Skip to main content

ပြစ်မှုနှင့် ပြစ်ဒဏ် - အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုသူများ၏ အမှာစကား


အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုသူများ၏ အမှာစကား

“ရှေးတုန်းက မပေါ်ဖူးခဲ့သေးတဲ့ ဝတ္ထုမျိုး၊ ထူးထူးခြားခြား နော်ဗယ်မျိုးတပုဒ်လောက် ကိုယ် ရေးမလို့။ ပုံနှိပ် စာမျက်နှာ ၄၈ဝ လောက် ရှိမယ်။ လေးလအတွင်း အပြီး ရေးရမှာ။ နှစ်ပုဒ် တပြိုင်တည်း ရေးမယ်။ တအုပ်ကို မနက်ပိုင်း ရေးပြီး တအုပ်ကို ညနေပိုင်း ရေးမယ်။ ချစ်တဲ့ အင်နာဗာစီလီနိုဗာရေ... အဲဒီလို ထူးခြားတဲ့ ဝတ္ထုမျိုး ရေးဖို့ ခုကတည်းက ကိုယ် ရင်တွေ ခုန်နေပြီ သိလား။ အရမ်းပျော်နေတယ်။ ကိုယ်က သမားရိုးကျ ပတ်ဝန်းကျင်နဲ့ ခွင်မကျဘူးလေ”

မိတ်ဆွေတယောက်ဆီကို ဒေါ်စတာယက်စကီ ရေးသည့်စာ ဖြစ်သည်။ လောက ကြီးနှင့် သဟဇာတ မဖြစ်ပုံကို သူ့ကိုယ်သူ သတိထားမိသည့် ၁၈၆၆ ခုနှစ် နွေရာသီတွင် ရေးသောစာ ဖြစ်သည်။ ပတ်ဝန်းကျင်သည် သူ့အတွက် စက်ဆုပ်ဖွယ်အတိ ဖြစ်နေ၏။ ထိုစဉ်က သူ့အသက်မှာ လေးဆယ့်ငါးနှစ်သာ ရှိသေးသည်။ (ထောင်ကျနေသည့် ဆယ်နှစ်တာ အပါအဝင် ဖြစ်သည်။) အစိုးရ ဆန့်ကျင်ရေးထဲတွင် ပါခဲ့၍ ထောင်ဒဏ်နှင့် ပြည်နှင်ဒဏ် ပေးခံရသည်။ 

သည်ကာလအတွင်း ပထမဇနီး ကွယ်လွန်သွားခဲ့သည်။ သူ အချစ်ဆုံး အစ်ကိုတယောက် ဆုံးသွားသည်။ တင်နေသည့် ကြွေးက ရူဘယ် ၄၃,ဝဝဝ ဆိုတော့ လည်ပင်း ရောက်နေပြီ။ လွန်ခဲ့သည့်နှစ်က ကြွေးရှင်တွေကို ရှောင်ရန် နိုင်ငံခြားသို့ ထွက်ပြေးခဲ့ရသည်။ ထိုစဉ်က သူ့အိတ်ထဲတွင် ၁၇၅ ရူဘယ်သာ ပါသည်။ ကိုယ့်ဖို့သာ သိသော ထုတ်ဝေသူ စတီလော့စကီ ကို ဝတ္ထုသစ် တပုဒ် ပေးဖို့ ကတိပေးထားသည်။ နောက်ဆုံးပေးရမည့် ရက်က ၁၈၆၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်။ မပေးနိုင်လျှင် (စတီလော့စကီက မပြီးနိုင်ဟု တွက်ထားသည်။) လက်ရှိသူ့စာအုပ်အားလုံး၊ နောင်ရေးမည့် စာအုပ်အားလုံး ထုတ်ဝေသူက သိမ်းယူမည်။

ကံကောင်းထောက်မစွာဖြင့် ဒေါ်စတာယက်စကီက “ဘယ်တုန်းကမှ မပေါ်ခဲ့ ဖူးသည့်” စာအုပ်ကြီးကို သတ်မှတ်ရက်အတွင်း အပြီးရေးနိုင်ခဲ့သည်။ သို့သော် သူ စိတ်ကူး ထားသည့် နည်းဖြင့် ရေးဖြစ်ခဲ့ခြင်း မဟုတ်။ တပုဒ်ကို ရေးပြီး ၁၈၆၆ ခုနှစ် ဇန်နဝါရီလကတည်း က Russian Herald သတင်းစာတွင် နေ့စဉ် ထည့်သည်။ သည်စာအုပ်ကို ရေးနေရသဖြင့် လုံးဝ မအားတော့ဘဲ စတီလော့စကီကို ပေးဖို့ စာအုပ်ကို မစနိုင်ခဲ့ချေ။ နောက်ဆုံး သူငယ်ချင်း တယောက်အကြံပေးချက်အရ လက်ရေးတိုစာရေးမတယောက်ငှားလိုက်ရသည်။

ကောင်မလေး က ခပ်ငယ်ငယ်။ နာမည်က အင်နာဂရီဂိုရီဗနာ။ မကြာခင် သူတို့ လင်မယား ဖြစ်သွားကြသည်။ အောက်တိုဘာလထဲတွင် အင်နာ့ကို Gambler ဝတ္ထု နှုတ်တိုက် ရွတ်ပေးပြီး ထုတ်ဝေ သူအား အချိန်မီ ပေးနိုင်ခဲ့သည်။ နိုဝင်ဘာလထဲတွင် သတင်းစာအခန်းဆက် ဝတ္ထုရှည်ကြီးကို အပြီးသတ်နိုင်ခဲ့သည်။ ယင်းဝတ္ထုကြီးကား Crime and Punishment (ပြစ်မှုနှင့် ပြစ်ဒဏ်) ဖြစ်လေသည်။

ဒေါ်စတာယက်စကီ နောက်ဆုံး တဆယ့်ငါးနှစ်အတွင်း ရေးသွားသောဝတ္ထုကြီး ငါးပုဒ်အနက် ပထမဆုံးနှင့် အထူးခြားဆုံး ဝတ္ထုကြီး ဖြစ်သည်။

Crime and Punishment ထွက်လာတော့ ဝေဖန်ရေးဆရာတွေ၊ စာပေ ပညာရှင်တွေ ဝိုင်းဝေဖန်ကြသည်၊ အကဲဖြတ်ကြသည်။ သို့သော် ဘယ်သူမှ အတိအကျ မဖော်ညွှန်းနိုင်ကြ။ သူတို့သည် ဟိန္ဒူပုံပြင်ထဲက မျက်မမြင် ခြောက်ယောက် ဆင်ကို စမ်းပြီး မိရာအစိတ်အပိုင်းကို ကိုယ်စီ မှန်းဆ ပြောဆိုနေကြသည်နှင့်တူနေသည်။ တယောက်က မြွေ၊ တယောက်က သစ်ပင်၊ တယောက်က နံရံ၊ တယောက်က ယပ်တောင် စသည်ဖြင့်... စသည်ဖြင့်။ ဒေါ်စတာ ယက်စကီ ကိုယ်တိုင်ရေးခဲ့သည့် မှတ်စုများ၊ သုံးသပ်ချက်များကလည်း အလွန် အေးစက်စက်နိုင်သည်။ အကြမ်းဖျင်းလောက်သာ မှန်း၍ ရနိုင်သည်။ ထို့ကြောင့်ဝေဖန်ရေးဆရာတွေ အမှားမှား အယွင်းယွင်း ဖြစ်ကုန်ခြင်းပင်။

