(၁)
ကျွန်တော့်အိမ်တွင် ကြက်တူရွေး ခုနစ်ထောင့် တစ်ရာ ခြောက်ဆယ့် ကိုးကောင်တိတိ မွေးမြူထားပါသည်။
ↂ
(၂/က)
အရွက်တွေ ကင်းမဲ့ကာ ရိုးတံချည်း ခြောက်သွေ့ ကျန်ရစ်နေသော သစ်ဆိမ့်ပင်ကြီးကို ကျွန်တော်ချစ်သည်။ အောက်ဘက် သစ်ကိုင်းပေါ် ခုန်ဆင်းရန် ဟန်ပြင်ရင်း ဟိုဟို သည်သည် ပြူးတူး ပြာတာကြည့်နေသော ရှဉ့်ညိုညို သေးသေးလေးကို ကျွန်တော် ချစ်သည်။ တပေါင်းလတွင် တိုက်ခတ် လာသော လေနွေးနွေးကို ကျွန်တော်ချစ်သည်။ အဝါရောင် ပွင့်ချပ်တွေဖြင့် တစ်ပင်လုံးကိုဖုံးထားပြီး တွဲရွဲကျနေသော ငုပန်းများကို ကျွန်တော် ချစ်သည်။ ထိုသဘာဝ တရားများကို ချစ်တတ်ရန်နှင့် ထိန်းသိမ်းတတ်ရန် ကျွန်တော်တို့ကို တစ်စုံတစ်ရာက သင်ကြားပေးခဲ့သည်ဟု ကျွန်တော် ထင်၏။ (ခြွင်းချက်အားဖြင့်တော့ တချို့ လူများသည် ထိုသင်တန်းတွင် ကျောင်းပြေးခဲ့ဟန်တူသည်။ “သို့မဟုတ်” အိပ်ငိုက်နေခဲ့ကြဟန်တူသည်။ သူတို့ကမူ သဘာဝတရားကြီးကို ကိုယ်ကျိုးအတွက် သုံးရန်ကလွဲ၍ ကျန်သည်မျက်စိဖြင့် မမြင်တတ်ကြပါ)
တစ်ဖက်ကကြည့်လျှင် သဘာဝတရားကြီးကို ကျွန်တော်တို့ ချစ်မြတ်နိုးနေခြင်းနှင့် ထိန်းသိမ်းနေကြခြင်းသည် ကျွန်တော်တို့၏ ကိုယ်ကျိုးစီးပွားပေါ်တွင် အခြေခံသည်ဟု ထင်သည်။ ဆိုလိုသည်မှာ အိုဇုန်းလွှာပေါက်ခြင်း၏ အန္တရာယ်၊ လေထုညစ်ညမ်းခြင်း၏ အန္တရာယ်၊ ရာသီဥတု ဖောက်ပြန်ခြင်း၏ အန္တရာယ်၊ အယ်နီညို၏ အန္တရာယ် စသော ကိစ္စများက ကျွန်တော်တို့ကို တိုက်ရိုက် ထိခိုက်လာသောအခါ ကျွန်တော်တို့က သဘာဝတရားကြီးကို ပြေးသတိရလိုက်ကြပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကျွန်တော်တို့ကို ထိခိုက်လာမည် အန္တရာယ်ဆိုးများကို ကာကွယ်ရန် သဘာဝတရားကြီးကို ထိန်းသိမ်းကြခြင်းသည် ကျွန်တော်တို့ ကိုယ်ကျွန်တော်တို့ မြတ်နိုး ထိန်းသိမ်းကြခြင်းပင်ဖြစ်သည်။
ကျွန်တော်တို့သည် ရှဉ့်ညိုကလေးထက် လည်းကောင်း၊ ရွှေရောင်ဝါဆွတ်သော ငုပန်းများထက် လည်းကောင်း၊ ရိုးတံငေါငေါနှင့် သစ်စိမ့်ပင်ကြီးထက် လည်းကောင်း၊ အရာရာ အားလုံးထက် လည်းကောင်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပိုချစ်ကြသည်။
ပြဿနာက သည်နေရာတွင် စပါသည်။
ↂ
(၂/ခ)
“လူ့ဘဝဆိုတဲ့ အရာမှာသာ အရောင်ရှိမယ်ဆိုရင် အဲဒီ အရောင်ဟာ အဖြူရောင်ပဲ ဖြစ်လိမ့်မယ်”
ဟု ကျွန်တော့်ဆရာက ပြောပါသည်။
ကျွန်တော်တို့နှစ်ယောက် ထိုင်နေကြသော မန်ကျည်းပင်အရိပ် ဝပ်ဝပ်ကျလျက်သားရှိရာ အိမ်ရှေ့ မြေကွက်လပ် ပေါ်သို့ သစ်ရွက်ခြောက်တွေ တဖွဲဖွဲ ကြွေကြွေ ကျနေ၏။ အေးစက်သော ရနံ့ပါသည် လေပြည်တစ်ချက် ဝှေ့တိုက်လာသည်။ အိမ်ခေါင်မိုးကို အုန်းလက်တို့ ပွတ်သံ တရှဲရှဲကို ကြားရလေသည်။
