို​ဘမောင်​၏ အပေါ်အင်္ကျီ၊ ရှပ်အင်္ကျီ၊ စွပ်ကျယ်၊ ပုဆိုးစသော အဝတ်အထည်များမှာ မူမူ၏ ပန်းရောင်ကြိုးသိုင်းခုံမြင့်ဖိနပ်နှင့် လိပ်ထွေးလုံးပတ် ရှုပ်ပွသွားလေသည်။


အောက်အံဆွဲကို ဖွင့်ရှာပြန်သည်။ ချည်ထဘီ၊ ပိုးထဘီ၊ ထဘီတစ်ပတ်ရစ်တွေထိုးသိပ်ထည့်ထား၍ အံဆွဲနှင့် ညပ်နေသည်။ အီကွဲမှာတော်တော်နှင့်​ ဖွင့်မရ၊အားထုတ်ပြီး ဆောင့်ဆွဲဖွင့်တော့မှ ပွင့်တော့၍ ချွေးကျလာသည်။ ဆံပင်လိပ်ရန်​ ဝိုင်ယာကြိုးကိုင်​ အပူတ ပြင်း​လိုက်ရှာတော့မှအံဆွဲထဲ၌ယခင်လက မသန့်ရှင်းသောထဘီများမလျှော်ရသေးဘဲခေါက်ထိုးထည့်ထားကာ ွားတွေ့မိသည်။တစ်နေ့မှပဲတစ်နေ့မှပဲဟု လျှော်ရန် စိတ်မှတ်ထားလိုက်သည်။ အံဆွဲတစ်ခုလုံး မွေဖွကြည့်သော်လည်း​ ဝိုင်ယာကြိုးကိုမတွေ့သဖြင့် စိတ်​အိုက်အိုက်နှင့် ပြန်ဆောင့်ပိတ်ပစ်လိုက်သည်။


မှန်ခုံပေါ်၌ ရှိရှိသမျှ ဘူးခွက်တို့ကို ဖွင့်မှောက်​ ရှာ​သည်။ရေမွှေး၊ပေါင်ဒါ၊ခေါင်းလိမ်းဆီ၊မိတ်ကပ်စသော မက်စ်ဖက်တာများ ခုံပေါ်၌ရှုပ်ယှက်ခတ်သွားတော့မှဝိုင်ယာကြိုး​ ဘယ်မှာ​ ရှိမှန်း​ သတိရလေသည်။ မူမူသည် ခေါင်းအုံးအောက်၌ပြေးယူလေသည်။


ကိုဘမောင်သည်​ ဒုန်းဒိုင်း​ အသံဗလံများကြောင့်​ နိုးသွားလေသည်။မူမူသည်ဝိုင်ယာကြိုးယူရန် ခေါင်းအုံး​ကို မ.ဖယ်ပစ်လိုက်ရာ ကိုဘမောင်၏ မျက်နှာပေါ်သို့အုပ်ကျသွားသည်။


“ဟေ့… ဘာလုပ်နေတာလဲကွ” ကိုဘမောင်သည် မျက်နှာပေါ်ကျလာသောခေါင်းအုံးကိုခြေရင်းဘက်သို့ပစ်လိုက်ပြီးနောက် အာလေးလျှာလေးသံကြီးနှင့် မေးလိုက်သည်။“ထလေ ကိုရဲ့၊ ငါးနာရီထိုးတော့မယ်။ ညပါတီသွားရမှာ”ကိုဘမောင်မှာ အိပ်ရေးမဝသေးချေ။ ညနေခြောက်နာရီမှထကာ ရေချိုးအဝတ်လဲလည်း မူမူ့ကို သူက စောင့်ရဦးမှာ မြင်ယောင်သေးတော့၍ မထဘဲ ပြန်မှိန်းအိပ်ပြန်လေသည်။


မူမူသည် ရှေ့၌ ကျနေရမည့် လှိုင်းဆံပင်ကို ဝိုင်ယာ​ကြိုးနှင့် ညှပ်၍ ပူးလိပ်လိုက်ကာ နဖူးထိပ်၌ ကွေးစုထားလိုက်ပြီးနောက် ဆံပင်ကို ခပ်မြင့်မြင့်ဖြီး၍ လိပ်ခွေထုံးထား​ လိုက်လေ၏။ ခေါင်းဖြီးပြီး၍ အင်္ကျီများချွတ်ကာ ထဘီ​ ရင်ရှားလေ၏။​ ရေမချိုးဘဲ ညပွဲဝတ်သွားမည့်​ အင်္ကျီထဘီများကို​ အသင့်ထုတ်ထားရန်ရှိသေး၍ ခုတင်အောက်က​ သားရေသေတ္တာကြီးကို​ ဆွဲ​ထုတ်ယူလေသည်။



သားရေသေတ္တာအဖုံးပေါ်၌လက်တစ်လုံးလောက် ဖုန်တက်နေပုံမှာ ပေါင်မုန့်ပေါ်၌ ထောပတ်ထူထူ သုတ်ထားသကဲ့သို့​ ရှိ၍ မဖွင့်ရင်ဝူးခနဲ​ မှုတ်ပြီးမှဖွင့်သည်။အောက်က​ ခံဝတ်ရမည့်​ ပိတ်ထဘီညစ်မည်းမည်း​ မပေါ်နိုင်မည့်နီညိုရောင်တရုတ်ဇီလုံချည်ကို ဆွဲထုတ်လိုက်သည်။ နီညိုရောင်လုံချည်နှင့်ဝတ်သွားမည့် နိုင်​လွန်ပန်းရောင်​ အင်္ကျီလက်တိုလည်ပင်းထောင် ကော်​လာကုပ်၌ ကြေးများပေနေသည်။