ဒေါ်စတာယက်စကီက လုံးချင်းမထွက်ခင် အကြိမ်ကြိမ် ပြင်ရေးသည်။ အတွေးသစ် တခုရလျှင် ဇာတ်ကြောင်းကို ပြောင်းပစ်သည်။ ၁၈၆၅ ခုနှစ် ဒီဇင်ဘာလထဲတွင် သူ့မိတ်ဆွေ မြေပိုင်ရှင်ကြီး ဗရန်ဂျဲလ်ထံ ရေးသည့်စာတွင် “ကျွန်တော် ရေးနေတာတွေ တော်တော်ကြာ သွားပြီ။ (Crime and Punishment ပထမမူ) တဖြည်းဖြည်းနဲ့ အပိုင်း ၆ ပိုင်း ပါတဲ့ တကယ့် နော်ဗယ်ကြီး ဖြစ်သွားတယ်။ အဲဒါတွေ ကျွန်တော် အားလုံး မီးရှို့ပစ်လိုက်တယ်။ ကျွန်တော် ခုမှ ဖွင့်ပြောတာပါ။ ကိုယ့်ဘာသာ ကိုယ် မကြိုက်လို့ပါ။ ပုံစံအသစ်နဲ့ ခွင်အသစ်ချပြီး ကျွန်တော် ပြန်ရေးတယ်။ နေ့ရော ညရော ရေးတယ်။ ဒါပေမဲ့ သိပ်အားမစိုက်ရသလိုပဲ။ နော်ဗယ်ဆိုတာ ကဗျာပဲ။ နော်ဗယ်ရေးနိုင်ဖို့ စာရေးဆရာတယောက်ဟာ စိတ်ရဲ့ ငြိမ်းချမ်းမှု ရှိရမယ်။ ယုံကြည်မှု ရှိရမယ်...”

ဒေါ်စတာယက်စကီက နော်ဗယ်ဟာ ကဗျာပါတဲ့။ ဆိုလိုသည်မှာ Crime and Punishment သည် သံစုံမြည်နေသည့် ဝတ္ထုကြီး ဖြစ်သည်။ လေးနက်သော ဘဝအမြင်တွေ ဖြာထွက်နေသည်။ အနှစ်သာရကို ရုတ်ခြည်း မြင်နိုင်ဖို့မလွယ်။ပြီးတော့ရှုပ်ထွေးလွန်းသည်။

ထို့ကြောင့် လေ့လာသူတွေ၊ ဝေဖန်ရေးဆရာတွေ အမိမဖမ်းနိုင်ကြခြင်းကို ခွင့်လွှတ်သင့်သည်။ အဓိပ္ပာယ်အမျိုးမျိုး ကောက်ယူနိုင်သည့် ဒေါ်စတာယက်စကီ၏ အရေးအသား၊ အသုံး အနှုန်းများကို တမျိုးတည်း အသံထွက်အောင် လုပ်ဖို့မှာ လွယ်ကူမည် မဟုတ်ပေ။

Crime and Punishment သည် ဟန်သစ်နှင့် ထွက်လာသည့် ဝတ္ထုများထဲတွင် တပုဒ် အပါအဝင် ဖြစ်သည်။ ဖောက်ထွက်သည့် ဝတ္ထု ဖြစ်သည်။ သူ့ရေးဟန်က လေးနက် လွန်းသည်။ သူ့နောက်ပိုင်း ဝတ္ထုများကို ဒေါ်စတာယက်စကီက ဘဝတွင် ချောင်ပိတ်မိနေသည့် အဖြစ်ဆိုးများ၊ ဘဝအမောများကို ဖော်ညွှန်းသည့် ဝတ္ထုများဟု အဓိပ္ပာယ်ဖွင့်သည်။ တဖက်က ကြည့်လျှင် သူ့ဝတ္ထုများသည် ပျော်ရွှင်နေသော ကမ္ဘာကြီးထဲမှ အနိဋ္ဌာရုံတွေကို အမြစ်က တူးပြီး သရော်ပြလိုက်သော ဝတ္ထုများ ဖြစ်သည်။

ဒေါ်စတာယက်စကီ၏ ထူးခြားမှုမှာ ဆန့်ကျင်ဘက်များကို ပိုက်စိပ်တိုက် ရှာဖွေ နိုင်သည့်၊ တီထွင်နိုင်သည့် အရည်အချင်း ဖြစ်သည်။ အနက်အရှိုင်း၊ လက်တဆုံး နှိုက်ကာ အသေးစိတ် ရေးနိုင်သည့် အရည်အချင်းဖြစ်သည်။ အနိဋ္ဌာရုံတွေကိုသူကရယ်သွမ်းသွေးပစ်သည်။ 

ရုရှား နေ့စဉ်ဘဝကို အပီအပြင် ဖော်ထုတ်ရာတွင် အသေးစိတ်လွန်းသည်။ သူ့နော်ဗယ် များသည် သူ့ခေတ်တနေရာတွင် ငြိမ်နေဖို့ ငြင်းဆန်ကြသည်။ တော်လ်စတွိုင်း၊ တူရဂီညက် နှင့် ဂွန်ချာရော့ဗ်တို့က သူ့လို မဟုတ်။ သူတို့၏နော်ဗယ်များက သူ့ခေတ်အသိုင်းအဝိုင်းထဲ တွင်သာနေသည်။ ဒေါ်စတာယက်စကီကမူ သမိုင်းထဲမှ ခုန်ထွက်ကာ ကျွန်တော်တို့နှင့် ထိပ်တိုက် လာတွေ့သည်။
 နောက်ဆုံး စကားကို သူ မပြောရသေးသည့်အလား။
သူ့စာပေသည် “သရုပ်မှန်၏ ပုံတူ” ဖြစ်သည်။ ပိုရှင်းအောင် ၁၈၆၄ ခုနှစ်တွင် ထွက်သည့် သူ၏ Notes from Underground (မြေအောက်မှတ်တမ်းများ)ကိုကျွန်တော်တို့ ပြန်လှန်ရပါလိမ့်မည်။ Crime and Punishment မစမီ တနှစ်က ထွက်သည့် စာအုပ် ဖြစ်သည်။ သည်ဝတ္ထုငယ်ကလေးသည် ဖောက်ထွက်ခြင်း၏ ဘဝ ဖြစ်သည်။ ဝိရောဓိများ၏ အရင်း အမြစ်ကို တူးဖော်သည့် ဝတ္ထု ဖြစ်သည်။ ဤတွင် သူ၏ လမ်းသစ်ကို စတင်ဖောက်လုပ်ခြင်း ဖြစ်သည်။ သည့်နောက်ပိုင်း ထွက်လာသည့် သူ့လက်ရာအားလုံး Notes from Underground ၏ ဟန်ဖြစ်လာသည်ဟု ဆိုနိုင်သည်။ 

ဤအပြောင်းအလဲအတွက် သူ (ဒေါ်စတာယက်စကီ) ကိုယ်တိုင် အံ့ဩရမလောက် ဖြစ်သွားသည်။
သည်ကိစ္စနှင့် ပတ်သက်ပြီး စိတ်ကူးယဉ်ကွန်မြူနစ် ချန်နီရှက်စကီ၏ What Is to be Done? ဆိုသော အစီအစဉ်ရှိရှိရေးသည့် ဝတ္ထုကို ဒေါ်စတာယက်စကီ ဝေဖန်ဖို့ ကြိုးစား သေးသည်။ သို့သော် ဝေဖန်စာ မရေးဖြစ်ဘဲ ပုံပြင်တပုဒ် ရေးဖြစ်သည်။ ကာကွယ်ခြင်း တဝက်၊ ဝန်ခံခြင်းတဝက် ပုံစံဖြင့် မြေအောက်မှ အမည်မရှိ လူတယောက်အကြောင်း ပုံပြင် ဖြစ်သည်။