ကျွန်တော်က ကက်ဆက်ခွေ အလွတ်ထည့်ပြီးသား ကက်ဆက် အသေးစားကလေး နှစ်လုံးကို အသံဖမ်းရန် ခလုတ်နှိပ်၍ ဆရာ့ဘက်သို့ တိုးပေးလိုက်၏။ ကျွန်တော်ပြုစုနေသည့် ဘွဲ့ယူ ကျမ်းတစ်စောင်နှင့် ပတ်သက်၍ ဆရာနှင့် ဆွေးနွေးနေခြင်း ဖြစ်သည်။ လိုအပ်ချက်များနှင့် ပတ်သက်၍ ဆရာပြောသမျှကို အသံသွင်းယူ ထားပြီးနောက်မှ အေးအေးဆေးဆေး ပြန်ကူးကာ ဖြည့်စွက်ပြင်ဆင်မည်ဟု ကျွန်တော် စိတ်ကူးခဲ့သည်။ ဆရာကလည်း ကျွန်တော်စိတ်ကူးကို သဘောတူကာ… အေး၊ ငါ့အတွက်ပါ တစ်ခွေ ကူးပေးထားကွာ၊ ငါလည်း ပြန်နားထောင်ပြီး ငါပြောသွားတဲ့ အထဲမှာ မေ့သွားတာ၊ ကျန်သွားတာ ရှိမရှိ ပြန်စစ်ဆေးလို့ ရတာပေါ့ဟု ပြောခဲ့သည်။
ဆရာက သူ့စကားကို ဆက်၏။
“အဖြူရောင်ဆိုတာ မူလအရောင် ဖြစ်ပေမယ့်လို့ သူ့ဘာသာသူ သီးခြားမရပ်တည်နိုင်ဘူး၊ တခြား အရောင်တွေနဲ့ တွဲကြည့်မှ ငါတို့က အဖြူရောင်ကို မြင်ရတာ၊ ဆိုလိုတာကကွာ အနက်ရောင်နဲ့ တွဲကြည့်လို့သာ အဖြူကို ဖြူတယ်လို့ သိရတာ၊ လောကမှာ အနက်၊ အနီ၊ အဝါ၊ အပြာ စတဲ့ အရောင်တွေသာ မရှိတော့ရင် အဖြူရောင် ဆိုတာလည်း ရှိမနေနိုင်တော့ဘူး လူ့ဘဝကလည်း ဒီလိုပဲကွ”
ကျွန်တော်က ဝင်ပြောလိုက်သည်။
“ဆရာပြောချင်တာက လူ့ဘဝဟာ သူ့ရပ်တည်မှု အတွက် သစ်ပင်တွေ၊ စမ်းချောင်း၊ လေထုနဲ့ တိရစ္ဆာန်ဆိုတဲ့ တခြားအရောင်တွေ အပေါ်မှာ မှီခိုနေရတယ်လို့ ပြောချင်တာလား၊ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်ရင် ကိုယ့် အကျိုးစီးပွားကို ကာကွယ်ချင်ရင် အဲဒီနေရာတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရမယ်ဆိုတဲ့ သဘောပေါ့”
ဆရာက ငေးနေသည်။ မမြင်နိုင်သော အရာတစ်ခုကို (သိပ်မျှော်လင့်ချက်မရှိပါဘဲ) လှမ်းကြည့်ရသလိုမျိုး ငေးသည်။ ဟိုးအဝေးဆုံး တစ်နေရာတွင် တစ်စုံတစ်ရာ ရှိနေသည်ဟုပင် အောက်မေ့ မှတ်ထင် ရစေသော အကြည့် ဖြစ်သည်။ ပက်လက် ကုလားထိုင်ပေါ် လှဲနေသော ဆရာ့ ရင်ခွင်ပေါ်သို မန်ကျည်းရွက် ဝါကျင့်ကျင့်ကလေးတွေ ဖွေးကနဲ ကြွေကျလာလေသည်။
“မှီခိုနေရတယ်” ဆိုတဲ့ စကားလုံးထက် “တစ်သားတည်း ဆက်စပ်နေတယ်” လို့ ပြောရင် ပိုမှန်မယ် ထင်တယ်၊ “ကိုယ်ကျိုးစီးပွား ကာကွယ်မှု” ဆိုတာ အတ္တကြီးတာ မဟုတ်ဘူး။ သူများတွေကို တန်းတူရည်တူ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့် ပေးတာကို ဆိုလိုတာမှန်း အားလုံး သိဖို့လိုအပ်တယ်”
ↂ
(၂/ဂ)
အိမ်ပြန်ရောက် သောအခါ ကက်ဆက်ခွေကို ကျွန်တော့် ညီမလက်ထဲ ထည့်ကာ စာရွက်နဲ့ အချော ပြန်ကူးထားလိုက်ဟု ပြောပြီး ရေချိုးခန်းထဲဝင်ခဲ့၏။
