Skip to main content

ခရစ္စမတ်လက်ဆောင်

 


ကိုယ် လက်ဆောင်ပေးလိုက်ပါတယ် စု။

မနှစ်က ခရစ္စမတ်မှာ ကတိပေးခဲ့တဲ့အတိုင်း ဒီနှစ် ခရစ္စမတ် ရောက်တဲ့အခါကျတော့ ကိုယ့် လက်ဆောင်ကို မပျက်မကွက်ဘဲ စုဆီအရောက် ပို့ပေးလိုက်ပါတယ်။ လက်ဆောင်ကောင်း လက်ဆောင်မွန်ကို ခဏအတွင်းနှုတ်ကတိ ကျွံခဲ့မိတာကြောင့် တစ်နှစ်တာလုံး ဖွေရ ရှာရ ကြံရ ဆရနဲ့ တော်တော်ကြီး ကသိကအောက် ဖြစ်ခဲ့ပြီးမှ ယခုမှပဲ လှလှပပကြီး ပေးလိုက်နိုင်တာကို ကိုယ်က လှိုက်လှဲဝမ်းသာ ပီတိတွေ ဖြာပြီးရင်းဖြာနေတယ်ဆိုရင် စု မယုံချင် ယုံချင်နဲ့ ယုံမှာပါပဲ ထင်ပါရဲ့။ 

လောကကြီးမှာ မယုံချင်ဘဲနဲ့ ယုံတာ၊မချစ်ချင်ဘဲနှင့် ချစ်တာ၊ မမုန်းချင်ဘဲနှင့် မုန်းတာ တွေဟာ ဟင်းမွှေး သစ်ကျပိုး အမျိုးမျိုး ဆကဲတဲ့ လျှာရင်းမြက်ဟင်းခွက်ကလေး တစ်ခွက်လိုပဲလို့ အဆိုပြုကြတာကို စုကြားဖူးလားဟင်။ ကိုယ့်အဖို့မှာတော့ ဖြစ်ချင်လို့မဖြစ်ရတာထက်၊ မဖြစ်ချင်ဘဲ ဖြစ်ရတာကို ပိုသဘောကျတယ်လေ။ လောက တံထွာမှာ ဖြစ်ချင်တာလည်းမဖြစ်ရ၊ မဖြစ်ချင်တာလည်း ဖြစ်ရဆိုတဲ့ ဆီသယ်မ လက်သုတ်ဖတ် စကားစပ်ကလေး ရှိခဲ့တာ ကြာခဲ့ပြီမဟုတ်လားကွယ်။

ဒီတရား နှစ်ဖြာက လွဲပြီး ဘယ် ပုထုဇဉ်မှ သွေဖီ ခွဲထွက်နိုင်တာ မဟုတ်ဘူး ဆိုတာကို စုတို့ ကိုယ်တို့ လက်ခံ ထားကြရတယ် မဟုတ်လား။ ကိုယ်က ငါစိတ်ကလေး နည်းနည်း များတဲ့ လူမို့ ဖြစ်ချင်တာမဖြစ်ရတဲ့ အတူတူ မဖြစ်ချင်တာကို ဖြစ်ရခြင်းကိုပဲ လွယ်ကွယ်ကူကူ လက်ခံကြည်ဖြူမိတယ် စုရေ။

ကဲ... အဲဒီတော့ ကိုယ်ဟာ မချစ်ချင်ဘဲနဲ့လည်း ချစ်တတ်တဲ့သူရယ်လို့ စု သတ်မှတ် ယုံကြည်တော့မှာလား။

ဒီတော့ မပေးချင်ဘဲ နဲ့လဲ လက်ဆောင်ပေးတဲ့ လူရယ်လို့ သံသယ ဖြစ်တော့မှာလား။ ထားတော့လေ။ဒါတွေဟာ ကိုယ်မပိုင်တဲ့ စုရဲ့ နှလုံးသားနဲ့ ဆိုင်တာမို့ ထွေလာကေလာ ဝေဖန် ဆိုတင်း ငြင်းချက်မထုတ်လိုတော့ပါဘူး။ ပြောမယ့်သာ ပြောရတယ် စုရေ။ လောကကြီးမှာ သံသယ မပါရင် ဆားမပါတဲ့ ဟင်းကိုမြည်းရသလို ပေါ့ပေါ့ပျက်ပျက် ဖြစ်မှာချည်းပဲလို့ ကိုယ် ယုံကြည်ချက် ပြင်းခဲ့မိတယ်။ အရာရာမှာသံသယဆိုတာလေး သိုးကာသီကာ ရှိနေမှ ကောင်းတယ်လို့ ပြောရင် “မခန့်ထရန့် လူကန့်လန့်”လို့ ဘွဲ့ထူးဂုဏ်ထူးတွေ အမျိုးမျိုး ပေးကြဦးမှာ ထင်ပါရဲ့နော်။ အင်းလေ... ကိုယ့်လက်ဆောင်ကို ရတဲ့ အချိန်မှာ စုဟာသံသယရဲ့ ချစ်စရာ တန်ဖိုးကလေးကို သိမြင် လက်ခံနိုင်ပါလိမ့်မယ်လို့ ကိုယ်ထင်ပါတယ်။

နှင်းတိမ် စိန်လွှာ ဆောင်းနှမရဲ့ ဇာပုဝါပါးပါး၊ ရှမ်းတောင်ပြာတွေပေါ်မှာ ဖြန့်လွှား ကျရောက်လာတဲ့ ရာသီကိုရောက်တိုင်း ကိုယ် အမြဲတမ်း စုကို သတိရနေတော့မှာပါပဲ။ မှတ်မိစရာတွေများမှ သတိရခြင်း ပြီးပြည့်စုံတယ်လို့ဆိုကြတယ် စုရေ။ သတိရခြင်း ကြိမ်ဖန်များလာရင်ဖြင့် “မမေ့နိုင်ဘူး”ဆိုတဲ့ ဝိသေသထူးဟာ ကိုယ့်အသဲဦးမှာနစ်နစ်ကြီး ပန္နက် စွဲနှက်မိပြီလို့ မှတ်တော့ဟေ့။

ကိုယ် မမေ့နိုင်ပါဘူးလေ။

ကိုယ် မမေ့နိုင်သလို စုဘက်ကလည်း မမေ့စေချင်လို့ ပလီပလာ ကလီကမာလေး လုပ်လိုက်တယ်ဆိုပါတော့ကွယ်။

မနှစ်က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကိုယ် ရန်ကုန်ကနေပြီး တောင်ကြီးကို ထွက်ခဲ့တယ်။ တောင်ကြီး မပြိုဘဲမာန်ကြီးခဲ့တဲ့ ခါချဉ်ကောင် ကိုယ့်ခါးကလေး အားသွေးရင်း ချိနဲ့ ခဲ့ရတယ်ဆိုရင် ဟိုတုန်းကတော့ရယ်စရာပဲပေါ့လေ။ ဆင်းဘတ် သင်္ဘောသား စွန့်စားခန်း ထွက်သလို “အချိုရှာလို့ သကာတွေ့တာပဲဆန်းမှတ်လို့”လို့ စုက ပြောမှာပဲ မဟုတ်လား။

လူတွေဟာလေ နှလုံးသားက စေခိုင်းသမျှကို တစိုက်မတ်မတ်လုပ်လိုက်ပြီးကျမှ “အဘယ်ကြောင့်” ဆိုတာတွေကို ဦးနှောက်နဲ့ ဆွဲထုတ် စိတ်ဖြာ ပြသရင်းအချိန်ဖြုန်းနေတတ်ကြတာပဲ ထင်ပါရဲ့။ အသဲအိမ်က ချစ်“သူခိုး”လေး ထွက်ပြေးခါမှ ဦးနှောက်က“ထိုးကွင်း”ထတဲ့ သဘောမျိုးပါပဲ ထင်ပါရဲ့။

ချစ်ရေး ချစ်ရာနဲ့ ပတ်သက်လာလို့ ရှိရင် ကိုယ့်မှာ အပြစ်ကင်းပါတယ် ဆိုတဲ့ အချက်အလက်ကို မရမကအတည်ပြုချင်ကြတာဟာ သက်သက်မဲ့ ပင်ပန်းမှုကို ရှာတာပါပဲကွယ်။ ကိုယ့်ကိုယ်ကိုယ် သိ၊ ကိုယ်မချိတာကို ကိုယ်နားလည်ရင် မှားတယ်၊ မှန်တယ်ဆိုတာတွေဟာ အရှက် လုံတာထက် ပိုပြီး ဆန်းသမျှ ခြုံတဲ့ဝတ်ရုံလွှာတွေမျိုးလို့ပဲ သဘောထားရမှာ ထင်ပါရဲ့နော်။

ကိုယ့်မှာ ချစ်ရ ခင်ရ တွယ်တာရမယ့်သူဆိုရင် လက်ချိုး ရေနိုင်လောက်အောင်ပဲ နည်းပါးခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့လူမှာ မိတ်ရန်ဆွေရန်ဆိုတာတွေ အလျှံပယ် မရှိနိုင်ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ချစ်နေရတဲ့ အထဲကနေပြီး အခြားသူ အပေါ်မှာ မေတ္တာတွေ မျှဝေ နေရတယ်ဆိုတော့လည်း ဦးရေ များများစားစား အပေါ် ရည်ရော်ခြင်း မပြုနိုင်ဘူးပေါ့။

အဲသလို ကိုယ်မှအပ ခင်ရ မင်ရတဲ့သူ နည်းနည်းကလေးရှိတဲ့ အထဲမှာ သူငယ်ချင်း (ဂျေဘီ) နဲ့ အေမီတို့လည်း အပါအဝင် ဖြစ်ခဲ့ပါတယ်။ ဂျေဘီဆိုတာက အင်္ဂလိပ်စာလုံး အတိုကောက်ပါ။ အရှည်ကို ဆန့်ရမယ်ဆိုရင် မြန်မာမှုပြုပြမှ သဘောပေါက်မှာပါ။

ကိုယ့်သူငယ်ချင်းဟာ ပေမမှီ၊ ဒေါက်မမှီ အရပ်အမောင်း သီသီကလေး ရှိတဲ့ စစ်ဗိုလ်လှီလှီကလေး တစ်ယောက်ဖြစ်တယ်။ သူ့ကို ကိုယ်က “ဂျပု” “ဂျပု” လို့ခေါ်တယ်။ သူ့မိန်းမက မြန်မာ အင်္ဂလိပ်ကပြားမကလေး “အေမီ” တဲ့။ အဲဒီတော့ အေမီ နဲ့ ကာရံလိုက်အောင် သူ့ကို ကိုယ်က ဂျေဘီလို့ ခေါ်လိုက်တာပဲကွယ်။ အဲ... သူတို့လင်မယားက တောင်ကြီးရဲ့ တပ်စခန်း တစ်နေရာမှာ ရှိကြတော့ နာတာလူးပွဲ ရောက်ပြီဆိုမှဖြင့် သူတို့ဆီ ရောက်အောင် သွားတတ်တဲ့ အကျင့် ရှိနေလို့မို့ ကိုယ် တောင်ကြီးကို ထွက်ခဲ့ရခြင်း ဖြစ်ပါတယ်။

အေမီရဲ့ ဆွေမျိုးတွေဟာ အင်္ဂလန်ပြည်မှာ ရှိနေဆဲ ဖြစ်တယ်။ အေမီဟာခရစ္စမတ်အချိန် ရောက်တိုင်း သူ့ဆွေမျိုး မိဘတွေကို လွမ်းဆွတ်မှု ပိုကဲ တယ်လို့ အဆိုရှိတယ်။ ကိုယ်ရောက်သွားရင် သူ့လွမ်းစိတ်တွေ သက်သာမှု ရတယ်တဲ့။ ဒါကြောင့်မို့ ခရစ္စမတ်ရာသီ ရောက်တိုင်း ကိုယ်အေမီတို့ဆီ ကြွချီရတာပေါ့လေ။ ကိုယ့်ကို မြင်ရင် ဘာကြောင့် သူ လွမ်း စိတ်ပျောက်ရတယ် ထင်သလဲ။

ကိုယ်ဟာ နိုင်ငံစုံ ရောက်ဖူးပြီး နိုင်ငံစုံရဲ့ ကြေးမုံတစ်ချပ်လို အမူအကျင့်၊ အနေအထိုင် အပြောအဆိုများခြားခြားနားနား နေတတ်တဲ့အပြင် နှုတ်ပြောနဲ့ အရုပ်သဘောကို ပြပြထင်ထင် ပုံသဏ္ဍာန် မြင်စေနိုင်တဲ့လူလည်း ဖြစ်တယ်။ ရှင်းရှင်း ပြောရင်တော့ “ဟိုတုန်းက”ဆိုတဲ့ အကြောင်းတွေကို ကိုယ်က မျက်စေ့ထဲပြန်မြင်လာအောင် ဖွဲ့ ဖွဲ့နွဲ့နွဲ့ ပြောတတ်တဲ့ လူမျိုးပါ စု။ အင်္ဂလန်မှာ ဆိုရင်လေ... ဆိုတဲ့ အကြောင်းမျိုးကိုလည်းအရိပ်ပြပွဲ ကြည့်ရသလို ခံစားမှု ရှိအောင် ကိုယ် ပြောနိုင်တာမို့ အေမီက ကိုယ့်ကို အမြဲ တမ်းတတဲ့ သဘောပါပဲ။ဒါကြောင့်မို့ ဂျေဘီက တစ်နှစ်တစ်ခါ သူ့မိန်းမ လွမ်းဖျား လွမ်းနာကျတဲ့ ဘေးအန္တရာယ်က ကာကွယ်ပေးဖို့ကိုယ့်ကို ဆင့်ခေါ်စမြဲမို့ ကိုယ်က အခစား ရောက်ရတာပါ။

အဲ... နောက်တစ်ချက်က ရှိသေးတယ်။ လက်ပန်ဖူးချိန်မှာ စိတ်ရူးထတယ် ဆိုပေမယ့် ကိုယ့်အဖို့မှာတော့ချယ်ရီဖူးချိန်မှာ တယ်ပြီး စိတ်ရူး ထတတ်တယ်ကွယ်။ စွဲလမ်း တက်မက်ခြင်း ဆိုတာ ကိုယ်တို့မြန်မာများအဖို့တော့ တဏှာလို့ ခေါ်တယ်။ ချယ်ရီတွေ ဖူးပွင့် မြူးဝင့်လာပြီ ဆိုရင်ပဲ ကိုယ့်စွဲလမ်းတပ်မက်ခြင်းစိတ်တွေ တလူးလူး တလွင့်လွင့် ဖြစ်လာတော့တာပါပဲ စုရေ။

မရိုင်းတရိုင်း ပြောရရင်တော့ ဒီဇင်ဘာ ရောက်ပြီဆိုမှဖြင့် ကိုယ့်တဏှာရူး စိတ်တွေဟာ စုံ့စုံ့ပွပွ မွထ လာပေတော့တယ်ကွယ်။ တဏှာရူးတဲ့အကြောင်းရင်းခံကလေးကြောင့်လည်း ကိုယ် တောင်ကြီးကို ရောက်ရတယ် ဆိုပါတော့။ အဲဒါ ဘာလဲ ဆိုတော့အေမီ့မှာ ခရစ္စမတ် ပွဲတော် ရာသီစာ ချစ်စရာ မိန်းကလေး သူငယ်ချင်းလေးတွေ အများကြီး ရှိတယ်တဲ့။ သူတို့ဟာ ချစ်စရာ့ ယောကျ်ားလေး ကိုယ့်ကို စောင့်နေတတ်ကြတယ်ကွဲ့ ။ ခရစ္စမတ်လည်း မြူးရင်းအချစ်ဓာတ်လည်း ကူးရင်း ဆိုပါတော့ကွယ်။

ကဲ... ဂျေဘီနဲ့ အေမီတို့ဟာ သူတို့ မိတ်ဆွေကြီး အဖော်မပါ ဗလာ တစ်ကိုယ်တည်း မဖြစ်အောင် လွန်စွာမှဂရုဓမ္မ စိုက်ကြလေတော့ ကိုယ်ကလည်း ဟိုဆရာတွေ ရေးကြ သားကြသလို မေတ္တာနဲ့ ပတ်သက်လို့အလျားရော၊ အနံရော၊ အမြင့်ရော၊ အသွားရော၊ အပြန်ရော၊ အကျင့်ရော၊ ကုဗ အစုံအလင်နဲ့ သမုဒယဘုံတခွင်မှာ ကျင်လည် လှုပ်ရှားမိတော့တာပေါ့လေ။ အဲဒါနဲ့ ကိုယ် တောင်ကြီးကို သွားရောကွဲ့။

ညက ခရစ္စမတ်အကြို ဓမ္မတေးဆိုတဲ့ အဖွဲ့တစ်သိုက်၊ ကိုယ့်အိမ်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာကြတော့ကိုယ်က ရှိတဲ့ အရက်ကို တိုက်လွှတ်တယ်။ လွှတ်ပေမယ့် သူတို့က မပြန်ဘူး။ သန်းခေါင်ယံပျော်ပွဲကလေးတစ်ခု ဖန်တီးပြီး ဟီးလေး ဟားလေးနဲ့ အရက်ဆေးကို အရင်းပြုပြီးတော့ သီခြင်း၊ ကခြင်း၊အမှုတွေ ပြုကုန်ကြတော့ဟာ လင်းလုရောင်ခြည် အရှေ့ဆီက သီသီ ပြေးလာတဲ့ အချိန်အထိပါပဲ။ တမှေးမှမအိပ်ရတဲ့ ကိုယ်ဟာ စုံစီ နဖာ ဒွာဒရာတွေကို မြန်စွာ ထည့်ပြီး သုတ်သီးသုတ်ပြာနဲ့ပဲ လေယာဉ်ကွင်းကိုပြေးထွက်ခဲ့ရတယ်။ ဟိုရောက်တော့ ထုံးစံအတိုင်း လေယာဉ်ကို မမီတော့ဘူးပေါ့။

သို့ပေမယ့် လှလှပပ စမတ်ကျတဲ့ ဖော်ကာ လေယာဉ်ကြီးကို မမှီတော့မယ့် အတူ၊ ယူဘီအေက ချစ်သူဟောင်းကြီး ဖြစ်တဲ့ ဒါကိုတာကိုပဲ အားကိုးသမှု ပြုရတာပေါ့လေ။ အဲဒီ ဒါကိုတာကိုတောင်မှ စက်ပျက်နေလို့ ဆိုလား မသိပါဘူး။ ပြင်ရင်း ဆင်ရင်း အချိန် ကြန့်ကြာနေလို့မို့ အချိန်မီရုံမျှ အားကိုးအားထား ပြုလိုက်နိုင်တာပါ။ အဲသလို လေယာဉ် စက်ပြင်နေတုန်းမှာ တွေ့ရာလူနဲ့ ကြည်ဖြူမိတ်ဖွဲ့ တတ်တဲ့ ကိုယ့်အကျင့်အတိုင်း လေယာဉ်အဖွဲ့ သားများနဲ့ မိတ်ဖြစ် ဆွေဖြစ် စကားလက်ဆုံကျမိတယ်။ လေယာဉ်မှူးက ကပ္ပတိန်အေးမင်းတဲ့။ တွဲဖက်က သန်းလွင်တဲ့။ လေယာဉ်မောင်းကတော့ ဇော်မော်ဆိုလားပဲ။

“ကျွန်တော့် နာမည် ရစ်ချပ်အောင်ဘုပါ”လို့ ပြောတော့။ ဒီလူတွေက ကိုယ့်ကို ပြုံးစိ ပြုံးစိ ကြည့်ကြတယ်။ လူပုံသားနားရက်နဲ့ မဟားဒယားတွေ လျှောက်ပြောတယ်လို့ ထင်ကြတယ်။ ကိုယ်က “အောင်ဘု” ဆိုတာ အဖေနာမည်မဟုတ်ဘဲ ကိုယ့်နာမည် ဖြစ်တဲ့အကြောင်း၊ ထပ်မံ အတည်ပြုပြောတော့ကာ ကပ္ပတိန် အေးမင်းဆိုသူကသူ့ နှာခေါင်းနီနီကို ပိုပြီး ရဲတွတ်လာအောင် လက်ညှိုး လက်မနဲ့ ပွတ်ချေပြီး “နေပါဦးဗျ။ ကျွန်တော် ဖတ်ဖူးတဲ့ဝတ္ထုလေး တစ်ပုဒ်ထဲမှာ ဒီနာမည်မျိုး ပါဖူးတယ် ထင်တယ်”လို့ စဉ်းစဉ်းစားစား ပြောပေတယ်။

“ဟုတ်တာပေါ့ဗျ။ တော်တော် ကြာသွားပြီပဲ။ မဂ္ဂဇင်း ဝတ္ထုတိုလေး တစ်ပုဒ်ပေါ့။ အဲဒီထဲမှာ စာရေးဆရာကကျွန်တော့်ကို ဇာတ်လိုက် လုပ်ထားပြီး ရေးထားတာပေါ့ဗျ။ ခင်ဗျား ဖတ်ဖူးသလား”

“မေ့သွားပြီဗျ။ အရင်တုန်းက ဝတ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်တာမျိုး မရှိတော့ဘူးလေ။ အခုတော့လက်တွေ့လောကမှာ ဖြစ်နေတာမို့”

တော်သေးတာပေါ့ စုရယ်။ နို့ဖြင့် တစ်ချိန်သောအခါက ကိုယ့်အချစ် ဇာတ်လမ်းကို ဘယ်ဟာ အစစ်၊ ဘယ်ဟာအတုရယ်လို့ ခွဲခြမ်း ဝေဖန်သမှု ပြုနေကြမှာကွဲ့ ။ ကိုယ်ကလည်း ကိုယ်ဟာ လက်တွေ့သမား လူပျော်တစ်ယောက် ဖြစ်ကြောင်း ပြောပြရတယ်။ ဟုတ်တာပေါ့စုရယ်။ အတွေးသမားတွေဟာ အဆွေးသမားဖြစ်တတ်ပြီး၊ လက်တွေ့သမားကျမှ လူပျော် လူမော်တွေဖြစ်တတ်ကြတယ် မဟုတ်လားလို့၊ ဒီနေရာမှာ “လူပျော်” ဆိုတဲ့ အသုံးအနှုန်းကို ဟိုဆရာတွေကထောက်ခံတယ်။ တကယ်တော့ “လူပျော်”နဲ့ “လူပွေ”ဟာ တခြားစီ မဟုတ်လားစုရဲ့ ။ ပျော်ပျော်နေတတ်တဲ့လူကို ပွေတတ်တဲ့ လူရယ်လို့ အပေါ်ရံကြော သဘောပိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။ ပွေတယ်ဆိုတာက တင်ကြိုစီစဉ်ပြီး ဘဝအရသာကို တခုတ်တရ ရှာကြံတတ်ကြတဲ့ လူစားမျိုးပါ။ ပျော်တတ်တဲ့ လူဆိုတာကတော့ ကျရာမှာဖြစ်သလို ရွှင်ရွှင်ပျပျ ထထကြွကြွနေတတ်တဲ့ လူမျိုးပါ။ ကိုယ် လူပျော်ပါ စုရယ်။ ကပ္ပတိန်နဲ့ သူ့ရောင်းရင်းများဟာလည်း သူတို့ဟာ လူပျော်တွေသာ ဖြစ်ကြောင်း၊ အငုံ့စိတ်နဲ့ ကာကာကွယ်ကွယ်ပြောကြတယ်လေ။ လူပျော်တွေ စုပြီး ခရီး သွားကြရတော့လည်း ပျင်းဖို့ အချိန်ဟာ မရှိတော့ဘူးပေါ့။

ဆောင်းချမ်းဆန်းစ ကာလမှာ ဒါကိုတာ စီးမိတော့ ကိုယ့်မှာလည်း ရေခဲသေတ္တာထဲ ထိုင်လိုက်သွားရသလားလို့အောက်မေ့မိရတော့တယ်။ ခိုက်ခိုက်ကို တုန်လွန်းအားကြီးတာ မခံနိုင်လွန်းတော့ လေယာဉ်မောင်း ဇော်မော်ရဲ့အကူအညီကို တောင်းပြီး ပစ္စည်းထားရာနေရာက သေတ္တာကို ဖွင့်ပြီး ယစ်ရွှေရည် ပုလင်းဆွဲထုတ်ရတော့တာပေါ့။ လေယာဉ်ပေါ်က ရေစင်နဲ့ ရောစပ် ပေးတော့မှပဲ ကိုယ့်ရွှေဘဝင် ထွေးထွေးနွေးနွေးဖြစ်လာရပါတယ်လေ။ သူတို့တတွေဟာ သွားလေရာ အရက် ပါတတ်တဲ့ ကိုယ့်အကျင့်ကို ချင့်ပြီး အံ့သြတကြီးဖြစ်ကြပြန်တယ်။

ကိုယ်က အထီးကျန်သမားတွေရဲ့ မိတ်ဆွေစစ်ဟာ လမ်းမှာ တွေ့ပြီး လမ်းမှာ မေ့တတ်တဲ့လှယမင်းမျိုး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင်လည်း သွားလေရာ ပါတဲ့ ခါးပိုက်ဆောင် အရက်ပုလင်း ကလေးများသာဖြစ်ကြောင်း၊ တဏှာ မရှိရင် ယမကာ ရှိမှ အထီးကျန် ပီသကြောင်း၊ ကိုယ့်ယူဆချက်ကို ပြောပြမှဟုတ်လိုက်လေ၊ ဟုတ်လိုက်လေလို့ ဘဝတူ အယူဝါဒကို အတည်ပြုကြတော့တယ်။