၁၈၆၀ ပြည့်လွန်နှစ်များတွင် ဒေါ်စတာယက်စကီသည် အစွန်းရောက် နိုင်ငံရေး သမားများနှင့် ပေါင်းမိကာ သူ့ယုံကြည်ချက်တွေ ပြောင်းလာသည်။ သူ့စာပေဘဝသည် အပြင်းစား ဘဝမျိုး မဟုတ်ခဲ့ပေ။ ဘုရင်စနစ်ကို ဝေဖန်သည်။ ဆင်းရဲသားများကို ကရုဏာ ထားသည်။ ပြင်သစ် စိတ်ကူးယဉ်ဝါဒီ ဖော်ရိုင်းယား၏ အယူအဆတွေကို သဘောကျသည်။ ဤမျှသာ။ ၁၈၄ဝ ပြည့်လွန်နှစ်များတွင် ပီထရာချက်စကီ အုပ်စု၏ လျှို့ဝှက်အစည်းအဝေး တွေ တက်သည်။ သူတို့အုပ်စုတွင် ပုံနှိပ်စက် ရှိသည်။ ဖော်ရိုင်းယား၏ စာအုပ်တွေကို ရိုက်ဖြန့် ဖို့ စီစဉ်ကြသည်။ သည်အတွက် ၁၈၄၉ ခုနှစ်တွင် အဖမ်းခံရသည်။ Notes from the Dead House (သေမင်းအိမ် မှတ်စုများ) ဟူသည့် ထောင်အတွေ့အကြုံတွေ အခြေခံ ရေးသော ဝတ္ထု ၁၈၆ဝ တွင် ထွက်လာသည်။ ပီတာစဘတ်သို့ သူ ပြန်မရောက်မီ တနှစ် ဖြစ်သည်။ သည်စာအုပ်တွင် အခန်းထောင့် တနေရာမှာ ထိုင်လျက် ကောင်းကင်ပြာကြီးကို မော့ကြည့် နေပုံကိုဖွဲ့သည်။ ထောင်နံရံအပြင်ဘက်တွင်တော့ ဘဝက တမျိုး၊ လွတ်လပ်မှု အပြည့်။ တနေ့နေ့ မှာ ထောင်က လွတ်ရမည်။ အပြင်တွင်စောင့်နေသည့် လွတ်လပ်သော ဘဝထဲ ပြန်ဝင်မည်။ ဒီအခါမှာ အမှားအယွင်းတွေ မလုပ်မိအောင် လောကနီတိနှင့်အညီ နေတော့မည်။

၁၈၆ဝ ပြည့်လွန်နှစ်များတွင် အစွန်းရောက် အယူအဆများကို သူ မကြိုက်တော့ပေ။ ဒုစရိုက်ပြုမှားမိသူ တယောက်၏ နောင်တရခြင်းမျိုး။ ကိုယ့်ဘုရင်၊ ကိုယ့်သခင်ကို ရိုသေရမည်။ ရုရှား ရှေးဟောင်း ခရစ်ယာန် တရားတော်နှင့်အညီ နေတော့မည်။ သည်ကမ္ဘာ ကြီးထဲတွင် ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် မေတ္တာတရားမျိုးကို ရှာတော့မည်။ သည်လို သည်လို တွေးထားပေမယ့် တခုမှ ဖြစ်မလာ။ Notes from Underground အရ ဆိုလျှင် သူ့ခန္ဓာ ကိုယ်ကို တစုံတရာ ပူးကပ်နေသည်နှင့် တူ၏။ ဆိုက်ဗေးရီးယားမှ ပြန်လာပြီး သူ့ အတွေး အမြင်တွေ အရမ်းစူးရှလာသည်၊ ထက်မြက်လာသည်။ သဘာဝဥပဒေတို့၊ သင်္ချာဗေဒတို့ကို လှောင်ပြောင် သရော်သည်၊ တိုက်ခိုက်သည်။ တိုးတက်သည့် အယူအဆ၊ ယဉ်ကျေးမှု စသည် တို့ကိုလည်း ပြက်ရယ်ပြုသည်။ ချန်နီရှက်စကီ၏ သိပ္ပံနည်းကျ စိတ်ကူးယဉ် ကွန်မြူနစ်ဝါဒကို လည်း လက်မခံတော့။ ပို၍ပြင်းသော တဖက်စွန်းသို့ ရောက်သွားခြင်းပင်။ သူက ကြေညာသည်။

“နှစ်နဲ့နှစ် ပေါင်း လေးရတယ် ဆိုတဲ့ အဖြေဟာ ဘဝ မဟုတ်တော့ဘူး။ ရဲဘော်တို့၊ အဲဒါဟာ သေခြင်းတရားရဲ့ အစပဲ'

၁၈၆ဝ ပြည့်လွန်နှစ်တွေကို ပြန်ကြည့်လျှင် အလက်ဇန္ဒာ(၂) ပြုပြင်ပြောင်းလဲရေး စလုပ်တာ တွေ့ရသည်။ ကျွန်စနစ် ဖျက်သိမ်းပေးသည်။ ဂျူရီအဖွဲ့နှင့် တရားစီရင်ရေးကို ခွင့်ပြုသည်။ လယ်ယာမြေစနစ် ပြုပြင်ပြောင်းလဲရေး လုပ်ပေးသည်။ ဆင်ဆာထိန်းချုပ်မှုကို လျှော့ပေးသည်။ ၁၈၄ဝ ပြည့်နှစ်၊ လစ်ဘရယ်များအတွက် အပြောင်းအလဲများမှာ အိပ်မက် မျှသာ ဖြစ်သည်။

သို့သော် သူ့အမြင်တွေ ပြောင်းသွားပြန်သည်။ ပြည်နှင်ဒဏ်ကာလပြီးလို့ ပြန် လာပြီး မကြာမီ သူသည် ထူးထူးဆန်းဆန်း ဖြစ်လာသည်။ ထောင်ထဲတွင် သူ ပျော်လာခဲ့သည့် ကောင်းကင်ပြာကြီး မတွေ့ရတော့ပါလား။ သူလိုချင်သည့် လွတ်လပ်မှု ဆိုတာ ဘယ်မှာလဲ။ မတွေ့ရတော့ပါလား။ သည်နေရာတွင် အခြားအမှန်တရားတခု အစားဝင်နေသလိုပါလား။

သည်လိုအခြေအနေနှင့် ရင်ဆိုင်ဖို့ သူ အဆင်သင့် မဖြစ်ခဲ့ပေ။ သူ စမ်းတဝါးဝါး ဖြစ်နေသည်။ သည်အခြေအနေကို သူက အတိတ်ဖြစ်ရပ်လို့ သဘောထားလိုက်သည်။ သည်အကြောင်း ၁၈၆၁ ခုနှစ်က သူ ဆောင်းပါးတပုဒ် ရေးဖူးသည်။ တညနေတွင် သူ အိမ်ပြန်လာသည်။ နီဗားမြစ်ကမ်းနဖူးတွင် ရပ်ပြီး မြစ်ကြောင်းကို မျက်စိတဆုံး မျှော်ကြည့်လိုက်သည်။