ကျွန်တော် ရေချိုးပြီး ထွက်လာသောအခါ ကျွန်တော့် ညီမက အနီးသို့လာပြီး နားမလည်သလို မျက်နှာအမူအရာ ဖြင့်
“ဘာကိုကူးရမှာလဲ အစ်ကိုကြီး၊ ကက်ဆက်ထဲမှာ ဘာစကား ပြောသံမှ မပါဘူး”
ကျွန်တော် ကြောင်သွားသည်။ ပြစမ်းပါဦးဟု ပြောကာ ကက်ဆက်ကို လှမ်းယူလိုက်ပြီး ပြန်ရစ်ကာ ဖွင့်ကြည့် လိုက်သည်။ တရှဲရှဲမြည်သံ ကြားရသည်။ နောက် … ခွေး ဟောင်သံ၊ လမ်းမှ မော်တော်ကား ဖြတ်မောင်းသွား သံ၊ ဟွန်းသံ၊ စပယ်ယာ၏အော်ဟစ် လူခေါ်သံ၊ လမ်းပေါ်က ဈေးသည်တစ်ယောက်၏ အသံ၊ ဟိုးခပ်ဝေးဝေးမှ လူ နှစ်ယောက် ဆဲဆို ရန်ဖြစ်နေသံ သဲ့သဲ့။
ဒုက္ခပဲဟု ကျွန်တော်စိတ်ထဲမှ ကျိတ်ပြီး ရေရွတ်လိုက်၏။ ထိုအသံများ အားလုံးကို ကျွန်တော် မှတ်မိသည်။ ဆရာနှင့် ကျွန်တော် စကားပြောနေစဉ်က ပတ်ဝန်းကျင်မှ အသံများ ဖြစ်သည်။ သို့သော် ဦးနှောက်ခြောက်စရာ ကောင်းနေသည်က ကျွန်တော်တို့ နှစ်ယောက် စကားပြောနေသံက တစ်ခွန်းမှ ပါမလာ …။
ဘယ်လိုဖြစ်တာပါလိမ့်။ တခြားအသံတွေ အားလုံးတော့ ကက်ဆက်ခွေက ဖမ်းမိပြီး အရေးကြီးတဲ့ စကားတွေ ကျမှ ဘာဖြစ်လို့ တိတ်သားပေါ်မှာ မထင်ရတာပါလိမ့်…။ တစ်ခုခုတော့ မှားနေပြီ။
ↂ
ကျွန်တော်ဆရာ့ဆီ ချက်ချင်းပြန်သွားဖြစ်၏။
အိမ်တံခါးပေါက်နားတွင် ခပ်ငိုင်ငိုင် ထိုင်နေသော ဆရာ့ကို တွေ့ရသည်။ အကျိုးအကြောင်း ပြောပြ လိုက်သောအခါ ဆရာက
“အေး ဟုတ်တယ်ကွ၊ ငါ့ကက်ဆက်ခွေထဲမှာလည်း ငါတို့ နှစ်ယောက်စကားပြောသံ တစ်လုံးမှ မပါဘူး။ အံ့ဩစရာကောင်းတာက တခြားအသံတွေကျတော့ ဟိုး … အဝေးကြီးက အသံတောင်မှ ပြတ်ပြတ်သားသား ဖမ်းမိတယ်၊ ဟေ့ကောင် … နေစမ်းပါဦး၊ ငါတို့ တကယ်တော့ စကားပြောခဲ့ကြတာမှ ဟုတ်ရဲ့လား”
ကျွန်တော် မဖြေတတ်တော့။ နောက်တစ်ခါ ထပ်စမ်းကြည့်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်လိုက်ကြသည်။ ကက်ဆက်ကို ပြီးစမ်းနားတွင် ကပ်ကာ အသံဖမ်းခလုတ်ကို နှိပ်လိုက်၏။ မန်ကျည်းပင်အကိုင်းပေါ်က ငှက်ကလေး တစ်ကောင် ကျလိကျလိ အော်မြည်သံကို ကြားနေရသည်။ ကျွန်တော့်အာရုံကို စုစည်းလိုက်ပြီး ဝါကျတစ်ကြောင်းကို ရွတ်ဆိုလိုက်၏။
“ကိုယ်ကျိုးစီးပွား ကာကွယ်မှုဆိုတာ ကိုယ့်အတ္တကို ကြီးသထက်ကြီးအောင် မွေးတာမဟုတ်ဘူး။ သူများတွေကို တန်းတူရည်တူ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ပေး တာပဲဖြစ်တယ်”
ပြောပြီးသည်နှင့် အသက်အောင့်ထားရသော လေကို အားအင် ကုန်ခန်းသွားသလို မှုတ်ထုတ်သက်ပြင်း ချလိုက်သည်။
“နောက် … ကက်ဆက်ခွေကို အစမှ ပြန်ရစ်ကာ ဖွင့်လိုက် သည်။ ပထမ အခွေရစ်သံ တရှဲရှဲကို ကြားရသည်။ နောက် ငှက်အော်မြည်သံ ကျလိကျလိကို ကြားရ၏။ ခဏအကြာတွင် ဟင်း ကနဲ သက်ပြင်းချလိုက်သံကို ကြားရသည်။ ပြီးသွားပြီ။ သေချာသည်။ ကျွန်တော် ရွတ်လိုက်သောစကားသံကို ကက်ဆက်က ဖမ်းမမိ။