မူမူသည် နိုင်လွန်အင်္ကျီဝတ်ပြီး မလျှော်ဘဲ ပြန်ခေါက်ထားလိုက်လျှင် ပြန့်ပြီးသားကြောင့် ဘယ်နှခါ ခေါက်မိလေသည်ကိုပင် မမှတ်မိတော့ချေ။ ကုပ်က ကြေးကြောင်းကြီးများ မြင်မှပင် လျှော်ဖွပ်သင့်ပြီဟု ယူဆသည်။ အင်္ကျီလက်ရှည်ဝတ်လျှင်​ ပဝါချရမှာကြောက်​သည်။ပဝါချလျှင်အသက်ကြီးရုပ်ဆောင်သည်ဟုထင်ထားသည်။ ညပွဲပဲ၊ မမြင်ပါဘူးဟု​ လည်ကုပ်ကြေးပေပေ​ နိုင်လွန်လက်ပြတ်အင်္ကျီတွင် ကြယ်စေ့တပ်လိုက်လေသည်။


သေတ္တာထဲ၌ ဘေးကြယ်စေ့တပ်၊ ပုံကျကျဘော်လီအ​င်္ကျီကို ရှာမတွေ့ပြန်၍ စိတ်ရှုပ်သွားပြန်သည်။ နိုင်​လွန်လက်တိုနှင့်ထဘီကိုအိပ်ရာပေါ်သို့ ပစ်တင်လိုက်ပြီးနောက် သေတ္တာကို ခုတင်အောက်သို့ ပြန်တွန်းပို့လိုက်သည်။ မှန်ခုံအနီး၌ ထားသော ဒိုဘီခြင်းမှာ​ မလျှော်ရသေးသောအဝတ်များနှင့်လျှော်ပြီးသားမီးပူမတိုက်ရ၊ မခေါက်ရသေးသော​ အဝတ်များစုပေါင်းလုံး​ထွေး သိပ်ထည့်သိမ်းထားရာ အဝတ်ခြင်းဖြစ်၏။ ဒိုဘီခြင်းထဲ၌ ဘေးကြယ်စေ့တပ် ဇာဘော်လီအင်္ကျီကို အ​ဟောင်းတွေ့မလား၊ လျှော်ပြီးသား​ တွေမလား မသေ​ချာ၍ ခေါင်းကြီးကြီးဖြင့်တစ်ထည်ပြီးတစ်ထည် ဆွဲဖွရှာနေလေ၏။


ကိုဘမောင်မှာထဘီနှင့်မျက်နှာသုတ်ပဝါလုံးထွေးနေလျှင်လည်းပြောသည့်လူစားမျိုးမဟုတ်ချေ။လူအေးမှတကယ့်လူ့ရေခဲတုံးကြီးဖြစ်သည်။ မကြာသေးမီကလသာဆောင် ဝရန်တာ၌ မူမူ၏ ထဘီရေစိုတစ်ထည် လွှားလှန်းထားရာ အတွင်းဝန်အိမ် မျက်နှာစာ​ ဝရန် တာ၌ ထဘီလှန်းထားတာ​ လူမြင်မတော်လွန်းသဖြင့်ကိုယ်တိုင်ရုပ်လျက်​ ခုတင်ခြေရင်း၌ ပြောင်းလှန်းပေး​လိုက်သည်။


တံမြက်စည်း မကိုင်ချင်သော တက္ကသိုလ်ကျောင်းသူနှင့် လက်ထပ်ပြီးသည့်နောက်၌ အိမ်ထဲ၌ ဖုန်ထ၍ ဖုန်ထူထူသဲရှပ်ရှပ်ဖြင့် နေသားကျနေလေ၏။ ဦး​လေးအိမ်သို့ ပြောင်းခဲ့ပြီးနောက် ဖုန်တသောသော​ တက်​နေသော​ အခန်းကိုဦးလေးအတွင်းဝန်မြင်သွားမှာ စိုး​ရိမ်စိတ်နှင့် အခန်းတံခါး အမြဲစောင့်ပိတ်ရာ၌ မပေါ့မလျော့ ဂရုစိုက်သည်။


ကိုဘမောင်သည်​ မယ်တက္ကသိုလ်ဘွဲ့ရ​ မိန်းမ​ ချော မိန်း​မလှရခဲ့ပြီး​ နောက်အိမ်ထောင်ရေးကဏ္ဍ၌ သူ၏ စိတ်ကြိုက်သည် ပြီးဆုံးတိုင်သွား၏။


မူမူမှာကိုဘမောင်အား သူ၏အလှဘွဲ့ကို ပေးအပ်ခြင်းဖြင့် အိမ်ထောင်ရေးတွင် တာဝန်ပြီးဆုံးတိုင်ထားလေသည်။မူမူသည် အဝတ်ခြင်းထဲ၌ဘေးကြယ်စေ့တပ် ဘော်လီကို ရှာရာ၌လျှော်ပြီးသားတွေ့သည်။ ဘော်လီအင်္ကျီမှာ မီးပူမတိုက်ရသေးသဖြင့် တွန့်ကြေနေလေသည်။အင်္ကျီကို မွေ့ရာပေါ်၌ဖြန့်ကာ တွန့်ကြေသောနေရာများ၌ လက်ဖနောင့်နှင့် ဖိပွတ်တိုက်ဖြန့်သည်။ ဘော်လီလက်ကြိုးသေးလေးမှာမပြန့်လှ၍ဆွဲဖြောင့်ကာဆေးဆိုးထားသောလက်မလက်သည်းခွံရှည်ကြီးဖြင့်ကြိုးစပြန့်အောင်ဆွဲခြစ်ဖြန့်ပေးသည်။သုံးလေးကြိမ်လက်သည်းနှင့်​ ခြစ်ဆွဲရသေးသည်၊ ဘော်လီကြိုးသည်အရင်းမှကြိုးစပြုတ်ထွက်သွားလေသည်။