အရက်ဟာ မရှက်ဆေးကို ကောင်းကောင်း ဖော်စပ်ပေးနိုင်လို့ ကိုယ်ဖြင့် အရက်နဲ့ ကင်းပြီး မနေနိုင်အောင်ပါဘဲစုရယ်၊ ရှက်ခြင်းတွေ များလာရင် ကြောက်ခြင်းဘက်ကို ကူးသွားမှာပေါ့။ ချစ်မှု ဝန်တာနဲ့ မကင်းချင်တဲ့ သူဟာရှက်ခြင်း ကြောက်ခြင်းကို ထည့်တွက်လို့ မရဘူးလေ။

လွယ်ကော် လေဆိပ်မှာ မရှက်တတ်တဲ့ ကိုယ်ဟာ ကမ္ဘာလှည့် ခရီးသည် မိန်းကလေး တစ်ယောက်ကိုလူပုံလယ်မှာ ပွေ့ဖက် နမ်းရှုပ်မိတယ်လေ။

စုကတော့ ကိုယ့်ကို ဒီလူကြီးဟာလေ လွန်ခဲ့တဲ့ ၁ဝ နှစ်ကျော်က အကျင့်တွေကို မပျောက်သေးပါဘူးလို့ကိုယ့်စာကို ဖတ်ရင်းကနေ ပြုံးနေတော့မှာပဲ။ ၁ဝ နှစ်ကျော် ကွဲကွာနေတဲ့ သူကို ဗြုံးခနဲ ပြန်တွေ့ရတော့ကိုယ့်မှာ ဣန္ဒြေတွေ သိက္ခာတွေ မထိန်းနိုင် မသိမ်းနိုင် ဖြစ်ခဲ့မိတာကို တောင်းပန်ပါတယ်ကွယ်။ ဖြူဖြူဖွေးဖွေးဂါဝန်တိုမကလေးကို ကိုယ်ဟာ လေယာဉ်ကွင်းပေါ်မှာ လေယာဉ်ဝဲကာနေဆဲမှာပဲ လကြေးပြား ပြတင်းကနေလှမ်းမြင်ရတယ်။ ကိုယ်တို့ ရှမ်းကုန်းမြေမြင့်မှာ အရောင်ရင့်ရင့် ညိုညစ်ညစ်တွေကို ရာသီဥတု ခံနိုင်ရည်ရှိအောင် ဆင်မြန်း ကြစမြဲဖြစ်လေတော့၊ စုကိုဖြင့် အဝေးကပင်မြင် အဝေးကပင် သိပြီး၊ မြန်မာ ဧည့်ကလေးလို့ထင်းခနဲ စွဲမှတ်ပြီးသား ဖြစ်ရပါတယ်။

ရစ်ချပ်အောင်ဘုတို့အဖို့ အဖြူမကလေးများဟာ အမြဲတမ်း စိတ်အကြည်ဆေးကို ပေးနိုင်ပေတာမို့ဘယ်သူကလေးပါလိမ့် ဆိုတဲ့ အတွေးအမြင်ကလေးဟာ အသဲနှလုံးကို ဗြုန်းခနဲ တင်းကျပ် ရစ်ပတ်လိုက်တော့တာပဲ။ လွယ်ကော်မြေကို လေယာဉ်ဘီးက အိခနဲ ထိလိုက်တယ်ဆိုရင်ပဲ ကိုယ်ဟာ ထိုင်ခုံကအရင်ထနှင့်ပြီး ဖြစ်ပြီ။ လေယာဉ်တံခါး ဖွင့်ရင်ပဲ ခုန်ဆင်းပြီးသား ဖြစ်ပြီ။

အဲ... အောက်ရောက်တော့မှကြက်ဖကြီးများ ဝဲရစ်သလို အဖြူမကလေး မတ်တပ်ရပ် နေရာနဲ့ မလှမ်းမကမ်းမှာ စက်ဝိုင်းခြမ်း အကွာအဝေးပြုပြီး ဘယ်လို ချဉ်းကပ်ရပါ့မလဲလို့ စဉ်းစားရင်း ဟိုလျှောက်သည်လျှောက် လုပ်နေမိပါ တယ်။ ကပ္ပတိန်အေးမင်းက မန္တလေးကို စောစော ရောက်ချင်ဇောနဲ့ ကုန်ပစ္စည်း အတင်အချကို လောနေတာကိုတောင်ကိုယ့်မှာ မကျေမနပ် ဖြစ်နေမိတယ်။ ဒါပေမဲ့ ကိုယ့်ကို မီးညှိပြီးသား စီးကရက်တစ်လိပ် လာပေးလို့ ပြုံးပြရတယ်။

“စီးကရက်ပေးပြီး မျက်မှန် အငှားတပ်မလားလို့ဗျ”

ကိုယ့်နေကာ မျက်မှန် ထူထူထဲထဲကို သူက မြင်ကတည်းက သဘောကျနေလို့ ရယ်ရယ်မောမောနဲ့ပြောလာတာနဲ့ ကိုယ်လည်း “ဗမာပြည်မှာ တစ်လက်ထဲရှိတာဗျ”လို့ အကြွားစကားနဲ့ ငှားတပ်ခွင့်ပေးလိုက်ပါတယ်။ လား... လား... သူက ကိုယ့်မျက်မှန်ထဲက ခိုးကြည့်တဲ့ အမူအရာအတိုင်း အဖြူမကလေးကိုခိုးကြည့်ပုံ ကြည့်နည်းတွေ နောက်ပြောင်ပြတော့တာကိုး။ ကိုယ့်လိုပဲ ဟိုလျှောက် ဒီလောက် လုပ်လိုက်ကိုယ့်ကို ဘယ်တစောင်း၊ ညာတစောင်း လှည့်လိုက်၊ ဝေ့လိုက် ဝိုက်လိုက် လုပ်ပြတော့ ကိုယ့်မှာအသံထွက်အောင် ရယ်မိတယ်။

ကိုယ့်ရယ်သံကိုလည်း ကြားရရော အဖြူကလေးက သူ့ လှည်းဘီး မျက်မှန်ကို ဖြုတ်ကြည့်တယ်။ ပြီးတော့ကိုယ့်ဘက်ကို ခပ်သွက်သွက် လျှောက်လာတယ်။ နှုတ်ဖျားကလည်း “ဘုရား... ဘုရား... ဘုပါလားနော်၊ ဘုဟုတ်ပါ တယ်နော်၊ ဘုကို တွေ့ရပြီနော်”လို့ တကြော်ကြော် ခေါ်လာတယ် စုရယ်။

ကိုယ်ကလည်း...

“ဘု ပါလားနော်၊ ဘု ဟုတ်ပါတယ်နော် ဆိုတဲ့ သံချိုအေးကလေးကို ကြားရလျှင် ကြားရချင်း ဆောင်းမြမြ နံနက်ချမ်းစမှာ မျက်နှာကို ရေခဲရေနဲ့ အပက်ခံလိုက်ရသူလို အေးခနဲ ဖြစ်သွားမိတယ်။ အစ ပထမမှာတော့သံသယတွေ ဒွိဟတွေနဲ့ လုံးချာလိုက်ပြီး ကတုန်ကယင်၊ ဇဝေဇဝါကြီး ဖြစ်နေမိပါသေးတယ်။

ကိုယ့်နား ပြေးလာတဲ့ သဏ္ဍာန်ကို ပီပီသသလည်း မြင်ရရော အေးရာကနေ နွေး၊ နွေးရာကပူ၊ ရင်ထဲမှာဘလောင်ဆူလာမိပြီး “ဟင်... စု... စု... အံ့စရာ ကောင်းလိုက်တာကွယ်။ ဒီမှာ မမျှော်လင့်ဘဲလာတွေ့ရတယ်”လို့ ပြန်အော်ပြောမိပြီး သူ့အပြေးကို ကိုယ့်အပြေးနဲ့ အချိန်ကိုက် ဆုံတွေ့ပေးလိုက်ပြီးလူရှေ့သူရှေ့မှာပဲ စုရဲ့ တစ်ကိုယ်လုံး သိမ်းကြုံး ပွေ့ဖျက် ဖျစ်ညှစ် နမ်းရှုပ်မိပါတယ်။

“အေးဗျာ မျက်မှန်ကို ကျွန်တော် ယူထားလိုက်ဦးမယ်။ ခင်ဗျား တော်တော်နဲ့ လိုဦးမှာမှ မဟုတ်ဘဲ”

ဒါမျိုးတွေကို နားလည်တတ်တဲ့ အေးမင်းက ကိုယ့်ကို အဲသလို ပြောတော့ ကိုယ်က “အပိုင် ယူလိုက်တော့”လို့ပြောလိုက်မိတယ်စု။ ဟုတ်တယ်လေ။ သူက ကိုယ့်မျက်မှန်ကို လာချွတ်တော့ ကိုယ့်ရုပ်သွင်ကိုစုထင်ထင်ရှားရှား မြင်ခွင့်ရသွားတယ်။ သူနောက်လို့ ပြောင်လို့ ကိုယ် အသံထွက်အောင် ရယ်မိတော့ကိုယ့်ပင်ကိုဟန် ရယ်သံ ခပ်ဆန်းဆန်းကို စု အလွယ်တကူ မှတ်မိ သိရှိစေတယ် မဟုတ်လား။ ကျေးဇူးရှင်ကြီးဖြစ်ပါပေတယ်။ ကျေးဇူးရှင်ကြီးကို ကိုယ် ခရစ္စမတ်လက်ဆောင်အဖြစ် မျက်မှန် ပေးလိုက်ပြီး ကျေးဇူးရှင်မကလေး စုကိုတော့ခရစ္စမတ် လက်ဆောင် အနမ်းမိုးတွေ တလှေကြီး ပေးလိုက်မိတယ်။

လေယာဉ်ပေါ် ပြန်ရောက်ကြတော့ စုနဲ့ လက်ချင်းမြဲမြဲ ကိုင်ပြီး တွဲထိုင်နေတဲ့ ကိုယ့်ကို ဇော်မော်က လက်တို့ပြီးလာခေါ်တယ်။

“သူက ဘယ်သူလဲဗျ”

“ကမ္ဘာလှည့် ခရီးသည် လေဗျာ”


“ထပ်... ဒါ ခင်ဗျား ပြောမှလား။ ဒါပေမယ့် လွယ်ကော်မှာ ညအိပ်နေတဲ့ ခရီးသည်မျိုး မကြားဖူးဘူး။ ဗမာပြည်မှာသိကျွမ်းဖူးတဲ့ လူရှိလို့ ဝင်သွားလား မသိဘူး”

“သူသိတဲ့ ဗမာပြည်သားဟာ ကျွန်တော် ရစ်ချပ်အောင်ဘု တစ်ယောက်ပါပဲ”

“အင်းလေ... ဒါကြောင့်မို့ မေးရတာပေါ့”

“မေးပါ”

“သူ့နာမည်က...”

“စုလို့ ခေါ်တာ ကြားလိုက်မိတယ် မဟုတ်လား။ အဲဒါက အတိုကောက်ကို မြန်မာမှု ပြုထားတာဗျ။သူ့နာမည်အရင်းက စူစန်နာပေ့ချ်တဲ့ဗျ။ သြစတြေးလျားက”

“ခင်ဗျားနဲ့ ရင်းနှီးတာ ကြာပလား”

“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကပဲ”

“ခုထိ မမေ့နိုင်ဘူးဆိုတော့...”

“ချစ်သူတွေ ဖြစ်ခဲ့ကြသကိုးဗျ”

“အဲသလို ဖြစ်ခဲ့ရင် ဗမာပြည် လာတဲ့နောက် ခင်ဗျားကို တိုက်ရိုက် ဆက်သွယ်ဖို့ ကောင်းတာပေါ့ဗျာ။ ဘယ့်နှယ်လွယ်ကော်မှာမှ လာဆုံရတယ်လို့...”

ယောကျ်ားချင်း အတင်းစကားတွေ နှစ်ကိုယ်ကြား ပြောကြားလာခဲ့ကြရာက အဲဒီစကားကို ရောက်တော့ကိုယ့်မှာလည်း သံသယ ကြက်တွန့်ကလေးတွေ ရင်ထဲမှာ အလိပ်လိပ် တက်လာမိတယ်။ စုကို ဘယ်တော့မှပြန်တွေ့ရမယ် မဟုတ်ဘူးလို့ ယူဆထားတဲ့ သူဟာ ပြန်တွေ့ရတော့ အိပ်မက်လို မမြင်ဘူး။ချမ်းမြေ့သုခသမ္ပဇဉ်မှာ သံသယကလေးတွေ တသွင်သွင် စီးဝင်လို့နေတာဟာ တကယ်ဆန်းပေတာပဲ စုရယ်။ ချစ်ခြင်းမေတ္တာဆိုတာမှာ ရာခိုင်နှုန်းပြည့် ပီတိ မရှိကြဘူးနော်။ 

ကိုယ်ထင်တော့ ငါစိတ်ကလေးတွေကြောင့်အချစ်ဆိုတာ ဖြစ်ရတယ်။ ဘယ်သူနဲ့မှမခွဲ မဝေချင်တော့ အဆုံးစွန် ပိုင်ဆိုင်ခြင်းဆိုတာကို တောင့်တတယ်။ပိုင်ပါ့မလားဆိုတဲ့ သံသယကြောင့် ပျော်ရင်း ရွှင်ရင်းက တထင့်ထင့် ဖြစ်ကြတယ်။ ချစ်သံသရာဆိုတာချစ်သံသယကြောင့် ပေါ်ပေါက်လာတယ် ထင်ပါရဲ့။ ကိုယ်လေ အောက်သိ အောက်သက်နဲ့ စုထိုင်နေရာကိုပြန်လာခဲ့ပြီး “စု လွယ်ကော်ကို ဘာကိစ္စနဲ့ လာသလဲဟင်” လို့ ကလေးဆန်ဆန် မေးမိပါတယ်။

အဲဒီတော့ စုက ကိုယ့်မျက်ရည်ကလေးက ဝေ့တဝဲဝဲနဲ့ ငေးကြည့်ရှာပါတယ်။ ပြီးမှ ဝမ်းသာ ဝမ်းနည်း လေသံမြေ့မြေ့ကလေးနဲ့ ရှင်းပြပါတယ်။ ကိုယ့်သည်းချာ နှစ်မွှာဟာ ကျင်ခါမတတ် ခံစားရပြန်ပါတယ် စုရယ်။ 

သြော်... ချစ်ခြင်းဆိုတဲ့ ဝေဒနာဟာ လူတွေကို မတ်တတ်က ပြိုလဲပြီး သေပွဲဝင်စေနိုင်သလို အဆန်းတကြယ် အသွယ်သွယ်သော လုပ်ရပ်တွေကိုလည်း အားမာန်အပြည့်နဲ့ လုပ်ဆောင်နိုင်တဲ့ စွမ်းရည်ကို ပေးပြန်ပါတယ် နော်။

ကြည့်စမ်းပါဦး စုရယ်။

တစ်ချိန်တုန်းက သြစတြေးလျားဆိုတဲ့ တိုင်းပြည်ကြီးမှာ စုနဲ့ကိုယ်တို့ မေတ္တာချင်းဆက် အသက်ချင်းဖလှယ်ချစ်တုံ့ကျီစယ်ခဲ့ကြဖူးတယ် ဆိုပါတော့။ ဒါပေမယ့် ဘယ်လိုမှ မနီးစပ်နိုင်ခဲ့လို့ ကိုယ့်ရပ် ကိုယ့်ရွာကို ရင်ကလေးတနင့်နင့်နဲ့ ပြန်ခဲ့ကြရတယ်လေ။ ခုဆို ဆယ်စုနှစ် တစ်ခုတောင် စွန်းလို့လာခဲ့ပြီကော။ ရေရော မြေရော အားလုံးဝေးကြတဲ့နောက် အချစ်သွေးဆိုတာမျိုးကလည်း အနည်းနဲ့အများ အေးလောက်ပြီ ဖြစ်တယ်လို့ ကျားတွေးတွေးခဲ့မိပါတယ်စု။ အဲဒီ အတွေးဟာ အခုတော့ မှားနေပြီလေ။ စုက ကိုယ့်ကို မမေ့နိုင်သေးပဲကိုး၊ ကိုယ့်ကိုမြတ်နိုးတွယ်တာ နေသေးတာပဲကိုး။

စုက ဘာပြောသလဲ ဆိုတော့...

“စုလေ အရှေ့တိုင်းပြည်ကို ခရီးထွက်ဖို့ အစီအစဉ် ဆွဲတော့ ဘုရဲ့ ဗမာပြည်ကို ရောက်အောင် ဝင်မယ်။ဗမာပြည် ရောက်ရင် ဘုနဲ့ တွေ့ချင်လည်း တွေ့ရမယ်။ မတွေ့ချင်လည်း ကံတရားအရ လွဲချင်လွဲမယ်။ ဒါပေမဲ့လွယ်ကော်က တောင်ကွဲစေတီကို ပထမ အဦးဆုံး ရောက်အောင် ဝင်မယ်ဆိုတာ သန္နိဌာန် ချထားခဲ့ပါတယ်။ဘုပြောခဲ့တဲ့ စကားကို ဘု မှတ်မိချင်မှ မှတ်မိမယ်။ စုကတော့ အသဲတစ်နေရာမှာ ယခုထက်ထိသိမ်းထားခဲ့ပါတယ်။ ဘုက သြစတြေးလျားက နေပြီး ဗမာပြည်ကို ပြန်ခါနီးတော့ စုကို ပြောတဲ့ စကားမှာတောင်ကွဲစေတီအကြောင်းဟာ အထင်အရှား ပါခဲ့တယ်လေ။ ဘုဟာ စုကို သမုဒယ သံယောဇဉ်ချည်နှောင်မိပေမယ့် တစ်နေ့ကျ ကွဲကြလိမ့်မယ် ဆိုတာ ကြိုတင်ပြီးသိနေတယ်တဲ့။ 

အစွဲအလမ်းလို့ပဲ ဆိုဆိုယုံကြည်ချက်လို့ပဲ ပြောပြော ဘုတို့ တိုင်းပြည်က လွယ်ကော်ဆိုတဲ့ မြို့မှာ အလယ်တည့်တည့်ကနေပြီးကွဲဟနေတဲ့ တောင်ပူစာ တစ်ခုမှာ ဘုရားစေတီ နှစ်ဆူတည်ထားတာ ရှိတယ်။ အမည်ကိုလည်းတောင်ကွဲစေတီလို့ ပေးထားတယ်။ ချစ်သူစုံတွဲပဲ ဖြစ်ဖြစ်၊ အချစ်ရည် အချစ်သွေးဝင်စ လူပျိူလူရွယ်တစ်ဦးချင်းပဲဖြစ်ဖြစ် ရောက်ရှိပြီး အချစ်နဲ့ ပတ်သက်လို့ ကြံဆမိရင် ချစ်သူချင်း ကွဲတတ်တယ်တဲ့။

ဘုရားကို ဖူးလို့ ချစ်သူခြင်း ကွဲရတယ် ဆိုတာတော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့လေ။ တောင်ကြီး ကွဲနေတာကို အကြာင်းပြုပြီး အဲဒီနေရာ ရောက်မိရင် အဲသလို ဖြစ်တယ်လို့ အယူတမျိုးလေး တွေရခဲ့ကြတာ ဖြစ်မှာပါပဲ။ ဘုဟာ တောင်ကွဲ စေတီပေါ်ကနေ ချစ်သူ လိုချင်လိုက်တာလို့ အမှတ်မဲ့ တမ်းတမိခဲ့တော့ ချစ်သူနဲ့ ကွဲရမှာပဲလို့အယူတွေ တိမ်းခဲ့တယ် ဆိုပဲလေ။ ဒါကြောင့် ဆန်းကြယ်တဲ့ အဲဒီ အဓိကရ နေရာကလေးကိုရောက်ဖူးချင်တာဟာ ဘုနဲ့ ကွဲကွာခဲ့ရတဲ့ အဖြစ်ကို မမေ့နိုင်သေးလို့ပဲလို့ ရိုးရိုးပဲ ဝန်ခံလိုက်ပါရစေ ဘုရယ်”

ဟိုတုန်းက စုတစ်ယောက် စိတ်မှ သက်သာရာ ရပါစေတော့ ဆိုပြီး ကြားဖူး နားဝတွေကို ဥပမာ ဥပမေးယျနဲ့ပြောခဲ့မိတာဟာ အသဲနစ်အောင် ယူဆချက် ပြင်းသွားတဲ့ စုလေးအဖို့တော့ မမေ့နိုင်စရာ သာဓကကလေးဖြစ်နေခဲ့တာပဲနော်။ ဘာပဲဖြစ်ဖြစ် အဲသလို လက်လွတ်စပယ် ပြောခဲ့မိတာကို အခုတော့ ကိုယ့်ကိုယ်ကိုယ်ကျေးဇူးတင်ရမလို ဖြစ်နေပြန်တယ်လေ။ စုသာ တောင်ကွဲစေတီကို အရောက်မလာရင် ကိုယ်နဲ့ ဆုံတွေ့ဖို့ဟာဘယ်လွယ်ပါ့မလဲ။ ခုလိုကျတော့လည်း တောင်ကွဲစေတီဟာ ကွဲနေတဲ့ ချစ်သူကို ပြန်ပြီးတွေ့ဆုံပေးစေပြန်တယ်လို့ ပြောရပါလိမ့်မယ် စု။

ကိုယ်ဟာ လူမြင်ကွင်းမှာ မြန်မာ့ ယဉ်ကျေးမှုကို ဆန့်ကျင်ပြီး နမ်းဟယ်၊ ရှုံဟယ် လုပ်ခဲ့ပြီးမှ လေယာဉ်ထဲလူနည်းနည်းကျတော့ စုရဲ့ လက်ကလေးကို မနာအောင် ဆုပ်နယ်ပြီး ကြည်နူးစိတ်တွေ ဖြာနေမိပြန်တယ်။ချစ်ခြင်း စေတသိက်များဟာ တယ်ပြီး ထွေပြားတတ်တာပါပဲ စုရယ်။

ပြီးတော့ စုက တိုတိုရှင်းရှင်းနဲ့ လင်းပြလို့ မိတ်ဆွေအများနဲ့ ကမ္ဘာလှည့်ခရီး ထွက်ခဲ့တယ်။ ဘန်ကောက်မှာအများက ခရစ္စမတ် ကျချင်တယ်။ စုကတော့ ဗမာပြည်မှာ ကျချင်တယ်။ အဲဒီတော့ စုတစ်ယောက်တည်း ဗမာပြည်ကို ရှေ့ပြေး ကြိုတင် ထွက်လာပြီး သူတို့ အလာကို စောင့်မယ်ဆိုတဲ့ အစီအစဉ်ကို ကိုယ်သိရပါတယ်။စုရဲ့ နောက်ဆုံးတစ်ထောက်ဟာ တောင်ကြီးပဲပေါ့။

ကြံကြံဖန်ဖန် ဆုံမယ့် ဆုံပြန်တော့လည်း အနှစ်တစ်ထောင် ကွဲကွာကြတဲ့ ကိန္နရီ၊ ကိန္နရာတွေ ပြန်ပေါင်းထုပ်ကြရသလိုမို့ ပျော်ရမလို လွမ်းရမလိုပါပဲ စုလေး။ လွယ်ကော်က နေပြီး နောက်တစ်ခါ ဆင်းရပြန်မယ့် လေယာဉ်ကွင်းကတော့ ဟဲဟိုး ဖြစ်ပါတယ်။ဟဲဟိုးမှာ ကပ္ပတိန် အေးမင်းတို့၊ သန်းလွင်တို့၊ ဇော်မော်တို့နဲ့ လမ်းခွဲခဲ့ကြရတယ်။ သူတို့က မန္တလေးမှာခရစ်စမတ်ကျကြမယ်ပေါ့။ ကိုယ်နဲ့ စုကိုတောင် အလိုက်ကန်းဆိုး မသိတဲ့ အေးမင်းက မန္တလေးမှာ ခရစ္စမတ်လိုက်ပြီး ကျပါလားလို့ မရမက ဖိတ်နေသေးတယ်။

စုက ဝင်တဲ့ပြီး “ဗမာပြည်မှာ ဘုနဲ့ စုတို့ အတူတူ နေရမယ့်အချိန်ဟာ အင်မတန်မှ တိုတောင်းမှာမို့ သည်းညည်းခံပါရှင်” ဆိုမှ တဟဲဟဲနဲ့ နောက်ဆုတ်သွားတာကလား။

ဒါကိုတာ လေယာဉ်ကြီး နှင်းတိမ်ဦးက ခြူးဇာအိမ်တွေထဲ တိုးဝင် ပျောက်သွားတာကို ငေးကြည့် ကျန်ရစ်တဲ့ကိုယ်နဲ့ စုတို့က အေးမင်းတို့ ကျေးဇူးရှင်တွေကို မန္တလေး ခရစ္စမတ်ပွဲမှာ ကညာ တမြုံတသိုက်နဲ့ ရတနာပုံံဆိုက်ကြပါစေလို့ တိုးတိုးကလေး ဆုတောင်းသမှု ပြုပေးမိကြပါတယ်။ သူတို့တတွေဟာ နိဗ္ဗာန်ကူးတို့အပို့ကောင်းတဲ့သူတွေ မဟုတ်လားကွယ်။

ကိုယ့်ကို ဟဲဟိုးမှာ လာကြိုနေကြတဲ့ ဂျေဘီနဲ့ အေမီ စစ်ဗိုလ် လင်မယားဟာ ကိုယ့်နံဘေးမှာမျက်နှာဖြူမကလေးတစ်ယောက်ပါလာလို့ အံ့သြတကြီး ဖြစ်နေတယ်။ ဒါပေမယ့် သူတို့အဖို့ အတွဲ ရှာပေးဖို့မလိုတော့တာမို့ ပျူပျူငှာငှာနဲ့ လက်ခံကြရှာပါတယ်။ အေမီကဖြင့် သူတို့ သွေးနှောသူမို့ ခရစ္စမတ်ကာလအတွက် ဘိုးဘိုးဆန်တာက ပို့လွှတ်တဲ့ မိတ်ဆွေမကလေး ရတာပဲလို့ ဝမ်းသာမဆုံးဖြစ်ကြပါတယ်။

ပြီးတော့ အေမီက ကိုယ့်နားကို တိုးတိုးကပ်ပြောတယ်။ “စုက လှတယ်နော်” တဲ့။

ကိုယ်က ချစ်ရတဲ့သူမို့ လှတယ်လို့ ထင်ပြီးသားမှာ မိန်းမသားချင်း ချီးမွမ်းခန်း ဖွင့်တော့ ကိုယ့်မှာ အတိုင်းမသိကြည်နူးမိပါတယ် စု။ နှင်းရည် စိုလူးနေတဲ့ စုရဲ့ နှင်းဆီဖူး နှုတ်ခမ်းနှစ်လွှာဟာ တောင်စွယ်မှာ မေးတင်တော့မယ့် နေမင်းနီနီကြီးနဲ့ အလှချင်း ပြိုင်နေပါတယ်။

ဘာပဲပြောပြော စုဟာသြစတြေးလျန်းဆိုပေမယ့်လို့ ဂရိစ်ရယ်၊ အီတာလျံရယ်၊ သြစတြေးလျား တိုက်သားရယ် အချိုးကျသွေးနှောထားလို့ အသားအရေ စိုပြေဝင်းအိလှပြီး တိရိလှပတဲ့ မျက်နှာကျကိုလည်း ဆောင်ထားပြန်ပါတယ်။ပြီးတော့ သူများတကာ အဖြူမတွေလို ကြီးခိုင်ခိုင် ကလန်ကလားမျိုးလို မဟုတ်ပြန်ဘူး။ ပြစ်မျိုးမှဲ့ မထင်တုလွတ်စင်တဲ့ နတ်ရှင်မယ်ကလေးလို့ပဲ ကိုယ် ဆိုပါရစေ။

ပြီးတော့ ပြောရဦးမယ် စုရယ်။ ကြိုတင် စီစဉ်မှု မရှိဘဲနဲ့ မိန်းမ ခိုးလာသလို ကိုယ့်မှာ ဝေတေတေ ကြောင်တောင်များ ဖြစ်နေမိပါတယ်။ ကိုယ် တောင်ကြီးမှာ တည်းခိုနေကျကတော့ စထရင်း ဟိုတယ်မှာပါပဲ။ ကမ္ဘာလှည့် ခရီးသည်တွေလည်း အဲဒီမှာ အတည်း များပါတယ်။ ဒါပေမဲ့ နှစ်ယောက်သား တူတူလာပြီး တူတူတည်းကြတယ်ဆိုတော့ ဂျေဘီတို့၊၊ အေမီတို့ အပေါ်မှာ ဘယ်လောက်ပဲ ရင်းနှိးမှု ရှိစေကာမူ ကိုယ့်မှာရှက်ကိုးရှက်ကန်း မလုံမလဲနဲ့ ထူထူပူပူ ဖြစ်မိသား။ စထရင်းမှာ မတည်းလို့ ဂျေဘီတို့ရဲ့ အိမ်မှာပဲတည်းပြန်တော့ကော... အဟင်း...