နောက်ဆုံးမှာ ကမ္ဘာကြီးတခုလုံးကို လှမ်းမြင်နေရသလိုပါပဲ။ နီဗား မြစ်ရိုးတလျှောက်မှာ ခွန်အားကြီးမားတဲ့လူတွေရှိတယ်။ နုံချာ ချည့်နဲ့တဲ့လူတွေ ရှိတယ်။ ဒါပေမဲ့ ညနေဆည်းဆာမှာ အားလုံး ရွှေရောင်တောက်နေတယ်။ သူတောင်းစားအိမ်လည်း လှနေတာပဲ။ မြင်ကွင်းအားလုံး မြင်မြင်သမျှ အကုန် လှနေတယ်။ ဒါပေမဲ့ မှောင်ရီသမ်းလာတာနဲ့ အလှပျက်စီးသွားလိမ့်မယ်။ ကျွန်တော့်စိတ်ထဲ တမျိုးကြီး ဖြစ်သွားတယ်။ အမည်ဖော်မရတဲ့ ခံစားမှုတမျိုးနဲ့ ကျွန်တော့်သွေးတွေ ဆူပွက်လာသလိုပဲ။ အဲဒီခံစားမှုဟာ ယနေ့ထိ စိတ်ထဲ စွဲကျန်နေတယ်။ ဒါပေမဲ့ ခုထိ ဘာမှန်းမသိဘူး။ ခွဲခွဲခြားခြား ပြောမပြတတ်ဘူး။ ဒါပေမဲ့ ကမ္ဘာသစ်ကို လှမ်းမြင်လိုက်ရသလိုပဲ။ တခါမှ မရောက်ဖူးတဲ့ ကမ္ဘာ။ လျှို့ဝှက်ဆန်းကြယ်တဲ့ သင်္ကေတ တခုက တဆင့် လှမ်းမြင်လိုက်သလိုပဲ။ အဲဒီ တဒင်္ဂမှာပဲ ကျွန်တော့် လက်ရှိဘဝ ချက်ချင်း စတင်ပြောင်းလဲ ...။
သည်အကြောင်း နောက်ပိုင်းစာပိုဒ်မှာ ပိုပြီး အသေးစိတ် ရှင်းပြထားသည်။

ပတ်ဝန်းကျင်ကို ကျွန်တော် ချက်ချင်း ဝေ့ကြည့်လိုက်တယ်။ လူတွေ ဟာ ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်တွေ ဖြစ်နေတယ် ဆိုတာ သတိထားလိုက်မိတယ်။ ဒါပေမဲ့နေရာတိုင်းမှာ တွေ့နိုင်တဲ့လူမျိုးတွေ။ တကယ့် လူတွေ။ ဒွန်ကားလို့စ် ပုံစံတွေလည်း မဟုတ်ဘူး။ ဝတ်ကောင်းစားလှ ဘွဲ့ထူး ဂုဏ်ထူးနဲ့ အရာရှိ အရာခံ တွေ။ ဒါပေမဲ့ တခုခု လွန်ကဲနေသလိုပဲ။ ကျွန်တော့်ရှေ့က တယောက်က မျက်နှာ ရှုံ့မဲ့ပြီး ထူးထူးဆန်းဆန်း လူအုပ်ကြီးထဲမှာ ဇက်ပုပြီး ပုန်းနေတယ်။ သူ့လက်ထဲမှာ ယမင်းရုပ်ကလေးတွေနဲ့၊ ကြိုးဆွဲလိုက်ရင် အရုပ်ကလေးတွေက လှုပ်တယ်။ ဒါကို သဘောကျပြီး သူ အူတက်မတတ် ရယ်နေတယ်။
ဤသို့ ပရလောကလိုလို၊ မကောင်းဆိုးဝါးလိုလို အဓိပ္ပာယ်နှစ်မျိုး ထွက်သည့် ရယ်စရာများကို ဒေါ်စတာယက်စကီ၏နောက်ပိုင်းစာအုပ်များတွင် တွေ့လာရသည်။ နီဗား မြစ်ကမ်းမှ မြင်ကွင်းမျိုးထဲသို့ စိတ်ကူးဖြင့် သူ ရောက် သွားခြင်း ဖြစ်သည်။ 

ချန်နီရှက်စကီလို ဖောက်ပြန်ရေးသမားများ၏ အတွေးအခေါ်ကို ဒေါ်စတာယက်စကီသည် မကောင်းဆိုးဝါး ရယ်သံမျိုးဖြင့် ရယ်ကောင်း ရယ်နေလိမ့်မည်။ (သူတို့ အတွေးအခေါ်အတွက် ဖြစ်လာမည့် အကျိုးသက်ရောက်မှုကို သိ၍ မဟုတ်။ သူတို့ကို ကြည်ကြည်လင်လင် ကြိုမြင်နေ၍ ဖြစ်သည်။)

လူ့ဘဝကို သူတို့က သတ်မှတ်မပေးနိုင်။ ဘယ်ဥပဒေနှင့်မှ မသတ်မှတ်နိုင်။ ဘယ် ယုတ္တိဗေဒနှင့်မှ မသတ်မှတ်နိုင်။ ဘယ်သူကမှလည်း တခမ်းတနား စာမဖွဲ့နိုင်။ သည်အခြေခံဖြင့် သူသည် နိုးကြားလာနေသော ဥရောပအပေါ်ကမ္ဘာ့အမြင်ကို နိဂုံးဆွဲသည်။ ရုရှား ပညာတတ် တယောက် အမြင်ဖြင့် သုံးသပ်သည်။

သည်လိုစာအုပ်မျိုးကို ဒေါ်စတာယက်စကီ ရှေ့တွင် ဘယ်သူမျှ မရေး ဖူးခဲ့ကြပေ။ သူက ထိုခေတ်၏ ဖောက်ပြန်သော အတွေးအခေါ်တွေကို တိုက်ခိုက်သည်။ ခက်ခဲနက်နဲသော ဒေသိယစကားလုံးများ ဖောဖောသီသီ သုံးစွဲပြီး ရေးနိုင်သည်။ သာမန်စာဖတ်သူများ မျက်မှောင်ကုတ်သည့် အရေးအဖွဲ့မျိုး ဖြစ်သည်။ 

သူ၏ Notes from Underground မှ နာမည်မဲ့ ဇာတ်ကောင်အတိုင်း လူ့ဘဝ၏ သစ္စာတရားကို ရှာဖွေသည်။ Crime and Punishment မှ ဇာတ်လိုက် ရပ်စ်ကိုလ်နီကော့ဗ်သည် ပညတ်တော်အရ အပြစ်ရှိသူ ဖြစ်သည်။ စာဖတ် ပရိသတ်အတွက် ဒေါ်စတာယက်စကီ၏ “အသစ်အဆန်း” သို့မဟုတ် ဘယ်သူမှ မရေးဖူးသည့် Crime and Punishment သည် မကောင်းဆိုးဝါး၏ ရယ်သံ ဖြစ်သည်။ Notes from Underground သည် “နီဗားမြစ်ကမ်းနဖူးမှ မြင်ကွင်း” နှင့် အတူတူပင် ဖြစ်သည်။

ဝတ္ထု၏ အပိုင်း (၂) မှ စာတပိုဒ်သည် သူ၏ပီတာစဘတ်မြင်ကွင်း (Petersburg Visions) ကွင်ပါသည့် စာပိုဒ်နှင့် အတူတူပင် ဖြစ်သည်။ လူသတ်မှု ဖြစ်ပြီး နောက်တနေ့တွင် ရပ်စ်ကိုလ် နီကော့ဗ်သည် နီဗားမြစ်ကူးတံတားပေါ်တွင် ရပ်၍ မြို့ကို ငေးကြည့်နေသည့် အခန်း။