အဲဒါမှခက်သည်။ မူမူ၌ အပ်နှင့်​ အပ်ချည်လုံးများ​ အ​ဆင်သင့်မရှိချေ။အိမ်၌အပ်နှင့်အပ်ချည်လုံးမရှိမှန်းသိ၍ ဘယ်မှာမှ​ မရှာတော့ဘဲ​ ပြုတ်ထွက်သွားသောဘော်လီလက်ကြိုးကိုချိတ်ကလေးနှင့်တွယ်ချိတ်ပတ်သွားရန် ပြီးစလွယ် စဉ်းစားကြည့်လိုက်သည်။ ချိတ် ဘယ်နေရာရှိမရှိစဉ်းစားသည်။ ချိတ်ရှိမည့်နေရာကို သိပ်မစဉ်းစားရချေ။ ဘယ်မှာရှိမှန်း ဒက်ခနဲ ခေါင်းထဲဝင်လာသည်။


ခုတင်၌ထောင်ထားသောဇာခြင်ထောင်ကြီး ပြဲနေ၍ ပြဲသည့်​ နေရာကို စုလုံးပြီး ချိတ်ကလေးနှင့် တွယ်ထားလေရာထိုချိတ်ကိုဖြုတ်ယူရန်ခုတင်မှခြင်​ထောင်စကို ဆွဲချလိုက်လေ၏။တစ်ရေးပြန်မှေးအိပ်နေသော ကိုဘမောင်သည် ခြင်ထောင်စနှင့် မျက်နှာနှင့်ခတ်သွားပြန်သဖြင့် နိုးသွားပြန်သည်။


“ဘာတွေလုပ်နေတာလဲကွ”မူမူသည် ခြင်ထောင်ထဲဝင်ကာ ကိုဘမောင်ကို ကျောပေးလျက် ချိတ်ဖြုတ်ယူရင်း ခြင်ထောင်ထဲ မျက်နှာဝင်လာသောကိုဘမောင်ကို​ လှည့်မကြည့်အားဘဲ.. “ကတဲမှပဲ၊ မထသေးဘူးလား” ဟု စိတ်မရှည်သံဖြင့် ပြန်ပြောသည်။


ခြင်ထောင်ကို ပြန်မတင်တော့ဘဲ အိပ်ရာပေါ်မှ ထဘီအင်္ကျီများကိုခြင်ထောင်ပြင်ဘက်သို့ ထုတ်ယူခဲ့လျက် ဒိုဘီခြင်းပေါ်၌ ပုံချမလိုပြုပြီးမှသတိရ၍မချခင်ဖုန်ကိုတအားမှုတ်ပစ်သည်။ ဇာဘော်လီလက်ကြိုး၌ချိတ်က​လေး တွယ်ကပ်လိုက်ပြီးနောက် ရေချိုးခန်းသို့ ပြေးဝင်သွားလေသည်။


ကိုဘမောင်သည် ပြန်မှိန်းနေရင်း ရေချိုးခန်းထဲမှ မူမူ၏ တေးသံကို ကြားရလေသည်။ရေချိုးရင်း အသံဝဲဝဲနှင့် မေးရိုက်ကာ ဆိုနေသော တေးသံသည် မြန်မာသီချင်းမဟုတ်ပေ။ “လန်ဒန်တံတား” ခေါ်​ အင်္ဂလိပ်တေးသီချင်းဖြစ်သည်။ မူမူသည် အင်္ဂလိပ်သီချင်းမှ ဆိုချင်သည်။အင်္ဂလိပ်အကလည်းကျောင်းထွက်မှ က​တတ်အောင်​ သင်ထားသည်။ ကပွဲ​ သွားလျှင်​ ကိုဘမောင်​မှာ ငုတ်တုတ်ကြီးထိုင်ကြည့်နေသည်။မူမူသည်လူတစ်ယောက်နှင့်တွဲကနေတုန်း ငုတ်တုတ်ကြီးထိုင်လျက်သမ်းဝေနေတတ်သောကိုဘမောင်ကို မေ့​လျော့နေတတ်သည်။


ရေချိုးခန်းထဲ၌ အင်္ဂလိပ်သီချင်းများ​ သံဝဲသံတုန်သုံးလေးပိုဒ်သီချင်းဆိုပြီးလျှင်​ ရေချိုးခြင်းကိစ္စ​ ပြီးသွားလေ၏။​​ညနေခြောက်နာရီခွဲလောက်တွင်​ မူမူ၏ မျက်​နှာသည်ပန်းရောင်သွေး​တက်လာလေပြီ။ မျက်ခုံးတို့​သည် မည်းသွယ်နေချေပြီ။ နှုတ်ခမ်းလေးသည် အင်္ဂ​လိပ်ရုပ်ရှင်မင်းသမီး ဂျက်နက်လေး နှုတ်ခမ်းကဲ့သို့ တစ်ပုံစံတည်း ရဲရဲနီသွားချေပြီ။ လှိုင်းဆံယဉ်တို့သည် နဖူးပေါ်၌ တွန့်လိမ်ကောက်ကွေးလာကြသည်။ မှန်ခုံ​တိုင်၌ ညှပ်သွင်းထားသော ကတ္တီပါပန်းပွင့်နီနီကြီးကို ဖြုတ်ယူလျက် ဆံထုံးဘေး၌ ပန်လိုက်လေ၏။