တစ်ယောက် တစ်ခန်းစီ ဖြစ်ကြမှာအပြင် ပိုမို ထူးခြားလာမှာ မဟုတ်ပြန်ဘူး။ ဒီတစ်ခါမှာကိုယ့်အချစ်မြားကလေးက ပစ်မှတ်ကို တည့်လု တည့်လု ပစ်မလိုနဲ့ မပစ်နိုင်ဘဲ တော်တော်မူသားဟေ့။

သို့‌ ‌သော်လည်း အမျိုးသားချင်း ယိုင်းပင်းတဲ့ ဂျေဘီကြောင့် ကိုယ့်မှာ ညိုမြဘဝက ကင်းဝေးသွားရတယ်။ ဂျေဘီက ဥပါယ်တမျည်နဲ့ သူ့အိမ်က ခိုင်းတဲ့ ကောင်ကလေးကို မီးလင်းဖို အတွက် ထင်းတွေ ဘာဖြစ်လို့ယူမထားသလဲလို့ ကြိမ်းတယ်။ ဧည့်သည်တွေ ညကျ ချမ်းနေတော့မယ်။ စထရင်းမှာ ထင်းမီးအစုံ ရှိရင်တော့ဟိုမှာပဲ တည်းခိုင်းရတော့မှာပဲလို့ သွယ်ဝိုက်ပြီး ဟဲ... ဟဲ... တည့်တည့်ကြီး ပြောတယ်။

ကိုယ်က နားမလည်တဲ့ လူရိုးကလေး ဟန်ပန်နဲ့ “ဂျေဘီပဲ ရီဇာ့ဗ် လုပ်ပေးပါ” လို့ ပြောလိုက်ရပါတယ်။

အမှန်ကတော့ စုရယ်... ကိုယ့်ကို တွေ့ချင်လို့ စုက ကိုယ်နဲ့ လိုက်လာပြီ။ ဘယ်ကိုသွားလို့ ဘယ်ကိုပဲ လာလာ၊စုအပေါ်မှာ ဘယ်လိုပဲ ကြံစည် ကြံစည်၊ စုက ဘာပြောမှာလိုက်လို့လဲ။ ကိုယ့်သဘောကို လိုက်လျောမယ်ဆိုတာသိရက်သားနဲ့ ကိုယ်က သိက္ခာတွေ ဆည်ပြီးရင်း ဆည်နေလိုက်တာနော်။ 

သေသေချာချာ ပြန်စဉ်းစားကြည့်တော့လည်း ကိုယ်ဟာ စုကို မွန်မွန်မြတ်မြတ် ထားအပ်တဲ့ လည်ဆွဲ ရတနာကလေးလိုသဘောပိုက်နေလို့ အလွယ်ရတဲ့ သူငယ်မတစ်ယောက်ကို ဆက်ဆံနည်းမျိုးနဲ့ ဆက်ဆံရမှာကိုဝန်လေးနေတယ်လို့ ထင်ပါတယ်။ ဂျေဘီတို့ အိမ်က ခရစ္စမတ်ပွဲ ကလေးကတော့ သိပ် သိပ်သည်းသည်း ကျစ်ကျစ်လစ်လစ်ကလေးပါပဲ။သူတို့ မိသားစုရယ်၊ ခင်မင်ရာ ခင်မင်ကြောင်း မိတ်ဆွေ လေးငါး ဆယ်ယောက်ရယ်၊ ခုဆို ကိုယ်ရယ်၊ စုရယ်ပေါ့။

စမှာက ည ၇ နာရီကျော်မှ ဆိုလေတော့ အချိန်က အများကြီး လိုသေးတာမို့ ကိုယ်နဲ့ စုဟာ စထရင်းဟိုတယ်မှာ ပစ္စည်းပစ္စယကလေးတွေ နေရာချထားပြီးတဲ့နောက် တောင်ကြီး ပတ်ဝန်းကျင်က ကြည့်စရာရှုစရာကလေးတွေကို အတူတကွ လိုက်လံ ကြည့်ရှုကြတယ်။

ရှမ်းပြည်ရဲ့ အလှဟာ ဆောင်းတွင်းကျမှ ပီပီပြင်ပြင် ရှိလှတယ် စုရေ။

စလူမိုးက မြူခိုးတွေ ဝေတာရယ်၊ တောင်ပြာတန်းကို ရစ်သန်း ခြုံလွှမ်းနေတဲ့ နှင်းပေါက်ပေါက်ပန်း တို့ရယ်ပေါင်းစပ်ပြီး ရှုလိုက်တိုင်း၊ မှိုင်းဝေနေတဲ့ ပန်းချီကားတစ်ချပ်ကို ဖန်ဆင်းထားတတ်လှတယ်ကွယ်။ အဲဒီပန်းချီကားထဲမှာ ဘောင်းဘီဝတ်နဲ့ ဂါဝန်ဝတ်တို့က ဆန့်ကျင်ဖက် ပစ္စည်း ဖြစ်နေကြတယ်။ 

သို့ပေမယ့်ဆန့်ကျင်ဖက် အလှလို့တော့ ခေါ်နိုင်ပါတယ်လေ။ စုဟာ လှမျိုး(စု)ကလေးတစ်ယောက်ပဲ မဟုတ်လား။အဲဒီတော့ စုက ပြောပေလိမ့်မယ်။ ဘုကလဲ လှပါတယ်လို့။ ကိုယ်က ယောကျ်ားပဲကွယ်။ ယောကျ်ား ပီသပြီးမိန်းမတစ်ယောက်ရဲ့ မျက်စိမှာ ကြည့်ကောင်းရင် ပြီးတာပါပဲ။ ချစ်ရင် ကြည့်ကောင်းလာတာပါပဲ လေ။ 

အဲ...တစ်ခုတော့ ရှိရဲ့ ။ မိန်းမတစ်ယောက်ကို ရင်ခွင်ထဲမှာ ထည့်ထားလောက်တဲ့ ကျယ်ပြန့်တဲ့ ရင်အုပ်ကားကားတော့ ရှိသင့်ပါတယ်။ ကိုယ် စုကို ကိုယ့်ရင်ထဲမှာ အမြဲ ထွေးနွေး ထားနိုင်ပါတယ်နော် စုဟုတ်လား။

ဒါပေမဲ့ စုကို ကိုယ် ဒီနေ့အထိ ချစ်စကား မပြောမိသေးဘူးနော်။

“ချစ်တယ်”ဆိုတဲ့ စကားကိုသာ မပြောတာပါလေ။ ကျန်တာကတော့ ရှမ်းပြည်ရဲ့ မြူခြေဆိုင်းတဲ့ ပိတ်ကားပေါ်မှာ ထင်းထင်းရှင်းရှင်းကြီး မြင်ခဲ့ပြီးပြီ မဟုတ်လား။ သြစတြေးလျားတုန်းက တောင်ကွဲစေတီနဲ့ ပတ်သက်ပြီး ပြောခဲ့တာဟာလည်း ကိုယ်ဘာကြောင့် ချစ်စကား အတိအကျ ခွန်းမဟခဲ့တယ် ဆိုတာကို သဘောပေါက်အောင်လို့ သွယ်ဝိုက်သောနည်းနဲ့ ပြောတာပါ။ စုကတော့လည်း ကိုယ့်နှုတ်ဖျားက ထွက်တဲ့ စကားမှန်သမျှကို ချစ်စကားချည်း အောက်မေ့နေတော့တာကိုး။ ဧကန္တ ကိုယ်က ကိုချစ်စရာကြီး ဖြစ်နေတယ်ထင်ပါ့ ဟင်...။

ကိုယ့်အမူအရာကလည်း ကိုယ့်ကို အမြဲ သစ္စာဖောက်လို့ချည်းနေတာပဲကွယ့်။

အမူအရာရယ်လို့တောင် ပြောရခက်ပါတယ်လေ။ လှသော၊ ချောသော၊ ယဉ်သော မိန်းကလေး တစ်ယောက်ကိုခဏခဏ ဖက်၊ ခဏခဏ နမ်းနေတာဟာ အတွင်းစိတ်နဲ့ အပြင်စိတ် ပဋိပက္ခ ဖြစ်နေရာက ပေါက်ဖွားလာတဲ့လှုပ်ရှားမှုမျိုးမှ မဟုတ်ဘဲ။ ကိုယ်ကတော့လေ သာယာသော ပတ်ဝန်းကျင်မှာ ချစ်သောသူနဲ့ တွဲယှဉ် တွဲသွားပျော်ပွဲစား ထွက်နေရသလိုမို့ လူလစ်လဲ နမ်းတာပဲ၊ လူမလစ်လဲ နမ်းတော့တာပါပဲ။ ဟိုး တောင်ယာကထဲကရှမ်းထီးကလေးတွေ၊ ရှမ်းမကလေးတွေက ရိုးသား စင်ကြယ်ကြတဲ့သူတွေမို့ ကိုယ်တို့ကို လှည့်စောင်းလို့မှမကြည့်ကြလေလေ ကိုယ်က ကဲလေလေပါပဲ။

ဖွေးဖွေးလှုပ်အောင် အလှသရဖူ ဆောင်းထားတဲ့ ချယ်ရီပင်အောက် ရောက်တော့ ကိုယ်တို့ ငယ်ငယ်ကဆောင်းတွင်းတွေမှာ ဆိုရင် ကျောင်းသင်ခန်းတွေထဲမှာ ချမ်းလို့ စာမသင်ဘဲ ဆရာရော တပည့်တွေရော ချယ်ရီပင်တွေ အောက်မှာ နေပူစာ လှုံရင်း စာသင်ကြရပုံတွေကို စုကို ပြောပြမိတယ်။ ချယ်ရီပန်း မခူးရ ဆိုတဲ့စာတမ်းကို စပြီး ဖတ်တတ်ခဲ့တယ် ဆိုတာက အစပေါ့။ စာတတ်လျှင် တတ်ချင်း ဒီစာတမ်းကို ဖတ်ရတာမို့ချစ်သူတွေကို ကိုယ် ပန်းမပေးတတ်ခဲ့တာလို့ ပြောတော့ စုက “စာဖတ်တတ်တဲ့ လူတွေက မခူးကြပေမယ့်စာမဖတ်တတ်တဲ့ လေနတ်မောင်က သူ့လက်တံရှည်ကြီးနဲ့ သိမ်းကြုံး ခူးယူသွားတော့လည်းကြွေကြရတာပါပဲ”လို့ စာမတတ်သောလေ ဆိုတဲ့ အင်္ဂလိပ် ဝတ္ထုက မှတ်စု မှတ်ရာကလေးကို ကိုးကားပြီးပြန်ပြောတယ်။

ကိုယ် သဘောပေါက်ပါတယ် စုရယ်။ လောကကြီးမှာ ချစ်ပန်း ချစ်ဖူးတို့ကို ကိုယ်က ဘယ်လောက် အမြတ်တနိုးထားစေကာမူ ကိုယ့်လို မထားတဲ့သူ၊ မထားချင်တဲ့ ကာယကံရှင်ဖြစ်သူတွေနဲ့ ကျတော့လည်း တစ်ချိန်ချိန်နဲ့တစ်နေရာရာမှာ အလွယ်တကူ ကြွေကျတတ်ပါပဲလို့ စု ဆိုလိုချင်တယ် မဟုတ်လား။ အဲဒီတုန်းကလေ စုမျက်နှာသော်တာဝန်းကို ငေးကြည့်နေမိရင်းက ကိုယ့်မှာ ရင်ထဲက သိချင်တာ မေးချင်တာတွေကို မနည်းကြီး ထိန်းချုပ်ဖိသိပ်ထားရတယ်။

ကိုယ်လေ ကိုယ်ချစ်တဲ့ မိန်းကလေးနဲ့ အတူတူနေရတဲ့ အချိန်ကို သိပ်ပြီး တန်ဖိုးထားတတ်ပါတယ်။

အဲဒီ အချိန်ပိုင်းကလေးမှာ အတိတ်က အရိပ်တို့၊ အနာဂတ်ရဲ့ နိမိတ်တို့ လာပြီး အညွန့်ထိုး စိုးမိုးတာကိုမခံနိုင်ဘူး။ စုရဲ့ အတိတ်ကို ကိုယ် မသိချင်ဘူး။ စုရဲ့ အနာဂတ်ကိုလည်း ကိုယ် မျှော်မကြည့်ချင်ပါဘူး။ကိုယ့်ကိုယ်ကိုယ်လဲ ဒီသဘောပဲ ထားတယ်။ ဒါကြောင့် ဒီ ၁ဝ နှစ်အတွင်း ကိုယ့်ဘဝ အပြောင်းအလဲတွေဘယ်လို ရှိခဲ့သလဲလို့ စုက မေးမှာကို ကိုယ်သိပ်ပြီး စိုးရိမ်မိတယ်။ စုကလည်း ကိုယ့်လိုပဲ တစ်ခွန်းမှ မဟမှ ကိုယ်စိတ်ချ လက်ချ ပျော်နိုင်မိတာပါ။

ဘာလုပ်မလဲ စုရယ်နော်။ ပစ္စုပ္ပန်မှာ စုနဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲဆိုတာကိုသာကိုယ်က အစစ်အမှန်လို့ ယူဆထားတာပဲ။ ယနေ့ ပျော်ရရင် ပြီးတာပဲ။ နောက်နေ့အတွက် မပူချင်ဘူး။ ပြီးခဲ့တဲ့ဖြစ်စဉ်တွေကိုလည်း နောင်တ တရရ၊ စိတ် တထင့်ထင့် မဖြစ်ချင်ဘူး။ အဲဒါကြောင့် ဟိုအကြောင်း ဒီအကြောင်းရှေးဟောင်း နှောင်းဖြစ်တွေ မေးမိ၊ ပြောမိကြမှာ စိုးလို့ ကိုယ်က အားအားရှိ စုကို ဖက်လို့ချည်း နမ်းမိတာထင်ပါရဲ့။

မရယ်နဲ့ စုလေးရယ်၊ မရယ်ပါနဲ့။ စုရယ်တော့ လှလွန်းလို့ ကိုယ့်မှာ အသည်းတွေ ကြွေရတယ်။ စု ငိုရင်ကော စုငိုတော့လည်း ကြင်နာစရာ ကောင်းလွန်းလို့ ကိုယ့်အသဲတွေ ကြွေရတာပါပဲ။ ပြောမယ့်သာ ပြောရတယ်။ကိုယ့်မှာ ကြွေစရာ အသဲမှ ရှိသေးရဲ့လား မပြောတတ်ပါဘူး။ အသဲ မရှိဘဲ ခံစားရတာဟာ ပိုပြီးရင်နာတတ်သတဲ့ စုရဲ့ ။ စုဘေးမှာ ရှိနေတုန်းမှာတော့ ကိုယ် ရင်နာမှုတွေကို မေ့ထားနိုင်ပါတယ်လေ။ကိုယ့်အသဲ ဘယ်မှာပါလိမ့်။ ကိုယ် သြစတြေးလျားတုန်းက စုကို လုံးလုံးလျားလျား ပေးခဲ့ပြီးပြီမဟုတ်လားဟင်...။

စုနဲ့ အတူ ရှိနေတဲ့ အသဲနှလုံးကို ကိုယ်တစ်ခါမှ ပြန်မတောင်းခဲ့ပါဘူး စုရယ်။

မေတ္တာလက်ဆောင်ဆိုတာ ပြန်ပေးရိုး ပြန်တောင်းရိုး၊ ထုံးစံမှ မရှိတာကပဲ။ ခရစ္စမတ် လက်ဆောင်လဲဒီသဘောပဲ ထင်ပါရဲ့။ “ကိုယ် စုကို ခရစ္စမတ်လက်ဆောင် ဘာပေးရမှန်း မသိဘူး”

ကိုယ်က အဲသလိုပြောတော့ စုက ကိုယ့်ကို ပြုံးငေးငေးကလေး ကြည့်ပြီး “မလိုပါဘူး။ စုဘေးမှာ ဘုရှိနေပြီပဲ” လို့ ပြောတယ်။

အင်း... ဟုတ်မှာပါပဲ။ ခရစ္စမတ်မှာဆိုရင် ကောင်ကလေးတွေ၊ ကောင်မလေးတွေဟာ မစ်စစ်လ်တိုသစ်ခက်ကလေးတွေ အောက်မှာမှ နမ်းခွင့်ရှိသတဲ့။ ကိုယ့်အဖို့မှာတော့ စုကို အခွင့်မရှိဘဲ ထင်တိုင်းကျဲနေနိုင်ပြီပဲ မဟုတ်လား။

ကိုယ်တို့ စထရင်းကို ပြန်ရောက်တော့ အတော်ကလေး မှောင်သွားပြီ။ ပိုပြီးတော့လည်း အေးလာတာမို့ထင်းမီးဖိုကိုလည်း မွှေးရတယ်။ ရေနွေးနဲ့လဲ စပ်ချိုးရတယ်။ စထရင်းက အခန်းစောင့်ကလေးတွေကတော့ကိုယ်နဲ့ စုကို ဟန်းနီးမွန်း ထွက်လာကြတဲ့ စုံတွဲလို့ ထင်နေကြတယ်။ စုရဲ့ သိက္ခာမို့ ကိုယ်လည်း နှုတ်ပိတ်ရေငုံလုပ်နေရပါတယ်။ ကိုယ်တို့က တစ်ခန်းထဲ တည်းကြတာကိုး စုရယ်။ စုကလည်း မကန့်ကွက်ဘူး မဟုတ်လား။

စုကတော့ ဘာမှကို မကန့်ကွက်ပါဘူးလေ။

စထရင်းဟိုတယ် အခန်းကို ပြန်ရောက်လို့ တံခါးကို ပိတ်လိုက်ပြီး တံခါးရွက်နားမှာ စုကို အကြာကြီးကိုယ်နမ်းတော့လည်း စုကန့်ကွက်မယ် ဆိုရင် ကိုယ် ထိန်းသိမ်းမှာပါပဲ။ အဲ... စုက သာသာကလေး တွန်းမှကိုယ့်ကိုယ်ကိုယ် အချိန်တွေ အများကြီး ရှိရက်နဲ့ ရှေ့လောကြီးသူပါကလားလို့ ရှက်ပြုံး ပြုံးရတယ်။

“ကဲ ရေချိုး၊ဘုတစ်ကိုယ်လုံး ဆိတ်သိုးနံ့ကို နံနေတာပဲ”

စုက ရေချိုးခိုင်းတော့ ကိုယ့်မှာ ရေနွေးစည်ထဲ ဝင်စိမ်ရတယ်။ ပြီးတော့ စုက ကိုယ့်ကို ဆပ်ပြာတိုက်ပေးတယ်။ကိုယ်က အရက်ကလေး မော့လိုက်၊ ရေနွေးစိမ်လိုက်နဲ့ လုပ်ရာက စုရဲ့ နှိပ်နယ်ပေးမှုအောက်မှာမှေးကနဲတောင် ဖြစ်သွားလိုက်သေးတယ်လေ။ စုက သိပ်ပြီး အာဏာရှင် ဆန်တယ်။ ကိုယ့်ကို အတင်းနှိုးပြီးကိုယ်လက်သုတ်သင် အဝတ်အစား လဲခိုင်းတယ်။ ကိုယ်က တပြန် စု ရေနွေးစည်ထဲမှာ စိမ်တုန်း ဆပ်ပြာတိုက်ပေးမယ်ဆိုတော့ “ရှက်တယ်၊ မလုပ်ရဘူး”တဲ့။

တကယ်တော့လည်း ယောကျ်ားတွေဟာ နှစ်ယောက်ထဲ ကျရင် ကိုယ့်အပေါ်မှာ အာဏာရှင် ဆန်တဲ့မိန်းကလေးတွေကို ခွင့်လွှတ်တတ်ကြတာချည်းပါပဲ။ လူရှေ့မှာသာ ကိုယ်က အနိုင်ရမှ ကျေနပ်တာ။ ဒါပေမဲ့ဂျေဘီတို့ အေမီတို့ ရှေ့မှာတော့လည်း စုကပဲ ကိုယ့်ကို ထိုင်နေထနေ အမိန့် စာခွေတွေ ပေးနေပြန်တယ်လေ။အေမီကတောင် ဘုကို နိုင်မယ့် သူ ခုမှ ပေါ်တယ်ဟေ့လို့ ပြောသေးတယ် မဟုတ်လား။

ဂျေဘီတို့ရဲ့ ခရစ္စမတ်ပွဲမှာ စုဟာ ညရဲ့ဧကရီလေးပါပဲ။ ယောကျ်ားသား မှန်သမျှကလည်း စုနဲ့ တွဲနေတဲ့ကိုယ့်ကို မနာလိုဖြစ်ကြတယ်။ အေမီ တစ်ယောက်ကတော့ စုပါလာတာနဲ့ သူ့ ခရစ္စမတ်ပွဲကို အပျော်ဆုံးနေ့လို့သတ်မှတ် ကြေညာတော့တာပါပဲ။ တစ်နှစ်တခါ လွမ်းဖျား လွမ်းနာကျတဲ့ သူ့ရောဂါဟာ ဒီနှစ်မှာ ပေါ်ကိုမပေါ်တော့ဘူး။ မျိုးတူဆွေတူကလေးတစ်ယောက်က ဧည့်သည်အဖြစ် ရောက်လာပေတော့တာကိုး။ ကိုယ့်ကိုတောင် စုနဲ့ လက်ထပ်ပါလားတဲ့။ မိန်းမတွေဟာ တကယ်တန်းကျတော့ ယောကျ်ားတွေလိုတွေဝေမနေဘဲ သတ္တိရှိတတ်ကြတာကို ကိုယ် သိထားလို့ ပြုံးလို့သာ နေလိုက်ရပါတယ်။

အရင်တုန်းကဆိုရင် သန်းခေါင်ယံ ဆုတောင်းပွဲ သွားရမှာမို့ အေမီက ဂျေဘီတို့ ကိုယ်တို့ကိုအရက်သောက်စေလေ့မရှိဘူး။ မိသားစုပွဲ ကျဉ်းကျဉ်း အချင်းချင်းမို့လည်း ကိုယ်တို့ဟာ သိပ်ပြီး သောက်ကြစားကြလေ့ မရှိပါဘူး။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ စုတစ်ယောက် ပါလာတာကို အကြောင်းပြုပြီး ပျော်ပွဲရွှင်ပွဲကြီးလုပ်ပစ်လိုက်ကြတယ်။