ကျွန်တော့်ဆရာက ခေတ္တမျှ မျက်မှောင်ကုပ်ကာ လေးလေး နက်နက် စဉ်းစားနေသည်။ နောက် ထိုင်နေရာမှ ရုတ်တရက် ထလိုက်ပြီး ခြံဝင်းတံခါးဆီ လျှောက်သွားသည်။ သိပ်ကြာကြာ မစောင့် လိုက်ရ။ ခြံဝင်း တံခါးနှင့်ကပ်လျက် ပလက်ဖေါင်းပေါ်မှ လူတစ်ယောက် လျှောက်လာနေသည်ကို မြင်ရ၏။ ဆရာက ထိုလူ့ကို လှမ်းခေါ်လိုက်သည်။ ထိုလူအနားသို့ ကပ်လာသောအခါ ဆရာက
“ဒီမှာ မိတ်ဆွေ ခင်ဗျား ကိုယ်ကျိုးစီးပွားကို ကာကွယ်ဖို့ဆိုရင် ခင်ဗျား တစ်ယောက်တည်း အတ္တကြီး နေရုံနဲ့ မဖြစ်ဘူး၊ တကယ့် နည်းမှန်လမ်းမှန်က တခြားအရာတွေကိုပါ ခင်ဗျားနဲ့အတူ ရှင်သန်ခွင့်ပေးဖို့ပဲ၊ ဒါကို သဘောပေါက်ရဲ့လား”
ထိုလူက ဆရာ့ကို ငေးကြောင်ကြောင်ကြည့်နေ၏။ ဆရာ ပြောသောစကားသံကို မကြားရသည်မှာ သေချာသည်။
ဆရာက … ကိုယ်လူ မကြားရဘူးလားဟု ဆိုကာ ထိုစကားကိုပင် နောက်တစ်ကြိမ် ထပ်ပြော၏။ သည် တစ်ခါလည်း မကြားရပြန်။ ပါးစပ် လှုပ်နေသည်ကိုသာ မြင်ရသောကြောင့် နောက်ပြောင်နေသည်ဟု ထင်သွားပြီး သူလမ်း သူဆက်သွားရန် ဟန်ပြင်လိုက်၏။ ဆရာက စိတ်တိုသွားပြီး
“ခွေးမသား၊ နားပင်းနေလားကွ ဟေ”
ဟု ဆဲဆိုလိုက်၏။ အင်မတန်မှ ဝမ်းနည်းဖို့ ကောင်းပါသည်။ ဆဲဆိုသော စကားကိုတော့ ထိုသူက သေသေချာချာ ကြားသွားရှာသည်။ ချက်ချင်းပင် ဒေါသတကြီး ပြန်လှည့်လာ၏။ ကျွန်တော်ဆရာကို ကျွန်တော် ကမန်းကတန်း အိမ်ထဲ ဆွဲသွင်းရသည်။ (ထိုစဉ်က ခြံတံခါးကို သော့ခတ် ထားမိသည်မှာ တန်ခိုးရှင် တစ်ပါးပါး၏ ဂုဏ်ကျေးဇူးတော်ကြောင့် သာဖြစ်ပါလျှင် ထိုတန်ခိုးရှင်ကို အိမ်တွင် ဝက်သားဟင်းနှင့် ထမင်း ဖိတ်ကျွေးသင့်ပါသည်)
ခဏအကြာတွင် အိမ်ခေါင်မိုး သွပ်ပြားပေါ်သို့ ခဲကျသံ တဒုန်းဒုန်းကို ကြားရလေသည်။
ↂ
(၃)
သင် … ချောင်းဆိုးဖူးလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည်။ တကယ်ဆို သင်အပါအဝင် ကျွန်တော်တို့ အားလုံးသည် တစ်သက်လုံး ချောင်းဆိုးနေဖို့သာ ကောင်းတော့သည်ဟု ကျွန်တော်က ပြောလျှင်မူ သင် ရုတ်တရက် သဘောတူချင်လိမ့်မည် မဟုတ်တာ သေချာပါသည်။
သင့်မှာ လောလောဆယ် အရေးတကြီး ကိစ္စ … မရှိလျှင် (ကလေး ကျောင်းကြိုသည့်ကိစ္စ သို့မဟုတ်၊ မီတာခ သွားဆောင်ရမည့်ကိစ္စ၊ သို့မဟုတ်၊ ကျူးရှင်မှ ပြန်လာသည့် ကောင်မလေးကို တစ်နေရာရာမှ ထိုင်စောင့်ရမည့်ကိစ္စ၊ သို့မဟုတ်၊ ခပ်ညံ့ညံ့ အငြိမ့်တစ်ခုမှ လူရွှင်တော်များ၏ တတိယတန်းစား ပြက်လုံးကို ရယ်မောပစ် လိုက်ရမည့်ကိစ္စ၊ သို့မဟုတ်၊ အလားတူကိစ္စ တစ်မျိုးမျိုးကို သင့်အနေဖြင့် အရေးကြီးသည်ဟု ယူဆလိုက ယူဆနိုင်ပါသေးသည်။) ကျွန်တော် ပြောလိုသည်မှာ လောလောဆယ် အရေးတကြီးကိစ္စ မရှိလျှင် သင့်အနေဖြင့် ချောင်းဆိုးကြည့်ရန် ကြိုးစားသင့်ကြောင်းပင် ဖြစ်၏။