ကိုဘမောင်သည်​ မူမူသနပ်ခါးလိမ်းပြီး​ စ၌ အိပ်ရာကထကာရေချိုးခန်းသို့​ ဝင်သွားသည်။ မူမူအဝတ်အစားလဲနေတုန်း​ အောက်ထပ်သို့​ ရောက်သွားပေပြီ။ ကိုဘမောင်သည်​ အပေါ်အင်္ကျီအဖြူ၊ ခဲရောင်​ ဘန်ကောက်လုံချည်ဝတ်ဆင်ခဲ့လျက်မူမူကိုထိုင်စောင့်ရင်း စားပွဲမှ သတင်းစာကို ဆွဲဖတ်နေလေ၏။


(၂)

သံရုံးရှေ့၌လမ်းနှစ်ဖက်တွင်ကားများပိတ်ရပ်လျက်ရှိနေ၏။​ သံရုံးအဝ၌ ကားကြီးတွေ​ များများမြင်လိုက်၍ “တော်တော်လူစုံမယ့်ပွဲပဲ”ဟုမူမူကပြောလိုက်သည်။သံရုံးထဲကားဝင်၍ ကားပေါ်မှ​ ဆင်းကြလျှင်စောင့်ရပ်ကြိုနေသော​သံတမန်နှင့်သံတမန်ကတော်တို့က ဧည့်​သည်တို့အား တစ်ဦးစီ လက်ဆွဲနှုတ်ဆက်လေ၏။


အဝင်ဝနှင့်မလှမ်းမကမ်းရှိမြက်ခင်းကြီးပေါ်၌လူအုပ်ကြီးကိုတွေ့ရသည်။လူအုပ်ကြီးမှာဝတ်ကောင်းစားလှများဝတ်ဆင်လာကြလျက် ကိုယ့်အစုနှင့်​ ကိုယ်မတ်​တတ်မတ်တတ်ဖြင့် ဝိုင်းဖွဲ့ရပ်နေကြသည်။ လူအုပ်ထဲ၌ အဖြူရောင်ဝတ်ထားကြသော​ ဘွိုင်ကုလားများ​သည် ဘိလပ်ရည်ခွက်များ၊ အရက်ခွက်များ ဗန်းပေါ်​၌တင်လျက် ကြိုက်ရာရွက်ကို လှမ်းယူသောက်ကြရန် စောင့်ရပ်ကမ်းနေကြ၏။


မူမူသည် ဒေါက်မြင့်ကြိုးသိုင်းဖိနပ်ပေါ်အောင် ထဘီစကို​ ပင့်ဆွဲကာ​ အမေရိကန်ထဲက​ မာရီလင်မွန်ရိုး လျှောက်​ပုံမျိုးအတိုင်း လိမ်ဖယ်ဖယ်​ လျှောက်ခဲ့လေ​၏။အင်ဒိုနီးရှားသံအရာရှိကတော်သည်ပါတိတ်ဆင်ထဘီဝတ်လျက်​ ငွေချည်ထိုးဇာပဝါ​ လက်လက်စိမ်းစိမ်းကလေးကို ကျော၌ သိုင်းပတ်ချထားလေ၏။ အင်ဒိုနီးရှားသံအရာရှိကတော်နား၌ ပါကစ္စတန်သံအရာရှိကတော် ရပ်နေသည်။ ပါကစ္စတန်သံအရာရှိကတော်မှာ အရွယ်သိပ်မကြီးသေး၊ အိန္ဒိယအမျိုးသမီးဝတ်စုံ ဆာရီကို ဝတ်ဆင်ထားသည်။ ပါကစ္စတန်သံအရာရှိကတော်အနီး ဆိုဗီယက်အမျိုးသမီး သုံးလေးဦးရပ်​နေသည်။ သူတို့သည် ပါးနီ၊ နှုတ်ခမ်းနီဖြင့် လှပသော ဂါဝန်ရှည်ကြီးများ ဝတ်ထားကာ အိန္ဒိယရွှေချည်ထိုး ဆာရီပဝါများ ခြုံထားကြသည်။ မူမူသည် ၎င်းတို့ဝိုင်းတွင် ရပ်မည်ဟု ကြံပြီးမှ တစ်ဝိုင်းသို့ မျက်စိရောက်သွားသည်။


ဗြိတိသျှသံရုံး၊ ပြင်သစ်၊ အမေရိကန်၊ ဩစတြေးလျ​ စသော​ မျက်နှာဖြူ​ အရာရှိကတော်ကြီးများ၏ ဝိုင်းဖြစ်​သည်။


မျက်နှာဖြူကတော်များဝိုင်း၌ အမေရိကန်သံရုံးမှ အ​သိကိုမြင်လိုက်သည်။မူမူ၏အသိ မျက်နှာဖြူမသည် ဖြူဖွေးသော ရင်ညွန့်တစ်ခုလုံး ဖော်ထားလျက် ပုလဲကပ်ဆွဲထားသည်။ ဂါဝန်အနက်အရှည်ကြီးမှာ မြက်​ခင်းပေါ်၌ ဝဲနေသည်။ မူမူ့ကို လှမ်းပြုံးပြလိုက်သည်။