အေမီတောင် အရက်ချိုပြင်းကလေးတွေ များများစားစား သောက်ပြီး ရယ်မဆုံးရွှင်မဆုံး ဖြစ်နေပေတော့တယ်။ ပြီးတော့ ဘယ်တော့မှ သီချင်း မဆိုခဲ့တဲ့ အေမီက ခရစ္စမတ်အဖြူဆိုတဲ့သီချင်းကိုလည်း ဆိုပြလိုက်သေးတယ်။ အေမီ ဆိုတော့ ကိုယ်တို့ကပါ လိုက်အော်ကြတာမို့ ပွဲကလေးဟာဆူဆူညံညံ ဖြစ်လာပြန်တယ်။ တယ်လီဖုန်း လာတာတောင် မသိကြ၊ မကြားကြတဲ့အထိပါပဲ။ ဂျေဘီကအရက်ခွက် ဖြည့်ဖို့ ဆိုဒါ ပုလင်း ထယူမှ တယ်လီဖုန်း မြည်နေတာကို တွေ့ရပြီး ကောက်ကိုင်လိုက်ပါတယ်။ကိုယ်တို့လည်း အလိုက်တသိနဲ့ အသံလှိုင်းတွေ နှိမ့်တိုးပေးကြရလို့ ဂျေဘီနဲ့ တစ်ဖက်က အသံရှင် အချီအချပြောနေကြတာကို မကြားချင်သော်လည်း ကြားနေရတယ် စု။

“ဘယ်သူလဲ“-------------”“အော် ကျွန်တော် အေမီရဲ့ ယောကျ်ားပါ”

“---------------”“ဟုတ်လား၊ တောင်ကြီးမှာ ရောက်နေတာ အတော် ကြာပလား”

“----------------”“အေမီလည်း ကျွန်တော့်ကို ဘာမှ မပြောဘူး ဒီကို လာမလား”

“--------------”“အေမီကို ပျော်ရွှင်သော ခရစ္စမတ်လို့ ဆုတောင်းစကား ပြောချင်သလား ခေါ်ပေးမယ်”

ဂျေဘီ အဲသလို ပြောဆိုနေတော့ အေမီဟာ မသိမသာ မျက်နှာပျက်သွားတယ်။ ဂျေဘီကလည်း တစ်စုံတစ်ခုကိုအလိုမကျသလို မျက်နှာ ခပ်ညိုညိုပဲ။ အားလုံးသော မိတ်ဆွေတွေ ရှေ့မှာမို့ ဣန္ဒြေ ဆောင်နေပေမယ့် ဂျေဘီရဲ့မျက်နှာမှာ မကျေနပ်တဲ့ အရိပ်တွေက ညို့မှိုင်းလို့ နေတယ်။ သူ့(ခေါ်ပေးမယ်)ကလည်း ရွတ်ရွတ်ပြီးပြောလိုက်တဲ့ လေသံ ပေါက်နေကြောင်း အေမီကို လှမ်းကြည့်လိုက်တဲ့ အကြည့်က သက်သေခံနေလေရဲ့။

“ဘယ်သူလဲ ကိုမျိုးလား။ အေမီကလည်း ပြန်ပြီး ဆုတောင်းပါတယ်လို့ ပြောလိုက်ပါ။ လာချင်ရင်လည်း ည ၁၂နာရီ မထိုးခင်ထိ လာလို့ ရတယ်လို့”

အေမီကတော့ နေရာကနေ မထဘဲ ဂျေဘီနဲ့ပဲ တစ်ဆင့် ပြောခိုင်းပြီး ဘာမှ မဖြစ်သလို ကိုယ်တို့နဲ့ ရယ်စရာမောစရာတွေ ဆက်ပြောနေလိုက်တာပေါ့။ မိန်းကလေးဆိုတော့လည်း ဟန်ဆောင် ကောင်းတာပဲပေါ့လေ။ ဟန်ဆောင်ခြင်း ညံ့ဖျင်းတဲ့ ဂျေဘီကသာ “သူပြောတာ ကြားတယ် မဟုတ်လား။ အဲဒီအတိုင်းပဲဗျာ”လို့ ပြောပြီးတယ်လီဖုန်းကို အသံမြည်မြည် ချလိုက်တာ စုရေ။

ကိုယ်ကတော့ အားလုံးသော မိတ်ဆွေတွေ ပြန်ကုန်တဲ့ နောက်ပိုင်းမှာ သူတို့မောင်နှံ ရန်ပွဲကလေး တစ်ပွဲဆက်ရန် ရှိသေးကြောင်း သိလိုက်ပါရဲ့။ ကိုယ့်သူငယ်ချင်း ဂျပုကောင်ဟာ သူ့မိန်းမလှကလေး အေမီနဲ့ပတ်သက်ရင် သဝန်တိုတတ်မှန်း နောဧက နောကျေနေတာကိုး စုရယ်။ ဒါပေမဲ့ ဟိုစဉ်ကတော့ ဒါကလေးကိုသေးသေးဖွဲဖွဲပဲလို့ ထင်မိလို့ ခဏချင်း မေ့မေ့ပျောက်ပျောက် ထားမိရာက ကိုယ်တို့ရဲ့ ယမကာဝိုင်းဟာ နကိုပကတိအတိုင်း စီစီညံညံ ရွှင်ရွှင်မြူးမြူးကလေး ဖြစ်လာပြန်တော့တယ်။

ညဥ့်တစ်ဝက် ၁၂ နာရီထိုးလုကျမှပဲ ပျော်ရွှင်ခြင်း သုခ တခန်းရပ်ကြပြီး ဘာသာရေးပွဲအဖြစ် ဇစ်မြစ်ကို ပြန်လိုက်ကြကာဘုရားရှိခိုးကျောင်း သွားကြဖို့ ပြင်ဆင်ကြပါတယ်။ ကိုယ့်မှာတော့ စုသွားရာ ပါရမှာမို့ စထရင်း ဟိုတယ်မှာစုအတွက် အနွေးထည် ပြန်ယူပေးဖို့ ဟန်ပြင်မိတယ်။ ဒါပေမဲ့ စုက “စု ဘုရားရှိခိုး ကျောင်းမသွားတော့ပါဘူး။စောစောပဲ အိပ်လိုက်တော့မယ်”လို့ ပွင့်ပွင့်လင်းလင်းပဲ ပြောလေတော့ ဟိုအကြောင်း ဒီအကြောင်း ဘာမှမပြဘဲ ဆန္ဒကိုသာ ဖော်ကျူးတာကြောင့် အေမီတို့မှာလည်း ဇွတ်အတင်း တိုက်တွန်းဖို့ ခက်သွားတော့တယ်။ကိုယ်ကတော့ ဝမ်းသာတာပေါ့လေ။ ဒီအချိန်ကျမှပဲ စုနဲ့ ကိုယ်နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နေကြတော့မှာ မဟုတ်လား။

ကိုယ်နဲ့ စု ဂျေဘီနဲ့ အေမီတို့ အိမ်က ပြန်လာကြတော့ ဆောင်းနှင်းမှုန်တွေ သိပ်သည်း အုံဖွဲ့လို့ နေလိုက်တာကိုယ့်ရှေ့လက်တကမ်းလောက်ကိုပဲ မြင်ကြရလောက်အောင် ပိတ်ဆီးမှု ကြီးမားနေတဲ့အတွက်လမ်းဓာတ်မီးတိုင်ရေးရေးကို မှန်းဆရင်း ကိုယ်တို့ စထရင်းကို လမ်းလျှောက်ခဲ့ကြတယ်။ ကိုယ်လေ စုရဲ့ ပခုံးကိုအချမ်းသည်းမှုက ပြေမှ ပြေစေတော့ရယ်လို့ တယုတယ ဖက်တွဲလာမိတော့ စုကလည်း ကိုယ့်ခါးကိုပြန်ဖက်လာခဲ့တယ်။

ဒီအချိန်မှာ ကိုယ်တို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက် စကားတစ်ခွန်းမှ မပြောမိကြဘူး။တစ်ခါတလေမှာ ချစ်စကား မဆိုဘဲ နှစ်ကိုယ်လည်ယှက် ဖက်တွဲနေကြရတာဟာ ချစ်အရသာ တစ်မျိုးပဲစုလေးရေ။ တစ်ယောက်ကို တစ်ယောက် သက်သေထားစရာတွေ မလိုတော့ဘဲ ချစ်ရည် တူကြပြီဆိုတဲ့အချိန်မျိုး မဟုတ်လား။

စထရင်းဟိုတယ်ရှေ့ ရောက်တော့လည်း ကိုယ်တို့ လက်တွဲ မဖြုတ်ကြဘူး။ စကား မပြောကြဘူး။

ဟိုတယ်အခန်းတွင်း ရောက်တော့လည်း ကိုယ်တို့ လက်တွဲ မဖြုတ်ကြဘူး။ စကား မပြောကြဘူး။

ဒါပေမဲ့ ကိုယ်လေ စုကို ချစ်ပါတယ်ဆိုတဲ့ အကြောင်းကို စု သိစေဖို့ အကြိမ်ကြိမ် နမ်းတယ်။ အကြိမ်ကြိမ်ပွေ့ဖက်တယ်။

အိုလေ ကိုယ့်အတွက်ရော၊ စုအတွက်ရော မင်္ဂလာဦးည တစ်ညလိုပဲ ကိုယ် ကျင့်သုံးလိုက်မိပါတော့တယ်။

လောကကြီးမှာ ပျော်စရာအကောင်းဆုံးအချိန်ဟာ ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူနဲ့ အုံးစက်ရာ ယှဉ်တွဲရတဲ့အချိန်ဖြစ်ပါတယ် စုရယ်။ စထရင်း ဟိုတယ်မှာ တစ်ညတာ ကိုယ့်တစ်ဘဝ ဖြစ်ခဲ့ပါပေတယ်။ ကိုယ့်ရင်ငွေ့ကြောင့် ထွေးနွေးစွာအိပ်မောကျနေတယ် ထင်နေမိတာ စုရယ်... ကိုယ့်ရင်ကျယ်မှာ ပူနွေးတဲ့ မျက်ရည်စက်ကလေးတွေလိမ့်ဆင်းလာကြမှ စု ငိုနေပါလားဆိုတာ သိရတော့တယ်။

“စု ဝမ်းနည်းလို့ ငိုတာလား...”

“ဟင့်အင်း...”

“ပျော်လို့ ငိုတာလား”

“ဟင့်အင်း...”

“သြစတြေးလျားတုန်းက မပွင့်ခဲ့ရတဲ့ ချစ်ငုံချစ်ပန်းဟာ ကြာကြီးကြာကာမှ ကိုယ့်ဗမာပြည်မှာ လာပြီးပွင့်လန်းရလို့ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို နှမြောတယ်ပေါ့ ဟုတ်လား”

“အင်း...”

“စု ကိုယ့်ကို စိတ်မဆိုးနဲ့နော်။ ပြီးတော့ ကိုယ့်ကို ယုတ်မာတဲ့ ယောကျ်ားတစ်ယောက်လို့လည်း မထင်လိုက်ပါနဲ့။မကောင်းမှုကို မပြုခင်က ဆင်ခြင်ချင်လို့ တမင် ပေယျာလကံ ထားခဲ့ပြီး မကောင်းမှု ပြီးစီးကာမှ ဒုစရိုက်၊ဒုစရိုက်ရယ်လို့ နောင်တကြီး တရရ လုပ်နေတတ်တဲ့ လူမျိုးလည်း ကိုယ်ဟာ မဟုတ်ရပါဘူး။ တစ်ခုတော့ရှိသပေါ့လေ။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရယ်လို့ မြူခြည်မှ မသန်းချင်တဲ့ ငါစိတ်က ရှိနေတော့ အပြစ်လုပ်တာမဟုတ်ပါဘူးလို့ မဲတင်းရင်း ဆိတ်ဆိတ် နေမိတာပါပဲ။ စုကို ကိုယ်မေးချင်တာ ရှိတယ်”

“မေးလိုက်ရင် ဘုနဲ့စု တွေ့ကြရတဲ့ အချိန်ပိုင်းကလေးရဲ့ ကြည်နူးမှု စောစောကတည်းက ပျက်စီးသွားဆုံးရှုံးသွားမှာစိုးလို့ မဟုတ်လား”

“ဟုတ်တယ်”“စုမှာလည်း ဒီသဘောအတိုင်းပါပဲ ဘုရယ်”

“စုရဲ့ အမျိုးသား နေကောင်းရဲ့လား”

“သူဟာ စုရဲ့ အမျိုးသား မဟုတ်တော့ပါဘူး”

“ဟင်... မဟုတ်တော့ဘူးလား”

“စု သူ့ကို စွန့်ပစ်ခဲ့တယ် ဆိုပါတော့”

“တခြားတစ်ယောက်နဲ့ ပတ်သက်လို့လား”

“ဟုတ်တယ် အဲဒီ တခြား တစ်ယောက်ဟာ ဘုပဲ” “ကိုယ်နဲ့ ပတ်သက်တယ်လား။ ကိုယ် သြစတြေးလျမှာ စုနဲ့ ခွဲခွာလာပြီး နောက်ပိုင်း စုရေးတဲ့ စာကိုပြန်လိုက်တာက လွဲလို့ အဆက်အသွယ်မှ မလုပ်ဘဲ။ သူက ဘာဖြစ်လို့”

“စုဟာ ယနေ့အထိ ဘုကို သတိရနေတာကို သူ မကျေနပ်ဘူးလေ”

“စုကို ကိုယ်လည်း သတိရနေတာပဲ။ ဒါဟာ ကာကယံ မြောက်တာမှ မဟုတ်ဘဲ”

“စု ယောကျ်ားတွေရဲ့ အကြောင်း တော်တော် သိလာပါပြီ ဘုရယ်။ ယောကျ်ားတွေဟာ ပထမလူမဖြစ်ရသည့်တိုင် ဒုတိယလူ၊ တတိယလူ စသဖြင့် ဖြစ်ရတာကို လက်ခံနိုင်ကြပေမယ့် စင်ပြိုင်လူဖြစ်ရတာကိုတော့ မကြိုက်နိုင်ကြဘူး”

“နားလည်ပါပြီ စု၊ စု လူဟာ သူ့ကို စုချစ်နေတဲ့ ကြားထဲ အဝေးက ကိုယ့်ကို တစ်ပြိုင်ထဲ ချစ်နေတာမခံနိုင်ဘူးပေါ့”“ဆိုပါတော့လေ”“အမယ်လေး စုရာ၊ ဒီမခံချင်စိတ်ဟာ ဆယ်နှစ်ကြာမှာ ပေါက်ကွဲ ထွက်ရသတဲ့လား”

“ဒီလို ရှိပါတယ်။ စုဟာ ဘုတို့ ဗမာပြည် ပညာတော်သင် လာတဲ့သူ၊ ရွှေ့ပြောင်း လာတဲ့သူတွေနဲ့ တွေ့ရင်သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ဘုအကြောင်းကို မေးမိတာချည်းပဲ။ သူတို့ကလည်း ဘုဟာ ခုထက်ထိအထီးကျန်ဘဝမှာ နေတုန်းပဲ ဆိုတာကို ပြောပြကြတယ်။ အဲဒီတော့ စုဟာ “သူ ကိုယ့်ကို ချစ်နေသေးလို့”လို့ယူဆမိတယ်။ စုလေ... ဘုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ချင်လာတယ်။ ဖောက်ပြန်ဖို့ ပြောတာ မဟုတ်ဘူးနော်။

“တစ်ခါတုန်းက ငါ့ကို မေတ္တာသန့်သန့်နဲ့ ချစ်ခဲ့ဖူးတဲ့ ဗမာ အမျိုးသားကြီး တစ်ယောက် ဘယ်လိုများနေရှာပါလိမ့်”ဆိုတာ သိချင် မြင်ချင်လာလို့ပါပဲ။ ပြီးတော့ တစ်ခါ ဘုတို့ရဲ့ ဗမာပြည်ကလည်း ကမ္ဘာလှည့်ခရီးသည်တွေ အမြောက်အမြား လက်ခံလာပြီ ဆိုတော့ စုဟာ စု အမျိုးသားကို ဗမာပြည် သွားရအောင်လို့ပြောမိတယ်။ အဲဒါ စုရဲ့ အမှား ဖြစ်သွားတာပါပဲလေ။ ဘုနဲ့ သူ့ကို စင်ပြိုင် ချစ်နေတာကို သူ သည်းညည်းမခံနိုင်တော့ဘူးတဲ့။

တစ်ယောက်ယောက်ကို မေ့ပြီး တစ်ယောက်ယောက်ကို လုံးဝ ပုံချစ်မှ ကောင်းမှာပါတဲ့။ စုက ဘုကို ချစ်တဲ့အချစ်မျိုးကို သူနားလည်အောင် ရှင်းလည်း မပြနိုင်ဘူး။ ရှင်းပြရင်လည်း သူ နားလည်ချင်မှာ မဟုတ်ဘူး။ဆယ်နှစ်ဆယ်မိုး သူချစ်လာတဲ့ မိန်းမဟာ သူနဲ့ အတူ တခြား ယောကျ်ားတစ်ယောက်ကို တစ်ချိန်လုံးမျှချစ်လာတယ် ဆိုတော့ သူ အသည်း နာရှာတယ်လေ”

“အဲဒါနဲ့ပဲ စုတစ်ယောက်ထဲ ထွက်ခဲ့ရောလား”

“ဟုတ်တယ်။ စု အမျိုးသားက သူ မလိုက်နိုင်ပါဘူးတဲ့။ သိရတာတောင် သူ့မှာ အသဲကွဲမတတ် ဖြစ်ရသေးတယ်။မြင်ရရင် ပိုဆိုးပါလိမ့်မယ်တဲ့။ ဒါကြောင့်လည်း စု ဗမာပြည်ကို ထွက်ခွာသွားတဲ့နေ့မှာ သူ့ ကြင်ယာဇနီးအဖြစ်ကစွန့်လွှတ်ထားလိုက်ပါ့မယ်တဲ့လေ” ကိုယ်နားလည်ပါပြီ စု၊ စုဟာ ဗမာပြည် ရောက်လို့ ကိုယ်နဲ့ တွေ့ရင် သတိသမ္ပဇဉ်တွေ ယွင်းပြီး ကာမဂုဏ်ညွှတ်ကွင်း သံချိုင့်တွင်းကို သက်ဆင်းမိကောင်း သက်ဆင်းမိပေလိမ့်မယ်။ အဲဒီအခါကျရင် ကာမပိုင် ရှိလျက်နဲ့ဖောက်ပြန်တဲ့သူ မဖြစ်အောင် သူက ကြိုတင် ကာကွယ်ပေးလိုက်ရှာတာနဲ့ တူပါတယ်။ ကိုယ်ကလည်း သူ့ကိုကျေးဇူးတင်ပါတယ်။

စုရဲ့ မျက်ရည်ပူ ဥကလေးများ ကိုယ့်ရင်ကျယ်မှာ အသွယ်သွယ် လိမ့်ဆင်းကြပြန်ပါတယ် စုလေး။

ကိုယ်လေ... ခုလိုပဲ ညတာ ကမ္ဘာတစ်ရာ ရှည်ပါစေလို့ ဆုတောင်းနေမိပါတယ်။ ချစ်တဲ့သူကို ဖေးကူထွေးပိုက်ထားရတဲ့ ဗီဇနာကို ရာထောင်မက ကြာညောင်းစေချင်ပါတယ်။ ရှေးခေတ်က ဒွေးသီဟဟင်္သာမျိုးတွေလို တစ်ကိုယ်ထဲမှာ ခေါင်းနှစ်လုံး ပေါက်ပြီး မခွဲမခွာ နေချင်ပါတယ်ဆိုတဲ့ ပမာစကားကိုကိုယ်ဟာ လွန်ကဲရန်ကောလို့ ထင်ခဲ့မိတယ်။ ခုတော့ ကိုယ်က အဲဒါထက် နှစ်ဆသာ နေပါပြီစု။

စုရဲ့ မျက်ရည်ဟာ ကုန်ဆုံးခဲ့တဲ့ အချိန်တွေကို နှမြောတသတဲ့ မျက်ရည်တွေလို့ ဆိုတယ်။ ဒါပေမယ့် ကိုယ့်မှာသံသယကလေးတစ်ခု ဝင်လာပါတယ်စု။ ဒီသံသယဟာ ဒီစာဆုံးတဲ့အခါမှာ ချစ်ကျေးဇူးဆပ်တဲ့အကျိုးထူးတစ်ရပ် ဖြစ်လာပါလိမ့်မယ် စုရယ်။

ကိုယ်လေ စုကို ကိုယ့်ကိုယ်ငွေ့နဲ့တင် မတင်းတိမ်နိုင်သေးလို့မို့ မီးလင်းဖိုမှာ ငြိမ်းသေစ ပြုနေတဲ့မီးကျည်းရဲတွေထဲမှာ ထင်းသစ်ထင်းစတွေ ထပ်ပြီး ထည့်ပေးမိတယ်။ မှောင်နေတဲ့ အခန်းထဲမှာ မီးလျှံမီးညွန့်ကလေးတွေက လှပတဲ့ အလင်းပိုင်း အရိပ်ပိုင်းကလေးတွေကို ဖန်တီးပေးကြတယ်။ အိပ်ရာပေါ်ကနေကိုယ့်ကို ရွှန်းရွှန်းစားစား ကြည့်နေတဲ့ စုကို မီးလျှံရိပ်များ ထင်ဟပ်လျက် ရှိတာကို တွေ့ရတော့ အဝတ်မပါဗလာဆိုတာကို မေ့ပြီး ဗီးနပ်စ်နတ် ဘုရားမကလေးလို့ ထင်မိပါတော့တယ်။

ကိုယ့်မီးကိုယ်မွှေးမိပြန်ပြီ စုရေ...

သြစတြေးလျားတုန်းကတော့ ကိုယ်မွှေးခဲ့တဲ့ မီးကို ကိုယ့်ဟာကိုယ်ပဲ ငြိမ်းသတ်နိုင်ခဲ့တယ်။ ဟိုတုန်းက ကိုယ်ကဧည့်သည် ဖြစ်ခဲ့တယ်ဆိုတော့တာ ကိုယ့်အိမ်ကိုယ် ဇွတ်မှိတ် ပြန်လာခြင်းအားဖြင့် ချစ်ပြဿနာတစ်ရပ်ကို ပြေငြိမ်းစေနိုင်ခဲ့တယ်။ ဒီမှာကျတော့ ကိုယ်ဟာ အိမ်သည် ဖြစ်နေပြီ။ စုက ဧည့်သည်၊ ဧည့်သည် ဆိုရာမှာလည်းရိုးရိုး မဟုတ်တဲ့အပြင် အသည်းနှလုံးတွေကို လက်ဆောင်ပဏ္ဏာ အဖြစ် ယူဆောင်လာတဲ့ ချစ်ဧည့်သည်၊ကိုယ်ကလည်း သိလျက်နဲ့ ဝိပါက်ကြမ္မာ ငင်လိုက်ပြီလေ။

ဒီလို ဆိုလိုက်တော့ ကိုယ်တို့ရဲ့ ရှည်ညောင်းခဲ့တဲ့ ချစ်ခရီးလမ်းအစကို ပြန်ကောက်ကြည့်ကြမှ တော်လိမ့်မယ်ထင်တယ်နော် စု ဟင်...။

ကိုယ် သြစတြေးလျားက ဗမာပြည် ပြန်လာခဲ့ပြီး နောက်ပိုင်းမှာ စုဆီက စာကလေးတစ်စောင် ရောက်လာတယ်။ကိုယ်ကလည်း စာတစ်စောင် ပြန်ခဲ့တယ်။ အဲဒီ စာနှစ်စောင်ကို စာရေးဆရာက ဝတ္ထုကလေးအဖြစ်ရေးဖွဲ့ ခဲ့ဖူးတာမို့ ကပ္ပတိန် အေးမင်းတို့တောင် ဖတ်ဖူးပြီး ကိုယ့်နာမည်ဆန်းဆန်းကို အလွတ် ရနေတာပေါ့။ ရှေ့ရေးကို မျှော်ငေး ဆင်ခြင်နိုင်ဖို့ရာ အတိတ်ကို မကြည့်မဖြစ် လှည့်ကြည့်ရဦးမယ်လေ။ ခုဟာ ကိုယ်နဲ့ စုတို့ရဲ့ရှေ့ရေးနဲ့ ဆိုင်လာပြီကောကွယ်။

မှတ်မိသေးတယ် စုရေ။

ကိုယ်တို့ရဲ့ စာနှစ်စောင်ကို တိတိကျကျ ပြန်ပြီး အန်ချ ပြလိုက်ပါရစေဦး။

_ _ _

Tooruk တူးရပ်

မဲလ်ဘုန်းမြို့သြစတြေးလျား


ချစ်သော “ဘု”

ယနေ့ ဘုနဲ့ ကိုယ်တို ခွဲခွာသွားခဲ့ ရတာ နှစ်နှစ်ပြည့်မြောက်တဲ့နေ့ပဲ ဘုရယ်။ “ဘုဟာ စာရေး ပျင်းတယ်မိတ်ဆွေ သင်္ဂဟတွေနဲ့ ခွဲခွာသွားပြီးတဲ့နေက် စာရေးဖို့ နေနေသာသာ “စိတ်ကြေးမုံပြင်” ထဲမှာတောင်မထားတော့ဘဲ မေ့ဖျောက်ပစ်လိုက်တာပဲ”လို့ ပြောခဲ့တာ တကယ် အမှန်လို ဖြစ်နေပြီ။ ကြည့်စမ်းပါဦး။ဗမာပြည် ပြန်ရောက်လို့ “ရောက်ပြီ စုရေ နောက်တစ်ခါ စုနဲ့ ဘယ်တော့များမှ ကြုံတွေ့ ရမယ် မသိဘူး။နှုတ်ဆက်လိုက်ပါတယ်ကွာ”ဆိုတဲ့ စာတိုကလေး ပို့ပေးတာကလွဲလို့ ဘုဆီက ဘာသဝဏ်လွှာမှ ရောက်မလာခဲ့ဘူး။