အသေအချာ တွေးကြည့်လျှင် ဘာမှ သိပ်ထူးလှသည် မဟုတ်ပါ။ သည်အတိုင်း နေရုံနှင့်ကကော သင့် ပါးစပ်ပေါက်ကို ဘယ်လို အသုံးချမည်နည်း။ မနေ့တစ်နေ့က ကြည့်ခဲ့ရသော ဘောလုံးပွဲတွင် မည်သူက ဘောလုံးကို ကန်သွင်းကြောင်း၊ မည်သူက အလွန်တရာ ညံ့ဖျင်းကြောင်း၊ ဂိုးသမားက မည်သို့မည်ပုံ ဖြစ်နေကြောင်း၊ ´ အချိတ် အဆက် အပေးအယူက မည်သို့ ဖြစ်သင့်ကြောင်းများကို လျှောက်ပြော နေရုံဆိုလျှင်တော့ သိပ်မဟုတ်လှသေးဟု ကျွန်တော် ထင်သည်။
အလားတူပင်။ ခြေရင်းအိမ်မှ မိန်းမကြီး၏ သမီး အပျိုဖော်ဝင်စ ပြုလာခြင်းနှင့် သူမ၏ ပထွေးအကြောင်း၊ ဂျာနယ်ထဲတွင် (ရိုးအီနေလောက်အောင်) အထပ်ထပ် ပါနေကျ ဖြစ်သည် ပျစ်ချွဲညှီစို့နေသော သတင်းများအကြောင်း၊ လင်ယူသားမွေး ကိစ္စကို ရေးကြီးခွင်ကျယ် လုပ်ကာ ငိုဟယ်ရီဟယ်ဖြင့် ရိုက်ကူးပြနေသော ခပ်ညံ့ညံ့ မြန်မာဗီဒီယို ဇာတ်ကားများ အကြောင်း၊ (တီဗီတွင် လာတတ်သော ကြော်ငြာများတွင် အော်ဂလီဆန်စရာ ကောင်းလောက်အောင် နှုတ်ခမ်းသားကြီးများကို မဖွယ်မရာ စူပြ၊ ထော်ပြ၊ ပြုံးပြ၊ ပြောင်ပြ၊ ကော့ပြသည် ပေါချာချာ ကြော်ငြာမင်းသမီးများ အကြောင်း၊ စသည်အကြောင်း များကိုသာ ပြောရုံ သက်သက် ဆိုလျှင်တော့ ကျွန်တော်တို့ ပါးစပ်မှ ထွက်လာသော အသံများသည် လေလည်သံလောက်တောင် “ကြောင်းကျိုး အပ်စပ်မှုနှင့် တန်ဖိုး” ရှိတော့မည် မဟုတ်ပါ။ ၂၄ နာရီ လုံးလုံး ချောင်းဆိုးနေသည်ကမှ ပါးစပ် အကုသိုလ် ကင်းပါလိမ့်ဦးမည်။
လူစည်ကားရာ လမ်းဆုံလမ်းခွများ၊ ဈေးများ၊ ပန်းခြံ၊ ရုပ်ရှင်ရုံနှင့် အနီးတဝိုက်နေရာများသို့ ကျွန်တော်နှင့် ကျွန်တော့် ဆရာတို့နှစ်ဦး သွားကာ လူ့အတ္တ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြကြသည်။ ကွမ်တန်သီဝရီ အကြောင်း ပြောကြသည်။ ဘဝ၏ လွတ်မြောက်မှု အကြောင်း ဆွေးနွေးကြသည်။ ဂျော့ဆန်တာယန၏ အလှတရားကို ဝေဖန် သုံးသပ် ကြသည်။ ဖရန်စစ်ဖူကူကားမား၏ သမိုင်းနိဂုံးစာအုပ်နှင့် ပတ်သက်သော အမြင်ကို ဖလှယ်ကြသည်။
သို့သော် ကျွန်တော်တို့ နှစ်ယောက်၏ အသံကို မည်သူကမျှ မကြားရပါ။ ဆဲသံ၊ ဆိုသံ၊ အော်ဟစ်ရန်ဖြစ်သံ၊ အလာပ သလာပ နှုတ်ဆက်သံတို့ကိုသာ သူတို့ကြားနိုင်ကြသည်။ (ထိုလူများထဲတွင်လည်း ကျွန်တော်တို့ကဲ့သို့ ပြောဆို နေကြသူများ ပါကောင်း ပါနေနိုင်ပါသည်။ သို့သော် ကျွန်တော်တို့ကလည်း သူတို့၏ အသံကို မကြားရ။ ဆူသံ ဆဲသံ၊ ရေခဲရေပုံးကို ခွက်ဖြင့် ခေါက်သံ၊ ကားစပယ်ယာ၏ လိုက်မလား။ လိုက်မလား၊ ထိုင်စီးရမယ်၊ တောင်ဥက္ကလာကိုဟု အော်ဟစ်နေသံ များကိုသာ ကြားနေရပါသည်။)