ဆံပင်အလိပ်များ​ ငယ်ထိပ်၌ အမို့မို့​ ခွေလိပ်လျက်လည်ပင်း၌ရွှေကြိုးမျှင်မျှင်လေးဆွဲထားကာဂါဝန်ရှည်အဖြူ၊ပိုးလက်စွပ်အိတ်အနက်ဖြင့်သူတို့ဝိုင်းထဲတွင်အရပ်အရှည်ဆုံးပြင်သစ်အမျိုးသမီးကြီးသည်ရာ​သီဥတုအကြောင်းကိုပြောပြနေလေ၏။မူမူသည် သူတို့ဝိုင်းထဲ ဝင်ရပ်လိုက်သည်။ ဦးဘမောင်မှာ အသိများနှင့် တွေ့ဆုံရန် သောက်ဝိုင်းများ၌ လိုက်ရှာနေသည်။ မူမူသည် ဝိုင်းထဲရပ်မိလျှင် မျက်နှာဖြူအမျိုးသမီးအားလုံးနှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။


နှုတ်ဆက်ပြီး​ ရာသီဥတုအကြောင်းပဲ​ လိုက်ရောပြော​သည်။စကားပြောနေရင်းဘေးချင်းကပ်ဝိုင်းမှ မြန်မာအမျိုးသမီးများဆီသို့ လှမ်းကြည့်လေသည်။မီးရောင်ထဲဝယ်မြန်မာအမျိုးသမီးပိုင်းမှ ပဝါရောင်စုံဖြင့် ဣန္တရရ တွေ့ရ၍ပဝါမချဘဲ လက်ကိုအင်္ကျီနှင့် လာခဲ့တာ သိပ်မကောင်းလှဟု စဉ်းစားမိသည်။ လူအုပ်ထဲ၌ ကျောင်းနေဖက် မင်းကြီးကတော်ကို မြင်လိုက်၏။ မူမူသည် လှမ်းပြုံးလိုက်သည်။


မူမူသည်​ရှမ်းပြည်နယ်ကလော၊ တောင်ကြီးမြို့များ၏ သာယာအေးမြသောရာသီဥတုအကြောင်းကိုဘိုသံပါပါတရွတ်ရွတ်ပြောရင်းဘွိုင်ကုလားလာပေးသောဗန်းထဲမှဝိုင်ခွက်ကလေးကိုလှမ်းယူကာ နှုတ်ခမ်းနှင့် တေ့လိုက်လေသည်။သံရုံးဝင်းထဲသို့ ကားကြီးများ တစ်စီးပြီးတစ်စီး ဝင်လာကြပြီး ကားထဲမှ​ ဖိတ်အန်ကျလာသော ဝါနုနု ရွှေစက်ထဘီကလေးကို လှမ်းကြည့်ရင်း ခွတိုက်လိုက်သော အတွင်းခံထဘီညစ်ကို သတိရမိသည်။


ကိုဘမောင်မှာဘယ်ဝိုင်းတွင်ရှိနေမယ်မသိ။နိုင်ငံခြားသွားမည့်မေဂျာဖေသက်ကို​ လူအုပ်ထဲ၌ တွေ့လိုတွေ့​ငြား​ ရှာကြည့်သေးသည်။ မတော်တဆ ချောင်းများဆိုးလာလျှင်အခက်ဟု ကျိတ်တွေးပူပန်ကာ ဝိုင်ခွက်ကိုမှောက်ချလိုက်ပြီးနောက်ဗန်းထဲ၌ ထည့်ပေး​လိုက်သည်။


အင်္ဂလိပ်စကားပြော၍ အားရမှ​ ကျောင်းနေဖက်မင်း​ကြီးကတော်ဝိုင်းသို့​ ကူးသွားလေသည်။ မူမူ​ ဝင်ရပ်လိုက်လျှင်မင်းကြီးကတော်သည်ဝင်းမင်းသန်းအမေရိက​ အပြန်ဝန်ကြီးချုပ်ကတော်အတွက်​ လက်ဆောင်ယူလာသောအနွေးပဝါဖြူကြီးလှပကြောင်း ချီးကျူးပြောနေသံကို နားစွန်နားဖျား ကြားလိုက်ရလေသည်။


မူမူမှာဟောလိဝုဒ်ကအမေရိကန်ဇာတ်လိုက်ဖြစ်ချင်နေသည်။ခရမ်းရောင်လွင်ပြင်ကားအတွက်ဂရက်ဂရီပက်မင်းသားနှင့်တွဲရန် ရုပ်ရှင်မင်းသမီး လျှောက်ချင်သည်မှာ တစ်ပိုင်းသေနေလေသည်။မင်းကြီးကတော်သည် မူမူကို ဝတ်လုံတော်ရ မစ္စက်ဘမောင်ကတော်ဟုအားလုံးနှင့် မိတ်ဆက်ပေးသည်။ မူမူမှာ ပဝါမချခဲ့မိ၍ ဝိုင်းထဲတွင် ရှိုးတိုးရှန့်တန့်ဖြစ်နေသည်။ မင်းကြီးကတော်နှင့်စကားကောင်းနေခိုက်မူမူ့နောက်မှ ကျောချင်းခိုင်းရပ်နေသော အဒေါ်ကြီးတစ်ယောက်က ပခုံးလာကိုင်လိုက်သည်။ မူမူသည် လှည့်ကြည့်ကာ ပြုံးလျက် ““အန်တီ မာရဲ့နော်”” ဟု နှုတ်ဆက်ပြီး အန်တီဝိုင်းထဲသို့ ကိုယ်လှည့်ဝင်သွားသည်။