အဲ... ရာသီလိုက် မိတ်ဆက်စာလွှာ ကတ်ပြားကလေးတွေတော့ အမြဲ မပြတ်ရောက်နေပါရဲ့။ ဘုရဲ့ အကြောင်း သောင်းပြောင်းကလေးတွေ ဘာတစ်ခုမှ ထင်ထင်ပြပြ မသိခဲ့ရလို့ ကိုယ့်မှာမချင့်မရဲ ဖြစ်ခဲ့ရတယ်။ ဟော... ခုတော့ ကွမ်းတား(စ်) လေယာဉ်ကြီးပေါ် ဘု မတက်ချင် တက်ချင်နဲ့ လှမ်းတက်သွားရင်းက နောက်ပြန် လှည့်ကြည့်ပြီး ကိုယ်ရှိရာကို မှန်းဆ လက်ရမ်းပြခဲ့တဲ့ နေ့ဟာလည်း နှစ်နှစ်တောင် ပတ်လည်သွားပြီး တစ်ပတ် ပြန်ဆိုက်လာပြန်ပြီ ဘုရယ်။ ဒါကြောင့်မို့ ဘုကို သတိရတဲ့ အထိမ်းအမှတ်နဲ့စာကလေး တစ်စောင် ရေးလိုက်ပါတယ်။

ဒါထက် ဘုရေ... ဘု မိန်းမများ ရနေပလား။ ဘုတစ်ခါက ဖွင့်ပြောပြခဲ့သလို ဆိုရင်တော့ခုနေ“ဆန်းဆန်း”ကလေး တစ်ယောက်တောင် ရနေပြီ ဖြစ်ရောပေါ့။ ဘုရဲ့ ဖူးစာရှင် အဆိုတော် ကလေးကောအိမ်သူ့ တာဝန် ကျေပွန်နေရပြီဖြစ်လို့ ဟိုမိုက်ကရိုဖုံး ရှေ့မှာ ရပ်ဖို့ အချိန်မှ ရသေးရဲ့လား။ ဟောဒီ စာနဲ့ထည့်ပို့လိုက်တဲ့ ကိုယ့်အချစ်တွေကို “ဘု”ရဲ့ ချစ်သူကိုလည်း ဝေမျှလိုက်ပါဦးကွာ။ ပြတင်းက လှမ်းကြည့်ရင်ကိုယ်တို့ တူးရပ်ရပ်ကွက် တစ်လျှောက်မှာ ရွက်အိုတွေ ညှိုးပျောက်ပြီး မှိုင်းသွေ့ ခြောက်ယောင်းနေတဲ့သစ်ပင်တွေကို တမျှော်တခေါ်ကြီး မြင်ရတယ်။

ဒီအချိန်ဟာ ကိုယ့်တို့ရဲ့ နွေရာသီမဟုတ်လား ဘုရယ်၊ ဘုတို့ ဗမာပြည်မှာတော့ ချမ်းတုန်မလုံ ကွေးကောင်းဆဲဆောင်းတွင်းထဲမှာပဲ ရှိပါလိမ့်ဦးမယ်...။ မှတ်မိသေးတယ် ဘုရေ... ဘုနဲ့ကိုယ် စပြီး အသိဖြစ်ခဲ့ကြတာလဲနွေတနေ့ရဲ့ညနေခင်း မဟုတ်လားကွယ်။ ကိုယ်က အဲဒီနေ့က “အကသင်ကျောင်း”က ပြန်လာတာ ကိုယ်တို့ တရပ်ကွက်ထဲနေတဲ့ သူငယ်ချင်း“မိဂျန်”ရဲ့ကားနဲ့ ဘုရဲ့။ ပြန်လာကြလို့ ရပ်ကွက်ထိပ်လဲ ရောက်ကရော မိဂျန်ကို သူ့အဆက် ဂျိုနသန်ကလမ်းဘေးနားကို အော်ခေါ်လိုက်လို့ ကားကို ထိုးရပ်ပြီး အချီအချ ချစ်သူတို့ဘာဝ တွက်တွက်ညံအောင်ပြောနေကြတယ်။ ဒီတော့ ကိုယ်လဲ အကြာကြီး ဘေးကြည့်ပရိသတ် မလုပ်ချင်တာနဲ့ တလမ်းကျော်မှာ ရှိတဲ့ကိုယ့်အိမ်ကို ခြေလျင်ဘဲ ဆက်လျှောက်ခဲ့တယ် ကိုယ်တို့ရပ်ကွက်ဟာ ဘုသိတဲ့အတိုင်း လူကုန်တံ ဓနရှင်အထက်တန်းစားတို့ နေထိုင်တဲ့ ရပ်ကွက်အဖြစ် နာမည်ကြီးခဲ့တယ်။ ပြီးတော့ နိုင်ငံခြား သံတမန်များနေထိုင်ရာလဲ ဖြစ်တယ်။ ဒါကြောင့်မို့ ကိုယ်တို့လမ်းထဲ ချိုးဝင်လိုက်တာနဲ့ တူရှုက လျှောက်လာတဲ့ ဘုကိုမြင်တော့ သံရုံးတရုံးက သံအဖွဲ့သားတစ်ယောက် အပျင်းပြေ လမ်းလျှောက်လာတာဘဲလို့ကိုယ်ထင်လိုက်မိတယ်။ ဒါပေမဲ့ ဆန်းတာက ဘုရဲ့ လက်ထဲမှာ ခွေး“သား”လေး တကောင် ပိုက်လို့ ဘုရဲ့။

လူသန့်သည်နှင့်အမျှ အသွားအလာလဲ ပြတ်တာမို့ အဲဒီအချိန်မှာ တလမ်းလုံး ခရီးသွားဆိုလို့ ဘုနဲ့ကိုယ်နဲ့ နှစ်ယောက်ထဲပဲလေ၊ ဘုဟာ နိုင်ငံခြားသား ဆိုပေမဲ့ ကိုယ်တို့လူမျိုးတွေလို ရိုးမြင့်ရွက်ရှေ့ကျက်သရေပြည့်ပြည့်နဲ့ ကျားယားထောင်မောင်းသူမှန်း ကိုယ်တခဏအတွင်း သိလိုက်ပါရဲ့။ 

ဘုဟာ ကိုယ်နဲ့မျက်နှာချင်းဆိုင်နေရာ ရောက်လို့လာရော “ဒီမှာ မစ္စ”လို့ နေရာတွင်ရပ်ပြီး ကိုယ့်ကိုနှုတ်ဆက်တယ်။ဘုရဲ့ အသွင်ဟာ တစုံတခုကို အကူအညီတောင်းချင်တဲ့ ဟန်မျိုး ဖြစ်နေလို့ ကိုယ်လဲ “ကျမ ဘာအကူအညီပေးနိုင်ပါသလဲရှင်”လို့ ပြန်မေးမိတယ်။ အဲဒီတော့ ဘုကရယ်တယ်။ ဘုရဲ့ ရယ်ပုံဟာ ရှက်ကိုးရှက်ကန်းရယ်ပုံမျိုး မဟုတ်ဘူး၊ ဘုဟာ တစိမ်းမိန်းခလေးနဲ့ တွေ့ပေမယ့်လို့ ရှက်တတ်တဲ့သူ မဟုတ်ဘူးဆိုတာကိုယ်သိလိုက်တယ်။ ပြီးမှ ဘုက “အကူအညီက တခုထဲ မဟုတ်ဘဲ နှစ်ခုဖြစ်နေပါတယ် မစ္စ”လို့ ပြောပြီးရယ်ရှိန် မသေသေးဘဲ ကိုယ့်ကို စိုက်ကြည့်တယ်။ ကိုယ်ကလဲ ဘုရဲ့ မျက်နှာရွှင်ရွှင်ကို ကြည့်ပြီးဘဝင်သိမ့်ကနဲဖြစ်သလိုရှိသွားရာ “ပြောပါရှင်”လို့ ခပ်သွက်သွက် လမ်းခင်းပေးလိုက်မိတယ်။

အဲဒီတော့ ဘုက လက်ထဲက လသား ခွေးကလေးကို မြှောက်ပြပြီး “ကျွန်တော် လမ်းလျှောက်နေတုန်းယောင်လည်လည်ဖြစ်နေတဲ့ ဟောဒီ ခွေးကလေးကို လမ်းပေါ်မှာ တွေ့လို့ ကောက်ယူလာခဲ့တယ်။ ဒီနားကတအိမ်အိမ်က ဖြစ်မှာဘဲလို့ ထင်တယ်… အဲဒါ မစ္စက ဒီလမ်းမှာနေတဲ့လူလား မေးချင်တာပါ။ သူ့ကို စုံစမ်းပြီးအိမ်တိုင်ယာရောက် ပြန်ပို့ပေးချင်လို့” လို့ ချိုသာစွာ ပြောတယ်။ ဘုက မြှောက်ပြပြီး ဖဲကြိုးကလေး လည်ပင်းမှာချည်ထားတဲ့ ခွေးပေါက်စကလေးကို ကိုယ် မျက်လုံးရောက်သွားမိပါတယ်။ အဲဒီခွေးကလေးဟာ ဂျာမန်သိုးထိန်းခွေး အယ်လ်ဆေးရှင်းလို့ ခေါ်တဲ့ ခွေးမျိုးကလေးဘုရဲ့ ။ ပြီးတော့ ညိုရွှေရောင် နက်နက်ကလေးနဲ့သူမတူတဲ့ အရောင်လဲ ရှိတယ်၊ ပြီးတော့ ဒီခွေးဟာ ကိုယ့်ခွေးပေါ့ ဘုရယ်။ ကိုယ် ကောင်းကောင်းမှတ်မိတာပေါ့။ကိုယ် နားမလည်နိုင်တာက ဘယ်လိုကနေ ဘယ်လို လမ်းပေါ် ရောက်နေသလဲဆိုတာဘဲ။ ခွေးကတော့ကိုယ့်ခွေးမှ အစစ် ဘုရဲ့။

ဒါကြောင့် ကိုယ်လဲ “ဟင်... ဒီခွေးကလေးဟာ ကျမခွေးကလေးရှင့်၊ ဘယ်လိုများ လမ်းပေါ်ရောက်နေပါလိမ့်။ဧကန္တ အိမ်က ကလေးတွေ ခွေးခြံတံခါး ပြန်မပိတ်ကြဘူးနဲ့ တူတယ်။ လာလာ တီနို”လို့ ပြောပြောဆိုဆိုဘုရဲ့လက်ထဲက ခွေးကလေးကို လှမ်းယူလိုက်မိတယ်။ အဲဒီတော့ ဘုကလဲ “အော်… သူ့နာမည်က တီနိုတဲ့လား၊တော်ပါသေးရဲ့၊ ခွေးရှင်နဲ့ ပက်ပင်းတိုးပေလို့”လို့ ပြုံးပြုံးပြောပြီး ကိုယ့်ကို ပြန်ပေးပါတယ်၊ ပြီးမှ ဘုက“အဟင်း”ကနဲ ရယ်ပြန်ပြီး “ခွေးကလေး လမ်းပေါ်မှာ မသွားတတ်.. မလာတတ် ဖြစ်နေသလို ကျွန်တော်လဲ ဒီတူးရပ် ရပ်ကွက်မှာ မျက်စေ့လယ် လမ်းမှားနေတယ် မစ္စရဲ့ ။

အဲဒါ အဟင်း.. ကျွန်တောတို့ ဗမာသံရုံးရှိတဲ့လမ်းကို တခါတဲ ညွှန်ပေးပါလား”လို့ အကူအညီတောင်းရှာတယ်။ ကိုယ်လဲ ရှက်ရွံ့စိတ်မပြေဘဲ ပကတိပွင့်လင်းကြည်လင်နေတဲ့ ဘုကို ဝမ်းထဲက သဘောကျလိုက်မိတယ်။ လက်ဦးမတော့ ကိုယ်တို့လမ်းနဲ့မဝေးလှတဲ့ ဘုကို သံရုံးရှိရာကို မဆိုင်းမတွဘဲ ညွှန် ပြလိုက်မလို့ပါဘဲ၊ ဒါပေမဲ့ ဘုအပေါ်မှာကိုယ်စိတ်ဝင်စားနေမိတာနဲ့ “မဝေးလှပါဘူးရှင် ပြပေးမှာပေါ့”လို့ ပြောပြီး ခွေးကလေးပြန်ရလို့ကျေးဇူးတင်တဲ့အနေနဲ့ အိမ်ကိုလိုက်ပြီး လဘက်ရည်သောက်ဖို့ ဖိတ်လိုက်မိတယ်။ ဒီတော့ ဘုက မငြင်းဆန်ဘဲအလွယ်တကူ လိုက်လာပြန်တယ်။

ကိုယ့်ဘဝမှာ ယောကျာ်းသူငယ်ချင်းတွေ အများကြီးရှိဘူးတယ် ဘု၊ ဒါပေမဲ့ အများအားဖြင့် သူတို့ဟာမိန်းခလေးနဲ့ တွေ့ရင် နဂိုနေ မဟုတ်တော့ဘဲ တမျိုး ဖြစ်နေတတ်ကြတယ်။ တချို့ကတောင့်တင်းတင်းကြီးဖြစ်ပြီး၊ တချို့ကျတော့လဲ ဘာမှမဖြစ်လေဟန် ဂိုက်နဲ့ ဆိုက်နဲ့ လေတွေပစ်နေပေမဲ့ရင်ခုန်သံ မပျောက်ချင်ဘူး၊ ကိုယ်တို့ စကားနဲ့ ပြောရရင်တော့ မဖြစ်ဖူးပေါ့ကွယ်။ ဘုနဲ့ ကျတော့ တခြားယောက်ျားတွေနဲ့ ကွာခြားနေတယ်။ ဘုဟာ ဟန်မလုပ်ဖူး၊ အနေမခက်ဖူး၊ သက်သက်သာသာဘဲ။

အိမ်ရောက်မှ ကိုယ့်မိသားစုလဲ ခြံထဲကနေ ဝင်းတံခါးပွင့်နေတုန်း လစ်ထွက်သွားတဲ့ ကိုယ့်ခွေးကလေးပျောက်နေလို့ ဒေါင်းတောက်နေတာ တွေ့ရတယ် ဘုရယ်။ ဘုကြောင့် ပြန်တွေ့ကြရတယ်လို့ သိကြရောညနေခင်းအတွက် ဘုဟာ “ကယ်တင်ရှင်”တပါး ဖြစ်လို့ သွားပေတာဘဲ။ အဲဒီမှာ တခါရင်းနှီး အထာကျနေသလိုပြုံးလိုက်ပြန်ပြီး “လမ်းပျောက်နေတဲ့ ခွေးကလေးကို ကျွန်တော်က ကယ်တယ်။ လမ်းပျောက်နေတဲ့ကျွန်တော့်ကိုတော့ “စု”က ကယ်တယ်။ အဲဒီတော့ ကျေရော”လို့ နှစ်လိုစဘွယ် ပြောပေတယ်။

ကိုယ့်အမည်ကို ကိုဖော် မိတ်ဆက်ရာမှာ ဘုရဲ့ အမည်ကို ရစ်ချပ်အောင်ဘုလို့ သိရလို့ ကိုယ်က “ဘု”လို့သာအဖျားဆွတ်ခေါ်သလို စူစန်နာပေ့(ဂျ်)ဆိုတဲ့ ကိုယ့်အမည်ကိုလဲ “ကျွန်တော်တို့ မြန်မာနဲ့ ခပ်ဆင်ဆင်တူအောင်“စု”လို့ဘဲ ခေါ်တော့မယ်နော်”လို့ ခွင့်တောင်းပြီး ဘုက စု စုနဲ့ ခေါ်လာခဲ့တယ်။

ပြီးတော့ ဘုကိုဘယ်လိုပြန်ပြောစလဲဆိုရင် “စုတို့ ဩစတြေးလျန်းလူမျိုးတွေ ဖော်ရွေပုံဟာ ကျွန်တော်တို့ မြန်မာလိုပဲ။ကျွန်တော် ခင်တတ်ပါတယ်။ နောက်လာလယ်အုံးမယ်။ လောလောဆယ် ဗမာစစ်သံရုံးမှာကျွန်တော်တည်းနေတယ်”လို့ ပြောသွားတယ်။

ဘုပြန်သွားတော့ စုတို့ မောင်နှမသားချင်းတွေဟာ ဘုအကြောင်ကို ဝေဖန်ချက်တွေ အပြည့်နဲ့တယောက်တခွန်း ပြောပြီး ကျန်ရစ်ခဲ့ကြပါတယ်။ အဲဒီစကားတွေကိုတော့ ပြန်မပြောချင်ဘူး၊ ပြန်ပြောရင်“အို..အို.. ငါ တယ်ချစ်စရာကောင်းတဲ့ သတ္တဝါကြီးပါလား”လို့ သွေးကြီးသွားမှာ ကြောက်လို့။

ဘုက လာမယ်လို့သာ ပြောသွားတယ်။ စုဖြင့် ညနေတိုင်း မြှော်မိပေမဲ့ ကိုပေါ်လာခဲက စုပ်စမြှုပ်စပျောက်ကွယ်နေပါသေးသရှင်။ အရင့် အရင်ကဆိုရင် အကသင်ကျောင်းမှာ နည်းပြဆရာကလေးဖြစ်တဲ့အတိုင်းစုမှာ အလုပ်ကို ကြိုးစားပြီး၊ သူများတကာတွေ အချိန်ပြည့်တောင် မလုပ်ချင်တာကို စုက အချိန်ပိုဆင်းပြီးသင်ကြားပေးသေးတယ်။ ညနေစောင်းပြီး မိုးချုပ်ခါးနီးကျမှ အိမ်ပြန်ရောက်တာချည်းဘဲ။ ခုတလောဘုလာလေမလားလို့ စောစော အလုပ်ဆင်းဆင်း လာမိတယ်။

ဒါပေမဲ့ ဘုကဖြင့် မလာပါဘူးကွယ်။ကြာတော့လဲ စုဟာ စောစောမဆင်းတော့ဘဲ ဘုကို မေ့ပျောက်ပစ်ရတာပေါ့။ ဒါပေမဲ့ ဘုရေ My Fair Lady ပြဇာတ်မှာ “ဘု”နဲ့ တခါပြန်ဆုံကြတော့တာဘဲ။ ကိုယ်တို့ မဲလ်ဘုန်းမှာဒီပြဇာတ်ပြနေတာ တနှစ်ကျော်သွားပြီ။ ကိုယ်ဖြင့် ကြည့်ကို မကြည့်ရသေးဘူး။ လက်မှတ်ဆိုတာကကိုယ့်သူငယ်ချင်းမ “မိဂျန်” နဲ့ “ဂျိုနသန်”တို့ဟာ လက်မှတ်တွေ ယူထားပြီး ကြည့်ရမဲ့ ရက်ကျမှ ကင်ဗာရာမြို့တော်ကို ကိစ္စတစ်ခုနဲ့ သွားရမယ်ဖြစ်လာတော့ ကိုယ့်ကို ပြန်ရောင်းသွားတယ်။ ဒီမှာတင် ပြသနာကပေါ်လာပြန်တယ်။ ဒီပြဇာတ်ကို ကိုယ်တို့အိမ်သားတွေလဲ အကုန်ကြည့်ပြီးကြပြီ ဘုရဲ့ ၊ ကိုယ့်မှာလေ အချိန်မီဘုများ အိမ်လာလည်ရင် ဘယ်လောက်များ ကောင်းလိုက်မလဲလို့။ ဘုကဖြင့် အစကို လုံးလုံးပျောက်နေတော့တာဘဲကိုး။ ဘာဘဲဖြစ်ဖြစ်လေ လက်မှတ်တွေ အလဟသ မဖြစ်အောင်ဆိုပြီး စုလဲစုမောင်လေး ဂျင်မီကို ကြည့်ပြီးပေမဲ့ အဖော်လိုက်ခဲ့လို့ ခေါ်သွားရတာပေါ့။ အဲဒီကျမှ “ဘု”နဲ့ တစ်ခါပြန်ကြုံတွေ့ကြရတာကလားကွယ်။

ရုံရှေ့ရောက်တယ်ဆိုရင်ဘဲ တစ်ယောက်ထဲ မားမားကြီးရပ်နေတဲ့ ဘုကို ပက်ပင်းတိုးလိုက်မိတော့တာဘဲ၊ စုဖြင့်လာမည်ပြောပြီး မလာတဲ့လူကြီးကို ရန်တွေ့ချင်တာမှလေ မကောင်းတတ်လွန်းလို့ အိန္ဒြေဆယ်ပြီး“ပျောက်နေတာ ကြာလှပြီဘု”လို့ နှုတ်ဆက်ရတယ်။ ဘုမှာလဲ ပျာပျာသလဲ စုကို ပြန်နှုတ်ဆက်ပြီး ဒီနေ့ညနေမှကင်ဗာရာမြို့က ပြန်ရောက်ကြောင်း စုနဲ့ တွေ့ပြီး နောက်တနေ့ဘဲ အလုပ်ကိစ္စနဲ့ ကင်ဗရာက သွားရကြောင်းပြန်ရောက်ရောက်ချင်းဘဲ စုရဲ့ တယ်လီဖုန်းနံပါတ်ကို အင်ကွုင်ယာရီမှာ စုံစမ်းပြီး လှမ်း ဖုန်းဆက်ကြောင်း၊ စုတို့ပြဇာတ်ကို သွားကြတယ်ဆိုလို့ အမှီလိုက်လာခြင်းဖြစ်ကြောင်း ရှင်းပြတယ်။

ကိုယ်လဲ ဘုအပေါ်မှာအထင်မှားပြီး စိတ်တိုနေမိတာတွေ လျောဆင်း ပျက်ပြယ်သွားရပါတယ်။ မောင်းလေး ဂျင်မီကလဲစိတ်မပါတပါနဲ့ လိုက်လာရတဲ့သူ ဖြစ်လေတော့ ဘုကို သူ့လက်မှတ်ထိုးပေးပြီး မျက်စိတဖက် မှိတ်ပြပြီးလစ်ပါလေရော။ ဒီလိုနဲ့ ဘုနဲ့စုတို့လဲ ပြဇာတ်ကို အတူယှဉ်တွဲပြီး ကြည့်ခဲ့ကြတယ်။

“ကျွန်တော် ဒီပြဇာတ်ကို ကြည့်ချင်နေတာကြာလှပြီစု။ ဗမာပြည်မှာကတည်းက ဓာတ်ပြားထဲက သီချင်းတွေနားထောင်ခဲ့ရလို့ သိပ်ကြိုက်နေတယ်”

ရုံထဲမှာ ဘုက ကိုယ့်ပခုံးကို တယုတယ ကိုင်ကိုင်ပြီး အဲသလို နှစ်ကိုယ်ကြားပြောတယ်၊ ဘုဟာ ဆန်းတဲ့ယောကျ်ားတစ်ယောက်ပါပဲ ကွယ်၊ ကိုယ့်ပခုံးကို ကိုင်တယ်ဆိုပေမဲ့ ဏှာပွတဲ့ စိတ်နဲ့ ကိုင်တာ မဟုတ်ဘူးဆိုတာကိုယ်သိပါတယ်၊ ဘုကို ဆက်ဆံတာဟာ ဝတ်ကျေ တန်းကျေလဲ မဟုတ်၊ အလွန်အကျူး အရောတဝင်လည်းမဟုတ်ဖူး၊ ဒါပေမဲ့ ပိုင်ပိုင်နိုင်နိုင် ရှိတယ်ကွယ်၊ ဘုလဲ အသိသား မဟုတ်လား၊ ကိုယ်တို့ မိန်းမတွေဟာပိုင်နိုင်စိတ်ထားတဲ့ ယောကျ်ားကို မြတ်နိုးကြတယ်ဆိုတာလေ။ မရွံ့မရဲ ကျွဲဗြဲစီးချင်တဲ့ ယောကျ်ားတွေ ဆိုရင်မကြိုက်ချင်ဘူး၊ နိုင့်ထက်ကလူ စိတ်ရှိသူကိုလဲ သဘောမကျဘူး၊ ဒါပေမဲ့ “မိန်းမဟာ မိန်းမဘဲ”လို့သဘောထားပြီး ပိုင်ပိုင်နိုင်နိုင် နွေးနွေး ထွေးထွေး ဖက်တဲ့ သူကိုတော့ ချစ်တတ်ကြတယ် ဘုရေ။

ပြန်တော့ တက္ကစီနဲ့ ပြန်ခဲ့ကြတယ်၊ လမ်းမှာ ဘုအကြောင်း အကျဉ်းချုပ်ပြီး ပြောပြသွားတယ်။ ဘုကပညာတော်သင် လာရောက်နေတာတဲ့လေ၊ ဘုတို့ ဗမာပြည်မှာ ချမ်းသာကြွယ်ဝတဲ့ မိဘတွေရှိကြောင်းလဲ သိရတယ်။ ဘု နောက်တလလောက်ကြရင် ပြန်တော့မယ်ဆိုတာလဲ သိရတယ်။ ပြီးတော့ ဘုက “ဘုမှာရည်းစား တဒါဇင်ရှိပြီ၊ ဆယ့်သုံးယောက်ပြည့်ဖို့တော့ လိုသေးတယ်၊ ဆယ့်သုံးယောက်ပြည့်ရင် ဘုမိန်းမယူတော့မယ်၊ နို့မို့ရင် ဘယ်တော့မှ မရဘူးလို့ ဘု အယုံအကြည်ရှိတယ်”လို့လဲ ရယ်စရာ လုပ်ပြောသေးတယ်။