အားလုံးသည် ထိုအနိမ့်စား လေလည်သံများကို ရေခဲမုန့်တစ်ခု စားသလို (အရည်ပျော်မကျခင် ခပ်မြန်မြန် စုပ်ယူပုံမျိုးဖြင့်) စားသောက်နေထိုင်ရန် အသားကျနေကြပြီဖြစ်သည်။
ကျွန်တော် ချောင်းဆိုး ကြည့်လိုက်သည်။
ↂ
(၄)
လှည်းတန်းဈေးရှေ့ လမ်းမပေါ်တွင် ကျွန်တော်တစ်ယောက်တည်း စိတ်ပျက် နွမ်းရိစွာ အဝတ်စုတ် တစ်ထည်ကို တရွတ်တိုက် ဆွဲလာပုံမျိုးဖြင့် လျှောက်လာခဲ့သည်။ သတိရတိုင်း ကမန်းကတန်း ချောင်းကိုလည်း ဆိုးပစ်လိုက်ရ သေးသည်။ ငါ့အသံကို ကြားရအောင် ဘယ်လိုပြောမလဲဟုလည်း စိတ်ထဲက တွေးနေမိ၏။ ဟာ- ဟုတ်တာပေါ့။ ပါးစပ်နဲ့ ပြောလို့မရရင် စာနဲ့ ရေးပြီးပြောမှာပေါ့။ ချက်ချင်း သတိရသွားပြီး ဝမ်းသာအားရဖြင့် အနီးဆုံး သင်္ဘော ဆေးဆိုင် တစ်ဆိုင်သို့ ဝင်ကာ မှုတ်ဆေးဗူးတစ်ဗူး ဝယ်လိုက်၏။
လမ်းမပေါ်ပြန်ရောက်သောအခါ ငါ ဘာစရေးရင် ကောင်းမလဲ ဟု တွေးသည်။ ဈေးထိပ်နားက တိုက်ခန်းဖြင့် ဖွင့်ထားသော ဆိုင်ရှေ့တွင် “စန်လုံ ရတနာရွှေဆိုင်” ဟူသော ဆိုင်းဘုတ်ကို မြင်ရ၏။ အဲ . ဟုတ်ပြီ။ စိတ်ထဲ ပေါ်လာတာက စရေးရမှာပဲဟု ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ဆိုင်းဘုတ်ကို အသေအချာ ထပ်ဖတ် ကြည့်လိုက်သည်။ ရတနာရွှေဆိုင်တဲ့။ အင်း. တကယ်ဆို. ရတနာတွေ၊ ရွှေတွေဆိုတာက ငါနဲ့မှ မဆိုင်တာဘဲဟု ကျွန်တော် တွေးမိသည်။ ဘဖြစ်လို့ “ဆိုင်” ဖြစ်ရမှာလဲ၊ ငါ့ဘက်က ကြည့်ရင် “မဆိုင်”ပေါ့။ ကျွန်တော်က ဆိုင်းဘုတ်မှ “ရွှေ” ဟူသော စာလုံးနှင့် “ဆိုင်” ဟူသော စာလုံးတို့ကြားတွင် မှုတ်ဆေးနှင့် မြားကလေးထိုးကာ “မ” ဟူသော စာလုံးကို ဖြည့်ရေးလိုက်သည်။ အဲ ဟုတ်သွားပြီ၊ “စန်လုံ ရတနာရွှေမဆိုင်”။
ရှေ့အနည်းငယ် ဆက်လျှောက်လိုက်သောအခါ “သန်းထိုက်ဝင်း ဖိနပ်ဆိုင်” ဟူသော ဆိုင်းဘုတ်ကို တွေ့ရ ပြန်သည်။ ဟုတ်ပြီ ဒီဆိုင်းဘုတ်ကိုလည်း ပြင်ပေးရဦးမှာပဲ၊ စောစောကလိုပင် မှုတ်ဆေးဖြင့် “မ” တစ်လုံး ဖြည့် ရေးလိုက်၏။ အိုကေ . ငါကလည်း ဖိနပ်ဝယ် မစီးနိုင်တာ ကြာလှပြီပဲ၊ အခုမှ ဆိုင်းဘုတ်က မှန်သွားတာ၊ “ ဖိနပ် မဆိုင်”
နောက်ထပ်တွေ့ရသော “အဝတ်အထည်ဆိုင်” ဟူ သည် ဆိုင်းဘုတ်ကို ပြင်ရေးနေချိန်တွင် ကျွန်တော့်အင်္ကျီ ကော်လာစကို လူ တစ်ယောက်က ဗြုန်းကနဲ ဆုပ်ကိုင်လိုက်ပြီး
“ဟေ့လူ ဒါ. ဘာလုပ်နေတာလဲ”
ကျွန်တော်က ရှင်းပြရန် ကြိုးစားသည်။
“ကုန်ပစ္စည်းတွေရဲ့ အမြတ်ထဲမှာ နယ်နိမိတ်မျဉ်းတွေရဲ့ တန်ဖိုးက နေရာယူထားတယ်ဆိုတဲ့ စီးပွားရေး သီအိုရီကို ကြားဖူးလား၊ အဲဒီထဲမှာ…“