သူသည် တံတားပေါ်တွင်ရပ်လျက် မြို့ကို အကြာကြီး ငေးကြည့်နေသည်။ သည်မြင်ကွင်းသည် မြင်နေကျ မြင်ကွင်း ဖြစ်သည်။ တက္ကသိုလ် ကျောင်းသား ဘဝကတည်းက သည်နေရာသည် အိမ်အပြန် သူ ရပ်ကြည့်နေကျ နေရာ ဖြစ်သည်။ (အကြိမ်ပေါင်း တရာမက ရှိလိမ့်မည် ထင်သည်) အလွန် ကြည့်လို့ ကောင်းသည့် မြင်ကွင်းကျယ် ဖြစ်ပါ၏။ သည်လို ရပ်ကြည့်တိုင်း မရေမရာ၊ မရှင်းမလင်း အတွေးတမျိုး ဝင်လာစမြဲ။ သည်အတွေး ဝင်လာလျှင် ကျောထဲ စိမ့်သွားတတ်သည်။ သည်အတွေး ဝင်လာလျှင် မြင်ကွင်းတခုလုံး ဆွံ့အ နားမကြား သလို တိတ်ဆိတ်သွားတတ်သည်။ သည်လို ထူးထူးဆန်းဆန်း ခံစားရတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလာပြီး အသိဉာဏ်တွေ အုံ့မှိုင်း ထုံထိုင်းသွား တတ်သည်။ မရေရာသော အနာဂတ်သည်လည်း မှုန်ဝါးသွားတော့သည်။

သည်လိုအခါတွင် ရှုပ်ထွေးလွန်းသော၊ အဖြေမထွက်သော မေးခွန်းတွေ ရုတ်ခြည်း ခေါင်းထဲ ပေါ်လာတတ်သည်။ သည်လို ပေါ်လာခြင်းမှာ မတော်တဆ ပေါ်လာခြင်း ဟုတ်ဟန်မတူ။
သည်နေရာတွင် ကျောထဲစိမ့်သွားလောက်အောင် အသံနက်ကြီးဖြင့် ရယ်မောသံကို ကြားယောင်လာကြရသည်။ မကောင်းဆိုးဝါး၏ အသံတိတ် ရယ်သံလေလား။ ပြဿနာက ဘာမှန်းမသိ၊ ပဟေဠိ။ အသံသည် အမှောင်ထဲတွင် ပျောက်ကွယ်သွားသည့်အလား။

ရပ်စ်ကိုလ်နီကော့ဗ်သည် သည်အဖြစ်မျိုးနှင့် မကြာခဏ ကြုံတွေ့နေရသည်။ သူ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုကြောင့် သည်လို ဖြစ်လာခြင်း မဟုတ်။ သူ၏ အပြုအမူသည် မဖြေရှင်းနိုင်သော အကြောင်းများ၏ ပထမအဆင့်ကဲ့သို့ ဖြစ်နေသည်။

Crime and Punishment သည် အလွန်အဆင့်မြင့်သည့် လျှို့ဝှက်သည်းဖို ဝတ္ထုကြီး ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်လွန်းဆုံးမှာ လူသတ်သမား ဇာတ်လိုက် ကိုယ်တိုင်ပင် ဖြစ် လေသည်။

ဒေါ်စတာယက်စကီ ရေးသောစာ၊ ပေးသောစာများ၊ မှတ်စုများအရသည် နော်ဗယ်လ်ကြီး၏ ဇာစ်မြစ်ကို ကျွန်တော်တို့ ဘက်ပေါင်းစုံမှ သိရှိခဲ့ကြပြီး ဖြစ်ပါသည်။ ၁၈၆၅ ခုနှစ်က သူ နိုင်ငံခြားခရီးထွက်စဉ်ဝတ္ထုနှစ်ပုဒ် ရေးဖို့ စိတ်ကူးသည်။ တပုဒ်က နော်ဗယ်လ်ဝတ္ထုရှည်ကြီး။ နာမည်က ယမကာလုလင်များ (The Drunkards)။ လက်ရှိ ဖြစ်နေသည့် အမူးသမားများ၏ ပြဿနာများ ဖြစ်ကြောင်း၊ သူ ရေးမည့် အစီအစဉ်ကို စာအုပ် တိုက်တတိုက်ကို ပြောတော့ ထုတ်ဝေသူက ပယ်ချခဲ့သည်။ နောက်တပုဒ်က “ရာဇဝတ်မှုကျူးလွန်ခြင်း စိတ်ရောဂါ’ (Psychological account of a crime)။ လွန်ခဲ့သည့် ဆယ့်ငါးနှစ် ထောင်ထဲမှာကတည်းက ဥထားသည့် ဇာတ်လမ်း။ ယမကာလုလင်များကို အမြန်ဆုံးရေးမည် စိတ်ကူး၏။ သို့သော် စိတ်ကူးပေါက်ပြီး နောက်တပုဒ် ရေးနေသဖြင့် မရေးဖြစ်။ ၁၈၆၅ ခုနှစ်တွင် ဝတ္ထုပုံကြမ်း အသေးစိတ်ကို Russian Herald အယ်ဒီတာ မစ်ဟိုင်းခတ်ကော့ဗ်ဆီ ရေးပို့သည်။ ထိုစဉ်က သူ့စိတ်ကူးထဲမှ ဇာတ်လမ်းမှာ ခပ်တိုတို ဖြစ်သည်။ 

စာရေးဆရာက ပြန်ပြောပြသော ပုံသဏ္ဌာန် ဖြင့် ရေးမည်။ ရာဇဝတ်မှုကို သူကိုယ်တိုင် ဝန်ခံပြောပြမည့် ဇာတ်လမ်း။ ခတ်ကော့ဗ်ထံ သူ ရေးပို့သည့် ဇာတ်လမ်းမှာ “ခေတ်ပညာတတ် လူငယ်တယောက်၊ လူတော် လူကောင်း တယောက်က ထူးဆန်းသည့် ဩဇာလွှမ်းမိုးမှုတခုကြောင့်၊ လေထဲတွင် ပျံ့လွင့် နေသည့် မရေမရာ အတွေးအခေါ်ကြောင့် လူသတ်မှု ကျူးလွန်ခဲ့ကြောင်း ဇာတ်လမ်းမျိုး ဖြစ်နိုင် သည်...”။ 

တနည်းပြောရလျှင် ရုရှားနိုင်ငံ၏ တဖက်စွန်းရောက် အတွေးအခေါ်များ၏ ကူးစက်မှု ဖြစ်သည်။ အထူးသဖြင့် ၁၈၆ဝ ပြည့်နှစ်များတွင် ပေါ်လာသည့် နတ္ထိကဝါဒ ဖြစ်သည်။ ဒေါ်စတာ ယက်စကီ၏ Notes from Underground မှာ သည် သဘောပင် ဖြစ်သည်။ နောက်ဆုံးတွင် သူ မီးရှို့ပစ်လိုက်သည့် စာမူမှာ သည်စာမူ ဖြစ်သည်။

သည်ဇာတ်လမ်းထဲမှ ဇာတ်လိုက်ကမူ မီးထဲ ပါမသွားဘဲ ဘယ်သူမှ မရေးဖူးသေးသည့် ပုံစံဖြင့် သူ နောက်ထပ် ရေးမည့် နော်ဗယ်လ်ထဲတွင် ဆက်လက် အသက်ဝင်နေသည်။ ပို၍ ကြီးကျယ်သော ပုံသဏ္ဌာန်ဖြင့် ရှင်သန်နေခြင်း ဖြစ်သည်။ သို့သော် ဇာတ်လမ်းအသစ် တွင် မူလဇာတ်မှာလို ဝန်ခံခြင်း ပုံစံမျိုး မဟုတ်တော့။ ဇာတ်အိမ်လည်း အပုံကြီး ပိုကျယ်သွားသည်။