အိမ်ပြန်ရောက်တော့ တော်တော်ကလေး မိုးချုပ်နေပြီ။ အမှန်ဆိုရင် အိမ်ခြံတံခါးဝမှာ “ကောင်းသောည”လို့နှုတ်ဆက်ပြီး ပြန်ရုံပါဘဲ၊ ဒါပေမဲ့ ဘုက ခွေးကလေး တီနိုကို နှုတ်ဆက်ချင်တယ်လို့ ပြောတာနဲ့ သံဇကာပတ်ကာထားတဲ့ ခွေးခြံဘက်ကို လျှောက်ခဲ့ကြသေးတယ်။ တီနိုဟာ ငယ်သေးတော့ အအိပ်ကြီးပါပေရဲ့ ဘုရယ်၊ဘုက နားရွက်ကလေးကိုဆွဲပြီး “ထလေ”ဆိုတာ အင်းမလှုပ်ဘူး၊ ဘုက ခါးကို တို့မှ ယောင်ပြီးဟောင်လိုက်တာဆိုတာလေ ကိုယ်တောင်လန့်ပြီး ဘုရင်ခွင်ထဲ ပြေးဝင်မိလေရဲ့။

ဘုက ကိုယ့်ကို အသာအယာ သိုင်းဖက်ပြီး “စုကို ကောင်းသော ညလို့.. ရိုးရိုးနှုတ်မဆက်ဘဲ အနမ်းနဲ့နှုတ်ဆက်ချင်တယ်။ ကျွန်တော်ကို အထင်မသေးပါနဲ့”လို့ ရိုးရိုးကြီး ပြောတယ်၊ ကိုယ်ဖြင့်လေ သက်သက်မချင့်မရဲ လုပ်တဲ့ဘုကို အမြင်တောင် ကပ်မိတယ်၊ အဟုတ်ကို ကိုယ့်စိတ်ကို သိသွားဟန်တူပါရဲ့၊ ဘုကချက်ချင်းပဲ အသံလွင်လွင်ကြီးနဲ့ ရယ်လိုက်ပြီး ကိုယ့်ကို နှုတ်ခမ်းပေါ်မှာ ဖိကပ်ပြီး ခပ်သာသာ နမ်းပါတယ်၊နမ်းရာမှာလဲ ဘုဟာ ကျွမ်းကျင်သူ တယောက်ပါပဲကွယ်။

နမ်းနေတုန်းမှာ“အားကိုက်တယ်လို့” ဘုက အော်ပြီး ကိုယ့်ကို လွှတ်လိုက်တော့ ကိုယ်လဲ “အမယ် ဘုကိုဘယ်မှာကိုက်လို့လဲ့” လို့ စိတ်တိုတိုနဲ့ ပြောလိုက်မိသေးတယ်၊ ဘုက ရယ်ပြီး “မဟုတ်ဘူး ကိုက်တာက တီနို”လို့ပြောတာနဲ့ ငုံ့ကြည်မှ တီနိုဟာ ဘုရဲ့ ခြေထောက်ကို ကျီစားပြီး ခဲထားတာ တွေ့တယ်ကွယ်၊ သူ့သခင်မကိုနမ်းလို့ မကျေမချမ်းဘူး ထင်ပါရဲ့နော် ဘု။

အဲဒီနေ့က စပြီး ဘုရဲ့ကောင်းသောည အနမ်းတွေနဲ့ အဆက်မပြတ် ဆုံစည်းခဲ့ရပါတယ်ကွယ်။ တဖြည်းဖြည်းနဲ့ဘုဟာလဲ လမ်းတွေကို မှတ်မိပြီး ညဘက်တိုင်ရောက်ရင် ကိုယ်တို့ဘက်ကို လျှောက်လျှောက်လာတတ်ပါတယ်၊လက်ဦးမတော့ ဘုဟာ မေးချင်တာတွေ မမေးဘဲ ထိန်ထိန်ဝှက်ဝှက် ကလေးဘဲ ကိုယ်နဲ့ စကားပြောတယ်၊ကြာကြီးကြာလာတော့မှ မရှိဘူးလားဆိုတဲ့ မေးခွန်းမျိုးကို သွယ်ဝိုက်ပြီး မေးလာတယ်၊ ကိုယ်သိပါတယ် ဘုရယ်၊ကိုယ့်ကို ယဉ်ကျေးမှုနဲ့ဆိုရင် “ဒိတ်”အတွဲဆိုတာ မိန်းကလေးတိုင်းမှ ရှိကြတာချည်းပဲ ဖြစ်လို့ ကိုယ့်ကျမှအတွဲမဲ့ဖြစ်နေတာကို အံ့သြနေတယ် မဟုတ်လား။

ကိုယ်လဲ ဘုရဲ့ အမေးကို ရိုးရိုးစင်းစင်းပဲ ပြောလိုက်တယ်လေ။ ကိုယ့်မှာ “ဒိတင်မက စစ်မှန်တဲ့ချစ်သူတောင် ရှိဘူးပါတယ် ဘုရယ်၊ စုတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အသက်ပေး ချစ်တဲ့သူတွေဖြစ်ခဲ့ကြပါတယ်၊ ဖူးစာကံများ ဆန်းကြယ်လှတယ် ဘုရေ၊ ဘယ်သူ့ ပယောဂမှ မပါဘဲနဲ့ စုတို့မှာအခြောက်တိုက် ဗလာချီ ကွဲသွားကြရတယ်၊ အကြောင်းကတော့ ဒီလိုဘုရေ့၊ စုက ငယ်ငယ် သူက ငယ်ငယ်ဆယ်ကျော်သက် အရွယ်လောက်တုန်းကပေါ့လေ၊ တယောက်နဲ့တယောက် တနေရာမှာ ချိန်းပြီး တွေ့ဖို့အစီအစဉ်လုပ်ကြတယ်၊ ဒါပေမယ့် “အချိန်”လဲ နားကြားလွဲပြီး တယောက်ကို တယောက် ဒေါသဖြစ်ဖြစ်နဲ့ စောင့်နေခဲ့ကြရတယ်၊ မလာတော့လဲ ပြန်ကြတာပေါ့လေ၊ နောက်နေ့တွေကျတော့ သူ့ကို တခြား မိန်းကလေးနဲ့တွဲနေတာတွေ့ရတယ်၊ စုလဲ မမေးမမြန်းဘဲ အဆက် ဖြတ်လိုက်တော့တာဘဲ၊ ဒါနဲ့ သမီးရည်းစားအခြောက်တိုက် ကွဲကြတာပါဘဲကွယ်၊ ပြီးတော့ အကြောင်းက ဘာမှလဲ မဟုတ်ဘူး၊ စုအဖို့တော့ အဲဒီကတဲက နောင်ကြဉ်သွားပြီး ကြင်ဖော်ဆိုရင် ဝေးဝေးက ရှောင်ရှားခဲ့ပါတယ်၊ ဘုက စုအကြောင်း သိရတော့ အံ့သြဟန်တူတယ်၊ စုကို စိုက်ကြည့်ပြီး.. သက်ပြင်းချတယ်၊ ပြီးမှ “လာ… စု ကိုယ်တို့ ကပွဲသွားရအောင်”လို့မမြှော်လင့်ဘဲ ခေါ်ပြန်လေရာ။

ကိုယ်ဖြင့်လေ “ဘု”ကို ကတတ်တယ်လို့ မထင်ဘူး ကတတ်သည့်တိုင်အောင် ကျင်လည်သပ်ရပ်လိမ့်မယ်မထင်ဘူး ဘုကို ကြည့်ရတာ စပို့တ်စ်မင်း အားကစားသမားနဲ့တူတော့ အကဘက် ဝါသနာပါလိမ့်မယ်လို့မထင်ခဲ့ဘူး ဘုဟာ ကိုယ်နဲ့ တွဲပြီး ကပွဲကို ဝင်တော့လဲ အဖြောင့်ဘဲ။ ပြီးတော့ အကပြက်လုံးအကွက်ဆန်းကလေးတွေကို ကတတ်သေးတော့ ဘေးပရိသတ်တွေကတောင် ဘုကို သြဘာပေးကြသေးတယ်၊ ပြီးတော့ တခါ ဘုရဲ့ ကိုယ်ရနံ့ကို ကောင်းကောင်းကြီး သတိထားမိပါတယ်၊ ကျန်းမာသန်စွမ်းတဲ့ ယောကျ်ားတွေမှာ ကိုယ်နံ့ကလေး သင်းသင်းတမျိုး ရှိတယ် ဘု၊ ဘုတို့ ယောကျ်ားတွေကတော့ သိမှာမဟုတ်ဘူး ကိုယ်တို့မိန်းမတွေကတော့ နှာဝမှာ ကောင်းကောင်းကြီး ခံစားတတ်ပါတယ်၊ဒီကိုယ်ရနံ့ကလေးဟာလဲ မိန်းမမက်ဆေးတပါးပါဘု။ ဘုမှာ ချစ်စရာကိုယ်နံ့လေးရှိတယ်၊ ဘုရဲ့ ရင်ခွင်ထဲမှာတွဲမှီပြီး ကရလေလေ ကိုယ့်မှာ ပီတိဖြစ်ရလေလေပါ ဘု။ အင်း... အဲဒီညမှာတော့ ဘုရေ ဘုက ကိုယ့်ကိုချစ်ရေးဆိုပါစေလို့ ကိုယ့်မှာ ကျိတ်ဆုတောင်းလိုက်ရတာ အမောဘဲ၊ အင်း... နောက်ဆုံးတော့မောရတာပါဘဲကွယ် လူယဉ်ကျေးကြီး ဘုဟာ ကိုယ့်ကို ကောင်းသောည အနမ်းနဲ့ နှုတ်ဆက်ပြီးအမြီးနှံ့ကြိုဆိုနေတဲ့ တီနိုရဲ့ ခေါင်းကို တချက်ဝင်ပုတ်ပြီး ပြန်တာပါဘဲ။

ချစ်ရေးသာ မဆိုတဲ့ဘုဟာ အားလပ်တိုင်း ကိုယ့်ဆီရောက်လာတတ်တာချည်းဘဲ ပြန်တိုင်းလဲ အနမ်းနဲ့နှုတ်ဆက်တာဘဲ။ ပြီးတော့ “တီနို”ကို နှုတ်ဆက်ဖို့လဲ ဘယ်တော့မှ မမေ့ဘူး။

ဘုနဲ့ကိုယ်ဟာ Tivoli ဇာတ်ရုံက ပွဲတွေဆို မလွတ်တမ်း၊ ပွိုင့်ကွက်အငူမှm လေညှင်းခံမယ်ဆိုရင် မမောတမ်း၊ဘု ဝါသနာပါတဲ့ ဂေါက်သီးပြိုင်ပွဲတွေ လိုက်ကြည့်ရမယ်ဆိုရင် မနားတမ်းနဲ့ တတွဲတွဲ ပျော်မဆုံးပါဘ။ဲ ဘုရယ်အဲသလို သွားတိုင်းလာတိုင်းမှာ တခါနှစ်ခါဆိုသလို ဘုက စကားစပ်မရှိရာက “ စု ဒီမှာ”လို့ ဗြုံးစားဗြင်းစားကြီးကိုယ့်ကို ခေါ်တတ်တယ်။ ကိုယ်က စကားအလာကို စောင်ငေးကြည့်တော့ ဘုဟာ ဘာမှ မပြောတော့ဘဲ“အင်း.. အဲ”နဲ့ တခြားစကားတွေ လှည့်ပစ်လိုက်တာချည်းဘဲ ကိုယ့်မှာဖြင့် နှုတ်မြွက်ဝစီ ဘယ်တော့ချီပမယ်ဆိုဒါ စောင့်ရင်းစောင့်ရင်း မောလိုက်တာလေ မပြောပါနဲ့တော့။

ဒီလိုနဲ့ ဘုပြန်ရမဲ့ ရက်ဟာ နီးကပ်လာပါရောကွယ်။ ကိုယ်လေ ဘုကသာ “စုကို ကိုယ်ချစ်တယ် ကိုယ်နဲ့ဗမာပြည်ကို လိုက်ခဲ့ပါလားကွယ်” လို့များ စကားစရင် “အင်း”လို့ တလုံးထဲ ပြောပစ်လိုက်မိမှာပါဘဲ။ ဘုကတော့နှုတ်ခွန်းရွှေတော် လုံးလုံးမဟပါဘူးလေ။ နှုတ်ခွန်းသာ မဟတယ်၊ ဘုရဲ့ အပွေ့အပိုက် အယုအယတွေကတော့သိပ်ပြီး ကြင်နာလွန်းပါတယ်ကွယ်။ ဒါပေမဲ့ ကိုယ်တို့ မိန်းမစိတ်ရဲ့ အတွေးဟာ တခါတလေတော့လဲ အင်မတန်ချွတ်ချော်ပါကလားလို့ သဘောပေါက်ရမဲ့နေ့ဟာ ဒိုင်းကနဲ ရောက်လာပါတော့တယ်။

စနေနေ့ တနေ့မှာပေါ့ ကိုယ် အက သင်ပြတဲ့ ကျောင်းမှာလာပြီး ဘုထိုင်စောင့်နေတယ်။ ကိုယ်အလုပ်ပြီးလို့အခန်းထဲက ထွက်လာရော ဘုက ရှေ့က ကာဆီးလိုက်ပြီး “ကဲ... စု... ကိုယ်နဲ့ လိုက်ခဲ့လာ၊ Lunar Parkရယ်ရွှင်ပြပွဲသွားမယ်”လို့ တုံးတိကြီး ဆွဲခေါ်တယ်။ ကိုယ်လဲ ဘု ချစ်၍ ခေါ်ရာ လိုက်ခဲ့ရပြန်တာပေါ့လေ။ LunarPark ဆိုတာ ကစားစရာ၊ ပျော်စရာ အစုံရှိတဲ့ ဝင်ကြေးနဲ့ ဝင်ကစားရတဲ့ ကစားကွင်းကြီးပေါ့။ စနေနေ့တိုင်းဖွင့်တယ်။ ကားကလေးတွေ၊ မျက်လှည့်များ? သေနတ်ပစ် အစုံပဲပေါ့/ ဘုဟာ လည်ပတ်တဲ့ “ဘီး”ကြီးဆီ တန်းတန်းမတ်မတ်သွားပြီး ချိတ်ဆွဲထားတဲ့ နှစ်ယောက်ထိုင် ထိုင်ခုံမှာ ဝင်ထိုင်လိုက်တယ်။ “ဘီး”ကြီးလဲ ဘုနဲ့ကိုယ်တို့ထိုင်မိတာနဲ့ အချိန်စေ့လို့ လည်ပတ်ပါလေရော။ ကိုယ်တို့လဲ ကောင်းကင်ကိုမြင့်တက်သွားရတာပေါ့လေ။ အဲဒီတင် ကိုရွှေချော ဘုက ဘာမပြော ညာမပြောနဲ့ ကိုယ့်ကို ဖက်နမ်းတယ်။ပြီးတော့ “စုကို ကိုယ်ပြောမယ် ပြောမယ်နဲ့ မပြောရက်ဘဲ နေတာ ကြာလှပြီ၊ ခုတော့ ပြန်ခါနီးမို့ ပြောတော့မယ်၊ကိုယ့်ကို စိတ်မဆိုးနဲ့နော်”လို့ စကားပလင်ခံလိုက်တယ်။

လာချေပြီ ဘုရေ၊ ကိုယ်ဖြင့်လေ ရင်တဒိတ်ဒိတ်ခုန်ရင်းက “ပြောပါ ဘုရယ်”လို့ တိုးတိုးလေးခွင့်ပေးလိုက်မိတယ်။ အဲဒီတုန်းက ဘုပြောတဲ့ စကားလုံးတွေကို ဘုမှတ်မိပါရဲ့လားဟင်။

ကိုတို့ ဗမာပြည်မှာ ခွေးမျိုးကောင်း အင်မတန် ရှားတယ်၊ ကိုယ်လေ ခွေးသိပ်ချစ်တတ်တယ်စု။ ကိုယ့်မှာလက်ထပ်ဖို့ စေ့စပ်ထားတဲ့ မိန်းခလေးတစ်ယောက် ရှိတယ်။ ကိုယ် သူ့ကို ခွေးလက်ဆောင်ပေးချင်တယ် စုရယ်၊အဲဒါ စုကို အမြဲသတိရပြီးနေအောင်လို့ စုရဲ့ “တီနို”ကို ကိုယ့်ပေးပါလားဟင်”တဲ့ ဘုရေ။

ထင်ခဲ့သမျှနဲ့ တက်တက်စင် လွဲနေလို့ ကိုယ့်မှာလေ ဝမ်းနည်းစိတ်နဲ့ မျက်ရည်များတောင် လည်မိပါတယ်။ဘုကလဲ ရုတ်တရက်တော့ တဖက်သား စိတ်ထဲ ဘယ်လိုဖြစ်နေတာကို အကဲမခတ်ဘဲ စွတ်မိစွတ်ရာပြောရသလားလို့ ဒေါသဖြစ်လိုက်မိသေးတယ်၊ ဒါပေမဲ့ ကိုယ်ကသာ စိတ်ကူးယဉ်ပြီး ချစ်နေမိသေးတယ်၊ ဘုခမြာကတော့ “ချစ်တယ်”ဆိုတဲ့ အဆင့်မှာသာ ရှိပါကလား။ ငါ မုန်းတဲ့စိတ် မထားသင့်ဘူးလို့ ဖြေရပါတယ်။ဒါကြောင့် “ပေးပါတယ် ဘုရယ်”လို့ ပြန်ပြောလိုက်ပါတယ်။ ဘုက “ကျေးဇူးတင်လိုက်တာကွာ”လို့ ပြောပြီးထပ်ခါတလဲလဲ နမ်းတော့ ကိုယ့်မှာ မျက်ရည်တပေါက်ပေါက်ကျမိပါတယ်။

အင်း .. ဘုအပြန်မှာ ကိုယ်လဲ “တီနို”ကို ထည့်ပေးလိုက်တယ်လေ၊ ဘုကလဲ လူတစ်ယောက်ခရီးစရိတ်လောက် ကုန်ကျတာကို မမှုဘဲ ဒီခွေးကလေးကို တယုတယယူသွားတယ်။ သြော်... ချစ်သူအတွက်ချစ်သက်လက်ဆောင်ပေပဲကိုး။

မှတ်မိသေးလား ဘု။ လေယာဉ်ကွင်းကို လိုက်ပို့ကြတုန်းကလေ၊ လေယာဉ်ပေါ် ဘုတက်ခါနီးမှာ ကိုယ်လဲမထိန်းချုပ်နိုင်တော့တာနဲ့ ဘုကို ဖက်ပြီ လူပုံအလယ်မှာ အတင်းနမ်းမိတယ်။ ပြီးတော့ “ဘုကို စု ချစ်တယ်”လို့တိုးတိုးပြောခဲ့မိပါတယ်။ ဘုဟာ စုကို ညို့ညို့ကြီး ကြည့်ပြီး မျက်ရည်များတောင် လည်ခဲ့သလိုဘဲ၊ ပြီးမှချာကနဲလှည့်ပြီး လေယာဉ်ပေါ် နှေးကွေးလေးလံစွာ တက်သွားတော့တာဘဲ။

သြော်… ဘု ဘု၊ ဒီနေ့ဟာ ဘုပြန်သွားလို့ နှစ်နှစ်ပြည့်မြောက်တဲ့နေပါလားကွယ်။ ဒါကြောင့် ကိုယ်လဲ သတိတရစာရေးလိုက်တာပါဘဲ။ဒါတွေကို ဘာဖြစ်လို့ ပြန်ပြောင်း အစဖော်ပြီး ရေးနေရတာလဲလို့ ဘုက မေးချင်မှာပဲနော်။ ဒီလို ဘုရေ…။

ကိုယ်လွန်ခဲ့တဲ့ သုံးလလောက်ကပဲ ကိုယ့်ချစ်သူ ရည်းစားဟောင်းနဲ့ လက်ထပ်လိုက်ကြတယ်၊ ကိုယ်သူ့ကိုချစ်ပါတယ်။ ချစ်လို့လဲ လက်ထပ်လိုက်တာပေပ။ ဒါပေမဲ့ ဘုကိုချစ်တဲ့ အချစ်ဟာတော့ ကိုယ့်မှာ လျှော့မသွားပါဘူး။ ကိုယ့်ခင်ပွန်းကိုလဲ ... ဒီအကြောင်း ပြောပြပြီးပြီ။ ဘာကြောင့်ပြောရသလဲ သိလားဘု၊ကိုယ်ဘုကို အခုချစ်တာဟာ ပိုင်ဆိုင်တဲ့အချစ် မဟုတ်တော့လို့ ဘုရေ၊ ဘုနဲ့ မနီးချင်ပါဘူး။ ဘုရဲ့ ရင်ခွင်ကိုလဲမဝင်ချင်တော့ပါဘူး၊ ဒါပေမဲ့ ကိုယ်ဘုကို တသက်လုံး ချစ်နေမှာပဲ၊ နားလည်မလား ဘု…။ကိုယ် ဒီစာကိုရေးပြီးတော့ ကိုယ့်ခင်ပွန်းကို ပြကြည့်မယ်။ သူက သဘောကျမှ စာတိုက်ကနေ ထည့်မှာပါ…။

စာလဲ ရှည်သွားပြီ ဘုရေ၊ထာဝရအချစ်နှင့်“စု”

တက္ကသိုလ်ရိပ်သာလမ်းရန်ကုန်မြို့မြန်မာပြည်


ချစ်သော “စု”

စာကို တိုတိုပဲ ရေးပါရစေတော့ ယောကျ်ားရသွားပြီဆိုလို့ ကိုယ် ဝမ်းသာပါတယ်။ စုရဲ့ စိတ်ထဲမှာကိုယ့်ကိုဘယ်လို တိတ်တိတ်ပုန်း ချစ်ခဲ့ရတယ်ဆိုတာတွေကို ဖတ်ရတယ်၊ ကိုယ်သိပြီးသားပါ စုရယ်။

ခုမှ ကိုယ်ကလဲ ရှင်းပြပါရစေအုံး။ အဲဒီတုန်းက စုကို ကိုယ်ဘာဖြစ်လို့ “ချစ်တယ်”ဆိုတဲ့ စကားကိုမပြောသလဲဆိုရင် “ချစ်လို့” စုရေ၊ “ချစ်လို့”…။ မိန်းမတစ်ယောက်ကို တဏှာရာဂ လုံးဝမပါဘဲချစ်တဲ့အချစ်မျိုးဟာ ဒီကမ္ဘာမှာ ရှိပါတယ် စုရယ်။ ကိုယ်လေ စုကိုချစ်တယ်၊ မြတ်နိုးတယ်၊ ဒါပေမဲ့ ကိုယ်တို့ရဲ့ဘဝအခြေခံနှစ်ခုဟာ လားလားမှ မတူခဲ့ကြဘူး။ မိန်းမတယောက်ကိုချစ်မိရင် ကိုယ်ဟာ “ထာဝရ”ဖြစ်ချင်တယ်။ အနိမ့်အမြင့် အတက်အကျရယ်လို့ မရှိချင်ဘူး။

စုကို တွေ့တော့ ကိုယ်စုကို ချစ်မိတယ်။ ရှေ့ကိုဇွတ်တိုးပြီး ဘဝကြင်ဖော်အဖြစ် အတူနေရအောင် ကြိုးပမ်းကြရင် ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ လူမျိုးချင်းမတူလို့ကြာရှည်စွာ စိတ်ချမ်းသာကြပေမယ် မဟုတ်ဘူး စု၊ အချစ်ဆိုတာမျိုးဟာလဲ နေမှု ထိုင်မှုပေါ်မှာ တည်လို့တိုးခြင်းပွားခြင်း၊ ပျက်ခြင်း၊ ပြယ်ခြင်းရှိတယ် မဟုတ်လား။ ကိုယ်က ချစ်မိရင် ထာဝရ ဖြစ်ချင်တော့ “နီးစပ်”ဖို့ကိုအာသီသ မထားတော့ဘူး စုရေ။

ဒါကြောင့်မို့ စုက ဘယ်လို လမ်းကြောင်းပေးပေမဲ့ ကိုယ်လိုက်မနင်းခဲ့တာပါ။ သို့ပေမဲ့ စုရယ် ကိုယ်လဲ ပုထုဇဉ်ပဲမဟုတ်လား ခံစားမှု ရှိတန်သလောက်တော့ ရှိခဲ့ပါတယ်။ လေယာဉ်ပေါ် အတက်မှာ ကိုယ်မျက်ရည်ကျခဲ့ရပါတယ် စုရယ်။

“တီနို”ကို စုဆီက လက်ဆောင်တောင်းခဲ့ရတာဟာလဲ ကိုယ်လိမ်ပြီး တောင်းခဲ့တာပါ။ ကိုယ့်မှာ ဘယ်ကမှချစ်သူမရှိဘူး။ ဘယ်သူ့ကိုမှလဲ ပေးဖို့ မဟုတ်ဘူး၊ ကိုယ်နဲ့ စုကို စတင်တွေ့ရအောင် ဖန်တီးပေးခဲ့တဲ့ဒီခွေးကလေးကို အရိပ်တကြည့်ကြည့် မွေးချင်လို့ပါ။ တီနို သက်တမ်းကုန်လို့ သေသွားရင်သူ့အဆက်အနွယ်တွေကို ကိုယ်မွေးထားပြီး စုကို အမြဲ သတိရနေချင်လို့ပါ။ ဒါကြောင့် စုမှာလဲ ကိုယ့်ကို တစွဲလမ်းလမ်းဖြစ်နေတဲ့ စိတ်ပျောက်ပါစေလို့ အကြောင်းရင်းကိုလည်း ဆက်ပြောပြီး တောင်းခဲ့တာပါ စုရယ်။ကိုယ့်ကို ခွင့်လွှတ်ပါ။ ကိုယ့်ဘဝဟာ အခုထက်ထိ အထီးကျန်ပါ စုလေး။

