တရုတ်ပြည်၏ဂန္တဝင်မြောက်
ဆွန်ဇု၏စစ်ပညာကျမ်း - စံလှိုင်
The Art of War - Sun Tzu
The Art of War ဆိုတာကတော့သမိုင်းတစ်လျောက်မှာ အထင်ရှားဆုံးနဲ့အကောင်းဆုံးအဖြစ်သတ်မှတ်ခြင်းခံထားရတဲ့စစ်ပညာကျမ်းတစ်စောင်ပဲဖြစ်ပါတယ်။ The Art of War ကိုရေးသားခဲ့သူကဆွန်ဇုလို့အမည်ရတဲ့တရုတ်စစ်သူကြီးတစ်ဦးဖြစ်ပြီးသူဟာဘီစီခြောက်ရာစုလောက်ကဝူပြည်မှာအမှုထမ်းခဲ့တယ်လို့ဆိုပါတယ်။ဒီအတိုင်းသာအမှန်ဖြစ်ခဲ့မယ်ဆိုရင်တော့ဆွန်ဇုဟာကွန်ဖြူးရှပ်၊လောင်ဇုတို့နဲ့ခေတ်ပြိုင်ဖြစ်ပါလိမ့်မယ်။ သမိုင်းအချက်အလက်တွေအရတော့ဆွန်ဇုဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးအမှန်တကယ်သက်ရှိထင်ရှားရှိခဲ့တာဟုတ်မဟုတ်၊စစ်ဗျူဟာကျမ်းကိုရေးသားသူဟာဆွန်ဇုဟုတ်မဟုတ်စတဲ့အချက်တွေကိုအငြင်းပွားနေရဆဲပါ။
ဆွန်ဇုဟာသမိုင်းမှာအမှန်တကယ်ရှိခဲ့သည်ဖြစ်စေမရှိခဲ့သည်ဖြစ်စေ ယနေ့ခေတ်မှာဆွန်ဇုနဲ့သူ့ရဲ့စစ်ပညာကျမ်းဆိုရင်မသိသူမရှိလောက်အောင်ထင်ရှားပြီးနိုင်ငံအသီးသီး၊နယ်ပယ်အသီးသီးမှာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့အချက်ကတော့သေချာပါတယ်။ ဒီစာအုပ်ထဲမှာပါဝင်တဲ့ဒဿနတွေဟာရုပ်ပိုင်းဆိုင်ရာအကြမ်းနည်းနဲ့တိုက်ခိုက်တာတွေထက်စိတ်ဓာတ်ရေးရာ၊စီမံခန့်ခွဲမှုနဲ့နဲ့ပရိယာယ်လှည့်စားမှုတွေကိုအဓိကဖော်ပြထားတာဖြစ်ပြီးဖတ်ရှုသူရဲ့ပင်ကိုဉာဏ်ရည်ကိုလိုက်ကာပြောင်းလွယ်ပြင်လွယ်ရှိတာကြောင့်စစ်ရေးသာမက နှစ်ဖက်ပြိုင်ဆိုင်မှုပါဝင်တဲ့နယ်ပယ်တွေတိုင်းမှာအသုံးတည့်နေတာဖြစ်ပါတယ်။အထူးသဖြင့်တော့စီးပွားရေး၊ နိုင်ငံရေး၊ ဘဝအောင်မြင်ရေးနဲ့ အားကစားနယ်ပယ်တွေမှာဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာပါရှိတဲ့စစ်ရေးဒဿနတွေထဲမှာအရေးအကြီးဆုံးနဲ့ နယ်ပယ်စုံမှာအသုံးဝင်ဆုံးအချက်တွေကတော့ "စနစ်တကျကြိုတင်ပြင်ဆင်မှု၊ စည်းကမ်းသေဝပ်မှု၊ မိမိနဲ့ရန်သူ(ပြိုင်ဖက်)ကိုကောင်းစွာသိရှိမှု" တို့ပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာဆွန်ဇုရဲ့ကျမ်းကိုလက်ကိုင်ပြုပြီးစစ်ရေးအရအောင်မြင်ခဲ့ကြတဲ့သူတွေကိုဖော်ပြရမယ်ဆိုရင်တရုတ်တော်လှန်ရေးခေါင်းဆောင်မော်စီတုန်း၊ ဗီယက်နမ်စစ်ဗိုလ်ချုပ်ငုယင်ဂီယက် (ဒိန်ဗင်ဖူးတိုက်ပွဲတွင်ပြင်သစ်တို့ကိုအပြတ်အသတ်အနိုင်ရခဲ့သူ)နဲ့ အမေရိကန်စစ်ဗိုလ်ချုပ်ဒေါက်ဂလပ်မက်အာသာ (ကမ္ဘာစစ်နှစ်ခုလုံးတွင်ပါဝင်ခဲ့သူ) စတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ပါတယ်။