မူမူနှင့်မျက်နှာချင်းဆိုင်ရပ်နေသောအမျိုးသမီးသည်သူ့ဘေးရှိ​ ဝိသာခါအမျိုးသမီးကြီးတစ်ဦးအား​ စိတ်​ထက်သန်စွာ​ သူ့စကားကို ဆက်ပြောလျက်နေသည်။ “မျက်စိထဲမှာ အမြင်ကို မတော်ပါဘူး ဒေါ်ဒေါ်ရယ်။ ကျွန်မဖြင့် လူအများသွားလာနေတဲ့ ရုံးတွေ၊ မီးရထားတွေ၊ သင်္ဘောတွေမှာ​ အိမ်သာတွေ​ ဆေးကြောတဲ့​ အ​လုပ်နဲ့တံမြက်စည်းလှည်းတဲ့အလုပ်ကို အမျိုးသမီးအ​လုပ်သမားနဲ့​စုပြီးလိုက်ဆေးလှည်းချင်တာပဲ။လမ်းတံ​မြက်စည်းလှည်း၊ အိမ်သာတွေဆေးတဲ့​ အလုပ်ကို​ အ​မျိုး​သမီးတွေပဲလုပ်ဖို့ကောင်းတယ်”


မူမူသည် သူ့ရှေ့က အမျိုးသမီးပြောနေသော​ စကားကိုနားထောင်ရင်းလူမျိုး၁ဝ၁ပါးသွားသောမိလ္လာအိမ်​သာမျိုးများ လိုက်ဆေးချင်သည်ဆိုသော အမျိုးသမီးကိုဘယ်သူများပါလိမ့်ဟု ရွံရွံရှာရှာ စိုက်ကြည့်​သည်။ အမျိုးသမီး​ကိုယ်၌ခေတ်ဆန်ဆန်ဖက်ရှင်ကျကျ ဖိတ်​ဖိတ်လက်လက်ဝတ်ဆင်ထားလျက်​ သန့်ပြန့်သော အ​င်္ဂါရုပ်ရှိ၍ သူ့ရုပ်မှသူအားမနာ၊ သူ့စိတ်နှယ် အောက်​တန်းကျလိုက်တာဟုအတော် အထင်အမြင်သေးသွားသည်။


မတ်တတ်မတ်တတ်နှင့်စုဝိုင်းလျက်ရှိကြသောလူအုပ်ကြီးသည်ကပွဲပြမည့်နေရာသို့ရွေ့လျားသွားကြသည်။ ပွဲခင်းရှေ့ဆုံး၌ ကြိမ်ကုလားထိုင်များချခင်းလျက်​ ဝန်​ကြီးများနှင့်ဝန်ကြီးကတော်များထိုင်ကြသည်။နောက်​တန်းများတွင်ဆန်းကဖီးထင်းရှူးကုလားထိုင်ကလေးများတန်းစီခင်းထားလေသည်။ မူမူသည် ပွဲခင်းသို့ လူအုပ်နှင့် ရောလျက် လျှောက်လိုက်လေသည်။


ယဉ်ကျေးမှု​ အဖွဲ့မှ ပွဲဦးထွက် တူရိယာပေါင်းစုံ တီး​မှုတ်ပြသည်။တယောသံမှာစီမြည်လျက်သာယာညက်​ညောလှသည်။မူမူသည်​ နိုင်ငံခြား​ တီးမှုတ်သံ​ ဆို၍ ရော့​အင်ရိုးအသံမျိုးသာ​ နားထဲ၌ စွဲလျက်​ အခြားတီး​မှုတ်သံတွေကိုနားသောတမခံယူတတ်ချေ။လူများစုသောအကတစ်မျိုးမှာမျက်စိနောက်နေသည်။က​ချေသည်တို့၏ အဝတ်အစားသည်အမေရိကန်ဘဲလေးက​ပွဲလောက် မခမ်းနားဟု အောက်မေ့သည်။


ယဉ်ကျေးမှု​ အဖွဲ့မှ ဖြုန်းခနဲ မြန်မာ​ သီချင်းတစ်ပုဒ် ကောက်တီးလိုက်သည်။တေးဂီတသံထဲ၌ တယောသံမှာ ထူးထူးခြားခြား ညိုနွဲ့နေလျက် စန္ဒရားခေါက်သံမှာနိုင်နင်းစွာ ပီသလှလေသည်။ မူမူသည်​ တီးဝိုင်းမှမြန်မာသီချင်းကျကျနနတီးပြနေကြပုံကိုအံ့အားသင့်သွားသည်။ အဆိုပါလျှင်ပိုမို၍မြိုင်ဆိုင်စည်ကားဖွယ်​ရာ ရှိမည်ဟု​ တိုးတိုးလိုက်ဆိုပေးမိသည်။ မြန်မာသီ​ချင်းပြီးဆုံးသွား၍ မူမူသည်​ အများနှင့်​ ရောကာစိတ်ရောကိုယ်ပါလက်ခုပ်တီးလိုက်မိရာ နောက်ကျောတွင် ချိတ်နှင့်​ တွယ်ခဲ့သော​ ဘော်လီ​ အင်္ကျီမှ​ ကြိုးသည် ပြုတ်​ထွက်သွားလေသည်။