ကျွန်တော့်စကားသံကို ထိုလူ မကြားနိုင်ဆိုသည့် အချက်ကို ကျွန်တော် မေ့သွားမိသည်။ ထိုအချိန်မှာပင် လူတွေ `အုံလာကြ၏။ လူအုပ်ထဲမှ တစ်ယောက်က တိုးထွက်လာပြီး ကျွန်တော့်ကို အားရပါးရ ထိုးထည့်လိုက်သည်။
“ဒီကောင်ပဲ ဒီကောင်ပဲ၊ စောစောက ငါ့ဆိုင်က ဆိုင်းဘုတ်ကို ပြင်သွားတာ”
လူတွေက တစ်ယောက်တစ်ပေါက် ဝင်ပြောကြသည်။ “လုပ်မနေနဲ့ ရိုက်သာရိုက်ထည့်လိုက်ကွာ”၊ “မလုပ်နဲ့ မလုပ်နဲ့ ရဲစခန်းကိုပို့”၊ “ချ. ချ. အသေဆော်”၊ “ဒီကောင် အရူးထင်ပါရဲ့”-။
ဪ . အတ္တကြီးပြီး မိုက်မဲလိုက်တဲ့လူတွေ . ဟု ကျွန်တော် စိတ်ထဲက တွေးမိ၏။ ကျွန်တော်မေ့သွားပြီး စကားပြော မိပြန်သည်။
“ရှဉ့်ညိုကလေးကိုချစ်ပါ။ သစ်စိမ့်ပင်ကြီးကိုချစ်ပါ လူသား အားလုံးကိုချစ်ပါ၊ အတ္တမှာ • သူများထက် ခေါင်းတစ်လုံး ပိုချင်တဲ့ အတ္တနဲ့ အများနည်းတူ မျှတချင်တဲ့ အတ္တဆိုပြီး နှစ်မျိုးရှိတယ်၊ ဒုတိယ အမျိုးအစားဟာ သမိုင်းနိဂုံးရဲ့ နောက်ဆုံးလူသားပုံစံပဲ၊ အဲဒီတော့ … ခင်ဗျားတို့ရဲ့ အတ္တတွေကို…”
“ခွေးမသား …၊ ပါးစပ်က တလှုပ်လှုပ်နဲ့၊ အသံမထွက်ဘဲ … ငါတို့ကို ကျိတ်ဆဲနေတယ်၊ ချဟေ့• ချ• ဒီကောင်ကို မှတ်လောက်သားလောက် ရှိသွားအောင်”
ဥက္ကာပျံအပိုင်းအစတစ်ခု ကမ္ဘာမြေပေါ် အရှိန်ပြင်းပြင်း လွင့်စင်ပဲကျပုံမျိုးဖြင့် လူအုပ်ကြီးသည် ကျွန်တော့်အပေါ် ပြိုပိကျ လာသည်။
ကျွန်တော် ချောင်းဆိုးလိုက်သည်။
ↂ
(၅)
စားပွဲခုံတစ်လုံးကို မြင်ရခြင်းဆိုသည်မှာ စားပွဲခုံပေါ်ကျ နေသော အလင်းကို မြင်ရခြင်းဖြစ်ကြောင်း အတိအကျ သိရန် လိုအပ်ပါသလား။ မသိလျှင် ဘာမှမဖြစ်သည့်တိုင် ကျွန်တော်ကတော့ သိဖို့ လိုအပ်သည်ဟု ထင်ချင်သည်။ လူနေမှုဘဝများ၊ အတ္တများနှင့် အချိုးအစား မညီညွတ်သော ဆက်ဆံရေး ဂရပ်မျဉ်းများကို မြင်နေရသော်လည်း ထိုအရာများပေါ်သို့ မည်သည့် အလင်းရောင် အမျိုးအစား ကျရောက်နေသည်ကို ခွဲခြားမသိတတ်လျှင် အတော် လွဲချော် သွားနိုင်ပါသည်။ (နောက်တစ်ခုပြောရန် ရှိသည်မှာ အလင်းရောင်တိုင်းတွင် အဖြူရောင်ပါသော်လည်း အလင်းရောင် တိုင်းကတော့ အဖြူရောင် ဖြစ်လိမ့်မည် မဟုတ်ပါ) အဖြူရောင်အကြောင်း သင် ဘယ်လောက်အထိ သိထားပြီးပြီလဲဟု မေးလျှင် ကျွန်တော်တို့ အားလုံး စာမေးပွဲကျမှာ သေချာပါသည်။
ငှက်ကလေးတစ်ကောင် သီချင်းဆိုနေသံကို ကြားရ၏။ “သီချင်းဆိုနေသံ” ဆိုသည်မှာ ကျွန်တော်၏ ထင်မြင်ယူဆချက် သက်သက်မျှသာ ဖြစ်ပါသည်။ တကယ်တမ်းတွင် ငှက်တစ်ကောင်နှင့် တစ်ကောင် အကြွေး အော်တောင်းနေသော အသံလည်း ဖြစ်ချင်ဖြစ်နေ ပါလိမ့်မည်။ ကျွန်တော်မသိပါ။