ကံအားလျော်စွာ သေခါနီးဆဲဆဲတွင် ဆေမျွန်ဇာဒါရိုဗစ်ချ်မာမီလာဒေါ့ ဆိုသူ တယောက်နှင့် ဒေါ်စတာယက်စကီ မိတ်ဆွေ ဖြစ်ခဲ့သည်။ လောလောဆယ် အလုပ်အကိုင် မရှိသည့် အမှုထမ်းဟောင်း တဦးဖြစ်သော ထိုပုဂ္ဂိုလ်နှင့် သူ့ဇနီး ကက်တာရီးနာအီဗန်နိုဗာတို့၏ ဇာတ်လမ်းမှာ The Drunkards ထဲမှ ဆုတ်ဖြဲထားသော စာမျက်နှာများတွင် ပါဝင်ခဲ့သည်။ ကက်တာရီးနာမှာ ရောဂါသည်တဦး ဖြစ်သည်။ သူတို့မိသားစုနှင့် ရပ်စ်ကိုလ်နီကော့ဗ် ခင်မင်ခဲ့သည်။ သမီးကလေး ဆွန်ညာမှာ အစပိုင်းတွင် အရေးပါသည့် ဇာတ်ကောင် မဟုတ်။ သူတို့မိသားစုနှင့်တွေ့ပြီး မကြာခင် ရပ်စ်ကိုလ်နီကော့ဗ်ထံသို့ အမေ့ဆီမှ စာရှည်ကြီး တစောင် ရောက်လာခဲ့သည်။ စာထဲတွင် ညီမဖြစ်သူ ဒွန်ညာနှင့် လူကုံထံ လူဇင်တို့၏ ဇာတ်လမ်းကို အမေက ထည့်ရေးလာသည်။ 

ပြီးတော့ အရက်သမားလူဆိုးဟု ထင်ရသော်လည်း အလွန် သဘောကောင်းသည့် ဆဗီဒရီဂေးလော့ဗ်။ ဇာတ်လမ်းမှာ ချက်ချင်း သုံးပွင့်ဆိုင် ဖြစ်သွားသည်။ သည်နေရာတွင် ဒေါ်စတာယက်စကီ၏ ဇာတ်ကောင် အထားအသိုနှင့် ဖွဲ့စည်းပုံကို ကျွန်တော် တို့ စတင်တွေ့ရှိရသည်။ စာရေးဆရာက နံဘေးမှ ပြောနေရာက ရုတ်ခြည်း ဇာတ်ကောင် တွေအသံထွက်လာသည်။ ဝါကျအရှည်ကြီးတွေနှင့် စကားပြော ကြသည်။ ကိုယ့်အကြောင်း ကိုယ် သိုင်းသိုင်းဖွဲ့ဖွဲ့ ရင်ဖွင့်ကြသည်။ အပိုင်း (၁) ကို လူသတ်မှု ဖြင့် အဆုံးသတ်ထားသည်။ ဤတွင် ဇာတ်လမ်းမှာ ရုပ်လုံးကြွတက်လာပြီး ရှေ့ဘာဖြစ်မလဲ ဟူသည့် သိချင်စရာများစွာ၊ ပဋိပက္ခများစွာ၊ အလှည့်အပြောင်းများစွာဖြင့် စာဖတ်သူကို ဆွဲခေါ်သွားတော့သည်။

၁၈၆၆ ခုနှစ်တွင် သတင်းစာထဲ ပထမပိုင်း ပါလာသောအခါ ဒေါ်စတာယက်စကီ၏ ခေါင်းထဲတွင် မဖြေရှင်းနိုင်သည့် မေးခွန်းတွေ စုပုံနေသေးသည်။ ဖေဖော်ဝါရီလထဲတွင် ရေးသည့် သူ့မှတ်စုများထဲတွင် ဆွန်ညာ၏ ဇာတ်ရုပ်ကို သူ ဖော်နေဆဲ ဖြစ်သည်။ ပြီးတော့ ဘာကြောင့် ရပ်စ်ကိုလ်နီကော့ဗ် လူသတ်မှု ကျူးလွန်ရသည်ကိုလည်း သရုပ်ခွဲပြဖို့ ကြိုးစား နေသည်။ သူ ရေးထားသည့် ပုံကြမ်းများ (သူက ဇာတ်များကို အမြဲတမ်း ပုံကြမ်းဆွဲသည်) တွင် သူ့ဇာတ်လိုက်သည် နတ္ထိကဝါဒီတဦး ဖြစ်ကြောင်း အထင်အရှား သိသာနေသည်။ 

သူက နတ္ထိကဝါဒကို ကျိုးကြောင်းဆီလျော်သော အတ္တဝါဒနှင့် ရောမွှေထားပြီး လောက ကောင်းကျိုး ကို သယ်ပိုးမည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ သည်လို ကိုယ်ပိုင် အတွေးအခေါ်နှင့် နေသူ ဖြစ်သည်။ အလွန်ပြင်းထန်သည့် ကိုယ်ပိုင်အင်အားကို နပိုလီယမ်ဆန်ဆန် ကိုယ်တိုင် တည်ဆောက်ထားသူ ဖြစ်သည်။ တနေရာတွင် ရပ်စ်ကိုလ်နီကော့ဗ်သည် ခရစ်တော်ဆန်ဆန်၊ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းဆန်ဆန် စွန့်လွှတ်ခြင်း များစွာဖြင့် အနစ်နာခံသူ ဖြစ်နေပြီး၊ အခြားတနေရာတွင် သူ၏ တော်လှန်ပုန်ကန်စိတ်သည် မကောင်းဆိုးဝါး အစီးခံနေရသူပမာ သူ့ကိုယ်သူ သတ်သေမည့်သူ ဖြစ်နေပြန်သည်။ နောက်ဆုံးတွင်မှ ဒေါ်စတာယက်စကီ သည် သူ၏ ဇာတ်လိုက်ကို သည်နှစ်မျိုးလုံးထဲမှ ဆွဲထုတ်ပြီး ဘာမျှ မရှင်းတော့ဘဲ သည်အတိုင်း ထားလိုက်သည်။ ဤသည်ပင် နော်ဗယ်လ်ကြီး၏ ထူးခြားသည့် စရိုက်လက္ခဏာတခု ဖြစ်လာ တော့သည်။

ဆွန်ညာကိုမူ စာရေးဆရာက ရပ်စ်ကိုလ်နီကော့ဗ်၏ အတွေးအခေါ်ကို အပြတ် အသား ဆန့်ကျင်သူအဖြစ် ပုံဖော်ဖို့ စိတ်ကူးရှိခဲ့သည်။ အလွန်အဆင့်မြင့်သည့် အနုပညာ အာရုံခံစားမှု ရှိသူကလေးအဖြစ် ရပ်စ်ကိုလ်နီကော့ဗ်က တန်ဖိုးထားသည်။ သို့သော်လည်း နောက်ဆုံးတွင် ဆွန်ညာသည် ယင်းအဆင့်သို့ မရောက်တရောက် ဘဝဖြင့် အသံတိတ် ဇာတ်ရုပ်တခုသာ ဖြစ်သွားလေသည်။ အပိုင်း (၄) တွင် ဆွန်ညာသည် ခရစ်တော်ကို မဖူးမြင် ရဘဲ လာဇရပ်စ် ရှင်ပြန်ထမြောက်ခြင်းအခန်း ဖတ်နေရုံဖြင့်သာ ကျေနပ်နေရတော့သည်။ ကပ်စေးနှဲကြီး လူဇင်ကို အတ္တဝါဒီအဖြစ် သရုပ်ဖော်သည်။