စောစောက မြေပဲဆားလှော်ပင် မစားဝံ့ဘဲ ချောင်းမဆိုးအောင် တစ်ချိန်လုံးသတိထားနေကာမှ လက်ခုပ်

တီး​ လိုက်မိ၍ ပြုတ်မိအောင် ချိတ်က ပြုတ်ရသေးသည်။မူမူသည် ထိတ်ခနဲဖြစ်ကာ အမှတ်တမဲ့ အင်္ကျီထဲလက်သွင်း၍ ဘော်လီကြိုးကို ကပျာကယာ ရှေ့သို့ ဆွဲယူချလိုက်သည်။ ချိတ်တွဲလောင်းနှင့်ပါလာသော ကြိုးစမှာ လက်ပြင်ကို ဆွဲခြစ်လိုက်ပါလာ၍ ပခုံးတွန့်သွားလေသည်။ကြိုးပြတ်ထွက်သွားသောဘက်မှ အ​င်္ကျီသည် အထိန်းမရှိ၍ အောက်သို့လျော့ကျသွားရာ ရင်တစ်ပိုင်းပေါ်နေလေသည်။


မူမူသည်ရင်တလှပ်လှပ်ဖြစ်နေ၏။ချက်ချင်း မျက်လုံးတွေ ပြာလာသည်။ကြိုးကို ကျော၌ပြန်ချိတ်ရန် မဖြစ်နိုင်သဖြင့် မသိမသာရင်ကိုငုံ့ကြည့်လျက်ခေါင်းကြီးလာလေ၏။​ ကချေသည်ကလေးများလိုက်ကာနောက်​မှ​ ပြေးထွက်လာ၍ မီးမှိန်လိုက်မှပင်​ ရှေ့ဆွဲချလိုက်သော​ ကြိုးစဖျားမှ​ ချိတ်ကို​ စမ်းဖြုတ်ယူလိုက်သည်။ကြိုးစက်လုံးထွေး၍ ကပျာကယာ​ ရင်ထဲသို့​ ထိုးသွင်းထည့်လိုက်သည်။


မူမူမှာ​ နောက်ထပ်​ လက်ခုပ်မတီးရဲတော့ချေ။ အကြီး​အကျယ်စိတ်အိုက်ကာ​ အနေရအထိုင်ရ​ ကျပ်လျက်ဘာတွေကဆိုနေကြမှန်းမသိချင်သလောက်စိတ်ပျက်နေသည်။မူမူသည်အသက်ပင်ပြင်းပြင်းမရှူရဲတော့ဘဲချွေးကျလာသည်။ပဝါမချခဲ့မိသည့်အတွက် နောင်တကြီးစွာဖြစ်သည်။ ပဝါသာချခဲ့လျှင် ရင်ဘတ်လူမမြင်အောင်ဖုံးပေးနိုင်သည်။ ဆူညံနေသော တေးသံတို့​သည် မူမူကို ဝိုင်းလှောင်နေကြသည်။ မူမူမှာ စိတ်ချောက်ချားလာလေသည်။ကချေသည်ကလေးတို့ ခုန်လိုက်​ ပေါက်လိုက်​ သည်ကို ရဲရဲမကြည့်ရဲရှာ။ နောက်​ထပ်ကြိုးများထပ်ပြုတ်သွားဦးမလားလို့ အလိုလိုစိတ်ထဲ၌ မလုံနိုင်အောင် ဖြစ်နေသည်။


မူမူသည်​ စိတ်မလုံ၍ ရင်ကို​ မသိမသာ​ ငုံ့ကြည့်ပြန်​သည်။ တစ္ဆေသရဲ​ မြင်ရသကဲ့သို့​ ကျောထဲ၌ စိမ့်တက်လျက်ခြေဖျားလက်ဖျားများ အေးစက်သွားလေသည်။မူမူ၏စိတ်သည်တစ်ချိန်လုံးအင်မတန်မှပင်ပန်းဆင်း​ရဲလျက် ရှိနေလေ၏။ပွဲအပြီးထကြ၍ လူတွေမြင်တော့မှာ မတွေးဝံ့ဝံ့၊ လှိုက်ဖိုနေရှာပေသည်။


“ ငါ့​အပြစ်… ငါ့​အပြစ်၊ အပ်နဲ့​ အပ်ချည်သာ​ အိမ်မှာဆောင်​ထားရင်ဒီလိုဖြစ်မှာမဟုတ်ဘူး။ ငါ့ကိုကအင်မ တန်ပေါ့ပြက်ပြက်နိုင်ပါတယ်။ ဘာမဆို ပြီးလွယ်စေကြောင်း လုပ်လိုက်ချင်တာချည်းပဲ၊ လုပ်ဦးလေ လုပ်ဦး၊ ကဲ...”မူမူသည်လက်ကလေးကို ျစ်ကျစ်ပါအောင်ဆုပ်လျက် အံကြိတ်ပြီး သူ့ကိုယ်သူ ကြိတ်ပြီးရန်တွေ့နေလေ၏။


မူမူသည် ဘော်လီ​ အင်္ကျီလက်ကြိုးကို လက်သည်းရှည်ကြီးနှင့်ဆွဲခြစ်ဖြန့်နေသော အိပ်ခန်းထဲက မူမူကို ပြန်ပြောင်း၍ မြင်မိလေသည်။ အိပ်ခန်းထဲ၌ မူမူသည်ယောက်ယက်ခတ်နေလေ၏။ ဝိုင်ယာကြိုးလိုက်ရှာရ၊ ဘော်လီလိုက်ရှာရ၊ ခြင်ထောင်ချပြီး ချိတ်ဖြုတ်ရ။