ကိုယ်လဲ တနေ့တော့ မိန်းမယူအုံးမှာပါ။ ဒါပေမဲ့ အဲဒီအခါမှာလဲ စုကို ချစ်တဲ့အချစ်ကတော့ ဘယ်တော့မှလျော့သွားမှာ မဟုတ်ဘူး။ ကိုယ်က စုကို ပိုင်ဆိုင်လိုတဲ့သူမှ မဟုတ်ဘဲကွယ်။ စု ဘယ်သူ့ ဇနီးဖြစ်ဖြစ် ကိုယ်ချစ်နေမှာဘဲ၊ စု ဘယ်ဘဝရောက်ရောက် ကိုယ်ချစ် နေမှာပါ။ စု သေသွားလဲ ကိုယ်ချစ်နေမှာဘဲ။ ကိုယ့်အချစ်ဟာ ဒီလိုအချစ်မျိုးပါစု၊ စုက ကိုယ့်ကို ထာဝရ “အချစ်”နဲ့ ချစ်သလို ကိုယ်လဲ ထာဝရ “အချစ်”နဲ့ဘဲချစ်နေမိတယ် စုရယ်။

စုရဲ့ ခင်ပွန်း ကျန်းမာပါစေ။

“ဘု”

ဟိုတုန်းက ဟိုလိုဆုံးဖြတ်ခဲ့ပြီး ပြည်ဖုံးကားချနိုင်ခဲ့တယ် ထင်ခဲ့တာ ခုတော့ သံသရာ ချားရဟတ်လည်ပြီးကိုယ်တို့ရဲ့ ပြည်မြန်မာကိုတောင် စုတစ်ယောက် ရောက်လာခဲ့ပြီလေ။

မိန်းကလေးတစ်ယောက် ချစ်သူကြင်ဖော်နဲ့ စိတ်ဆိုးလို့ အိမ်က ဆင်းလာလိုက်တာ သမုဒ္ဒရာကြီး ကိုတောင်ဖြတ်ကျော်စွန့်စား လာခဲ့နိုင်ပါပေတယ် စုရယ်။

တကယ်တော့ ကိုယ် စိတ်ကူးအယဉ်ကြီး ယဉ်ခဲ့တဲ့ အမှားတရပ်က ရလာဒ်ထင်ပါရဲ့ စုရေ။

ကြည့်စမ်း၊ စုကို ကိုယ်ဟာ ထာဝရမေတ္တာနဲ့ ချစ်နေပါသတဲ့၊ ကိုယ်ချင်း မရင်းနှီးရပေမဲ့ မိန်းမတယောက်ကိုယောကျ်ားတယောက်ဟာ အချစ်စစ်အချစ်မှန်နဲ့ မချစ်နိုင်ရဘူးလားတဲ့။

ငယ်စဉ် ရွယ်စဉ်က အသဲကို အသက်သခင်လို့ ထင်ပြီး ချစ်ရင် ထာဝရပဲ ဖြစ်ရမယ်၊ နီးစပ်ဖို့ကိုတောင် အာသီသမထားပါဘူးလို့ ကိုယ်.. လှပတဲ့ စကားကို ပြောခဲ့မိတယ်။

ခုတော့…

ကိုယ့်စိတ်ကူးယဉ် အာလျဟာ စုအတွက် မြှော်လင့်ချက် စေတသိတ်ဖြစ်နေတာကို ကိုယ် လုံးဝ သတိမထားတာကိုယ့် တကိုယ်ကောင်းဆံခြင်းတရပ်ဘဲ။

စဉ်းစားကြည့်ပါ စုရယ်၊ စဉ်းစားကြည့်ပါ။

မိန်းမတယောက်ကို မြှော်လင့်ချက် ပေးထားတာဟာ ကောင်းသော အမူအကျင့်လားလို့ စဉ်းစားကြည့်စမ်းပါ၊ မနီးစပ်နိုင်ရင် ယတိပြတ် ဖြတ်နိုင်ပေရမပေါ့၊ တနေ့သောအခါမှာ ဆိုတာကို မသိစိတ်ကလေးနဲ့ လက်ခံထားသမျှ ချစ်အသဲခွင်မှ အစ အမျှင်ကလေးတွေ ဖွာလန်ကျဲနေအုံးမှာဘဲ၊ တနေ့သောအခါမှာ တကယ့်ကိုပဲ ရှုပ်ထွေးလာပေအုံးမှာဘဲ၊ ချစ်တယ်ဆိုတာ ဝေးဝေးမှာ နေနေ နီးနီးမှာ နေနေ မိန်းမနဲ့ ယောကျ်ားချစ်သမျှမို့ တိပ သန့်ရှင်းတယ်လို့ ဘယ်သူမှ ရာခိုင်နှုန်းအပြည့် အာမ မခံနိုင်ပါဘူး။ အခုကိစ္စမှာ ဥပမေယျတွေးဆလို့ဘဲ ကြည့်ပါတော့။

ကိုယ်တို့မှာ ဘယ်လိုမှ မမြှော်လင့်တဲ့ အရေးအခင်းကြီး ထင်ထင် ပေါ်လာရတယ်လေ။

ရေခြားမြေခြား ဝေလံ သီးခေါင်တဲ့ ရှိုမြောင်စိမ့်စမ်းတွေ ပေါများရာ အာရှအစွန်အဖျားအထိ စုတယောက်ပေါက်ပေါက်စစ ရောက်လာလိမ့်မယ်လို့ ဘယ်လိုမှ မထင်ခဲ့တာ ဖြစ်လာတယ်။ စုဟာ ကိုယ့်အပေါ်မှာသံယောဇဉ်မကုန်ခဲ့ဘူး။ ဘယ်ကုန်ပါ့မလဲ စုရယ်၊ ကိုယ်က စု ရင် တနင့်နင့် ဖြစ်အောင် အမှာစကား ဆင့်ထားခဲ့မိပေတာကိုး။

ဒါကြောင့်မို့လို့ ကိုယ့်အပြစ်ပါလို့ ကိုယ်ပြောခဲ့တာပေါ့။

ရင့်ရင့်ကလေးပြောရရင်တော့ ကိုယ်မွေးတဲ့မီးပေါ့။

ကိုင်း … ကိုယ်မွှေးတဲ့မီး ကိုယ်ငြိမ်းတော့ ငြိမ်းချင်ရဲ့ လား။

ကိုယ့်ကိုယ်ကိုလဲ မေးစရာ မြန်းစရာ၊ စစ်စရာ ကြောစရာတွေ ဒုနဲ့ဒေး ရှိနေပါပြီ စု။

တကယ်တော့ ကိုယ့်ကိုယ်နှိုက်ကလဲ အာသာဆန္ဒမီးကို တညီးညီးလောင်စေတဲ့ ကိုယ့်ကိုယ်ကို ချစ်ခြင်းတွေ များနေပါတယ်၊ စုကိုတွေ့ပြီး ကိုယ်ဝမ်းသာပြီး စ စချင်း စုအမျိုးသား နေကောင်းလားဆိုတာ ကိုယ်မေးရမယ်။ စုကို ကာမပိုင်ရှိပြီးသား တယောက်အနေနဲ့ အညစ် အကြေးမျှမှ မတင်အောင် ကိုယ်စောင့်ရှောက်ရမယ် ဒါပေမဲ့ အဲသလို လုပ်သလား။

စုနဲ့ ကိုယ်တို့နှစ်ယောက် သိကြပါတယ်။

ကိုယ့်ကိုကိုယ်ချစ်တဲ့ တကိုယ်ကောင်းသမား၊ ကိုယ့်ဟာကိုယ် သနားပြီး အမှားကို မသိချင်ယောင်ဆောင်ကျူးလွန်လိုက်တယ်။ ခုတော့ ဘာဖြစ်သလဲ၊ ကာမဂုဏ်ညွှတ်ကွင်း သံချိုင့်တွင်းက ပြန်တက်ဖို့မလွယ်တော့ဘူးပေါ့။

“ဘု စုကို ယူနိုင်မလား ဟင်”

ဆောင်းလယ် ညဉ့်သံသရာမှာ မိုးကြိုး မိုးပန်းတွေ အသွယ်သွယ် အတန်းတန်း အဆန်တကြယ် လျှပ်နွယ်တွေသွယ်ယှက် ဝင်းလက်သွားသလား၊ အောက်မေ့ရတယ် စုရယ်။ စုမေးတဲ့ မေးခွန်းဟာ ကိုယ့်အသဲကို ရှစ်စိပ်ကွဲနေပါတယ်။ ကိုယ်လေ… မီးလင်းဖိုဘေးမှာ ဒူးနှစ်ဖက်ကွေးပြီး ထိုင်နေရာက ကြက်သီးမွေးညှင်း တဖြာဖြာနဲ့အိပ်ရာပေါ်မှ ကိုယ့်ကြင်စဦး အလှဖူးကို ငေးကြည့်မိပါတယ်။

ကိုယ် ဘယ်လို ဖြေရမှန်း မသိတော့ဘူး စု။

စု အမျိုးသားက စုကို လွတ်လပ်ခွင့်ပေးလိုက်တာမို့ စုက ကိုယ့်ကို ရဲရဲတင်းတင်း မေးလိုက်ခြင်း ဖြစ်မှန်းကိုယ်သိပါတယ်၊ ဒါပေမဲ့ ကိုယ် ဘယ်လို ဖြေရမလဲ။ ကိုယ်ငေးကြည့်နေတော့ စုဟာ ရှက်သယောင်ပြုပြီး မျက်လွှာချလိုက်ရာက လုံလုံခြုံခြုံ ဖြစ်အောင်စောင်ကျားကလေး ခြုံလိုက်ရှာတယ်။ စောင်ကျားစောင်ဖြူ ဘယ်လောက်ပါးပါး ဘယ်လောက်ထူထူတွေကို ခြုံပေမဲ့ မီးဖိုတွေကိုယ်စား ချစ်သူ အသွေးအသားနဲ့ ထွေးမထားရင် မနွေးနိုင်ပါဘူး စုရယ်။ ကိုယ် ဘယ်လိုဖြေရပါမလဲ။

“အခု ဖြေစရာမလိုပါဘူး ဘု နောက်နှစ် ခရစ္စမတ်ကျမှ ဖြေပါ”

စု တလုံးချင်း ပြောလိုက်ပြန်တော့ ငေးရာက ကြောင်ပြီး ကိုယ့်မှာ ယောင်တောင်တောင် ဖြစ်သွားမိပြန်ပါတယ်။

“နောက်နှစ်ကျ စု ဗမာပြည် လာအုံးမှာ မှုတ်လား”

ကိုယ်က နားမလည် ပါးမလည်နဲ့ ထပ်မေးပြန်တော့ စုက ကိုယ့်ကို ကြင်နာပြုံးကလေး ပြံုးပြပါတယ်။

“စု နက်ဖြန်ဆို ပြန်တော့မှာပါ၊ နောက်နှစ်လဲ လာဘို့ စိတ်မကူးပါဘူး”

“မလာတော့ဘူး ဟုတ်လား”

“ဟုတ်တယ်၊ စုကတော့ မလာတော့ဘူး လာရမှာက ဘုဘဲ”

“ကိုယ် နားမလည်သေးဘူး စုရယ်”

“စု ရှင်းပြပါမလဲလေ စုကို ယူနိုင် မယူနိုင်ဆိုတာ ဖြေဘို့ မလိုသေးဘူး ဆိုတာက ခရစ္စမတ်လက်ဆောင်အဖြစ်လိုချင်လို့ဘဲ၊ ဟို တောင်ကွဲစေတီ ရှိတဲ့ လေဆိပ်မှာ ဘုနဲ့ စတွေ့ရတုန်းကလေ ဟောဒီမြို့ပတ်ဝန်းကျင်ရှုခင်းတွေ လိုက်ကြည့်တုန်းကရော ဘုက စုကို ခရစ္စမတ်လက်ဆောင် ဘာပေးရမှန်း မသိဘူးလို့ပြောခဲ့တယ်နော်၊ စုကို ဘုရဲ့ အဖြေ ခရစ္စမတ်လက်ဆောင်အဖြစ် ပေးပေတော့၊ အဲဒါက… နောက်တနှစ်မှပါစုတို့ ဘုတို့ဟာ ခုလိုအခြေအနေရောက်အောင် ဆယ်နှစ်ဆယ်မိုးတောင် နေလာခဲ့နိုင်ကြတာမို့ နောက်တစ်နှစ်စောင့်ဘို့ ဝန်မလေးပါဘူး၊ စု ဘုကို ထာဝရ အချစ်နဲ့ ချစ်နေတာဘဲ စု ရယ်”

ကိုင်း… ဒီထာဝရအချစ်ဟာ ကိုယ်တို့ နှစ်ယောက်ကို လောင်တိုက်သွင်းမိပြီး ဖြစ်နေပါပေါ့ကလား စုရေ။

“စုပြောတာ သဘောကျပါတယ်”

ကိုယ်ဟာ လက်ငင်း အခက်အခဲကို ရှောင်လို့ တိမ်းလို့ ရတာကိုပဲ ဝမ်းသာတာနဲ့ အဲသလို ပျာယိပျာယာပြောလိုက်မိတယ်၊ ပြီးမှ ကိုယ်နှုတ်အမူအရာ ကတိမ်းကပါးများ ဖြစ်သွားသလားလို့ စုကို မော်ကြည့်တော့မီးလင်းဖိုအနားကို ရောက်နှင့်ပြီးဖြစ်နေတဲ့ စု မျက်နှာကို နီးနီးကပ်ကပ် မြင်လိုက်ရတယ်။ ချစ်ရည်ရွှန်းတဲ့မျက်ဝန်းလဲ့ပြာပြာတွေဟာ ကိုယ့်ကို ခွင့်လွှတ်မြဲ ဖြစ်တာကို ကိုယ်တွေ့လိုက်ရပါတယ်။

စု။ စုရဲ့ မျက်လုံးပြာပြာလေးတွေကို ကိုယ်လေ တညလုံး အနီးကပ်စူးစိုက်ကြည့်ခဲ့ရတာကို တသက်လုံးမမေ့တော့ပါဘူး။ နံနက် မိုးသောက်အလင်းသို့ ရောက်ခါမှဘဲ စုတယောက်… အိပ်လိုက အိပ်တော့ဆိုပြီးသိပ်ပစ်ခဲ့ပြီးတော့ ဂျေဘီနဲ့ အေမီတို့ဆီ ကိုယ် အညောင်းပြေ လမ်းလျှောက်ခဲ့ပါတယ်။

နှင်းပွင့်နှင်းခဲ နှင်းပုလဲတွေကြားမှာ ထင်းရူးနဲ့ ယူကလစ်နံ့တို့ကို ရှူရှိုက်ရင်း လမ်းလျှောက်ရတာဟာစိတ်ဝမ်းချမ်းမြေ့စရာပါပဲ၊ ကိုယ့်ချစ်သူ ဖြူဖြူဖွေးကလေး ကိုယ့်အိပ်ယာထက်မှာ စက်ပျော်လျက်ကျန်ရစ်ခဲ့လေရဲ့၊ ကိုယ်ပြန်သွားရင် နှင်းတောထဲ တိုးထားတဲ့ လက်အေးကြီးနဲ့ အထိတ်တလန့်ထိနှိုးလိုက်မှာဘဲလို့ အားခဲရင်း လမ်းလျှောက်ရတာဟာလဲ ပုဇွန်ဆိတ်ခုန် အရသာတမျိုးကလေးဖြစ်ပြန်ပါတယ်။

သို့သော်လဲ နံနက်ခင်းရဲ့ ကြည်နူးခြင်းရသဟာ ဂျေဘီတို့အိမ်ရောက်တော့ ဗြုန်းကနဲ ပျောက်ကွယ် သွားတော့တယ် စုရေ။ ဒါလောက် ချမ်းချမ်းစီးစီးထဲမှာ နေမှမထွက်သေးဘူး ဂျေဘီတယောက်ဟာ သူ့အိမ်ပေါက်ဝ လှေကားထစ်မှာ ငူငူကြီးထိုင်လို့ နေတယ်။ ကိုယ့်ကို မြင်တော့“အေမီမရှိတော့ဘူး”လို့ တုံးတိတိ ပြောတယ်။

“ဘာဖြစ်ကြပြန်သလဲကွာ၊ မင်းတို့ဟာက ဒီလိုနေ့မျိုးမှာမှ ကတောက်ကဆ ဖြစ်ရသတဲ့လား၊ လိုက်မခေါ်တော့ဘူးလား”

အဲလို ကိုယ်က မေးတော့ ဒေါသနဲ့ မျက်ရည် တဝေဝေ တဝဲဝဲ ဖြစ်ရင်းက ဂျေဘီက မမောနိုင် မပန်းနိုင်ဘဲသူတို့ရဲ့ ဖြစ်ပုံပျက်ပုံ ကင်မွန်းခြုံ အားလုံး ပြောပြလိုက်တယ်၊ ကိုယ်ထင်တဲ့ အတိုင်းပါပဲလေ၊ ညဉ့်ဦးပိုင်းကလာတဲ့ တယ်လီဖုန်းကိစ္စပဲ ဖြစ်ပါတော့တယ်။

“ညကလာတဲ့ တယ်လီဖုန်းက သူ့ချစ်သူဟောင်းဆိုပါတော့ ရစ်ချပ်ရာ၊ ကိုယ်တို့ ဗိုလ်သင်တန်းကျောင်း တက်တုန်းက အေမီ့ကို ပြိုင်ပိုးခဲ့ ကြတဲ့သူပေါ့၊ ထိုစဉ်က ဒီလူဟာ ကိုယ့်ထက်ဖြောင့်တော့ ချောတော့၊ လှတော့၊ တော်တော့ အေမီက သူ့ကိုလဲ ချစ်တယ်။ ကိုယ်ကလဲ လက်မလျော့စိတ်မလျော့ ဇွဲနဲဘဲ ကြီးကြီးနဲ့ ဆက်ပြီး ပိုးပန်းခဲ့တယ်။ ဒါပေမဲ့ ပန်းကုံးစွပ်တော့ ကိုယ့်ကိုပဲ စွပ်တယ်”

“အေးလေ… ဒါဆိုရင်လဲ ပြီးတာပဲ မဟုတ်လား”

ဂျေဘီဟာ ကိုယ့်စကားကို ပျက်ရယ်ပြုတဲ့ အပြုံးနဲ့ တုံ့ပြန်ပါတယ်။

“မပြီးလို့ ဒီနေ့မှာ ဒီလိုဖြစ်ရတာပေါ့ ရစ်ချပ်ရာ၊ အေမီဟာ သူ့လူက မျက်နှာများတယ်ထင်လို့ စိတ်နာပြီး ကိုယ်နဲ့ရပြီးရင်တော့ ကိုယ့်ကို ချစ်လာပြီး သူ့လူကို မေ့နိုင်လိမ့်မယ်လို့ ထင်ခဲ့တယ်။ နောက်တော့ သူ့လူက သူ့မှာအပြစ်မရှိကြောင်း သက်သေ သက်ကာယတွေ ပြတယ်လို့ ပြောတာပဲ၊ အေမီကတော့ သူ့ကို စိတ်ထဲအသဲထဲမှာ မထားတော့ဘူးလို့ ကိုယ့်ကို ပြောတာဘဲ၊ ဒါပေမဲ့ အေးလေ၊ အဲဒီ ဒါပေမဲ့ဟာ ဒီနေ့မှ ပေါက်ကွဲမှုကြီးဖြစ်လာတော့တာဘဲ၊ သူ့လူက တောင်ကြီးကို ရောက်တယ်။ အဲဒါကို အေမီက ကိုယ်မသိအောင် ဖုံးထားတယ်၊ရစ်ချပ်တို့ရှေ့မှာ တယ်လီဖုန်း လာတော့မှလဲ ကိုယ်သိရတယ်။ သူ ဖုံးထားတာကို ကိုယ်မကျေနပ်ဆုံးဘဲ၊သူ့စိတ်က သူ့လူကို မပြတ်နိုင်သေးလို့ ပွင့်ပွင့်လင်းလင်း မဆက်ဆံနိုင်တာပေါ့”

“အေး… ဒီစကားတွေ အချေအတင်ပြောမိကြပြီး ကတောက်ကဆ ဖြစ်ကြတော့ အေမီက ဒါလောက်တောင်ဖြစ်လှတာ သူ သဝန်တိုတဲ့ လူနောက်ကိုဘဲ လိုက်သွားတော့မှာဆိုပြီး ထွက်သွားတာပဲ မဟုတ်လား”

ကိုယ် စကားနဲနဲပြောခဲ့ပြီး အေမီ့ကို ရှာပုံတော်ဖွင့်ဘို့ ဂျေမီထံပါးက လှည့်ထွက်ခဲ့ပါတယ်၊ ဘာများပြောစရာလိုပါသေးလဲ စုရယ်။ ဒါမျိုးတွေဟာ ချစ်သူ ကြင်ဖော်တွေကြားထဲမှာ ဖြစ်မြဲဓမ္မတာမို့ စေ့စေ့ငှငှခရေစေ့တွင်းကျ မေးဘို့ မလိုပါဘူးလေ၊ သံသယကလေးတွေ အကင်းမသေနိုင်တဲ့ ချစ်သံသရာမှာ တယောက်ကို တယောက် စွပ်စွဲချက်တွေနဲ့ နာကျဉ်အောင်ပြောပြီး ရင်နာနာနဲ့ သူတလမ်း ကိုယ်တလမ်း ခွဲကြတာတွေဟာ မရှောင်မလွဲနိုင်ကြတဲ့ ချစ်နိယာမဖြစ်ကြောင်း ကိုယ် ကောင်းကောင်းသိခဲ့ပါတယ်။

အေမီကလဲ ကောင်းကောင်း သိတယ်။

ပြီးတော့ အေမီ့လူကလဲ … ကဲလေ... ဒီအကြောင်းကို နောက်မှပဲ ရှင်းပြစို့ရဲ့။လောလောဆယ်ဆယ်မှာတော့ ကိုယ် အေမီ့ကို လိုက်ခေါ်တယ်။ အေမီ ပြန်လိုက်လာတယ်၊ အေမီ့ကို ဂျေဘီ့လက်ထဲထည့်ခဲ့ပြီး ကိုယ် စုဆီကို သုတ်ခြေတင် ပြန်လာခဲ့တယ်ဆိုတာကို အကျဉ်းချူံးပြီး ပြောပြပါရစေ။

နှင်းမကွဲတကွဲ နေခြည် ယက်ကန်းရှယ်စ ပြုနေတဲ့ နံနက်လင်းစအခါမှာ ကိုယ် စထရင်းကို ပြန်လာခဲ့ပါတယ်၊ဒါပေမဲ့ နှင်းတောထဲ တိုးခဲ့တဲ့ လက်အေးကြီးနဲ့ စုကို မနှိုးရတော့ဘူး။ စုဟာ အိပ်နိုးအထမှာ လှပပြေစင်နေတဲ့ရွှေ(စထရင်း) ကျော့ရှင်းကလေးဖြစ်နေပြီလေ။ အချစ်ရည် အချစ်သွေးကြောင့် ဖွေးလှတဲ့ ပါးပြင်မှာ ပါးနီရောင်တလွင်လွင်ကလေး ရှိလို့နေပြီး စိုလန်းတဲ့နှုတ်ခမ်းနှစ်လွှာနဲ့ စုက ကိုယ့်ကို ဆီးကြိုပါတယ်။

စုကို နံနက်လမ်းလျှောက် မခေါ်ကောင်းလားလို့လဲ ချစ်စနိုးဟန်နဲ့ ကြိမ်းပါတယ်။

ကိုယ်က “တယောက်ထဲ လွတ်လွတ်လပ်လပ် ရှေ့ရေးကို တွေးကြည့်ချင်လို့ပါ”လို့ ပြန်ပြောတာကိုစုမှတ်မိမှာပေါ့နော်။

စုကတောင် ယောင်ပြီး “ဟုတ်လား၊ ဘာတွေ ဆုံးဖြတ်ချက်ချခဲ့သလဲ”လို့ မေးခဲ့သေးတယ်လေ။ အဲ့သည်တုန်းကမိန်းမတို့ရဲ့ သိချင်စိတ်ကြောင့် စုက မရမက မေးခဲ့မိရင်လဲ အကောင်းသား။ ခုတော့ “ဆောရီး ဆောရီး၊ခရစ္စမတ်လက်ဆောင်အဖြစ်တောင်းတာ ပဲဟာ။ နောင်တစ်နှစ် စောင့်ရဦးမှာပေါ့လို့… စကားစသိမ်းပစ်လိုက်တော့ ကိုယ့်မှာရခဲ့တဲ့ အဖြေကို ကိုယ့်ဝမ်းထဲမှာပဲ မြှုပ်ထားလိုက်ရ ပါတော့တယ်။

ကိုယ်တို့ တောင်ကြီးကနေပြီး တက္ကစီကားနဲ့ပဲ ဟဲဟိုးကို ဆင်းကြတယ်လေ။

အေမီနဲ့ ဂျေဘီတို့ကို ကိုယ် ဒုက္ခမပေးချင်လို့ပါဘဲ၊ သူတို့ရဲ့ အချစ်ဆေးကလေးကို ပြန်လည် (နွေး)နေတဲ့အခိုက်မှာ တခြားကို အာရုံ ရောက်မသွားစေချင်တဲ့ စေတနာကြောင့်ဘဲ ဖြစ်ပါတယ်။

ကိုယ်တို့အဖို့လဲ မခွဲနိုင် မခွာရက် တယောက်တယောက် တွဲပြီး အချိန်ပြည့် လွတ်လပ်စွာ နေနိုင်ကြတယ် မဟုတ်လား။ ဟဲဟိုး လေဆိပ်မှာ လေယာဉ်နောက်ကျလို့ မိုးချုပ်အထိ စောင့်ကြရတယ်။