မြက်ခင်းပေါ် နွေဦးအလင်းတွေ ဖြာကျလျက်သားရှိ၏။ ပါးလှပ်သော အစိမ်းရောင် မြက်ပင် အနားသတ်ကလေး များသည် နေခြည်နှင့် ထိသောအခါ ရွှေရောင်လက်ပနေကြ၏။ သစ်စိမ့်ပင်ကြီးမှ ကြွေကျသော အညိုဖျော့ဖျော့ ရွက်ဟောင်းတို့သည် မြေပြင်ပေါ်မှာ ပြန့်ကျဲနေကြ၏။ သစ်ကိုင်းခွကြားတွင် မျက်လုံးကလေး ပြူးကြောင်ကြောင်နှင့် ရှဉ့်ညိုကလေး တစ်ကောင်ကို မြင်ရသည်။ နွေဥတုတွင် ပြာစင်ကြည်လဲ့သော ကောင်းကင်၏ အရောင်ကို တခြား မည်သည့် အပြာရောင်ကမှ လိုက်မမီဟု ကျွန်တော်ပြောရဲပါသည်။
သင် မျက်နှာသစ်ခဲ့ပြီးပြီလား။ “မင်္ဂလာရှိသော နံနက်ခင်း” ပဲပေါ့။ ဒီလိုပဲ နှုတ်ဆက်လိုက်ကြရအောင်။ မနေ့ညက ကောင်းကောင်း အိပ်ပျော်ခဲ့ရဲ့ မဟုတ်လား။ (ဝမ်းနှုတ်ဆေး ပြင်းပြင်း တစ်ခွက်လောက် သောက်မထားဘူး ဆိုရင်) လူဘာဝဆိုတာ လောလော ဆယ်တော့ ဒါပဲ… လို့ ယူဆထားလိုက်ကြစို့ရဲ့။ အိုကေ နေကောင်းလား။ ထမင်းစားပြီးပြီလား။ ကလေးတွေကော ကျန်းမာတယ်နော်။ အခုတလော သိပ်ပူတာပဲ။ ကဲ … ပြီးရင် အလာပ သလာပ စကားတွေ ဆက်ပြောကြမယ်။ နောက်တော့ … အင်းလေ အလာပ သလာပ စကားတွေပဲ (ကြားလောက်ရုံ) ဆက်ပြောကြတာပေါ့။ အခုလို ခင်ခင်မင်မင်ရှိမှလည်း မနက်ဖြန်မှာ့ အလာပ သလာပ စကားတွေ ဆက်ပြောနိုင်ကြမှာ မဟုတ်လား။ သင့်မှာ အစွမ်းကုန် ဟလိုက်လျှင် လက်လေးလုံး စာခန့်ကျယ်သော သောက်ကျိုးနည်း ပါးစပ်ပေါက်ကြီး ရှိနေပြီပဲ။ သင် ပါးစပ်ဖြင့် ပီကေဝါးနိုင်သည်။ ကွမ်းတစ်ယာစားပြီး သင်သိပ်မကျေနပ်သူ၏ အင်္ကျီပေါ် ကွမ်းတံတွေး ထွေးချနိုင်သည်။ (အနည်းငယ် ကြောက်တတ်လျှင်) ခပ်တိုးတိုး ဆဲရေးနိုင်သည်။ အတင်းပြောနိုင်သည်။ သို့တည်းမဟုတ်• မင်္ဂလာပါဟု နှုတ်ဆက်နိုင်သည်။
ကဲ• မိတ်ဆွေ မင်္ဂလာပါ။
ↂ
ကျွန်တော့်အိမ်တွင် ကြက်တူရွေး ခုနစ်ထောင့် တစ်ရာ ခြောက်ဆယ့် ကိုးကောင်တိတိ မွေးမြူထားပါသည်။ အလာပ သလာပ စကားများ၊ နှုတ်ဆက် စကားများ၊ သိပ် အရေးမကြီး လှသော နေ့စဉ်ပြောနေကျ စကားများကို ကြက်တူရွေး တစ်ကောင်လျှင် တစ်ခွန်းနှုန်း သင်ကြားထားပေး လိုက်ပါသည်။ “မင်္ဂလာပါ” ဟု နှုတ်ဆက်ချင်လျှင် နံပါတ်ဆယ့်တစ် ကြက်တူရွေး၏ အမြီးကို ဆွဲလိုက်ရုံဖြစ်ပြီး “ထမင်းစားပြီးပြီလား” ဟု မေးချင်လျှင် နံပါတ်သုံးဆယ့် ခြောက် ကြက်တူရွေးဖြစ်ပါသည်။ ကျွန်တော်သည် တစ်နေကုန် ကြက်တူရွေးတို့၏ အမြီးများကို ထိုင်ဆွဲနေခြင်းမှ လွဲ၍ တခြားဘာစကားမှ မပြောတော့ပါ။ လောကကြီးကို လှောင်ပြောင် သရော်နေသော ရယ်သံတိုးတိုး ကလေးကိုမူ ကျွန်တော် ခန္ဓာကိုယ်တွင်းမှာသာ လုံခြုံစွာထုပ်ပိုး သိမ်းဝှက်ထားလိုက်ပါပြီ။
ↂ ↂ ↂ
Comments