နော်ဗယ်လ်ကြီး၏ အင်္ဂါရပ်တွေ တဖြည်းဖြည်း စုံလာသောအခါ သူ၏ မူလစိတ်ကူး ဖြစ်သော “ပြစ်မှုတခု၏ စိတ္တဗေဒ အခြေခံသဘောတရား’” မဟုတ်တော့ဘဲ၊ နတ္ထိကဝါဒ ဘက်မှ အငြင်းအခုံ မလုပ်တော့ဘဲ လေးနက်မှုသည် လမ်းကြောင်း ပြောင်းသွားသည်။ Notes from Underground ၏ ဦးတည်ချက်အတိုင်း အောက်ဆုံးအလွှာများဆီသို့ စာရေးဆရာက ခေါ်သွားသည်။ ထိုလောကတွင် ဝိသေသထူးသော ကုန်သည်ပွဲစားတွေ ပါသည်။ အရက်ဆိုင် ပိုင်ရှင်တွေ ပါသည်။ တိုက်ခန်း ဆေးသုတ်သမားတွေ ပါသည်။ အတိုးကြီးစားတွေ ပါသည်။ ချစ်စရာကောင်းသည့်နာတာရှာလိုအိမ်ဖော်၊ သဘောမကောင်းသည့် ဂါတ်စာရေး ဇာမယိုတော့ဗ်၊ တဇွတ်ထိုးသမား၊ တဖက်စွန်းသမား လက်ဘီဇယက်နီကော့ဗ်၊ ဒေါသကုမ္မာရ ဗိုလ်ယမ်း ဘီလူး စသူတို့ ပါသည်။ ဒေါ်စတာယက်စကီ၏ ကလောင်သည် သိပ်အရေးမပါသည့် ဇာတ်ရံ များကိုပင် ရုပ်လုံးကြွနေအောင် ရေးနိုင်စွမ်းသည်။

Crime and Punishment သည် ဒေါ်စတာယက်စကီ၏ နောက်ပိုင်း ဝတ္ထုများ ထက် တဦးချင်း ဇာတ်ကောင်စရိုက် အပီပြင်ဆုံး နော်ဗယ်လ် ဖြစ်သည်။ ဇာတ်ဆောင်အားလုံး၊ ဖြစ်ရပ်အားလုံးသည် ရပ်စ်ကိုလ်နီကော့ဗ်၏ အရှုပ်အထွေးများ၊ ဝိရောဓိများနှင့် ယှက်နွှယ် ပတ်သက်နေသည်။ သူ့ကဏ္ဍသည် ဇာတ်လမ်း အခန်း လေးဆယ်အနက် သုံးဆယ်တွင် ပါဝင် ခဲ့သည်။ ထို့ကြောင့် သူ့စိတ်အတွင်းပိုင်းကို ကျွန်တော်တို့ ဝင်ကြည့်ခွင့် ရခဲ့ကြသည်။ ဆဗီဒရီ ဂေးလော့ဗ်၏ အဇ္ဈတ္တကိုလည်း ကျွန်တော်တို့ သိခွင့်ရခဲ့ကြပါသည်။ တဖက်က ကြည့်လျှင် အဖြစ်သနစ် အဖုံဖုံတို့ကို တကယ် ထင်သာမြင်သာရှိသော အမှန်တရားထက် ပိုပြီး လွန်လွန် ကဲကဲ ဖွဲ့ထားသည်။ တကယ့်လူသားတယောက်၏ သဘာဝထက် ပိုလွန်းနေသည်။ အိပ်မက် ခန်းတွေ၊ စိတ္တဇအခန်းတွေ၊ ပီတာစဘတ်၏ အဆောက်အအုံတွေ၊ လမ်းတံတားတွေ၊ တူးမြောင်းတွေနှင့်အတူ ဝိညာဉ်ဆန်သည့် အခန်းတွေအပြင် တစ္ဆေခန်းများပင် ပါလိုက် သေးသည်။ ပရလောကနှင့် သတ္တလောကအကြားမှ စည်းခြား မျဉ်းကလေးမှာ ရေးရေးမျှသာ။ ရုပ်ပစ္စည်းနှင့် စိတ်ထင်မြင်ဝိုးဝါးမှုများ ရောထွေးနေသည်၊ ဝေဝါးနေသည်။ 

Crime and Punishment တွင် ပြောင်းလဲနေသော ကမ္ဘာကြီးကိုမြင်နေရသည်။ တိုက်ဆိုင်မှု ပေါင်းများစွာ၊ ကြမ္မာဆိုး၏ လွှမ်းမိုးမှုဖြင့် တွေ့ဆုံကြုံကွဲခြင်းများစွာ၊ လမ်းတွေပေါ်မှာ၊ ပန်းခြံတွေထဲမှာ လှုပ်ရှားသွားလာရင်း ကြုံရကြားရသည့် အရေးတကြီး စကားသံများ၊ မြို့တော်ကြီး၏ တိုက်ခန်းများအတွင်း တီးတိုးသံများ၊ ဆူဆူညံညံ အသံဗလံများသည် ဇာတ်လမ်း၏ အထောက် အကူပြု ပစ္စည်းများ ဖြစ်နေသည်။ ပီတာစဘတ်သည် ဒေါ်စတာယက်စကီ ပြောသည့် အဖြစ် အပျက်တို့ကို ပုံဖော်သည့် ဇာတ်စင်နောက်ပိုင်းမှ ပန်းချီကားတချပ် မဟုတ်တော့ပေ။ ပီတာစဘတ်၏ အရှုပ်အထွေးများနှင့် ဇာတ်လိုက်၏ အရှုပ်အထွေးများ ထင်ဟပ်စေသည့် ကြေးမုံပြင် ဖြစ်နေသည်။

သည်လို ဆိုလိုက်လို့ ရပ်စ်ကိုလ်နီကော့ဗ်၏ အဇ္ဈတ္တသည် လောကကြီးအတွက် အသုံးမဝင်။ သူသည် စိတ်ဝေဒနာသည် တယောက်ဟု ဆိုလိုခြင်း မဟုတ်ပေ။ အမှန်ဆိုရလျှင် ကျွန်တော်တို့အားလုံး ခံစားရသည့်အတိုင်း အမြင်အာရုံက လက်ခံသည်။ သို့သော် မြင်ကွင်းများသည် အမြဲတမ်း ရှုပ်ထွေးနေတတ်သည်။ ပုံပြင် ဆန်နေတတ်သည်။ စိတ်ဆန် နေတတ်သည်။ ကျွန်တော်တို့သည် အလှအပကို မြင်တတ်သလို ရွံရှာစက်ဆုပ်ဖွယ်ရာများ ကိုလည်း မြင်တတ်သည်။ ဣဋ္ဌာရုံကို မြင်တတ်သလို အနိဋ္ဌာရုံကိုလည်း မြင်တတ်သည်။ သည်လို အရှုပ်အထွေးများကို သူ့ကိုယ်တွင်းမှ ဖယ်ထုတ်ရန် ကြိုးစားရင်း ရပ်စ်ကိုလ်နီကော့ဗ် သည် စိတ်နှစ်မျိုးနှင့် လူထူးလူဆန်းတယောက် ဖြစ်လာသည်။ နာမည်စီးနေသည်လား၊ ပညတ်သွားရာ ဓာတ်သက် ပါနေသည်လား မဆိုနိုင်။ သူ့နာမည်မှာ ရပ်စ်ကိုလ်နစ်မှ လာခြင်း ဖြစ်သည်။ အဓိပ္ပာယ်မှာ ဂိုဏ်းခွဲထွက်ခြင်း ဟူ၍ ဖြစ်သည်။ ဘုရားကျောင်းကို ကျောခိုင်းသူ ဟုလည်း အဓိပ္ပာယ်ရသည်။ သို့သော် သူသည် သူ့ကိုယ်သူ နှစ်ပိုင်း ပိုင်းပစ်လိုက်သူ ဖြစ်သည်။ ဝေဖန်ရေးဆရာ ကွန်စတင်တန်း မိုချာလ်စကီက ရပ်စ်ကိုလ်နီကော့ဗ်ကို ‘‘လူသား ဆန်တဲ့ လူတယောက်ရဲ့ ကိုယ်ထဲမှာ မကောင်းဆိုးဝါး ဝင်နေတာ” ဟု မှတ်ချက်ချသည်။