စီးပွားရေးနယ်ပယ်မှာဆိုရင်လည်းကုမ္ပဏီတစ်ခုကိုစစ်တပ်တစ်တပ်၊ ဈေးကွက်ပြိုင်ဆိုင်မှုတွေကိုစစ်ပွဲတွေအဖြစ်ယူဆပြီးစာအုပ်ပါနည်းနာတွေကိုပြောင်းလဲအသုံးချလို့ရပါသေးတယ်။ စာအုပ်ထဲမှာပါဝင်တဲ့စစ်သူကြီးတွေကျင့်ဆောင်သင့်တဲ့အချက်တွေဟာလည်းနယ်ပယ်အသီးသီးကခေါင်းဆောင်တွေ၊စီမံခန့်ခွဲရေးပိုင်းကိုတာဝန်ယူရသူတွေအတွက်အထူးပဲအသုံးဝင်လှပါတယ်။ ဒီစာအုပ်ပါအချက်အလက်တွေကိုမှီငြမ်းပြီးစီးပွားရေးနဲ့ဆက်စပ်ရေးသားထားတဲ့အောင်မြင်ရေးတက်ကျမ်းတွေလည်းတော်တော်များများရှိပါတယ်။ မြန်မာမှာဆိုရင်လည်းဆရာနန္ဒာသိန်းဇံကစီးပွားရေးနှင့်စစ်ရေးဗျူဟာဆိုတဲ့အမည်နဲ့စာအုပ်ထုတ်ခဲ့ဖူးပါတယ်။
နိုင်ငံရေး၊သံတမန်ရေးနဲ့ထောက်လှမ်းရေးကိစ္စရပ်တွေမှာလည်းဒီစာအုပ်ကအသုံးဝင်ပြန်ပါတယ်။ တရုတ်ပြည်မှာသုံးနိုင်ငံခေတ်(ဝေ၊ရှူ၊ဝူ) ကိုအဆုံးသတ်ပြီး ကျင့်မင်းဆက်ကိုထူထောင်နိုင်ခဲ့သူအမတ်ကြီး စီးမာယိဟာဆွန်ဇုရဲ့စစ်ဗျူဟာကျမ်းလာ"အချိန်အခါကိုစောင့်ဆိုင်းတတ်မှု၊ သင့်တော်တဲ့အချိန်မှာအင်အားအပြည့်နဲ့ချိန်သားကိုက်ဆောင်ရွက်တတ်မှု" တွေနဲ့တရုတ်နိုင်ငံရေးလောကမှာစံပြုရသူဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲကာလအတွင်းမှာလည်းအမေရိကန်ရဲ့CIA နဲ့ဆိုဗီယက်ရဲ့KGBတို့ဟာဒီစာအုပ်ပါနည်းနာတွေကိုနှစ်ဖက်စလုံးကအသုံးပြုခဲ့ကြတယ်လို့ဆိုပါတယ်။
စစ်ပွဲမှာရန်သူကိုအနိုင်တိုက်သလို အားကစားနယ်ပယ်မှာပြိုင်ဖက်ကိုအနိုင်ယူဖို့အတွက်လည်းဒီစာအုပ်ပါအချက်တွေကိုအသုံးချလို့ရပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလားမှာဘရာဇီးအသင်းချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက်ဘရာဇီးနည်းပြဖြစ်သူစကော်လာရီက The Art of War စာအုပ်ထဲကဗျူဟာတွေကိုဘောလုံးမှာအသုံးချခဲ့တာလို့အင်တာဗျူးမှာဖြေဆိုခဲ့ဖူးပါတယ်။ စစ်တုရင်နယ်ပယ်မှာဆိုရင်လည်း ကိုယ့်ဘက်ကအနေအထားကိုကိုခိုင်မာအောင်လုပ်ပြီးမှတိုက်စစ်ဆင်ရမယ်ဆိုတာစစ်တုရင်ပညာရဲ့အခြေခံအချက်တစ်ခုပါ။ post ပိုင်ရှင်တက္ကသိုလ်တက်စဉ်အခါတုန်းကThe art of War ကိုစစ်တုရင်နဲ့ဆက်စပ်ရေးသားထားတဲ့စာအုပ်တစ်အုပ်လည်းဖတ်ခဲ့ဖူးပါတယ်။
အချုပ်အားဖြင့်ဆိုရရင်တော့ဆွန်ဇုရဲ့စစ်ပညာကျမ်းစာအုပ်ဟာယနေ့အချိန်ထိနယ်ပယ်စုံမှာခေတ်မီနေဆဲ၊အသုံးတည့်နေဆဲစာအုပ်တစ်အုပ်ဖြစ်ပြီးဘဝအောင်မြင်ရေးအတွက်ဖတ်ရှုလိုက်နာသင့်တဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်လို့မြင်မိပါတယ်။
Comments