လား .. လား .. ကိုယ်တို့ရဲ့ အပြန်ခရီး လေကူးတို့မှူးများဟာ ကပ္ပတိန်အေးမင်းတို့ ဖြစ်နေကြပြန်ပါတယ်၊ “ခင်ဗျားတို့ ကြာကြာနေရအောင် တမင်နောက်ကျပေးတာဗျ”လို့ သူတို့က စုနဲ့ ကိုယ့်ကို နောက်ပြောင်ကြသေးတယ်။ အဲဒီတုန်းက ခပ်ဟားဟားကလေး သွားဖွေးဖွေးနဲ့ ရယ်နိုင်ကြပါရဲ့။

လေယာဉ်ပေါ်မှာတော့ ကိုယ်တို့ဟာ အလွမ်းဇာတ်ကို သတ်သတ်ခတ်ခတ်ကလေး ကျင်းပလိုက်ရပါတယ်။ဘာကြောင့်လဲဆိုတော့ ဇော်မော်က ကမ္ဘာ့အနောက်ဖျားထဲကို နောက်တခေါက် ထွက်ခဲ့ရတဲ့ လေယာဉ် ဒီနေ့ည၁၁နာရီမှာဘဲ မင်္ဂလာဒုံလေဆိပ်က ထွက်ခွာတော့မယ်ဆိုတဲ့ အကြောင်း… သတင်းမကောင်းတကောင်းကြီးပါးလိုက်လို့ဘဲ။

ခွဲရခါနီးကျတော့လဲ သဲမြညှာ့တွေမှာ လောကနတ်ကို မလိုတမာ ဖြစ်ကြရလောက်အောင် ရင်တွင်း ငြိမ်းချမ်းရေးမရနိုင်တော့ဘဲ သဲဝ ဘလောင်ဆူ… အယူမဖြေနိုင်အောင် ဖြစ်ကြရပါတယ်။

စုကတော့ ဖွဲ့ ဖွဲ့နွဲ့နွဲ့တီတီတာတာ ပြောတတ်ရှာတဲ့ မိန်းကလေး မဟုတ်လေတော့…

“ခရစ္စမတ်လက်ဆောင်ကို မမေ့ပါနဲ့ ဘုရယ်။ ခရစ္စမတ်လက်ဆောင်ကို မမေ့ပါနဲ့…”

တတွတ်တွတ် တစာစာပြောရင်း မျက်ရည်ဖြာနေရှာတော့တယ်…။

ဒီအချိန် ဒီကာလဆိုတာမျိုးက တွတ်ထိုးတီတာစရာ… အချိန်မဟုတ်သေးသမို့ ကိုယ်ကလဲစုရဲ့ မျက်ရည်စကလေးတွေကို ကိုယ့်အနမ်းများနဲ့ ကောင်းသင်း ကောင်းသိမ်းဆည်းပေးရပါတယ်..။

ဇော်မော်တို့က မသိချင်ယောင် မမြင်ချင်ယောင်ဆောင်နေကြလေရဲ့…။

တကယ်တော့ စုရယ်... စုနဲ့ ကိုယ်တို့ဟာ နောင်လာလတ္တံသော အဖြေကို မသိချင်ယောင် မမြင်ချင်ယောင် ဆောင်နေကြတာပါကွယ်။ လာတော့မဲ့ ဘေးကို အဝေးမှာ ခဏနေအုံးဆိုပြီး သတိမမူချင်ဟန် ဆောင်နေကြတာပါ။

မင်္ဂလာဒုံလေဆိပ်ကနေ တည်းခိုခန်းကို မသွားတော့ဘဲ လေယာဉ်ကြီးအလာကို စောင့်နေကြရတဲ့ အချိန်ပိုင်းမှာတော့ ကိုယ်တို့တတွေ ဟန်ဆောင်မှု မျက်နှာဖုံးကို ခေတ္တ ဘေးဖယ်ထားခဲ့ပြန်တယ်။ စုနဲ့ ကိုယ်ဟာ လေဆိပ်အဆောက်အဦးကို လူရှင်းတဲ့ ဒေါင့်တဒေါင့်မှာ နောင့်သည်းချာချင်း ယှက်ကာ ထွေးပြီးအဆွေးနည်းတရာနဲ့ ဆွေးစိတ်တွေ ခဝါချနေလိုက်ကြပါတယ်။

ကပ္ပတိန်အေးမင်းတို့ ဇော်မော်တို့က ကိုယ့်ကို စုတို့ လေယာဉ်ထွက်ပြီးတဲ့အချိန်ကျရင် သူတို့ရှိရာ လေဆိပ်စထရင်းကို တက်ခဲ့ပါတဲ့၊ သဘောကတော့ ရုတ်တရက် ကွဲအက်သွားမယ့် အသဲလွှာကို အမျိုးသားတို့ရဲ့ အလွယ်နည်း အရည်ယမကာနဲ့ ခေတ္တဆေးကျောပေးဘို့ပေါ့၊ မိတ်ဆွေပီသကြပေတာကိုး။

“ခရစ္စမတ်လက်ဆောင်ကို မမေ့ပါနဲ့ ဘုရယ်၊ ခရစ္စမတ်လက်ဆောင်ကို မမေ့ပါနဲ့…”

တဆို့ဆို့တနင့်နင့်ဖြင့် ဆိုရှာရင်းက သူ့အတွက် အသက်တမျှ အရေးကြီးတဲ့ စကားကိုသာ အခါခါပြောရင်းလေယာဉ်ပေါ်တက်သွားတဲ့ စုကို ကိုယ်ဟာ ငေးမောကြည့်နေလိုက်တာ ကောင်းကင်ကဗ္ဗလာ မဟူရာသားထဲဝဲပျံပျောက်ကွယ်သွားတော့မှဘဲ လေဆိပ် စထရင်းပေါ်ကို တက်ခဲ့ရပါတော့တယ်။

နောက်နှစ် ခရစ္စမတ်ကျရင် စုကို ကိုယ်ခရစ္စမတ်လက်ဆောင် ပေးရလိမ့်မယ်။

“စုကို ချစ်တယ်၊ စုတို့ဆီမှာ လာနေတော့မယ်” ဆိုတဲ့စကားကို ကိုယ်ကိုတိုင် လာပြောရမယ်ပေါ့။

ကိုယ်လေ…

၁ဝ နှစ်က မိတ်ဆွေမကလေးကို မေ့ဘို့အရေးမှာ…။

ပူပူနွေးနွေး မိတ်ဆွေတွေနဲ့ … ယမကာဝိုင်းမှာ ကိုယ်ဒေါင်ချာဆိုင်းလိုက်ရပါတယ် စုလေး။

တနှစ်ပတ်လည်ပါပြီ စုရေ။

ခရစ္စမတ်ရာသီကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။

စုကို ကိုယ် ခရစ္စမတ်လက်ဆောင်ပေးရတော့မယ်လေ။

မနေ့ကလေ… ကိုယ့်ဆီကို ခရစ္စမတ်နှုတ်ခွန်းဆက် ကတ်ပြားကလေးနှစ်ခု ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလို့လာတယ်။တခုက ဂျေဘီနဲ့ အေမီတို့ဆီကဘဲ…။

“ကိုယ်တို့ရဲ့ ချစ်ကောင်းကင်က တိမ်မဲညိုတသုတ်ကို လွှင့်ထုတ်ဖယ်ရှားပေးတဲ့ ရစ်ချပ်အောင်ဘု ပျော်ရွှင်သောခရစ္စမတ်နဲ့ ကြုံတွေ့ ပါစေတဲ့… ”

နောက်တခုကတော့ အေမီရဲ့ (လူ)ဆီက ဖြစ်ပါတယ်။

“ကိုယ် စွန့်လွှတ်ပြီးသား ယမင်းရုပ်ကို တခြားသူက ဆေးခြယ် အရောင်တင် ယုယထားတာကို ပြန်လိုချင်တာနဲ့မျှော်လင့်ချက်ကလေး ပေးထားမိခဲ့တဲ့ ကျနော့်အပြစ်ကို ခွင့်လွှတ်နိုင်မယ်ဆိုရင် “ရစ်ချပ်”အတွက် ပျော်ရွှင်သောခရစ္စမတ်ဟာ ကျနော့်အတွက်ပါ ပျော်ရွှင်သော ခရစ္စမတ်ဖြစ်လာလိမ့်မယ်တဲ့…”

အဲဒီတော့ ပြီးခဲ့တဲ့နှစ်က အဖြစ်အပျက်ကလေးကို ကိုယ်ကိုရေးရေး ပြန်လည်မြင်ယောင်မိလာပြန်ပါတယ်။

ကိုယ်လေ… ဂျေဘီ့ အစား အေမီကို ဟို(လူ)ဆီက သွားခေါ်ခဲ့တုန်းက အခါကို သတိရမိတယ်။ ဟို(လူ)က စေတမန်ကိုယ်ကို ကြည်ကြည်ဖြူဖြူဘဲ လက်ခံရှာပါတယ်။

“သူ နောင်တမရမချင်း အေမီ မလိုက်နိုင်ဘူး…”

အေမီက မျက်ရည်လည်ရွဲနဲ့ပြောတော့ ကိုယ်က အေမီနဲ့ ပြောဘို့အကြောင်း ဘာမှမရှိဘူး။ အေမီ လူနဲ့သာ ပြောလိုကြောင်း တောင်းပန်ရတယ်။

အေမီ့လူကို ကိုယ်စကားရှည်ရှည် ပြောခဲ့ပါတယ် စုရယ်။

အဲဒီစကားတွေကို စုသေသေချာချာ နားထောင် ဖတ်ကြားပါတော့နော်။

“ခင်ဗျားနဲ့ ကျနော်ဟာ ယောကျ်ားတွေပါနော်ဗျာ… ကွေ့ဝိုက်ပြီး ပြောနေကြဘို့ မလိုဘူး ထင်တယ်။ ခင်ဗျားမှာအသဲနှလုံးရှိတယ်၊ ဒါပေမဲ့ အဲဒီအသဲနှလုံး နူးညံ့ယောင်ယောင်နဲ့ ရက်စက်မာကျောနေတယ်၊ အောင်နိုင်လိုသူရဲ့အသဲလို့ ပြောပါရစေ၊ ခင်ဗျားရဲ့conquests တွေကို တခြားသူက ထိပါး ယူငင်သွားတာ ခင်ဗျား မခံနိုင်ဘူး/အေမီ့ အချစ်ကို ဂျေဘီရသွားတယ် ဆိုတာကို ခင်ဗျား လက်သင့်မခံချင်ဘူး။

အဲဒီတော့… ကိုယ်ကတော့ အခုထာဝရအချစ်နဲ့ ချစ်နေပါသေးတယ်ဆိုတဲ့ အပြောမျိုးနဲ့ အေမီရဲ့ တိတ်တခိုး အချစ်လောက်ကို ခင်ဗျားရယူထားလိုက်တယ်၊ မိန်းမဖြစ်ဖြစ် ယောကျ်ားဖြစ်ဖြစ် ကိုယ်နဲ့ ချစ်ရည်တူ အလိုမျှခဲ့တဲ့ ချစ်သူဟောင်းတယောက်အပေါ်မှာ ဘယ်မှာ လာပြီး လုံးဝမေ့ပစ်နိုင်ပါ့မလဲ… 

သံယောဇဉ်အမျှင်မျှင် အငွေ့ငွေ့ဆိုတာလူတိုင်းမှာ ကျန်ရှိစမြဲပေါ့ဗျာ၊ ထစ်ကနဲရှိ လျှာနဲ့ သွားငြိကြလို့ အိမ်ထောင်ရေး အံချော် အဆင်မပြေမှုနဲ့ ကြုံရင်ထိုမိန်းကလေးများက မိမိကို ထာဝရချစ်နဲ့ ချစ်နေပါတယ် ဆိုတဲ့ သူတွေဆီကို သွားရောက် ခိုလှုံစမြဲဘဲပေါ့၊ ဒါကိုခင်ဗျား အသားမယူပါနဲ့တော့ဗျာ။ ကြိုးစားပမ်းစား ပင့်ကူငယ်ကလေးတွေ ဆောက်ထားရတဲ့ ပင့်ကူအိမ်ကိုငှက်ဆိုးကြီးက ဝင်ရောက်ဖျက်ဆီးခြင်း မပြုပါနဲ့ … 

ကိုယ်လဲ ချစ်သူပင့်ကူအိမ်ကို ပင့်ကူကလေးတို့လိုကြိုးကြိုးစားစား တည်ဆောက်မှာ မဟုတ်ဘဲနဲ့ အေမီကို ခင်ဗျားအနေနဲ့ ပြန်လွှတ်လိုက်ပါဗျာ၊ ကျနော်ဟာယောကျ်ားပီသတဲ့သူတယောက်နဲ့ ရှားရှားပါးပါး တွေ့မြင် သိကျွမ်းရတယ်လို့ ယူဆထားပါတယ်”လို့ကိုယ်အားပါးတရ ပြောခဲ့ပါတယ်။ ကဲ စု… ရိပ်မိပြီလားဟင်။

ဟိုတုန်းက ကိုယ့်ကိုယ်ကို ပြောချင်တဲ့စကားတွေကို ဟို(လူ)ကို ကိုယ်ပြောခဲ့တယ်။

“ကိုယ်ကိုယ်ကိုသာ သနားပါ များသတ္တဝါ”ဆိုတဲ့ စာဆိုရှိပေမဲ့ ကိုယ် စုအပေါ်မှာ သည်တချိန်မှာတော့ သနားကြင်နာတဲ့စိတ် ပိုကဲရတော့ မှာပါဘဲ။

ကိုယ်အဖြေကို စုသိပါပြီလားဟင်။

စု သိပါပီလား။

ကိုယ် စုဆီကို မလာတော့ဘူးကွယ်။

သြစတြေးလျားကို မလာတော့ဘူးကွယ်။

ကိုယ်ဒီစာကို လူကြုံနဲ့ ထည့်ပေးလိုက်ပါတယ်။ ဒီစာနဲ့အတူ…

လည်ပင်းမှာ ဖဲကြိုးလှလှလေးတွေ ချည်ထားတဲ့ ခွေးကလေးတကောင်ကိုလဲ လက်ဆောင်အဖြစ်ထည့်ပေးလိုက်ပါတယ်။

ဒီခွေးကလေးနာမည်က တီနို ဂျူနီယာတဲ့။

စု… သြစတြေးလျားတုန်းက လက်ဆောင်ပေးလိုက်တဲ့ ခွေးကလေး တီနိုက ပေါက်ပွားလာတဲ့ နောက်ဆုံးအဆက်အနွယ်ဆိုပါတော့၊ သူတကောင်ထဲ ကျန်ရစ်တယ်ဆိုပါတော့။

တီနိုဂျူနီယာကို သူ့ပိုင်ရှင် စူစန်နာပေ့ဂျ်ဆီကို ပြန်ပို့ပေးလိုက်တယ်။

ကိုယ့်ခရစ္စမတ်လက်ဆောင်ကို စုကျေနပ် နှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်ကွယ်။

ဒီနှစ်တော့ ကိုယ် တောင်ကြီးကို မသွားတော့ဘူး စုရေ၊ တောင်ကွဲစေတီကိုလဲ မဝင်ဖြစ်တော့ဘူး။

ရန်ကုန်မှာဘဲ ကိုယ့် ခရစ္စမတ်ပွဲကို ဆင်နွဲပါတယ်။

မကြာခင် ကိုယ့်သူငယ်ချင်း အေးမင်းတို့၊ ဇော်မော်တို့ သူတို့ရဲ့ အဖော်အပေါင်းတွေ တပြုံကြီးနဲ့ ကိုယ့်ဆီကိုသန်းကောင်ယံ ဓမ္မတေးတွေ သီဆိုဖို့ လာကြလိမ့်မယ်။

သူတို့ကလေ..

“ရစ်ချပ်အောင်ဘုအတွက် ပျော်ရွှင်သော ခရစ္စမတ်ဖြစ်ပါစေ”လို့ ဆုတောင်ကြပေလိမ့်မယ်။

နောက်ပြီး...

“ရစ်ချပ်အောင်ဘုရဲ့ ဇနီး နု ကျန်းမာပါစေ။ ပျော်ရွှင်သော ခရစ္စမတ်ဖြစ်ပါစေ”လို့လဲဆုတောင်းကြပေလိမ့်ဦးမယ်။

ကိုယ်လေ ဒီစာကို မရေးခင် တရက်အလိုက စုနဲ့ အင်မတန်တူတဲ့ မြန်မာအမျိုးသမီးလေး နု ဆိုသူနဲ့လက်ထပ်လိုက်ပါပြီ… စုရယ်။ စုနဲ့ စုပြန်သွားတဲ့နေရာက နောင်တကြီးစွာဖြင့် စောင့်မျှော် ကိုယ့်ဆုံးဖြတ်ချက်ကိုငံ့လင့်နေတဲ့စုနဲ့ စုရဲ့ခင်ပွန်းတို့လဲ ပျော်ရွှင်သော ခရစ္စမတ်ရဲ့ ကြုံတွေ့ပါစေ။

သံသယကင်းတဲ့အချစ်ကို သေတပန် သက်တဆုံး စုလေး ရယူ ဆင်မြန်းနိုင်ပါစေ။

ဝင်းဦး (ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ ရုပ်ရှင်ဒါရိုက်တာ၊ ရုပ်ရှင်မင်းသား ဝင်းဦးကိုယ်တိုင် ပိုင်ဆိုင် ထုတ်ဝေခဲ့သည် ဖြစ်သော်လည်း ရုပ်ရှင်မင်းသား မင်းသမီးများ၊ ရုပ်ရှင်များအကြောင်း လုံးဝ ဖော်ပြခြင်း မပြုခဲ့ဘဲစာပေအစဉ်အလာကိုသာ အစဉ်တစိုက် ထိန်းသိမ်းခဲ့သည့် “စန္ဒာ”မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့ဖူးသော ဝတ္ထုတစ်ပုဒ်ဖြစ်ပါသည်။)

Comments

Popular posts from this blog

ဆယ်ကျော်သက်တစ်ယောက် ရဲ့ လက်ကောက်ဝတ်

အဲ့ဒီနေ့က ကျွန်တော်သူငယ်ချင်း ဖိုးဝလုံး ဟာ သူ့လက်ကောက်ဝတ်ကို သူ ဓါးနဲ့ လှီးဖြတ်လိုက်မယ် ဆိုတာ ကျွန်တော် လုံး၀ မသိထားဘူး ။  မနက်စောစောကတည်းက ဖိုးဝလုံး ကျွန်တော့်အိမ်ကို သူ့ပြိုင်ဘီး လေးနဲ့ ရောက်လာတယ် ။ သူ့ပုံစံက ပျော်ပျော်ရွှင်ရွှင်ပါပဲ ။ ကမ္ဘာလောကကြီးနဲ့ လူတွေကို စိတ်ကုန်နေတဲ့ အမူအယာမျိုးလည်း မပြပါဘူး ။  ထုံးစံအတိုင်း မြို့ထဲက တင်းနစ်ကွင်းကို ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်ယောက် တစ်စီးစီနဲ့ ထွက်လာလိုက်တယ် ။  တင်းနစ်ကွင်းအဝရောက်တော့ စောသေးလို့ထင်တယ် လူတွေ တစ်ယောက်မှ မတွေ့ဘူး ။ ကျွန်တော်က စက်ဘီးကို သော့ခတ်နေတုန်း ဖိုးဝလုံးက သူ့ရပ်ကပ်ကို ထုတ်ပြီး နမ်းနေတာတွေ့တယ် ။ တကယ့် စော်တပွေကို နမ်းနေတဲ့အတိုင်း နမ်းနေတာ ။  မြို့မှာက ဒီတင်းနစ်ကွင်းက တစ်ခုတည်းပဲရှိတယ်။ တင်းနစ်ရိုက်တဲ့လူကတော့ ဆယ်ယောက်လောက်ရှိပါတယ် ။ ကျွန်တော်နဲ့ ဖိုးဝလုံးက အငယ်ဆုံးပေါ့ ။  ဒီကောင်က တင်းနစ်ကို ကျွန်တော်ထက် ရူးသွပ်သလို ။ ကျွန်တော့်ထက်လည်း ပိုကျွမ်းကျင်တယ် ။  တင်းနစ်ရပ်ကပ်ကို နမ်းနေတဲ့ သူ့ကို ကျွန်တော်ရပ်ကြည့်နေမှန်းသိတော့ ဒီကောင် ရှက်သွားတယ်ထင်တယ် ။ ကျွန်တော့်ဘက်ကိုလှည့်ပြီး “ဖိုးကျ...

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်း

အင်းစိန်ထောင်အတွင်းမှဂန္တ၀င်လူမိုက်ကြီးများအကြောင်းအပိုင်း (၁) ပြီးခဲ့တဲ့ အပတ်ထုတ် တူမောရိုး ဂျာနယ်မှာ ပြန်မရေးချင်တော့တဲ့ ထောင် အကြောင်းကို ရေးလိုက်တော့ နိုင်ငံရေးမပါတဲ့ အင်းစိန်ထောင်က အကြောင်းတွေ ရေးစမ်းပါဦးလို့ တိုက်တွန်းတဲ့သူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒါကြောင့် အခုဆက်လက်ပြီး အင်းစိန်ထောင်ထဲက ဂန္ထ၀င် လူမိုက်ကြီးတွေ အကြောင်းကို တတ်နိုင်သမျှ သတင်းအချက်အလက်တွေ စုဆောင်းပြီး ဖော်ပြ လိုက်ပါတယ်။ ဆရာလက်စောင်းထက် ရေးသားခဲ့သလို အင်းစိန်ထောင်ဟာ ၆၈ ဧက ကျယ်၀န်းလို့ အရှေ့ တောင်အာရှရဲ့ အကြီးဆုံးထောင် အဖြစ် မှတ်ယူလို့ ရပါတယ်။ အကျဉ်းထောင်ရဲ့ အုပ်ချုပ်ပုံ စနစ်ဟာ အင်္ဂလိပ်အစိုးရ လက်ထက် ကတည်းက ရေးဆွဲခဲ့တဲ့ အကျဉ်းထောင်လက်စွဲ ဥပဒေနဲ့ ယခုအချိန်ထိ အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရရဲ့ လက်စွဲဥပဒေ စာအုပ်ကို ခိုးယူပြီး လေ့လာဖတ်ရှုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက အင်္ဂလိပ်အစိုးရ လက်ထက်က အကျဉ်းသားတွေကို နေ့စဉ်ပေးတဲ့ နံနံပင်၊ ကြံသကာနဲ့ အုန်းဆီကို နိုင်ငံတော်ငြိမ်၀ပ်ပိပြားမှု တည်ဆောက်ရေး အစိုးရလက်ထက်မှာ ဥပဒေပါ အခွင့်အရေးအတိုင်း တောင်းဆိုခဲ့လို့ ထောင်အာဏာပိုင်တွေ ဒုက္ခရောက် ခဲ့ပုံကလည်း မှတ်တမ်းရှိခဲ...

Rosella@မယ်လွင့်

  တစ်ရက်က စာသမားများဂရုမှာ အညွန်းတွေလို့ လိုက်ရှာဝယ်ပြီး ဖတ်မိတဲ့ စာအုပ်ပေါ့။ လှည်းတန်း ရာပြည့်မှာ ရှာတယ်။ ရောက်တယ် ကုန်သွားပြီတဲ့။ စာပေလောကကိုက မရောက်သေး။ အင်းဝထဲဝင်တယ်။ New arrival စားပွဲပေါ်မှာ ၁၀ အုပ်ကျော်လောက် တွေ့တယ်။ ချက်ခြင်းကောက်ဆွဲလာခဲ့တယ်။ သောကြာညနေ လစာထုတ်ရက် ဖြစ်ပေမယ့်လို့ ကိုယ်ရဲ့ သောကြာ တော်တော်များများဟာ စာအုပ်တွေနဲ့ပဲကုန်တာ များလေရဲ့။  ပင်ပန်းနေလို့ သိပ်နေလို့ မကောင်း ပေမယ့် အိပ်လို့ မပျော်။ ပေါ့ပါးပြီ ခပ်ပါးပါးပဲ ဖတ်မယ်ဆိုပြီး ဒီစာအုပ်ကို ကောက်ကိုင်လိုက်တယ်။စစချင်းတော့ ဒီစာအုပ်ကို ဘာသာပြန်စာအုပ်များလားလို့ ထင်မိတယ်။ ဒီလိုနဲ့ ပြန်မေးတော့ မဟုတ်ဘူး ပင်ကိုယ်ရေးတဲ့။ ရိုဆယ်လာက ကိုယ့်ကို စွဲဆောင်သွားတယ်။ ရိုဆယ်လာဟာ ဘာအလုပ်လုပ်လဲ မသိဘူး။ ရိုဆယ်လာဟာ လှတယ်။ ဆွဲဆောင်မှု ခပ်ပြင်းပြင်းရှိတယ်။ Mind seven menthol သောက်တယ်။ Absolut vodka ကြိုက်တယ်။ နုတ်ခမ်းနီနီဆိုးတယ်။ ဒေါက်ဖိနပ်မြင့်မြင့်စီးတယ်။ ကြိုးတစ်ချောင်း သို့မဟုတ် ပုခုံးသားကို ပေါ်စေမယ့် အကျီင်္မျိုးဝတ်တယ်။ စကပ်တိုတိုလည်း ဝတ်မလားပဲ။  အစဉ်အလာကို လုံးလုံးလျားလျား ချိုးဖောက်နေတဲ့ ဇာတ်ကောင်။ ဖန်တီးသူ မယ်လွင့်ရဲ့ အမ...