သူသည် ဥပဒေတန်း တက်နေသည့် တက္ကသိုလ်ကျောင်းသားတယောက် ဖြစ်သည်။ ထို့ကြောင့် အမှုလိုက်ရဲအရာရှိ ပေါ်ဖီရီပီထရိုဗစ်ချ်က သူ့ကို လေးစားသည်၊ ခင်သည်။ ထို့ကြောင့် မှုခင်းအကြောင်းအပြင် မှုခင်းနောက်ကွယ်မှ ဒဿနိကနှင့် စိတ္တဗေဒ ပြဿနာ များကို သူနှင့် ဆွေးနွေးသည်။


သူတို့ဆွေးနွေးကြသည်မှာ ယုတ္တိဗေဒ၏ဥပဒေသများအကြောင်း ဖြစ်သည်။ သည်အကြောင်း တွေကို ရပ်စ်ကိုလ်နီကော့ဗ် စတင် ရှာဖွေတွေ့ရှိခဲ့သည်။ မီးခြစ်ဘူးသာသာသူ့အခန်းကလေး ထဲမှ ထွက်လာခဲ့သည်။ တရားနည်းလမ်းကျသည့် ရာဇဝတ်မှုတခုကို သူ ကျူးလွန်တော့မည်။ တရားဥပဒေ လမ်းကြောင်းပေါ် ရပ်တည်ပြီး ကျူးလွန်၍တော့ မဖြစ်။ “ထူးခြားသော တစုံတရာ” ပေါ်တွင် အခြေခံရလိမ့်မည်။

ဇာတ်လမ်းဆုံးခါနီးတွင် သူ့မှာ အနာဂတ် ရှိနေကြောင်း၊ ဒုက္ခကို ကြိတ်မှိတ်ခံသင့် ကြောင်း ပြောခဲ့သူမှာ ပေါ်ဖီရီပီထရိုဗစ်ချ်ပင် ဖြစ်သည်။ “ဒီကိစ္စပေါ်မှာ သိပ်အာရုံမထားပါနဲ့။ ဘဝထဲကို ဝင်လိုက်ပါ။ နေရာတကာမှာ ယုတ္တိဗေဒနဲ့ချည်း တိုင်းနေဖို့ မလိုပါဘူး”

ဒေါ်စတာယက်စကီ၏ အရေးအသားများထဲတွင် သည်တနေရာသည် အဓိပ္ပာယ် နှစ်မျိုး အထွက်ဆုံးနေရာ ဖြစ်ပါသည်။

ဒေါ်စတာယက်စကီက သည်လို အဓိပ္ပာယ်နှစ်ခွ ဖြစ်သော စကားလုံးများကို ပေါ့ပေါ့ တန်တန် သုံးစွဲခြင်း မဟုတ်ပေ။ အဆီအငေါ်မတည့်ခြင်းများကို သူက ဟာသလုပ်ပစ်ခြင်း ဖြစ်သည်။ ခါးသီးတာတွေ၊ ယုတ္တိမတန်တာတွေ၊ စက်ဆုပ်ဖွယ်ရာတွေကို မာမီလာဒေါ့ဗ် သေဆုံးခန်းနှင့် အသုဘ ညစာဝိုင်းတွင် မီးမောင်းထိုးပြသွားသည်။ ဒုက္ခသုက္ခတွေကြားထဲမှ ဟာသကွက်တွေကို ဝတ္ထု တပုဒ်လုံးမှာ အလျဉ်းသင့်သလို ထည့်သွားသည်။ ရပ်စ်ကိုလ် နီကော့ဗ်၏ ရုန်းကန်လှုပ်ရှားမှုများမှာပင် ပြုံးစရာများကို တွေ့ရသည်။ ပြီးတော့ ဒေါ်စတာ ယက်စကီက ပြဇာတ်ဆန်ဆန် အကွက်တွေကို ထည့်ပြသွားသည်။ ထိတ်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းများကနေ ဖြုန်းဆို ဟားကွက် ပါချင် ပါလာသည်။

ပြင်းထန်လွန်းသည့် ခံစားမှုများသည် Crime and Punishment တွင် တလျှောက်လုံး တွေ့နေရသည်။ ယင်းတို့၏ အဖြေကို စာရေးဆရာက ထုတ်မပြခဲ့ပေ။ ဝေဒနာခံစားမှုကို ဥပဒေဖြင့် ပြဋ္ဌာန်း၍ မရနိုင်။
တနေရာတွင်တော့ ဆိုးယုတ်မှု အနိဋ္ဌာရုံ၏ အဖြေကို ထုတ်ပြထားသည်။ လာဇရပ်စ် ရှင်ပြန်ထမြောက်သည့် အခန်းကို ဆွန်ညာ ဖတ်ပြသည့်နေရာ ဖြစ်၏။ လာဇရပ်စ်၏ သေရာမှ ပြန်ရှင်လာခြင်းသည် မည်သို့သော ကမ္ဘာတွင် ဖြစ်နိုင်မည်လဲ။ သည်အဖြစ်သည် သဘာဝ နှင့် ယုတ္တိဗေဒ ပြင်ပမှ အဖြစ်မျိုးဟု ဆိုရမည်။

ရပ်စ်ကိုလ်နီကော့ဗ်သည် စည်းအပြင်ကလူ ဖြစ်သည်။ ယုတ္တိဗေဒသမား ဖြစ်သည်။ ဆွန်ညာနှင့် ဆဗီဒရီဂေးလော့ဗ်ကြားမှ အလွန်အားကောင်းသည့် ဇာတ်ရုပ် ဖြစ်သည်။ သို့သော် ယုတ္တိဗေဒ၏ အပြင်သို့ ရောက်သွားသည့်အခါ ရောက်သွားသည်။ ဆဗီဒရီ ဂေးလော့ဗ် လိုပင် မိုးထဲလေထဲတွင် ညနက်သန်းခေါင်အထိ လျှောက်သွားနေသည်။ ဆွန်ညာ့ဆီ ရောက်သွားသည်။ အလွန် လေးလံနှေးကွေးသော ဝေဒနာ ခြေလှမ်းများဖြင့်။ ဘာမျှ မရေရာသော၊ လုံးဝအကောင်အထည်မရှိသော နေရာသစ်တခုကို သွားနေခြင်းပင်။ ဒေါ်စတာယက်စကီက သူ့ကို သည်နေရာတွင်ပင် ထားခဲ့သည်။

ကျွန်တော်များကလည်း သည်နိဒါန်းဖတ်သူအား ပြောစရာတွေ အပုံအပင် ရှိသော် ငြားလည်း သည်နေရာတွင်ပင် ထားခဲ့ရတော့မည်။ နော်ဗယ်လ်၏ အသက်သည် သဘော တရား မဟုတ်ပေ။ ခံစားမှု ဖြစ်ပါသည်။

ဒေါ်စတာယက်စကီက ကဗျာဟုဆိုသော သူ့နော်ဗယ်လ်ကြီးကို ကျွန်တော်တို့ ဘာသာပြန်ရာတွင် ခံစားမှု တစုံတရာ ပေးနိုင်သည်ဆိုပါက ကျွန်တော်တို့အား အကောင်းဆုံး ဝေဖန်ပေးခြင်း မည်ပါလိမ့်မည်။

ရစ်ချဒ် ပီဗီးယား


Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...