မူမူသည်​ သူ့ရှေ့၌ ပြနေသော​ ယဉ်ကျေးမှု​ကပွဲအစားအခန်းထဲ၌ဗြောင်းဆန်အောင်ဖွကာဗရုတ်သုတ်ခဖြစ်နေသောမူမူ၏ပုံသဏ္ဌာန်နှင့်လုပ်ပုံကိုင်ပုံများကိုပြန်မြင်နေ၏။နေ့စဉ်နေခဲ့သော ဖုန်အလိပ်လိပ်တက်နေသော အိမ်ခန်းကြီးကို ယခင်က မမြင်မိခဲ့ဘဲ ပွဲထဲကျမှ ရှုပ်ယှက်ခတ်ကာ ဖုန်လူးနေသော အိပ်ခန်းကြီးကိုပါ မြင်မိတော့သည်။


မူမူသည် လူပေါင်းစုံသွားသည့် အိမ်သာတွေ လိုက်ဆေးကြောပေးချင်သည်ဆိုသော အမျိုးသမီးကို ဖျတ်​ခနဲ သတိရကာ ရှေ့နှစ်တန်း၊သုံးတန်းအကျော်၌ထိုင်ကြည့်နေသောအမျိုးသမီး၏ကျောပိုင်းကိုလှမ်းကြည့်လိုက်သေးသည်။ “ငါ့လောက်ပစ်စလက်ခတ်​ နိုင်တဲ့ မိန်းမ မရှိဘူး၊ လှည်းကျင်းပြီး သန့်သန့်ပြန့်ပြန့် စည်းနဲ့ကမ်းနဲ့ နေချင်ထိုင်ချင်တဲ့စိတ်မျိုးလည်း တစ်စက်မှမရှိဘူး။အားအားရှိကျောဆန့်ချင်တာပဲ။လပေါ်သရေနေချင်တာပဲ။ငါသာမိန်းမပီပီသသစိတ်ရှိရင်ဒီလိုဖြစ်မှာမဟုတ်ဘူး”


မူမူသည် ခုံတန်းရှေ့က အမျိုးသမီးကို စောစောက ရွံ​ရှာမိသည်ထက်​ သူ့ကိုယ်သူအစစအရာရာ စိတ်ပျက်လျက် တစိမ့်စိမ့် ရွံရှာနေတော့သည်။ ပွဲအပြီး လင်းထိန်လိုက်၍လန့်ဖျပ်သွားကာဘော်လီကြိုးပြုတ်သည့်ဘက်မှချိုင်းအောက်အင်္ကျီစကိုအထက်မြှင့်တင်လိုက်သည်။ လုံးထွေး​ ထည့်လိုက်သော​ ကြိုးစသည်​ တွဲလောင်း​ထွက်ကျသွားသည်။


မူမူသည်လက်ပြင်ကိုင်းလျက်ကုလားထိုင်တန်းများမှဘေးစောင်းထွက်လာရင်းကြိုးစပြုတ်သောလက်ကိုလက်မောင်းလုံးကြီးနှင့် အားရှိသလောက် ကပ်ဖိထားလေသည်။ကိုဘမောင်သည် အတွင်းဝန်ကလေးတစ်ယောက်နှင့် မီးတိုင်အောက်ရှိ မူမူနားသို့ ရောက်လာသည်။အတွင်းဝန်ကလေးသည်မူမူအားပြုံးနှုတ်ဆက်ကာလူအုပ်ကြီးထဲ၌သူ့မင်းကတော်ကိုရှာဖွေကြည့်နေလေသည်။ကိုဘမောင်သည် မူမူ၏ရင်ဘတ်ကိုကြည့်လိုက်မိကာ မျက်လုံးမျက်ဆန် ပြူးသွားလေသည်။


“ဟေ့...မင်းအထဲက​ ဘော်လီကြိုးပြုတ်နေပြီ၊ ကြိုးစကြီးလည်းကျလို့” အထိတ်တလန့်ဖြင့်​ မူမူနားသို့ခပ်တိုးတိုးကပ်၍ပြောလိုက်သောကိုဘမောင်၏အသံကိုအနားရှိ​ အတွင်းဝန်မင်းကြားချင်လည်း​ ကြားပေလိမ့်​မည်။မူမူသည်ပူထူပြီး​ မျက်နှာပျက်ပျက်ဖြင့်​နှုတ်ခမ်းလေးစူကာ မကြားတကြား​ ပြန်ပြောလိုက်သော​ အသံကို အနားရှိ အတွင်းဝန်မင်း ကြားချင်လည်း ကြားပေလိမ့်မည်။


“ကိုကလည်းအမေရိကန်ရုပ်ရှင်မင်းသမီးတွေလည်းဒီလိုပါပဲ။တချို့ကြိုးတောင်မပါဘူး” မူမူသည်​ ဟန်လုပ်​၍ ပြောမည့်သာ​ ပြောလိုက်ရသည်။ သူ့​ ခြေထောက်အောက်ကမြေကြီးကိုသူမမြင်၊ရင်အုံတစ်ပိုင်းပေါ်နေသော သူ့ရင်ဘတ်သာ သူ မြင်နေရသည်။


#လှတစ်မျက်နှာ

#ဂျာနယ်ကျော်မမလေး


Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...